← Chapters

အခန်း (၅၈၁-၅၈၅)

Vol. 39 Ch. 581-585

အခန်း (၅၈၁-၅၈၅)

Vol. 39 Ch. 581-585

အခန်း ၅၈၁

တောင်းပန်ပါတယ်

“သမီးအသက်ငယ်သေးတာကြောင့် ချက်ချင်းလက်ထပ်လို့မရသေးပေမယ့် သူကတော့ စေ့စပ်ထားချင်နေတယ်။ အမေ့ရဲ့ခံစားချက်ကိုလဲ သမီးနားလည်တာကြောင့် ဘာမှမပြောထားခဲ့တာပါ။” ကုနင်း ဆက်ပြောနေခဲ့သည်။

အဖြေကို ကုမန့်ခန့်မှန်းမိပြီးသားဖြစ်ပေမည့် ကုနင်း ဝန်ခံလာချိန်တွင်တော့ အံ့အားသင့်မိစဲပင်။

အချိန်ခနလောက်တိတ်ဆိတ်သွားပြီးကာမှ ကုမန့်စိုးရိမ်ပူပန်စွာဖြင့် မေးလာခဲ့သည်။

“သူက သမီးကို လက်ထပ်ချင်တာသေချာရဲ့လား? သူနှစ်တွေအများကြီးစောင့်ပေးနိုင်ပါ့မလား?”

“သမီး နာကျင်ခံစားရမှာကို အမေစိုးရိမ်မှန်း သမီးနားလည်ပါတယ်။ ဒါပေမယ့် ရှောင်းထင် အဲ့လိုလုပ်မှာမဟုတ်မှန်း သမီးယုံကြည်တယ်။ သူ့မိဘတွေက သူငယ်ငယ်ကတည်းက ဆုံးပါးသွားခဲ့တာကြောင့် သူ့ကိုယ်သူကာကွယ်ဖို့အတွက် တခြားလူတွေနဲ့ဆက်ဆံတဲ့အချိန် အရမ်းအေးစက်နေတာပါ။ သူ့အနားကလူတွေကဆို သူ့ဘဝကိုတစ်ကိုယ်တည်းနေထိုင်ပြီး တစ်ကိုယ်တည်းသေဆုံးသွားမယ်လို့ကို ထင်ကြတာ။ ဒါပေမယ့် သမီးနဲ့တွေ့ပြီးနောက်တော့ အရာအားလုံးပြောင်းလဲသွားခဲ့တယ်။ သူသမီးအပေါ်ကိုလဲ ကောင်းကောင်းဆက်ဆံပေးတယ်၊ သူနဲ့အတူရှိတဲ့အချိန်ဆို သမီးကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံးလူသားလို့တောင် ခံစားရတယ်။” ကုနင်း ရိုးရိုးသားသားဝန်ခံလိုက်သည်။

“တကယ်လို့များသမီးတို့လက်မထပ်နိုင်ခဲ့ရင်တောင်မှ သမီးနောင်တမရပါဘူး။ ဘာပဲဖြစ်ဖြစ် အချစ်ဦးနဲ့လက်ထပ်နိုင်တဲ့လူဆိုတာ နည်းနည်းလေးပဲရှိတာကို။”

ကုနင်း၏စကားများကြောင့် လင်ရှောင်းထင်အပေါ် ကုမန့်အတော်လေးသနားမိသွားလေသည်။ တကယ်တော့ လင်ရှောင်းထင်၏စရိုက်ကို သဘောမကျ၍ ကုမန့်စိုးရိမ်နေမိခြင်းမဟုတ်ဘဲ ကုနင်းအရမ်းငယ်နေသေးသောကြောင့် စိတ်ကူးယဉ်နေခြင်းဖြစ်မည်ကိုသာ စိုးရိမ်ခြင်းဖြစ်သည်။ သူတို့သာ အနာဂါတ်မှာ အမှန်တကယ်လက်ထပ်ပြီး ပျော်ပျော်ရွှင်ရွှင်နေသွားလျှင် ကုမန့်လဲ သူတို့အစားဝမ်းသာပျော်ရွှင်မိပေမည်။ အမေတိုင်းက သူတို့၏သမီးများကို ပျော်ရွှင်အေးချမ်းတဲ့ဘဝမျိုးမှာသာ နေစေချင်သည်မဟုတ်ပါလား။

ထို့အပြင် ကုနင်းပြောသည့် အချစ်ဦးနှင့်လက်ထပ်နိုင်သည့်လူမှာ အနည်းငယ်သာရှိသည့်အချက်ကိုလဲ ကုမန့်လက်ခံလေသည်။ အကယ်၍များ ကုနင်းနှင့်လင်ရှောင်းထင်တို့ လက်မထပ်နိုင်ခဲ့ကြလျှင်ပင် ထူးဆန်းမည်မဟုတ်ပေ။

ကုမန့်ဆက်ပြီး ဘာမှထပ်မပြောလာသောကြောင့် သူမသဘောတူလက်ခံကြောင်း ဆိုလိုပေသည်။

ထို့နောက် သူမတို့နှစ်ဦးသား ထန်အိမ်တော်သို့ ထွက်လာခဲ့ကြသည်။

ကုနင်းတို့ရောက်သွားချိန်တွင် ထန်ဟိုင်ဖုန်းက ကျောက်ယီရူနှင့် စကားပြောနေခဲ့သည်။

ထန်ယွင်ဖန်း သတိပြန်မရခြင်းမှာ သူ၏စွဲလမ်းမှုကြောင့်ဖြစ်ကြောင်း ပြောပြခဲ့သူမှာ ကျောက်ယီရူဖြစ်၍ ထန်ယွင်ဖန်းပြန်သတိရလာသည့်အကြောင်းကို ထန်ဟိုင်ဖုန်းသေချာပေါက် ပြောပြလေသည်။

ကျောက်ယီရူကတော့ သူ့ထင်မြင်ချက်မှန်ကန်နေကာ ထန်ယွင်ဖန်း ပြန်သတိရလာသည့်အတွက် အရမ်းမအံ့ဩသွားခဲ့ပေ။

“ယီရူ၊ မင်းကူညီပေးတဲ့အတွက် ငါတကယ်ကျေးဇူးတင်ပါတယ်။”

“မလိုပါဘူးကွာ။” သူတို့ချင်း သိကျွမ်းခဲ့ကြသည်မှာ ဆယ်စုနှစ်ကျော်ကြာနေပြီဖြစ်သောကြောင့် ထန်ဟိုင်ဖုန်းကို သေချာပေါက် ကူညီလိုစိတ်ရှိနှင့်ပြီးဖြစ်သည်။ ထန်ဟိုင်ဖုန်းသာ သူ့ကိုမယုံကြည်လျှင် ထန်ယွင်ဖန်း ရက်ပေါင်းများစွာ သတိမေ့မျောနေသည်ကို သူသိလိုက်ရမည်ပင်မဟုတ်ပေ။

ထန်မိသားစုသည် Bမြို့တွင် ရန်သူပေါင်းများစွာရှိသလို မဟာမိတ်များစွာလဲရှိလေသည်။ သို့ပေမည့် ဤကိစ္စမှာအလွန်အရေးကြီးသောကြောင့် ဘယ်သူ့ကိုမှ ထန်ဟိုင်ဖုန်းမပြောပြခဲ့ပေ။

“ဒါနဲ့၊ ငါကြားတာတော့ မင်းတို့မိသားစု မနေ့က ပြဿနာတက်သေးတယ်ဆို။ ဘယ်လိုဖြစ်သွားပြီလဲ?” ကျောက်ယီရူ စိုးရိမ်စွာဖြင့်မေးလိုက်သည်။

“ဟုတ်တယ်၊ ငါတို့ကြောင့် ကုမန့်ပြန်ပေးဆွဲခံလိုက်ရပေမယ့် မနေ့ညကပဲ အိမ်ကိုဘေးကင်းကင်းနဲ့ပြန်ရောက်သွားပါပြီ။ ကံကောင်းလို့ သူဘာမှဆိုးဆိုးဝါးဝါးမဖြစ်သွားတာ မဟုတ်ရင် ငါတကယ်ကို အပြစ်ရှိစိတ်ခံစားနေရမှာ။” ကုမန့်က ထန်ယွင်ဖန်းပြန်သတိရလာအောင် ကူညီဖို့လာခဲ့ပေမည့် သူတို့ဘက်ကတော့ သူမကိုဘေးကင်းအောင် မကာကွယ်ပေးနိုင်ခဲ့သောကြောင့် ထန်ဟိုင်ဖုန်း စိတ်မကောင်းဖြစ်နေခဲ့သည်။

“တော်သေးတာပေါ့။”

ထိုအချိန်တွင်ပဲ အိမ်တော်ထိန်းက ကုနင်းနှင့်ကုမန့်ကိုခေါ်ဆောင်လာခဲ့ကာ သူတို့ကိုမြင်လိုက်သည်နှင့် ထန်ဟိုင်ဖုန်းလဲ ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။

“ဟိုင်း၊ မင်္ဂလာနံနက်ခင်းပါ။”

“မင်္ဂလာပါ၊ သခင်ကြီးထန်။”

“မင်္ဂလာပါ၊ ဖိုးဖိုး။”

ထို့နောက် ကျောက်ယီရူကိုလဲ ကုမန့်နှင့်ကုနင်းတို့နှုတ်ဆက်လိုက်ကြသည်။

“ကုမန့်၊ မနေ့ကဖြစ်သွားတဲ့ကိစ္စအတွက် တကယ်ကိုတောင်းပန်ပါတယ်။” ထန်ဟိုင်ဖုန်းချက်ချင်းပင် ကုမန့်ကိုတောင်းပန်စကားဆိုလိုက်သည်။

“သခင်ကြီးထန် တောင်းပန်ဖို့မလိုပါဘူး။ ကျွန်မလဲ အခုဘေးကင်းနေပြီပဲ။”

“ဟုတ်သား၊ မင်းတို့ကိုမိတ်ဆက်ပေးရဦးမယ်။ သူက ငါ့သူငယ်ချင်းဟောင်းကြီး၊ သခင်ကြီးကျောက်လို့ခေါ်တယ်။”

“တွေ့ရတာဝမ်းသာပါတယ်၊ သခင်ကြီးကျောက်။”

“တွေ့ရတာဝမ်းသာပါတယ်။” ကျောက်ယီရူလဲ ပြုံးကာ ပြန်နှုတ်ဆက်လိုက်သည်။

ကုနင်းတို့သားအမိနှင့် ထန်ယွင်ဖန်း၏ဆက်နွယ်မှုကို ကျောက်ယီရူသိထားပြီးဖြစ်သောကြောင့် ကုနင်းက ထန်ယွင်ဖန်းနှင့်ရုပ်အလွန်ဆင်တူနေကြောင်း မြင်ရချိန်တွင် မအံ့ဩမိတော့ပေ။

ထန်ယွင်ဖန်းသည်လဲ ဒုတိယထပ်မှနေပြီး ကုနင်းလာနေသည်ကိုမြင်ခဲ့သောကြောင့် အောက်ထပ်သို့အမြန်ဆင်းကာ သူမကိုသွားတွေ့ချင်နေမိသည်။ သို့ပေမည့် ထန်သဲ့မင်၏နောက်လိုက်များ ထန်အိမ်တော်တွင် ကျန်နေဦးမည်စိုးရသောကြောင့် သူ့အခန်းထဲမှထွက်၍မရပေ။

ကံကောင်းစွာဖြင့် မကြာခင်တွင်ပဲ ကုနင်းက ကုမန့်ကိုအပေါ်ထပ်သို့ လိုက်ပို့ပေးခဲ့လေသည်။ ထန်ယွင်ဖန်း သူ၏မှတ်ဉာဏ်များပြန်ရရှိနေပြီဖြစ်ပေမည့် သူတို့အချင်းချင်း ရင်းနှီးမှုရရှိအောင် အချိန်ယူဖို့လိုနေသေးပေသည်။

“နင်းနင်း၊ အမေ….” ထန်ယွင်ဖန်းကို ထပ်တွေ့ဖို့ရန် ကုမန့်စိတ်လှုပ်ရှားလွန်းနေလေသည်။

“အမေ၊ စိတ်ကိုလျှော့ထား။ သမီးလဲအတူရှိနေမှာပဲကို!” ကုနင်း ကုမန့်၏လက်ကိုဆုပ်ကိုင်ကာ အားပေးလိုက်သည်။

ထိုသို့ဆိုလျှင်ပင် ကုမန့်စိတ်လှုပ်ရှားနေရစဲဖြစ်ပေမည့် သူမရင်ဆိုင်မှရမည့်အရာဖြစ်မှန်းကိုတော့ နားလည်လေသည်။

“မန့်!” ကုမန့်တို့ ထန်ယွင်ဖန်း၏အခန်းထဲသို့ဝင်လိုက်သည်နှင့် ထန်ယွင်ဖန်းတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ကုမန့်ကို ညင်သာနူးညံ့စွာ ခေါ်ဆိုလိုက်သည်။ သူတို့ချင်း ကွဲကွာနေခဲ့ရသည်မှာ ၁၈နှစ်တာကြာညောင်းနေခဲ့ပေမည့် ထန်ယွင်ဖန်း၏မှတ်ဉာဏ်များကတော့ လောလောလတ်လတ်ပြန်ရထားခြင်းဖြစ်၍ အဖြစ်အပျက်တိုင်းကို မနေ့တစ်နေ့ကလို ရှင်းရှင်းလင်းလင်း မှတ်မိလို့နေခဲ့ပေသည်။

ထန်ယွင်ဖန်းက သူမနာမည်ကို ခေါ်လိုက်သောကြောင့် ကုမန့် တုန်ရီလို့သွားကာ၊

“ရှင်….”ဆိုသည့်စကားမှလွဲ၍ တခြားဘာတစ်ခွန်းမှဆက်မပြောနိုင်ခဲ့ပေ။

“ဟုတ်တယ်၊ ကိုယ်အားလုံးပြန်မှတ်မိသွားပြီ။” ထန်ယွင်ဖန်း ချက်ချင်းပြန်ဖြေလိုက်ပေသည်။

ထန်ယွင်ဖန်း၏စကားကြောင့် ကုမန့် မျက်ရည်များကျဆင်းလာကာ ကြမ်းပေါ်သို့လဲ ပြိုလဲကျလုနီးပါးဖြစ်သွားရသည်။ သူမနှစ်ပေါင်းများစွာ လွမ်းဆွတ်ခဲ့ရသူက နောက်ဆုံးတော့ သူမကိုပြန်မှတ်မိသွားခဲ့ပေပြီ! ထို့အပြင် ထန်ယွင်ဖန်းက သူမကို သူ၏မှတ်ဉာဏ်များထဲကအတိုင်း ခေါ်ဝေါ်နေကာ သူ၏မျက်ဝန်းများထဲမှပင် ချစ်ခြင်းတရားများကို မြင်တွေ့နိုင်ပေသည်။ ထို့ကြောင့် ကုမန့်တစ်ယောက် သူမ၏အတိတ်က’နဉ်’ကို တစ်ဖန်ပြန်တွေ့လိုက်ရကာ ခံစားချက်ကများကို ဆက်လက်မထိန်းချုပ်ထားနိုင်တော့ပေ။

“မန့်၊ အဆင်ပြေရဲ့လား?” ကုမန့်လဲကျမလိုဖြစ်သွားသည်နှင့် ချက်ချင်းပင် ထန်ယွင်ဖန်းလာရောက်တွဲပေးလိုက်သည်။

ကုနင်းနှင့်ထန်ယွင်ဖန်း၏အကူအညီဖြင့် ကုမန့် ဆိုဖာပေါ်တွင်ထိုင်လိုက်ကာ ကုနင်းကလဲ ကုမန့်၏ခံစားချက်များတည်ငြိမ်စေရန်အလိုငှာ သူမ၏မှော်စွမ်းအားများကို ဖြည့်သွင်းပေးလိုက်သည်။

“ဒါဆို အမေတို့နှစ်ယောက်စကားပြောကြပါဦး။ သမီးအောက်ထပ်သွားတော့မယ်။” သူတို့နှစ်ယောက်တည်း အေးအေးဆေးဆေးစကားပြောသည်က ပိုကောင်းမည်ဟု ကုနင်းတွေးမိသောကြောင့် မြန်မြန်ဆန်ဆန်ပင် အောက်ထပ်သို့ ပြန်ဆင်းသွားလိုက်တော့သည်။

***

အခန်း ၅၈၂

လင်းထျန်းယွီ နှင့် ကျောက်ရှောင်ရွှမ်း

“နင်းနင်း၊ မြေးရဲ့အမေက မြေးရဲ့အဖေကို လက်ခံပေးလိမ့်မယ်လို့ထင်လား?” ထန်ဟိုင်ဖုန်း စိုးရိမ်စွာဖြင့်မေးလိုက်သည်။ လက်မခံနိုင်ခြင်းမျိုးလဲဖြစ်နိုင်လောက်ပေမည့် ထန်ဟိုင်ဖုန်းကတော့ သူ့သားနှင့်ကုမန့်ကို ပြန်လည်ပေါင်းစည်းစေဖို့ရန် မျှော်လင့်နေပေသည်။ ထိုသို့သာမဟုတ်လျှင် ထန်ယွင်ဖန်း ကျန်ရှိသည့်သက်တမ်းတစ်လျှောက်လုံး တစ်ကိုယ်တည်းနေထိုင်သွားပေလိမ့်မည်။

“လက်ခံလောက်မှာပါ။” ကုမန့် ထန်ယွင်ဖန်းကို ချစ်နေသေးသည်မှာ သိသာလှသောကြောင့် ကုနင်းထိုသို့ ဖြေလိုက်ခြင်းဖြစ်သည်။

“ဒါနဲ့မင်းနင်း၊ မြေးရဲ့အမေနဲ့အဖိုးတို့ရဲ့ဆက်ဆံရေးကို ပေါက်ကြားအောင်လုပ်ခဲ့တာက အစေခံတစ်ဦးပဲ။ ပြီးတော့ သူလဲ လာဝန်ခံပြီးသွားပြီ၊ သူ့ကိုအဖိုးအပြစ်ကြီးကြီးပေးဖို့ စီစဉ်ထားခဲ့ပေမည့် သူကလဲ တခြားတစ်ဖက်လူရဲ့ ခြိမ်းခြောက်မှုကို ခံနေခဲ့ရတာဖြစ်နေတယ်။ သူဝန်ခံတဲ့အချိန်ကလဲ မြေးရဲ့အမေ အိမ်ကိုဘေးကင်းကင်းပြန်ရောက်နေပြီး သူ့သားလေးကတော့ အန္တရာယ်ရှိနေတုန်းအချိန်ဖြစ်နေလို့ အဖိုး သူ့ကိုခွင့်လွှတ်ပေးလိုက်တယ်။ ဒါက မြေးရဲ့အမေဘက်ကကြည့်ရတော့ မတရားဘူးဆိုပေမယ့်လဲ အဖိုးကလဲ အဖေတစ်ယောက်ပဲဆိုတော့ သူဘာကြောင့် ဒီလိုကိစ္စမျိုးလုပ်ခဲ့တယ်ဆိုတာကို နားလည်ပေးနိုင်တယ်။ အဖိုးတောင်းပန်ပါတယ်။” ထန်ဟိုင်ဖုန်း အမှန်တကယ်စိတ်မကောင်းဖြစ်စွာဖြင့် ပြောလိုက်သည်။

ထန်ဟိုင်ဖုန်း၏စကားများကိုကြားပြီးနောက် ကုနင်း အနည်းငယ်စိတ်ရှုပ်သွားခဲ့သည်။ သူမအမေကို အန္တရာယ်တွင်းထဲ တွန်းပို့သူအား အလွန်မုန်းတီးပေမည့် ထိုလူကလဲ သူ့ကလေးကို ကာကွယ်ပေးလိုခြင်းကြောင့်သာဖြစ်မှန်း ကုနင်းနားလည်ပြန်သည်။ ထို့အပြင် ကုမန့်ဘေးကင်းကာ သူ့သားကတော့ အန္တရာယ်ရှိနေစဲအချိန်တွင်ပဲ စောစောစီးစီးဝန်ခံလာခဲ့ခြင်းလဲဖြစ်သောကြောင့် သူ့ကို အပြစ်ပေးနေဖို့ရန် မလိုအပ်တော့ပေ။ ကုမန့် ပြန်ပေးဆွဲခံရခြင်းမှာ ထိုလူက သတင်းပေါက်ကြားစေခဲ့ခြင်းကြောင့်ဖြစ်သော်လည်း အမှန်တကယ်ပြစ်မှုထဲတွင်တော့ ပါဝင်ပတ်သတ်ခြင်းမရှိခဲ့သောကြောင့် သူမတို့ဘက်က တရားဆွဲမည်ဆိုလျှင်ပင် ထောင်ထဲထည့်နိုင်လိမ့်မည်မဟုတ်ပေ။

“အဖိုးပြောသလိုပါပဲ။ အမေလဲ အခုဘေးကင်းသွားပြီ။ သူကလဲ သူ့သားအန္တရာယ်ရှိနေစဲအခြေအနေမှာတောင် ဝန်ခံခဲ့တယ်ဆိုမှတော့ လွှတ်ပေးလိုက်တာပေါ့။”

ကုနင်းသဘောတူသောကြောင့် ထန်ဟိုင်ဖုန်းလဲ စိတ်အေးသွားရသည်။ လိုအပ်လာလျှင် တခါတရံအကြင်နာတရားလေး ထားပေးခြင်းက မကောင်းသည့်အရာတော့ မဟုတ်ပေ။

“အဖိုး သမီးအခုအပြင်သွားစရာရှိသေးလို့၊ ဘယ်အချိန်မှပြန်ရောက်မလဲတော့မသိသေးပေမယ့် သမီးပြန်မလာမချင်း အမေ့ကိုတစ်ယောက်တည်း အိမ်ပြန်မလွှတ်လိုက်ပါနဲ့နော်။” သူမထိုစကားမျိုးပြောရခြင်းက ထန်မိသားစုက ကုမန့်ကိုမကာကွယ်ပေးနိုင်လောက်ဟု ထင်၍မဟုတ်ဘဲ ကုမန့်တစ်ယောက်တည်း အိမ်ပြန်ရောက်နေသည့်အချိန်မျိုးတွင် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်ခြင်းကြောင့်သာဖြစ်လေသည်။ ပြန်ပေးဆွဲခံရပြီးနောက် ထန်မိသားစုဘက်ကလဲ ကုမန့်ကို ကာကွယ်ပေးရန်အတွက် သေချာပေါက် လုံခြုံရေးတိုးမြှင့်ထားပေလိမ့်မည်။

“ဟုတ်ပါပြီ။”

ထို့နောက် ကုနင်းအပြင်ပြန်ထွက်သွားတော့သည်။

……

ထန်သဲ့မင်တစ်ယောက် ကျန်းရုန်ကျင်းနှင့် အဆက်အသွယ်မရတော့သောကြောင့် ကျန်းရုန်ကျင်းကို ရှာရန်အတွက် လူအချို့လွှတ်လိုက်ပေမည့် ဘယ်နေရာမှာမှ ကျန်းရုန်ကျင်းကို ရှာမတွေ့ခဲ့ပေ။

ထို့ကြောင့် ထန်ဝေ့ရုန်ကိုသာ ဖုန်းဆက်ကာ အကျိုးအကြောင်းကိုပြောပြဖို့သာ ရှိတော့လေသည်။

ထိုအခါ ထန်ဝေ့ရုန်က၊

“သူ့နောက်ကိုမလိုက်နဲ့တော့ မင်းအကြောင်းပေါ်သွားလိမ့်မယ်။ ကုမန့်နဲ့ ကုနင်းက ထန်မိသားစုဝင်ဖြစ်သွားတဲ့အကြောင်း ဖန်ရွှယ်ချင်လို့ခေါ်တဲ့အမျိုးသမီးသိအောင် လုပ်လိုက်။ သူ ငါတို့ကိုကူညီပေးလိမ့်မယ်။”

“ဟုတ်ပြီ၊ အခုပဲ လုပ်လိုက်မယ်။” ထို့နောက် ချက်ချင်းပင် တစ်စုံတစ်ယောက်ကိုခေါ်ကာ ထိုသတင်းပေးရန်အတွက် ထန်သဲ့မင်စီစဉ်တော့သည်။

…….

ကုနင်း ထန်အိမ်တော်မှထွက်လာပြီးသည်နှင့် ယုကျီကိုဖုန်းဆက်ခေါ်လိုက်သည်။ သူမ ဒီနေ့အဖို့ ယုကျီကိုခေါ်ကာ အထည်ချုပ်စက်ရုံသို့သွားရောက်ကြည့်ရှုရန် စီစဉ်ထားလေသည်။

ယုကျီလဲ အားနေသောကြောင့် နောက်မိနစ်၂၀နေသည်နှင့် ဈေးဝင်စင်တာ၏အပြင်ဘက်တွင်တွေ့မည့်အကြောင်း ကုနင်းချိန်းထားလိုက်သည်။

ယခုအချိန်တွင် ယုကျီသည် ကုနင်းလက်အောက်တွင် အလုပ်လုပ်နေသူဖြစ်သောကြောင့် သူမကိုသေချာပေါက် စောင့်ခိုင်းရအောင်မလုပ်ဘဲ ၁၀မိနစ်ကြာသည်နှင့် အပြင်သို့ထွက်လာခဲ့လေသည်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပင် သူမဈေးဝယ်စင်တာအပြင်သို့ထွက်လာသည်နှင့် သူမ၏ရည်းစားဟောင်းနှင့် ပက်ပင်းဆုံတော့သည်။

သူမလဲ ထိုရည်းစားဟောင်းနှင့်ထပ်မတွေ့ဆုံလိုသောကြောင့် မမြင်သလိုဟန်ဆောင်လိုက်ကာ သူမ၏ရည်းစားဟောင်းကလဲ နေရခက်သလို ခံစားရတာကြောင့် သူ့ခေါင်းကို တစ်ဖက်လှည့်သွားခဲ့သည်။ သို့ပေမည့် ထိုရည်းစားဟောင်း၏လက်ရှိရည်းစားက ယုကျီ၏လမ်းကိုပိတ်လိုက်လေသည်။

“ဟေ့၊ ဒါယုကျီမဟုတ်လား? မတွေ့တာတောင် ဘယ်လောက်ကြာနေပြီလဲ! အခုတလော အဆင်ပြေရဲ့လား?” ထိုအမျိုးသမီးက ရည်းစားဟောင်း၏လက်မောင်းကို တွယ်ချိတ်ရင်း ယုကျီကို နှုတ်ဆက်လိုက်သည်။ သူမ၏အသံမှာ ချိုသာယဉ်ကျေးသလိုထင်ရပေမည့် တကယ်တမ်း ယုကျီရှေ့ကြွားဝါလိုနေခြင်းသာဖြစ်သည်။

ယုကျီ စိတ်အလိုမကျဖြစ်သွားပေမည့် ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ရင်း၊

“အရမ်းကိုအဆင်ပြေတာပေါ့။”

“နင်အခု ရည်းစားရသွားပြီလား?” ထိုအမျိုးသမီးက ဆက်မေးလိုက်သည်။

“နင့်ကိစ္စမဟုတ်ဘူး!”

“နင်ကလဲ၊ ငါတို့က သူငယ်ချင်းကောင်းတွေပဲကို၊ နင့်ကိစ္စကို ငါလဲဂရုစိုက်ပေးရမှာပေါ့။” ဂရုစိုက်ပေးခြင်းဟုခေါင်းစဉ်တပ်လိုက်ပေမည့် လှောင်ပြောင်သည့်အသံကပါဝင်လို့နေလေသည်။

“တကယ်လား?” ယုကျီဆက်ပြီးသည်းမခံနိုင်တော့ပေ။

“ငါတို့က သူငယ်ချင်းကောင်းတွေပေါ့? ကျောက်ရှောင်ရွှမ်း၊ နင့်မှာအရှက်ဆိုတာတောင်မရှိတော့ဘူးလား?”

“ဘာလဲ? ငါနင့်ရည်စားကို ခိုးသွားလို့ ဒေါသထွက်နေတာလား?” ကျောက်ရှောင်ရွှမ်း၏အပြောမှာ အလွန်မောက်မာလို့နေလေသည်။

“ယုကျီ၊ နင့်ကိုနင်ဘာများထင်နေလဲ? နင်က ဆင်းရဲတဲ့မိသားစုက ပေါက်ဖွားလာတဲ့ ဆင်းရဲတဲ့ကောင်မလေးသပ်သပ်ပဲ။ ထျန်းယွီပိုပြီး အောင်မြင်လာမယ့်လမ်းကြောင်းကို နင်ရှေ့ကနေ ကာစီးကာစီးမလုပ်သင့်ဘူး။ နင့်လိုလူမျိုးက ဘယ်လိုမှ ချမ်းသာတဲ့မိသားစုနဲ့ လက်မထပ်နိုင်ဘူး။ နားလည်ရဲ့လား?”

ကျောက်ရှောင်းရွှမ်းက ယုကျီကိုလူကြားသူကြားထဲတွင်ပင် အရှက်ခွဲနေခဲ့သည်။ ကျောက်ရှောင်ရွှမ်း၏အမေသည် ယွမ်သန်းဆယ်ကျော်ချမ်းသာသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လေသည်။

လင်းထျန်းယွီသည်လဲ ချမ်းသာသည့်မိသားစုမှ မွေးဖွားလာသူဖြစ်သောကြောင့် သူတို့မျက်လုံးထဲတွင်တော့ ယုကျီဆိုသည်မှာ သာမာန်သူဆင်းရဲမလေးတစ်ယောက်သာဖြစ်လေသည်။ ထို့အပြင် ကျောက်ရှောင်ရွှမ်းသည် တစ်ဦးတည်းသောကလေးလဲဖြစ်လေသည်။ လင်းထျန်းယွီသာ သူမကိုလက်ထပ်လိုက်လျှင် ကျောက်ရှောင်ရွှမ်းမိသားစု၏ ပိုင်ဆိုင်မှုအားလုံးကို သူသာ ပိုင်ဆိုင်ခွင့်ရမည်မဟုတ်ပါလား။

ယုကျီသည်လဲ သူမ၏အချစ်ဆုံးသူငယ်ချင်းနှင့် ချစ်သူက သူမကို သစ္စာဖောက်သွားသည့်အတွက် အလွန်နာကျင်ခံစားခဲ့ရလေသည်။ သို့ပေမည့် ထိုကိစ္စများမှာ အတိတ်က ဖြစ်ရပ်များသာဖြစ်ပြီး ယုကျီလဲ မေ့ဖျောက်ပစ်လိုက်ချင်ပေမည့် ကျောက်ရှောင်ရွှမ်းကတော့ အမြဲတမ်း အစဖော်နေခဲ့လေသည်။

“ရှောင်ရွှမ်း၊ တော်သင့်ပြီ။” လင်းထျန်းယွီ စိတ်အလိုမကျစွာဖြင့် မျက်မှောင်ကြုတ်ကာပြောလိုက်သည်။

ထိုစကားကြောင့် ကျောက်ရှောင်ရွှမ်း ဒေါသထွက်သွားကာ၊

“ဘာလဲ? နင်က သူ့ကိုကာကွယ်ပေးချင်နေတာလား?”

“မင်း….” လင်းထျန်းယွီ ထိုစကားကြောင့် ရှက်ရွံ့သွားကာ၊

“ငါတို့ လူကြားထဲရောက်နေတာလေ။ ငါ့မျက်နှာကိုနည်းနည်းပါးပါး မျက်နှာသာပေးလို့မရဘူးလား?”

ယုကျီသည် ကြင်နာနူးညံ့သည့် မိန်းကလေးတစ်ဦးဖြစ်ကာ ကျောက်ရှောင်ရွှမ်းသည်တော့ ပျက်စီးနေသည့် လူချမ်းသာမလေးဖြစ်သောကြောင့် လင်းထျန်းယွီ အမှန်တကယ်ပဲ ယုကျီကို မမေ့နိုင်သေးဘဲ သူမကိုကာကွယ်ချင်နေကြောင်း ဝန်ခံမိသည်။ သို့ပေမည့် ကျောက်ရှောင်ရွှမ်းပြောခဲ့သလိုပဲ ယုကျီသည့် ဆင်းရဲသည့်မိသားစုမှမွေးဖွားလာသူဖြစ်သောကြောင့် သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်လာမည့်သူဖြစ်သည်။ ထို့ကြောင့် သူပိုမိုအောင်မြင်လာဖို့ရန်အတွက် ယုကျီကိုစွန့်ပစ်ခဲ့ခြင်းပင်။

တကယ်တော့ သူကိုယ်တိုင်က ကျောက်ရှောင်ရွှမ်း၏ရည်းစားဖြစ်လာရန်အတွက် သူမကိုအိပ်ယာပေါ်ခေါ်တင်နိုင်ရန် ကြိုးစားခဲ့လေသည်။ မမျှော်လင့်ထားစွာဘဲ ကျောက်ရှောင်ရွှမ်းမှာ သူ့ကိုအချိန်ကြာမြင့်စွာ သဘောကျနေခဲ့သူဖြစ်သောကြောင့် သူမဘက်ကသာ အရင်ဦးစွာ လင်းထျန်းယွီကို အမူးတိုက်ပြီးထောင်ချောက်ဆင် အမိဖမ်းခဲ့လေသည်။

“နင်….” လင်းထျန်းယွီက သူမကိုအပြစ်တင်လာသောကြောင့် ကျောက်ရှောင်ရွှမ်း ဒေါသထွက်သွားပေမည့် သူမတို့ကို လူအများဝိုင်းကြည့်နေသည်ကို သတိထားမိလိုက်သောကြောင့် ချက်ချင်း ပါးစပ်ပိတ်လိုက်တော့သည်။

***

အခန်း ၅၈၃

ယုကျီ၏တန်ပြန်ချက်

ထိုအချိန်တွင်ပဲ ယုကျီ၏အိတ်ကပ်ထဲမှ ဖုန်းမြည်လာကာ ထုတ်ကြည့်လိုက်ချိန်တွင်တော့ ကုနင်းက စာတစ်စောင်ပို့ထားခြင်းဖြစ်နေသည်။

ကုနင်း : သူတို့ကိုပြန်ကြွားပစ်။ ငါ လမ်းတစ်ဖက်က အဖြူရောင် Lamborghini ထဲမှာထိုင်နေတယ်။ ဝင်လာခဲ့။

စာကိုဖတ်ပြီးနောက် ယုကျီချက်ချင်းပင် လမ်းတစ်ဖက်ကိုကြည့်လိုက်ချိန် အမှန်တကယ်ပဲ အဖြူရောင် Lamborghiniတစ်စီးရှိလို့နေသည်။ သူမဘော့စ်၏ချမ်းသာကြွယ်ဝမှုကြောင့် အလွန်အံ့အားသင့်သွားမိသည်။ ထို့နောက် ကုနင်းစာထဲမှာပြောထားသလိုပင် ယုကျီလုပ်ဆောင်လိုက်တော့သည်။ ချက်ချင်းဆိုသလိုပင် ခါးကိုမတ်ရင်ကိုကောလိုက်ကာ ယုံကြည်မှုအပြည့်ရှိနေသည့်အမူအရာဖြင့် ကျောက်ရှောင်ရွှမ်းတို့ကို ကြည့်လိုက်ပြီး၊

“စိတ်မကောင်းပါဘူး။ ငါသွားရတော့မယ်။” ထို့နောက် ချက်ချင်းပင် လမ်းတစ်ဖက်ခြမ်းသို့ထွက်သွားကာ ကျောက်ရှောင်ရွှမ်းတို့၏မျက်စိရှေ့တွင်ပင် ယွမ်၁၀သန်းကျော်တန်ဖိုးရှိသည့် အဖြူရောင်Lamborghiniကားထဲသို့ ဝင်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် လင်းထျန်းယွီရော ကျောက်ရှောင်ရွှမ်းပါ အလွန်ထိတ်လန့်ကုန်ကြပြီး၊

“ယုကျီဘယ်တုန်းက ဒီလောက်ချမ်းသာတဲ့လူမျိုးနဲ့ သိသွားတာလဲ?” ကျောက်ရှောင်ရွှမ်း သူမမျက်စိရှေ့ကမြင်ကွင်းကို မယုံကြည်နိုင်စွာကြည့်ရင်း မနာလိုမုန်းတီးစွာဖြင့် ပြောလိုက်သည်။ ကားအကြောင်း သူမသေချာမသိသော်လည်း ဤဖြူရောင် Lamborghiniကားကတော့ သေချာပေါက် ဇိမ်ခံကားတစ်စီးမှန်း သူမပြောနိုင်လေသည်။ ယုကျီသည် သာမာန်ဆင်းရဲသားလေးတစ်ဦးဖြစ်သောကြောင့် ဘယ်လိုလုပ်များ ဒီလောက်တောင် ချမ်းသာတဲ့လူတစ်ယောက်နဲ့ သိကျွမ်းသွားနိုင်ရတာလဲ?

“သူ့ရဲ့ ရူးဂါးဒယ်ဒီကိုရှာတွေ့သွားတာပဲဖြစ်ရမယ်။ ငါက သူ့ကို အမှီအခိုကင်းတဲ့မိန်းကလေးလို့ထင်ထားတာ၊ သူက သိုက်တူးသမားဖြစ်နေတာပဲ!” ကျောက်ရှောင်ရွှမ်းလဲ အမှန်တကယ် ကျိကျိတက်ချမ်းသာသည့် ရည်းစားမျိုးရချင်တာကြောင့် ယုကျီကိုကြည့်ပြီး မလိုမုန်းတီးသည့်လေသံဖြင့်သာ ကဲ့ရဲ့လိုက်လေသည်။

အချစ်ဆုံးသူငယ်ချင်း၏ ရည်းစားကိုပင် လုယူထားသောကြောင့် တွေးနေစရာကိုမလိုဘဲ ကျောက်ရှောင်ရွှမ်းမှာ ကိုယ်ကျင့်တရားမကောင်းသည့်ကောင်မလေးမှန်း သိပြီးဖြစ်ပေမည်။ ထို့အပြင် ငွေအတွက်ဆိုလျှင် သူမခန္ဓာကိုယ်ကိုပင် ရောင်းစားဖို့ရန် ဝန်မလေးမည့်လူလဲဖြစ်သည်။

လင်းထျန်းယွီလဲ မကျေမနပ်ဖြစ်လို့နေသည်။ ယုကျီသည် သူ၏ရည်းစားဟောင်းဖြစ်ပေမည့် သူစွန့်ပစ်ထားသည့်မိန်းကလေးက သူ့ထက်အဆများစွာချမ်းသာသည့် ချစ်သူတစ်ယောက်ရသွားတာကြောင့် ဘယ်လိုမှမကျေနပ်နိုင်ပေ။ ကျောက်ရှောင်ရွှမ်းက ကားအကြောင်းသိပ်မသိသော်လည်း သူကတော့ ထို Lamborghiniကားကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ယွမ်၁၀သန်းကျော်တန်ဖိုးရှိသည့် ကန့်သတ်ထုတ်ကုန်မှန်း သိလိုက်လေသည်။

ယွမ်၁၀သန်းဆိုသည်မှာ သူတို့မိသားစုပိုင်ဆိုင်မှု၏တစ်ဝက်လောက်ပင်ရှိသည်။ Lamborghiniမဆိုထားနဲ့ ယွမ်၁သန်းကျော်သည့်ကားတစ်စီးကိုပင် သူမဝယ်နိုင်ဘဲ ယွမ်၄သိန်းတန်ကားကိုသာ မောင်းနိုင်လေသည်။ ယုကျီ၏လုပ်ရပ်က သူ့ပါးကိုဖြတ်ရိုက်လိုက်သကဲ့သို့ပင်။

လင်းထျန်းယွီနှင့်ကျောက်ရှောင်ရွှမ်းတို့ထိတ်လန့်နေသည်ကိုကြည့်ရင်း ယုကျီအလွန်ကျေနပ်နေကာ သူတို့ဘယ်လိုတွေးနေသည်ကိုတော့ ဂရုပင်စိုက်မနေပေ။

“နင့်မှာကားရှိလား?” ကုနင်း ယုကျီကိုမေးလိုက်ခြင်းဖြစ်သည်။

“မရှိသေးဘူး။”

“ယာဉ်မောင်းလိုင်စင်ရော?”

“ရှိပေမယ့် ကားမောင်းလေ့မရှိတော့ ကောင်းကောင်းမမောင်းတတ်ဘူး။”

“ငါ့ကုမ္ပဏီရဲ့ အကြီးတန်းအုပ်ချုပ်ရေးမှူးတွေအားလုံး ငါ့နာမည်ပေါက်နဲ့ကားတစ်စီးစီရှိကြတယ်။ နင်အားတဲ့အချိန် အနည်းဆုံးယွမ်၁သန်းတန်တဲ့ကားတစ်စီးသွားရွေးထားလိုက်၊ ငါဝယ်ပေးမယ်။”

ယုကျီသည် ကုနင်း၏ကုမ္ပဏီမှ အကြီးတန်းအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်နေမှတော့ သူမတွင်လဲ ကိုယ်ပိုင်ကားတစ်စီးရှိထားသင့်ပေသည်။ သို့ပေမည့် သူမသာ ကုမ္ပဏီမှထွက်သွားလျှင် သို့မဟုတ် ရာထူးလျော့သွားခဲ့လျှင်တော့ ကားပိုင်ဆိုင်ခွင့်ကို ဆုံးရှုံးရပေမည်။

ယုကျီဘက်ကတော့ လုံးဝကုမ္ပဏီမှထွက်မသွားလိုဘဲ သူမအနာဂါတ်အတွက် ပိုပြီးအလုပ်ကြိုးစားဖို့ကိုသာ ဆုံးဖြတ်ချက်ချထားလေသည်။ ထို့အတွက်ကြောင့် သူမနာမည်ဖြင့် ကိုယ်ပိုင်ကားတစ်စီးကိုလဲ အချိန်တခုကြာလျှင် ဝယ်နိုင်သွားပေလိမ့်မည်။

“ကျေးဇူးတင်ပါတယ်။”

အထည်ချုပ်စက်ရုံကို ယာယီရပ်နားထားသော်လည်း လုံခြုံရေးအစောင့်များကတော့ အလုပ်ခွင်ဝင်နေရစဲပင်။ ယနေ့ ကုနင်း ယုကျီကိုပါခေါ်ပြီးလာခဲ့ရခြင်းမှာ လိုအပ်သည်များ ပြင်ဆင်အစားထိုးရန်အတွက် လာရောက်ကြည့်ရှုခြင်းဖြစ်သည်။

စက်ရုံတစ်ပတ် လျှောက်ပတ်ကြည့်ပြီးနောက်တွင်တော့ တတိယထပ်တွင် Charm၏ထုတ်လုပ်ရေးပိုင်းကို အခြေချရန်ဆုံးဖြတ်လိုက်ပြီး စာရွက်တစ်ရွက်နှင့် လိုအပ်သည့် ပစ္စည်းကိရိယာများကို ချရေးထားလိုက်သည်။ ကုမ္ပဏီက အခုမှအသစ်စတင်မည်ဖြစ်သောကြောင့် သူမကိုယ်တိုင်ပဲ အားလုံးလုပ်ရပေဦးမည်။ သူမတို့ဝင်ငွေများစွာရလာသည့်အခါတွင်မှ ပစ္စည်းကိရိယာများဝယ်ရန် ကိုယ်စားလှယ်ထားရှိမည်ဖြစ်သည်။

သူမတို့ စက်ရုံမှပြန်ထွက်လာချိန်တွင်တော့ ညနေ၃နာရီခွဲနေပြီဖြစ်သောကြောင့် နေ့လည်စာအတူသွားစားလိုက်သည်။

ထိုအချိန်တွင်ပဲ၊ ယုကျီထံသို့ သူစိမ်းတစ်ဦးဖုန်းဆက်လာခဲ့သည်။ ထိုလူက လင်းထျန်းယွီမှန်း သူမမသိသောကြောင့် ချက်ချင်းပင် ဖုန်းကိုပြန်ဖြေလိုက်လေသည်။

“ဟလို၊ ဘယ်သူပါလဲ?”

“ယုကျီ၊ မင်းဘယ်လိုလုပ် ရှူးဂါးဒယ်ဒီရှာလိုက်ရတာလဲ? မင်းအသည်းကို ငါခွဲခဲ့လို့ ငါ့ကိုစိတ်အနှောက်အယှက်ဖြစ်အောင် ချမ်းသာတဲ့ယောက်ျားတစ်ယောက် ရှာလိုက်တာ သိပေမယ့်…..” လင်းထျန်းယွီက သူ့ကိုစိတ်အနှောက်အယှက်ဖြစ်စေရန် ယုကျီက ရှူးဂါးဒယ်ဒီတစ်ယောက်ရှာလိုက်ခြင်းဟုသာ ယုံကြည်နေလေသည်။

“လင်းထျန်းယွီ၊ နင့်ကိုနင်ဘာထင်နေလဲ? ငါလုပ်တာတွေက နင့်ကိုစိတ်အနှောက်အယှက်ဖြစ်စေချင်လို့ပါလို့ ဘယ်လိုတောင် အရှက်မဲ့ပြီးပြောနိုင်ရတာလဲ?” လင်းထျန်းယွီစကားမဆုံးသေးခင်တွင်ပင် ယုကျီဒေါသတကြီးပြောဆိုကာ ဖုန်းချပစ်လိုက်တော့သည်။

ယုကျီစိတ်ဆိုးရခြင်းမှာ လင်းထျန်းယွီ၏မဟုတ်မှန်စကားများကြောင့်မဟုတ်ဘဲ သူ့ကိုသူသာ အထင်ကြီးနေသည့် လင်ထျန်းယွီ၏ပုံစံကို သူမဘယ်လိုမှ ကြည့်မရခြင်းကြောင့်သာဖြစ်လေသည်။

လင်းထျန်းယွီထပ်ပြီး ဖုန်းပြန်ခေါ်ချိန်တွင်တော့ ယုကျီပြန်မဖြေတော့ပေ။

“တောင်းပန်ပါတယ်။” ကုနင်းအနားမှာရှိနေသည်ကို သူမအော်ဟစ်နေမိသောကြောင့် ယုကျီတောင်းပန်လိုက်လေသည်။ ကုနင်းသည် အလွန်ကြင်နာတတ်သူဖြစ်သော်လည်း သူမဘက်က လေးစားမှုထားသင့်သေးသည်မဟုတ်ပါလား။

“ရပါတယ်၊ နင့်ရန်သူကိုအနိုင်ယူဖို့က အကောင်းဆုံးနည်းလမ်းက ကိုယ့်ဘဝကို သူ့ထက်ပိုကောင်းအောင် နေဖို့ပဲ။ နင်လုပ်နိုင်မယ်လို့ ငါယုံကြည်တယ်။”

“ကျေးဇူးပါ၊ ငါကြိုးစားမှာပါ။” ယုကျီစိတ်ဆုံးဖြတ်လိုက်လေသည်။ သူမလိုမျိုး အခွင့်ကောင်းမျိုးရသည်အထိ လူတိုင်းကံမကောင်းနိုင်ဘူးဆိုတာကို သူမသိသောကြောင့် ဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ ကုနင်းကို စိတ်မပျက်စေဘဲ အနာဂါတ်ဘဝပိုမိုကောင်းမွန်လာစေရန် ကြိုးစားမည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။

“နင်ဘာစားချင်လဲ?” ကုနင်းမေးလိုက်သည်။

“နင်ပဲဆုံးဖြတ်လိုက်ပါ။” ဘာပဲဖြစ်ဖြစ် ဘာစားမလဲဆုံးဖြတ်ရအောင် ယုကျီက ဘော့စ်မှမဟုတ်ဘဲ။

“နင်နဲ့မတည့်တာတစ်ခုခုရှိလား?”

“မရှိပါဘူး။”

ကုနင်း ခနလောက်စဉ်းစားလိုက်ပြီးမှ၊

“ဒါဆို ဖန်ရှန်းဈေးဝယ်စင်တာဘေးက စားသောက်ဆိုင်မှာသွားစားကြတာပေါ့။”

“ကောင်းတာပေါ့။” ယုကျီလဲသဘောတူလိုက်လေသည်။

ကုနင်းတို့ ကားပါးကင်တွင် ကားရပ်ပြီးနောက် စားသောက်ဆိုင်ထဲသို့ဝင်လာကာ ပြတင်းပေါက်ဘက်နှင့်နီးသည့် စားပွဲတစ်ဝိုင်းကိုရွေးလိုက်ကြသည်။

“Bမြို့က လူတိုင်းသိထားတာက သခင်လေးထန်က ဘယ်တုန်းကမှ လက်မထပ်ခဲ့သလို ကလေးလဲမရှိဘူးလို့မဟုတ်လား။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ သားအမိနှစ်ယောက် ထန်အိမ်တော်မှာ ရုတ်တရက်ကြီးပေါ်လာကြတယ်။ ကောင်မလေးက သခင်လေးထန်နဲ့တော်တော်လေး တူတယ်ဆိုပဲ!” အနားရှိစားပွဲဝိုင်းမှ ယောက်ျားတစ်ယောက်က နောက်ယောက်ျားတစ်ယောက်ကို ပြောပြနေခြင်းဖြစ်သည်။

ထိုစကားကြောင့် ကုနင်း မျက်မှောင်ကြုတ်ကာ ထိုစားပွဲဝိုင်းကို လှမ်းကြည့်လိုက်လေသည်။ အဖိုးက အိမ်စေတွေကို သတင်းမဖြန့်ဖို့ သတိပေးထားတယ်မဟုတ်လား? သူတို့ဘယ်လိုလုပ်သိသွားကြတာလဲ? ဒါကလဲ ထန်သဲ့မင်ရဲ့အကြံအစည်ပဲလား?

ထန်မိသားစုနှင့် ထန်သဲ့မင်သာ ကုနင်းက ထန်ယွင်ဖန်း၏သမီးအရင်းဖြစ်ကြောင်း သိထားကြခြင်းဖြစ်သည်။ ထန်မိသားစုကဘယ်သူမှ သတင်းလွှင့်ခြင်းမဟုတ်လျှင် ထန်သဲ့မင်သာဖြစ်ပေမည်။

သို့ပေမည့် ထိုအချိန်တွင်ပင် ထိုလူနှစ်ယောက်ဆွေးနွေးချက်ကြောင့် နောက်စားပွဲတစ်လုံးတွင် ထိုင်နေသည့် အသက်၃၀ကျော်ဝန်းကျင်ရှိသည့် အမျိုးသမီးနှစ်ယောက်ကတော့ အလွန်အံ့အားသင့်သွားကြကာ သူတို့ထဲမှတစ်ယောက်ဆိုလျှင် မကျေမနပ်မျက်နှာထားမျိုးပင်ဖြစ်သွားပေမည့် ကုနင်းကတော့ သတိမထားမိလိုက်ပေ။

“ဒီတော့ အဲ့ကောင်မလေးက သခင်လေးထန်ရဲ့သမီးပေါ့?” နောက်ထပ်ယောက်ျားတစ်ယောက် ပြန်မေးလိုက်သည်။

***

အခန်း ၅၈၄

ထန်ယွင်ဖန်းကို သဘောကျသည့်အမျိုးသမီး

“မဟုတ်လို့ တခြားဘယ်သူဖြစ်နိုင်ဦးမှာလဲ?”

ထိုအချိန်တွင်ပဲ တစ်ဖက်စားပွဲမှ အမျိုးသမီးတစ်ယောက်ကချက်ချင်း မတ်တပ်ထလာကာ ထိုအယောက်ျားနှစ်ယောက်နားသို့သွားလိုက်ပြီး သွေးအေးသည့်လေသံဖြင့်မေးလိုက်လေသည်။

“ဒီအကြောင်း ရှင်တို့ ဘယ်လိုလုပ်သိတာလဲ?”

ထိုအချင်းအရာကြောင့် ထိုယောက်ျားနှစ်ယောက်က တမင်ကို ထိုအမျိုးသမီးကားစေရန် ပြောနေခြင်းဖြစ်ကြောင်း ကုနင်းနားလည်လိုက်လေသည်။ ဒါပေမယ့် အဲ့ဒီအမျိုးသမီးက ဘယ်သူများလဲ? သူကဘာကြောင့်များ ထန်ယွင်ဖန်း သတင်းကိုကြားတာနဲ့ ဒီလောက်လွန်လွန်ကျူးကျူးတုံ့ပြန်ရတာလဲ? ဘာလို့ ဒီလူနှစ်ယောက်ကော သတင်းကို သူမသိအောင် တမင်လုပ်ရတာလဲ?

“ငါ့သူငယ်ချင်းက ထန်မိသားစုမှာအလုပ်လုပ်တာလေ၊ သူပဲပြောပြတာ။”

ကုနင်းလဲ ထန်သဲ့မင်၏အကြံအစည်မှန်း မှန်းဆမိလိုက်တော့သည်။

ထိုစကားကြောင့် တစ်ဖက်အမျိုးသမီး ပိုလို့ပင် စိတ်အနှောက်အယှက်ဖြစ်သွားပေမည့် ဘာမှပြောမနေတော့ဘဲ သူမခုံရှိရာသို့ ပြန်သွားထိုင်လိုက်သည်။

“ရွှယ်ချင်၊ အဲ့ဒါက သတင်းအမှားလဲဖြစ်နိုင်တာပဲ၊ တကယ်ပဲ ထန်ယွင်ဖန်းရဲ့သမီးဆိုရင် ဘာလို့ နှစ်ပေါင်းများစွာ သူ့သတင်းကို ဘယ်သူမှမကြားဖူးတာလဲ? ဘာလို့ အခုမှရုတ်တရက်ကြီး ပေါ်လာမှာလဲ?” နောက်အမျိုးသမီးတစ်ဦးက သံသယအနည်းငယ်နှင့်နှစ်သိမ့်လိုက်သည်။

“မဟုတ်ရင်၊ ဘာလို့ ဒီလိုသတင်းမျိုးက ထွက်လာမှာလဲ!” ထိုပုံစံအရ သတင်းကို ရွှယ်ချင်ဟုခေါ်သည့်အမျိုးသမီးက ချက်ချင်းယုံသွားသည့်ပုံပင်။

သူမကတော့ ဖန်ချင်ရွှယ်ဖြစ်ကာ Bမြို့၏ကျိကျိတက်ချမ်းသာသည့်မိသားစုမှပင် မွေးဖွားလာသူဖြစ်သည်။ သခင်ကြီးထန်၏ဇနီးအသက်ရှိစဉ်တုန်းက ဖန်ရွှယ်ချင်၏မိခင်နှင့် သူငယ်ချင်းကောင်းများဖြစ်ခဲ့လေသည်။ ရှေ့နှစ်များတုန်းကဆိုလျှင် ဖန်ရွှယ်ချင်နှင့် ထန်ယွင်ဖန်းကို နေရာချထားပေးရန် မကြာခဏဆိုသလို စနောက်ပြောဆိုလေ့ရှိသောကြောင့် ဖန်ရွှယ်ချင်က ထိုစကားများကို စိတ်ထဲတွင် စွဲမြဲနေခဲ့လေသည်။ ဖန်ရွှယ်ချင်ငယ်ငယ်ကဆိုလျှင် သူမကိုယ်သူမ ထန်ယွင်ဖန်း၏ဇနီးလောင်းဟုသာ ကိုယ့်ကိုကိုယ်ထင်မှတ်ပြောဆိုခဲ့သည်။ သို့ပေမည့် ထန်ယွင်ဖန်းကတော့ သူမနှင့်ဝေးဝေးနေကာ လက်ထပ်မည့်အကြောင်း ဘယ်တုန်းကမှ ထုတ်ပြောခြင်းမရှိခဲ့ပေ။ အချိန်အတော်ကြာပြီးသည်အထိ ထန်မိသားစုဝင်အဖြစ် သူမလက်မထပ်နိုင်ခဲ့တာကြောင့် သူမကိုယ်သူမ ထန်ယွင်ဖန်း၏ ဇနီးလောင်းဟု ပြောဆိုခြင်းကို ရပ်တန့်လိုက်တော့သည်။

သို့ပေမည့် ထိုမျှနှင့်တော့ ဖန်ရွှယ်ချင် လက်မလျှော့နိုင်ခဲ့သေးပေ။ ထန်ယွင်ဖန်း၏နှလုံးသားကို သူမမပိုင်ဆိုင်နိုင်သော်လည်း သူ့ကိုလက်မလွှတ်နိုင်ဘဲ သူမအသက်၃၆နှစ်ရှိနေတာတောင်မှ တစ်ကိုယ်တည်းစောင့်နေခဲ့လေသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ထန်ယွင်ဖန်း၏ကိုချဉ်းကပ်ဖို့ကြိုးစားရဲသည့်အမျိုးသမီးများကို သူမကြားဖြတ်နှောက်ယှက်ခဲ့လေသည်။ အကယ်၍များ ထိုအမျိုးသမီးက ထန်ယွင်ဖန်း၏အိပ်ယာပေါ်တက်ဖို့အထိ မရည်ရွယ်ထားခဲ့လျှင်တော့ သူမဘက်က ဆိုးဆိုးရွားရွား သင်ခန်းစာပေးပစ်မည်မဟုတ်ပေမယ့် ထိုအမျိုးသမီးဘက်ကသာ ထန်ယွင်ဖန်း၏အိပ်ယာပေါ်တွယ်တက်ကာ ထန်ယွင်ဖန်း၏မိန်းကလေးဖြစ်ဖို့ရန် ရည်ရွယ်ခဲ့မည်ဆိုလျှင်တော့ ထိုအမျိုးသမီးဘဝကို ဖျက်ဆီးပစ်ပေလိမ့်မည်။

ထန်ယွင်ဖန်းအပေါ်ထားသည့် ဖန်ရွှယ်ချင်၏အချစ်သည် အလွန်တစ်ဖက်သတ်ဆန်လွန်းသောကြောင့် ထန်ယွင်ဖန်းတွင် တိတ်တိတ်ပုန်းဇနီးနှင့်သမီးရှိနေကြောင်းသိလိုက်ရချိန်တွင် ထိန်းချုပ်နိုင်စွမ်းများ လွတ်ထွက်ကာ ဒေါသများပေါက်ကွဲလာတော့လေသည်။

“ငါမှသူ့ကိုမပိုင်ဆိုင်ရရင် ဘယ်သူမှလဲ မရစေရဘူး။ အဲ့ဒီသားအမိက ထန်ယွင်ဖန်းရဲ့ဇနီးနဲ့သမီးအစစ်အမှန်ဆိုရင်တော့ မကြာခင်ကွယ်ပျောက်သွားလိမ့်မယ်။” ဖုန်ရွှယ်ချင် ကြိမ်းဝါးလိုက်သည်။

ထိုစကားများကိုကြားပြီးနောက် ကုနင်း ဖန်ရွှယ်ချင်ကို စိုက်ကြည့်လိုက်ကာ၊

ကောင်းလိုက်တာ၊ ကြည့်ရသေးတာပေါ့! ဖန်ရွှယ်ချင်၊ နင်သာ ကုမန့်ကိုထိခိုက်အောင်လုပ်ရဲရင် ငါကလဲ နင့်ကိုသေချာပေါက် နောင်တရသွားအောင် ပြန်လုပ်ပြမယ်!

“ဘော့စ်၊ ဘာဖြစ်လို့လဲ?” ကုနင်း အလွန်စိတ်တိုနေသည်ကိုမြင်ရသောကြောင့် ယုကျီပင်ကြောက်ရွံ့သွားသည်။

“အာ၊ ဘာမှမဟုတ်ပါဘူး။” ကုနင်းပြန်ပြုံးပြလိုက်သည်။

ကုနင်းက ဘက်က ထွေထွေထူးထူးမပြောလာသောကြောင့် ယုကျီလဲ ဆက်မမေးတော့ပေ။

မကြာခင်တွင်ပဲ ဟင်းပွဲများ စားပွဲထက်သို့ရောက်ရှိလာကာ သူတို့နှစ်ဦးလဲ အားရပါးရစတင်စားသောက်ကြတော့သည်။

သို့ပေမည့် ဖန်ရွှယ်ချင်သည်တော့ ကုမန့်နှင့်ကုနင်း၏သတင်းကိုကြားပြီးနောက် စားချင်သောက်ချင်စိတ်များ ပျောက်ရှသွားပေပြီ။

ထို့ကြောင့် ဖန်ရွှယ်ချင်တို့ သူငယ်ချင်းနှစ်ဦးပြန်ရန် ထလိုက်ချိန်၌ သူမသူငယ်ချင်းက ကုနင်းကိုတွေ့လိုက်ကာ သူမကိုရင်းရင်းနှီးနှီးမြင်ဖူးနေသည်ဟု ခံစားမိလိုက်သည်။ ထို့ကြောင့် ကုနင်းကို ထပ်ပြီးသေချာအောင်ကြည့်လိုက်ပြီး ကုနင်းကလဲ ထိုသို့ဖြစ်လာမည်ကို လိုချင်နေသူဖြစ်သောကြောင့် သူမအကြည့်ကိုမရှောင်ဖယ်ခဲ့ပေ။

“ရွှယ်ချင်၊ ဟိုမိန်းကလေးကိုကြည့်လိုက်ဦး!” ဖန်ရွှယ်ချင်၏သူငယ်ချင်းက ချက်ချင်း ဖန်ရွှယ်ချင်ကို ပြန်ဆွဲကာ ကုနင်းကိုလက်ညှိုးထိုးပြလိုက်သည်။

ဖန်ရွှယ်ချင်လဲ ပြန်လှည့်လာကာ ကုနင်းကို ကြည့်လိုက်ချိန်တွင်တော့ ချက်ချင်းပင် ကြောင်အသွားတော့သည်။ ဖန်ရွှယ်ချင်သည် သူမသူငယ်ချင်းထက် ထန်ယွင်ဖန်းနှင့်ပိုရင်းနှီးသူဖြစ်သောကြောင့် ကုနင်းကို တစ်ချက်ကြည့်ရုံနှင့် ကုနင်း၏မျက်နှာပေါက်ကို ချက်ချင်းမှတ်မိသွားသည်။ ထန်ယွင်ဖန်းက အခုမငယ်တော့ဘူးဆိုပေမယ့် ကုနင်းနှင့်ထန်ယွင်ဖန်း ဘယ်လောက်တောင်တူလဲဆိုသည်ကို လွယ်လွယ်သတိပြုမိနေစဲပင်။

ဒီကောင်မလေးက အစောကလူနှစ်ယောက်ပြောသွားတဲ့တစ်ယောက်လား? ဖန်ရွှယ်ချင်တွေးလိုက်မိသည်။

ဘာပဲဖြစ်ဖြစ်၊ ကုနင်းကို ဖန်ရွှယ်ချင် လွယ်လွယ်ထွက်သွားခွင့်ပြုမည်မဟုတ်ပေ။ ထို့ကြောင့် ဒေါနှင့်မောနှင့် ကုနင်းတို့စားပွဲရှိရာသို့လျှောက်သွားကာ ယဉ်ကျေးမှုနည်းနည်းလေးပင်မပါရှိသည့် လေသံနှင့်၊

“နင်နဲ့ ထန်ယွင်ဖန်း ဘယ်လိုပတ်သတ်လဲ?”

သူမအဖြေကို သိနှင့်ထားပြီးဖြစ်သော်လည်း ကုနင်းပါးစပ်မှ တိုက်ရိုက်ပြောသည်ကို ကြားချင်နေစဲပင်။

တစ်ချိန်တည်းတွင်ပင် ယောက်ျားနှစ်ယောက်သည်လဲ ဖန်ရွှယ်ချင် ကုနင်းကိုမေးလိုက်သည့်မေးခွန်းကြောင့် အလွန်အံ့ဩသွားလေသည်။ သူတို့အခုမှသာ ကုနင်းကိုသတိထားမိကြခြင်းပင်။ သူတို့နှစ်ယောက်လုံး ထန်ယွင်ဖန်းကို ကိုယ်တိုင်မတွေ့ဖူးဘဲ ဓါတ်ပုံထဲ၌သာမြင်ဖူးခြင်းဖြစ်ပေမည့် ဒီမိန်းကလေးက ထန်ယွင်ဖန်းနှင့်တော်တော်လေးဆင်သူသည်ကိုတော့ ချက်ချင်းသတိပြုမိကြသည်။ ဒါဆို ဒီကောင်မလေးများလား? သူအကုန်ကြားသွားပြီလား?

ချက်ချင်းပင် ထိုယောက်ျားနှစ်ယောက် သူတို့အကြံပေါ်သွားမည်စိုး၍ ထွက်ပြေးသွားတော့သည်။

ကုနင်းလဲ ထိုနှစ်ယောက် အလျင်စလိုထွက်သွားသည်ကိုမြင်ပေမည့် အခုချိန်တွင် ဖန်ရွှယ်ချင်ကိုသာ ပညာပြချင်စိတ်ပြင်းပြနေသောကြောင့် တားမနေတော့ပေ။

ဖန်ရွှယ်ချင်၏ ရန်လိုနေသည့်အပြုအမူကြောင့် ယုကျီကြောက်ရွံ့သွားပေမည့် သူမက ထန်ယွင်ဖန်းကိုမသိသောကြောင့် ဘာတွေဖြစ်နေလဲဆိုသည်ကို မမှန်းဆနိုင်ခဲ့ပေ။

တစ်ဖက်မှကုနင်းသည်တော့ အေးအေးဆေးဆေးစားစရာရှိတာကို ဆက်စားနေကာ ဖန်ရွှယ်ချင်ကို လျစ်လျူရှုထားလေသည်။

သူမလျစ်လျူရှုခံထားရသည်ကိုတွေ့လိုက်ရာ ဖန်ရွှယ်ချင်၏ဒေါသများပေါက်ကွဲထွက်လာပြီး၊

“နင်နားပင်းနေလား? ငါမေးနေတာမကြားဖူးလား?”

ကုနင်းလဲ သူမကိုတစ်ချက်သာကြည့်လိုက်ကာအေးစက်စက်ပြန်မေးလိုက်သည်။

“ရှင်က ဘယ်သူလဲ? ဘာကြောင့် ရှင့်မေးခွန်းကို ကျွန်မကပြန်ဖြေရမှာလဲ?”

“နင်….” ကုနင်း၏မောက်မောက်မာမာအပြုအမူကြောင် ဖန်ရွှယ်ချင် ပိုလို့ပင်ဒေါသထွက်သွားတော့သည်။ အထူးသဖြင့် ကုနင်း၏မျက်နှာမှာ ထန်ယွင်ဖန်းနှင့်အလွန်ဆင်တူနေကြာင်း မြင်ရလေ ဒေါသများက ပိုတိုးပွားလေပင်။

ထိုတခနတွင်ပဲ ဖန်ရွှယ်ချင်တစ်ယောက် ဒေါသတကြီးနှင့် စားပွဲပေါ်မှ ဟင်းခွက်များကို တွန်းတိုက်ချပစ်လိုက်ကာ ယုကျီကတော့ ကြောက်လန့်တကြားရှောင်တိမ်းလိုက်ပေမည့် ကုနင်းသည်တော့ လုံးဝမလုပ်ဘဲ သူမအင်္ကျီအနှံ့ ဟင်းများစွန်းထင်းကုန်လေသည်။

ကုနင်း ငြိမ်နေရခြင်းမှာ ဖန်ရွှယ်ချင်ကို ပညာပြန်ပြဖို့ရန်အတွက် အကြောင်းပြချက်ထားလိုခြင်းကြောင့် တမင်လုပ်ခြင်းဖြစ်လေသည်။

“ဘော့စ်၊ အဆင်ပြေရဲ့လား?” ယုကျီက ကုနင်းအဝတ်အစားပေါ်မှ အစွန်းအထင်းများကို ကူညီသုတ်ပေးချင်ပေမည့် ကုနင်းက သူမကိုတားမြစ်လိုက်လေသည်။

ကျကွဲသံကျယ်ကြီးများကြောင့် စားသောက်ဆိုင်ရှိအခြားဧည့်သည်များကလဲ သူမတို့စားပွဲဝိုင်းကို အာရုံစိုက်လာကြကာ ဆိုင်မန်နေဂျာလဲ ချက်ချင်းရောက်လာခဲ့သည်။

“ဘာဖြစ်ကြတာလဲ?”

***

အခန်း ၅၈၅

ဖန်ရွှယ်ချင်ကို ပညာပြခြင်း

ဖန်ရွှယ်ချင်က ကုနင်း၏စားပွဲပေါ်မှ ဟင်းခွက်များကို မှောက်ပစ်ခြင်းသိသာနေခြင်းကြောင့် ဘယ်သူကမှအထူးတလည် ပြန်မဖြေနေကြပေ။

“အားလုံးလဲ မြင်ကြမယ်ထင်ပါတယ်။ ဒီပန်းကန်တွေကိုဖျက်ဆီးလိုက်တာကသူပဲ၊ ဒီတော့ နောက်ဆက်ပြီး ကျွန်မဘာပဲလုပ်လုပ် သူနဲ့ထိုက်သင့်လို့ပဲ။” ကုနင်းအေးစက်စွာပြောလိုက်ပြီးနောက် ချက်ချင်းမတ်တပ်ထလိုက်ကာ ဖန်ရွှယ်ချင်၏ပါးကို ခပ်ကြမ်းကြမ်းရိုက်ချလိုက်တော့သည်။ ကုနင်း၏ ဖန်ရွှယ်ချင်အပေါ် ရိုက်ချက်က အလွန်ပြင်းတာကြောင့် အသံကလဲကျယ်လှကာ စားသောက်ဆိုင်ထဲရှိလူတိုင်း ကြောက်ရွံ့သွားကြလေသည်။

စက္ကန့်ပိုင်းအတွင်းတွင်ပဲ ဖန်ရွှယ်ချင်၏မျက်နှာ နီမြန်းကာ ယောင်ကိုင်းလာတော့သည်။ ထို့အပြင် ကုနင်းက စားပွဲပေါ်တွင် ကျန်နေသည့် ပန်းကန်များကိုကိုင်ကာ ဖန်ရွှယ်ချင်၏မျက်နှာကို ခပ်ပြင်းပြင်း ရိုက်ချလိုက်ပြန်သည်။

ပန်းကန်ထဲရှိဟင်းများမှာ ပူနွေးနေသေးတာကြောင့် ဖန်ရွှယ်ချင် ထပ်ပြီးအလွန်နာကျင်သွားရပြန်သည်။ နာကျင်လွန်းလွန် တောင့်မခံနိုင်တော့ဘဲ သတိလစ်လုနီးပါးပင် ခံစားလိုက်ရသည်။

အားလုံးလဲ ကုနင်း၏ကြမ်းတမ်းသည့်လုပ်ဆောင်ချက်ကြောင့် ထိတ်လန့်ကုန်ကြပေမည့် ဖန်ရွှယ်ချင်ကသာ စတင်ရိုင်းသူဖြစ်သောကြောင့် ဘယ်သူမှ သူမကိုမသနားမိကြပေ။ သူမလိုရိုင်းစိုင်းသည့်လူမျိုးကို ယခိုလိုလူကြားထဲတွင် သတ္တိရှိရှိပညာပြန်ပေးသင့်ပေသည်။

“ရွှယ်ချင်!” ဖန်ရွှယ်ချင်၏သူငယ်ချင်းလဲ အမြန်ပြေးလာကာ ဖန်ရွှယ်ချင်၏မျက်နှာပေါ်မှ ဟင်းကျန်များကို သုတ်ပေးလိုက်သည်။

“မိန်းကလေး၊ မင်းလုပ်ရပ်ကလွန်လွန်းတယ်လို့မထင်ဘူးလား?” ဖန်ရွှယ်ချင်၏မိသားစုက ဤကိစ္စအတွက် သူ့ကိုအပြစ်တင်လာမည်စိုးသောကြောင့် စားသောက်ဆိုင်မန်နေဂျာက ကုနင်းကို အပြစ်တင်လိုက်သည်။

ကုနင်းလဲ ထိုမန်နေဂျာကို အေးစက်စက်ကြည့်ကာ ပြန်မေးလိုက်သည်။

“သူကျွန်မပန်းကန်တွေကို မှောက်ပစ်ပြီး ကျွန်မအဝတ်အစားတွေကို စွန်းထင်းအောင်လုပ်တာကကော လွန်တယ်မထင်ဘူးလား? သူကအရင် ကျွန်မတို့နေ့လည်စာစားနေတာကို နှောက်ယှက်ပြီး အော်ကြီးဟစ်ကျယ်လုပ်နေတာလေ။”

ကုနင်း၏ခြိမ်းခြောက်သလို အကြည့်က ဆိုင်မန်နေဂျာကို ကြောက်ရွံ့သွားစေပေမည့် ဖန်ရွှယ်ချင်၏အင်အားကြီး နောက်ခံမိသားစုအကြောင်းတွေးမိချိန်တွင်တော့ ကုနင်းကို ပြန်လည်ငြင်းဆိုပြန်သည်။

“မင်းက ဘာမှမထိခိုက်သွားပေမယ့် မိန်းကလေးဖန်ကတော့ အရမ်းထိခိုက်သွားပြီလေ။”

“အဲ့တော့၊ ဘာဖြစ်လဲ?” ဆိုင်မန်နေဂျာက ကိုယ့်အတွက်ကိုယ်သာကြည့်သည့်လူမျိုးဖြစ်ကြောင်း ကုနင်းသိလိုက်သောကြောင့် ဝင့်ဝင့်ကြွားကြွားသာပြန်ဖြေလိုက်သည်။

သူမအမှန်တကယ်ပဲ ဖန်ရွှယ်ချင်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ပေမည့် ထိုသို့လုပ်လာစေရန် ဖန်ရွှယ်ချင်ကိုယ်တိုင်က စတင်ရိုင်းစိုင်းလာခြင်းမဟုတ်ပါလား။

ဆိုင်မန်နေဂျာလဲ ဆွံ့အသွားကာ ပြောစရာစကားပျောက်ရှသွားတော့သည်။

“နင်…” ဖန်ရွှယ်ချင်လဲ အလွန်ဒေါသထွက်ကာ ကုနင်းကိုဆဲဆိုပစ်ချင်ပေမည့် သူမပါးနှစ်ဖက်က အလွန်နာကျင်နေသောကြောင့် စကားတစ်ခွန်းပြောရန်ပင် အလွန်ခက်ခဲလို့နေသည်။

ထို့နောက် ကုနင်း ဖန်ရွှယ်ချင်ကို ပြန်ကြည့်လိုက်ကာ၊

“ဘာလဲ? ရှင်က ကျိကျိတက်ချမ်းသာတဲ့မိသားစုကမွေးလာတယ်ဆိုရုံနဲ့ ကျွန်မကို အနိုင်ကျင့်လို့ရမယ်လို့ထင်နေတာလား? ကျွန်မကိုအနှောက်အယှက်လာပေးသ၍ ရှင့်ဘာရှင်ဘယ်သူဖြစ်နေနေ ကျွန်မဂရုမစိုက်ဘူး၊ သေချာပေါက် သင်ခန်းစာပြန်ပေးပြမယ်။”

အကယ်၍များ ဖန်ရွှယ်ချင်ကသာ ကုနင်းကိုစိတ်အနှောက်အယှက်ပေးခြင်းဆိုလျှင် သူမကို နည်းနည်းပါးပါးဆုံးမပြီး လွှတ်ပေးလိုက်မည်ဖြစ်ပေမည့် သူမက ကုမန့်ကိုပင် ထိခိုက်အောင်လုပ်မည်ဟု ကြံရဲနေသောကြောင့် ကုနင်း သူမကိုလုံးဝဖျက်ဆီးပစ်ပေမည်။

“ငါနင့်ကိုသတ်မယ်!” ဖန်ရွှယ်ချင် ကုနင်း၏သတိပေးစကားကို လျစ်လျူရှုကာ ကုနင်းကိုပါးရိုက်ဖို့ရန် သူမလက်ကိုမြှောက်လိုက်ပေမည့် လေထဲတွင်ပင် ကုနင်းကလှမ်းဖမ်းလိုက်သည်။

“ဘာပြောလိုက်တယ်?” ကုနင်း စိုက်ကြည့်လိုက်ပြီးနောက် ဖန်ရွှယ်ချင်၏လက်ကို အားပြင်းပြင်းနှင့်တွန်းထုတ်လိုက်တာကြောင့် ဖန်ရွှယ်ချင်တစ်ယောက် ကြမ်းပေါ်သို့ လဲကျသွားတော့သည်။ ကြမ်းပေါ်ကျသည့်အသံကျယ်ကြီးအပြင် ဖန်ရွှယ်ချင်၏နာကျင်နေသည့်အော်သံကလဲ စားသောက်ဆိုင်အတွင်းသို့ ပျံ့လွင့်သွားတော့သည်။

“ရွှယ်ချင်!” သူမသူငယ်ချင်းလဲ အလွန်ကြောက်လန့်နေပေပြီ။

ပုံမှန်အချိန်များတွင်တော့ ဖန်ရွှယ်ချင်ကသာ တစ်စုံတစ်ယောက်ကို ရိုက်နှက်လိုလျှင် သူမက ကူညီကာ လုပ်ဆောင်ပေးမည်ဖြစ်ပေမည့် ဤတစ်ကြိမ်တွင်တော့ သူမ ကုနင်းကိုအလွန်ကြောက်နေလေသည်။

“ရဲကိုခေါ်လိုက်! ရဲကို….!” ဆိုင်မန်နေဂျာ ဒေါသတကြီးအော်ဟစ်လိုက်သော်လည်း ကုနင်း၏အေးစက်သည့်အကြည့်တစ်ချက်ကြောင့် ချက်ချင်း အသံတိတ်သွားပြန်သည်။ ကုနင်း၏အကြည့်မှာ အလွန်ကြောက်စရာကောင်းတာကြောင့် နောက်ထပ်စကားတစ်ခွန်းပင် ထပ်မဟနိုင်တော့ပေ။

မိန်းမငယ်လေးတစ်ယောက်က ဘယ်လိုလုပ်ဒီလောက်ကြောက်စရာကောင်းရတာလဲ?

“ဘာတွေဖြစ်နေကြတာလဲ?” ထိုအချိန်တွင်ပဲ အလိုမကျသည့်အသံတစ်သံထွက်ပေါ်လာပြန်သည်။

ထိုအသံကိုကြားလိုက်သည်နှင့် နောက်ထပ်ရောက်လာသည့်လူက မည်သူမှန်း ကုနင်းတန်းသိလိုက်သည်။ ထိုလူမှာ အတိအကျပင် ဖန်းကျီရွေ့၏သူငယ်ချင်းကောင်း ကွမ်းပင်ဖြစ်လေသည်။

ကုနင်းလှည့်ကြည့်လိုက်သည်နှင့် ကွမ်းပင်ကိုမြင်လိုက်ရကာ ကွမ်းပင်က သူစိမ်းတစ်ဦးနှင့် သူတို့နားသို့လာနေလေသည်။

“သခင်လေးကွမ်း၊ ဒီမိန်းကလေးက….” ဆိုင်မန်နေဂျာက ကွမ်းပင်ကို မြင်လိုက်သည်နှင့် အားလုံးကိုပြောကာ ကုနင်းကို အပြစ်တင်ဖို့လုပ်လိုက်သည်။ သို့ပေမည့် သူ့စကားမဆုံးသေးခင်တွင်ပဲ ကွမ်းပင်က အံ့ဩတကြီးနှင့် ကုနင်းကို နှုတ်ဆက်လိုက်လေသည်။

“မိန်းကလေးကု!”

ဆိုင်မန်နေဂျာမှာ ကြောင်အလို့သွားတော့သည်။ သခင်လေးကွမ်းက ဒီကောင်မလေးကို သိနေတာလား?

“ဘယ်သူ?” ဖန်းကျီရွေ့လဲ ချက်ချင်းပြေးလာကာ ကုနင်းကိုမြင်လိုက်သည်နှင့် အလွန်စိတ်လှုပ်ရှားသွားပြီး၊

“ဘ-ဘော့စ်၊ ဘယ်လိုလုပ်ဒီရောက်နေတာလဲ?”

ဘော့စ်? စားသောက်ဆိုင်ထဲရှိ ဖန်းကျီရွေ့ကိုသိသူရော မသိသူများအားလုံးပါ ထိတ်လန့်အံ့အားသင့်သွားကြတော့သည်။ ဘာ? သခင်လေးဖန်းက ဒီမိန်းကလေးကို ဘော့စ်လို့ခေါ်လိုက်တာလား? သူတို့အရမ်းရင်းနှီးကြတဲ့ပုံပဲ။

ဆိုင်မန်နေဂျာအနည်းငယ်ထိတ်လန့်လို့သွားသည်။ ဒီကောင်မလေးသာ သခင်လေးဖန်း၏ဘော့စ်ဆိုလျှင် သူတို့အားလုံးက သူ့ကိုသာ အပြစ်တင်ကြပေလိမ့်မည်။

ကွမ်းပင်နှင့် ဖန်းကျီရွေ့တို့နှင့်အတူ ပါလာသည့် ဖန်ရှင်းသည်လဲ ကုနင်းကိုမြင်လိုက်ရချိန်တွင် ကုနင်းသည် မိတ်ကပ်လိမ်းချယ်ထားခြင်းမရှိတာတောင်မှ အမှန်တကယ်ကိုလှပသူတစ်ဦးဖြစ်နေသောကြောင့် မှင်သက်သွားလေသည်။ မိတ်ကပ်မလိမ်းဘဲလှသည့်မိန်းကလေးဟူ၍မရှိသလောက်ဖြစ်ကာ ကုနင်းကတော့ ချွင်းချက်ပင်။ သူမကြည့်ရတာ အောက်ခံမိတ်ကပ်အနည်းငယ်လောက်သာ လိမ်းထားသည့်ပုံပင်။

တကယ်တော့ ကုနင်း၏အသားအရည်မှာ အလွန်ချောမွေ့တောက်ပြောင်နေသောကြောင့် လူအများက သူမ အောက်ခံမိတ်ကပ်တော့ လိမ်းထားခြင်းဖြစ်မည်ဟုတွေးကြခြင်းဖြစ်သည်။ သူတို့သာ သူမမျက်နှာကို အနီးကပ်သေချာသွားကြည့်ပါက သူဘာမိတ်ကပ်မှမလိမ်းထားကြောင်း သိနိုင်ပေလိမ့်မည်။

“ငါ ဒီကိုအေးအေးဆေးဆေးနေ့လည်စာလာစားတာပဲ၊ ဒါပေမယ့် ဒီအရူးမကြီးက ငါ့ပန်းကန်တွေကို မှောက်ပစ်ပြီး အဝတ်အစားတွေလဲ စွန်းအောင်လုပ်ပစ်တယ်။” ကုနင်း အလွန်စက်ဆုပ်ရွံ့ရှာနေသည့် ပုံစံဖြင့်ပြောလိုက်ပြီးနောက် ကြမ်းပြင်တွင်လဲကျနေစဲဖြစ်သည့် ဖန်ရွှယ်ချင်ကိုလဲ အေးစက်စက်ကြည့်လိုက်သေးသည်။

ထိုစကားကိုကြားကာမှ ဖန်းကျီရွေ့တို့လဲ ကုနင်း၏အဝတ်အစားပေါ်မှ အစွန်းအထင်းများကိုတွေ့သွားကာ ကြမ်းပြင်တွင်လဲကျနေသည့် ဖန်ရွှယ်ချင်ကိုလဲ တွေ့လိုက်ရလေသည်။ ထို့နောက် မေးနေစရာပင်မလိုဘဲ အဖြစ်အပျက်များကို မှန်းဆနိုင်သွားကြတော့သည်။

ထိုသို့ဆိုလျှင်တောင်မှ ဖန်းကျီရွေ့နှင့်ကွမ်းပင်တို့ကတော့ ကုနင်းအစား ဖန်ရွှယ်ချင်ကို ဒေါသထွက်နေစဲပင်။

“မိန်းကလေးဖန်၊ ကျွန်တော်တို့မိသားစုစားသောက်ဆိုင်မှာ ဒီလိုကိစ္စမျိုးဖန်တီးတာ ဘာသဘောလဲ? ကျွန်တော်တို့မိသားစုက လွယ်လွယ်လေးအမြတ်ထုတ်လို့ရတဲ့လူမျိုးတွေလို့ ထင်နေတာလား?” ကွမ်းပင်ကတော့ ဒဏ်ရာတော်တော်များများရနေသည့် ဖုန်ရွှယ်ချင်ကို ဂရုမစိုက်သလို သူမနောက်ခံမိသားစုအသိုင်းအဝိုင်းကိုလဲ ဂရုမစိုက်ဘဲ ယဉ်ကျေးသည့်စကားလုံးမျိုးမပါဘဲ မေးခွန်းထုတ်လိုက်လေသည်။

“သခင်လေးကွမ်း၊ မိန်းကလေးဖန်က ဒဏ်ရာရထားတယ်လေ? ဘယ်လိုလုပ် နင်တို့က ပြဿနာအားလုံးကို သူ့အပေါ် အပြစ်တင်နိုင်ရတာလဲ? အခုချက်ချင်း ဆေးရုံတင်ကားခေါ်လိုက်! မိန်းကလေးဖန်သာ တစ်ခုခုဖြစ်သွားရင်၊ ဖန်မိသားစု နင်တို့အားလုံးကို အလွတ်ပေးမှာမဟုတ်ဘူး။” ဤတစ်ကြိမ်တွင်တော့ ဖုန်ရွှယ်ချင်၏သူငယ်ချင်း စပြောလာပြီဖြစ်သည်။

သို့ပေမည့် သူမယခုလို ဖန်ရွှယ်ချင်၏မိသားစုနောက်ခံနှင့် ခြိမ်းခြောက်လာတာကြောင့် ကွမ်းပင်ပိုလို့ပင် မုန်းတီးလို့သွားလေသည်။ ကုနင်းသည် ထန်မိသားစုနှင့်ဆွေမျိုးတော်စပ်မှုရှိနေတာကြောင့် ကွမ်းပင်အနေဖြင့် သေချာပေါက် နှစ်ခါတွေးမနေဘဲ ကုနင်းဘက်မှသာရပ်တည်ပေးမည်ဖြစ်သည်။

***

စာစဉ် ၃၉ ပြီး၏။

All Chapters