← Chapters

အခန်း (၅၅၆-၅၆၀)

Vol. 38 Ch. 556-560

အခန်း (၅၅၆-၅၆၀)

Vol. 38 Ch. 556-560

ချောင်ဝမ်ရှင်း အပြစ်တင်ခံရခြင်း

လင်ရှောင်းထင် အနည်းငယ်စိတ်ပျက်မိသွားသော်လည်း ကုနင်း၏အတွေးကို နားလည်သောကြောင့် အတင်းအကျပ်နေပေးဖို့ရန် မတိုက်တွန်းခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက် ညကျလျှင်လဲ တွေ့ကြဦးမည်ပဲ မဟုတ်ပါလား။

လင်ရှောင်းထင် ဟိုတယ်သို့ပြန်ရောက်ပြီး မကြာခင်တွင်ပဲ ဟဲချီမင်း ဖုန်းဆက်လာခဲ့သည်။ ကုနင်းနှင့် ရှားယီချူးတို့ ပန်းခြံထဲတွင် စကားပြောနေစဉ်အတွင်း လင်ရှောင်းထင်က ဟဲချီမင်းကို ဖုန်းဆက်ကာ သင့်တော်မည့် သင့်တော်မည့် ရောင်းချဖို့ပြင်နေသော စက်ရုံများနှင့် ကုမ္ပဏီများကို စုံစမ်းခိုင်းထားခဲ့သည်။ ရှန်းရှစ်လုပ်ငန်းစုသည် အလွန်အင်အားကြီးသည့်လုပ်ငန်းစုတစ်ခုဖြစ်သောကြောင့် ဟဲချီမင်း သူ့တာဝန်ကို တစ်နာရီအတွင်းမှာပင် အပြီးသတ်နိုင်ခဲ့သည်။

“သခင်လေးထန်၊ ကျွန်တော်တို့ကုမ္ပဏီရဲ့ဆောက်လုပ်စဲအနေအထားထဲက နှစ်ထပ်လွတ်နေတဲ့ ရုံးအဆောက်အဦးတစ်လုံးရှိပါတယ်။ တစ်ထပ်ကို ၈၀၀စတုရန်းမီတာစီကျယ်ပါတယ်။ အထည်ချုပ်စက်ရုံကတော့ သုံးနေရာတွေ့ထားပါတယ်။ အသေးစိတ်ကိုတော့ ကျွန်တော်မေးလက်နေတဆင့်ပို့ထားပါတယ်။ မေးလ်ကို စစ်ကြည့်လိုက်ပါ။”

“ကောင်းပါပြီ၊” လင်ရှောင်းထင်ပြန်ဖြေလိုက်ပြီးနောက် သူ၏အီးမေးလ်အကောင့်ထဲမှ နောက်ဆုံးပို့ထားသည့် မေးလ်ကို ဖွင့်ကြည့်လိုက်သည်။

စက်ရုံသုံးခုလုံးသည် အုပ်ချုပ်မှုပိုင်းမကောင်းသောကြောင့် ဒေဝါလီခံရလုစဲစဲဖြစ်နေကြခြင်းဖြစ်ကာ အဆင့်မြင့်စက်ကိရိယာများရှိကာ နေရာကောင်းတွင် တည်ရှိကြလေသည်။ သို့ပေမည့် လင်ရှောင်းထင်ကတော့ ကုနင်းကိုယ်စား ဘယ်စက်ရုံကိုရွေးပါဟု ဆုံးဖြတ်ပေးမည်မဟုတ်ဘဲ ညဘက် သူတို့တွေ့မှသာ သူမဘာသာ ရွေးခိုင်းမည်ဖြစ်သည်။

ကုနင်း ထန်အိမ်တော်သို့ ကားပြန်မောင်းလာချိန်တွင် ရှားယီချူးသည်တော့ အဝတ်အိတ်နှစ်လုံးဆွဲကာ လေဆိပ်သို့သွားနေခဲ့သည်။ တစ်အိတ်တွင်တော့ သူမ၏အဝတ်အစားရှိနေကာ ကျန်တစ်အိတ်တွင်တော့ ရှားယီသုန့်၏အဝတ်အစားများရှိလေသည်။ သူမတို့သည် ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ရခြင်းမရှိသောကြောင့် သယ်ထုတ်ပိုးစရာ ပစ္စည်းများများစားစားလဲ မရှိပေ။

ရှားယီသုန့် လေဆိတ်သို့ရောက်ပြီး မိနစ်၄၀ကြာမှသာ ရှားယီချူးထံမှ ဖုန်းဝင်လာခဲ့ပြီး သူကတော့ တစ်ချိန်လုံးလေဆိပ်အပြင်ဘက်တွင်သာ စိတ်လှုပ်ရှားပူပန်စွာဖြင့် အစ်မဖြစ်သူကို စောင့်ဆိုင်းနေခဲ့သည်။

ရှာယီချူး လေယာဉ်လက်မှတ်ဖြတ်လိုက်ကာ လေယာဉ်ချိန်က ညနေ၆နာရီ၂၀မှဖြစ်သောကြောင့် အချိန်ရောက်ဖို့ရန် မိနစ်၅၀နီးပါးစောင့်ဖို့ လိုပေသေးသည်။

ရှားယီချူး လာနေသည်ကိုမြင်သည်နှင့် ရှားယီသုန့် ချက်ချင်းသွားကာ အဝတ်အိတ်များသယ်ကူပေးလိုက်ရင်း၊

“ဘာဖြစ်တာလဲ? ဘာလို့ ကျွန်တော်တို့ အလောတကြီး မြို့တော်ကို သွားရမှာလဲ?”

“အရင်ဆုံးဝင်ကြရအောင်၊ လေဆိပ်နားနေခန်းရောက်မှ အားလုံးရှင်းပြမယ်။” ရှားယီချူး ပြန်ဖြေလိုက်သည်။

“ဟုတ်ပြီလေ၊” ရှားယီသုန့်လဲ ဆက်မေးမနေတော့ဘဲ ခရီးဆောင်အိတ်များကို သယ်ကာ လေဆိပ်ထဲသို့ဝင်သွားလိုက်ကြသည်။ ထို့နောက် လူသိပ်များများမရှိသည့် နားနေခန်းနေရာတစ်ခုကို ရှာထိုင်လိုက်ပြီးနောက် ရှားယီချူး ကိစ္စအားလုံးကို ရှားယီသုန့် နားလည်အောင် ရှင်းပြလိုက်ပေမည့် အသေးစိတ်အကြောင်းအရာများကိုတော့ မပြောပေ။

အစ်မဖြစ်သူ ဖြတ်သန်းခဲ့ရသည့် ဘဝအကြောင်းကို နားထောင်ပြီးသည်နှင့် ရှားယီသုန့် အလွန်ပေါက်ကွဲသွားကာ ချောင်ကွမ်းရှန်နှင့် ဖေ့ဟဲနာတို့ကို အစိတ်စိတ်အမွှာမွှာ ဆွဲဆုပ်ပစ်ချင်လာတော့သည်။

“သေစမ်း! ချောင်ကွမ်းရှန်က အစ်မကို အဲ့လိုမျိုးဆက်ဆံတယ်ပေါ့!” ရှားယီသုန့် ဒေါသထွက်သွားသော်လည်း စဉ်းစားစဉ်ချင်ဉာဏ်တော့ ပျောက်မသွားဘဲ အခြားလူများမကြားစေရန်အတွက် အသံကိုလျှော့ထားလေသည်။ သို့ပေမည့် ရှားယီသုန့်၏ ကြောက်စရာကောင်းသည့်အမူအရာကတော့ဖြင့် ရှားယီချူးကိုပင် ကြောက်လန့်သွားစေသည်။

“တောင်းပန်ပါတယ်၊ ကျွန်တော့်အမှားပါ။ အစ်မကို ကောင်းကောင်းဂရုမစိုက်ပေးနိုင်ခဲ့ဘူး။” ရှားယီသုန့် အလွန်ဝမ်းနည်းနေခဲ့သည်။ ရှားယီချူးက အစ်မဖြစ်ကာ ရှားယီသုန့်သည်တော့ မောင်ငယ်ဖြစ်သော်လည်း အစ်မဖြစ်သူကို ကာကွယ်စောင့်ရှောက်ပေးရမည်က ယောက်ျားလေးတစ်ယောက်၏ တာဝန်ဝတ္တရားလဲဖြစ်လေသည်။

“ယီသုန့်၊ အဲ့လိုမပြောပါနဲ့။ မင်းက အစ်မရဲ့မောင်လေးပဲကို အစ်မကပဲ ဂရုစိုက်ပေးသင့်တာပေါ့။ အစ်မကိုယ့်ကိုကိုယ် တန်ဖိုးမထားဘဲ သူတို့သဘောကျလုပ်ပေးနေမိတာကိုကမှားတာပါ။ အစ်မတောင်းပန်ပါတယ်။” ရှားယီချူး ကိုယ်တိုင်လဲ အလွန်အပြစ်ရှိသလို ခံစားနေရသည်။ သူမသာ ချောင်ကွမ်းရှန်ကို မျက်စိစုံမှိတ်မယုံကြည်ခဲ့လျှင် သူမဘဝကို ဤမျှဆိုးဆိုးရွားရွား ဖြတ်သန်းခဲ့ရလိမ့်မည်မဟုတ်ပေ။

“ကျွန်တော်က ယောကျ်ားပါ၊ ယောက်ျားတွေကပိုပြီး မိန်းကလေးတွေကို ကာကွာပေးသင့်တာပေါ့။” ရှားယီသုန့် ငြင်းဆန်လိုက်သည်။

“ဟုတ်ပါပြီ-ဟုတ်ပါပြီ၊ အခုက အပြိုင်ငြင်းနေရမယ့်အချိန်မဟုတ်သေးဘူး။” ရှားယီသုန့်သည် တာဝန်ယူတတ်မှုအပြည့်ရှိသူမှန်း ရှားယီချူးနားလည်သောကြောင့် သူမမောင်နှင့် ပြိုင်ငြင်းနေလျှင် ဘယ်တော့မှ အနိုင်ရမည်မဟုတ်သည်ကိုလဲ သိလေသည်။

ရှားယီသုန့် ဆက်မငြင်းတော့ပေမည့် စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သေးသည်။

“ကျွန်တော်တို့ မြို့တော်ကို သွားရင်တောင်မှ ချောင်ကွမ်းရှန် လိုက်ရှာနိုင်သေးလား?”

“စိတ်အေးအေးထားပါ၊” ထို့နောက် ရှားယီချူး သူမနှင့် ကုနင်းတွေ့ဆုံပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကိုလဲ ရှားယီသုန့်အားပြောပြလိုက်သည်။

အစ်မဖြစ်သူက မြို့တော်မှ အင်အားအတော်အတန်ကြီးသည့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်လိုက်ပြီဖြစ်ကြောင်း ရှားယီသုန့် ကြားလိုက်ရချိန်တွင် သူကိုယ်တိုင်လဲ စိတ်လှုပ်ရှားသွားမိသည်။ သူ့အစ်မ၏ အဆိုတော်ဖြစ်ချင်သည့် အိပ်မက် အမှန်တကယ် ပြည့်ဝလာတော့ပေမည်။

“တကယ်ပဲလား?” ရှားယီသုန့် အိပ်မက်တစ်ခုဖြစ်နေမည်ကို စိုးကာ သေချာအောင် ထပ်မေးလိုက်သည်။

“ဒါပေါ့၊ တကယ်။” တကယ်တော့ ရှားယီချူးကိုယ်တိုင်လဲ ဤကိစ္စမှာ သူမမျှော်လင့်ထားသကဲ့သို့ အလွန်ကောင်းမွန်နေသောကြောင့် အိပ်မက်တစ်ခုဖြစ်နေမည်ကို စိုးရိမ်နေမိသည်။ သို့ပေမည့် ရှားယီသုန့် စိတ်အေးစေရန် သူမကိုယ်တိုင်မသေချာသော်လည်း အတည်ပြုစကားပြောပေးခဲ့လေသည်။

“ကောင်းလိုက်တာ!” ရှားယီသုန့် ယခုလက်ရှိခံစားနေရသည့် စိတ်လှုပ်ရှားမှုကို ဘယ်လိုစကားလုံးမျိုးဖြင့် ဖော်ပြရမည်လဲပင် မတွေးတတ်တော့ပေ။ အစ်မဖြစ်သူသာ စင်မြင့်ထက်တွင် ရပ်တည်နိုင်ပြီဆိုလျှင် ချောင်ကွမ်းရှန်နှင့် ဖေ့ဟဲနာတို့မှာ မလွဲမသွေ ပျက်စီးကြရပေလိမ့်မည်။ ထို့အပြင် အခုချိန်တွင် သူ့အစ်မနှင့်ဘေးကင်းကင်း အတူတကွနေဖို့ရန်သာ ဆန္ဒရှိသော်လည်း မြို့တော်မှ ကျောင်းတစ်ကျောင်းသို့ ပြောင်းဖို့ကိုလဲ သဘောတူလေသည်။

………

ကုနင်း ထန်အိမ်တော်သို့ပြန်ရောက်ချိန်တွင် ညနေ၅နာရီထိုးပြီးလို့နေပြီဖြစ်ကာ ကုမန့်သည်တော့ ထန်ယွင်ဖန်း အခန်းထဲတွင်သာ စကားပြောပေးနေစဲဖြစ်သည်။

“နင်းနင်း၊ ပြန်လာတာ နောက်ကျလိုက်တာ! ငါတစ်ယောက်တည်း ပျင်းနေတာကို!” ကုနင်း အိမ်ထဲသို့ဝင်လာသည်နှင့် ချောင်ဝမ်ရှင်း မကျေမနပ်ပြောလိုက်ခြင်းဖြစ်သည်။ ချောင်ဝမ်ရှင်းသည် တိတ်တိတ်ဆိတ်ဆိတ်နေတတ်သည့် မိန်းကလေးတစ်ဦးမဟုတ်သောကြောင့် လူကြီးများဖြင့် အချိန်အကြာကြီးနေလိုက်ရသည်ကို အတော်လေးပျင်းလို့သွားခဲ့သည်။ ထန်ကျားခိုင်လဲ အိမ်ပြန်မလာသေးသောကြောင့် ချောင်ဝမ်ရှင်းနှင့် အတူအချိန်ဖြုန်းကစားပေးမည့်သူ မရှိတော့ပေ။

“ငါအပြင်မှာ အရေးကြီးလုပ်စရာလေးတွေရှိနေလို့ပါ။” ချောင်ဝမ်ရှင်းသည် အသက်၂၀ကျော်ပြီးနေပြီဖြစ်သော်လည်း ကလေးစိတ်မကုန်သေးဘဲ ပျော်ပါးဆော့ကစားရသည်ကို နှစ်သက်နေစဲဖြစ်သည်။

“ဝမ်ရှင်း၊ နေ့တိုင်းလိုလို အချိန်ဖြုန်းမနေနဲ့! နင်းနင်းဆီကနေ တစ်ခုခုများပညာမရဘူးလား? သူဆို မင်းထက်တောင် ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေ အများကြီးရပြီးနေပြီ။” ထန်ဟိုင်ဖုန်း ချောင်ဝမ်ရှင်းကို ဆူလိုက်သည်။

ထန်မိသားစုနှင့် ချောင်မိသားစုသည် သူတို့၏နောက်မျိုးဆက်များကို ဇိမ်ကျကျနှင့် တစ်သက်လုံးနေနိုင်စေရန် ထောက်ပံ့ပေးနိုင်သည်အထိ ချမ်းသာကြီးပွားကြသော်လည်း ချောင်ဝမ်ရှင်းလို နေ့တိုင်း ဘာမှမလုပ်ဘဲ ပျော်ပါးနေခြင်းသည်တော့ သူ၏အချိန်များကို အလကားနေဖြုန်းနေခြင်းသာဖြစ်သောကြောင့် ကောင်းသည့်အရာမဟုတ်ပေ။

ချောင်ဝမ်ရှင်း နှုတ်ခမ်းကိုမဲ့ကာ ပါးစပ်ပိတ်သွားတော့သည်။ သူမကိုယ်တိုင်လဲ ကုနင်းကိုတော့ မယှဉ်နိုင်မှန်း နားလည်လေသည်။ ချောင်ဝမ်ရှင်းမပြောနှင့် ဒီလောက်အသက်ငယ်ငယ်နှင့် အောင်မြင်မှုရနိုင်သူမှာ ကမ္ဘာပေါ်တွင်ပင် အနည်းငယ်မျှသာရှိပေမည်။

ထန်ယွင်ဖန်းကို ကုမန့်န၂နာရီကျော်က စကားပြောပေးပြီးနောက်တွင်တော့ ရပ်လိုက်သည်။ သို့ပေမည့် ထန်ယွင်ဖန်းဘက်က ထူးခြားသည့် အရိပ်အယောင်မရှိသေးသောကြောင့် ကုမန့် အနည်းငယ်စိတ်ပျက်ဝမ်းနည်းသွားပေမည့် တခြားလုပ်နိုင်သည်က ဘာမှမရှိပေ။ သို့ပေမည့် ကုမန့် ထရပ်ကာ ထွက်သွားချိန်တွင်တော့ ထန်ယွင်ဖန်း၏လက်ချောင်းများ အနည်းငယ်လှုပ်ရှားလာခဲ့ပေမည့် မကြာခင်မှာပဲ ပြန်ရပ်သွားခဲ့သည်။

ညစာစားပြီးနောက် ကုနင်းနှင့်ကုမန့်တို့ ပြန်လာခဲ့ပြီး ချောင်ဝမ်ရှင်းလဲ သူမတို့နှင့်အတူပြန်လိုက်လာခဲ့သည်။

“နင်းနင်း၊ နင်ဒီညအားလား? အားရင် ငါတို့တခြားသငယ်ချင်းတွေနဲ့ သွားတွေ့ကြရင်ဘယ်လိုလဲ?” အိမ်ပြန်လမ်းတွင် ကုနင်းကို ချောင်ဝမ်ရှင်းမေးလိုက်ခြင်းဖြစ်သည်။

“အားတော့အားပါတယ်။ ဒါပေမယ့် ငါ့အမေတစ်ယောက်တည်းပျင်းနေမှာစိုးလို့ ဒီညတော့ အိမ်မှာပဲ အဖော်လုပ်ပေးမလို့။”

“အမေ့ကို စိတ်မပူပါနဲ့၊ တစ်ယောက်တည်းနေလဲ အဆင်ပြေပါတယ်။” ကုမန့်အဆင်ပြေသည်ဆိုခြင်းကြောင့် ကုနင်းလဲ ချောင်ဝမ်ရှင်းနှင့်အတူ အပြင်ထွက်လည်ရန် သဘောတူလိုက်တော့သည်။

ကုနင်း ဟွားဖုတောင်ကုန်းသို့ ကုမန့်ကို ပြန်ပို့ပြီး ဆယ်မိနစ်လောက်ကြာသည်နှင့် အပြင်ပြန်ထွက်လာခဲ့ကြသည်။

“နင်အရက်သောက်မှာလား? နင်သောက်မယ်ဆိုရင် ငါကလဲသောက်မှာပဲဆိုတော့ ကားယူသွားလို့မရဘူး။” ကားနားသို့ရောက်ချိန်တွင် ချောင်ဝမ်ရှင်းမေးလိုက်သည်။

***

အခန်း ၅၅၇

ချောင်ဝမ်ရှင်း မနာလိုဖြစ်ရခြင်း

“ငါမသောက်တော့ဘူး။ ကားမောင်းလာခဲ့လိုက်မယ်။ ဒါပေမယ့် Lamborghiniကအရမ်း ထင်းလွန်းတယ်၊ နင့်ကားဆိုအဆင်ပြေလောက်မယ်။” ဒီကနေ့အဖို့ လူများစွာ၏အာရုံစိုက်ခြင်းကို ခံရပြီးဖြစ်သောကြောင့် ကိုယ့်နောက်ခံကို နည်းနည်းပြန်နှိမ့်ထားခြင်းက ပိုကောင်းမည်ဟု ကုနင်းတွေးမိသည်။

“ကောင်းပြီလေ။” ချောင်ဝမ်ရှင်း ချက်ချင်းသဘောတူလိုက်ကာ သူမ၏Land Roverကားသော့ကို ကုနင်းထံပေးလိုက်သည်။

“ငါ့သူငယ်ချင်းတစ်ယောက်ကိုရော ခေါ်လာလို့ရလား?” ကုနင်းမေးလိုက်သည်။ ထိုသူငယ်ချင်းဆိုသည်မှာ လင်ရှောင်းထင်ကို ဆိုလိုခြင်းဖြစ်သည်။ ချောင်ဝမ်ရှင်းနှင့် အတူအပြင်ထွက်လည်ဖို့ရန် ကုနင်းသဘောတူလိုက်ခြင်းက လင်ရှောင်းထင်ကိုလဲ ခေါ်သွား၍ရနိုင်ခြင်းကြောင့်ပင်ဖြစ်သည်။ ထို့အပြင် ချောင်ဝမ်ရှင်းကိုတော့ လင်ရှောင်းထင် Bမြို့ရောက်နေသည်ကို ကွယ်ဝှက်ထားဖို့ရန် မလိုအပ်ပေ။

“ဘယ်သူလဲ? ယောက်ျားလေးလား၊ မိန်းကလေးလား?”

“ယောက်ျားလေး?”

“မဟုတ်မှ ဖန်းကျီရွေ့လား?” ကုနင်းကို ဖန်းကျီရွေ့ တွေ့ဖို့ရန် ခေါ်နေသည်အား ချောင်ဝမ်ရှင်း သိထားသောကြောင့် မေးလိုက်ခြင်းဖြစ်သည်။

“မဟုတ်ဘူး။ ရှောင်းထင်။”

“ဘာ?” ချောင်ဝမ်ရှင်း အတော်လေးအံ့ဩသွားခဲ့သည်။

“ရှောင်းထင်က Bမြို့ကိုရောက်နေတာလား?”

ချောင်ဝမ်ရှင်း အကြောင်းရင်းတချို့ကြောင့် ရှင်းပိုင်အကြောင်းပင် ရုတ်တရက်တွေးမိသွားခဲ့သည်။ ရှင်းပိုင်ရော လင်ရှောင်းထင်နှင့်အတူ Bမြို့သို့လိုက်လာလား သူမသိချင်လာမိသည်။ သို့ပေမည့် စက္ကန့်ပိုင်းအတွင်းတွင်ပဲ ရှင်းပိုင်အကြောင်းတွေးမိသွားသည့် သူမကိုသူမအမြင်ကတ်သွားတော့သည်။

“ဟုတ်တယ်၊ သူအခုအားလပ်ရက်ရထားတယ်လေ။ ဒါကြောင့် ငါနဲ့တွေ့ဖို့ Bမြို့ကိုလိုက်လာတာ။”

“အိုး၊ ဒါဆို နေ့လည်တုန်းက နင်သူနဲ့သွားတွေ့တာပေါ့။”

“ဟုတ်တယ်၊ ဒါပေမယ့် ငါတို့အလုပ်ကိစ္စအတွက်သွားကြတာပါ။ ငါ့ရဲ့လက်ဝတ်ရတနာဆိုင်က မကြာခင်Bမြို့မှာ ဖွင့်တော့မှာလေ၊ ဒါကြောင့် ငါတို့ဂါဝန်တွေ သွားကြည့်ကြတာ။ ပြီးတော့ အထည်ချုပ်စက်ရုံနဲ့ ကုမ္ပဏီတစ်ခုကိုလဲရှာဖို့လိုသေးတယ်။”

“ဦးလေးချွမ်ကိုပဲ ရှာခိုင်းလိုက်ပေါ့။ သူ့အတွက် အဲ့စက်ရုံရှာတာလောက်က ကိတ်မုန့်လေးစားရသလို အလွယ်လေးပါ။” ချောင်ဝမ်ရှင်း အကြံပေးလိုက်သည်။

“ရှောင်းထင်ပဲ ရှာပေးပါလိမ့်မယ်။”

“ဟင်း!! ငါတော့ နင့်မှာ ဒီလိုမျိုး ထူးချွန်ပြီး အရည်အချင်းရှိတဲ့ ချစ်သူကောင်လေးရှိနေတာ မနာလိုတောင်ဖြစ်လာပြီ။”

“ဒါဆို နင်လဲတစ်ယောက်လောက်ရှာလိုက်လေ! နင့်ကိုသဘောကျနေတဲ့ သူတွေအများကြီးရှိတာ သိပါတယ်နော်!”

“ငါမှ သူတို့ကိုမကြိုက်ဘဲ။” ချောင်ဝမ်ရှင်း သက်ပြင်းသာ ချလိုက်မိသည်။ သူမလဲ တစ်စုံတစ်ယောက်နှင့် ချိန်းတွေ့ချင်ပေမည့် ထိုတစ်စုံတစ်ယောက်ကို ယခုထိတိုင် မရှာနိုင်ခဲ့ပေ။

ကုနင်း ဆက်ပြောမနေတော့ဘဲ လင်ရှောင်းထင်ကိုသာ ဖုန်းဆက်လိုက်သည်။

လင်ရှောင်းထင်သည်တော့ ကုနင်းဖုန်းဆက်လာသည်ကိုမြင်သည်နှင့် အလွန်ပျော်ရွှင်သွားခဲ့သည်။ သူမ၏အသံလေးကို ကြားရရုံဖြင့်ပင် ကျေနပ်သူဖြစ်သည်။

“နင်းနင်း!” လင်ရှောင်းထင် စိတ်လှုပ်ရှားစွာဖြင့် ကုနင်း၏နာမည်ကိုခေါ်လိုက်သည်။

“ရှင်အခုအားလား?”

“အားတာပေါ့။” လင်ရှောင်းထင် ဝမ်းသာအားရဖြင့်ပြန်ဖြေလိုက်သည်။

လင်ရှောင်းထင်၏ ဝမ်းသာအားရအသံကြောင့် ကုနင်းရယ်ပင်ရယ်ချင်မိသွားသည်။

“ဒါဆို ဟိုတယ်ဝင်ပေါက်မှာ ကျွန်မကိုစောင့်နေပေး။ ခနနေလာခေါ်မယ်။ ဒီည ဝမ်ရှင်းနဲ့ အပြင်ထွက်လည်ကြမလို့။”

“ကောင်းပြီလေ။” ချောင်ဝမ်ရှင်းလဲ ရှိနေမည်ဖြစ်သောကြောင့် ကုနင်းကို လင်ရှောင်းထင် စိတ်တိုင်းကျနမ်းလို့မရတော့ပေမယ့်လဲ တစ်ယောက်တည်း ဟိုတယ်တွင်နေရခြင်းထက်တော့ အဆများစွာသာလေသည်။

ချောင်ဝမ်ရှင်းကြောင့်လဲ ကုနင်းယခုလို သူ့ကို အပြင်ထွက်ခဲ့ဖို့ခေါ်ကြောင်း တွေးမိသည့်အခါတွင်တော့ ချောင်ဝမ်ရှင်းကို အပြစ်မတင်တော့ပေ။

ကုနင်းနှင့်ဖုန်းပြောပြီးသည်နှင့် လင်ရှောင်းထင် သူ့ကိုယ်သူ သေချာပြန်ပြင်ဆင်လိုက်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။ ၁၀မိနစ်နီးပါးလောက် စောင့်ပြီးချိန်တွင်တော့ ကုနင်းလဲ ရောက်လာခဲ့သည်။ စောင့်ရသည်ကို အနည်းငယ်စိတ်မရှည်ဖြစ်မိသော်လည်း ကုနင်းရောက်လာသည်နှင့် ပျော်ရွှင်သွားကာ အပြစ်တင်ခြင်းမပြုတော့ပေ။

ကုနင်း ဟိုတယ်ရှေ့တံခါးတွင် ကားကိုရပ်လိုက်သည်နှင့် လင်ရှောင်းထင် ရောက်လာကာ၊

“ကိုယ်မောင်းပေးမယ်လေ!” သူပါရှိနေပြီဆိုမှတော့ ကုနင်းအတွက် တစ်ခုခုလုပ်ပေးချင်လေသည်။

ထို့နောက် ကုနင်းဘာမှပင်မပြောရသေး၊ ချောင်ဝမ်ရှင်း ရှေ့ခန်းထဲမှထွက်ကာ နောက်ခန်းထိုင်ခုံဆီသို့ ပြောင်းလိုက်ပြီး၊

“နင်တို့ပဲ ရှေ့ခန်းမှာထိုင်လိုက်တော့၊ ငါနောက်ခန်းမှာပဲ ထိုင်လိုက်မယ်။”

လင်ရှောင်းထင် ကားမောင်းပေးမည်ဆိုမှတော့ ချောင်ဝမ်ရှင်းအနေဖြင့် ဘေးထိုင်ခုံတွင် ဆက်ထိုင်၍မဖြစ်နိုင်တော့ပေ။ ပုံမှန်ဆိုလျှင်လဲ လင်မယားနှစ်ယောက် ကားအတူတူစီးလျှင် ခင်ပွန်းဖြစ်သူက ကားမောင်းပေးကာ ဇနီးက ဘေးထိုင်ခုံတွင် ထိုင်ကြလေသည်။ ထို့ကြောင့် ကုနင်းလဲ မောင်းသူထိုင်ခုံမှ ဖယ်လိုက်ကာ ဘေးဘက်သို့ရွှေ့ပေးလိုက်သည်။

ချောင်ဝမ်ရှင်း သူမသူငယ်ချင်းများနှင့်တွေ့ရန် ချိန်းထားသည့်နေရာသည်က သီးသန့်ကလပ်တစ်ခုဖြစ်သည်။

သီးသန့်ကလပ်များသည် အဆင့်အတန်းမြင့် လူတန်းစားများအတွက် သီးသန့်ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ရှင်းရှင်းပြောရလျှင်တော့ဖြင့် သီးသန့်ကလပ်တစ်ခုသည် လူချမ်းသာများသာ သွားနိုင်သည့် အဖွဲ့ဝင်ကြေးမြင့်လွန်းသည့် နေရာတစ်နေရာလဲဖြစ်လေသည်။

အဖွဲ့ဝင်တစ်ဦးဖြစ်မှသာလျှင် အခန်းတစ်ခန်းငှားနိုင်သောကြောင့် အဖွဲ့ဝင်ခွင့်သည် ထိုလူ၏ ချမ်းသာကြွယ်ဝမှုနှင့် အာဏာရှိမှုကို တိုင်းတာနိုင်လေသည်။ ထို့အပြင် အခန်းလိုချင်လျှင် ရက်အနည်းငယ်ကြိုပြီး ငှားမှရလေသည်။ ရောက်ရောက်ချင်း ငှားပါက အခန်းရဖို့ မသေချာပေ။

…….

ကုနင်းနှင့်အခြားလူများ ကလပ်ဆီသို့ထွက်လာချိန်တွင် ရှားယီချူးတို့မောင်နှမလဲ လေယာဉ်ပေါ်မှ ဆင်းလာကြပေပြီ။

လေယာဉ်ပေါ်မတက်ခင်ကတည်းက ရှားယီချူး လုရှောင်းကို ဖုန်းဆက်ထားခဲ့ကာ လုရှောင်းကလဲ သူမတို့အတွက် ကြိုပေးရန် ကားတစ်စီးကြိုလွှတ်ပေးထားပြီးဖြစ်သည်။

ထို့ကြောင့် လေယာဉ်ပေါ်မှဆင်းသည်နှင့် ရှားယီချူး ယာဉ်မောင်းကို ဖုန်းလှမ်းဆက်လိုက်သည်။ ထို့နောက် ယာဉ်မောင်းက သူမတို့ကို ဒီတစ်ည ဟိုတယ်တွင်သာ‌နေပြီး နောက်တစ်နေ့တွင်တော့ အထွေထွေမန်နေဂျာ လုရှောင်းနှင့်တွေ့ရမည်ဟု ပြောပြခဲ့သည်။

ရှန်းနဉ်လုပ်ငန်းစုအဆောက်အဦးနှင့် အနီးဆုံးတွင်ရှိသည့် ကြယ်လေးပွင့်ဟိုတယ်တစ်ခုတွင် ရှားယီချူးတို့မောင်နှမ နှစ်ဦးအတွက် လုရှောင်း အခန်း၂ခန်းငှားထားပေးခဲ့သည်။ ကြယ်လေးပွင့်ဟိုတယ်သည် ကြယ်ငါးပွင့်ဟိုတယ်သကဲ့သို့ ဇိမ်ခံဟိုတယ်တစ်ခုမဟုတ်သော်လည်း ဆိုးသည့်ထဲတွင်တော့မပါပေ။

ရှန်းနဉ်လုပ်ငန်း၏အဆောက်အဦးသည် ယခုထိ ဆောင်လုပ်ဆဲဖြစ်နေပေမည့် မနီးမဝေးနေရာတစ်ခုတွင်တော့ စတုရန်းမီတာ၃၀၀နီးပါးကျယ်ဝန်းသည့် ယာယီရုံးအဆောက်အဦးတစ်ခု ငှားထားလေသည်။ သို့ပေမည့် ယာယီရုံးသာဖြစ်သောကြောင့် အပြင်အဆင်တော့ သိပ်မကောင်းလှပေ။

ရှန်းနဉ်လုပ်ငန်းစုအဆောက်အဦးမှာ ဆောက်လုပ်စဲဖြစ်သော်လည်း လုရှောင်းသည်တော့ ဤရက်များအတွင်း ပစ္စည်းကိရိယာများဝယ်ရ ဝန်ထမ်းများ ငှားရမ်းရဖြင့် အလုပ်ရှုပ်လို့နေသည်။ လုကျန်းတွင် ကိုယ်ပိုင်ရိုက်ကူးရေးစက်ပစ္စည်းများရှိပြီးဖြစ်သော်လည်း နောက်ထပ် အပိုတစ်စုံတော့ ထပ်ဝယ်ထားရစဲပင်။

ယခုတွင် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၌ ဝန်ထမ်း၁၂ယောက်လောက်ရှိနေပြီဖြစ်ကာ၊ လုကျန်းသည်လဲ အုပ်ချုပ်ရေးအပိုင်းအတွက် သူ၏အဆက်အသွယ်များမှတစ်ဆင့် အရည်အချင်းရှိသည့် လူအချို့ကို ငှားရမ်းထားလေသည်။

……..

ကုနင်းတို့အဖွဲ့ သီးသန့်ကလပ်သို့ရောက်ချိန်တွင် ကားပါကင်ထိုးပေးမည့် ဝန်ထမ်းက သူတို့ကားကို ကားပါကင်ရှိရာသို့မောင်းပေးသွားပြီး အခြားစားပွဲထိုးတစ်ဦးက သူတို့အတွက် သီးသန့်ခန်းရှိရာသို့ ခေါ်ဆောင်သွားပေးခဲ့သည်။

ချောင်ဝမ်ရှင်းတို့သူငယ်ချင်းများသည် အားကစားပစ္စည်းများအစုံရှိသည့်နေရာတွင် ချိန်းထားကြခြင်းဖြစ်သောကြောင့် အားကစားပစ္စည်းများ၊ လက်ဝှေ့အိတ်များစသည်ဖြင့် အစုံအလင်ရှိလေသည်။

***

အခန်း ၅၅၈

ထုံကျားယောင်

သို့ပေမည့် ကုနင်းတို့ ကားထဲမှထွက်ပြီးမကြာခင်တွင်ပဲ နောက်ထပ်ကားတစ်စီး သူမတို့နောက်တွင် ရပ်လာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကားထဲမှထွက်လာသူမှာ ချောင်ဝမ်ရှင်းကိုအမှီပြုက အလွန်ချမ်းသာသည့်မိသားစု တစ်ခုခုနှင့်လက်ထပ်နိုင်ဖို့ရန် ကြံရွယ်နေသည့် ဖုန့်ရှောင်းခယ်ဖြစ်နေသည်။

သူမသည် သက်လတ်ပိုင်းအရွယ်ရှိသည့် ယောက်ျားတစ်ယောက်၏လက်မောင်းကို ဖက်တွယ်ထားကာ ထိုလူ၏ မယားငယ်တစ်ယောက်ဖြစ်ကြောင်း သိသာလှသည့် မြင်ကွင်းပင်။ သူမသည် ငွေအတွက်နှင့် ခန္ဓာကိုယ်ကိုရော စိတ်ဝိညာဉ်ကိုပါ ရောင်းချဖို့ရန် ဆန္ဒရှိသည့် မိန်းကလေးမျိုးပင်။

ဖုန့်ရှောင်းခယ် ချောင်ဝမ်ရှင်းကိုမြင်လိုက်ရချိန်တွင် အံ့ဩသွားပေမည့် မကြာခင်တွင်ပဲ မသိသလိုဟန်ဆောင်နေလိုက်သည်။

ချောင်ဝမ်ရှင်းသည်လဲ ဖုန့်ရှောင်းခယ်ကို အာရုံစိုက်မနေဘဲ အကြည့်လွှဲထားခဲ့သည်။

“ဖုန့်ရှောင်းခယ် တကယ့်ကို သိုက်တူးသမားအစစ်ပဲ! ငါ့အစ်လဲ သူ့ကိုငွေမပေးတော့ရော တခြား အသက်ကြီးကြီးတစ်ယောက်ရဲ့ မယားငယ်ဖြစ်သွားရောပဲ!” ဖုန့်ရှောင်းခယ်တို့ အဝေးသို့ရောက်သွားသည်နှင့် ချောင်ဝမ်ရှင်းပြောလိုက်သည်။ သူမလဲ ဖုန့်ရှောင်းခယ်နှင့် အရင်တုန်းက သူငယ်ချင်းဖြစ်မိခဲ့သည့်အတွက် အတော်လေးနောင်တရနေခဲ့သည်။

မကြာခင်မှာပဲ သူမတို့ အားကစားဧရိယာကိုရောက်လာခဲ့သည်။

“ကြိုဆိုပါတယ်။” သူမတို့ခန်းမထဲသို့ဝင်လိုက်သည်နှင့် စားပွဲထိုးများစွာက တစ်ညီတညွတ်ယဉ်ကျေးပျူငှာစွာဖြင့် နှုတ်ဆက်လိုက်သည်။

“ဧည့်သည်တော်များ ဘယ်သီးသန့်ခန်းကိုသွားကြမှာပါလဲ?” သီးသန့်ခန်းအားလုံးသည် ကြိုတင်ငှားထားကြပြီးသားဖြစ်သောကြောင့် သူငယ်ချင်းမိတ်ဆွေများကို လာတွေ့သည်သာ ဖြစ်နိုင်၍ စားပွဲထိုးလေးတစ်ဦးက မေးလိုက်ခြင်းဖြစ်သည်။

“အခန်းနံပါတ် ၈၈၈ပါ၊ ကျွန်မနာမည်က ချောင်ဝမ်ရှင်း။”

ဤသို့လာရောက်သူများသည် သူငယ်ချင်းများကိုလာတွေ့ကြခြင်းသာဖြစ်သော်လည်း စားပွဲထိုးများက အရင်ဆုံးစစ်ဆေးအတည်ပြုပေးကြရလေသည်။

“ခနလေးစောင့်ပေးပါနော်။” ထို့နောက် စကားပြောစက်တစ်ခုကို ယူကာ အခန်းနံပါတ်၈၈၈သို့ဆက်သွယ်လိုက်ပြီး အတည်ပြုချက်ရပြီဆိုကာမှ ချောင်ဝမ်ရှင်းတို့ကို သီးသန့်ခန်းရှိရာသို့ ချက်ချင်း လမ်းပြခေါ်ဆောင်ပေးခဲ့သည်။

သီးသန့်ခန်းသည် အလွန်ကျယ်ဝန်းလှပေမည့် အထဲတွင် လူ၅ယောက်သာရှိနေသောကြောင့် အတော်လေးကို နေရာများစွာလစ်လပ်လို့နေသည်။

အခန်းထဲတွင်တော့ ယောက်ျားလေး၃ဦးနှင့် မိန်းကလေး၂ဦးရှိနေပေမည့် ယောက်ျားလေး၁ဦးနှင့် မိန်းကလေး၁ဦးသည်သာ ချောင်ဝမ်ရှင်း၏ သူငယ်ချင်းဖြစ်ပြီး ကျန်လူများသည်တော့ သူငယ်ချင်း၏သူငယ်ချင်းများဖြစ်ကြသည်။ သူတို့ချင်း လုံးဝမသိကြခြင်းမဟုတ်ပေမည့် ချောင်ဝမ်ရှင်းသည်တော့ သူတို့နှင့် ရင်းနှီးခြင်းမရှိပေ။

ချောင်ဝမ်ရှင်း၏ ယောက်ျားလေးသူငယ်ချင်းဖြစ်သူ၏အဖေသည် နယ်မြေစစ်စခန်းမှ ခေါင်းဆောင်တစ်ဦးဖြစ်ကာ မိန်းကလေးသူငယ်ချင်းသည်တော့ ချမ်းသာကြွယ်ဝသည့် မိသားစုမှဖြစ်သည်။ သူတို့သုံးဦးသည် ငယ်စဉ်ကတည်းက အတူတူကြီးပြင်းလာကြခြင်းဖြစ်ပြီး ကောလိပ်တက်ချိန်အခါမှသာ နေရာများကွဲသွားကြခြင်းဖြစ်သည်။ အခုချိန်တွင် အားလုံးကျောင်းပြီးလို့ ဘွဲ့ရကုန်ကြပြီဖြစ်ကာ Bမြို့တွင် ပြန်ဆုံကြခြင်းဖြစ်သည်။ အခန်းထဲရှိ ကျန်၃ယောက်သည်လဲ အာဏာရှိကာ ချမ်းသာသည့် မိသားစုအသီးသီးမှဖြစ်ကြလေသည်။

ချောင်ဝမ်ရှင်းသည် မိသားစုနောက်ခံမျိုးရိုးကိုကြည့်ကာ ပေါင်းသင်းဆက်ဆံတတ်သူတော့ မဟုတ်သော်လည်း အခုလိုမျိုး အဆင့်အတန်းတူသူများအချင်းချင်း သိကျွမ်းသွားကြခြင်းသည်တော့ ရှောင်လွှဲ၍မရပေ။

ချောင်ဝမ်ရှင်းဘက်က သူမနှင့်အတူ အခြားသူငယ်ချင်းနှစ်ဦးခေါ်လာမည်ဟုပြောထားကာ ကျန်လူအားလုံးကလဲ သဘောတူကြလေသည်။ သို့ပေမည့် ကုနင်းနှင့်လင်ရှောင်းထင်တို့ အခန်းထဲဝင်လာချိန်တွင်တော့ လူတိုင်း၏အကြည့်မှာ သူတို့နှစ်ဦးထံသို့ ကျရောက်သွားတော့သည်။ အထူးသဖြင့် လင်ရှောင်းထင်၏ ရုပ်ရည်သွင်ပြင်နှင့် အရောင်အဝါမှာ အခန်းထဲရှိကျန်ယောက်ျားလေးများရုပ်ရည်နှင့် ရောင်ဝါအပေါ်လွှမ်းမိုးသွားခဲ့ခြင်းကြောင့်ပင်။

လင်ရှောင်းထင်ကိုမြင်လိုက်သည်နှင့် ဆံပင်အတိုနှင့်မိန်းကလေးတစ်ဦးမှာ အလွန်စိတ်လှုပ်ရှားလို့သွားပေမည့် ခနတွင်းချင်းတွင်ပဲ သူမ၏စိတ်လှုပ်ရှားနေဟန်များကို ဖုံးကွယ်ထားလိုက်နိုင်ပေသည်။ ထိုမိန်းကလေးသည်က လင်ရှောင်းထင်ကို ရှန်းရှစ်လုပ်ငန်းစုတွင် တွေ့သွားခဲ့သည့် မိန်းကလေးပင်ဖြစ်သည်။ ထိုစဉ်တုန်းက သူမ၏အတွင်းရေးမှူးကို လင်ရှောင်းထင်၏နောက်ကြောင်း စုံစမ်းခိုင်းခဲ့ပေမည့် ကျရှုံးခဲ့သောကြောင့် သူမအတော်လေးစိတ်ပျက်သွားခဲ့ရသည်။ သို့ပေမည့် မမျှော်လင့်ထားစွာဘဲ ဤညနေခင်းတွင်ပင် တစ်ဖန် လင်ရှောင်းထင်ကို ပြန်လည်တွေ့ဆုံခွင့်ရခဲ့ပြန်ပေသည်။

“ဟိုင်း၊ ဝမ်ရှင်း” အားလုံး ချောင်ဝမ်ရှင်းဝင်လာသည်နှင့် နှုတ်ဆက်လိုက်ကြသည်။

ချောင်ဝမ်ရှင်းသည်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ကို ဆိုဖာခုံလွတ်တစ်ခုဆီသို့ ခေါ်ဆောင်သွားပေးပြီးနောက်တွင်မှ သူမ၏ကျန်သူငယ်ချင်းများနှင့် မိတ်ဆက်ပေးခဲ့သည်။

“မိတ်ဆက်ပေးရဦးမယ်။ သူတို့နှစ်ယောက်လုံးကလဲ ငါ့သူငယ်ချင်းတွေပဲ၊ ကုနင်းနဲ့ လင်ရှောင်းထင်လို့ခေါ်တယ်။”

ကုနင်းသည် သူမနှင့်ထန်မိသားစု၏ပတ်သက်ဆက်နွယ်မှုအား ချောင်ဝမ်ရှင်းကို ထုတ်ဖော်မပြောကြားရန်အတွက် ကြိုတင်သတိပေးထားခဲ့သောကြောင့် ချောင်ဝမ်ရှင်းလဲ သူမသူငယ်ချင်းများကို ကုနင်းက သာမာန်သူငယ်ချင်းတစ်ယောက်သာဖြစ်ကြောင်း မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ ကုနင်းသည် ထန်ယွင်ဖန်း၏ သွေးသားရင်းချာဖြစ်သည်မှန်သော်လည်း အခုချိန်ထိ ထိုသတင်းသည် လျှို့ဝှက်ချက်တစ်ခုသာဖြစ်သေးသောကြောင့် အခြားလူများကို ထုတ်ဖော်ပြောဆိုရန် မသင့်သေးပေ။ ထို့အပြင် သူတို့အားလုံး ယခုရောက်ရှိနေခြင်းမှာ ပျော်ပျော်ပါးပါး စားသောက်ကြရန်သာဖြစ်သောကြောင့် နောက်ခံမိသားစုများကို ထုတ်ဖော်ပြောကြားဖို့ရန် မလိုအပ်လှပေ။

ဆံပင်အတိုနှင့်အမျိုးသမီးသည်တော့ လင်ရှောင်းထင်၏နာမည်ကိုကြားပြီးသည်နှင့် ထိုနာမည်တစ်လုံးတည်းကပဲ သူမနှလုံးသားထဲ၌ ကြိမ်ဖန်များစွာ ပဲ့တင်ထပ်သွားခဲ့သည်။

“တွေ့ရတာဝမ်းသာပါတယ်။ လူကြီးမင်းလင်၊ မိန်းကလေးကု။” အားလုံးလဲ ယဉ်ကျေးပျူငှာစွာဖြင့်သာ နှုတ်ဆက်လိုက်ကြပြီး ကုနင်းနှင့်လင်ရှောင်းထင်လဲ အလားတူပင် ပြန်နှုတ်ဆက်ကြသည်။

ထို့နောက် ချောင်ဝမ်ရှင်းကနေပဲ သူမသူငယ်ချင်းများကိုလဲ ကုနင်းနှင့်လင်ရှောင်းထင်ကို မိတ်ဆက်ပေးသည်။

“ဒီဘက်က ကောင်းချန်ယွင် နဲ့ အန်းယန်တဲ့၊ ငါတို့သုံးယောက်က အတူတူကြီးပြင်းလာကြတာ။ ဒီဘက်ကတော့ ကျန်းကျီကျန့်၊ ကျူးယွမ်ကျန်း နဲ့ ထုံကျားယောင်။”

ထုံကျားယောင်ဆိုသည်မှာတော့ လင်ရှောင်းထင်ကို တွေ့ဖူးသည့် ဆံပင်အတိုနှင့် မိန်းကလေးပင်ဖြစ်သည်။

“အိုး၊ လူကြီးမင်းလင်၊ တွေ့ရတာဝမ်းသာပါတယ်! တိုက်ဆိုင်လိုက်တာ! ကျွန်မ ဒီနေ့ပဲ ရှင့်ကို ရှန်းရှစ်လုပ်ငန်းစုမှာတွေ့ခဲ့သေးတာကို အခုလဲ ထပ်တွေ့ကြပြန်ပြီ! လူကြီးမင်းလင်ကတော့ ကျွန်မကို သတိမထားမိလောက်ဘူးနဲ့တူတယ်။” ထုံကျားယောင် သူမ၏လင်ရှောင်းထင်အပေါ် တိမ်းညွတ်မှုများကို ဖုံးကွယ်ကာ စည်းတစ်ခုခြားထားသကဲ့သို့ ယဉ်ကျေးစွာဖြင့် စကားစခဲ့သည်။

“မသိလိုက်ဘူး။” လင်ရှောင်းထင်သည်တော့ ပုံမှန်အတိုင်း စိတ်မဝင်စားစွာဖြင့်ပင် ပြန်ဖြေလိုက်သောကြောင့် ထုံကျားယောင်ပင် ရှက်ရွံ့သွားရသည်။ လင်ရှောင်းထင် ဤမျှအေးစက်စက်နှင့် ပြန်ဖြေလာလိမ့်မည်ဟု သူမလုံးဝကို မမျှော်လင့်ထားခဲ့ပေ။

ထုံကျားယောင် ဘယ်လောက်ပဲ လင်ရှောင်းထင်အပေါ် တိမ်းညွတ်နေမှုကို ကောင်းမွန်စွာ ဖုံးကွယ်ထားပါစေ ကုနင်းသည်တော့ သူမ လင်ရှောင်းထင်ကို စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း ခံစားသိရှိနေစဲဖြစ်သည်။ သို့ပေမည့် ဒါကလဲ ကုနင်း၏ ခန့်မှန်းချက်တစ်ခုသာဖြစ်သည်။ ထုံကျားယောင်ဘက်မှ လင်ရှောင်းထင်ကို ဆွဲဆောင်သည့်ပုံစံ မလုပ်လာသ၍ ကုနင်းလဲ ဘာမှလုပ်မည်မဟုတ်ပေ။

သို့ပေမည့် ထုံကျားယောင်သည် သာမာန်ချမ်းသာကြွယ်ဝရုံမိသားစု တစ်ခုမှသာ ဖြစ်လောက်ခြင်းမဟုတ်မှန်းကိုတော့ ကုနင်းသတိထားမိလေသည်။

အခြားလူများသည်လဲ လင်ရှောင်းထင်၏ အေးစက်စက်တုံ့ပြန်ပုံကြောင့် အံ့ဩသွားရပေမည့် ယခုမှသူတို့အချင်းချင်း ပထမဆုံးအကြိမ် ဆုံဖူးကြခြင်းသာဖြစ်သောကြောင့် စိတ်ထဲမထားနေကြပေ။

“ကဲပါ-ကဲပါ၊ ငါတို့ သောက်ကြတာပေါ့။” ကောင်ချန်ယွင်ကပဲ ပြန်လည်ကာ စကားဝိုင်းကို အသက်သွင်းပေးလိုက်သည်။

အခန်းထဲတွင်တော့ သူတိုချည်း သီးသန့်နေလိုသောကြောင့် ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းကို မခေါ်ထားခဲ့ပေ။

“ကုနင်းက ကားမောင်းရဦးမှာဆိုတော့ သောက်လို့မရဘူး။” ချောင်ဝမ်ရှင်းပြောပေးလိုက်ကာ တစ်ဖန် လင်ရှောင်းထင်ဘက်သို့ လှည့်လိုက်ပြီး၊

“ရှောင်းထင်ရော၊ သောက်မှာလား?”

လင်ရှောင်းထင်ကို ချောင်ဝမ်ရှင်း အနည်းငယ်ကြောက်ရွံ့မိနေစဲပင်။ ထိုသို့ဖြစ်ရခြင်းမှာ လင်ရှောင်းထင်၏စိတ်ထားမကောင်းခြင်းကြောင့်မဟုတ်ဘဲ အမြဲတမ်း တိတ်ဆိတ်နေကာ အေးစက်သည့်အရှိန်အဝါများထုတ်ထားတတ်ခြင်းကြောင့်သာ ဖြစ်သည်။

“မသောက်တော့ပါဘူး။ ကျေးဇူးပါ။” လင်ရှောင်းထင်သည် ပုံမှန်ဆိုလျှင် အရက်သောက်မှဖြစ်မည့် အချိန်အနေများ သို့မဟုတ် ရင်းနှီးသည့် သူငယ်ချင်းများနှင့် ဆုံရချိန်များသာ မဟုတ်လျှင် အရက်သောက်လေ့မရှိပေ။

“ငါတို့အားလုံး ဒီကိုပျော်ဖို့လာကြတာပဲ။ အတူတူမသောက်ရင် မင်းတို့ပဲ ပျင်းနေကြလိမ့်မယ်။” ကျန်းကျီကျန့်က ပြောလိုက်ခြင်းပင်။

“ဟုတ်သားပဲ။ မင်းကိုအတင်းသောက်ဖို့တော့ ဖိအားမပေးပါဘူး၊ ဒါပေမယ့် အရက်မသောက်နိုင်တာမျိုးမဟုတ်ရင်တော့ ဘာလို့ငါတို့နှင့်အတူ ပျော်ပျော်ပါးပါးဝင်မသောက်တာလဲ?” ကောင်းချန်ယွင်ကပါ ထပ်ပေါင်းပြောလိုက်သည်။ ပုံမှန်ဆိုလျှင် ယောက်ျားလေးများစုံစည်းဖြစ်ပါက ပျော်ပျော်ပါးပါးသောက်စားကြခြင်းအားဖြင့် အချင်းချင်းကြားမှ ရင်းနှီးမှုကို တိုးတက်စေနိုင်လေသည်။ သို့ပေမည့် ကောင်းချန်ယွင်၏စကားများက လင်ရှောင်းထင်ကို အရက်မသောက်၍ အပြစ်တင်လိုခြင်းမျိုးမဟုတ်ဘဲ တောင်းဆိုခြင်းမျိုးသာဖြစ်သည်။

***

အခန်း ၅၅၉

တစ်ပုလင်းလုံးသောက်

“ထားလိုက်ပါ၊ သူတို့ချင်း ချစ်စကားကြိုက်စကားတွေပြောနေရုံနဲ့ကို ပျင်းချိန်ရမှာမဟုတ်ဘူး! ငါပဲနင်တို့နဲ့သောက်ပေးမယ်။” လင်ရှောင်းထင် မသောက်ချင်ဟု တစ်ခါငြင်းထားပြီဖြစ်သောကြောင့် ချောင်ဝမ်ရှင်းကပဲ ကြားဝင်ပြောလိုက်သည်။

ကုနင်းက ကားပြန်မောင်းရဦးမည်ဖြစ်သောကြောင့် အားလုံးက သူမမသောက်သည်ကို နားလည်ပေးပေမည့် လင်ရှောင်းထင်သည်တော့ အေးစက်စက်ဟန်ဖြင့် ငြင်းဆိုလိုက်ခြင်းကြောင့် အနည်းငယ် စိတ်မတင်မကျဖြစ်သွားကြရသည်။

ကုနင်းလဲ အားလုံး၏အမူအရာများပြောင်းလဲသွားသည်ကို ခံစားမိကာ လင်ရှောင်းထင်၏စိတ်ကို နားလည်မပေးနိုင်ဘဲ မထင်လွဲသွားကြသည့်လူများနှင့် လင်ရှောင်းထင် အလိုက်အထိုက် သောက်စားပေးသင့်သည်ဟု သူမလဲ ထင်မိလေသည်။ သို့ပေမည့် သူမသည်လဲ အခြားလူများ၏ထင်မြင်ယူဆချက်ကို ဂရုစိုက်တတ်သူလဲမဟုတ်သောကြောင့် လင်ရှောင်းထင်ကို အတင်းအကြပ်မတိုက်တွန်းနေခဲ့ပေ။

သို့ပေမည့် ထုံကျားယောင်သည်တော့ ချောင်ဝမ်ရှင်းပြောလိုက်သည့် ‘သူတို့ချင်း ချစ်စကားကြိုက်စကားပြောနေမည်’ဆိုသည့် စကားကိုအသေအချာကြားလိုက်သောကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့သည် စုံတွဲများဖြစ်မည်မှန်းသိလိုက်ကာ အနည်းငယ်စိတ်ပျက်မိသွားခဲ့သည်။ ထိုသို့ဆိုလျှင်တောင်မှ သူတို့နှစ်ဦးလက်မထပ်ရသေးသ၍ လင်ရှောင်းထင်အတွက် ကုနင်းနှင့် ယှဉ်ပြိုင်ဖို့ရန် သူမစိတ်မလျှော့နိုင်သေးပေ။ ထုံကျားယောင် အနေနှင့် ယောက်ျားတစ်ဦးကို စိတ်ဝင်စားမိသည်က ပထမဆုံးဖြစ်သောကြောင့် အလွယ်တကူတော့ အဆုံးရှုံးမခံနိုင်ပေ။

အခြားသော ခန္ဓာကိုယ်ကိုအရင်းပြုကာ ယောက်ျားများကိုဆွဲဆောင်တတ်သည့် အမျိုးသမီးများနှင့်ယှဉ်လျှင်တော့ ထုံကျားယောင်သည် သူမ၏ကိုယ်ပိုင်ဆွဲဆောင်နိုင်မှုအရည်အချင်းကိုသာ အသုံးပြု၍ ယောက်ျားတစ်ယောက်၏ နှစ်သက်မှုကို ဆွဲဆောင်ပေလိမ့်မည်။ ထို့ကြောင့် လင်ရှောင်းထင်ကို သူမ အလောတကြီးဖျားယောင်းမည်မဟုတ်ဘဲ စကားပြောဖို့ရန် အခွင့်ရှိလျှင်တော့ တစ်ချိန်ကိုမျှ အလွတ်ခံမည်မဟုတ်ပေ။ သို့ပေမည့် ကုနင်း၏ရှေ့တွင်တော့ သိသိသာသာ ပြုလုပ်လိမ့်မည်မဟုတ်ပေ။

“ရှင်တို့မသောက်ကြဘူးဆိုမှတော့ ကျွန်မတို့တွေ စကားပြောကြရအောင်လား?” ထုံကျားယောင် အကြံပြုလိုက်ကာ၊

“ဒါနဲ့ မိန်းကလေးကုက တော်တော်လေးငယ်မယ့်ပုံပဲ။ အခုမှ ကျောင်းသူပဲရှိသေးတာလား?”

ထုံကျားယောင်ဘက်မှ ပုံမှန်အတိုင်းသာ ဆက်ဆံသော်လည်း ကုနင်းသည်တော့ သူမလင်ရှောင်းထင်ကို စိတ်ဝင်စားနေကြောင်း ခံစားသိရှိပြီးဖြစ်၍ သတိအပြည့်နှင့်ရှိနေလေသည်။ သို့ပေမည့် ထုံကျားယောင်ဘက်မှ မသင့်တော်သည့် အပြုအမူမျိုး မပြုလုပ်လာသ၍ သူမလဲ ယဉ်ယဉ်ကျေးကျေးပင် ပြန်လည်ဖြေကြားကြားမည်ဖြစ်သည်။

“ဟုတ်ပါတယ်၊ အခုအထက်တန်းနောက်ဆုံးနှစ်ရောက်နေပါပြီ။”

ထိုအတည်ပြုချက်ကိုကြားသည်နှင့် လူတိုင်းအံ့အားသင့်သွားကြတော့သည်။

ထုံကျားယောင်လဲ ကုနင်း၏အသက်အရွယ်နှင့်ဆိုလျှင် လက်ထပ်ဖို့ရန် အလွန်စောနေသေးကာ နောင်အနာဂါတ်တွင်ဖြစ်လာမည့် ကိစ္စများကို ကြိုတင်ခန့်ဖို့ရန်လဲ မဖြစ်နိုင်ဟု တွေးလိုက်မိသောကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ ရည်ရှည်တွဲနိုင်ကြလိမ့်မည်မဟုတ်ဟု သူမယုံကြည်မိသွားသည်။ ထုံကျားယောင် ထိုသို့တွေးလိုက်ခြင်းကပင် သူမ ကုနင်းကိုရော လင်ရှောင်းထင်၏အကြောင်းကိုပါ သေချာမသိထားသေးကြောင်း အတည်ပြုလိုက်ခြင်းဖြစ်သည်။

“တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက ဖြေရခါနီးပြီဆိုတော့ မိန်းကလေးကုက၊ ဘယ်တက္ကသိုလ်ကိုများ တက်ဖို့ရည်ရွယ်ထားလဲ?” အန်းယန် မေးလိုက်ခြင်းဖြစ်သည်။

“မြို့တော်တက္ကသိုလ်ပါ။”

ထိုစကားကြားလိုက်ရချိန်တွင် ကုနင်းသည်တော့ မြို့တော်တွင် ပညာသွားသင်ကာ လင်ရှောင်းထင်သည်တော့ Bမြို့တွင်သာ ဆက်ပြီးနေထိုင်လိမ့်မည်ဟု ထုံကျားယောင် မှားယွင်းစွာတွေးလိုက်မိသည်။ ထုံကျားယောင်တင်မကဘဲ အားလုံးကလဲ ကုနင်းနှင့်လင်ရှောင်းထင်တို့ နှစ်ဦးလုံး Bမြို့ကသာ ဖြစ်မည်ဟုတွေးထားကြခြင်းဖြစ်သည်။ ထိုသို့သာမဟုတ်လျှင် ကုနင်းလိုကျောင်းသူတစ်ဦးက ဤနေရာသို့ရောက်နေစရာအကြောင်းမရှိပေ။

ထို့ကြောင့် ထုံကျားယောင်တွင် မျှော်လင့်ချက်များပြည့်လျှံသွားတော့သည်။ ကုနင်းတို့လက်မထပ်သေးသ၍ သူမတွင် လင်ရှောင်းထင်၏နှလုံးသားကို သိမ်းပိုင်နိုင်ဖို့ အခွင့်အလမ်းရှိနေစဲဖြစ်သည်။ တကယ်တမ်း ထုံကျားယောင်သည်လဲ ကိုယ့်အတွက်ကိုယ်သာကြည့်ပြီး သူမလိုချင်သည့်အရာရှိလျှင် အခြားလူ၏ခံစားချက်ကို ဂရုမစိုက်ဘဲ ရအောင်ယူတတ်သည့် တစ်ကိုယ်ကောင်းဆန်သည့် လူမျိုးပင်ဖြစ်သည်။

စကာအတန်ကြာပြောပြီးနောက်တွင်တော့ ကောင်းချန်ယွင်က ချောင်ဝမ်ရှင်းကို အကြံပြုလိုက်သည်။

“ဝမ်ရှင်း၊ ငါတို့နှစ်ယောက် မတိုက်ကြတာ အတော်ကြာနေပြီ။ တစ်ပွဲလောက်ကစားကြရင် ဘယ်လိုလဲ?”

သူတို့နှစ်ဦးသည် စစ်တပ်အသိုင်းအဝိုင်းမှဖြစ်ကာ ငယ်စဉ်ကတည်းက သိုင်းပညာလေ့ကျင့်ရင်းဖြင့် အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်နေကြလဲဖြစ်သည်။ ထို့အပြင် သူတို့နှစ်ဦး၏ သိုင်းပညာအဆင့်မှာလဲ တူညီနေသောကြောင့် ပြိုင်ပွဲမှာ မြန်မြန်ဆန်ဆန်အပြီးမသတ်သွားဘဲ နိုင်မည့်သူကို မခန့်မှန်းနိုင်သောကြောင့် စိတ်လှုပ်ရှားစရာ ပွဲစဉ်ပင်ဖြစ်သည်။

အခုလဲ အားကစားဧရိယာထဲသို့အားလုံးရောက်နေခြင်းဖြစ်၍ သိုင်းပြိုင်ပွဲတစ်ခုလောက် ဖန်တီးဖို့ရန်က တကူးတကပြင်ဆင်ဖို့ မလိုအပ်ပေ။

“ရတာပေါ့။” ချောင်ဝမ်ရှင်းလဲ စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။

“ဒါဆို လောင်းကြေးကတော့ ပုံမှန်အတိုင်းပဲလုပ်ကြတာပေါ့!” အန်းယန်ကပါပြောလိုက်သည်။

ချောင်ဝမ်ရှင်းနှင့် ကောင်းချန်ယွင်တို့ ပြိုင်ကြတိုင်း အခြားသူငယ်ချင်းများက အပျော်တန်း အလောင်းအစားလုပ်ကြလေသည်။ သို့ပေမည့် ငွေနှင့်လောင်းကြေးထပ်ကြခြင်းမျိုးမဟုတ်ဘဲ ဝိုင်ဖြင့်သာ လောင်းကြေးထပ်ကြခြင်းဖြစ်သည်။

ကောင်းချန်ယွင်က မဖောက်ရသေးသည့် အသစ်စက်စက် ဝိုင်တစ်ပုလင်းကို ယူလိုက်ကာ၊

“ရှုံးတဲ့သူက အပြစ်အနေနဲ့ တစ်ပုလင်းလုံးအကုန်သောက်ရမယ်။”

ရှုံးသည့်လူက တစ်ယောက်သာရှိလျှင် တစ်ယောက်တည်းပဲ ဝိုင်တစ်ပုလင်းလုံးအကုန်သောက်ရမည်ဖြစ်ပြီး နှစ်ယောက်ဖြစ်လျှင်တော့ တစ်ယောက်တစ်ဝက်သောက်ကြရမည်ဖြစ်သည်။

“ရတယ်။” အားလုံးသဘောတူလိုက်ကြသည်။

ကုနင်းနှင့်လင်ရှောင်းထင်သည်တော့ မသောက်ကြသည့်လူများဖြစ်သောကြောင့် လောင်းပွဲတွင် ဝင်ပါခြင်းမရှိပေ။

“ငါ ဝမ်ရှင်းဘက်ကလောင်းမယ်။” ကျန်းကျီကျန့် စပြောလိုက်သည်။

အားလုံးလဲ ကျန်းကျီကျန့်က ချောင်ဝမ်ရှင်းကို ကြိုက်နေကြောင်းသိကြပြီး ဖြစ်သောကြောင့် ကျန်းကျီကျန့်သည် ပွဲတိုင်း ချောင်ဝမ်ရှင်းနိုင်မည့်ဘက်မှသာ လောင်းလေ့ရှိလေသည်။ စိတ်မကောင်းစွာဖြင့် ကျန်းကျီကျန့်ကို ချောင်ဝမ်ရှင်းက စိတ်မဝင်စားတာကြောင့် ကျန်းကျီကျန့်လဲ သူငယ်ချင်းအဆင့်နှင့်သာ သူမဘေးတွင် ဆက်လက်တည်ရှိနေခဲ့သည်။

စိတ်ဝင်စားဖို့ကောင်းသည့် အချက်တစ်ချက်သည်က ကျူးယွမ်ကျန်းသည် ကျန်းကျီကျန့်ကို ကြိုက်နေကာ ကျန်းကျီကျန့်သည်တော့ ကျူးယွမ်ကျန်းကို ပြန်မကြိုက်သောကြောင့် သူတို့နှစ်ဦးလဲ သူငယ်ချင်းအဆင့်သာ ဆက်လက်ဖြစ်တည်နေကြခြင်းဖြစ်သည်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချစ်ကြဖို့ရန်က မလွယ်ကူလှပေ။

“ငါကတော့ ချန်ယွင်ဘက်ကလောင်းမယ်။” အန်းယန်လဲ ပြောလိုက်သည်။

အဆုံးတွင်တော့ ကျန်းကျီကျန့်နှင့် ထုံကျားယောင်တို့က ချောင်ဝမ်ရှင်းနိုင်မည့်ဘက်မှ လောင်းကာ၊ အန်းယန်နှင့် ကျူးယွမ်ကျန်းသည်တော့ ကောင်းချန်ယွင်နိုင်မည့်ဘက်မှလောင်းလေသည်။ ထို့နောက် သိုင်းပြိုင်ပွဲစတင်ကျင်းပကြသည်။

နှစ်ဦးသား တိုက်ခိုက်ကြသည်နှင့် လက်ရည်မှာညီနေသောကြောင့် ပွဲကြည့်သူများဖြစ်သည့် ကျန်းကျီကျန့်တို့သည်တော့ ပို၍ပင် စိတ်လှုပ်ရှားကြရပေမည့် ကုနင်းနှင့်လင်ရှောင်းထင်တို့၏အမြင်တွင်တော့ အတော်လေးကလေးဆန်လှသည်။ သူတို့၏ သိုင်းပညာအဆင့်အတန်းများမှာ ကွာခြားလွန်းခြင်းကြောင့်လဲ ဖြစ်ပေမည်။

၁၀မိနစ်ကြာပြီးနောက်တွင်တော့ ပြိုင်ပွဲပြီးဆုံးသွားကာ ဤတစ်ကြိမ်တွင်တော့ ကောင်းချန်ယွင် ရှုံးသွားခဲ့သည်။ သူတို့နှစ်၏ သိုင်းပညာအဆင့်မှာ တူညီနေသောကြောင့် ပြိုင်ပွဲရလဒ်သည်က အံ့ဩစရာသိပ်မရှိလှပေ။

“လာ-လာ၊ ချန်ယွင်၊ အန်းယန်၊ ယွမ်ကျန်း မင်းတို့တွေ တစ်ပုလင်းလုံးကုန်အောင်သောက်ရမယ်။” ကျန်းကျီကျန့်တစ်ယောက် အနိုင်ရ၍ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။

ကောင်းချန်ယွင်သည်တော့ ရှုံးသွားခဲ့သောကြောင့် သူလဲဝိုင်သောက်ရပေမည်။

“ချန်ယွင်၊ နင်တမင်သက်သက်ဒီပုလင်းကိုသောက်ချင်လို့ အရှုံးပေးလိုက်တာမဟုတ်လား?” အန်းယန်က မကျေနပ်သလိုဟန်ဆောင်ကာ စလိုက်သည်။

“ဟ-ဟ၊ နင်သိသွားပြီပေါ့၊” ကောင်ချန်ယွင် ရယ်မောရင်းသာ ပြန်ဖြေလိုက်သည်။

အန်းယန်လဲ ကောင်းချန်ယွင်ကို မျက်စောင်းထိုးကြည့်လိုက်ကာ၊

“နင်ဒီလောက်သောက်ချင်နေမှတော့ ငါတို့အစားပိုသောက်ပေးပေါ့။”

“မရပါဘူး၊ အညီအမျှက အညီအမျှပဲ။”

ထို့နောက် ကောင်းချန်ယွင်၊ အန်းယန်နှင့် ကျူးယွမ်ကျန်းတို့သုံးဦး ဝိုင်တစ်ပုလင်းကို အတူမျှသောက်ကြလေသည်။

“ငါတို့ ဘာဆက်ကစားကြမလဲ?” အန်းယန်မေးလိုက်သည်။

“အံစာခေါက်ရင်ရော?” ကျူးယွမ်ကျန်း အကြံပေးလိုက်သည်။

***

အခန်း ၅၆၀

ရှားယီချူးပြန်မဖြေဘူး!

အန်စာခေါက်ကစားခြင်းကို အားလုံးလဲသဘောတူခဲ့ကြသည်။

“ရှင်တို့လဲ ဝင်ကစားပါလား? ရှုံးသွားလဲ ဝိုင်အစားရေပဲသောက်လို့ရတာပဲ။” ထုံကျားယောင်သည်တော့ လင်ရှောင်းထင်နှင့် အတူကစားရင်းဖြင့် ရင်းနှီးမှုပိုမိုရရှိနိုင်သည်ဟုတွေးမိကာ ဖိတ်ခေါ်လိုက်သည်။

“ဟုတ်သားပဲ၊ ရေပဲသောက်ကြပေါ့။” အားလုံးလဲ ထိုအကြံပြုချက်ကို လက်ခံကာ ထပ်မံဖိတ်ခေါ်ကြသည်။

သူတို့ချင်း အခုမှစတွေ့ဖူးကြခြင်းဖြစ်၍ လင်ရှောင်းထင်နှင့် ကုနင်းတို့သာ သူတို့နှင့်အတူ လာမကစားလျှင် သူတို့နှစ်ယောက်တည်း ဘေးမှာပျင်းနေရပေလိမ့်မည်။

“ကောင်းပြီလေ၊ ကျွန်မကစားမယ်။” ကုနင်းလဲ သူမကတမင်သက်သက် ခွဲထွက်နေမည်ဟု တွေးမသွားစေလို၍ ကစားပွဲတွင် ပါဖို့ရန် ဆုံးဖြတ်လိုက်သည်။ လင်ရှောင်းထင်သည်တော့ ကစားပွဲတွင် ပါဝင်လိုခြင်းမရှိလောက်ဟု ကုနင်းလဲနားလည်သောကြောင့် ခေါ်မနေတော့သလို အခြားလူများကလဲ အတင်းအကျပ်ပါဝင်ရန် မတိုက်တွန်းကြပေ။

ဤတစ်ကြိမ်တွင်တော့ ကစားပွဲငယ်လေးလဲဖြစ်သောကြောင့် ကုနင်း ကျောက်စိမ်းမျက်ဝန်းကို အသုံးမပြုဘဲ ကံတရားနှင့်သာ ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်သည်။ ဤသို့သော ကစားပွဲငယ်လေးတွင်တောင်မှ ကျောက်စိမ်းမျက်ဝန်းကို သူမအသုံးပြုနေပါက ပျော်စရာမကောင်းနိုင်တော့ပေ။

အိုက်ဝေ့ရွှင်းနှင့်ကစားစဉ်ကတော့ လင်ရှောင်းထင်အစား လက်စားချေပေးလို၍သာ သူမကျောက်စိမ်းမျက်ဝန်းကို ထုတ်သုံးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကုနင်း သူမ၏ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုခြင်းမရှိတာတောင်မှ ကံကောင်းနေစဲဖြစ်ကာ အကြိမ်ရေအနည်းငယ်သာ ရှုံးခဲ့ပြီး ကျန်လူများသည်တော့ အတော်လေးရှုံးခဲ့ကြရသည်။

ည၁၁နာရီဝန်းကျင်တွင်တော့ သူတို့အားလုံး ကလပ်ထဲမှပြန်ထွက်လာကြသည်။

ချောင်ဝမ်ရှင်းပါ အတူရှိနေသောကြောင့် ကုနင်း ဟွားဖုတောင်ကုန်းသို့မပြန်ခင် လင်ရှောင်းထင်ကို အရင်ဦးစွာ ဟိုတယ်သို့ပြန်ပို့ပေးခဲ့လိုက်သည်။ နောက်မှသာ လင်ရှောင်းထင် သူ့ဘာသာ ဟွားဖုတောင်သို့ တက္ကစီဖြင့် ပြန်လိုက်လာပေလိမ့်မည်။

ကုနင်း အိမ်ပြန်ရောက်ချိန်တွင်တော့ ကုမန့် အိပ်ပျော်လို့နေပြီဖြစ်သည်။

မကြာခင်တွင်ပဲ လင်ရှောင်းထင်လဲ ကုနင်းအခန်းသို့ရောက်ရှိလာခဲ့ပေမည့် ဤတစ်ကြိမ်တွင်တော့ ကုနင်းကို မြင်မြင်ချင်း ချက်ချင်းမဆိုင်းမနမ်းတော့ဘဲ အရင်ဦးစွာ ကုနင်းအကူညီတောင်းထားသည့် ရုံးခန်းများနှင့်စက်ရုံများအကြောင်းကိုသာ အီးမေးလ်မှတစ်ဆင့် ဖွင့်ပြလိုက်သည်။

“ငှားရမ်းခဘယ်လောက်လဲ?”

“အလကား။”

“ဟ-ဟ၊ ရှင်တော်တော်လေး စေတနာကောင်းနေတာပဲ။” လင်ရှောင်းထင် သူမကို အလကားပေးနေသောကြောင့် ကုနင်းပျော်ရွှင်သွားပေမည့် လက်တော့မခံခဲ့ပေ။

“ရှောင်းထင်၊ စီးပွားရေးက စီးပွားရေးပဲ။ ရှင်ဒါကို ပုံမှန်အတိုင်းမငှားချင်ဘူးဆိုရင်၊ ကျွန်မလဲ ရှင့်ရုံးခန်းတွေကို မငှားတော့ဘူး။”

ထိုစကားကြောင့် လင်ရှောင်းထင် မျက်မှောင်ကြုတ်သွားကာ စိတ်မကောင်းဖြစ်သွားဟန်ပေါ်ပေမည့် ဘာမှတော့ ပြန်မပြောခဲ့ပေ။

ထို့နောက် ကုနင်း အထည်ချုပ်စက်ရုံသုံးခု၏အချက်အလက်များကို ဖတ်ရှုခဲ့သည်။ သူမ လင်ရှောင်းထင်ကို ယုံကြည်ပေမည့် မနက်ဖြန်တော့ ကိုယ်တိုင်သွားရောက် စစ်ဆေးကြည့်ချင်သေးသည်။

“ဒါနဲ့၊ ရှင့်ရဲ့အားလပ်ရက်က ဘယ်နှရက်ကျန်သေးလဲ?” ကုနင်းမေးလိုက်သည်။

“ပြောရခက်တယ်။ တာဝန်သာပေးလာရင်တော့ အချိန်မရွေး ပြန်သွားရမှာ။ အဲ့လိုမှမဟုတ်ရင်တော့ အချိ်နတွေအများကြီးကျန်အုံးမယ်။”

အထူးတပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် လင်ရှောင်းထင်သည် သာမာန်စစ်သားများနှင့်မတူညီဘဲ လစာပိုကောင်းလေသည်။ သူတို့အတွက် အန္တရာယ်များသည့် တာဝန်များထမ်းဆောင်ဖို့ရန် လိုအပ်ရုံသာမက တစ်လတွင် အနည်းဆုံး သုံးရက်လောက် အထူးလေ့ကျင့်ရေးဆင်းရသလို တစ်နှစ်လျှင် လဝက်လောက်လဲ အမေဇုန်တောထဲတွင် ခက်ခဲသည့်ရက်ရှည်လေ့ကျင့်မှုများ ပြုလုပ်ရလေသည်။

ဒီလအတွက် လင်ရှောင်းထင်၏ အထူးလေ့ကျင့်ရေးက မကြာသေးခင်ကပဲ ပြီးသွားခဲ့သောကြောင့် နောက်ထပ်တာဝန်တစ်ခုမရသေးခင်အထိ အားလပ်နေမည်ဖြစ်သည်။

“မနက်ဖြန်နေ့လည်လောက် ကျွန်မ စက်ရုံတွေကိုသွားကြည့်ချင်တယ်။ အဆင်ပြေမယ့် တစ်ခုကိုရွေးပြီးသွားရင် ညနေဘက်လောက် Dမြို့ကိုသွားမယ်။ ရှင်အားရင် ကျွန်မနဲ့အတူလိုက်ခဲ့ချင်လား?”

"လိုက်မယ်လေ။”

စီးပွားရေးကိစ္စများဆွေးနွေးပြီးသွားချိန်တွင်တော့ လင်ရှောင်းထင် ကုနင်းကို ချစ်ဖို့ရန် မစောင့်နိုင်တော့ပေ။ သို့ပေမည့် ကံမကောင်းစွာဖြင့် ကုနင်းသည် သူမ၏လစဉ်ကိစ္စဖြစ်နေသောကြောင့် လင်ရှောင်းထင်တစ်ယောက် သူ၏စိတ်ဆန္ဒများကို အနည်းဆုံး၅ရက်လောက် အောင့်အီးထားရပေတော့မည်။

ဤအမှန်တရားကို လက်ခံဖို့ရန်က လင်ရှောင်းထင်အတွက် အလွန်တရာမှကို ခက်ခဲလွန်းပေမည့် ကုနင်းလဲ ဤကဲ့သို့ဖြစ်ရိုးဖြစ်စဉ်ကိစ္စရပ်မျိုးကိုတော့ မတားစီးနိုင်ပေ။ ထို့ကြောင့် လင်ရှောင်းထင် ကုနင်းကို အချိန်ခနလောက် နမ်းရုံသာနမ်းနိုင်ခဲ့ပြီး ဖက်အိပ်လိုက်ရတော့သည်။ သို့ပေမည့် ကုနင်းကတော့ လင်ရှောင်းထင် ကောင်းကောင်းမွန်မွန်အိပ်ပျော်စေရန်အတွက် သူမ၏မှော်စွမ်းအားများကို လင်ရှောင်းထင်ထံသို့ အနည်းငယ်ကူးပြောင်းပေးခဲ့သေးသည်။

နောက်တစ်နေ့မနက်တွင်တော့ ထုံးစံအတိုင်းပင် လင်ရှောင်းထင် စောစောထကာ ပြန်သွားခဲ့သည်။

မနက်စာစားရင်း ကုနင်း သူမညနေတွင် Dမြို့သို့ နှစ်ရက်လောက်သွားကာ စီးပွားရေးကိစ္စသွားလုပ်ရမည့်အကြောင်း ကုမန့်ကိုပြောပြခဲ့ပြီး ထန်မိသားစု၏ ယာဉ်မောင်းကပဲ ကုမန့်ကို အကြိုအပို့ဆက်လုပ်ပေးမည့်အကြောင်းကိုလဲ ပြောပြခဲ့သည်။

ကုနင်းအနားမှာမရှိပေးတော့မည့်အတွက် ကုမန့် စိတ်မသက်မသာဖြစ်မိသော်လည်း ထွေထွေထူးထူးမပြောခဲ့ပေ။

မနက်စာစားပြီးနောက်တွင်တော့ ကုနင်းနှင့်ကုမန့်တို့ ထန်အိမ်တော်သို့ထွက်လာခဲ့ကာ ချောင်ဝမ်ရှင်းသည်တော့ ယနေ့ သူမအိမ်သို့ပြန်ရမည်ဖြစ်၍ ကုနင်းတို့နှင့်အတူ ထန်အိမ်တော်သို့ မလိုက်သွားပေ။

……

ရှားယီချူးနှင့် ပန်းခြံထဲတွင် စကားများပြီးနောက် ချောင်ကွမ်းရှန် ချက်ချင်းပင် ဖေ့ဟဲနာ၏တိုက်ခန်းသို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။

မနက်၈နာရီခွဲလောက်တွင်တော့ ချောင်ကွမ်းရှန် ရှားယီချူးကို ဖုန်းဆက်ကြည့်လိုက်သည်။

အရင်တုန်းကဆိုလျှင် ရှားယီချူးသည် သာမာန်နောက်ခံအဆိုရှင်တစ်ဦးသာဖြစ်၍ သူမကို အလိုရှိကာမှသာ ခေါ်ဆောင်အသုံးပြုခဲ့သည်။ သို့ပေမည့် အခုချိန်တွင်တော့ ရှားယီချူး သစ္စာဖောက်မည်ကို စိုးရိမ်နေရ၍ သူမကို ဖေ့ဟဲနာ၏လက်ထောက်အဖြစ် အနားတွင်ခေါ်ထားကာ အပြည့်အဝထိန်းချုပ်ထားရမည်ဟု ချောင်ကွမ်းရှန်တွေးလိုက်သည်။ ချောင်ကွမ်းရှန်မသိလိုက်သည်က ရှားယီချူးသည် မြို့တော်သို့ပင်ရောက်နေပြီဖြစ်ကြောင်းကိုပင်။

ထို့အတွက်ကြောင့် ရှားယီချူးကို ဖုန်းဆက်ရာတွင် တစ်ဖက်မှာ ပြန်ဖြေမည့်လူမရှိခဲ့ပေမည့် ချောင်ကွမ်းရှန် ဆက်တိုက်ဆိုသလို ဆက်ခေါ်နေခဲ့သည်။ ထို့နောက် ချက်ချင်းပင် တစ်ခုခုတော့ လွဲမှားနေပြီဖြစ်ကြောင်း သတိထားမိသွားတော့သည်။

“ဘာဖြစ်လို့လဲ? သူရှင့်ဖုန်းကို မကိုင်ဘူးလား?” ဖေ့ဟဲနာမေးလိုက်သည်။

“သူ့ကို ဆက်သွယ်လို့မရဘူး။ မင်းဖုန်းခနပေးကြည့်။” ဖေ့ဟဲနာလဲ ချောင်ကွမ်းရှန်ပြောသည့်အတိုင်း သူမဖုန်းကိုပေးလိုက်ကာ ချက်ချင်းပင် ရှားယီချူးကို ဖုန်းဆက်ပြန်သည်။

“ဆက်သွယ်လို့မရပြန်ဘူးလား?” ဖေ့ဟဲနာစတင်ထိတ်လန့်လာတော့သည်။

“ကြည့်ရတာ ငါတို့ဖုန်းနံပါတ်ကို ပိတ်ထားတယ်ထင်တယ်။” ချောင်ကွမ်းရှန်လဲ စိတ်မအေးနိုင်ဖြစ်လာတော့သည်။ ရှားယီချူး သူတို့လက်မှ ထွက်ပြေးသွားခြင်းမျိုးဖြစ်နိုင်ပေသည်။ ဒါပေမယ့် သူမက ဘယ်လိုလုပ် ထွက်ပြေးရဲရတာလဲ? ရှားယီသုန့် ထိခိုက်မှာကို မစိုးရိမ်ဘူးလား?

“တခြားဖုန်းတစ်လုံးပေးကြည့်။” ထို့နောက် ရှားယီချူးမသိထားသည့် ဖေ့ဟဲနာ၏အခြားဖုန်းတစ်လုံးဖြင့် ထပ်ခေါ်ကြည့်လိုက်သည်။

အခြားဖုန်းနှင့်သာ ရှားယီချူးကို ဆက်သွယ်လို့ရသွားပါက ရှားယီချူး သူတို့ဖုန်းနံပါတ်များကို ပိတ်ထားကာ သစ္စာဖောက်သွားကြောင်း သေချာသွားပေမည်။

All Chapters