အခန်း (၅၅၁-၅၅၅)
Vol. 37 Ch. 551-555
အခန်း ၅၅၁
နီးကပ်လာတယ်
“ကြည့်ကောင်းမှာပေါ့! အကန့်အသတ်နဲ့တောင် ထုတ်ထားတဲ့ကားပဲကို! ငါတို့နိုင်ငံမှာ ဒီမော်ဒယ်မျိုး ၅စီးပဲရှိတာထင်တယ်။ ”
“ဝိုး၊ ဒီကားပိုင်ရှင်က တကယ့်ကိုချမ်းသာပြီး အာဏာရှိတဲ့မိသားစုကပဲဖြစ်ရမယ်။”
“သေချာတာပေါ့! ငါ့ဝမ်းကွဲတောင်မှ ဒီကားကိုလိုချင်ပေမယ့် မရလိုက်ဘူး။”
ကုနင်း ကားရပ်ပြီးသည်နှင့် လင်ရှောင်းထင်ကို ဖုန်းဆက်လိုက်ကာ မကြာမီတွင်ပဲ လင်ရှောင်းထင်လဲ ထွက်လာခဲ့သည်။ ကုနင်း ကိုယ်တိုင်ကားမောင်းလာသည်ကိုမြင်ပြီး လင်ရှောင်းထင် အံ့အားသင့်သွားကာ၊
“မင်းယာဉ်မောင်းလိုင်စင်ရှိရဲ့လား?”
“ရှိတာပေါ့!” ကုနင်းဂုဏ်ယူစွာဖြင့် ဖြေလိုက်သည်။
“နှစ်သစ်ကူးပွဲတော်ပြီးလို့ လာတုန်းက ယာဉ်မောင်းလိုင်စင်ရသွားတာ။”
ကုနင်း၏ကားမောင်းသည့်အရည်အချင်းကို လင်ရှောင်းထင် သိထားပြီးဖြစ်သောကြောင့် သဘောကျရုံသာဖြစ်ပြီး အရမ်းကြီးမအံ့ဩသွားခဲ့ပေ။
“ကိုယ်တို့ ဘယ်သွားကြမှာလဲ?”
“ဖန်ရှန်းဈေးဝယ်စင်တာ”
ဖန်ရှန်းဈေးဝယ်စင်တာနှင့် ဟိုတယ်သည် သိပ်မဝေးလှသောကြောင့် ၁၀မိနစ်ထဲနှင့်ရောက်သွားခဲ့သည်။
မြေအောက်ကားပါကင်တွင် ကားရပ်ပြီးသည်နှင့် ကုနင်း ကားထဲမှဆင်းဖို့ရန် ပြင်လိုက်သော်လည်း လင်ရှောင်းထင်က သူမကိုပြန်ဆွဲထားလိုက်သည်။
“ဘာဖြစ်လို့လဲ?” ကုနင်း နားမလည်နိုင်စွာဖြင့် လင်ရှောင်းထင်ကို ကြည့်ကာမေးလိုက်သည်။
“ခနလောက်နေဦး။ ကိုယ်ပြောစရာရှိလို့။” လင်ရှောင်းထင် လေးနက်သည့် အကြည့်များဖြင့် ကုနင်းကို ပြန်ကြည့်ရင်းပြောလိုက်သည်။
လင်ရှောင်းထင်ပုံစံက အလွန်အတည်ပေါက်ဖြစ်နေသောကြောင့် ကုနင်းလဲ အရေးကြီးကိစ္စဖြစ်လောက်မည်ဟု တွေးလိုက်မိသည်။
“ဘာပြောမလို့လဲ?”
လင်ရှောင်းထင် ဘာမှပြန်မဖြေသေးဘဲ ကုနင်းအနားသို့ကပ်လာခဲ့သည်။ ကုနင်းကလဲ သူမကို အရေးကြီးသည့် လျှို့ဝှက်ချက်တစ်ခုခုပြောလို၍ ကပ်လာခြင်းဖြစ်မည်ဟုသာ တွေးလိုက်ပေမည့် မထင်မှတ်ထားစွာဘဲ ရုတ်တရက်ဆိုသလို လင်ရှောင်းထင်က သူမကို နမ်းလိုက်လေသည်။ လင်ရှောင်းထင်နှင့် ကုနင်းအတူ ရှိချိန်တိုင်း အမြဲတမ်း သတိလက်လွတ်နေတတ်သောကြောင့် လင်ရှောင်းထင်မှာ သူမကိုရုတ်တရက်ဆန်ဆန် နမ်းဖို့အခွင့်အရေးများစွာရလေသည်။ ကုနင်းရုတ်တရက်ကြောင်အသွားပြီးကာမှ လင်ရှောင်းထင်က အချစ်ဇာတ်လမ်းများထဲကလို လှည့်ကွက်သုံးကာ သူမကို နမ်းလိုက်ခြင်းဖြစ်ကြောင်း သိသွားတော့သည်။
သူတို့ရောက်ရှိနေသည့် နေရာမှာ လူမြင်ကွင်းဖြစ်တာကြောင့် ကုနင်းကို လင်ရှောင်းထင် ဖျတ်ခနဲသာနမ်းလိုက်ပြီးနောက် သူ့နေရာသူပြန်ထိုင်သွားသည်။
“ရှင်ကတော့….” ကုနင်း အနည်းငယ်စိတ်ရှုပ်သလိုဖြစ်သွားပေမည့် ထိုသို့သော အပြုအမူကို သူမသဘောကျမိသည်ကိုတော့ မငြင်းနိုင်ခဲ့ပေ။
“မင်းအနားမှာရှိချိန်တိုင်း ကိုယ့်ကိုကိုယ် ဘယ်လိုမှထိန်းချုပ်လို့မရတော့ဘူး။” လင်ရှောင်းထင် ပြောရင်းဆိုရင်းဖြင့်ပင် ကုနင်းကို စိတ်ဆန္ဒများတောက်လောင်နေသည့် မျက်လုံးများဖြင့်ပါ စိုက်ကြည့်နေခဲ့သည်။
ကုနင်း ရှက်သွေးဖြာသွားကာ ချက်ချင်းပင် ကားထဲမှထွက်သွားတော့သည်။
လင်ရှောင်းထင်လဲ ကုနင်း၏ပုံစံကို တစ်ချက်ရယ်မောလိုက်ရင်း ကားထဲမှလိုက်ထွက်လာခဲ့သည်။ ထို့နောက် ကုနင်းလက်ကို ဆုပ်ကိုင်ရင်း နှစ်ယောက်သား အတူတူ ဈေးဝယ်စင်တာထဲသို့ ဝင်လာခဲ့လိုက်သည်။
သူတို့နှစ်ဦး ဈေးဝယ်စင်တာထဲသို့ ရောက်လာသည်နှင့် ထိုမှင်သက်လောက်စရာ အရှိန်အဝါနှင့် တောက်ပနေသည့် စုံတွဲကို လူအများအပြား အာရုံစိုက်မိသွားကြသည်။ အမျိုးသမီးအများစုသည်တော့ ဘယ်လိုမှမထိန်းနိုင်စွာဖြင့်ပင် လင်ရှောင်းထင်ကို စိုက်ကြည့်နေမိကြတော့သည်။ အဆင့်မြင့် ဈေးဝယ်စင်တာတစ်ခုတွင် မိန်းမလှလေးများကို မြင်တွေ့ရသည်မှာ ပုံမှန်ပင်ဖြစ်သော်လည်း ခန့်ညားသည့်ယောကျ်ားတစ်ယောက်ကို တွေ့ဖို့ရန်အခွင့်အရေးသည်တော့ နည်းပါးလွန်းလှပေသည်။ အထူးသဖြင့် ဤသို့ ငယ်ရွယ်ကာ အလွန်ခန့်ညားချောမောလွန်းသည့် ကောင်ချောလေးတစ်ယောက်ဆိုပို၍ပင် မြင်ရခဲလှပေသည်။
“နှမြောစရာပဲ! သူ့မှာ ရည်းစားရှိပြီးသားကြီး!”
“အိပ်မက်မက်မနေနဲ့တော့၊ ဒီလောက်ချောတဲ့ကောင်လေးက ရည်းစားမရှိတာဖြစ်နိုင်ပါ့မလား။”
“ငါတော့ သူ့ရည်းစားကိုမုန်းသွားပြီ။”
“ဟ-ဟ။”
“သူသာ အနုပညာလောကထဲဝင်ခဲ့ရင် သေချာပေါက် ကျော်ကြားမှာ အသေချာပဲ။”
အနုပညာကြယ်ပွင့်တစ်ယောက်ဖြစ်ခြင်းသည် အမြဲတမ်း အောင်မြင်ကျော်ကြားမှုများရရှိနိုင်သော်လည်း ချမ်းသာကာ အာဏာရှိသည့် မိသားစုများသည်တော့ ထိုအလုပ်ကို အထင်သေးကြလေသည်။
မိန်းကလေးတွေအများကြီး လင်ရှောင်းထင်ကို အာရုံစိုက်နေကြသည်ကို မြင်ကာ ကုနင်းနေမထိထိုင်မသာ ဖြစ်လာရတော့သည်။
လင်ရှောင်းထင်က သူမလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ကာ၊
“နောက်ဆို ကိုယ့်မျက်နှာကို သူတို့မမြင်အောင် မျက်နှာဖုံးတစ်ခုတပ်သင့်လား?”
“ဟ-ဟ။”
“ကျွန်မအထင်တော့ ရှင် အမြဲတမ်းအိမ်မှာပဲနေပြီး ကျွန်မကိုပဲ တစ်ချိန်လုံးအဖော်ပြုပေးတာ ပိုကောင်းလိမ့်မယ်။”
“ရတာပေါ့။”
“ကိုယ်အိမ်ထဲမှာပဲ နေတိုင်းအိပ်လိုက်စားလိုက်နေမယ်။ ဘယ်ကိုမှလဲ မသွားဘဲ မင်းဘေးနားမှာပဲ အမြဲနေမယ်။”
ကုနင်းနှင့် နေ့တိုင်းတစ်နေကုန် အတူအိပ်နေရခြင်းက မကောင်းသည့်အကြံဟု လင်ရှောင်းထင်မထင်မိပေ။ သို့ပေမည့် ကုနင်းသည်တော့ လင်ရှောင်းထင် ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားမလည်သောကြောင့်၊
“ဒါဆိုင် ရှင်အရမ်းဝလာရင်ဘယ်လိုလုပ်မလဲ?”
လင်ရှောင်းထင် ရယ်လိုက်ကာ ဆွဲဆောင်မှုရှိလှသည့် အသံဖြင့်၊
“မစိုးရိမ်ပါနဲ့။ ကိုယ် ညဘက်တွေမှာ လေ့ကျင့်ခန်းပိုလုပ်လိုက်မယ်လေ။”
“ရှင် လူဆိုးပဲ!” ကုနင်းရှက်သွားကာ လင်ရှောင်းထင် ကိုယ်ထားသည့် သူမလက်ကိုလဲ ရုန်းလိုက်ပေမည့် လင်ရှောင်းထင်က အလွတ်မပေးဘဲ။
“ဟ-ဟ၊ ကိုယ်ဘယ်တော့မှ မင်းဘေးကနေ ထွက်မသွားဘူး။”
သူတို့နှစ်ဦးကြား ဘယ်သူ့ကိုမှ ဝင်ရောက်နှောက်ယှက်ခွင့်ပြုမည်မဟုတ်သလို ဘယ်တော့မှလဲ ခွဲခွာကြမည်မဟုတ်ပေ။
မကြာခင်တွင်ပဲ ကုနင်းနှင့် လင်ရှောင်းထင်တို့ ယုကျီ၏ဆိုင်သို့ရောက်ရှိသွားသည်။ သို့ပေမည့် ဆိုင်ထဲတွင်တော့ ဧည့်သည်များများစားစား ရှိမနေပေ။
ကုနင်းနှင့်လင်ရှောင်းထင်တို့ ဆိုင်ထဲဝင်လိုက်သည်နှင့် အရောင်းဝန်ထမ်းရှောင်းလင်က ကြိုဆိုနှုတ်ခွန်းဆက်လိုက်ကာ၊
“တွေ့ရတာ ဝမ်းသာပါတယ်၊ မိန်းကလေးကု။”
ကုနင်းက သူတို့၏သူဌေးအသစ်မှန်း ရှောင်းလင် သိထားပြီးဖြစ်သည်။ သို့ပေမည့် လင်ရှောင်းထင်ပါလာသည်ကို သတိပြုမိသွားချိန်တွင်တော့ သူ၏ဆွဲဆောင်မှုရှိလှသည့် အသွင်အပြင်တွင် နစ်မြောလို့သွားခဲ့သည်။ ဤမျှခန့်ညားသည့် အမျိုးသားသည် သေချာပေါက် သူမသူဌေးအသစ်၏ ချစ်သူဖြစ်နိုင်ကြောင်း တွေးမိလိုက်ကာ ချက်ချင်းပင် သူမအကြည့်များကို ပြန်ရုတ်သိမ်းသွားခဲ့သည်။
ကုနင်းလဲ ရှောင်းလင်၏ပုံစံကို သတိထားမိပေမည့် စိတ်ထဲထားမနေခဲ့ပေ။
“ယုကျီဘယ်မှာလဲ?”
“သူအခု ကုန်လှောင်ခန်းထဲမှာပါ။ မိန်းကလေးကု လာရင် သူ့ကို အဲ့ဒီမှာလာတွေ့လို့ရတယ်လို့ ပြောသွားပါတယ်။”
“ကောင်းပါပြီ။” ထို့နောက် ကုနင်း ကုန်လှောင်ခန်းရှိရာသို့ လျှောက်သွားလိုက်သည်။
***
အခန်း ၅၅၂
ရှားယီချူး
ကုနင်း ကုန်လှောင်ခန်းတံခါးကို ခေါက်လိုက်ကာ၊
“ယုကျီ၊ ငါဝင်ခဲ့မယ်နော်။”
“ဝင်ခဲ့ပါ၊ တံခါးသော့မခတ်ထားဘူး။” ယုကျီပြောလိုက်သောကြောင့် ကုနင်းလဲ တံခါးကို တွန်းဖွင့်ကာ ဝင်သွားခဲ့သည်။
ကုန်လှောင်ခန်းသည် ၁၀စတုရန်းမီတာခန့်ကျယ်ဝန်းက ပစ္စည်းထားရုံတင်မကဘဲ ယုကျီ၏ဒီဇိုင်းစတူဒီယိုလဲဖြစ်သေးသည်။ နံရံပေါ်တွင် ဝတ်စုံများစွာကို ချိတ်ဆွဲထားပြီး လူရုပ်များပေါ်တွင်လဲ အခြားအပြီးမသတ်ရသေးသည့် ဂါဝန်များစွာလဲ ရှိနေသးသည်။ တစ်ဖက်အခြမ်းတွင်တော့ အဝတ်အစားများချုပ်လုပ်ဖို့ရန်အတွက် အပ်ချုပ်စက်များ၊ အပ်များနှင့် ကတ်ကြေးများစသည်ဖြင့် ချုပ်လုပ်ရာတွင်လိုအပ်သည့် ပစ္စည်းကိရိယာအစုံအလင်ရှိလို့နေသည်။
“ဟိုင်း! ဘော့စ်၊ ကြိုဆိုပါတယ်!”
နောက်တွင်ပါလာသည့် လင်ရှောင်းထင်ကို ယုကျီမြင်လိုက်ချိ်နတွင်တော့ အခြားလူများနည်းတူပင် မှင်သက်လို့သွားခဲ့သည်။
“ဟိုင်း!” လင်ရှောင်းထင်ကိုပါ ယုကျီနှုတ်ဆက်လိုက်သည်။
“ဟိုင်း၊”
“ဘော့စ်၊ ဒီဂါဝန်တွေကို တစ်ချက်လောက်လာကြည့်ပါဦး။ လူရုပ်ပေါ်က သုံးထည်ကတော့ မနက်ဖြန်ဆို အပြီးသတ်တော့မှာ။”
ကုနင်းဂါဝန်များကို ကြည့်လိုက်ပြီးနောက် ကျေနပ်သွားသည်။
“အားလုံးကို သဘောကျတယ်။”
ကုနင်း၏အတည်ပြုချက်ကို ကြားရကာမှ ယုကျီစိတ်အေးသွားသည်။
“ဒါဆို နောက်ထပ် သင့်တော်မယ့် ကုမ္ပဏီနဲ့ စက်ရုံကို ရှာဖို့လိုသေးတယ်။” ကုနင်းပြောလိုက်သည်။
“ကိုယ်ကူညီမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လဲအားနေတာပဲ။” ဤရက်များအတွင်း ကုနင်းနှင့် အချိန်ကြာကြာ အတူမရှိရသေးသလို သူကလဲ တစ်နေကုန်အားနေသူဖြစ်သောကြောင့် ချက်ချင်းပင် ကူညီလိုကြောင်း ပြောလိုက်သည်။
“ဒီလိုဆို ပိုကောင်းတာပေါ့။”
“စက်ရုံမှာ အလုပ်လုပ်မယ့် အလုပ်သမားတွေလဲ လိုအပ်သေးတယ်။ ဒါပေမယ့် အလုပ်သမားငှားဖို့ကတော့ အချိန်ပေးရမယ်။ ကျွန်မကို ဒေဝါလီခံရခါနီး အလျင်စလိုရောင်းဖို့လိုနေတဲ့ အဝတ်အစားစက်ရုံတွေ စုံစမ်းပေးပါလား။ အဆင်ပြေရင် တစ်ခါတည်းဝယ်လိုက်တာပေါ့။”
ယခုခေတ်တွင် စီးပွားရေးလုပ်ငန်းတစ်ခုကို အမြတ်အစွန်းကောင်းကောင်းနှင့် လည်ပတ်နိုင်ဖို့ရန် မလွယ်ကူတော့သောကြောင့် နှစ်တိုင်းမှာ ဒေဝါလီခံသွားရသည့် ကုမ္ပဏီများစွာရှိလေသည်။ သို့ပေမည့် ကုနင်းကတော့ အရည်အသွေးစံချိန်ပြည့်မီသည့် စက်ရုံတစ်ရုံကိုသာ ဝယ်ယူမည်ဖြစ်သည်။
“ရတာပေါ့။” လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။
ကုနင်း ယုကျီ၏ဆိုင်သို့ ဂါဝန်များအခြေအနေစစ်ဆေးဖို့ရန်အတွက်သာ လာခြင်းဖြစ်သောကြောင့် ပြီးသွားသည်နှင့် ချက်ချင်းပြန်လာခဲ့သည်။ ဒီကနေ့အတွက် သူမတွင် အခြားလုပ်စရာလဲ မရှိတော့သောကြောင့် လင်ရှောင်းထင်နှင့် ခနလျှောက်လည်က ညစာစားခါနီးမှသာ ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ ပန်းခြံတစ်ခုသို့သွားကာ ကားပါကင်တွင် ကားရပ်ထားရင်း လမ်းလျှောက်ထွက်လာခဲ့ကြသည်။
ပန်ခြံထဲတွင် လူများစွာရှိသော်လည်း ပန်းခြံအရွယ်အစားကလဲ အလွန်ကြီးမားသောကြောင့် နေရာတိုင်း လူအများကြီးစုနေသည့် နေရာမရှိပေ။ လင်ရှောင်းထင်သည်တော့ ယခင်အတိုင်းပင် သူ့ကိုမြင်လိုက်သည်နှင့် လူတိုင်းအာရုံစိုက်မိကြကာ ကံကောင်းစွာဖြင့် လူဦးရေသိပ်မများသောကြောင့် စိတ်ရှုပ်စရာ သိပ်မကောင်းတော့ပေ။
ကုနင်းနှင့် လင်ရှောင်းထင် သစ်တောငယ်လေးတစ်ခုတွင် စိမ်ပြေနပြေလမ်းလျှောက်လို့လာရင်းဖြင့် ယောက်ျားတစ်ယောက်၏ ဒေါသတကြီး အပြစ်တင်ကြိမ်းမောင်းသံကို ကြားလိုက်ကြရသည်။
“ရှားယီချူး၊ မင်းဘယ်လိုဖြစ်သွားတာလဲ? ဘာလို့ မနေ့က အသံသွင်းဖို့ကို ရောက်မလာရတာလဲ? အဲ့ဒီသီချင်းကို ငါတို့ထက်အရင် တခြားတစ်ယောက်က ဝယ်သွားပြီး အခုငါတို့ဘက်က ဆုံးရှုံးမှုအတွက် လျောက်ကြေး တစ်သန်းကျော်ပေးရတော့မယ်ဆိုတာ မင်းသိရဲ့လား? မင်းနားလည်ရဲ့လား ငါတို့…….”
“တော်လောက်ပြီ!” ထိုယောကျ်ားစကားဆုံးအောင် မပြောရသေးခင်တွင်ပင် အမျိုးသမီးတစ်ဦးကလဲ ထိုလူကို ဒေါသတကြီးဖြင့် အော်လိုက်ကာ၊
“ချောင်ကွမ်းရှန်၊ တော်သင့်နေပြီ! ကျွန်မကို အသုံးမချနဲ့တော့! ရှင်နဲ့ ဖေ့ဟဲနာတို့ ကျွန်မကို အသုံးချဖို့သက်သက်အရုပ်တစ်ရုပ်လို သဘောထားနေကြတယ်ဆိုတာ ကျွန်မသိပြီးသွားပြီ။” အဆုံးသတ်နားတွင် ထိုအမျိုးသမီး၏အသံ ရှိုက်ဝင်သွားကာ မျက်ရည်များကျဆင်းလာခဲ့သည်။
ဖေ့ဟဲနာ? ကုနင်း ထိုနာမည်ကို ကြားဖူးလေသည်။ ဖေ့ဟဲနာဆိုသည်မှာ ကျော်ကြားသည့် အဆိုတော်တစ်ဦးဖြစ်သည်။
“မင်း…..” ရှားယီချူး ဤသို့ပြောလာလိမ့်မည်ဟု ချောင်ကွမ်းရှန် ထင်မှတ်မထားသောကြောင့် အလွန်အံ့အားသင့်ကာ ကြောင်အသွားခဲ့သည်။ သူဘယ်လိုလုပ်သိသွားရတာလဲ?
ရှားယီချူးလဲ ချောင်ကွမ်းရှန်၏ ထိတ်လန့်နေစဲအသွင်အပြင်ကို ကြည့်ကာ ခါးသက်စွာရယ်လိုက်ပြီး၊
“ချောင်ကွမ်းရှန်၊ တကယ်တော့ ရှင်ကျွန်မကို လုံးဝသဘောမကျခဲ့ဘူးဆိုတာ သိသွားပြီ၊ ကျွန်မကို သဘောမကျပေမယ့် ဖေ့ဟဲနာ အောင်မြင်လာဖို့အတွက် ကျွန်မအနားကို ချဉ်းကပ်ခဲ့တာပဲ။ ကျွန်မကို အောင်မြင်တဲ့အဆိုရှင်တစ်ယောက် ဖြစ်အောင် ကူညီချင်တယ်လို့ ရှင်ပြောခဲ့တယ်နော်။ ဒါပေမယ့် ကျွန်မ ကားတိုက်မှုဖြစ်ပြီး မျက်နှာ ပျက်စီးသွားတာကြောင့် လူရှေ့ထွက်လို့မရခဲ့ဘူး။ ကျွန်မရဲ့ အဆိုတော်ဖြစ်ချင်တဲ့ ဆန္ဒဖြစ်မြောက်အောင်လို့ ဖေ့ဟဲနာရဲ့ နောက်ခံအဆိုရှင်လုပ်ဖို့ကလွဲလို ရွေးချယ်စရာမရှိခဲ့ဘူးလေ။”
“မင်း-မင်း ဘယ်လိုလုပ်သိသွားတာလဲ?” ချောင်ကွမ်းရှင် အလွန်ထိတ်လန့်နေကာ သူ၏သတိလက်လွတ်အမေးစကားက ရှားယီချူး၏ပြောစကားများ အမှန်ဖြစ်ကြောင်း အတည်ပြုပေးနိုင်ခဲ့သည်။
ကုနင်းပင်လျှင် ထိုစကားများကို ကြားကာ အလွန်အံ့ဩသွားရသည်။ အခြားလူများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကြား ကုနင်းဝင်မပါလိုသော်လည်း ဤကိစ္စသည်တော့ စိတ်ဝင်စားဖို့ကောင်းလှပေသည်။ ဖေ့ဟဲနာသည် အောင်မြင်သည့် အဆိုတော်တစ်ဦးဖြစ်ကာ ကျွမ်းကျင်ပညာရှင်များစွာကလဲ သူမ၏သီဆိုမှုကို ထောက်ခံမှုပြုထားကြလေသည်။ သူမသည် လူထု၏အားပေးထောက်ခံမှုများစွာကိုလဲ ရရှိထားကာ သူမ၏သီချင်းများသည်လဲ အမျိုးမျိုးသော သီချင်းဖိုရမ်များ၏ အဆင့်သတ်မှတ်ချက်များတွင် မကြာခနဝင်ရောက်လာတတ်သည်။ အခုတော့ ထိုသို့အောင်မြင်နေခြင်းက သူမတွင် နောက်ခံအဆိုရှင်ရှိနေခြင်းကြောင့် ဖြစ်နေလေသည်။
ဖျော်ဖြေရေးကုမ္ပဏီတစ်ခုသည် သရုပ်ဆောင်များသာမက အဆိုတော်များလဲ လိုအပ်သည်။ ရှားယီချူးသာ တကယ်ပဲ ဖေ့ဟဲနာ၏နောက်ခံအဆိုရှင်ဖြစ်ပါက ကုနင်းသူမနှင့် တွေ့ဆုံဆွေးနွေးမှုလုပ်လိုပေသည်။ သူမမျက်နှာက ရှေ့ထွက်လို့မရသည့် အနေအထားဆိုလျှင်ပင် ကုနင်းအနေနှင့် သူမကိုပြန်ကောင်းအောင် ကုသပေးနိုင်သည်။
ကုနင်း လင်ရှောင်းထင်ကို ဆွဲခေါ်လိုက်ကာ ထိုနှစ်ယောက်စကားပြောနေသည်နှင့် မဝေးသည့်နေရာမှ ခုံတန်းရှည်တွင် ဝင်ထိုင်ရင်း အကဲခတ်ကြည့်လိုက်သည်။
ထိုလူနှစ်ဦးသည် မတ်တပ်ရပ်နေကာ သစ်ကိုင်းများဖြင့် ဖုံးနေသော်လည်း ကုနင်းသည်က ကျောက်စိမ်းမျက်ဝန်းရှိသူဖြစ်လေသည်။ ကုနင်း ရှားယီချူးကို အရင်ကြည့်လိုက်ကာ သေချာအကဲခတ်ကြည့်သည်။ ရှားယီချူးသည် အရပ်၁.၆၅မီတာလောက်မြင့်ကာ ပိန်လဲမပိန်သလို ဝလဲမဝဘဲ အလယ်အလတ်အနေအထားရှိပြီး မျက်လုံးနေရာကိုသာဖော်ကာ ဦးထုပ်နှင့်နှာခေါင်းစည်းကို ဝတ်ဆင်ထားသည်။
ထိုသို့ဖုံးကွယ်ထားလျှင်ပင် ကုနင်းကတော့ အသေအချာရှင်းရှင်းလင်းလင်းမြင်နိုင်စဲပင်။ ရှားယီချူးသည် သူမ၏ညာဘက်ပါးပေါ်မှ အမာရွတ်ကိုသာ ဖယ်ရှားနိုင်ခဲ့လျှင် အတော်အတန်လှသည့်ထဲတွင်ပါလေသည်။ ဖျော်ဖြေရေးလောကစံနှုန်းနှင့်ယှဉ်လျှင်ပင် သူမသည် သာမာန်မဟုတ်ဘဲ ထင်သာမြင်သာ ရှိသည့်အလှမျိုးပိုင်ဆိုင်လေသည်။ သူမ၏ ထူးခြားကောင်းမွန်သည့် အသံ၊ သီဆိုမှုအရည်အချင်းနှင့် လှပသည့် မျက်နှာကိုသာ ပေါင်းဖက်လိုက်ပါက ထောက်ပံ့မည့်သူသာ ရှိလျှင် မအောင်မြင်နိုင်စရာအကြောင်းကို မရှိပေ။
“ကျွန်မဘယ်လိုသိသွားလဲဆိုတာက အရေးမကြီးဘူး။ အခုကျွန်မသိသွားပြီဆိုတော့ ကျွန်မကို ရှင်တို့ထပ်ပြီးအသုံးချခွင့်မပြုနိုင်တော့ဘူး။ ကျွန်မသာမရှိရင် ဖေ့ဟဲနာရဲ့ အလုပ်အကိုင်ကလဲ ပျက်စီးသွားပြီပဲ။ ပြီးတော့ ကျွန်မသာ ဒီသတင်းတွေကို ဖော်ထုတ်လိုက်ရင် ရှင်နဲ့ဖေ့ဟဲနာရဲ့ဘဝ တစ်သက်လုံး အမှောင်ထုထဲမှာပဲ နေသွားရလိမ့်မယ်။” ရှားယီချူး၏ အကြည့်များသည် စူးရှနေကာ သူမ၏အသံမှနေပြီး ချောင်ကွမ်းရှန်နှင့် ဖေ့ဟဲနာကို ဘယ်လောက်တောင် မုန်းတီးနေကြောင်း ပေါ်လွင်ပေသည်။
ရှားယီချူးသည် အားနည်းပျော့ညံ့သည့် မိန်းကလေးတစ်ယောက်မဟုတ်ဘဲ သူမကိုယ်ပိုင်စည်းများနှင့်သတ်မှတ်ချက်များရှိခဲ့ပေမည့် သူမကိုယ်သူမ ချစ်ခင်မှုသည်တော့ ပျောက်ဆုံးလို့နေခဲ့သည်။ ထို့အပြင် ‘ကားမတော်တဆမှု’ ဖြစ်ကာ သူမမျက်နှာပျက်စီးသွားကတည်းက ချောင်ကွမ်းရှန်သည် သူမအနားအမြဲတမ်း ရှိနေပေးခဲ့သောကြောင့် သူမအနေဖြင့် ချောင်ကွမ်းရှန်ကို သစ္စာရှိရမည်ဟူသည့် အတွေးက စွဲသွားခဲ့ကာ သူမကိုယ်သူ ထောင်ချောက်ထဲ ကျလို့ကျနေမှန်းမသိ ဖြစ်ခဲ့ရသည်။
“မဖြစ်ဘူး။ မင်းအဲ့လိုလုပ်လို့မဖြစ်ဘူး။” ချောက်ကွမ်းရှန် အလွန်ထိတ်လန့်သွားသည်။ ဤကိစ္စများသာ အပြင်သို့ပျံ့သွားပါက သူတို့နှစ်ဦ၏ ဂုဏ်သိက္ခာအားလုံး ပျက်စီးသွားမည်ဖြစ်သည်။ ယခုလိုအောင်မြင်သည့် ကိုယ်စားလှယ်တစ်ဦးဖြစ်လာဖို့ရန် မြောက်များစွာပေးဆပ်လာခဲ့ရခြင်းဖြစ်၍ ဘယ်လိုမှ ကျရှုံးလိုစိတ်မရှိပေ။
“ဘာလို့မဖြစ်နိုင်ရမှာလဲ? ကျွန်မက မတရားခံရတဲ့သူပဲ။ ပြီးတော့ ရှင်ကလဲ ဒီဆိုးဝါးတဲ့အကြံအစည်ကို ရေးဆွဲတဲ့သူလေ။” ရှားယီချူး ဒေါသထွက်ကာ အော်ဟစ်လိုက်တော့သည်။
***
အခန်း ၅၅၃
ငါ့လက်ထဲမှာ
သူမချစ်ရသည့်လူဆီမှ အသုံးချခံလိုက်ရသောကြောင့် ရှားယီချူးအလွန်နာကျင်မိခဲ့ပေမည့် ဒေါသနှင့်ဝမ်းနည်းမှုက ထိုထက်များစွာ ပိုလွန်လေသည်။ ချောင်ကွမ်းရှန် မည်မျှအရှက်မဲ့ကာ တစ်ကိုယ်ကောင်းဆန်ပြီး သူ၏အကျိုးအတွက်ဆိုလို အခြားလူတစ်ယောက်၏ ဘဝကိုတောင် နင်းချေတတ်ကြောင်း သူမရှာဖွေသိရှိမိသွားချိန်တွင် အချစ်ဆိုသည်မှာလဲ မရှိတော့ပေ။
“ယီချူး၊ ငါမင်းအတွက် လျော်ကြေးအနေနဲ့ ပလက်စတစ်ဆာဂျရီလုပ်ပေးမယ်လေ။ ပြီးတော့ လစာလဲထပ်တိုးပေးမယ်။ ကျေးဇူးပြု၍ ကျေးဇူးပြု၍ ဟဲနာရဲ့နောက်ခံအဆိုရှင် ဆက်လုပ်ပေးပါနော်။” ချောင်ကွမ်းရှန် သူ၏ဂုဏ်သိက္ခာနှင့်အလုပ်အကိုင်အတွက် ဒူးထောက်လုနီးပါး တောင်းပန်ခယတော့သည်။
“ငါ့မှာသာ ပလက်စတစ်ဆာဂျရီလုပ်ဖို့ ငွေလုံလောက်နေပြီဆိုရင် ဖေ့ဟဲနာရဲ့ နောက်ခံအဆိုရှင်ဆက်လုပ်ဦးမယ်လို့ ထင်နေတာလား? ငါ့ဘာသာပဲ စင်မြင့်ပေါ်ရပ်တည်နိုင်တာပေါ့။”
ရှားယီချူးသည် အတော်အတန်လှပသူတစ်ဦးဖြစ်သည်။ ထို့အပြင် သူမသည် အဆိုတော်တစ်ဦးသာဖြစ်ပြီး သရုပ်ဆောင်တစ်ဦးမဟုတ်ပေ။ ထို့ကြောင့် ပရိတ်သတ်ဘက်ကလဲ သူမ၏ရုပ်ရည်သွင်ပြင်နှင့်ပတ်သတ်ပြီး ဆိုးဆိုးဝါးဝါးပြောစရာအကြောင်းမရှိပေ။ သူမသာ သီချင်းကောင်းကောင်းဆိုင်နိုင်သေးသ၍ အောင်မြင်ကျော်ကြားလာအောင် လုပ်နိုင်သည်ဟုလဲ သူမကိုယ်သူမ ယုံကြည်မှုအပြည့်ရှိလေသည်။ သို့ပေမည့် သူမမျက်နှာ ပျက်စီးသွားခဲ့ရသည်။ ပျက်စီးနေသည့် မျက်နှာနှင့် ရုပ်ဆိုးခြင်းဆိုသည်မှာ လုံးဝကွာခြားသည့် အရာများဖြစ်သည်။ သူမလဲ ‘မတော်တဆမှု’ဖြစ်ပြီးကတည်းက သူမကိုယ်သူမယုံကြည်ချက်ပျောက်ဆုံးလုနီးပါးဖြစ်သွားခဲ့ရပေသည်။
ထိုအကြောင်းများကို ပြန်တွေးမိလိုက်သည်နှင့် ရှားယီချူး၏ဒေါသများ ပြန်လည်ပေါ်ထွက်လာကာ အံကိုကြိတ်လိုက်ပြီး၊
“ချောင်ကွမ်းရှန်၊ နင်နဲ့ ဖေ့ဟဲနာတစ်နေ့တော့ ဒီအတွက် ပြန်ပေးဆပ်ရအောင် ငါလုပ်ပြမယ်။”
ချောင်ကွမ်းရှန်မျက်နှာ တင်းမာသွားကာ၊
“ရှားယီချူး၊ မင်းလုပ်ရဲလုပ်ကြည့်လိုက်စမ်း၊ မင်းကို သတ်ပစ်ပြီး ဘယ်သူမှ မင်းတည်ရှိခဲ့တယ်ဆိုတာတောင် မသိတော့အောင် ငါလုပ်ပစ်နိုင်တယ်။”
ထိုသို့ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရချိန်တွင်ပင် ရှားယီချူးတစ်ယောက် တည်ငြိမ်နေသေးကာ သူမဖုန်းကို ချောင်ကွမ်းရှန်မြင်အောင် မြှောက်ပြလိုက်ပြီး၊
“ချောင်ကွမ်းရှန်၊ ငါဒီနေရာကို ဘာပြင်ဆင်မှုမှမရှိဘဲနဲ့လာမယ်လို့ထင်နေတာလား? နင်အစောက ပြောခဲ့သမျှ စကားတိုင်းကို အသံသွင်းထားပြီးပြီ။ ငါ့ကို ထိခိုက်အောင် လုပ်ရဲလုပ်ကြည့်လိုက်၊ ဒီအသံဖိုင်ကို အင်တာနက်ပေါ် ဖြန့်ပစ်လိုက်မယ်။”
“မင်း….” ချောင်ကွမ်းရှန် အလွန်ထိတ်လန့်သွားကာ ရှားယီချင်းလက်ထဲမှ ဖုန်းကို ဆွဲလုဖို့ ကြိုးစားသော်လည်း ရှားယီချုးအချိန်မီရှောင်ရှားနိုင်ခဲ့၏။
ရှားယီချူးလက်ထဲတွင် သူအနှစ်နှစ်အလလတည်ဆောက်ထားခဲ့ရသည့် ဂုဏ်သိက္ခာနှင့် အလုပ်အကိုင်က အချိန်မရွေးဖျက်ဆီးခံရနိုင်သည့်အကြောင်း တွေးလိုက်မိသည်နှင့် ချောင်ကွမ်းရှန် ဒေါသများပေါက်ကွဲထွက်လာကာ အမူအရာကိုပင် ဆက်မထိန်းထားနိုင်တော့ပေ။ သို့ပေမည့် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုအား ပြန်တွေးမိသွားသည်နှင့် သူဒေါသများအနည်းငယ်လျော့ကျသွားကာ၊
“ရှားယီချူး၊ မင်းရဲ့မောင်က ငါ့လက်ထဲမှာရှိနေသေးတယ်ဆိုတာကို မမေ့နဲ့ဦး။ မင်း ဒီအသံဖိုင်ကို အင်တာနက်ပေါ်ဖြန့်ရဲဖြန့်ကြည့်လိုက်စမ်းပါ၊ ငါဖုန်းတစ်ချက်ဆက်လိုက်ရုံနှင့် မင်းမောင်ရဲ့ဘဝလဲပျက်စီးသွားပြီပဲ။”
ချောင်ကွမ်းရှန်သည် ဂိုဏ်းများနှင့် အဆက်အသွယ်ရှိထားသူတစ်ဦးဖြစ်သည်။
“နင် သူ့ကိုထိရဲထိကြည့်!” ဤတစ်ခေါက်တွင်တော့ ရှားယီချူး ထိတ်လန့်သွားရသည့်အလှည့်ပင်။ ဤကမ္ဘာပေါ်တွင် သူမမောင်သာလျှင် သူမ၏တစ်ဦးတည်းသော မိသားစုဝင်ဖြစ်သောကြောင့် သူတစ်ခုခုဖြစ်မည်ကို သူမဘယ်လိုမှလက်မခံနိုင်ပေ။ ရှားယီချူး သူမကိုယ်သူ ကျိန်ဆဲမိလိုက်သည်။ ဘာလို့များ ဒီအချက်ကို မေ့သွားရတာလဲ! သူမမောင်ငယ်သည် ရိုးသားသူဖြစ်သောကြောင့် ချောင်ကွမ်းရှန်က သူမမောင်ကို ဓားစာခံအဖြစ် ထိန်းသိမ်းထားပေလိမ့်မည်။
“အမှန်ကို မြင်စမ်းပါ၊ ငါတို့အရင်အတိုင်း အလုပ်အတူတူဆက်လုပ်ကြတာပေါ့။ စိတ်မပူပါနဲ့။ မင်းလစာကိုလဲ ငါတိုးပေးမှာပါ။” ချောင်ကွမ်းရှန် သူ့ဘက်က အသာစီးရနေသောကြောင့် အသံသည်လဲ မောက်မာသည့် လေသံဘက်ပြန်ပြောင်းသွားပေပြီ။
“ဒါပေမယ့် မင်းငြင်းမယ်ဆိုရင်တော့ အကျိုးဆက်ကို ရင်ဆိုင်နိုင်လိမ့်မှာမဟုတ်ဘူးနော်။”
ရှားယီချူး ဒေါသထွက်ရုံသာ ထွက်နိုင်တော့သည်။ သူမ ချောင်ကွမ်းရှန်နှင့် ဖေ့ဟဲနာတို့ကို သေလောက်အောင် မုန်းတီးသော်လည်း သူမမောင်ကိုတော့ဖြင့် အန္တရာယ်ကြားထဲ ဆွဲမထည့်လိုပေ။ အခုတော့ သူမမောင် ဘေးကင်းရေးအတွက် သူမဘက်ကပဲ အရှုံးပေးရပေတော့မည်။
“ဟုတ်ပါပြီ၊ ငါသဘောတူတယ်။” အဆုံးတွင်တော့ ရှားယီချူး အရှုံးပေးလိုက်ရတော့သည်။ သူမမောင်၏ဘဝကိုတော့ဖြင့် ဤပြဿနာထဲ ဆွဲမထည့်လိုပေ။
ထိုစကားများကိုကြားပြီးနောက် ကုနင်း ရှားယီချူးအား အမှန်တကယ်ကို သဘောကျသွားတော့သည်။
“ကောင်းတာပေါ့၊ အခုပဲ အသံဖိုင်ကို ဖျက်လိုက်တော့။” ချောင်ကွမ်းရှန် အမိန့်ပေးလိုက်သည်။
ရှားယီချူး မလုပ်ချင်သော်လည်း ရှာကွမ်းရှန်၏အမိန့်ကို နာခံကာ သူ့ရှေ့တွင်ပင် အသံဖိုင်ကို ဖျက်ပေးလိုက်တော့သည်။
“ဒီနေ့တော့ နားလိုက်ဦး၊ ငါမင်းမောင်ကို စောင့်ကြည့်ဖို့ လူတွေလွှတ်ထားမယ်။ မင်းသာ ငါ့ကို ဆန့်ကျင်ဖို့ ကြိုးစားမယ်ဆိုရင် မင်းမောင်လဲ အဆုံးသတ်ပြီပဲ။”
ရှားယီချူး၏မောင် သူ့လက်ထဲတွင်ရှိနေသ၍ ရှားယီချူး သူ့စကားကို မနာခံမည်အား ချောင်ကွမ်းရှန် စိုးရိမ်စရာမလိုပေ။
ရှားယီချူးကို ခြိမ်းခြောက်ပြီးနောက် ချောင်ကွမ်းရှန် ထွက်သွားကာ ရှားယီချူးသည်တော့ မြေပြင်ထက် အရုပ်ကြိုးပျက်လဲကျသွားပြီး မျက်ရည်များကျဆင်းလာတော့သည်။
ထိုအချိန်တွင်ပဲ ကုနင်းကလဲ လင်ရှောင်းထင်ကို သူမအားစောင့်နေပေးရန်ပြောကာ ရှားယီချူးထံသို့ လျှောက်လာခဲ့သည်။
“ရှင်က ဖေ့ဟဲနာရဲ့သီချင်းတိုင်းကို ဆိုပေးတာလား?” ကုနင်းမေးလိုက်သည်။
သူစိမ်းအသံတစ်သံကို ကြားလိုက်ရသောကြောင့် ရှားယီချူး အနည်းငယ် လန့်သွားခဲ့သည်။ သူမချက်ချင်း အငိုတိတ်သွားကာ ကုနင်းကို ကြောက်ရွံ့နေဟန်ဖြင့် ကြည့်လိုက်ပြီး၊
“မင်း-မင်း အစောက ပြောသမျှကို ကြားသွားတာလား?”
ရှားယီချူး အလွန်ကြောက်လန့်နေခဲ့သည်။ ဤမိန်းကလေးသာ သတင်းကိုဖြန့်လိုက်မည်ဆိုလျှင် သူမမောင်၏အသက်အန္တရာယ်စိုးရိမ်ရလေသည်။
ရှားယီချူး စိုးရိမ်နေသည်ကို ကုနင်းသိတာကြောင့် သူမပြောချင်သည့် အဓိကအချက်ကိုသာ တန်းပြောလိုက်တော့သည်။
“စိတ်မပူပါနဲ့၊ ကျွန်မ သတင်းမဖြန့်ပါဘူး။ ရှင်က ဖေ့ဟဲနာရဲ့သီချင်းတိုင်းကို ဆိုပေးခဲ့တာလားဆိုတာပဲ သိချင်ရုံပါ။ ဒီလိုသာဆိုရင်တော့ ရှင့်ကို ကျွန်မသဘောကျတယ်။ ရှင် ဆက်ပြီး သူတို့တွေရဲ့ထိန်းချုပ်တာ မခံချင်ရင် ကျွန်မတို့ပူးပေါင်းကြတာပေါ့။”
“ဘာ? ပူးပေါင်းမယ်?” ရှားယီချူး အံ့အားသင့်သွားသလို သံသယလဲဝင်မိလေသည်။
ကုနင်းသည် အသက်၂၀တောင် မရှိလောက်သေးသောကြောင့် သူမကို ကုနင်းကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည်ဖို့ရန် ခက်ခဲလှပေသည်။ ကုနင်း၏ အသွင်အပြင်တစ်ခုတည်းဖြင့် ရှားယီချူး အကဲဖြတ်လိုခြင်းမရှိပေမည့် ကုနင်းကတော့ အတော်ကို ငယ်လွန်းနေသေးသည်။
“ရှင် စုထုံနျိုကို ကြားဖူးလား?” ကုနင်း ထပ်မေးလိုက်သည်။
“သရုပ်ဆောင်ကိုပြောတာလား?”
“ဟုတ်ပါတယ်။”
“ကြားဖူးပါတယ်။ သူအခုတလော အတော်လေး နာမည်ကြီးလာတယ်လေ။” ကုနင်း ဘာကြောင့် ရုတ်တရက်ကြီး စကားလမ်းကြောင်း ပြောင်းသွားသလဲဆိုသည်ကို ရှားယီချူး နားမလည်နိုင်ခဲ့ပေ။
“ကျွန်မရဲ့အရည်အချင်းနဲ့ပတ်သတ်ပြီး ရှင် သံသယဝင်နိုင်တာကို နားလည်ပါတယ်။ ဒါပေမယ့် လျှို့ဝှက်ချက်တစ်ခုတော့ ပြောပြမယ်။ အခု စုထုံနျိုက ကျွန်မကုမ္ပဏီမှာ အလုပ်လုပ်နေတာ။”
“ဘာ? ဒါဆို မင်းက ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းရဲ့ ပိုင်ရှင်လား?” ရှားယီချူး အလွန်အံ့ဩသွားလေသည်။ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းသည် အခုမှစတင်တည်ထောင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်သော်လည်း ဖျော်ဖြေရေးလောကတွင် အတော်အတန်အင်အားကြီးနေပေပြီ။
“ဟုတ်တယ်၊ ကျွန်မပါပဲ။”
ကုနင်း၏ အတည်ပြုစကားကိုကြားပြီးနောက်တွင်တော့ ကုနင်းသာဆိုလျှင် သူမကို အမှန်တကယ်ကူညီနိုင်လောက်သည်ဟု ရှားယီချူး စတင်ယုံကြည်မိလာတော့သည်။
***
အခန်း ၅၅၄
ရှားယီချူးနှင့် စာချုပ်ချုပ်ခြင်း
“မင်းက ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းရဲ့ ပိုင်ရှင်ဖြစ်တယ်ဆိုတဲ့ ဘာသက်သေတွေရှိလဲ?” ရှားယီချူး၏သံသယက အလုံးစုံမပျောက်သေးသောကြောင့် သေချာအောင် မေးလိုက်သည်။
ကုနင်းလဲ သူမသာ သက်သေအတိအကျမပြနိုင်လျှင် ယုံကြည်ဖို့ခက်ခဲကြောင်း နားလည်လေသည်။ ထို့ကြောင့် သူမဖုန်းကိုထုတ်ကာ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၏ တရားဝင်Weiboအကောင့်ကို ဝင်လိုက်ကာ ရှားယီချူးအား ပြလိုက်သည်။
“ဒီလို အကောင့်ထဲဝင်ပြရုံလောက်နဲ့တော့ ကျွန်မက ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းရဲ့ ပိုင်ရှင်လို့ သက်သေမပြနိုင်ပေမယ့် အနည်းဆုံးတော့ ကျွန်မက ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းရဲ့ တာဝန်ရှိသူတစ်ယောက်ဆိုတာတော့ အတည်ပြုနိုင်တာပေါ့။”
ဖုန်းကို ယူကြည့်လိုက်ပြီးနောက် ကုနင်းသည် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၏ ပိုင်ရှင်ဖြစ်နိုင်ကြောင်း ရှားယီချူးယုံကြည်သွားပေမည့် အချိန်ခနလေးအတွင်းတွင်ပဲ တစ်ဖန် ပြန်ဝမ်းနည်းသွားပြန်သည်။
“ရှင်ကရော ကျွန်မကို နောက်ခံအဆိုရှင်လုပ်စေချင်တာလား? ကျွန်မက ဖေ့ဟဲနာရဲ့ နောက်ခံအဆိုရှင် လုပ်ပေးပြီးသားဆိုတော့ တခြားအဆိုတော် တစ်ယောက်အတွက် ထပ်လုပ်ပေးဖို့က အဆင်မပြေဘူးထင်တယ်။”
ကုနင်း ဘာကြောင့် သူမနှင့်စာချုပ်ချုပ်လိုလဲ ရှားယီချူး နားမလည်ပေ။ သူမမျက်နှာသည် ပျက်စီးသွားပြီးဖြစ်ကာ ပြန်ကောင်းလာဖို့အတွက်ဆိုလျှင် ငွေအမြောက်အများကုန်ရပေဦးမည်။
ကုနင်းပြုံးလိုက်ရင်း၊
“ကျွန်မ အဲ့လောက်မတုံးပါဘူး၊ အဲ့လိုက အဆင်မပြေမှန်း ကျွန်မလဲသိတာပေါ့။ ကျွန်မက အရည်အချင်းအစစ်အမှန်ရှိတဲ့လူကို လိုချင်တာ၊ နောက်ခံအဆိုရှင်မဟုတ်ဘူး။ စိတ်မပူပါနဲ့၊ ရှင့်ရဲ့မျက်နှာကိုလဲ ပလက်စတစ်ဆာဂျရီမလုပ်ရဘဲ ပြန်ကောင်းလာအောင် ကျွန်မကူညီပေးနိုင်ပါတယ်။”
“ဘယ်လို? တကယ်ပြောတာလား?” အခြားစကားများထက် ဤစကားတစ်ခွန်းက ရှားယီချူးကို အမှန်တကယ်ထိတ်လန့်သွားစေသည်။
“စောင့်ကြည့်လိုက်ပေါ့။”
ရှားယီချူး ထပ်မံစိတ်လှုပ်ရှားသွားကာ ကုနင်းကို ယုံကြည်ဖို့ရန် ရွေးချယ်လိုက်တော့သည်။
“ချောင်ကွမ်းရှန်နဲ့ ကျွန်မစကားများနေတာတွေကို ရှင်ကြားပြီးပြီဆိုမှတော့ ကျွန်မသာ သူ့စကားနားမထောင်ရင် ကျွန်မမောင်ကို ထိခိုက်အောင်လုပ်လိမ့်မယ်ဆိုတာ ရှင်လဲသိမှာပေါ့။”
ရှားယီချူး သူမသာ ချောင်ကွမ်းရှန်၏ ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်လျှင် ကုနင်းအတွက် ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိလေသည်။ သူမသေလောက်အောင်မုန်းသည့် လူတစ်ယောက်၏လက်အောင်တွင် အလုပ်လုပ်ရခြင်းက ငရဲတစ်ခုပင်။ သို့ပေမည့် သူမမောင်ကိုလဲ မစွန့်ပစ်လိုက်နိုင်ပေ။
ကုနင်း၏အပြုံးသည်တော့ ဆက်လက်တည်ရှိနေစဲဖြစ်ကာ၊
“ရှင်သာ ကျွန်မဆီမှာ အလုပ်လုပ်ရင်၊ ရှင့်မောင်ကိုလဲ ကျွန်မဘက်က ကာကွယ်ပေးမှာပါ။”
“တကယ်ပဲလား?” ရှားယီချူး အလွန်ဝမ်းသာသွားတော့သည်။
“တကယ်ပေါ့။”
“ကောင်းပြီ၊ ကျွန်မရှင်နဲ့ ပူးပေါင်းပါ့မယ်။”
“ရှင့်လစာအကြောင်းကိုရော မသိချင်ဘူးလား?”
“ချောင်ကွမ်းရှန်လက်ကလွတ်မြောက်ပြီး ကျွန်မမောင်လဲ ဘေးကင်းမယ်ဆို လစာအတွက် ဂရုမစိုက်ဘူး၊ ရှင့်ကို ကျွန်မယုံတယ်။”
ကုနင်းအတွက် အလုပ်လုပ်ပေးရခြင်းက ချောင်ကွမ်းရှန်အတွက် အလုပ်လုပ်ပေးရခြင်းထက်တော့ မဆိုးရွားနိုင်ပေ။ ရှားယီချူး တစ်ချိန်လုံး မတရားသဖြင့် ဆက်ဆံခြင်းခံခဲ့ရသော်လည်း ကမ္ဘာပေါ်တွင် မကောင်းသည့်လူချည်းပဲ ရှိခြင်းမဟုတ်ဘဲ လူကောင်းများလဲ ရှိသည်ကို သူမယုံကြည်နေစဲပင်။
“ကောင်းပြီ၊ ဒါပေမယ့် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းက မြို့တော်မှာအခြေစိုက်တာဆိုတော့ ရှင်လဲ အဲ့ဒီကိုပြောင်းရလိမ့်မယ်။”
“ကိစ္စမရှိပါဘူး။ Bမြို့ကနေထွက်သွားရတော့ ပိုတောင်ကောင်းတာပေါ့။ ဒါပေမယ့် ကျွန်မမောင်ကိုတော့ မထားခဲ့နိုင်ဘူး။ အဲ့ဒါကြောင့် မြို့တော်က ကျောင်းတစ်ကျောင်းကျောင်းကို ပြောင်းလို့ရအောင် ကူညီပေးပါလား?”
သူမ၏မိသားစုတွင် သူမတို့မောင်နှမနှစ်ဦးတည်းသာ ရှိပြီး ဆွေမျိုးများကလဲ သူမမိဘများဆုံးပါးသွားကတည်းက အဆက်အသွယ်ဖြတ်သွားကြကာ သူမသာ သူမမောင်ကို ပြုစုပျိုးထောင်ခဲ့ရလေသည်။
“ကောင်းပြီလေ။”
ကုနင်းသဘောတူသည်ကို ကြားကာမှ ရှားယီချူး ပြည့်ပြည့်ဝဝပျော်ရွှင်နိုင်သွားတော့သည်။
“ရှင်အခုချက်ချင်း မြို့တော်ကိုသွားဖို့ ပြင်ဆင်လိုက်တော့။ အရင်ဆုံး ရှင့်ဖုန်းနံပါတ်ကိုပေးထား၊ ပြီးတာနဲ့ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းရဲ့ အထွေထွေကြီးကြပ်ရေးမှူးရဲ့ဖုန်းနံပါတ်ကို ပို့ပေးထားမယ်။ သူကပဲ ရှင့်ကို လိုအပ်တာတွေအားလုံး စီစဉ်ပေးလိမ့်မယ်။”
ဖု့န်ဟွာဖျော်ဖြေရေးလုပ်ငန်းသည် သူတို့ကုမ္ပဏီမှ သရုပ်ဆောင်များ အဆိုတော်များအတွက် အိမ်ငှားခထောက်ပံ့ပေးသောကြောင့် ရှားယီချူးလဲ သူမတို့မောင်နှမနှစ်ယောက်နေဖို့ရန်အတွက် တိုက်ခန်းတစ်ခုငှားနိုင်ပေသည်။ အခုမှ စတင်ခြင်းဖြစ်ကာ ရှားယီချူး အောင်မြင်လာကာ ကုမ္ပဏီအတွက် ငွေများစွာရှာပေးနိုင်လာသည်နှင့် ရင်းနှီးထားသမျှပြန်ရပေလိမ့်မည်။
“ကျေးဇူးတင်ပါတယ်။”
“ချောင်ကွမ်းရှန်နဲ့ ဖေ့ဟဲနာကတော့ သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ အလုပ်အကိုင်အားလုံး ရှင် ပွဲဦးထွက်ပြီး မကြာခင်မှာပဲ ပျက်စီးသွားလိမ့်မယ်။”
“ရှင်ပြောတာမှန်တယ်။” ရှားယီချူး သဘောတူလိုက်သည်။ သူမလဲ အသံဖိုင်ကို ဖျက်လိုက်ပြီဖြစ်၍ ချောင်ကွမ်းရှန်ကို ဖြုတ်ချဖို့ ခိုင်မာသည့် သက်သေမရှိတောပေ။ သို့ပေမည့် သူမ သူတို့ဆီက ရုန်းထွက်နိုင်ကာ စင်ပေါ် ကိုယ်တိုင်ရပ်နိုင်မည်ဆိုလျှင် ဖေ့ဟဲနာနှင့် ချောင်ကွမ်းရှန်တို့၏ အလုပ်လဲ ကြာကြာမြဲတော့လိမ့်မည်မဟုတ်ပေ။
“ကျွန်မ အသံဖိုင်တွေကိုလဲ ဖျက်ပြီးသွားပြီဆိုတော့ သူတို့အကြောင်းကို သက်သေပြဖို့ ဘာမှမရှိတော့ဘူး။” မည်သို့ပင်ဆိုစေ သူမဘက်က အရင်ဆုံးထုတ်ဖော်လိုက်ခြင်းက ပိုပြီးအဆင်ပြေမည်ဖြစ်၍ ရှားယီချူး စိုးရိမ်နေစဲပင်။
“စိတ်မပူပါနဲ့၊ အဲ့အတွက် ကျွန်မရှာကြည့်လိုက်မယ်။”
“သူတို့ရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်ကိုပဲပြောပြပါ။”
သူမ၏လုပ်ငန်းကို မကောင်းကြံလာနိုင်သောကြောင့် ထိုရန်သူနှစ်ယောက် သေချာကိုင်တွယ်ထားမှဖြစ်မည်မှန်း ကုနင်းသိလေသသည်။ သူမ လုကျန်းကို အလုပ်ခန့်ကာ ထန်ပင်းစန်ကို ဆန့်ကျင့်သည့်သဘောပြုလုပ်ခဲ့ခြင်းသည်လဲ မကြာမီအချိန်အတွင်း မြို့တော်မှထန်မိသားစုကို လက်စားချေဖို့ဆုံးဖြတ်ချက်ချက်ထားခြင်းကြောင့် ဖြစ်သည်။
အခုအချိန်တွင် ထန်ပင်းစန်ကို သတ်ဖို့ရန် သူမအတွက် မခက်ခဲပေမည့် ထိုသို့လွယ်လွယ်နှင့် အသေခံမည်မဟုတ်ပေ။ သူမ၏အစီအစဉ်အတိုင်း ထန်မိသားစု၏ စီးပွားရေးလုပ်ငန်းစုကြီးကို တစ်စတစ်စ တိုက်စားပစ်ပေမည်။ သူမ၏အရင်ဘဝတွင် ထန်မိသားစုသည် သူမ၏အကူအညီမရှိပါဘဲနှင့် ယခုလိုအောင်မြင်လာလိမ့်မည်မဟုတ်ပေ။ သူမကိုယ်တိုင် ထန်မိသားစုအတွက် မကောင်းသည့် ကိစ္စများစွာကို ဆောင်ရွက်ပေးခဲ့ရသည်။ ထန်မိသားစုကလဲ သူမကို ကောင်းကောင်းအသုံးချကာ မြို့တော်တွင် ချမ်းသာပြီး အာဏာရှိသည့် မိသားစုတစ်စုဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
ထို့နောက် ရှားယီချူး ချောင်ကွမ်းရှန်နှင့် ဖေ့ဟဲနာတို့၏ လိပ်စာများနှင့် ဖုန်းနံပါတ်များကို ကုနင်းထံချက်ချင်းပို့ပေးလိုက်သည်။
ပြီးနောက်တွင်တော့ ကုနင်း လက်မအရွယ်ခန့်ရှိသည့် ဆေးကြွေပုလင်းတစ်ခုကို ထုတ်ယူလိုက်ကာ၊
“အထဲမှာ ရှင့်မျက်နှာပေါ်က အမာရွတ်ကိုပျောက်အောင် ကုပေးနိုင်တဲ့ ဆေးတစ်လုံးရှိတယ်။ ပုလင်းထဲ ရေနည်းနည်းထည့်လိုက်၊ ပြီးရင်း ဂွမ်းနဲ့တို့ပြီး ရှင့်အမာရွတ်ကို တစ်နေ့နှစ်ကြိမ် ပွတ်ပေး။”
***
အခန်း ၅၅၅
ဖေ့ဟဲနာ၊ ချောင်ကွမ်းရှန်
ချူးယီရှား အံ့ဩသွားရပြန်သည်။ ဒီဆေးက သူမ၏အမာရွတ်ကို ပျောက်စေနိုင်သည်တဲ့လား? သူမမျက်နှာထက်ရှိ အမာရွတ်သည် အသေးအမွှားဘဲ ပလက်စတစ်ဆာဂျရီလုပ်မှသာ ပျောက်ကင်းနိုင်သောကြောင့် ကုနင်းပြောသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။ သို့ပေမည့် ကုနင်း သူမကို လိမ်စရာလဲ အကြောင်းမရှိပေ။ သူတို့ချင်းပြဿနာတက်လို့လဲ ဘယ်သူမှအကျိုးမရှိပေ။ ထို့အပြင် သူမက ကုနင်းကုမ္ပဏီအတွက် ငွေရှာပေးဖို့ရန် ကုနင်းလိုအပ်နေသေးသည်။ မည်သို့ပင်ဖြစ်စေ ဆိုးကျိုးလုံးဝမရှိဘဲနဲ့ကတော့ အကျိုးအမြတ်လဲရှိလာမည်မဟုတ်ပေ။ ကုနင်း လိမ်ညာနေခြင်းဆိုလျှင်တောင်မှ သူမစမ်းကြည့်ချင်သေးသည်။ ဘာမှမလုပ်ခြင်းထက် စမ်းကြည့်တာကမှ မျှော်လင့်ချက်နည်းနည်းရှိသေးသည်။ ထို့ကြောင့် ရှားယီချုး ကုနင်း၏ဆေးပုလင်းကို ယူလိုက်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်။”
“မလိုပါဘူး။ ကျွန်မတို့အချင်းချင်း ကိုယ်လိုအပ်တာကို ကိုယ်ရယူရုံပဲကို။”
“ဒါနဲ့၊ ရှင်အရင်ဆုံး ဒဏ်ရာအတွက် မှတ်တမ်းယူဖို့ ဆေးရုံကိုသွားလိုက်ပါ။ တစ်ချိန်ချိန်ကျရင် အသုံးလိုလာနိုင်တယ်။ တကယ်လို့ ရှင်မြို့တော်ရောက်ပြီးမှ ချောင်ကွမ်းရှန် သိသွားပြီး မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်လာအောင် ကြိုတင်ပြင်ဆင်ထားတာ ကောင်းမယ်လို့ ကျွန်မတော့ထင်တယ်။”
“ကောင်းပါပြီ။”
ထို့နောက် ကုနင်းပြန်ထွက်သွားကာ ရှားယီချူးလဲ သူမအိမ်သို့ပြန်သွားရင်း မောင်ဖြစ်သူကိုလဲ ဆက်သွယ်လိုက်သည်။
ရှားယီချူး၏မောင်သည် ရှားယီသုန့်ဖြစ်ကာ အသက်၁၇နှစ်ရှိပြီဖြစ်ပြီး Bမြို့၏ အမှတ်၅အထက်တန်းကျောင်းတွင် ဒုတိယနှစ်တက်နေသူဖြစ်သည်။ ရှားယီသုန့်သည် ပညာရေးတွင် ထူးချွန်လွန်းသူတစ်ယောက်မဟုတ်သော်လည်း ကျောင်းသားကောင်းတစ်ဦးတော့ ဖြစ်နေစဲပင်။
ရှားယီချူးသည် လှပသူဖြစ်သောကြောင့် မောင်ဖြစ်သည့် ရှားယီသုန့်သည်လဲ မထူးခြားသည့် သွင်ပြင်မျိုးမဟုတ်ပေ။ ထို့အပြင် ရှားယီသုန့်သည် သီချင်းရေးရာတွင် အလွန်ပါရမီရှိလေသည်။
ရှားယီချူး မတော်တဆမှုဖြစ်ကာ သူမ၏အဆိုတော်အိပ်မက်ကို လက်လျှော့လိုက်ရသောကြောင့် ရှားယီသုန့်က အစ်မဖြစ်သူ၏အိပ်မက်ကို အကောင်အထည်ဖော်ပေးနိုင်ရန်အတွက် ဂီတဘက်ကို ကြိုးစားလေ့လာခဲ့သည်။ သို့ပေမည့် အစ်မဖြစ်သူ စိုးရိမ်မည်စိုးသောကြောင့် ရှားယီချူးကိုတော့ ထိုအကြောင်း လျှို့ဝှက်ထားခဲ့သည်။
ဂီတလောကတွင် အောင်မြင်ပြီး ချမ်းသာကြွယ်ဝနိုင်ရန်အတွက် တစ်ဦးကို ချောက်ချမှုများ အလဲထိုးမှုများစွာရှိနေသောကြောင့် အလွယ်တကူအောင်မြင်နိုင်သည့် လမ်းကြောင်းတစ်ခုတော့မဟုတ်ပေ။
ယနေ့တွင် ရှားယီသုန့်သည် ဂီတအခြေခံကို ကောင်းစွာသင့်ကြားပြသပေးနိုင်သော ကျော်ကြားသည့် ဂီတပညာရှင်၏ သင်ကြားပေးမှုကို နားထောင်ရန် ကျောင်းကို ခွင့်တိုင်ထားခဲ့သည်။
ရှားယီချူး ဖုန်းခေါ်လိုက်ချိန်တွင်တော့ ရှားယီချူးက သူ့ကိုဘယ်မှာလဲဟု မေးရာတွင် လိမ်ညာဖြေဆိုလိုက်သည်။
“ကျွန်တော်အခုကျောင်းမှာလေ။”
“အခုချက်ချင်း လေဆိပ်ကိုသွားတော့။ အစ်မ အိမ်အရင်ပြန်ပြီးတာနဲ့ လာတွေ့မယ်။ ရှည်ရှည်ဝေးဝေးလဲမမေးနဲ့ တခြားလူတွေကိုလဲ မပြောပြနဲ့။ လေဆိပ်ရောက်တော့မှ အစ်မအားလုံးပြောပြမယ်။ အဲ့လိုမှမဟုတ်ရင် အစ်မတို့နှစ်ယောက်လုံး အန္တရာယ်ရှိတယ်။ နားလည်လား?” ရှားယီချူး အလွန်လေးနက်စွာပြောလိုက်သည်။
ရှားယီသုန့်လဲ တစ်ခုခုဖြစ်နေပြီမှန်းသိလိုက်ကာ ရှားယီချူးအတွက် စိုးရိမ်သွားပေမည့် သူ့အစ်မကတော့ လေဆိပ်မရောက်မချင်း ရှင်းပြမည်မဟုတ်ပေ။
ရှားယီသုန့်နှင့်အတူလာသည့် အတန်းဖော်လဲ ရှားယီသုန့်ဖုန်းပြောပြီးသည်နှင့် စိုးရိမ်နေသည့်အမူအရာဖြစ်သွားမှန်းသိသောကြောင့် ရှားယီသုန့် ဖုန်းချလိုက်ပြီးသည်နှင့် သူလဲ စိတ်ပူကာမေးလိုက်သည်။
“ယီသုန့်၊ ဘာဖြစ်လို့လဲ?”
“တောင်းပန်ပါတယ်၊ ငါအခုသွားမှဖြစ်တော့မယ်။” ထိုသို့သာပြောခဲ့ပြီး ရှားယီသုန့်တစ်ယောက် တက္ကစီတစ်စီးငှားကာ ချက်ချင်းပင် လေဆိပ်သို့သွားတော့သည်။
……
ကုနင်း လုရှောင်းကို ဖုန်းဆက်ကာ ရှားယီချူးအကြောင်းကို ပြောပြလိုက်သည်။ လုရှောင်းကပဲ ရှားယီချူး၏ဂီတလမ်းကြောင်းကို ဆက်လက်စီစဉ်ပေးသွားပေလိမ့်မည်။
ထို့နောက် လင်ရှောင်းထင်ဘက် လှည့်သွားကာ၊
“ကျွန်မကို ချောင်ကွမ်းရှန်နဲ့ ဖေ့ဟဲနာကို စောင့်ကြည့်ပြီး သူတို့ပြောသမျှကို အသံဖမ်းထားပေးလို့ရမလား?”
“ရတာပေါ့။” ကုနင်းအတွက်ဆိုလျှင် လင်ရှောင်းထင် အမြဲတမ်းကို ကူညီဖို့အဆင်သင့်ပင်။ သူမအတွက်သာဆိုလျှင် လူနှစ်ယောက်ကို စောင့်ကြည့်တာမပြောနှင့် ဘာမဆိုလုပ်ဆောင်ပေးမည်ဖြစ်သည်။ ထို့နောက် ချောင်ကွမ်းရှန်နှင့် ဖေ့ဟဲနာတို့ကို စောင့်ကြည့်ဖို့ရန် တစ်စုံတစ်ယောက်ကို ဖုန်းဆက်ပြောလိုက်သည်။
…….
ချောင်ကွမ်းရှန် ပန်းခြံထဲမှထွက်လာပြီးသည်နှင့် ချက်ချင်းပင် ဖေ့ဟဲနာ၏တိုက်ခန်းသို့ တန်းသွားလိုက်သည်။
ဖေ့ဟဲနာ ယနေ့အလုပ်သွားစရာမလို၍ မိတ်ကပ်လဲမလိမ်ထားဘဲ သူမအလှတရားများပေါ်လွင်နေစေသည့် ညအိပ်ဂါဝန်အပါးလေးတစ်ထည်ကိုသာ ဝတ်ဆင်ထားသည်။ ဖေ့ဟဲနာသည်လဲ ရှားယီချူးနှင့်အသက်အတူတူပင်ဖြစ်ကာ နှစ်ဦးစလုံး ၂၆နှစ်ရှိပြီဖြစ်ပြီး လှပကြလေသည်။
ရှားယီချူးသည် ဖေ့ဟဲနာ၏နောက်ခံအဆိုရှင်ဖြစ်ကြောင်း သိသူသိပ်များများစားစားမရှိသော်လည်း အချို့လူများအတွက်တော့ လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ သူတို့ကုမ္ပဏီ၏ ရာထူးကြီးတာဝန်ရှိသူများအပြင် ရှားယီချူး၏မောင်နှင့် ဖေ့ဟဲနာ၏လက်ထောက်နှစ်ယောက်တို့လဲ သိထားကြကာ ဘယ်သူကမှ ထုတ်ဖော်ခြင်းမပြုကြပေ။
အစ်မဖြစ်သူ၏မျက်နှာ ပျက်စီးပြီး စင်မြင့်ပေါ် မရပ်နိုင်တော့ကြောင်း ရှားယီသုန့်သိပေမည့် နောက်ကွယ်မှသီချင်းဆိုပေးနိုင်သေးကာ ငွေရှာနိုင်နေခြင်းကလဲ ဆိုးရွားနေသည်ဟု မထင်မိခဲ့ပေ။
ဖေ့ဟဲနာ၏လက်ထောက်များကတော့ သဘောတူညီမှုစာချုပ်များ ချုပ်ဆိုထားရကာ သူတို့ဘက်မှသာ သတင်းပေါက်ကြားသွားခဲ့လျှင် သူတို့နှစ်ဦးလုံး ထောင်ကျသွားမည်ဖြစ်သည်။
ချောင်ကွမ်းရှန် အိမ်ထဲဝင်လာသည်နှင့် ဖေ့ဟဲနာ ချက်ချင်းပင် သူမခန္ဓာကိုယ်ကို ချောက်ကွမ်းရှန်ပေါ်သို့ မှီတွယ်လိုက်ရင်း၊
“ဘယ်လိုလဲ? အဲ့ဒီခွေးမ မနေ့ကဘာကြောင့်မလာလဲဆိုတာ ရှင်ကိုပြောပြလား?”
“သူ ငါတို့ရဲ့လျှို့ဝှက်ချက်ကို သိသွားပြီ။” ရှားယီချူးကို ချုပ်ကိုင်နိုင်မည့် ပျော့ကွက်ကို ရထားပြီးဖြစ်သောကြောင့် ချောက်ကွမ်းရှန် အတော်လေး စိတ်အေးလက်အေးဖြစ်နေသည်။
“ဘာ? သူ ကျွန်မတို့ရဲ့လျှို့ဝှက်ချက်ကို သိသွားပြီ? ဘယ်လောက်အထိ သိသွားတာလဲ?” ဖေ့ဟဲနာသည်တော့ အလွန်ကြောက်လန့်လို့သွားသည်။ ရှားယီချူးသာ သူမတို့၏လျှို့ဝှက်ချက်ကို သိသွားလျှင် သူမတို့စကားကို ဘယ်လိုမှနားမထောင်လောက်တော့မည်မှန်း သိလေသည်။ သူမအခုလို အောင်မြင်ကျော်ကြားသည့် အဆိုတော်တစ်ဦးဖြစ်လာဖို့ရန် အများကြီးပေးဆပ်ထားခဲ့ရသောကြောင့် အခုချိန်မှ မကျရှုံးလိုပေ။
ချောင်ကွမ်းရှန် ဖေ့ဟဲနာအား ဖက်လိုက်ကာ နှစ်သိမ့်ပေးလိုက်သည်။
“စိတ်မပူပါနဲ့။ ကိုယ့်လက်ထဲမှာ ဓါးစာခံအနေနဲ့ ရှားယီသုန့်ရှိသေးတော့ သူကိုယ့်အမိန့်တွေကို သေချာပေါက် နာခံရဦးမှာပါ။ ပြီးတော့လဲ ကိုယ်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဆက်ပြီးဖုံးကွယ်နေဖို့မလိုတော့ဘူး။ ကိုယ်တို့အချိန်ကစပြီး စိတ်ကြိုက်လုပ်ချင်တာလုပ်လို့ရပြီ။”
ချောင်ကွမ်းရှန်၏ နှစ်သိမ့်စကားကို ကြားရကာမှ ဖေ့ဟဲနာ အနည်းငယ်စိတ်အေးသွားပေမည့် ပူပန်စိတ်သည်တော့ လုံးဝမပျောက်ကွယ်သွားသေးပေ။
“ဒါပေမယ့် သူသိသွားပြီဆိုမှတော့ အခုဆို သူက လမ်းလျှောက်နေတဲ့ ချိန်ကိုက်ဗုံးတစ်လုံးလိုဖြစ်သွားပြီပေါ့။ သူသတင်းဖြန့်လိုက်ရင်ဘယ်လိုလုပ်မလဲ?”
“အဲ့လောက် အများကြီးတွေးမနေပါနဲ့။ ဘာလဲ၊ ကိုယ့်ကို မယုံလို့လား?” ချောက်ကွမ်းရှန် ပြောပြီးသည်နှင့် ဖေ့ဟဲနာ ပြန်အပြောကို စောင့်ဆိုင်းမနေဘဲ ပြင်းပြင်းရှရှ နမ်းရှိုက်လိုက်သည်။ အခြားလူများရှေ့တွင်တော့ သူတို့နှစ်ဦးသည် ကိုယ်စားလှယ်နှင့် အဆိုတော်ဆက်ဆံရေးသာဖြစ်သော်လည်း တကယ်တမ်းတွင်တော့ ချစ်သူစုံတွဲများဖြစ်လေသည်။ သို့ပေမည့် ရှားယီချူးကို အသုံးချဖို့ရန် လိုနေသေးသောကြောင့် သူတို့ချင်း အကွာအဝေးတစ်ခုခြားကာ နေခဲ့ရပြီး ပေါင်းစပ်ဖို့ရန် ခက်ခဲခဲ့လေသည်။
အခုချိန်တွင်တော့ ချောင်ကွမ်းရှန် ပြောခဲ့သလိုပဲ သူတို့လုပ်ချင်တာလုပ်လို့ရပြီဖြစ်ဆိုသည့်အတိုင်း ထိန်းချုပ်ထားသည့် စိတ်ဆန္ဒများလွတ်ထွက်သွားတော့သည်။ ဖေ့ဟဲနာလဲ အခြားစုံတွဲများကဲ့သို့ ချောင်ကွမ်းရှန်ကို ပေါ်ပေါ်တင်တင် တွဲလို့ရသွားပေပြီ။
…….
“ကိုယ်နဲ့ခနလေး အတူနေပေးလို့ရမလား?” လင်ရှောင်းထင်ကို ကုနင်း ဟိုတယ်သို့ ပြန်လိုက်ပို့ပေးပြီးချိန်တွင် လင်ရှောင်းထင်တစ်ယောက် ကုနင်းကို စိုက်ကြည့်ရင်း ပြောလာခဲ့ခြင်းဖြစ်သည်။
“မရဘူး။” သူမသာ လင်ရှောင်းထင်နှင့်အခန်းထဲလိုက်သွားလိုက်လျှင် ပြန်ထွက်ဖို့လွယ်တော့မည်မဟုတ်ကြောင်း ကုနင်းသိလေသည်။ သူခေါ်သွားပြီး ဘာလုပ်မလဲဆိုတာ ဘယ်သူကများ မသိမှာကျနေတာပဲ? ညနေ၄နာရီလဲ ခွဲနေပြီဖြစ်သောကြောင့် သူမအိမ်ပြန်နောက်ကျပေလိမ့်မည်။ ထို့အပြင် ကားလမ်းကျပ်သည့်အချိန်နှင့်လဲ တိုးနိုင်ပေသေးသည်။
***
စာစဉ် 37 ပြီး၏။