← Chapters

အခန်း (၆၁၁-၆၁၅)

Vol. 41 Ch. 611-615

အခန်း (၆၁၁-၆၁၅)

Vol. 41 Ch. 611-615

အခန်း ၆၁၁

ကေရဲ့နာမည်အရင်း

အမှန်ကို လင်းထျန်းယွီသည် တကယ်ပဲအရှက်မဲ့လှပေသည်။ သူသာ ယုကျီ၏သူငယ်ချင်းအစစ်အမှန်ဆိုလျှင်တော့ ထိုသို့အပြောမျိုးမှာ ပုံမှန်သာဖြစ်ပေမည့် ယခုအချိန်တွင် သူသည ယုကျီ၏ ရန်သူပင်ဖြစ်နေပြီမဟုတ်ပါလား။

“လင်းထျန်းယွီ၊ နင့်မှာ အရှက်ဆိုတာ နည်းနည်းလေးတောင်မရှိတော့ဘူးလား? ဘယ်တုန်းက ငါတို့က သူငယ်ချင်းတွေဖြစ်သွားလို့လဲ?” ယုကျီ သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်တော့သည်။

“ယုကျီ၊ ငါတို့ လမ်းခွဲလိုက်ပြီဆိုပေမယ့် သူငယ်ချင်းတွေပဲလေ၊ ဘာလို့ ကိစ္စတွေကို မပြီးလိုက်နိုင်တာလဲ?” လင်းထျန်းယွီ သူကပဲ အပြစ်မဲ့သူတစ်ယောက်ပမာ ယုကျီကိုမေးခွန်းထုတ်လိုက်သည်။

“အိုး၊ ဒါဆို ရှင့်ရဲ့ချစ်သူက ရှင့်ကို သစ္စာဖောက်သွားရင်တောင်မှ သူနဲ့ သူငယ်ချင်းဆက်ဖြစ်နိုင်သေးတယ်ပေါ့? လူကြီးမင်းလင်းက အရမ်းသည်းခံနိုင်စွမ်းကြီးမားတာပဲ!” ကုနင်း ရွဲ့ပြောလိုက်သောကြောင့် လင်းထျန်းယွီ ထပ်ပြီး အရှက်ရသွားရပြန်သည်။

“ဒါပေမယ့် ဘယ်လိုလုပ်မလဲ၊ ကျွန်မက မကောင်းတဲ့လူတွေနဲ့ မိတ်ဆွေမဖြစ်ချင်တဲ့အပြင် သူတို့ကို ရိုက်နှက်ပစ်ချင်နေမိတာ။” ကုနင်း လင်းထျန်းယွီကို အေးစက်စက်ကြည့်ရင်းဖြင့် ပြောလိုက်သည်။

လင်းထျန်းယွီ ကုနင်းကိုတော့ ကြောက်လေသည်။ သူမက JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ ပိုင်ရှင်ဖြစ်ရုံမက သိုင်းပညာရှင်တစ်ယောက်လဲ ဖြစ်သေးသည်မဟုတ်ပါလား။ ထိုအချိန်တွင်ပဲ ယုကျီကို သူလုပ်ခဲ့သည့် ကိစ္စအတွက် ကုနင်း သူ့ကို ဒေါသထွက်နေကြောင်း လင်းထျန်းယွီ နောက်ဆုံးတွင် နားလည်သွားတော့သည်။

“ယုကျီ၊ သွားကြရအောင်!” ကုနင်း ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။

လင်းထျန်းယွီလဲ သူမတို့ကို မတားရဲပဲ ထွက်သွားသည်ကိုသာ လိုက်ပြီးကြည့်နေနိုင်တော့သည်။

“ဘော့စ်၊ သူနင့်ကို တမင်ချဉ်းကပ်ဖို့ ကြံစည်နေတာ သိသာလွန်းတယ်။” လင်းထျန်းယွီ၏ အဓိကပစ်မှတ်မှာ သူမမဟုတ်ကြောင်း ယုကျီသိလိုက်သည်။

ကုနင်းလဲ ထိုအကြောင်းကို သတိထားမိပြီးဖြစ်သောကြောင့် လင်းထျန်းယွီကို ပိုလို့ပင် အထင်သေးသွားခြင်းဖြစ်သည်။

“Charmအမှတ်တံဆိပ် ဈေးကွက်ထဲဝင်လာတာနဲ့ နင့်အကြောင်းကို သူသိသွားလိမ့်မယ်။ အဲ့ဒီအချိန်ဆို နင့်ကိုအရင်က လုပ်ခဲ့မိတဲ့လုပ်ရပ်အတွက် အရမ်းကိုနောင်တရသွားမှာ။” ကုနင်း ဝမ်းသာနေသည့်အပြုံးကြီးဖြင့် ပြောနေလေသည်။

“သူနဲ့လမ်းခွဲလိုက်တာလဲ မကောင်းတာတော့မဟုတ်ဘူး၊ နင့်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်နိုင်တော့ဘူးပေါ့။”

ယုကျီလဲ အခုချိန်တွင် လင်းထျန်းယွီ သူမအပေါ် သစ္စာဖောက်သည့်အတွက် စောစောစီးစီးလမ်းခွဲ နိုင်ခဲ့တာကြောင့် ကံကောင်းသည်ဟု ခံစားနေမိလေသည်။

စားသောက်ဖွယ်ရာများ မှာယူပြီးနောက်တွင်တော့ ကုနင်းကေကို ဖုန်းဆက်ကာ သူမမနက်ဖြန် မြို့တော်သို့လာမည့်အကြောင်း ပြောပြခဲ့သည်။ သူတို့ဘက်ကလဲ သူမဆီမှာ အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်ပြီဆိုလျှင် မြို့တော်တွင် ဆုံကြဖို့ပြောလိုက်သည်။

ကေနှင့်ချန်စန်းယိတို့လဲ အစကတည်းက ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သောကြောင့် ကုနင်းဖုန်းဆက်ပြီးပြီးချင်းတွင်ပဲ မြို့တော်သို့သွားမည့် လေယာဉ်လက်မှတ်ကို ဖြတ်လိုက်ကြသည်။

လင်ရှောင်းထင် ကုနင်းကို ဆက်သွယ်မလာသည်မှာ သုံးရက်ပင်ရှိသွားပြီဖြစ်ကာ ကုနင်းလဲ လင်ရှောင်းထင်တစ်ယောက် တာဝန်ထမ်းဆောင်နေရ၍ သူမကိုမဆက်သွယ်နိုင်ကြောင်း သိလေသည်။ တခါတရံဆိုလျှင် တာဝန်မှာ ရက်ပိုင်းလောက် သို့မဟုတ် လဝက်လောက်ကြာတတ်ပြီး တခါတရံဆိုလျှင်တော့ လပေါင်းများစွာတောင် ကြာနိုင်သေးသည်။

နောက်တစ်နေ့တွင်တော့ ကုနင်း ထုံးစံအတိုင်း ကုမန့်ကို ထန်အိမ်တော်သို့ စောစောစီးစီးပို့ပေးခဲ့ကာ သူမကတော့ လေဆိပ်သို့ချက်ချင်းပြန်ထွက်လာခဲ့သည်။ သူမ၏လေယာဉ်ချိန်မှာ ၁၀နာရီမိနစ်၂၀တွင်ဖြစ်ပြီး မြို့တော်သို့ နေ့လည်၁၂နာရီခွဲလောက်တွင် ဆိုက်ရောက်လေသည်။

ကေနှင့်ချန်စန်းယိတို့သည်တော့ ကုနင်းထက် အရင်ကြိုရောက်နေကြကာ လေဆိပ်တွင်ပဲ သူမကိုစောင့်နေကြသည်။

ကုနင်းလေယာဉ်ပေါ်မှဆင်းသည်နှင့် ကေကို ဖုန်းဆက်ကာ မြန်မြန်ဆန်ဆန်ပင် တွေ့ဆုံလိုက်ကြသည်။

ကုနင်း သူတို့ထံသို့လျှောက်လာချိန်တွင်တော့ ကေရော ချန်စန်းယိပါ ကားပေါ်မှဆင်းလာကြကာ ယဉ်ယဉ်ကျေးကျေးပင်နှုတ်ဆက်လိုက်ကြသည်။

“ဘော့စ်၊ မင်္ဂလာပါ!”

“စန်းယိ၊ အခု ခြေထောက်ဘယ်လိုနေသေးလဲ?” ကုနင်း ချန်စန်းယိ၏ခြေထောက်အခြေအနေကို မေးမြန်းလိုက်သည်။

“တော်တော်လေးကောင်းသွားပါပြီ။” ချန်စန်းယိလဲ ပြုံးပြုံးရွှင်ရွှင်ပင် ပြန်ဖြေလိုက်ကာ၊

“ငါ့ကို ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ မဟုတ်ရင် ငါ့ခြေထောက်တွေ အဖြတ်ခံလိုက်ရမှာ။” တကယ်လဲ ဆရာဝန်က သူ့ခြေထောက်တွေကို ဖြတ်ပစ်ဖို့လိုအပ်ကြောင်းပြောခဲ့ကာ သူကိုယ်တိုင်ကလဲ လက်ခံထားပြီးဖြစ်သည်။ ကံကောင်းစွာဖြင့် ကေက ကုနင်းနှင့်တွေ့ဆုံပေးခဲ့ကာ သူမကလဲ သူ့ကိုကူညီပေးခဲ့လေသည်။

“ကြားရတာဝမ်းသာပါတယ်!”

“ကားထဲဝင်ကြရအောင်!” ကေကပဲ ကုနင်းအတွက် ကားနောက်ခန်းတံခါးကိုဖွင့်ပေးလိုက်သည်။

သူတို့ကားထဲဝင်ပြီးသည်နှင့် ကုနင်းက အကြံပြုလာသည်၊

“အရင်ဆုံး တစ်ခုခုသွားစားကြရအောင်!”

ကုနင်း၏ကုမ္ပဏီဘေးမှ စားသောက်ဆိုင်သို့ပင်သူတို့သွားလိုက်သည်။ ထို့နောက် ကုနင်း ဆေးဝါးထုတ်လုပ်ရေးစက်ရုံသို့မသွားခင် သူတို့ကို လုပ်ငန်းစုအဆောက်အဦးထဲသို့လိုက်ပတ်ပြဖို့ရန်လဲ စဉ်းစားထားခဲ့သည်။

ကားထဲတွင် ကိုယ်ပိုင်ယာဉ်မောင်းတစ်ဦးလဲရှိနေသောကြောင့် သူမတို့လမ်းတစ်လျှောက် စကားမပြောဖြစ်ခဲ့ကြပေ။

“ဒါနဲ့၊ ရှင်တို့လက်ထောက်တစ်ယောက်မှမပါဘဲနဲ့ ဒီကိုလာကြတာလား?” ကုနင်းမေးလိုက်သည်။

“သူတို့က ညမှ ကားနဲ့ရောက်လာကြလိမ့်မယ်။” ကေပြန်ဖြေလိုက်သည်။

ကေရော ချန်စန်းယိပါ မြို့တော်တွင် အခြေချသည့်သဘောနေကြရမည်ဖြစ်သောကြောင့် သူတို့ကားများကိုလဲ ယူထားမှဖြစ်ပေမည်။ Dမြို့နှင့် မြို့တော်သည် အနည်းငယ်အလှမ်းဝေးသောကြောင့် သူတို့ကတော့ လေယာဉ်ဖြင့်သာ လာခဲ့ကြသည်။

သုံးဦးသား စားသောက်ဆိုင်သို့ရောက်သည်နှင့် သီးသန့်ခန်းတစ်ခန်းယူလိုက်ကြသည်။

“ကေ၊ ရှင့်နာမည်အရင်းက ဘာလဲ? ကုမ္ပဏီမှာတော့ ရှင်ဟက်ကာမှန်းသိသွားအောင် ကေလို့ပဲခေါ်နေလို့မရဘူးလေ။” ကေသည် နာမည်ကြီးဟက်ကာတစ်ယောက်ဖြစ်သောကြောင့် ကုနင်း ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

“မူယဲ့၊” ကေပြန်ဖြေလေသည်။

“စားပြီးသွားရင်၊ ရှင်တို့ကို လုပ်ငန်းစုအဆောက်အဦးကို သွားကြည့်ဖို့ခေါ်သွားမယ်၊ ပြီးတော့မှ တိုက်ခန်းဝယ်ဖို့ ကိုယ့်ဘာသာသွားကြည့်ကြပေါ့၊ ကုမ္ပဏီဘက်ကပဲ အကုန်အကျခံပေးလိမ့်မယ်။”

ကေရော ချန်စန်းယိပါ သူမကိုယ်တိုင်ခန့်အပ်ထားသည့် အရည်အချင်းမြင့်မားသည့် ဝန်ထမ်းများဖြစ်သောကြောင့် သူတို့အတွက် အခြားလူများနှင့်ကွဲပြားသည့် အကျိုးခံစားခွင့်များပေးရပေမည်။

“ကောင်းပြီလေ။”

ကေရော ချန်စန်းယိပါ ကုနင်း၏အပြောကိုမငြင်းဆိုကြပေ။ သူတို့နှစ်ယောက်လုံးတွင် ငွေပေါများပေမည့် ကုနင်း၏စေတနာကိုတော့ မငြင်းပယ်ချင်သောကြောင့် လက်ခံလိုက်ကြခြင်းဖြစ်သည်။

စားသောက်ပြီးနောက် ကုနင်းပြောထားသလိုပဲ ကေနှင့်ချန်စန်းယိကို လုပ်ငန်းစုအဆောက်အဦးသို့ခေါ်သွားပြကာ ကျန်းရွှင်းကျဲ့ကိုပါ သွားတွေ့ခဲ့သည်။

“မင်္ဂလာပါ ဘော့စ်။”

“ရွှင်းကျဲ့၊ သူက ချန်စန်းယိ၊ အမှုဆောင်ဥက္ကဌဖြစ်လာမယ့်သူ။ သူကတော့ မူယဲ့ သတင်းအချက်အလက်ဌာနရဲ့ ဒါရိုက်တာပဲ။” ကုနင်း ကျန်းရွှင်းကျဲ့ကို မိတ်ဆက်ပေးပြီးနောက် ကေနှင့် ချန်စန်းယိတို့ဘက်လှည့်ကာ၊

“သူကတော့ ကျန်းရွှင်းကျဲ့၊ ကျွန်မရဲ့လုပ်ငန်းစုနာမည်အောက်က အိမ်ခြံမြေကုမ္ပဏီဥက္ကဌရဲ့အတွင်းရေးမှူးပဲ။”

ကုနင်း၏မိတ်ဆက်ပေးမှုကြောင့် ကျန်းရွှင်းကျဲ့ ချက်ချင်းပင် လေးစားမှုအပြည့်ဖြင့် နှုတ်ဆက်လိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်၊ ဥက္ကဌချန်၊ ဒါရိုက်တာမူ။”

“တွေ့ရတာဝမ်းသာပါတယ်။”

“ကျွန်မရဲ့ရုံးခန်းကတော့ ၁၈လွှာမှာ၊ ရှင်တို့ကတော့ ၁၇လွှာကိုသုံးလို့ရတယ်။”

“အရင်ဆုံးသွားကြည့်လိုက်ပြီး ရှင်တို့လိုချင်တဲ့ ရုံးခန်းပုံစံကို ဒီဇိုင်နာကိုပြောလိုက်ပါ။ တခြားတစ်ခုခုလိုအပ်တာရှိရင်တော့ ရွှင်းကျဲ့ကိုပြော။”

“ကောင်းပြီ။” ချန်စန်းယိနှင့် ကေလဲ ကုနင်းပြောသည့်အတိုင်း ကျန်းရွှင်းကျဲ့နှင့်အတူ ၁၇လွှာသို့တက်သွားခဲ့သည်။

ကုနင်းကတော့ လုပ်စရာကိစ္စရှိနေသေးသောကြောင့် ထွက်သွားပေပြီ။

ကုနင်း ဓါတ်လှေကားထဲမှ ထွက်လာသည့်အချိန်တွင်ပဲ အပြင်ဘက်မှ ဝင်လာသည့် စုန့်မန်နီနှင့် တွေ့လိုက်ရသည်။

စုန့်မန်နီကတော့ ကုနင်းကို ဤနေရာတွင် မြင်လိုက်ရသောကြောင့် အံ့ဩသွားကာ၊

“ဟိုင်း၊ ဘော့စ်၊ ဘယ်တုန်းကဒီကိုရောက်နေတာလဲ?”

“နေ့လည်ကပဲ၊ အခုတောင် လုပ်စရာရှိသေးလို့ သွားတော့မှာ။”

“ညနေစာအတူတူစားလို့ရမလား?” စုန့်မန်နီမေးလိုက်သည်။

“ရတာပေါ့။”

“ကျွန်မ လူတစ်ယောက်ပါခေါ်ခဲ့မယ်။ ရှင်တို့လဲ တွေ့ထားလို့ရတာပေါ့။ ဒါဆို ညနေမှ ဟွမ်းဒင်ဟိုတယ်မှာတွေ့ကြတာပေါ့။”

ကုနင်းသည် ညစာစားဖို့အတွက်ကိုတောင် သူမအဖေ၏ဟိုတယ်ကိုရွေးထားသောကြောင့် ထက်မြက်သည့် စီးပွားရေးသမားတစ်ယောက်မှန်း သိသာလှပေသည်။

***

အခန်း ၆၁၂

အနာဂါတ်ခယ်မလေး

ကုနင်း ညနေစာစားချိန်တွင် စုန့်မန်နီနှင့်တွေ့ပေးမည့်သူမှာ နဉ်ချန်ခိုင်ဖြစ်သည်။ သူမလုပ်ငန်းခွဲများမှ မန်နေဂျာများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုရှိထားကြရန်လိုအပ်ပေသည်။

“ရတာပေါ့။” စုန့်မန်နီပြန်ဖြေလိုက်သည်။

ထို့နောက် ကုနင်း တက္ကစီတစ်စီးငှားကာ ဆေးဝါးစက်ရုံသို့သွားလိုက်သည်။ လမ်းတွင်တော့ သူမ လုရှောင်းကို ဖုန်းဆက်ကာ ညနေစာအတူလာစားရန်အတွက် ဖိတ်ခေါ်ိုက်သည်။ လုရှောင်းသည် လင်ရှောင်းထင် တာဝန်ချပေးမှုကြောင့် ရောက်လာသူဖြစ်သော်လည်း သူမအတွက် အလုပ်လုပ်ပေးနေခြင်းသာဖြစ်သောကြောင့် သူတို့တစ်ယောက်ကို တစ်ယောက် တွေ့ဖူးထားဖို့လိုပေသည်။

ကုနင်း မြို့တော်ကိုရောက်နေကာ သူ့ကိုပါ ညနေစာစားဖို့ ဖိတ်ကြားလာသည်ကို ကြားလိုက်ရချိန်တွင် ကုနင်းအကြောင်း အရမ်းသိချင်နေမိသည် လုရှောင်းတစ်ယောက် အလွန်စိတ်လှုပ်ရှားသွားတော့သည်။ သူ့ဘော့စ်၏ နှလုံးသားကို ခိုးယူနိုင်သည့် မိန်းကလေးမှာ ဘယ်လိုမိန်းကလေးမျိုးဖြစ်မှန်း သိချင်နေသောကြောင့် ချက်ချင်းပင် သဘောတူလိုက်လေသည်။

ကုနင်းဆေးဝါးစက်ရုံသို့ ရောက်ချိန်တွင် ညနေ၄နာရီထိုးခါနီးနေပြီဖြစ်သည်။

ဆေးများနှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်မှုမှာ ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်ကာ ဈေးကွက်ထဲတင်သွင်းဖို့ရန် ဆေးဝါးစစ်ဆေးမှုရလဒ်ကို စောင့်နေရုံသာရှိတော့လေသည်။

မနေ့မနက်ခင်းပိုင်းတုန်းက နဉ်ချန်ခိုင်ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနသို့ နမူနာထုတ်ကုန်များသွားပို့ထားရန် ကုနင်းပြောထားပြီးဖြစ်သောကြောင့် ရလဒ်ထွက်လာဖို့ တစ်ရက် နှစ်ရက်လောက် စောင့်ရပေမည်။

နဉ်ချန်ခိုင်၏ စီးပွားရေးပြန်လည်ပတ်မှုကို တစ်စုံတစ်ယောက်က ရပ်တန့်နေစေလိုကြောင်း ကုနင်းနားလည်ထားလေသည်။ အစပိုင်းတွင်တော့ ကုနင်း သူမအဆက်အသွယ်ကို အသုံးပြုကာ နဉ်ချန်ခိုင်ကို ကူညီပေးချင်ပေမည့် ပြဿနာဖြစ်လာသည်အထိထားပြီးကာမှ နောက်ကွယ်မှလူကို ရှာခြင်းက ပိုပြီးကောင်းမည်ဟု သူမတွေးမိသွားသည်။

လွယ်လွယ်ကူကူနှင့် စစ်ဆေးမှုကို ဖြတ်ကျော်သွားနိုင်လျှင်တော့ အကောင်းဆုံးသောရလဒ်ဖြစ်လာမည်ဖြစ်ပေမည့် ထိုသို့မဟုတ်လျှင်တော့ နောက်ကျောဓါးနှင့်ထိုးနေသူကို ကုနင်း ကိုယ်တိုင်ရှာဖွေပေမည်။

ဒီနေ့သည် ဆေးစစ်ဆေးမှုပြုလုပ်သည့် နှစ်ရက်မြောက်နေ့ဖြစ်ကာ ရလဒ်ကိုတော့ အနည်းဆုံးမနက်ဖြန်ဆိုလျှင် သိနိုင်ပေလိမ့်မည်။

သူတို့တွင် ယခုအထိ ခွင့်ပြုချက်တရားဝင်မရသေးသော်လည်း ကုနင်း သူမ၏ဆေးများမှာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း သိထားပြီးဖြစ်သောကြောင့် နဉ်ချန်ခိုင်ကို အရင်ဆုံး အလှကုန်ပစ္စည်းထုတ်လုပ်ရေးကို ဆက်လက်လုပ်ဆောင်ထားရန် ပြောလိုက်သည်။ ထိုပစ္စည်းများကို Kamei အလှပြင်ဆိုင်တွင် တင်ထားအသုံးပြုမည်ဖြစ်သည်။

နဉ်ချန်ခိုင်သည်လဲ ကုနင်းကို ယုံကြည်သောကြောင့် သူမ၏အမိန့်အတိုင်းသာ လိုက်နာဆောင်ရွက်လေသည်။

ညနေ၅နာရီခွဲချိန်တွင်တော့ ကုနင်း နဉ်ချန်ခိုင်ကိုပါ ခေါ်ဆောင်ကာ နဉ်ချန်ခိုင်၏ကားဖြင့်ပင် ဟွမ်းဒင်ဟိုတယ်သို့ ထွက်လာခဲ့လေသည်။ ချိန်းဆိုထားချိန်မှာ ညနေ၆နာရီမှဖြစ်သောကြောင့် သူတို့နောက်မကျနိုင်ပေ။

လမ်းတွင်တော့ ကုနင်း လုရှောင်းကိုပါ ဖုန်းဆက်ကာ သီးသန့်ခန်းနံပါတ်ကို ပြောပြလိုက်သည်။ လုရှောင်းစောရောက်နေပါက အရင်ဆုံး သီးသန့်ခန်းထဲမှာ သူမတို့ကို စောင့်နိုင်ပေသည်။

လုရှောင်းကတော့ သေချာပေါက် ကုနင်းကို ပြန်စောင့်ခိုင်းမနေရဲသောကြောင့် စောစောရောက်နေခဲ့ပေမည့် ကုနင်းကို အရင်ဆုံးမြင်ချင်တာကြောင့် သီးသန့်ခန်းသို့မသွားဘဲ ဟိုတယ်ခန်းမထဲ၌သာ စောင့်နေခဲ့သည်။ ကုနင်း အခုထိ လမ်းမှာပဲရှိသေးကြောင်းသိသောကြောင့် သူ ခန်းမထဲတွင်သာ စောင့်နေမည့်အကြောင်းကိုလဲ ပြောလိုက်သည်။

လမ်းကြပ်နေသောကြောင့် ကုနင်းနှင့် နဉ်ချန်ခိုင်တို့ မိနစ်၄၀ကြာပြီးမှသာ ဟိုတယ်သို့ရောက်လာကြသည်။ လုရှောင်းသည်တော့ ကုနင်းထက် ၁၀မိနစ်စောကာ ရောက်နေလေသည်။

ကုနင်း ဟိုတယ်သို့ရောက်သည်နှင့် လုရှောင်းထံဖုန်းဆက်လိုက်လေသည်။

လုရှောင်း၏ဖုန်းမြည်သံကြောင့် ကုနင်းအသံလာရာအတိုင်း လိုက်ကြည့်လိုက်ချိန်တွင် ခန်းမထဲရှိ ခန့်ညားသည့် အမျိုးသားတစ်ယောက်ဆီသို့ ရောက်ရှိသွားခဲ့သည်။ တစ်ချိန်တည်းတွင်ပဲ လုရှောင်းသည်လဲ ဖုန်းဆက်နေသူကို လိုက်ရှာလိုက်သောကြောင့် ချက်ချင်းပင် ကုနင်းနှင့် မျက်လုံးချင်းဆုံသွားတော့သည်။ လုရှောင်းကတော့ အစကတည်းက သူ့ဘော့စ်၏ကောင်မလေးမှာ သေချာပေါက် အလွန်လှပမည်ဟု ခန့်မှန်းထားပြီးဖြစ်သောကြောင့် ကုနင်းကို မြင်လိုက်ရချိန်တွင် မှင်သက်သွားသည်အထိ မဖြစ်မိသော်လည်း သူ၏အနာဂါတ်ခယ်မလေးက တကယ်ကိုလှလွန်းသည်ဟုတော့ တွေးမိစဲပင်။

သူတို့အချင်းချင်းတွေ့သွားကြပြီဆိုသော်လည်း ကုနင်း ချက်ချင်းဖုန်းမချလိုက်သေးဘဲ သေချာအောင် အတည်ပြုလိုက်ကာ လုရှောင်းကလဲ သူမဖုန်းကို ပြန်ဖြေလာသည်။ သူတို့တွေ့နေသည့်လူမှန်ကြောင်း သေချာသွားချိန်မှသာ ဖုန်းချလိုက်ကြပြီး လုရှောင်းလဲ ချက်ချင်းပင် ကုနင်းရှိရာသို့ လျှောက်လာကာ၊

“တွေ့ရတာဝမ်းသာပါတယ်၊ ခယ်မလေး!”

လုရှောင်း သူမကို ခေါ်လိုက်သည့် အခေါ်အဝေါ်ကြောင့် ကုနင်းအံ့ဩသွားမိသလို ထိုသို့ခေါ်ခြင်းခံလိုက်ရသည့်အတွက်လဲ ပျော်ရွှင်သွားရသည်။ သို့ပေမည့် အခြားလူများရှေ့တွင်တော့ ထိုသို့ခေါ်ဝေါ်ခြင်းက မသင့်တော်လှသောကြောင့်၊

“လူတွေကြားထဲမှာဆိုရင်တော့ ကျွန်မကို မိန်းကလေးကု ဒါမှမဟုတ်ရင် တခြားလူတွေ ခေါ်သလို ဘော့စ်လို့ပဲခေါ်ပါ။”

“ကောင်းပါပြီ၊ ဘော့စ်။”

“မိတ်ဆက်ပေးရဦးမယ်။ ဒီဘက်က ကျွန်မလုပ်ငန်းစုနာမည်အောက်က ဆေးဝါးကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ နဉ်ချန်ခိုင်ပါ။ ဒီဘက်ကတော့ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ လုရှောင်း။”

သူတို့လဲ အချင်းချင်း နှုတ်ဆက်လိုက်ကြကာ အပေါ်ထပ်သို့တက်လာခဲ့ကြသည်။

“ဘော့စ်က ဘယ်လိုမိန်းကလေးမျိုးလဲ ငါအရမ်းသိချင်နေမိတာ၊ ဘယ်လိုများ ငါ့ဘော့စ်ရဲ့ နှလုံးသားကို ခိုးယူသွားနိုင်တာလဲပေါ့။ သူ့ကိုဆွဲဆောင်နိုင်တဲ့ မိန်းကလေးတစ်ယောက်တောင် မတွေ့ဖူးဘူး။ ဒီနေ့တွေ့လိုက်ရတော့မှ ဘာကြောင့်မှန်း နားလည်သွားတော့တယ်။ မင်းက ငယ်ရွယ်ပြီး လှပတာဆိုတော့ မင်းရဲ့ဆွဲဆောင်နိုင်စွမ်းကနေ ဘယ်ယောက်ျားမှ ရုန်းထွက်နိုင်မှာမဟုတ်လောက်ဘူး။” လုရှောင်းသည် ပြောဆိုဆက်ဆံရေးကောင်းမွန်သူဖြစ်ကာ အထူးသဖြင့် သူ၏အနာဂါတ်ခယ်မလေးနှင့်ဆိုလျှင် ပိုပြီး ကောင်းမွန်သည့် ဆက်ဆံရေးမျိုး ရှိသင့်သည်မဟုတ်ပါလား။

“အို! ဒီတော့ ရှင့်ဘော့စ် ကျွန်မကို ချစ်မိသွားတာ ကျွန်မက ငယ်ပြီး လှနေတာကြောင့်လေးပဲပေါ့?”

ထိုစကားကြောင့် လုရှောင်း အလျင်စလိုပြန်ရှင်းရတော့သည်။

“မဟုတ်တာ! ဘော့စ်က လူတစ်ယောက်ရဲ့သွင်ပြင်ကိုပဲ ကြည့်ပြီးဘယ်တော့မှ မဆုံးဖြတ်ဘူး။ မင်းရဲ့ထူးချွန်တဲ့ အရည်အချင်းကြောင့် ဘော့စ်က သဘောကျသွားတာပဲဖြစ်ရမယ်။”

ကုနင်း ပြုံးသာပြုံးလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ သူမလဲ အစကတည်းက ပြန်စနောက်လိုက်ခြင်းမဟုတ်ပါလား။

သူမတို့ သီးသန့်ခန်းထဲဝင်သွားချိန်တွင်တော့ ကေ၊ ချန်စန်းယိ၊ စုန့်မန်နီ နှင့် ချန်ရွှင်းကျဲ့တို့ ရောက်ရှိလို့နေပြီဖြစ်ကာ ကုနင်းဝင်လာသည်နှင့် ချက်ချင်းပင် မတ်တပ်ရပ်လိုက်ကြပြီး လေးစားမှုကို ပြသကြလေသည်။

ထို့နောက် ကုနင်းကပဲ ထပ်ပြီး သူတို့ကို ပြန်မိတ်ဆက်ပေးလိုက်သည်။

စားပွဲတွင် ထိုင်နေကြသူအားလုံးကို နဉ်ချန်ခိုင်သိပြီးနောက်တွင်တော့ ကုနင်းက စီးပွားရေးအင်ပါယာကြီးတစ်ခုကို တည်ဆောက်လိုနေကြောင်း နားလည်သွားခဲ့သည်။ သူအတော်လေးထိတ်လန့်သွားပေမည့် ကုနင်းကို ပိုလို့ပင် ယုံကြည်လာခဲ့ပေသည်။

အခု အခန်းထဲတွင်ရှိနေသည့် လူတိုင်းမှာ ကုနင်း၏လုပ်ငန်းစုမှ အဓိကမန်နေဂျာကြီးများဖြစ်ကြလေသည်။ သို့ပေမည့် ယနေ့တွင် တက်ရောက်ခဲ့ခြင်းမရှိသေးသည့် အခြားသော အဓိကမန်နေဂျာများလဲ ရှိလို့နေသေးသည်။

ထိုအချိန်တွင်ပဲ ကုနင်း ချန်တရုန်ကို တွေးမိသွားပေမည့် အခုချိန်မှာ ခေါ်ဖို့ရန်က နောက်ကျသွားပြီဖြစ်သောကြောင့် ကုနင်း လက်လျှော့လိုက်ကာ နောက်နေ့မှသာ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သို့ သွားရန် ဆုံးဖြတ်လိုက်တော့သည်။

ထို့အပြင် ပန်းခြံ၏ရေကန်အောက်ခြေတွင် ရှိနေသည့် ရှေးဟောင်းပစ္စည်းသတ္တာအကြောင်းကိုလဲ ကုနင်းမမေ့သေးဘဲ မှောင်သည့်အခါမှ သွားရောက်ဆယ်ယူရန် အစီအစဉ်ချထားလိုက်သည်။

စားသောက်နေကြစဉ်အတွင်း အားလုံးအဆင်ပြေပြေရှိနေကြကာ ဘယ်သူကမှ ကုနင်း၏အလေးပေးမှုကို ပိုရရန်အတွက် ယှဉ်ပြိုင်ခြင်းမရှိပေ။ သူတို့အားလုံး အနာဂါတ်တွင်တော့ ပြောင်းလဲသွားကြမလားဆိုသည်ကိုတော့ ကုနင်း သေချာပေါက်မသိပေမည့် သူတို့အားလုံး ကုနင်းအပေါ် ကျေးဇူးကြွေးတင်ထားကြပေသည်။ သူတို့တွင် ကျေးဇူးသိတတ်သည့် စိတ်လေးရှိနေသေးသ၍ ကုနင်း၏ စီးပွားရေးပျက်စီးစေရန်အတွက် အချင်းချင်း အကျိုးအမြတ်အတွက် တိုက်ခိုက် ရန်ဆောင်ကြလိမ့်မည်မဟုတ်ပေ။ ထို့အပြင် သူတို့အားလုံးသည် မတူညီသည့်နယ်ပယ်များတွင် လုပ်နေကြခြင်းလဲဖြစ်သေးသည်။

***

အခန်း ၆၁၃

ရေကန်အောက်ခြေမှ ရှေးဟောင်းပစ္စည်းများ

ညစာစားပြီးနောက် အားလုံး လူစုခွဲလိုက်ကြသည်။ ချန်စန်းယိနှင့် ကေသည်တော့ အချိန်တစ်ခုအထိ ဟိုတယ်တွင်ပဲ နေကြရဦးဖြစ်ဖြစ်ကာ ကုနင်းသည်တော့ လင်ရှောင်းထင်၏အိမ်သို့ပြန်ခဲ့သည်။

သူမမထွက်သွားခင်တော့ ကြော်ညာဓါတ်ပုံနှင့်ဗီဒီယိုများကို ကေအားပေးခဲ့သေးလေသည်။

အခုထိအစောကြီးရှိသေးကာ ရေကန်အနားတွင် လူများစွာ အနားယူနေကြဦးမည်ဖြစ်သောကြောင့် ည၁၁နာရီကျော်မှသာ သွားရန် ကုနင်း အစီအစဉ်ဆွဲထားသည်။

ကုနင်း လင်ရှောင်းထင် အိမ်သို့ရောက်သွားချိန်တွင် လင်ရှောင်းထင်ရှိမနေတာကြောင့် သူမတစ်ယောက်တည်း အထီးကျန်သလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူမဖုန်းကို ထုတ်လိုက်ကာ လင်ရှောင်းထင်ကို ဖုန်းဆက်ရန်တွေးလိုက်ပေမည့် သူအခုထိ တာဝန်ထမ်းဆောင်နေရစဲဖြစ်ကြောင်း ပြန်တွေးမိသွားကာ ဖုန်းကိုပြန်ချထားလိုက်တော့သည်။ တစ်ချိန်တည်းတွင်ပဲ လင်ရှောင်းထင် အန္တရာယ်ကင်းပါ့မလားဆိုကာ စိုးရိမ်နေမိပြန်သည်။

ကုနင်း အရင်ဆုံးရေချိုးခန်းထဲသို့သွားကာ ရေကူးပြီးလျှင် စိုနေမည်ဖြစ်သောကြောင့် ရေစိုခံ အဝတ်အစားများကို ဝတ်ဆင်လိုက်သည်။ ထို့နောက် အပေါ်မှနေကာ သိုးမွေးကုတ်အင်္ကျီအရှည်တစ်ထည်ကို ထပ်ကာဝတ်ဆင်လိုက်သည်။ ရေစိုခံဝတ်စုံသည် အနက်ရောင်ဖြစ်သောကြောင့် သာမာန်ဆွယ်တာတစ်ထည်နှင့် ကွာခြားသည်ဟု ဘယ်သူကမှ ထင်မိကြလိမ့်မည်မဟုတ်ပေ။

ည၁၁နာရီခွဲသည်နှင့် ကုနင်း တက္ကစီတစ်စီးငှားကာ ပန်းခြံနားမှ ဟိုတယ်တစ်ခုသို့သွားလိုက်ပြီးမှ ပန်းခြံသို့ပြန်ကာ လမ်းလျှောက်လာခဲ့သည်။

ထိုအချိန်၌ ပိုင်ဟိုင်ပန်းခြံတွင် လူအနည်းစုသာရှိတော့သည်။ ပိုင်ဟိုင်ပန်းခြံသည် မြို့လည်ခေါက်တွင်တည်ရှိခြင်းဖြစ်ပေမည့် ကုနင်းအတွက်တော့ ဘယ်သူမှ မမြင်လောက်မည့် နေရာတစ်နေရာကို ရှာဖို့ရန်က မခက်ခဲလှပေ။

သူမပိုင်ဟိုင်ပန်းခြံထဲသို့ဝင်သည့်အချိန်တွင် နှာခေါင်းစည်းကို ဝတ်ဆင်ထားခဲ့သည့် အချိန်ကာလကလဲ အေးနေစဲဖြစ်သောကြောင့် လူတိုင်းနှာခေါင်းစည်းဝတ်ဆင်ကြ၍ အထူးအဆန်းဖြစ်မနေပေ။

ရှေးဟောင်းပစ္စည်းသတ္တာကို တွေ့ခဲ့ရသည့်နေရာသို့ ကုနင်း သွားလိုက်ကာ သူမရေထဲဆင်းဖို့ရန်အတွက် အခြားလူများမမြင်နိုင်မည့်နေရာကို ရှာလိုက်သည်။ ထို့နောက် အပေါ်ထပ်ကုတ်အင်္ကျီကို ချွတ်ကာ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထည့်သိမ်းလိုက်ပြီးနောက် အသံမထွက်စေရန် ဖြည်းဖြည်းချင်း ရေထဲသို့ဆင်းသွားလိုက်သည်။

သူမ၏မှော်စွမ်းအားကြောင့် ရေထဲတွင်လဲ အသက်ရှူနိုင်၍ ရှေးဟောင်းပစ္စည်းသတ္တာရှိရာသို့ တန်းပြီးကူးခတ်သွားနိုင်လေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သတ္တာကို ရှာတွေ့သွားခဲ့ကာ စိတ်စွမ်းအင်အာကာပြင်အတွင်းသို့ထည့်သိမ်းလိုက်ပြီး ကန်ဘောင်ပေါ်သို့ပြန်တက်လာခဲ့သည်။

ကန်ဘောင်ပေါ်သို့ရောက်သည်နှင့် ချုံပုတ်တစ်ခုနောက်သို့သွားကာ ကုတ်အင်္ကျီကို ထုတ်ဝင်လိုက်ပြီးမှ ထွက်လာခဲ့သည်။ သို့ပေမည့် ထိုအချိန်တွင်ပဲ အရက်မူးနေသည့် လူငယ်သုံးယောက် သူမအနားသို့ဝိုင်းလာကြသည်။ ထိုသုံးယောက်ကို ကြည့်ရသည်မှာ အရက်အိုးထဲပြုတ်ကျထားသလားဟုပင်ထင်မှတ်ရအောင် အနံ့ဆိုးများပင်ထွက်နေကာ အမူးလွန်နေကြပုံပင်။

“အိုး! မိန်းမလှလေးပါလား! ဒီလောက်နောက်ကျနေတာကို ဘာလို့ အပြင်မှာရောက်နေတာလား? အထီးကျန်နေလို့လား? ငါတို့နဲ့အတူ လိုက်ပျော်ပါ့လား?”

“လာခဲ့ပါ!”

ထိုသုံးယောက်လုံးအလွန်မူးနေသောကြောင့် ကုနင်းလဲ သူတို့နှင့် စကားမများလို၍ ထွက်သွားဖို့လုပ်လိုက်ပေမည့် ထိုလူများကတော့ လက်မလျှော့ဘဲ သမူကိုတားလိုက်ကြသည်။

“ငါ့လမ်းကနေဖယ်ကြစမ်း!” ကုနင်း အေးစက်သည့်လေသံဖြင့် သတိပေးလိုက်သည်။

နွေဦးရာသီရောက်နေပြီဖြစ်ပေမည့် ကုနင်း သူတို့ကိုအေးစက်စက်ကြည့်လိုက်ချိန်တွင် ရာသီဥတုကပင် ပို၍အေးလာသလို။ သို့ပေမည့် သူတို့ကတော့ ရာသီဥတုကြောင့် အေးသည်ဟုသာ တွေးမိကာ ကုနင်း၏အကြည့်ကို အာရုံမရသောကြောင့် လုံးဝမဖယ်ပေးကြပေ။

“အဲ့လောက်မရိုင်းပါနဲ့။ လာပါ သွားပျော်ကြရအောင်!”

ကုနင်း ထိုလူများကို ထိုးပစ်တော့မည့်အချိန်တွင်ပဲ သူတို့အနားတွင် ရုတ်တရက်ဆိုသလို Maseratiကားတစ်စီး ထိုးရပ်လာခဲ့သည်။ ကားထဲမှ အမျိုးသားတစ်ယောက် ထွက်လာပြီးနောက် အမူးသမားများကို ဆဲဆိုလိုက်သည်။

ထိုလူက ကုနင်းကို ကာကွယ်ပေးလိုက်ခြင်းဖြစ်သည်။ သို့ပေမည့် ထိုလူ၏မျက်နှာကို ကုနင်းမြင်လိုက်ရချိန်တွင်တော့ အစောကထက်ပင် ပိုလို့တောင် ဒေါသထွက်လာတော့သည်။ ထိုလူမှာ သူစိမ်းတစ်ယောက်မဟုတ်ဘဲ ချီကျီယွဲ့ဖြစ်လို့နေပေသည်။ ကုနင်းလဲ ချက်ချင်းပင် ချီကျီယွဲ့အပေါ် သူမ၏မုန်းတီးမှုများကို ကြိုးစားမြိုသိပ်ရင်း စိတ်ကို ပြန်လည်တည်ငြိမ်စေလိုက်သည်။

“သ-သခင်လေးချီ။”

အမူသမားများ ချီကျီယွဲ့ကို သတိထားမိသွားသည်နှင့် ချက်ချင်းဆိုသလိုပင် နိုးနိုးကြားကြားဖြစ်သွားကာ ရိုသေလေးစားမှုအပြည့်ဖြင့် နှုတ်ဆက်လိုက်ကြသည်။

ချီကျီယွဲ့သည် အလွန်မာနကြီးကာ မြို့တော်မှ အဆင့်အတန်းမြင့်မားသူတစ်ဦးလဲ ဖြစ်သောကြောင့် သူ၏နောက်ခံအင်အားကြီးမှုအကြောင်းကို လူများစွာသိထားကြလေသည်။ အခုချိန်တွင်တော့ ချီကျီယွဲ့သည် မြို့တော်မှ ထန်မိသားစုပိုင် လုပ်ငန်းစု၏ အထွေထွေမန်နေဂျာတစ်ယောက် ဖြစ်နေသလို ထန်ယရှင်း၏ ချစ်သူလဲ ဖြစ်နေသေးသည်။ ထို့အပြင် သူတို့နှစ်ဦးသည် စေ့စပ်ကြောင်းလမ်း ထားကြပြီးသားလဲ ဖြစ်သေးသည်။ သူတို့သာ လက်ထပ်လိုက်ည်နှင့် ချီကျီယွဲ့၏အဆင့်အတန်းမှာ ပိုလို့ပင် မြင့်မားသွားပေဦးမည်။

ထန်ယရှင်းသည် စီးပွားရေးတစ်ခုဘယ်လိုလုပ်ဆောင်ရမလဲဆိုသည်ကို မသိသလို ထန်ပင်းစန်ကလဲ သူ၏ပိုင်ဆိုင်မှုများကို သူ့ညီအစ်ကိုများနှင့် ဝမ်းကွဲမောင်နှမများထံသို့ သေချာပေါက် လွှဲပြောင်းပေးမည့်သူမဟုတ်သောကြောင့် ထန်ယရှင်းနှင့် ချီကျီယွဲ့လက်ထပ်ပြီးသည်နှင့် ချီကျီယွဲ့သာ ထန်မိသားစုပိုင်လုပ်ငန်းစု၏ ဥက္ကဌဖြစ်လာပေလိမ့်မည်။ ထန်ပင်းစန် အနားယူသွားသည့်အချိန်တွင်တော့ ထန်ယရှင်းကပဲ အမွေအားလုံးကိုဆက်ခံကာ ထိုအမွေများမှာ ချီကျီယွဲ့၏လက်ထဲပင် ကျရောက်သွားပေမည်။

ဒါတွေကတော့ အပြင်လူတွေဘက်ကအတွေးများသာ ဖြစ်လေသည်။ ထန်ယရှင်းသည် ထန်မိသားစု၏တစ်ဦးတည်းသောကလေးဖြစ်သော်လည်း ထန်ပင်းစန်ကတော့ သူ့ပိုင်ဆိုင်မှုများကို မျိုးရိုးနာမည်ပင်မတူသည့်တခြားလူတစ်ယောက်ကို လွှဲပြောင်းပေးဖို့ရန်အထိ သဘောထားပြည့်ဝသူတစ်ယောက်မဟုတ်ပေ။ ထို့အပြင် ထန်ပင်းစန်တွင် သူအမှန်တကယ်ချစ်မြတ်နိုးသည့် သားတစ်ယောက်လဲ ရှိနေသေးသည်။ ထို့အတွက်ကြောင့် သူ၏ပိုင်ဆိုင်မှုများကို သူချစ်ရသည့် သားအရင်းကိုသာ ပိုင်ဆိုင်ခွင့်ပေးပေလိမ့်မည်။

ထိုလျှို့ဝှက်ချက်ကို ဘယ်သူမှ မသိဘဲ ချီကျီယွဲ့နှင့် ထန်ယရှင်းတို့သားအမိဆိုလျှင် ပိုလို့တောင် သိခွင့်မရထားသည့် လျှို့ဝှက်ချက်ဖြစ်လေသည်။ အကယ်၍ သူတို့သာသိသွားခဲ့ပါက ထန်ပင်းစန်အတွက် အလုပ်ကိုကြိုးကြိုးစားစား လုပ်ပေးနေကြမည်မဟုတ်ဘဲ ထန်အိုက်နင်း လုပ်ပေးခဲ့သည့် ကိစ္စများကို ဖော်ထုတ်ပစ်ကြပေလိမ့်မည်။ ထိုသို့သာဆိုလျှင်တော့ ထန်မိသားစုပိုင်ကုမ္ပဏီမှာ အန္တရာယ်တွင်းထဲသို့ ကျရောက်သွားပေမည်။

“ထွက်သွားကြစမ်း!” ချီကျီယွဲ့ အော်လိုက်သည်နှင့် အမူသမားသုံးယောက်လဲ ချက်ချင်းမဆိုင်းပင် ထွက်ပြေးသွားကြတော့သည်။

“မိန်းကလေး၊ မင်းအဆင်ပြေရဲ့လား?” ချီကျီယွဲ့ စိုးရိမ်ပူပန်နေဟန်ဖြင့် မေးလိုက်သည်။ တကယ်တော့ ကုနင်းကို သူကူညီလိုက်ခြင်းက အကြောင်းရှိလေသည်။ ပြီးခဲ့သည့်အခေါ် လေလံပွဲတွင် ရှုမိသားစုနှင့်အတူထိုင်နေသည့် မိန်းကလေးမှာ ကုနင်းဖြစ်ကြောင်း သူမှတ်မိနေခြင်းကြောင့်ဖြစ်လေသည်။ ချီကျီယွဲ့သာ မြို့တော်တွင် ပို၍ အခြေတည်ငြိမ်သည့်လူတစ်ယောက် ဖြစ်လိုလျှင် သူ၏အဆက်သွယ်များကို ကျယ်ပြန့်အောင် လုပ်ဆောင်ဖို့ လိုအပ်ပေသည်။ ယနေ့ည ကုနင်းနှင့်တွေ့ဆုံခွင့်ရနေမှတော့ သူ့အစီအစဉ်ကို အကောင်အထည်မဖော်စရာအကြောင်း မရှိပေ။

ကုနင်းကတော့ သေချာပေါက် အခုလို အကူညီခံလိုက်ရသည့်အတွက် အလွန်ဝမ်းသာနေကာ ဖုန်းနံပါတ်ချင်းပင် လဲခွင့်ရလောက်မည်ဟု ချီကျီယွဲ့ထင်နေမိသည်။ ထို့နောက် ကုနင်းဘက်က သူ့ကိုကျေးဇူးတင်သည့်အနေဖြင့် ထမင်းတစ်နပ်လောက်လိုက်ကျွေးမည်ဆိုလျှင် သူတို့နှစ်ယောက်လဲ အလိုလိုနေရင်းဖြင့် မိတ်ဆွေသူငယ်ချင်းများ ဖြစ်လာနိုင်ပေသည်။ ထို့နောက်တွင်တော့ ဆက်ပြီး သူမက သူ၏အခြားသူငယ်ချင်းများနှင့်လဲ သူ့ကိုမိတ်ဆက်ပေးလာနိုင်သည်။ ချီကျီယွဲ့သည် ကိုယ့်အတွက်ကိုယ်သာ ကြည့်တတ်သူဖြစ်ကာ သူက ကုနင်း၏မျက်လုံးထဲတွင်တော့ အရေးမပါသလို ဆွဲဆောင်နိုင်စွမ်းလဲ မရှိသူတစ်ယောက် ဖြစ်ကြောင်းကိုပင် သတိမထားမိခဲ့ပေ။ ကုနင်းက သူထင်သလို ကျေးဇူးတင်မနေသည့်အပြင် အလွန်မုန်းတီးလို့နေပေသည်။

ဘာပဲဖြစ်ဖြစ် ကူညီထားပြီးဖြစ်နေတာကြောင့် ကုနင်း ပြဿနာထပ်မဖြစ်ချင်၍ သာမာန်ကာလျှံကာ ကျေးဇူးတင်စကားပြောလိုက်ပြီး ချီကျီယွဲ့ကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။

“မိန်းကလေး၊ ခနလေးနေပါဦး!” ချီကျီယွဲ့ ကုနင်းကို လှမ်းတားလိုက်သည်။

“အရမ်းနောက်ကျနေပြီဆိုတော့ တစ်ယောက်တည်း ပြန်ရင် မလုံခြုံဘူး။ ကျွန်တော် အိမ်ပြန်လိုက်ပို့ပေးပါရစေ!”

***

အခန်း ၆၁၄

ကျန်းယွေ့ချင်

“ကျေးဇူးပါပဲ ကျွန်မဘာသာ တက္ကစီငှားသွားလိုက်ပါ့မယ်။” ကုနင်း ချက်ချင်းပြန်ငြင်းဆန်ကာ တက္ကစီတစ်စီးကို လက်လှမ်းပြတားလိုက်သည်။

ကိစ္စများမှာ ချီကျီယွဲ့တွေးထားသလို မဖြစ်သွားပေမည့် ကုနင်း သူ့အပေါ် မကောင်းမြင်သွားနိုင်သောကြောင့် အတင်းအကြပ်တော့ ဆက်မပြောပေ။

ကုနင်း၏တက္ကစီထွက်သွားသည်ကို ကြည့်ပြီးကာမှ ချီကျီယွဲ့ သူ့ကားထဲသို့ပြန်ဝင်လိုက်သည်။ ချီကျီယွဲ့ သူ့အိမ်သို့ပြန်ရောက်ချိန်တွင်တော့ ညအိပ်ဂါဝန်လေးနှင့်ထန်ယရှင်းက ချက်ချင်းပင် သူ့ကိုမှီတွယ်ကာ အပြစ်ပြောလာခဲ့သည်။

“ဘာလို့ ဒီလောက်နောက်ကျနေတာလဲ?” ထန်ယရှင်း၏ ခန္ဓာကိုယ်နှင့်နီးစပ်နေရသောကြောင့် ချီကျီယွဲ့ စိတ်ဆန္ဒများထကြွလာကာ သူမကိုပြန်ဖက်လိုက်ရင်း ပြုံးကာဖြင့်၊

“ဘာလဲ? ကိုယ့်ကိုစောင့်နေတာလား?”

“အင်းပေါ့၊ ရှင်နဲ့မတွေ့ရတာ တစ်ပတ်တောင်ကြာနေပြီဆိုတော့ အရမ်းလွမ်းနေတာ!”

ထို့နောက်တွင်တော့ ချီကျီယွဲ့လဲ ချက်ချင်းပင် ထန်ယရှင်းကို ပြန်လည်ဖက်တွယ်ကာ အနမ်းများပေးရင်းဖြင့် သူတို့နှစ်ဦးဝေးကွာနေရသည့် အချိန်ကာလအတွက် အတိုးချကာ အချစ်နယ်ပယ်ကို ဖန်တီးကြတော့သည်။

……

ကုနင်း လင်ရှောင်းထင်၏အိမ်သို့ပြန်ရောက်သည်နှင့် ရေချိုးကာ ညအိပ်ဂါဝန်တစ်ထည် လဲလိုက်ပြီးနောက် စိတ်စွမ်းအင်အာကာပြင်ထဲမှ ရှေးဟောင်းပစ္စည်းသတ္တာကို ထုတ်ယူကာ ဖွင့်လိုက်သည်။

ထိုသတ္တာရေထဲတွင် နစ်မြုပ်နေခဲ့သည့်မှာ နှစ်ပေါင်းရာကျော်နေပြီဖြစ်သော်လည်း အပြင်ဘက်မျက်နှာပြင်တွင် ဖယောင်းသားထူထူပါဝင်နေသောကြောင့် အထဲသို့ရေစိမ့်ဝင်နေခြင်းမရှိပေ။

သတ္တာထဲမှ ရှေးဟောင်းပစ္စည်းများကို စစ်ဆေးကြည့်ပြီးနောက် မနက်ဖြန် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သို့ ယူသွားရန် ရည်ရွယ်သည့် ပစ္စည်းအချို့ကို မဟော်ဂနီသတ္တာတစ်လုံးထဲသို့ ကုနင်း ပြောင်းထည့်လိုက်ပြီးနောက် အိပ်ရာဝင်ခဲ့လေသည်။

နောက်တစ်နေ့တွင်တော့ ကုနင်း မနက်၅နာရီခွဲတွင် နိုးလာကာ ဆက်ပြီးမအိပ်နိုင်တော့သောကြောင့် အိပ်ရာမှထပြီး ပြေးဖို့ရန် ထွက်လာခဲ့သည်။

လင်ရှောင်းထင်နေသည့် အိမ်ရာသည် အလွန်ကျယ်ဝန်းကာ သစ်ပင်ပန်းပင်များဖြင့် စိမ်းလန်းစိုပြေနေတာကြောင့် မနက်ခင်းစောစောတွင်တော့ အတော်လေး ကြည်နူးလန်းဆန်းဖွယ်ကောင်းသည့် မြင်ကွင်းမျိုးဖြစ်ပေသည်။ ဤနေရာအိမ်ဈေးနှုန်းကလဲ အနည်းဆုံး ယွမ်သန်းတစ်ရာကျော်မှသာစတင်တာကြောင့် အလွန်ချမ်းသာလျှင်ချမ်းသာ မဟုတ်လျှင် အာဏာရှိသူများသာ နေထိုင်ကြလေသည်။

အိမ်ရာဝန်းအတွင်း၌ ပြေးလမ်းကြောင်းလေးလဲရှိသောကြောင့် ကုနင်း ထိုလမ်းကြောင်းတစ်လျှောက် စတင်ပြေးလိုက်သည်။

မနက်ခင်းအချိန်ဖြစ်သောကြောင့် အခြားအပြေးလေ့ကျင့်ခန်းလုပ်နေသူများစွာလဲရှိပေသည်။

ကွင်းပြင်ကျယ်တစ်ခုတွင်တော့ အသက်အရွယ်ရနေပြီဖြစ်သည့် ယောက်ျားမိန်းမကြီးများ ထိုက်ကျိကစားနေကြကာ မနက်စောစောစီးစီး မိန်းမငယ်လေးတစ်ယောက် ပြေးနေသည်ကို မြင်ရချိန်တွင်တော့ အားလုံး ချီးကျူးလိုက်ကြလေသည်။ ယနေ့ခတ် လူငယ်များသည် နောက်ကျသည်အထိ အိပ်တတ်ကြသောကြောင့် အခုလိုတွေ့ရခြင်းမှာ အလွန်ရှားပါးသည့် မြင်ကွင်းမျိုးဖြစ်သည်။

ထိုအချိန်တွင်ပဲ ကုနင်းထံသို့ ကျန့်ကျီတစ်ခု ပျံသန်းလာတာကြောင့် ကုချင်းချက်ချင်း ရပ်လိုက်ပြီးနောက် သဘာဝဆန်ဆန်ပဲ လေထဲတွင် တစ်ပတ်လှည့်ကာ ထိုကျန့်ကျီကို ပြန်ကန်ပေးလိုက်သောကြောင့် ကွင်းပြင်ထဲမှ လူတိုင်း အံ့အားသင့်သွားကြတော့သည်။

(ကျန့်ကျီ - ငှက်မွှေးများဖြင့်ပြုလုပ်ထားကာ လေထဲတွင် တည်ရှိနေအောင် ခြေထောက်ဖြင့်ခတ်၍ကစားရသည့် တရုတ်ရိုးရာ ကစားပစ္စည်း)

“ကောင်းလိုက်တဲ့ ကန်ချက်!” အမျိုးသမီးအိုကြီးတစ်ဦးက ချီးကျူးလိုက်သည်။

ကုနင်းလဲ သူမကို ပြုံးပြလိုက်ကာ ဆက်ပြေးလာခဲ့သည်။

သူမထွက်သွားပြီးနောက်တွင်တော့ ထိုနေရာသို့ အမျိုးသမီးအိုကြီးများစွာ စုရုံးလာကြကာ ကုနင်းအကြောင်း ဆွေးနွေးကြတော့သည်။

“လှလိုက်တဲ့ ကောင်မလေးပဲ!”

“ဟုတ်ပါ့တော်! ဒီနေ့ခေတ်ကလေးတွေ သူ့မလေးလို မနက်စောစောထပြေးတယ်ဆိုတာ သိပ်တောင် မတွေ့ရတော့ဘူး။”

“ငါလဲ မတွေ့တော့ပါဘူး! ငါ့မြေးဆို အားကစားလုပ်ဖို့အသံကြားရုံနဲ့ကို မုန်းနေတာ။”

“ငါ့မြေးလေးတွေလဲ သူမလေးလို သွက်သွက်လက်လက်လေးရှိစေချင်လိုက်တာ”

……….

ကျန်းယွေ့ချင်သည် အမြဲတမ်း အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်ကာ သူ့တွင် အားလပ်ချိန်ရှိသည်ဆိုသည်မှာ ရှားပါးလှပေသည်။ ထို့ကြောင့် မနက်စောစောထကာ ပြေးလေ့ရှိသည်။ ကုနင်း ပြေးလာရင်း ကျန်းယွေ့ချင်နားသို့ရောက်လာချိန်တွင်တော့ ကျန်းယွေ့ချင်တစ်ယောက် ရုတ်တရက်ဆိုသလို သူ့နှလုံးသားလေးက ခုန်လှုပ်လို့သွားခဲ့လေသည်။ အစတုန်းကတော့ သိပ်ပြီးအရေးတယူမရှိဘဲ ပုံမှန်အတိုင်း ဆက်ပြေးနေလိုက်သည်။ သို့ပေမည့် သူ့အနားသို့ ကုနင်းနောက်တစ်ခေါက်ဖြတ်လာချိန်တွင်တော့ ကျန်းယွေ့ချင် မနေနိုင်တော့ဘဲ ကုနင်းအနောက်မှ လိုက်သွားမိတော့သည်။

မကြာခင်တွင်ပဲ ကုနင်းလဲ သူမအနောက်သို့ တစ်စုံတစ်ယောက် လိုက်လာနေကြောင်း သတိထားမိသွားပေမည့် လူဆိုးတစ်ယောက်မဟုတ်မှန်း သိတာကြောင့် စိတ်ထဲထားမနေခဲ့ပေ။

ကျန်းယွေ့ချင် ကုနင်းအနောက်သို့ ဆက်လိုက်နေရင်း သူမကို စကားစပြောကြည့်ဖို့ရန် ကြိုးစားသော်လည်း ဘယ်လိုစပြောလို့ပြောရမှန်း စဉ်းစားမရခဲ့ပေ။ အချိန်နည်းနည်းကြာပြီးနောက်တွင်တော့ ကုနင်းသည် ပုံမှန်တပြေးညီနှုန်းအတိုင်း ပြေးနေကာ သူမ၏ခြေလှမ်းအကွာအဝေးတစ်ခုနှင့် တစ်ခုမှာလဲ ကွာခြားသွားခြင်းမရှိကြောင်း ကျန်းယွေ့ချင် သတိထားမိလာတော့သည်။

သူမက အထူးလေ့ကျင့်မှုကိုခံယူထားတဲ့သူလား?

ကျန်းယွေ့ချင်တစ်ယောက် ကုနင်းအနောက်သို့ ၁၀မိနစ်ကျော်လောက် လိုက်ပြီးသွားသည့်နောက်တွင်တော့ မောပန်းလာပြီဖြစ်ပေမည့် ကုနင်းသည်တော့ သူမ၏သက်လုံစွမ်းအားများ တစ်စက်ကလေးတောင်မှ လျော့ကျသွားခြင်းမရှိသလို ပုံမှန်အတိုင်း ဆက်ပြေးနေစဲပင်။

ထို့ကြောင့် ကျန်းယွေ့ချင်လဲ တုံ့ဆိုင်းမနေတော့ဘဲ ကုနင်းဘေးသို့ရောက်အောင်ပြေးလိုက်ကာ သူမကို စကားစပြောဖို့ ကြိုးစားတော့သည်။

“ဟိုင်း ၊ မိန်းကလေး၊ တွေ့ရတာဝမ်းသာပါတယ်၊ ငါမင်းနောက်ကို လိုက်နေတာကြာပြီ၊ မင်းရဲ့ပြေးနှုန်းတွေက ပုံမှန်အတိုင်းပဲနော်။ လုံးဝလဲ မောပုံမရဘူး။ မင်းက အထူးလေ့ကျင့်မှုခံယူထားဖူးတာလား?” ကျန်းယွေ့ချင် အသက်ကိုမနည်းလုရှူရင်း မေးလိုက်သည်။ ကျန်းယွေ့ချင်သည် အခြားရည်ရွယ်ချက်မရှိဘဲ ရိုးရိုးသားသားနှင့် သူသိချင်နေသောကြောင့်သာ မေးလိုက်ခြင်းဖြစ်ပေသည်။

“ဟုတ်ပါတယ်၊ ကျွန်မ အထူးလေ့ကျင့်ရေးဆင်းဖူးတယ်။” ကုနင်း ကျန်းယွေ့ချင်ကို တစ်ချက်လှည့်ကြည့်ရင်း ဖြေလိုက်သည်။

ကုနင်း၏ အေးဆေးက အနည်းငယ်အေးစက်စက်နိုင်လှသည့်ပုံစံကြောင့် ကျန်းယွေ့ချင် အနည်းငယ်စိတ်ပျက်သွားရသည်။ ပုံမှန်ဆိုလျှင် သူ့လို ချောမောခန့်ညားသည့် လူငယ်တစ်ယောက်ကို မိန်းမငယ်လေးများ ချစ်ခင်ကြသည်မှာ ပုံမှန်သာဖြစ်ပေမည့် ထိုအထဲတွင် ကုနင်းကတော့ ပါပုံမရပေ။

ကုနင်း၏နှလုံးသားထဲတွင် လင်ရှောင်းထင်ကသာ နေရာအပြည့်ယူထားပြီးဖြစ်တာကြောင့် အခြားယောက်ျားလေးများ ဘယ်လောက်ပင် ခန့်ညားနေပါစေ သူမစိတ်မဝင်စားမိပေ။

“အိုး၊ ဟုတ်တာပေါ့!” ကျန်းယွေ့ချင် သူလိုချင်သည့်အဖြေရသွားပြီးနောက် ထပ်မေးလိုက်ပြန်သည်။

“ငါ့နာမည်က ကျန်းယွေ့ချင်ပါ၊ မိန်းကလေးရဲ့ နာမည်ကိုရော သိခွင့်ရမလား?” ထို့နောက် ဆက်ပြီး၊

“မင်းမဖြေချင်လဲ ရပါတယ်၊ စိတ်ထဲအရမ်းမထားပါနဲ့။”

ကုနင်းပြုံးလိုက်ကာ၊

“ကျွန်မက ကုနင်းပါ။”

ထို့နောက် ကုနင်းနှင့် ကျန်းယွေ့ချင်တို့ ခနလောက်ဆက်ပြေးခဲ့ကြသည်။ နောက်ထပ် တစ်ပတ်ပြေးပြီးနောက်တွင်တော့ ကုနင်း ပြန်သွားခဲ့လေသည်။

သူတို့ချင်း အခုမှပထမဆုံးအကြိမ်တွေ့ရှိကြခြင်းဖြစ်သောကြောင့် ကုနင်း၏ဖုန်းနံပါတ်ကို တောင်းဖို့ရန် ကျန်းယွေ့ချင် ရှက်နေမိသည်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူမ ဒီနေရာမှနေတာဖြစ်နေမှတော့ မနက်ဆိုလျှင် မကြာမကြာလာပြေးနိုင်ပေသည်။ ထို့ကြောင့် သူတို့ချင်း နောက်တစ်ကြိမ် ထပ်ဆုံတွေ့နိုင်ဖို့ ကျန်းယွေ့ချင် ယုံကြည်ချက်အပြည့်ရှိနေတော့သည်။

ကုနင်း အိမ်ပြန်ရောက်သည်နှင့် ရေချိုးအဝတ်အစားလဲကာ အပြင်သို့ထွက်ကာ မနက်စာစားပြီးနောက် ကုမ္ပဏီသို့သွားလိုက်သည်။

သူမရောက်သည်နှင့် ကျန်းရွှင်းကျဲ့ရောက်လာကာ သူမကိုမေးလိုက်သည်။

“ဘော့စ်၊ ဆိုင်ပြင်ဆင်မှုက ပြီးတော့မယ်။ ဘယ်အချိန်ဖွင့်မှာလဲ?”

“နည်းနည်း အချိန်ဆွဲထားရဦးမယ်ထင်တယ်။ ဒီတစ်ပတ်ပိတ်ရက်ကို Bမြို့ဆိုင်ခွဲဖွင့်မှာဆိုတော့ ဒီဘက်ဆိုင်ခွဲကိုကာ နောက်ရွှေ့ထားရမယ်။”

ယနေ့သည် တနင်္လာနေ့ဖြစ်ကာ Bမြို့မှ လက်ဝတ်ရတနာဆိုင်ဖွင့်ပွဲလုပ်ဖို့ရန် ငါးရက်သာလိုတော့ပေသည်။

***

အခန်း ၆၁၅

ဆရာကြီးလင်နဲ့ တည့်တည့်တိုးခြင်း

“ဘော့စ်၊ ပြီးသွားပြီ။” ကေက ကြော်ငြာပိုစတာနှင့်ဗီဒီယိုပြင်ဆင်လို့ပြီးသွားပြီဖြစ်သည်။

“ဝါး ရှင်တော်တော်အလုပ်ကြိုးစားတာပဲ!” မြန်မြန်ဆန်ဆန် ပြီးသွားတာကြောင့် ကုနင်းပင် အံ့အားသင့်သွားရသည်။

“ဒါတွေက ငါ့အတွက်တော့ အရမ်းလွယ်တယ်။” ကေ၏မျက်လုံးထဲတွင်တော့ ထိုသို့ပြင်ဆင်ရခြင်းမှာ ကလေးကစားစရာတစ်ခုကဲ့သို့ပင်။

“ဟုတ်ပါပြီ။” ကုနင်းလဲ ထိုစကားကို လက်ခံလေသည်။ ကေသည် ကွန်ပျူတာကျွမ်းကျင်ပညာရှင်တစ်ယောက်ပင် မဟုတ်ပါလား။ ထို့နောက် ကုနင်း ကြော်ငြာအတွက်ပြီးသွားပြီဖြစ်ကြောင်း ချွမ်မင်ခိုက်ကိုပြောပြရင်း သူမခနနေပို့လိုက်မည်ဟုပါ ပြောလိုက်သည်။ထို့အပြင် စာချုပ်စာတမ်းကိစ္စနှင့် အခကြေးငွေအတွကိုလဲ သူမလူတစ်ယောက် လွှတ်လိုက်မည့်အကြောင်း ပြောလိုက်ပေသည်။

ချွမ်မင်ခိုင်သည်တော့ ကုနင်း၏လုပ်နိုင်စွမ်းကြောင့် အလွန်အံ့အားင့်နေရပြီး ဤမျှအချိန်တိုတွင်းတော့ ကြော်ငြာဗီဒီယိုကောင်းကောင်းထွက်ပါ့မလားဆိုသည်ကိုတော့ သံသယရှိနေမိသေးသည်။ သို့ပေမည့် ပိုစတာများနှင့် ဗီဒီယိုကို သူမြင်လိုက်ရချိန်တွင်တော့ အလွန်လက်ရာမြောက်လှတာကြောင့် မှင်သက်သွားမိတော့သည်။

ထို့နောက် ကုနင်း ကျိုးကျန်းဟုန်ကို ဖုန်းဆက်ကာ ချွမ်မင်ခိုင်နှင့်အတူ အလုပ်ကိစ္စများ ညှိနှိုင်းဆောင်ရွက်ထားရန် ပြောလိုက်သည်။

နေ့လည်စာစားပြီးနောက် ကုနင်း ရှေးဟောင်းလမ်းသို့ထွက်လာခဲ့ပေမည့် ချန်စန်းယိ၏ကားကို မောင်းလာခဲ့လေသည်။

ကေနှင့်ချန်စန်းယိ၏လက်ထောက်များမှာ မနေ့ညကတည်းက ကားများနှင့်အတူ ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။ ကေ၏ကားမှာ အလွန်ထင်းလွန်းနေသောကြောင့် ကုနင်းမကြိုက်တာကြောင့် ချန်စန်းယိ၏ကားကို ယူခဲ့ခြင်းဖြစ်သည်။ ကေသည်တော့ ကုနင်း၏အကြိုက်အတွက် အချိန်အတန်ကြာသည်အထိ အပြစ်တင်ဝေဖန်လို့နေခဲ့သည်။ ကေသည် ပုံမှန်ဆိုလျှင် သူကသာ အခြားလူများကို သူကားငှားလေ့မရှိခြင်းဖြစ်ပေမည့် ကုနင်းသည်တော့ သူကိုယ်တိုင်က ငှားပေးနေတာတောင်မှ ငြင်းပယ်ခဲ့လေသည်။

ထို့နောက် ချန်စန်းယိ၏ LandRoverကားလေးဖြင့်သာ ကုနင်း ရှေးဟောင်းလမ်းသို့ မောင်းနှင်လာခဲ့သည်။ ရှေးဟောင်းလမ်းဝင်ပေါက်မှ ကားပါကင်တွင် ကားရပ်လိုက်ပြီးနောက် အရင်ဦးဆုံး စိတ်စွမ်းအင်အာကာပြင်ထဲမှ မဟော်ဂနီသတ္တာကို ထုတ်ယူလိုက်သည်။

မဟော်ဂနီသတ္တာသည် ၂၄လက်မလောက်ကျယ်ကာ ပေါ့ပေါ့ပါးပါးတော့မဟုတ်ပေမည့် ကုနင်းသယ်လာချိန်တွင်တော့ အားစိုက်ထုတ်ရခြင်း အလျဉ်းမရှိသလို မြင်ရပေမည်။

ကုနင်းတွင် ရှေးဟောင်းပစ္စည်းများစွာရှိနေပြီဖြစ်သော်လည်း ရှေးဟောင်းလမ်းပေါ်တွင်ရှိနေသည့် ပစ္စည်းများကိုတော့ သူမ၏ကျောက်စိမ်းမျက်ဝန်းကို သုံးကာ မစစ်ဆေးကြည့်ဘဲ မနေနိုင်သေးပေ။ သူမဤနေရာသို့မရောက်သည်မှာကြာလှပြီဖြစ်၍ အနည်းဆုံး ရှေးဟောင်းပစ္စည်းအစစ် တစ်ခု နှစ်ခုလောက်တွေ့ တွေ့နိုင်ပေသည်။

သိပ်ကြာကြာပင် မရှာလိုက်ရပါဘဲ ကုနင်း လမ်းဘေးတစ်နေရာတွင် ရှေးဟောင်းပစ္စည်းအစစ် နှစ်ခုကို တွေ့သွားခဲ့သည်။ တစ်ခုသည်က အဖြူနှင့်အပြာစပ်ထားသည့် ကြွေထည်စုတ်တံထည့်ခွက်ဖြစ်ကာ နောက်တစ်မျိုးသည်တော့ ယီရှင်းမြေထည်အခါးရည်အိုးဖြစ်လေသည်။ ကုနင်း ထိုနှစ်မျိုးအတွက် ယွမ်၂ထောင်ပေးချေခဲ့ရသည်။

“ကောင်မလေးကုမဟုတ်လား?”

ကုနင်း လမ်းတစ်လျှောက် ဆက်လျှောက်နေရင်းဖြင့် အဘိုးကြီးတစ်ဦး၏အသံကို ကြားလိုက်ရသည်။ သူမလှည့်ကြည့်လိုက်ချိန်တွင်တော့ ကျန်းကျုံးယွီကို မြင်လိုက်ရလေသည်။ သခင်ကြီးလင်နှင့် သခင်ကြီးရှုတို့သည်လဲ ကျန်းကျုံးယွီ၏နောက်မှ သက်တော်စောင့် ၆ယောက်နှင့်အတူ လိုက်ပါလာကြသည်။

ဆရာကြီးလင်ကို ကုနင်း တရားဝင်တစ်ခါမှမတွေ့ဖူးသေးသော်လည်း သတင်းများတွင် ပုံမြင်ဖူးထားပြီးဖြစ်တာကြောင့် တစ်ချက်မြင်လိုက်ရုံဖြင့် တန်းမှတ်မိလို့သွားခဲ့သည်။ သို့ပေမည့် အခုလို ဆရာကြီးလင်နှင့် ပက်ပင်းကြုံလိုက်ရချိန်တွင်တော့ ကုနင်း အတော်လေး စိတ်လှုပ်ရှားပူပန်သွားရသည်။ ဆရာကြီးလင်က သူမကို သိတောင်မသိသေးဘူးဆိုပေမည့် သူမကတော့ ဆရာကြီးလင် သူမကို သဘောမကျဖြစ်သွားမည်စိုး၍ မပူပန်မိဘဲ မနေနိုင်ပေ။

ကုနင်း ယခင်က တခါမှ ယခုလို စိုးရိမ်ပူပန်မိခြင်းမရှိခဲ့ဖူးပေ။ ဆရာကြီးလင်သည် လင်ရှောင်းထင် ဂရုစိုက်သည့် တစ်ဦးတည်းသော သူ့မိသားစုဝင်ဖြစ်လေသည်။ ထိုသို့ဆိုလျှင်ပင် ကုနင်း အတတ်နိုင်ဆုံးကို စိတ်ကို ငြိမ်ငြိမ်ထားကာ သခင်ကြီးများအနားသို့ လျှောက်သွားလိုက်ပြီး၊

“တွေ့ရတာဝမ်းသာပါတယ်၊ သခင်ကြီးကျန်း၊ သခင်ကြီးရှုနဲ့ ပြီးတော့ ဒီဘက်က သခင်ကြီးရောပဲ!”

“ဟ-ဟ၊ ကောင်မလေးကု မတွေ့ရတာတောင် ကြာပေါ့!” သခင်ကြီးရှုသည်လဲ ကုနင်းကို မြင်ရသည်တွင် ဝမ်းသာပျော်ရွှင်လို့သွားလေသည်။

ကျန်းကျုံးယွီ၏အကြည့်များက ကုနင်း၏လက်ထဲမှ သတ္တာဆီသို့ကျရောက်သွားကာ၊

“ကောင်မလေးကု၊ ဒီသတ္တာထဲက ရှေးဟောင်းပစ္စည်းတွေများရှိနေတာလား?”

“ဟုတ်ပါတယ်၊ ကျွန်မအခုပဲ ယူလာခဲ့တာ၊ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို သွားပို့မလို့။”

ထိုစကားကြောင့် သခင်ကြီးအားလုံး၏ မျက်ဝန်းများလင်းလက်ကုန်ကြကာ ကျန်းကျုံးယွီက အလျင်စလိုဖြင့်ပင်၊

“အတူသွားကြရအောင်!”

“ဟုတ်ကဲ့ပါ၊ သွားတာပေါ့!” ကုနင်းကပဲ ထိုအဖွဲ့ကို ဦးဆောင်လာခဲ့လိုက်သည်။ သူတို့အားလုံးကတော့ သေချာပေါက် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင် ဘယ်နားရှိလဲဆိုသည်ကို သိထားကြပြီးသားဖြစ်ကြပေမည့် ယဉ်ကျေးမှုအရ သူဌေးဖြစ်သည့် ကုနင်း၏အနောက်မှသာ လိုက်ကြခြင်းက ပိုကောင်းမည်ဟု တွေးမိကြသည်။

“ကောင်မလေးကု၊ မင်းနဲ့မိတ်ဆက်ပေးဦးမယ်။ သူက ငါ့သူငယ်ချင်းဟောင်းကြီး သခင်ကြီးလင်။” ကျန်းကျုံးယွီက မိတ်ဆက်ပေးလိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်၊ သခင်ကြီးလင်!” ကုနင်း သူမနှလုံးသားထဲက စိုးရိမ်ပူပန်မှုများကို ဖိနှိပ်ကာ ရိုသေလေးစားမှုအပြည့်ဖြင့် နှုတ်ဆက်လိုက်သည်။

“အို၊ မင်းက ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို ဝယ်လိုက်တဲ့ကောင်မလေးလား?” သခင်ကြီးလင်မေးလိုက်သည်။ ကုနင်းကို လှပသည့် ကောင်မလေးတစ်ယောက်ဟု သူတွေးမိသော်လည်း ထိုထက်တော့ပိုမတွေးမိပေ။ ကုနင်းသည် လင်ရှောင်းထင်၏ချစ်သူမှန်းသာ သခင်ကြီးလင်သိပါက သေချာပေါက် သူ၏အပြုအမူများမှာ ပြောင်းလဲသွားမည်သာ။ သို့ပေမည့် ကံမကောင်းစွာဖြင့် သူက သိမထားခဲ့ပေ။

“ဟုတ်ကဲ့၊ ကျွန်မပါပဲ။”

“ကောင်းလိုက်တာ၊ မင်းက ငယ်ရွှယ်ပြီးအောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ပဲ။” ကုနင်း၏အရည်အချင်းကို သခင်ကြီးလင် အသိအမှတ်ပြုလေသည်။ ရှေးဟောင်းပစ္စည်းကို ချစ်မြတ်နိုးသည့် လူငယ်အနည်းငယ်မျှပင် ကျန်တော့ပေမည့် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သည်တော့ ဤကောင်မလေး ဝယ်သွားပြီးသည်နှင့် ချက်ချင်းပင် ပို၍နာမည်ကြီးလာခဲ့ပေသည်။

မကြာခင်တွင်ပဲ သူမတို့အဖွဲ့ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သို့ ရောက်ရှိသွားကြသည်။

“မင်္လာပါ၊ ဘော့စ်!” ကုနင်းဝင်သွားသည်နှင့် ချက်ချင်းပင် ချန်တရုန်က နှုတ်ဆက်လာသည်။

ကုနင်းနောက်မှ အုပ်စုကို မြင်ချိန်တွင်တော့ လေးစားမှုအပြည့်ဖြင့် ဆက်ပြီးနှုတ်ဆက်လိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်၊ သခင်ကြီးရှု၊ သခင်ကြီးကျန်း၊ နဲ့ဒီဘက်ကသခင်ကြီး! ကြွကြပါ!”

သခင်ကြီးလင်သည် စီးပွားရေးလောက်မှ အနားယူသွားသည်မှာ ကြာမြင့်ပြီဖြစ်သလို လူကြားထဲလဲ သိပ်မထွက်သောကြောင့် သူ့အကြောင်းကို တော်တော်များများမသိကြသလို ချန်တရုန်လဲ မသိခဲ့ပေ။

“အပေါ်ထပ်သွားကြတာပေါ့!” ဤသခင်ကြီးများသည် အလွန်ချမ်းသာကာ အာဏာရှိကြသူများဖြစ်သောကြောင့် သီးသန့်နေရာလိုကြောင်း ကုနင်းသိ၍ ဖိတ်ခေါ်လိုက်လေသည်။

ထို့နောက် ချန်တရုန်ကပဲ သူတို့ကို ဒုတိယထပ်သို့ ဦးဆောင်ခေါ်သွားပေးခဲ့သည်။

ကျန်းကျုံးယွီနှင့်အခြားသူများ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ထဲဝင်သွားသည်ကို မြင်လိုက်သည့်လူအချို့မှာ ချက်ချင်းပင် သူတို့နောက်မှလိုက်လာခဲ့ပေမည့် သူတို့ဝင်လာသည့်အချိန်တွင် သခင်ကြီးများအဖွဲ့မှာ အပေါ်ထပ်သို့တက်သွားလို့နေပြီဖြစ်သည်။ ထို့ကြောင့် သခင်ကြီးကျန်းနှင့် တွေ့ခွင့်မရတော့တာကြောင့် အချို့လူများသည် ပြန်ထွက်သွားကြကာ အချို့လူများသည်တော့ လက်မှုပညာပစ္စည်းများစွာကို ဝယ်ယူပြီးမှသာ ပြန်ထွက်သွားကြသည်။

အားလုံးထိုင်ပြီးသွားချိန်တွင် ချန်တရုန်က အားလုံးအတွက် အခါးရည်ငှဲ့ပေးနေကာ ကုနင်းသည်တော့ သူမ၏သတ္တာကို ဖွင့်လိုက်သည်။

“ဒါကတော့ ထန်စန့်ချိုင်အဓါရောင်မြင်းရုပ်”

“ဒါကတော့ ငွေထည်ဇာမဏီဖန်ခွက်”

“ဒါကတော့ ချင်ခေတ်ရဲ့ ကျောက်စိမ်းမင်သွေးကျောက်။”

“ဒါကတော့….”

သတ္တာထဲမှ ရှေးဟောင်းပစ္စည်း၁၀မျိုးကိုထုတ်ပြီးသွားသည့်နောက် ကျန်းကျုံးယွီတို့အဖွဲ့မှာတော့ မျက်လုံးများပြူးကျယ်ကာ အလွန်ထိတ်လန့်အံ့အားသင့်လို့နေပေသည်။

“ဘုရားရေ! ကောင်မလေးကု၊ မင်းဒီလောက် ရှေးဟောင်းပစ္စည်းအစစ်တွေ အများကြီး ဘယ်ကရလာတာလဲ?” ကျန်းကျုံးယွီ အံ့ဩလွန်း၍မေးလိုက်မိသည်။

“အမ်၊ နေရာအမျိုးမျိုးကပေါ့၊ ပြီးတော့…..”ထို့နောက် ကုနင်း သူမ၏ကျောပိုးအိတ်ထဲမှ အခုတင်ဝယ်လာသည့် ရှေးဟောင်းပစ္စည်း၂မျိုးကို ထုတ်လိုက်ကာ၊

“ဒါကတော့ အခုတင်လမ်းဘေးက ဝယ်လာခဲ့တာ။”

“ဒါကို အခုတင်ဝယ်လာခဲ့တာလား?” ထိုစကားကြောင့် အားလုံးထပ်မံထိတ်လန့်အံ့အားသင့်ကုန်ကြရပြန်သည်။ သူတို့လဲ ရှေးဟောင်းလမ်းထဲတွင် အချိန်အတော်ကြာကြာ လျှောက်ပတ်ကြည့်ခဲ့ပေမည့် တန်ဖိုးရှိသည့် ပစ္စည်းတစ်ခုကိုပင် မတွေ့ခဲ့ရပေ။ သို့ပေမည့် ကုနင်းသည်တော့ ရှေးဟောင်းပစ္စည်းအစစ်နှစ်ခုကိုပင် ရှာတွေ့ခဲ့လေသည်!

***

စာစဉ် ၄၁ ပြီး၏။

All Chapters