အခန်း (၅၈၆-၅၉၀)
Vol. 40 Ch. 586-590
အခန်း ၅၈၆
ချဉ်းကပ်မယ်
ဖန်းကျီရွေ့သည်တော့ သေချာပေါက် ဘယ်လိုအခြေအနေမျိုးတွင်မဆို ကုနင်းကိုသာ ကာကွယ်ပေးမည်မှာ ပြောနေဖို့ရန်ပင်မလိုအပ်ပေ၊
“အဲ့တော့ဘာဖြစ်လဲ? မင်းတို့ဖန်မိသားစုက Bမြို့မှာအဏာအကြီးဆုံးလို့ထင်နေတာလား?”
“နင်တို့တွေ….” ဖန်ရွှယ်ချင်၏သူငယ်ချင်းလဲ ပြောစရာစကားများပျောက်ရှသွားတော့သည်။
ဖန်ရှင်း၏မျိုးရိုးနာမည်မှာလဲ ဖန်ဖြစ်နေပေမည့် သူကတော့ ဖန်ရွှယ်ချင်နှင့်ပတ်သတ်ဆက်နွယ်မှုမရှိနေပေ။ သို့ပေမည့် ဖန်ရွှယ်ချင် အမှန်တကယ်ဒဏ်ရာတော်တော်လေးရထားသည်ကိုမြင်ရကာ နည်းနည်းတော့လွန်နေပြီဟု ခံစားလိုက်ရသောကြောင့်၊
“သူ့ကိုအရင်ဆုံး ဆေးရုံပို့ပေးလိုက်ကြတာကောင်းမယ်ထင်တယ်။ သူတစ်ခုခုဖြစ်သွားလို့လဲ ငါတို့အတွက်ကောင်းတာမှမရှိတာ။”
“သူက ငါ့ဘော့စ်ကို အနှောက်အယှက်ပေးထားတယ်လေ!” ဖန်ကျီရွေ့ကတော့ ဖန်ရွှယ်ချင်ကို ထွက်သွားခွင့်မပေးချင်သေးပေ။
“ထားပါ၊ သူ့ကိုသွားခိုင်းလိုက်တော့။” ကုနင်းလဲ ဒီလောက်ဆိုလုံလောက်ပြီဟုတွေးမိကာ ထပ်ပြီးလဲ ဤပြဿနာအတွက်နှင့် အချိန်မဖြုန်းလိုက်တော့ပေ။
“မသွားခင်တော့ ဆိုင်ရဲ့ဆုံးရှုံးမှုအတွက် သူလျော်ကြေးပေးရမယ်။ သူအရင် ငါ့ပန်းကန်တွေကိုမှောက်ပစ်ပြီး အဝတ်အစားတွေကိုလဲ စွန်းအောင်လုပ်ခဲ့တာပေမယ့် သူလဲ ဒဏ်ရာရထားပြီဆိုတော့ ခွင့်လွှတ်ပေးလိုက်ပါ့မယ်။ သူမကျေနပ်သေးဘူးဆိုရင်တော့ ငါလဲမတတ်နိုင်ဘူး။”
ကုနင်း၏အပြောမှာအနည်းငယ် မောက်မာဟန်ပေါ်နေပေမည့် သူမ၏နောက်ဆုံးစကားကိုကြားပြီးနောက် ဘယ်သူကမှ စိတ်ထဲမတင်မကျမဖြစ်သည့်အပြင် ပိုလို့ပင် သဘောကျနေကြလေသည်။
ကွမ်းပင်ကပဲ နောက်ကျမှ ဖန်ရွှယ်ချင်ကို လျော်ကြေးပေးရန်တောင်းဆိုပေလိမ့်မည်။
ဖန်ရွှယ်ချင်အတွက် ဘယ်သူကမှ လူနာတင်ယာဉ်ခေါ်မပေးကြသောကြောင့် သူမသူငယ်ချင်းကပဲ ဆက်သွယ်ရတော့သည်။
လူနာတင်ယာဉ်ရောက်မလာသေးခင်တွင်ပဲ ကွမ်းပင်က ကုနင်းကို သူတို့နှင့်အတူ သီးသန့်ခန်းထဲတွင် လိုက်၍ နေ့လည်စာစားရန် ဖိတ်ကြားခဲ့သည်။
ကုနင်းနှင့်ယုကျီလဲ ယခုထိ ဗိုက်ဆာနေကြစဲဖြစ်ကာ ဖန်ကျီရွေ့နှင့်မတွေ့ဖြစ်သည်ကလဲ အတော်ကြာနေပြီဖြစ်သောကြောင့် ကုနင်းလက်ခံလိုက်သည်။
…….
ဖန်ရွှယ်ချင်ထံ သတင်းပေါက်ကြားအောင် လုပ်ခဲ့သည့် ယောက်ျားနှစ်ယောက်မှာ စားသောက်ဆိုင်ထဲက ထွက်လာပြီးနောက် ချက်ချင်းပြန်မသွားသေးဘဲ ပြတင်းပေါက်မှတစ်ဆင့် အထဲမှအခြေအနေကို စောင့်ကြည့်နေခဲ့သည်။ ကုနင်း ဖန်ရွှယ်ချင်ကို ပါးရိုက်လိုက်သည်အား မြင်လိုက်ရချိန်တွင်တော့ သူတို့စောစောစီးစီး လွတ်မြောက်လာသည့်အတွက် ကံကောင်းထောက်မသည်ဟု ခံစားလိုက်ရသည်။
ပြဿနာများ ရှင်းသွားချိန်တွင်တော့ ထိုနှစ်ယောက်ထဲမှ တစ်ယောက်က စားသောက်ဆိုင်တွင်ဖြစ်ခဲ့သည့် ကိစ္စအလုံးစုံကို ဖုန်းဆက်တင်ပြခဲ့သည်။
သူတို့ကို သတင်းလွှင်ရန် စီစဉ်ပေးခဲ့သူမှာ ထန်သဲ့မင်ကိုယ်တိုင်မဟုတ်ဘဲ ထန်သဲ့မင်လက်အောက်တွင် အလုပ်လုပ်နေသည့် နောက်လူတစ်ယောက်ဖြစ်လေသည်။ ထိုသတင်းကို တဖက်လူကြီးပြီးသည်နှင့် ချက်ချင်းပင် ထန်သဲ့မင်ကိုလဲ ဖုန်းဆက်အကြောင်းကြားလိုက်သည်။
“ဘာပြောတယ်? သူတို့အချင်းချင်းတွေ့သွားပြီး၊ ဖန်ရွှယ်ချင်က ဒဏ်ရာပါရသွားတယ်လား?” ထန်သဲ့မင် အလွန်အံ့အားသင့်သွားသည်။ ဒီကောင်မလေး ဘယ်လောက်တောင် အားကြီးနေတာလဲ?
“အဲ့ကောင်မလေးဆိုတာ သေချာရဲ့လား?” ထန်သဲ့မင် ပြန်မေးလိုက်သည်။
“သိပ်တော့မသေချာပါဘူး။”
သူတို့ဘက်က မသေချာဘူးဆိုမှတော့ ထန်သဲ့မင်လဲ ဘာမှလုပ်နိုင်တာမရှိတော့ပေ။ ထို့ကြောင့် သတင်းလွှင့်ခဲ့သည့်နှစ်ယောက်ကိုသာ မိသွားမည်စိုး၍ Bမြို့မှထွက်သွားစေဖို့ရန် ပြောလိုက်သည်။
……
စားသောက်ဆိုင်ထဲတွင်၊
ဖန်းကျီရွေ့တို့အဖွဲ့ကို ယုကျီမသိသော်လည်း သူတို့ပြောစကားများကို နားထောင်ကြည့်ပြီးနောက် ကျိကျိတက်ချမ်းသာသည့်မိသားစုများမှဖြစ်ကြောင်း သိလိုက်လေသည်။ လင်းထျန်းယွီနှင့် ကျောက်ရှောင်ရွှမ်တို့၏ မိသားစုများမှာ ဖန်းမိသားစုနှင့် ကွမ်းမိသားစုကို လုံးဝမယှဉ်နိုင်ပေ။ ထို့ကြောင့် သူတို့အားလုံးနှင့် တစ်စားပွဲထဲ အတူတူထိုင်စားရရာတွင် ယုကျီအတော်လေး ကသိကအောက်ဖြစ်လို့နေသည်။
သူမမသိလိုက်သည်က ချောင်ဝမ်ရှင်းဆိုလျှင် ယခုရှိနေသည့်လူများထက်ပင် ပို၍ချမ်းသာကာ အာဏာကြီးမားသည့် မိသားစုမှမွေးဖွားလာခြင်းဖြစ်ကြောင်းကိုပင်။ သူမသာသိထားခဲ့ပါက ချောင်ဝမ်ရှင်းနှင့် သူငယ်ချင်းဖြစ်ရသည်ကို အလွန်ကသိကအောင်ဖြစ်နေရပေလိမ့်မည်။
“ဘော့စ်၊ မင်းကြိုက်တာသာမှာနော်။” ဖန်းကျီရွေ့က အစားအသောက်စာရင်းကို ကုနင်းကိုလှမ်းပေးလိုက်ပြီး ကုနင်းလဲ ငြင်းဆန်မနေဘဲ သူမကြိုက်သည့် စားပွဲမှန်သမျှကို မှာယူလိုက်သည်။
စားပွဲထိုးထွက်သွားသည့်အခါမှ ဖန်းကျီရွေ့စမေးလိုက်လေသည်။
“ဘော့စ်၊ ဖန်ရွှယ်ချင်က ဘာလို့ ရုတ်တရက်ကြီး မင်းကို ဒေါသထွက်နေတာလဲ?”
“သူက ငါနဲ့ထန်မိသားစုဘယ်လိုပတ်သတ်နေလဲမေးတယ်လေ၊ ငါက မပြောပြတာနဲ့ ဒေါသထွက်သွားတာပဲ။” သူမက ထန်ယွင်ဖန်း၏ သမီးအရင်းဖြစ်ကြောင်းသတင်းမှာ ယခုထိ လျှို့ဝှက်ချက်တစ်ခုသာ ရှိသေးသောကြောင့် ကုနင်းအလိမ်တစ်ဝက် အမှန်တစ်ဝက်ပြန်ဖြေလိုက်သည်။
“ဘာကိစ္စက သူက အလကားနေဒေါသလာထွက်နေရတာလဲ? သူ့ကိစ္စမှမဟုတ်တာ။” အားလုံးလဲ ထိုကိစ္စမှာ ထူးဆန်းသည်ဟုတွေးလိုက်မိကြသည်။ သူတို့လဲ ကုနင်းနှင့်ထန်မိသားစုကြားမှ ဆက်ဆံရေးအစစ်အမှန်ကို သိလိုကြပေမည့် ဘယ်သူကမှ ထုတ်မမေးရဲကြပေ။
“နင် ဖန်ရွှယ်ချင်အကြောင်း ဘယ်လောက်ထိသိထားလဲ?” ကုနင်း သိချင်လာမိသည်။ ဖန်ရွှယ်ချင်က ချမ်းသာသည့်မိသားစုမှ ဖြစ်ကြောင်း ကုနင်းခန့်မှန်းမိပေမည့် အသေးစိတ်အကြောင်းအရာကိုတော့ မသိရသေးပေ။
“ဖန်ရွှယ်ချင်က Bမြို့ရဲ့ ကျိကျိတက်ချမ်းသာတဲ့မိသားစုတစ်ခုကပဲ၊ ပြီးတော့ သခင်လေးထန်ကို နှစ်ပေါင်းများစွာ ကြိုက်နေတဲ့သူဆိုလဲ ဟုတ်တယ်။ သူငယ်ငယ်တုန်းကဆို သခင်လေးထန်ရဲ့ သတို့သမီးလောင်းပါဆိုပြီးတောင် ကြေညာနေတာ၊ ဒါပေမယ့် သခင်လေးထန်က သူ့ကိုပြန်မကြိုက်ဘူးလေ။ ဒါပေမယ့်လဲ သူကတော့ အပျိုကြီးဘဝနဲ့ဆက်စောင့်နေခဲ့တာ အခုဆို သူ့အသက်က ၃၆နှစ်တောင်ရှိနေပြီ။”
ဖန်းကျီရွေ့၏ ရှင်းပြချက်ကြောင့် ကုနင်းပင် အံ့ဩသွားရသည်။
“သူ သခင်လေးထန်ကို နက်နက်ရှိုင်းရှိုင်းကို ချစ်နေတာပေမယ့် စွဲလမ်းစိတ်ကလဲ ကြီးလွန်းတယ်။ သူ့ကို သခင်လေးထန်နဲ့ပတ်သတ်ပြီး အပြစ်တင်ဝေဖန်လာတဲ့ဘယ်သူ့ကိုမဆို သေချာပေါက် ပညာပြန်ပြတာချည်းပဲ။” ဖန်းကျီရွေ့ဆက်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်၊ သူမိန်းကလေးကုကိုတော့ ဒီလိုလာလုပ်သင့်တယ်လို့မထင်ဘူး။” ကွမ်းပင်ကပါပြောလိုက်သည်။ သူ့အမြင်တွင်တော့ ကုနင်းဆိုသည်မှာ ဖန်ရွှယ်ချင်ထက် အစများစွာ ပိုတော်ကာ အင်အားကြီးသည်ဟု ယုံကြည်လို့နေပေသည်။
“ဟုတ်တာပေါ့! ဘော့စ်၊ ငါကူညီပေးစရာရှိရင် အချိန်မရွေးသာခေါ်လိုက်။ ငါမင်းဘက်က ရပ်တည်ပေးမယ်။” ဖန်းကျီရွေ့လဲ ထောက်ခံလိုက်လေသည်။
“ကျေးဇူးပါ။”
“ဟုတ်သားပဲ၊ ဘော့စ်ကို မိတ်ဆက်ပေးစရာလူရှိသေးတယ်။ ဒါက ငါ့သူငယ်ချင်း၊ ဖန်ရှင်းတဲ့။” ဖန်းကျီရွေ့က ကုနင်းကို မိတ်ဆက်ပေးလိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးကု၊ မင်းအကြောင်းကို ကျီရွေ့ဆီက အများကြီး ကြားဖူးထားပါတယ်။” ဖန်ရှင်း စတင်နှုတ်ဆက်လိုက်သည်။
“ငါ့နာမည်ကလဲ ဖန်ဆိုပေမယ့် ဖန်ရွှယ်ချင်တို့ မိသားစုနဲ့တော့ သက်ဆိုင်မှုမရှိဘူးနော်။”
“ဟ-ဟ၊ တွေ့ရတာဝမ်းသာပါတယ်။” ကုနင်း ယဉ်ယဉ်ကျေးကျေးပင် ပြန်နှုတ်ဆက်လိုက်သည်။
ဖန်ရှင်းကတော့ ကုနင်းကို မာနကြီးမောက်မာမည့် အမွေဆက်ခံသူတစ်ဦးလိုမျိုးဖြစ်မည်ဟု တွေးထင်ထားခဲ့ပေမည့် သူမက အပြင်ပန်းတွေအေးစက်စက်ရှိပေမည့် ကြင်နာတတ်သူတစ်ဦးလဲ ဖြစ်နေသောကြောင့် သူမအနားဘယ်လိုချဉ်းကပ်ရမလဲ မသိတော့ပေ။
……
ဆေးရုံသို့သွားသည့်လမ်းတွင်ပဲ ဖန်ရွှယ်ချင်၏သူငယ်ချင်းက ဖန်ရွှယ်ချင်၏ယောင်းမ လုချိုးထင်ကို ဖုန်းဆက်ခေါ်လိုက်သည်။
လုချိုးထင် ဆေးရုံသို့ရောက်လာချိ်နတွင်တော့ ဖန်ရွှယ်ချင်၏မျက်နှာတစ်ခုလုံး ပတ်တီးများစည်းထားပြီဖြစ်သောကြောင့် စကားတစ်ခွန်းပင် မပြောနိုင်တော့ပေ။ ထို့ကြောင့် လုချိုးထင်က ဖန်ရွှယ်ချင်၏ သူငယ်ချင်း ဝူကျင်းယီကိုသာ အကျိုးအကြောင်း မေးမြန်းရတော့သည်။
“ကျင်းယီ၊ ဘာတွေဖြစ်ကုန်တာလဲ? ဘယ်သူက ရွှယ်ချင်ကို ထိခိုက်အောင် လုပ်ရဲရတာလဲ?” ဖုန်းထဲတွင်တုန်းက ဝူကျင်းယီက အလုံးစုံပြောပြမထားခဲ့သောကြောင့် အခုထိ အသေးစိတ်မသိရသေးပေ။
ထို့နောက် ဝူကျင်းယီက စားသောက်ဆိုင်တွင်ဖြစ်ခဲ့သည့်အကြောင်းအရာများကိုပြောပြလိုက်သည်။ ဝူကျင်းယီက မီးထဲလောင်စာဆီထည့်ကာ အပိုတွေထည့်မပြောခဲ့သော်လည်း လုချိုးထင်ကတော့ အလွန်ဒေါသထွက်နေပြီဖြစ်သည်။
“ခွေးမလေးကများ မောက်မာနေရဲတယ်!”
လုချိုးထင်သည် ဖြစ်ခဲ့သမျှကိစ္စများက ဖန်ရွှယ်ချင်ရိုင်းစိုင်းချင်းကြောင့်ဟု လုံးဝမတွေးဘဲ ကုနင်းကိုသာ အပြစ်တင်နေပုံအရ သူမသည်လဲ တစ်ကိုယ်ကောင်းဆန်သည့်လူတစ်ယောက်မှန်း သိသာလှပေသည်။ တကယ်တော့ လုချိုးထင်သည် ဖန်ရွှယ်ချင်ထက် အသက်လေးနှစ်ပိုကြီးသော်လည်း သူတို့ချင်း အလွန်ရင်းနှီးကြလေသည်။ တစ်နည်းပြောရလျှင်တော့ အသွင်တူသူများစုနေကြခြင်းပင်။
သူတို့နှစ်ဦးလုံးငယ်ရွယ်စဉ်အခါက လုချိုးထင်သည် ဖန်ရွှယ်ချင်၏အကိုကြီး ဖန်ပင်းဟွေ့ကို အလွန်သဘောကျခဲ့ပေမည့် ဖန်ပင်းဟွေ့တွင်က ချစ်သူရှိနှင့်ပြီးသားဖြစ်နေလေသည်။ ဖန်ရွှယ်ချင်က လုချိုးထင် သူမအစ်ကိုနှင့်လက်ထပ်နိုင်ရန်အတွက် လုချိုးထင်နှင့်အတူပူးပေါင်းကာ သူမအစ်ကို၏ချစ်သူကို မကောင်းကြံစည်ခဲ့ကြကာ အပြစ်မဲ့သည့်မိန်းကလေး အခြားယောက်ျားတစ်ယောက်နှင့် အိပ်ယာထဲတွင် အတူရှိနေသည်ကို ဖန်ပင်းဟွေ့မိသွားအောင် ပြုလုပ်ခဲ့လေသည်။
***
အခန်း ၅၈၇
အဖေ
ဖန်ပင်းဟွေ့လဲ အသည်းကွဲကာ ဝမ်းနည်းမှုများကြောင့် စိတ်ဓါတ်ကျသွားခဲ့သည်။ ထိုအချိန်တွင်ပဲ လုချိုးထင်က ထိုအခွင့်အရေးကို အခွင့်ကောင်းယူက ဖန်ပင်းဟွေ့အရက်မူးနေသည့်အချိန်တွင်ပင် သူမ၏ခန္ဓာကိုယ်ကိုအသုံးပြု၍ နှစ်သိမ့်ပေးခဲ့လေသည်။
ထိုကိစ္စမှာ ဆယ်စုနှစ်တစ်ခုပင် ကြာသွားပြီဖြစ်ကာ လူအများကလဲ ရှေးရိုးစွဲသူများဖြစ်တာကြောင့် ယောကျ်ားတစ်ယောက်အနေနှင့် သူနှင့်အိပ်မိဖူးသည့်မိန်းမတစ်ယောက်ကို တာဝန်ယူရလေသည်။ ထို့အတွက်ကြောင့်ပဲ ဖန်ပင်းဟွေ့က လုချိုးထင်ကို လက်ထပ်ခဲ့သည်။ သို့ပေမည့် အမှန်တရားကိုတော့ လုံးဝမသိရှိခဲ့ပေ။ ဖန်ပင်းဟွေ့ လုချိုးထင်ကို မချစ်မနှစ်သက်သော်လည်း ကောင်းမွန်ကြင်နာစွာဆက်ဆံပေးခဲ့ကာ သာမာန်စုံတွဲများကဲ့သို့ သာယာအေးချမ်းစွာပင် ဖြတ်သန်းခဲ့ကြသည်။
ထို့ကြောင့် လုချိုးထင် ဖန်ပင်းဟွေ့အား အောင်မြင်စွာ လက်ထပ်ယူနိုင်ခဲ့ခြင်းသည် ဖန်ရွှယ်ချင်အပေါ်တွင် မူတည်နေခဲ့ခြင်းကြောင့် ဘယ်အခြေအနေမှာမဆို ဖန်ရွှယ်ချင်မှားသည်ဖြစ်စေ သူမဘက်က အပြည့်အဝကာကွယ်ပေးမည်ဖြစ်သည်။
တကယ်တမ်း လုချိုးထင်နှင့်ဖန်ရွှယ်ချင်တို့ ထိုနည်းလမ်းကိုပဲအသုံးပြုကာ ထန်ယွင်ဖန်းကို ထောင်ချောက်ဆင်ခဲ့ကြဖူးပေမည့် ထန်ယွင်ဖန်းနှင့် သူတို့တွေ့နိုင်ခွင့်ကအလွန်ရှားပါးလှကာ တွေ့နိုင်ခဲ့လျှင်ပင် ထန်ယွင်ဖန်းက အမြဲတမ်း အရက်သောက်ဖို့ ငြင်းဆန်တတ်သူဖြစ်သောကြောင့် သူတို့၏အကြံအစည် ဘယ်တုန်းကမှအောင်မြင်ခဲ့ခြင်းမရှိပေ။
“ရွှယ်ရှင်း၊ အဲ့ကောင်မလေးက တကယ်ပဲထန်ယွင်ဖန်းသမီးဆိုတာ သေချာလား?” လုချိုးထင် မကောင်းတာတစ်ခုခုကြံတော့မည့် အကြည့်များဖြင့် အတည်ပြုလေသည်။
“အွန်း-အွန်း” ဖန်ရွှယ်ချင်ကလဲ ဝူးဝူးဝါးဝါးနှင့်ပြန်ဖြေလေသည်။
“ဘာသူဖြစ်ဖြစ်၊ ရွှယ်ချင်ကိုရိုက်ရဲမှတော့ သေချာပေါက်ပြန်ပေးဆပ်ရမယ်! သူကတကယ်ပဲ ထန်ယွင်ဖန်းရဲ့သမီးဖြစ်နေ၍ ပိုပြီးတော့တောင် ခွင့်လွှတ်ပေးလို့မရဘူး။”
……..
နေ့လည်စာစားပြီးနောက် ကုနင်းနှင့်ယုကျီတို့ပြန်ထွက်လာခဲ့ကြသည်။
ဖန်ရှင်းကတော့ ကုနင်း၏ဖုန်းနံပါတ်ကိုတောင်းချင်နေပေမည့် သူတို့အခုမှပထမဆုံးအကြိမ်တွေ့ဆုံကြခြင်းဖြစ်ကာ စကားပြောဖြစ်သည်ကလဲ သိပ်မများသောကြောင့် မတောင်းရဲဖြစ်နေသည်။ သူသာ သူမဖုန်းနံပါတ်ကိုတောင်းလိုက်ပါက သူ့အပေါ် ကုနင်း မကောင်းသည့်အမြင်များရှိသွားနိုင်ပေသည်။
“ဘော့စ်၊ မင်းဒီကို ဟိုLamborghiniပဲမောင်းလာတာလား?” ရှေ့အပေါက်သို့ရောက်ချိန်တွင် ဖန်းကျီရွေ့မေးလိုက်သည်။ သူတို့က နောက်တံခါးမှဝင်လာကြခြင်းဖြစ်သောကြောင့် ရှေ့ထွက်ပေါက်ဘက်မှ ကားပါကင်ကို မမြင်ကြသေးပေ။
“ဟုတ်တယ်၊” ကုနင်းပြန်ဖြေလိုက်သည်။
ထိုစကားကြောင့် ဖန်းကျီရွေ့ အလွန်စိတ်လှုပ်ရှားသွားကာ၊
“ဘယ်မှာရပ်ထားတာလဲ? ငါကိုတစ်ခါလောက်ပြပါဦး။”
ဖန်းကျီရွေ့တင်မဟုတ်ဘဲ ကွမ်းပင်နှင့်ဖန်ရှင်းတို့လဲ စိတ်လှုပ်ရှားလို့နေကြသည်။ ဇိမ်ခံကားများကိုသဘောမကျသည့် ယောက်ျားဟူသည်က ရှိမှမရှိဘဲ။
“အပြင်ဘက်က ညာဘက်အခြမ်းမှာ”
ဖန်းကျီရွေ့ချက်ချင်းပင် ကုနင်းပြောသည့်နေရာသို့အမြန်လျှောက်သွားကာ ကျန်လူများလဲ သူ့နောက်မှလိုက်သွားကြလေသည်။ သူတို့အနားသို့ရောက်သည်နှင့် ကားပါကင်ထဲတွင် မျက်စိထဲထင်းနေသည့် ကုနင်း၏အဖြူရောင်Lamborghiniကားကို မြင်လိုက်ကြရလေသည်။
ဖန်းကျီရွေ့တို့ သူငယ်ချင်းများ ကားကို တစ်ပတ်လည်ကြည့်ရှုလိုက်ပြီးနောက်၊
“ဘော့စ်၊ မင်းဒီလောက်တောင် ချမ်းသာလိမ့်မယ်လို့ မထင်ထားဘူး! ဒီမော်ဒယ်က တစ်ကမ္ဘာလုံးမှာတောင် အစီး၄၀ပဲရှိတာ။ မင်းဘယ်လိုများရအောင် ဝယ်လိုက်တာလဲ?”
ဖန်းကျီရွေ့လဲ ဤကားမျိုးတစ်စီးလောက်ဝယ်ချင်မိပေမည့် မတတ်နိုင်ခဲ့ပေ။
“ငါ့ဦးလေးနဲ့အဒေါ်ဝယ်ပေးတာ။”
“ဝါး၊ နင့်ဦးလေးနဲ့အဒေါ်က အရမ်းစေတနာကောင်းတာပဲ! ငါလဲ အဲ့လိုဦးလေးနဲ့အဒေါ်မျိုးရှိချင်လိုက်တာ!” ဖန်းကျီရွေ့ မနာလိုစွာပြောလိုက်သည်။
ကုနင်းကတော့ ပြုံးရုံသာပြုံးလိုက်ပြီး၊
“ဟုတ်ပါပြီ၊ ငါသွားရတော့မယ်၊ ဘိုင့်။”
“နောက်မှတွေ့တာပေါ့!” ထိုအခိုက်အတန့်တွင်ပင် ဖန်းကျီရွေ့ သူ့ဘဝတစ်လျှောက်လုံး ပျော်ပါးကစားကာ အချိန်ဖြုန်းနေခဲ့ခြင်းက သူ့ဘဝကိုပါ ဖြုန်းတီးနေမိသလိုမျိုးခံစားလိုက်ရလေသည်။
“မဖြစ်သေးဘူး။ ငါ့ဘဝကိုဒီလိုပုံစံမျိုးနဲ့ပဲ ဖြတ်သန်းနေလို့မသင့်ဘူး။ ငါ့လဲ အခုကစပြီး အဓိပ္ပါယ်ရှိတဲ့အလုပ်မျိုးလုပ်ရမယ်၊ မဟုတ်ရင် ဘော့စ်က ငါ့ကိုအထင်သေးသွားနိုင်တယ်။” ဖန်းကျီရွေ့ ဆုံးဖြတ်ချက်ခိုင်မာစွာနှင့်ပြောလိုက်ပုံက ကွမ်းပင်နှင့်ဖန်ရှင်းတို့ကို ထိတ်လန့်လို့သွားစေလေသည်။
ကွမ်းပင်းကတော့ သူကြားနေရသည်ကို မယုံကြည်နိုင်စွာဖြင့်၊
“ကျီရွေ့၊ မင်းတကယ်ကြီးပြောနေတာလား?”
ကွမ်းပင်ရော ဖန်ရှင်းရောပါ ဖန်းကျီရွေ့နှင့်ရင်းနှီးကျွမ်းဝင်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိနေပြီဖြစ်ပြီး ဤကဲ့သို့ ဖန်းကျီရွေ့၏အလေးအနက်နှင့်ပြောစကားမျိုးကို တခါမှမကြားဖူးခဲ့ကြပေ။ ဖန်းကျီရွေ့တွင် စီးပွားရေးကိုကောင်းစွာစီမံခန့်ခွဲနိုင်သည့်အစ်ကိုတစ်ယောက်သာ ရှိမနေခဲ့ပါက သူ့မိသားစုပိုင်ဆိုင်မှုအားလုံးကို သုံးဖြုန်းပစ်ပြီးလို့နေပေပြီ။
“တကယ်ပေါ့!” သူ့သူငယ်ချင်းများက သူ့ကိုမယုံကြည်သလိုလုပ်နေသောကြောင့် အလိုမကျစွာဖြင့် ဖန်းကျီရွေ့ ပြန်ဖြေလိုက်သည်။ တကယ်တော့ ဖန်းကျီရွေ့သည် ထူးချွန်ဉာဏ်ထက်သည့်ကောင်လေးတစ်ဦးပင်ဖြစ်ကာ သူလိုချင်သည့်အရာအတွက်ဆိုလျှင် အကောင်းဆုံးကြိုးစားရယူတတ်သူလဲဖြစ်သည်။
သို့ပေမည့် ကွမ်းပင်သည်တော့ ဖန်းကျီရွေ့အပေါ် ကုနင်း၏လွှမ်းမိုးနိုင်မှုအပေါ် အံ့အားသင့်လို့နေမိစဲပင်။ ကွမ်းပင်သည်လဲ ဖန်းကျီရွေ့နှင့်အတူ မကြာခနအလေလိုက်လျှောက်သွားလေ့ရှိသော်လည်း တစ်ချိန်တည်းတွင်ပဲ စီးပွားရေးကိုလဲ လုပ်ကိုင်လျက်ရှိလေသည်။ သူ့မိသားစုတွင်တော့ သူက တစ်ဦးတည်းသောသားဖြစ်သောကြောင့် သူ့အနေဖြင့် မိသားစုစီးပွားရေးကို ဆက်ခံဖို့ရန် တာဝန်ရှိလေသည်။ ထို့အပြင် ကွမ်းပင်သည် ရည်မှန်းချက်ကြီးမားသူဖြစ်ပြီး သူ့မိသားစုပိုင်လုပ်ငန်းကို အခြားလူများဝင်ရောက်လုယူသွားမည့်အဖြစ်မျိုး ဖြစ်ခွင့်မပြုနိုင်ပေ။ သူသာ မိသားစုစီးပွားရေးကို ကောင်းကောင်းမဦးဆောင်နိုင်ပါက သူ၏ဝမ်းကွဲညီအစ်ကိုများက လုယူသွားပေလိမ့်မည်။ ထိုသို့သောအဖြစ်မျိုးကိုတော့ ဘယ်တော့မှအဖြစ်မခံနိုင်ပေ။
…….
ဖန်ရွှယ်ချင်၏ဒဏ်ရာက ပြင်းသောကြောင့် ဆေးရုံတွင် ရက်အနည်းငယ်ခန့်နေဖို့ရန်လိုအပ်သေးကာ သူမဒဏ်ရာရသွားသည့်အကြောင်းကိုလဲ ဆရာဝန်များနှင့်သူနာပြုများမှလွဲ၍ ဘယ်သူမှမသိထားကြပေ။
လုချိုးထင် အိမ်ပြန်ရောက်သည်နှင့် ကုနင်းနှင့်ကုမန့်၏ပုံနှင့် အခြားအချက်အလက်များကို ရှာဖွေရန် လူတစ်ယောက်လွှတ်လိုက်လေသည်။ ထိုသို့ရှာဖွေပြီးမှသာ နောက်တစ်ဆင့်အနေနှင့် ကုနင်းနှင့်ကုမန့်တို့ကို မကောင်းကြံစည်လို့ရနိုင်ပေမည်။
……..
ကုနင်း ဈေးဝယ်စင်တာသို့ ယုကျီကိုပြန်ပို့ပြီးနောက် ထန်အိမ်တော်သို့ပြန်လာခဲ့လေသည်။
ထန်ဟိုင်ဖုန်းကတော့ မရှိနေဘဲ အစေခံများသည်တော့ တမင်သက်သက် အိမ်နှင့်ဝေးဝေးမှာနေစေထားသောကြောင့် ဧည့်ခန်းထဲတွင် ထန်ယွင်ဖန်းနှင့် ကုမန့်သာရှိနေပြီး နှစ်ယောက်သား အချင်းချင်း နေရခက်လို့နေကြသည်။
ကုနင်းကတော့ ဘာတွေဖြစ်နေမှန်းနားမလည်နိုင်ခဲ့ပေ။
“ဟိုင်း၊ နင်းနင်း။” ကုနင်းအိမ်ပြန်ရောက်လာတော့မှ ကုမန့်စိတ်အနည်းငယ်အေးသွားတော့သည်။ ကုနင်း သူမဘေးတွင်ရှိနေလျှင် ပို၍နေရထိုင်ရအဆင်ပြေလေသည်။
ကုနင်းလဲ ကုမန့်အနားသို့သွားကာ ထိုင်လိုက်ပြီးနောက် ထန်ယွင်ဖန်းကိုကြည့်လိုက်ကာ၊
“ဦးလေးထန်…”
သို့ပေမည့် ကုနင်းစကားဆုံးအောင် ပြောမပြီးခင်တွင်ပဲ ထန်ယွင်ဖန်းက ကြားဖြတ်ကာ၊
“ဦးလေးထန်လို့ ဆက်မခေါ်ပါနဲ့တော့။ သမီးအမေက အခုထိ လက်မခံပေးသေးဘူးဆိုပေမယ့်လဲ သမီးက အဖေ့သမီးဆိုတာတော့ မပြောင်းလဲသွားဘူးလေ။ အဖေလို့ပဲခေါ်ပေးနိုင်မလား?” ထန်ယွင်ဖန်း မျှော်လင့်ချက်အပြည်နှင့် ကုနင်းကိုကြည့်လိုက်လေသည်။
ကုမန့်က သူတို့ဝေးကွာခဲ့ရသည့်အချိန်မှာ အလွန်ကြာနေခဲ့ပြီဖြစ်၍ ထန်ယွင်ဖန်းကို ပြန်လက်ခံပေးဖို့ရန် အချို့တချို့လိုကြောင်းပြောခဲ့လေသည်။ ထို့အပြင် ကုမန့်ကလဲ ကုနင်းကအရင် ထန်ယွင်ဖန်းကို အဖေအဖြစ်လက်ခံမည်အား မကန့်ကွက်ခဲ့ပေ။
“အဖေ။” ကုနင်းကတော့ သူမစိတ်ကိုအစောကြီးကတည်းက ပြင်ဆင်ထားပြီဖြစ်သောကြောင့် ခက်ခဲခြင်းမရှိစွာခေါ်လိုက်နိုင်လေသည်။
“လိမ္မာလိုက်တဲ့ကလေး။” ထန်ယွင်ဖန်း ပြောရင်းဖြင့် မျက်ရည်များစီးကျလာတော့သည်။ လွန်ခဲ့သည့်နှစ်များအတွင် ထန်ယွင်ဖန်း ဘယ်တုန်းကမှမငိုခဲ့ဖူးဘဲ အမြဲတမ်း ခက်ထန်စွာနေခဲ့ပေမည့် ဤနေ့တွင်တော့ သူ၏ချစ်ရသောအမျိုးသမီးနှင့်သမီးရင်းကိုပြန်လည်တွေ့ဆုံခဲ့ရတာကြောင့် စိတ်ခံစားချက်များကို ထိန်းချုပ်မထားနိုင်ခဲ့ပေ။
***
အခန်း ၅၈၈
ထန်ကျားခိုင်နောင်တရခြင်း
ထန်ယွင်ဖန်းလဲ သူ့မိသားစုဝင်များရှေ့တွင် ငိုမိသည်ကို အတင်းအကြပ်ထိန်းချုပ်မနေခဲ့ဘဲ စိတ်ကိုလွှတ်ထားခဲ့သလို ကုမန့်၏မျက်ဝန်းသည်လဲ မျက်ရည်များဖြင့် စိုစွတ်လို့လာခဲ့သည်။
ထန်ယွင်ဖန်း သူ့စိတ်ကိုသူ ပြန်ထိန်းနိုင်သွားသည့်အချိန်တွင်တော့ ကုနင်းစကားစလိုက်လေသည်။
“အဖေ၊ သမီးရဲ့လက်ဝတ်ရတနာဆိုင်ခွဲက Bမြို့မှာမကြာခင်ဖွင့်တော့မှာဆိုတော့ မနက်ဖြန် ကျောက်စိမ်းလက်ဝတ်ရတနာတွေသယ်ဖို့ Gမြို့ကိုသွားရမယ်။ အဲ့ဒါ သမီးတို့မိသားစုပိုင်ကိုယ်ပိုင်ဂျက်လေယာဉ်ကို သုံးခွင့်ပေးလို့ရမလား? ဒီလိုသာဆို သယ်ရတာပိုအဆင်ပြေပြီး လုံခြုံမှုလဲရှိတယ်။” အစကတော့ ကုနင်းငှားဖို့စီစဉ်ထားခဲ့ပေမည့် အခုတော့ ထန်ယွင်ဖန်းကို အဖေအဖြစ်တရားဝင်အသိအမှတ်ပြုလိုက်ပြီဖြစ်သောကြောင့် စိတ်ပြောင်းသွားကာ ယူသုံးခွင့်ပဲတောင်းလိုက်တော့သည်။
“ရတာပေါ့။” ထန်ယွင်ဖန်းလဲ တွေးတောနေခြင်းမရှိ ချက်ချင်းပင်သဘောတူလိုက်လေသည်။ ကိုယ်ပိုင်ဂျက်လေယာဉ်မဆိုထားနှင့် ကုနင်းသာ မိုးပေါ်က ကြယ်တစ်ပွင့်ကိုလိုချင်နေလျှင်ပင် သူကိုယ်တိုင်သွားရောက် ခူးစွတ်ပေးဖို့အဆင်သင့်ပင်။
“ဒါနဲ့၊ သမီးရဲ့လက်ဝတ်ရတနာအမှတ်တံဆိပ်အတွက် ပြောရေးဆိုခွင့်ရှိသူက ဘယ်သူလဲ?” ထန်ယွင်ဖန်း ပြန်မေးလိုက်သည်။
“Bအဆင့်သရုပ်ဆောင် စုထုံနျိုပါ။”
“Bအဆင့်သရုပ်ဆောင်?” ထန်ယွင်ဖန်း သဘောမကျစွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
“သူနဲ့အဆင်ပြေမယ် ထင်လို့လား?”
“အခုချိန်မှာ သူက အရမ်းမကျော်ကြားသေးမှန်း သမီးသိပါတယ်၊ ဒါပေမယ့် သူက သမီးကုမ္ပဏီကလူဆိုတော့ သူ့ကိုလဲ သေချာပေါက် ကျော်ကြားနိုင်ဖို့အခွင့်အရေးပေးရမယ်လေ။ သမီးရဲ့လက်ဝတ်ရတနာအမှတ်တံဆိပ် အောင်မြင်ပြီးလူကြိုက်များလာတာနဲ့အမျှ သူလဲ နေရာတစ်ခုအခိုင်အမာရလာလိမ့်မယ်။”
“ပြီးတော့ သမီးမိသားစုကလဲ ထောက်ပံ့ပေးနေတာဆိုတော့ တစ်ခုခုလွဲချော်မှုဖြစ်သွားရင်တောင် ပြဿနာရှိမယ်လို့မထင်ဘူး။”
“သမီးက သရုပ်ဆောင်တစ်ယောက်နှင့်စာချုပ်ချုပ်ထားတာလား? ဒီတော့ ဖျော်ဖြေရေးလောကထဲကိုပါ ဝင်နိုင်ဖို့အစီအစဉ်ရှိတယ်ပေါ့?” ထန်ယွင်ဖန်း အလွန်အံ့အားသင့်သွားလေသည်။
“ဟုတ်တယ်။”
“အသက်အငယ်လေးရှိသေးတယ် စီးပွားရေးတွေ အများကြီးလုပ်နေတော့ မနိုင်ဝန်ထမ်းသလိုဖြစ်မနေဘူးလား?” ထန်ယွင်ဖန်းကတော့ အခုမှတွေ့ခွင့်ရသည့် သူ့သမီးလေးကုနင်းကို အလွန်ကာကွယ်ပေးချင်နေလေသည်။ အရင်တုန်းကတော့ ကုနင်းငယ်ငယ်ရွယ်ရွယ်နှင့် အလွန်အောင်မြင်နေကြောင်းကြားရာ၌ လေးစားသဘောကျမိပေမည့် သူသမီးအရင်းဖြစ်ကြောင်း သိလိုက်ရချိန်တွင်တော့ ရင်နာမိရသည်။ ကုနင်းလို ငယ်ငယ်ရွယ်ရွယ်မိန်းကလေးတစ်ဦးက စီးပွားရေးလုပ်ငန်းခွင့်ထဲဝင်မည့်အစား ဘဝကိုအေးအေးဆေးဆေးနှင့် ပျော်ပျော်ပါးပါးဖြတ်သန်းသင့်သည်ဟု ထန်ယွင်ဖန်း တွေးမိသွားလေသည်။
“သမီးစီးပွားရေးလုပ်တယ်ဆိုတာ သမီးရဲ့ကိုယ်ပိုအရည်အချင်းနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့အပြင် သမီးက နောက်ကွယ်ကထိန်းချုပ်တဲ့လူပဲဆိုတော့ သိပ်မပင်ပန်းပါဘူး။
“ပြီးတော့ အခုလိုလုပ်ရတာကိုက သမီးဘာသာစိတ်ကျေနပ်စေတယ်။ ကိုယ်တိုင်လုပ်ပြီးရလာတဲ့ အောင်မြင်မှုမျိုးကိုပဲ သမီးကလိုချင်တာ။ အဲ့လိုမှသာ သမီးဘဝက အဓိပ္ပါယ်ရှိတယ်လို့ထင်မိတယ်။”
ကုနင်း၏စကားများကြောင့် ထန်ယွင်ဖန်း အလွန်ကျေနပ်သွားမိသည်။ ကုနင်း ငယ်ငယ်ရွယ်ရွယ်နှင့် အလုပ်ထဲတွင်ပဲ နစ်နေမည်ကို သူမမြင်ချင်သော်လည်း သူမကိုယ်တိုင်က ထိုသို့လုပ်ချင်နေခြင်းဆိုသည်ကို နားလည်သဘောပေါက်လေသည်။ ထို့အပြင် သူကိုယ်တိုင်က အဖေတာဝန်ကို နှစ်ပေါင်းများစွာ မကျေပွန်ခဲ့သူလဲဖြစ်တာကြောင့် သူမ၏ဆုံးဖြတ်ချက်များကို အခုချိန်မှ ကြားဝင်ဆုံးဖြတ်ပေးပိုင်ခွင့်မရှိသေးပေ။ ထို့ကြောင့် ကုနင်း၏နောက်မှသာ ပံ့ပိုးပေးသွားမည်ဟု ထန်ယွင်ဖန်းဆုံးဖြတ်လိုက်တော့သည်။
“သမီးဘာအကူအညီပဲလိုလို အချိန်မရွေးအဖေ့ကိုသာပြော။”
“သမီး အခု အဖေ့ရဲ့အကူအညီလိုနေပြီ။” ကုနင်း၏မျက်နှာက ရုတ်တရက်ဆိုသလို တည်ကြည်လေးနက်သွားကာ၊
“ဖွင့်ပွဲအခမ်းအနားအတွက် ဟွမ်းဒင်ဟိုတယ်ရဲ့ ခန်းမနဲ့ မော်ဒယ်၁၀ယောက်လောက်လိုချင်တယ်။ အဖေက သမီးအဖေဆိုပေမည့် စီးပွားရေးက စီးပွားရေးပဲဆိုတော့ ဒီကိစ္စဆွေးနွေးဖို့ အဖေ့ကုမ္ပဏီကို နောက်မှ လူလွှတ်လိုက်ပါ့မယ်။”
“ဒီလောက်ကြီး အလေးအနက်ထားဖို့လိုလို့လား? အဖေတို့က မိသားစုတွေပဲ။ သမီးအကူအညီတောင်းတာနဲ့ အဖေလုပ်ပေးမှာပေါ့။” ထန်ယွင်ဖန်းလဲ သူ့သမီးဖြစ်သူဆီမှ အဖိုးအခမတောင်းလိုပေ။
“သေချာပေါက် လိုအပ်တာပေါ့! အဖေ သမီးကို တကယ်ကူညီပေးချင်ရင် သမီးကိုယ်တိုင် အရွယ်ရောက်လောင်အောင် လွှတ်ပေးထားသင့်တယ်။ အဖေ့အပေါ်မှီခိုပြီးမှ ရလာမယ့် အောင်မြင်မှုမျိုး သမီးမလိုချင်ဘူး။ ကိုယ်တိုင်ကြိုးစားပြီးပဲ ကိုယ်တိုင်အောင်မြင်ချင်တယ်။”
ကုနင်း၏အလေးအနက်ဖြစ်နေပုံကြောင့် ထန်ယွင်ဖန်း ရယ်ချင်မိသွားသော်လည်း သူ့သမီးအခုလို ကိုယ်တိုင်ဦးဆောင်ဦးရွက်ပြုနိုင်နေမှုအတွက်လဲ တစ်ဖက်က ဝမ်းသာနေမိလေသည်။ သူမလေး ငယ်စဉ်ဘဝတွင် သူ့တာဝန်မကျေခဲ့ဘဲ စွန့်ပစ်ထားမိသလိုဖြစ်နေခဲ့တာကြောင့် သူသည်အဖေကောင်းတစ်ယောက်မဟုတ်မှန်း ကိုယ်တိုင်လဲသိလေသည်။ သို့ပေမည့် ဖြစ်ပြီးသမျှကိုတော့ ဖြစ်ပြီးသလိုသာ သတ်မှတ်ပြီး နောင်အနာဂါတ်တွင် အကောင်းဆုံးကြိုးစားဖို့ရန်သာလိုကြောင်း သူသိလေသည်။ ဘာပဲဖြစ်ဖြစ် သူ့သမီးအတွက် ဂုဏ်ယူနေမိစဲပင်။
ကုမန့်လဲ အနားတွင်ရှိနေတာကြောင့် ယနေ့ ဖန်ရွှယ်ချင်နှင့်ဆုံခဲ့သည့်အကြောင်းကို ကုနင်း ထန်ယွင်ဖန်းအားမပြောပြဖြစ်ခဲ့ပေ။ ထို့အပြင် ဒီနေ့က အထူးနေ့ရက်တစ်ရက်ပင်မဟုတ်ပါလား။ ယခုထိ ကုမန့်က ထန်ယွင်ဖန်းကို ပြန်လက်မခံသေးပေမည့် ထန်မိသားစုကတော့ သူမတို့နှစ်ယောက်ကို မိသားစုဝင်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်သောကြောင့် ဒီလိုနေ့ကောင်းနေ့မြတ်မှာ မိသားစုဝင်အားလုံး ဆုံစည်းဖြစ်ကြသည်။
ညနေ၅နာရီဝန်းကျင်တွင်တော့ ချောင်ဝမ်ရှင်း ရောက်ရှိလာခဲ့သည်။
“ဟိုင်း!” ချောင်ဝမ်ရှင်း ဝင်လာသည်နှင့် အားလုံးကို ပျော်ပျော်ပါးပါးပင် နှုတ်ဆက်လိုက်သည်။
“အမ်၊ အခု အန်တီမန့်လို ခေါ်သင့်ပြီလား?” ချောင်ဝမ်ရှင်း ကုမန့်ကိုမေးလိုက်သည်။
“မရသေးဘူး။”
ကုမန့် သူ့ကိုပြန်လက်ခံနိုင်ဖို့ရန် အချိန်တချို့လိုနေသေးကြောင်း ထန်ယွင်ဖန်း နားလည်သောကြောင့် စိတ်မကောင်းဖြစ်ပေမည့် ဘာမှဝင်မပြောခဲ့ပေ။
“ထားပါ။” ကုနင်းကို နေရမခက်စေချင်သောကြောင့် ချောင်ဝမ်ရှင်းလဲ အတင်းအကျပ်မတိုက်တွန်းခဲ့ပေ။
ညနေ၆နာရီလောက်တွင်တော့ ထန်ယွင်ဟန်တို့ဇနီးမောင်နှံနှင့် ချောင်ယွေ့ဟွာတို့ဇနီးမောင်နှံနှင့်အတူချောင်ဝမ်ကျွင်းလဲ အိမ်ပြန်ရောက်လာခဲ့သည်။ ချောင်ဝမ်ကျွင်းမှလွဲပြီး ကျန်လူများကတော့ ကုနင်းနှင့်ကုမန့်နှစ်ယောက်လုံးကို တွေ့ဖူးကြပြီးသားပင်။
“တွေ့ရတာဝမ်းသာပါတယ်။” ကုနင်းနှင့်ကုမန့်တို့ကို ချောင်ဝမ်ကျွင်း ယဉ်ကျေးစွာ နှုတ်ဆက်စကားဆိုလိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ ဝမ်ကျွင်း။”
“တွေ့ရတာဝမ်းသာပါတယ်၊ ဝမ်းကွဲအစ်ကိုဝမ်ကျွင်း။”
နောက်ဆုံးအနေဖြင့် ထန်ကျားခိုင်လဲ အိမ်ပြန်ရောက်လာကာ နိုင်ငံခြားပညာသင်သွားနေသည့် ထန်ကျားယန်တစ်ယောက်သာ ကျန်တော့သည်။
ကုမန့်ကို ထန်ကျားခိုင်မြင်လိုက်ရာတွင် နားမလည်နိုင်ဖြစ်သွားသောကြောင့် ထန်ယွင်ဟန်ကပဲ သူ့ကို ကုမန့်နှင့်မိတ်ဆက်ပေးလိုက်ရသည်။
“ဒါက နင်းနင်းရဲ့အမေပဲ။”
“တွေ့ရတာဝမ်းသာပါတယ်။” ကုမန့်နှင့် ထန်ယွင်ဖန်း၏ ဆက်ဆံရေးကိုမသိသေးသော်လည်း ထန်ကျားခိုင် ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်စဲပင်။
“တွေ့ရတာဝမ်းသာပါတယ်၊ ကျားခိုင်။”
ထို့နောက် အစေခံနှစ်ဦးက အားလုံးအတွက် မီးဖိုခန်းထဲတွင် ညစာပြင်ဆင်ပေးနေချိန်၌ သူတို့ကတော့ ဧည့်ခန်းထဲတွင် စကားစမြည်ဝိုင်းဖွဲ့ပြောနေကြလေသည်။
စကားပြောနေကြရင်းဖြင့် ထန်ယွင်ဟန်က ထန်ကျားခိုင်ကို ၊
“ကျားခိုင်၊ တကယ်လို့ တစ်ယောက်ယောက်က မင်းဦးလေးယွင်ဖန်းရဲ့အခြေအနေကို မေးကြရင် သူအခုထိ သတိမေ့နေတုန်းပဲလို့ပြန်ပြောရမယ်နော်။ နားလည်လား?”
ထန်ယွင်ဟန်၏စကားကြောင့် သူမရှိတုန်း တစ်ခုခုမကောင်းတာဖြစ်သွားကြောင့် ထန်ကျားခိုင် ခံစားမိလိုက်ကာ ချက်ချင်းပင် အမူအရာပြောင်းလဲသွားတော့သည်။
“ဘာတွေဖြစ်သွားတာလဲ?”
ထန်မိသားစုဝင်အများစု သိထားပြီးကိစ္စဖြစ်တာကြောင့် ထန်ကျားခိုင်ကိုလဲ လျှို့ဝှက်မနေတော့ဘဲ ထန်ယွင်ဟန် ပြောပြလိုက်တော့သည်။
“ပြီးခဲ့တဲ့အပတ်တုန်းက မင်းဦးလေး ကားတိုက်မှုဖြစ်ပြီး ရက်ပိုင်းလောက် မေ့မျောနေတာ။ မနေ့ကလေးတင်ပဲ ပြန်သတိရလာခဲ့တာ။ မင်းဦးလေး အသက်အန္တရာယ်ဖြစ်တာနဲ့ ကုမ္ပဏီမှာ တချို့ဒါရိုက်တာတွေက ငါတို့မိသားစုကို ဖြုတ်ချဖို့ စလှုပ်ရှားကြတော့တာပဲ။ သူတို့ကြံစည်တာကို သူတို့ကိုယ်တိုင်ပြန်ဖော်ထုတ်သွားအောင်လို့ မင်းဦးလေးယွင်ဖန်းက ဆက်ပြီးသတိမေ့နေသလိုမျိုး ဟန်ဆောင်ရလိမ့်မယ်။”
“ဘာ? ဒီလောက်တောင်ဖြစ်သွားတာ ဘာလို့ ကျွန်တော့်ကိုစောစောမပြောကြတာလဲ?” ထန်ကျားခိုင် မကျေမနပ်ပြောလိုက်ပေမယ့် ပြီးခဲ့သည့်တစ်ပတ်က သူမရှိခဲ့တာကြောင့် အခုလိုကိစ္စများဖြစ်သွားသည်ကိုပင် မသိလိုက်ရသည့်အတွက်လဲ သူ့ကိုယ်သူ အပြစ်တင်နေမိသည်။ သူကတော့ အကူအညီသိပ်ဖြစ်မည်မဟုတ်သော်လည်း တစ်ခုခုတော့ ကူညီပေးချင်ပေသည်။
သူ့မိသားစု အန္တရာယ်ရှိနေချိန်တွင် သူကတော့ တခြားတစ်နေရာ၌ ပျော်ပါးနေမိတာကြောင့် ထန်ကျားခိုင် အလွန်နောင်တရကာ အပြစ်ရှိသလိုခံစားသွားရသည်။
***
အခန်း ၅၈၉
လူကြီးမင်းအာကီနို
“သားကို စိတ်မပူစေချင်လို့ပါ။” ထန်ယွင်ဟန် နှစ်သိမ့်ပေးလိုက်သည်။
ထန်ကျားခိုင် သူ့မျက်လုံးကိုသူပွတ်လိုက်ရင်း၊
“အခုလိုမျိုး နောင်တရနေရတာထက် စိုးရိမ်ရတာကမှ ပိုအဆင်ပြေသေးတယ်။ အခုတော့ မိသားစုက အန္တရာယ်ရှိနေတုန်း ကျွန်တော်က အဝေးမှာပျော်ပါးနေမိလို့ ပိုပြီးတော့ အပြစ်ရှိသလိုခံစားရတယ်။”
“အခုအားလုံးလဲ အဆင်ပြေနေပြီဆိုတော့ ကျားယန်ကိုတော့ သွားမပြောနဲ့ဦးနော်။” ထန်ယွင်ဟန် သတိပေးလိုက်သည်။
“မပြောပါဘူး။” သူ့မိသားစုက သူ့ကိုအကြောင်းမကြားလဲဆိုသည်ကို နားလည်သလို ထန်ကျားယန်ကိုလဲ သူကိုယ်တိုင်ကိုက စိတ်မပူစေချင်သောကြောင့် သဘောတူလိုက်လေသည်။
“ပြီးတော့ နောက်တစ်ခုပြောစရာရှိသေး….” ထန်ယွင်ဟန် နောက်စကားဆက်ပြောလိုက်ချိန်တွင် ထန်ကျားခိုင်တစ်ယောက် မျက်လုံးအပြူးသားနှင့် သူ့ကိုစိုက်ကြည့်လာတာကြောင့် စကားဆုံးအောင်ပင် ဆက်မပြောနိုင်တော့ပေ။
ထိုအချင်းအရာကြောင့် အားလုံးရယ်ချင်သွားကြသည်။
“အဲ့လောက် စိတ်မလှုပ်ရှားပါနဲ့။ ဒီတစ်ခေါက်က သတင်းကောင်းပါ။” ထန်ယွင်ဟန် ပြုံးလိုက်မိသည်။
ထိုစကားကိုကြားမှ ထန်ကျားခိုင်လဲ စိတ်အေးသွားကာ၊
“ဘာအကြောင်းများလဲ?”
“နင်းနင်းရဲ့အကြောင်းပါ။” ထန်ယွင်ဟန်ပြောလိုက်သည်နှင့် ထန်ကျားခိုင်လဲ ချက်ချင်းပင် ကုနင်းကို နားမလည်နိုင်စွာ လှည့်ကြည့်လိုက်မိသည်။
“တကယ်တော့ နင်းနင်းက မင်းဦးလေးယွင်ဖန်းရဲ့သမီးအရင်းပဲ။”
“ဘာ?” ထန်ကျားခိုင် အလွန်ထိတ်လန့်ကာ စိတ်လှုပ်ရှားလွန်း၍ မတ်တပ်ပင် ထရပ်မိသွားလေသည်။
“တ-တကယ်ပြောတာလား?”
“ဟုတ်တယ်၊ ဒါပေမယ့် ဒီသတင်းကိုလဲ အပြင်ကိုမပေါက်ကြားစေနဲ့ဦး။”
“ဟုတ်-ဟုတ်၊ လုံးဝမပြောဘူး။” ထန်ယွင်ဟန်က အကြောင်းအရင်းရှိတာကြောင့် မပြောစေလိုခြင်းဖြစ်မှန်း နားလည်၍ ထန်ကျားခိုင် ချက်ချင်းပင် သဘောတူလိုက်လေသည်။
သတင်းကောင်းကြားရပြီးနောက် ထန်ကျားခိုင်လဲ ပြန်လည်ပျော်ရွှင်သွားကာ ချက်ချင်းပင် ချောင်ဝမ်ရှင်းကို ဘေးသို့တွန်းထုတ်ပြီး ကုနင်းအနားဝင်ထိုင်သည်။
“နင်းနင်း၊ ဒါဆို မင်းက တကယ်ပဲ ငါ့ညီမဖြစ်သွားပြီပေါ့၊ တကယ်သွေးသားတော်စပ်တဲ့ ညီမလေ!” ထန်ကျားခိုင် အလွန်ပျော်ရွှင်နေလေသည်။
ပုံမှန်အခြေအနေဆိုလျှင် ထန်ကျားခိုင်သည် တည်ငြိမ်အေးဆေးသည့်လူငယ်တစ်ဦးဖြစ်ပေမည့် အခုအချိန်မှာတော့ သကြားလုံးရသွားသည့် ကလေးတစ်ဦးနှယ်အူမြူးလို့နေသည်။ အရင်ကတည်းကလဲ ကုနင်းကို ထန်မိသားစုဝင်ဖြစ်စေချင်နေခဲ့ကာ အခုတော့ အမှန်တကယ်ဖြစ်မြောက်လာခဲ့ပေပြီ!
ထန်ဟိုင်ဖုန်းက ကုနင်းကို ထန်မိသားစုဝင်အဖြစ် သတ်မှတ်ခဲ့သည်မှန်သော်လည်း သူတို့ကြားတွင် ကွာဟချက်ကတော့ ရှိနေစဲပင်။ သို့ပေမည့် အခုချိန်မှာတော့ အမှန်တကယ်သွေးသားတော်စပ်သွားပြီဖြစ်သောကြောင့် ရင်းနှီးမှုလဲ ပိုရသွားပေမည်။
“နင်းနင်းက ဦးလေးယွင်ဖန်းရဲ့သမီးဆိုမှတော့ နင်းနင်းရဲ့အမေကလဲ….” ထန်ကျားခိုင်စကားမဆုံးသေးခင်တွင်ပဲ ကုနင်းက ကြားဖြတ်ပြောလိုက်သည်။
“မဖြစ်သေးဘူး။”
ကုမန့်အနားတွင် ထန်ယွင်ဖန်း ရှိမနေပေးနိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် ကုမန့်ချက်ချင်းလက်ငင်း ထန်ယွင်ဖန်းကို ပြန်လက်ခံမပေးနိုင်သေးသည်ကို ထန်ကျားခိုင်လဲ နားလည်ပေးနိုင်ပေသည်။
ညစာစားပြီးနောက် ချောင်ဝမ်ရှင်းနှင့် ကုမန့်တို့နှင့်အတူ ကုနင်း ထန်အိမ်တော်မှ ပြန်လာခဲ့သည်။
ထန်ယွင်ဖန်းသည်တော့ အပြင်ထွက်လူလုံးပြ၍မရသေးသောကြောင့် ကုမန့်ထွက်သွားသည်ကို အိမ်ထဲမှသာ လိုက်ကြည့်နိုင်ခဲ့သည်။
ကုနင်းလမ်းရောက်ကာမှ မနက်ပိုင်း လင်ရှောင်းထင် ထွက်သွားပြီးကတည်းက အခုချိန်ထိ မဆက်သွယ်ရသေးမှန်း အမှတ်ရသွားခဲ့သည်။ သို့ပေမည့် လင်ရှောင်းထင် အလုပ်များနေလောက်မည်မှန်း သိသောကြောင့် ဖုန်းမဆက်တော့ပေ။
…..
ထိုအချိန် ထန်မြို့လေဆိပ်၏ကားပါကင်၌ လင်ရှောင်းထင်၊ ချန်းမင်နှင့်ရှုကျင်းချန်တို့ ရှိနေကြသည်။ သူတို့သုံးဦးသား ကားထဲမှထွက်မလာကြဘဲ တစ်စုံတစ်ခုကိုစောင့်ဆိုင်းနေကြဟန်ပေါ်လေသည်။
“ချန်းမင်၊ မင်းရဲ့သတင်းက သေရောသေချာရဲ့လား? သူတို့က နိုင်ငံတကာကနေမှ အလိုရှိနေတဲ့ ရာဇဝတ်သားတွေလေ။ ဘယ်လိုလုပ် ငါတို့နိုင်ငံကို လေယာဉ်နဲ့အေးအေးဆေးဆေးလာရဲမှာလဲ? ငါတို့ဖမ်းလိုက်မှာမကြောက်ကြဘူးလား?” ရှုကျင်းချန် နားမလည်နိုင်စွာဖြင့် ချန်းမင်ကိုမေးလိုက်လေသည်။
ချန်းမင်ကတော့ အထင်သေးလွန်း၍ သူ့မျက်စံကိုသာသူလှည့်လိုက်မိတော့သည်။
“မင်းငတုံးလား? သူတို့ကိုများ မင်းလိုတုံးအမယ်လို့ထင်နေတာလား? ရုပ်ဖျက်တယ်ဆိုတာ မကြားဖူးဘူးလား? သူတို့ကို ချက်ချင်းမမှတ်မိနိုင်အောင် နိုင်ငံကူးလက်မှတ်တွေကအစ အတုလုပ်ထားမှာပေါ့။ လွယ်လွယ်သာ ဖမ်းနိုင်နေမယ်ဆိုရင် ဘာလို့ နိုင်ငံတော်က ငါတို့ကိုလွှတ်နေမှာလဲ?”
ချန်းမင်ပြောသည်မှာ မှန်လေသည်။ နိုင်ငံတကာ မှုခင်းရဲများပင် ထိုရာဇဝတ်သားများကို မဖမ်းနိုင်ခဲ့တာကြောင့် နိုင်ငံတော်မှနေပြီး မီးတောက်နီအဖွဲ့ကို အထူးတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်လေသည်။
“ငါကပြောကြည့်ရုံပါ! သူတို့က တကယ့်ကိုဝါရင့် ရာဇဝတ်သားတွေပဲ!” ရှုကျင်းချန်သည် လင်ရှောင်းထင်နှင့်ချန်းမင်တို့ထက် အတွေ့အကြုံနည်းပါးသောကြောင့် တခါတလေ သေချာစဉ်းစားတွေးခေါ်နိုင်ခြင်းမရှိပေ။
“သူတို့လိုလူတွေက ငွေအတွက်ဆိုတာနဲ့ ဘာမဆိုလုပ်ကြတာပဲ။” ချန်းမင် ခပ်အေးအေးပင် မှတ်ချက်ပေးလိုက်သည်။
ထိုအချိန်တွင်ပဲ လင်ရှောင်းထင်၏နားကြပ်မှနေပြီး ရှင်းပိုင်၏အသံကိုကြားလိုက်ရသည်။
“ဘော့စ်၊ သူတို့ထွက်လာပြီ၊ အားလုံး၆ယောက်ရှိတယ်။”
“နောက်ကဆက်လိုက်။” လင်ရှောင်းထင် အမိန့်ပေးလိုက်သည်။
ထို၆ယောက်မှာ ရာဇဝတ်အဖွဲ့ဝင်အားလုံးမဟုတ်ဘဲ အဖွဲ့ငယ်တစ်ခုသာဖြစ်လေသည်။
မကြာခင်တွင်ပဲ ရှင်းပိုင်အသံထပ်ကြားလိုက်ရပြန်သည်။
“ဘော့စ်၊ သူတို့ကားပါကင်ဘက် ဝင်သွားတယ်။”
စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင်တော့ လင်ရှောင်းထင်တို့လဲ စီးပွားရေးသမားများပုံစံ ဝတ်ဆင်ထားကြသည့် လူ၆ယောက်အဖွဲ့ ကားပါကင်ထဲသို့ဝင်လာသည်ကို သတိပြုမိသွားကြသည်။ သူတို့အားလုံး စီးပွားရေးသမားများကဲ့သို့ ဝတ်ဆင်ထားကြပေမည့် မျက်နှာသေများနှင့်ဖြစ်သောကြောင့် သက်တော်စောင့်များနှင့်ပင် ပို၍တူနေလေသည်။ သာမာန်လူများဆိုလျှင်တော့ ကွဲပြားချက်ကို မြင်တွေ့နိုင်ဖို့ရန် ခက်ခဲပေမည့် လင်ရှောင်းထင်တို့အဖွဲ့၏မျက်လုံးထဲတွင်တော့ တခါတည်းထင်းနေအောင် သိသာပေသည်။
ထို၆ယောက်အဖွဲ့ ဗင်ကားတစ်စီးပေါ်သို့တက်သွားကာ မောင်းထွက်သွားကြပြီးနောက် လင်ရှောင်းထင်၏ကားသည်လဲ ထိုကားနောက်မှ နောက်ယောင်ခံလိုက်လာခဲ့သည်။
ဗင်ကားထဲတွင်တော့ လူအများဆွေးနွေးလို့နေကြသည်။
“လူကြီးမင်းအာကီနို၊ ခင်ဗျားပေးတဲ့ဈေးက နည်းနည်းမြင့်လွန်းနေတယ်လို့ ထင်တယ်။ နောက်ဆုံးရလဒ်မတိုင်ခင်အထိ ဈေးကိုနည်းနည်းလောက်နှိမ်ထားလိုက်လို့မရဘူးလား? ဒီလိုသာဆို ကျွန်တော်တို့ ဆုကြေးပိုများများခွဲလို့ရလိမ့်မယ်။” ကားရှေ့ခန်း၏မောင်းသူဘေးတွင်ထိုင်နေသည့် အသက်၃၀အရွယ်အမျိုးသားက နောက်ခန်းရှိရာသို့ ခေါင်းလှည့်ရင်း ဒုတိယခုံတန်း၏ ပြတင်းပေါက်ဘက်အခြမ်းတွင် ထိုင်နေသည့်ပုဂ္ဂိုလ်ကို စကားလှမ်းပြောလိုက်သည်။ ထိုအမျိုးသားသည် Rနိုင်ငံ၏ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ပြောလိုက်ခြင်းပင်။
“ပိုင်ကျန်း၊ ဒီပစ္စည်းတွေကို ငါတို့နည်းတူလိုချင်နေကြတဲ့ တခြားဝယ်သူအများကြီးရှိသေးတာကို မင်းနားလည်သင့်တယ်။ သူတို့အခုလို ငါတို့နဲ့အရောင်းအဝယ်လုပ်ချင်တယ်ဆိုတာကလဲ ငါတို့က တခြားလူတွေထက် ဈေးပိုပေးနေလို့ပဲ။ ငါတို့ဘက်ကသာ ဈေးနိမ့်သွားရင် သူတို့ကလဲ ငါတို့ကို ပစ္စည်းရောင်းပေးကြတော့မှာမဟုတ်ဘူး။ ဒီလိုသာဆို ငါတို့ အန်ဒိုမိသားစုကို ဘယ်လိုသွားရှင်းပြကြမလဲ? အန်ဒိုမိသားစုက ငါတို့ကို ဒီအတိုင်းလွှတ်ပေးလိုက်မယ်လို့ မင်းထင်နေတာလား?”
လူကြီးမင်းအာကီနိုက အေးစက်စက်အမူအရာဖြင့် ပိုင်ကျန်းကို စိတ်မရှည်သလို သတိပေးလိုက်သည်။
“လူကြီးမင်းအာကီနိုပြောတာ မှန်ပါတယ်။ ငါတို့ဘယ်တော့မှ အန်ဒိုမိသားစုကို အပြစ်ပြုလို့မရဘူး။” နောက်လူတစ်ယောက်က ထောက်ခံလိုက်သည်။
“ထားလိုက်တော့!” ပိုင်ကျန်းမျက်မှောင်ကြုတ်လိုက်မိသည်။ သူစိတ်ပျက်သွားမိသော်လည်း ထိုလူများကို မဆွဲဆောင်နိုင်မှန်း နားလည်သောကြောင့် လက်လျှော့လိုက်ရတော့သည်။
“ငါ ဒီနိုင်ငံကိုမရောက်တာ တော်တော်ကြာနေပြီ။ ဒီနိုင်ငံက တော်တော်လေးယုတ်လျော့နေပုံပဲ၊ ခင်ဗျားတို့ကော ဘယ်လိုထင်လဲ?” ရုတ်တရက်ဆိုသလို တတိယခုံတန်းတွင်ထိုင်နေသည့် လူငယ်လေးတစ်ဦးက စကားဆိုလိုက်လေသည်။
***
အခန်း ၅၉၀
သေဒဏ်
“မင်းရဲ့လေသံကအရမ်းပီသလွန်းလို့လို့ မင်းက နိုင်ငံခြားသား ကြေးစားစစ်သားလို့တောင် ငါမထင်မိတော့ဘူး။ ဘာလဲ မင်းက ဒီနိုင်ငံမှာ စီးပွားရေးအခြေချချင်နေလို့လား?” လူကြီးမင်းအာကီနိုက သရော်လိုုက်သည်။ ဘယ်သူကမှ သူ့ရဲ့ဘာသာစကားပြောဆိုပုံကိုကြည့်ပြီး နိုင်ငံခြားသားတစ်ဦးလို့ ထင်မိကြမည်မဟုတ်ပေ။
“ဒီအတိုင်း နောက်လိုက်ရုံပါ။ အဲ့လောက်ကြီး အတည်မှတ်မနေပါနဲ့။” လူငယ်လေးလဲ ချက်ချင်းပင် ဘာသာစကားပြန်ပြောင်းသုံးနှုန်းလိုက်လေသည်။
“အခုက စနောက်နေဖို့အချိန်ကောင်းလို့ထင်နေတာလား? ဒီနိုင်ငံမှာ စီးပွားရေးတစ်ခုလုပ်ဖို့ အရမ်းလွယ်တယ်လို့ထင်နေလား? မီးတောက်နီအဖွဲ့သားတွေက ငါတို့ကိုရှာတွေ့သွားတာနဲ့ ဘဝဆုံးပြီပဲ!” လူကြီးမင်းအာကီနိုက စိုးရိမ်သည့်လေသံဖြင့် ပြောလိုက်သည်။
ထိုစကားကြောင့် အားလုံး၏အမူအရာများလဲ တည်ကြည်လေးနက်လို့သွာကြတော့သည်။ ငွေအတွက်ဆိုလျှင် ဘာမဆိုလုပ်သည့်လူစားများဖြစ်ကြသော်လည်း အခုသူတို့တာဝန်ယူထားသည့်အလုပ်မှာ ဘယ်လောက်အထိ အန္တရာယ်များလဲဆိုသည်ကို သိထားပြီးဖြစ်ကြသည်။ ထို့ကြောင့် မီးတောက်နီအဖွဲ့နှင့်တတ်နိုင်သမျှ ရှောင်ရှားဖို့ကြိုးစားကြပေမည်။ သို့ပေမည့် သူတို့မသိလိုက်သည်က မီးတောက်နီအဖွဲ့၏မြင်ကွင်းအောက် သူတို့ရောက်နှင့်နေပြီးသားဖြစ်သည်ကိုပင်။
သူတို့အဖွဲ့ အရောင်းအဝယ်ပြုလုပ်မည့်နေရာသို့ချက်ချင်းမသွားသေးဘဲ ကိုယ်ပိုင်အဆောက်အဦးတစ်ခုတွင် အနားယူဖို့ရန်သွားလေသည်။ ပြီးကာမှ ဝယ်သူနှင့်မတွေ့ခင် ကုန်သည်ကိုအရင်သွားတွေ့ဦးမည်ဖြစ်သည်။
သူတို့သာ ဟိုတယ်တွင်တည်းခိုမည်ဆိုလျှင် သရုပ်မှန်ပေါ်သွားမည်ကို စိုးရိမ်ရသောကြောင့် နားနေမည့်အိမ်ကို ဝယ်သူမှစီစဉ်ပေးထားခြင်းဖြစ်သည်။ အိုင်ဒီကဒ်နှင့်နိုင်ငံကူးလက်မှတ်များကို အတုပြုလုပ်ထားပြီးဖြစ်သော်လည်း သတိဆိုသည်က ပိုသည်ဟူ၍မရှိပေ။
နိုင်ငံတကာမှ မှုခင်းရဲတပ်ဖွဲ့များက သူတို့ကို လိုက်ဖမ်းနေကာ မိသွားသည်နှင့် တပြိုင်နက် ထောင်ထဲသို့ထည့်သွင်းပြီး သေဒဏ်ချမှတ်ခံရပေလိမ့်မည်။ ထို့အတွက်ကြောင့် ယခုတစ်ခေါက်အလုပ်ပြီးသည်နှင့် လုပ်ငန်းမှအနားယူက ကျွန်းတစ်ကျွန်းတွင် သွားရောက်အနားယူကြဖို့ ရည်ရွယ်ထားလေသည်။ ထို့ကြောင့်လဲ ပိုင်ကျန်းက ဤတစ်ခေါက်ကို အမြတ်များများရချင်နေခြင်းဖြစ်သည်။ သို့ပေမည့် ဘဝနှင့်ယှဉ်လျှင်တော့ ငွေဆိုသည်မှာ ဘာမှအသုံးမဝင်သောကြောင့် သူ့တို့အသက်ကိုလောင်းကြေးမထပ်လိုကြပေ။
ထိုအဖွဲ့မှာ နိုင်ငံခြားသားကြေးစားစစ်သားများဖြစ်သောကြောင့် လင်ရှောင်းထင်တို့အဖွဲ့လဲ နီးနီးကပ်ကပ်မလိုခဲ့ပေ။ သူတို့သာ နီးနီးကပ်ကပ် လိုက်သွားပါက ချက်ချင်းရိပ်မိသွားပေလိမ့်မည်။
ရာဇဝတ်သားများ ထွက်ပေါ်လာပြီဆိုမှတော့ တခါတည်းဖမ်းမိဖို့ရန် လင်ရှောင်းထင် ယုံကြည်မှုရှိလေသည်။
ထန်မြို့သည် မြို့ငယ်တစ်ခုသာဖြစ်ပြီး လမ်းသွယ်များစွာလဲမရှိသောကြောင့် လင်ရှောင်းထင်တို့ နောက်ယောက်ခံလိုက်ဖို့ သိပ်မခက်ခဲလှပေ။
………
ကုနင်း အိမ်ပြန်ရောက်ချိန်တွင်တော့ ည၉နာရီထိုးပြီးသာရှိသေးသောကြောင့် သူမ ကျိုးကျန်းဟုန်ကို ဖုန်းဆက်ကာ မနက်ဖြန် သူမBမြို့သို့ပစ္စည်းများလာရွှေ့ပေးမည်ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ရန် ပြောလိုက်သည်။
“မနက်ဖြန်လား?” ကျိုးကျန်းဟုန် အံ့ဩသွားရသည်။
“ဘော့စ်၊ အရမ်းအလောမကြီးလွန်းဘူးလား? ကျွန်တော်တို့ ဘယ်လေကြောင်းလိုင်းကိုမှ မဆက်သွယ်ထားရသေးဘူးလေ။ လေယာဉ်နှင့်ပစ္စည်းတွေသယ်မှာဆိုရင် ကြိုတင်ပြင်ဆင်ဦးမှရမယ်။”
“အဆင်ပြေပါတယ်၊ ကျွန်မတို့ ကိုယ်ပိုင်ဂျက်လေယာဉ်ကိုသုံးမယ်။”
“ဘာ? ကိုယ်ပိုင်ဂျက်လေယာဉ်?” ကျိုးကျန်းဟုန် အလွန်အံ့အားသင့်သွားလေသည်။ ကုနင်း၏အရည်အချင်းအပေါ်လဲ ထပ်ပြီးလေးစားမိသွားရပြန်သည်။
ထို့နောက် ကျိုးကျန်းဟုန်က JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ အထွေထွေမန်နေဂျာတစ်ဦးဖြစ်သောကြောင့် Bမြို့ဆိုင်ခွဲဖွင့်ပွဲသို့သေချာပေါက် တက်ရောက်ရမည်ဖြစ်၍ သူ့သားကို အစစအရာရာသေချာစီစဉ်ပေးခဲ့ပြီးပြီလားဟုလဲ ကုနင်းမေးမြန်းခဲ့သေးသည်။
ထိုအခါ ကျိုးကျန်းဟုန်က သူ့သားကိုစောင့်ရှောက်ဖို့ရန် ကလေးထိန်းငှားရမ်းထားသည့်အကြောင်းပြန်ပြောပြခဲ့လေသည်။
ထိုအခါမှ ကုနင်းလဲ စိတ်အေးလို့သွားခဲ့သည်။ ထို့နောက် စုထုံနျိုကို ကြော်ငြာရိုက်ကူးရန်အတွက် မနက်ဖြန်နေ့လည်ဘက် Bမြို့သို့လာခဲ့ရန် ဆက်ခေါ်လိုက်သည်။
ကုနင်း Dမြို့သို့သွားကတည်းက စုထုံနျိုနှင့်လုကျန်းတို့နှင့် အလုပ်အကြောင်းဆွေးနွေးထားခဲ့ပြီးဖြစ်သောကြောင့် လက်ဝတ်ရတနာဆိုင်၏ကြော်ငြာကိစ္စအတွက် စုထုံနျို ခွင့်တစ်ရက်ရပေလိမ့်မည်။
“ရှင် ကြော်ငြာရိုက်ကူးရေးအတွက် ဇာတ်ကွက်ရေးပေးလို့ရမလား?” ကုနင်း လုရှောင်းကိုမေးလိုက်ခြင်းဖြစ်သည်။
“ရတာပေါ့၊ အလွယ်လေးပဲ။”
“ကောင်းပြီလေ၊ ကျွန်မလက်ဝတ်ရတနာဆိုင်အတွက် ကြော်ငြာဇာတ်ကွက်လိုတယ်။ မနက်ဖြန်အမှီပို့ပေးပါဦး။”
“ပို့ပေးမယ်၊ ကိစ္စမရှိဘူး။” လုရှောင်းအတွက်တော့ သူကိုယ်တိုင်က အတွေ့အကြုံရှိသည့်ဈေးကွက်ချဲ့ထွင်သူဖြစ်သောကြောင့် တစ်ရက်လောက်နှင့်အပြီးရေးကို ခက်ခဲသည်ဟု မထင်မိပေ။ လင်ရှောင်းထင်ကိုယ်တိုင်က သူ့ကို ဖျော်ဖြေရေးကုမ္ပဏီစီမံခန့်ခွဲပေးရန် တာဝန်ချထားပေးမှတော့ အကောင်းဆုံးကြိုးစားပေးပေမည်။
ထိုည၉နာရီတွင်ပင် ချွမ်မင်ခိုင်လဲ ထန်အိမ်တော်သို့ပြန်ရောက်လာခဲ့သည်။ ထန်ယွင်ဖန်းသတိပြန်ရနေသည်အား ကြားထားပြီးသားဖြစ်ပေမည့် လူကိုယ်တိုင်တွေ့မည်လိုက်ရချိန်တွင်တော့ စိတ်လှုပ်ရှားနေမိစဲပင်။
“ဘော့စ်၊”
“ဘာသတင်းထူးလဲ?” ထန်ယွင်ဖန်းမေးလိုက်သည်။
“ထန်သဲ့မင်က ချန်ကျုံးရှန်းနှင့်ဝူပေါ်ယန်တို့ကို ထပ်ပြီးမဆက်သွယ်တော့ဘူး။ ဒါပေမယ့် သူတို့တစ်ဖွဲ့တည်းဖြစ်သွားတာလား ဒါမှမဟုတ် စည်းရုံးဖို့ကိုလက်လျှော့သွားတာလားကိုတော့ ကျွန်တော်တို့ မသိရသေးပါဘူး။” ချွမ်မင်ခိုင် စိုးရိမ်နေမိလေသည်။ အကယ်၍ ထန်သဲ့မင်ဘက်က လက်လျှော့သွားခြင်းဆိုလျှင် သတင်းကောင်းတစ်ရပ်ဆိုပေမည့် ထိုသို့သာမဟုတ်လျှင် အဆိုးဝါးဆုံးသတင်းဖြစ်သွားပေမည်။
ထို့အပြင် ထန်သဲ့မင်တစ်ယောက်တည်းကို ဖြုတ်ချဖို့ရန်ကလွယ်ကူလှသော်လည်း သူ့နောက်ကွယ်မှကြိုးကိုင်နေသည့် အကြောင်းမသိရသေးသည့်လူရန်ကတော့ ကြောက်ဖို့ကောင်းနေသည်။ ထို့အပြင် သူတို့ဘက်က ကုမ္ပဏီကိုဆက်လက်လည်ပတ်စေရန်ဆောင်ရွယ်ရမည့်အပြင် အုံကြွနေသည့်ဒါရိုက်တာဘုတ်အဖွဲ့ဝင်များကိုလဲ ငြိမ်အောင်ထိန်းချုပ်ရပေဦးမည်။
“ချန်ကျုံးရှန်းနဲ့ဝူပေါ်ယန်သာ ထန်သဲ့မင်နောက်ကွယ်ကလူကို မသိထားဘူးဆိုရင်တော့ သူတို့လဲ ထန်သဲ့မင်ရဲ့အရည်အချင်းကို သိပြီးသားဖြစ်လို့ ဘေးထွက်နေနေကြလိမ့်မယ်။ ဒါပေမယ့်လဲ သူတို့သာ ထန်သဲ့မင်ကို နောက်ကွယ်က ထောက်ပံ့ပေးနေတဲ့လူကိုသိသွားရင်တော့ စိတ်ပြောင်းသွားနိုင်ချေရှိတုန်းပဲ။” ထန်ယွင်ဖန်း ပြောလိုက်သည်။
“အဓိကအချက်ကတော့ အဲ့ဒီနောက်ကွယ်ကလူကို ကျွန်တော်တို့မသိသေးတာပဲ။ ပြီးတော့ ချန်ကျုံးရှန်းနဲ့ ဝူပေါ်ယန်တို့ကို ဘော့စ်သတိရနေတဲ့အကြောင်း အသိပေးလို့ဖို့လဲ အချိန်ကောင်းမဟုတ်လောက်သေးဘူး။ သူတို့ သစ္စာဖောက်သွားနိုင်တယ်။”
ထန်သဲ့မင်တို့အဖွဲ့သည် ထန်ယွင်ဖန်း သတိမေ့မျောနေသည့်အပေါ် အခွင့်ကောင်းယူကာ လှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ ထန်ယွင်ဖန်း သတိပြန်ရလာသည့်သတင်းကြားရုံနှင့်တော့ သူတို့လုပ်ဆောင်မှုများကို ရပ်ဆိုင်းလိုက်မည်မဟုတ်သော်လည်း ရည်ရွယ်ချက်ကတော့ ဘယ်တော့မှပြောင်းလဲသွားလိမ့်မည်မဟုတ်ပေ။
“ပြန်ပေးဆွဲမှုမအောင်မြင်တဲ့အတွက် အချိန်ခနတော့ သူတို့ငြိမ်သွားလောက်ပေမည့် သိပ်တော့ကြာမှာမဟုတ်ဘူး။” ချွမ်မင်ခိုင်ကပဲဆက်ပြီး၊
“ဒီမှာ သူတို့ကိုကူပေးမယ့် တခြားလူရှိနေသေးတာလဲဖြစ်နိုင်တယ်။”
ထန်ယွင်ဖန်းလဲ ထိုသို့တွေးမိသောကြောင့် အခန်းထဲတွင်သာ တစ်ချိန်လုံးနေနေခြင်းဖြစ်သည်။ ထန်မိသားစုတွင် အစေခံများစွာရှိပြီး လူတိုင်းကတော့ ထန်မိသားစုအပေါ် သစ္စာရှိမည်ဟု သူကိုယ်တိုင်လဲ မသေချာပေ။
နောက်တစ်နေ့မနက်တွင်တော့ ကုနင်းနှင့်ကုမန့်တို့ပုံမှန်အတိုင်း မနက်စာစားသောက်ပြီးနောက် ထန်အိမ်တော်သို့ထွက်လာခဲ့ကြသည်။
“နင်းနင်း၊ ကိုယ်ပိုင်ဂျက်လေယာဉ်ကတော့ အဆင်သင့်ပဲ။ သမီးသွားချင်တဲ့အချိန်သွားလို့ရတယ်။” အိမ်သို့ရောက်သည်နှင့် ထန်ယွင်ဖန်း ကုနင်းကိုပြောလိုက်ခြင်းပင်။
***