အခန်း (၆၂၁-၆၂၅)
Vol. 42 Ch. 621-625
အခန်း ၆၂၁
ကူမိသားစု
“ဒီခွေးမတော့!” လူငယ်က ကူအန်းနာကို ဆဲဆိုခဲ့သေးသည်။
တကယ်တမ်း ကုနင်း သူတို့နှစ်ယောက်ကို အစကတည်းက သတိထားမိပေမည့် ထိုလူငယ်ကို ကူအန်းနာ၏မိတ်ဆွေဖြစ်မည်ဟုသာတွေးခဲ့ခြင်းဖြစ်သည်။ သို့ပေမည့် သူမမထင်မှတ်ထားစွာဘဲ ထိုလူက ကူအန်းနာကိုပါးရိုက်ခဲ့လေသည်။
ထိုလူငယ်သာ အခြားသူစိမ်းတစ်ယောက်ကို ရိုက်လိုက်ခြင်းဆိုလျှင် သူမဝင်ပါမည်မဟုတ်ပေမည့် ကူအန်းနာသည် သူမသူငယ်ချင်း၏သူငယ်ချင်းဖြစ်လေတာကြောင့် ဘေးထွက်မရပ်နေနိုင်ပေ။ ထို့ကြောင့် ကုနင်းချက်ချင်း မတ်တပ်ရပ်လိုက်ကာ ဘာမှပြောမနေဘဲ ကူအန်းနာတို့အနားသို့လျှောက်သွားလိုက်သည်။
ရှုချင်ယင်းနှင့်ကျန်လူများကတော့ ကုနင်း သန့်စင်ခန်းသွားသည်ဟုပင် တွေးမိသောကြောင့် အာရုံစိုက်မနေခဲ့ကြပေ။
“နင်ကများ!” ကူအန်းနာ ဒေါသထွက်သွားကာ အနီးရှိစားပွဲပေါ်မှ အရက်ပုလင်းတစ်လုံးကိုဆွဲယူပြီး လူငယ်၏ခေါင်းကို ရိုက်ခွဲလိုက်တော့သည်။ ကူအန်းနာ၏လှုပ်ရှားမှုမှာ အလွန်လျင်မြန်သောကြောင့် လူငယ်လဲ ရှောင်ရှားချိန်ပင် မရရှိလိုက်ပေ။ ကူအန်းနာသည် အားနည်းသည်ဟုထင်ရသော်လည်း တကယ်တမ်းတွင်တော့ အားနည်းပျော့ညံ့သည့်မိန်းကလေးတစ်ဦးဟုတ်မနေပေ။ သူမကို မတရားသဖြင့် ဆက်ဆံလာသည်နှင့် ချက်ချင်းမဆိုင်းပြန်၍ တိုက်ခိုက်တတ်သူတစ်ဦးသာဖြစ်သည်။
ကူအန်းနာ လူငယ်ကို ထိုသို့ပြန်တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှမထင်မှတ်ထားခဲ့ပေ။ ပုလင်းနှင့်လူငယ်၏ခေါင်း ရိုက်မိသည့်ကျယ်လောင်စွာ ထွက်ပေါ်လာပြီးသည်နှင့် ခေါင်းမှသွေးများလဲ ချက်ချင်းပင် စီးကျလာတော့သည်။
လူတိုင်းထိတ်လန့်တုန်လှုပ်သွားကာ ပုလင်းကွဲသံကြောင့်လဲ ရှုချင်ယင်းတို့အဖွဲ့ပါ ပြဿနာကို သတိထားမိသွားတော့သည်။
“သေရော! အန်းနာ အန္တရာယ်ရှိနေပြီ!” ရှုချင်ယင်း ချက်ချင်းပင်ထကာ ကူအန်းနာဆီသို့ပြေးသွားပြီး ကျန်းယွေ့ချင်နှင့် ထန်ချင်းယန်တို့လဲ နောက်မှချက်ချင်းလိုက်သွားကြသည်။
“မင်းအဆင်ပြေရဲ့လား?” လူငယ်၏သူငယ်ချင်းများလဲ အပြေးရောက်လာကြလေသည်။
“ဒီကောင်မကများ ငါ့ကိုရိုက်ရဲတယ်!” လူငယ် ဒေါသထွက်ကာ ကူအန်းနာကို ပြန်ပြီးတိုက်ခိုက်ဖို့ရန် ပြင်လိုက်သော်လည်း သူလက်မြှောက်ရုံရှိသေး ခန္ဓာကိုယ်သေးသွယ်ကာ လှပသည့်မိန်းကလေးတစ်ဦးက လူငယ်၏လက်ကိုဖမ်းဆွဲထားခဲ့လေသည်။ မိန်းကလေးမှာ အလွန်လှပသော်လည်း အေးစက်လှသည့် အငွေ့အသက်များရှက်သန်းနေသောကြောင့် လူငယ်ကြောက်ရွံ့သွားရသည်။ ထို့အပြင် မိန်းကလေး၏ခွန်အားမှာ အလွန်ကြီးသောကြောင့် လူငယ် နည်းနည်းလေးပင်မလှုပ်ရှားနိုင်တော့ချေ။
ထို့နောက် ချက်ချင်းပင် ကုနင်း လူငယ်၏လက်ကိုချိုးပစ်လိုက်ကာ ဒူးခေါင်းနောက်ကို ကန်ချလိုက်သောကြောင့် လူငယ်လဲ ကူအန်းနာရှေ့တည့်တည့်သို့ ဒူးထောက်ကျသွားတော့သည်။
ထိုမြင်ကွင်းကြောင့် ဘားထဲမှလူတိုင်း ထပ်မံထိတ်လန့်အံ့ဩသွားကြပြန်လေသည်။
“မင်းကများ သခင်လေးလင်းကို ရိုက်ရဲတယ်လား!” သခင်လေးလင်းဆိုသူ၏ သူငယ်ချင်းနှစ်ဦးမှ ကုနင်းကို တိုက်ခိုက်ရန် ကြံရွယ်လိုက်ပေမည့် ကျန်းချင်ယွေ့နှင့် ထန်ချင်းယန်တို့၏ တားမြစ်ခြင်းကို ခံလိုက်ရလေသည်။
“လွှတ်ပေးစမ်း!” သူတို့နှစ်ဦးလုံး ရုန်းကန်အော်ဟစ်ပေမည့် ကျန်းချင်ယွေ့နှင့် ထန်ချင်းယန်တို့၏ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်နိုင်ကြပေ။
“ဘာတွေဖြစ်သွားတာလဲ?” ရှုချင်ယင်း စိုးရိမ်စွာဖြင့် မေးလိုက်သည်။
“ဒီလူက ငါ့ကို အတင်းသောက်ခိုင်းနေတာလေ၊ ငါငြင်းလိုက်တာနဲ့ ငါ့ကိုပါးလာရိုက်ရော!” ကူအန်းနာ ဒေါသတကြီး တိုင်တန်းတော့သည်။ သူမသည် ကူမိသားစုတွင်မွေးဖွားလာခဲ့သူဖြစ်သောကြောင့် သူမကို ဤကဲ့သို့ အရှက်ခွဲဖူးသူတစ်ယောက်ပင် မရှိခဲ့ဖူးပေ။
မြို့တော်တွင် ကူနာမည်နှင့် အလွန်ချမ်းသာကြွယ်ဝသည့် မိသားစုတစ်စုသာရှိလေသည်။
ကူအန်းနာ၏စကားနှင့်မျက်နှာပေါ်မှ လက်ဝါးရာကို ရှုချင်ယင်းမြင်ရသည်နှင့် အလွန်ဒေါသထွက်သွားကာ ချက်ချင်းမဆိုင်း လူငယ်ကို အချက်ပေါင်းများစွာ ရိုက်နှက်တော့သည်။
“နင့်ကိုနင် ဘာများထင်နေတုန်း?”
“ရပ်စမ်း! သူဘယ်သူလဲ မင်းသိလား? သူက…” လူငယ်၏သူငယ်ချင်းတစ်ဦးက ရှုချင်ယင်းကို တားမြစ်ရန် ကြိုးစားလိုက်သည်။
သို့ပေမည့် ရှုချင်ယင်းသည်တော့ စိတ်မရှည်စွာဖြင့် ထိုလူ၏စကားစကိုဖြတ်ကာ အထင်သေးဟန်ဖြင့်၊
“ဂရုမစိုက်ဘူး!” ပြောရင်းနှင့်ပင် လူငယ်၏ပါးကို ထပ်ရိုက်ပြန်လေသည်။
ထိုအချိန်တွင်ပဲ ရန်ဖြစ်နေသံများကို ကြားရသောကြောင့် စုန့်နန်ရောက်ရှိလာခဲ့သည်။
“စုန့်နန်၊ မင်းဒီနေ့ သခင်လေးလင်းဘက်ကမရပ်တည်ပေးရင် မင်းရဲ့ဘားကို ပိတ်သွားရအောင်လုပ်ပစ်မယ်!” သခင်လေးလင်းဟုခေါ်သည့် လူငယ်၏နောက်သူငယ်ချင်းတစ်ဦးမှနေပြီး မောက်မာစွာဖြင့် စုန့်နန်ကို ခြိမ်းခြောက်လိုက်လေသည်။
စုန့်နန်ကတော့ ထိုလူကို လျစ်လျူရှုထားကာ လူငယ်ဘက်သို့သာလှည့်ပြီး အေးစက်စက်စိုက်ကြည့်ရင်း၊
“သခင်လေးလင်း၊ အရမ်းမောက်မာမနေပါနဲ့။ မင်းကြောင့်နဲ့ မင်းမိသားစုပါ ဒဏ်ခံနေရလိမ့်မယ်။”
ကူအန်းနာ မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ စုန့်နန် အတိအကျထုတ်မပြောပေမည့် ကူအန်းနာသည် လူငယ်၏မိသားစုထက် ပို၍အာဏာရှိကြောင်းကတော့ဖြင့်သိသာလှပေသည်။
ထိုစကားကြောင့် သခင်လေးလင်း၏သူငယ်ချင်းနှစ်ဦးလုံး ချက်ချင်းအသံတိတ်သွားကြတောသည်။ သခင်လေးလင်းသည်တော့ အစကတည်းက သူတို့နှင့်ရန်ဖြစ်ဖို့ရန်ပင် အားမရှိတော့ချေ။
“သူ့ကို ဆေးရုံပို့လိုက်ကြဦး။ သူ ငါ့ကိုပြန်လက်တုန့်ပြန်ချင်လဲ ဒီမှာပဲစောင့်နေတယ်လို့။” စုန့်နန် သူငယ်ချင်းနှစ်ယောက်အား ဆက်ပြောလိုက်သည်။
သခင်လေးလင်း၏သူငယ်ချင်းနှစ်ယောက်လဲ သခင်လေးလင်းကို ကူတွဲကာ အမြန်ထွက်ပြေးသွားတော့သည်။ ကူအန်းနာသည်တော့ ဘာမှပြောမနေဘဲ သူငယ်ချင်းများနှင့်အတူ သူမတို့ခုံသို့ပြန်သွားခဲ့သည်။
အခြားဧည့်သည်များသည်တော့ သူတို့ဘာသာ သီချင်းလေးတငြိမ့်ငြိမ့်ဖြင့် ဆက်သောက်နေကြလေသည်။ သူတို့ကို စိတ်အနှောက်အယှက်မဖြစ်သွားစေရန်အလို့ငှာ စုန့်နန်မှ အားလုံးအတွက် ၂၀ရာခိုင်နှုန်းဈေးလျှော့ပေးလိုက်သေးသည်။
ရှုချင်ယင်းတို့ကတော့ ကြာကြာဆက်မနေတော့ဘဲ ဘားမှပြန်ထွက်လာခဲ့ကြလေသည်။
သူတို့ထွက်လာသည့်အချိန်မှာ မစောတော့တာကြောင့် အိမ်ပြန်ဖို့ရန်သာ ဆုံးဖြတ်လိုက်ကြသည်။
ရှုချင်ယင်းနှင့် ကူအန်းနာသည် သူတို့ကိုယ်ပိုင်ကားများဖြင့်လာခဲ့ကြခြင်းဖြစ်သည်။ သူတို့အားလုံး သောက်ထားကြပေမည့် သိပ်မများတာကြောင့် ကိုယ်တိုင်ကားမောင်းပြန်ဖို့ ဖြစ်နိုင်သေးသည်။
“ငါ နင့်ကိုပြန်လိုက်ပို့ပေးမယ်!” ကုနင်းကို ရှုချင်ယင်းပြောလိုက်ခြင်းဖြစ်သည်။ သို့ပေမည့် ကုနင်းပြန်မဖြေရသေးခင်မှာပင် ကျန်းယွေ့ချင်မှ၊
“ငါနဲ့ မိန်းကလေးကုက နေတဲ့နေရာတူတယ်။ မိန်းကလေးကု အဆင်ပြေရင် ငါလိုက်ပို့ပေးပါ့မယ်။”
“ရတာပေါ့၊ ကျေးဇူးပါ။” ကျန်းယွေ့ချင် သူမကိုကြိုက်နေကြောင်း ကုနင်းမရိပ်မိသောကြောင့် သဘောတူလိုက်လေသည်။
“ကောင်းသားပဲ!” ရှုချင်ယင်းလဲ သဘောတူလိုက်သည်။
ထို့နောက် ကုနင်းနှင့်ထန်ချင်းယန်တို့နှစ်ယောက် ကျန်းယွေ့ချင်၏ကားဖြင့် ပြန်လာခဲ့ကြသည်။
“မိန်းကလေးကု ဘယ်အထက်တန်းကျောင်းကလဲ?” ကျန်းယွေ့ချင် မေးလိုက်သည်။
ကုနင်းအကြောင်း များများစားစားမသိထားသေးသော်လည်း သတင်းများဖတ်ပြီးနောက်တွင်တော့ သူမအသက်ကို ခန့်မှန်းမိသွားပေပြီ။
“Fမြို့က အမှတ်၃အထက်တန်းကျောင်းပါ။”
“Fမြို့ကလား? မင်းမြို့တော်မှာမနေဘူးပေါ့?” ကုနင်း၏အဖြေကြောင့် ကျန်းယွေ့ချင် အနည်းငယ်စိတ်ပျက်လို့သွားရသည်။ ကုနင်းသာ မြို့တော်တွင်မနေလျှင် သူမကို မကြာခနမတွေ့နိုင်တော့ဘူးပေါ့။
“ဟုတ်ပါတယ်။”
“မင်း ဘယ်တက္ကသိုလ်တက်ဖို့ ရည်မှန်းထားလဲ?”
“မြို့တော်တက္ကသိုလ်ပါ။”
ထိုစကားကြောင့် ကျန်းယွေ့ချင် စိတ်သက်သာရာရသွားတော့သည်။ ကုနင်း မြို့တော်သို့လာနေမည်ဆိုလျှင် သူမကိုတော့ နိုင်ဖို့အခွင့်အရေးများစွာရဦးမည်ပင်။
***
အခန်း ၆၂၂
ထန်ချင်းယန်ကို ကြိုက်နေတာလား?
“ငါတို့ဖုန်းနံပါတ်လဲကြရင်ရော? မင်းမြို့တော်မှာ အခက်အခဲတစ်ခုခုတွေ့ခဲ့ရင် ငါ့ကိုဆက်သွယ်လို့ရတာပေါ့။ မင်းက ချင်ယင်းရဲ့သူငယ်ချင်းဆိုမှတော့ ငါ့သူငယ်ချင်းပဲပေါ့။” ကျန်းယွေ့ချင် ကြင်နာနူးညံ့ဟန်အပြည့်ဖြင့်ပြောလိုက်သည်။ သူပြောဆိုနေသည့်ပုံစံမှာ အလွန်အေးဆေးတည်ငြိမ်လှသော်လဲ စိတ်ထဲတွင်တော့ ကုနင်း သူ့တောင်းဆိုချက်ကို ငြင်းလိုက်မည်ကို စိုးရွံ့လို့နေလေသည်။
ကျန်းယွေ့ချင်၏ အခင်ဆုံးသူငယ်ချင်းဖြစ်သည့် ထန်ချင်းယန်သည်လဲ ကျန်းယွေ့ချင် ကုနင်းကို နှစ်သက်နေသည်အား သတိထားမိလေသည်။ သူတို့စတင်တွေ့ဆုံခဲ့ကြကတည်းက ကျန်းယွေ့ချင် ဤကဲ့သို့ မိန်းကလေးတစ်ဦးအပေါ် အလွန်ကြင်နာနူးညံ့စွာ ဆက်ဆံပုံကို တစ်ကြိမ်တစ်ခါမျှမမြင်တွေ့ခဲ့ဖူးပေ။
“ကောင်းပြီလေ၊ ရှင့်ဖုန်းနံပါတ်ပြော။” ကျန်းယွေ့ချင်သည် ကျန်းကျုံးယွီ၏မြေးဖြစ်သောကြောင့် သူမနှင့်လဲ နောင်တွင် မကြာမကြာဆုံနိုင်၍ ကုနင်းလက်ခံခဲ့သည်။
ကုနင်းသဘောတူကာမှ ကျန်းယွေ့ချင် စိတ်အေးလို့သွားကာ သူ့ဖုန်းနံပါတ်ကို ပြောပြခဲ့သည်။ ကုနင်းလဲ ချက်ချင်းပင် ကျန်းယွေ့ချင်ဖုန်းကိုခေါ်လိုက်ပြီးနောက် တစ်ကြိမ်မြည်ပြီးသည်နှင့် ဖုန်းပြန်ချလိုက်ပေသည်။
“လူကြီးမင်းထန်ရော ဖုန်းနံပါတ်မလဲချင်ဘူးလား?” ထန်ချင်းယန်နှင့် ပူးပေါင်းလုပ်ဆောင်ဖို့အထိ ကုနင်းစိတ်ကူးထားသောကြောင့် ထန်ချင်းယန်၏ဖုန်းနံပါတ်ကိုတောင်းလိုက်သည်။
သို့ပေမည့် ကျန်းယွေ့ချင်သည်တော့ ဝမ်းနည်းသွားကာ ကုနင်း ထန်ချင်းယန်ကို ကြိုက်နေသည်ဟုလဲ ထင်မှတ်သွားလေသည်။ ထန်ချင်းယန်လဲ ထိုကဲ့သို့တွေးမိသောကြောင့် ဖုန်းနံပါတ်ပေးလိုက်ဖို့ရန် တွန့်ဆုတ်နေမိသည်။ ကုနင်းသည်အမှန်တကယ် ဆွဲဆောင်နိုင်လွန်းသည့် မိန်းကလေးတစ်ယောက်ဟု သူတွေးမိသော်လည်း ကျန်းယွေ့ချင် သဘောကျနေသည်ကိုသိသည်နှင့် ချက်ချင်းပင် အလျှော့ပေးခဲ့ပြီးဖြစ်သည်။ သို့ပေမည့် ကုနင်းဘက်က တောင်းဆိုလာသည်ကို ငြင်းဖို့ရန်ကလဲ ယောက်ျားလေးတစ်ယောက်ဖြစ်နေတာကြောင့် ရှက်မိ၍ သဘောတူခဲ့သည်။
ကုနင်းသည်တော့ သူတို့နှစ်ဦးသား ဘာတွေတွေးတောနေသည်ကို မသိခဲ့ပေ။ သူမသာ သိထားပါလျှင် သူမတွင် ချစ်သူရှိပြီးသားဖြစ်ကြောင်း ချက်ချင်းရှင်းပြပေလိမ့်မည်။
တခနလောက် နှုတ်ဆိတ်သွားကြပြီးနောက် ကျန်းယွေ့ချင်ကစကာ ထန်ချင်းယန်ကို မေးလာခဲ့သည်။
“ချင်းယန်၊ မင်းကုမ္ပဏီဘယ်တော့စဝင်မှာလဲ?”
“မနက်ဖြန်”
“အဆင်သင့်ဖြစ်နေပြီပေါ့!”
“ဒါပေါ့။” ထန်ချင်းယန် ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလာခဲ့သည်။ သူ၏အသံမှာ စိတ်အေးလက်အေးရှိလှသော်လည်း ကုနင်းသည်တော့ သူစိတ်ဖိစီးမှုများရှိနေကြောင်း ခံစားမိလေသည်။ ထန်ချင်းယန် ထိုအကြောင်းကို ထုတ်မပြောသော်လည်း သူတိုက်ပွဲကွင်းပြင်တွင် တိုက်ခိုက်ဖို့ရန်အတွက် သွားရမလိုခံစားနေရမည်ဖြစ်ကြောင်း ကုနင်းနားလည်လေသည်။
မကြာခင်တွင်ပဲ ကုနင်း သူမတို့ကားနောက်သို့ တစ်ယောက်ယောက် နောက်ယောင်ခံလိုက်နေသည်ကို သတိထားမိလိုက်ကာ ကားနောက်ကြည့်မှန်မှတစ်ဆင့် ကျောက်စိမ်းမျက်ဝန်းဖြင့် လှမ်း၍အကဲခတ်လိုက်ချိန်တွင်တော့ သူမ၏အရင်ဘဝတုန်းက တွေ့ခဲ့ဖူးသည့် လူတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။
ထိုအမျိုးသားမှာ အသက်၃၀ကျော်လောက်ရှိပြီဖြစ်ကာ ထန်ပင်းစန်ထံ၌ အလုပ်လုပ်သူဖြစ်လေသည်။ သူမ၏အရင်ဘဝတုန်းက ထိုလူကို အကြိမ်အနည်းငယ်မြင်တွေ့ခဲ့ဖူးလေသည်။ တွေးနေရင်ပင် မလိုဘဲ ထိုလူမှာ ထန်ချင်းယန်နောက်သို့ နောက်ယောင်ခံလိုက်နေခြင်းဖြစ်ကြောင်း အတတ်သိနိုင်ပေသည်။ သို့ပေမည့် ထန်ပင်းစန်ဘာကြောင့်များ ထန်ချင်းယန်နောက်သို့ လူလွှတ်ထားကြောင်းကိုတော့ ကုနင်းမသိပေ။
တကယ်တမ်း ထိုလူ၏နာမည်ကိုတော့ ကုနင်းမသိပေ။ လူအများကတော့ သူ့ကို လောင်ကွေ့ဟုခေါ်ကာ အတိုက်အခိုက်ကောင်းသူတစ်ယောက်လဲဖြစ်သည်။ ကုနင်း ထိုလူကို မကြောက်သော်လည်း ထန်ချင်းယန်ကတော့ ထိုလူကို မယှဉ်နိုင်မည်အား စိုးရိမ်မိလေသည်။ ထို့ကြောင့် ကုနင်းတစ်ခုခုလုပ်ရန် တွေးတောခဲ့သည်။
“လူကြီးမင်းကျန်းရဲ့ ကားမောင်းအရည်အချင်းက ဘယ်လောက်ရှိလဲ?” ကုနင်းမေးလိုက်သည်။
“သိပ်မဆိုးပါဘူး။” ကုနင်းက သူနှင့်စကားစမြည်ပြောလိုခြင်းဟုသာ ကျန်းယွေ့ချင်တွေးမိပြီး သူတို့နောက်သို့ တစ်ယောက်ယောက် နောက်ယောင်ခံလိုက်နေသည်ကိုတော့ မသိသေးပေ။
“ကျွန်မတို့နောက်က အနက်ရောင်အိမ်စီးကားကိုတွေ့လား? သူ ကျွန်မတို့နောက် လိုက်နေတာတော်တော်ကြာနေပြီ။ ကြည့်ရတာ ကျွန်မတို့ကို တစ်ယောက်ယောက်က နောက်ယောင်ခံလိုက်နေပုံပဲ။”
“ဘာ?” ထိုစကားကြောင့် ကျန်းယွေ့ချင်ရော ထန်ချင်းယန်ပါ အံ့ဩသွားကာ အလိုမကျဖြစ်ကုန်ကြသည်။
ထန်ချင်းယန်လှည့်ကြည့်လိုက်ချိန်တွင် သူတို့နောက်သို့ ကားတစ်စီးလိုက်လာနေကြောင်း မြင်တွေ့လိုက်ရသည်။ သူတို့ကားလေး အချိုးအငွေ့များစွာကို ချိုးကွေ့ပြီးသည်အထိ ထိုနောက်မှကားက ဆက်လိုက်နေစဲပင်။
ထိုအခါမှာတော့ သူတို့ကိုတစ်စုံတစ်ယောက်တော့ နောက်ယောင်ခံလိုက်နေပြီဖြစ်ကြောင်း သေချာသွားတော့သည်။
“ကြည့်ရတာ သူ့ပစ်မှတ်က ကျွန်တော်လို့ထင်တယ်။” သံသယဖြစ်သည့်အဆင့်ဖြင့်သာ ထန်ချင်းယန်ပြောလိုက်သော်လည်း သူကိုယ်တိုင်က အခုချိန်တွင် အန္တရာယ်များသည့် အခြေအနေတွင်ရှိနေကြောင်း နားလည်သောကြောင့် သူကသာ ပစ်မှတ်ဖြစ်ကြောင်း အသေအချာကို သိနေလေသည်။
“ငါတို့ဘာဆက်လုပ်ကြမလဲ?” ကျန်းယွေ့ချင် အလေးအနက်မေးလိုက်သည်။
“ရှင် သူ့ကိုမျက်ခြေဖျက်နိုင်ဖို့ယုံကြည်ချက်ရှိလား? မရှိရင်တော့ ကျွန်မပဲမောင်းပေးပါရစေ။” ကုနင်း တည်ကြည်လေးနက်စွာဖြင့် ပြန်ပြေလိုက်သည်။
ကျန်းယွေ့ချင်၏မျက်နှာ တမဟုတ်ချင်း နီရဲသွားကာ၊
“မလုပ်နိုင်လောက်ဘူး။ မင်းကောလုပ်နိုင်ရဲ့လား?” ကုနင်းကို မယုံကြည်၍မဟုတ်ဘဲ ကုနင်းတစ်ခုခုဖြစ်မည်ကို စိုးရိမ်သောကြောင့်သာမေးလိုက်ခြင်းဖြစ်သည်။
“လုပ်နိုင်တယ်။” ကုနင်းယုံကြည်ချက်ရှိစွာဖြင့် ပြန်ဖြေလိုက်သည်။
ကုနင်း လုပ်ဆောင်ခဲ့သည့်ကိစ္စများကို ကျန်းယွေ့ချင် သိထားပြီးကတည်းက သူမကို လေးစားသဘောကျနေမိပြီဖြစ်သောကြောင့် ကုနင်းကို ယုံကြည်လေသည်။
“ရတယ်လေ၊ အရင်ဆုံးလမ်းဘေးမှ ရပ်လိုက်ကြတာပေါ့။”
ပြောရင်းနှင့်ပင် ကားကို လမ်းဘေးသို့ချကာရပ်လိုက်သည်။ သူတို့ကားရပ်သွားသည်နှင့် နောက်မှကားလဲ လိုက်ရပ်လာခဲ့သည်။
လမ်းပေါ်တွင် ကားများအလွန်ရှုပ်နေတာကြောင့် ကုနင်းသာသတိမပေးလျှင် သူတို့နောက်သို့ တစ်စုံတစ်ယောက် နောက်ယောင်ခံလိုက်နေသည်အား ကျန်းယွေ့ချင်ရော ထန်ချင်းယန်ပါ သတိထားမိကြလိမ့်မည်မဟုတ်ပေ။
“ကျွန်မတို့သတိထားမိသွားတာ သူတို့မသိအောင်လို့ လူကြီးမင်းကျန်းက ရေဘူးသွားဝယ်လိုက်ပါ။ လူကြီးမင်းကျန်းကတော့ ကားထဲကနေပဲ ဘေးထိုင်ခုံကိုရွှေ့လိုက်။ ကျွန်မရှေ့ခန်းကိုလာခဲ့မယ်။”
“ဟုတ်ပြီ!”
ကျန်းယွေ့ချင်နှင့် ထန်ချင်းယန်တို့လဲ သဘောတူကာ ချက်ချင်းပင် စတင်လှုပ်ရှားကြတော့သည်။
ထန်ချင်းယန်က ရှေ့ခန်းဘေးခုံမှထွက်ကာ အနီးရှိ ကုန်စုံဆိုင်တစ်ခုသို့သွားလိုက်ပြီး ကျန်းယွေ့ချင်သည်တော့ မောင်းသူနေရာမှ ဘေးခံသို့ပြောင်းလိုက်ကာ ကုနင်းနှင့်နေရာလဲလိုက်လေသည်။ မကြာခင်တွင်ပဲ ထန်ချင်းယန်လဲ ပြန်လာကာ ကားထဲသို့ပြန်ဝင်လိုက်သည်။
လောင်ကွေ့သည်တော့ ရှေ့ကားဆီမှ နေရာများပြောင်းလဲနေမှုကို သတိမထားမိပေ။
ထို့နောက် ကုနင်း ကျန်နှစ်ယောက်ကို စိတ်ကိုပြင်ဆင်ထားရန်ပြောလိုက်ပြီးနောက် သူမကားကို စတင်မောင်းထွက်လာခဲ့ပေသည်။
အစပိုင်းတွင်တော့ သူမပုံမှန်နှုန်းအတိုင်းမောင်းလာခဲ့ပြီးနောက် ရုတ်တရက်ဆိုသလို အရှိန်ကို မြှင့်လိုက်လေသည်။ ကားများရှုပ်ရှပ်ခပ်နေသည်ကိုပင် ကုနင်း အမှုမထားဘဲ အရင်လို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အခြားကားများကို ရှောင်ဖယ်ကာ ကျော်တက်လာခဲ့သည်။
အခြားယာဉ်များအားလုံးသည်လဲ လမ်းမထက်တွင် အနက်ရောင်ကိုယ်ပိုင်ကားတစ်စီး လမ်းရှုပ်နေသည့်ကြားမှာ တည်ငြိမ်လျင်မြန်စွာဖြင့် မောင်းနှင်သွားသည်ကို သတိထားမိလိုက်ကြသည်။ အတော်များများ ထိုသို့ရုတ်တရက်ကျော်တက်မှုကြောင့် ဆဲရေးခဲ့ကြပေမည့် ထိုအနက်ရောင်ကိုယ်ပိုင်ကားမောင်းသမား၏ စွမ်းရည်ပြည့်ဝမှုကိုတော့ အသိအမှတ်မပြုဘဲမနေနိုင်ခဲ့ပေ။
ကျန်းယွေ့ချင်နှင့် ထန်ချင်းယန်တို့သည်တော့ ထိတ်လန့်နေခဲ့ကာ လောင်ကွေ့တောင်မှ အလွန်အံ့အားသင့်နေမိပြီး သူ့ကို ကုနင်းတို့အဖွဲ့ သတိထားမိသွားလောက်ပြီဟု တွေးမိသွားတော့သည်။
ထိုသို့တွေးမိလိုက်သည်နှင့် လောင်ကွေ့ သူ့အကြောင်းပေါ်သွားမည်စိုးသောကြောင့် ဆက်မလိုက်တော့ပေ။ ထို့အပြင် သူ့တာဝန်သည်က ထန်ချင်းယန်နောက်ကို လိုက်ကာ ထန်ချင်းယန် ဘာတွေလုပ်တယ် ဘယ်သူတွေနှင့်တွေ့တယ်ဆိုတာကို စုံစမ်းရန်ပင်ဖြစ်ကာ ချက်ချင်းလက်ငင်း ထန်ချင်းယန်ကို ဆန့်ကျင်တိုက်ခိုက်ဖို့မလိုအပ်သေးပေ။
လောင်ကွေ့ဆက်မလိုက်တော့သည်ကို မြင်လိုက်ရကာ ကုနင်းတို့အားလုံးအံ့အားသင့်သွားကြပေမည့် တခြားတော့မတွေးမိခဲ့ကြပေ။
ထန်ချင်းယန်နောက်ကို နောက်ယောင်ခံလိုက်ခြင်းအား လောင်ကွေ့ရပ်တန့်ပြီးသွားသည်နှင့် ထန်ပင်းစန်ကို ဖြစ်ပျက်သမျှအကြောင်းစုံကို တင်ပြဖို့ရန်အတွက် ဖုန်းခေါ်ဆိုလိုက်သည်။
ထိုအချိန်တွင် ထန်ပင်းစန်မှာ အိမ်ကြီးတစ်အိမ်ထဲတွင် သူ၏မယားငယ်လေး ထျန်းဖေးဖေးနှင့် ချစ်ရည်လူးနေခဲ့လေသည်။
ထန်ပင်းစန်သည် အသက်အရွယ်ကြီးနေပြီဖြစ်ကာ ခန္ဓာကိုယ်မှာလဲ ပုံပျက်ပန်းပျက်ဖြစ်နေပြီဖြစ်ပြီး ထန်ဖေးဖေးသည်တော့ အခုထိ ငယ်ရွယ်ကာလှပသူတစ်ယောက်ဖြစ်လေသည်။ သို့ပေမည့် သူမသည် အောင်မြင်မှုနှင့်ငွေအတွက် သူမ၏ခန္ဓာကိုယ်ကိုရောင်းစားသူဖြစ်သောကြောင့် ထန်ပင်းစန်နှင့် ချစ်ရည်လူးရသည်ကိုပင် အမှန်တကယ်သာယာပျော်ရွှင်နေသယောင် ဟန်ဆောင်ပေးရလေသည်။
ထန်ပင်းစန်သည် အသက်၅၀ကျော်နေပြီဖြစ်ပြီး သက်လုံအလျင်အမြန်လျော့ကျတတ်သည့် အရွယ်လဲဖြစ်ပေသည်။
***
အခန်း ၆၂၃
လင်ရှောင်းထင် ညတွင်းချင်းပြန်ရောက်လာခြင်း
ယောက်ျားများသည် သူတို့၏ယောက်ျားပီသမှုကို အိပ်ရာထက်တွင်ပင် အမြဲလိုလို သက်သေပြချင်ကြသူများဖြစ်ကာ သူတို့၏အသက်အရွယ်အမှန်ကို လက်မခံတတ်ကြပေ။ ထို့အတွက်ကြောင့် ထန်ပင်းစန်ကိုယ်တိုင် သူအသက်ကြီးနေပြီဖြစ်ကာ အားအင်ကုန်ဆုံးမှုမြန်မှန်းလဲ သိတာတောင်မှ သူနှင့်ဆက်ဆံသည့်အမျိုးသမီးများ သူ့ကိုအထင်သေးသွားမည်အား မလိုချင်ပေ။
သို့ပေမည့် ထိုအချိန်တွင်ပဲ ထန်ပင်းစန်၏ဖုန်းမြည်လာခဲ့သည်။ ရုတ်တရက် နှောက်ယှက်ခံလိုက်ရသောကြောင့် ဒေါသထွက်သွားပေမည့် အရေးကြီးကိစ္စတစ်ခုခုတင်ပြစရာ ရှိခြင်းကြောင့်သာဆက်ခြင်းဖြစ်ကြောင်း သိလေသည်။ ထိုသို့သာမဟုတ်လျှင် သူ၏အားလပ်ချိန်တွင် ဘယ်သူကမှ သူ့ကိုဖုန်းဆက်ရဲကြမည်မဟုတ်ပေ။ ထန်ပင်းစန် မကျေနပ်သော်လည်း ဖုန်းကိုတော့ ပြန်ဖြေလိုက်လေသည်။
ထျန်းဖေးဖေးသည်တော့ အစကတည်းက ထန်ပင်းစန်ရှေ့တွင် ဟန်ဆောင်နေသူဖြစ်သောကြောင့် နှောက်ယှက်ခံရလဲ ဂရုစိုက်မနေပေ။ တကယ်တော့ ထန်ပင်းစန်နှင့်ချစ်ရည်လူးရခြင်းထက် သူမ၏ကိုယ်စားလှယ်ကမှ ပို၍ခံစားလို့ကောင်းသည်ဟုပင် သူမတွေးမိလေသည်။ ထျန်းဖေးဖေးသည် သူမ၏ကိုယ်စားလှယ်ဖြင့်လဲ လျှို့ဝှက်သည့်ကိစ္စများရှိခဲ့ပေမည့် ထန်ပင်းစန်ကြောင့် တရားဝင်ချစ်သူထားပိုင်ခွင့်တော့ မရှိပေ။ ထန်ပင်းစန်သာ သူမအခြားသောယောက်ျားတစ်ယောက်နှင့်လဲ ချစ်ရည်လူးကြောင်း သိသွားပါက သူမကိုသေချာပေါက် နှိပ်စက်ကာ စွန့်ပစ်သွားပေလိမ့်မည်။ သို့ပေမည့် ထိုယောက်ျားမှာ သူမ၏ကိုယ်စားလှယ်ဖြစ်နေလျှင်တော့ ထျန်းဖေးဖေး စိတ်ပူနေစရာမလိုပေ။
ထန်ပင်းစန်သည် ထိုကိုယ်စားလှယ်ကို သူမအတွက် ကိုယ်တိုင်တာဝန်ပေးထားခဲ့ကာ ကိုယ်စားလှယ်သည်လဲ သူမ၏ခိုးကြောင်ခိုးဝှက်အိပ်ဖော်ဖြစ်နေသည်ကလွဲလို့ ထန်ပင်းစန်အပေါ် အလွန်သစ္စာရှိသူဖြစ်တာကြောင့် ထန်ပင်းစန်သည်လဲ ထိုလူကို အလွန်ယုံကြည်ထားလေသည်။
ကိုယ်စားလှယ်ဘက်ကလဲ ထန်ပင်းစန် ထျန်းဖေးဖေးကို အတူအိပ်ရုံလောက်သာ စိတ်ဝင်စားကြောင်း အသေအချာသိလေသည်။ အကယ်၍များ ထန်ပင်းစန်က ထျန်းဖေးဖေးကို လက်ထပ်ဖို့ရန်အထိပါ ရည်ရွယ်ထားခဲ့ပါက သူဤသို့ကိစ္စမျိုးလုပ်ရဲလိမ့်မည်မဟုတ်ပေ။
သူမ၏ကိုယ်စားလှယ်က ဤလျှို့ဝှက်ချက်ကို ဖော်ထုတ်ပစ်လိုက်မည်ကိုလဲ ထျန်းဖေးဖေးမစိုးရိမ်မိပေ။ အကယ်၍များ လျှို့ဝှက်ချက်ပေါ်သွားခဲ့ပါက ထန်ပင်းစန်က ကိုယ်စားလှယ်ကိုလဲ အလွတ်ပေးမည်မဟုတ်တာကြောင့် ထျန်းဖေးဖေးနှင့်သူမ၏ကိုယ်စားလှယ်မှာ အန္တရာယ်ကြီးလှစွာသော အခြေအနေကို အတူတူဖြတ်ကျော်ရင်း တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးနေရခြင်းဖြစ်သည်။
“ဘာလဲ?” ထန်ပင်းစန်၏အသံမှာ အလွန်စိတ်အလိုမကျဖြစ်နေပုံရလေသည်။ ဘယ်သူကမှ သူတို့ချစ်ရည်လူးနေချိန်အတွင်း နှောက်ယှက်ခံရသည်ကို ပျော်ရွှင်နေနိုင်လိမ့်မည်မဟုတ်ပေ။ လောင်ကွေ့လဲ သတိထားမိသောကြောင့် သတိကြီးကြီးထားကာ၊
“ဘော့စ်၊ ကြည့်ရတာ သူကျွန်တော့်ကို သတိထားမိသွားလို့ထင်တယ်, ကားကို ရုတ်တရက်အရှိန်မြှင့်သွားတယ်၊ အဲ့ဒါကြောင့် ကျွန်တော်ဆက်မလိုက်တော့ဘူး။”
“ဘာ? မင်းကိုသတိထားမိသွားတယ်ဟုတ်လား?” ထိုစကားကိုကြားလိုက်ရချိန်တွင်တော့ သူ ထန်ချင်းယန်ကို လျှော့တွက်မိသွားပြီဟုတွေးလိုက်မိကာ ထန်ပင်းစန် ဒေါသထွက်လာတော့သည်။ ထို့နောက် လောင်ကွေ့ကို ထန်ချင်းယန်အား ဆက်လက်စောင့်ကြည့်ရန်နှင့် ဤတစ်ကြိမ်တော် သေချာသတိထားရန်အတွက် ထန်ပင်းစန်မှာကြားလိုက်သည်။
ထို့နောက် ထန်ပင်းစန် သူ့အဝတ်အစားများကိုပြန်ဝတ်ကာ အိမ်သို့ပြန်ရန်ပြင်လိုက်သည်။
“ဘော့စ်၊ အိမ်မပြန်ခင် ရေချိုးသွားဖို့မမေ့နဲ့ဦးနော်?” ထန်ပင်းစန်၏ဇနီးသိမသွားစေရန်အတွက် ထျန်းဖေးဖေးသတိပေးလိုက်သည်။
ထိုအခါမှ ထန်ပင်းစန်လဲ ချက်ချင်းပင် ရေချိုးခန်းရှိရာသို့ လျှောက်သွားတော့သည်။
……
တချိန်တည်းတွင်ပဲ ကုနင်းတို့အဖွဲ့သည်လဲ သူမတို့နေထိုင်ရာနေရာသို့ ပြန်ရောက်လာခဲ့ကြသည်။
ကုနင်း အိမ်ရာဝင်းမှ ဇုံCရှေ့သို့မောင်းဝင်လာခဲ့ပေမည့် အခြားလူများ သူမဘယ်မှာနေသည်ကို မသိစေလိုချင်သောကြောင့် လင်ရှောင်းထင်၏အိမ်ရှေ့တွင်တော့ မရပ်ခဲ့ပေ။
ကျန်းယွေ့ချင်လဲ နားလည်သောကြောင့် မေးမြန်းခြင်းမပြုခဲ့ပေ။
“လူကြီးမင်းကျန်း၊ လူကြီးမင်းထန် အိမ်ပြန်လိုက်ပို့ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သွားတော့မယ်နော်။” ကုနင်း ကားထဲမှထွက်လာခဲ့လိုက်သည်။
“မင်း ငါတို့ကို လူကြီးမင်းလို့တပ်ခေါ်နေစရာမလိုပါဘူး။ ငါတို့ သူငယ်ချင်းတွေဖြစ်နေကြပြီပဲ။” ကုနင်းနှင့် ပို၍ရင်းနှီးလိုသောကြောင့် ကျန်းယွေ့ချင် အခေါ်အဝေါ်ကို စတင်ပြောင်းလဲ လိုနေလေသည်။
“ကောင်းပြီလေ၊ ဘိုင့်ဘိုင်၊ ချင်ယွေ့၊ ချင်းယန်။” ထို့နောက် ကုနင်းထွက်သွားတော့သည်။
ကျန်းယွေ့ချင်လဲ မောင်းသူနေရာတွင် ပြန်ပြောင်းထိုင်လိုက်ကာ ကုနင်း သူ့မြင်ကွင်းထဲမှ ပျောက်သွားသည်အထိ ဆက်ပြီးစောင့်ကြည့်နေခဲ့သည်။
“ဘာလဲ? သူက မင်းအကြိုက်လား?” ထန်ချင်းယန် စနောက်လိုက်သည်။ ဤစကားမှာ အမေးစကားသာဆိုသော်လည်း အဖြေကိုတော့ သူကြိုသိနှင့်ပြီးသားပင်။
“သူက ငါ့ထက်မင်းကို ပိုစိတ်ဝင်စားနေတယ်ထင်တယ်။” ကျန်းယွေ့ချင် မနာလိုစွာဖြင့်ပြောလိုက်သည်။
“မဟုတ်လောက်ပါဘူး။”
“သူက မင်းဖုန်းနံပါတ်ကိုတောင် အရင်တောင်းခဲ့သေးတယ်လေ။”
“မင်းနဲ့ကျ ဖုန်းနံပါတ်လဲကြပြီး ငါ့ကိုကျန်ခဲ့ရင် မယဉ်ကျေးရာရောက်တယ်ထင်လို့ တောင်းတာဖြစ်မှာပါကွာ။”
ထိုစကားကိုကြားပြီးနောက် ကျိုးကြောင်းသင့်လျော်သည်ဟု ကျန်းယွေ့ချင်တွေးမိကာ ဆက်ပြီး အထွန့်မတက်တော့ပေ။
ကုနင်းအိမ်သို့ပြန်ရောက်သည်နှင့် ထန်ပင်းစန်နှင့် မြို့တော်ထန်မိသားစုအကြောင်း စုံစမ်းရန်အတွက် ကေကိုပြောလိုက်သည်။
…….
မြို့လယ်ခေါင်၏တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်အနီးရှိ ဗီလာတစ်ခုတွင်တော့၊
ထန်ပင်းစန်အိမ်ပြန်ရောက်လာချိန်တွင် အလွန်ပင်ပန်းလို့နေလေပြီဖြစ်ကာ သူ၏ဇနီးကျီရီကျင်းသည်တော့ မအိပ်သေးဘဲ ဧည့်ခန်းထဲတွင် တီဗီကြည့်နေခဲ့သည်။ တကယ်တော့ သူမသည် ထန်ပင်းစန်အိမ်အပြန်လာကို စောင့်မျှော်နေခဲ့ခြင်းသာ။
ကျီရီကျင်းသည် ထန်ယရှင်း၏ မွေးမိခင်အရင်းဖြစ်ကာ ထန်အိုက်နင်း၏အမေရင်းနေရာတွင် အစားထိုးထားသည့် ထန်ပင်းစန်၏ဒုတိယဇနီးပင်ဖြစ်လေသည်။ သူမသည် အသက်၄၅နှစ်ပြည့်ပြီးပြီဖြစ်ပေမည့် သူမ၏ရှိရင်းစွဲအသက်ထက်တော့ ပို၍ ငယ်ရွယ်နေဟန်ပေါ်လေသည်။ ကျီရီကျင်းသည် ဘာအလုပ်မှလုပ်စရာမလိုဘဲ သူ၏သွင်ပြင်ကိုသာ ဂရုစိုက်စရာရှိလေသည်။ ထိုသို့ဆိုလျှင်တောင်မှ ထန်ပင်းစန်ကတော့ သူမအပေါ် အကြိမ်ပေါင်းများစွာ ဖောက်ပြန်နေခဲ့ပြီးဖြစ်သည်။
ကျီရီကျင်းလဲ ထန်ပင်းစန်တွင် မယားငယ်ရှိမှန်းသိထားပြီးဖြစ်ပေမည့် သူကိုယ်တိုင်ကလဲ တချိန်တုန်းက မယားငယ်ဖြစ်ခဲ့တာကြောင့် မျက်ကန်းတစ်ယောက်နှယ် မသိချင်ယောင်ဆောင်ခဲ့လေသည်။ ထန်ပင်းစန်ကို သူမတားလို့လဲရနိုင်မည်မဟုတ်မှန်း သိသလို ယခုလို လိုတိုင်းတ တတိုင်းရနေသည့်ဘဝမျိုးကိုလဲ သူမအလွန်ကျေနပ်ပျော်ရွှင်ရလေသည်။ သို့ပေမည့် တရားမဝင်ကလေးပါရှိလာလျှင်တော့ ထိုကလေးကိုသတ်ဖို့ရန် သူမဘာမဆိုလုပ်မည်သာ။
ထန်ပင်းစန် အိမ်ထဲသို့လျှောက်ဝင်လာသည်နှင့် ကျီရီကျင်း ချက်ချင်းထကာ နှုတ်ဆက်လိုက်သည်။
“ကျွန်မရှင့်အတွက် ကြက်စွပ်ပြုတ်လုပ်ထားတယ်။ မအိမ်ခင်သောက်လိုက်ဦးနော်။”
“ကောင်းပြီ။” ထန်ပင်းစန်လဲ ပြန်ဖြေကာ ထမင်းစားပွဲရှိရာသို့ သွားလိုက်သည်။
ကျီရီကျင်းလဲ ထန်ပင်းစန်ကို ကြက်စွပ်ပြုတ်ထည့်တိုက်ကာ ကြက်စွပ်ပြုတ်သောက်ပြီးသွားသည်နှင့် အပေါ်ထပ်သို့တက်ကာ အိပ်ရာဝင်ခဲ့ကြတော့သည်။
…….
ညလယ်လောက်ရောက်ချိန်တွင်တော့ ကုနင်းထံသို့ လင်ရှောင်းထင် ဖုန်းဆက်လာလေသည်။
ညလယ်ခေါင်ကြီး ကုနင်းကို လင်ရှောင်းထင် အနှောက်အယှက်မပေးလိုပေမည့် သူ့တာဝန်က အခုလေးတင်ပြီးမြောက်ခဲ့တာကြောင့် ကုနင်းကို ဆက်သွယ်ဖို့ရန် မအောင့်အီးနိုင်တော့ပေ။
“ကျွန်မ မြို့တော်က ရှင့်အိမ်မှာ။”
“ကောင်းပြီ၊ ကိုယ်ပြန်လာခဲ့မယ်။” အချိန်အတိအကျကိုတော့ လင်ရှောင်းထင် ပြောမပြခဲ့ပေ။
ကုနင်းကတော့ လင်ရှောင်းထင် မနက်ဖြန်နေ့လည်ခင်းလောက်ပြန်လာမည်ဟုထင်ခဲ့ပေမည့် မနက်၄နာရီလောက်တွင် ပထမထပ်မှ တံခါးပွင့်လာသံကို သူမကြားလိုက်ရသောကြောင့် အလွန်အံ့ဩသွားခဲ့သည်။ သူခိုးဖြစ်လောက်သည်ဟု ကုနင်းထင်လိုက်မိပေမည့် ရုတ်တရက်ဆိုသလို အတွေးတစ်ခုက ထွက်ပေါ်လာပြန်သည်။ လင်ရှောင်းထင် ပြန်လာတာများလား? ထိုအတွေးကြောင့် ချက်ချင်းပင် ကုနင်း အောက်ထပ်သို့ပြေးဆင်းသွားခဲ့သည်။
သူမ အောက်ထပ်သို့ရောက်လျှင်ရောက်ချင်းတွင်ပဲ ဧည့်ခန်းထဲတွင်ထိုင်နေသည့် လင်ရှောင်းထင်ကို မြင်လိုက်ရလေတော့သည်။ သူတို့နှစ်ဦးသား မျက်လုံးချင်းဆုံမိသွားကြသည့်အခိုက်မှာပင် တစ်ဦးကိုတစ်ဦး မည်မျှလွမ်းဆွတ်နေကြောင်းများက မျက်ဝန်းထဲ၌ ပေါ်လွင်လို့လာခဲ့ရသည်။ ထိုအခိုက်အတန့်တွင်တော့ ကုနင်း သူမယခုခံစားနေရသည့် စိတ်လှုပ်ရှားနေရမှုကို စကားဖြင့်ပင် ဖော်ပြနိုင်စွမ်းမရှိတော့ပေ။ လင်ရှောင်းထင် ညတွင်းချင်းပြန်လာခဲ့လိမ့်မည်ဆိုသည့်အချက်က သူမလုံးဝမျှော်လင့်မထားသည့်အရာပင်ဖြစ်လေသည်!
***
အခန်း ၆၂၄
ကိုယ့်ကိုကိုယ်ကာကွယ်ပါ
လင်ရှောင်းထင်တစ်ယောက် ကုနင်းကို အလွန်အမင်းလွမ်းဆွတ်လို့နေပြီဖြစ်သောကြောင့် သူမနှင့်တွေ့ဖို့ရန် တစ်စက္ကန့်လောက်ပင် နောက်မကျသွားလိုခဲ့သောကြောင့် ချက်ချင်းပြန်လာခဲ့ခြင်းဖြစ်သည်။ ယခုလို ကုနင်းကိုတွေ့လိုက်သည်နှင့် ချက်ချင်းပင် လှေကားရင်းသို့ပြေးသွားကာ ကုနင်းကို ပွေ့ဖက်လိုက်လေသည်။
“နင်းနင်း၊ ကိုယ်အရမ်း-အရမ်းကိုလွမ်းနေခဲ့တာ!” လင်ရှောင်းထင် ကုနင်း၏နားနားသို့ကပ်ကာ လေသံဖျော့ဖျော့လေးဖြင့် ပြောလိုက်တာကြောင့် သူ၏နှုတ်ဖျားမှ ပူနွေးသည့်လေငွေ့ကိုပင် ကုနင်းခံစားမိလိုက်ရသည်။
ကုနင်းသည်လဲ သူမ၏လက်များကိုဆန့်တန်းရင်း လင်ရှောင်းထင်၏လည်ပင်းကိုသိုင်းဖတ်တွယ်လိုက်ကာ နင့်နင့်သီးသီးပြန်ကြည့်လိုက်ရင်း၊
“ကျွန်မလဲ အရမ်းလွမ်းနေတာ ရှောင်းထင်!”
“ဘယ်လောက်တောင်များလဲ?” လင်ရှောင်းထင်၏အသံရှူသံများပင် သိသိသာသာမြန်ဆန်လာရင်း ပြန်မေးလာခဲ့လေသည်။
“ရှင်ခန့်မှန်းနိုင်တာထက်ကို အတိုင်းအထက်အလွန်ပဲ…” ထို့နောက် သက်သေပြသည့်အနေဖြင့် လင်ရှောင်းထင်၏နှုတ်ခမ်းပါးများကို ကုနင်းစတင်နမ်းရှိုက်လိုက်သည်။
ထို့နောက် နှစ်ဦးသား ပြင်းပြင်းပြပြနမ်းရှိုက်ရင်းဖြင့်ပင် အိပ်ခန်းဆီသို့ဦးတည်ခဲ့ကြကာ အချိန်တိုလေးအတွင်းတွင်ပဲ အဝတ်အစားများလဲ ပျံ့ကျဲလို့နေခဲ့လေသည်။
ကုနင်းကို အိပ်ရာထက်သို့ လင်ရှောင်းထင် တွန်းလှဲလိုက်သည့်အချိန်တွင်ပဲ လင်ရှောင်းထင်၏ရင်ဘက်မှ ဒဏ်ရာတစ်ခုကို ကုနင်း ရုတ်တရက်သတိထားမိသွားတာကြောင့် ထိတ်လန့်လို့သွားတော့သည်။
သူမသေချာမှတ်မိသလောက် ဤဒဏ်ရာမှာ ယခင်တုန်းကရှိခဲ့သည်မဟုတ်ပေ။ ဒဏ်ရာ၏ပုံစံအနေအထားနှင့် အရောင်မှာ မှိန်ဖျော့နေကာ ဒဏ်ရာဟောင်းတစ်ခုနှင့်တူသော်လည်း ကုနင်းကတော့ အသစ်ရရှိထားခဲ့သည့် ဒဏ်ရာမှန်း တန်းသိလိုက်လေသည်။ ကုနင်းတစ်ယောက် လင်ရှောင်းထင်၏ရင်ဘက်ထက်ရှိ ဒဏ်ရာကိုမြင်လိုက်ပြီးသည်နှင့် စကားတစ်ခွန်းပင် မဆိုနိုင်တော့ဘဲ ငိုကြွေးမိတော့သည်။ သူမချစ်ရသူဒဏ်ရရသည်အားမြင်ရခြင်းမှာ သူမနှလုံးသားထဲမှပင် ပြင်းပြင်းထန်ထန် နာကျင်မိရပေသည်။
ကုနင်း၏ရုတ်တရက်အပြုအမူကြောင့် လင်ရှောင်းထင်လဲ သူဖုံးကွယ်ထားဖို့မဖြစ်နိုင်တော့မှန်း နားလည်သွားတော့သည်။
“နင်းနင်း၊ မငိုပါနဲ့၊ ကိုယ်ဘာမှမဖြစ်တော့ပါဘူး။ စိတ်မပူပါနဲ့တော့နော်…” ချက်ချင်းပင် ကုနင်းကို နှစ်သိမ့်ပေးလေသည်။
ကုနင်း လင်ရှောင်းထင်ရှေ့တွင် ငိုဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်တာကြောင့် လင်ရှောင်းထင်တစ်ယောက် ဘာလုပ်လို့လုပ်ပေးရမှန်းမသိဘဲ သူမ၏မျက်ရည်များကို ဆက်တိုက်သုတ်ပေးနေခဲ့သည်။
လင်ရှောင်းထင်၏အလုပ်အကိုင်မှာ အန္တရာယ်များက ဒဏ်ရာတချို့တလေရရှိခြင်းမှလဲ ရှောင်လွှဲ၍မရနိုင်မှန်းလဲ ကုနင်းနားလည်ထားပြီးဖြစ်သောကြောင့် သူမဘာမှမပြောနိုင်ခဲ့သေးပေ။ ဒါကြောင့်လဲ သူမ လင်ရှောင်းထင်ကို စွမ်းအင်သလင်းကျောက်ပုလင်းများစွာ ပေးထားခဲ့ခြင်းဖြစ်သည်။ သို့ပေမည့် အခုလိုအမှန်တကယ် ဒဏ်ရာကြီးကြီးမားမားရလာသည်ကို တွေ့လိုက်ရချိန်တွင်တော့ သူမဘယ်လိုမှ လက်မခံနိုင်ခဲ့ပေ။
သူမသာ လင်ရှောင်းထင်ကို စွမ်းအင်သလင်းကျောက်များ ကြိုတင်ပြင်ဆင်မပေးထားခဲ့လျှင် ဒါမှမဟုတ် စွမ်းအင်သလင်းကျောက်များ ကုန်သွားခဲ့လျှင် အခြေအနေဘယ်လောက်ထိ ပြောင်းလဲသွားလောက်လဲ ဆိုသည်ကို ကုနင်း ခန့်မှန်းမကြည့်ရဲပေ။ နှလုံးတည့်တည့်ကိုသာ သေနတ်မှန်သွားခဲ့ပါက သူဘယ်လောက်ပဲ စွမ်းအင်သလင်းကျောက်တွေသောက်ခဲ့ပါစေ သေချာပေါက် သေသွားနိုင်ပေသည်။
စွမ်းအင်သလင်းကျောက်၏သက်ရောက်နိုင်စွမ်းမှာ သူမ၏ကိုယ်ပိုင်စွမ်းအားကို လုံးဝမယှဉ်နိုင်ပေ။ အကယ်၍လင်ရှောင်းထင်သာ အမှန်တကယ် အသက်အန္တရာယ်နှင့်ရင်ဆိုင်ခဲ့ရပါလျှင် သူမကိုယ်တိုင် သူ့ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်တိုက်ရိုက်ထည့်သွင်းပေးရင်းဖြင့်သာ ကယ်တင်နိုင်ပေလိမ့်မည်။
“နင်းနင်း၊” ကုနင်းနှုတ်ဆိတ်နေကာ တစ်ချိန်လုံးငိုသာငိုနေခဲ့သောကြောင့် လင်ရှောင်းထင် အလွန်စိုးရိမ်ပူပန်လို့လာခဲ့သည်။ သူ့ရင်ဘက်မှဒဏ်ရာကြောင့် ကုနင်းရင်ကွဲမတတ်ဝမ်းနည်းနေရသည်ကို သိတာကြောင့် အခုချိန်တွင် သူအဆင်ပြေနေပြီဆိုသည့်ကြောင်း သူမယုံကြည်စေရန်အတွက် တင်းတင်းကြပ်ကြပ်ဖက်ထားပြီးတော့သာ သက်သေပြနိုင်ပေသည်။
ကုနင်း သူ့ကြောင့်နှင့်ငိုနေရသည့်အတွက်လဲ အပြစ်ရှိသလိုခံစားနေရသည်။ သူလဲ ဒဏ်ရာမရချင်ပေမည့် လူသားတစ်ယောက်ဖြစ်နေစဲမဟုတ်ပါလား။ ဖြစ်နိုင်မယ်ဆိုလျှင် ကုနင်းကို မစိုးရိမ်စေချင်သောကြောင့် သူလဲ တိုက်ပွဲထဲမှာ ပစ်ခတ်မှုများကြားတွင် ဒဏ်ရာမရလိုပေ။ ကုနင်း ဝမ်းနည်းနေတာကြောင့် သူကိုယ်တိုင်လဲ အလွန်ဝမ်းနည်းရလေသည်။
ခနအကြာတွင်တော့ ကုနင်း အငိုတိတ်သွားခဲ့ကာ သူမလက်နှင့် လင်ရှောင်းထင်၏ဒဏ်ရာကို ထိတွေ့ရင်း စွမ်းအားများ တိတ်တဆိတ်ထည့်သွင်းပေးနေလိုက်သည်။
အခုချိန်တွင်တော့ စွမ်းအင်သလင်းကျောက်များကြောင့် လင်ရှောင်းထင် အဆင်ပြေနေပြီမှန်း ကုနင်းသိသော်လည်း ဒဏ်ရာအမြန်ပျောက်သွားစေရန်အတွက် သူမကုသပေးချင်နေတုန်းပင်။ သို့ပေမည့် ကုနင်း အတွင်းဒဏ်ရာကိုသာ ပျောက်ကင်းအောင် ကုသမည်ဖြစ်ပြီး လင်ရှောင်းထင် သံသယမဝင်စေရန်အတွက် အပေါ်ယံအမာရွတ်ကိုတော့ ပုံမှန်အတိုင်းချန်ထားရစ်ခဲ့ပေမည်။
ဖြစ်ပြီးသွားမှတော့ ကုနင်းလဲ များများစားစားပြောမနေချင်တော့ဘဲ နောက်တစ်ကြိမ် ဂရုစိုက်ရန်သာ သတိပေးလိုက်သည်။
“နောက်အခေါက်တွေဆို ကိုယ့်ကိုကိုယ်သေချာကာကွယ်ရမယ်နော်!”
“ဟုတ်ပါပြီ၊ ကိုယ်ကတိပေးပါတယ်။”
ထိုသို့ဆိုလျှင်ပင် ထိုစကားမှာ အလိမ်အညာတစ်ခုသာဖြစ်မှန်း နှစ်ဦးလုံးသိပြီးဖြစ်သောကြောင့် ကုနင်းသူမရင်ထဲမှ ဝမ်းနည်းကြေကွဲမှုကိုမဖြေဖျောက်နိုင်သေးပေ။ အထူးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သားတစ်ယောက်ဖြစ်နေသ၍ သူ့ဘဝမှာအမြဲတမ်း အန္တရာယ်များနှင့်ပြည့်နှက်နေမည်သာ။
……
နောက်တစ်နေ့မနက်တွင်တော့ ကျန်းယွေ့ချင် ကုနင်းနှင့်တွေ့ဆုံနိုင်ရန်အတွက် မနက်၆နာရီကပင်ထကာ ပြေးဖို့ထွက်လာခဲ့လေသည်။ ထန်ချင်းယန် သူတို့ကြားတွင် ကန့်လန့်ကန့်လန့်ဖြစ်နေမည်စိုးသောကြောင့်ပင် သူနှင့်အတူ ထန်ချင်းယန်လိုက်မလာဖို့တောင် တားမြစ်ခဲ့သေးလေသည်။
စိတ်မကောင်းစွာဖြင့် သူပြေးနေသည့်တစ်မနက်လုံး ကုနင်းကို မမြင်တွေ့ခဲ့ရသောကြောင့် စိတ်ပျက်လို့သွားရသည်။
ကုနင်းကို ဖုန်းခေါ်လိုက်ချင်ပေမည့် သူမစိတ်အနှောက်အယှက်ဖြစ်မည်ကိုလဲ စိုးရိမ်မိရသည်။ အထူးသဖြင့် သူတို့ချင်း အခုမှတွေ့ဖူးကြကာ အရမ်းလဲ မရင်းနှီးကြသေးတာကြောင့် သူမကို ဖုန်းဆက်ဖို့ရန် အနည်းငယ်ရှက်နေမိသေးသည်။
ယခင်အချိန်များကဆိုလျှင်တော့ ကျန်းယွေ့ချင်တစ်ယောက် ကြောက်ရွံ့မိသည့်အရာဟူ၍မရှိပေမည့် ကုနင်းနှင့်တွေ့ဆုံပြီးနောက်တွင်တော့ အရာအားလုံးပြောင်းလဲလို့သွားတော့သည်။
ကုနင်းလဲမရှိတာကြောင့် ကျန်းယွေ့ချင် ကြာကြာဆက်မပြေးနေတော့ဘဲ အိမ်သို့ပြန်လာခဲ့လေသည်။
“ဘာဖြစ်လာတာလဲ? မင်းကြည့်ရတာ အရမ်းဝမ်းနည်းနေသလိုပဲ။” အဖြေကိုခန့်မှန်းမိပြီးဖြစ်သော်လည်း ထန်ချင်းယန် ကျန်းယွေ့ဟွာကို မေးလိုက်သေးသည်။
“ဘာမှမဖြစ်ပါဘူး။” ကျန်းယွေ့ချင် မုသားစကားသုံးလိုက်သည်။
“ကောင်းပြီလေ။” ကျန်းယွေ့ချင် ကိုယ်တိုင်က မပြောချင်နေတာကြောင့် ထန်ချင်းယန်လဲ ဆက်မမေးတော့ပေ။
……
တာဝန်ထမ်းဆောင်နေခဲ့ရသည့် တစ်လျှောက်လုံး လင်ရှောင်းထင် ကောင်းကောင်းအနားမယူနိုင်ခဲ့တာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့ကာ မနက်၉နာရီလောက်မှနိုးလာခဲ့သလို ကုနင်းသည်လဲ သူမ၏လှပချိုမြိန်သည့် အိပ်မက်များကြားတွင် နစ်မြုပ်နေစဲဖြစ်သည်။
လင်ရှောင်းထင်နိုးလာသည်နှင့် ကုနင်းကို ချစ်ရည်ရွှမ်းသည့်မျက်ဝန်းများဖြင့် စိုက်ကြည့်နေကာ သူ၏အဖိုးမဖြတ်နိုင်သည့် တန်ဖိုးအကြီးဆုံးရတနာတစ်ခုကို ပြန်ရလိုက်သလိုပင် ခံစားလို့နေရသည်။
မကြာခင်တွင်ပဲ ကုနင်းနိုးလာခဲ့ကာ လင်ရှောင်းထင် တစ်ယောက် သူမကို တည့်တည့်ကြီးစိုက်ကြည့်လို့နေတာကြောင့် နေရပင်ခက်လာခဲ့သည်။
“အမ်, ကျွန်မဗိုက်ဆာနေပြီ။” ကုနင်းပြောလိုက်သည်။
“တကယ်လား? ဒါဆိုလဲ ကိုယ်ကူညီပေးမယ်လေ။” ပြောရင်းဖြင့်ပင် လင်ရှောင်ထင် နတ်ဆိုးဆန်ဆန်ပြုံးလိုက်ရင်း ကုနင်း၏ပေါ်သို့အုပ်မိုးလိုက်သည်။
“ဟေ့!” ကုနင်း မြန်မြန်ဆန်ဆန်ပဲ လင်ရှောင်းထင်ကို တွန်းထုတ်လိုက်ကာ၊
“အစားအသောက်ပဲစားချင်တာ ရှင့်ကိုမဟုတ်ဘူး။” ဘာကြောင့်များယောက်ျားတွေက အမြဲတမ်း ချစ်ရည်လူးဖို့လောက်ပဲတွေးနေကြတာများလဲ?
လင်ရှောင်းထင်လဲ ကုနင်းကို ဆက်မစနေတော့ဘဲ ချစ်မြတ်နိုးမှုများပြည့်လျှံနေသည့်အသံဖြင့်၊
“ခနလောက်အိပ်လိုက်ဦး၊ ကိုယ်မင်းစားသွားချက်ပေးမယ်။”
ကုနင်းလဲ အမှန်တကယ်ကို မနက်စောစောက အဖြစ်အပျက်များကြောင့် အနားယူဖို့လိုနေသေးလေသည်။
လင်ရှောင်းထင်သည်တော့ ချက်ချင်းအိပ်ရာမှထကာ ရေချိုးအဝတ်အစားလဲပြီး ကုန်စုံဆိုင်သို့ထွက်သွားခဲ့သည်။
ကုနင်း နောက်တစ်ကြိမ်ပြန်နိုးလာချိန်တွင်တော့ မနက်၁၁နာရီပင်ခွဲနေပြီဖြစ်ကာ လင်ရှောင်းထင်လဲ ချက်ပြုတ်ပြင်ဆင်လို့ပြီးခါနီးနေပေပြီ။
ကုနင်းလဲ အိပ်ရာမှထကာ ရေချိုးပြီးနောက် ဟင်းပွဲများပြင်ဆင်ထားပြီဖြစ်သည့် စားပွဲဝိုင်းသို့ လျှောက်လာခဲ့လေသည်။
“လာ၊ ထိုင်တော့။”
***
အခန်း ၆၂၅
စုနတ်ဘုရားမ
ကုနင်းလဲ အတော်ဆာလောင်နေပြီဖြစ်သောကြောင့် ချက်ချင်းပင် စတင်စားသောက်တော့သည်။ လင်ရှောင်းထင်လဲ စားသောက်ရင်းဖြင့် ကုနင်း၏ပန်းကန်ထဲသို့ ဟင်းများမှတ်မှတ်ရရခပ်ထည့်ပေးနေလေသည်။
ကုနင်း ဗိုက်နည်းနည်းပြည့်လာချိန်တွင်တော့ စားသည့်အရှိန်လဲလျော့လာကာ၊
“ကျွန်မမနေ့က ရှေးဟောင်းလမ်းမှာ သခင်ကြီးကျန်း၊ သခင်ကြီးရှုနှင့် ရှင့်အဖိုးတို့ကိုတွေ့ခဲ့သေးတယ်။”
ထိုစကားကြောင့် လင်ရှောင်းထင် အံ့ဩသွားသလို အနည်းငယ်လဲ လန့်လို့သွားခဲ့သည်။
“နောက်တော့ကော?” တကယ်တော့ ကုနင်းကို သူ့အဖိုးမှတ်မိသွားသလားဟု မေးချင်နေတာဖြစ်ပေမည့် သူ့အဖိုးကို ချစ်သူရှိနေသည့်အကြောင်း ပြောပြထားသည်အား ကုနင်းသိသွားမည်ကိုလဲ စိုးရိမ်လို့နေလေသည်။
ကုနင်းသည်တော့ လင်ရှောင်းထင်၏မူမမှန်မှုကို သတိမထားမိဘဲ။
“သူတို့ ကျွန်မဆိုင်က ရှေးဟောင်းပစ္စည်းအစစ်နည်းနည်းဝယ်သွားကြတယ်။ အစကတော့ သူတို့ဆီက တန်ကြေးမတောင်းချင်ခဲ့ပေမည့် သူတို့ကလဲ အလကားမယူချင်ဘူးဆိုတော့ တစ်ခုကို ယွမ်၁သိန်းစီနှင့် ဈေးဖြတ်ပေးလိုက်တယ်။”
လင်ရှောင်းထင် ခေါင်းသာညိတ်လိုက်လေသည်။
“ဒါနဲ့၊ ဦးလေးထန်ရော ဘယ်လိုနေသေးလဲ?”
“သူကောင်းကောင်း သတိပြန်ရနေပါပြီ။”
“တော်သေးတာပေါ့!” လင်ရှောင်းထင် အမှန်တကယ် စိတ်အေးသွားရသည်။ ထန်ယွင်ဖန်းသာ ဆက်ပြီးအိပ်ယာထဲလဲနေမည်ဆိုလျှင် ကုနင်းရော ကုမန့်ပါ ပျော်ရွှင်နိုင်ကြမည်မဟုတ်ပေ။
“ဒီနေ့အဖို့ ဘာအစီအစဉ်ရှိလဲ?” လင်ရှောင်းထင်မေးလိုက်သည်။
“မနက်ဖြန် ကိုလိန်းရဲ့အရောင်းပြခန်းဆိုင်ဖွင့်မှာဆိုတော့ ကျွန်မဒီနေ့ ပစ္စည်းတွေသွားစစ်ရမယ်။”
“ဒါဆို ကိုယ်လဲ အတူလိုက်ခဲ့မယ်။”
စားသောက်ပြီးနောက် ကုနင်းကို ခနနားနေဖို့ပြောကာ လင်ရှောင်းထင်ကတော့ ပန်းကန်ဆေးဖို့သွားလေသည်။
“ဒီလိုမျိုး အချက်အပြုတ်နဲ့အိမ်မှုကိစ္စနိုင်နင်းတဲ့ချစ်သူမျိုးရထားတာ တကယ်ကောင်းတာပဲ၊ ကျွန်မအေးအေးဆေးဆေး စားလိုက်အိပ်လိုက်လုပ်နိုင်တယ်။” ကုနင်း လင်ရှောင်းချင်ကို ချီးကျူးလိုက်သည်။
“ကောင်းကောင်းစားပါ၊ ဒါမှမင်းကောင်းကောင်းအိပ်နိုင်မှာ။” လင်ရှောင်းထင် ထိုအိပ်နိုင်မှာဆိုသည့်နေရာတွင် လေသံကိုတမင်ဖိကာပြောလိုက်လေသည်။
ကုနင်းလဲ ထိုစကားကြောင့် ရှက်သွားကာ လင်ရှောင်းထင်ကို လျစ်လျူရှုခဲ့ပြီး အပေါ်ထပ်သို့တက်သွားတော့သည်။ အိပ်ခန်းထဲသို့ရောက်သည်နှင့် သူမဖုန်းကို စစ်ကြည့်လိုက်သည်။ ရှုချင်ယင်းဖုန်းခေါ်ထားခဲ့သည်ကိုမြင်သောကြောင့် ကုနင်းချက်ချင်းပင် ပြန်ခေါ်လိုက်လေသည်။
ကုနင်း၏ခေါ်ဆိုမှုကို ရှုချင်ယင်း ပြန်ဖြေလာပြီးသည်နှင့် အလွန်တရာစိတ်လှုပ်ရှားနေသောအသံဖြင့်၊
“ကုနင်း၊ နင့်ရဲ့အသားအရေထိန်းတဲ့အလှကုန်တွေက အရမ်း-အရမ်းကိုကောင်းတာပဲ! ငါဒီလောက် အကျိုးထူးတဲ့အလှကုန်မျိုး တခါမှမသုံးဖူးဘူး။ ငါ့အသားအရေဆို အရမ်းကို နုညံ့ပြီးတောက်ပြောင်နေပြီ!” အမျိုးသမီးတိုင်းသည် သူတို့၏ရုပ်ရည်သွင်ပြင်ကို အလွန်ဂရုစိုက်ကြလေသည်။
“ဟုတ်သား၊ ငါ့အမေတောင် နင်ပေးတဲ့ပစ္စည်းတွေကို လုဖို့ကြိုးစားသေးတယ်၊ ဒါပေမယ့်လဲ မရသွားဘူးလေ၊ ဟ-ဟ!” ရှုချင်းယင်းတစ်ယောက် သူ့ပစ္စည်းမပါသွားသည့်အတွက် အလွန်ဂုဏ်ယူနေပုံပင်။
ကြည့်ရတာတော့ ရှုချင်ယင်း၏မိခင်သည်လဲ ကုနင်း၏အသားအရေထိန်းအလှကုန်ပစ္စည်းများ၏ အမာခံဖောက်သည်တစ်ဦးဖြစ်လာမည့်ပုံပင်။
သတင်းကောင်းကိုကြားလိုက်ရသောကြောင့် ကုနင်းကျေနပ်စွာပြုံးလိုက်မိသည်။ သူမ၏ကုန်ပစ္စည်းများ မကြာခင်အချိန်အတွင်း အလွန်ကျော်ကြားလာမည်ဟုလဲ ယုံကြည်ချက်အပြည့်ရှိနေတော့သည်!
“အလှကုန်တွေကိုဘယ်တော့ ဈေးကွက်ထဲတင်မှာလဲ? ငါ့အမေဆို အရမ်းကိုလိုချင်နေပြီ။”
“မနက်ဖြန်။”
“တခြားကုန်ပစ္စည်းအသစ်တွေလဲ အများကြီးရှိတော့ နင်မနက်ဖြန် အရောင်းပြခန်းဆိုင်ကို သွားကြည့်ပေါ့။”
ရှုချင်ယင်း၏မိခင်အတွက် နောက်ထပ်တစ်စုံ ကုနင်းပေးလိုက်နိုင်ပေမည့် မနက်ဖြန်ဖွင့်ပွဲအတွက် အောင်မြင်မှုရရန်လိုအပ်နေသေးတာကြောင့် မပေးဖြစ်တော့ပေ။
“ဘယ်မှာလဲ? ဘယ်မှာလဲ?” ရှုချင်ယင်း စိတ်လှုပ်ရှားစွာမေးလိုက်သည်။
“အမှတ် ၁၆၈၊ XXလမ်း၊ မြို့လယ်ခေါင်ဘက်မှာ။ နင့်အမေကိုပင် အတူခေါ်သွားဖို့ မမေ့နဲ့နော်။”
“သေချာပေါက်မမေ့ဘူး။ အခုပဲ ငါ့အမေကိုသွားပြောလိုက်တော့မယ်။” ရှုချင်ယင်းတစ်ယောက် ပြောပြောဆိုဆိုနှင့် ဖုန်းချသွားကာ ထိုစိတ်လှုပ်ရှားစရာသတင်းကို သူမ၏မိခင်ထဲ အပြေးသွားပြောတော့သည်။ သူမ၏မိခင်သည်လဲ ချက်ချင်းပင် သူငယ်ချင်းများစွာကို ဖုန်းဆက်ကာ မနက်ဖြန် အတူသွားဖို့ရန် တိုင်ပင်တော့သည်။
ရှုချင်ယင်း၏မိခင်က ကုနင်းကိုမသိတာကြောင့် ကုနင်း၏ကုန်အမှတ်တံဆိပ်ကို ကြော်ငြာပေးဖို့ရန် မရည်ရွယ်သော်လည်း ပစ္စည်း၏အရည်အသွေးမှာ အတော်လေးကောင်းမွန်နေသောကြောင့် သူမ၏သူငယ်ချင်းများကို ညွှန်းပေးခြင်းသာဖြစ်သည်။
ရှုချင်ယင်း ကူအန်းနာကိုလဲ ဖုန်းဆက်ကာ သူမနှင့်အတူသွားရန် ဖိတ်ကြားခဲ့သည်။ ကူအန်းနာသည်တော့ ရှုချင်ယင်းထက် အလှကုန်ပစ္စည်းများကိုပို၍ စိတ်ဝင်စားတာကြောင့် သေချာပေါက် ယခုလိုပွဲမျိုးကို လက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။ သို့ပေမည့် အလှကုန်ပစ္စည်းများတင်မကဘဲ သူတို့မှာ ကုနင်း၏သူငယ်ချင်းများလဲဖြစ်သောကြောင့် မနက်ဖြန် ကုနင်းကို သေချာပေါက် ဂုဏ်ပြုဖို့ရန်သွားသင့်ပေသည်။
စားသောက်ပြီးနောက်တွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ အတူတကွအိမ်မှထွက်လာခဲ့ကြသည်။
တချိန်တည်းလိုလိုပဲ သတင်းတချို့လဲ ပျံ့လို့လာခဲ့သည်။ ၎င်းသည်က JadeBeautyနှင့်Charm၏ ကြော်ငြာများပင်ဖြစ်သည်။
စုထုံနျိုသည် နဂိုကတည်းကလှပသူတစ်ယောက်ဖြစ်ကာ ကေ၏ကျွမ်းကျင်ပြောင်မြောက်စွာ ပြင်ဆင်ပေးထားသည့် ဓါတ်ပုံများနှင့်ဗီဒီယိုများထဲတွင်တော့ မှင်သက်အံ့ဩဖို့ကောင်းသည်ထက်ကို သာလွန်နေတော့သည်။ ဓါတ်ပုံပဲဖြစ်ဖြစ် ကြော်ငြာဗီဒီယိုပဲဖြစ်ဖြစ် အားလုံးက အလွန်ဆွဲဆောင်မှုရှိလွန်းပေသည်။
ကြော်ငြာပိုစတာများနှင့် ဗီဒီယိုထဲတွင် စုထုံနျိုသည် ဝတ်စုံသုံးစုံပြောင်းလဲ ဝတ်ဆင်ခဲ့ကာ တစ်ပုံသည်တော့ ပန်းပွင့်နတ်သမီးတစ်ပါးနှယ် ဖြူစင်လှပသည့် အသွင်ကိုဆောင်ကာ နောက်တစ်ပုံသည်တော့ မြင့်မြတ်သည့်အဆင့်အတန်းမှ အမျိုးသမီးတစ်ဦးပမာ ဂုဏ်ရှိန်မြင့်မားလှပြီး ကျန်တစ်ပုံသည်တော့ ဘုရင်မတစ်ပါးသဖွယ် အရှိန်အဝါအပြည့်ဖြင့် လှပထည်ဝါလှပေသည်။ ထို့အပြင် ကျောက်စိမ်းလက်ဝတ်ရတနာများနှင့်လဲ လိုက်ဖက်ပြည့်စုံနေတော့သည်။
“ဝါး! သူက သူတော်စင်နတ်ဘုရားတစ်ပါးပဲ!”
“ငါတော့ သူ့ကိုချစ်သွားပြီ!”
“ကျောက်စိမ်းလက်ဝတ်ရတနာလေးတွေနဲ့ အရမ်းကိုလိုက်ဖက်တာပဲ!”
“ပိုစတာတွေနဲ့တင် ငါ့ကိုအားလုံးဝယ်ချင်အောင် ဆွဲဆောင်နေပြီ၊ ဒါပေမယ့်လဲ မဝယ်နိုင်ပါဘူးလေ။”
“ဟ-ဟ-ဟ-ဟ၊”
…..
ပိုစတာများနှင့်ဗီဒီယိုများထွက်လာပြီးနောက်တွင်ပဲ စုထုံနျိုကိုသဘောကျနှစ်သက်သူများစွာလဲ ဆက်တိုက်ဆိုသလို များသထက်များလာပြန်တော့သည်။
တချိန်တည်းတွင်ပဲ လူအများစုမှာ ကြော်ငြာ၏အဆင့်အတန်းမြင့်မားမှုအပေါ်ကိုလဲ သဘောကျလို့နေလေသည်။ ထို့ကြောင့် ကြော်ငြာမှာ လူများစွာ တစ်စထက်တစ် ပိုစိတ်ဝင်စားမှုကိုခံလာရပြီး မကြာမီအချိန်တွင်ပဲ Weiboပေါ်တွင် လူပြောအများဆုံးသတင်းတစ်ပုဒ်ဖြစ်လာတော့သည်။ ထိုသတင်းနာမည်ကြီးလာသည်နှင့် မလိုမုန်းထားသူများလဲ ချက်ချင်းမဆိုင်းပေါ်လာကြပြန်သည်။
“သူ့ပုံက မိတ်ကပ်ရယ် ပုံတွေကိုပြန်ပြင်ဆင်ပေးတဲ့ ကျွမ်းကျင်ပညာရှင်ရယ်ကြောင့်သာ ကြည့်ကောင်းနေတာပါကွာ။”
“ငါကတော့ မကြိုက်ပါဘူး။ အပျက်မကျနေတောပဲ။”
ထိုအထက်မှ မှတ်ချက်များကို စုထုံနျို၏ပရိတ်သတ်များမြင်သည်နှင့် အလွန်ဒေါသထွက်ကုန်ကြကာ၊
“မလိုမုန်းတီးရေးသမားတွေ! နင်တို့ဘာသာ အေးဆေးမနေနိုင်ကြဘူးလား?”