← Chapters

အခန်း (၅၆၆-၅၇၀)

Vol. 38 Ch. 566-570

အခန်း (၅၆၆-၅၇၀)

Vol. 38 Ch. 566-570

အခန်း ၅၆၆

ကျေးဇူးတင်စကား

ကုနင်း ဇာတ်လမ်းကို ရိုက်ကူးဖြစ်ခဲ့ခြင်းမှာလဲ ဇွန်ဘီသတင်းကို ဖုံးကွယ်လို၍ဖြစ်ကာ ထိုကိစ္စအတွက် ကျန်းပါးဝမ့်တွင် တာဝန်အပြည့်ရှိလေသည်။ သူသာ ထိုကိစ္စကို သေချာမကိုင်တွယ်မဖြေရှင်းနိုင်ခဲ့လျှင် အလုပ်ရာထူးနေရာကို ဆုံးရှုံးသွားရပေလိမ့်မည်။ ထို့ကြောင့် ကုနင်းက သူ့ကို များစွာကူညီပေးခဲ့ခြင်းဖြစ်သည်။ သူ၏သမီးဖြစ်သူကို ဖျော်ဖြေရေးလောကထဲသို့မဝင်ရောက်စေလိုလျှင်တောင်မှ ကုနင်း၏ရိုက်ကူးရေးအဖွဲ့ထဲဝင်သွားသည်ကိုတော့ သူတားမြစ်လိမ့်မည်မဟုတ်ပေ။

“အိုး၊ ဒါပေမယ့် ယီဟန်ရဲ့ဒဏ်ရာပျောက်ဖို့ အချိန်ယူရလောက်မှာဆိုတော့ ရိုက်ကူးရေးနှောင့်နှေးသွားမှာစိုးရိမ်မိတယ်။” ကျန်းပါးဝမ့်အမှန်တကယ် စိတ်မကောင်းဖြစ်နေသည့်အသံဖြစ်ပြောလိုက်သောကြောင့် ကျန်းယီဟန် အလွန်ထိတ်လန့်ကာ မျက်လုံးပင်ပြူးသွားရသည်။ အဖေက ဘာကိစ္စနဲ့ စိတ်မကောင်းတောင် ဖြစ်နေရတာလဲ?

လုယီချန် ပြန်ဖြေဖို့ပြင်လိုက်ချိန်တွင်ပဲ ချောင်ယန်က ကြားဖြတ်ကာ၊

“မြို့တော်ဝန်ကျန်း၊ ကျွန်မတို့ ဒီနေ့လာခဲ့တာက ယီဟန်ရဲ့အခြေအနေကို ကြည့်ဖို့ပါ။ သူသာ ဇာတ်လမ်းကို ဆက်ပြီးရိုက်မကူးနိုင်ဘူးဆိုရင် ရိုက်ကူးရေးအဖွဲ့နဲ့ စာချုပ်ဖျက်သိမ်းပေးဖို့ လိုပါလိမ့်မယ်။ ကျွန်မစိတ်မကောင်းပါဘူး။”

“ရပါတယ်။”

“မြို့တော်ဝန်ကျန်း၊ တကယ်တော့ ကျွန်တော်တို့ ဘော့စ်က ယီဟန်အတွက် ဒါလေးပေးလိုက်တယ်။ ဒီအထူးဆေးဝါးနဲ့ဆိုရင် သူ့ရဲ့ဒဏ်ရာမြန်မြန်ပြန်ကောင်းပြီး မနက်ဖြန် ရိုက်ကူးရေးလုပ်နိုင်လိမ့်မယ်လို့ ပြောပါတယ်။” လုယီချန်လဲ ဆေးစွမ်းကို သေချာမသိသေးသောကြောင့် အနည်းငယ်စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

“မင်းရဲ့ဘော့စ်? ကုနင်းကိုပြောတာလား? သူDမြို့ကိုရောက်နေတယ်ပေါ့?” ကျန်းပါးဝမ့် အလွန်အံ့ဩသွားသည်။

“ဟုတ်ပါတယ်။”

“ကျေးဇူးတင်လိုက်တာ!” ချန်ယန်းတောင်တွင် ဇွန်ဘီနှင့် တိုက်ခိုက်ရစဉ်က ကုနင်း ဤအထူးဆေးဖြင့် လူများစွာ၏အသက်ကို ကယ်တင်ခဲ့ကြောင်း ကျန်းပါးဝမ့် မှတ်မိနေစဲပင်။

လုယီချန်သည်တော့ ရုတ်တရက် ကြောင်သွားခဲ့သည်။ ကျန်းပါးဝမ့်က ကုနင်းကို ဤကဲ့သို့ ချွင်းချက်မရှိ ယုံကြည်နေမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ကြည့်ရတာ ဒီဆေးက တခြားဆေးတွေနှင့် မတူကြောင်း ကျန်းပါးဝမ့်သိထားပြီးဖြစ်ပုံရပေသည်။

လုယီချန်လဲ ဆက်ပြောမနေတော့ဘဲ ကုနင်းပြောခဲ့သည့်အတိုင်း ဆေးပုလင်းထဲသို့ ရေနည်းနည်းလောင်းထည့်လိုက်ကာ စွမ်းအင်သလင်းကျောက်မှာလဲ ချက်ချင်းမဆိုင်းပင် အရည်ပျော်သွားတော့သည်။

ထိုအခါ သူနာပြုတစ်ဦးရောက်လာပြီး ဂွမ်းစကိုပါ အတူတကွ ယူဆောင်လာခဲ့သည်။ သို့ပေမည့် ကျန်းယီဟန်၏ဒဏ်ရာပေါ်သို့ ဆေးကို သုတ်လိမ်းပေးဖို့ကိုတော့ တုန့်ဆိုင်းနေမိစဲပင်။

“ဒဏ်ရာက ဆေးစည်းထားပြီးပြီး အခုချက်ချင်း ပြန်ဖြည်လိုက်ဖို့က အဆင်မပြေလောက်ဘူး။” သူနာပြုက ကျန်းပါးဝမ့်ကို အာခံလိုခြင်းမဟုတ်ဘဲ သူမ၏တာဝန်အတိုင်း ပြောပြခြင်းသာဖြစ်ပေသည်။

“ရပါတယ်၊ ဖြည်လိုက်ပါ။” ကျန်းပါးဝမ့် ပတ်တီးကိုဖြည်ခိုင်းလိုက်သည်။

ကျန်းပါးဝမ့်ကိုယ်တိုင်က တိုက်တွန်းနေခြင်းကြောင့် သူ၏အမိန့်အတိုင်း သူနာပြုလဲ ကျန်းယီဟန်၏ဒဏ်ရာမှ ပတ်တီးကို ဖြည်လိုက်ကာ ဆေးရည်ကို သုတ်လိမ်းပေးခဲ့သည်။

ကျန်းယီဟန်မှာ ထိုဆေးတကယ်ပဲ အစွမ်းထက်လားကို မသိပေမည့် သူမလဲ မြန်မြန်ပျောက်ကင်းသွားဖို့ရန် မျှော်လင့်မိပေသည်။ အစပိုင်းတွင်တော့ ဆေးလိမ်းလိုက်လျှင် အလွန်နာကျင်မည်ဟု ထင်မိပေမည့် တကယ်တမ်းဆေးနှင့် ထိတွေးသွားချိန်တွင်တော့ အေးမြသည့် ခံစားချက်ကိုသာ ခံစားလိုက်ရကာ မည်သို့သော နာကျင်မှုကိုမှ မခံစားခဲ့ရပေ။ မိနစ်အနည်းငယ်အကြာတွင်တော့ ဆေးအာဏိသင်ပြလာကာ ဒဏ်ရာ၏ သုံးပုံတစ်ပုံလောက်အထိကို ပျောက်ကင်းသွားတော့သည်။

“ဝါး!!!!” လူတိုင်း အလွန်ထိတ်လန့်အံ့ဩသွားကြကာ ဆေးကသာမာန်မဟုတ်ကြောင်း သိထားပြီးသည့် ကျန်းပါးဝမ့်ပင်လျှင် မအံ့ဩမိဘဲ မနေခဲ့ပေ။

“ဒဏ်ရာက မနာတော့ဘူး!” ကျန်းယီဟန်လဲ အံ့ဩကာ စိတ်လှုပ်ရှားသွားရသည်။ သူမခြေထောက်ကို လှုပ်ရှားကြည့်ရတွင်တော့ ဒဏ်ရာမှာ လုံးဝပျောက်ကင်းသွားခြင်းမရှိသေးသောကြောင့် အနည်းငယ်နာကျင်နေပေသေးသည်။ ထိုသို့ဆိုလျှင်တောင်မှ ကျန်းယီဟန် အလွန်ကျေနပ်နေမိပြီ။

ကျန်းပါးဝမ့်သည်တော့ ချက်ချင်းပင် ကုနင်းကို ဖုန်းဆက်တော့သည်။

ကျန်းပါးဝမ့် ဖုန်းခေါ်သည့်အချိန်တွင် ကုနင်းသည် ဟွမ်းဒင်ဟိုတယ်သို့ပြန်ရောက်ကာ ဘက်စ်ကားအတွက် စာရင်းသွင်းနေစဲအချိန်ဖြစ်လေသည်။

“ဟိုင်း၊ မြို့တော်ဝန်ကျန်း။”

“မိန်းကလေးကု၊ မင်းDမြို့ကိုရောက်နေတာ ဘာလို့ငါ့ကိုမပြောရတာလဲ?” ကုနင်းက အများကြီးကူညီပေးခဲ့သောကြောင့် ကျန်းပါးဝမ့် သူမကို ကျေးဇူးတင်ချင်နေလေသည်။

ကုနင်းသည်တော့ အံ့ဩသွားကာ၊

“မြို့တော်ဝန်ကျန်းက ဘယ်လိုလုပ်သိတာလဲ?”

“အဲ့ဒါလား၊ ငါ့သမီးက ရေဒီယိုနဲ့ရုပ်မြင်သံကြားတက္ကသိုလ်မှာ တက်နေတာလေ။ ပြီးတော့ မင်းရဲ့ရိုက်ကူးရေးထဲလဲ ပါထားတယ်။ ဒါပေမယ့် ဒီနေ့တော့ သူဒဏ်ရာရသွားလို့ မရိုက်ကူးနိုင်ခဲ့ဘူး။ လူကြီးမင်းလုကပဲ မင်းရဲ့အထူးဆေးဝါးကို ယူလာပေးတာကနေ မင်းDမြို့ရောက်နေတယ်ဆိုတာ သိလိုက်တာ။” ထို့နောက် ကုနင်းကို အမှန်တကယ် စိတ်ရင်းဖြင့် ကျေးဇူးတင်စကားကိုပါ ဆက်ပြောလိုက်သည်။

“မိန်းကလေးကု၊ မင်းရဲ့ဆေးအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ငါ့သမီးလဲ တော်တော်လေး နေလို့ကောင်းသွားပြီ!”

ကျန်းယီဟန်မှာ ကျန်းပါးဝမ့်၏သမီးဖြစ်နေကြောင်း သိလိုက်ရကာ ကုနင်းလဲ အလွန်အံ့အားသင့်သွားလေသည်။ ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ!

“မလိုပါဘူး၊ သူက ကျွန်မတို့ ရိုက်ကူးရေးအဖွဲ့နဲ့ စာချုပ်ချုပ်ထားတဲ့ သရုပ်ဆောင်ဖြစ်မှတော့ လိုအပ်လာရင် ကျွန်မဘက်က ကူညီပေးသင့်တာပေါ့။”

“ဒါနဲ့၊ မိန်းကလေးကု၊ တစ်ခုလောက်တောင်းဆိုချင်လို့။”

“မင်းနေ့လည်ဘက်အားလောက်လား? ငါမင်းကို ထမင်းဖိတ်ကျွေးချင်လို့။”

“ကျွန်မလဲ လာချင်ပါတယ်၊ မြို့တော်ဝန်ကျန်း၊ ဒါပေမယ့် ခနနေဆို ကျွန်မBမြို့ကို ပြန်ရတော့မှာ။”

ကျန်းပါးဝမ့် အနည်းငယ် စိတ်ပျက်သွားရပေမည့် အတင်းအကြပ်တော့မပြောပေ။

“ဒါဆိုလဲ မင်းနောက်တစ်ခါ Dမြို့ကိုလာရင်တော့ ပြောနော်။”

“ဟုတ်ကဲ့ပါ။”

ဘက်စ်ကားအတွက် စာရင်းသွင်းသည့်ကိစ္စများ လုကျန်းဆောင်ရွက်ပြီးသည့်နောက်တွင်တော့ သူတည်းသည့်ဟိုတယ်သို့ ပြန်မောင်းသွားခဲ့သည်။

ချူးဖေ့ဟန်တို့အဖွဲ့သည်တော့ အခန်းပြန်ကာ ပစ္စည်းများသိမ်းစည်းနေကြကာ ကုနင်းသည်တော့ ကျန်းပါးဝမ့်နှင့် ဖုန်းဆက်ပြီးနောက် ချူးဖေ့ဟန်တို့အတွက် လေယာဉ်လက်မှတ်များ မှာနေပြီး လင်ရှောင်းထင်သည်တော့ သူတို့နှစ်ဦး Bမြို့ကိုပြန်ဖို့ရန် လေယာဉ်လက်မှတ်ကို မှာလေသည်။

ချူးဖေ့ဟန်တို့အတွက် လေယာဉ်လက်မှတ်တင်မကသေး ထူထဲသည့် စာအိတ်နီများကိုပါ ပြင်ဆင်ပေးထားလေသည်။

ချူးဖေ့ဟန်တို့မှာ Fမြို့သို့ ၅နာရီ၃၅မိနစ်ထွက်မည့်လေယာဉ်နှင့် သွားရမည်ဖြစ်ကာ ကုနင်းနှင့်လင်ရှောင်းထင်သည်တော့ ၅နာရီ၅၀မိနစ်လေယာဉ်ဖြင့် Bမြို့သို့သွားမည်ဖြစ်သောကြောင့် အားလုံးအတူတူ တခါတည်း လေဆိပ်သို့ သွားနိုင်ပေသည်။ သူတို့ ဟိုတယ်သို့ပြန်ရောက်ချိန်သည်တော့ ၃နာရီခွဲသာရှိသေးကာ နှစ်နာရီကျော်လိုနေသေးသည်။

ပစ္စည်းများသိမ်းစည်းပြီးကာ ဧည့်ကြိုဌာနတွင် အခန်းပြန်အပ်ပြီးသည့်နောက်တွင်တော့ ၄နာရီထိုးပြီဖြစ်၍ သူမတို့ လေဆိပ်သို့ တက္ကစီဖြင့် တန်းသွားလိုက်တော့သည်။

လေဆိပ်သို့သွားရလမ်းတွင် ကုနင်း ထူထဲသည့်စာအိတ်နီသုံးအိတ်ကို ထုတ်ယူကာ သူမသူငယ်ချင်းများကို ပေးလိုက်ပြီး၊

“နင်တို့က အခမဲ့သရုပ်ဆောင်ပေးခဲ့ကြတာဆိုတော့ နင်တို့အတွက် စာအိတ်နီပြင်ပေးထားတယ်။”

“ဝါး!! အထူးကြီးပဲ။”

“ကျေးဇူးပါ ဘော့စ်။” ကုနင်းကို ကျေးဇူးတင်စကားပြောကာ စာအိတ်နီများကို လက်ခံလိုက်ကြသည်။ သူတို့အနေဖြင့် ကုနင်းထံမှ ဤထက်တန်ဖိုးကြီးမားသည့် လက်ဆောင်များကိုပင် လက်ခံထားဖူးပြီးဖြစ်သောကြောင့် စာအိတ်နီဘယ်လောက်ထူထူ မပြောပလောက်တော့ပေ။

***

အခန်း ၅၆၇

ပြန်ပေးဆွဲခံရခြင်း

ကုနင်းပေးသည့် စာအိတ်နီများတွင် ယွမ်၁၂၀၀၀စီရှိကာ အဓိပ္ပါယ်ရှိသည့် နံပါတ်ကိုယူ၍ပေးခြင်းဖြစ်သည်။

နာရီဝက်ကြာပြီးနောက်တွင်တော့ သူတို့အားလုံး လေဆိပ်သို့ရောက်ကြကာ လိုအပ်သည့်ကိစ္စများဆောင်ရွက်ပြီးနောက် နားနေခန်းသို့ရောက်ချိန်တွင် ၅နာရီလဲ ထိုးခါနီးနေပေပြီ။ မိနစ်၂၀ကြာပြီးနောက် ချူးဖေ့ဟန်တို့အဖွဲ့ထွက်သွားကာ ကုနင်းနှင့် လင်ရှောင်းထင်သာ ကျန်ခဲ့သည်။

“နင်းနင်း၊ ဒီည အိမ်ပြန်အိပ်မှာလား?” လင်ရှောင်းထင် ထိုမေးခွန်းကို မေးလိုက်ရင်း ကုနင်း၏ ပြန်မအိပ်ပါဘူးဟူသည့်အဖြေကိုလဲ မျှော်လင့်နေလေသည်။

“Bမြို့ကိုရောက်မှ အမေ့ကို ဖုန်းဆက်မေးလိုက်ဦးမယ်။ အမေ အဆင်ပြေတယ်ဆိုရင် ကျွန်မလဲ အပြင်မှာပဲ နေလိုက်တော့မယ်။” ကုနင်း ချက်ချင်းအဖြေမပေးသေးဘဲ ကုမန့်၏သဘောကို မေးမည့်အကြောင်းသာ ပြန်ပြောလိုက်သည်။

“ဟုတ်ပါပြီ။” လင်ရှောင်းထင်လဲ မကန့်ကွက်ပေ။ ကုနင်းမေးမည့်သူမှာ သူ၏ယောက္ခမလောင်းကြီးပင် မဟုတ်ပါလား။

ညနေ၆နာရီ၄၀မိနစ်တွင်တော့ ချူးဖေ့ဟန်တို့ Fမြို့ကိုရောက်ရှိသွားကာ ကုနင်းနှင့်လင်ရှောင်းထင်သည်တော့ ၉နာရီလောက်မှသာ Bမြို့သို့ ရောက်ရှိပေလိမ့်မည်။ သို့ပေမည့် ည၈နာရီလောက်တွင်တော့ ကုနင်း၏စိတ်အာရုံအတွင်း ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုကို အာရုံခံလိုက်မိသည်။ သူမ၏အာရုံထဲတွင် ထန်မိသားစု၏ ကိုယ်ပိုင်ယာဉ်မောင်းကိုယ်တိုင် ကုမန့်ကို လိုက်ပို့ပေးသည့် ကိုယ်ပိုင်ကားကို ဗင်ကားတစ်စီးက ဝင်တိုက်ခဲ့လေသည်။ ကားထဲရှိ မည်သူကမှ ထိခိုက်ထားခြင်းမရှိသောကြောင့် သာမာန်မတော်တဆမှုတစ်ခုတော့ မဖြစ်နိုင်ပေ။

ထိုအချိန်တွင်ပဲ ဗင်ကားထဲမှ လူလေးယောက်ထွက်လာကာ ကိုယ်ပိုင်ကားကို ထုရိုက်ဖွင့်တော့သည်။ သို့ပေမည့် အားလုံး မျက်နှာဖုံးအမည်းများတပ်ထားသောကြောင့် သူတို့၏မျက်နှာများကို မမြင်ရပေ။ ကားထဲမှထွက်ပြီးသည်နှင့် ကုမန့်နှင့် ယာဉ်မောင်းတို့ကို စတင်ဖမ်းချုပ်တော့သည်။ ယာဉ်မောင်းက ရုန်းကန်သော်လည်း တစ်ဖက်လူမှာ လူမိုက်များဖြစ်သောကြောင့် အလွယ်လေး အရိုက်ခံလိုက်ရသည်။ ထို့နောက် မိနစ်ပိုင်းအတွင်းမှာပဲ ကုမန့်နှင့်ယာဉ်မောင်းနှစ်ဦးလုံး ပြန်ပေးဆွဲခံလိုက်ရတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ကုနင်း၏မျက်နှာတစ်ခုလုံး ဖြူဖျော့သွားကာ အသားများတုန်ရီလာပြီး ကြောက်ရွံ့ထိတ်လန့်သလို စိုးရိမ်မှုများနှင့် ဒေါသများလဲ ဖြစ်ပေါ်လာခဲ့သည်။

“နင်းနင်း၊ ဘာဖြစ်လို့လဲ?” ကုနင်း၏အခြေအနေ ရုတ်တရက်ပြောင်းလဲသွားသောကြောင့် လင်ရှောင်းထင် အံ့ဩသွားရသည်။

“ကျွန်-ကျွန်မ မြင်ကွင်းတစ်ခုမြင်လိုက်မိတယ်။ အမေတော့ အန္တရာယ်ရှိနေပြီထင်တယ်။”

ကုနင်း၏အာရုံခံမှုမှာ အမြဲတမ်းမှန်ကန်သောကြောင့် လင်ရှောင်းထင်လဲ စိုးရိမ်ပူပန်သွားတော့သည်။ သို့ပေမည့် သူတို့နှစ်ဦးစလုံး လေယာဉ်ပေါ်တွင် ရှိနေကြခြင်းဖြစ်သောကြောင့် လောလောဆယ်တွင်တော့ ကုမန့်၏အခြေအနေကို စုံစမ်း၍မရသေးပေ။

“နင်းနင်း၊ အရမ်းစိတ်မပူပါနဲ့၊ အန်တီ အဆင်ပြေလောက်မှာပါ။”

ကုနင်းလဲ သူမတို့လေယာဉ်ပေါ်တွင် ရှိနေစဲဖြစ်သောကြောင့် သူမအမေကို ဆက်သွယ်၍မဖြစ်နိုင်သေးမှန်း သိ၍ သူမစိတ်ကိုသာ ပြန်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရင်း ကုမန့် ဘေးကင်းဖို့ရန်သာ ဆုတောင်းနေရတော့သည်။

သူမအမေကို ပြန်ပေးဆွဲသူမှာ မည်သူပင်ဖြစ်ပါစေ သေချာပေါက် အလွတ်ပေးမည်မဟုတ်ပေ။

………..

Bမြို့၌၊

ကားမတော်တဆမှုဖြစ်ပြီးမကြာခင်တွင်ပဲ ယာဉ်ထိန်းရဲများရောက်လာခဲ့ပေမည့် ကျိုးပဲ့နေသည့်ကားမှလွဲ၍ မည်သူ့ကိုမှ မတွေ့ခဲ့ရပေ။ ထို့ကြောင့် ယာဉ်ထိန်းရဲလဲစိတ်ရှုပ်သွားကာ လမ်းမရှိလုံခြုံရေးကင်မရာများကို စစ်ဆေးကြည့်ရာတွင် ကုနင်းမြင်ခဲ့သည့်မြင်ကွင်းနှင့် ထပ်တူညီသည့်မြင်ကွင်းကိုသာ တွေ့မြင်ခဲ့ရသည်။

ထိုအခါ ယာဉ်ထိန်းရဲလဲ ချက်ချင်းပင် ကားလိုင်စင်နံပါတ်ပြားများကို စစ်ကြည့်လိုက်ရာ ဗင်ကား၏နံပါတ်ပြားမှာ အတုဖြစ်ပြီး ကိုယ်ပိုင်ကားသည်တော့ ထန်မိသားစုပိုင်သည့်ကားနံပါတ်ဖြစ်လို့နေသည်။

ထိုအကြောင်းသိလိုက်သည်နှင့် ယာဉ်ထိန်းရဲတစ်ဖွဲ့လုံး ထိတ်လန့်လို့သွားကာ ချက်ချင်းပင် ပျောက်နေသူများကို ရှာဖွေဖို့ စတင်လုပ်ဆောင်တော့သည်။ သို့ပေမည့် ထန်မိသားစုဘက်က ဤမတော်တဆမှုတွင်ပါဝင်နေခြင်းဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်သိရချိန်တွင် ထန်မိသားစုကို မဆက်သွယ်ရဲဘဲ အနည်းငယ်တုံ့ဆိုင်းနေမိသည်။

မကြာခင်တွင်ပဲ ထန်မိသားစုလဲ ကုမန့်ပြန်ပေးဆွဲခံရသည့်သတင်းကို ကြားသိသွားကြကာ အားလုံးထိတ်လန့်သွားကြပြီး ကုမန့်ကို ရှာရန် လုပ်နိုင်သမျှ လုပ်ဆောင်ကြတော့သည်။ ထို့နောက် ကုနင်းကို လဲ ဆက်သွယ်ဖို့ကြိုးစားကြပေမည့် ကုနင်း၏ဖုန်းမှာ စက်ပိတ်လို့ထားသောကြောင့် ဆက်သွယ်၍မရခဲ့ပေ။

ပုံစံအရာ ကုမန့်ကို ပြန်ပေးဆွဲသည့်လူများမှာ သေချာပြင်ဆင်ပြီးမှ လုပ်ငန်းစကြသည့်ပုံပင်၊ ထို့အတွက်ကြောင့် ကုမန့်နှင့်ယာဉ်မောင်းကို ရှာတွေ့ဖို့ရန် ထန်ဟိုင်ဖုန်း နည်းမျိုးစုံအသုံးပြုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မြို့ဆင်ခြေဖုံးရပ်ကွက်နားက လမ်းကျဉ်းတစ်ခုဘေး၌သာ စွန့်ပစ်ထားသည့် ဗင်ကားကိုသာ ထန်မိသားစုဘက်က ရှာတွေ့ခဲ့ရသည်။ ဗင်ကား၏နံပါတ်ပြားမှာ အတုဖြစ်သောကြောင့် ပိုင်ရှင်ကို ရှာဖို့ရန်လဲ မဖြစ်နိုင်ခဲ့ပေ။ ထို့အပြင် ကားစွန့်ပစ်ခဲ့သည့်နေရာတွင်လဲ လုံခြုံရေးကင်မရာများ ရှိမနေခဲ့ပေ။

ည၉နာရီတွင်တော့ Bမြို့လေဆိပ်သို့ လေယာဉ်စိုက်ရောက်လာခဲ့ကာ ကုနင်းနှင့်လင်ရှောင်းထင်တို့လဲ လေဆိပ်ထဲမှ အလျင်အမြန်ထွက်လာခဲ့ကြသည်။

သူတိုထွက်လာပြီးပြီးချင်း ကုနင်း သူမဖုန်းကို စက်ပြန်ဖွင့်လိုက်ချိန်တွင်တော့ ထန်ဟိုင်ဖုန်း ခေါ်ဆိုထားသည့် ဖုန်းအဝင်ကောလ်များစွာကို တွေ့လိုက်ရကာ ကုနင်း ထင်ခဲ့သလိုပင် ကုမန့် အန္တရာယ်ရှိနေပြီဖြစ်သောကြောင့် သူမလဲ ချက်ချင်းပင် ထန်ဟိုင်ဖုန်းကို ဖုန်းပြန်ဆက်ခဲ့သည်။

“နင်းနင်း၊ သမီးအမေ ပြန်ပေးဆွဲခံလိုက်ရတယ်။” ကုနင်း၏ဖုန်းဝင်လာသည်နှင့် ချက်ချင်းပင် ထန်ဟိုင်ဖုန်း ထိုစကားကို ပြောလိုက်ခြင်းဖြစ်သည်။

“ဘာသတင်းတွေရထားသေးလဲ အဖိုး။”

“လူမိုက်တွေက မျက်နှာဖုံးတွေစွပ်ထားလို့ ဘယ်သူတွေဆိုတာ မသိရဘူး။ ပြီးတော့ ဗင်ကားရဲ့လိုင်စင်နံပါတ်ပြားကလဲ အတုကြီးဆိုတော့ ပိုင်ရှင်ကို ရှာလို့မရဘူး။လုံခြုံရေးကင်မရာတွေက လမ်းကြောင်းအတိုင်းလိုက်ကြည့်တော့ လမ်းသွယ်တစ်ခုကိုတွေ့လိုက်တယ်၊ ဒါပေမယ့် သူတို့က ကားကိုစွန့်ပစ်ခဲ့ပြီး လူတစ်ယောက်မှရှိမနေတော့ဘူး။”

“လမ်းနေရာကိုပဲပြောပြပါ၊ သမီးဘာသာ သွားကြည့်လိုက်မယ်။”

ကုနင်း Bမြို့သို့ပြန်ရောက်နေခြင်းဖြစ်ကြောင်း ထန်ဟိုင်ဖုန်းသိသည်နှင့် ချက်ချင်းမဆိုင်းပင် နောက်ဆုံးသတင်းရထားသည့် လမ်းကြောင်းကို ပို့ပေးလိုက်သည်။

ထို့နောက် လင်ရှောင်းထင်လဲ သူ့အတွက် ရှန်းရှစ်လုပ်ငန်းစုက စီစဉ်ပေးထားသည့် ကားကို အမြန်ဆုံးနှုန်းနှင့် မောင်းနှင်ကာ စွန့်ပစ်ထားသည့် ဗင်ကားကိုတွေ့သည့် နေရာသို့ သွားခဲ့သည်။

မိနစ်၂၀အတွင်းတွင်ပဲ တည်နေရာသို့ ရောက်ရှိသွားခဲ့သည်။ သို့ပေမည့် သူတို့ရောက်သွားသော်လည်း လူမိုက်များဘယ်လမ်းကနေ လွတ်မြောက်သွားသလဲ ဆိုသည်ကိုတော့ မသိနိုင်ကြသေးပေ။

ထို့ကြောင့် လူမိုက်များထွက်သွားသည့် လမ်းကြောင်းကို ရှာနိုင်ရန်အလို့ငှာ ကုနင်းချက်ချင်းပင် ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုကာ ကြည့်လိုက်သော်လည်း ဘာကိုမှရှာမတွေ့ခဲ့ပေ။

ကုနင်း စိတ်ပျက်သွားရသည့်အချိန်တွင်ပဲ သူမ၏မျက်လုံးထဲ၌ ကုမန့်နှင့် ယာဉ်မောင်းကို ဆွဲခေါ်သွားခဲ့သည့် လမ်းကြောင်းပုံရိပ်က ပေါ်လာခဲ့သည်။

“ဒီလမ်းပဲ!” ကုနင်းပြောလိုက်သည်နှင့် လင်ရှောင်းထင်လဲ ထိုလမ်းအတိုင်း‌ အပြေးလိုက်သွားတော့သည်။ ဤနေရာသည် စွန့်ပစ်နယ်မြေတစ်ခုဖြစ်သောကြောင့် ကားဖြင့်သွား၍မရဘဲ လမ်းသာလျှောက်နိုင်ပေသည်။ မီတာ၁၀၀လောက်ပြေးခဲ့ပြီးနောက်တွင်တော့ လမ်းကြောင်းထပ်ပျောက်သွားသောကြောင့် ကုနင်းရပ်လိုက်ရပြန်သည်။

ကုနင်းတွင် ကျောက်စိမ်းမျက်ဝန်းရှိသောကြောင့် ညအချိန်ဖြစ်သော်လည်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပေမည့် လင်ရှောင်းထင်သည်တော့ မမြင်နိုင်သောကြောင့် ကုနင်း ညလင်းပုလဲကို ထုတ်ပေးလိုက်ကာ ခြေရာများကို ဆက်လက်ရှာဖွေကြသည်။

မကြာခင်တွင်ပဲ လူမိုက်များပြေးသွားသည့်လမ်းကြောင်း ခြေရာများကို ကုနင်းရှာတွေ့သွားကာ ထိုလမ်းအတိုင်းလိုက်သွားခဲ့ရင်း နောက်ထပ်လမ်းသွယ်လေးတစ်ခုသို့ရောက်သွားကာ ကားဘီးရာများကိုတွေ့လိုက်ရသည်။ ထိုအခါ ကုနင်းနှင့်လင်ရှောင်းထင်လဲ လူမိုက်များက ကုမန့်နှင့်ယာဉ်မောင်းကို ဤနေရာအထိ ဆွဲခေါ်လာပြီးနောက် နောက်ထပ်ကားတစ်စီးဖြင့် ထွက်ပြေးသွားခြင်းဖြစ်မည်ဟု ခန့်မှန်းလိုက်ကြတော့သည်။

သို့ပေမည့် အနားတွင် မည်သည့်လုံခြုံရေးကင်မရာမှမရှိသောကြောင့် ကားဘယ်ဘက်ကို ထွက်သွားလဲဆိုသည်ကို မသိနိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ နှစ်ယောက် လူခွဲရှာကြရတော့သည်။

ကုနင်း အလျင်အမြန်ပြေးသွားရင်းနှင့် လူမိုက်များသည် လမ်း၏မည်သည့်နေရာမှာမဆို ခွဲထွက်သွားနိုင်သောကြောင့် ပတ်ဝန်းကျင်ကိုလဲ တပြိုင်တည်း အကဲခတ်နေရသည်။

***

အခန်း ၅၆၈

ထန်ယွင်ဖန်း သတိပြန်ရလာခြင်း

ကုမန့်ကိုဘာကြောင့် ထိုလူမိုက်များ ပြန်ပေးဆွဲသွားရသလဲဆိုသည့် အကြောင်းပြချက်ကို ကုနင်း လုံးဝမခန့်မှန်းနိုင်ခဲ့ပေ။ ကုမန့်သည် အခုမှသာ Bမြို့သို့ရောက်ဖူးခြင်းဖြစ်ပြီး တစ်ချိန်လုံးလဲ ထန်အိမ်တော်နှင့် ကုနင်း၏အိမ်ကိုသာ ကူးသန်းနေခဲ့ခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ကုမန့်အနေဖြင့် တစ်စုံတစ်ယောက်ကို စိတ်အနှောက်အယှက်ပြုမိဖို့ရန်က မဖြစ်နိုင်ပေ။ ဒါမှမဟုတ် ကုနင်းပဲ သတိမထားမိလိုက်သည့် အချက်တစ်ခုခုကျန်သွားတာလား?

ထန်မိသားစု၏သမိုင်းကြောင်းကို ကုနင်းလဲ ရှင်းရှင်းလင်းလင်းမသိသောကြောင့် ကုမန့်ပြန်ပေးဆွဲခံရခြင်းမှာ ထန်မိသားစုကြောင့် ဖြစ်လိမ့်မည်ဟု ကုနင်း မတွေးလိုက်မိပေ။

လင်ရှောင်းထင် လမ်းငယ်လေးတစ်ခုထဲသို့ ၁၀မိနစ်မက ပြေးပြီးနောက်တွင်တော့ လမ်းမကျယ်ကြီးတစ်ခုကို နောက်ဆုံးတော့ တွေ့လိုက်ရပေမည်။ ကံကောင်းစွာဖြင့် လမ်းတွင် လုံခြုံရေးကင်မရာများလဲ တပ်ဆင်လို့ထားပေသည်။

ထို့ကြောင့် လင်ရှောင်းထင် ချက်ချင်းပင် ဖုန်းတစ်ကောလ်ခေါ်ဆိုလိုက်ကာ၊

“နှစ်နာရီအတွင်း သွားလာသမျှ ယာဉ်တွေအကြောင်း လုံခြုံရေးကင်မရာကနေစစ်ကြည့်လိုက်၊ ပြီးရင် ဗင်ကားရဲ့လိုင်စင်နံပါတ်ပြားကနေပြီး ပိုင်ရှင်ဘယ်သူလဲဆိုတာကိုပါ စုံစမ်း။ အခုပဲ ငါ့တည်နေရာကို ပို့ပေးလိုက်မယ်။”

လင်ရှောင်းထင်ကိုယ်တိုင်လဲ သူဘယ်နေရာကို ရောက်နေလဲဆိုသည်ကို မသိသောကြောင့် ဖုန်းမှတစ်ဆင့်ပင် တည်နေရာကိုပို့ပေးလိုက်ပြီးနောက် ကုနင်းထံသို့ ဖုန်းဆက်လိုက်သည်။

“စစ်ဆေးပြီးလို့ တစ်ခုခုသိရတဲ့အထိ အဲ့ဒီနေရာမှာပဲ စောင့်နေလိုက်။ ကျွန်မတော့ အခုထိ ဘာမှမသိရသေးလို့ ဆက်ပြီးရှာကြည့်လိုက်ဦးမယ်။” လင်ရှောင်းထင်မှာ အခုမှ ကင်မရာများကို စစ်ဆေးကြည့်ခိုင်းလိုက်ခြင်းဖြစ်ကာ ကုမန့်ကို ရှာတွေ့သွားခြင်းမဟုတ်သောကြောင့် ကုနင်း သူမလမ်းကြောင်းအတိုင်းသာ ဆက်ရှာဖို့ရန် ဆုံးဖြတ်လိုက်သည်။

“ဟုတ်ပါပြီ။ သေချာဂရုစိုက်သွားနော်။ ပြီးတော့ တစ်ခုခုသိရတာနဲ့ ကိုယ့်ကို ဖုန်းဆက်လိုက်။” ကုမန့်ကို လမ်းခွဲ၍သွားရှာကြခြင်းဖြစ်သောကြောင့် ကုနင်းတစ်စုံတစ်ခု ဖြစ်သွားမည်ကို လင်ရှောင်းထင် စိုးရိမ်နေမိလေသည်။

“ဆက်လိုက်ပါ့မယ်။” ထို့နောက် ကုနင်းဖုန်းချလိုက်တော့သည်။

သူမလမ်းကြောင်းအတိုင်း ဆက်လက်ပြေးသွားခဲ့ကာ အနီးအနားတွင် ရွာများ အိမ်ခြေများလဲ မတွေ့ရပေမည့် ပြန်လှည့်ဖို့ရန်တော့ စိတ်ကူးမရှိဘဲ လမ်းတစ်လျှောက် ဆက်တိုက်သွားနေခဲ့သည်။

မိနစ်၂၀ကျော်ကြာပြီးနောက်တွင်တော့ လင်ရှောင်းထင်ထံ ဖုန်းပြန်ဝင်လာခဲ့သည်။ လင်ရှောင်းထင်ရောက်ရှိနေသည့် နယ်မြေမှလုံခြုံရေးကင်မရာများမှာ ညနေ၆နာရီဝန်းကျင်ကတည်းက ဖျက်ဆီးခံထားရပြီး လမ်းဘေးများမှ လုံခြုံရေးကင်မရာအချို့သာ အလုပ်လုပ်နေသည်။

ထိုလမ်းမထက်၌ နှစ်နာရီအတွင်းတွင် စုစုပေါင်း ယာဉ်၁၁၆စီးဖြတ်သန်းသွားခဲ့ကာ ထိုအချိန်အတွင်းဖြတ်သန်းသွားသမျှ ယာဉ်များ၏ လိုင်စင်နံပါတ်များမှတစ်ဆင့် ပိုင်ရှင်၏အချက်အလက်များကို လင်ရှောင်းထင်၏ အီးမေးလ်ထဲသို့ ပေးပို့ထားလေသည်။

“အနီးစပ်ဆုံးဖြစ်နိုင်ချေရှိတဲ့ ကားတွေရဲ့ မူမမှန်တဲ့ကိစ္စတွေရှိသလားဆိုတာ ဆက်ပြီးစုံစမ်းလိုက်။” လင်ရှောင်းထင်အနေနှင့် ယာဉ်တိုင်း၏အချက်အလက်များကို ရရှိထားပြီဖြစ်သောလည်း ဘယ်ယာဉ်ကတော့ မူမမှန်လဲဆိုသည်ကို မသိရသေးပေ။

သို့ပေမည့် ဤနယ်မြေမှ လုံခြုံရေးကင်မရာများမှာ ညနေပိုင်းကတည်းက ဖျက်ဆီးထားခြင်းခံရသည်ဆိုခြင်းကြောင့် ပြန်ပေးဆွဲသမားများ ဤလမ်းကို ဖြတ်သွားခဲ့သည်မှာ ၈၀ရာခိုင်နှုန်းခန့်သေချာနေပြီဖြစ်သည်။ ထို့သို့သာမဟုတ်လျှင် ပြန်ပေးသမားများက တမင်တကာ လမ်းကြောင်းလွှဲပြီး တခြားတစ်ဖက်မှ ထွက်ပြေးလွတ်မြောက်သွားခြင်းမျိုးလဲ ဖြစ်နိုင်ပေသည်။

ဖြစ်စဉ်တစ်လျှောက်လုံးကို လင်ရှောင်းထင် ပြန်လည်သုံးသပ်ကြည့်ပြီးနောက် ပြန်ပေးသမားများမှာ အလွန်တော်သည့် ရန်သူများဖြစ်ကြောင်း ခန့်မှန်းလိုက်မိသည်။ ထို့အတွက်ကြောင့်သာ သူတို့ယခုလို ခက်ခက်ခဲခဲလမ်းကြောင်းရှာနေရခြင်းဖြစ်သည်။ ထို့နောက် ကုနင်းထံသို့ ဖုန်းထပ်ဆက်လိုက်သော်လည်း ကုနင်း၏ဖုန်းမှာ မအားလပ်ပါဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

တကယ်တော့ ကုနင်းသည် ကုမန့်၏ဖုန်းဖြင့်ဆက်သွယ်လာသည့် ယောက်ျားတစ်ဦးနှင့် စကားပြောနေခြင်းပင်၊

“မင်းက ကုနင်းမဟုတ်လား? အနောက်ဘက်ဆင်ခြေဖုံးရပ်ကွက်က စွန့်ပစ်ဂိုဒေါင်ကို တစ်ယောက်တည်းလာခဲ့။ မင်းအနားနီးရင် နေရာအတိအကျပြန်ပြောမယ်။ မှတ်ထားနော်၊ မင်းတစ်ယောက်တည်း လာရမှာ။ တစ်ယောက်ယောက်သာ မင်းနောက်ကနေပါလာရင် မင်းအမေလဲ အကောင်းတိုင်းရှိမယ်မထင်နဲ့!”

“ရတယ်၊ ငါလာခဲ့မယ်။” ကုနင်း အေးစက်စက်အသံဖြင့် ပြန်ပြောလိုက်သည်။ သူမအမေ တစ်ခုခုဖြစ်သွားမည်စိုးသောကြောင့် ဖုန်းတစ်ဖက်မှလူကိုတော့ မခြိမ်းခြောက်ခဲ့ပေ။

ထို့နောက် ချက်ချင်းပင် ကုနင်းဖုန်းကိုဖွင့်လိုက်ကာ အနောက်ဘက် ဆင်ခြေဖုံးရပ်ကွက်မှ စွန့်ပစ်ဂိုဒေါင်နေရာကို ရှာလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူမလဲ အနောက်ဘက်ဆင်ခြေဖုံးရပ်ကွက်ကိုရောက်နေခြင်းဖြစ်ပေမည့် စွန့်ပစ်ဂိုဒေါင်ကိုရောက်ဖို့ရန်ကတော့ ၁ကီလိုမီတာလောက် ဆက်သွားဖို့လိုနေသေးသည်။

ဖုန်းဆက်သည့်လူမှာ သူမကိုတစ်ယောက်တည်းလာခဲ့ဖို့သာ ပြောခဲ့သောကြောင့် ကုနင်း လင်ရှောင်းထင်ကို အသိမပေးတော့ပေ။ တစ်ဖက်မှ အခြေအနေကို သူမတစ်ယောက်တည်း ကိုင်တွယ်နိုင်သည်ဟုလဲ ယုံကြည်ချက်အပြည့်ရှိနေခြင်းကြောင့်ဖြစ်သည်။

အနောက်ဘက်ဆင်ခြေဖုံးရပ်ကွက်၏ စွန့်ပစ်ဂိုဒေါင်မှာ လင်ရှောင်းထင်ရောက်နေသည့် နေရာနှင့် လုံးဝဆန့်ကျင်ဘက်အရပ်တွင် ရှိနေခြင်းဖြစ်သောကြောင့် ထောင်ချောက်တစ်ခုသာဖြစ်မှန်း ကုနင်းသိလေသည်။

ထိုလူ သူမကိုဖုန်းဆက်ခေါ်ခြင်းက သူမကိုထိခိုက်စေရန် ရည်ရွယ်လိုခြင်းဖြစ်ကြောင်းကိုလဲ ကုနင်းခန့်မှန်းမိသည်။ ယခုအချိန်အထိဆိုလျှင် သူမတွင် စီးပွားရေးရန်ဘက်တော်တော်များများရှိနေပြီဆိုသော်လည်း သူမအမေကို ဘယ်သူကပြန်ပေးဆွဲသလဲဆိုသည်ကိုတော့ သူမမသိသေးပေ။ ဘယ်သူလုပ်တာပဲဖြစ်ဖြစ် သေချာပေါက် တန်ကြေးကိုတော့ ပြန်ပေးဆပ်ရပေမည်။

ထို့နောက် အချိန်ဆွဲမနေတော့ဘဲ ကုနင်း အနောက်ဘက်ဆင်ခြေဖုံးရပ်ကွက်မှ စွန့်ပစ်ဂိုဒေါင်ရှိရာသို့ အပြေးသွားလိုက်တော့သည်။

………

ထန်အိမ်တော်တွင်၊

ထန်ယွင်ဖန်း၏ လက်ချောင်းများ အနည်းငယ်စတင်လှုပ်ရှားလာကာ နှုတ်မှလဲ တုန်လှုပ် ကြောက်ရွံ့နေဟန်ဖြင့်၊

“မန့်၊ မဖြစ်ဘူး၊ မဖြစ်ဘူး…..”ဆိုကာ ယောင်ရမ်းလို့နေသည်။

ထိုစကားများ၏အရ ထန်ယွင်ဖန်း၏ ကုမန့်နှင့်ပတ်သတ်သော မှတ်ဉာဏ်များ ပြန်လည်ရရှိသွားသည့်ပုံပင်၊ သို့ပေမည့် သူ၏အိပ်မက်ထဲ၌ ဘာကများ အလွန်ကြောက်လန့်နေစေလဲဆိုသည်ကိုတော့ ဘယ်သူကမှ မသိနိုင်ပေ။

ထိုအချိန်တွင်ပဲ ရုတ်တရက်ဆိုသလို ထန်ယွင်ဖန်း၏ တင်းတင်းပိတ်ထားခဲ့သော မျက်ဝန်းများ ရုတ်ချည်းပြန်ပွင့်လာခဲ့ကာ ချက်ချင်းပင် ထထိုင်လိုက်တော့သည်။ ထို့နောက် သူ၏ဘေးပတ်လည်သို့ လှည့်ပတ်ကြည့်ရှုလိုက်ပေမည့် မည်သူ့ကိုမှမတွေ့ရသောကြောင့် ကိုယ်တိုင်ပဲ အိပ်ရာထဲမှ ထွက်လာခဲ့လိုက်သည်။

အောက်ထပ်ရှိဧည့်ခန်းထဲတွင်တော့ စစ်တပ်ထဲတွင်ရှိနေသည့် ချောင်ယွေ့ဟွာနှင့် မှုခင်းရဲတပ်ဖွဲ့နှင့်အတူ ကုမန့်ကိုသွားရှာနေသည့် ချောင်ဝမ်ကျွင်းမှလွဲ၍ ထန်မိသားစုဝင်များအားလုံး စုဝေးနေကြသည်။ ထန်ယွင်ရုန်နှင့်ချောင်ဝမ်ရှင်းသည်လဲ သတင်းကြားရဖို့ရန် အတူစောင့်ဆိုင်းလို့နေသည်။

“တော်တော်တောင်ကြာနေပြီ! ကုမန့် တစ်ခုခုဖြစ်နေတာတော့မဟုတ်လောက်ပါဘူးနော်?” ထန်ယွင်ရုန် အလွန်စိုးရိမ်နေလေသည်။

“မစိုးရိမ်ပါနဲ့၊ သူအဆင်ပြေမှာပါ။” ကျန်းလီဟွာ နှစ်သိမ့်ပေးလိုက်သည်။

“ကုမန့်က အခုမှ Bမြို့ကိုရောက်ဖူးတာ၊ ပြီးတော့လဲ နင်းနင်းရဲ့အိမ်မှာမဟုတ်ရင် ငါတို့အိမ်မှာပဲနေတာလေ။ ဘာလို့ရုတ်တရက်ကြီးပြန်ပေးဆွဲခံလိုက်ရတာလဲ?” ထန်ယွင်ရုန်လဲ ဘယ်လိုမှနားမလည်နိုင်ခဲ့ပေ။

“ဘာပြောလိုက်တယ်? မန့်ကပြန်ပေးဆွဲခံရတယ်၊ ဟုတ်လား?”

ထိုအချိန်တွင်ပဲ အပေါ်ထပ်လှေကားထိပ်မှနေပြီး ထိတ်လန့်နေသည့် ယောက်ျားသံတစ်သံထွက်လာသောကြောင့် ဧည့်ခန်းထဲမှလူများအားလုံး အံ့အားသင့်သွားကြသည်။ ထို့ကြောင့် အားလုံးလှည့်ကြည့်လိုက်ချိန်တွင်တော့ အောက်ထပ်သို့ အလောတကြီးဆင်းလာသည့် ထန်ယွင်ဖန်းကို တွေ့လိုက်ကြရလေသည်။

“မန့်ပြန်ပေးဆွဲခံရတယ်လို့ ပြောလိုက်တာမဟုတ်လား?” အနားသို့ရောက်လာသည်နှင့် စိုးရိမ်တုန်လှုပ်နေဟန်ဖြင့် ထန်ယွင်ဖန်း ထပ်မေးလိုက်သည်။

“ယွင်ဖန်း သတိပြန်ရပြီပေါ့!”

သို့ပေမည့် လောလောဆယ်တွင် ထန်ယွင်ဖန်းမှာ သူ၏အခြေအနေကို ဂရုမစိုက်အားဘဲ ကုမန့်အကြောင်းကိုသာ သိချင်နေခဲ့သည်။

ထို့ကြောင့် ထန်ယွင်ဟန်လဲ ထန်ယွင်ဖန်းကို ကုမန့်အကြောင်း ချက်ချင်း ရှင်းပြလိုက်တော့သည်။

“ဒီနေ့ငါတို့ယာဉ်မောင်းကုမန့်ကို ပြန်လိုက်ပို့တုန်းက၊ ဗင်ကားတစ်စီးက ပိတ်ရပ်ပြီး ကုမန့်နှင့်ယာဉ်မောင်းကို အတင်းအကျပ် ပြန်ပေးဆွဲသွားကြတယ်။ ငါတို့လဲ သူတို့ကိုရှာဖို့ လူတွေအများကြီးလွှတ်ပြီးပေမယ့် အခုထိ ဘာသတင်းကောင်းမှ ကြားရသေးဘူး။”

ထိုစကားများကိုကြားလိုက်ရသည်နှင့် ထန်ယွင်ဖန်း အလွန်ဒေါသထွက်သွားတော့သည်။

***

အခန်း ၅၆၉

ထန်မိသားစု၏ရန်သူ

“မန့်ကိုပြန်ပေးဆွဲသွားတဲ့လူတွေက ထန်မိသားစုရဲ့ရန်သူတွေပဲ။” ထန်ယွင်ဖန်း ပြောလိုက်သည်။ ထိုသို့သာမဟုတ်လျှင် ယခုမှBမြို့ကိုရောက်ဖူးကာ ဘယ်သူနှင့်မှ ရန်ငြှိုးမရှိခဲ့ဖူးသည့် ကုမန့် ပြန်ပေးဆွဲခံလိုက်ရစရာအကြောင်း မရှိပေ။

“ဘာ?” လူတိုင်း ထိတ်လန့်အံ့အားသင့်သွားကြတော့သည်။

ပြန်ပေးဆွဲမှုနောက်ကွယ်မှလူမှာ အမှန်တကယ်ပဲ ထန်မိသားစု၏ ရန်သူဆိုလျှင် ဘာလို့ ထန်မိသားစုဝင်တစ်ဦးဦးကို ပြန်ပေးမဆွဲဘဲ ကုမန့်ကိုပြန်ပေးဆွဲသွားရတာလဲ? ကုမန့်နှင့် ထန်မိသားစု၏ဆက်နွယ်မှုကို သူတို့ရှာတွေ့သွားလို့များလား? ဒီလိုသာမဟုတ်ရင်တော့ အခုမှBမြို့ကိုလာတဲ့ ကုမန့်ကိုပြန်ပေးဆွဲစရာအကြောင်းမရှိပေ။ ဤအတိုင်းဆိုလျှင် ကုမန့်သည် မတရားခံလိုက်ရသူသပ်သပ်သာ။

“ကျွန်တော် သူ့ကိုသွားရှာရမယ်!” ထန်ယွင်ဖန်း ပြောရင်းဆိုရင်းဖြင့်ပင် အပြင်သို့ပြေးထွက်သွားတော့သည်။

“ယွင်ဖန်း!” ထန်ယွင်ဟန်ကတားဖို့လုပ်လိုက်ပေမည့် ထန်ဟိုင်ဖုန်းက ကြားဖြတ်ကာ၊

“လွှတ်ထားလိုက်။”

“သူအခုမှသတိပြန်ရတာလေ! အခုလိုလျှောက်ပြေးနေရင် အန္တရာယ်များတယ်။” ထန်ယွင်ဟန် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။ အခုလို ကုမန့်ထက် ထန်ယွင်ဖန်းကို ရွေးချယ်ခြင်းက သူတစ်ကိုယ်ကောင်းဆန်မှန်းလဲသိသည်။ ကုမန့်အခုလို ပြန်ပေးဆွဲခံရသည့်အတွက် စိတ်မကောင်းဖြစ်ပေမည့် ထန်ယွင်ဖန်းသည်သာ သူ့မိသားစုဝင်ဖြစ်သောကြောင့် ပို၍အရေးကြီးပေသည်။

“ယွင်ဖန်း ကုမန့်ကိုဘယ်လိုခေါ်လိုက်လဲဆိုတာ ကြားလိုက်လား? ငါမှန်းတာမမှားရင် သူ ကုမန့်အကြောင်းကို ပြန်မှတ်မိသွားလောက်ပြီ။” ထန်ဟိုင်ဖုန်း ပြောလိုက်သည်။

ထိုစကားကိုကြားရာတွင် လူတိုင်းထပ်မံအံ့အားသင့်သွားကြရပြန်သည်။ ဘာပြောလိုက်တယ်? ယွင်ဖန်းက ကုမန့်နဲ့ပတ်သတ်တဲ့မှတ်ဉာဏ်တွေ ပြန်ရသွားပြီပေါ့?

ထို့နောက် ထန်ဟိုင်ဖုန်းကပင် ဆက်ပြီး၊

“ပြီးတော့ ကုမန့်က ငါတို့မိသားစုကြောင့် ပြန်ပေးဆွဲခံရတာလေ။ ငါတို့အားလုံး အိမ်မှာထိုင်စောင့်နေတာက မသင့်တော်လှဘူး။ ငါတို့သာ ယွင်ဖန်း သွားရှာမှာကို တားလိုက်ရင် နင်းနင်းနဲ့ ကုမန့်တို့ စိတ်ထိခိုက်သွားရလိမ့်မယ်။”

ကုမန့်ကိုရှာဖို့ရန် သူတို့ဘက်က လူများစွာလွှတ်ပေးထားပြီးဖြစ်သော်လည်း ထန်ဟိုင်ဖုန်းသည်တော့ သူကိုယ်တိုင်သွားရှာမပေးနိုင်၍ အပြစ်ရှိသလိုခံစားနေရစဲဖြစ်သောကြောင့် ထန်ယွင်ဖန်း သွားရှာလိုရာတွင် မတားလိုခဲ့ခြင်းဖြစ်သည်။ သူကိုယ်တိုင်ထွက်ရှာဖို့ရန်က အသက်ကြီးလွန်းနေပြီဖြစ်ကာ ထန်ယွင်ဟန်သည်လဲ မိသားစုကို ကာကွယ်ပေးရန် ရှိနေပေးရခြင်းဖြစ်သည်။ ကျန်ထန်မိသားစုဝင်များမှာလဲ မိန်းကလေးများသာဖြစ်သောကြောင့် မကူညီပေးနိုင်ကြပေ။ ထို့ကြောင့် ထန်ယွင်ဖန်းသည်သာ သွားရှာဖို့ရန် အသင့်တော်ဆုံးဖြစ်ပေသည်။

ထန်ဟိုင်ဖုန်း၏စကားကို ထန်ယွင်ဟန်လဲသဘောတူသောကြောင့် ဘာမှဆက်မပြောတော့ပေ။ လောလောဆယ်သူတို့လုပ်နိုင်တာဟူ၍ အားလုံးဘေးကင်းကင်းနှင့်ပြန်ရောက်ဖို့ရန် ဆုတောင်းရုံပင်။

“ပြန်ပေးဆွဲမှုနောက်ကွယ်က တရားခံကဘယ်သူများဖြစ်မလဲ?” ထန်ယွင်ရုန်မေးလိုက်သည်။ ထန်မိသားစုတွင် ရန်သူများစွာရှိတာကြောင့် ဘယ်တစ်ယောက်ဖြစ်နိုင်လဲဆိုသည်ကို သူမမပြောနိုင်ပေ။

ထိုအခါ မိသားစုထဲတွင် စဉ်းစားတွေးခေါ်နိုင်စွမ်း အမြင့်ဆုံးဖြစ်သည့် ထန်ဟိုင်ဖုန်းကပင် တွက်ချက်ကြည့်ရတော့သည်။

“ပြန်ပေးဆွဲမှုနောက်ကွယ်ကလူက တကယ်ပဲထန်မိသားစုရဲ့ ရန်သူဆိုရင် သူက ငါတို့နဲ့ကုမန့်၏ဆက်နွယ်မှုကို သိထားတဲ့သူပဲဖြစ်ရမယ်။ သူသာ ကုမန့်ကို သိရင် နင်းနင်းကိုလဲ သေချာပေါက် သိမှာပဲ။ ဒီလိုသာဆိုရင် သူက ယွင်ဖန်းနဲ့ရင်းနှီးနေတဲ့လူမျိုး ဖြစ်နိုင်တယ်။ ပြီးတော့ ယွင်ဖန်းဖြစ်သွားတဲ့ မတော်တဆမှုနဲ့လဲ ဆက်နွယ်မှုရှိနိုင်တယ်လို့ ငါထင်တယ်။ ထန်သဲ့မင်က ငါတို့လုပ်ငန်းစုထဲမှ ယွင်ဖန်း သတိမေ့နေတာကို အရင်ဆုံးသိသွားတဲ့လူပဲ။ ဒီတော့ တစ်ဖက်လူက ထန်သဲ့မင်နဲ့ဆက်သွယ်မှုရှိရမယ်။ သူတို့က ထန်ဟွမ်လုပ်ငန်းစုရဲ့ဥက္ကဌနေရာကိုလိုချင်လို့ သူတို့လမ်းပေါ်ရောက်လာတဲ့ နင်းနင်းကိုရှင်းချင်နေတာပဲ။ ဒါပေမယ့် နင်းနင်းကBမြို့မှာမရှိတာကြောင့် ကုမန့်ကို သူတို့ပြန်ပေးဆွဲသွားကြတာ။”

ထိုတွေးဆချက်သည် အလွန်ဖြစ်နိုင်ချေရှိသည်ဟု အားလုံးလဲ ထင်မိကြပေသည်။

“ဒီလိုသာဆို၊ ကုမန့်ကိုလာကယ်ဖို့ နင်းနင်းကို လှမ်းခေါ်ပြီး သူ့ကိုပါ တစ်ခါတည်း ဖမ်းလိုက်နိုင်တာပေါ့?” ထန်ယွင်ဟန် စိုးရိမ်သွားခဲ့သည်။

ထိုအတွေးကိုကြားသည်နှင့် အားလုံးလဲ အလွန်ထိတ်လန့်သွားကာ၊ ထန်ဟိုင်ဖုန်းမှနေပြီး၊

“အခုပဲ နင်းနင်းကို ဆက်သွယ်လိုက်မယ်။”

ကုနင်း သူမအိတ်ကပ်ထဲမှဖုန်းက တုန်ခါလာချိန်တွင် သူမလဲ စွန့်ပစ်ဂိုဒေါင်အပြင်ဘက်သို့ ရောက်ရှိလို့နေပြီဖြစ်သောကြောင့် ထန်ဟိုင်ဖုန်း၏ ခေါ်ဆိုမှုကို ပြန်လည်ဖြေဆိုဖို့ရန် အချိန်ကောင်းမဟုတ်တော့ပေ။ ထို့အတွက်ကြောင့် ထန်ဟိုင်ဖုန်းကိုသာ ဖုန်းကိုင်ဖို့အဆင်မပြေသေးကြောင်း စာလှမ်းပို့လိုက်သည်။

ကုနင်း၏စာကိုဖတ်ပြီးနောက် ထန်ဟိုင်းဖုန်းလဲ သူမကို ဆက်ပြီးခေါ်မနေတော့ပေ။

ကုနင်း စွန့်ပစ်ဂိုဒေါင်နားသို့ချဉ်းကပ်သွားချိန်ကာ ပြန်ပေးဆွဲသမားများကို အလစ်ဝင်တိုက်လိုခြင်းကြောင့် ကုမန့်ကို ချက်ချင်းအော်ခေါ်ခြင်းမပြုခဲ့ပေ။

ထို့နောက် သူမ၏ကျောက်စိမ်းမျက်ဝန်းအကူအညီဖြင့် ကုမန့်ကို ရှာကြည့်လိုက်သည်။

ခနအကြာတွင်တေတာ့ ထန်ဟိုင်ဖုန်းထံမှ စာပြန်ဝင်လာကာ သူမထင်ထားသလို ထောင်ချောက်တစ်ခုဖြစ်ကြောင်း ပြောထားခြင်းဖြစ်သည်။ သို့ပေမည့် အခုချိန်မှတော့ ကုနင်းလဲ ရောက်ရှိနေပြီဖြစ်သောကြောင့် ပြန်လှည့်ဖို့ရန် အလွန်နောက်ကျသွားပေပြီ။ ထို့ကြောင့် သူမဂရုတစိုက်လုပ်ဆောင်မည်ဖြစ်ကြောင်းကိုသာ ထန်ဟိုင်ဖုန်းထံစာပြန်ပို့လိုက်ပြီး ကုမန့်ကို ဆက်ရှာခဲ့သည်။

ထန်ဟိုင်ဖုန်းမှာလဲ ကုနင်းအန္တရာယ်ကျရောက်မည်ကိုသာ စိုးရိမ်နေမိသောကြောင့် ထန်ယွင်ဖန်း သတိပြန်ရနေပြီဖြစ်ကြောင်းကို ပြောဖို့ မေးသွားခဲ့သည်။

နောက်ထပ်အချိန်ခနအကြာတွင်တော့ ကုနင်း မှောင်မဲသည့်ဂိုဒေါင်ထဲ၌ လူလေးယောက်ကို မြင်ရသွားတော့သည်။ သို့ပေမည့် ကုမန့်ကိုတော့ မတွေ့ရပေ။ သူတို့က ကုနင်းကိုတမင်ရည်ရွယ်ကာ မျှားခေါ်ခြင်းပင်! ထိုသို့ဆိုလျှင်ပင် ကုနင်းအနေနှင့် ကုမန့်ဘယ်မှာလဲဆိုသည်ကို စစ်မေးရဦးမည်ဖြစ်သောကြောင့် ပြန်မထွက်သွားခဲ့ပေ။

“ဟဲဇီ၊ ကုနင်းလိုခေါ်တဲ့ကောင်မလေးက ဒီကိုလာရော လာရဲပါ့မလား? ရဲကို အကြောင်းကြားလိုက်ရင်ကော?” လူတစ်ယောက်က မသေမချာဖြင့်မေးလိုက်သည်။

ကုနင်းကို တစ်ယောက်တည်းလာဖို့ရန် သူတို့အမိန့်ပေးထားသော်လည်း သူတို့ကိုလာတွေ့ဖို့ မိန်းမငယ်လေးတစ်ယောက်တွင် သတ္တိရှိလိမ့်မည်ဟု မထင်မိကြပေ။

“သူလာမယ်ပြောထားမှတော့ လာမှာပါ။ သူ့အမေကလဲ အခုငါတို့လက်ထဲမှာပဲကို။ ပြီးတော့ အဲ့ကောင်မလေးက သာမာန်မဟုတ်ဘူးလို့ကြားထားတယ်၊ ငါတို့သေချာဂရုစိုက်ရမယ်။” ဟဲဇီကပြန်ပြောလိုက်သည်။

“သူက ကလေးမလေးတစ်ယောက်ပါကွာ! ငါတို့ကိုဘာများလုပ်နိုင်မှာမို့လို့လဲ?”

“ဟုတ်သားပဲ၊ ဒါပေမယ့် အဲ့ကောင်မလေးက တကယ်ကိုလှတာနော်။ ငါတော့ သူ့ပုံလေးမြင်ရုံနဲ့ စိတ်တွေကြွလာပြီ။ ငါတို့ကိုငှားတဲ့လူသာ သူ့ကိုထိခွင့်ပေးထားရင် ပျော်စရာလေးတွေတောင် ဖန်တီးပေးလိုက်ချင်သေးတယ်၊ ဟ-ဟ!”

“ငါရောပဲ! အလုပ်ပြီးသွားရင်၊ မိန်းမတစ်ချို့ခေါ်ပြီးပျော်ကြရအောင်!”

ထိုပြန်ပေးသမား၄ဦး၏ပြောစကားများကိုကြားပြီးနောက် ကုနင်းအလွန်ဒေါသထွက်သွားကာ ချက်ချင်းပင် တံခါးကိုကန်ဖွင့်လိုက်ပြီး ထိုလူများဘက်ကို ပြင်ဆင်ချိန်ပင် မပေးဘဲ စတင်တိုက်ခိုက်တော့သည်။

ကုနင်းမမျှော်လင့်ဘဲပေါ်ထွက်လာသောကြောင့် ထိုလူလေးယောက်လဲ ပြန်မတိုက်ခိုက်နိုင်သေးခင်တွင်ပဲ ရိုက်နှက်ခံလိုက်ရတော့သည်။ ကုနင်းသည်လဲ တုံ့ဆိုင်းခြင်းအလျဉ်းမရှိ ထိုလူများ၏ အတိုက်ခိုက်မခံသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို အဓိကထားတိုက်ခိုက်သောကြောင့် ဂိုဒေါင်အတွင်း ကြောက်မက်ဖွယ်ရာအော်သံများဖြင့် ဖုံးလွှမ်းသွားတော့သည်။

***

အခန်း ၅၇၀

ကီရင်းဂိုဏ်းမှ ပြန်ပေးဆွဲခြင်း

ကုနင်း ပြန်ပေးသမားလေးယောက်လုံးကို အလွန်မုန်းတီးနေသောကြောင့် အားနှင့်မာန်နှင့်ရိုက်ချခဲ့လေသည်။

ထိုလူများလုံး နာနာကျင်ကျင်အော်ဟစ်ကာ မြေပေါ်သို့အတုံးအရုန်းလဲကျကုန်ကြသည်။ မိန်းမငယ်လေးတစ်ဦးက ဤမျှ သန်မာကာ သူတို့ကို အလင်းအလျင်လိုမျိုး မြေပေါ်အလဲသိပ်လိုက်လိမ့်မည်ဟု မထင်ထားခဲ့ကြသောကြောင့် အလွန်အံ့အားသင့်လို့နေလေသည်။

ကုနင်း ကြိုးများထုတ်ယူကာ ထိုလူများကို ချည်နှောင်လိုက်သောကြောင့် ဘယ်လောက်ပဲ ရုန်းကန်ကြပါစေ ဘယ်သူမှ လွတ်မြောက်နိုင်ကြတော့မည်မဟုတ်ပေ။ ထို့နောက် ကုနင်း ထိုလူများကို စူးစိုက်ကြည့်လိုက်ကာ အေးစက်မာကြောသည့်အသံဖြင့် မေးလိုက်သည်။

“ငါ့အမေဘယ်မှာလဲ?”

ကုနင်း၏အကြည့်များမှာ စူးရှလို့နေကာ အမူအရာမှာလဲ အေးစက်လှပြီး ခြိမ်းခြောက်မှုများလဲ ပါဝင်နေသောကြောင့် ထိုလူများအလွန်ထိတ်လန့်ကာ လှုပ်ပင်မလှုပ်ရဲကြတော့ပေ။ သို့ပေမည့် ကုနင်းကို အမှန်အတိုင်းပြောပြဖို့ရန်ကိုတော့ ငြင်းဆန်နေကြစဲပင်။

“မင်းငါတို့ကို လွှတ်ပေးလိုက်တာ ကောင်းမယ်။ ငါတို့ထဲက တစ်ယောက်ယောက်ကိုသာ မင်းသတ်ရဲသတ်ကြည့်လိုက်စမ်း၊ မင်းအမေလဲ အသက်ရှင်မယ်မထင်နဲ့!”

“နင်တို့ကို ထိခိုက်အောင် ငါမလုပ်ရဲလောက်ဘူးလို့ ထင်နေကြတာလား?” ထိုသို့ပြောရင်းနှင့်ပင် ကုနင်း သေနတ်ကိုရုတ်ချည်းထုတ်ယူကာ လူမိုက်တစ်ယောက်၏ ပုခုံးထက်သို့ ချိန်ရွယ်ကာ ပစ်လိုက်ပြီး ထိုလူလဲ နာနာကျင်ကျင်ဖြင့် အော်ဟစ်တော့သည်။

ထိုအချိန်တွင်တော့ အားလုံးအမှန်တကယ်ကို ကြောက်ရွံ့နေကြပေပြီ။ ဒီကောင်မလေးမှာ သေနတ်တောင်ရှိနေတဲ့အပြင် သူတို့ကို မျက်တောင်တစ်ချက်ပင်မခတ်ပဲ ပစ်တောင်ပစ်လိုက်သေးသည်! ဒါလူတစ်ယောက်ကို သူသေနတ်နဲ့ပစ်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်မှန်း သေချာတယ်!

“ပြောစရာရှိတာ အေးအေးဆေးဆေးပြောလိုက်မလား? အသေခံမလား?” ကုနင်း၏အသံမှာ ပို၍ပို၍ပင် အေးစက်လာသောကြောင့် သူတို့အားလုံးအသက်ပင်မရှူရဲသလောက်ဖြစ်ကုန်ကြတော့သည်။ သို့ပေမည့် လက်မလျှော့သေးဘဲ ကုနင်းကို ပြန်ပင်ခြိမ်းခြောက်လိုက်သည်။

“မင်း- မင်းငါ့ကိုပစ်ရဲတယ်ပေါ့! ငါတို့က ကီရင်းဂိုဏ်းသားတွေကွ!”

ကီရင်းဂိုဏ်း? ကုနင်း၏မျက်လုံးထဲ အေးစက်သည့်အရိပ်အယောင်များ ဖြတ်ပြေးသွားပေမည့် ကီရင်းဂိုဏ်းသားများက ကုမန့်ကို ပြန်ပေးဆွဲရုံနှင့် ကီရင်းဂိုဏ်းက ခိုင်းသည်ဟုတော့ ကုနင်းကောက်ချက်မချလိုပေ။ ဂိုဏ်းများသည် ငွေအတွက်ဆိုလျှင် ဘာမဆိုလုပ်သူများဖြစ်မှန်း ကုနင်းသိသောကြောင့် ကုမန့်ကို ပြန်ပေးဆွဲဖို့ရန် ကီရင်းဂိုဏ်းသားများကို တစ်စုံတစ်ယောက်ကို ငွေပေးငှားခြင်းမျိုးလဲ ဖြစ်နိုင်ပေသည်။

ထို့ကြောင့် ကုနင်း ထိုလူကို စိုက်ကြည့်ကာ၊

“ဒီတော့ ငါ့အမေက ကီရင်းဂိုဏ်းရဲ့လက်ထဲမှာလို့ ဆိုလိုတာလား?”

“ဟုတ်တယ်၊ အဲ့တော့ဘာဖြစ်လဲ?” ဤတစ်ခေါက်တွင်တော့ ထိုလူ၏အသံမှာ အနည်းငယ် မောက်မာသလိုဖြစ်လာပေပြီ။ ကောင်မလေးကတော့ ကီရင်းဂိုဏ်းကိုတော့ဖြင့် သေချာပေါက် ကြောက်ရွံ့လိမ့်မည်ဟု သူယုံကြည်လေသည်။

ကုနင်းလဲ ချင်ဂိုဏ်းကမဟုတ်ဘဲ ကီရင်းဂိုဏ်းဆိုသောကြောင့် အမှန်တကယ်ကို စိုးရိမ်မိသွားခဲ့သည်။ ဂိုဏ်းများသည် ဓါးစားခံတစ်ယောက်ကို ဖမ်းထားလျှင် ထိခိုက်အောင်လုပ်တတ်သည်မှာ ပုံမှန်သာဖြစ်ပေသည်။

ကုနင်း အချိန်ဖြုန်းမနေလိုတော့သောကြောင့် ထိုလူများနှင့်ဆက်မပြောတော့ဘဲ ချီထျန်းလင်ဆီသာ ချက်ချင်းဖုန်းဆက်ခဲ့သည်။

ကုနင်းဖုန်းဆက်သည်ကို ချီထျန်းလင်တွေ့လိုက်ရချိန်တွင်တော့ အံ့ဩသွားရသည်။

“မိန်းကလေးကု၊ မင်းက ငါ့ကိုဖုန်းတွေဘာတွေဆက်လို့ပါလား။ ဘာလဲ? ကမ္ဘာမြေကလပ်ကိုလာပြီး မင်းငွေလာရှာပြန်ပြီလား?” ချီထျန်းလင် စိတ်အနှောက်အယှက်ဖြစ်သည့်အသံဖြင့် မေးလိုက်သည်။

“လာတော့လာချင်ပါတယ်၊ ဒါပေမယ့် မြေကမ္ဘာကလပ်ကို ကျွန်မလာခဲ့ရင်တောင် ရှင့်အကူအညီမပါဘဲ ကိုယ့်ဘာသာပြန်ထွက်သွားနိုင်တယ်။” လောလောဆယ် ကုနင်း စိတ်အခြေအနေသိပ်မကောင်းနေပေ။

“ကြည့်ရတာ မင်းစိတ်အခြေအနေမကောင်းဘူးထင်တယ်။” ကုနင်း၏ရန်စကားကိုကြားပေမည့် ချီထျန်းလင်မှာ စိတ်ဝင်စားဖို့ကောင်းသည့်အရာနှင့် ကြုံရသည်ဟုပင်တွေးမိကာ ဒေါသမထွက်ပေ။ နောက်ဆုံးတစ်ခေါက် သူတို့တွေ့ဆုံခဲ့ပြီး တိုက်ခိုက်ခဲ့စဉ်ကပင် ကုနင်းဒေါသထွက်ခြင်းမရှိခဲ့ဘဲ အရွယ်ရောက်ကာ ရင့်ကျက်သည့်လူတစ်ဦးလို ပြုမူခဲ့သည်မဟုတ်ပါလား။ သို့ပေမည့် ဤတစ်ခေါက်တွင်တော့ သူမအသံမှာ မိန်းမငယ်လေးတစ်ဦး တစ်စုံတစ်ခုကို အလိုမကျဖြစ်နေသည့်အတိုင်းပင်။

“ချီ၊ ကျွန်မရှင်နဲ့ စကားများဖို့အချိန်မရှိသေးဘူး။ ဒီနေ့ ၈နာရီ၁၀မိနစ်လောက်တုန်းက ကျွန်မအမေ xxလမ်းမှာ ပြန်ပေးဆွဲခံလိုက်ရတယ်။ ပြီးတော့ ပြန်ပေးသမားတွေက သူတို့က ကီရင်းဂိုဏ်းသားတွေပါလို့လဲ ပြောနေတယ်။”

ချီထျန်းလင်ကို ကုနင်းဖုန်းဆက်နေခြင်းဖြစ်ကြောင်း လူမိုက်များကြားလိုက်ရချိန်တွင် အလွန်ထိတ်လန့်သွားတော့သည်။ ဒီကောင်မလေးက သူတို့၏ဂိုဏ်းခေါင်းဆောင်နှင့် သိနေလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

“တကယ်လား? ငါ့ကိုအချိန်ခနပေး။ တကယ်သာဆိုရင် ငါသေချာဖြေရှင်းပေးမယ်လို့ ကတိပေးတယ်။”

ကုနင်း အရင်တစ်ခေါက် သူ့ကိုလုပ်သွားသည့်ကိစ္စအတွက် ချီထျန်းလင် သူမကို မကျေနပ်သေးသည်မှန်သော်လည်း မုန်းတီးနေခြင်းတော့မရှိပေ။ ထိုအစား သူမနှင့် သူငယ်ချင်းဖွဲ့ဖို့ရန်ပင် စိတ်အားထက်သန်နေသောကြောင့် ကုနင်းဝမ်းနည်းရမည့်အဖြစ်မျိုး သူလုပ်လိမ့်မည်မဟုတ်ပေ။

ကုမန့်သည် ဤဂိုဒေါင်ထဲတွင်လဲ မရှိသလို ချီထျန်းလင်ကလဲ သူမကိုကူညီပေးမည်ဟု ကတိပေးလိုက်ပြီးဖြစ်သောကြောင့် ဤနေရာတွင် ကုနင်းကြာကြာ ဆက်နေစရာအကြောင်းမရှိတော့ပေ။

ကုနင်း ပြန်မထွက်သွားခင်တော့ လူမိုက်များကို ကြိုးပြန်ဖြည်ပေးခဲ့ပေမည့် သူမဒေါသထက်ကို ထွက်ပေါက်ပေးသည့်အနေဖြင့် ထပ်မံရိုက်နှက်ခဲ့ပေသေးသည်။ ထိုလူများသည် မကောင်းသည့်လူများဖြစ်ပေမည့် သူတို့အတွက်နှင့်တော့ လူသတ်မှုကျူးလွန်ချင်စိတ်မရှိသေးပေ။

ထို့နောက် ကုနင်း ကုမန့်၏ဖုန်းကိုကောက်ယူကာ ပြန်ထွက်လာခဲ့သည်။ လမ်းပေါ်ပြန်ရောက်သည်နှင့် လင်ရှောင်းထင်ကို ဖုန်းလှမ်းဆက်ကာ သူမတို့ကားရပ်ခဲ့သည့်နေရာတွင် ပြန်ဆုံကြဖို့ရန် ပြောလိုက်သည်။

ကုနင်းတစ်ယောက်တည်း ပြန်ပေးသမားများကို သွားတွေ့သည်အား လင်ရှောင်းထင် ကြားလိုက်ရချိန်တွင် သူ့ကိုမပြောသည့်အတွက် စိတ်မကောင်းဖြစ်ရခြင်းထက် ကုနင်းတစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်ရသည့်စိတ်က ပိုလို့နေသည်။ သို့ပေမည့် အခုလဲ ကုနင်းအဆင်ပြေနေပြီဆိုမှတော့ လင်ရှောင်းထင် ထိုအကြောင်းကို ဆက်ပြောမနေတော့ပေ။

ထန်ယွင်ဖန်းတစ်ယောက် အပြင်သို့ထွက်လာသည်မှာအတော်လေးကြာနေပြီဖြစ်ပေမည့် ကုမန့်ဘယ်မှာရှိလောက်လဲကိုတော့ မခန့်မှန်းနိုင်သေးပေ။ အဆုံးတွင်တော့ ကုမန့်ကိုနောက်ဆုံးခြေရာခံမိသည့် စွန့်ပစ်ဗင်ကားရှိသည့်နေရာသို့သာ သွားရတော့သည်။

ဆယ်မိနစ်ကြာပြီးနောက် ချီထျန်းလင် ဖုန်းပြန်ဆက်လာခဲ့သည်။

ကုမန့်မှာ အမှန်တကယ် ကီရင်းဂိုဏ်း၏လက်ထဲတွင်ရှိနေကြောင်း ချီထျန်းလင်ပြောပြခဲ့ကာ ကုနင်းကို မြေကမ္ဘာကလပ်တွင် သူမမေကို သွားရောက်ခေါ်ယူနိုင်ကြောင်းလဲ ပြောခဲ့သည်။

ထိုစကားကိုကြားကာမှ ကုနင်းရော လင်ရှောင်းထင်ပါ စိတ်အေးသွားရကာ မြေကမ္ဘာကလပ်ရှိရာသို့ ထွက်လာခဲ့ကြသည်။

မတော်တဆမှုဖြစ်ရာနေရာနှင့် အတော်ဝေးဝေးနေရာသို့အရောက်တွင် ထိုနေရာ၌ ယောက်ျားတစ်ဦး ရပ်နေကြောင်း ကုနင်းရော လင်ရှောင်းထင်ပါ သတိထားမိခဲ့ကြပြီး ကုနင်း သူမ၏ကျောက်စိမ်းမျက်ဝန်းကို သုံးကာကြည့်လိုက်ချိန်တွင်တော့ ထိုလူကို ရှင်းရှင်းလင်းလင်းမြင်သွားတော့သည်။ ထိုလူမှာ ထန်ယွင်ဖန်းပင်ဖြစ်ကာ အခုလိုသတိရနေသည်ကိုမြင်ရပြီး ကုနင်းအံ့အားသင့်သွားတော့သည်။ ကုမန့်ပြန်ပေးဆွဲခံရသည်ကိုသိကာ ထန်ယွင်ဖန်း ဤနေရာသို့ရောက်နေမှန်း သိသာပေသည်။

ထို့ကြောင့် ကုနင်း ကားကိုရပ်ခိုင်းလိုက်ကာ ထန်ယွင်ဖန်းရှိရာသို့ ပြေးသွားလိုက်ပြီး လင်ရှောင်းထင်လဲ နောက်မှ ထပ်ကြပ်မကွာလိုက်သွားခဲ့သည်။

သူတို့အနားနီးလာသည့်အချိန်တွင်တော့ လင်ရှောင်းထင်လဲ ထိုလူမှာ ထန်ယွင်ဖန်းမှန်း မှတ်မိသွားကာ အံ့ဩသွားတော့သည်။

ထန်ယွင်ဖန်းလဲ သူ့ဆီသို့ပြေးလာနေသည့်အသံများကြားကာ လှည့်ကြည့်လိုက်ချိန်တွင် ကုနင်းဖြစ်နေသောကြောင့် အလွန်အံ့အားသင့်သွားလေသည်။

“ဦးလေးထန်၊ သတိရလာပြီပေါ့!” ကုနင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

သို့ပေမည့် ထန်ယွင်ဖန်းသည်တော့ စိုးရိမ်ပူပန်မှုအပြည့်ဖြင့်၊

“နင်းနင်း၊ သမီးအမေ အခြေအနေဘယ်လိုလဲ?”

“သမီးသူငယ်ချင်းတစ်ယောက်က ရှာတွေ့ထားပြီ၊ အခုချက်ချင်းသွားခေါ်လိုက်ရုံပဲ။”

***

စာစဉ် ၃၈ ပြီး၏။

All Chapters