အခန်း (၅၇၆-၅၈၀)
Vol. 39 Ch. 576-580
အခန်း ၅၇၆
လက်တစ်ချောင်းဖြတ်လိုက်
“မပြောပါဘူး။ လုံးဝမပြောဘူး။” ကျန်းရုန်ကျင်း ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
ထို့နောက် ကုနင်း ကျန်းရုန်ကျွင်းကို လွှတ်ပေးလိုက်လေသည်။
ကျန်းရုန်ကျွင်းထွက်သွားသည်နှင့် ချက်ချင်းပင် ကျန်းရုန်ကျင်း ကုနင်းကိုစတင်တောင်းပန်ခယတော့သည်။
“မိန်းကလေးကု၊ ငါအားလုံးပြောပြပြီးသွားပြီလေ၊ ထွက်သွားခွင့်ပေးပါတော့။”
“မစိုးရိမ်ပါနဲ့၊ ရှင့်တစ်ယောက်ကြောင့်နဲ့ ကျွန်မလဲ လူသတ်မှုမကျူးလွန်ချင်သေးပါဘူး၊ ဒီတော့ ရှင့်ကိုသတ်မှာမဟုတ်ဘူး။”
ထိုစကားကိုကြားသောကြောင့် ကျန်းရုန်ကျင်း စိတ်အေးသွားပေမည့် ကုနင်းက ဆက်ပြီးပြောသေးပြန်သည်။
“ဒါပေမယ့် ရှင့်အပြစ်အတွက် ဘာမှမပေးချေရသေးဘဲနဲ့တော့ ဒီကနေထွက်သွားလို့မရသေးဘူး။”
ကျန်းရုန်ကျင်း ကြောက်ရွံ့သွားကာ၊
“မင်းဘာလိုချင်တာလဲ?” ကြောက်ကြောက်လန့်လန့်နှင့်မေးလိုက်သည်။
“ရှင်သိစရာမလိုပါဘူး။” ကုနင်း အေးစက်စွာပြောလိုက်ပြီးနောက် ကျန်းရုန်ကျင်းကို လျစ်လျူရှုထားလိုက်ကာ ဟုန်ဖန်ဘက်သို့လှည့်ကြည့်လိုက်တော့ ဟုန်ဖန်လဲ ကုနင်းကို ကြောက်ရွံ့လို့နေသည်။
ကုနင်း သူ့ကိုလဲ အပြစ်တစ်ခုခုမပေးဘဲနှင့်တော့ လွှတ်ပေးမည်မဟုတ်မှန်း ဟုန်ဖန်နားလည်သောကြောင့် ချက်ချင်းမြေပေါ်သို့ ဒူးထောက်ချကာ မျက်ရည်များဖြင့် တောင်းပန်ခယတော့သည်။
“မိန်း-မိန်းကလေးကု၊ ကျေးဇူးပြုပြီး-ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ။”
“ကောင်းပြီလေ၊ ဒီညရှင် ကျွန်မကို ကူညီပေးခဲ့တယ်ဆိုတော့ ရှင့်လက်ချောင်းတစ်ချောင်းကိုပဲ ဖြတ်တော့မယ်။” ကုနင်းပြောပြီးသည်နှင့် သူမ၏လွယ်အိတ်(စိတ်စွမ်းအင်အာကာပြင်)ထဲမှနေပြီး ဓါးထက်ထက်တစ်ချောင်းကိုထုတ်ယူကာ ဟုန်ဖန်ဆီသို့ပစ်ပေးလိုက်ပြီး၊
“ကိုယ့်ဘာသာလုပ်လိုက်။”
ဟုန်ဖန် ကြောက်ရွံ့ကာ တုန်လှုပ်သွားသည်။ သို့ပေမည့် ဘယ်လောက်ပဲကြောက်နေနေ၊ တွန့်ဆုတ်ခြင်းမရှိဘဲ အလျင်အမြန်ပဲ လက်ချောင်းအောက်ဘက်ကို နည်းနည်းလောက်သာချန်ကာ ဖြတ်ချလိုက်တော့သည်။ သူသာ ကြောက်ပြီးဖြည်းဖြည်းချင်းဖြတ်နေပါက နာကျင်မှုသာ ပိုများသွားပေလိမ့်မည်။ ဓါးမှာအမှန်တကယ်ကို ထက်ရှလှသောကြောင့် စက္ကန့်ပိုင်းအတွင်းတွင်ပဲ ဟုန်ဖန်၏လက်ချောင်းလေးမှာ မြေပေါ်သို့သက်ဆင်းသွားတော့သည်။ ဟုန်ဖန်၏မျက်နှာသည်လဲ သွေးမရှိသလိုဖြူဖျော့သွားကာ နာကျင်စွာအော်ဟစ်လိုက်တော့သည်။
ထို့နောက် ကုနင်း ချီထျန်းလင်ကိုဖုန်းဆက်ကာ ကျန်းရုန်ကျင်းနှင့်လူမိုက်နှစ်ယောက်ကိစ္စကို ရှင်းပေးအကူအညီတောင်းလိုက်သည်။ ထိုလူများ အသက်ရှင်ရှင်မရှင်ရှင် သူမဂရုစိုက်နေမည်မဟုတ်ပေ။
ထို့နောက်တွင်တော့ ကုနင်း ပြန်ထွက်လာကာ ဟုန်ဖန်သည်တော့ နာကျင်မှုကို အောင့်အီးသည်းခံရင်း ကျန်းရုန်ကျင်းတို့သုံးဦးကိုခေါ်ရန် အခြားကီရင်းဂိုဏ်းများအလာကိုစောင့်နေပေးခဲ့လေသည်။
ကုနင်းထွက်သွားပြီနောက် ကျန်းရုန်ကျင်း၏ဖုန်းကိုဖျက်ဆီးလိုက်သောကြောင့် ထန်သဲ့မင် သူ့ကိုဆက်သွယ်၍မရနိုင်တော့ပေ။
ထိုအချိန်တွင်၊ ထန်သဲ့မင်သည် ထန်ဝေ့ရုန်၏အိမ်၌ရှိနေကာ ရဲများက သူတို့တာဝန်ပြီးမြောက်၍ ရဲစခန်းသို့ပြန်ရောက်သွားပြီဆိုသည့်သတင်းကို ကြားခဲ့ရလေသည်။ သို့ပေမည့် ကုမန့်ကိုသတ်နိုင်သွားလား မသတ်နိုင်ခဲ့လားဆိုသည်ကိုတော့ သူမသိသေးပေ။
ရဲများမှာ သူတို့ခေါင်းဆောင်၏အမိန့်အတိုင်းသာ လုပ်ကိုင်ကြခြင်းဖြစ်ပြီး သူတို့ခေါင်းဆောင်ကိုယ်တိုင်က သူတို့ကို အကြောင်းအရာအသေးစိတ်ပြောပြခဲ့ခြင်း မရှိပေ။
ရဲများပင် ရဲစခန်းသို့ပြန်ရောက်သွားပေမည့် ကျန်းရုန်ကျင်းဘက်က ယခုထိ အခြေအနေကို တင်ပြလာခြင်းမရှိသောကြောင့် ထန်သဲ့မင် စိတ်မရှည်စွာဖြင့် သူကပဲ စဆက်သွယ်လိုက်သည်။
ထန်သဲ့မင်ကတော့ သူ့ကိုယ်ပိုင်ဖုန်းဖြင့် ကျန်းရုန်ကျင်းကို သေချာပေါက် မဆက်သွယ်ဘဲ သူ့ကိုယ်သူကာကွယ်ရန်အလို့ငှာ အခြားဖုန်းနံပါတ်ကိုသုံးလေသည်။ သို့ပေမည့် သူဘယ်လောက်ပဲ ခေါ်ဆိုပါစေ ကျန်းရုန်ကျင်းနှင့်ဆက်သွယ်၍မရခဲ့ပေ။ ထိုအခါမှာတော့ ထန်သဲ့မင်ရော ထန်ဝေ့ရုန်ပါ စိုးရိမ်ပူပန်လာကြတော့သည်။
“ဘာဖြစ်တာလဲ? ကျန်းရုန်ကျင်းက ဘာလို့ ငါခေါ်တာကိုမကိုင်တာပါလိမ့်?” ထန်သဲ့မင် စိတ်ရှုပ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“သူပြဿနာများတက်နေလို့လား?”
ထန်ဝေ့ရုန်လဲ စိုးရိမ်ပူပန်သွားကာ၊
“ရှင်းကျီကိုဖုန်းဆက်ပြီး ထန်မိသားစုတွေဘယ်လိုနေလဲဆိုတာ မေးကြည့်လိုက်။”
“ကောင်းပြီ!” ထန်သဲ့မင်လဲ ချက်ချင်းပင် နောက်ထပ်ဖုန်းတစ်လုံးကို ဆက်သွယ်လိုက်သည်။
ထန်မိသားစု၏အိမ်အကူအများစုသည် ထန်မိသားစုပိုင်ခြံဝန်းတွင်ပဲနေကြပေမည့် အဆောက်အဦးကတော့တစ်ခုမကရှိလေသည်။ အိမ်အကူအားလုံးသည် အိမ်မကြီးဘေးဘက်ရှိ အဆောက်အဦးများတွင်နေကြသည်။ သူတို့အားလုံးမှာ အိမ်အကူများဖြစ်သော်လည်း နေရေးထိုင်ရေးကတော့ မဆိုးဝါးလှပေ။ သာမာန်အိမ်အကူလေးယောက်လျှင် အခန်းတစ်ခန်းစုနေကြရကာ ထိန်းသိမ်းရေးပိုင်းအဆင့်မြင့်သူများကတော့ တစ်ယောက်ကို တစ်ခန်းနှုန်းနှင့်နေနိုင်လေသည်။ ဝန်းထမ်းအားလုံးကို တစ်ပတ်လျှင် နှစ်ရက်ခွင့်ပေးပြီး ကျန်အချိန်များတွင်တော့ အလှည့်ကျလုပ်ကိုင်ရကာ ပုံမှန်အားဖြင့် ည၈နာရီဆိုလျှင် တာဝန်ချိန်ပြီးကြသည်။
ဤအချိန်တွင်တော့ သာမာန်လေးယောက်ခန်းတစ်ခန်းထဲတွင် လူလေးယောက် ကဒ်ကစားနေကြသည်။ ထိုအချိန်တွင်ပဲ သူတို့လေးဦးထဲမှ လူငယ်လေးတစ်ယောက်၏ဖုန်းက ရုတ်တရက်မြည်လာကာ ခေါ်ဆိုသူနာမည်ကို သူတွေ့လိုက်ရချိန်တွင်တော့ ခနထွက်ခွင့်တောင်းပြီး အလျင်အမြန်ထထွက်သွားတော့သည်။
“ဟလို။” အနားတွင် ဘယ်သူမှမရှိတော့ကြောင်း သေချာချိန်တွင်တော့ ဖုန်းကိုပြန်ဖြေလိုက်လေသည်။
“ရှင်းကျီ၊ အခု ထန်မိသားစုအခြေအနေဘယ်လိုလဲ?” တစ်ဖက်မှအသံမှာ ယောက်ျားလား မိန်းမလားမခွဲခြားနိုင်ဘဲ အသံပြောင်းသည့်နည်းစနစ်ကိုသုံးထားကြောင်း သိသာလေသည်။
“ကျွန်တော်က ဒီနေ့ အရှေ့ဘက်ခြံဝန်းမှာ တာဝန်ကျတာမဟုတ်လို့ ဘာမှမသိသေးဘူး။ ခနနေ တာဝန်ချိန်ပြီးကြတော့မှဆိုတော့ သူတို့ပြန်လာမှ ကျွန်တော်စုံစမ်းကြည့်လိုက်ပါ့မယ်။” တာဝန်ချိန်သာမဟုတ်လျှင် ရှင်းကျီလဲ အရှေ့ဘက်ခြံဝန်းသို့သွားခွင့်မရှိနေပေ။
အိမ်အကူများသည် အတင်းပြောတတ်ကြသူများဖြစ်သောကြောင့် အိမ်တွင်းသတင်းများ အပြင်ဘက်သို့အလွယ်တကူ ပျံ့သွားနိုင်လေသည်။ သို့ပေမည့် ထန်မိသားစုသည်တော့ အစကတည်းက အိမ်အကူအားလုံးနှင့် သဘောတူညီမှုစာချုပ်များချုပ်ထားသောကြောင့် ဘယ်သူ့ကိုမှ အပြင်ဘက်သို့ သတင်းဖြန့်ခွင့်မပြုထားပေ။
“ကောင်းပြီ၊ သတင်းတစ်ခုခုကြားတာနဲ့ ငါ့ကိုပြန်ဆက်သွယ်လိုက်။”
“ဟုတ်ကဲ့ပါ၊” ထို့နောက် ရှင်းကျီဖုန်းချလိုက်သည်။ သို့ပေမည့် သူအနောက်သို့ပြန်လှည့်လိုက်ချိန်တွင်ပဲ သူနှင့်တစ်မီတာလောက်အကွာတွင် ယောက်ျားတစ်ယောက် မတ်တပ်ရပ်နေသည်ကိုတွေ့လိုက်ရသည်။ ရှင်းကျီကြောက်ရွံ့ကာ အနည်းငယ်လန့်သွားခဲ့ပေမည့် သူ့စိတ်ကိုသူအမြန်ပြန်တည်ငြိမ်အောင် ထိန်းလိုက်ကာ၊
“ဒုန်-ဒုန်ကော၊ ဘယ်တုန်းကထွက်လာတာလဲ?”
ဒုန်ကောဆိုသူက နံရံကိုမှီရပ်ရင်း ရှင်းကျီကိုကြည့်ကာ၊
“ရှင်းကျီ၊ ငါတို့ကိုရှောင်ပြီး ဘာလို့ဖုန်းဆက်နေတာလဲ?”
ရှင်းကျီ တောင့်ခဲသွားကာ ချက်ချင်းပင် ရှင်းပြလိုက်သည်။
“ဒုန်ကောတို့နားမဆူညံစေချင်လို့ပါ။” သို့ပေမည့် သူတို့အားလုံး နေ့တိုင်းလိုလို ကျယ်လောင်စွာ စကားပြောဆိုလေ့ရှိကြပြီး ဘယ်သူကမှ ထိုကိစ္စအတွက် မကျေမနပ်မဖြစ်ဖူးသောကြောင့် ရှင်းကျီ၏ရှင်းပြချက်က ရုပ်တိမရှိပေ။
ဒုန်ကော ဘာမှဆက်မပြောတော့ပေမည့် စီးကရက်တစ်လိပ်ကို ဆွဲထုတ်လိုက်ရင်း၊
“ရှင်းကျီ၊ မင်းကအလုပ်ပြောင်းချင်နေတာလား?”
ရှင်းကျီ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်သွားတော့သည်။
“ပြောင်းချင်စရာလား! ဒီနေရာက အရမ်းကောင်းတာကို ကျွန်တော်သဘောကျပါတယ်။” ရှင်းကျီ သူ့စိတ်ကိုသူထိန်းကာ လိမ်ညာလိုက်သည်။ သို့ပေမည့် ဒုန်ကော၏မျက်လုံးထဲတွင်တော့ အပိုလုပ်နေခြင်းဖြစ်ကြောင်း သိသာလွန်းနေလေသည်။
ဒုန်ကော၏အမူအရာမှာ ဒေါသထွက်သည့်ဘက်သို့ပြောင်းသွားကာ၊
“ရှင်းကျီ၊ မင်းအမူအရာတွေဟန်ပျက်နေတာကို ငါသတိထားမိတာ အတော်ကြာနေပြီ၊ ဒါပေမယ့် ငါမင်းရဲ့လျှို့ဝှက်ချက်ကို မဖော်ထုတ်သေးဘူးဆိုတာက မင်းကိုအခွင့်အရေးတစ်ခုပေးချင်တဲ့အတွက်ပဲ။ မင်းငါတို့ရဲ့သခင်ကြီးနဲ့ သခင်လေးတွေကို သစ္စာရှိလာဖို့မျှော်လင့်ခဲ့တယ်၊ ဒါပေမယ့် မင်းကတော့ ထန်မိသားစုကို သစ္စာဖောက်ဖို့လမ်းကို ရွေးချယ်နေတုန်းပဲ! ထန်မိသားစုဆိုတာ လွယ်လွယ်လေးဖြုတ်ချလို့ရတဲ့ လူတွေလို့များမင်ထင်နေတာလား? မိုက်မဲလိုက်တာ!”
ဒုန်ကော၏အမည်ရင်းမှာ ချောင်ဒုန်ဖြစ်ကာ ထန်မိသားစုမှ အတွေ့ကြုံပြည့်ဝသည့် အစေခံခေါင်းဆောင်တစ်ဦးလဲဖြစ်လေသည်။ လွန်ခဲ့သည့်အချိန်များတုန်းက ရှင်းကျီ၏လုပ်ရည်ကိုင်ရည်အပေါ် သူအတော်လေးသဘောကျခဲ့လေသည်။
***
အခန်း ၅၇၇
လှည့်စားမှု
သို့ပေမည့် ထန်မိသားစုကို ရှင်းကျီသစ္စာဖောက်နေသည်အား ချောင်ဒုန်သိသွားသည့်အချိန်တွင်တော့ အလွန်ထိတ်လန့်သွားခဲ့လေသည်။ အစကတော့ ရှင်းကျီတွင် အကြောင်းတစ်ခုခုရှိခြင်းကြောင့် လုပ်ခြင်းဖြစ်မည်ဟုတွေးထားခဲ့သည်။ ထို့အပြင် ထိုအထိလဲ ထန်မိသားစုကို ထိခိုက်ပျက်စီးစေသည့်ကိစ္စ မရှိသေးသောကြောင့် ရှင်းကျီကို အမှားပြင်ဆင်ရန် အခွင့်အရေးပေးထားခဲ့လေသည်။ မထင်မှတ်ထားဘဲ ရှင်းကျီက ထိုမျှနဲ့လက်မလျှော့သွားခဲ့ပေ။
ချောင်ဒုန်၏စကားများကိုကြားပြီးနောက် ရှင်းကျီဖြူဖျော့သွားကာ ကြောက်ရွံ့တုန်ရီသွားတော့သည်။ ဒုန်ကောက အားလုံးသိပြီးသားဖြစ်သောကြောင့် သူအလွန်အံ့အားသင့်သွားရလေသည်။ သူလုပ်သမျှကို ဘယ်သူကမှ မသိလောက်ဘူးဟု ထင်မှတ်ထားခဲ့ပေမည့် တကယ်တမ်း ဒုန်ကောက သူ့အတွက် ကိုယ်စားဖုံးကွယ်ပေးထားခဲ့ခြင်းဖြစ်နေပေသည်။
“ဒုန်-ဒုန်ကော၊ ကျွန်တော်….” ရှင်းကျီ ပြန်ရှင်းပြချင်ပေမည့် ပြောစရာစကားပျောက်ရှလို့နေသည်။
“ရှင်းကျီ၊ ထန်မိသားစုကို ဒေါထွက်အောင်လုပ်မိတဲ့ပြစ်ဒဏ်ကို မင်းခံနိုင်မှာမဟုတ်ဘူး။ ဒီလုပ်ကြံမှုသာ ပေါ်သွားရင် အဲ့ဒီလူတွေက မင်းကိုကူညီပေးကြမယ်လို့ထင်နေတာလား? မင်းဘဝကိုမင်း မဖျက်ဆီးချင်ရင် မင်းလုပ်နေသမျှ ဒီလောက်နဲ့ရပ်လိုက်တာ ပိုကောင်းမယ်။ ပြီးတော့ ထန်သခင်ကြီးကို ဝန်ခံလိုက်တော့။ မင်းအခုထိ အရမ်းဆိုးဝါးတာမလုပ်ရသေးဘူးဆိုတော့ ထန်သခင်ကြီးက မင်းကိုနှင်ထုတ်တာကလွဲပြီး မင်းဘဝကိုတော့ ဖျက်ဆီးမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းတို့ရဲ့အကြံအစည်တွေ ပေါ်ထွက်သွားမှသာဆိုရင်တော့ မင်းသေတောင် သေသွားနိုင်တယ်! ငါလဲ မင်းအတွက် အမြဲတမ်းဖုံးကွယ်ပေးမထားနိုင်ဘူး။ မဟုတ်ရင် ငါပါ အပြစ်ပေးခံလိုက်ရနိုင်တယ်။” ချောင်ဒုန် လေးနက်စွာ သတိပေးလိုက်သည်။
“ဒါပေမယ့်…” ရှင်းကျီ အလွန်ကြောက်လန့်နေသောကြောင့် ချက်ချင်းကြီးသဘောမတူလိုက်နိုင်ပေ။ ထိုအစား တစ်ခုခုကို အသံကျယ်ကျယ်ပြောဖို့ရန် တုံ့ဆိုင်းနေသည့်ပုံပင်။
“ရှင်းကျီ၊ မင်းဘာတွေများ အခက်အခဲရှိနေလို့လဲ?” ရှင်းကျီ ဤသို့သစ္စာဖောက်ရန် ဖိအားပေးခံရခြင်းဖြစ်မည်ဟု ချောင်ဒုန်တွေးလိုက်မိလေသည်။
“ဒုန်ကော၊ ကျွန်တော်လဲမလုပ်ချင်ပါဘူး၊ ဒါပေမယ့် ကျွန်တော်သာ သူတို့ကို ငြင်းဆန်လိုက်ရင် ကျွန်တော့်သားကို သူတို့ထိခိုက်အောင် လုပ်ကြလိမ့်မယ်။” ရှင်းကျီ မျက်ရည်များပင်ကျလာသည်။ သူစတင်ငိုကြွေးလိုက်သည်နှင့် လူတော်တော်များများကလဲ ဘာတွေများဖြစ်လဲဆိုတာကို ထွက်ကြည့်ကုန်ကြတော့သည်။
“ရှင်းကျီ၊ ဘာဖြစ်လို့လဲ?” အားလုံးစိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။
“ဘာမှမဖြစ်ဘူး။ သူ့မိန်းမဖုန်းဆက်တော့ သူမိသားစုကိုလွမ်းတာနဲ့ မထိန်းချုပ်နိုင်တော့တာ။” ချောင်ဒုန်က အခြားလူများမသိစေရန် ချက်ချင်းဖြေရှင်းလိုက်သည်။
ချောင်ဒုန် ကူညီပေးသောကြောင့် ရှင်းကျီ အလွန်ခံစားသွားရပေမည့် သူထန်မိသားစုကို သစ္စာဖောက်ခဲ့သည့်အကြောင်း ဝန်ခံဖို့ကိုတော့ တွန့်ဆုတ်နေစဲပင်။
လူတိုင်းကလဲ သူတို့၏မိသားစုများကိုလွမ်းကြတာကြောင့် ရှင်းကျီကို နားလည်ပေးနိုင်ကြသည်။ သို့ပေမည့် သူတို့အနေနှင့် အိမ်ကိုထောက်ပံ့ဖို့ရန် ငွေရှာဖို့လိုနေသေးသည်။ ထန်မိသားစုတွင်ဆိုလျှင် သူတို့နှင့်တန်းတူ အခြားလူများထက် လစာကောင်းကောင်းပေးသလို ကောင်းကောင်းမွန်မွန်ဆက်ဆံခံရသောကြောင့် ဒီလိုကောင်းမွန်သည့်အလုပ်ကိုသာ ရွေးချယ်ကြပြီး တစ်ပတ်လျှင် နှစ်ရက်သာ အိမ်ပြန်ဖို့ရွေးလိုက်ကြသည်။
“စိတ်မပူကြနဲ့တော့၊ ငါသူ့ကို အဖော်လုပ်ပေးလိုက်မယ်၊ မင်းတို့ ကိုယ့်အခန်းကိုပြန်ကြတော့။” အားလုံးသာ ရှိနေလျှင် ရှင်းကျီနေရခက်နေမည်မှန်း သိကြသောကြောင့် ချောင်ဒုန်ပြောလိုက်ချိန်တွင် အားလုံးထွက်သွားပေးကြလေသည်။
“ရှင်းကျီ၊ မင်းအတွက် ငါတကယ်ကို စိတ်မကောင်းပေမယ့် ဒီအတိုင်းပဲ မင်းရှောင်ပြေးသွားဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒီတစ်ညမင်းကို စဉ်းစားခွင့်ပေးမယ်။ နောက်နေ့ရောက်လို့ မင်းလုပ်ခဲ့သမျှကို သခင်ကြီးထန်ကို သွားပြီးဝန်မခံဘူးဆိုရင် ငါကိုယ်တိုင်သွားပြောရလိမ့်မယ်။ မင်းလဲသိပါတယ်၊ သခင်ကြီးထန်က ငါ့အသက်ကိုကယ်ပေးခဲ့တဲ့အပြင် အခုလက်ရှိ ငါပိုင်ဆိုင်နေသမျှ အရာအားလုံးကလဲ သခင်ကြီးကပဲ ပေးထားခဲ့တာ။ အခုလို သခင်ကြီးထန်ကို ဖုံးကွယ်ထားတာကိုက အပြစ်ရှိသလိုခံစားနေရပြီ၊ ငါကတော့ ထန်မိသားစုကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး။” ချောင်ဒုန် ထိုစကားကိုပြောပြီးနောက် သူ့အခန်းကိုပြန်သွားတော့သည်။
……
ကုနင်း ဟွားဖုတောင်ကုန်းရှိ သူမအိမ်သို့ပြန်ရောက်ချိန်တွင်တော့ ည၁၂နာရီပင်ထိုးလုနီးနေပေပြီ။
ကုနင်းအိမ်ပြန်ရောက်ချိန်တွင် လင်ရှောင်းထင်မှာ ဧည့်ခန်းထဲတွင် ထိုင်နေခဲ့ခြင်းဖြစ်ကာ ကုနင်းဝင်လာသည်နှင့် ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။ ကုနင်းဘေးကင်းသည်ကို အတည်ပြုပြီးကာမှ လင်ရှောင်းထင် စိတ်အေးသွားတော့သည်။
“ဘာလို့ ကိုယ့်ကိုလာကြိုပေးဖို့မပြောတာလဲ?” လင်ရှောင်းထင် စိုးရိမ်စွာဖြင့်မေးလိုက်သည်။
ထိုအခါ ကုနင်းပြုံးလိုက်ရင်း၊
“ကျွန်မဘာသာ တက္ကစီငှားပြီးလာလို့ရနေတာပဲကို။ သူအခုထိရှိနေသေးလား?” သူဆိုသည်မှာ သေချာပေါက် ထန်ယွင်ဖန်းကို ဆိုလိုခြင်းဖြစ်သည်။
“ရှိသေးတယ်။”
“ခနထိုင်နေဦးနော်၊ ကျွန်မအပေါ်ထပ်သွားလိုက်ဦးမယ်။”
ထို့နောက် ကုနင်း အပေါ်ထပ်သို့တက်သွားခဲ့သည်။
ကုမန့်၏အခန်းမှာသော့မခတ်ထားဘဲ အနည်းငယ်ပင် ဟလို့ထားသည်။ ကုမန့်က အိပ်ရာပေါတွင် အိပ်ပျော်နေကာ ထန်ယွင်ဖန်းသည်တော့ အိပ်ရာဘေးတွင် ထိုင်ကာ သူမလက်ကိုဆုပ်ကိုင်ထားရင်း တိတ်ဆိတ်ငြိမ်သက်လို့နေသည်။
“ဦးလေးထန်၊ သမီးတို့ စကားပြောလို့ရမလား?” ကုနင်း တံခါးကိုတွန်းဖွင့်ရင်းဖြင့် မေးလိုက်သည်။ သူမထန်ယွင်ဖန်းကို မနှောက်ယှက်ချင်ပေမယ့် အရေးကြီးကိစ္စဖြစ်နေသောကြောင့် မြန်မြန်ဆန်ဆန်ဖြေရှင်းမှဖြစ်ပေမည်။
“လာခဲ့မယ်။” ကုမန့်အကြောင်းပြောဖို့မှန်း ထန်ယွင်ဖန်းလဲ သိသောကြောင့် ကုနင်းနောက်မှလိုက်ကာ စာကြည့်ခန်းထဲသို့ဝင်သွားလိုက်သည်။
ကျန်းရုန်ကျင်းလုပ်ခဲ့သမျှအားလုံး ကုနင်းပြောပြပြီးချိန်တွင်တော့ ထန်ယွင်ဖန်း အလွန်ဒေါသထွက်သွားကာ၊
“သေစမ်း! သူတို့ကများ မင်းတို့ကို ကြံစည်ရဲတယ်!”
ထန်ယွင်ဖန်း၏ဒေါသကို ကုနင်းပင်လျှင် အနည်းငယ်ကြောက်လန့်သွားရလေသည်။
“ငါတို့မှာ ရန်သူတွေအများကြီးရှိတယ်ဆိုပေမယ့် ထန်သဲ့မင်ကပဲ ငါတို့ကိုမကောင်းကြံစည်နေတာဖြစ်ရမယ်။” ထန်ယွင်ဖန်းပြောလိုက်သည်။
“ဒါပေမယ့် သူတစ်ယောက်တည်း လုပ်တာလို့တော့မထင်ဘူး။ သူ့နောက်ကွယ်မှာတစ်ယောက်ယောက်တော့ ရှိရဦးမယ်။ ဒီလူကတော်တော်အကြံများတာပဲ၊ ငါတောင် သူဘယ်သူလဲဆိုတာ မခန့်မှန်းနိုင်ဘူး။ ကားတိုက်မှုကလဲ သူတို့အကြံအစည်ပဲဖြစ်ရမယ်။”
ထိုစကားကြောင့် ကုနင်းလဲ ဒေါသထွက်သွားလေသည်။ လုပ်ကြံတာပဲတဲ့လား! သူမတောင် ထိုကားတိုက်မှုကို သာမာန်မတော်တဆမှုဟုသာ ထင်ခဲ့ခြင်းဖြစ်သည်!
ထန်ယွင်ဖန်းကပဲဆက်ပြီး၊
“ထန်မိသားစုမှာ စီးပွားရေးလုပ်ငန်းကို လည်ပတ်နိုင်တာက ငါတစ်ယောက်တည်းရှိတာ။ အဖေကလဲ အသက်ကြီးနေပြီ၊ ကျားယန်ကလဲ ငယ်နေသေးတယ်ဆိုတော့ ငါကိုမာဖြစ်နေတာအချိန် အခွင့်ကောင်းဝင်ယူဖို့ကြံခဲ့ကြာတာပဲ။”
“ဒီလိုသာဆို အခုအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး နောက်ကွယ်ကလူကိုဖော်ထုတ်ကြတာပေါ့။” ကုနင်းပြောလိုက်ခြင်းဖြစ်သည်။
ကုနင်း၏စကားဆိုလိုရင်းကို ထန်ယွင်ဖန်းလဲ ချက်ချင်းနားလည်သွားကာ၊
“ငါသတိမေ့နေတုန်းပဲလို့ဆက်ဟန်ဆောင်ပြီး သူတို့ရဲ့လှည့်ကွက်ကို သူတို့အပေါ် ပြန်အသုံးချမယ်လို့ ဆိုလိုတာလား?”
“အဲ့လိုပါပဲ။”
ထန်ယွင်ဖန်းလဲ ထိုအကြံကို သဘောတူလိုက်လေသည်။
“ကံကောင်းလို့ အပြင်မှာမှောင်နေတာ။ ဦးလေးအခု ထန်အိမ်တော်ကိုပြန်ပြီး အိပ်ရာထဲ ပြန်လှဲနေတာပိုကောင်းမယ်လို့ထင်တယ်။ မနက်ဖြန်ကျရင် သမီးအမေနဲ့ လာခဲ့ပါ့မယ်။”
ထန်ယွင်ဖန်း ထွက်မသွားချင်သေးသော်လည်း မနက်ဖြန်ဆိုလျှင် သူတို့၏ရန်သူများကို ဖမ်းရဦးမည်ဖြစ်သောကြောင့် သွားမှဖြစ်ပေမည်။
ကုနင်း ထန်ယွင်ဖန်းကို ဧည့်ခန်းထဲသို့ပြန်လိုက်ပို့ချိန်တွင် အခန်းထဲ၌ လင်ရှောင်းထင် ရှိနေသေးသောကြောင့် ထန်ယွင်ဖန်း အံ့ဩသွားတော့သည်။
***
အခန်း ၅၇၈
လူတော်တော်များများ အိပ်မပျော်နိုင်ခဲ့ကြဘူး
ည၁၂နာရီကျော်နေတာတောင်မှ လင်ရှောင်းထင် ကုနင်း၏အိမ်တွင် ဆက်နေသေးသည်ကို သိပ်ပြီး မသင့်တော်လှဟု ထန်ယွင်ဖန်း ခံစားမိပေမည့် ယနေ့အတွက် ကုမန့်ကို လင်ရှောင်းထင် ကူညီရှာဖွေပေးခဲ့သောကြောင့် ထန်ယွင်ဖန်း ရှည်ရှည်ဝေးဝေးတွေးမနေခဲ့တော့ပေ။
“ရှောင်းထင် ဦးလေးထန်ကို ထန်အိမ်တော်ပြန်လိုက်ပို့ပေးပါလား။” ကုနင်းအကူညီထပ်တောင်းလိုက်သည်။
“ရတာပေါ့။” လင်ရှောင်းထင် ချက်ချင်းပင် မတ်တပ်ထကာ ပြန်ဖြေလိုက်သည်။
“ကျေးဇူးပါ။” ထန်ယွင်ဖန်း ကျေးဇူးတင်စကားပြောလိုက်သည်။
“လုပ်ပေးသင့်တာပါ။”
ထို့နောက် လင်ရှောင်ထင်ပဲ ထန်ယွင်ဖန်းကို အိမ်ပြန်လိုက်ပို့ပေးခဲ့သည်။
လမ်းတစ်လျှောက်လုံး ထန်ယွင်ဖန်းကလဲ ယနေ့ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်တွေးတောနေသောကြောင့် သူတို့နှစ်ဦးစကားပြောခဲလေသည်။ ထို့အပြင် လင်ရှောင်းထင်က ကုနင်း၏ချစ်သူကောင်လေးဖြစ်နေမည်ဟုလဲ သူမတွေးခဲ့မိပေ။ သူသာသိလျှင်တော့ လင်ရှောင်းထင်နှင့် ပိုပြီးရင်းရင်းနှီးနှီးစကားပြောဖြစ်လောက်ပေမည်။ ခနအကြာတွင်တော့ ထန်ယွင်ဖန်းကို ထန်ဟိုင်ဖုန်း ဖုန်းဆက်လာခဲ့ကာ ထန်ယွင်ဖန်းလဲ သူမကြာခင်ပြန်ရောက်တော့မည့်အကြောင်း ပြန်ဖြေခဲ့သည်။
ထန်ယွင်ဖန်းကို ထန်အိမ်တော်ရှေ့မှောက်၌ ချပေးပြီးသည်နှင့် လင်ရှောင်းထင် ချက်ချင်းပင် ပြန်ထွက်သွားခဲ့သည်။
ထန်ဟိုင်ဖုန်းမှနေပြီး ထန်ယွင်ဖန်းသတိရနေပြီဖြစ်သည့်အကြောင်း ဘယ်သူ့ကိုမှမပြောရန် သတိပေးထားကာ ပေါက်ကြားသွားပါက အားလုံးအပြစ်ပေးခံရပေလိမ့်မည်။ ထန်မိသားစုမှာ လောလောဆယ်အန္တရာယ်ကြားထဲ ကျရောက်နေသောကြောင့် သတိကပ်ကာ ဂရုစိုက်နေမှဖြစ်ပေမည်။
ချောင်ဒုန်မှာ ထန်ယွင်ဖန်း ရက်များစွာ သတိမေ့မြောနေသည့်သတင်းကို ရှင်းကျီပေါက်ကြားစေခဲ့ကြောင်းသာသိပြီး ကုမန့်ဘာကြောင့်ပြန်ပေးဆွဲခံရသည်ကိုမသိသလို ဤပြန်ပေးဆွဲမှုတွင် ရှင်းကျီပါဝင်ပတ်သတ်နေခြင်းရှိသည်ကိုလဲ မသိထားပေ။
ထန်အိမ်တော်ဧည့်ခန်းအတွင်း၌၊
ထန်ဟိုင်ဖုန်း၊ ထန်ယွင်ဟန်တို့ဇနီးမောင်နှံ၊ ချောင်ယွေ့ဟွာတို့ဇနီးမောင်နှံနှင့် ချောင်ဝမ်ကျွင်း၊ ချောင်ဝမ်ရှင်းတို့လဲ ထန်ယွင်ဖန်း ပြန်အလာကို စောင့်နေကြသည်။
“ဘယ်လိုဖြစ်သွားလဲ?” ထန်ယွင်ဖန်းပြန်ရောက်လာသည်ကို မြင်သည်နှင့် ထန်ဟိုင်ဖုန်းမေးလိုက်ခြင်းဖြစ်သည်။
“စာကြည့်ခန်းထဲကိုသွားကြတာပေါ့။” ပြောပြီးသည့်နောက် ထန်ယွင်ဖန်း အပေါ်ထပ်သို့တက်သွားတော့သည်။
ထို့နောက် ချောင်ဝမ်ကျွင်းနှင့် ချောင်ဝမ်ရှင်းမှလွဲပြီး ကျန်လူကြီးများအားလုံးလဲ ထန်ယွင်ဖန်းနောက်မှ အပေါ်ထပ်သို့လိုက်သွားခဲ့သည်။
အခန်းထဲသို့ရောက်သည်နှင့် ထန်ယွင်ဖန်းက ဖြစ်ပျက်သမျှအားလုံးကို ပြောပြလိုက်ကာ အားလုံးလဲ ထန်သဲ့မင် အမြင့်မှန်းကြောင်းသိထားကြပြီးဖြစ်သောကြောင့် ယခုလိုလုပ်ကြံကြောင်းကြားရချိန်တွင် မအံ့ဩမိကြပေ။ သို့ပေမည့် အားလုံးဒေါသအလွန်ထွက်သွားကြသည်။
ပုံမှန်ဆိုလျှင် ထန်မိသားစုဝင်များသည် ယဉ်ကျေးကာ ကြင်နာတတ်ကြပေမည့် သူတို့ကိုသာ တစ်စုံတစ်ယောက်က ထိခိုက်အောင် လုပ်လာပါက ထိုရန်သူအပေါ် အတုံ့အဆိုင်းမရှိ ပြန်လည်လက်တုန့်ပြန်တတ်ကြလေသည်။
ထန်ယွင်ဖန်း၏ သတိမေ့သလိုဆက်ဟန်ဆောင်ကာ နောက်ကွယ်မှလူကို ဖော်ထုတ်မည့်အစီအစဉ်ကို အားလုံးလဲ သဘောတူကြလေသည်။
“သတင်းကို ဘယ်သူကများပေါက်ကြားအောင် လုပ်ခဲ့တာလဲအံ့ဩမိတယ်။ ရက်တွေဒီလောက်ကြာနေတာတောင် ငါတို့အခုထိ ဘာမှမကြားရသေးဘူး။” ထန်ယွင်ရုန် အလွန်ဒေါသထွက်နေလေသည်။
“ထန်မိသားစုက ဘယ်အချိန်ကစပြီးများ အားနည်းသွားတာလဲ?! ဘယ်လိုလုပ် ငါတို့ကို သစ္စာဖောက်တဲ့လူကို အခုထိဖမ်းမမိရသေးတာလဲ?” ထန်ယွင်ဟန်လဲ အလွန်စိတ်ရှုပ်နေသည်။ တကယ်တမ်း သူတို့မသိကြရခြင်းမှာ ချောင်ဒုန်က တမင်တကာ ဖုံးကွယ်ပေးထားခြင်းကြောင့်ဖြစ်လေသည်။
……..
ထန်ယွင်ဖန်းကို ထန်အိမ်တော်သို့ပြန်ပို့ပြီးနောက် လင်ရှောင်းထင် ဟွားဖုတောင်ကုန်းသို့သာ ပြန်လာခဲ့လေသည်။
ယနေ့ည ကုနင်းက သူ့ကို သူမအိမ်တွင်သာနေရန် ပြောထားပေမည့် တစ်ခန်းထဲတော့ နေကြမည်မဟုတ်ပေ။ ကုနင်း ဒီနေ့ဖြတ်ကျော်ခဲ့ရသည့်ကိစ္စများကြောင့် စိတ်မကြည်မှန်း လင်ရှောင်းထင်လဲ နားလည်သောကြောင့် ဤည ဧည့်သည်အခန်းတွင်သာ အိမ်မည်ဖြစ်သည်။
ထိုညတွင် လူတော်တော်များများ အိပ်လို့မပျော်နိုင်ခဲ့ကြပေ။
ကုနင်းသည်လဲ ကုမန့်ပြန်ပေးဆွဲခံခဲ့ရခြင်းကြောင့် အိပ်မပျော်နိုင်ခဲ့ပေ။ ကုမန့်ဘေးကင်းကင်းပြန်ရောက်နေပြီဖြစ်သော်လည်း သူမနှလုံးသားထဲတွင်တော့ စိတ်ဒဏ်ရာကျန်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ထန်သဲ့မင်နောက်ကွယ်မှလူကို တွေ့အောင်ရှာကာ သူမကိုယ်တိုင် ထိုလူများအဆိုးဆုံးနှိပ်စက်ပစ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။
လင်ရှောင်းထင်သည်လဲ ကုနင်းကို စိတ်ပူနေသောကြောင့် အိပ်မပျော်ခဲ့ပေ။
ထန်မိသားစုဝင်များသည်လဲ သူတို့မိသားစုနှင့် စီးပွားရေးလုပ်ငန်းများ အန္တရာယ်ရှိနေစဲဖြစ်သောကြောင့် အိပ်မပျော်ကြပေ။
ရှင်းကျီသည်လဲ သူထန်မိသားစုကို သစ္စာဖောက်ခဲ့သည့်အကြောင်း ဝန်ခံသင့်မခံသင့်ကို ဆုံးဖြတ်၍မရနိုင်သောကြောင့် အိပ်မပျော်နိုင်ခဲ့ပေ။ သူသာ ဝန်ခံလိုက်ပါက သူ့သားအသတ်ခံရမည်ကိုလဲ ကြောက်နေလေသည်။
ထန်သဲ့မင်နှင့် ထန်ဝေ့ရုန်တို့သည်လဲ ကျန်းရုန်ကျင်းကိုရော ရှင်းကျီကိုပါ ဆက်သွယ်၍မရတော့ဘဲ သူတို့လုပ်ကြံမှုအောင်မြင်လား မအောင်မြင်လားဆိုသည်ကို အတိအကျမသိရသောကြောင့် အိပ်မပျော်ခဲ့ပေ။
…….
နောက်တစ်နေ့မနက်၇နာရီလောက်တွင် ကုမန့်နိုးလာခဲ့ကာ လင်ရှောင်းထင်နှင့် ကုနင်းတို့က မနက်စာအဆင်သင့်ပြင်ပေးထားကြပြီးဖြစ်သည်။
ကုမန့် အိပ်ရာမှမထခင် နာရီဝက်နီးပါး ဆက်လှဲနေခဲ့သေးလေသည်။ သူမမနေ့က ဖြတ်ကျော်ကြုံတွေ့ခဲ့ရသည်များကြောင့် ကြောက်ရွံ့ထိတ်လန့်နေစဲဖြစ်ပေမည့် ထန်ယွင်ဖန်း ပြန်သတိရနေပြီဖြစ်သောကြောင့်လဲ ပျော်ရွှင်နေမိသေးသည်။ ထန်ယွင်ဖန်း ပြန်သတိရနေပြီဆိုတော့ သူမထန်အိမ်တော်ကို ထပ်သွားသင့်ပါတော့မလား? ထန်ယွင်ဖန်း သူမနဲ့ပတ်သတ်သည့်မှတ်ဉာဏ်များ ပြန်ရနေပြီလားဆိုသည်ကိုလဲ ကုမန့်သိချင်နေမိပြန်သည်။ ထို့အတွက်ကြောင့် စဉ်းစားရခက်နေကာ ဘာလုပ်လို့လုပ်သင့်မှန်းမသိတော့ပေ။ သူမအောက်ထပ်သို့ဆင်းလာချိန်တွင်တော့ လင်ရှောင်းထင်ကို မြင်လိုက်ရတာကြောင့် အံ့အားသင့်သွားတော့သည်။
“ဟိုင်း၊ မင်္ဂလာပါ။” လင်ရှောင်းထင် နှုတ်ဆက်လိုက်သည်။
“ရှောင်းထင်၊ သားဘယ်လိုလုပ် ဒီမှာရှိနေတာလဲ?”
“မနေ့က နောက်ကျသွားလို့ ရှောင်းထင်ကို သမီးဒီမှာပဲ အိပ်ခိုင်းလိုက်တော့တာ။” လင်ရှောင်းထင် မပြောရသေးခင်တွင်ပဲ ကုနင်းရှင်းပြလိုက်သည်။
ကုနင်း၏ဖြေရှင်းချက်ကြောင့် ကုမန့်လဲ အများကြီးတွေးမနေတော့ဘဲ လင်ရှောင်းထင်ကိုသာ ကျေးဇူးတင်စကားပြောလိုက်သည်။
“ရှောင်းထင်၊ အန်တီတို့အတွက် လုပ်ပေးခဲ့သမျှအတွက် ကျေးဇူးတင်ပါတယ်။”
“ရပါတယ်၊ အန်တီ၊ တကယ်တော့ နင်းနင်းရဲ့သူငယ်ချင်းက အန်တီကိုရှာတွေ့ခဲ့တာပါ။”
“ဘာပဲဖြစ်ဖြစ်၊ သားအများကြီးကူညီပေးခဲ့တာပဲ။”
“ဟုတ်ပါပြီ၊ မနက်စာစားကြရအောင်! ပြီးရင် သမီးတို့ ထန်အိမ်တော်ကိုလဲသွားရဦးမယ်။” ကုနင်းကပဲ စကားစဖြတ်ပေးလိုက်သည်။
“အမေတို့ထပ်သွားဖို့လိုသေးတယ်ပေါ့?” ထိုသို့ပြောခြင်းမှာ ကုမန့်မသွားလို၍မဟုတ်ဘဲ ထန်ယွင်ဖန်း ပြန်သတိရနေပြီကို သူတို့ဘာကြောင့် ထန်အိမ်တော်ကို ဆက်သွားသင့်လဲဆိုသည်ကို နားမလည်နိုင်ခြင်းကြောင့်သာဖြစ်လေသည်။
“ဒါက ရှင်းပြရမှာနည်းနည်းရှုပ်တယ်။ အမေဒီတစ်ခေါက် ပြန်ပေးဆွဲခံရတာက ကြိုတင်ကြံစည်မှုကြောင့်ပဲ။ ထန်မိသားစုရဲ့ရန်သူတွေက ထန်မိသားစုစီးပွားရေးလုပ်ငန်းရဲ့ ဥက္ကဌနေရာကိုလိုချင်လို့ သူတို့လမ်းမှာ သမီးတို့ရောက်နေတာနဲ့ ရှင်းပစ်ဖို့လုပ်ကြတာ။ ဦးလေးထန် အခုပြန်သတိရနေပြီဆိုပေမယ့် သူတို့သမီးတို့ကို လုပ်ခဲ့တဲ့ လှည့်ကွက်အတိုင်း သမီးတို့ကလဲ သူတို့အပေါ် ပြန်သုံးပြီး နောက်ကွယ်က ကြိုးကိုင်သူကို ရှာမှာ၊ ဒါကြောင့် ဦးလေးထန်က ပြန်သတိမရသေးသလို ဟန်ဆောင်ပြီး သမီးတို့ကလဲ အရင်အတိုင်း သူ့ဆီသွားပေးနေရဦးမယ်။” ထန်ယွင်ဖန်း မှတ်ဉာဏ်များပြန်ရနေပြီဖြစ်သည့်အကြောင်းကိုတော့ ကုနင်းထည့်မပြောခဲ့ပေ။
***
အခန်း ၃၇၉
ထန်မိသားစုနဲ့ဝေးဝေးနေ
ကုနင်း၏ရှင်းပြချက်များကို နားထောင်ပြီးနောက် ကုမန့် အလွန်ကြောက်လန့်သွားပေမည့် ခေါင်းညိတ်ကာ သဘောတူလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။
…….
ထိုမနက်ခင်းအချိန် ထန်မိသားစုအိမ်တော်၌
ရှင်းကျီတစ်ယောက် တစ်ညလုံး ခက်ခက်ခဲခဲ တွေးတောခဲ့ရပေမည့် နောက်ဆုံးတွင်တော့ သူလုပ်ခဲ့သမျှ ကိစ္စအားလုံးကို ထန်မိသားစုထံ ဝန်ခံဖို့သာ ရွေးချယ်ခဲ့သောကြောင့် မနက်စာစားပြီးနောက်တွင် ထန်ဟိုင်ဖုန်းနှင့်တွေ့ဆုံရန် ချောင်ဒုန်နှင့်အတူ ထွက်လာခဲ့သည်။
ထန်ယွင်ဟန်တို့ဇနီးမောင်နှံက အလုပ်သွားကြကာ ထန်ယွင်ဖန်းသည်လဲ အိပ်ခန်းထဲတွင်ပင် သတိမေ့နေချင်ယောင် ဆောင်နေသောကြောင့် အိမ်တော်တွင် ထန်ဟိုင်ဖုန်းတစ်ယောက်ကိုသာ ပြောနိုင်ပေမည်။
ထို့နောက် ချောင်ဒုန်က ရှင်းကျီကို အပြင်ဘက်တွင် ခနစောင့်ခိုင်းခဲ့ကာ သူကအရင် ထန်ဟိုင်ဖုန်း၏အခန်းထဲသို့ဝင်သွားလိုက်သည်။
“သခင်ကြီးထန်၊ ရှင်းကျီက သခင်ကြီးကို ပြောစရာရှိနေလို့ပါ။”
“ဝင်လာခိုင်းလိုက်လေ။”
ထို့နောက် ရှင်းကျီကို အထဲသို့ခေါ်လိုက်သည်။
ရှင်းကျီ ထန်ဟိုင်ဖုန်းဆီသို့လျှောက်လာရင်း အပြစ်ရှိစိတ်ဖြင့် ကြောက်ရွံ့တုန်လှုပ်လာကာ ကျယ်လောင်သောအသံတစ်သံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်သောကြောင့် ထန်ဟိုင်ဖုန်းပင် အံ့ဩသွားရသည်။
“သခင်ကြီးထန် ကျွန်တော်တောင်းပန်ပါတယ်။ သခင်လေးထန် သတိမေ့နေတဲ့ကိစ္စရယ် သခင်လေးထန်နဲ့ မိန်းကလေးကုကြားက ပတ်သတ်မှုရယ်ကို ပေါက်ကြားစေခဲ့တာ ကျွန်တော်ပါ။” ရှင်းကျီတောင်းပန်လိုက်သလို တစ်ဆက်တည်း ဖြေရှင်းချက်ပါပေးလေသည်။
“ကျွန်တော် ဖိအားပေးခံခဲ့ရလို့ပါ၊ ကျွန်တော်သာ သူတို့စကားနားမထောင်ရင် ကျွန်တော်သားကို သတ်ပစ်မယ်ဆိုလို့ လုပ်ရတာပါ။”
ရှင်းကျီ၏ဝန်ခံချက်ကို ကြားပြီး ထန်ဟိုင်ဖုန်း အံ့ဩကာ အလွန်ဒေါသထွက်သွားပေမည့် ရှင်းပြချက်ကိုပါ ကြားပြီးချိန်တွင်တော့ စိတ်ပြန်လျှော့နိုင်သွားခဲ့သည်။ ထန်ဟိုင်ဖုန်းသည်လဲ ဖခင်တစ်ဦးဖြစ်သောကြောင့် ရှင်းကျီ၏လုပ်ရပ်ကို နားလည်ပေးနိုင်လေသည်။ သို့ပေမည့် ရှင်းကျီ၏အမှားမှာ အလွန်ဆိုးဝါးလွန်းပြီး ထန်မိသားစုကို သစ္စာဖောက်ခဲ့လေသည်။
ချောင်ဒုန်သည်လဲ ရှင်းကျီဝန်မခံခင်အထိ ထန်ယွင်ဖန်းနှင့် ကုနင်း၊ ကုမန့်ကြားက ဆက်စပ်မှုကို ပေါက်ကြားစေခဲ့သူက ရှင်းကျီမှန်း မသိထားခဲ့ပေ။ ဒီလိုသာဆို ကုမန့်၏ပြန်ပေးဆွဲခံရမှုက ထန်မိသားစုနှင့် ပတ်သတ်နေခြင်းမျိုးမဟုတ်ပါလား။
ထန်ယွင်ဖန်းနှင့် ကုနင်း၏ဆက်နွယ်မှုမှာ လျှို့ဝှက်ချက်တစ်ခုသာဖြစ်သေးသော်လည်း ထန်အိမ်တော်မှ အစေခံအားလုံး ကုနင်းက သာမာန်မိန်းကလေးတစ်ဦးမဟုတ်ကြောင်းကို သတိထားမိကြပြီးဖြစ်လေသည်။
ကုမန့်နှင့်ကုနင်းကသာ ထန်ယွင်ဖန်း၏ ဇနီးနှင့်သမီးဆိုလျှင် ကုမန့်ကို ပြန်ပေးဆွဲခြင်းက ထန်မိသားစုကို ဆန့်ကျင်လိုသည့်အကြံအစည်ပင်ဖြစ်သည်။
“မင်းကို ဒီလိုလုပ်ဖို့ ခြိမ်းခြောက်တာဘယ်သူလဲ ပြောစမ်း?” ထန်ဟိုင်ဖုန်း မေးလိုက်လေသည်။ ခိုင်းစေသူမှာ ထန်သဲ့မင်ပါဟု ထန်ဟိုင်ဖုန်းယုံကြည်နေပြီးသားဖြစ်သော်လည်း ရှင်းကျီကိုယ်တိုင်ဖြေသည်ကိုလဲ ကြားဖို့လိုအပ်သေးလေသည်။
ထိုအခါ ရှင်းကျီအတော်လေးစိတ်ညစ်သွားပြီး၊
“ကျွန်တော်-ကျွန်တော်လဲ မသိဘူး။ အဲ့ဒီလူရဲ့ဖုန်းနံပါတ်ကလွဲပြီး မိန်းမလား ယောက်ျားလားဆိုတာတောင် မသိရပါဘူး။ သူက ဖုန်းပြောတဲ့အချိန်မှာ အသံပြောင်းတဲ့စနစ်ကို သုံးထားတာ။”
ထိုစကားကြောင့် ထန်ဟိုင်ဖုန်းရော ချောင်ဒုန်ပါ မျက်မှောင်ကြုတ်မိသွားသည်။ သို့ပေမည့် ရှင်းကျီလိမ်ညာနေခြင်းကလဲ မဖြစ်နိုင်ပေ။
“သူက ကျွန်တော့်သားကျောင်းတက်နေတဲ့ပုံကိုပြပြီး ကူညီပေးဖို့ခြိမ်းခြောက်တာ။ မဟုတ်ရင် ကျွန်တော့်သားကို သတ်ပစ်မယ်လို့ပြောတယ်။” ရှင်းကျီထပ်ပေါင်းပြောလိုက်သည်။
“ဒါဆို အဲ့လူရဲ့ဖုန်းနံပါတ် ငါ့ကိုပေး။” ထန်ဟိုင်ဖုန်း ဖုန်းနံပါတ်ကိုတောင်းလိုက်သည်။
“ဟုတ်ကဲ့ပါ။” ရှင်းကျီလဲ ချက်ချင်းပင် သူ့ဖုန်းကိုထုတ်ယူလိုက်သည်။ ထန်ဟိုင်ဖုန်းကလဲ ဖုန်းနံပါတ်မှတစ်ဆင့် တစ်ဖက်လူနှင့်ပတ်သတ်သည့် အချက်အလက်များကို ရှာဖွေပေးရန် ချောင်ဒုန်ကို ခိုင်းစေလိုက်သည်။
“မင်းငါ့တို့ကိုသစ္စာဖောက်တာက တခြားလူရဲ့ခြိမ်းခြောက်ခံရလို့ဆိုပေမယ့် မင်းအမှားကို ခွင့်လွှတ်ပေးလို့တော့မရဘူး။” ထန်ဟိုင်ဖုန်း ပြောလိုက်သည်။ ရှင်းကျီသည်လဲ သူ့အမှားအတွက် ခွင့်လွှတ်ပေးရန် တောင်းပန်ခြင်းမရှိခဲ့ပေ။
အစကတော့ ရှင်းကျီကို အပြစ်ပေးဖို့ ထန်ဟိုင်ဖုန်းစီစဉ်ထားပေမည့် ရှင်းကျီ ဤသို့လုပ်ခဲ့ခြင်းမှာ သူ့သားအသတ်ကို ကယ်ချင်သောကြောင့်သာ ဖြစ်၍ အပြစ်ပေးဖို့ကိစ္စကို ပယ်ဖျက်လိုက်တော့သည်။
“ဟုတ်ပါပြီ၊ မင်းအခု ထန်အိမ်တော်က ထွက်သွားတော့ မင်းသားကိုထပ်ပြီး အန္တရာယ်မဖြစ်စေချင်ရင် Bမြို့ကနေပါ ထွက်သွားလိုက်။”
………
ချောင်ကွမ်းရှန်၏တိုက်ခန်းတွင်……
ချောင်ကွမ်းရှန်တစ်ယောက် ဆိုဖာပေါ်တွင် ကြွက်သေတစ်ကောင်လို အိပ်နေခဲ့သည်။ သူ့ပုံစံက ပင်ပန်းနွမ်းနယ်နေကာ ညစ်ပတ်ပေစုတ်နေပြီး မျှော်လင့်ချက်ပျောက်ဆုံးနေသူတစ်ယောက်လိုပင်။ နှုတ်ခမ်းမွှေးများကိုပင် ရိတ်သင်ခြင်းမပြုထားဘဲ အရက်အိုးထဲဇောက်ထိုးကျထားသကဲ့သို့ မွှန်ထူနေအောင် သောက်စားထားသောကြောင့် ဆိုဖာရှေ့မှ စားပွဲပေါ်တွင် ဘီယာပုလင်းပေါင်းများစွာ ပျံ့ကျဲလို့နေသည်။
၃ရက်တောင် ရှိသွားပြီဖြစ်ပေမည့် သူအခုထိ ရှားယီချူးကို ရှာမတွေ့သလို ဆက်သွယ်၍လဲမရတော့သောကြောင့် ယခုလို မျှော်လင့်ချက်ပျောက်ဆုံးကာ အရက်နွံ့ထဲနစ်နေခြင်းဖြစ်သည်။
ထိုအချိန်တွင်ပဲ ဖေ့ဟဲနာပြန်ရောက်လာခဲ့သည်။ သူမသည်လဲ ရှားယီချူးပျောက်ဆုံးနေခြင်းကြောင့် စိတ်အခြေအနေမကောင်းနေပေ။ ထို့ကြောင့် ချောင်ကွမ်းရှန်ထပ်ပြီးမူးရူးနေပြန်သည်ကို မြင်လိုက်ရသည်နှင့် ချက်ချက်ဒေါသများထွက်လာကာ၊
“ချောင်ကွမ်းရှန်၊ ကျွန်မတို့ဘဝပျက်တော့မယ်ဆိုတာ မသိဘူးလား? ဒါတောင်မှ ရှင်ကအခုထိ သောက်ပြီး မူးရူးနေနိုင်သေးတယ်ပေါ့?”
“ငါကကော သောက်တာကလွဲပြီး ဘာများလုပ်နိုင်မှာမို့လို့လဲ? ရှားယီချူးကို ရှာလဲမရှာနိုင်သလို ဆက်သွယ်လို့ကလဲ မရသေးဘူးလေ။” ချောင်ကွမ်းရှန်လဲ ဒေါနှင့်မောနှင့်ပြန်အော်ပစ်လိုက်သည်။
“ရှားယီချူးဆိုတဲ့ခွေးမ! နင်တစ်နေ့တော့ ဒီအတွက် သေချာပေါက် ပြန်ပေးဆပ်ရမယ်!” ဖေ့ဟဲနာသည်လဲ ဒေါသတကြီးအော်ဟစ်ပစ်သည်။ သူတို့နှစ်ယောက်လုံး ဘဝပျက်ကြတော့မည်ဖြစ်ပေမည့် ဖေ့ဟဲနာကတော့ ရှားယီချူးကို ပညာပြန်ပြရန် စိတ်ကူးနေသေးလေသည်။
မကြာခင်တွင်ပဲ ချောင်ကွမ်ရှန်၏ဖုန်းမြည်လာသောကြောင့် ချက်ချင်းကိုင်လိုက်သည်။
ခေါ်ဆိုသူမှာ စီးပွားရေးပါတီပွဲတစ်ခုအတွက် ဤတစ်ပတ် ဖေ့ဟဲနာအားလားဆိုသည်ကို လှမ်းမေးခြင်းဖြစ်သည်။ သူတို့ဘက်က ဖေ့ဟဲနာကို ပါတီပွဲအားတက်ရောက်စေကာ သီချင်းတိုက်ရိုက်သီဆိုပေးစေလိုခြင်းဖြစ်သည်။ သီချင်းတိုက်ရိုက်ဆိုခြင်းဆိုသည်မှာ ကိုယ်တိုင်အမှန်တကယ် စင်ပေါ်တွင် သီဆိုရခြင်းမျိုးဖြစ်လေသည်။ အများအားဖြင့်တော့ ပွဲများသည် သီချင်း၏အရည်အသွေးကိုပိုကောင်းစေချင်သောကြောင့် နောက်ခံဖွင့်ကာ အဆိုတော်မှ ပါးစပ်လှုပ်ရုံသီဆိုပေးရခြင်းမျိုးဖြစ်ပေမည့် ပရိတ်သတ်နှင့် စည်းချက်ကျကျ အပေးအယူကောင်းကောင်းနှင့်ဖြစ်စေချင်လျှင်တော့ အဆိုတော်ကိုယ်တိုင် တိုက်ရိုက်သီဆိုပေးဖို့လိုအပ်လေသည်။
သို့ပေမည့် ရှားယီချူးထွက်သွားပြီဖြစ်သလို သူမဘက်က နောက်ကွယ်က အမှန်တရားများကို အချိန်မရွေးထုတ်ဖော်ပစ်နိုင်သောကြောင့် ဤကမ်းလှမ်းမှုကို ချောင်ကွမ်းရှန် လက်မခံရဲပေ။ ထို့အတွက်ကြောင့် ဖေ့ဟဲနာ မတော်တဆမှုဖြစ်ကာ ခြေထောက်ထိခိုက်သွားသောကြောင့် တစ်လလောက်အနားယူရဦးမည်ဟု ချောင်ကွမ်းရှန် လိမ်ညာလိုက်လေသည်။
ချောင်ကွမ်းရှန်ပြန်ဖြေနေသည်ကိုကြားရကာ ဖေ့ဟဲနာ ဝမ်းနည်းသွားပေမည့် သူမတွင် ကင်မရာရှေ့မှောက်၌ တိုက်ရိုက်သီဆိုနိုင်သည့်အရည်အချင်းမရှိကြောင်းကိုလဲ သူမကိုယ်တိုင်သိလေသည်။ အဆိုးဆုံးကတော့ သူတို့အမြဲတမ်းဆက်ပြီး လိမ်ညာနိုင်တော့မည်မဟုတ်ပေ။
………
မြို့တော်တွင်တော့ ရှားယီချူးမှာ ကုမ္ပဏီနှင့်စာချုပ်ချုပ်ပြီးနောက် တိုက်ခန်းကောင်းတစ်ခန်းရှာတွေ့သွားခဲ့ပြီး ဆေးရုံသို့သွား၍လဲ သူမ၏ဒဏ်ရာကိုစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ပြီးနောက်တွင်မှ ကုနင်း ပေးထားသည့်ဆေးကို ရှားယီချူး စတင်အသုံးပြုလိုက်သည်။ သူမ၏အမာရွတ်ပေါ်သို့ ဆေးရည်ထိလိုက်သည်နှင့် အေးမြသည့်ခံစားချက်လေးဖြတ်သန်းသွားကာ အမာရွတ်သည်လဲ ချက်ချင်းဆိုသလို စတင်မှေးမှိန်သွားတာကြောင့် သူမအံ့ဩသွားလေသည်။
“ဝါး!!” ရှားယီသုန့်လဲ အမာရွတ်မှေးမှိန်သွားသည်ကို ကိုယ်တိုင်လိုက်ရသောကြောင့် အံ့သွားသလို အိပ်မက်မက်နေသည်ဟုပင် ထင်မိသွားသည်။
“တကယ်ပျောက်တာပဲ၊ တကယ်ပျောက်တယ်!” ရှားယီချူးတစ်ယောက် စိတ်လှုပ်ရှားလွန်း၍ ငိုမိလုနီးနီးပင်။ သူမ၏လှပသည့်မျက်နှာလေးတစ်ဖန်ပြန်ရလာပေတော့မည်။
“အံ့ဩစရာကောင်းလိုက်တာ!” ရှားယီသုန့်မှာတော့ သူ၏တစ်ဦးတည်းသောမိသားစုဝင်ဖြစ်သည့် အစ်မအတွက် ဝမ်းသာရသည့်ကိစ္စဖြစ်သောကြောင့် ရှားယီချူးထက်ပင် ပို၍စိတ်လှုပ်ရှားနေမိလေသည်။
ရှားယီချူး နောက်ရက်တွေလဲ ကုနင်းညွှန်ကြားထားသည့်အတိုင်း သူမအမာရွတ်ကိုဆေးထည့်ခဲ့ကာ သုံးရက်ကြာသည့်နောက်တွင်တော့ အမာရွတ်မှာလုံးဝပျောက်ကင်းသွားခဲ့လေသည်။
***
အခန်း ၅၈၀
အရမ်းလှလား?
ရက်အနည်းငယ်ကြာပြီးနောက် ရှားယီချူး ကုမ္ပဏီသို့ထပ်လာခဲ့ချိန်တွင်တော့ အားလုံး မှင်သက်သွားကြရလေသည်။
“မင်း-မင်းက တကယ်ပဲ ရှားယီချူးလား?” တစ်ယောက်နေပြီး မေးလိုက်သည်။ တကယ်တမ်း အမာရွတ်တစ်ခုက လူတစ်ယောက်၏ သွင်ပြင်အလုံးစုံကို သက်ရောက်မှုမရှိလှသောကြောင့် ဘယ်သူမဆို တစ်ချက်ကြည့်ရုံနှင့် ရှားယီချူးကို မှတ်မိနိုင်ကြပေမည့် အမာရွတ်ပျောက်သွားချိန်က အလွန်မြန်ဆန်လှသောကြောင့် အားလုံးမယုံကြည်နိုင်ဖြစ်နေမိကြခြင်းဖြစ်သည်။
“မင်းက ရှားယီချူးရဲ့အမွှာညီအမတော့မဟုတ်ပါဘူးနော်?” နောက်တစ်ယောက်က ထပ်မေးလိုက်ပြန်သည်။
ရှားယီချူး ရယ်လိုက်မိပြီး၊
“ကျွန်မတကယ် ရှားယီချူးပါ။”
ထိုစကားကြောင့် အားလုံးထပ်ပြီး အံ့ဩသွားကြပြန်သည်။
“မင်း ပလက်စတစ်ဆာဂျရီလုပ်လိုက်တာလား?”
သို့ပေမည့် ပလက်စတစ်ဆာဂျရီလုပ်မည်ဆိုလျှင်ပင် လအနည်းငယ်လောက် အနည်းဆုံးအချိန်ယူဖို့လိုအပ်သောကြောင့် ယခုလို၃ရက်တည်းနှင့် ရှားယီချူး ပြန်လှလာသည်က ယုတ္တိမရှိနေပေ။
“မလုပ်ထားပါဘူး။” ရှားယီချူးပြန်ဖြေလိုက်သည်။
အားလုံးအံ့ဩနေကြမည်ကို ရှားယီချူးနားလည်ပေမည့် ကုနင်း၏ခွင့်ပြုချက်မရှိဘဲနှင့် အကြောင်းရင်းအမှန်ကို သူမထုတ်ပြောလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူမခွင့်တောင်းကာသာ လုရှောင်း၏ရုံးခန်းသို့ ဆက်သွားခဲ့သည်။
ရှားယီချူးကို လုရှောင်းမြင်လိုက်ရချိန်တွင်လဲ မှင်သက်မိသွားခဲ့ပေသည်။ ဒီလိုလှပသည့်မျက်နှာနှင့် အဆိုကောင်းမှုပါပေါင်းလိုက်လျှင် ရှားယီချူး မအောင်မြင်နိုင်စရာအကြောင်း မရှိတော့ပေ။
“မင်း ပလက်စတစ်ဆာဂျရီလုပ်လိုက်တာလား?” လုရှောင်းလဲ ထိုမေးခွန်းကိုပင်မေးလိုက်လေသည်။
“မလုပ်ပါဘူး။ ကျွန်မကိုဘော့စ်ပေးထားတဲ့ဆေးပဲလိမ်းတာ။” လုရှောင်းကိုတော့ ကွယ်ဝှက်နေစရာမလိုသောကြောင့် ရှားယီချူးပြောပြလိုက်လေသည်။
“တကယ်လား?” ကုနင်းအကြောင်း လုရှောင်းပို၍ပင် သိချင်လာမိတော့သည်။ ကုနင်းနှင့် ယခုအထိကိုယ်တိုင်မတွေ့ဖူးသေးပေမည့် သာမာန်မိန်းကလေးတစ်ယောက်မဟုတ်ကြောင်းကိုတော့ ယုံကြည်နေပေပြီ။ ထို့အပြင် ကုနင်းသည် လင်ရှောင်းထင်၏ချစ်သူပင်ဖြစ်လာနိုင်သူဖြစ်၍ လုရှောင်း၏မျက်လုံးထဲတွင် အလွန်ထူးခြားလို့နေပေသည်။
ထိုတခနတွင်ပဲ လုရှောင်း သူအရမ်းသိချင်နေသည့်အကြောင်းကို မေးလိုက်သည်။
“ဒါနဲ့၊ မင်း ငါတို့ဘော့စ်အကြောင်း ဘယ်လောက်များများသိထားလဲ?”
“အများကြီးမသိထားပါဘူး။ သူနဲ့တစ်ခေါက်ပဲတွေ့ထူးထားတာ။ တကယ်တော့ ကျွန်မအတွက် Bမြို့ကနေထွက်လာပြီး မြို့တော်က ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းမှာ လာလုပ်ဖို့ဆိုတာ တကယ်ကိုစိန်ခေါ်မှုတစ်ရပ်ပဲ။” ရှားယီချူးလဲ သူမဘဝကိုပြောင်းလဲပေးပစ်နိုင်သည့် ကုနင်းနှင့်တွေ့ဆုံခဲ့ရသည်က အလွန်ကံကောင်းလှသည်ဟု တွေးမိလေသည်။
လုရှောင်းသည် ရှားယီချူး၏ခေါင်းဆောင်ဖြစ်လာပြီဖြစ်၍ ချောင်ကွမ်းရှန်ကို သေချာကိုင်တွယ်ဖြေရှင်းဖို့ လိုနေပြီဖြစ်သောကြောင့် သူမဖြတ်သန်းကြုံတွေ့ခဲ့ရသမျှကို အသေအချာသိထားပြီးဖြစ်ပေသည်။
“သူက တော်တော်လှလား?” လုရှောင်းထပ်မေးလိုက်ပြန်သည်။ လင်ရှောင်းထင်သည် သာမာန်ထက်ထူးကဲသည့် ခန့်ညားချောမောသူတစ်ဦးဖြစ်သောကြောင့် ကုနင်းလဲ သေချာပေါက် အလှလေးတစ်ယောက်ဖြစ်လောက်မည်ဟု လုရှောင်းတွေးမိလေသည်။
သို့ပေမည့် ရှားယီချူးကတော့ လုရှောင်း ကုနင်းနှင့်တစ်ခါမှမတွေ့ဖူးကြောင်းသိလိုက်ရ၍ အလွန်အံ့ဩသွားခဲ့သည်။
ရှားယီချူး အလွန်အံ့ဩသွားကြောင်း မြင်လိုက်ရ၍ လုရှောင်း အကြောင်းရင်းကို ရှင်းပြလိုက်သည်။
“ဒီအချိန်ပိုင်းလေးအတွင်း ကုမ္ပဏီကို အုပ်ချုပ်ပေးဖို့ ဘော့စ်ရဲ့ချစ်သူက တာဝန်ပေးထားတာမို့ ငါအခုထိ ဘော့စ်ကိုမတွေ့ဖူးသေးဘူး။ ဘော့စ်အတွက် ကုမ္ပဏီကိုအုပ်ချုပ်ပေးမယ့် တခြားတစ်ယောက်ကို အရည်အချင်းပြည့်မှီအောင် သင်ကြားပေးပြီးသွားရင် ငါ့တာဝန်လဲပြီးမြောက်သွားပြီပဲ။” ထို့နောက်ဆက်ပြီး၊
“ဒီအကြောင်း ဘယ်သူ့ကိုမှမပြောနဲ့နော်။ လျှို့ဝှက်ထား။”
“ဟုတ်ကဲ့ပါ၊ မပြောပါဘူး။” ရှားယီချူး ချက်ချင်းပင် ကတိပေးလိုက်သည်။
“ဟုတ်သား၊ မင်းရဲ့ကိုယ်စားလှယ်လဲရောက်နေပြီ။ မင်းက အဆိုတော်ကောင်းတစ်ယောက်ဆိုပေမယ့် နောက်အနာဂါတ်မှာတော့ ဆက်ပြီးအလုပ်ကြိုးစားနေဖို့လိုသေးတယ်နော်။ မင်းက တစ်ခါမှစင်ပေါ်မတက်ဖူးသေးဘူးဆိုတော့ လိုအပ်တဲ့အရည်အချင်းတွေအများကြီး သင်ကြားရဦးမယ်။ စိတ်မပူပါနဲ့၊ မင်းပွဲဦးမထွက်ခင် လိုအပ်တဲ့သင်တန်းတွေအားလုံး ငါတို့စီစဉ်ပေးမှာပါ။”
“ကျေးဇူးတင်ပါတယ်၊ မန်နေဂျာလု။”
……
မနက်ရောက်သည်နှင့် ကျန်းရုန်ကျင်းကို ထန်သဲ့မင် ထပ်ပြီးဖုန်းခေါ်ပေမည့် ဆက်သွယ်၍မရနိုင်သေးသောကြောင့် သူတို့လုပ်ကြံသည့်ကိစ္စ ပေါ်သွားပြီဟု စတင်ခံစားလာမိတော့သည်။
ထို့နောက် ရှင်းကျီကိုထပ်ပြီး ဖုန်းခေါ်ကြည့်သည့်အခါတွင်တော့ ရှင်းကျီပြန်ဖြေလာခဲ့သည်။
“သူတို့မနေ့က ကုမန့်ကိုရှာတွေ့သွားပြီ၊ ဒါပေမယ့် ကုမန့်က ထန်အိမ်တော်ကိုပြန်လိုက်မလာလို့ အသေးစိတ်အခြေအနေကို ကျွန်တော်လဲမသိဘူး။” ရှင်းကျီပြောပြလိုက်သည်။
ရှင်းကျီသာ ဆက်ပြီးဖုန်းမကိုင်ပါက ရှင်းကျီရဲ့သားကို သူတို့ဘက်က သံသယဝင်ပြီး ထိခိုက်လာနိုင်သောကြောင့် ထန်ဟိုင်ဖုန်းက ပြောခွင့်ပေးထားခြင်းဖြစ်သည်။
ထိုစကားကြောင့် ရှင်းကျီကို ထန်သဲ့မင်ဆက်ပြီးယုံကြည်သွားလေသည်။
ရှင်းကျီ ထန်အိမ်တော်မှထွက်လာပြီးသည်နှင့် သူ့ဇနီးကိုဖုန်းဆက်ကာ သူတို့သားကို ယနေ့အတွက်ကျောင်းမလွှတ်တော့ဖို့နှင့် သူပြန်ရောက်သည်နှင့် မွေးရပ်မြေကို ပြန်ကြမည့်အကြောင်းပြောခဲ့သည်။
ကုနင်း ထန်အိမ်တော်တွင် ပြဿနာသွားဖြေရှင်းတော့မည့်အချိန်တွင်တော့ လင်ရှောင်းထင်က သူလဲ သွားတော့မည့်အကြောင်းပြောခဲ့လေသည်။
တကယ်တော့ မနက်အစောကတည်းက လင်ရှောင်းထင်ထံဖုန်းဝင်လာခဲ့ပေမည့် ကုနင်းတို့နှင့် အတူ မနက်စာစားပြီးသည့်အချိန်မှ ထွက်သွားမည့်အကြောင်းပြောခဲ့လေသည်။
လင်ရှောင်းထင်အတွက် တာဝန်ကျလာပြီဖြစ်၍ တာဝန်ထမ်းဆောင်ဖို့သွားရတော့မည့်အကြောင်း ကုနင်းလဲနားလည်လေသည်။
ထို့ကြောင့် မနက်စာစားပြီးနောက် လင်ရှောင်းထင်ကို တံခါးပေါက်အထိ ကုနင်းနှင့်ကုမန့်တို့လိုက်ပို့ပေးကာ လင်ရှောင်းထင်သည်လဲ ကုနင်းကို ချန်မထားခဲ့ချင်ဘဲ ထွက်သွားရလေသည်။
အစပိုင်းတွင်တော့ ကုနင်းမှာ အသက်အရမ်းငယ်နေသေးသောကြောင့် ချစ်သူမရှိလောက်ပါဟု ကုမန့်ထင်ခဲ့သော်လည်း လင်ရှောင်းထင်၏ ကုနင်းအပေါ် အကြည့်များကို မြင်လိုက်ရချိန်တွင်တော့ အတွေးပြောင်းသွားခဲ့ပေသည်။ သူတို့သာ သာမာန်သူငယ်ချင်းဆိုလျှင် ယခုလိုမခွဲနိုင်မခွဲရက်ဖြစ်နေကြမည်မဟုတ်ပေ။ ထို့ကြောင့် လင်ရှောင်းထင် ထွက်သွားပြီးသည်နှင့် ကုမန့် အလေးအနက်နှင့် ကုနင်းကိုမေးလိုက်သည်။
“နင်းနင်း၊ ရှောင်းထင်က သမီးရဲ့သူငယ်ချင်းပဲဆိုတာ သေချာရဲ့လား?”
မိခင်တိုင်းသည် သူတို့သမီးများ၏ဘဝလမ်းကြောင်းကို ဂရုစိုက်ကြလေသည်။ မိန်းမငယ်လေးများသည် ချစ်မိသွားသည်နှင့် ယောက်ျားများ၏လှည့်စားခြင်းကို အလွယ်တကူခံလိုက်ကြရပေသည်။ လင်ရှောင်းထင်အပေါ် ကုမန့်အမြင်ကောင်းရှိထားပြီးဖြစ်ကာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆက်ဆံရေးအလွန်ကောင်းမွန်ခဲ့ကြသော်လည်း လင်ရှောင်းထင်အကြောင်း သူမသိထားသည်က သိပ်များများစားစားမရှိသေးပေ။ အထူးသဖြင့် ကုနင်းသည် အရမ်းငယ်နေသေးသောကြောင့် သူမဘဝဘေးကင်းရေးအတွက် ကုမန့်စိုးရိမ်ပူပန်မိလေသည်။
ကုနင်းရုတ်တရက် တုန်လှုပ်သွားပြီးကာမှ အမှန်အတိုင်းပဲ ဖွင့်ပြောလိုက်တော့သည်။
“အမေ၊ သံသယဝင်နေပြီဆိုမှတော့ သမီးမလိမ်ချင်တော့ပါဘူး။ ရှောင်းထင်က သမီးချစ်သူပါ သမီးတို့ချင်းလဲ အရမ်းချစ်ကြတယ်။ စိတ်ကစားကြရုံမဟုတ်ပါဘူး။ သူက သမီးရဲ့ဘဝလက်တွဲဖော်အစစ်အမှန်လို့ထင်တယ်၊ ပြီးတော့ သမီးတို့နှစ်ယောက်လုံးကလဲ နောက်တစ်ချိန် လက်ထပ်ကြဖို့အထိ မျှော်လင့်ထားကြတယ်။”
***