အခန်း (၆၁၆-၆၂၀)
Vol. 42 Ch. 616-620
အခန်း ၆၁၆
ကျန်းကျုံးယွီထံ အကူအညီတောင်းခြင်း
ကျန်းကျုံးယွီသည် ရှေးဟောင်းပစ္စည်းစစ်ဆေးရာ၌ ကျွမ်းကျင်ပညာရှင်တစ်ဦးဆိုသော်လည်း အထူးမှော်စွမ်းအား နည်းနည်းလေးတောင်မရှိထားသည့် သာမာန်လူသားတစ်ယောက်သာဖြစ်တာကြောင့် သူ့အနေနှင့် ရှေးဟောင်းပစ္စည်းအစစ်များကို အလွယ်တကူရှာမတွေ့ခြင်းက နားလည်ရနိုင်သည့် ကိစ္စတစ်ခုပင်ဖြစ်လေသည်။
အပြာနှင့်အဖြူရောစပ်ထားသည့် ကြွေထည်စုတ်တံထည့်ခွက်ကို ကျန်းကျုံးယွီယူလိုက်ကာ ပစ္စည်းအစစ်ဖြစ်ကြောင်း သေချာသွားချိန်တွင် လက်မလွှတ်နိုင်တော့ပေ။
“ကောင်မလေးကု၊ ဒီချင်ခေတ်ရဲ့ ကျောက်စိမ်းမင်သွေးကျောက်က ဘယ်လောက်လဲ?” သခင်ကြီးလင် ကုနင်းကို မေးလာခဲ့သည်။
“အမ်….” သခင်ကြီးလင်ဆိုသည်မှာ လင်ရှောင်းထင်၏ အဘိုးဖြစ်နေသောကြောင့် တန်ကြေးလဲ ကုနင်းမတောင်းချင်ရာ ဘယ်လိုပြန်ဖြေလို့ဖြေရမှန်း မသိဖြစ်နေတော့သည်။
“အဲ့ဒါက၊ ကျွန်မဆီကနေ လက်ဆောင်ပစ္စည်းအဖြစ် တစ်မျိုးလောက်ရွေးယူလိုက်ရင်ရော?” ကုနင်း အားလုံးကိုပြောလိုက်သည်။
“ဘာ?” ထိုစကားကြောင့် လူတိုင်း အလွန်အံ့အားသင့်ကာ မယုံနိုင်ဖြစ်ကုန်ကြသည်။ သခင်ကြီးလင်လဲ မယုံနိုင်စွာဖြင့် ပြန်မေးလာခဲ့သည်။
“ကောင်မလေးကု၊ မင်းတကယ်ပြောနေတာလား?”
“တကယ်ပါ၊ လက်ဆောင်တစ်မျိုးဆီ ရွေးယူကြပါ။” ကုနင်း သေချာအောင် ထပ်ပြောလိုက်သည်။
“အဲ့လိုမလုပ်နိုင်ပါဘူး!” သခင်ကြီးလင် ပုံစံက အနည်းငယ်သဘောမတွေ့သလိုပင်။
“ဒါတွေအားလုံးက ပေါပေါပဲပဲတွေလဲမဟုတ်ဘူး။ ငါတို့ အလကားမယူနိုင်ဘူး။”
သခင်ကြီးလင်နှင့် ယခုလို မျက်နှာခြင်းဆိုင် စကားပြောနေရသည်ကို ကုနင်းအနည်းငယ်ကြောက်ရွံ့လာတော့သည်။
“ကောင်မလေးကု၊ မင်းငါတို့ကို အပေါ် စေတနာရှိတာကို နားလည်ပေမယ့် အလကားတော့ မယူနိုင်ဘူး။” ကျန်းကျုံးယွီကလဲ ပြောလိုက်သည်။
“မင်းတကယ်ပဲ စေတာနာကောင်းနေတာလား ဒါမှမဟုတ် တုံးအနေတာလားဆိုတာ ငါတကယ်နားမလည်နိုင်တော့ဘူး။ ဒီရှေးဟောင်းပစ္စည်းတွေအားလုံးက အဖိုးတန်တွေကြီးပဲလေ၊ မင်းက ငါတို့ကို လက်ဆောင်အဖြစ်ပေးချင်နေတယ်ပေါ့?” သခင်ကြီးရှုလဲပြောလာသည်။
သူတို့အားလုံး ကုနင်းအပေါ် အမြတ်မထုတ်လိုတာကြောင့် ကုနင်း၏အဆိုပြုချက်ကို ငြင်းပယ်လိုက်ကြသည်။ သို့ပေမည့် ကုနင်းသည်တော့ အတင်းအကြပ်ပြောနေစဲပင်။
“ဒါတွေက အဲ့လောက်အရေးမကြီးပါဘူး။ ကျွန်မလဲ ဒီပစ္စည်းတွေဝယ်တုန်းက သိပ်မှမပေးခဲ့ရတာ၊ ဒီတော့ ကျွန်မအမြင်မှာတော့ အဲ့လောက်ကြီး ဈေးကြီးမနေဘူး။”
“ဒါကတော့ မင်းအမြင်လေ၊ ဒါပေမယ့် ငါတို့ဘက်ကတော့ ပေါက်ဈေးအတိုင်းပေးရမှာပဲ။” ကျန်းကျုံးယွီ ဆုံးဖြတ်ချက် ပြတ်သားနေဟန်ဖြင့်ပြောလိုက်သည်။
“ဟုတ်တယ်!” သခင်ကြီးလင်နှင့် သခင်ကြီးရှုတို့လဲ ကျန်းကျုံးယွီ၏စကားကို ထောက်ခံကြသည်။
“ကောင်းပြီလေ၊ ဒါဆိုလဲ တစ်ခုကို ယွမ်၁သိန်းစီနဲ့ ယူကြပေါ့။” ကုနင်း လက်ရှိပေါက်ဈေးအတိုင်း ထိုသခင်ကြီးများထံမှ မတောင်းခဲ့ပေ။
“တစ်ခုကို ယွမ်၁သိန်း? အဲ့ဒါဆို အလကားနဲ့ဘာကွာတော့မှာလဲ?” ဆရာကြီးလင်ကတော့ စိတ်အလိုမကျဖြစ်နေစဲပင်။
“တစ်ခုကို ယွမ်၁သိန်းပဲ၊ ဝယ်ချင်မှဝယ်ပါ။” ကုနင်းထပ်ပြီးတော့ မတိုးချင်တော့ပေ။ အကယ်၍ သခင်ကြီးလင် လက်မခံလျှင်လဲ လင်ရှောင်းထင်မှ တစ်ဆင့် ပို့ပေးလိုက်ဖို့ရန် သူမစီစဉ်ထားပြီးဖြစ်သည်။ သူမနှင့် လင်ရှောင်းထင်တို့ကြားမှ ဆက်ဆံရေးပေါ်သွားမည်ကိုလဲ သူမမမှုပေ။
“ဒါက…”
သခင်ကြီးလင်အပါအဝင် အခြားသခင်ကြီးများပါ ကုနင်း သူတို့ဆီမှ တန်ကြေးမယူလိုကြောင်း သိနေပြီဖြစ်၍ သက်ပြင်းသာချမိတော့သည်။ သူတို့သဘောကျသည့် ရှေးဟောင်းပစ္စည်းအစစ်အမှန်ကို တွေ့ရသည်မှာလဲ ရှားပါးလှလေရာ တွေ့ပြီးမှတော့ လက်ဗလာဖြင့် ပြန်မသွားကြလို့ပေ။ သို့ပေမယ့် ဒီပစ္စည်းများကို လျှော့ဈေးဖြင့် ဝယ်သွားရပြန်လျှင်လဲ စိတ်မသန့်သလို ခံစားနေရပေဦးမည်။
အားလုံး တုံ့ဆိုင်းနေကြသည်ကိုမြင်ကာ ကုနင်း သူမ၏ကျွမ်းကျင်မှုကို ထုတ်သုံးဖို့ရန်သာ တွေးလိုက်တော့သည်။
“ဒီချင်ခေတ်က ကျောက်စိမ်းမင်သွေးကျောက်၊ ဖြူပြာစပ်ကြွေထည် စုတ်တံထည့်ခွက်နဲ့ အဝါရောင် ထန်စန့်ချိုင မြင်းရုပ်ကို ယွမ်၁သိန်းစီ ဈေးသတ်မှတ်လိုက်ပြီ၊ သခင်ကြီးတို့မယူဘူးဆိုရင်လဲ သေချာပေါက် ကျွန်မ ပစ္စည်းတွေကို ထုတ်ခင်းပြလိုက်တာနဲ့ ချက်ချင်းရောင်းထွက်သွားမယ်လို့ ယုံကြည်တယ်။”
ကုနင်းပြောလိုက်သည့် ပစ္စည်းများမှာ သခင်ကြီးများနှစ်သက်နေသည့် ပစ္စည်းများပင် ဖြစ်လေသည်။
ထိုစကားကြောင့် သခင်ကြီးလင်တို့အဖွဲ့ ထပ်ပြီးတုံ့ဆိုင်းမနေကြတော့ပေ။
“ငါတို့ယူမယ်!”
“ဟုတ်တယ်၊ ငါတို့အခုချက်ချင်းယူမယ်!”
ကုနင်းကလဲ သူတို့ကိုရောင်းချင်နေတာကြောင့် သခင်ကြီးများ ချက်ချင်းပင် သဘောတူလိုက်ကြတော့သည်။
“ကောင်မလေးကု၊ မင်း မြို့တော်မှာ ပြဿနာတစ်စုံတစ်ရာကြုံခဲ့ရင် ငါ့တို့ကို အချိန်မရွေးသာပြော ငါတို့တတ်နိုင်တဲ့ကိစ္စသာဆို ချက်ချင်းကိုကူညီပေးမယ်။” သခင်ကြီးရှုကဆိုသည်။ ဒီနည်းလမ်းကဘဲ ကိုယ့်ရဲ့အဆက်အသွယ်ကို တိုးချဲ့နိုင်ခြင်းဖြစ်သည်။
“ကျေးဇူးတင်ပါတယ်၊ ကျွန်မဆက်သွယ်လိုက်ပါ့မယ်။”
ထိုအချိန်တွင်ပဲ ကုနင်း၏ဖုန်းမှမြည်လာကာ ခေါ်ဆိုသူမှာတော့ နဉ်ချန်ခိုင်ဖြစ်လေသည်။ ထို့ကြောင့် ခွင့်ခနတောင်းကာ ဖုန်းဖြေရန်အတွက် အပြင်ဘက်သို့ထွက်လာခဲ့လိုက်သည်။
“ဘော့စ်၊ ဆေးဝါးစစ်ဆေးမှုရလဒ်ထွက်လာပြီ၊ ကျွန်တော်တို့ မအောင်မြင်ခဲ့ဘူး။” နဉ်ချန်ခိုင်၏အသံမှာ နဂိုကတည်းက ခန့်မှန်းထားပြီးသားအရာဖြစ်တာကြောင့် မအံ့ဩသလို တည်ငြိမ်လို့နေသည်။
ထိုစကားကြောင့် ကုနင်း အလိုမကျဖြစ်သွားပေမည့် သူမလဲ မအံ့ဩမိပေ။
“ကောင်းပါပြီ၊ စိတ်မပူပါနဲ့၊ ဆက်ပြီးသာထုတ်လုပ်နေပါ၊ ဒီကိစ္စ ကျွန်မဖြေရှင်းလိုက်မယ်။”
“ကောင်းပါပြီ။” နဉ်ချန်ခိုင် အနည်းငယ် စိတ်မကောင်းဖြစ်နေပေမည့် ကုနင်းကို ယုံကြည်သောကြောင့် စိတ်ပျက်အားငယ်သွားခြင်းမျိုးတော့မရှိပေ။
တကယ်လို့များ ကုနင်းသာ ဆေးကုမ္ပဏီနာမည်ကို ပြောင်းကာ နဉ်ချန်ခိုင်နေရာတွင် တခြားလူတစ်ယောက်ကို အစားထိုးခဲ့လျှင် ဤသို့ကြုံရမည်မဟုတ်ပေမည့် ကုနင်းကတော့ ထိုသို့မလုပ်လိုပေ။ သူမအနေဖြင့် ရန်သူများကိုသာ ကန်ထုတ်လိုပြီး မိတ်ဆွေများကိုတော့ ထိုသို့မလုပ်လိုပေ။
ကုနင်း အခန်းထဲသို့ပြန်ဝင်သွားကာ သခင်ကြီးများကို စကားစလိုက်သည်။
“ဘယ်လိုတောင် တိုက်ဆိုင်တာလဲပဲ! ကျွန်မအခုပဲ သခင်ကြီးတို့ရဲ့ အကူအညီလိုနေပြီ။”
“ဘာများလဲ?” အားလုံပြန်မေးလာကြသည်။
“မကြာသေးခင်က တစ်စုံတစ်ယောက်ကနေပြီး ပိုင်ရှင်ကို ဆေးဝါးထိန်းချုပ်မှုဌာနကနေ အဆင့်မှီဖြတ်သန်းခွင့်မရအောင် လုပ်ခံနေရတဲ့ ဆေးထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ကျွန်မ ဝယ်ထားတယ်။ အခုလဲ ကျွန်မလက်လွှဲယူပြီးတဲ့နောက် ထပ်ဖြစ်လာပြန်ပြီ။”
ထိုစကားကြောင့် အလိုမကျဖြစ်အသွားဆုံးလူမှာတော့ သခင်ကြီးကျန်းကျုံးယွီပင်ဖြစ်သည်။ ကျန်းကျုံးယွီ၏သားဖြစ်သည့် ကျန်းကျန့်ဟွာသည် အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုဌာန၏ ဒါရိုက်တာတစ်ယောက်ဖြစ်ခြင်းကြောင့်ပင်။ တကယ်၍ တစ်ယောက်ယောက်ကသာ တခြားလူများ၏ ဆေးဝါးအသိအမှတ်ပြုခွင့်ကို မဟုတ်တာကြံစည်ရဲနေလျှင် ကျန်းကျန့်ဟွာ၏အမှားပင်ဖြစ်သွားပေမည်။ ထို့ကြောင့် ဤကိစ္စမှာ ပြဿနာကြီးတစ်ရပ်ဖြစ်လေသည်။
“ကောင်မလေးကု၊ စိတ်မပူနဲ့တော့၊ ဒီကိစ္စ ငါသေချာဖြေရှင်းပေးပြီး မင်းကိုလဲ တိကျမှန်ကန်တဲ့ရလဒ်ပေးမယ်။” ကျန်းကျုံးယွီပြောလိုက်သည်။ ကုနင်းကို တိကျမှန်ကန်သည့်အဖြေရလဒ်ကိုသာ ပေးမည်ဟု ကတိပေးခဲ့ပြီး ဈေးကွက်တွင် ရောင်းချခွင့်တိုက်ရိုက်ပေးလိုက်မည်ဟု မပြောခဲ့ပေ။ ဆေးဝါးများမှာ ကိရိယာတစ်ခုသာမဟုတ်တာကြောင့် သူတို့အနေဖြင့် အလွန်ဂရုစိုက်စစ်ဆေးရပေမည်။
“ကျေးဇူးတင်ပါတယ်၊ သခင်ကြီးကျန်း။” ကုနင်း သူမ၏ဆေးဝါးများမှာ အရည်အသွေးပြည့်မှီမှန်း ယုံကြည်ချက်အပြည့်ရှိတာကြောင့် ဆေးဝါးထိန်းချုပ်မှုကို မကျော်ဖြတ်နိုင်မည်အား မကြောက်ပေ။ တကယ်တော့ ကုနင်း သခင်ကြီးကျန်းအား အကူအညီတောင်းရခြင်းမှာ သခင်ကြီးကျန်း၏သားမှာ ကျန်းကျန့်ဟွာမှန်း သူမသိထားခြင်းကြောင့်ဖြစ်သည်။ ထိုသို့သာမဟုတ်လျှင် သခင်ကြီးလင်ကိုသာ သူမအကူအညီတောင်းပေလိမ့်မည်။
“မင်းရဲ့ဆေးကုမ္ပဏီနာမည်က ဘာလဲ?” ကျန်းကျုံးယွီမေးလိုက်သည်။
“ကိုလိန်းဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီပါ။”
“ကျွန်မရဲ့ကုမ္ပဏီကို ချောက်ချနေတဲ့လူက ဘယ်သူလဲပါ ကူညီစုံစမ်းပေးပါဦး။”
“ရတယ်၊ကိစ္စမရှိဘူး။”
ထို့နောက် သခင်ကြီးများပြန်ထွက်သွားတော့သည်။ ကျန်းကျုံးယွီ သူ့ကားထဲသို့ပြန်ရောက်သည်နှင့် ကျန်းကျန့်ဟွာကို ဆက်သွယ်ကာ ကုနင်းအကြောင်းပြောပြလိုက်သည်။
တကယ်တော့ ကျန်းကျန့်ဟွာကပဲ ကုနင်းကို ကူညီလိုက်ခြင်းမဟုတ်ဘဲ ကုနင်းကသာ ကျန်းကျန့်ဟွာကို အခွင့်အရေးကြီးတစ်ရပ်ပေးလိုက်ခြင်းဖြစ်သည်။ မြို့တော်ဆိုသည်မှာ နိုင်ငံရေး နှင့်အာဏာ အချက်အချာကျသည့် နေရာတစ်ခုဖြစ်ကာ လူတိုင်းကလဲ သူတို့အောင်မြင်ဖို့ရန်နှင့် ပြဿနာထဲတွင်ပါသွားမည်ကို ကာကွယ်ကြရန် ကြိုးစားနေကြသူများဖြစ်သည်။ နိုင်ငံရေးလောကထဲရှိ ယှဉ်ပြိုင်ခြင်းများမှာ စီးပွားရေးလောကမှ ယှဉ်ပြိုင်မှုများထက် မပိုလျှင်တောင် လျော့လိမ့်မည်မဟုတ်ပေ။
***
အခန်း ၆၁၇
ခိုကျီ
ကုနင်းသာ သူ့ကိုမပြောခဲ့ဘဲ မီဒီယာကသာ သတင်းကို အရင်ဦးစွာ ဖော်ထုတ်ခဲ့လျှင် ကျန်းမိသားစု ဒုက္ခကြီးကြီးတွေ့ရပေလိမ့်မည်။ သူတို့မိသားစုသည် အလွန်အင်အားကြီးသည်မှန်သော်လည်း သူတို့၏ရန်သူများသည်လဲ အင်အားကြီးသူများဖြစ်ကြလေသည်။
ဤကိစ္စမှာ ကျန်းကျန့်ဟွာ၏အမှားမဟုတ်သော်လည်း သူသည်သာ တာဝန်ခံရမည်ဖြစ်သည်။
ကျန်းကျန့်ဟွာ ထိုသတင်းကို ဖခင်ဖြစ်သူထံမှကြားလိုက်ရသည်နှင့် ချက်ချင်းပင် သူ့အတွင်းရေးမှူးကို စုံစမ်းခိုင်းတော့သည်။
မကြာခင်တွင်ပဲ ကိုလိန်းဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီသည် ဒီနှစ်အတွင်း တစ်ခါတောင်မှ ဆေးဝါးစစ်ဆေးမှုကို မဖြတ်ကျော်နိုင်ခဲ့ခြင်းမှာ အမှန်ဖြစ်ကြောင်း သိလိုက်ရလေသည်။
အတွင်းရေးမှူးမှနေပြီး ဆေးဝါးနှင့်အလှကုန်စစ်ဆေးမှုတွင် အဓိကတာဝန်ယူထားရသည့် ကြီးကြပ်ရေးမှူးကို ဒါရိုက်တာရုံးခန်းသို့လာခဲ့ရန် ပြောလိုက်သည်။
ကျန်းကျန့်ဟွာ သူ့ကိုခေါ်ကာ ကိုလိန်းဆေးဝါးကုမ္ပဏီအကြောင်း ရုတ်တရက်မေးမြန်းလာချိန်တွင်တော့ ကြီးကြပ်ရေးမှူးမှာ ကြောက်လန့်ကာ အားလုံးကို ဝန်ခံလိုက်တော့သည်။ ကိုလိန်းမှ ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများတွင် အမှားမပါသော်လည်း သူတို့၏ခေါင်းဆောင်မှ ကိုလိန်းကို အောင်မြင်ခွင့်မပေးရန် ပြောထားပေသည်။
ထို့နောက် ကျန်းကျန့်ဟွာက အဖွဲ့ခေါင်းဆာင်ကိုပါ သူ့ရုံးခန်းသို့ လာခဲ့ရန်ခေါ်လိုက်သည်။ သူတို့ကြံစည်ထားသမျှလဲ ပေါ်သွားခဲ့ပြီဖြစ်သောကြောင့် အဖွဲ့ခေါင်းဆောင်လဲ သူလုပ်ထားသည့် မကောင်းမှုကို ဆက်ပြီးဖုံးကွယ်နိုင်စွမ်းမရှိတော့ပေ။ သူနှင့်ရှင်းဟယ်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်သည် တစ်နိုင်ငံထဲမှလာခဲ့ကြသူများဖြစ်သောကြောင့် အမြတ်ငွေများစွာရနေသည့် ကိုလိန်းကို ရှင်းဟယ်ပိုင်ရှင်အားကူညီကာ မကောင်းကြံစည်ခဲ့ကြခြင်းဖြစ်သည်။ ရှင်းဟယ်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်သည် ကိုလိန်းကို မနာလိုဖြစ်ကာ ကိုလိန်း ဒေဝါလီခံရအောင် ကြံစည်ခဲ့ခြင်းသည် ဘယ်လိုမှ လက်ခံပေးနိုင်သည့် ကိစ္စမဟုတ်ပေ။
ကျန်းကျန့်ဟွာ အမှန်တရားကို ရှာတွေ့သွားပြီဖြစ်ပေမည့် အခုချိန်တွင်တော့ သက်သေအခိုင်အလုံမရှိသေးသောကြောင့် ရှင်းဟယ်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကို အပြစ်ပေး၍မရသေးပေမည့် အဖွဲ့ခေါင်းဆောင်ကိုတော့ အလုပ်ထုတ်လိုက်လေသည်။ ကိုလိန်းဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဘက်က အပြစ်ကင်းနေမှတော့ ကျန်းကျန့်ဟွာလဲ ကိုလိန်းအတွက် ဆေးဝါးအသိအမှတ်ပြုလက်မှတ်ထုတ်ပေးကာ ကျန်းကျုံးယွီကို အကြောင်းကြလိုက်သည်။
ကျန်းကျန့်ဟွာထံမှ သတင်းကို ကျန်းကျုံးယွီရပြီးသည်နှင့် ကုနင်းကို အခြေအနေများပြောပြလိုက်ကာ ကိစ္စအားလုံး တစ်နာရီအတွင်းတွင်ပင် ပြီးစီးသွားခဲ့လေသည်။
ထို့နောက် ကုနင်း နဉ်ချန်ခိုင်ကို ထိုအကြောင်းပြောရင်း ရှင်းဟယ်အကြောင်းပါမေးလိုက်သည်။
“ရှင်းဟယ်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီနဲ့ ရန်ငြှိုးများရှိထားသေးလား?” ရှင်းဟယ်ပိုင်ရှင်က နျဉ်ချန်ခိုင်၏ အောင်မြင်မှုကို မနာလိုလို့လုပ်ခြင်းဆိုသော်လည်း ကုနင်းကတော့ ထပ်ပြီးရှာဖွေချင်နေစဲပင်။
“မရှိထားပါဘူး။” နဉ်ချန်ခိုင်ပြန်ဖြေလိုက်သည်။ နဉ်ချန်ခိုင်သည် သူ၏စီးပွားရေးကို စည်းစနစ်ဘောင်ထဲကအတိုင်း လုပ်ကိုင်သူဖြစ်သောကြောင့် အခြားလူများနှင့် မကျေမလည်ဖြစ်ခြင်းမျိုးရှားလေသည်။ ထို့အပြင် သူ ရှင်းဟယ်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကို ကြားဖူးပေမည့် ပိုင်ရှင်ကိုတော့ တခါမျှမတွေ့ဖူးပေ။
“ကောင်းပြီလေ၊ အခု အသိအမှတ်ပြုလက်မှတ်လဲရှိပြီဆိုတော့ ဆေးတွေ စပြီးထုတ်ရောင်းလို့ရပြီပေါ့။ နောက်နှစ်ရက်နေရင် ကျွန်မBမြို့ကိုပြန်မှာဆိုတော့ ဒီနှစ်ရက်နဲ့ ဈေးကွက်ထဲ တင်ပို့နိုင်အောင် လုပ်တာပိုကောင်းမယ်။”
ကိုလိန်းသည် လူထုကြားတွင် အောင်မြင်သည့်အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ ထုတ်ပိုးမှုပုံစံပြောင်းလဲသွားပြီဆိုသော်လည်း သပ်သပ်ကြော်ငြာနေစရာမလိုတော့ပေ။ သူတို့ဆေးကို စတင်ရောင်းချပြီဆိုသည်နှင့် လူထုကလဲ ကိုလိန်းတစ်ဖန်ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိသွားပေလိမ့်မည်။
အလှကုန်များကိုတော့ ဝယ်သူများထံ တစ်ခါအစမ်းသုံးဖို့ရန် ပို့ပေးကာ ကြော်ငြာဖို့ ကုနင်းစီစဉ်ထားလေသည်။ ပစ္စည်း၏အကျိုးသက်ရောက်မှုအားကြီးပုံကို လူအများသိသွားသည်နှင့် တပြိုင်နက် ချက်ချင်းပြန်လာကာ ဝယ်ကြပေလိမ့်မည်။ တကယ်ပဲ ဝယ်သူများ၏ သစ္စာခံမှုကိုလိုချင်လျှင် စကားနှင့်ပြောနေခြင်းထက် လက်တွေ့အသုံးပြုနိုင်ရန် ကြော်ငြာလိုက်ခြင်းက ပို၍ထိရောက်မှုရှိပေသည်။
အသားအရေထိန်းသည့် အလှကုန်ပစ္စည်းများကိုတော့ ခိုကျီ အမှတ်တံဆိပ်ဟုအမည်ပေးမည်ဖြစ်သည်။ ခိုကျီသည် သီးခြားအမှတ်တံဆိပ်တစ်ခုဖြစ်သော်လည်း ကိုလိန်း၏နာမည်အောက်တွင်တော့ ရှိနေစဲပင်။
“အသားအရေကြည်လင်စေတဲ့ပစ္စည်း အစုံ၂၀နဲ့ စီရမ်ပါတဲ့မျက်နှာဖုံး၂၀ကို အရင် ထုတ်ပေးထားပါဦး။ လက်ဆောင်ပေးမယ့်ပစ္စည်းတွေမို့ မကြာခင်ကျွန်မလာယူပါ့မယ်။”
“ဟုတ်ကဲ့ပါ။” ကုနင်းနှင့်ဖုန်းပြောပြီးနောက် မှာထားသည့်ပစ္စည်းများပြင်ဆင်ရန် နဉ်ချန်ခိုင်ထွက်သွားတော့သည်။
သူတို့၏အဓိကထုတ်ကုန်များမှာ အသားအရေထိန်းသိမ်းသည့်အလှကုန်များဖြစ်ပေမည့် ကုနင်းကတော့ သူမအောင်မြင်မည်ဟု ယုံကြည်ချက်အပြည့်ရှိသောကြောင့် ဆက်လက်ထုတ်လုပ်ခိုင်းထားလေသည်။
ထို့နောက် ကုနင်း ကေကိုဖုန်းဆက်ကာ ရှင်းဟယ်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီအကြောင်း စုံစမ်းခိုင်းလိုက်သည်။ ကေဆီမှ အဖြေရလာမှသာ ရှင်းဟယ်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကို သူမကောင်းကောင်းပညာပြန်ပေးပြပေမည်။ ရှင်းဟယ်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီသာ သူတို့၏စီးပွားရေးကို တရားနည်းလမ်းကျကျမလုပ်ထားပါက အန္တရာယ်ကြီးကြီးမားမားကျရောက် ပေတော့မည်။ သူတို့သာ တရားနည်းလမ်းကျကျလုပ်ကိုင်ထားလျှင်တော့ ကုနင်းနည်းနည်းပါးပါးသာ ပညာပေးပေမည်။
၁နာရီကြာပြီးနောက်တွင်တော့ ကုနင်း သူမလိုအပ်သည့်ပစ္စည်းများယူဖို့ရန်အတွက် ဆေးဝါးစက်ရုံသို့ရောက်ရှိလာခဲ့သည်။
သူက အဆင့်မြင့်ထုတ်ကုန်အဖြစ်ရည်ရွယ်ထားတာကြောင့် ပစ္စည်းများ၏ဈေးနှုန်းမှာ မနိမ့်လှပေ။ အသားအရေကြည်လင်စေသည့်အစုံထဲတွင် တိုနာ၊ နို့ရည်နှင့် စီရမ်တို့ပါဝင်ကာ ယွမ်၃၈၀၀၀ကျသင့်ပေမည်။ ထိုဈေးနှုန်းကတော့ လူအများစုလက်ခံပေးနိုင်ပေသည်။အသားအရေထိန်း မျက်နှာဖုံးကိုတော့ တစ်ဗူးလျှင် ၆ချပ်ထည့်သွင်းထားမည်ဖြစ်ကာ ၂၈၈ယွမ်ကျသင့်ပေမည်။ ထိုဈေးမှာ အခြားသောမျက်နှာဖုံးဈေးများထက် ပို၍ဈေးမြင့်သော်လည်း အကျိုးသက်ရောက်မှုကတော့ များစွာပိုသာလေသည်။
ကုနင်း ပစ္စည်းများရသည်နှင့် သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲသို့ထည့်သွင်းလိုက်ကာ နှစ်စုံကိုသာ စုန့်မန်နီနှင့် ရှားယီချူးကို ပေးမှာကြောင့် လွယ်အိတ်ထဲထည့်လိုက်လေသည်။ ထို့ကြောင့် ကုနင်း ဆေးဝါးစက်ရုံမှထွက်ကာ လုပ်ငန်းစုအဆောက်အဦးသို့ထွက်လာခဲ့လေသည်။
ကုနင်းထံမှ စုန့်မန်နီလက်ဆောင်ရရှိချိန်တွင်တော့ အလွန်ပျော်ရွှင်လို့သွားတော့သည်။
“ဘော့စ်၊ ငါတို့အတွက်လက်ဆောင်ကကော?” ကေလဲ သူတို့နားသို့ရောက်လာကာ မေးလိုက်သည်။
“ရှင်က ယောက်ျားလေးလေ!” ကုနင်းစနောက်လိုက်သည်။
“ရှင် မိန်းမဖြစ်ချင်လို့လား? ဖြစ်ချင်ရင်တော့ အရင်ဆုံး မိတ်ကပ်လေးလိမ့်လိုက်ဦး။”
“ဟ-ဟ။” ကုနင်း၏စကားကြောင့် အားလုံးရယ်လိုက်ကြလေသည်။
“အသားအရေထိန်းတဲ့ပစ္စည်းကို ယောက်ျားလေးလဲ သုံးလို့ရတာပဲ။”
“စိတ်မကောင်းပေမယ့် ကျွန်မက ယောက်ျားလေးအသားအရေထိန်းပစ္စည်းထုတ်မထားမိဘူး။”
ကေ စိတ်ဆိုးသွားပေမည့် ဘာမှလဲ မတတ်နိုင်ခဲ့ပေ။
ကုနင်း ရှားယီချူးကိုတော့ ကိုယ်တိုင်လက်ဆောင်သွားမပေးတော့ဘဲ စုန့်မန်နီကိုသာ တစ်ဆင့်ပေးခိုင်းလိုက်သည်။
စုန့်မန်နီနှင့် ရှားယီချူးတို့နှစ်ယောက်လုံးသည် မြို့တော်တွင် ဆွေမျိုးသူငယ်ချင်းများမရှိကြတာကြောင့် ကုနင်း သူမတို့နှစ်ယောက်ကို ရင်းနှီးသွားစေချင်လေသည်။
ထို့နောက် ကုနင်း ရှုချင်ယင်းကိုလဲ လက်ဆောင်ပေးဖို့ရန် ဖုန်းဆက်လိုက်လေသည်။
***
အခန်း ၆၁၈
ရှုချင်ယင်းနှင့် ချိန်းဆိုခြင်း
ကုနင်းနှင့် ရှုချင်ယင်း သိပ်ပြီးမရင်းနှီးကြပေမည့် ဖုန်းနံပါတ်တော့လဲထားကြလေသည်။
ရှုချင်ယင်းသည် ရှုမိသားစုတွင်မွေးဖွားသူဖြစ်ကာ ကုနင်းအတွက် လှုပ်ရှားနေသည့် ကြော်ငြာတစ်ခုလဲဖြစ်လေသည်။ သူမသာ ကုနင်း၏အသားအရေထိန်းသိမ်းသည့်အလှကုန်ပစ္စည်းများအတွက် အမာခံဖောက်သည်တစ်ဦးသာ ဖြစ်သွားခဲ့လျှင် ခိုကျီအမှတ်တံဆိပ်မှာ မကြာခင်အချိန်အတွင်းတွင်ပဲ အဆင့်မြင့်လူတန်းစားများကြားတွင် နာမည်ကြီးသွားပေလိမ့်မည်။ ထိုကျိကျိတက်ချမ်းသာ ကြွယ်ဝကြသည့် အမျိုးသမီးများမှာ ခိုကျီ၏အရည်အသွေးကိုတော့ သံသယဝင်နိုင်ကြပေမည့် ရှုချင်ယင်းကိုတော့ လုံးဝသံသယဝင်ကြမည်မဟုတ်ပေ။
ရှုချင်ယင်း ခိုကျီတံဆိပ်ကိုကြိုက်ပါ့မလားဆိုသည်ကိုတော့ ကုနင်းမသိသော်လည်း လင်ရှောင်းထင်၏မျက်နှာဖြင့် တခါလောက်တော့ စမ်းသုံးပေးကြည့်လောက်ပေမည်။ ရှုချင်ယင်း စမ်းသုံးကြည့်ပြီးသည်နှင့် သေချာပေါက် ကြိုက်သွားမည်ကိုတော့ ကုနင်းယုံကြည်ချက်ရှိသည်။
ကုနင်းထံမှဖုန်းခေါ်ဆိုမှုကို ရှုချင်ယင်းလက်ခံလိုက်ရချိန်တွင်တော့ အံ့ဩသွားမိပေမည့် ကုနင်းကိုတော့ တွေ့ဖို့ရန် ဆန္ဒရှိလေသည်။ ထို့ကြောင့် ကုနင်းခေါ်လိုက်သည်နှင့် သူမချက်ချင်းပင် အိမ်မှထွက်လာတော့သည်။
“ရှုချင်ယင်း၊ အခုက ဘယ်ကိုသွားဦးမလို့လ? နေ့လည်စာစားချိန်ရောက်နေပြီ!” ရှုချင်ယင်း အပြင်ထပ်ထွက်ရန်ပြင်နေသည်ကို မြင်သည်နှင့် သူမ၏အမေက အော်လိုက်ခြင်းဖြစ်သည်။
“သမီးသူငယ်ချင်းတစ်ယောက် ရောက်နေလို့ သူနဲ့ပဲ အတူစားလိုက်တော့မယ်။”
“သူငယ်ချင်း? မိန်းကလေးလား ယောက်ျားလေးလား?” ရှုချင်ယင်း၏မိခင် အလောတကြီးမေးလိုက်တော့သည်။
ရှုချင်ယင်းကတော့ သူမအမေဘာတွေတွေးနေလဲဆိုသည်ကိုသိသောကြောင့် မျက်လုံးသာအသာဝေ့လိုက်ကာ၊
“မိန်းကလေးပါ။”
ထိုအဖြေကြောင့် သူမအမေ စိတ်ပျက်သွားပုံရလေသည်။ ရှုချင်ယင်းသည် အခုဆိုလျှင် အသက်၂၀ကျော်နေပြီဖြစ်ပေမည့် အခုထိ တစ်ကိုယ်တည်းသမားဖြစ်နေသေးကာ မိန်းကလေးသူငယ်ချင်းများနှင့်ပင် လျှောက်သွားပျော်ပါးလို့နေမြဲဖြစ်သည်။
မကြာမီတွင်ပဲ ချိန်းဆိုထားသည့်စားသောက်ဆိုင်သို့ ရှုချင်ယင်းရောက်ရှိလာကာ ကုနင်းသည်တော့ အထဲတွင် သူမကို စောင့်နေပြီဖြစ်သည်။
“အကြာကြီးစောင့်လိုက်ရပြီလား။”
“မစောင့်ရပါဘူး၊ ငါလဲ အခုပဲရောက်တာ၊” ကုနင်းပြုံးပြလိုက်ကာ၊
“ထိုင်လေ။”
အစားအသောက်များမှာယူပြီးနောက်တွင်တော့ ရှုချင်ယင်း မေးလာခဲ့သည်။
“ရှောင်းထင်ရော? နင်နဲ့အတူပါမလားဘူးလား?”
“အာ၊ သူက အခုတာဝန်ထမ်းဆောင်ဖို့သွားနေတယ်၊ မြို့တော်မှာမရှိသေးဘူး။ ငါက အခုစီးပွားရေးကိစ္စအတွက်လာတာ။” ထို့နောက် ကုနင်း အသားအရေထိန်းပစ္စည်းအစုံလိုက်ကို သူမ၏ကျောပိုးအိတ်ထဲမှ ထုတ်ယူလိုက်ကာ၊
“နင့်အတွက် လက်ဆောင်ပြင်ခဲ့တယ်၊ ငါ့ဆေးဝါးကုမ္ပဏီကထုတ်တဲ့ ထုတ်ကုန်အသစ်လေ။ နင်ကြိုက်ပါ့မလားတော့မသိပေမယ့် တစ်ခါလောက်စမ်းသုံးကြည့်ဖို့တော့ အကြံပေးချင်တယ်။”
ရှုချင်ယင်းကို အမှီပြုကာ ခိုကျီအတွက် အောင်မြင်မှုကိုရချင်သော်လည်း သူမကို အတင်းအကြပ်သုံးစွဲစေဖို့အထိတော့ ကုနင်း စိတ်ကူးမရှိပေ။
“နင့်ရဲ့ဆေးဝါးကုမ္ပဏီလား?” ရှုချင်ယင်း ထပ်မံကာအံ့အားသင့်သွာပြန်သည်။ ကုနင်း ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိုမျှလုပ်နိုင်စွမ်းရှိလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
“ဟုတ်တယ်။”
“ဟုတ်ပါပြီ၊ ကျေးဇူးပဲ၊ ငါစမ်းသုံးကြည့်လိုက်မယ်။” ရှုချင်ယင်းသည်လဲ ကုနင်းကို ယုံကြည်သောကြောင့် ကုနင်း၏လက်ဆောင်ကို ဝမ်းသာစွာဖြင့် လက်ခံထားလိုက်သည်။
“ဒါနဲ့ နင်ဒီညအားလား?” ရှုချင်ယင်း ကုနင်းကိုမေးလိုက်သည်။ သူမတွင် အစီအစဉ်တစ်ခုခုရှိနေကြောင်း သိသာလှပေသည်။
“အားတယ်လေ။”
ထိုအဖြေကြောင့် ရှုချင်ယင်း ပျော်ရွှင်သွားကာ၊
“ဒါဆို ညကျငါနဲ့ အပြင်လိုက်ခဲ့! ငါ့သူငယ်ချင်းတစ်ယောက်က သီချင်းဘားတစ်ခုဖွင့်ထားတာ စိတ်ဝင်စားဖို့ကောင်းတယ်။”
“ကောင်းပြီလေ။” ကုနင်း သဘောတူလိုက်လေသည်။ သူမ ရှုချင်ယင်းကို ဖုန်းဆက်လိုက်သည်နှင့် ရှုချင်ယင်းသည် ချက်ချင်းရောက်လာပေးခဲ့သည်ဖြစ်သောကြောင့် သူမသာ ယခုလိုပြန်လည်ဖိတ်ခေါ်လာမှုကို ငြင်းလိုက်လျှင် မယဉ်ကျေးရာရောက်ပေမည်။ ဘာပဲဖြစ်ဖြစ် သူမတွင်လဲ ထွေထွေထူးထူး လုပ်စရာရှိမနေပေ။
ထို့နောက် ကုနင်းကို သူငယ်ချင်းများနှင့်တွေ့ပေးရန်အတွက် ရှုချင်ယင်းခေါ်ဆောင်သွားတော့သည်။
“ကုနင်း နင်ကြားပြီးပြီလား? အခု ယွီရှင်းက စစ်မင်ရဲ့ချစ်သူဖြစ်သွားပြီ၊ ဒါပေမယ့် သူတို့နှစ်ယောက်လုံးက အရမ်းအလုပ်များကြတော့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်ကြဘူး။ သူတို့အနာဂါတ်ဘယ်လိုများဖြစ်လာမလဲပဲ။” ရှုချင်ယင်းမှာ သူမသူငယ်ချင်း၏ဘဝအတွက် စိုးရိမ်နေလေသည်။ ထိုအကြောင်းပြောရင်းနှင့် လင်ရှောင်းထင်နှင့် ကုနင်းသည်လဲ တူညီသည့်အခြေအနေတွင်ပဲဖြစ်ကြောင်း သတိရသွားကာ၊
“ကုနင်း၊ နင်လဲ ရှောင်းထင်နဲ့တွေ့ရခဲတယ်မလား? နင်အထီးမကျန်ဘူးလား?”
ကုနင်းပြုံးလိုက်ကာ၊
“တခါတလေတော့ အထီးကျန်တာပေါ့ အမြဲတော့မဟုတ်ပါဘူး။ ငါလဲ ငါ့ဘဝအတွက် လုပ်စရာတွေအများကြီးရှိနေတယ်လေ၊ အဲ့တော့ အထီးကျန်နေဖို့ အချိန်လဲ သိပ်မရှိပါဘူး။ ငါက ငယ်သေးတယ်၊ ငါ့အနာဂါတ်အတွက် ကြိုးစားရမယ်။ ဒီတော့ အခုလိုအခြေအနေက ဆိုးနေတာတော့မဟုတ်ပါဘူး။”
“ဟုတ်တာပေါ့၊ နင်က အခုမှ၁၈နှစ်ပဲရှိသေးတယ်၊ အရွယ်ရောက်တဲ့ဆိုတဲ့ အသက်ထက်တောင် ငယ်နေတုန်းပဲ။” ရှုချင်ယင်းကပဲ ဆက်ပြီး၊
“ငါတော့ နင့်ကို အရမ်းမနာလိုဖြစ်မိတယ်။ ငါလဲ အခုချိန်၁၈ပြန်ဖြစ်သွားရင်ဘယ်လောက် ကောင်းလိုက်မလဲ၊ ဒီလိုဆို ငါ့အမေလဲ ငါ့ကို ချစ်သူရှာဖို့ တိုက်တွန်းနေတော့မှာမဟုတ်ဘူး။ အခုချိန်က ချစ်သူရှာဖို့ဆိုတာ လွယ်မှမလွယ်တော့တာကို၊”
ရှုချင်ယင်းသည် ဤကိစ္စအတွက်နှင့် အိမ်မှတောင် အကြိမ်များစွာ ထွက်ပြေးခဲ့ပေမည့် အမြဲတမ်း သိပ်မကြာဘဲ ပြန်ခဲ့ရသည်ချည်းသာ။
“နင့်အစ်ကိုမှာ လူလွတ်ရဲဘော်ရဲဘက်တွေအများကြီးရှိတယ်မဟုတ်လား? သူတို့ထဲက တစ်ယောက်ကိုမှ နင်သဘောမကျဘူးလား?” ကုနင်းမေးလိုက်သော်လည်း ထိုလူများထဲမှ တစ်ယောက်ကိုမှ ရှုချင်ယင်းမကြိုက်ခြင်းကြောင့်သာ ယခုလို တစ်ကိုယ်တည်းဖြစ်နေခြင်းဖြစ်ကြောင်း နားလည်ထားပြီးသားဖြစ်သည်။ မဟုတ်လျှင် အခုလို အချိန်အကြာကြီးတစ်ယောက်တည်း ဖြစ်နေစရာမှမလိုဘဲ။
ရှုချင်ယင်းကတော့ သူမခေါင်းကို ခပ်သွက်သွက်ခါလိုက်ကာ၊
“ငါစစ်သားတွေကို မကြိုက်ဘူး။ သူတို့က အရမ်းအလုပ်များကြတာ။ ငါ့အစ်ကိုလိုပေါ့၊ သူ့ဆို တစ်နှစ်နေလို့တောင်မှ အကြိမ်ရေနည်းနည်းပဲတွေ့ရတယ်။”
ရှုချင်ယင်းပြောတာမှန်ပေသည်။ စစ်သားများသည် အမှန်ကိုပင် အလွန်အလုပ်များကြကာ သူတို့၏လက်တွဲဖော်များသည်လဲ အထီးကျန်မှုဖြင့်သာ ကျင့်သားရသွားကြရပေသည်။
၁၀မိနစ်ကျော်မောင်းနှင်ပြီးနောက်တွင်တော့ အသစ်စက်စက်ဖွင့်လှစ်ထားသည့် သီချင်းဘားသို့ ကုနင်းနှင့် ရှုချင်ယင်းတို့ ရောက်ရှိလာကြသည်။ ထိုဘားမှာအတော်လေး ကျယ်ကာ နာမည်လဲရထားပုံပင်။ သီချင်းသံမှာ သိပ်မကျယ်လှသောကြောင့် ဆူညံသည့်ဘက်သို့လဲမရောက်ပေ။
ကုနင်း ရှုချင်ယင်းနောက်မှနေပြီး စားပွဲတစ်ခုသို့လိုက်သွားခဲ့သည်။ ထိုနေရာတွင် ယောက်ျားတစ်ယောက် ထိုင်နေပြီးသားဖြစ်ကာ စားစရာများ၊ သစ်သီးများနှင့် ဝိုင်ပုလင်းများလဲ ရှိလို့နေလေသည်။ ထိုလူမှာအသက်၃၀လောက်ရှိပြီဖြစ်ကာ ခန့်ညားလွန်းခြင်းမရှိပေမည့် သူ့ဟာနှင့်သူတော့ ဆွဲဆောင်မှုရှိသည့်ထဲတွင် ပါဝင်လေသည်။ ရှုချင်ယင်းရောက်လာသည်ကိုမြင်သည်နှင့် ထိုလူမတ်တပ်ထရပ်လိုက်ကာ၊
“ဟိုင်း!”
“မိတ်ဆက်ပေးရဦးမယ်၊ သူက ဒီဘားရဲ့ပိုင်ရှင် စုန့်နန်လေ။” ရှုချင်ယင်း ကုနင်းကို စုန့်နန်နှင့်မိတ်ဆက်ပေးလိုက်သည်။
“ဒါကတော့ ငါ့သူငယ်ချင်းကုနင်း။”
“တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းစုန့်။”
“တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးကု။”
“ထိုင်ကြပါဦး။”
ကုနင်းနှင့်ရှုချင်ယင်းတို့ ထိုင်လိုက်ကြပြီးနောက် စုန့်နန်ကမေးလာခဲ့သည်။
“မင်းတို့နှစ်ယောက်တည်းပဲလား?”
“တခြားသူငယ်ချင်းတွေက နောက်မှလိုက်လာလိမ့်မယ်။” ရှုချင်ယင်းပြန်ဖြေလိုက်သည်။
“ဒီဝိုင်းမှာ ကောင်လေးချောချောလေးတွေနဲ့ထိုင်ချင်ကြလား? ငါ့သူငယ်ချင်းနှစ်ယောက်လဲ ဒီကိုရောက်နေတယ်။ မင်းတို့အဆင်ပြေရင် သူတို့ကို ဒီမှာလာထိုင်ဖို့ခေါ်လိုက်မယ်လေ။”
“သူတို့ချောကြလား?” ရှုချင်ယင်းတစ်ယောက် အားရဝမ်းသာဖြင့်မေးလိုက်သည်။
“ချောတာပေါ့!”
“ဒါဆို ဘာစောင့်နေသေးတာလဲ? ခေါ်လိုက်တော့လေ။”
၁၀မိနစ်ကျော်ကြာပြီးနောက် စုန့်နန်နှင့်သူ၏သူငယ်ချင်းများပြန်ရောက်လာကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုထဲမှတစ်ယောက်ကို ကုနင်းသိထားပြီးဖြစ်နေသည်။
***
အခန်း ၆၁၉
ထန်ချင်းယန်
ထိုတစ်ယောက်လဲ ကုနင်းကို မြင်လိုက်သည်နှင့် မျက်ဝန်းများလင်းလက်လို့သွားကာ၊
“ဟိုင်း၊ မိန်းကလေးကု! တိုက်ဆိုင်လိုက်တာ!”
“တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းကျန်း။” ကုနင်း ယဉ်ကျေးစွာပင် ပြန်နှုတ်ဆက်လိုက်ပေမည့် ကျန်းချင်ယွေ့မှာ ယောက်ျားတစ်ယောက်သာဖြစ်သောကြောင့် သူတို့ကြားထဲတွင် အကွာအဝေးတစ်ခုတော့ထားထားလေသည်။
ကျန်းချင်ယွေ့မှာ တစ်နေကုန် ကုနင်းအကြောင်းပဲတွေးမိနေကာ နောက်နေ့မနက်သူမနှင့်ထပ်တွေ့ဖို့ရန်အတွက် ပြေးဖို့တောင်မှ စဉ်းစားထားပေမည့် တိုက်တိုက်ဆိုင်ဆိုင်ပင် ယနေ့ညတွင်ပင် ပြန်တွေ့ခဲ့ရလေသည်။
“အိုး၊ မင်းတို့က သိနှင့်နေကြပြီးသားလား!” စုန့်နန်ပြုံးလိုက်ကာ ကျန်းချင်ယွေ့ကို တစ်ချက်ကြည့်လိုက်လေသည်။ ကျန်းချင်ယွေ့၏အမူအရာပြောင်းလဲသွားပုံကို သူသတိထားမိလေသည်။ ကျန်းချင်ယွေ့တစ်ယောက် ကုနင်းကိုကြိုက်နေသည်မှာ သိသာလှပေမည့် ကုနင်းဘက်ကတော့ အေးဆေးတည်ငြိမ်လှသောကြောင့် သူတို့ချင်း တွေ့ဖူးသည်မှာမကြာသေးသလို ရင်းနှီးမှုလဲ မရှိကြလောက်သေးမှာ သိသာပေသည်။
“ဟေ့၊ ငါလဲရှိနေပါတယ်နော်၊ ငါ့ကိုကျမမြင်ဘူးလား” ရှုချင်ယင်းတစ်ယောက် လျစ်လျူရှုခံထားရသောကြောင့် မကျေမနပ်ဖြင့်ပြောလိုက်သည်။
ကျန်းယွေ့ချင်မှာ ရှုချင်ယင်း ထိုစကားပြောမလာခင်အထိ သတိမထားခဲ့မိသောကြောင့် ထိုအခါမှ ရှက်ကိုးရှက်ကန်းဖြစ်သွားကာ၊
“ဟိုင်း၊ ချင်ယင်း။”
လင်မိသားစု၊ ရှုမိသားစုနှင့် ကျန်းမိသားစုတို့မှာ အလွန်ရင်းနှီးကြသောကြောင့် လူငယ်မျိုးဆက်များသည်လဲ အတူတူကြီးပြင်းလာကြသူများဖြစ်လေသည်။
“မင်းတို့ကကော သိနေကြပြန်တာလား?” စုန့်မန်အလွန်အံ့ဩနေတော့သည်။
“သိတာပေါ့၊ ငါတို့ကအတူတူကြီးလာကြတဲ့လူတွေပဲကို!” ရှုချင်ယင်း ဂုဏ်ယူနေဟန်ဖြင့်ပြန်ဖြေလိုက်သည်။
“ဒါဆို သူနဲ့ပဲမိတ်ဆက်ပေးရတော့မှာပေါ့၊ သူကတော့ ငါ့သူငယ်ချင်း ထန်ချင်းယန်။ နိုင်ငံခြားမှာကျောင်းတက်နေပြီး အခုမှပြန်ရောက်လာတာ။” ကျန်းချင်ယွေ့ သူနှင့်အတူပါလာသည့် သူငယ်ချင်းကို အခြားလူများအား မိတ်ဆက်ပေးလိုက်သည်။
ထန်ချင်းယန်၏နာမည်ကိုကြားသည်နှင့် ကုနင်းထိတ်လန့်သွားကာ ချက်ချင်းမော့ကြည့်လိုက်မိတော့သည်။ သူက အရင်နဲ့သိပ်မကွာသွားဘူးပဲ။ နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့! ထန်ချင်းယန်သည် ထန်အိုက်နင်၏ မောင်ဝမ်းကွဲတော်စပ်သူဖြစ်ကာ မြို့တော်ထန်မိသားစု၏ လုပ်ငန်းတွင် ရှယ်ယာ၁၅ရာခိုင်နှုန်း ပိုင်ဆိုင်သူလဲဖြစ်လေသည်။
မြို့တော်ထန်မိသားစုတွင် ညီအစ်ကို၃ယောက်ရှိကာ အကြီးဆုံးသည်တော့ ထန်ပင်းစန်ဖြစ်ပြီး ဒုတိယသည်တော့ ထန်ချင်းယန်၏ဖခင် ထန်ပင်းချောင်ဖြစ်ကာ အငယ်ဆုံးမှာတော့ အသက်၄၀စွန်းကာစ ထန်ပင်းကျန်းဖြစ်ပြီး သူ့တွင်တော့ ၁၇နှစ်အရွယ်သားတစ်ယောက်နှင့် ၁၃နှစ်အရွယ်သမီးတစ်ယောက်ရှိလေသည်။
ထန်ပင်းစန်သည် လုပ်ငန်းစု၏ ရှယ်ယာ၅၁ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကာ ထန်ပင်းချောင်နှင့် ထန်ပင်းကျန်းတို့သည်တော့ ၁၅ရာခိုင်နှုန်းစီ ပိုင်ဆိုင်ကြပြီး ကျန်ရှယ်ယာများကိုတော့ အခြားရှယ်ယာရှင်များနှင့် ဈေးကွက်ကစားသူများက ပိုင်ဆိုင်ကြလေသည်။ သို့ပေမည့် လွန်ခဲ့သည့်၃နှစ်တုန်းက ထန်ပင်းချောင် ကားတိုက်ကာ ဆုံးပါးသွားခဲ့တာကြောင့် သူပိုင်ဆိုင်သည့် ရှယ်ယာ၁၅ရာခိုင်နှုန်းမှာ ထန်ချင်းယန်လက်ထဲသို့ရောက်သွားခဲ့လေသည်။
ထိုတခနတွင်ပဲ ကုနင်းစိတ်ထဲ အကြံတစ်ခုပေါ်လာခဲ့သည်။ ထန်မိသားစုစီးပွားရေးလုပ်ငန်းကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ရန်အတွက် ထန်ချင်းယန်နှင့်ပူးပေါင်းလိုက်မည်ဆိုလျှင် မဆိုးလှပေ။
ထန်ပင်းစန်သည် ထန်ချင်းယန်၏ဖခင်သေဆုံးမှုနောက်ကွယ်မှ အဓိကကြိုးကိုင်သူဖြစ်ကာ ထန်ချင်းယန်လဲ သူငယ်ငယ်ကတည်းက ထိုကိစ္စကိုခန့်မှန်းမိလောက်သောကြောင့်သာ ရုတ်တရက်ဆိုသလို နိုင်ငံခြားသို့ အလျင်စလိုပညာသင်ထွက်သွားခြင်းဖြစ်ပေမည်။ ဒီလိုသာဆိုလျှင်ဖြင့် သူအခုလိုပြန်လာခြင်းက အကြောင်းအရင်းတစ်ခုခုရှိလောက်ပေမည်။ သို့ပေမည့် ထန်ချင်းယန်တစ်ယောက်တည်းကတော့ အာဏာရော မဟာမိတ်ပါမရှိတာကြောင့် ထန်မိသားစုကို အနိုင်ယူဖို့ရန် ခက်ခဲပေမည်။
ကုနင်း၏အတိတ်ဘဝတုန်းကဆိုလျှင် ထန်ယရှင်းနှင့် ချီကျီယွဲ့တို့သည် သူမကိုသတ်ရန် ကြေးစားများစုစည်းခဲ့သည်။ ထန်မိသားစုတွင် ထိုကြေးစားဂိုဏ်းတစ်ခု အထောက်အပံ့ရှိလေသည်။ ထိုဂိုဏ်းသည် ချင်ဂိုဏ်း ဒါမှမဟုတ် ကီရင်းဂိုဏ်းကိုတော့ဖြင့် မယှဉ်နိုင်ပေမည့် သာမာန်လူများကိုတော့ ခြိမ်းခြောက်နိုင်ဖို့ရန် လုံလောက်သည်ထက်ပင် ပိုလေသည်။
ထိုထန်မိသားစုနောက်ကွယ်မှ ကြေးစားဂိုဏ်း၏အမည်နှင့်တည်နေရာကို လူအနည်းငယ်သာသိရှိထားသည်။ ကုနင်းတောင်မှ ထိုဂိုဏ်းအကြောင်း အနည်းအကျဉ်းလောက်သာသိထားလေသည်။ သူမ၏ယခင်ဘဝတုန်းကဆိုလျှင် သူမသည် ထန်ပင်းစန်၏မျက်လုံးထဲတွင် လူသတ်စက်ရုံတစ်ခုသာသာဖြစ်တာကြောင့် ထန်ပင်းစန်နေနှင့် သူ့လျှို့ဝှက်ချက်များစွာကို သူမအားပေးသိခြင်းမရှိပေ။
သို့ပေမည့် ကုနင်းသည်တော့ ထန်ပင်းစန်၏အင်အားကို လုံးဝမကြောက်ရွံ့ပေ။ ထိုအစား ထန်ပင်းစန်၏အင်အားကို ဖျက်ဆီးဖို့ရန်ကိုပိုလို့ စိတ်ဝင်စားလေသည်။ တစ်ဖက်၌လဲ သူမ၏ကိုယ်ပိုင်စီးပွားရေးအင်ပါယာကြီးတစ်ခုကို ကိုယ်တိုင်တည်ဆောက်ဖို့ရည်ရွယ်ထားသူ ဖြစ်သောကြောင့် ထန်မိသားစုလုပ်ငန်း၏ ဥက္ကဌဖြစ်ဖို့ရန်လဲ ဆန္ဒမရှိပေ။ ထို့အတွက်ကြောင့် ထန်ချင်းယန်သာ ထန်မိသားစုပိုင်လုပ်ငန်းစုကို အုပ်ချုပ်လိုလျှင် သူမဘက်က ကူပင်ကူညီလိုက်ပေဦးမည်။
ကုနင်း ထူးထူးဆန်းဆန်းကြည့်နေသည်ကို ထန်ချင်းယန်လဲ သတိထားမိပေမည့် သိပ်ပြီးစိတ်ထဲမထားနေပေ။ သူတို့အချင်းချင်း နှုတ်ဆက်ပြီးနောက် အားလုံးနေရာယူလိုက်ကြသည်။
မကြာခင်တွင်ပဲ ရှုချင်ယင်း၏အခြားသူငယ်ချင်းတစ်ယောက်ရောက်ရှိလာခဲ့သည်။ ထိုသူမှာ အသက်၂၅နှစ်အရွယ်ရှိပြီဖြစ်သည့် ဆွဲဆောင်မှုရှိလှသည့် အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။ သူမသည် ကိုယ်ကျပ်ဂါဝန်တစ်ထည်ကိုဝတ်ဆင်ထားသောကြောင့် သူမ၏ခန္ဓာကိုယ်အချိုးအစားမှာ ပေါ်လွင်နေပြီး သူမဝင်လာသည်နှင့် ဘားထဲမှယောက်ျားသားများစွာ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပေသည်။ မိန်းမလှပေါင်းများစွာကို မြင်ဖူးထားကြသည့် စုန့်နန်နှင့်အခြားလူများပင်လျှင် သူမကို တစ်ချက်လောက်မကြည့်မိဘဲမနေနိုင်ခဲ့ပေ။
“အားလုံး စုံနေကြပြီပေါ့!” သူမက ရှုချင်ယင်းတို့အနားသို့လျှောက်လာရင်း သူမဆံနွယ်များကို ခါလိုက်တာကြောင့် အခြားလူများမှင်သက်လို့သွားကုန်ကြတော့သည်။ သူမ၏အသံလေးကပင်လျှင် ဆွဲဆောင်မှုရှိလှပေသည်။ နှုတ်ဆက်ရင်းနှင့်ပင် သူမက စုန့်နန်ဘေးသို့သွားထိုင်လိုက်ကာ၊
“ကျွန်မတို့ ထပ်ဆုံကြပြန်ပြီနော်၊ ကိုလူချော!”
“မင်းရှေ့မှာရှိနေတဲ့ အမှန်တကယ်ခန့်ညားတဲ့လူနှစ်ယောက်ကိုကျ မမြင်ဘူးလား?” စုန့်နန် စိတ်အနှောက်အယှက်ဖြစ်စွာဖြင့် ပြန်ပြောလိုက်သည်။
“ဘာလို့ ဒီလောက်မကျေမနပ်ဖြစ်နေတာလဲ? ရှင့်ကို လှောင်နေတာမဟုတ်ရပါဘူး။” စုန့်နန်ကို မျက်လုံးဝေ့ကာကြည့်လိုက်လေသည်။ သူမမျက်လုံးကို ဝေ့လိုက်သည်ဆိုလျှင်ပင် ဆွဲဆောင်မှုအလွန်ရှိနေစဲဖြစ်သောကြောင့် သူမသည် လူအများမှင်သက်သွားအောင် လုပ်ဖို့များမွေးဖွားလာသူတစ်ယောက်လိုပင်။
“မင်း….” စုန့်နန်ဘာပြောလို့ပြောရမှန်းပင်မသိတော့ပေ။ သူအမြဲတမ်းလိုလို သူမနှင့်စကားများတိုင်း ရှုံးရစဲပင်။
ရှုချင်ယင်းကတော့ ရယ်သာရယ်လိုကာ ထိုအမျိုးသမီးကို အခြားလူများနှင့်မိတ်ဆက်ပေးလိုက်သည်။
“ဒါက ငါ့သူငယ်ချင်း ကူအန်းနာလေ။”
ထို့နောက် အားလုံးနှင့်လဲ ကူအန်းနာကို မိတ်ဆက်ပေးလိုက်သည်။
“ဟိုင်း၊ ကုနင်း၊ ငါတို့အရင်ကတွေ့ဖူးကြလား? နင့်ကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ။” ကူအန်းနာ ကုနင်းကိုပြောလိုက်ပုံက ကုနင်းကို ချဉ်းကပ်လူနေလိုသည့်အတိုင်းပင်။
ကူအန်းနာ အတည်ပြောနေခြင်းဖြစ်ကြောင်းကိုတော့ ကုနင်းနားလည်ပေသည်။ သို့ပေမည်. သူမတို့အခုမှ ပထမဆုံးအကြိမ်တွေ့ဖူးကြခြင်းဖြစ်ကြောင်းကိုလဲ ကုနင်းအသေအချာသိသည်။
“ဖြစ်နိုင်ပါတယ်။” ကုနင်းပြုံး၍သာ ပြန်ဖြေလိုက်သည်။
ဘာပဲဖြစ်ဖြစ် ကုနင်းကတော့ ဂရုမစိုက်ပေမည့် ကူအန်းနာသည်တော့ အတော်လေးတွေးနေခဲ့သည်။ ကုနင်း၏မျက်နှာကို တစ်နေရာရာတွေ သေချာပေါက် တွေ့ဖူးနေသည်ကို ကူအန်းနာတွေးနေမိလေသည်။
ရုတ်တရက်ဆိုသလိုပင် ကူအန်းနာ ဖုန်းကိုထုတ်ကာ ကုနင်း၏နာမည်ကို အင်တာနက်ပေါ်၌ ရှာလိုက်ချိန်တွင်တော့၊
“အိုး၊ မင်းပဲ ကုနတ်ဘုရားမ!” ကူအန်းနာ စိတ်လှုပ်ရှားစွာဖြင့် အသံကျယ်ကျယ်ထုတ်ပြောလိုက်မိတော့သည်။
***
အခန်း ၆၂၀
ဘားမှရန်ပွဲ
အားလုံးလဲ အံ့ဩတကြီး ကူအန်းနာကို နားမလည်နိုင်သည့်အကြည့်များဖြင့် ကြည့်လိုက်မိကြပြီးနောက် တဖန်ကုနင်းဘက်သို့ကြည့်လိုက်ကြပြန်သည်။ ဘာပြောလိုက်တယ်?
သို့ပေမည့် ကုနင်းသည်တော့ ကူအန်းနာ သူမကို အင်တာနက်ပေါ်မှ ပုံများမှတဆင့်မြင်ဖူးခဲ့ကြောင်း သိသွားပြီဖြစ်သည်။
“ကုနတ်ဘုရားမ၊ ငါနင့်ကို အရမ်းလေးစားနေခဲ့တာ!” ကူအန်းနာတစ်ယောက် ချက်ချင်းဆိုသလို ကုနင်း ပရိတ်သတ်ကြီးတစ်ယောက်အဖြစ်ပြောင်းလဲလို့သွားကာ၊
“ငါနဲ့ ဓါတ်ပုံရိုက်ပေးလို့ရမလား? ငါ့လုပ်ဖော်ကိုင်ဖက်တွေသာတွေ့သွားရင် အရမ်းမနာလိုဖြစ်ကုန်ကြမှာ။” ကူအန်းနာမှာ အလွန်ချစ်ချင်စရာကောင်းလွန်းလှသည့် မိန်းမလှလေးတစ်ဦးဖြစ်ကာ သူမ၏တောင်းဆိုချက်ကို မည်သူကမှ ငြင်းဆန်နိုင်ခြင်းမရှိပေ။ သို့ပေမည့် ကုနင်းဘက်က ပြန်မဖြေရေးသေးခင်တွင်ပဲ ရှုချင်ယင်း ကြားဖြတ်မေးလိုက်သည်။
“နေပါဦး၊ အခု ဘာတွေဖြစ်ကုန်တာလဲ?”
“ကုနင်းရဲ့နာမည်ကို အင်တာနက်ပေါ်မှာရှာလိုက် သိလာလိမ့်မယ်။” ကူအန်းနာ စိတ်မရှည်စွာပြန်ဖြေလိုက်ပြီးနောက်ကို ကုနင်းကို မျှော်လင့်တကြီးပြန်ကြည့်လာကာ ကုနင်းသာ ငြင်းလိုက်လျှင် ငိုတောင်ငိုတော့မည့်အတိုင်းပင်။
အခြားလူများလဲ သူတို့ဖုန်းများကိုထုတ်ကာ ချက်ချင်းပင် အင်တာနက်ပေါ်တွင် ကုနင်း၏နာမည်ကိုရိုက်ရှာလိုက်ကြတော့သည်။
ကုနင်းသည်လဲ ကူအန်းနာ၏ချစ်စရာကောင်းလှသည့် တောင်းဆိုမှုကို မငြင်းဆန်နိုင်သောကြောင့် သဘောတူလိုက်လေသည်။ ကူအန်းနာလဲ ချက်ချင်းပင် ကုနင်းအနားသို့ ရွှေ့ထိုင်လိုက်ကာ စက္ကန့်ပိုင်းအတွင်းတွင်ပဲ ပုံပေါင်းများစွာကို ရိုက်ကူးလိုက်တော့သည်။
ရှုချင်ယင်းနှင့်အခြားလူများ အင်တာနက်ပေါ်မှ သတင်းများကို ဖတ်ပြီးသွားချိန်တွင်တော့ အားလုံး အလွန်ထိတ်လန့်အံ့အားသင့်ကုန်ကြတော့သည်။
“မိန်းကလေးကု၊ မင်းက ငါ့ရဲ့ဝမ်းကွဲညီလေးကို ကယ်ခဲ့တဲ့သူပေါ့!” ကျန်းယွေ့ချင် စိတ်လှုပ်ရှားမှုနှင့် အံ့အားသင့်မှုများ ပေါင်းဆုံသွားတော့သည်။
“ရှင့်ရဲ့ ဝမ်းကွဲညီ?” ကုနင်းသည် ကျန်းယွေ့ချင် ဘယ်သူမှန်း မသိသေးသောကြောင့် သူဘာကို ဆိုလိုမှန်းလဲ နားမလည်ခဲ့ပေ။
“တံတားပေါ်မှာ ပြန်ပေးဆွဲခံရတဲ့ ကောင်လေးလေ။”
“အဲ့ကလေးလား!” ထိုတော့မှ ကျန်းယွေ့ချင်သည် သခင်ကြီးကျန်း၏မြေးဖြစ်မှန်း ကုနင်းသိသွားတော့သည်။
“ဝါး၊ ကုနင်း နင်ကတော့ အရမ်းအံ့ဩဖို့ကောင်းတာပဲ!” ရှုချင်ယင်းသည်လဲ ကုနင်း၏လုပ်ဆောင်ချက်များကြောင့် အလွန်အံ့အားသင့်လို့နေလေသည်။
“တကယ်လို့တော့ မယုံနိုင်တော့ဘူး!” စုန့်နန်ပြောလိုက်သည်။
“မိန်းကလေးကုက ငယ်ငယ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့တာလား?”
“ဟုတ်ပါတယ်။”
“မင်း ကျင်းချန်ကိုရော နိုင်မလားဆိုတာ သိချင်လိုက်တာ။” ကျန်းယွေ့ချင်ပြောလိုက်သည်။
“သူနိုင်တာပေါ့!” ရှုချင်ယင်း ကုနင်းကို လေးစားမှုအားကျမှုအပြည့်ဖြင့် ကြည့်ကာ ပြန်ဖြေလိုက်သည်။
“ဘာ?” ထိုစကားကြောင့် ကျန်းယွေ့ချင် ပိုလို့တောင်မှ အံ့အားသင့်သွားတော့သည်။
“သူတို့ တိုက်ဖူးကြတာလား?”
ဒါကမေးခွန်းတစ်ခုသာဖြစ်သော်လည်း ရှုချင်ယင်းကတော့ တကယ်မတိုက်ဖူးဘဲနှင့် ရှုကျင်းချန်ကို ကုနင်းအနိုင်ယူနိုင်သည်ဟုပြောမည်မဟုတ်တာကြောင့် ကျန်းယွေ့ချင် အဖြေကို သိနှင့်နေပြီးဖြစ်လေသည်။
“ဟုတ်တယ်၊ ဒါပေမယ့် ငါ့အစ်ကိုက မနိုင်နိုင်မှန်း သိသာနေလွန်းလို့ ပွဲက သိပ်မကြာလိုက်ပါဘူး။” ရှုချင်းယင်းတစ်ယောက် သူမ၏အစ်ကိုဖြစ်သည့် ရှုကျင်းချန်ကို အထင်သေးနေခြင်းကို ဖုံးကွယ်ထားခြင်းမရှိ ပြောလိုက်သည်။
ထန်ချင်းယန်နှင့် စုန့်နန်တို့သည်လဲ ရှုကျင်းချန်သည် ရှုချင်ယင်း၏အစ်ကိုဖြစ်ကြောင်းသိထားပေမည့် ရှုကျင်းချန်အကြောင်း သေသေချာချာသိထားသူများမဟုတ်သောကြောင့် ကုနင်း၏စွမ်းရည်အပေါ် အလွန်အမင်း လေးစားမှုမျိုးမဖြစ်သွားခဲ့ပေ။ သို့ပေမည့် ကျန်းချင်ယွေ့သည်တော့ ရှုကျင်းချန်နှင့် အလွန်ရင်းနှီးသူဖြစ်သောကြောင့် ရှုကျင်းချန်ကို ကုနင်းအလွယ်တကူအနိုင်ယူနိုင်ကြောင်း သိလိုက်ရချိန်တွင်တော့ အတော်လေး ထိတ်လန့်အံ့ဩသွားတော့သည်။ ကုနင်းသည် ရှုကျင်းချန်ထက်ပင် ပိုတော်နေမှတော့ လင်ရှောင်းထင်နှင့်တောင် ယှဉ်နိုင်မည့်ပုံပင်။
ကျန်းယွေ့ချင်မှာ ကုနင်းသည် လင်ရှောင်းထင်၏ချစ်သူမှန်း မသိသေးသလို သူတို့ချင်းတွေ့ဖူးကြလိမ့်မည်ဟုလဲ မထင်ထားတာကြောင့် လင်ရှောင်းထင်ကိုတော့ ထည့်မပြောတော့ပေ။
“ရှုချင်ယင်း၊ နင့်အစ်ကိုရဲ့မျက်နှာလေးတော့ထောက်ပါဦး။” ကူအန်းနာ ရယ်မောရင်းပြောလိုက်သည်။
ရှုချင်ယင်းသည် တည့်တိုးသမားဖြစ်ကာ သူပြောလိုက်သည်က ဘယ်လိုပဲဖြစ်သွားပါစေ ဂရုမစိုက်တတ်ပေ။
“ဒါနဲ့၊ ကုနတ်ဘုရားမ၊ နင့်ရဲ့ လက်ဝတ်ရတနာဆိုင်ကို မြို့တော်မှာ ဆိုင်ခွဲဖွင့်မှာလား? JadeBeatyလက်ဝတ်ရတနာဆိုင်ရဲ့ တရားဝင်ဝဘ်ဆိုဒ်မှာ တင်ထားတဲ့ ပုံတွေက အရမ်းလှတယ်။ ငါတကယ်ဝယ်ချင်နေတာ၊ ဒါပေမယ့် Gမြို့မှာဆိုတော့ အရမ်းဝေးလို့ မသွားနိုင်ဘူး။” ကူအန်းနာသည်လဲ လက်ဝတ်ရတနာကို ကြိုက်နှစ်သက်သူဖြစ်လေသည်။
“နောက်အပတ်လောက် မြို့တော်အတွက် ဆိုင်ခွဲကိုဖွင့်ဖြစ်မယ်။”
“တကယ်ပဲလား?” ကူအန်းနာ စိတ်လှုပ်ရှားသွားကာ၊
“ဖွင့်ပြီဆိုရင် ငါ့ကိုပြောပေးပါဦးနော်။”
ပြောရင်းဖြင့် ကူအန်းနာ သူမအိတ်ထဲမှ နာမည်ကဒ်ကိုထုတ်ကာ ကုနင်းကိုပေးလိုက်သည်။
“ရတာပေါ့။” ကုနင်း ဝမ်းမြောက်စွာပင် လက်ခံလိုက်သည်။ ကူအန်းနာသည် ဖောက်သည်ကောင်းတစ်ယောက်ဖြစ်နိုင်တာကြောင့် ကုနင်းသေချာပေါက် သူမ၏တောင်းဆိုချက်ကို မငြင်းခဲ့ပေ။
ခနအကြာတွင်တော့ စုန့်နန်ထံသို့ ဖုန်းဝင်လာကာ ထွက်သွားတော့သည်။
“ခနနော်၊ ငါသန့်စင်ခန်းသွားလိုက်ဦးမယ်။” ကူအန်းနာ ခွင့်တောင်းကာ ထွက်သွားခဲ့သည်။ သို့ပေမည့် သူမပြန်လာသည့် လမ်းတွင်တော့ သူမလမ်းကို လူငယ်တစ်ဦးကဟန့်တားလိုက်လေသည်။
ထိုလူငယ်၏လက်ထဲတွင် အရက်နှစ်ခွက်ရှိနေကာ တစ်ခွက်ကိုတော့ ကူအန်းနာထံသို့ ကမ်းပေးနေပြီး၊
“ဟေ့၊ အလှလေး၊ ကိုယ်တစ်ခွက်လောက်ဝယ်တိုက်ပါရစေ။”
“ကျေးဇူးပါ၊ ကျွန်မ မသောက်ချင်သေးဘူး။”
ထိုလူငယ်မှာ အနည်းငယ်ရှက်သွားကာ ဘေးဘီဝဲယာသို့ကြည့်လိုက်ပြီးနောက် သူမကို အသံတိုးတိုးဖြင့် ပြောလာခဲ့သည်။
“ငါ့ကို နည်းနည်းလောက် မျက်နှာသာပေးပါ။ ငါ့သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ထားတယ်။ မင်းသာ ဒီတစ်ခွက်သောက်မယ်ဆို သူတို့ ယွမ်၂သောင်းရှုံးသွားမှာ၊ ဒီလိုဆို ငါမင်းကို ယွမ်၁သောင်းပြန်ပေးမယ်လေ။ ဘယ်လိုလဲ?”
ကူအန်းနာ ‘ဟမ့်’ခနဲအသံပြုလိုက်လေသည်။ ထိုလူငယ်အမှန်ပြောနေလား မသိပေမည့် သူမကတော့ ဘားတစ်ခုတွင် သူစိမ်းတစ်ယောက် တိုက်သည့်အရက်ကိုသောက်ကာ မစွန့်စားချင်ပေ။ ထိုအရက်ထဲတွင် ဆေးတစ်မျိုးမျိုးသာ ပါနေပါက သူမအန္တရာယ်ဖြစ်ပေလိမ့်မည်။
“ယွမ်၁သောင်းဆိုတာ ငါ့မျက်လုံးထဲမှာတော့ ဘာမှမဟုတ်ဘူး။ ဖယ်ပေးစမ်း!” ကူအန်းနာ အထင်သေးစွာဖြင့်ပြောလိုက်ရင်း ဆက်လျှောက်သွားတော့သည်။
သို့ပေမည့် ထိုလူငယ်ကတော့ ကူအန်းနာ၏အပြုအမူကြောင့် စိတ်တိုသွားကာ၊
“မင်း ငါ့စကားကို နားထောင်ပြီး အခုချက်ချင်းသောက်လိုက်တာကောင်းမယ်! ငါ့ကိုအရှက်ရအောင်လုပ်ရင် မင်းကိုလဲ လူတကာလှောင်ရယ်ရအောင် လုပ်ပစ်မယ်။”
ကူအန်းနာမကျေမနပ်ဖြစ်သွားပေမည့် ထိုစကားများကြောင့်တော့ မကြောက်သွားပေ။
“နင်သာ အခုချက်ချင်းထွက်သွားလိုက်တာကောင်းမယ်။ ဒီဘားပိုင်ရှင်က ငါ့သူငယ်ချင်းပဲ!”
ထိုစကားကြောင့် လူငယ်ခနလောက် တိတ်ဆိတ်သွားပေမည့် လုံးဝကြောက်ဟန်တော့မပေါ်ပေ။
“အဲ့တော့ဘာဖြစ်လဲ? စုန့်နန်ဆိုတာ ဘာကောင်မှမဟုတ်ဘူး။”
အမှန်ကိုပင် စုန့်နန်ဆိုသည်မှာ ထိုလူငယ်၏မျက်လုံးထဲတွင်တော့ ဘာကောင်မှမဟုတ်ပေမည့် ကူအန်းနာသည်တော့ စုန့်နန်ကို သဘောကျနေသူဖြစ်လေသည်။ ထို့ကြောင့် သူမမျက်မှောင်ကြုတ်လိုက်ကာ စိတ်ခံစားချက်များလဲ ဆိုးဝါးလာတော့သည်။
ဒီဘားသည် စုန့်နန်၏ဘားဖြစ်သောကြောင့် ဤနေရာတွင် သူမပြဿနာမဖြစ်စေလိုပေ။ သူမဘာဆက်လုပ်သင့်သလဲ?
“နင် ဘာဖြစ်ချင်နေတာလဲ?” ကူအန်းနာ အေးစက်သည့်လေသံဖြင့်မေးလိုက်သည်။
“သောက်လိုက်။” လူငယ်၏ပုံစံအရ ကူအန်းနာသာ ထိုတစ်ခွက်ကိုမသောက်လျှင် အလွတ်ပေးမည့်ဟန်မပေါ်ပေ။
ကူအန်းနာ စိတ်လေဟန်ဖြင့် မျက်ဆံကိုသာဝေ့လိုက်မိပြီးနောက် ဆက်ထွက်သွားဖို့လုပ်လိုက်ပေမည့် လူငယ်က သူမကိုပြန်ဆွဲထားလေသည်။ ထို့နောက်လူငယ်က ကူအန်းနာ၏ပါးကို ဖြတ်ရိုက်လိုက်ကာ ကျယ်လောင်သည့်အသံကြောင့် ဘားထဲမှ အခြားလူများလဲ သတိထားမိသွားကြတော့သည်။ သို့ပေမည့် ဘယ်သူကမှ ပြဿနာထဲ မပါဝင်လိုကြတာကြောင့် သူမကို ကူညီပေးမည့်သူရှိမနေပေ။
***