အခန်း (၆၂၆-၆၃၀)
Vol. 42 Ch. 626-630
အခန်း ၆၂၆
ကိုလိန်းဖွင့်ပြီ
“နင်တို့တွေက ထုံနျိုရဲ့အောင်မြင်မှုအပေါ် မနာလိုဖြစ်နေကြရုံပါ၊ နင်တို့မှ ဒီလိုအောင်မြင်မှုမျိုး ဘယ်တုန်းကမှမရခဲ့ဖူးကြဘဲ!”
စုထုံနျို၏ပရိတ်သတ်များမှာ မကောင်းသည့်မှတ်ချက်များကို မြင်လိုက်တိုင်း တဖက်လူဆက်မပြောနိုင်တော့သည်အထိ ပြန်လည်တုံ့ပြန်ပြောဆိုရင်း သူတို့နှစ်သက်သည့်အနုပညာရှင်ကို အစွမ်းကုန်ကာကွယ်ပေးကြလေသည်။
ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းနှစ်သက်သဘောကျခြင်းကိုခံကြရသည့် အနုပညာရှင်ဟူပြီးမှ မရှိလေဘဲ။ အနုပညာရှင်တစ်ဦး အလွန်နာမည်ကြီးလာလျှင် ဒါမှမဟုတ် နိုင်ငံအတွင်း နာမည်တစ်ခုနှင့်ရပ်တည်လာနိုင်ပြီဆိုလျှင် သူတို့ကို အလွန်မုန်းတီးသည့်လူများလဲ ပေါ်လာကြမည်သာ။
အနုပညာလောကထဲတွင် အခြေချဖို့ရန် ဆုံးဖြတ်ချက်ချပြီးသွားလျှင်တော့ အခြားလူများ၏ အကြောင်းအရင်းမရှိ ပြစ်တင်ဆဲဆိုမှုများကို ခံနိုင်ဖို့ရန်လဲ စိတ်ကိုကြိုတင်ပြင်ဆင်လို့ထားရပေမည်။
‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ဇာတ်လမ်းရိုက်ကူးရေးအဖွဲ့ဝင်များ စုထုံနျို၏ကြော်ငြာကို မြင်တွေ့လိုက်ရချိန်တွင်လဲ အလွန်မှင်သက်ကုန်ကြလေသည်။ ပိုင်လင်းဆိုလျှင် စုထုံနျို၏အောင်မြင်လာမှုများအတွက် အတော်လေးမနာလိုဝန်တိုဖြစ်မိပေမည့် စုထုံနျိုကို ဆန့်ကျင်တိုက်ခိုက်ဖို့ရန်တော့ မရည်ရွယ်ပေ။
မကြာခင်တွင်ပဲ ကုနင်းနှင့်လင်ရှောင်းထင်တို့ အရောင်းပြခန်းဆိုင်နေရာသို့ ရောက်ရှိလာခဲ့သည်။ ဆိုင်ကို နှစ်ခြမ်းခွဲထားပြီး ဆေးဝါးပစ္စည်းများအတွက် ဆိုင်၏နေရာသုံးပုံတစ်ပုံကို ယူထားကာ ကျန်နေရာများသည်တော့ အလှကုန်ပစ္စည်းများအတွက် ဖြစ်လေသည်။
ဆေးဝါးပစ္စည်းများအတွက် ဆိုင်းဘုတ်သည်တော့ ကိုလိန်းဆေးဝါးလုပ်ငန်းပင်ဖြစ်ကာ အလှကုန်ပစ္စည်းများသည်တော့ ခိုကျီအလှကုန်ဟု ဆိုင်းဘုတ်တပ်ထားလေသည်။ ထိုဆိုင်းဘုတ်နှစ်ခု၏အောက်ညာဘက်ထောင့်တွင်တော့ ကုမ္ပဏီမှတိုက်ရိုက်အရောင်းဆိုင်ဖြစ်ကြောင်း အမှတ်တံဆိပ်ပါရှိလေသည်။
ကိုလိန်းဆေးဝါးဘက်ကိုတော့ အခြားသော ဆေးဝါးပစ္စည်းဆိုင်များကဲ့သို့ပင် ပြင်ဆင်ထားခဲ့ကာ ခိုကျီအလှကုန်ပစ္စည်းဘက်အခြမ်းကိုတော့ လှပစွာပြင်ဆင်ချယ်သလို့ထားလေသည်။
“မင်္ဂလာပါ၊ မိန်းကလေးကု၊ လူကြီးမင်းလင်။” ကုနင်းနှင့်လင်ရှောင်းထင်တို့ ရောက်လာသည်နှင့် နဉ်ချန်ခိုင်နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။ ကုနင်းက နဉ်ချန်ခိုင်ကို ကုမ္ပဏီပြင်ပတွင် သူမကို မိန်းကလေးကု ဟူ၍သာ ခေါ်ဖို့ရန် ပြောထားခဲ့သောကြောင့် နဉ်ချန်ခိုင်ကလဲ သူမအမိန့်အတိုင်းသာ ခေါ်ဆိုခြင်းဖြစ်သည်။ လင်ရှောင်းထင်ကိုတော့ ဆေးဝါးစက်ရုံလာဝယ်သည့်အချိန်က ကုနင်းနှင့်အတူပါလာခဲ့ဖူးတာကြောင့် နဉ်ချန်ခိုင်မှတ်မိလို့နေခြင်းဖြစ်သည်။
“အားလုံးအဆင်ပြေရဲ့လား?” ကုနင်းမေးလိုက်သည်။
ထိုအခါ နဉ်ချန်ခိုင်က ကုနင်းနှင့်လင်ရှောင်းထင်တို့ကို ဆိုင်ထဲသို့လှည့်လည်ပြသရင်း၊
“ပစ္စည်းအများစုကိုတော့ စင်တွေပေါ်မှာ နေရာချပြီးနေပါပြီ။”
ဆိုင်ရှိဝန်ထမ်းများစွာမှာတော့ ကုနင်းနှင့်လင်ရှောင်းထင်တို့၏ရုပ်ရည်သွင်ပြင်ကြောင့် မှင်သက်လို့နေကြလေသည်။
ထိုအချိန်တွင်ပဲ ရုတ်တရက်ဆိုသလို လူငယ်တစ်ယောက်သည် မိန်းကလေးတစ်ဦးကို ကျောပိုရင်းဖြင့် အလျင်စလိုဆိုင်ထဲဝင်လာခဲ့လေသည်။ မိန်းကလေး၏မျက်နှာမှာ အလွန်ဖြူဖျော့နေပြီး ပြင်းထန်သည့်နာကျင်မှု ခံစားနေရပုံပင်။ လူငယ်သည်လဲ စိုးရိမ်ပူပန်စွာဖြင့် အော်ဟစ်မေးမြန်းလာခဲ့သည်။
“ဒီဆိုင်မှာ ဗိုက်အောင့်ပျောက်ဆေးရှိလား? ကျွန်တော့်ချစ်သူ ဗိုက်အရမ်းအောင့်နေလို့ပါ!”
လူငယ်မှာ သူ၏ချစ်သူကောင်မလေးနှင့်အတူ အပြင်ထွက်လာချိန် မိန်းကလေးကရုတ်တရက်ဆိုသလို သူမ၏ဓမ္မတာချိန်သို့ရောက်ရှိသွားခဲ့လေသည်။ သူ၏ချစ်သူမှာ ဓမ္မတာလာချိန်များတွင် အလွန်နာကျင်ကိုက်ခဲရလေ့ရှိလေသည်။
“ရှိပါတယ်!” လူငယ်၏ အကူအညီတောင်းသံကိုကြားသည်နှင့် ဆေးဆိုင်ဘက်မှခေါင်းဆောင်အမျိုးသမီးက ပြန်ဖြေလာခဲ့သည်။ ဆေးဆိုင်မှာ မနက်ဖြန်မှစတင်ဖွင့်လှစ်မည် ဆိုသော်လည်း ရောက်ရှိလာသည့် ဝယ်သူကိုတော့ နှင်မလွှတ်နိုင်ပေ။
လူငယ်လဲ ချစ်သူကောင်မလေးကို ဆိုဖာပေါ်တွင် ချပေးလိုက်သည်။
မကြာခင်တွင်ပဲ ခေါင်းဆောင်မှာ ဆေးတစ်ဘူးနှင့်ပြန်လည်ရောက်ရှိလာကာ၊
“ဒါသောက်ခိုင်းလိုက်၊ မိနစ်ပိုင်းအတွင်း သက်သာသွားလိမ့်မယ်။”
မိနစ်ပိုင်းလေးအတွင်း ဆေးစွမ်းပြသည်ဆိုခြင်းကပင် အတော်လေးအစွမ်းထက်နေပေပြီ။ သာမာန်ဆေးများဆိုလျှင် နာရီဝက်မှ နာရီပေါင်းများစွာအထိတောင်ကြာကာမှ ဆေးစွမ်းပြကြခြင်းဖြစ်သည်။ လူငယ်လဲ ရှည်ရှည်ဝေးဝေးမေးမနေဘဲ ချက်ချင်း ဖောက်လိုက်သည်။
ဆေးဘူးထဲတွင်တော့ လက်တစ်လုံးအရွယ်ဆေးပုလင်းလေး၆ပုလင်းပါရှိလေသည်။
“တစ်ကြိမ်ကို တစ်ပုလင်းပဲသောက်ရတယ်။” ခေါင်းဆောင်က ညွှန်ပြပေးလိုက်သည်။
လူငယ်လဲ ဆေးပုလင်းကိုဖွင့်ပေးကာ ကောင်မလေးကိုတိုက်လိုက်သည်။ ဆေးရည်များပါးစပ်ထဲသို့ဝင်သွားသည်နှင့် ချိုမြသည့်အရသာလေးကိုသာ ခံစားလိုက်ရပြီး အခြားဆေးများလို အရသာလုံးဝမဆိုးပေ။ အေးမြသည့်ဆေးရည်များက သူမ၏လည်ချောင်းတစ်လျှောက်ကျဆင်းလို့သွားခဲ့ကာ အစာအိမ်အတွင်းသို့ဝင်ရောက်သွားသည်နှင့် တပြိုင်နက် သူမ၏နာကျင်မှုသည်လဲ ဖြည်းဖြည်းချင်းပျောက်ကင်းလာခဲ့ကာ တစ်မိနစ်အကြာတွင်တော့ နည်းနည်းလေးမှနာကျင်ခြင်းမရှိတော့ပေ။
“ဘယ်လိုနေသေးလဲ?” လူငယ်စိုးရိမ်ပူပန်မှုအပြည့်ဖြင့် မေးမြန်းလိုက်သည်။
“ကောင်းသွားပြီ။”
“ဒီဆေးက အံ့ဩဖို့ကောင်းလိုက်တာ။ တစ်မိနစ်၊ နှစ်မိနစ်ထဲနဲ့ နေလို့ကောင်းသွားပြီ! အချစ်, ဒီဆေးထပ်ဝယ်ထားကြရအောင်!”
“ဝယ်ပေးမှာပေါ့။” ချစ်သူကောင်မလေး နေကောင်းသွားတာကိုမြင်လိုက်တာကြောင့် လူငယ်လဲ စိတ်အေးသက်သာသွားတော့သည်။
“ဒါဘယ်လောက်လဲ?” ခေါင်းဆောင်ကို မေးလိုက်သည်။
“ယွမ်၆၀ပါ။”
“ဒီဆေးက ဓမ္မတာကြောင့် ကိုက်ခဲတာတင်မကဘဲ အစာအိမ်နဲ့သက်ဆိုင်တဲ့နာကျင်မှုအားလုံးကို ပျောက်ကင်းစေပါတယ်။”
“ကျွန်တော့်ကို ဒါမျိုးနောက်ထပ် ၅ဘူးထပ်ပေးပါ။” သာမာန်ဆေးများထက် ဤဆေး၏ဈေးမှာ နှစ်ဆလောက်ဖြစ်နေသော်လည်း လူငယ်သည်တော့ ဈေးကြီးသည်ဟု မခံစားမိပေ။
ထို့နောက် ခေါင်းဆောင်က နောက်ထပ်ဆေး၅ဘူးကိုထုတ်ယူပေးလိုက်ကာ လူငယ်ကလဲ ချက်ချင်းပင် ကောင်တာတွင် ငွေရှင်းပေးခဲ့သည်။ ဤအချိန်တွင်တော့ မိန်းကလေးကိုယ်တိုင် ဆိုင်ပြင်သို့လမ်းလျှောက်ပြန်ထွက်နိုင်ပေပြီ။
အစောတုန်းက သူမကို သူမ၏ချစ်သူက ကျောပိုးသွားပေးခဲ့သောကြောင့် လူအများလဲ သူတို့အတွဲကို သတိထားမိကာ ဘာများဖြစ်လဲဆိုပြီး သိချင်နေကြလေသည်။ သို့ပေမည့် အခုလို ကိုယ်တိုင်ပင် လမ်းလျှောက်ကာ ပြန်ထွက်လာနိုင်သည်ကိုမြင်လိုက်ရချိန်တွင်တော့ အားလုံးအံ့အားသင့်သွားကြတော့သည်။
“ဒီမှာ၊ မိန်းကလေး၊ မင်းအစောက ဘာဖြစ်သွားတာလဲ? အခုကျ ဘယ်လိုလုပ် ကိုယ်တိုင်လမ်းပြန်လျှောက်နိုင်သွားရတာတုန်း?” အသက်ကြီးကြီးအမျိုးသမီးတစ်ဦးက သိချင်စိတ်ကို မချုပ်ထိန်းနိုင်စွာဖြင့် မေးလိုက်သည်။
မိန်းကလေးမှာ ထိုအမေးကြောင့် အနည်းငယ်နေရခက်ကာ ရှက်သွားပေမည့် ပြန်ဖြေပေးလေသည်။
“ကျွန်မက ဓမ္မတာလာချိန်တိုင်း အရမ်းကိုက်ခဲတတ်တယ်လေ။ အစောက ကျွန်မတို့ ဒီဆေးဆိုင်ထဲကိုသွားပြီး ဆေး၁ဘူးဝယ်သောက်လိုက်ကတာ။ ဆေးက အရမ်းအစွမ်းထက်လွန်းလို့ ကျွန်မအခုဆို နေလို့ကောင်းသွားပြီ။”
“တကယ်ပဲလား?” မိန်းကလေး၏စကားကြောင့် လူတိုင်းအလွန်အံ့အားသင့်ကုန်ကြလေသည်။
“ဒီလိုသာဆို ငါလဲ ငါ့သမီးအတွက် ဝယ်ထားရဦးမယ်!” နောက်ထပ်အမျိုးသမီးတစ်ဦးမှပြောရင်းဖြင့် ဆိုင်ထဲသို့ဝင်သွားခဲ့သည်။
“အိုး၊ ဒါဆို ငါလဲ ငါ့ချွေးမလေးအတွက် ဝယ်သွားသင့်တာပေါ့!” နောက်ထပ်အမျိုးသမီးတစ်ဦးသည်လဲ ပြောရင်းဆိုရင်းဖြင့်ပင် ဆေးဆိုင်ထဲသို့ဝင်သွားခဲ့သည်။
“ဒီဆိုင်မှာ တခြားဆေးစွမ်းကောင်းတွေရောရှိသေးလား?”
“ကိုယ့်ဘာသာဝင်ပြီး သွားကြည့်ကြတာပေါ့!”
အနားရှိလူများလဲ စိတ်ဝင်စားစွာဖြင့် ယောက်ျားမိန်းမမရွေး တစ်ယောက်ပြီးတစ်ယောက် ဆေးဆိုင်ထဲသို့ဝင်သွားလိုက်ကြလေသည်။ အဝင်စရှိပြီးသွားသည်နှင့် နောက်လူများကလဲ သိချင်စိတ်ဖြင့် ဆက်တိုက်ဆိုသလို ဝင်ရောက်လာကြကာ တော်တော်များများမှာ တခါတည်း ဆေးများစွာကိုပင် ဝယ်ယူသွားကြလေသည်။ အိမ်တစ်အိမ်တွင် အစွမ်းထက်သည့်ဆေးဝါးများ ကြိုတင်ပြင်ဆင်ထားသည်က အပိုဖြစ်သွားသည်မှမရှိဘဲ။
ဆေးဆိုင်ကို တရားဝင်လာဖွင့်နေပြီဖြစ်သောကြောင့် ဆေးများအရည်အသွေးပြည့်မှီကာ အန္တာရယ်ကင်းမည်ကိုတော့ လူတိုင်းယုံကြည်ထားပြီးဖြစ်သည်။ ဤဆေးဆိုင်မှဆေးများမှာ အခြားဆိုင်မှဆေးများထက် ပို၍ဈေးမြင့်သော်လည်း ဈေးမြင့်ရသည့်အကြောင်းအရင်းရှိရမည်ဟု အတော်များများယုံကြည်ကြပေသည်။
***
အခန်း ၆၂၇
ကျောက်စိမ်းလေလံပွဲ
မိန်းကလေးတစ်ဦးဆိုလျှင် သရက်သီးများစားမိသောကြောင့် ဓါတ်မတည့်မှုဖြစ်ကာ ဘာဆေးလိမ်းလိမ်းမသိသာခဲ့ပေ။ ဤတစ်ကြိမ်တွင်တော့ အရောင်းဝန်ထမ်းတစ်ဦးမှနေပြီး အလွန်ဆေးစွမ်းထက်သည့် လှလှပပထုတ်ပိုးထားသော ၅၀မီလီလီတာပါဝင်သည့်လိမ်းဆေးတစ်ဘူးကို ပေးထုတ်ပေးလိုက်လေသည်။
အစကတော့ ဆေးမှာအလွန်ဈေးကြီးသည်ဟု ကောင်မလေးက ထင်မိနေတာကြောင့် ခေါင်းဆောင်မှနေပြီး သူမကို အခမဲ့စမ်းသုံးကြည့်ဖို့ရန်ပြောလိုက်သည်။ ဆေးလိမ်းပြီး မိနစ်အနည်းငယ်ကြာပြီးနောက်တွင်တော့ ကောင်မလေး၏အသားအရည်မှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့သည်။ သူမသာ တစ်နေ့ကိုသုံးကြိမ်စီလိမ်းပေးလျှင် ဓါတ်မတည့်မှုမှာပျောက်ကင်းသွားမည်ဖြစ်သည်။ ထို့အပြင် လိမ်းဆေးသည် ဝက်ခြံများကိုလဲ ပျောက်ကင်းစေသောကြောင့် မိန်းကလေးများကြား သေချာပေါက် နာမည်ကြီးလာပေလိမ့်မည်။
ကောင်မလေးလဲ နှစ်ခါပြန်စဉ်းစားမနေတော့ဘဲ ဆေးဘူးကို ချက်ချင်းဝယ်ယူသွားတော့သည်။ ဆိုင်ထဲသို့ရောက်နေသည့် အခြားမိန်းကလေးများသည်လဲ ဆေးစွမ်းကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခဲ့သောကြောင့် ချက်ချင်းဝယ်ယူကြတော့သည်။
အချို့လူများဆိုလျှင် သူတို့အတွက်တင်မကဘဲ အိမ်မှမိသားစုဝင်များအတွက် ဖျားနာမှု၊ အရိုးအဆစ်ကိုက်ခဲနာကျင်မှုစသည်တို့ သက်သာပျောက်ကင်းစေရန်အတွက် ဆေးအမျိုးအသားများစွာဝယ်သွားကြလေသည်။ သူတို့ဖြစ်သမျှမှာ သာမာန်နေမကောင်းခြင်းသာဖြစ်ပြီး မဆိုးဝါးတာကြောင့် ဆေးသောက်ရုံဖြင့် သက်သာနိုင်ပေသည်။
ကိုလိန်းဆေးဆိုင်မှ ဆေးဝါးအားလုံးသည် သာမာန်ဖျားနာနေမကောင်းဖြစ်မှုများအတွက် ထုတ်လုပ်ပေးထားခြင်းဖြစ်သည်။
“ဘာလို့ဆေးတွေအားလုံးက တံဆိပ်တစ်ခုတည်းဖြစ်နေတာလဲ?” ရုတ်တရက် တစ်စုံတစ်ယောက်ကမေးမြန်းလိုက်သည်။
ထိုအခါ အရောင်းဝန်ထမ်းတစ်ဦးမှနေပြီး၊
“ဒီဆိုင်က ဆေးကုမ္ပဏီက တိုက်ရိုက်ဖွင့်ထားတဲ့အရောင်းပြခန်းဆိုင်မို့ တံဆိပ်အားလုံးက တစ်မျိုးတည်းပါ။ ဒါပေမယ့်ဒီတံဆိပ်ကပဲ ဖျားနာမှုအားလုံးကို သက်သာစေပါတယ်။”
“ကြည့်လိုက်ဦး! ဒီမှာ အလှကုန်ပစ္စည်းတွေလဲရှိသေးတယ်! အရမ်းဈေးကြီးတာပဲ။”
နောက်ထပ်အရောင်းဝန်ထမ်းတစ်ဦးမှနေကာ၊
“ဈေးကြောင့် ဆုံးဖြတ်ရခက်နေသေးရင် အရင်ဆုံးစမ်းသပ်ခွင့်ပေးထားတဲ့ပစ္စည်းတွေကို သုံးကြည့်လိုက်ပါ။ သဘောကျတယ်ဆိုတော့မှ များများဝယ်ပေါ့။”
“တကယ်လား?” ထိုစကားကိုကြားသည်နှင့် မိန်းကလေးမှာ အလွန်ပျော်ရွှင်သွားကာ တိုနာ၊ စီရမ် နှင့် နို့ရည်အတွက် အစမ်းတစ်ထုပ်စီယူသွားတော့သည်။
အခြားသောမိန်းကလေးများသည်လဲ အစမ်းပေးထားသည့်အထုပ်များကို ယူသွားကြသည်။
ဆယ်မိနစ်ကျော်အတွင်းတွင်ပဲ ဝယ်သူဆယ်ယောက်မက ဝင်ကြလိုက်ထွက်လိုက်ရှိနေကြလေသည်။ ထိုသူများထဲမှ တစ်ဝက်လောက်သည်သာ အမှန်တကယ်ဝယ်ယူကြပေမည့် ထိုမျှနှင့်ပင် ယွမ်ထောင်ပေါင်းများစွာ ရရှိလို့နေပြီဖြစ်သည်။
“တကယ့်ကို အစကောင်းတာပဲ!”
ကုနင်းနှင့်အခြားလူများမှာ နားနေခန်းထဲမှနေကာ အားလုံးကိုစောင့်ကြည့်နေခဲ့ပြီး နဉ်ချန်ခိုင်သည်တော့ အလွန်တရာစိတ်လှုပ်ရှားနေတော့သည်။ ကုနင်းသည်လဲ စိတ်ကျေနပ်နေသည့်အပြုံးတစ်ပွင့်ဖြစ်တည်လို့နေလေသည်။ အမှန်အတိုင်းပြောရလျှင်တော့ သူမလဲ ဆိုင်တောင်စမဖွင့်ခင် အချိန်တိုလေးအတွင်းတွင်ပဲ ဤမျှရောင်းအားကောင်းနေသည့်အတွက် အံ့ဩမိသွားရသည်။
ညနေ၄နာရီလောက်တွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ ဆိုင်မှပြန်ထွက်လာကာ လင်ရှောင်းထင်၏နေအိမ်သို့ပြန်လာခဲ့ကြလေသည်။
သို့ပေမည့် သူမတို့အိမ်ပြန်လာသည့်လမ်းတွင်ပဲ လင်ရှောင်းထင်ထံသို့ ရှုကျင်းချန်ဖုန်းဆက်လာခဲ့သည်။
“ရှောင်းထင်၊ ကုနင်းလဲ မြို့တော်ရောက်နေတာဆိုတော့ ငါတို့ညစာအတူတူစားကြရင်ကော?”
လင်ရှောင်းထင် ချက်ချင်းအဖြေပြန်မပေးသေးဘဲ ကုနင်း၏အမြင်ကို အသံတိတ်လှမ်းမေးလိုက်သည်။ ရှုကျင်းချန်၏အသံကို ကုနင်းလဲ ကြားရတာကြောင့် မငြင်းဆိုခဲ့ပေ။ ထို့နောက် သူမတို့လမ်းကြောင်းပြောင်းကာ ချိန်းဆိုထားသည့်နေရာသို့ လာခဲ့ကြသည်။
မကြာခင်တွင်ပဲ ကုနင်း၏ဖုန်းလဲ မြည်လာခဲ့ကာ ခေါ်ဆိုသူမှာတော့ ထန်မြို့မှ ကျန်းဖန်ပင်ဖြစ်သည်။
“ဟလို၊ ဦးလေးကျန်း။” ကုနင်းပြန်ဖြေလိုက်သည်။
“ဘော့စ်၊ မြန်မာမှာ နောက်လကျရင် ၂၈ကြိမ်မြောက် ကျောက်စိမ်းလေလံပွဲကျင်းပမှာ။ ဘော့စ်ရော သွားချင်လား?”
မြန်မာနိုင်ငံတွင် ကျောက်စိမ်းလေလံပွဲကို နှစ်စဉ် ကျင်းပကာ မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော တရားဝင်ကျောက်စိမ်းပြပွဲတစ်ခုလဲဖြစ်လေသည်။ ထိုကျောက်စိမ်းလေလံပွဲသည် ကျောက်စိမ်းကုန်သည်များအတွက်တော့ စိတ်လှုပ်ရှားဖွယ်ရာ ယှဉ်ပြိုင်ပွဲတစ်ခုလဲဖြစ်သည်။ ၎င်းမှာ ကြွယ်ဝမှု၊ မြင်တတ်မှုနှင့် သတ္တိရှိခြင်းတို့အတွက် ယှဉ်ပြိုင်မှုမျိုးလဲဖြစ်သည်။
ယခင်ကတည်းက ကျောက်စိမ်းလေလံပွဲစတင်သည်နှင့် ကျောက်ရိုင်းအားလုံးကို နံပါတ်စဉ်များတပ်ထားကာ အလေးချိန်နှင့် ခန့်မှန်းဈေးနှုန်းများကို ဖော်ပြထားကြသည်။ ခန့်မှန်းဈေးနှုန်းများကတော့ ပုံမှန်ထက်ပို၍ နိမ့်လေသည်။ ထိုကျောက်ရိုင်းအားလုံးကို သုံးရက်တိုင်တိုင် ခင်းကျင်းပြသထားပြီး ကျောက်စိမ်းကုန်သည်များက ထိုခင်းကျင်းပြသထားသည့်အထဲမှ သူတို့လိုချင်သည့် ကျောက်ရိုင်းများကို တစ်တုံးပြီးတစ်တုံးရွေးချယ်နိုင်လေသည်။ ထို့နောက်တွင်တော့ သူတို့ရွေးချယ်ထားသည့် ကျောက်ရိုင်းအတွက် သူတို့ဘက်က အပေးနိုင်ဆုံး လေလံဈေးကို ချရေးကာ လေလံဆွဲသည့်ပုံးထဲသို့ထည့်ပေးရသည်။
မြန်မာသည် ကျောက်စိမ်းအရင်းအမြစ်များနှင့်ပတ်သတ်၍ အလွန်စည်းကမ်းကြီးကာ ကျောက်စိမ်းလေလံပွဲတွင်တော့ တရားဝင်ကူးသန်းရောင်းဝယ်ခွင့်ရှိပြီး အခြားသော ရောင်းဝယ်မှုအားလုံးကိုတော့ မှောင်ခိုတင်သွင်းသည်ဟုသာ သတ်မှတ်လေသည်။
ကုနင်းတွင် ကိုယ်ပိုင်ကျောက်ရိုင်းတောင်ပိုင်ဆိုင်ထားပြီးပြီဆိုသော်လည်း အခုချိန်တွင် သူမသည် ကျောက်စိမ်းတင်ပို့သူအဖြစ်လဲ လုပ်ကိုင်နေပြီဖြစ်သောကြောင့် ကျောက်ရိုင်းတုံးများစွာ အစဉ်မပြတ်လိုအပ်နေပေသည်။
အစကတော့ ကုနင်း သူမအားသည့်အချိန်မှ မြန်မာသို့ ကျောက်ရိုင်းဝယ်ရန် သွားဖို့ စီစဉ်ထားခဲ့သည်။ သူမတွင် စိတ်စွမ်းအင်အာကာပြင်လဲရှိနေတာကြောင့် မှောင်ခိုဝယ်လို့ အဖမ်းခံရမည်ကိုလဲ စိုးရိမ်စရာမလိုအပ်ပေ။
သို့ပေမည့် မထင်မှတ်ထားစွာဘဲ တရားဝင်ကျောက်စိမ်းလေလံတင်ပွဲကို နောက်လတွင် ကျင်းပပေတော့မည်။ အခုလက ကုန်နေပြီဖြစ်သောကြောင့် နောက်ထပ်တစ်လ ပြင်ဆင်ချိန်ရှိသေးလေသည်။ သူမအနေဖြင့် ကျန်တစ်လအတွင်း လုပ်စရာရှိသည်များကို ဆက်လုပ်နိုင်သေးပေသည်။
“သွားရမှာပေါ့။” ကုနင်းပြန်ဖြေလိုက်သည်။
လင်ရှောင်းထင်သည်လဲ ကုနင်းတို့စကားပြောနေသည်ကို ကြားနေရတာကြောင့် နောက်လအတွင်း အနည်းဆုံးတစ်ပတ်လောက် အားလပ်အောင်လုပ်ရန် တွေးနေပေပြီ။
“နောက်လကိုယ်အားရင် မင်းနဲ့အတူလိုက်ခဲ့ပေးမယ်။”
“ကောင်းပြီလေ။”
ကျန်းဖန်နှင့်ဖုန်းဆက်ပြီး မကြာခင်တွင်ပဲ ကုနင်းထံသို့ အချိန်အတော်ကြာ အတွေးများကြား လွန်ဆွဲနေခဲ့သည့် ကျန်းယွေ့ချင် ဖုန်းဆက်လာခဲ့သည်။
“မင်းအခု ဘာလုပ်နေတာလဲ? ငါနဲ့ ညစာထွက်စားချင်လား?” ကျန်းယွေ့ချင်မေးလိုက်သည်။
တဖက်မှအသံကိုကြားလိုက်သည်နှင့် ဘယ်သူဖြစ်ကြောင်း လင်ရှောင်းထင်တန်းသိလိုက်ကာ ကုနင်းဘယ်လိုကြောင့်များ ကျန်းယွေ့ချင်နှင့် သိနေရသလဲဆိုသည်ကို နားမလည်နိုင်ဖြစ်သွားခဲ့သည်။
“ကျေးဇူးပါပဲ၊ ဒါပေမယ့် ကျွန်မသူငယ်ချင်းတွေနဲ့ ချိန်းပြီးသားဖြစ်နေပြီ။”
“ကောင်းပြီလေ၊ နောက်တစ်ခေါက်မှ အတူစားကြတာပေါ့။” ကျန်းယွေ့ချင် အနည်းငယ်စိတ်ပျက်လို့သွားမိပေမည့် အတင်းအကျပ်တော့ မတိုက်တွန်းခဲ့ပေ။
“ဟုတ်ပါပြီ။” ထို့နောက် ဖုန်းချလိုက်ကြသည်။
“မင်း သူနဲ့ရင်းနှီးတာလား?” လင်ရှောင်းထင် တစ်ယောက် အနည်းငယ်သဝန်တိုနေမိသည်။
လင်ရှောင်းထင်၏ ပုံစံပြောင်းသွားကြောင်း ကုနင်းလဲ ခံစားမိသောကြောင့် ကုနင်း သက်ပြင်းချလိုက်ချင်ပေမည့် ပုံမှန်အတိုင်းပဲပြန်ရှင်းပြခဲ့သည်။
“မရင်းနှီးပါဘူး။ မနေ့က မနက်ခင်းပြေးတုန်းက သူနဲ့တွေ့ခဲ့တာ၊ ပြီးနောက် ညဘက်ကျ ရှုချင်ယင်းနဲ့ အပြင်ထွက်ရင်းနဲ့လဲ တစ်ခေါက်တွေ့ခဲ့တယ်။ သိတာသိပ်မကြာသေးပါဘူး။”
ကုနင်း၏အဖြေကြောင့် လင်ရှောင်းထင် ပိုလို့ပင် သဝန်တိုသွားတော့သည်။
“မင်းတို့ နှစ်ခါပဲတွေ့ရသေးတာတောင် ဖုန်းနံပါတ်တွေဘာတွေပေးပြီး နောက်တစ်ကြိမ် ညစာအတူစားဖို့ သဘောတူလိုက်တယ်ပေါ့?”
လင်ရှောင်းထင်၏ သဝန်တိုနေမှုကြောင့် ကုနင်းရယ်ချင်လာမိပေမည့် သူသဝန်တိုတာလဲ ကြောင်းကျိုးညီညွတ်သည်ဟု သူမတွေးမိလေသည်။ သူမတွင် မိန်းကလေးမိတ်ဆွေထက် ယောက်ျားလေးမိတ်ဆွေက ပိုများနေသည်မဟုတ်ပါလား။ သို့ပေမယ့် သူမကတော့ ယောက်ျားလေးမိတ်ဆွေများကို အကွာအဝေးတစ်ခုခြားကာ ဆက်ဆံသူဖြစ်လေသည်။
လင်ရှောင်းထင် သဝန်တိုနေသည်ကို ကုနင်းဘာလုပ်ပေးလို့ လုပ်ပေးရမှန်းမသိသော်လည်း အပြစ်တော့မတင်မိပေ။ ထိုအစား စိတ်ရှည်ရှည်ဖြင့်ပင် သေချာရှင်းပြပေးလိုက်သည်။
“သူက ချင်ယင်းရဲ့သူငယ်ချင်းလဲဖြစ်တယ်။ သခင်ကြီးကျန်းရဲ့မြေးလဲဖြစ်တယ်ဆိုတော့ သူဖုန်းနံပါတ်တောင်းနေတာကို ငြင်းလိုက်ဖို့မသင့်တော်ဘူးလေ။ နောက်တစ်ခါ သူထပ်ဆက်လာရင်လဲ အကြောင်းပြချက်ပေးပြီး ငြင်းလိုက်ပါမယ်။”
ကုနင်း၏စကားကြောင့် လင်ရှောင်းထင် ပြန်၍ စိတ်ရွှင်သွားတော့သည်။
ရှုကျင်းချန် ညစာစားဖို့ရန် ဖိတ်ထားသည့်နေရာမှာ သူတို့ရှုမိသားစုပိုင် စီးပွားရေးထဲမှဖြစ်သည့် ကျင်းလင်ဟိုတယ်၏ အထူးခန်းတွင်ဖြစ်သည်။
***
အခန်း ၆၂၈
ဘယ်သူက အရင်စပိုးပန်းတာလဲ?
အခန်းထဲတွင်တော့ ဘိလိယက်စားပွဲ၊ ကာရာအိုကေစက်၊ မာကျောက်ခုံတို့လိုမျိုး ကစားနိုင်သည့်ပစ္စည်းမျိုးစုံရှိသောကြောင့် သူငယ်ချင်းများနှင့် စားသောက်ရင်း ပျော်ပါးကစားနိုင်လေသည်။
ညနေ၅နာရီခွဲပြီးချိန်တွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ရောက်ရှိလာခဲ့ကာ သူငယ်ချင်းများမှာတော့ စတင်ကစားနေကြပေပြီ။ အခန်းထဲတွင်တော့ ရှုကျင်းချန်၊ရှင်းပိုင်၊ ရှုချင်ယင်းနှင့် ကူအန်းနာ စုစုပေါင်း၄ယောက်ရှိနေလေသည်။
“ဟိုင်း၊ ရှောင်းထင်၊ ကုနင်း!” ကုနင်းနှင့်လင်ရှောင်းထင်တို့ ဝင်လာချိန်တွင် ဘိလိယက်ကစားနေကြသည့် ရှုကျင်းချန်နှင် ရှင်းပိုင်တို့က နှုတ်ဆက်လိုက်ကြကာ ဆက်ပြီးကစားနေကြသည်။
ရှုချင်ယင်းနှင့် ကူအန်းနာသည်တော့ ကာရာအိုကေအခန်းထဲတွင်ရှိနေကြပေမည့် သီချင်းသံအကျယ်ကြီး မဖွင့်ထားကြတာကြောင့် ရှုကျင်းချန်တို့ လင်ရှောင်းထင်ကို နှုတ်ဆက်လိုက်သည်အား ကြားလိုက်ကြသည်။
ကူအန်းနာသည်တော့ လင်ရှောင်းထင်နှင့်အတူ ကုနင်းပါလာသည်ကိုကြားရကာ အံ့အားသင့်သွားသလို သူမနားကြားမှားနေသည်ဟုပင် ထင်မိသွားလေသည်။ သူမမှ ကုနင်းနှင့်လင်ရှောင်းထင်၏ ဆက်ဆံရေးကို မသိထားလေဘဲ။
“အို! ကုနင်းလဲရောက်နေတာပေါ့!” ရှုချင်ယင်းသည်တော့ စိတ်လှုပ်စွာဖြင့် ချက်ချင်းအပြင်သို့ထွက်သွားခဲ့သည်။
“နေပါဦး၊ ကုနင်းက ရှောင်းထင်နဲ့အတူလာတာလား?” ကူအန်းနာမေးလိုက်ပေမည့် ရှုချင်ယင်းမှာ ထွက်သွားနှင့်ပြီဖြစ်သောကြောင့် သူမလဲ အမြန်ထလိုက်သွားတော့သည်။ သူတို့နှစ်ဦးအပြင်သို့ရောက်လာချိန်တွင်တော့ လင်ရှောင်းထင်၏ဘေးတွင် ရှိနေသည့် ကုနင်းကို တွေ့လိုက်ရကာ လင်ရှောင်းထင်က ကုနင်း၏ကျောပိုးအိတ်ကိုပင် ကူချွတ်ပေးနေလေသည်။
ကူအန်းနာ အလွန်ထိတ်လို့လို့သွားတော့သည်။ သူတို့က အတွဲတွေလား?
“ဟိုင်း၊ ရှောင်းထင်၊ ကုနင်း!” ရှုချင်ယင်း နှုတ်ဆက်လိုက်သည်။
ကူအန်းနာသည်တော့ ထိတ်လန့်ကြောင်အလို့နေကာ နှုတ်ဆက်စကားပင် မဆိုနိုင်ခဲ့ပေ။
ထိုအခါ ကုနင်းက လင်ရှောင်းထင်ကို ထားခဲ့ကာ ရှုချင်ယင်းတို့အနား လျှောက်လို့လာလေသည်။
ရှုချင်ယင်းနှင့် ကူအန်းနာလဲ ချက်ချင်းပင် ကုနင်းကို ကာရာအိုကေအခန်းထဲသို့ ဆွဲခေါ်သွားကြကာ အထဲသို့ရောက်သည်နှင့် ကူအန်းနာမေးမြန်းတော့သည်။
“ကုနင်း၊ နင်နဲ့ သခင်လေးလင်က ဘယ်လိုပတ်သတ်နေတာလား?”
“သူက ငါ့ချစ်သူလေ။”
“ဘာ?” ကူအန်းနာ အလွန်အမင်းထိတ်လန့်လို့သွားပေပြီ။ သူမ လင်ရှောင်းထင်နှင့် အရမ်းမရင်းနှီးသော်လည်း သူမက ရှုချင်ယင်း၏သူငယ်ချင်းဖြစ်တာကြောင့် အကြိမ်ပေါင်းများစွာတော့ တွေ့ဖူးထားပြီးဖြစ်သည်။ အစတုန်းကဆိုလျှင် လင်ရှောင်းထင်၏ ကြည့်ကောင်းလှသည့် ရုပ်ရည်သွင်ပြင်ကြောင့် ကူအန်းနာ သဘောကျခဲ့ကာ ချဉ်းကပ်ဖို့ရန်ပင် ကြိုးစားခဲ့ဖူးသည်။ သို့ပေမည့် လင်ရှောင်းထင်ကတော့ သူမနှင့်ခပ်တန်းတန်းနေကာ အေးစက်စက်အကြည့်များဖြင့်သာ တုံ့ပြန်သောကြောင့် သူမကြောက်ပင်ကြောက်ခဲ့ရလေသည်။ ထို့အတွက်ကြောင့် လင်ရှောင်းထင် မိန်းမတွေကို မနှစ်သက်ဘူးလို့တောင် သူမထင်ခဲ့မိသေးသည်။ သို့ပေမည့် ရှုချင်ယင်းက လင်ရှောင်းထင် အခြောက်မဟုတ်ကြောင်း အတည်ပြုပေးခဲ့လေသည်။ ထို့အတွက်ကြောင့် အခုလို ရုတ်တရက်ကြီး လင်ရှောင်းထင်တွင် ချစ်သူကောင်မလေးရှိသွားသည့်အကြောင်း သိလိုက်ရသည်နှင့် သူမအလွန်အံ့အားသင့်သွားမိခြင်းဖြစ်သည်။
အရင်တုန်းကတော့ လင်ရှောင်းထင်ကို ကူအန်းနာသဘောကျမိခဲ့သည် မှန်ပေမည့် လင်ရှောင်းထင်ဘက်က ဘယ်တုန်းကမှ ပြန်သဘောကျသည့် အရိပ်အယောင်မပြခဲ့သည့်အပြင် သူ့ကိုမြင်လိုက်ရရုံဖြင့် သူမစိတ်ဖိစီးမှုပါ ခံစားရတာကြောင့် စောစောစီးစီးလက်လျှော့ထားပြီးဖြစ်သည်။ ထို့အတွက် ယခုအချိန်တွင် သူမအံ့အားသင့်မိသော်လည်း မနာလိုတော့မဖြစ်မိပေ။
“ကုနင်း နင်က သခင်လေးလင်ရဲ့ ကောင်မလေးပေါ့! အံ့ဩစရာပဲ!”
ကုနင်း ပြုံးရုံသာပြုံးလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။ ကူအန်းနာလဲ အခြားလူများကဲ့သို့ပင် လင်ရှောင်းထင်တွင် ချစ်သူရှိနေပြီဖြစ်ကြောင်း သိလိုက်ရ၍ အလွန်အံ့အားသင့်နေခြင်းဖြစ်မှန်း သူမနားလည်လေသည်။ သို့ပေမည့် သူမကတော့ သခင်ကြီးလင်သာ ဤကိစ္စကို သိသွားခဲ့လျှင် မည်သို့မည်ပုံတုံ့ပြန်လာမည်ကိုသာ သိချင်နေမိသည်။
တကယ်တမ်း သခင်ကြီးလင်က သူ့မြေးချစ်သူရှိနေပြီဖြစ်ကြောင်း သိပြီးသားဆိုသည်ကို ကုနင်းမသိသေးခြင်းသာဖြစ်လေသည်။ ထိုတင်မကသေး သူ့မြေး၏ ချစ်သူကောင်မလေးကို အလွန်အမင်းတွေ့ဖူးချင်နေသေးသည်။ တကယ်တော့ သူတို့နှစ်ဦးလုံး အချင်းချင်းဆုံခဲ့ကြပြီးဖြစ်ပေမည့် တရားဝင်မသိကြခြင်းသာဖြစ်လေသည်။
ကူအန်းနာတစ်ယောက် ရှုချင်ယင်းကို အပြစ်တင်တော့သည်။
“ချင်ယင်း၊ နင်ဘာလို့ သခင်လေးလင်မှာ ကောင်မလေးရှိနေတဲ့အကြောင်းနဲ့ အဲ့ကောင်မလေးက ကုနင်းဆိုတာ မပြောပြရတာလဲ?”
“အာ၊ ငါမေ့သွားလို့လေ။” ရှုချင်ယင်း အလွန်အပြစ်ကင်းသည့် အမူအရာလေးဖြင့် ပြန်ဖြေလိုက်သည်။
ကူအန်းနာလဲ သူမကို ဘာမှပြောမနေတော့ဘဲ ကုနင်းကိုသာ စိုက်ကြည့်လိုက်ရင်း၊
“ပြောစမ်းပါဦး၊ နင်တို့နှစ်ယောက် ဘယ်သူ့ဘက်က အရင်စပြီး ပိုးပန်းတာလဲ?”
“သူအရင်ပေါ့။” ကုနင်းပြန်ဖြေလိုက်သည်။
“ဘုရားရေ!” ကူအန်းနာအံ့ဩလွန်း၍ ဘုရားပင်တမိသွားတော့သည်။ လင်ရှောင်းထင်လို အေးစက်စက်မျက်နှာပေးနှင့် မိန်းကလေးများကို ခပ်တန်းတန်းဆက်ဆံတတ်သည့်လူက မိန်းကလေးတစ်ဦးကို သူ့စိတ်သဘောဖြင့် အရင်ပိုးပန်းကြောင်း သိလိုက်ရတာကြောင့် ကူအန်းနာ အလွန်အံ့ဩသွားတော့သည်။
“သူနင့်အပေါ် ကောင်းကောင်းကောဆက်ဆံရဲ့လား? သူနဲ့နေရတာ ငြီးငွေ့စရာမကောင်းဘူးလား? သူနဲ့တွဲရလို့ စိတ်ဖိစီးမှုမဖြစ်ဘူးလား?”
“အခြားသူတွေရှေ့ ဘယ်လိုပဲ အေးစက်စက်နေပါစေ ငါ့ကိုတော့ အမြဲကြင်နာပေးပါတယ်။ သူနဲ့နေရလို့လဲ မငြီးငွေ့ဘူး၊ ငါ့ဘဝကြီးက ပိုလို့တောင် ပျော်စရာကောင်းလာသေးတယ်။”
“အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့။”
“ဒါနဲ့၊ နင့်ရဲ့အလှကုန်ပစ္စည်းဆိုင် မနက်ဖြန်ဖွင့်တော့မယ်လို့ပြောတယ်။ ငါလဲ ငါ့သူငယ်ချင်းတွေနဲ့လာခဲ့ဦးမယ်!”
“ကောင်းတာပေါ့!”
“ငါ့ရဲ့ Wechatက သူငယ်ချင်းတွေအားလုံးကိုလဲ ပြောထားမယ်၊ သူတို့လဲ သွားချင်ရင်သွားလို့ရအောင်လေ။” ရှုချင်ယင်းပြောလိုက်သည်။
“ဟုတ်သားပဲ၊ ငါလဲပြောရမယ်။” ကူအန်းနာချက်ချင်းပင် သူမWechatမှနေပြီး သူငယ်ချင်းများကို စာပို့လိုက်သည်။
“ကုနင်း နင့်ရဲ့Wechatအကောင့် ငါ့ကိုပြောပြပါလား?” ရှုချင်ယင်း ကုနင်းကိုမေးလိုက်သည်။
“ရတာပေါ့။”
“ဒါပေမယ့် ငါက သိပ်မသုံးဖြစ်လို့ အရေးကြီးကိစ္စရှိရင်တော့ ဖုန်းသာဆက်လိုက်နော်။”
“ဟုတ်ပါပြီ၊”
“ငါ့လဲ ထည့်ပေးဦး။”
“ဝါး၊ ကုနင်း နင်သတင်းတစ်ခုတောင်တင်ထားဘူးပဲ! ငါနဲ့ အန်းနာဆို စားသမျှ သွားသမျှ အကုန်လုံးကိုတင်တာ။” ကုနင်း Wechatအကောင့်ကို ကြည့်ပြီးနောက် ရှုချင်ယင်း အံ့ဩတကြီးပြောလိုက်ခြင်းဖြစ်သည်။
“ငါကအဲ့လိုလုပ်ရတာ သိပ်မကြိုက်ဘူးလေ။”
ကုနင်း၏အလှကုန်အသစ်အကြောင်း ကူအန်းနာ စာများစွာပေးပို့ခဲ့ကာ မကြာခင်တွင်ပဲ အကြောင်းပြစာများရရှိခဲ့သည်။ အချို့ကတော့ နိုင်ငံတကာအဆင့်မှီအမှတ်တံဆိပ်မဟုတ်သောကြောင့် သဘောမကျကြပေ။
***
အခန်း ၆၂၉
လူထုတုံ့ပြန်ချက်
အချို့မှာလဲ နိုင်ငံတကာတံဆိပ်ဆိုတိုင်း မကောင်းဘူးဟုပြောကြသည်များရှိပေသည်။ သို့ပေမည့် အတော်များများကတော့ ကူအန်းနာ၏မျက်နှာကို ထောက်ကာ တစ်ခေါက်လောက်တော့ သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ကူအန်းနာသည် အလွန်ချမ်းသာကြွယ်ဝသည့် မိသားစုမှ မွေးဖွားလာသူဖြစ်တာကြောင့် သူမသုံးဖူးသည့်ပစ္စည်းထဲမှ မကောင်းသည့်ပစ္စည်းကိုတော့ ညွှန်းပေးလိမ့်မည်မဟုတ်ပေ။
ကုနင်း၏အလှကုန်ပစ္စည်းများမှာ အခုထိအောင်မြင်မှုမရရှိသေးသော်လည်း ကူအန်းနာ၏သူငယ်ချင်းများကတော့ ကူအန်းနာကြောင့် စမ်းသုံးကြည့်ကြဖို့ရန် ဆန္ဒရှိကြပေသည်။ ကူအန်းနာ၏ Wechatထဲမှ သူငယ်ချင်းတိုင်းကတော့ သူမနှင့်ရင်းနှီးခြင်းမရှိသလို အတော်များများသည်လဲ ကူမိသားစုထက် ဆင်းရဲသည့်မိသားစုများမှဖြစ်သောကြောင့် ကူမိသားစု၏နောက်မြှီးကိုဆွဲကာ မြင့်တက်ချင်လိုကြသူများဖြစ်ကြသည်။ ကူမိသားစုနှင့် ဆက်ဆံရေးပိုကောင်းမွန်လာမည်ဆိုလျှင် နောင်အနာဂါတ်တွင် သူတို့အကူအညီလိုလာပါက ကူမိသားစုက သေချာပေါက် ကူညီပေးပေလိမ့်မည်။
အကူအညီမလိုအပ်လျှင်တောင်မှ ကူမိသားစုနှင့်ဆက်ဆံရေးကောင်းမွန်ထားသည်က မကောင်းသည့်အရာမှမဟုတ်ဘဲ။
ကူအန်းနာသည်တော့ အခြားလူများ၏အမြင်ကို ဂရုမစိုက်သလို သူတို့ကို သေချာပေါက် ဝယ်ရမည်ဟုလဲ တွန်းအားမပေးပေ။
သုံးဦးသား ၆နာရီထိုးသည်အထိ သီချင်းဆက်ဆိုနေကြကာ ရှုကျင်းချန်ကိုယ်တိုင် ညစာစားဖို့လာမခေါ်လျှင် ဗိုက်ဆာနေသည်ကိုပင် ခံစားမိကြဦးမည်မဟုတ်ပေ!
ညစာစားနေစဉ်တစ်လျှောက်လုံး လင်ရှောင်းထင်တစ်ယောက် ကုနင်း၏ပန်းကန်ထဲသို့ ဆက်တိုက်ဆိုသလို ဟင်းများခပ်ထည့်ပေးနေကာ ပုဇွန်ဆိုလဲ သေချာအခွံ့ပင်နွှာပြီး ထည့်ပေးနေသောကြောင့် ကျန်နေသည့် တစ်ကိုယ်တည်းသမားလေး၄ယောက်မှာ မနာလိုဝန်တိုတွေဖြစ်နေကြရတော့သည်။
“ဟေ့၊ မင်းတို့တွေ ငါတို့ခံစားချက်ကို နည်းနည်းလေးတောင် ဂရုမစိုက်ဘူးလား?” ရှုကျင်းချန်မနေနိုင်သည့် အဆုံးထပြောလိုက်တော့သည်။ ကုနင်းနှင့်လင်ရှောင်းထင်သည်လဲ သူတို့မှလွဲ၍ ကျန်လူအားလုံး တစ်ကိုယ်တည်းသမားလေးများဖြစ်ကြောင်း သိကြပေမည့် ထိုသူများရှေ့တွင် သူတို့၏ချစ်မြတ်နိုးမှုများ၊ အပြုအမူများကို မထိန်းချုပ်ဘဲ ပိုပိုသာသာပင် ပြနေကြသည်။
“ဟုတ်သားပဲ!” ကူအန်းနာလဲ ထောက်ခံလိုက်သည်။
“ငါလွတ်လပ်မှုကို မြတ်နိုးတယ်ဆိုပေမယ့် အခုတော့ ချစ်သူတစ်ယောက်လောက်ရှာချင်လာပြီ။”
တစ်ကိုယ်တည်းသမားဖြစ်ရခြင်းသည် လွတ်လပ်ပေါ့ပါးကာ ကိုယ်လုပ်ချင်တာမှန်သမျှ ဘယ်သူ့မျက်နှာမှမကြည့်ဘဲ လုပ်ပစ်နိုင်ပေသည်။ သို့ပေမည့် အခုလို ရှေ့တည့်တည့်တွင် အချစ်ငှက်နှစ်ကောင် ချစ်ကြည်နူးပြနေသည်ကို မြင်ရပြန်တော့လဲ အလိုလိုနေရင်း ချစ်သူရှိချင်လာရပြန်သည်။
“ဘာလို့လဲ? မင်းတို့ တစ်ကိုယ်တည်းသမားဖြစ်နေရတာ ငါတို့ကြောင့်မှမဟုတ်တာ။” လင်ရှောင်းထင် ပြောလိုက်သည့်အချက်မှာ တကယ့်ချက်ကောင်းကို ထိသွားပေသည်။
“ကောင်းပြီလေ၊ အခုချိန် ငါ့ကိုလာပြီး ပိုးပန်းတဲ့ယောက်ျားတစ်ယောက်ကို ချစ်သူတော်ပစ်တော့မယ်။” ကူအန်းနာ တကယ့်ဆုံးဖြတ်ချက်ကြီးတစ်ခုပမာပြောလိုက်သည်။
“မနာလိုလိုက်တာ၊ နင့်မှာမှ ရွေးဖို့ရှိသေးတယ်၊ ငါကတော့မရှိဘူး။” ရှုချင်ယင်းသည် ချမ်းသာသည့်အသိုင်းအဝိုင်းမှ ပညာတတ်မိန်းမချောလေးတစ်ဦးဖြစ်သလို သူမတို့မိသားစုသည် မြို့တော်တွင် အာဏာရှိသည့်ထဲတွင်လဲ ပါဝင်လေသည်။ သူမနှင့် နောက်ခံအဆင့်အတန်းတူညီသည့် ယောက်ျားလေးမှာ အနည်းအကျဉ်းသာရှိပေမည့် သူမကို သဘောကျနေသူများကတော့ များစွာရှိပေသည်။ သို့ပေမည့် သူမကတော့ ထိုထဲမှတစ်ယောက်ကိုမှ မနှစ်သက်ပေ။
ထိုသို့ဖြစ်ရခြင်းကလဲ သူမဘက်က သူမ၏ချစ်သူဖြစ်မည့်လူကို အမြင့်ကြီးမှန်းထားခြင်းကြောင့်မဟုတ်ဘဲ ယနေ့ခေတ်ယောက်ျားတိုင်းကိုက ကိုယ့်အတွက်ကိုသာ ကြည့်တတ်ကြသူကြီးများဖြစ်နေခြင်းကြောင့်သာ။ အကယ်၍များ ရှုချင်ယင်းအနေဖြင့် သူမ၏ချစ်သူဖြစ်မည့်လူကို အမြင့်မှန်းထားသည်ဆိုလျှင်တောင် ထိုလူကို သူမနည်းတူ အလွန်ချမ်းသာသည့်မိသားစု ဒါမှမဟုတ် အာဏာကြီးမားသည့် မိသားစုမှ မွေးလာသည့်လူမျိုး ဖြစ်စေလိုခြင်းမဟုတ်ဘဲ ရုပ်ရည်ကြည့်ကောင်းကာ ကိုယ်ပိုင်အရည်အချင်းရှိသူသာဖြစ်စေချင်ပေသည်။ သို့ပေမည့် သူမရည်မှန်းထားသည့် စံနှုန်းနှင့် ကိုက်ညီသူတစ်ဦးတစ်ယောက်ကိုမှတော့ ရှာလို့မတွေ့သေးပေ။
ထို့အပြင် သူမ၏ရည်းစားဟောင်းကထားရှိခဲ့သည့် အမြင်ဆိုးများကြောင့်လဲဖြစ်ပေသေးသည်။ သူမ၏ရည်စားဟောင်းသည် မြို့တော်တွင် အာဏာအတော်အတန်ရှိသည့် မိသားစုတစ်ခုမှ ဆွေမျိုးသားချင်းဖြစ်ပေမည့် သူမတို့မိသားစုနှင့်တော့ လုံးဝမယှဉ်နိုင်သေးပေ။ ထိုသို့ဆိုလျှင်ပင် ရှုချင်ယင်းကတော့ ထိုလူအပေါ် အထင်သေးခြင်းမရှိခဲ့ပေ။
စိတ်မကောင်းစွာဖြင့် ထိုလူကတော့ သူမကို ကိုယ်ကျိုးအတွက် အသုံးချခဲ့ခြင်းသာဖြစ်လေသည်။ ရည်စားဟောင်း၏မိသားစုသည် အာဏာကြီးသည့်မိသားစု၏အဆွေအမျိုးမျှသာဖြစ်ပြီး ထိုမိသားစုကလဲ မြို့တော်တွင် အလွန်အာဏာသက်ရောက်မှုရှိသည့်ထဲတွင် မပါဝင်တာကြောင့် သူ့အနေဖြင့် အထက်တန်းလွှာများ၏ပါတီပွဲများကို တက်ရောက်နိုင်သည့် ဖိတ်ကြားလွှာမျိုးရနိုင်သည့် အဆင့်တွင်မရှိပေ။ တစ်ဖက်တွင်တော့ ရှုမိသားစုသည် မြို့တော်မှ အချမ်းသာဆုံးသော မိသားစုကြီးများထဲမှ တစ်ခုဖြစ်ကာ ရှုချင်ယင်းသည်လဲ အမြဲတမ်းလိုလို အထက်တန်းလွှာများ ကျင်းပသည့်ပါတီများ၏ ဖိတ်ကြားချက်ကို လက်ခံရရှိသူဖြစ်သည်။ ထို့အတွက်ကြောင့် သူမ၏ရည်စားဟောင်းသည် သူမကို အမှီပြုကာ သူကိုယ်တိုင်အတွက် အဆက်အသွယ်များရရှိချင်ခြင်းသာဖြစ်လေသည်။
ရှုချင်ယင်းဘက်ကလဲ အကြိမ်ပေါင်းမနည်း ရည်းစားဟောင်း၏ဆန္ဒကိုဖြည့်ဆည်းပေးခဲ့ပေမည့် ရည်းစားဟောင်းဘက်ကတော့ ဘယ်သောအခါမှ ကျေနပ်သွားသည်မရှိပေ။ သူ့ဘက်ကနေပြီး အထူးပုဂ္ဂိုလ်များဖြင့် တွေ့ဆုံပေးဖို့ရန်ပင် တောင်းဆိုလာခဲ့သေးသည်။ ထို့အတွက်ကြောင့် ရှုချင်ယင်း ထိုရည်းစားဟောင်းအပေါ် အလွန်စိတ်ပျက်သွားကာ ရန်ဖြစ်ပြီးနောက် လမ်းခွဲခဲ့ကြတော့သည်။ ထိုသို့သောကိစ္စများကြောင့် ရှုချင်ယင်း အလွန်အမင်းစိတ်ထိခိုက်နာကျင်ခဲ့ကာ တစ်လလောက်တောင် စိတ်နဲ့ကိုယ်နဲ့မကပ်နိုင်ဘဲဖြစ်ခဲ့ရလေသည်။
ထိုအဖြစ်အပျက်ပြီးသွားခဲ့သည်မှာ ၁နှစ်ပင်ရှိပြီဖြစ်ပြီး ထိုရည်းစားဟောင်းကိုလဲ မေ့ပစ်နိုင်ခဲ့ပြီဖြစ်ပေမည့် သူမအတွက်တော့ ထိုအချိန်ဟာ အိပ်မက်ဆိုးတစ်ခုပမာ ကျန်ရှိနေစဲပင်။ ထိုသို့သော အဖြစ်အပျက်ဆိုးကြီးနှင့် နောက်တစ်ကြိမ် ပြန်တွေ့ရမည်ကို ကြောက်ရွံ့သောကြောင့် ယောက်ျားတစ်ယောက်ကို လွယ်လွယ်နှင့် မချစ်မိနိုင်တော့ခြင်းဖြစ်သည်။
“နင်ကလဲ၊ ငါ့ထက်နင့်ကို ကြိုက်နေတဲ့လူတွေကမှ ပိုများပါတယ်။ ငါ့ကိုမရွဲ့ပြောစမ်းပါနဲ့။” ကူအန်းနာသည် ရှုချင်ယင်း၏ အခင်ဆုံးသူငယ်ချင်းဖြစ်တာကြောင့် ဤစကားများပြောနေချိန်တွင် ရှုချင်ယင်း ဘာကြောင့် ဝမ်းနည်းနေဟန်ပေါ်လဲကို သိပြီးဖြစ်ပေမည့် သူမကတော့ ရှုချင်ယင်းကို နောက်တစ်ခေါက်လောက် သတ္တိရှိရှိချစ်ဖူးစေလိုသည်။ ကမ္ဘာပေါ်တွင် မကောင်းသည့်လူတွေကြီးရှိသည်မဟုတ်ဘဲ လူကောင်းများလဲ ရှိနေသေးသည်မဟုတ်ပါဘူး။ ဒါပေမယ့် ယောက်ျားတိုင်းကိုတော့ ကောင်းသူဟုမဆိုလိုပေ။ ယောက်ျားတိုင်းကတော့ ရှုချင်ယင်း၏ရည်းစားဟောင်းလို စိတ်ဓါတ်ရှိမည်မဟုတ်သည်ကတော့ သေချာလေသည်။ ထို့အပြင် မိန်းကလေးများသည် ချစ်တတ်ဖို့ရန်အတွက် ဖြစ်ပြီးခဲ့သည့် အတိတ်ဆိုးများမှနေပြီး သင်ယူကြရလေသည်။ ကူအန်းနာလဲ ထိုသို့ပင် သင်ယူခဲ့ပေမည့် ဘယ်တုန်းကမှ အချစ်စစ်ကို တွေ့နိုင်သည်ဟူသည့် မျှော်လင့်ချက်မှာ မပျောက်ဆုံးခဲ့ဖူးပေ။
“ဟုတ်ပါပြီ၊ ငါက ငါသဘောကျတဲ့လူ အခုထိမတွေ့သေးရုံပါ။ ဟုတ်ပြီလား။” ရှုချင်ယင်းပြန်ဖြေလိုက်သည်။
“ဪ၊ ကုနင်း၊ ငါကြားတာတော့ မင်းမနက်ဖြန်ဆိုင်ဖွင့်ပွဲရှိတယ်ဆို။” ရှုကျင်းချန်မေးလိုက်သည်။
“ဟုတ်တယ်လေ။”
“ဒါဆို ငါလဲ မင်းကိုအားပေးဖို့ သူငယ်ချင်းတွေခေါ်လာရမယ်။”
“နင်တို့ယောက်ျားလေးတွေက ဘာကိစ္စအဲ့ကိုသွားမှာလဲ? အဲ့မှာက အမျိုးသမီးသုံးအလှကုန်ပစ္စည်းတွေလေ။” ရှုချင်ယင်းသည် ကုနင်း၏ ဆေးဝါးဆိုင်အကြောင်းကို မသိသောကြောင့် ပြောလိုက်ခြင်းဖြစ်သည်။
“စေတနာနဲ့အားပေးဖို့ပေါ့၊ ဟုတ်ပြီလား?”
“ထားပါတော့!”
ညစာစားပြီးနောက် ကာရာအိုကေခန်းထဲတွင် အချိန်အတော်ကြာ သီချင်းများဆိုခဲ့ကြပြီးနောက်မှသာ အိမ်အသီးသီးသို့ပြန်လာခဲ့ကြလေသည်။
***
အခန်း ၆၃၀
မော်ဒယ်တွေရောက်ရှိလာခြင်း
နောက်တစ်နေ့မနက်တွင်တော့ ကျန်းယွေ့ချင် လက်မလျှော့သေးဘဲ မနက်စောစော ထပြေးစဲပင်။ အဝေးကြီးကိုတော့မပြေးဘဲ ကုနင်းနှင့်လွဲသွားမည်စိုးသောကြောင့် တစ်နေရာတည်းတွင်သာ ပတ်ပြေးနေလေသည်။ သူသာ အရင်နေ့က ကုနင်းနှင့်တွေ့ခဲ့သည့် နေရာတွင်သာ စောင့်နေပါက ကုနင်းဖြတ်သွားလျှင် မြင်နိုင်သေးသည်ဟု မျှော်လင့်နေမိသည်။ သို့ပေမည့် ကုနင်းကတော့ ဤမနက်တွင်လဲ မပေါ်လာတာကြောင့် ကျန်းယွေ့ချင် အလွန်စိတ်ပျက်သွားတော့သည်။
သူမနက်တိုင်းပြေးတယ်လို့ပြောထားတယ်မဟုတ်ဘူးလား? ဘာလို့၂ရက်တောင် မပြေးရတာလဲ? ပြဿနာတစ်ခုခုများရှိလို့လား၊ ဒါမှမဟုတ် ငါ့ကိုရှောင်နေတာများလား? ကျန်းယွေ့ချင် အတွေးနယ်ချဲ့နေတော့သည်။
နောက်ဆုံးဘယ်လိုမှတွေးမရတော့တာကြောင့် ဝမ်းနည်းမှုအပြည့်ဖြင့်သာ အိမ်သို့ပြန်လာခဲ့တော့သည်။
ကျန်းယွေ့ချင် စိတ်ပျက်လက်ပျက်ဖြင့် ထပ်ပြီး ပြန်ရောက်လာချိန်တွင် ထန်ချင်းယန်သည်တော့ မနက်စာပြင်ဆင်နေခဲ့လေသည်။
“ဘာဖြစ်ခဲ့လို့လဲ? မင်းကြည့်ရတာ ဝမ်းနည်းနေပြန်ပြီ? ဒီနေ့ရော မတွေ့ခဲ့ပြန်ဘူးလား?”
“အင်း။” ကျန်းယွေ့ချင် ဆိုဖာပေါ်သို့ စိတ်ပျက်လက်ပျက်ဖြင့် ပစ်လှဲရင်းဖြေလိုက်သည်။
“ငါက မင်းသူ့ကို ကြိုက်ရုံပဲကြိုက်တယ်လို့ ထင်ထားတာ၊ အခုတော့ မင်းကြည့်ရတာ တကယ်ချစ်နေတဲ့ပုံပဲ။”
ကုနင်းကို မမြင်ရရုံဖြင့် ကျန်းယွေ့ချင် ဤမျှဖြစ်ပျက်နေခြင်းကြောင့် ထန်ချင်းယန် ကောက်ချက်ချလိုက်ခြင်းဖြစ်သည်။
“ဟုတ်တယ်၊” ကျန်းယွေ့ချင် မငြင်းဆန်ခဲ့ပေ။ တကယ်တော့ သူကိုယ်တိုင်လဲ မိန်းကလေးတစ်ယောက်ကို ယခုလို မြင်မြင်ချင်း ချစ်မိသွားလိမ့်မည်ဟု ဘယ်တုန်းကမှမထင်ခဲ့မိပေမည့် အခုတော့ ကုနင်းကို မတွေ့ရသည့်အချိန်များတွင် ပိုလို့ပင်ခံစားချက်များက နက်ရှိုင်းလို့လာတော့သည်။
သို့ပေမည့် ထိုသို့ချစ်မိသွားခြင်းကလဲ သူ့အပြစ်မှမဟုတ်ဘဲ။ ကုနင်းကိုက အလွန်အမင်းထူးချွန်ကာ ဆွဲဆောင်မှုရှိနေခြင်းဖြစ်သည်။ သူမကို သူတင်မကဘဲ အခြားလူများစွာကလဲ သဘောကျနေကြမည်မှာ အသေအချာပင်။
ထန်ချင်းယန်လဲ ကျန်းယွေ့ချင်အနားသို့လျှောက်လာရင်း သူ့ကိုအားပေးစကားဆိုလိုက်သည်။
“ဒါဆိုလဲ မင်းသူ့ကိုချစ်နေတဲ့အကြောင်းဖွင့်ပြောလိုက်ပေါ့! မင်းသာမပြောရင် သူလဲ ဘယ်တော့မှသိမှာမဟုတ်ဘူး။”
“ငါတို့က အခုမှ၂ကြိမ်ပဲတွေ့ဖူးသေးတာလေ။ ငါ့ကိုအရမ်းလွယ်လွန်းတယ်လို့ မထင်သွားစေချင်ဘူး။”
“အဲ့ဒါလဲ ဟုတ်သားပဲ။” ထန်ချင်းယန် လက်ခံလိုက်ပေမည့် သူ၏အရင်းနှီးဆုံးသူငယ်ချင်း ဝမ်းနည်းနေရသည်ကိုမြင်ရသည်က သူ့ကိုစိုးရိမ်ပူပန်စေသည်။ အခုခေတ်ယောက်ျားလေးများနှင့်ယှဉ်လျှင် ကျန်းယွေ့ချင်သည် အမှန်တကယ်ယုံကြည်ရကာ လူကောင်းလေးတစ်ဦးဖြစ်တာကြောင့် ထိုလိုလူမျိုး၏ အခင်ဆုံးသူငယ်ချင်းဖြစ်သည့် ထန်ချင်းယန်အနေဖြင့် မိန်းမတစ်ယောက်ကြောင့် နောက်တစ်ကြိမ် ကျန်းယွေ့ချင် နာကျင်ရမည်မျိုး မဖြစ်စေလိုပေ။
ကျန်းယွေ့ချင်သည် မိန်းမတစ်ယောက်ကို ချစ်မိတာကြောင့် နာကျင်ခဲ့ရဖူးပေသည်။ သို့ပေမည့် ထိုကိစ္စမှာအတော်ကြာသွားခဲ့ပြီဖြစ်ကာ သူကိုယ်တိုင်လဲ မေ့ပျောက်နိုင်ခဲ့ပြီဖြစ်သည်။ လူတစ်ဦးအတွက် အချစ်စစ်သည်သာ မှန်ကန်သည့်လက်တွဲဖော်ဖြစ်ပေသည်။
…..
ကုနင်းနှင့်လင်ရှောင်းထင်တို့ မနက်စာစားသောက်ပြီးနောက် အိမ်မှထွက်လာကြကာ ၉နာရီခွဲတွင်တော့ ဆိုင်ဖွင့်ပွဲသို့ရောက်ရှိကြသည်။
ခနအကြာတွင်တော့ ရှုကျင်းချန်ရောက်လာကာ ဂုဏ်ပြုပန်းစည်းပေးလာခဲ့သည်။
“ဂုဏ်ပြုပါတယ်။”
“ကျေးဇူးပါ။” ကုနင်းလဲ ပန်းများကို လက်ခံလိုက်သည်။
ထို့နောက် ရှင်းပိုင်သည်လဲ ပန်းများကိုင်ရင်းရောက်လာပြန်သည်။
တံခါးရှေ့တွင်ရပ်နေကြသည့် အလွန်အမင်းဆွဲဆောင်မှုရှိလှသည့် ကောင်လေးများကြောင့် မိန်းကလေးများမှာ ကိုယ့်လမ်းကိုပင် ဆက်မသွားနိုင်ကြတော့ပေ။
“ဝါး၊ အရမ်းချောလိုက်ကြတာ!”
“သူ့တို့ခန္ဓာကိုယ်အချိုးအစားကို ကြည့်ပါဦး!”
“မော်ဒယ်တွေများလား?”
“ဖြစ်နိုင်တယ်!”
“သရုပ်ဆောင်တွေလဲဖြစ်နိုင်တာပဲ!”
“သူတို့သာ သရုပ်ဆောင်တွေဆို သူတို့ကြောင့် မိန်းကလေးပေါင်းများစွာ မူးမေ့လဲသွားနိုင်တယ်။”
လူများစွာမှာ အချင်းချင်းတီးတိုးဆွေးနွေးနေကြရင်း ဓါတ်ပုံများလဲ ရိုက်ကူးနေကြတော့သည်။
***
စာစဉ် ၄၂ ပြီး၏။