အခန်း (၅၉၁-၅၉၅)
Vol. 40 Ch. 591-595
အခန်း ၅၉၁
ပိုင်ဆိုင်လိုစိတ်ကြီးသူများ
“ကောင်းတာပေါ့၊ သမီးလဲ မြန်မြန်လေးသွားဖို့ စိတ်ကူးထားတာ၊ အခုပဲ လေဆိပ်ကိုတန်းသွားလိုက်တော့မယ်။” ထို့နောက် ကုနင်း ထန်ယွင်ဖန်းနှင့်ကုမန့်တို့အား နှုတ်ဆက်ကာ Bမြို့လေဆိပ်သို့မောင်းထွက်လာခဲ့လေသည်။
ထန်မိသားစုက ကုနင်းကို ဝင်ရောက်ခွင့်ပေးကာ ကိုယ်ပိုင်ဂျက်လေယာဉ်ကို အသုံးပြုခွင့်ပေးရန် ကြိုတင်အကြောင်းကြားထားပြီးသားဖြစ်၍ ကုနင်းအတွက် အတားအဆီးမရှိဘဲ ကိုယ်ပိုင်ဂျက်လေယာဉ်ဆိုက်ရောက်ထားသည့်နေရာသို့ ကားဖြင့်တန်းမောင်းဝင်သွားနိုင်ကာ ချက်ချင်းပင် ထွက်ခွာခွင့်ရလေသည်။
……..
သုံးနာရီကြာပြီးနောက်တွင်တော့ ထန်မိသားစုပိုင်ကိုယ်ပိုင်ဂျက်လေယာဉ်သည် Gမြို့လေဆိပ်သို့ဆိုက်ရောက်လာခဲ့သည်။
လေယာဉ်ဆိုက်ချိန်နှင့်အချိန်ကိုက်ပင် ဟွမ်းဒင်ဟိုတယ်မှကိုယ်ပိုင်ကားတစ်စီးက ကုနင်းကိုလာရောက်ကြိုဆိုပေးနေလေ၏။
ယခုက နေ့လည်စာစားချိန်ရောက်နေပြီဖြစ်သောကြောင့် ကုနင်း အရင်ဆုံး ထန်ယွင်ဖန်း ကြိုတင်စီစဉ်ပေးထားသည့် ဟွမ်းဒင်ဟိုတယ်တွင်သာ နေ့လည်စာစားဖို့ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် ကျိုးကျန်းဟုန်ကိုလဲ သူမနှင့်နေ့လည်စာအတူစားရန် ဖုန်းဆက်ကြည့်လိုက်ပေမည့် ကျိုးကျန်းဟုန်က စက်ရုံဘက်သို့ရောက်ရှိနေသောကြောင့် သူမတစ်ယောက်တည်းသာ စားရပေတော့မည်။
သို့ပေမည့် ကုနင်း ဟိုတယ်ထဲသို့ဝင်လိုက်ပြီးသည်နှင့် ယောက်ျားနှစ်ယောက်၊ မိန်းမတစ်ယောက်တို့နှင့်အတူရှိနေသည့် စစ်ထူယဲ့နှင့် တည့်တည့်တိုးတော့လေသည်။ ထိုထဲမှယောက်ျားတစ်ယောက်နှင့်မိန်းမတစ်ယောက်ကတော့ နိုင်ငံခြားသားများဖြစ်ကြလေသည်။ ကုနင်းကို စစ်ထူယဲ့မြင်သွားသည်နှင့် ချက်ချင်းပင် မျက်လုံးအကြည့်များက လင်းလက်လို့သွားကာ သူ့မိတ်ဆွေများကို ခွင့်တောင်းပြီး ကုနင်းအနားသို့အလောတကြီးသွားလိုက်တော့သည်။
“ခနနေဦး၊ ငါ့သူငယ်ချင်းတစ်ယောက်ကိုတွေ့လိုက်လို့။”
ရွှေရောင်ဆံပင်နှင့်နိုင်ငံခြားသူက အနည်းငယ်စိတ်အနှောက်အယှက်ဖြစ်သွားပုံရကာ ကုနင်းကို စိုက်ကြည့်ရင်း နိုင်ငံခြားသားမဟုတ်သည့်အမျိုးသားကိုမေးလိုက်သည်။
“သူက ဘယ်သူလဲ?”
“မသိပါဘူး။” ထိုမိန်းကလေးမှာ ကုနင်းမှန်း သူသိထားသော်လည်း စစ်ထူယဲ့က သူတို့ကို ကုနင်းအားထိခိုက်အောင်မလုပ်ရန် သတိပေးထားပြီးဖြစ်သောကြောင့် လျှို့ဝှက်ထားခြင်းဖြစ်သည်။ ထို့အပြင် ထိုရွှေရောင်ဆံပင်နှင့်အမျိုးသမီးသည် စိတ်ကောင်းမရှိကြောင်းကိုလဲ သိထားသောကြောင့် အရေးကြီးကိစ္စများကို သူမအား မပြောပြလိုပေ။
ကုနင်းလဲ ထိုအမျိုးသမီး၏ သူမအပေါ် အမြင်မကြည်မှုကို ခံစားသိရှိမိပြီး ထိုရွှေရောင်ဆံပင်နှင့်အမျိုးသမီးက စစ်ထူယဲ့ကို သဘောကျနေသူဖြစ်ကြောင်းလဲ တန်းပြီးခန့်မှန်းမိလိုက်သည်။ သူမကိုတွေ့လိုက်သည်နှင့် စစ်ထူယဲ့အလျင်စလို သူမဆီသို့လာနေခြင်းကြောင့် ထိုအမျိုးသမီးစိတ်တိုသွားပုံရလေသည်။ ဘာပဲဖြစ်ဖြစ်၊ ကုနင်းအတွက်ကတော့ ထိုရွှေရောင်ဆံပင်နှင့်အမျိုးသမီး ဘယ်သူ့ကိုသဘောကျပါစေ သူမကိုလာမထိသ၍ လျစလျူရှုထားမည်ဖြစ်သည်။
“မင်းဘယ်တုန်းကရောက်နေတာလား? ဘာလို့ကိုယ့်ကိုမပြောရတာလဲ?” စစ်ထူယဲ့ကတော့ ကုနင်းအနားသို့ရောက်သွားသည်နှင့် သူမကပဲ သူ့ကိုစိတ်မကောင်းဖြစ်အောင် လုပ်မိဟန်ဖြင့် မေးလိုက်တော့သည်။
“ကျွန်မ အလုပ်ကိစ္စလေးရှိလို့ အခုလေးတင် ရောက်တာ၊ သိပ်မကြာဘူး ပြန်သွားတော့မှာ။”
“ပြန်သွားဦးမှာလား?” စစ်ထူယဲ့စိတ်ပျက်သွားရသည်။
“ဟုတ်တယ်၊ ကျွန်မအလုပ်ရှုပ်နေလို့။”
“မင်းတစ်ယောက်တည်းလား?”
“ဟုတ်တယ်လေ၊”
“ဒါဆို ဘာလို့ ကိုယ်တို့နဲ့အတူ နေ့လည်စာမစားလိုက်တာလဲ?” ထို့နောက် ကုနင်းမငြင်းဆန်စေရန်အတွက်၊
“ကိုယ်တို့မဆုံရတာ တော်တော်ကြာနေပြီမဟုတ်လား! မင်းGမြို့ကိုလာလိုက်ရင်လဲ ကိုယ့်အကူအညီလိုတဲ့အချိန်ကလွဲပြီး ဘယ်တုန်းကမှမဆက်သွယ်ဘူး။”
စစ်ထူယဲ့၏စကားကမှန်နေသောကြောင့် ကုနင်းအနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားရကာ၊
“ဒါဆိုလဲ နောက်တစ်ခေါက်မှ အတူတူစားကြတာပေါ့?”
“နောက်တစ်ခေါက်? ဘယ်တော့လဲ? မင်းGမြို့ကိုရောက်နေလဲ ကိုယ့်ကိုဘယ်တော့မှ ထမင်းတစ်နပ်လောက်အတူစားဖို့ မဖိတ်ဖူးပါဘူးနော်။”
“လာပါကွာ၊ ကိုယ့်ကိုအခွင့်ရေးလေးတစ်ခေါက်တော့ပေးပါ။ ရွှမ်းဖန်လဲ အခုဆို သီးသန့်ခန်းမှာ ကိုယ်တို့ကိုစောင့်နေပြီ။”
“အမ်၊ သွားတာပေါ့!” ကုနင်းလဲ ဘယ်လိုဆက်ငြင်းလို့ငြင်းရမည်မှန်း မသိတော့သောကြောင့် အဆုံး၌ လက်ခံလိုက်ရတော့သည်။
ထို့နောက် စစ်ထူယဲ့နောက်မှလိုက်ကာ စစ်ထူယဲ့၏အခြားမိတ်ဆွေများနှင့်အတူ သီးသန့်ခန်းသို့သွားလိုက်သည်။
စစ်ထူယဲ့နှင့်အတူ ကုနင်းအတူပါလာသည်ကို ရွှေရောင်ဆံပင်နှင့်အမျိုးသမီးမြင်လိုက်ရသည်နှင့် အလွန်စိတ်အနှောက်အယှက်ဖြစ်သွားကာ ကုနင်းကို လက်ညှိုးထိုးရင်း စစ်ထူယဲ့ကိုမေးလိုက်သည်။
“စစ်ထူ၊ သူကဘယ်သူလဲ?” သူမက ကုနင်းတို့ဘာသာစကားကိုသာပြောလိုက်ခြင်းဖြစ်ပေမည့် သိပ်ပြီးမပီသပေ။
စစ်ထူယဲ့လဲ ထိုသို့မေးလာသောကြောင့် မကျေမနပ်ဖြစ်သွားပြီ၊
“မင်းနဲ့ဘာဆိုင်လဲ၊ ယဉ်ကျေးမှုလေးရှိဦး။”
ရွှေရောင်ဆံပင်နှင့်အမျိုးသမီး အလွန်ဒေါသထွက်သွားကာ၊
“ဘာလို့ ငါနဲ့မဆိုင်ရမှာလဲ? ငါ့ကနင့်ရဲ့ဇနီးလောင်းလေ! သူဘယ်သူလဲ?”
ကုနင်းအံ့ဩသွားလေသည်။ ဒီအမျိုးသမီးက စစ်ထူယဲ့၏ဇနီးလောင်းတဲ့လား? သူမအံ့အားသင့်သွားခြင်းမှာ စစ်ထူယဲ့တွင် ဇနီးလောင်းရှိနေသည်အား မဖြစ်စေချင်လို၍မဟုတ်ဘဲ စစ်ထူယဲ့လို ချောမောခန့်ညားသည့်လူတစ်ယောက်က ဒီလိုမျိုး ထူးထူးခြားခြားလှပခြင်းမရှိသလို စိတ်ထားလဲမကောင်းသည့် မိန်းမမျိုးကို ဘာကြောင့်များ ဇနီးလောင်းတော်ထားရလဲဆိုသည်အား နားမလည်နိုင်ခြင်းကြောင့်ဖြစ်သည်။
“ပါးစပ်ပိတ်ထားစမ်း!” စစ်ထူယဲ့ဒေါသထွက်သွားပေပြီ။ ထို့နောက် သူတို့ကြားမှ ဆက်ဆံရေးကို ကုနင်းအထင်လွဲသွားမည်စိုးသောကြောင့် ချက်ချင်းငြင်းဆိုလိုက်သည်။
“အေမီ၊ မင်းကဘယ်တုန်းက ငါ့ဇနီးလောင်းဖြစ်သွားရတာလဲ? ငါ့သိက္ခာကိုမစော်ကားနဲ့။”
“ငါကနဲ့ရဲ့ ဇနီးလောင်းပဲလေ၊ အရင်တုန်းက နင့်အဖေပဲပြောခဲ့တာမဟုတ်လား။”
“အဲ့ဒါစနောက်ရုံသက်သက်ပဲ၊ ငါဘယ်တုန်းကမှသဘောမတူထားခဲ့ဘူး။”
တကယ်လဲ ထိုစကားမှာ မိဘများကြားမှ စနောက်မှုတစ်ခုသာဖြစ်ပေမည့် အေမီကတော့ စစ်ထူယဲ့ကို ချစ်နေမိသူဖြစ်သောကြောင့် အတည်မှတ်ယူခဲ့လေသည်။ စိတ်မကောင်းစွာဖြင့် စစ်ထူယဲ့ကတော့ သူမကိုပြန်မကြိုက်ခဲ့ပေ။
“ငါသဘောတူတယ်၊ ငါကတော့ အဲ့စကားကိုအတည်လို့ပဲမှတ်တယ်၊ ငါ့ဘဝကိုတာဝန်ယူဖို့ နင့်မှာ တာဝန်ရှိတယ်။” အေမီက အထက်စီးဆန်ဆန်ပြောလိုက်သည်။
ထိုအခ စစ်ထူယဲ့၏သည်းခံနိုင်မှုများကလဲ ပျောက်ဆုံးသွားပြီဖြစ်ကာ အေမီဘေးနားရှိ ရွှေရောင်ဆံပင်နှင့်အမျိုးသားကို ကြည့်လိုက်ပြီး၊
“အက်ဒမ်၊ မင်းညီမကို သုံးနှစ်ကလေးတစ်ယောက်ကို မပြုမူနေဖို့ပြောထားလိုက်။”
“ကောင်းပါပြီ၊” တကယ်တော့ သူ့ညီမနှင့်စစ်ထူယဲ့သာ လက်ထပ်ဖြစ်သွားလျှင် သူတို့မိသားစုအတွက် အကျိုးအမြတ်များစွာရရှိလိမ့်မည်ဖြစ်သောကြောင့် အက်ဒမ်က ဤကိစ္စထဲတွင်မပါဝင်လိုသော်လည်း စစ်ထူယဲ့က သူ့ညီမ၏လုပ်ရပ်များကို ရပ်တန့်ခိုင်းရန် သတိပေးထားခဲ့ပြီးဖြစ်လေသည်။
“အေမီ၊ မင်းလဲ အရွယ်ရောက်နေပြီပဲ၊ ကလေးလိုလုပ်မနေနဲ့တော့၊ လူကြားထဲ အော်ကြီးဟစ်ကျယ်လုပ်မနေနဲ့ မဟုတ်ရင် မင်းကိုအိမ်ပြန်ပို့ဖို့ ငါတစ်ယောက်ယောက်ကို ခိုင်းလိုက်တော့မယ်။” အက်ဒမ်က သတိပေးလိုက်သည်။
အေမီ၏ဒေါသများပေါက်ကွဲလုမတက်ဖြစ်နေပေမည့် သူမအစ်ကိုက အပြောသမားသက်သက်မဟုတ်ကြောင်း နားလည်သောကြောင့် ပြန်ခံမပြောရဲတော့ပေ။ ထို့ကြောင့် ကုနင်းကိုသာ မျက်စောင်းထိုးပြီးကြည့်နေနိုင်တော့သည်။ သူမပါးစပ်ကိုပိတ်ထားရသော်လည်း ကုနင်း၏မျက်နှာကိုတော့ အသေအချမှတ်သားထားလိုက်သည်။
သို့ပေမည့် တစ်ဖက်က ကုနင်းကတော့ အေမီကို ရွှေရောင်ဆံပင်နှင့်အရူးမဟူ၍သာ တွေးထားလေသည်။ သူမက စစ်ထူယဲ့၏ဇနီးလောင်းဆိုလျှင်တောင်မှ ကုနင်းကို ဒေါသထွက်ပိုင်ခွင့်မရှိပေ။ ကုနင်း၏အမြင်တွင်တော့ ထိုရွှေရောင်ဆံပင်နှင့်အမျိုးသမီးရော ဖန်ရွှယ်ချင်ရောက ပိုင်ဆိုင်လိုစိတ်များပြီး တစ်ဖက်လူကို အရူးအမူးထိန်းချုပ်လိုနေကြခြင်းဖြစ်သည်။ ကုနင်း အနည်းငယ်မကျေမနပ်ဖြစ်သွားသော်လည်း လျစ်လျူရှု၍သာ ထားလိုက်သည်။ ထိုရွှေရောင်ဆံပင်နှင့်အမျိုးသမီး လွယ်လွယ်နှင့်အလျှော့ပေးလိုက်မည်မဟုတ်မှန်း ကုနင်းသိပေမည့် သူမကတော့ ဘာကိုမှမကြောက်ပေ။
စစ်ထူယဲ့နှင့် ကုနင်းက အရှေ့ကနေလျှောက်သွားကာ ကျန်လူများလဲ အနောက်မှလိုက်လာကြလေသည်။ အေမီသည်တော့ ကုနင်း၏နောက်ကျောကို စိုက်ကြည့်ကာ စိတ်ကူးဖြင့် တစ်စဆီဆွဲဖြဲလို့နေတော့သည်။ စစ်ထူယဲ့က ကုနင်းကဲ့သို့ သူမကို တစ်ခါမှ ကြင်ကြင်နာနာမဆက်ဆံခဲ့ဖူးသောကြောင့် အေမီအလွန်မနာလိုဒေါသထွက်နေခဲ့ရသည်။
***
အခန်း ၅၉၂
နောက်ယောင်ခံလိုက်ခြင်း
စစ်ထူယဲ့ အေမီကိုမနှစ်သက်သော်လည်း သူမရှေ့တွင် ဒေါသထွက်ခဲကာ စကားအချေအတင်ဖြစ်ခြင်းကသာ အလွန်ဆုံးဖြစ်ဖူးလေသည်။ သို့ပေမည့် ဤတစ်ခေါက်တွင်တော့ ကုနင်းအတွက်နှင့် သူမကိုအော်လိုက်ရုံမက ကုနင်းအပေါ် လေးစားမှုရှိဖို့ရန်ပင် သတိပေးလိုက်သေးသည်။ ထိုသို့သော ကိစ္စရပ်များကြောင့် စစ်ထူယဲ့က ကုနင်းတစ်ယောက်တည်းအပေါ် မတူကွဲပြားစွာဆက်ဆံနေခြင်းမဟုတ်ပါဟု ယုံကြည်လိုက်ဖို့ရန်က သူမအတွက် အလွန်ခက်ခဲလို့သွားတော့သည်။ ထို့အပြင် ကုနင်းသည် အလွန်ဆွဲဆောင်မှုရှိသည့်မိန်းကလေးတစ်ဦးဖြစ်မှန်းလဲ သူမကိုယ်တိုင်က လက်ခံမိသောကြောင့် ပိုလို့ပင် မနာလိုဖြစ်မိရသည်။
သီးသန့်ခန်းသို့ရောက်ပြီး တံခါးကိုတွန်းဖွင့်လိုက်သည်နှင့် ချူးရွှမ်ဖန်က ချက်ချင်းထလာကာ သူတို့ကိုနှုတ်ဆက်ကြိုဆိုလိုက်သည်။
“ကုနင်း!” ကုနင်းကိုရုတ်တရက်မြင်လိုက်ရသောကြောင့် ချူးရွှမ်ဖန်အံ့ဩသွားလေသည်။
“ဟိုင်း၊ ရွှမ်ဖန်၊”
“လာ၊ လာ၊ ထိုင်ဦး။” ချက်ချင်းဆိုသလိုပင် ချူးရွှမ်ဖန် လူကြီးလူကောင်းတစ်ဦးကဲ့သို့ ကုနင်းအတွက် ထိုင်ခုံပင် ဆွဲထုတ်ပေးလိုက်သေးသည်။
စစ်ထူယဲ့၏အရင်းနှီးဆုံးလက်ထောက်တစ်ဦးဖြစ်သည့် ချူးရွှမ်ဖန်သည် သူမကိုပင်လျှင် စကားသိပ်မပြောချင်သူဖြစ်သည်။ ထို့ကြောင့် ချူးရွှမ်ဖန်ကပါ ကုနင်းအပေါ် ကြင်ကြင်နာနာဆက်ဆံနေသောကြောင့် အေမီပို၍ပင် မကျေမနပ်ဖြစ်သွားတော့သည်။
ထိုအခါ စစ်ထူယဲ့က ချူးရွှမ်ဖန်ကို မျက်စောင်းထိုးလိုက်ကာ၊
“ငါလဲ အခုထိမတ်တပ်ရပ်နေတုန်းဆိုတာ မင်းမမြင်ဘူးလား?” ထိုသို့ပြောလိုက်ပေမည့် စစ်ထူယဲ့စနောက်လိုက်ခြင်းသာဖြစ်သည်။
ချူးရွှမ်ဖန်၏တစ်ကိုယ်လုံးတောင့်တင်းလို့သွားကာ ထိုအခါမှ သူ့ဘော့စ်ကို လျစ်လျူရှုထားမိမှန်း သတိရသွားပြီး ချက်ချင်းအပြုံးကြီးကြီးပြုံးလိုက်ကာ၊
“ကုနင်းက ဧည့်သည်လေ၊ လာ၊ လာ၊ ဘော့စ်က ဒီဘက်မှာထိုင်။”
စစ်ထူယဲ့ကတော့ ချူးရွှမ်ဖန်၏စကားကို နားထောင်မနေဘဲ ကုနင်း၏ဘေးမှထိုင်ခံသို့လျှောက်သွားလေသည်။
ထိုအချင်းအရာကြောင့် အေမီအလွန်စိတ်တိုသွားကာ စစ်ထူယဲ့နှင့်ကုနင်းကို ချက်ချင်းခွဲထုတ်ပစ်ချင်နေတော့သည်။
အေမီအကြောင်း ကောင်းကောင်းသိထားသည့် အက်ဒမ်ကတော့ ထပ်ပြီးစကားများကြမည်စိုးသောကြောင့် ဘေးနားမှခုံတစ်လုံးကို ဆွဲကာ အမြန်ထိုင်းခိုင်းလိုက်သည်။
အေမီကတော့ မကျေနပ်သေးပေမည့် အက်ဒမ်အလိုအတိုင်း ထိုင်ပေးလိုက်စဲပင်။
“ကုနင်း၊ ငါတော့ အကုန်မှာထားပေးပြီးသွားပြီ၊ နင်ကြိုက်တာ ထပ်မှာလေ။” ပြောရင်းဖြင့် ကုနင်းကို စားသောက်စာရင်းကို လှမ်းပေးလိုက်သည်။
ထိုအချိန်တွင်ပဲ စစ်ထူယဲ့၏သတိပေးသည့်အကြည့်က ချူးရွှမ်ဖန်ရှိရာသို့ ဆိုက်ရောက်လာတော့သည်။ ကုနင်းကို အထင်လွဲသွားမည်စိုးသောကြောင့် ဒီလောက်အထိ ကြင်နာပြနေဖို့မလိုကြောင်း ချူးရွှမ်ဖန်ကို သတိပေးနေခြင်းဖြစ်သည်။ ထို့အပြင် ဤသို့ကြင်နာမှုမျိုးက သူကပင်လုပ်ပေးသင့်သည့်အရာဖြစ်သည်ဟုလဲ စစ်ထူယဲ့တွေးနေမိလေသည်။
စစ်ထူယဲ့၏အကြည့်စူးစူးကြောင့် စားသောက်စာရင်းကို ကိုင်ထားသည့် ချူးရွှမ်ဖန်၏လက်များတုန်ရီလို့လာတော့သည်။ ဘော့စ်က သဝန်တိုနေတာလား? ထိုအခါ ချူးရွှမ်ဖန်တစ်ယောက် မတရားအပြစ်တင်ခံနေရသလို ခံစားမိသွားကာ ဘယ်လိုရှင်းပြလို့ရှင်းရမှန်းပင် မတွေးနိုင်တော့ပေ။
ကုနင်းလဲ သူတို့နှစ်ဦးကြားမှ အခြေအနေကို သတိထားမိပေမည့် လျစ်လျူရှုထားကာ ချူးရွှမ်ဖန်ကိုသာ ပြောလိုက်သည်။
“တော်ပါပြီ၊ ကျွန်မက အစားမရွေးပါဘူး။”
“ကောင်းပြီလေ!” ချူးရွှမ်ဖန်လဲ အတင်းအကြပ်မတိုက်တွန်းနေတော့ပေ။ ထို့အပြင် သူ့ဘော့စ်၏ကြောက်စရာကောင်းလှသည့် အကြည့်ထပ်မံရောက်ရှိလာမည်ကိုလဲ စိုးရိမ်မိလေသည်။
အေမီသည်တော့ ထပ်ပြီးသည်းမခံနိုင်တော့ပုံရကာ အပြင်ထွက်ခွင့်တောင်းလိုက်ပေမည့် သူမကို တားမည့်လူမရှိနေပေ။
“တောင်းပန်ပါတယ်၊ အေမီကြောင့် မင်းတို့အစားအသောက်မပျက်သွားဖို့ မျှော်လင့်တယ်။” အက်ဒမ်က အားလုံးကို တောင်းပန်စကားဆိုလိုက်သည်။
“ရပါတယ်၊ စိတ်ထဲထားမနေနဲ့။” စစ်ထူယဲ့ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်ပေသည်။ အေမီမရှိသည်က ပိုလို့ပင်ကောင်းသည်ဟုလဲ တွေးမိသည်။ ဟေးလ်မိသားစုနှင့် စစ်ထူယဲ့တို့မိသားစုမှာ အချင်းချင်း အပြန်အလှန် အကူအညီများစွာ ပြုခဲ့ကြသောကြောင့် အေမီကို သဘောမကျလေသာ်လည်း ဟေးလ်မိသားစုမျက်နှာကိုထောက်ကာ အပြစ်မပေးဘဲ ဟေးလ်မိသားစုနှင့် ကောင်းမွန်သည့်ဆက်ဆံရေး ဆက်လက်တည်ရှိနေစရန် ထိန်းသိမ်းထားခြင်းဖြစ်သည်။ အေမီသာ သူ့ကန့်သတ်ချက်ကို မဖောက်ဖျက်လာသ၍ သူ့ဘက်ကလဲ အတတ်နိုင်ဆုံး သည်းခံပေးထားမည်ဖြစ်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဟင်းပွဲများရောက်ရှိလာတော့သည်။
“ကုနင်း၊ မင်းအခုတလော ဘာတွေလုပ်နေတာလဲ?” စစ်ထူယဲ့မေးလိုက်သည်။
“လက်ဝတ်ရတနာဆိုင်ခွဲဖွင့်ပွဲလုပ်ဖို့အတွက် အလုပ်ရှုပ်နေတာ၊ အခုလဲ Gမြို့ကို ကျောက်စိမ်းလက်ဝတ်ရတနာတွေသယ်ဖို့ လာတာ။”
စစ်ထူယဲ့ ဖွင့်ပွဲသတင်းကို သိသည်နှင့် ဈေးကြီးသည့်လက်ဆောင်ပစ္စည်းများ ပေးပို့လာမည်မှန်း ကုနင်းသိနေသောကြောင့် ဤအကြောင်းကို မပြောပြချင်ခဲ့ပေ။ သို့ပေမည့် သူမမပြောပြလျှင်လဲ အနှေးနဲ့အမြန်တော့သိသွားမည်ဖြစ်သောကြောင့် နောက်မှသိပြီး သူမကို စောစောကတည်းက မပြောရကောင်းလာဆိုပြီး အပြစ်တင်နေနိုင်လေသည်။”
“ဆိုင်ခွဲလား? ဘယ်မှာလဲ?”
“Bမြို့မှာ။”
“ဖွင့်ပွဲကဘယ်တော့လဲ? ကိုယ့်ကိုရော ဖိတ်မှာလား?” စစ်ထူယဲ့ ကုနင်းကို တည့်တည့်စိုက်ကြည့်ရင်းမေးလိုက်သည်။
“ဖိတ်ရမှာပေါ့၊ ရက်သတ်မှတ်ပြီးသွားတာနဲ့ ပြောပါ့မယ်။”
စားသောက်ပြီးနောက် ကုနင်းလဲ သူမအလုပ်ကိစ္စများရှိသေး၍ ပြန်သွားခဲ့သည်။
မကြာခင်တွင်ပဲ ကုနင်း သူမနောက်ကို တစ်ယောက်ယောက် နောက်ယောင်ခံလိုက်နေကြောင်း သိသွားတော့သည်။ သူမလှည့်ကြည့်လိုက်တော့ သူမနောက်သို့ တက္ကစီတစ်စီးလိုက်နေခြင်းဖြစ်သည်။ သေချာပေါက် ထိုတက္ကစီထဲတွင် အေမီရှိနေလေသည်။
ကုနင်းကတော့ အံ့ဩမသွားခဲ့ပေ။ သို့ပေမည့် နောင်တစ်ချိန် ပျက်စီးမှုများဖြစ်လာမည်စိုးသောကြောင့် အေမီကို သူမစက်ရုံရှိသည့်နေရာကို အသိပေး၍မဖြစ်ပေ။ ထို့ကြောင့် ကားဆရာကို လမ်းရှင်းသည့်နေရာတစ်ခုတွင် ရပ်ပေးရန် ကုနင်းပြောလိုက်သည်။
“ကားထဲမှာပဲ ခနလောက်စောင့်ပေးပါ။” ထို့နောက် ကုနင်းကားထဲမှ ထွက်လာခဲ့လေသည်။
သူမနောက်ကို လိုက်နေသည့် အေမီသည်လဲ တက္ကစီထဲမှ ထွက်လာခဲ့သည်။ ကုနင်းဘာလုပ်နေမှန်း အေမီမသိသော်လည်း ကုနင်းကို အမိဖမ်းဖို့ရန်သာ ကြံရွယ်နေလေသည်။
“ဘာလို့ချင်လို့ ငါ့နောက်လိုက်နေတာလဲ?” ကုနင်း မေးလိုက်သည်။
ကုနင်း သူမနောက်ကလိုက်လာသည်ကို သိနေသောကြောင့် အေမီအလွန်အံ့ဩသွားလေသည်။
“နင်နဲ့ စစ်ထူဘယ်လိုပတ်သတ်လဲ?”
“နင့်နဲ့မဆိုင်ပါဘူး။”
“နင်….” အေမီဒေါသထွက်သွားပေမည့် ချက်ချင်းပင်ပြန်ထိန်းကာ၊
“သူကငါ့လူ၊ ငါ့ဆီက တခြားဘယ်မိန်းမမှ ခိုးယူသွားမှကို ခွင့်မပြုနိုင်ဘူး။”
ကုနင်းအပြစ်ကင်းလားမကင်းလားကို အေမီဂရုစိုက်မနေဘဲ ကုနင်းကသာ စစ်ထူယဲ့ကို အရင်ဆုံးဆွဲဆောင်ခဲ့သူဟုသာ တစ်ထစ်ချယုံကြည်ထားလေသည်။
“သူကဖြင့် နင့်ကို သူ့လူလို့မသတ်မှတ်ထားဘူး။” ကုနင်းအေးစက်စက်ပင်ပြန်ပြောလိုက်သည်။
“အဲ့ဒါ နင့်ကိစ္စမဟုတ်ဘူး! ငါကတော့ စစ်ထူအနား ဘယ်မိန်းမကိုမှ ကပ်ခွင့်မပြုနိုင်ဘူး!”
ကုနင်းထပ်ပြီး အေမီသည့် အချစ်ရူးရူးနေသည့်ဖန်ရွှယ်ချင်နှင့် တစ်ပုံစံတည်းတူညီကြောင်း ထပ်တွေးမိသွားပြန်လေသည်။
“ဒီတော့ နင်ကဘာလုပ်ချင်လို့လဲ?” ကုနင်း ဟန်ကျကျပင် လက်ကိုပိုက်လိုက်သည်။
အေမီသည်တော့ ဒေါသထွက်လွန်း၍ အံကိုတင်းတင်းပင် ကြိတ်ကာ၊
“နင့်မျက်နှာကို ဖျက်ဆီးပစ်မယ်၊ ဒီလိုဆို စစ်ထူလဲ နင့်ကိုထပ်ပြီးမကြိုက်နိုင်တော့ဘူး။” ပြောရင်းနှင့်ပင် သူမအိတ်ကပ်ထဲမှ ဘယ်ကတည်းကပါလာမှန်းမသိသည့် သစ်သီးလှီးဓါးကို ဆွဲထုတ်ကာ ကုနင်းကို ချက်ချင်း စတင် တိုက်ခိုက်တော့သည်။ အေမီသည် လှုပ်ရှားမှုမြန်ဆန်စေရန် အသေအချာလေ့ကျင့်ထားသူဖြစ်သောကြောင့် စက္ကန့်ပိုင်းအတွင်းတွင်ပင် ကုနင်း၏မျက်နှာကို ဓါးဖြင့်လှီးဖို့ရန် အခွင့်အရေးရသွားတော့သည်။ ထို့နောက် ကုနင်း၏မျက်နှာကို လှီးပစ်ရင် ဓါးကိုင်ထားသည့်လက်ကို မြှောက်လိုက်လေသည်။
***
အခန်း ၅၉၃
တစ်ဖက်သတ်တိုက်ခိုက်ခြင်း
သို့ပေမည့် ကုနင်းက အေမီ၏အလျင်ထက်ပို၍ပင် မြန်ဆန်လေသည်။ ကုနင်း၏မျက်နှာသို့ ဓါးထိခါနီးလေးတွင်ပင် ကုနင်းက အေမီ၏လက်ကောက်ဝတ်ကို ဖမ်းကိုင်ကာ ဟန့်တားလိုက်သည်။
“နင်….” အေမီအလွန်ထိတ်လန့်လို့သွားတော့သည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ကားဆရာနှစ်ယောက် အေမီက ကုနင်းကို တိုက်ခိုက်ရန်လိုနေကြောင်း သတိထားမိလိုက်ချိန်တွင် ကုနင်းက အေမီ၏လက်ကို ဖမ်းမိထားပြီးနေပြီဖြစ်သောကြောင့် အလွန်အံ့ဩသွားကြတော့သည်။
ကိုယ်ပိုင်ကား၏ကားဆရာက ချက်ချင်း ကုနင်းတို့အနားသို့လျှောက်လာပေမည့် တက္ကစီဆရာသည်တော့ အေမီထံမှ ကားခပင်မတောင်းတော့ဘဲ ချက်ချင်းမောင်းပြေးသွားလေသည်။ လူသတ်သမားတစ်ယောက်နှင့်တွေ့ခဲ့ရသောကြောင့် တက္ကစီဆရာအလွန်ထိတ်လန့်လို့သွားတော့သည်။ အေမီကျရှုံးခဲ့သော်လည်း တစ်ဖက်မိန်းကလေးကို သတ်ဖို့ရည်ရွယ်ချင်းကတော့ မပျောက်သွားပေ။
“မိန်းကလေးကု၊ အဆင်ပြေရဲ့လား?” ကိုယ်ပိုင်ကား၏ယာဉ်မောင်းကတော့ အလျင်စလိုပင် ကုနင်းထံသို့အပြေးရောက်လာလေသည်။ ကုနင်း၏နောက်ခံအစစ်အမှန်ကို သူသေချာမသိသော်လည်း ဥက္ကဌ၏အတွင်းရေးမှူးကိုယ်တိုင်က သူမကို သေချာဂရုစိုက်ပေးရန် ဟိုတယ်ဘက်ကို သေချာအကြောင်းကြားထားခဲ့သောကြောင့် သေချာပေါက် သာမာန်တော့မဟုတ်မှန်း သိထားပြီးဖြစ်လေသည်။ ကုနင်းသာ မတော်တဆတစ်ခုခုဖြစ်သွားလျှင် သူ့အလုပ်ကိုတောင် ဆုံးရှုံးသွားရနိုင်ပေသည်။
“ကျွန်မအဆင်ပြေပါတယ်။”
ကုနင်းဘေးကင်းနေသည်ကိုမြင်သောအခါမှ ယာဉ်မောင်းလဲ ဘေးနားသို့ကပ်ကာ တိတ်တဆိတ်ပြန်ရပ်နေလိုက်သည်။
“နင်-နင် ဘယ်လိုလုပ်….” အေမီတစ်ယောက် အလွန်ထိတ်လန့်လို့နေမိစဲပင်။
“ဘာလို့ မလုပ်နိုင်ရမှာလဲ? ဘာလဲ နင်က ငါ့ကိုပြန်မခုခံနိုင်လောက်အောင် အားနည်းတယ်လို့ ထင်နေတာလား?”
အေမီ ကုနင်း၏လက်ထဲမှလွတ်မြောက်အောင် ရုန်းကန်ကြည့်ပေမည့် ကုနင်းကတော့ လုံးဝပြန်မလွှတ်ပေးခဲ့ပေ။
ကုနင်းကိုထပ်ပြီး တိုက်ခိုက်ဖို့ကြိုးစားလိုက်ချိန်တွင်တော့ ကုနင်း ချက်ချင်းမဆိုင်းပင် အေမီ၏လက်ကောက်ဝတ်ကိုချိုးလိုက်ကာ ဓါးကိုမြေပေါ်သို့ကျသွားစေပြီးနောက် တစ်ဆက်တည်း အေမီကိုကန်ထုတ်လိုက်လေသည်။
အေမီနာကျင်လွန်း၍အော်ဟစ်လိုက်မိကာ သူမမျက်နှာသည်လဲ တမဟုတ်ချင်းပင် ဖြူဖျော့လို့သွားတော့သည်။ ထို့အတွက်ကြောင့် ရှက်ရွံ့ကာ ပိုလို့ပင် ဒေါသထွက်လာလေသည်။
အေမီ၏လက်ကောက်ဝတ်ကို ချိုးပြီးနောက်လွှတ်ပေးလိုက်ပြီဖြစ်ပေမည့် အေမီကတော့ လွယ်လွယ်နှင့်လက်မလျှော့သွားခဲ့ပေ။ သူမလက်ကောက်ဝတ်ကျိုးသွားပြီဖြစ်သော်လည်း ကုနင်းဆိုသည်မှာ သူမအလွယ်တကူရိုက်နှက်၍ရနိုင်သည့် ကောင်မလေးတစ်ဦးဟုပင် ယုံကြည်နေသေးလေသည်။ ထို့ကြောင့် ဒီနေ့သာ ကုနင်းကို သင်ခန်းစာကောင်းကောင်းမပေးနိုင်မချင်း လက်မလျှော့ဖို့ရန်ဆုံးဖြတ်လိုက်တော့သည်။
ဆက်လက်ပြီး အေမီက ကုနင်းကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း ထပ်ခါထပ်ခါသာ ကျရှုံးခဲ့ရပြီး ဒဏ်ရာများသာ ပိုများလို့လာခဲ့ပေသည်။
အဆုံးတွင်တော့ ကုနင်း သူမကိုအရှိန်ပြင်းပြင်းကန်ထုတ်လိုက်သောကြောင့် မြေပြင်နှင့်မိတ်ဆက်လို့သွားကာ ကျယ်လောင်သည့်အော်သံကြီးပင် ထွက်လို့လာခဲ့သည်။ ဤတစ်ခေါက်ကန်ချက်ကြောင့် အေမီမတ်တပ်ပင်ပြန်မရပ်နိုင်တော့ဘဲ ကုနင်းကိုသာ စိုက်ကြည့်ရင်း၊
“နင်ကများ ငါ့ကိုကန်ရဲတယ်ပေါ့? နင့်ကို Yနိုင်ငံရဲ့ ဟေးလ်မိသားစုက အလွတ်ပေးမှာမဟုတ်ဘူး။”
ဟေးလ်မိသားစု? ကုနင်းမျက်မှောင်ကြုတ်လို့သွားသည်။ ဟေးလ်မိသားစုသည် Yနိုင်ငံမှ ရှေးဟောင်းအင်အားကြီးမိသားစုတစ်ခုဖြစ်ကြောင်း ကုနင်းကြားဖူးထားပြီးဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် အေမီကသာ သူမကိုအရင်ဆုံးစတင်ရန်စတိုက်ခိုက်သူဖြစ်သောကြောင့် သူတို့ကို ကုနင်းမကြောက်ပေ။ထို့အပြင် စစ်ထူယဲ့ကလဲ သူမကိုကာကွယ်ပေးလိမ့်မည်ဟု ကုနင်းယုံကြည်လေသည်။
“အိုး၊ တကယ်လား? နင့်ရဲ့မိသားစုကလဲ နင့်လိုပဲ ကြောင်းကျိုးမစဉ်းစားတတ်တဲ့သူတွေဆိုရင်တော့ ငါ့ကိုဘယ်လိုများအပြစ်ပေးကြမလဲ သိချင်မိသား။” ကုနင်း အထင်သေးစွာဖြင့် စောင်းမြောင်းပြောဆိုလိုက်ပြီးနောက် ကိုယ်ပိုင်ကားထဲသို့ပြန်ဝင်ကာ ထွက်သွားတော့သည်။ ထို့နောက် စစ်ထူယဲ့၏မျက်နှာကို ထောက်သောအားဖြင့် ဖုန်းဆက်အကြောင်းကြားလိုက်သေးသည်။
“စစ်ထူ၊ အေမီက ကျွန်မကို နောက်ယောင်ခံလိုက်ပြီး ကျွန်မမျက်နှာကို ဖျက်ဆီးဖို့ကြိုးစားတယ်၊ ဒါပေမယ့် သူ့ကို ဒဏ်ရာရအောင်လုပ်ပြီး XXလမ်းမှာ ကျွန်မပစ်ထားခဲ့လိုက်ပြီ။”
“ဘာ? အေမီက မင်းနောက်ကိုလိုက်ရုံမကဘဲ မျက်နှာကိုတောင် ဖျက်ဆီးဖို့လုပ်တယ်လား?” စစ်ထူယဲ့အလွန်ထိတ်လို့သွားသလို ဒေါသလဲထွက်သွားရသည်။ ကုနင်း အေမီကိုထိခိုက်အောင်လုပ်ခဲ့သည့် ကိစ္စကိုတော့ သူဂရုတောင်မစိုက်ပေ။
စစ်ထူယဲ့တို့အဖွဲ့သည် ထိုအချိန်တွင် လက်ဖက်ရည်သောက်ခန်း၌ အတူရှိနေကြသည်ဖြစ်၍ စစ်ထူယဲ့ဖုန်းပြောသည်ကို အက်ဒမ်လဲကြားကာ အလွန်အံ့ဩသွားခဲ့လေသည်။
“ဘာ?” ချူးရွှမ်ဖန်လဲ အလွန်အံ့ဩသွားကာ၊
“ကုနင်းအဆင်ပြေရဲ့လား?”
စစ်ထူယဲ့ ဖုန်းချပြီးသည့်နောက်တွင်တော့ အလွန်အမင်းမကျေမနပ်ဖြစ်နေသည့်ပုံပေါ်နေတော့သည်။
“စစ်ထူ၊ ငါတောင်းပန်ပါတယ်။ အေမီဘာကြောင့် ဒီလိုလုပ်ရလဲ ငါမသိတော့ဘူး။” အက်ဒမ်ရှင်းပြလိုက်သည်။ အေမီ ကုနင်းကိုတိုက်ခိုက်လိမ့်မည်ဟု အက်ဒမ်လုံးဝထင်မှတ်မထားခဲ့ပေ။
“မိန်းကလေးကုရော ဘယ်လိုနေသေးလဲ?”
“သူကအဆင်ပြေပါတယ်၊ အေမီပဲဒဏ်ရာရသွားတာ။ အေမီက အရင်သူ့ကိုစပြီးရန်လိုခဲ့တာ၊ နောက်ထပ်ဒါမျိုးထပ်ဖြစ်တာ မလိုချင်ဘူး။” စစ်ထူယဲ့ အက်ဒမ်ကိုစိုက်ကြည့်ကာ အေးစက်လှသည့်လေသံဖြင့် သတိပေးလိုက်သည်။
“ငါက သူ့ကိုကာကွယ်ချင်နေလို့ကြောင့်ဘဲမဟုတ်ဘူး။ သူကိုယ်တိုင်ကလဲ မင်းတို့ထိခိုက်အောင် လုပ်လို့မရနိုင်လောက်တဲ့ နောက်ခံရှိတယ်။”
လင်ရှောင်းထင်ကို စစ်ထူယဲ့ကြည့်မရသော်လည်း ဟေးလ်မိသားစုသည်က လင်မိသားစုကို မယှဉ်နိုင်တာကတော့ အမှန်တရားပင်။
အက်ဒမ်သည်လဲ တုံးအသူတစ်ယောက်မဟုတ်သောကြောင့် စစ်ထူယဲ့၏ပြောစကား နားထောင်လေသည်။ ထို့အပြင် ကုနင်းသာ သာမာန်ကောင်မလေးတစ်ယောက်ဆိုလျှင် စစ်ထူယဲ့သူမကို အထူးတလည်ပုံစံမျိုးဖြင့် ဆက်ဆံနေမည်မဟုတ်ပေ။
“ဟုတ်ပါပြီ၊” အက်ဒမ်ဟေးလ်ပြန်ဖြေလိုက်လေသည်။
ထို့နောက် စစ်ထူယဲ့က အက်ဒမ်နှင့်အတူ အေမီကိုသွားခေါ်ရန်အတွက် လူတစ်ယောက်ထည့်လွှတ်ပေးလိုက်သည်။
ကုနင်းတို့တိုက်ခိုက်ကြသည့်နေရာမှာ လူရှင်းသော်လည်း ကုနင်းနှင့်အေမီတို့တိုက်ခိုက်နေသည့်မြင်ကွင်းကို မြင်လိုက်ကြသူအများအပြားရှိနေစဲပင်။ တစ်ချို့ဆိုလျှင် ဗီဒီယိုပင် ရိုက်ကူးလို့ထားခဲ့သည်။
ကုနင်းကတော့ ဘာမှတွေးမနေဘဲ ထိုလူများကို လျစ်လျှူရှုထားလေသည်။ သိုပေမည့် တစ်စုံတစ်ယောက် အင်တာနက်ပေါ် ထိုဗီဒီယိုတင်လိုက်ပြီး မကြာခင်တွင်ပဲ ဗီဒီယိုမှာ နေရာအနှံ့သို့ပျံ့နှံ့လို့သွားတော့သည်။
Bမြို့မှာ ကောင်မလေးတစ်ယောက်က နိုင်ငံခြားသူတစ်ယောက်ကို ရိုက်နှက်ခြင်း! တစ်ဖက်သတ်တိုက်ခိုက်မှုမျိုးလား? [ဗီဒီယိုနှင့်တကွ]
ထို့အပြင် ထိုလူက ကုနင်းက အေမီကို ကန်ထုတ်လိုက်သည့်အပိုင်းကိုသာ ဗီဒီယိုရိုက်တင်ထားခြင်းဖြစ်ကာ ခေါင်းစဉ်ကလဲ ကုနင်းကို အပြစ်တင်လို့သည့်ဘက်သို့ ဦးတည်နေလေသည်။ အေမီဘက်က အရင် ကုနင်းကို တိုက်ခိုက်သည့်အကြောင်းမပါလာသောကြောင့် လူတိုင်းကလဲ ကုနင်းက အနိုင်ကျင့်နေသူဟုသာ တွေးလိုက်ပြီး ကုနင်းကိုသာ အပြစ်ဝိုင်းဖို့နေကြတော့သည်။
“ဒီကောင်မလေး အရမ်းကြမ်းတမ်းတာပဲ!”
“ဟိုဘက်ကအမျိုးသမီးကို ကန်ပြီးတာနဲ့ ချက်ချင်းတောင် လှည့်ထွက်သွားသေးတယ်!”
“ကိုယ်ပိုင်ကားက အနည်းဆုံးယွမ်၁သန်းလောက်တန်တာဆိုတော့ သူက ချမ်းသာတဲ့မိသားစုကပဲဖြစ်ရမယ်၊ ဒါကြောင့်မို့လဲ ဒီလောက် မောက်မာရိုင်းစိုင်းနေတာပေါ့။”
“ချမ်းသာတော့ကောဘာဖြစ်လဲ? ချမ်းသာတယ်ဆိုတိုင်း တာဝန်ယူမှုတောင်မရှိဘဲ တစ်ဖက်လူကို ရိုက်နှက်ပြီး ပစ်ထားခဲ့လို့ရရောလား?”
“ကောင်မလေးဘာဆက်ဖြစ်သွားလဲသိချင်လိုက်တာ။”
“သူ့ကိုထောင်ချပစ်!”
အင်တာနက်အသုံးပြုသူများစွာက ကုနင်းကို ဆဲဆိုကြိမ်းမောင်းလို့နေခဲ့သည်။
***
အခန်း ၅၉၄
ကုနင်းကတော့ အေးဆေးပဲ
ကံကောင်းစွာဖြင့် ကြောင်းကျိုးခွဲခြားနိုင်သည့်လူများလဲရှိနေကာ ကုနင်းဘက်မှရပ်တည်ပေးကြလေသည်။
“ငါတို့မြင်နေရတဲ့ ဗီဒီယိုထဲမှာ နိုင်ငံခြားသူဘက်က ပြန်တိုက်တာမျိုးမပါဘူးဆိုပေမယ့် ဒီဗီဒီယိုကအစအဆုံးမဟုတ်မှန်း သိသာနေတာကြီးကို။ အစပိုင်းတုန်းကဘာဖြစ်ခဲ့လဲဆိုတာလဲ ငါတို့မသိဘူးလေ၊ ဒီတော့ ကောင်မလေးဘက်က အမှားဆိုပြီး လွယ်လွယ်ကောက်ချက်ချလို့မဖြစ်ဘူး။”
“ဟုတ်တယ်၊ တစ်ပိုင်းတဆဗီဒီယိုလေးနဲ့ ကောက်ချက်ချလို့ဖို့ စောလွန်းတယ်။ ရဲတွေကတော့ အမှန်တရားကို သိမှာပါ၊ တကယ်လို့အမှန်သာဆိုရင်လဲ အကြောင်းအရင်းသိရမှ အပြစ်တင်လဲ နောက်မကျသွားပါဘူး။”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီကောင်မလေးက တော်တော်ကြမ်းတာဆိုပေမယ့် သူ့ရဲ့သိုင်းပညာက တကယ်ကောင်းတာကိုတော့ ငါလက်ခံမိတယ်။”
“မဟုတ်မှ၊ သူက သိုင်းပညာရှင်တစ်ယောက်များဖြစ်နေမလား!”
ထို့နောက် အင်တနက်အသုံးပြုသူများ၏ ဆွေးနွေးချက်က ကုနင်း၏သိုင်းပညာအဆင့်အတန်းအကြောင်းသို့ ရောက်ရှိလို့သွားတော့သည်။
“ဟေ့၊ ငါတို့ ဒီကောင်မလေး အရမ်းကြမ်းလို့ အပြစ်တင်နေခဲ့ကြတာမဟုတ်ဘူးလား?”
“ထားပါကွာ၊ ဘာပဲဖြစ်ဖြစ် အခုထိ အမှန်တရားကိုမှ မသိကြရသေးတာ!”
ထိုသို့ဆိုလျှင်ပင် အင်တာနက်အသုံးပြုသူအများစုသည် ကုနင်းကို ကျိန်ဆဲလို့နေကြစဲဖြစ်ကာ Gမြို့၏ပြည်သူ့လုံခြုံရေးဌာနကိုပင် ခေါ်ယူရေးသားနေသောကြောင့် ကုနင်း၏သတင်းမှာ မကြာခင်အချိန်အတွင်းတွင်ပဲ Gမြို့အစိုးရအဖွဲ့အစည်းများတွင် လူပြောအများဆုံးဖြစ်သွားတော့သည်။ သို့ပေမည့် ကုနင်းသည်တော့ စက်ရုံသို့ရောက်သွားခါစဖြစ်သောကြောင့် သူမနောက်ကွယ်တွင် ပြောဆိုဆူပူနေကြသည်ကို နည်းနည်းမှ သတိမထားမိခဲ့ပေ။
အက်ဒမ်သည်လဲ အင်တာနက်မသုံးသောကြောင့် သတင်းများအကြောင်းလုံးဝမသိခဲ့ပေ။ သူ အေမီကိုရှာတွေ့သည်နှင့်သာ အမြန်ဆုံးဆေးရုံသို့ခေါ်ဆောင်သွားတော့သည်။
“ဘာလို့ ဒီလိုလုပ်ရတာလဲ?” အက်ဒမ် အေမီကိုမေးလိုက်သည်။
“စစ်ထူက သူ့ကိုဆို ထူးပြီးဆက်ဆံနေတယ်လေ၊ သူက စစ်ထူကို ဖျားယောင်းသွားတာ။”
“ဘယ်လိုပဲဖြစ်ဖြစ် နင်နဲ့မှမဆိုင်ဘဲ။ စစ်ထူက နင့်ကိုကြိုက်တာမှမဟုတ်တာ။” ထို့နောက် အက်ဒမ် ဆက်ပြီး သတိပေးလိုက်သည်။
“စစ်ထူက နောက်တစ်ခါ မိန်းကလေးကုကို မင်းထပ်ပြီး ထိခိုက်အောင် မလုပ်တော့ဖို့ ပြောလိုက်တယ်၊ မဟုတ်ရင် သူမင်းကို ပညာပြန်ပေးလိမ့်မယ်။”
“ဘာ? သူက အဲ့ဒီကောင်မတစ်ယောက်အတွက်နဲ့ ငါ့ကိုတော့ ပညာတောင်ပေးလိုက်ဦးမယ်ပေါ့?” စစ်ထူယဲ့ကပဲ သူမအပေါ် ဖောက်ပြန်ခဲ့သလိုနှယ် အေမီဒေါသအကြီးအကျယ်ထွက်သွားတော့သည်။
အက်ဒမ်ကတော့ အေမီကို စိုက်ကြည့်လိုက်ကာ အေးစက်စက်သာပြောလိုက်သည်။
“ရူးမိုက်မနေနဲ့တော့။ နင်က ဟေးလ်မိသားစုဝင်ဖြစ်နေလို့သာ သူအခုထိ နင့်ကိုဘာမှမလုပ်သေးတာ။ နင်ထပ်ပြီး စစ်ထူကို စိတ်တိုအောင်သွားလုပ်ရင် ဟေးလ်မိသားစုကတောင် နင့်ကိုကာကွယ်ပေးမှာမဟုတ်ဘူး။”
အက်ဒမ်ပြောတာ မှန်လေသည်။ အေမီသည် ဟေးလ်မိသားစုဝင်ဖြစ်သော်လည်း ဟေးမိသားစုတွင် အမွေဆက်ခံသူမရှားပါးပေ။ အေမီသာ မိသားစု၏အကျိုးစီးပွားကို ထိခိုက်အောင် လုပ်လာပါက ဟေးလ်မိသားစုဘက်က နှစ်ခါပြန်တွေးမနေဘဲ သူမကိုချက်ချင်းပင် စွန့်လွှတ်လိုက်မည်ဖြစ်သည်။
အေမီလဲ ကြောက်လန့်ကာ သွေးစုပ်လို့သွားပေမည့် ကုနင်းကို လက်စားပြန်ချေဖို့ ကိစ္စကိုတော့ လက်မလျှော့သွားသေးပေ။ ဤတစ်ခေါက်တော့ တခြားလူများမသိအောင် ကြံစည်ဖို့ရန် စိတ်ဆုံးဖြတ်ထားလိုက်ည်။ တကယ်တမ်း သူမထိုသို့အတွေးမျိုး ဆက်ရှိနေခြင်းကပင် ကိုယ့်သေတွင်းကိုယ်တူးမိနေခြင်းဖြစ်သည်။
မကြာခင်တွင်ပဲ ရဲများရောက်လာကာ လုံခြုံရေးကင်မရာများကို စစ်ဆေးလိုက်ပြီး အေမီကသာ ကုနင်းကို အရင်ဦးစွာ ကိုယ်ထိလက်ရောက် စတင်တိုက်ခိုက်သူဖြစ်ကြောင်း သိသွားခဲ့ပေမည့် ကုနင်း၏နာမည်ပျက်ကို ရှင်းပေးဖို့ရန်ကတော့ သက်သေများစွာလိုအပ်နေစဲပင်။
ဗီဒီယိုထဲမှ ကိုယ်ပိုင်ကား၏လိုင်စင်နံပါတ်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင်တော့ ထိုကားသည် ဟွမ်းဒင်ဟိုတယ်မှ ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း ရှာတွေ့သွားသည်။ အကယ်၍များ ကောင်မလေးက ဟွမ်းဒင်ဟိုတယ်နှင့် ဆက်နွယ်မှုရှိနေလျှင် ဟွမ်းဒင်လုပ်ငန်းစုဆိုသည်မှာ ထန်မိသားစုပိုင်ဖြစ်သောကြောင့် ပြဿနာမကြီးမားစေရန် ထိုကိစ္စကို ဆက်လက်မစုံစမ်းတော့ဖို့ ရဲများဆုံးဖြတ်လိုက်လေသည်။ လူ့အဖွဲ့အစည်းမှာ ဤသို့ပင်ဖြစ်ကာ အာဏာကြီးသူကို စိတ်အနှောက်အယှက်မပြုလိုဘဲ ရှောင်ဖယ်ခြင်းက ရှက်ရွံ့စရာလုပ်ရပ်မဟုတ်တော့ပေ။
ကုနင်းကို အင်တာနက်ပေါ်တွင် ဘယ်လောက်များများ ကျိန်ဆဲပြောဆိုနေကြပါစေ ကုနင်းကို အရင်ဦးစွာ စတင်တိုက်ခိုက်သူက နိုင်ငံခြားသူဖြစ်သည့် အမှန်တရားကိုတော့ဖြင့် ငြင်းဆန်၍မရပေ။
လုံခြုံရေးကင်မရာမှရိုက်ကူးထားသည့် ဗီဒီယိုကို ဟိုတယ်မန်နေဂျာ မြင်သွားပြီး ကုနင်း ထိခိုက်ဒဏ်ရာရကာ သူ့အလုပ်ပြုတ်သွားမည်ကို စိုးရိမ်လို့သွားခဲ့သည်။ ထို့ကြောင့် ချက်ချင်းပင် ချွမ်မင်ခိုင်ကို ဖုန်းဆက်ကာ အဖြစ်အပျက်ကို တင်ပြခဲ့လေသည်။ သို့ပေမည့် သူက ဟွမ်းဒင်ဟိုတယ်၏မန်နေဂျာတစ်ဦးလဲဖြစ်သောကြောင့် ထိုပြဿနာကို ကိုင်တွယ်ဖြေရှင်းပေးဖို့ရန် လိုအပ်နေသေးသည်။
ရဲများကလဲ ကုနင်းက သာမာန်မိန်းကလေးတစ်ဦးမဟုတ်ကြောင်း သိလိုက်ရသောကြောင့် စုံစမ်းစစ်ဆေးမှုကို ရပ်တန့်လိုက်လေသည်။
ချွမ်မင်ခိုင်လဲ သတင်းကြားလိုက်ရပြီးနောက် အလွန်အံ့ဩသွားခဲ့သည်။ ကုနင်း အခုဘာမှမဖြစ်သွားဘူးဆိုလျှင်တောင်မှ ချွမ်မင်ခိုင် စိုးရိမ်ပူပန်နေမိစဲဖြစ်ကာ ထန်ယွင်ဖန်းကို ချက်ချင်း အကြောင်းကြားလိုက်လေသည်။ ထန်ယွင်ဖန်းလဲ သတင်းကြားပြီးပြီးချင်းပင် ကုနင်းကို ဖုန်းဆက်လိုက်သည်။
“အဖေ၊ စိတ်မပူပါနဲ့။ သမီးအဆင်ပြေပါတယ်။ ဘာလဲ သမီးက သိုင်းပညာရှင်တစ်ယောက်ဆိုတာ မေ့သွားတာလား၊ ဟ-ဟ။” ထန်ယွင်ဖန်း၏စိတ်ကို လျှော့ချနိုင်စေရန်အတွက် ကုနင်း စနောက်လိုက်လေသည်။
ထိုစကားကြောင့် ချောင်ဝမ်ရှင်းကိုပင် ကုနင်းအလွယ်တကူအနိုင်ယူနိုင်ပြီး သူမကိုယ်ကို ကောင်းကောင်းကာကွယ်နိုင်ကြောင်း ထန်ယွင်ဖန်း သတိပြန်ရသွားခဲ့သည်။ သို့သော်လည်း ဤနှစ်များအတွင်း ကုနင်း ငယ်ငယ်ရွယ်ရွယ်နှင့် ကိုယ့်ကိုကိုယ်အားကိုးတတ်ကာ ကာကွယ်စောင့်ရှောက်နေခဲ့ရသည့်အကြောင်း တွေးမိကာ ထန်ယွင်ဖန်း၏ အပြစ်ရှိစိတ်က ပိုလို့ပင်တိုးလာခဲ့သည်။
ကုနင်းက ဆက်ပြီး၊
“သမီး အဲ့တစ်ယောက်လက်ကောက်ဝတ်ကိုချိုးပြီး ကန်တောင်ကန်ပစ်ခဲ့သေးတယ်။ သေချာပေါက် ရက်ပိုင်းလောက် ဆေးရုံက ဆင်းနိုင်မှာမဟုတ်ဘူး။”
“နည်းတောင်နည်းသေးတယ်။” ထန်ယွင်ဖန်း ထိုအခါမှ ပြန်ပြောလာခဲ့သည်။
ထို့နောက် ရဲများဘက်က လုံခြုံရေးကင်မရာမှတ်တမ်းအလုံးစုံကို အင်တာနက်ပေါ်သို့ဖြန့်ပေးလိုက်သည်။
ကောင်မလေးရဲ့နာမည်ကို ရှင်းလင်းဖို့အတွက် [ဗီဒီယိုနှင့်တကွ]
သတင်းထွက်လာသည်နှင့် တပြိုင်နက် မြန်မြန်ဆန်ဆန်ပင် ပျံ့နှံ့သွားပြန်သည်။
“ဘုရား! ဘုရား! ဒီမိန်းမက ကောင်မလေးကို အရင်စတိုက်ခဲ့တာပေါ့!”
“သူအရင်စလုပ်တာလား!”
“အဲ့ဒီမိန်းမကို ထောင်ချပစ်!”
“ကောင်မလေးက အရမ်းမိုက်တယ်!”
“ဟုတ်သား၊ သူက အေးအေးဆေးဆေးနဲ့ အချိန်ကိုက်ပြန်တောင်ချနိုင်တယ်။”
“ငါတော့ ဟိုမိန်းမကို မုန်းသွားပြီ။”
***
အခန်း ၅၉၅
ရှောင်ဖေးဖေး
“မြင်ပြီမလား? အစောက ကောင်မလေးကိုဆဲနေကြတဲ့လူတွေ အခုကျမရှက်ကြဘူးလား?”
“အစောကဆဲထားတဲ့လူတွေ အခုကောင်မလေးကို ပြန်တောင်းပန်သင့်တယ်မဟုတ်ဘူးလား?”
“တောင်းပန်လိုက်!”
“တောင်းပန်လိုက်!”
လူများစွာမှနေပြီး အစောပိုင်း သက်သေမထွက်လာခင်က ကုနင်းကို ဆဲဆိုခဲ့ကြသူများအား ပြန်တောင်းပန်ရန် တိုက်တွန်းလာခဲ့သည်။
အင်တာနက်ပေါ်တွင် မလိုမုန်းတီးသူများသော်လည်း အများစုသည်တော့ စိတ်အေးအေးနှင့် အမှန်တရားပေါ်ထွက်လာသည်ကို စောင့်ဆိုင်းတတ်ကြလေသည်။
အချိန်တိုလေးအတွင်းတွင်ပဲ ကုနင်းကို ဆဲရေးခဲ့ကြသူအချို့က သူမကို ပြန်တောင်းပန်လာခဲ့သည်။
“မိန်းကလေးအပေါ် ရှုတ်ချရေးခဲ့တဲ့ မှတ်ချက်တွေအတွက် တောင်းပန်ပါတယ်။”
“ငါလဲ တောင်းပန်ပါတယ်။”
……..
“အခုတလော ဘယ်လိုဘာတွေဖြစ်ကုန်တာလဲ? ဘယ်လိုလုပ် သိုင်းပညာကျွမ်းကျင်တဲ့ မိန်းကလေးတွေ ရုတ်တရက် အများကြီး ပေါ်လာကုန်ကြတာလဲ?”
“ဘာ? အများကြီး? ဘာတွေဖြစ်သွားလို့လဲ?”
“ပြောပြပါဦး!”
“ပြောပြပေးပါ!”
ထို့နောက် အင်တာနက်အသုံးပြုသူတစ်ဦးမှနေပြီး သတင်းအပုဒ်များစွာကို ပို့ပေးလာခဲ့သည်။
Dမြို့အဝေးပြေးလမ်းမပေါ်တွင် ကားမတော်တဆမှုဖြစ်ပွား၊ သတ္တိရှိပြီး အင်အားကြီးတဲ့ ကောင်မလေးတစ်ယောက်က ကားဘီးကို လက်ဗလာနှင့် ဆွဲထား! [ပုံနှင့်တကွ]
မြို့တော်တွင် ကောင်လေးတစ်ဦးအား လူတစ်ယောက်က ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့! ကောင်မလေးမှနေပြီး ထိုလူ၏အနောက်ဘက်သို့သွားကာ ဖမ်းဆီး! [ဗီဒီယိုနှင့်တကွ]
Gမြို့တွင် ရွေ့ပြောင်းအလုပ်သမားများစွာနှင့် ကြီးကြပ်ရေးမှူးအဖွဲ့ ပြဿနာဖြစ်ပွား! မိန်းကလေးတစ်ယောက်က သူမတစ်ဦးတည်းနှင့် လုံခြုံရေးတစ်ဖွဲ့လုံးကို အလဲထိုးခဲ့! [ဗီဒီယိုနှင့်တကွ]
သတင်းကြီး! မြူနီစီပါယ်ပါတီကော်မတီ အထွေထွေအတွင်းရေးမှူး ယွင်ကျီစုန့်ကို အစိုးရအဆောက်အဦးအပြင်ဘက်တွင်ပင် အရူးတစ်ယောက် ဓါးနှင့်ဝင်ထိုးမှုဖြစ်ပွား! မိန်းကလေးတစ်ဦးမှနေပြီး ထိုအရူးကိုကန်ထုတ်ကာ သူမ၏တွဲဖက်မှနေပြီး ရာဇဝတ်သားကို ဖမ်းဆီးပေး! [ပုံနှင့်တကွ]
မိန်းကလေးတစ်ယောက် ပရိတ်သတ်ကောင်မလေး၏အသက်ကို လေဆိပ်တွင် ကယ်တင်ပေးခဲ့! [ပုံနှင့်တကွ]
အပေါ်မှသတင်းအားလုံးသည် ပျံ့နှံ့နေပြီးသားဖြစ်ပေမည့် လူတိုင်းကတော့ မကြားဖူးကြသေးပေ။ သို့ပေမည့် ဓါတ်ပုံနှင့် ဗီဒီယိုများထဲမှ မိန်းကလေးသည်တော့ ချက်ချင်းမဆိုင်းပင် နာမည်ကြီးသွားတော့သည်။
“ဘုရားရေ! သူအရမ်းတော်တာပဲ! သေချာက်ပေါက် သိုင်းပညာရှင်တစ်ယောက်ပဲဖြစ်မယ်! ငါ့ကို သိုင်းပညာလာသင်ပေးရန် ဘယ်လောက်တောင် ကောင်းမလဲ။”
“ဝါး! စိတ်လှုပ်ရှားစရာကြီး! ဒါနဲ့ ဒီပုံတွေနဲ့ ဗီဒီယိုတွေထဲက ကောင်မလေးတွေက တစ်ယောက်တည်းများလား?”
“ငါလဲ အဲ့လိုတွေးမိတယ်။”
“သတင်းငါးပုဒ်လုံးမှာ သူ့ပုံတွေပါတယ်! တကယ့်ကို အလှလေးပဲ!”
“ဘုရားရေ!”
“တကယ့် နတ်ဘုရားမတစ်ပါးပဲ!”
“သူ့အကြောင်း သိတဲ့လူတစ်ယောက်ယောက်များမရှိဘူးလား? ငါတော့ သူ့အကြောင်း အရမ်းသိချင်နေပြီ!”
သတင်းမှာ စက္ကန့်ပိုင်းအတွင်းမှာပင် နေရာပေါင်းများစွာသို့ ပျံ့နှံ့လို့သွားခဲ့လေသည်။ စိတ်မကောင်းစွာဖြင့် ကုနင်းသည် အနုပညာရှင်တစ်ဦးမဟုတ်သောကြောင့် Weiboအကောင့်ဖော်ပြထားခြင်းမရှိခဲ့ပေ။ ထိုသို့သာမဟုတ်လျှင် သူမအကောင့်ကိုစောင့်ကြည့်သူပေါင်း များစွာတိုးလာပေလိမ့်မည်။
ချက်ချင်းဆိုသလိုပင်၊ သတင်းများထဲမှ ဆန်းကြယ်သည့်မိန်းကလေးအကြောင်းသည် အင်တာနက်ပေါ်တွင် လူပြောအများဆုံးသတင်းဖြစ်လာခဲ့သည်။ အနုပညာရှင်များအပါအဝင်လူတိုင်း အံ့အားသင့်ကုန်ကြရလေသည်။ အနုပညာရှင်အများစုသည် သူတို့အကြောင်း လူပြောအများဆုံးသတင်းဖြစ်စေရန်အတွက် ငွေဖြင့်ပင် ဝယ်ယူကြရပေမည့် ဤဆန်းကြယ်မိန်းကလေးသည်တော့ သူမကိုယ်တိုင်က ဘာမှမလုပ်လိုက်ရပါဘဲနှင့် ချက်ချင်းလက်ငင်းကို နာမည်ကြီးလာခဲ့ပေသည်။ ထို့အပြင် ထိုဆန်းကြယ်မိန်းကလေး နာမည်ကြီးလာရခြင်းမှာ သူမက အပြစ်မဲ့သည့်လူများစွာကို ကယ်တင်ပေးခဲ့ခြင်းကြောင့် ဖြစ်၍ အင်တာနက်အသုံးပြုသူအများစုမှာ သူမကို အလွန်လေးစား သဘောကျသွားခဲ့သည်။
ဒီလိုကိစ္စမျိုးအတွက် ဘယ်သူကမှ သူတို့ကိုယ်ကိုထိခိုက်ခံမည်မဟုတ်သောကြောင့် သေချာပေါက် လူကြားထဲ ဟန်ပြသည့်လုပ်ရပ်မျိုးဟုတ်မနေပေ။
သတင်းပျံ့သွားပြီးနောက် ချူးဖေ့ဟန်တို့အဖွဲ့လဲ ကုနင်း၏ပြဿနာအကြောင်း သိသွားခဲ့ကာ ထိုနိုင်ငံခြားသူအရူးမ၏လုပ်ရပ်အတွက် အလွန်ဒေါသထွက်ကုန်ကြတော့သည်။ ချူးဖေ့ဟန်လဲ ချက်ချင်းပင် ထိုသတင်းအောက်၌ မှတ်ချက်တစ်ခုကောက်ရေးလိုက်သည်။
“သူကများ ငါ့ဘော့စ်ကိုတိုက်ခိုက်ရဲတယ်! ဟိုနိုင်ငံခြားသူ ငါ့မှတ်ချက်ကို မြင်ရင် Fမြို့ကိုလာပြီး ငါနဲ့ ထိပ်တိုက်လာတွေ့လှည့်!”
ချူးဖေ့ဟန်၏မှတ်ချက် သတင်းထဲသို့ရောက်သွားသည်နှင့် ဆန်းကြယ်မိန်းကလေးသည် Fမြို့ကမှန်း လူတိုင်းသိသွားကြတော့သည်။ ထို့ကြောင့် ချက်ချင်းပင် ချူးဖေ့ဟန်၏အကောင့်ကို တွဲကာ ဆန်းကြယ်မိန်းကလေးအကြောင်း မေးမြန်းကြတော့သည်။
“ဟေ့၊ အဲ့ဒီမိန်းကလေးက fမြို့ကလား? သူ့နာမည် ဘယ်လိုခေါ်လဲ?”
“ဟေ့၊ သူ့ဖုန်းနံပါတ်ကိုကောသိလား?”
“ဟေ့၊ ငါ့တို့ကို သူ့အကြောင်းလေးတွေ ပြောပြပါဦး!”
ချူးဖေ့ဟန်တစ်ယောက် တစ်မိနစ်အတွင်းတွင်ပဲ သူစိမ်းများစွာထံမှ သီးသန့်စာများစွာ လက်ခံရရှိလိုက်တာကြောင့် အလွန်ထိတ်လန့်သွားကာ၊
“ဘုရားရေ! ငါမပြောသင့်တာ တစ်ခုခုများပြောမိသွားတလာလား?!”
“သူတို့က ဘော့စ်အကြောင်း အရမ်းသိချင်နေကြတဲ့အချိန် နင်က ဘော့စ်ကို သိကြောင်းသွားပြောတဲ့အပြင် Fမြို့ကဖြစ်တဲ့အကြောင်းကိုပါ ပြောလိုက်တာကို။ သေချာပေါက် နင့်ကိုလာမေးကုန်ပြီပေါ့!” ဟောင်ရန် ဖြေလိုက်သည်။ ဒီလောက်ရှင်းရှင်းလေးကို ချူးဖေ့ဟန် ဘာလို့များမသိရတာလဲ?
“ငါအခုပဲ မှတ်ချက်ကို ပြန်ဖျက်လိုက်မယ်။” ချက်ချင်း ချူးဖေ့ဟန် သူမ၏မှတ်ချက်ကိုပြန်ဖျက်လိုက်သည်။
“အသုံးမဝင်တော့ဘူး။ နင့်အကောင့်ကို သူတို့တွေသိပြီးနေကြပြီပဲဟာ။” မုခယ်ကပါပြောလိုက်သည်။
“ဒါဆိုလဲ ငါဒီအကောင့်ကိုထပ်မဝင်တော့ဘူးလေ။” ချူးဖေ့ဟန် ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
အစမှအဆုံးအထိ ကုနင်းကိုယ်တိုင် မကိုင်တွယ်လိုက်ရပါဘဲနှင့် အားလုံးဖြေရှင်းလို့ပြီးသွားခဲ့ပေပြီ။ သို့ပေမည့် ရှောင်ဖေးဖေးကတော့ ထိုသတင်းကိုဖတ်ပြီးနောက်တွင်တော့ ကုနင်း၏ထူးချွန်ပြောင်မြောက်မှုများကြောင့် အလွန်ထိတ်လန့်အံ့ဩသွားပေမည့် တစ်ချိန်တည်းတွင်ပဲ ကုနင်းကို လူတိုင်းကလေးစားနေသည်ကိုမြင်ကာ အလွန်မနာလိုဖြစ်သွားခဲ့သည်။
လူတစ်ယောက် မနာလိုစိတ်ဝင်သွားပြီဆိုလျှင် ထိုလူ၏ကြောင်းကျိုးဆက်စပ်တွေးခေါ်နိုင်စွမ်းများလဲ ပျောက်ဆုံးသွားတတ်သည်! ထို့ကြောင့် ရှောင်ဖေးဖေး အကောင့်အသစ်တစ်ခုဖွင့်ကာ ကုနင်း၏သတင်းအောက်တွင် စတင်တိုက်ခိုက်သည့်မှတ်ချက်များရေးတော့သည်။
“အားလုံးပဲ! သူ့ပုံစံကိုကြည့်ပြီး အရူးလုပ်မခံကြပါနဲ့! ဒီကောင်မလေးနာမည်က ကုနင်းလို့ခေါ်တယ်။ ငါက သူနဲ့တစ်ကျောင်းတည်း တက်နေတဲ့လူ။ ကျောင်းမှာဆို တစ်ချိန်လုံးရန်ဖြစ်နေပြီး အတန်းတွေကလဲ အမြဲပျက်သေးတယ်။ လွန်ခဲ့တဲ့နှစ်ဝက်လောက်ကဆို ဘာမှမရှိတဲ့သူဆင်းရဲမပေမယ့် ရုတ်တရက်ကြီး ယွမ်သန်းရာကျော်တောင် ချမ်းသာသွားတာ။ ဒါပုံမှန်မဟုတ်ဘူးလို့ မထင်ကြဘူးလား? အရိပ်အမြွက်: နေ့တိုင်း ယောက်ျားပေါင်းများစွာနဲ့လည်ပတ်နေတတ်တယ်။”
ထိုမှတ်ချက်ထွက်လာသည်နှင့် အင်တာနက်အသုံးပြုသူများအကြား ဗုံးတစ်လုံးပစ်သွင်းလိုက်သကဲ့သို့ အုံကြွလို့သွားတော့သည်။
“တကယ်လား? မဖြစ်နိုင်တာ! ဘယ်လိုလုပ် နှစ်ဝက်တည်းနဲ့ ယွမ်သန်းရာကျော်ရှာနိုင်မှာလဲ? မဖြစ်နိုင်ဘူး။”
“သူကကျောင်းမှာ ရန်အမြဲဖြစ်ပြီး ကျောင်းလဲ တချိန်လုံးပျက်နေတာပေါ့? ဆိုးသွမ်းတဲ့ကောင်မလေးပဲ!”
“ငါတော့မယုံဘူး။”
“တကယ်လား?”
“အမှန်သာဆို၊ ရွံ့စရာကောင်းလိုက်တာ။”
“သူ့ကို နတ်ဘုရားမလို့ထင်ခဲ့တာ။ အခုတော့ ခွေးမတစ်ကောင်တဲ့လား!”
“အန်တောင်အန်ချင်တယ်။”
“ငါကတော့ အမှန်တရားမထွက်လာခင်အထိ ဘာမှမပြောသေးဘူး။”
“ငါရောပဲ။ ဒါသူစိမ်းတစ်ယောက်က ရေးတဲ့မှတ်ချက်တစ်ခုပါပဲ။ ဘယ်သူကမှ အမှန်လား အမှားလားမသိဘူး။”
“ငါကတော့ အမှန်လို့မထင်ဘူး။”
“ငါလဲ မယုံဘူး။ ဘယ်သူကမှ အောင်မြင်ဖို့အတွက်လေးနှင့် လူကြားထဲဟန်ပြတိုက်ပြီး ထိခိုက်အောင် စွန့်စားမှာမဟုတ်ဘူး။”
“အပေါ်က မှတ်ချက်ကိုထောက်ခံတယ်။”
အကျဉ်းချုပ်လိုက်သော်၊ အင်တာနက်အသုံးပြုသူများမှ သုံးပုံတစ်ပုံသည် ယုံကြည်ကြပြီး နောက်သုံးပုံတစ်ပုံသည်တော့ ဘာမှမပြောသေးဘဲနေကာ ကျန်သုံးပုံတစ်ပုံသည်တော့ မယုံကြည်ကြပေ။ မည်သို့ပင်ဆိုစေ အခုလိုအခြေအနေများက ကုနင်း၏ဂုဏ်သတင်းကို ထိပါးလာခဲ့ပေပြီ။
***