အခန်း (၅၆၁-၅၆၅)
Vol. 38 Ch. 561-565
အခန်း ၅၆၁
ငါတို့တော့ ဘဝပျက်ပြီ!
ရှားယီချူး မသိထားသည့် ဖုန်းအစိမ်းတစ်လုံးနှင့်ခေါ်လိုက်ချိန်တွင်တော့ တစ်ဖက်က ချက်ချင်းဖုန်းကိုင်လိုက်ပေမည့် ချောင်ကွမ်းရှန်၏အသံကိုကြားလိုက်သည်နှင့် ရှားယီချူး ချက်ချင်းပင် ဖုန်းပြန်ချသွားတော့သည်။
“သေစမ်း! အဲ့ကောင်မ ငါတို့ကိုသစ္စာဖောက်သွားပြီ!” ချောင်ကွမ်းရှန် ဖုန်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင် အံ့ကြိတ်ကာပြောလိုက်သည်။ ယခုအချိန်တွင် ဒေါသထွက်နေသည့်စိတ်ထက် ထိတ်လန့်နေသည့်စိတ်ကပိုလို့သာပေသည်။ သူ့အထင်မှန်နေခဲ့သည်။ ရှားယီချူးက သူတို့နှစ်ယောက်၏ဖုန်းနံပါတ်များကို ပိတ်ကာ ထွက်ပြေးသွားခဲ့ပေပြီ။
ရှားယီချူး မြို့တော်ကိုရောက်ကတည်းက သူမဖုန်းနံပါတ်ကို ပြောင်းပစ်ဖို့ရန် စီစဉ်ထားပေမည့် မအားလပ်သေးသောကြောင့် အရင်ဖုန်းကိုသာ ယာယီဆက်သုံးနေခဲ့ခြင်းဖြစ်သည်။
“ဘာပြောတယ်?” ဖေ့ဟဲနာလဲ အလွန်ထိတ်လန့်ကာ မျက်နှာတစ်ခုလုံးဖြူဖျော့လို့သွားတော့သည်။ ဒါဆို သူတို့ဘဝပျက်ပြီပေါ့!
“ရှင်-ရှင်ပြောတော့ ရှားယီချူး ကျွန်မတို့ကို သစ္စာမဖောက်ရဲပါဘူးဆို?” ဖေ့ဟဲနာ အလျင်စလို အထိတ်တလန့်ဖြင့်မေးလိုက်သည်။
“သူတကယ်သစ္စာဖောက်သွားလိမ့်မယ်လို့ ငါလဲဘယ်ထင်ပါ့မလဲ?” ချောင်ကွမ်းရှန်လဲ ရှားယီချူး ထိုနေ့က သူခြိမ်းခြောက်သည်ကို ကြားပြီးသည်နှင့် ထွက်ပြေးသွားတာကြောင့် အလွန်အံ့ဩနေရသည်။
“ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ? သူလွတ်သွားရင် ကျွန်မတို့နှစ်ယောက်လုံး ဘဝပျက်မှာလေ!” ဖေ့ဟဲနာ ကြောက်ရွံ့တုန်လှုပ်လို့နေလေသည်။
ချောင်ကွမ်းရှန်လဲ တစ်စုံတစ်ယောက်ထံ ချက်ချင်းဖုန်းဆက်လိုက်တော့သည်။
“လျှိုကော၊ ကျွန်တော် ခင်ဗျားအကူညီလိုလို့၊ ထိုက်ထိုက်တန်တန်ပေးပါ့မယ်။” တစ်ဖက်မှဖုန်းကိုင်လိုက်သည်နှင့် ချက်ချင်းပင် ချောင်ကွမ်းရှန်ပြောလိုက်ခြင်းဖြစ်သည်။
“ဘာလုပ်ပေးရမှာလဲ?” ဖုန်းတစ်ဖက်မှယောက်ျားကလဲ ပြန်မေးလိုက်သည်။
“ကျွန်တော် နာမည်ရယ် အချက်အလက်တစ်ချို့ရယ်နဲ့ ပုံနှစ်ပုံပို့ပေးလိုက်မယ်။ သူတို့ကိုရှာပေးပါ။ တွေ့တာနဲ့ ထိန်းထားပြီး ကျွန်တော့်ကို အကြောင်းကြားပေးပါ။”
“ရတယ်။”
ထို့နောက် ရှားယီချူးနှင့် ရှားယီသုန့်တို့၏ဓါတ်ပုံများကို လျှိုကောထံသို့ ချောင်ကွမ်းရှန်ပို့ပေးလိုက်သည်။
လျှိုကောဆိုသည်မှာ ဂိုဏ်းတစ်ဂိုဏ်းမှ ချောင်ကွမ်းရှန်၏ မိတ်ဆွေဖြစ်သည်။
……
မနက်၉နာရီဝန်းကျင်တွင်တော့ မနေ့က လေဆိပ်တွင် ရှားယီချူးနှင့်ရှားယီသုန့်ကို လာကြိုပေးခဲ့သည့် လုရှောင်း၏သီးသန့်ယာဉ်မောင်း ဝမ်ဟွေ့ ဟိုတယ်သို့လမ်းလျှောက်ထွက်လာခဲ့သည်။ ရှားယီချူးတို့တည်းသည့်ဟိုတယ်နှင့် ကုမ္ပဏီမှာ မီတာ၁၀၀လောက်သာ ကွာဝေးသောကြောင့် လမ်းလျှောက်ပဲ လာခေါ်ခြင်းဖြစ်သည်။
ကုမ္ပဏီသို့သွားရာလမ်းတွင်တော့ ဝမ်ဟွေ့က ကုမ္ပဏီအကြောင်း ရှားယီချူးကို ရှင်းပြခဲ့သည်။
“ကျွန်တော်တို့ ကုမ္ပဏီအကြောင်း နည်းနည်းရှင်းပြထားပါ့မယ်။ ကျွန်တော်တို့ရဲ့ကုမ္ပဏီက အခုမှတည်ဆောက်နေစဲဆိုတော့ တရားဝင်မဖွင့်လှစ်ရသေးဘူး။ ဒါပေမယ့် ဝန်ထမ်း၁၀ယောက်လောက်တော့ ခန့်ထားပြီးပါပြီ။ အခုတော့ ကျွန်တော်တို့ကုမ္ပဏီဘေးက အဆောက်အဦးရဲ့ ၆လွှာမြောက်မှာ ယာယီရုံးထိုင်ထားပါတယ်။ ဘော့စ်ပြောတာတော့ မင်းရက်နည်းနည်းလောက် အေးအေးဆေးဆေးအနားယူပြီးကာမှ အလုပ်စဝင်ပါတဲ့။”
“ကျေးဇူးတင်ပါတယ်။” ရှားယီချူး ကျေးဇူးတင်လိုက်သည်။ ဤကုမ္ပဏီနှင့် သူမစာချုပ်ချုပ်မည်ဆိုမှတော့ ကုမ္ပဏီမှ သတ်မှတ်ပေးသည့်လုပ်ငန်းများကို လိုက်နာဆောင်ရွက်သင့်ပေသည်။
ဝမ်ဟွေ့က ရှားယီချူးကို ယာယီရုံးသို့ခေါ်သွားရင်းနှင့် တစ်ဖက်မှ အဆောက်အဦးကို လှမ်းညွှန်ပြလိုက်ကာ၊
“ဒါကတော့ ရှန်းနဉ်လုပ်ငန်းစု အဆောက်အဦးပဲ။ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းက ၇ထပ်၊ ၈ထပ်နဲ့၉ထပ်မှာ ရုံးထိုင်မယ်။ ၇ထပ်မှာတော့ အကခန်းမထားပြီး၊ ၈ထပ်ကတော့ အသံသွင်းခန်းပဲ။ ၉ထပ်မြောက်မှာတော့ ဖုန့်ဟွာရဲ့ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေအတွက် ရုံးခန်းတွေ အများကြီးရှိမယ်။”
ရှားယီချူး အံ့အားသင့်သွားမိသည်။ ကုနင်းကို ဖျော်ဖြေရေးကုမ္ပဏီတစ်ခုမှ ဘော့စ်ဖြစ်သည်ဟုသာ သူမထင်ထားမိပေမည့် တကယ်တမ်းတော့ လုပ်ငန်းစုကြီးတစ်ခုဖြစ်နေခဲ့သည်။ ဒါဆို ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းဆိုတာ ရှန်းနဉ်လုပ်ငန်းစုက အခွဲလေးတစ်ခုပဲပေါ့။
ထို့နောက် ကုနင်းက ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၏ ရှယ်ယာရှင်တစ်ဦးပဲလား ရှန်းနဉ်လုပ်ငန်းစု၏ တည်ထောင်သူတစ်ဦးလားဆိုသည်ကို ရှားယီချူး သိချင်လာမိသည်။ သူမအနေဖြင့် အသက်၂၀ပင်မပြည့်သေးသည့် ကုနင်းက လုပ်ငန်းစုကြီးတစ်ခု၏ ပိုင်ရှင်ဥက္ကဌတစ်ဦးဖြစ်နေနိုင်သည်ဟု လက်ခံနိုင်ဖို့ရန် ခဲယင်းလှပေသည်။ ထို့ကြောင့် ဤမျှကြီးမားသည့် စီးပွားရေးလုပ်ငန်းစုကြီးကို ကုနင်း၏မိသားစုမှပိုင်ဆိုင်ခြင်းဖြစ်မည်ဟုသာ သူမတွေးလိုက်မိသည်။
ထိုအကြောင်းကို ဝမ်ဟွေ့အား ရှားယီချူးမေးမြန်းကြည့်လိုသောလည်း မသင့်တော်သောကြောင့် နှုတ်ပိတ်နေလိုက်တော့သည်။
ထို့နောက် ဝမ်ဟွေ့ကနေပဲ ရှားယီချူးနှင့် ရှားယီသုန့်တို့ကို အထွေထွေမန်နေဂျာရုံးခန်းရှိရာသို့ ခေါ်ဆောင်သွားပေးခဲ့သည်။
ရုံးခန်းထဲသို့ သူတို့ဝင်ပြီးသည်နှင့် ရှားယီချူးက သူမ၏မျက်နှာဖုံးကို တစ်ချိန်လုံးဝတ်ဆင်ထားလျှင် မယဉ်ကျေးရာရောက်မည်ဟုတွေးမိသောကြောင့် ချွတ်လိုက်ပေသည်။
မျက်နှာဖုံးကို ချွတ်ပြီးသည်နှင့် ရှားယီချူး၏ ကြောက်စရာအမာရွတ်ကြီးပေါ်ထွက်လာသောကြောင့် ဝမ်ဟွေ့ရော လုရှောင်းပါ အံ့ဩသွားကြပေမည့် ဤသနားစရာမိန်းကလေး၏ ဘဝအကြောင်းကို သိထားကြပြီးဖြစ်သောကြောင့် သဘောမကျသည့် အမူအရာမျိုး ထုတ်ပြခြင်းမရှိပေ။
“ဒါကတော့ မန်နေဂျာလုပါ။” ဝမ်ဟွေ့ မိတ်ဆက်ပေးလိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်။ မန်နေဂျာလု။”
“ထိုင်ကြပါဦး။”
“ဒါက စာချုပ်ပါ။ လက်မှတ်မထိုးခင် သေချာဖတ်ကြည့်လိုက်ပါဦး။” လုရှောင်းပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ရှားယီချူး၏စာချုပ်သည်လဲ စုထုံနျိုနှင့်အတူတူပင်ဖြစ်ကာ ကုမ္ပဏီဘက်မှအကျိုးအမြတ်ကို ၆:၄ဖြင့် ခွဲဝေယူမည်ဖြစ်သောကြောင့် ကုမ္ပဏီက ၆၀ရာခိုင်နှုန်းဖြစ်ကာ သူမကတော့ ၄၀ရာခိုင်နှုန်းရမည်ဖြစ်သည်။
ဖျော်ဖြေရေးလောကအကြောင်း ရှားယီချူးတွင် အတွေ့အကြုံသိပ်မရှိသော်လည်း ချောင်ကွမ်းရှန်နှင့် ကြာမြင့်စွာအလုပ်တွဲလုပ်ခဲ့ဖူးသောကြောင့် နည်းနည်းပါးပါး သင်ယူထားမိလေသည်။ ပုံမှန်ဆိုလျှင် ၈:၂သာဖြစ်ပြီး ၆:၄ဆိုသည်မှာ ရှားပါးလှသည့် ခွဲဝေမှုဖြစ်သည်။ အထူးသဖြင့် အောင်မြင်မှုမရသေးသည့် တက်သစ်စအနုပညာရှင်များအတွက်ပင်။
တကယ်တော့ ရှားယီချူးသည် အောင်မြင်မှုမရှိသေးသည့် တက်သစ်စတစ်ဦးသာဖြစ်ပေမည့် သူမ၏သီချင်းများကတော့ ထိုသို့မဟုတ်ပေ။ ဖေ့ဟဲနာသည် ရှားယီချူး၏အကူအညီဖြင့် Bအဆင့်စာရင်းဝင် အဆိုတော်တစ်ဦးပင်ဖြစ်နေပြီဖြစ်ကာ စုထုံနျိုထက်ပင် ပို၍ကျော်ကြားသူလဲဖြစ်သည်။ ရှားယီချူး လူအများရှေ့ကိုယ်တိုင် ထွက်နိုင်သွားလျှင်တော့ သူတို့၏မကောင်းသည့်လုပ်ရပ်များကို ဖော်ထုတ်ပြီးလျှင်တော့ဖြင့် ဖေ့ဟဲနာ၏အလုပ်အကိုင်မှာ လမ်းဆုံးရောက်သွားမည်ဖြစ်သည်။ ထို့အပြင် သူမ၏သီချင်းများသည် ဤရက်များအတွင် အလွန်အောင်မြင်နေသောကြောင့် လူအာရုံစိုက်မှုကို ရဖို့ရန် မခက်ခဲလှပေ။
ကိစ္စများပေါ်ပေါက်သွားလျှင် ရှားယီချူးလဲ ဝေဖန်ပြစ်တင်ခြင်းအနည်းနှင့်အများဆိုသလို ခံရနိုင်ပေမည့် အနုပညာလောကတွင် အနုပညာရှင်တိုင်းကို သဘောမကျဘဲ မုန်းတီးသည့်လူများရှိနေခြင်းမှာ သာမာန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်လေသည်။ တစ်ခါတရံ ထိုမုန်းတီးရေးသမားများသည် အင်တာနက်ပေါ်တွင် မကောင်းသည့်မှတ်ချက်များ ချန်ထားခဲ့ခြင်းမှာ ထိုအနုပညာရှင်က အမှားလုပ်မိနေခြင်းကြောင့်မဟုတ်ဘဲ သူတို့ကိုယ်တိုင်၏ ပြင်ပလူနေမှုဘဝမှ ဒေါသများကို ဖြေလျှော့သည့် နည်းလမ်းတစ်ခုသာဖြစ်ပေသည်။ ထို့အတွက်ကြောင့် အနုညာလောကတွင် လုပ်ကိုင်သူများမှာ အခြားလူများထက် စိတ်နှလုံးခိုင်မာဖို့ရန် အဓိကလိုအပ်သည်။
“မန်နေဂျာလု၊ ဒီအကျိုးအမြတ်ခွဲယူတဲ့ရာခိုင်နှုန်းက သေချာရဲ့လား?” ရှားယီချူး မရေမရာဖြင့် ပြန်မေးလိုက်သည်။
ထိုအခိုက် လုရှောင်းပြုံးလိုက်သောကြောင့် ရှားယီချူးပင် မှင်သက်သွားရသည်။ ဒီမန်နေဂျာ အရမ်းဆွဲဆောင်မှုရှိတာပဲ!
“မှန်ပါတယ်၊ ပြီးတော့ ဒါကအစပဲရှိသေးတယ်။ မင်းသာ Aအဆင့်အဆိုတော်တစ်ယောက်ဖြစ်လာရင် ရာခိုင်နှုန်းက ၅၀:၅၀ဖြစ်သွားမှာ။”
ရှားယီချူး ထိတ်လန့်သွားရပြန်သည်။ သူမသာ Aအဆင့်အဆိုတော်တစ်ဦးဖြစ်လာလျှင် အမြတ်၅၀ရာခိုင်နှုန်းတောင်မှ ရနိုင်တယ်ဆိုပဲ! သူမ၏ဘော့စ်အသစ်က အတော်လေးကို စေတနာကောင်းလွန်းတယ်!
အချိန်အတော်ကြာကာမှ ရှားယီချူး သူမစိတ်ကိုပြန်ထိန်းချုပ်နိုင်တော့သည်။
ကုမ္ပဏီဘက်မှနေပြီး သူမအတွက် တစ်ယောက်စာတိုက်ခန်းတစ်ခန်းနှင့် အသုံးစားရိတ်ထောက်ပံ့ပေးမည်ဖြစ်သည်။ သူမတွင် ကိုယ်ပိုင်အိမ်ရှိလာလျှင်တော့ အိမ်စားရိတ်အတွက် တစ်လလျှင် ယွမ်၃ထောင်နှင့် အသုံးစားရိတ်များပေးမည်ဖြစ်သည်။
***
အခန်း ၅၆၂
ဘာရည်ရွယ်ချက်နဲ့လဲ?
ရှားယီချူး မြို့တော်သို့ ယခုမှရောက်ခါစဖြစ်၍ သူမတွင်အတွက် သင့်လျော်သည့် တိုက်ခန်းရှာမတွေ့သေးသောကြောင့် သူမနှင့်သူမမောင်နေထိုင်ဖို့ရန်အတွက် တိုက်ခန်းတစ်ခန်းငှားနေရန် အိမ်စားရိတ်ယွမ်၃ထောင်ကိုသာ ယူဖို့ဆုံးဖြတ်လိုက်သည်။
မြို့တော်၏ အိမ်ရာဈေးနှုန်းမှာ အလွန်မြင့်မားလှသော်လည်း ယွမ်၃ထောင်နှင့်ဆိုလျှင် အခန်းကောင်းတစ်ခန်းလောက် ငှားနေဖို့ရန်က လုံလောက်နေစဲပင်။
ရှားယီချူးနှင့် ရှားယီသုန့်တို့ မောင်နှမမှာ ဆင်းဆင်းရဲရဲနေခဲ့ရပေမည့် Bမြို့တွင်တော့ ကိုယ်ပိုင်တိုက်ခန်းတစ်ခုရှိထားပေသည်။ ထိုBမြို့မှတိုက်ခန်းမှာ လွန်ခဲ့သည့် ၁၀နှစ်လောက်က သူတို့၏မိဘများဝယ်ပေးခဲ့ခြင်းဖြစ်ပြီး အနည်းငယ်အိုဟောင်းနေပေမည့် ရောင်းလိုက်လျှင်တော့ ငွေကြေးအနည်းငယ်ပြန်ရဦးမည်ဖြစ်သည်။ ထိုရောင်းရငွေကိုရရှိကာမှ သူမတို့မြို့တော်တွင် အခန်းငယ်တစ်ခန်းလောက် ပြန်ဝယ်နိုင်ပေလိမ့်မည်။
သူမတို့အနေဖြင့် Bမြို့သို့လဲပြန်သွားဖို့ရန် မဖြစ်နိုင်တော့တာကြောင့် နောင်တစ်ချိန်တွင် မြို့တော်၌သာ အခြေချဖို့ရန် ရှားယီချူး တွေးထားလေသည်။ Bမြို့တွင်သာ ဆက်နေပါက ချောင်ကွမ်းရှန်နှင့် ဖေ့ဟဲနာတို့၏ရန်ကို သူမတို့ စိုးရိမ်ပူပန်နေရဦးပေမည်။
အဆုံးတွင်တော့ ရှားယီချူး စာချုပ်တွင် လက်မှတ်ထိုးလိုက်ပြီးကာမှ အတော်လေးစိတ်အေးသွားတော့သည်။ နောက်ဆုံးတော့ သူမအိပ်မက်ကို အကောင်အထည်ဖော်ကာ နောင်အနာဂါတ်တွင် ကိုယ်တိုင် လူရှေ့ထွက်ကာ ရပ်တည်ရှင်သန်နိုင်ပေတော့မည်။
လုရှောင်း စာချုပ်ကို ပြန်စစ်လိုက်ပြီးနောက်တွင်တော့၊
“ဒါနဲ့၊ မင်းရဲ့မောင်က အခုဘယ်နှတန်းတက်နေတာလဲ?”
“၁၁တန်းပါ။” ရှားယီချူး ပြန်ဖြေလိုက်သည်။
“ကျောင်းရဲ့အဆင့်နဲ့ပတ်သတ်ပြီး မင်းဘက်က အထူးတလည်တောင်းဆိုချင်တာရှိသေးလား?”
“မလိုပါဘူး။ ကျွန်တော့်အစ်မနဲ့နီးတဲ့နေရာဆိုရပါပြီ။” ရှားယီသုန့် အရင်ဝင်ဖြေလိုက်သည်။
ရှားယီသုန့်ပျော်သ၍ ဘာပဲလုပ်လုပ် ရှားယီချူးကလဲ လက်ခံမည်သာ။ ထို့အပြင် သူမလဲ သူမမောင်ကို သူမနှင့်အဝေးတွင် ပညာသင်မည်အဖြစ်မျိုး မဖြစ်စေလိုပေ။
“ကောင်းပြီလေ၊” ထို့နောက် လုရှောင်းက ဆက်ပြီး၊
“ရက်ပိုင်းလောက်တော့ နားလိုက်ဦး! အရင်ဆုံး နေဖို့နေရာရှာပေါ့။ နောက်မှမင်းလုပ်ရမယ့် အလုပ်နဲ့ပတ်သတ်ပြီး ဆက်သွယ်လိုက်မယ်။”
ဆွေးနွေးမှုများ ပြီးသည့်နောက်တွင်တော့ ရှားယီချူး၏ ဘဝအခြေကျသွားတော့သည်။
……..
ထန်ယွင်ဖန်းကို ကုမန့် စကားသွားပြောပေးနေချိန်တွင် ကုနင်းက သူမDမြို့သို့သွားမည့်အကြောင်းနှင့် ကုမန့်ကို ဂရုစိုက်ပေးစေလိုကြောင်း ထန်ဟိုင်ဖုန်းကို ပြောနေလေသည်။
“မြေးလေးရဲ့အမေကို အဖိုးတို့နဲ့နေခိုင်းလဲ ရတာပဲ။” ထန်ဟိုင်ဖုန်း အကြံပေးလိုက်သည်။
“အမေက သမီးတို့အိမ်မှာပဲ နေချင်နေမှာစိုးတယ်။”
“ဒါဆိုလဲ ထားလိုက်ပါ။” ထန်ဟိုင်ဖုန်း အတင်းမတိုက်တွန်းပေ။
ကုနင်း ဒီနေ့အတွင်း အခြားလုပ်စရာများလဲရှိနေသေးသောကြောင့် ထန်အိမ်တော်တွင် နေ့လည်စားစားချိန်အထိ မနေခဲ့ပေ။ ထို့နောက် Dမြို့သို့မသွားခင် လင်ရှောင်းထင်နှင့်အတူ အထည်ချုပ်စက်ရုံများ သွားရောက်ကြည့်ရှုရန်အတွက် ကုနင်း လင်ရှောင်းထင်ကို ခေါ်ဖို့ထွက်လာခဲ့လိုက်သည်။
ဒီနေ့အဖို့ Dမြို့သို့မသွားခင် သူမအိမ်ပြန်လာဖြစ်မည်လဲ မဟုတ်သလို လေဆိပ်တွင်လဲ ယွမ်၁၀သန်းကျော်တန်သည့် ကားကြောင့် လူများအာရုံစိုက်မည်အား မလိုချင်၍ ထန်အိမ်တော်တွင်သာ သူမကားကို ထားခဲ့လိုက်သည်။
လင်ရှောင်းထင်နှင့်တွေ့ပြီးနောက်တွင်တော့ အထည်ချုပ်စက်ရုံသို့ အတူ ပြန်ထွက်လာခဲ့သည်။ စက်ရုံများမှာ မြို့ဆင်ခြေဖုံးနေရာများနှင့် မြို့ဆင်ခြေဖုံးအနီးအနားများတွင် တည်ရှိကာ ကုနင်းနှင့်လင်ရှောင်းထင်တို့ ပထမဦးဆုံး သွားရောက်ကြည့်ရှုခဲ့သည့် စက်ရုံမှာတော့ မြို့ဆင်ခြေဖုံးအရပ်တွင်ရှိလေသည်။ ထိုစက်ရုံမှချုပ်လုပ်သည့် အဝတ်အစားများမှာ နာမည်ကြီးတံဆိပ်လဲမဟုတ်သလို စက်ရုံမှာလဲ ကြီးကြီးမားမားမဟုတ်သောကြောင့် အလယ်အလတ်တန်းစား အထည်ချုပ်စက်ရုံတစ်ခုသာဖြစ်သည်။
စက်ရုံမှာ ဘက်စကတ်ဘောကွင်းတစ်ကွင်းစာမျှကျယ်သည့် ဟောခန်းမကျယ်ကြီးများအဖြစ် အဆောက်အဦး၄ဆောင်ရှိကာ ထိုအနေအထားက ကုနင်းအတွက်တော့ လုံလောက်ပေသည်။ ထို့ကြောင့် ခနတဖြုတ်လှည့်ပတ်ကြည့်ရှုပြီးနောက်တွင်တော့ ထိုစက်ရုံကိုပဲ ဝယ်ဖို့ရန် ကုနင်းဆုံးဖြတ်လိုက်တော့သည်။
စက်ရုံထဲတွင်တော့ အလုပ်သမားအယောက်၆၀ကျော်ဝန်းကျင်ရှိကာ ကြီးကြပ်ရေးမှူး၁၀ယောက်မျှပါပြီး ကျန်လူများသည်တော့ သာမာန်အလုပ်သမားများသာဖြစ်လေသည်။
အထည်ချုပ်စက်ရုံမှာ အချိန်အတိုင်းအတာတစ်ခုထိ လုပ်ငန်းရပ်ထားရမည်ဖြစ်ပေမည့် ဝန်ထမ်းများကိုတော့ ပုံမှန်အတိုင်း လစာဆက်ပေးထားရပေမည်။ ထို့နောက် ကုနင်း Dမြို့မှပြန်လာမှသာ စက်ရုံအတွက် အခြားလိုအပ်သည့်ကိစ္စများကို စဉ်းစားဆုံးဖြတ်မည်ဟု တွေးထားလိုက်သည်။
……
ထိုအချိန်တွင်ပဲ တစ်ဖက်၌ ချောင်ကွမ်းရှန်သည်တော့ ရှားယီချူးကြောင့် စိတ်ချောက်ချားလို့နေလေသည်။
နာရီအနည်းငယ်ကြာပြီးနောက်တွင်တော့ လျှိုကော ပြန်ဆက်သွယ်လာခဲ့ကာ သတင်းကောင်းတော့ ပါမလာခဲ့ပေ။
“ကွမ်းရှန်၊ မင်းပေးတဲ့ပုံထဲက နှစ်ယောက်ကို ငါရှာလို့မတွေ့ဘူး။ သူတို့ Bမြို့ကို ထွက်သွားနှင့်ပြီးတာများ ဖြစ်နိုင်မလား?” လျှိုကောမေးလိုက်သည်။
ချောင်ကွမ်းရှန်လဲ ထိုသို့တွေးမိပေမည့် အမှန်တရားကို လက်မခံနိုင်ခဲ့ပေ။ သို့ပေမည့် လျှိုကောတောင်မှ သူတို့နှစ်ယောက်ကို Bမြို့တွင် ရှာမတွေ့ဘူးဆိုမှတော့ သေချာပေါက် ထွက်သွားလောက်ပေပြီ။ ဒါနဲ့ သူတို့ဘယ်ကိုထွက်သွားကြတာလဲ?
လျှိုကောသည် ဂိုဏ်းတစ်ခုမှ အဖွဲ့ဝင်တစ်ဦးဆိုသော်လည်း သူသည် ဂိုဏ်းထဲမှ အရာရောက်သည့် လူတစ်ဦးတော့မဟုတ်သောကြောင့် သူလုပ်နိုင်သည့် အတိုင်းအတာမှာ ကန့်သတ်ချက်ရှိလေသည်။
ချောင်ကွမ်းရှန်တွင်လဲ ရှားယီချူးနှင့်ရှားယီသုန့်တို့ ဘယ်မြို့ကိုသွားသည်အထိ စစ်ဆေးဖို့ရန်အတွက် အဆက်အသွယ်ကောင်းကောင်းလဲ ထပ်မရှိတော့ပေ။
လျှို့ကော သူ့တာဝန်ကိုဖြစ်သည့် ရှားယီချူးနှင့်ရှားယီသုန့်တို့ကို ရှာမတွေ့ခဲ့သော်လည်း ချောင်ကွမ်းရှန်ကတော့ သဘောတူထားသည့်အတိုင်း ယွမ်၅သောင်းကို ပေးရစဲပင်။
“ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ? ဘာဆက်လုပ်ကြမလဲလို့?” ဖေ့ဟဲနာသည်တော့ အတော်လေးကို လမ်းပျောက်လို့နေပေပြီ။ သူတို့သာ ရှားယီချူးကို မရှာနိုင်လျှင် နှစ်ယောက်လုံး ဘဝပျက်ကြပေလိမ့်မည်။
ချောင်ကွမ်းရှန်လဲ မျှော်လင့်ချက်မဲ့လိုနေပြီဖြစ်ပေမည့် အမှန်တရားကိုတော့ လွယ်လွယ်တော့ လက်မလျှော့နိုင်သေးပေ။
…..
ကုနင်းနှင့်လင်ရှောင်းထင်တို့ စက်ရုံမှထွက်လာချိန်တွင် ညနေ၃နာရီလဲခွဲပြီးလို့နေပြီဖြစ်သောကြောင့် လေဆိပ်သို့သာ တန်းလာခဲ့လိုက်သည်။
သူမတို့Dမြို့သို့ရောက်ချိန်တွင်တော့ ည၈နာရီထိုးနေပြီဖြစ်၍ တက္ကစီတစ်စီးကိုငှား၍သာ မြို့ထဲသို့ ထွက်လာခဲ့လိုက်သည်။
ချူးဖေ့ဟန်တို့အဖွဲ့ကို ကြိုဖို့ကိုတော့ ကုနင်းအလျင်မလိုဘဲ နောက်နေ့ရောက်မှသာ ဆက်သွယ်ဖို့ဆုံးဖြတ်ထားလလေသည်။ အခုလောလောဆယ် အရေးကြီးသည်က သူတို့အတွက် ဟိုတယ်ခန်းတစ်ခန်းငှားကာ ညစာစားကြဖို့ပင်။
………
Bမြို့၌၊
ဖန်းကျီရွေ့တစ်ယောက် အဆင့်မြင့်ကလပ်တစ်ခုမှသီးသန့်ခန်းတစ်ခန်းတွင် သူငယ်ချင်းအပေါင်းအသင်းများနှင့် ပျော်ပါးလို့နေသည်။
“ကျီရွေ့၊ ရက်တွေတောင်ကြာနေပြီ၊ မင်းရဲ့ဘော့စ်က ဘာလို့ အခုထိမဆက်သွယ်သေးတာလဲ?” ဖန်းကျီရွေ့ကို ကုနင်းအား အပြင်ထွက်ဖို့ ဖိတ်ခိုင်းသည့်လူက ထပ်မံပြောလိုက်ခြင်းဖြစ်သည်။
ထိုလူ၏နာမည်သည်က ဖန်ရှင်းဖြစ်ကာ အသက်၂၈နှစ်ရှိပြီဖြစ်ပြီး အဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ လက်ထောက်မန်နေဂျာတစ်ဦးလဲဖြစ်သည်။ ထိုလူ ကုနင်းအကြောင်းပဲ ဆက်တိုက်ပြောနေခြင်းက ကုနင်းကို စိတ်ဝင်စားနေ၍မဟုတ်ဘဲ ထန်မိသားစုနှင့် နီးစပ်လို၍သာဖြစ်လေသည်။
ဖန်ရှင်းသည် ထန်မိသားစုကို အကြောင်းအရင်းတစ်ခုကြောင့် ချဉ်းကပ်လိုနေခြင်းပင်။
Bမြို့အစိုးရအဖွဲ့မှနေပြီး ဤနှစ်အတွက် နိုင်ငံခြားသားများကို ဆွဲဆောင်ဖို့ရန် ပရောဂျက်တစ်ခုလုပ်မည်ဖြစ်ကာ ထိုပရောဂျက်တွင် ကုမ္ပဏီငါးခုသာ ပါဝင်လုပ်ကိုင်ဖို့ကိုလဲ သတ်မှတ်ထားပြီးဖြစ်သည်။ ထန်မိသားစုတော့ ထိုပရောဂျက်တွင် အဓိကတာဝန်ရှိသူများထဲမှ တစ်ဖွဲ့ဖြစ်သောကြောင့် ဖန်ရှင်းသည် ထန်မိသားစုနှင့် ရင်းနှီးမှုရရှိလိုနေခြင်းဖြစ်သည်။
သူသာ ထန်မိသားစုနှင့်အဆက်အသွယ်ရှိထားပါက သူတို့၏ဆောက်လုပ်ရေးကုမ္ပဏီလဲ ထိုပရောဂျက်တွင် လွယ်လွယ်ကူကူနေရာတစ်ခုရသွားပေလိမ့်မည်။ ထို့အပြင် သူနှင့် ထန်မိသားစုသိထားသည်ဆိုလျှင် နောင်စီးပွားရေးလုပ်ငန်းများအတွက်လဲ များစွာ အကူညီဖြစ်ထွန်းပေဦးမည်။
ဖန်ရှင်း၏စကားကြောင့် ဖန်းကျီရွေ့သောက်လက်စခွက်ကို ချထားလိုက်ပြီးမှ ကုနင်း သူ့ကို အတော်ကြာသည်အထိ မဆက်သွယ်လာသေးမှန်းကိုပါ သတိရသွားခဲ့သည်။
“သူအလုပ်များနေလို့ဖြစ်မှာပေါ့။”
ဖန်ရှင်းသည်တော့ ဖန်းကျီရွေ့နှင့် ကုနင်းတို့ကြား၏ ဆက်ဆံရေးကို သံသယဝင်လာခဲ့သည်။ သူတို့ချင်းတကယ်ရင်းနှီးကြလျှင် ကုနင်းပြန်ဆက်သွယ်ဖို့ ဒီလောက်ကြာနေစရာလိုလို့လား? ထိုသို့ဆိုလျှင်တောင်မှ ဖန်ရှင်း သူ့အတွေးများကို ထုတ်ပြောမည်မဟုတ်ပေ။ သူကိုယ်တိုင်ကလဲ ဖန်းကျီရွေ့နှင့် ကုနင်းတို့ အမှန်တကယ်ရင်းနှီးကြဖို့ရန် မျှော်လင့်နေသူမဟုတ်ပါလား။
“မင်းဘာရည်ရွယ်ချက်ရှိနေတာလဲ? ဘာလို့ အမြဲမိန်းကလေးကုအကြောင်းပဲ ပြောနေတာလဲ?” ကွမ်းပင်းသည်က ဖန်ရှင်း ကုနင်းအကြောင်းပဲပြောနေခြင်းက သူမကို စိတ်ဝင်စားနေသောကြောင့် ဖြစ်လောက်မည်ဟုတွေးမိပေမည့် ဖန်းကျီရွေ့သည်တော့ သံသယမျက်လုံးများဖြင့်သာ ဖန်ရှင်းကို ကြည့်လိုက်လေသည်။
သို့ပေမည့် ဖန်ရှင်းကတော့ ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
“သူကအရမ်းအံ့ဩဖို့ကောင်းတယ်ကြားထားလို့ တွေ့ဖူးချင်ရုံပါ၊ ဒီလောက်ပါပဲ။”
***
အခန်း ၅၆၃
ထန်ဝေ့ရုန်
“ထားပါ၊ ငါရှင်းရှင်းပြောလိုက်မယ်။ ငါတို့ဘော့စ်က မင်းကို စိတ်ဝင်စားမှာမဟုတ်ဘူး။” ဖန်းကျီရွေ့ ပြောလိုက်သည်။
ထိုစကားကြောင့် ဖန်ရှင်း၏ နှုတ်ခမ်းများတည်တင်းသွားတော့သည်။ သူ ကုနင်းကို သဘောမကျပေမည့် ဤစကားကတော့ သူ့ကို ထိခိုက်စေသလိုခံစားရသောကြောင့် ပြန်မေးလိုက်သည်။
“ဘာလို့လဲ?”
“ဘာလို့ဆို ငါတို့ဘော့စ်က လှပပြီး သိုင်းတတ်ရုံတင်မကဘူး။ အရေးကြီးဆုံးက အခုမှ အထက်တန်းနောက်ဆုံးနှစ်အရွယ် ၁၈နှစ်ပဲရှိသေးလို့ပဲ။” ဖန်ကျီရွေ့၏ဆိုလိုရင်းမှာ ဖန်ရှင်းနှင့် သူ့ဘော့စ်ကြားက အသက်အရွယ်ကွာခြားလွန်းခြင်းကိုဖြစ်ကာ သူတို့နှစ်ဦး တွဲဖို့ရန် မဖြစ်နိုင်ဟု မြင်မိခြင်းပင်။
ကုနင်း၏အသက်အကြောင်းသိလိုက်ရသည်နှင့် ဖန်ရှင်းပင် အတော်လေးထိတ်လန့်အံ့ဩသွားရသည်။ ကုနင်း ဤမျှအသက်ငယ်ငယ်နှင့် ထူးချွန်အောင်မြင်နေလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။
“ဟ-ဟ၊ ငါ့ဘော့စ်က သာမာန်မိန်းကလေးတစ်ယောက်မဟုတ်ဘူးလေ။” ဖန်ရှင်းထိတ်လန့်သွားသည်ကို မြင်လိုက်ရတော့ ဖန်းကျီရွေ့တစ်ယောက် သူကိုယ်တိုင်၏အောင်မြင်မှုတစ်ခုလိုပင် ဂုဏ်ယူနေဟန်ဖြင့် ဆက်ပြောလိုက်သည်။
ဖန်ရှင်းမှလွဲ၍ လူတိုင်း ကုနင်း၏အောင်မြင်မှုများကို မျက်မြင်တွေ့ဖူးထားကြပြီးဖြစ်သောကြောင့် ဘယ်သူကမှ မဖြစ်နိုင်လောက်သည့် အရာဟုမတွေးမိကြတော့ဘဲ ကုနင်းက သူတို့မြင်ထားသည်ထက်ပင် ပို၍ထူးချွန်သူဖြစ်လောက်မည်ဟုသာ မျှော်မှန်းထားကြလေသည်။
“ဝိုး၊ ငါတော့ စိတ်ဝင်စားသွားပြီ။”
……
ထိုအချိန်တွင်ပဲ Bမြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခု၏ သုံးထပ်အဆောက်အဦးတစ်ခုမှ နှစ်ထပ်မြောက်ရှိ စာကြည့်ခန်းတစ်ခန်းတွင်တော့ သက်လတ်ပိုင်းအရွယ်အမျိုးသားနှစ်ဦး အကြောင်းအရာတချို့ကို ပြောဆိုဆွေးနွေးလို့နေလေသည်။
သူတို့ထဲမှ တစ်ဦးသည်က ထန်သဲ့မင်ဖြစ်ကာ ကျန်တစ်ယောက်သည်တော့ ထန်ရှင်းယွဲ့၏ဖခင် ထန်ဝေ့ရုန်ဖြစ်သည်။
ထန်သဲ့မင်နှင့်ထန်ဝေ့ရုန်တို့ ပြီးခဲ့သည့်တစ်ခေါက် ဖုန်းပြောဆိုနေခြင်းမှနေပြီး ထန်ဝေ့ရုန်သည် ထန်မိသားစုအပေါ်တွင် ကြီးမားကြာရှည်သည့် မကျေလည်မှုကြီးတစ်ခုရှိနေကြောင်း သိသာလှကာ ထန်ယွင်ဖန်းကိုလဲ အကြိမ်ပေါင်းများစွာ တိတ်တဆိတ်လုပ်ကြံတိုက်ခိုက်နေပုံပင်။ တကယ်တော့ ထန်ယွင်ဖန်းFမြို့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုသည်လဲ ထန်ဝေ့ရုန် စီစဉ်ထားသည့်ကိစ္စပင်ဖြစ်သည်။ သို့ပေမည့် ထန်မိသားစုဝင်များကတော့ ထိုအကြောင်းကို မသိရှိခဲ့ပေ။
ထန်မိသားစုသည် အင်အားကြီးမိသားစုဖြစ်သည်မှန်သော်လည်း ရန်သူများကတော့ နေရာတိုင်းတွင် ရှိနေစဲပင်။ အထူးသဖြင့် ထန်မိသားစုဝင်များသည် ထန်ဝေ့ရုန် သေသွားပြီဟု ယုံကြည်ထားခြင်းကြောင့် ယခုအဖြစ်အပျက်ကို မစုံစမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဤကိစ္စကို ပြောရလျှင်ဖြင့် ထန်ယွင်ဖန်းတစ်နှစ်နီးပါးပျောက်သွားခဲ့ရသည့် လွန်ခဲ့သည့် ၁၈နှစ်ကို ပြန်သွားရပေမည်။
လွန်ခဲ့သည့် ၁၉နှစ်တုန်းက ထန်ဟိုင်ဖုန်း၏ ညီငယ် ထန်ဟိုင်မင်းသည် ထန်ယွင်ဖန်းကို မကောင်းကြံစည်ကာ ထန်ယွင်ဖန်းပင် အသတ်ခံရလုနီးနီးဖြစ်ခဲ့ရသည်။ ထန်ဝေ့ရုန်သည်တော့ ထန်ဟိုင်မင်း၏သားဖြစ်လေသည်။
တစ်နှစ်ကြာပြီးနောက်တွင်တော့ ထန်ယွင်ဖန်း အိမ်သို့ပြန်ရောက်လာခဲ့ကာ ထန်ဟိုင်မင်းနှင့် ထန်ဝေ့ရုန်တို့၏ ကြံစည်မှုများပေါ်ပေါက်သွားခဲ့ရပြီး ထန်မိသားစုမှ ထွက်ပြေးခဲ့ကြရသည်။ သူတို့ကို လိုက်ဖမ်းနေစဉ်အတွင်းတွင်ပဲ ကံမကောင်းစွာဖြင့် ထန်ဟိုင်မင်း ကားတိုက်မှုဖြစ်ကာ သေဆုံးခဲ့ရပြီး ထန်ဝေ့ရုန်သည်တော့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကာ သူ၏ဇနီးနှင့်ကလေးသည်သာ အသက်ဘေးမှလွတ်မြောက်ခဲ့ကြသည်။
အဓိကကြံစည်သူများမှာ ထန်ဟိုင်မင်းနှင့်ထန်ဝေ့ရုန်ဖြစ်ပြီး ထန်ဝေ့ရုန်၏ဇနီးနှင့်သမီးသည်က အပြစ်မဲ့သူများဖြစ်သောကြောင့် ထန်ဟိုင်ဖုန်းက သူတို့နှစ်ဦးကို အပြစ်မပေးခဲ့တော့ပေ။ ထို့နောက် ထန်ဝေ့ရုန်လဲ သေဆုံးသွားပြီဟု ကြားခဲ့ရပေမည့် မည်သူကမျှ စစ်ဆေးခြင်းမပြုခဲ့သလို မျက်မြင်လဲမတွေ့ခဲ့ရပေ။ ထိုကိစ္စကို ထန်မိသားစုက အရေးမကြီးဟုလဲ သတ်မှတ်ထားခြင်းကြောင့်ဖြစ်ပေသည်။ မမျှော်လင့်ထားစွာပင် ထိုရန်ငြှိုးကြောင့် ယခုအချိန်တွင် ထန်ဝေ့ရုန် ပြန်ရောက်လာကာ ထန်မိသားစုကို ဆက်လက်မကောင်းကြံတော့သည်။
အခုချိန်တွင် ထန်ဝေ့ရုန်၏သမီး ထန်ရှင်းယွဲ့သည်လဲ ထန်ဟွမ်းလုပ်ငန်းစုအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်နေပြီဖြစ်သည်။ သူတို့ဘက်မှ ပြင်ဆင်စရာအားလုံးပြီးသည်နှင့် ထန်ဟွမ်းလုပ်ငန်းစုကို သိမ်းယူရန် စီစဉ်ထားကြခြင်းဖြစ်သည်။
ထန်ရှင်းယွဲ့ ထန်ဟွမ်လုပ်ငန်းစုအတွင်း ဝင်ရောက်နိုင်သည်မှာလဲ သူမ၏နောက်ခံနှင့်နာမည်အားလုံးကို ပြောင်းပစ်ခဲ့ခြင်းကြောင့် မည်သူကမှ သူမနှင့် ထန်ဝေ့ရုန်တို့ ဆက်စပ်နေသည်ကို သတိမထားမိကြတော့ခြင်းဖြစ်သည်။
“နောက်ဆုံးရထားတဲ့သတင်းအရတော့၊ ဒီရက်ပိုင်းအတွင်း ထန်အိမ်တော်ကို သားအမိနှစ်ယောက်မကြာမကြာလာလည်နေတယ်လို့ပြောတယ်။ သူတို့နှစ်ယောက်နဲ့ ထန်မိသားစုရဲ့ဆက်ဆံရေးက ရှင်းရှင်းလင်းလင်းမရှိပေမည့် ကြည့်ရတာတော့ ထန်ယွင်ဖန်းနှင့် ဆက်စပ်နေပုံပဲ။” ထန်သဲ့မင်ပြောလိုက်သည်။
ထန်သဲ့မင်သည် ထန်မိသားစု၏ မိသားစုခွဲတစ်ခုမှဖြစ်ကာ ထန်ယွင်ဖန်းကို ထိခိုက်အောင်ကြံစည်ဖို့ရန် စိတ်ကူးထားခြင်းမရှိသလို ထန်မိသားစုကို သစ္စာဖောက်ဖို့ရန် အတွေးလဲ ဘယ်တုန်းကမှမရှိခဲ့ပေ။ သို့ပေမည့် ထန်ဝေ့ရုန်၏မျက်နှာသာပေးမှုများစွာကို ဆက်တိုက်ဆိုသလို လက်ခံရရှိကာ ထန်ဝေ့ရုန်၏ သွေးထိုးခြင်းနှင့်အသားကျသွားချိန်တွင်တော့ ထန်ဝေ့ရုန်အတွက်ဆိုလျှင် ဘယ်အရာမဆိုလုပ်ကိုင်ပေးတော့မည့် အဆင့်သို့ရောက်ရှိသွားပေတော့သည်။
ထန်သဲ့မင်၏စကားကြောင့် ထန်ဝေ့ရုန် မျက်ခုံးပင့်မိသွားကာ သူ့မျက်လုံးထဲမှလဲ အန္တရာယ်အငွေ့အသက်များ ယှက်သန်းလာခဲ့သည်။
“မင်းပြောချင်တာက အဲ့ဒီသားအမိက ထန်ယွင်ဖန်း၏ ဇနီးနဲ့သမီးဖြစ်နိုင်တယ်ဆိုတဲ့ သဘောပေါ့?”
“ဟုတ်ပါတယ်။” ထန်သဲ့မင်လဲ ထိုသို့တွေးမိလေသည်။ သို့ပေမည့် ထိုသို့သံသယရှိမိပြီဆိုမှတော့ လျစ်လျူရှုထား၍ရသည့်အချက်ဟု သူတို့မတွေးထားတော့ပေ။
“ဒီလိုဆိုတော့လဲ ထန်ယွင်ဖန်း အတော်လေးအဖွက်ကောင်းတာပဲ! ဒီနှစ်တွေအတွင်း ဘယ်သူမှမသိအောင် သူတို့ကို ဖွက်ထားနိုင်တယ်။” ထန်ဝေ့ရုန်၏အပြုံးမှာ ကြောက်စရာကောင်းလာခဲ့ကာ၊
“ထန်ယွင်ဖန်း မတော်တဆမှုဖြစ်တယ်ဆိုတာနဲ့ သူတို့က တန်းပေါ်လာတယ်ပေါ့။ သူတို့လဲ ထန်မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ဝိုင်းလုလာမှာ စိုးရိမ်ရတယ်။”
ထန်ဝေ့ရုန်ကတော့ သံသယရှိရုံတင်မကဘဲ အမှန်တကယ်ဖြစ်လောက်မည်ဟုလဲ ယုံကြည်လေသည်။ ထိုကောင်မလေးသာ ထန်ယွင်ဖန်း၏ သမီးအရင်ဆိုလျှင် ထန်မိသားစု၏ပိုင်ဆိုင်မှုများကို အမွေဆက်ခံရမည့်သူက သူမဖြစ်နိုင်ပေသည်။ သို့ပေမည့် ထန်ဟွမ်းလုပ်ငန်းစုသည် သူ့အပိုင်သာဖြစ်သည်။ ဘယ်သူကိုမှ ထန်ဟွမ်းကို လုယူခွင့်ပေးလိမ့်မည်မဟုတ်ပေ။
“သေချာသိရအောင် ငါလူတချို့စီစဉ်လိုက်မယ်။ သူတို့သာ တကယ်ပဲ ထန်ယွင်ဖန်းရဲ့မိသားစုဆိုရင် အသက်ရှင်ခွင့်ပေးထားလို့မဖြစ်ဘူး။” ထန်ဝေ့ရုန်၏အသံမှာ အေးစက်ကာ အကြင်နာမဲ့လှပေသည်။ သူ့လမ်းတွင် ပိတ်ဆို့လာမည့်ဘယ်သူ့ကိုမဆို ဖယ်ရှားပစ်ဖို့ရန် ဝန်လေးမည့်လူမဟုတ်ပေ။
ထန်သဲ့မင်၏မျက်ဝန်းထဲတွင်လဲ အလင်းတန်းတစ်ခု ဖြတ်သွားကာ သူသည်လဲ ထန်ဝေ့ရုန်ကဲ့သို့ပင်တွေးမိလေသည်။
ထို့နောက် ထန်ဝေ့ရုန် အခါးရည်တစ်ခွက်ကိုသောက်လိုက်ကာ၊
“ဒါနဲ့၊ သူတို့ရဲ့စိတ်ကောပြောင်းသွားပြီလား?”
ထိုသူတို့ဆိုသည်မှာ ဥက္ကဌအသစ်ရွေးပွဲတွင် ကြားနေခဲ့သည့် ချန်ကျုံးရှန်းနှင့် ဝူပေါ်ယန်တို့ကိုဆိုလိုခြင်းဖြစ်သည်။
ထန်သဲ့မင်သည်တော့ အလိုမကျသည့်အသံဖြင့်၊
“သူတို့အခုထိ ရှင်းရှင်းလင်းလင်းပြန်မဖြေသေးဘူး။ ကြည့်ရတာ အရင်အတိုင်းဆက်နေပြီး ငါတို့ရဲ့တိုက်ပွဲထဲဝင်မပါချင်ပုံပဲ။”
ထိုနှစ်ယောက်ဝင်မပါရုံဖြင့် သူတို့အကြံအစည်များ ပျက်သွားသွားမည်မဟုတ်သော်လည်း ထောက်ခံသူပိုများလေ လုပ်ရကိုင်ရပို၍အဆင်ပြေလေမဟုတ်ပါလား။
“မြေခွေးအိုကြီးတွေ။” ထန်ဝေ့ရုန် အလိုမကျဖြစ်သွားသည်။ ချန်ကျုံးရှန်းနှင့် ဝူပေါ်ယန်တို့သည် သတ္တိကြောင်သူများဖြစ်လေသည်။ သူတို့သည် ကျရှုံးရမည်အားကြောက်သူများဖြစ်သည်။ သူတို့သာ ဤပွဲတွင် ကျရှုံးသွားပါက အရာရာတိုင်းဆုံးရှုံးသွားကြရပေလိမ့်မည်။
ထန်ဝေ့ရုန်လဲ သူတို့ဘာကြောင့် ကြားနေလိုမှန်း နားလည်ပေမည့် ရင်းနှီးမှုမရှိပါက အောင်မြင်မှုဆိုသည်မှာလဲ ရမလာနိုင်ပေ။ ထို့ကြောင့် ထိုနှစ်ယောက်ကိုတော့ လက်လျှော့လိုက်ဖို့ရန်သာ ထန်ဝေ့ရုန်ဆုံးဖြတ်လိုက်တော့သည်။
………
ကုနင်းနှင့်လင်ရှောင်းထင် ညစာစားပြီးနောက် ဟွမ်းဒင်ဟိုတယ်သို့ ထွက်လာခဲ့ကြသည်။ ကုနင်း၏ ဘလက်ခ်ကဒ်ကို ချူးဖေ့ဟန်အားပေးထားပြီးဖြစ်သောကြောင့် လင်ရှောင်းထင်နှင့် အခန်းသစ်တစ်ခန်းငှားမှသာဖြစ်ပေမည်။
နောက်တစ်နေ့မနက်တွင်တော့ ကုနင်း ချူးဖေ့ဟန်ကို မနက်၇နာရီလောက်တွင် ဖုန်းလှမ်းဆက်လိုက်သည်။
အစပထမတော့ ချူးဖေ့ဟန်တစ်ယောက် သူမနှိုးစက်ပေးထားရာမှမြည်လာသည်ဟု ထင်ကာ ထလာပေမည့် ကုနင်းဖုန်းခေါ်ခြင်းဖြစ်ကြောင်း သိလိုက်ရချိန်တွင်တော့ အံ့ဩသွားကာ၊
“ဟေ့၊ ဘော့စ်၊”
ကုနင်း ဒီနေ့လာလောက်မည်ကို ချူးဖေ့ဟန် သိထားပေမည့် ဤမျှအစောကြီးရောက်နေလိမ့်မည်ဟုတော့ သူမမမျှော်လင့်ထားခဲ့ပေ။
***
အခန်း ၅၆၄
စိတ်ဓါတ်စစ်ဆင်ရေး
“ငါအခု ဟွမ်းဒင်ဟိုတယ်ကိုရောက်နေပြီ။” ကုနင်း ချူးဖေ့ဟန်ကိုပြောလိုက်သည်။
“ဘာ?”
“နင်ကရောက်တောင်ရောက်နေပြီလား?”
“ဟုတ်တယ်၊ နင်နိုးနေတာလား?”
“မနိုးသေးဘူး၊ ဒါပေမယ့် ခနနေထဖို့လုပ်ထားတာပါ။”
“ဟုတ်ပြီလေ၊ ၇ခွဲလောက် အောက်ထပ်ဆင်းခဲ့ပေါ့ မနက်စာအတူတူစားကြရအောင်။ ငါ ဟောင်ရန်တို့ကိုလဲ ဖုန်းဆက်လိုက်ဦးမယ်။” ကုနင်း ဖုန်းချလိုက်သည်နှင့် ချူးဖေ့ဟန်တစ်ယောက် အိပ်ရာထဲဆက်မကွေးနေနိုင်တော့ဘဲ ချက်ချင်း ထကာပြင်ဆင်ရတော့သည်။ ထို့နောက် ကုနင်းဆက်လက်ပြီး ဟောင်ရန်တို့ကိုလဲ ဖုန်းဆက်လှမ်းနှိုးခဲ့ကာ ဟောင်ရန်တို့လဲ ချူးဖေ့ဟန်နည်းတူ အံ့ဩသွားကြပြီး ချက်ချင်းထကာ ပြင်ဆင်ကြတော့သည်။
ကုနင်းက ၇နာရီခွဲဆုံကြမည်ဟုပြောထားသော်လည်း ၇နာရီ၁၅မိနစ်လောက်ကတည်းက အောက်ထပ်ရှိ စားသောက်ခန်းတွင် အားလုံးစုံနေကြပြီဖြစ်သည်။
ကုနင်းနှင့်အတူ လင်ရှောင်းထင်ပါ ပါလာသည်ကိုမြင်လိုက်ရရာ အားလုံးအံ့ဩသွားကြပြီး မတ်တပ်ထကာ နှုတ်ဆက်လိုက်ကြသည်။ လင်ရှောင်းထင်သည် ဤနိုင်ငံ၏အသက်အငယ်ဆုံး ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သောကြောင့် သူတို့အားလုံး အလွန်လေးစားသဘောကျနေကြခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီးတစ်ဦးနှင့်အတူ တစ်စားပွဲတည်း ထိုင်စားဖို့အခွင့်အရေးမှာ ရှားပါးလွန်းလှကာ အခြားသူများသိပါက အလွန်မနာလိုဖြစ်နေကြပေလိမ့်မည်။ ထို့အပြင် လင်ရှောင်းထင်လို အေးစက်စက်ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် အတူထမင်းစားရခြင်းမှာ စိတ်ဖိစီးမှုအလွန်များသောကြောင့် စိတ်ဓါတ်စစ်ဆင်ရေးတစ်ခုကို ဆောင်ရွက်နေရသကဲ့သို့လဲ ခံစားကြရပေသည်။
“ဘော့စ်၊ မနေ့ကတည်းကရောက်နေတာလား?” ချူးဖေ့ဟန် စမေးလိုက်သည်။
“ဟုတ်တယ်၊ ဒါပေမယ့် ရောက်တဲ့အချိန်က အရမ်းနောက်ကျနေလို့ နင်တို့ကိုမခေါ်တော့တာ။”
“ဒါနဲ့၊ ငါတို့ မုခယ်ဆီကကြားတာတော့ နင်ကျန်တဲ့အတန်းချိန်တွေဆက်မတက်တော့ဘူးဆို၊ တကယ်လား?” ကုနင်း အမြဲတမ်းကျောင်းမတက်တာကို အသားကျနေကြပြီဖြစ်သောကြောင့် ဟောင်ရန် အံ့ဩခြင်းသိပ်မရှိဘဲ မေးလိုက်လေသည်။
“အင်း၊ ငါဒီရက်ပိုင်းအတွင်း တော်တော်လေး အလုပ်များမှာလေ။ ဒါကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေရတော့မှ တန်းပြီးပဲသွားဖြေလိုက်တော့မလို့။”
“ဘာ?” ဤစကားကိုတော့ အားလုံးအလွန်အံ့အားသင့်သွားကြရသည်။ ကုနင်း ကျောင်းပျက်သည်ကို နားလည်ပေးနိုင်သော်လည်း အခုလိုလုံးဝမတက်တော့ခြင်းကိုတော့ ကျောင်းအုပ်ကရော သဘောတူပေးပါ့မလား?
လင်ရှောင်းထင်သည်တော့ ကုနင်းနှင့် အချိန်အများကြီး အတူကုန်ဆုံးဖို့အခွင့်အရေးရသွားသောကြောင့် ကျေနပ်လို့နေလေသည်။ အခုဆိုလျှင် ကုနင်း ကျောင်းပိတ်ရက်ကိုစောင့်နေစရာမလိုတော့ဘဲ အတူရှိနိုင်ပေပြီ။
“နင်ကျောင်းအုပ်ကိုရော ပြောပြီးပြီလား? သဘောတူလိုက်လား?”
“ငါကျောင်းအုပ်ကိုပဲ တိုက်ရိုက်ဖုန်းဆက်ပြောလိုက်တာ၊ သူလဲ သဘောတူတယ်။”
မနက်စာစားပြီးချိန်တွင် အတော်လေးစောနေသေးသောကြောင့် သူမတို့ ခနလောက်နားပြီးကာမှ လုကျန်းရှိရာ ဟိုတယ်သို့ထွက်လာခဲ့ကြသည်။
ရိုက်ကူးရေးအဖွဲ့အတွက် သီးသန့်ကားတစ်စီး၊ စက်ပစ္စည်းများ သယ်ဖို့ရန် ထရက်ကားငယ်တစ်စီးနှင့် ဝန်ထမ်းများအတွက် အလယ်အလတ်ဘက်စ်ကားတစ်စီးဝယ်ရန် လုကျန်းကို ကုနင်းပြောပြောထားခဲ့သည်။ သရုပ်ဆောင်များသည်တော့ သူတို့၏ကိုယ်ပိုင်ကားများ သို့မဟုတ် မြို့၏ကားငှားသည့်နေရာမှကားများငှားနိုင်ပေသည်။ ထို့ကြောင့် ရိုက်ကူးရေးအဖွဲ့အားလုံးအတွက် ကိုယ်ပိုင်ကားများကို ပြောင်းလဲအသုံးပြုနေပြီး သရုပ်ဆောင်များသည်သာ ဟိုတယ်မှစီစဉ်ပေးသည့် ဘက်စ်ကားများကို အသုံးပြုကြပေသည်။ သူတို့အားလုံးသည် ကျော်ကြားသည့် အနုပညာရှင်များမဟုတ်သောကြောင့် သူတို့အတွက် သီးသန့်ကိုယ်ပိုင်ကားတစ်စီးစီ စီစဉ်ပေးဖို့ရန် မတောင်းဆိုကြပေ။
လုကျန်း ကုနင်းကိုမြင်လိုက်ရသည်နှင့် သူမလာမည်ဟုမသိထားသောကြောင့် အံ့ဩသွားခဲ့ပြန်သည်။
“အိုး၊ ဟိုင်း၊ မိန်းကလေးကု!” လုကျန်း ကြိုဆိုနှုတ်ဆက်လိုက်ပေမည့် အခြားလူများရှေ့တွင်တော့ ကုနင်းကို ဘော့စ်ဟုမခေါ်ခဲ့ပေ။
“ဟိုင်း၊ မိန်းကလေးကု!” စုထုံနျိုနှင့်ကျန်လူများလဲ ကုနင်းကို နှုတ်ဆက်လိုက်ကြသည်။
အခြားရိုက်ကူးရေးအဖွဲ့သားများသည်တော့ ကုနင်းက ဤဇာတ်လမ်းအတွက် ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း မသိထားကြသေးသော်လည်း သရုပ်ဆောင်များနှင့် လုကျန်း၏ နှုတ်ဆက်ပုံကြောင့် အရေးပါသည့်လူတစ်ယောက်ဖြစ်မည်ကိုတော့ သိကြလေသည်။
လုကျန်းတို့အဖွဲ့ ဘက်စ်ကားအကြီးထဲသို့ဝင်လိုက်ချိန်တွင်တော့ လင်ရှောင်းထင်ကိုမြင်လိုက်ရကာ အကုန်လုံးမှင်သက်သွားကြတော့သည်။ ထို့နောက် လင်ရှောင်းထင်ကို ကုနင်းထပ်မံငှားရမ်းထားသည့် အနုပညာရှင်တစ်ယောက်သာ ဖြစ်လိမ့်မည်ဟုလဲ တွေးမိသွားကြလေသည်။
ကားထဲတွင် ကုနင်းမရှိဘဲ လင်ရှောင်းထင်ဘေးတွင် သူစိမ်းများသာ ဝန်းရံလို့နေသောကြောင့် သူတစ်ယောက်တည်း အရှေ့ခုံတွင်ထိုင်နေကာ လူတိုင်းနှင့်ကင်းကွာနေခဲ့သည်။ ထို့သို့တသီးတခြားနေခြင်းကြောင့်လဲ ဘယ်သူကမှ လင်ရှောင်းထင်ကို စကားသွားမပြောရဲကြပေ။
စီစဉ်စရာရှိသည်များစီစဉ်ပြီးနောက် ကုနင်းပြန်ရောက်လာကာ လင်ရှောင်းထင်ဘေးတွင် ထိုင်လိုက်သောကြောင့် လင်ရှောင်းထင်၏အမူအရာလဲ ပြန်လည်ပျော့ပျောင်းသွားတော့သည်။
မကြာမီမှာပင် ဘက်စ်ကားစတင်ထွက်ခွာခဲ့ကာ ကုနင်းကတော့ လင်ရှောင်းထင်ကို ဘက်စ်ပေါ်မှ အခြားလူများနှင့် မိတ်မဆက်ပေးခဲ့သလို ဘယ်သူကမှလဲ လင်ရှောင်းထင် ဘယ်သူလဲ ထုတ်မမေးကြပေ။
ကိစ္စအားလုံးသာ အဆင်ပြေပြေနှင့် စီစဉ်ထားသည့်အတိုင်းဖြစ်မည်ဆိုလျှင် ဤမနက်ပိုင်းတွင်ပင် သူတို့၏ ချန်ယန်းတောင်ပေါ်မှ ရိုက်ကွင်းအပြီးသတ်နိုင်ပေလိမ့်မည်။
မနက်ပိုင်းရိုက်ကွင်းပြီးသွားသည့်နောက် အားလုံးနေ့လည်စာစားရန် ဟိုတယ်သို့ပြန်လာခဲ့ကြသည်။ နေ့လည်စာသွားစားသည့် ဟိုတယ်မှာ ကြယ်လေးပွင့် ကြယ်ငါးပွင့်အဆင့်မဟုတ်သော်လည်း သာမာန်ဆိုင်မှ ပါဆယ်ဆွဲစားသည်ထက်တော့ များစွာပိုကောင်းပေသည်။
နောက်ရက်များတွင်တော့ Dမြို့၏ ရေဒီယိုနှင့်ရုပ်မြင်သံကြားတက္ကသိုလ်တွင် ဆက်လက် ရိုက်ကူးသွားကြရမည်ဖြစ်သည်။ ကျန်းပါးဝမ့်ဘက်ကလဲ ထိုကျောင်းတွင်ရိုက်ကူးရန်အတွက် ကျောင်းအုပ်နှင့်ဆွေးနွေးပြီးထားပြီဖြစ်သောကြောင့် အချိန်ထပ်ကုန်စရာမလိုတော့ပေ။
ချူးဖေ့ဟန်တို့အဖွဲ့သည် ဇာတ်လမ်းထဲတွင် မိုင်းတွင်းမှသရဲဇာတ်လမ်း၌သာ အဓိကပါဝင်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းထဲတွင် ရှေးဟောင်းဂူသင်္ချိုင်းအကြောင်းကို ပါမောက္ခကသတင်းကြားသွားပြီး ကျောင်းသားနည်းနည်းပါးပါးခေါ်ကာ သွားရောက်ခဲ့ခြင်းဖြစ်သည်။
ထိုဇာတ်ဝင်ခန်းမှာ စက္ကန့်ပိုင်းလောက်သာပါလေသည်။
ချူးဖေ့ဟန်တို့တင်မကသေး အခြားကျောင်းသားများနေရာကိုလဲ ဖြည့်ရဦးမည်ဖြစ်သောကြောင့် ရုပ်သံလွှင့်ဌာနမှကျောင်းသားကျောင်းသူအချို့လဲ ဤဇာတ်လမ်းတွင် ပါဝင်ကြပေလိမ့်မည်။ အခြားသူများအတွက်လဲ ဇာတ်လမ်းထဲတွင် ဇာတ်ရုပ်တစ်ခုအဖြစ် ပါဝင်ရမည်ဖြစ်သောကြောင့် ထိုလူများနှင့် လုကျန်းစာချုပ်ချုပ်ဆိုထားခဲ့လေသည်။
ရိုက်ကူးရေးအဖွဲ့ ကျောင်းသို့ရောက်ချိန်တွင်တော့ ကျောင်းဝန်းထဲမှ ကျောင်းသားများ၏ အာရုံက ထိုအဖွဲ့ဆီသို့သာ ရောက်ရှိလာတော့သည်။
မကြာခင်တွင်ပဲ ချူးဖေ့ဟန်တို့အဖွဲ့သရုပ်ဆောင်ရမည့်အခန်းပြီးမောက်သွားခဲ့ပေမည့် ကုနင်းကဆက်နေနေသေးသောကြောင့် သူတို့လဲ ချက်ချင်းမပြန်သွားခဲ့ပေ။
ထို့နောက် နောက်တစ်ခန်းကိုရိုက်ကူးရန်အတွက် ရုပ်သံလွှင့်ဌာနမှ ကျောင်းသားများကို သွားခေါ်ရတော့သည်။ သို့ပေမည့် မိန်းကလေးတစ်ဦးကတော့ ပျက်ကွက်နေခဲ့သည်။ ထိုမိန်းကလေးသရုပ်ဆောင်ရမည့် ဇာတ်ရုပ်မှာ အရေးပါသည့်ဇာတ်ရုပ်တစ်ခုဖြစ်သောကြောင့် သူမမရှိလျှင် သူတို့လဲ ဆက်လက်ရိုက်ကူးရေးလုပ်၍မရပေ။
သူမနှင့်စာချုပ်လဲ ချုပ်ထားပြီးဖြစ်ပေမည့် ယခုလို မရောက်လာသောကြောင့် လုကျန်းအနည်းငယ်ဒေါသထွက်လာခဲ့သည်။ သူမသာရောက်မလာလျှင် စာချုပ်ကိုဖောက်ဖျက်လိုက်ခြင်းသာဖြစ်သည်။ အရေးအကြီးဆုံးကတော့ ရိုက်ကူးရေးလုပ်ရမည့်အချိန်ကို ဖြုန်းတီးမိသွားခြင်းပင်။
ထိုဌာန၏ဆရာမဖြစ်သူ ချောင်ယန်က မိန်းကလေးကို ချက်ချင်းဆက်သွယ်ခဲ့ပေမည့် ဖုန်းသည်လဲ စက်ပိတ်ထားလို့နေပေသည်။
***
အခန်း ၅၆၅
ကျန်းယီဟန်
“ကျန်းယီဟန်အခုဘယ်ရောက်နေလဲ သိတဲ့လူမရှိဘူးလား?” ချောင်ယန်မေးလိုက်သည်။
ကျန်းယီဟန်မှာ ရိုက်ကူးရေးသို့ရောက်မလာသည့် မိန်းကလေးပင်။
“မသိပါဘူး။” အားလုံးဖြေလိုက်ကြသည်။
ထိုအချိန်တွင်ပဲ နူးညံ့ညင်သာသည့် မိန်းကလေးတစ်ဦး၏အသံက စာသင်ခန်းတံခါးဝမှနေပြီး ထွက်ပေါ်လာခဲ့သည်။
“ခွင့်ပြုပါ၊ ဆရာမချောင်။”
အသံကြားရာဘက်သို့ အားလုံးကြည့်လိုက်ကြချိန်တွင်တော့ အခြားစာသင်ခန်းမရှိ ရုပ်သံလွှင့်ပညာကိုပဲ အဓိကသင်ယူနေသည့် လင်းရှီရွှယ်ဆိုသည့် လှပသည့်မိန်းကလေးတစ်ဦးကို မြင်လိုက်ကြရသည်။
“ဘာဖြစ်လို့လဲ?”
“တကယ်တော့ ကျွန်မက ကျန်းယီဟန်နဲ့ နေ့လည်စာအတူသွားစားခဲ့တာပါ၊ ဒါပေမယ့် ပြန်လာတဲ့လမ်းမှာ မတော်တဆမှုဖြစ်ပြီး သူဒဏ်ရာတော်တော်လေးရသွားလို့၊ ကျွန်မဆေးရုံပို့ပေးထားရတယ်။ သူ့ဖုန်းကလဲ အားကုန်သွားပြီး ဆရာမရဲ့ဖုန်းနံပါတ်ကိုလဲ မမှတ်မိလို့ပါ၊ ဒါကြောင့် သူပျက်ကွက်ရတဲ့အတွက် ကျွန်မကို ကိုယ်စားလာပြောခိုင်းတာ။ ပြီးတော့လဲ သူ့နေရာမှာ ကျွန်မကို အစားဝင်သရုပ်ဆောင်စေချင်နေပါတယ်။” လင်းရှီရွှယ် ထို့သို့ပြောနေရင်း မျက်လုံးထဲတွင်တော့ မကောင်းသည့်အရိပ်အယောင်များ ဖြတ်သန်းသွားသည်ကို ကုနင်းကတော့ မြင်ဖြစ်အောင် မြင်လိုက်ပေသည်။
ကုနင်း လှောင်ပြုံးပြုံးလိုက်မိသည်။ သူမလိမ်နေတာပဲ။
“ဒါက….” ချောင်ယန် လုကျန်းကိုလှည့်ကြည့်လိုက်ကာ၊
“ဒါရိုက်တာလုရော၊ ဘယ်လိုတွေးလဲ?”
“ဇာတ်ကောင်မယ့်လိုက်မယ့်လူကိုရွေးထားပြီးကာမှ အစားထိုးဖို့ဆိုတာ မလွယ်ဘူး၊ အထူးသဖြင့် သူနဲ့က စာချုပ်လဲ ချုပ်ထားပြီးသားလေ။ အခု ကျန်းယီဟန်က သရုပ်မဆောင်နိုင်တော့ဘူးဆိုရင်လဲ အရင်ဆုံး ကျွန်တော်တို့နဲ့ စာချုပ်ဖျက်သိမ်းဖို့လုပ်ရမယ်။ ပြီးတော့မှသာ နောက်ထပ်သရုပ်ဆောင်နိုင်မယ့်လူကို ရွေးလို့ရမှာ။”
သရုပ်ဆောင်ရမည့်မိန်းကလေး ဒဏ်ရာရနေချိန်တွင် လုကျန်းဦးဆုံးစဉ်းစားခဲ့သည်က သူမနေရာကို အစားထိုးခြင်းဖြစ်သောကြောင့် သူ့အတွေးမှာ သွေးအေးသည့်ဟန်ပေါ်ပေသည်။ သို့ပေမည့် စည်းမျဉ်းကတော့ စည်းမျဉ်းအတိုင်းပင်။ တစ်ဖက်ကသာ သူ့တာဝန်ကို မထမ်းဆောင်နိုင်ဘူးဆိုလျှင် အထုတ်ခံရမည်မှာ မလွဲပေ။ ထို့အပြင် လုကျန်းဘက်က လင်းရှီရွှယ်ကို ထိုဇာတ်ရုပ်ပေးမည်ဟုလဲ မပြောခဲ့ပေ။ လုကျန်း၏လက်ထဲတွင် သင့်တော်သည့်သရုပ်ဆောင်ရွေးပိုင်ခွင့်ကရှိနေစဲပင်ဖြစ်သည်။
တကယ်တမ်း ဤသို့ပြောခြင်းမှာ လင်းရှီရွှယ်နှင့်ပတ်သတ်၍ တစ်ခုခုထူးဆန်းသည်ကို လုကျန်းသိသွား၍မဟုတ်ဘဲ သူ၏လုပ်ရိုးလုပ်စဉ်အတိုင်းသာ ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ပေသည်။ ကျန်းယီဟန်နှင့် လုကျန်းစာချုပ်၊ ချုပ်ခဲ့ခြင်းမှာ သူမသည် သူလိုချင်သည့်ဇာတ်ရုပ်နှင့် လိုက်ဖက်ညီသည်ဟုတွေးခြင်းကြောင့်ဖြစ်သည်။
လုကျန်း၏စကားကြောင့် လင်းရှီရွှယ်အနည်းငယ်ထိတ်လန့်သွားပေမည့် ချက်ချင်းပင် စိတ်ကိုပြန်တည်ငြိမ်လိုက်ကာ၊
“ကျွန်မရော သူ့နေရာမှာ အစားဝင်လို့မရဘူးလား? ကျန်းယီဟန်က ကျွန်မကို ဒီသွားဖို့ပြောလိုက်တာပါ!”
ထိုစကားကြောင့် လုကျန်း အလိုမကျဖြစ်ကာ မျက်မှောင်ကြုတ်လိုက်ပြီး၊
“ငါပြောပြီးသားလေ၊ ဇာတ်ရုပ်နဲ့ကိုက်ညီတဲ့သရုပ်ဆောင်ရွေးတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ မင်းဒီဇာတ်ရုပ်ကို လိုချင်ရင် အရင်ဆုံး အစမ်းသရုပ်ဆောင်ရမယ်။”
လင်းရှီရွှယ်ဝမ်းနည်းသွားခဲ့သည်။ သူမလဲ သူမကိုယ်ပိုင်အရည်အချင်းနှင့် ထိုဇာတ်ရုပ်ကိုရအောင် ကြိုးစားခဲ့ပေမည့် လုကျန်းက လူရွေးပွဲတွင် သူမကိုမရွေးချယ်ခဲ့ပေ။ လုကျန်း၏ ပထမဦးစားပေးရွေးချယ်မှာမှာ ကျန်းယီဟန်ဖြစ်ပြီး နောက်ထပ်မိန်းကလေးတစ်ယောက်ပြီးကာမှ လင်းရှီရွှယ်သည် တတိယရွေးချယ်မှုဖြစ်ပေသည်။ အကယ်၍များ ကျန်းယီဟန်နေရာကို လုကျန်းအစားထိုးမည်ဆိုလျှင်ပင် လင်းရှီရွှယ်ကတော့ သူ၏ဦးစားပေးရွေးချယ်မှု မဟုတ်သေးပေ။
“မိန်းကလေးချောင်၊ ကျွန်တော်တို့ ဒီနေ့ရိုက်ကူးလို့မရနိုင်လောက်တော့ဘူး။ အခုတော့ ဟိုကောင်မလေးကို မင်းနဲ့အတူ ဆေးရုံမှာ လိုက်တွေ့ပေးဖို့ ကျွန်တော်လူထည့်ပေးလိုက်ပါ့မယ်။ သူသာ လုံးဝဆက်ပြီး မရိုက်ကူးနိုင်တော့ဘူးဆိုရင်တော့ စာချုပ်ကိုဖျက်သိမ်းပြီး နောက်ထပ်ပြန်ရွေးရမှာပဲ။ သူသာ မနက်ဖြန်လောက်ပြန်ကောင်းပြီး ရိုက်နိုင်မယ်ဆိုရင်တော့ အရင်စီစဉ်ထားသလိုပဲ ဆက်လုပ်ကြတာပေါ့။” လုကျန်းပြောလိုက်သည်။
မတော်တဆဖြစ်သွားခြင်းသာဖြစ်၍ ထိုမိန်းကလေးကို လုကျန်းနောက်ထပ် အခွင့်ရေးတစ်ခေါက်ထပ်ပေးချင်နေသေးသည်။
“ဟုတ်ပါပြီ၊”
ထို့နောက် လုယီချန်နှင့်ချောင်ယန်တို့ ကျန်းယီဟန်ဆီသို့အတူသွားခဲ့ကြသည်။
သို့ပေမည့် သူတို့မသွားခင်တွင် ကုနင်းက ကြွေဆေးပုလင်းတစ်ခုကိုထုတ်ယူကာ လုယီချန်ကိုပေးလိုက်ပြီးနောက် အထဲမှဆေးကိုအရည်ဖျော်ကာ ကျန်းယီဟန်၏ဒဏ်ရာကို ထည့်ပေးမည်ဆိုလျှင် ကျန်းယီဟန် မြန်မြန်ပြန်ကောင်းလာပြီး မနက်ဖြန် ရိုက်ကူးရေးလုပ်နိုင်လိမ့်မည်ဟု ပြောခဲ့သည်။ ကျန်းယီဟန်သာ ဒဏ်ရာရရုံဆိုလျှင် ဤဆေးဖြင့် သူမပြန်ကောင်းလာနိုင်ပေသည်။
ကျန်းယီဟန်မှာ လုကျန်းကိုယ်တိုင်ရွေးချယ်ထားသည့် သရုပ်ဆောင်ဖြစ်သောကြောင့် ကုနင်းကူညီပေးချင်လေသည်။
လင်းရှီရွှဘ်သည်တော့ ကျန်းယီဟန်မတော်တဆမှုတွင် ပါဝင်ပတ်သတ်နေသူဖြစ်သောကြောင့် သူမကိုတော့ ကုနင်းစိတ်မဝင်စားပေ။
ကုနင်းပေးသည့် ဆေး၏အစွမ်းသတ္တိကို လုယီချန် အနည်းငယ်သံသယဝင်မိသော်လည်း ကုနင်း၏ကြင်နာမှုကိုတော့ သူယုံကြည်သောကြောင့် ဘာမှမပြောဘဲ ယူသွားပေးခဲ့သည်။
ထို့နောက်တွင်တော့ သူတို့အားလုံး လမ်းခွဲလိုက်ကာ ကုနင်းသည်တော့ ဟိုတယ်သို့ ပြန်လာခဲ့သည်။
ချူးဖေ့ဟန်တို့အဖွဲ့မှာ ဇာတ်လမ်းတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ကြခြင်းမဟုတ်သောကြောင့် သူမတို့အတွက် နှုတ်ဆက်ပွဲအခန်းအနားမလုပ်ပေးကြပေမည့် စာအိတ်နီတစ်အိတ်စီတော့ ရရှိကြပေသည်။ ထို့အပြင် ကုနင်းကလဲ နောက်ထပ် စာအိတ်နီများထပ်ပေးပေလိမ့်ဦးမည်။
သရုပ်ဆောင်များကို ဟိုတယ်သို့ပြန်ပို့ပေးပြီးသည်နော့ လုကျန်းအား၊
“ဦးလေးလု၊ ကျွန်မတို့ ခနနေပြန်တော့မယ်။ ပြီးတော့ ဘက်စ်ကားကို ဦးလေးဟိုတယ်ဆီမမောင်းသွားခင် ကျွန်မနဲ့အတူ ဟွမ်းဒင်ဟိုတယ်မှာ အရင်စာရင်းလိုက်သွင်းပေးပါဦး။”
မနက်အစောကတည်းက ကုနင်း ဟွမ်းဒင်ဟိုတယ်မန်နေဂျာနှင့်တွေ့ဆုံကာ ဘက်စ်ကားအကြောင်းကို ကြိုပြောထားပြီးဖြစ်သည်။ သူမတွင် ဘလက်ခ်ကဒ်လဲရှိနေသောကြောင့် ဟိုတယ်မှ ဝန်ဆောင်မှုမှန်သမျှကို အလကားအသုံးပြုခွင့်ရပေသည်။ မန်နေဂျာဖြစ်သူကလဲ ကုနင်းတို့ကားသုံးမည်ကို ခွင့်ပြုပေးပေမည့် အပျက်အစီးရှိလာလျှင် လျော်ကြေးပေးဆောင်ရန်အတွက် အသုံးပြုမည့်လူကိုယ်တိုင် စာရင်းသွင်းလက်မှတ်ထိုးထားဖို့တော့ လိုနေသေးသည်။
“ရတယ်လေ။” လုကျန်းပြန်ဖြေလိုက်သည်။
……..
လုယီချန် ကျန်းယီဟန်ရှိရာ ဆေးရုံသို့သွားချိန်တွင် သူမ၏မိသားစုများလဲ ရောက်ရှိလို့နေပေသည်။
လုယီချန် အံ့ဩသွားရသည်က ကျန်းယီဟန်၏ဖခင်မှာ မြို့တော်ဝန်ကျန်းပါးဝမ့်ဖြစ်နေခြင်းပင်!
ချောင်ယန်သည်တော့ ထိုအကြောင်းကို သိထားပြီးဖြစ်ပေမည့် ကျန်းယီဟန်က ကျောင်းတွင် သိုသိုသိပ်သိပ်နေသူဖြစ်သောကြောင့် သူမလဲ လျှို့ဝှက်ထားပေးခြင်းဖြစ်ကာ ကျန်းယီဟန်၏အဖေဖြစ်သူမှာ မြို့တော်ဝန်ဖြစ်ကြောင်း သိသူသည်လဲ အနည်းငယ်မျှသာရှိလေသည်။
“တွေ့ရတာဝမ်းသာပါတယ်။ မြို့တော်ဝန်ကျန်း။” ချောင်ယန် လေးစားမှုအပြည့်ဖြင့် နှုတ်ဆက်လိုက်သည်။
“ဆရာမချောင်၊ မင်္ဂလာပါ။” ကျန်းပါးဝမ့်လဲ ယဉ်ယဉ်ကျေးကျေးပင် ပြန်နှုတ်ဆက်လိုက်သည်။ သို့ပေမည့် လုယီချန်ကိုတော့ ဇဝေဇဝါဖြင့် ကြည့်လိုက်ကာ၊
“လူကြီးမင်းလုက၊ ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ?”
ကျန်းပါးဝမ့်သည် ရိုက်ကူးရေးအဖွဲ့အတွက် ကျောင်းရှာဖို့ရန် ကူညီပေးထားသော်လည်း သမီးဖြစ်သူ ကျန်းယီဟန်ကပါ ရိုက်ကူးရေးတွင် ပါသွားလိမ့်မည်ဟု မတွေးထားမိသလို ကျန်းယီဟန်သည်လဲ သူမအဖေကို မပြောပြရဲခဲ့ပေ။
ကျန်းယီဟန်သည် ငယ်စဉ်ကတည်းက သရုပ်ဆောင်ခြင်းကို နှစ်သက်ခဲ့သူဖြစ်ကာ သရုပ်ဆောင်တစ်ဦးဖြစ်လာဖို့ရန်လဲ အိပ်မက်မက်ခဲ့သူဖြစ်ပေမည့် မိသားစုက သဘောမတူသောကြောင့် ရုပ်သံလွှင့်ပညာရပ်ကိုသာ သင်ယူခဲ့ရသူဖြစ်သည်။
ထို့ကြောင့် လုယီချန် လူနာခန်းထဲသို့ဝင်လာချိန်တွင် ကျန်းယီဟန် အံ့အားသင့်သွားသလို အလွန်လဲ ထိတ်လန့်လို့သွားရသည်။ ဒီလိုဆို သူမအဖေလဲ သူမသရုပ်ဆောင်လုပ်မှာကို အနှေးနဲ့အမြန်သိသွားတော့မှာပေါ့၊ ထို့အတွက်ကြောင့် အဆူခံရဖို့ရန် စိတ်ကို ကြိုတင်ပြင်ဆင်ထားလိုက်တော့သည်။
ကျန်းယီဟန်သည် ကြည့်ကောင်းသည့်မိန်းကလေးတစ်ဦးဖြစ်ကာ မှင်သက်စရာကောင်းလောက်သည့် အလှမျိုးကိုတော့ မပိုင်ဆိုင်ပေမည့် သူ့ဟာနှင့်သူတော့ ဆွဲဆောင်မှုရှိသူဖြစ်သည်။
“ကျွန်တော်က ကျွန်တော်တို့ဇာတ်လမ်းမှာ သရုပ်ဆောင်ဖို့ရွေးထားတဲ့ ကျန်းယီဟန်ဆီလာလည်တာပါ။ သူမတော်တဆဖြစ်ပြီး ဒဏ်ရာရသွားတယ်ဆိုလို့ လာကြည့်တာ။” လုယီချန်ပြောလိုက်သည်။
သို့ပေမည့် ထိုစကားကြောင့် ကျန်းပါးဝမ်စိတ်မဆိုးသွားခဲ့ဘဲ အံ့အားသင့်သွားကာ ကျန်းယီဟန်ကိုလဲ မဆူပူခဲ့ပေ။ အကြောင်းသည်တော့ ဤဇာတ်လမ်း၏ ရင်းနှီးမြှုပ်နှံသူမှာ ကုနင်းဖြစ်နေခြင်းကြောင့်ပင်။
***