← Chapters

အခန်း (၆၃၁-၆၃၅)

Vol. 43 Ch. 631-635

အခန်း (၆၃၁-၆၃၅)

Vol. 43 Ch. 631-635

အခန်း ၆၃၁

ငါ့ချစ်သူကုနင်း

အချို့မိန်းကလေးများသည်တော့ ကုနင်းတို့အဖွဲ့အနားမှတမင်ကပ်ဖြတ်ပြီးကာမှ ဆိုင်ထဲသို့ဝင်ကြလေသည်။

ထိုသို့ရုပ်ရည်ချောမောသည့်ကောင်လေးများရှိနေမှု၏သက်ရောက်မှုကို ကုနင်းမြင်လိုက်ရသည်နှင့် အတည်ပေါက်နှင့်စနောက်လိုက်သည်။

“ရှင်တို့တွေ ဒီနေ့ ဆိုင်ရှေ့မှာ ဒီလိုလေးရပ်ပေးနေရုံနဲ့ ကျွန်မအတွက် ဖောက်သည်တွေအများကြီးတောင် ရှာနိုင်ပေးမယ့်ပုံပဲ။”

“အဲ့လိုဆိုရင်လဲ ကူညီခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။” ရှုကျင်းချန်သည်တော့ အနည်းငယ်မျှပင် ရှက်ရွံ့သွားခြင်းမရှိဘဲ ပြန်ဖြေလိုက်သလို ရှင်းပိုင်သည်လဲ အလားတူပင်။

လင်ရှောင်းထင်သည်တော့ ကုနင်းအနားတွင် အချိန်ပြည့်ရှိနေပြီးဖြစ်သည်။

ရှုကျင်းချန်ပြုံးရယ်လိုက်သည်ကိုမြင်သည်နှင့် မိန်းကလေးများ၏ စိတ်လှုပ်တရှားအော်ဟစ်သံများ ပျံ့လွင့်လာတော့သည်။

“အား! ငါတော့သေပြီ!”

“အပြုံးလေးနဲ့ သတ်သွားပြီ။”

“မိန်းမလှလေးတို့၊ ဆိုင်ထဲကိုလဲ တချက်လောက်ဝင်ကြည့်ကြပါဦးလား? အရင်စမ်းသပ်ကြည့်လဲရတယ်လေ။” အပြင်ဘက်တွင် ရှိနေသေးသည့် မိန်းကလေးများကို ရှုကျင်းချန်ပြောလိုက်ခြင်းဖြစ်သည်။

ထိုစကားကိုကြားသည်နှင့် ဆိုင်ထဲသို့ လူများစွာ သူ့ထက်ငါပြေးဝင်ကုန်ကြတော့သည်။ အလှကုန်ပစ္စည်းများကို စိတ်ဝင်စားကြ၍တော့မဟုတ်ဘဲ ဤသို့ခန့်ညားလှသည့်ကောင်ချောလေးများ၏ စကားကိုမလွန်ဆန်ချင်ကြသောကြောင့်သာဖြစ်လေသည်။ မိန်းကလေးများပို၍စိတ်ဝင်စားလာသည်နှင့်အမျှ ဆိုင်သို့လဲ လူများစွာဝင်လာတော့သည်။

မကြာခင်တွင်ပဲ ရှုချင်ယင်းတို့သားအမိသည်လဲ ကားထဲမှနေကာ ပန်းခြင်းများနှင့်ထွက်လာကြလေသည်။

လင်ရှောင်းထင် ကောင်မလေးတစ်ယောက်ဘေးတွင်ရပ်နေကာ အချင်းချင်းလဲ အတော်လေးရင်းနှီးဟန်ပေါ်နေသည်ကို အမျိုးသမီးရှုမြင်လိုက်ရချိန်တွင်တော့ ထိတ်လန့်သွားကာ မယုံကြည်နိုင်ပင်ဖြစ်လို့သွားတော့သည်။

“ချင်ယင်း၊ ဟိုကောင်မလေးဘေးမှာ ရပ်နေတဲ့ကောင်လေးက ရှောင်းထင်မဟုတ်လား?” လင်ရှောင်းထင် မိန်းကလေးတစ်ဦးနှင့် နီးနီးကပ်ကပ်ရှိနေသည့်အပြင် ကောင်မလေး၏ကျောပိုးအိတ်ကိုပင် သယ်ထားပေးတာကို တွေ့လိုက်ရတာကြောင့် အမျိုးသမီးရှုမယုံကြည်နိုင်ဘဲ မေးလိုက်ခြင်းဖြစ်သည်။ ဒါလင်ရှောင်းထင်တော့ မဖြစ်နိုင်လောက်ပါဘူး။ အိတ်ကိုကြည့်ရသည်မှာလဲ မိန်းကလေးအိတ်ဖြစ်ကာ လင်ရှောင်းထင်ဘေးတွင် ရပ်နေသည့် မိန်းကလေးကလဲ တစ်ယောက်တည်းရှိတာကြောင့် သေချာပေါက် ထိုမိန်းကလေး၏အိတ်သာဖြစ်ပေမည်။

“ဟုတ်တယ်လေ!” ရှုချင်ယင်းပြန်ဖြေလိုက်သည်။

“အဲ့ဒီမိန်းကလေးက ဘယ်သူလဲ?”

“သူက ရှောင်းထင်ရဲ့ချစ်သူ။ ဒီဆိုင်ရဲ့သူဌေး ကုနင်းလေ။”

“ဘာ? ရှောင်းထင်ရဲ့ချစ်သူ? ရှောင်းထင်မှာ ချစ်သူရှိတယ်လား?” အမျိုးသမီးရှု အလွန်ထိတ်လန့်လို့သွားတော့သည်။ သူမသိသလောက် လင်ရှောင်းထင်သည် ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားဘဲ သခင်ကြီးလင်ကပင် သူမကို လင်ရှောင်းထင်နှင့် မိတ်ဆက်ပေးဖို့ရန် အကျင့်သိက္ခာကောင်းမွန်သည့် မိန်းကလေးတစ်ယောက်ရှာပေးဖို့ရန်ပင် အကူအညီတောင်းသေးလေသည်။ သို့ပေမည့် လင်ရှောင်းထင်ကတော့ ထိုသို့ကြင်ဖက်တွေ့ပေးခြင်းအပေါ် ဘယ်တုန်းကမှ စိတ်ဝင်စားမှုမရှိခဲ့ပေ။ ထို့ကြောင့် အခုလို ချစ်သူရှိနေပြီဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် အမျိုးသမီးရှုအလွန်အံ့အားသင့်သွားမိခြင်းဖြစ်သည်။

ရှုချင်ယင်းလဲ နောက်ဆုံးတွင်မှ သူမအမေ ထိုအကြောင်းကိုမသိထားသေးတာကြောင့် ဒီလောက် အံ့ဩသွားမှန်း နားလည်သွားတော့သည်။

ရှုချင်ယင်းနှင့် အမျိုးသမီးရှုတို့ ကုနင်းနှင့်လင်ရှောင်းထင်တို့ရှိရာသို့ လျှောက်လာခဲ့ကြသည်။ ထိုအခါ လင်ရှောင်းထင်က အမျိုးသမီးရှုကို လေးစားမှုဖြင့် နှုတ်ဆက်စကားဆိုလေသည်။

“မင်္ဂလာပါ၊ အန်တီတန်။”

အမျိုးသမီးရှု၏မျိုးရိုးနာမည်အမှန်မှာ တန်ဖြစ်တာကြောင့် လင်ရှောင်းထင်က သူမကို အန်တီတန်ဟု ခေါ်ဆိုခြင်းဖြစ်သည်။

“ရှောင်းထင်၊ မတွေ့တာကြာပြီနော်။” အမျိုးသမီးရှု အပြုံးလေးဖြင့် ပြန်ပြောလိုက်ရင်း ကုနင်းဘက်သို့ကြည့်လိုက်ကာ၊

“မိန်းမလှလေးပဲ! အန်တီနဲ့မိတ်ဆက်မပေးတော့ဘူးလား?”

“ဒါက ကျွန်တော့်ချစ်သူ ကုနင်းပါ။” လင်ရှောင်းထင် ပျော်ရွှင်ဝမ်းမြောက်မှုအပြည့်ဖြင့် မိတ်ဆက်ပေးလေသည်။ သူ၏သူငယ်ချင်း ဆွေမျိုးများဖြင့် ကုနင်းကို မိတ်ဆက်ပေးရသည့်ဘယ်အချိန်တွင်မဆို လင်ရှောင်းထင် အလွန်ဂုဏ်ယူဝမ်းမြောက်ရပေသည်။

အမျိုးသမီးရှုလဲ လင်ရှောင်းထင်၏မိတ်ဆက်ပေးပုံအရ ထိုမိန်းကလေးကို လင်ရှောင်းထင် ဘယ်လောက်တောင် ချစ်မှန်း ခန့်မှန်းမိလေသည်။

“တွေ့ရတာဝမ်းသာပါတယ်။ အန်တီတန်။” ကုနင်းလဲ အမျိုးသမီးရှုကို နှုတ်ဆက်လိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်ကွယ်။” ကုနင်းနှင့်ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းဖြစ်ပေမည့် တနည်းတဖုံ သူမကို သဘောကျနှင့်နေပြီဖြစ်သည်။

“ဒါနဲ့၊ အန်တီ ချင်ယင်းဆီကကြားထားတာတော့ ဒီဆိုင်ပိုင်ရှင်က သမီးဆို?”

“ဟုတ်ပါတယ်၊ အန်တီတန်။ ဆိုင်ထဲ စိတ်ကြိုက်ဝင်ကြည့်ပါဦး၊ အန်တီသဘောကျတဲ့ ဘယ်ပစ္စည်းမဆို ၂၀ရာခိုင်နှုန်းလျှော့ဈေးပေးပါ့မယ်။”

“အန်တီလဲ ဝယ်ဖို့လာတာပါ။ ပြောရရင် သမီး ချင်ယင်းကိုပေးလိုက်တဲ့ အသားအရေထိန်းတဲ့မျက်နှာဖုံးက အရမ်းကောင်းတာပဲ! အန်တီအသားအရေဆို ဒါသုံးလိုက်တာ အရင်ထက်အဆပေါင်းများစွာ ပိုကောင်းသွားတယ်။” အမျိုးသမီးရှု ကလေးမလေးတစ်ယောက် ချိုချဉ်ရသွားသလိုမျိုး အမှန်တကယ်စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလေသည်။ တကယ်လဲ အမျိုးသမီးရှုမှာ ဆိုင်ထဲသို့ သွားကြည့်ချင်စိတ်ထိန်းမထားနိုင်တော့ပေ။ အမျိုးသမီးတိုင်းသည် သူတို့၏အသားအရေ ရုပ်ရည်သွင်ပြင်ကို ဂရုစိုက်ကြသူကြီးပဲမဟုတ်ပါလား။

“အခုလို သဘောကျတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တခြားလူတွေလဲ ဒီအမှတ်တံဆိပ်ကို သဘောကျဖို့မျှော်လင့်တယ်။”

“ကြိုက်ကြမှာပါ! ဒါက တံဆိပ်အသစ်လား?”

“ဟုတ်ပါတယ်၊ အခုမှစပြီး တည်ထောင်ထားတဲ့အမှတ်တံဆိပ်အသစ်ပါ။ ပစ္စည်းအားလုံးကို သမီးရဲ့ကိုယ်ပိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံကပဲ ထုတ်တာ။”

“ဘယ်လို?” အမျိုးသမီးရှု ထပ်မံကာအံ့ဩသွားရပြန်သည်။ အစတုန်းကတော့ ကုနင်း သာမာန်ဆိုင်အသေးလေးတစ်ခုကိုသာ ဖွင့်လှစ်ထားခြင်းဟု ထင်ခဲ့မိပေမည့် သူမက ကိုယ်ပိုင်အမှတ်တံဆိပ်ကို တည်ထောင်ထားကာ ကိုယ်ပိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံပင် ပိုင်ဆိုင်နေသေးပေသည်။ တကယ့်ကိုမယုံနိုင်စရာကောင်းတာပဲ! အထူးသဖြင့် ကုနင်းလို ငယ်ငယ်လေးရှိသေးသည့် မိန်းကလေးတစ်ဦးအနေဖြင့်ပေါ့!

“အံ့ဩစရာပဲ! သမီးက ချင်ယင်းထက်တောင်ငယ်လောက်မှာကို၊ ချင်ယင်းဆို အခုထိ ပေါက်ပေါက်မြောက်မြောက်ဖြစ်တာ တစ်ခုမှမရှိဘူး။” အမျိုးသမီးရှုမှာ ကုနင်းရှေ့တွင်ပင် ရှုချင်ယင်းကို အပြစ်တင်လိုက်သည်။

“အမေကလည်း။” ရှုချင်ယင်း အနေနှင့် အခုထိ အောင်မြင်မှုဟူ၍ တိတိကျကျမရှိသေးသော်လည်း သူမမကြိုးစားခြင်းကြောင့် မအောင်မြင်ခြင်းမဟုတ်ဘဲ သူမက ရှုမိသားစုအပေါ် မမှီခိုဘဲ ကိုယ်ပိုင်လုပ်ကိုင်ချင်နေရုံသာ။ သို့ပေမည့် ထိုသို့ကိုယ်ပိုင်လမ်းကြောင်းရှာဖွေရာတွင်လဲ အခုထိ အောင်မြင်မှုမရရှိသေးပေ။ ထားပါ၊ ကုနင်းကတော့ သူမကိုယ်ကိုသာအားကိုးပြီး ကိုယ်ပိုင်စီးပွားရေးအင်ပါယာတစ်ခုတည်ထောင်နေခဲ့ပေါ့။ ကုနင်းက သူမထက်ပို၍ကြိုးစားကာ အောင်မြင်မှုလဲရသည်ကို ရှုချင်ယင်း လက်ခံပေမည့် သူမလဲ သူမလိုချင်သည့် လမ်းကြောင်းကို လက်လျှော့လိုက်မည်မဟုတ်ပေ။

***

အခန်း ၆၃၂

မြင်မြင်ချင်း ချစ်မိသွားပြီ

“ဒါဆိုလဲ မဟုတ်ကြောင်း သက်သေပြပါလား?” အမျိုးသမီးရှု ရှုချင်ယင်းကို ဆက်ပြီးဆူလိုက်သည်။

ရှုချင်းယင်းကတော့ လူကြားထဲအဆူခံနေရတာကြောင့် ရှက်သွားကာ အသံထပ်ထွက်မလာတော့ပေ။

“ဟေ့၊ အချစ်လေးတို့၊ ငါလာပြီ!” ထိုအချိန်တွင်ပဲ ကူအန်းနာတစ်ယောက် ပန်းစည်းများကိုင်ထားသည့် မိန်းကလေး၃ယောက်နှင့်အတူ ဝင်လာလေသည်။

“ဟိုင်း၊ အန်တီရှု!”

“ဟိုင်း၊ အန်းနာ။”

“ချင်ယင်းဆီကနေ ခိုကျီတံဆိပ်က အရမ်းကောင်းတယ်ဆိုတာ ကြားလိုက်လို့ လက်လွှတ်မခံနိုင်ဘူးလေ။ ဒါကြောင့် သမီးသူငယ်ချင်းတွေနဲ့အတူ လာကြည့်တာ။”

အခြားမိန်းကလေးများသည်တော့ ဆိုင်ရှေ့တွင်ရှိနေသည့် ကောင်ချောလေးများကိုမြင်ကာ မှင်သက်လို့နေကြပြီး ကူအန်းနာ သူတို့ကို ခေါ်လိုက်မှသာ အားလုံးသတိပြန်ဝင်လာကာ အမျိုးသမီးရှုကို နှုတ်ဆက်လိုက်ကြလေသည်။

“တွေ့ရတာဝမ်းသာပါတယ်။ ရှုကတော်၊ သခင်လေးရှု!” သူတို့မှာ အမျိုးသမီးရှုနှင့် ရှုကျင်းချန်ကိုသာ သိသောကြောင့် သူတို့နှစ်ဦးကိုပဲ နာမည်တပ်ကာ နှုတ်ဆက်လိုက်ကြသည်။

ထိုမိန်းကလေး၃ဦးတွင် နှစ်ဦးသည် သာမာန်ချမ်းသာသည့်မိသားစုများမှဖြစ်ကာ ကျန်တစ်ဦးသည်တော့ နိုင်ငံရေးမိသားစုမှဖြစ်သည်။ သို့ပေမည့် သူတို့အားလုံး၏မိသားစုများမှာတော့ ရှုမိသားစုကို နည်းနည်းမှမယှဉ်နိုင်တာကြောင့် အမျိုးသမီးရှုနှင့်ရှုကျင်းချန်တို့ရှေ့တွင် ရှိနေရသည်က အနည်းငယ် နေရခက်လှပေသည်။

“တွေ့ရတာဝမ်းသာပါတယ်။” လင်ရှောင်းထင်မှလွဲ၍ အားလုံး ပြန်နှုတ်ဆက်လိုက်ကြသည်။

မိန်းကလေး၂ဦးကတော့ ရှုကျင်းချန်နှင့်ရှင်းပိုင်တို့ထံ မျက်စိကစားရင်း သူမတို့ကိုအာရုံစိုက်လာဖို့ရန် မျှော်လင့်လို့နေကြသည်။ အားလုံးထဲတွင် အခန့်ညားဆုံးဖြစ်သည့် လင်ရှောင်းထင်ကိုတော့ သူတို့မကြံစည်ကြခြင်းက လင်ရှောင်းထင်ဘေးတွင် ကောင်မလေးတစ်ယောက်ရပ်နေပြီဖြစ်ကာ ထိုနှစ်ဦးမှာ စုံတွဲများဖြစ်ကြောင်းလဲ သိသာလှသောကြောင့်ဖြစ်သည်။ ချစ်သူကောင်မလေးရှေ့တွင်ပင် တစ်ဖက်လူကို မျက်လုံးသွားကစားလိုက်ပါက အခြားလူများက သူမတို့ကို ဝေဖန်အပြစ်တင်လာပေလိမ့်မည်။ သူတို့လဲ ငယ်ရွယ်ကာ ခန့်ညားချောမောသည့် အမျိုးသားများကို နှစ်သက်ပေမည့် ဉာဏ်နည်းသူများတော့မဟုတ်ရပေ။

ရှင်းပိုင်၏နောက်ခံကိုတော့ သူတို့မသိပေမည့် ရှုကျင်းချန်နှင့်အတူ ယှဉ်ရပ်နေမှတော့ သာမာန်လူတစ်ယောက်တော့မဖြစ်နိုင်ပေ။ ထို့အပြင် ကုနင်းကိုလဲ သူတို့တစ်နေရာရာတွင် မြင်ဖူးထားသလို ရင်းနှီးလို့နေလေသည်။

“ဟိုမိန်းကလေးကိုကြည့်ရတာ ရင်းနှီးနေတယ်လို့ နင်မထင်ဘူးလား?” ကူအန်းနာ၏သူငယ်ချင်းများထဲမှ တစ်ဦးက ကျန်သူငယ်ချင်းများကို ပြောလိုက်သည်။

“ဟုတ်တယ်၊ ဒါပေမယ့် သူ့ကိုဘယ်မှာမြင်ဖူးလဲ ငါမမှတ်မိဘူးဖြစ်နေတယ်။” နောက်တစ်ယောက်ကလဲ ထောက်ခံလာခဲ့သည်။ နေ့စဉ်ဘဝတွင် လူများစွာနှင့်ကြုံဆုံနေရတာကြောင့် တစ်ကြိမ်လောက်သာမြင်ဖူးလောက်သည့် လူမျိုးကိုတော့ မေ့သွားသည်က မဆန်းပေ။

သူမသူငယ်ချင်းများ၏ ပြောဆိုနေမှုများကို ကူအန်းနာကြားလိုက်သည်နှင့်။

“နင်တို့ပဲ အခုရေပန်းစားနေတဲ့သတင်းကို ငါ့ဆီပို့ကြတာမဟုတ်ဘူးလား? နင်တို့ပဲ ကုနတ်ဘုရားမကို အရမ်းသဘောကျတယ်လို့ပြောကြသေးတယ်မဟုတ်လား? အခု သူက နင်တို့ရှေ့မှာရပ်နေပြီလေ။” ကူအန်းနာသည် ကုနင်းအကြောင်းကို သူမသူငယ်ချင်းများထံမှတဆင့် ကြားသိခဲ့ခြင်းဖြစ်သည်။

“ဘာ?” ထိုစကားကြောင့် အားလုံးအံ့အားသင့်သွားကာ ချက်ချင်းပင် ကုနင်းကို လှမ်းကြည့်မိသွားတော့သည်။

ကုနင်းနှင့်အခြားလူများသည်တော့ သူတို့ပြောနေသည်ကို အစကတည်းကကြားနှင့်နေပြီးဖြစ်သောကြောင့် ထိုမိန်းကလေးများဘာကြောင့် ရုတ်တရက်ကြီး အလွန်အံ့ဩသွားကြသလဲကို သိကြလေသည်။

“ဘာတုန်း၊ ကုနတ်ဘုရားမဆိုတာက?” အမျိုးသမီးရှုလဲ သိချင်သွားကာမေးလိုက်သည်။

“အမေ။ ဟောက်ယန်ကို ကယ်ခဲ့ပေးတဲ့မိန်းကလေးက ကုနင်းပဲလေ။” ရှုချင်ယင်းရှင်းပြလိုက်သည်။

“ဘာ? ကုနင်းက ကယ်ပေးတဲ့သူလား?” အမျိုးသမီးရှု အံ့အားသင့်သွားတော့သည်။

ကူအန်းနာ၏သူငယ်ချင်းများကတော့ ချက်ချင်းဆိုသလိုပင်။

“အန်းနာ။ ကုနတ်ဘုရားမကိုလေ ငါတို့နဲ့ဓါတ်ပုံတွဲရိုက်ပေးချင်လားလို့ နင်မေးပေးကြည့်ပါလား။” ကုနင်းသည် အနုပညာရှင်တစ်ဦးမဟုတ်သော်လည်း လူအများသဘောကျနေရသည့်မိန်းကလေးတစ်ဦးဖြစ်လေသည်။

“ရတယ်လေ၊ မေးကြည့်ပေးမယ်။”

တကယ်တော့ ကုနင်းအနားရပ်နေသည့် လင်ရှောင်းထင်ကြောင့် ကူအန်းနာ အနည်းငယ် လန့်နေမိလေသည်။

ကုနင်းကတော့ သူတို့ပြောသမျှကိုကြားပေမည့် ဘာမှစမပြောခဲ့ပေ။

“ကုနင်း၊ ငါ့သူငယ်ချင်းတွေက နင်က ကုနတ်ဘုရားမဆိုတာ သိပြီး ဓါတ်ပုံတွဲရိုက်ချင်နေကြတယ်။ နင်ရိုက်ပေးချင်လား?”

ကုနင်း ဓါတ်ပုံသိပ်မရိုက်ချင်သော်လည်း သူမသာ ငြင်းလိုက်ပါက မောက်မာနေသည့်ပုံ ပေါက်သွားနိုင်တာကြောင့် သဘောတူလိုက်လေသည်။

ကုနင်း၏ခွင့်ပြုချက်ရသည်နှင့် မိန်းကလေးများ ကုနင်းအနားသို့ စိတ်လှုပ်ရှားစွာ ချဉ်းကပ်လာကြကာ လင်ရှောင်းထင်သည်လဲ သူမတို့ဝင်နိုင်ဖို့ရန် အနည်းငယ်ဘေးထွက်ပေးလိုက်သည်။

သူမတို့တတွေ ကုနင်းကို အချိန်အကြာကြီး အနှောက်အယှက်မပေးကြဘဲ ဓါတ်ပုံ၂ပုံလောက်သာ ရိုက်ယူကြလေသည်။

ထို့နောက် ချက်ချင်းပင် သူမတို့၏ အကောင့်များတွင် တင်လိုက်ကြတော့သည်။

မိန်းကလေး ၁ : ဒီအလှလေးကို ရင်းနှီးနေတယ်လို့ မထင်ကြဘူးလား? ဘယ်သူလဲ မှန်းကြည့်ကြ!

မိန်းကလေး ၂ : နောက်ဆုံးတော့ ကုနတ်ဘုရားမနဲ့ လူချင်းတွေ့နိုင်ခဲ့ပြီ!

မိန်းကလေး ၃ : ကုနတ်ဘုရားမကတော့ မိတ်ကပ်မလိမ်းထားတာတောင်မှ အရမ်း အရမ်းကိုလှတာပဲ!

သူတို့ပုံများတင်ပြီးသွားသည်နှင့် အောက်တွင် မှတ်ချက်များစွာ တက်လာတော့သည်။ အချို့ကတော့ ကုနင်းကို ချက်ချင်းမှတ်မိကာ ဘယ်မှာတွေ့လဲဆိုသည်ကို မေးမြန်းနေကြပြီး အချို့ကတော့ ကုနင်းကိုမသိတာကြောင့် ကုနတ်ဘုရားမကဘယ်သူလဲဆိုသည်ကို မေးမြန်းကြလေသည်။

“ငါတို့ပြန်ဖြေလိုက်ကြမလား?”

“မဖြေတာပိုကောင်းမယ်။ ကုနတ်ဘုရားမစိတ်ရှုပ်သွားလိမ့်မယ်။”

“ဟုတ်တယ်၊ ဟုတ်တယ်။” ထို့အတွက်ကြောင့် သုံးဦးသား သူတို့ပုံအောက်မှ မှတ်ချက်များကို ပြန်လည်ဖြေကြားခြင်းမပြုခဲ့ကြပေ။

နောက်ထပ်အချိန်ခနအကြာတွင်တော့ ရှုချင်ယင်း၏ သူငယ်ချင်းမိန်းကလေး၄ယောက် ရောက်လာကြပြန်သည်။ သူတို့ ရောက်လာသည်နှင့် ချက်ချင်းပင် ကုနင်းကို သတိထားမိသွားကြကာ သုံးယောက်သည်တော့ စိတ်လှုပ်ရှားကုန်ကြပြီး ကျန်တစ်ယောက်သည်တော့ မနာလိုဖြစ်နေဟန်ပင်။ သူတို့သည်လဲ ကူအန်းနာနှင့်ရင်းနှီးကြတာကြောင့် တင်ထားကြသည့်ဓါတ်ပုံများကို မြင်ထားပြီးဖြစ်လေသည်။

သူတို့ထဲမှ သုံးယောက်သည်တော့ ကုနင်းကို သဘောကျကြကာ ကျန်တစ်ယောက်သည်တော့ သဘောမကျနေပေ။ သူမက ကုနင်း၏လှပမှုနှင့်အရည်အချင်းရှိမှုကို မုန်းတီးနေပြီး သူမကတောင်မှ ကုနင်းထက်ပိုသာသည်ဟုပင် တွေးနေသူဖြစ်သည်။

သူတို့၄ဦးသား ကုနင်းထံမှအကြည့်ရွှေ့လိုက်ချိန်တွင်တော့ အနားတွင် ခန့်ညားချောမောလှသည့် ကောင်လေးများကို တွေ့မြင်လိုက်ရတာကြောင့် အားလုံးမှင်သက်သွားကြတော့သည်။ ကုနင်းကို မနာလိုဖြစ်နေသည့် မိန်းကလေးသည်တော့ လင်ရှောင်းထင်ကို သတိထားမိသွားသည်နှင့် သူမနှလုံးသားကပင် တစ်ချက်မျှခုန်လှုပ်လို့သွားခဲ့သည်။ ဒီလောက်တောင် အလွန်တရာချောမောခန့်ညားသည့် အမျိုးသားတစ်ဦးကို သူမဘယ်တုန်းကမှမတွေ့ခဲ့ဖူးပေ။ သူမတော့ မြင်မြင်ချင်း ချစ်မိသွားပေပြီ။

***

အခန်း ၆၃၃

လင်ရှောင်းထင်ကို မြှူစွယ်ရန်ကြိုးစားခြင်း

သို့သော်လည်း လင်ရှောင်းထင်သည် ကုနင်းနှင့်နီးနီးကပ်ကပ်ရပ်နေသည့်အပြင် လက်ထဲတွင် မိန်းကလေးသုံးကျောပိုးအိတ်တစ်လုံးကိုလဲ ကိုင်ထားတာကို သတိပြုမိသွားတာကြောင့် သူမ၏မျက်လုံးများမှာ မုန်းတီးမှုအရိပ်အယောင်များပေါ်ပေါက်လာကာ ကုနင်းကို စိုက်ကြည့်လိုက်တော့သည်။

ကုနင်းကတော့ ထိုမိန်းကလေး လင်ရှောင်းထင်အပေါ် စိတ်ဝင်စားနေမှုနှင့် သူမကို မုန်းတီးနေသည့် အကြောင်းကို သေချာပေါက် သတိထားမိပေသည်။ ထို့အပြင် ထိုမိန်းကလေးက သာမာန်စိတ်ဝင်စားခြင်းပင်မဟုတ်ဘဲ လင်ရှောင်းထင်ကို ချစ်မိသွားခြင်းဖြစ်မှန်းကိုလဲ ကုနင်း ခံစားမိလေသည်။ ထိုအတွက် ကုနင်း အနည်းငယ်မကျေမနပ်ဖြစ်မိသော်လည်း လောလောဆယ်တော့ ဘာမှပြောဦးမည်မဟုတ်သလို စတင်လှုပ်ရှားဦးမည်လဲ မဟုတ်ပေ။

“တွေ့ရတာဝမ်းသာပါတယ်။ ရှုကတော်။ သခင်လေးရှု။ မိန်းကလေးကု!” အားလုံးနှုတ်ဆက်လိုက်လေသည်။

အမျိုးသမီးရှုနှင့် လင်ရှောင်းထင်ကိုသာ သိထားကြပြီး ကုနင်းကိုတော့ အခုမှနာမည်နှင့်တွဲမိသွားခြင်းသာဖြစ်သည်။

လင်ရှောင်းထင်သည်တော့ ပုံမှန်အတိုင်းနှုတ်ဆိတ်လို့နေကာ ကျန်လူများသည်တော့ ယဉ်ကျေးသမှုနှင့်ပြန်နှုတ်ဆက်ကြလေသည်။

နောက်ရောက်သည့်၄ယောက်ထဲတွင် ၂ယောက်တွင် ချစ်သူရှိကာ နှစ်ယောက်သည်တော့ တစ်ကိုယ်တည်းသမားများဖြစ်တာကြောင့် ထိုနှစ်ယောက်က လင်ရှောင်းထင်နှင့်ကျန်သည့်ကောင်လေးများကို ဆွဲဆောင်ချင်နေကြသည်။

ပေါ်ပေါ်တင်တင်ဆွဲဆောင်ချင်မိသော်လည်း လူကြားထဲအရှက်ကွဲမည်စိုးတာကြောင့် သူတို့ဘက်မှ စကားစမပြောရဲကြပေ။ ထိုအစား ပုံမှန်အတိုင်းပြုမူရင်းဖြင့် ကောင်လေးများအနားသို့ ချဉ်းကပ်ကာ သူမတို့ကို အာရုံစိုက်လာရန် ကြိုးစားကြသည်။ သို့ပေမည့် စိတ်မကောင်းစွာဖြင့် ကောင်လေးများကတော့ သူတို့ကို အကြည့်လေးတစ်ချက်ပင် ပေးသနားခြင်းမရှိပေ။

မနက်၁၀နာရီ၁၀မိနစ်တွင်တော့ ဆိုင်ဖွင့်ပွဲအခမ်းအနားကို စတင်လေသည်။

ထို့နောက်တွင်တော့ ဆိုင်ကို တရားဝင်စတင်ဖွင့်လှစ်ခဲ့သည်။

မြို့တော်ဆိုင်ဖွင့်ပွဲအခမ်းအနားသည်တော့ Gမြို့တုန်းကလို ရာထူးကြီးပုဂ္ဂိုလ်များ တက်ရောက်ခြင်းမရှိကြပေ။ ရှုကျင်းချန်နှင့် လင်ရှောင်းထင်တို့က ရှုမိသားစုနှင့် ရှန်းရှစ်လုပ်ငန်းစုမှ လူအချို့ကို ဖွင့်ပွဲတက်ဖို့ရန် ဖိတ်ကြားပေးမည်ပြောပေမည့် ကုနင်းဘက်က ငြင်းဆန်ထားခြင်းဖြစ်သည်။

ယခုဖွင့်ပွဲသည် ဆေးဆိုင်ဖွင့်ပွဲဖြစ်ကာ ရည်ရွယ်ချက်မှာလဲ နေမကောင်းသည့်လူများကို ကယ်တင်ဖို့ရန်အတွက်ဖြစ်သောကြောင့် လူအထင်ကြီးဖို့ရန် မလိုအပ်ပေ။ တစ်ချိန်တည်းတွင်ပဲ ခိုကျီအမှတ်တံဆိပ်ကိုလဲ ကုနင်း ကြော်ငြာခဲ့ပေသည်။

ချောမောသည့် လူငယ်များစွာကြောင့် အလှကုန်ပစ္စည်းဆိုင်တွင် ဝယ်ယူဖို့ရန် မိန်းကလေးများစွာကို ဆွဲဆောင်နိုင်ခဲ့ပေသည်။

“ခိုကျီ? ဒီတံဆိပ်တစ်ခါမှမကြားဖူးပါဘူး။ ထိရောက်မှုရောရှိရဲ့လား?” လင်ရှောင်းထင်ကို သဘောကျနေသည့်မိန်းကလေးက အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။

“တစ်ခေါက်လောက်စမ်းကြည့်ကြရအောင်လေ?” နောက်ထပ်မိန်းကလေးတစ်ဦးက ပြောလိုက်ခြင်းဖြစ်သည်။

မိန်းကလေးများအားလုံး အလှကုန်ပစ္စည်းဆိုင်ဘက်ကိုသွားကုန်ကြတာကြောင့် လင်ရှောင်းထင်တို့ ယောက်ျားလေးအဖွဲ့သည်တော့ နားနေခန်းတွင် သွားထိုင်လိုက်ကြသည်။

လင်ရှောင်းထင်ကို သဘောကျနေသည့် မိန်းကလေးသည်လဲ ကုနင်း၏ အလှကုန်ပစ္စည်းများကို စိတ်ဝင်စားခြင်းမရှိဘဲ လင်ရှောင်းထင်နောက်သာ လိုက်လာခဲ့သည်။

“ဟိုင်း၊ ကျွန်မ ဒီမှာထိုင်လို့ရလား? အထဲမှာ လူတွေအရမ်းများနေလို့။ ခနနားမလို့။” ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်လိုက်ရင်း ခုံအလွတ်တွင် ဝင်ထိုင်လိုက်သည်။

“အာ၊ ကိုယ့်ကိုကိုယ်မိတ်ဆက်ရဦးမယ်။ ကျွန်မနာမည်က သိရူနာပါ။ ချင်ယင်းရဲ့သူငယ်ချင်းလေ။”

“တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးသိ!” ရှုကျင်းချန်သည်တော့ အမြဲတမ်းရည်မွန်သည့်လူတစ်ယောက် ဖြစ်သည်နှင့်အညီ သိရူနာကို ပြန်နှုတ်ဆက်လေသည်။ သို့ပေမည့် ရှင်းပိုင်နှင့် လင်ရှောင်းထင်သည်တော့ နှုတ်ဆိတ်လို့နေကာ အကြည့်လေးတစ်ချက်ပင် မစွန့်ကျဲပေ။

သိမိသားစုသည်လဲ မြို့တော်တွင် ကျိကျိတက်ချမ်းသာသည့် မိသားစုများထဲမှတစ်စုဖြစ်သည်။ မြို့တော်မှ အချမ်းသာဆုံးသော မိသားစုများထဲတွင်တော့ မပါဝင်ပေမည့် ကျော်ကြားသည့် မိသားစုတစ်စုပင်ဖြစ်သည်။

“အိုး၊ ကျွန်မကိုသိတယ်ပေါ့၊ အံ့တောင်အံ့ဩတယ်!” ရှုကျင်းချန် သူမနာမည်ကို ကြားဖူးထားမည်ဟု သိရူနာမထင်မှတ်ထားတာကြောင့် ရှက်သွေးပင်ဖြာလို့သွားရသည်။

သိမိသားစုသည် မြို့တော်ရှိကျိကျိတက်ချမ်းသာသည့်မိသားစုတစ်ခုဖြစ်သော်လည်း ရှုမိသားစုကိုတော့ မယှဉ်နိုင်သေးပေ။ ရှုမိသားစုသည် ယွမ်ဘီလီယံ၁ရာကျော်ပိုင်ဆိုင်ကာ သိမိသားစု၏ ပိုင်ဆိုင်မှုသည်တော့ ဘီလီယံ၅၀ပင် မပြည့်ပေ။ သူတို့ကြားမှ ကွာဟချက်မှာ အလွန်ကြီးမားလှပေသည်။

သို့ပေမည့် လင်ရှောင်းထင်က သူမကို တစ်ချက်လေးပင် လှည့်ကြည့်လာခြင်းမရှိသည့်အတွက် သိရူနာ စိတ်ပျက်လို့သွားရလေသည်။

“ချင်ယင်းက မိန်းကလေးသိနာမည်ကို တော်တော်လေးပြောဖူးထားလို့ပါ။”

သိရူနာ ပြုံးလိုက်ပြီးနောက် လင်ရှောင်းထင်နှင့် ရှင်းပိုင်တို့ကို ကြည့်လိုက်ကာ၊

“ဒီဘက်က လူကြီးမင်း၂ယောက်ရဲ့နာမည်တွေကိုကော သိခွင့်ရှိမလား?”

“လူကြီးမင်းလင်နဲ့ လူကြီးမင်းရှင်းပါ။” ရှုကျင်းချန် မိတ်ဆက်ပေးလိုက်ပေမည့် နာမည်အပြည့်အစုံကိုတော့ ထည့်မပြောပေ။

တကယ်တမ်း မိတ်ဆက်ရင်းဖြင့် လင်ရှောင်းထင်ကို စကားစပြောချင်နေပေမည့် လင်ရှောင်းထင်ကတော့ တစ်ချိန်လုံး ဖုန်းကိုသာ ကြည့်နေကာ သိရူနာကို လှည့်မကြည့်လာခဲ့ပေ။

လင်ရှောင်းထင်မှာ ဖုန်းကိုစွဲလမ်းနေသူဖြစ်၍မဟုတ်ဘဲ အစောပိုင်း ကုနင်းအကြောင်း ပြောဆိုနေသည့် စကားများကြောင့် အားလပ်နေတုန်းလေး အင်တာနက်ပေါ်တွင် သူမအကြောင်း ရှာဖွေကြည့်နေခြင်းဖြစ်သည်။ ကုနင်းလုပ်ခဲ့သည့်ကိစ္စများကို သူနည်းနည်းပါးပါးသိထားသော်လည်း သေချာတော့မသိသေးပေ။

ကုနင်း အခုချိန်တွင် ကောင်းကောင်းမွန်မွန်ရှိနေသော်လည်း သူမအန္တရာယ်နှင့်ကြုံရသည့် အချိန်မျိုးတွင် သူဘေးနားမှာ ရှိမနေပေးနိုင်ခဲ့တာကြောင့် သူ့ကိုယ်သူ အပြစ်တင်နေမိတော့သည်။ ကံကောင်းလို့သာ ကုနင်း ဘာမှမဖြစ်ခဲ့ခြင်းပင်။

သိရူနာသည်တော့ လင်ရှောင်းထင် သူမအပေါ် အမြင်ကောင်းလေးကျန်ရှိနေစေရန် ကြိုးစားချင်နေပေမည့် အခွင့်ကောင်းလေးတစ်ခုပင် မရရှိခဲ့ပေ။ တကယ်တမ်း ယှဉ်ကြည့်ပါလျှင် သိရူနာ၏ ရုပ်ရည် နောက်ခံမိသားစုများသည် လင်ရှောင်းထင်နှင့် အလွန်လိုက်ဖက်ညီလှပေမည့် အချစ်ဆိုသည်က စီးပွားရေးမှမဟုတ်လေဘဲ။

ဆိုင်ထဲတွင်တော့ အမျိုးသမီးများမှာ အလှကုန်ပစ္စည်းများဘက်ကိုသာ အာရုံရောက်လို့နေကြသည်။

အမျိုးသမီးတစ်ယောက်ဆိုလျှင် သူမမှာ ညပေါင်းများစွာ အချိန်ပိုအလုပ်လုပ်နေခဲ့ရတာကြောင့် သူမမျက်လုံးများတွင် အမဲရောင်စက်ကွင်းကြီးပင် ဖြစ်လို့နေပေပြီ။ သူမ မျက်လုံးကပ်သည့်ပစ္စည်းများကို အသုံးပြုခဲ့ပေမည့် တစ်ခုမှအသုံးမဝင်ခဲ့ပေ။ အခုဆိုလျှင် သူမ၏မျက်ကွင်းမဲများကို မိတ်ကပ်ဖြင့်ပင် ဖုံးဖိ၍မရတော့ပေ။ ထို့ကြောင့် အရောင်းဝန်ထမ်းတစ်ဦးမှနေပြီး ထိုအမျိုးသမီးအတွက် ခိုကျီအမှတ်တံဆိပ် မျက်လုံးကပ်သည့်ပစ္စည်းကို ချက်ချင်းထုတ်ပေးလိုက်သည်။ အခြားလူများလဲ နှိုင်းယှဉ်ကြည့်နိုင်ရန်အတွက် မျက်လုံးကပ်ကို မကပ်ပေးခင် မျက်ကွင်းမည်းများကို အရင်ဆုံးဓါတ်ပုံရိုက်ယူထားလိုက်သည်။ မျက်လုံးကိုကပ်ကို ၁၀မိနစ်ခန့် ကပ်ထားပေးရပေမည်။

ထို့နောက် နောက်ထပ်အမျိုးသမီးတစ်ဦးသည်တော့ သူမမျက်နှာတွင် ဝက်ခြံများရှိနေတာကြောင့် အရောင်းဝန်ထမ်းက သူမကို အရင်ဆုံးမိတ်ကပ်ဖျက်စေလိုက်ပြီးနောက် ခိုကျီအသားအရေထိန်းမျက်နှာဖုံးကို မကပ်ပေးခင် မိတ်ကပ်ဖျက်ထားသည့် နဂိုမျက်နှာကို ဓါတ်ပုံအရင်ရိုက်ယူထားလိုက်သည်။ ထို့နောက် မျက်နှာဖုံးကိုလဲ ၁၀မိနစ်ကြာ ကပ်ထားစေလေသည်။

အမျိုးသမီးရှုနှင့် ကူအန်းနာသည်တော့ တစ်ခုမှစမ်းကြည့်မနေဘဲ မျက်နှာကပ်အလှကုန်၁၀ဗူးနှင့် အခြားသော အလှကုန်ပစ္စည်းတစ်မျိုးလျှင် တစ်ခုဆီဝယ်ယူကြလေသည်။ သေချာပေါက် ရှုချင်ယင်းသည်လဲ လက်ဗလာနှင့်တော့ ပြန်ထွက်သွားလိမ့်မည်မဟုတ်ပေ။

ဆေးဆိုင်ဘက်တွင်တော့ အမျိုးသားတစ်ဦးက သူ့ဒူးကို မနေ့က ခုံစောင်းနှင့်မတော်တဆတိုက်မိခဲ့တာကြောင့် ယောင်ကိုင်းလို့နေလေသည်။ ထို့ကြောင့် အရောင်းဝန်ထမ်းမှနေပြီး သူ့အတွက် ဆိုင်မှဆေးတစ်မျိုးကို စမ်းသပ်ပြသည့်အနေဖြင့် လိမ်းပေးခဲ့ကာ မိနစ်အနည်းငယ်အကြာတွင်ပဲ အရောင်တဝက်လောက်လျော့ကျကာ မှိန်ဖျော့လို့သွားတော့သည်။

အခြားတစ်ယောက်သည်တော့ အအေးမိနေခဲ့ကာ ကိုလိန်းဆေးကိုသောက်ပြီး မကြာခင်တွင်ပဲ နေပြန်ကောင်းလာခဲ့လေသည်။

ထိုမြင်ကွင်းများကြောင့် လူအများအပြား ဆေးဝါးပစ္စည်းများကို အမြောက်အမြားဝယ်ယူကြတော့သည်။ အအေးမိပျောက်ဆေးဆိုလျှင်ပို၍ပင် ရောင်းထွက်သေးသည်။ အအေးမိခြင်းသည် သာမာန်နေမကောင်းဖြစ်ခြင်းဖြစ်တာကြောင့် လူတိုင်းနီးပါး ဆေးရုံဆေးခန်းသွားမနေဘဲ ဆေးသောက်ခြင်းဖြင့်သာ ကုသကြလေသည်။

၁၀မိနစ်ကြာပြီးနောက်တွင်တော့ မျက်လုံးကပ်ထားသည်ကို ခွာပေးလိုက်ကာ အမျိုးသမီး၏ မျက်ကွင်းမည်းကြီးသည်လဲ အတော်လေးမှေးမှိန်လို့သွားပြီး ယခင်ရိုက်ထားသည့်ပုံနှင့် နှိုင်းယှဉ်ကြည့်လျှင် အလွန်သိသာပေသည်။ ထို့ကြောင့် ထိုအမျိုးသမီးလဲ သူအမြဲလိုလို နောက်ကျသည်အထိ အလုပ်လုပ်ရဦးမည်ဖြစ်တာကြောင့် မျက်လုံးကပ်သည့်ပစ္စည်း ၅ဗူး ချက်ချင်းမဆိုင်းဝယ်ယူသွားတော့သည်။

သူမတင်မကဘဲ ဆိုင်ထဲမှ မိန်းကလေးတော်တော်များများသည်လဲ မျက်လုံးကပ်ပစ္စည်းများ ဝယ်ယူကြလေသည်။

***

အခန်း ၆၃၄

ချောင်ဝမ်ရှင်းရောက်ရှိလာခြင်း

ယခုခေတ်တွင် စောစောအိပ်ကာ စောစောထကြသည့်လူဟူ၍ အနည်းအကျဉ်းလောက်သာ ရှိပြီး အများစုမှာ နောက်ကျမှသာ အိပ်ကြတာကြောင့် မျက်ကွင်းညိုခြင်းက အရမ်းအဖြစ်များလှပေသည်။

လင်ရှောင်းထင်ကို စကားစ၍မရတာကြောင့် သိရူနာပျင်းရိလာကာ အခြားလူများဘာလုပ်နေကြလဲ ကြည့်ရန်အတွက် ဆိုင်ဘက်သို့သွားလိုက်သည်။

ကျန်အမျိုးသမီးတစ်ဦးသည်လဲ ၁၀မိနစ်ပြည့်သွားခဲ့တာကြောင့် မျက်နှာဖုံးကိုခွာလိုက် နဂိုသူမမျက်နှာပေါ်မှ ဝက်ခြံတစ်ဝက်ကျော်လောက်ပျောက်ကင်းသွားခဲ့ရသောကြောင့် ထိုအမျိုးသမီးအလွန်အံ့အားသင့်နေတော့သည်။ သူတို့ယခင်အသုံးပြုခဲ့ဖူးသည့် မျက်နှာဖုံးများ ဘယ်လောက်ပင် ဈေးကြီးပါစေ ဤကဲ့သို့ သိသာလာဖို့ရန်အတွက် အချိန်အကြာကြီးယူရပေမည့် ခိုကျီတံဆိပ်သည်တော့ ၁၀မိနစ်တည်းနှင့် ဝက်ခြံအတော်များများကို ပျောက်ကင်းသွားစေနိုင်တာကြောင့် ခိုကျီတံဆိပ်ကို မဝယ်နိုင်စရာအကြောင်း မရှိတော့ပေ။

ခိုကျီအမှတ်တံဆိပ်သည် လခစားဝန်ထမ်းများအတွက်တော့ အနည်းငယ်ဈေးကြီးသည့်ထဲတွင်ပါပေမည့် ထိရောက်မှုကတော့ အလွန်ကောင်းပေသည်။ လူချမ်းသာများ၏အမြင်တါင်တော့ ဤတံဆိပ်သည် အခုမှအသစ်တစ်ခုဖြစ်ကာ ဈေးလဲပေါနေပေမည့် ထိရောက်မှုရှိနေသ၍ တံဆိပ်၏အဆင့်အတန်းကို စိတ်ထဲထားနေကြမည်မဟုတ်ပေ။ ထို့အတွက်ကြောင့် အသားအရေထိန်းမျက်နှာဖုံးကို ဝယ်ယူသူ တစ်စတစ်စပိုများလာတော့သည်။

မျက်နှာဖုံးခွာပြီးသွားသည့် အမျိုးသမီးကိုတော့ အရောင်းဝန်ထမ်းမှနေပြီး အောက်ခံမိတ်ကပ်နှင့် ဘီဘီခရမ်တို့ကို လိမ်းပေးလိုက်သည်။ ထို့နောက်တွင်တော့ ထိုအမျိုးသမီး အလွန်သဘောကျသွားကာ ခိုကျီမှထွက်သည့် အလှကုန်ပစ္စည်းအစုံလိုက်ကို ဝယ်ယူသွားတော့သည်။ စုစုပေါင်း ယွမ်၁သောင်းကျော်ကျသင့်ပေမည့် သူမအတွက်တော့ ငွေမရှားတာကြောင့် အလွယ်တကူဝယ်ယူသွားပေသည်။

အခြားအမျိုးသမီးများသည်လဲ အံ့အားသင့်စရာ အကျိုးရလဒ်ကို မျက်မြင်တွေ့ပြီးသည့်နောက် တစ်စုံစီဝယ်ယူခဲ့ကြသည်။

ကုနင်း၏ပစ္စည်းများ ရောင်းအားကောင်းနေသည်ကို သိရူနာမြင်ရပြီး အတော်လေးမကျေမနပ်ဖြစ်နေခဲ့သည်။ ပစ္စည်းများ အမှန်တကယ်အကျိုးထိရောက်မှု ရှိရှိ၊ မရှိရှိ သူမကတော့ လုံးဝဝယ်ယူမည်မဟုတ်သလို အခြားလူများမဝယ်စေရန်လဲ မတားဆီးနိုင်ပေ။

ကူအန်းနာ၏သူငယ်ချင်းများထဲတွင် အလှအပရေးရာ တင်ဆက်သူတစ်ဦးပါတာကြောင့် ဆိုင်ဖွင့်ပွဲမှ အကြောင်းအရာများကို ရိုက်ကူးကာ အင်တာနက်ပေါ်တင်နေသည်။ သူမကိုယ်တိုင်က ပုံမှန်လဲ ပစ္စည်းကောင်းလေးများကို မိတ်ဆက်ပေးလေ့ရှိတာကြောင့် ကုနင်းအတွက် အထူးတလည်ကြော်ငြာပေးနေခြင်းမျိုးမဟုတ်ပေ။ အချို့ကတော့ ကြော်ငြာအတွက် ရိုက်ကူးရေးခြင်းသာဖြစ်သည်ဟု ထင်မိပေမည့် သူမက ထိုသို့မဟုတ်ကြောင်း ပြန်လည်ရှင်းပြခဲ့သည်။ သူမကို သဘောကျသည့်လူများကတော့ ထိုမျှထိရောက်မှုလျင်မြန်နေခြင်းကို သံသယရှိကြကာ ကိုယ်တိုင်ဆိုင်သို့ လာကြည့်ကြတော့သည်။

ထိုလူများအမှန်တကယ် ခိုကျီဆိုင်သို့ရောက်ရှိလာကြကာ ပစ္စည်းများအမှန်တကယ် ထိရောက်မှုရှိသည်ကိုလဲ ကိုယ်တိုင်မြင်တွေ့ခဲ့ကြရလေသည်။ ရလဒ်အနေဖြင့် လူအများစုကတော့ ဤပစ္စည်းများမှာ အခြားပစ္စည်းများထက် အမှန်တကယ် ထိရောက်မှုရှိသည်ဟု တွေးကြပေမည့် အချို့ကတော့ လူကိုထိခိုက်စေနိုင်သည့် ဓါတုပစ္စည်းများပါဝင်လောက်သည်ဟု တွေးကြလေသည်။

ထိုသို့သံသယဝင်နေမှုများကို သိလိုက်ရသည်နှင့် နဉ်ချန်ခိုင်မှနေပြီး ဤထုတ်ကုန်ပစ္စည်းအားလုံးသည် ဆေးဝါးစစ်ဆေးမှုကို ဖြတ်ကျော်အောင်မြင်ခဲ့ကြပြီးဖြစ်တာကြောင့် ဘေးအန္တရာယ်ကင်းကြောင်း ရှင်းပြခဲ့သည်။ ထို့အတွက်ကြောင့်ပဲ ခိုကျီဘက်မှ ရောင်းအားမှာ အချိန်တိုလေးအတွင်း အဆက်မပြတ် တိုးလာနေတော့သည်။

မနက်ပိုင်းအတွင်းတွင်ပဲ အတိအကျပြောရလျှင်တော့ ၂နာရီအတွင်းတွင်ပဲ ခိုကျီဘက်မှ ယွမ်၂သိန်းကျော်ဖိုး ရောင်းချနိုင်ခဲ့လေသည်။

ဆေးဝါးပစ္စည်းများကတော့ အလှကုန်ပစ္စည်းများထက် ဈေးနည်းလွန်းသော်လည်း ကိုလိန်းဆေးဝါးဆိုင်ဘက်သည်လဲ မနက်ပိုင်းလေးအတွင်းတွင်ပင် ယွမ်၂သောင်းကျော်ဖိုးရောင်းခဲ့ရပေသည်။

နေ့လည်၁၂နာရီဝန်းကျင်တွင်တော့ ကုနင်းတို့အဖွဲ့ နေ့လည်စာစားဖို့ရန် ထွက်လာခဲ့ကာ ဆိုင်ကိုတော့ နဉ်ချန်ခိုင်ကိုသာ စောင့်ကြည့်ထားစေလေသည်။

ကုနင်းက သူမ၏သူငယ်ချင်းများကို ဟိုတယ်တွင် အတူတူနေ့လည်စာစားရန်ဖိတ်ကြားခဲ့ကာ ကူအန်းနာနှင့် ရှုချင်ယင်းတို့၏ သူငယ်ချင်းများကိုလဲ ဖိတ်ခေါ်ခဲ့သည်။ ထိုမိန်းကလေးများကလဲ သေချာပေါက်ကို ဤကဲ့သို့ ကျိကျိတက်ချမ်းသာကာ အာဏာရှိကြသည့် လူများနှင့် နေ့လည်စာအတူစားနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခံကြမည့်သူများ ဟုတ်မနေပေ။

သူတို့ထဲတွင် သိရူနာသည်တော့ အပျော်ရွှင်ဆုံးပင်ဖြစ်လေသည်။ တကယ်တော့ သူမ လင်ရှောင်းထင်နှင့် ဆက်ပြီး အတူရှိနေချင်သေးတာကြောင့် ဖွင့်ပွဲအခမ်းအနားပြီးသွားလျှင် သူတို့အားလုံးကို နေ့လည်စာစား ဖိတ်ရန် တွေးထားပြီးသားဖြစ်သည်။

သို့ပေမည့် အမျိုးသမီးရှုသည်တော့ သူမဝယ်စရာရှိသည်များဝယ်ပြီးနောက် အိမ်ပြန်သွားခဲ့ကာ အခုဆိုလျှင် ၁၃ယောက်သာ ကျန်ရှိတော့လေသည်။ ကုနင်းလဲ ဟွမ်းဒင်ဟိုတယ်မှ လူ၂၀လောက်ဆန့်သည့် အကြီးဆုံးအထူးသီးသန့်ခန်းတစ်ခုကို ငှားလိုက်လေသည်။

သူတို့အားလုံး အခန်းထဲသို့ဝင်ပြီးနောက် စားပွဲပတ်လည်တွင် နေရာယူကြရာ လင်ရှောင်းထင်က ကုနင်းထိုင်ရန် ထိုင်ခုံဆွဲထုတ်ပေးလိုက်တာကြောင့် သိရူနာ ဝမ်းနည်းသွားလေသည်။ သူမအတွက်လဲ လင်ရှောင်းထင် ကိုယ်တိုင်ထိုင်ခုံဆွဲထုတ်ပေးရန်အတွက် မျှော်လင့်လို့နေခဲ့သည်။ ထို့နောက် သူမလင်ရှောင်းထင်ဘေးတွင် ထိုင်ဖို့ရန်ပြင်လိုက်ပေမည့် ရှုကျင်းချန်က သူမထက်အရင်ဦးသွားခဲ့သည်။

ရှုကျင်းချန်ထိုသို့လုပ်လိုက်ခြင်းက သိရူနာ လင်ရှောင်းထင်ကို စိတ်ဝင်စားနေကြောင်း သိလိုက်၍မဟုတ်ဘဲ သူတို့၏အကျင့်အရထိုင်လိုက်ခြင်းသာဖြစ်သည်။ သူတို့ဘော့စ်က သူ့ဘေးတွင် မိန်းကလေးများထိုင်သည်ကို မနှစ်သက်မှန်း အားလုံးသိကြတာကြောင့် အမြဲလိုလို လင်ရှောင်းထင်အနားတွင် အမျိုးသမီးများမထိုင်နိုင်စေရန် သူတို့အားလုံး အလိုလို ဘေးမှဝန်းရံပေးတတ်ကြသည်။

အခုသီးသန့်ခန်းထဲတွင် မိန်းကလေးများစွာရှိနေတာကြောင့် ရှုကျင်းချန်လဲ အကျင့်အတိုင်း လင်ရှောင်းထင်နား အခြားလူများမထိုင်ရသေးခင် အလျင်စလိုဝင်ထိုင်လိုက်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် လင်ရှောင်းထင်၏ညာဘက်တွင် ရှုကျင်းချန်ထိုင်ကာ ရှုကျင်းချန်ဘေးတွင်တော့ ရှင်းပိုင်ထိုင်လိုက်ပြီး ရှင်းပိုင်၏ဘေးတွင်တော့ ကူအန်းနာနေရာဝင်ယူလိုက်သည်။

ကုနင်းသည်တော့ လင်ရှောင်းထင်၏ဘယ်ဘက်တွင်ထိုင်ကာ သူမဘေးတွင်တော့ ရှုကျင်းချန်ထိုင်ပြီး ထို့နောက်တွင်မှ အခြားမိန်းကလေးများ ထိုင်ခွင့်ရတာကြောင့် ဘယ်သူမှ လင်ရှောင်းထင်ကို ချဉ်းကပ်ဖို့ရန် အခွင့်အရေးမရခဲ့ကြပေ။

သိရူနာတင်မဟုတ်ဘဲ ရှုကျင်းချန်နှင့်ရှင်းပိုင်ကို စိတ်ဝင်စားနေသည့် အခြားမိန်းကလေးများလဲ အလွန်စိတ်ပျက်သွားကြပေမည့် သူတို့ခံစားချက်ကို ထုတ်ဖော်ပြသခြင်းတော့ မပြုကြပေ။

စားသောက်နေစဉ်အတွင်း လင်ရှောင်းထင်သည်တော့ ထုံးစံအတိုင်းကုနင်းပန်းကန်ထဲ ဟင်းများထည့်ပေးနေကာ သူတို့ကို လူဘယ်လောက်များများ စိုက်ကြည့်နေကြလဲဆိုသည်ကိုပင် ဂရုမစိုက်နေပေ။ ကုနင်းအတွက် ပုဇွန်အခွံကိုတောင်မှ ခွာပေးနေတာကြောင့် အခြားလူများအတော်လေး မနာလိုဖြစ်နေရတော့သည်။ ထိုမြင်ကွင်းကြောင့် သိရူနာသည်တော့ စားချင်စိတ်ပင်ပျောက်ဆုံးသွားလေသည်။

ကုနင်းလဲ အခြားလူများကြည့်နေတာကြောင့် အနည်းငယ်နေရခက်နေပေမည့် တားမြစ်ခြင်းမပြုဘဲ ထည့်ပေးသမျှကိုသာ ကောင်းကောင်းမွန်မွန်စားနေခဲ့သည်။

“မင်းတို့ကို မနာလိုဖြစ်လွန်းလို့ စားလို့တောင်မဝင်တော့ဘူး။” ရှုကျင်းချန် မကျေမနပ်ပြောလိုက်သည်။

“ဒါဆိုလဲ တူကိုချထားလိုက်တော့လေ။” ကုနင်း ချက်ချင်းပြန်ပြေလိုက်တာကြောင့် ရှုကျင်းချန် ရင်ထဲအောင့်ပင်အောင့်သွားမိတော့သည်။

ထိုအချိန်တွင်ပဲ ကုနင်း၏ဖုန်းမြည်လာခဲ့ကာ ခေါ်ဆိုသူကတော့ ချောင်ဝမ်ရှင်းပင်။

“နင်းနင်း၊ နင်အခု မြို့တော်ရောက်နေတယ်ဆို။ ဘယ်မှာလဲ? ငါလဲ မြို့တော်မှာ!”

ထိုစကားကြောင့် ကုနင်းအနည်းငယ်အံ့ဩသွားပြီးနောက် ရှင်းပိုင်ထံသို့ တစ်ချက်လှမ်းကြည့်မိသွားသည်။ တစ်ခုခုတော့ ဖြစ်လာတော့မည်ဟု သူမခံစားမိနေပေပြီ။

“ငါအခု ဟွမ်းဒင်ဟိုတယ်မှာ။”

“တကယ်လား? ငါရောပဲ! ဒီနေ့က ရှင်းယွီရဲ့မွေးနေ့လေ။ အခုလဲ သူ့မွေးနေ့အတွက် ပြင်ဆင်နေတာ။ နင်စားပြီးသွားပြီလား?” ချောင်ဝမ်ရှင်းပြန်မေးလိုက်သည်။

“စားနေတုန်းပဲ။ နင်လာရင်လာခဲ့လိုက်ပါလား? ငါတို့ အခန်း၈၈၈မှာ။”

“ဟုတ်ပြီလေ၊ ၂မိနစ်အတွင်းအရောက်လာခဲ့မယ်။”

“ဘယ်သူလဲ?” ရှုချင်ယင်း သိချင်စွာဖြင့်မေးလိုက်သည်။

“ဝမ်ရှင်း။” ကုနင်းပြောရင်းဖြင့် ရှင်းပိုင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြန်သည်။

ချောင်ဝမ်ရှင်း၏နာမည်ကို ရှင်းပိုင်ကြားလိုက်ချိန်တွင်တော့ စားလက်စပင် ရပ်တန့်သွားကာ သူ့မျက်လုံးများထဲ၌ ပျော်ရွှင်မှု အရိပ်အယောင်များ ဖြတ်သန်းသွားတော့သည်။

ထိုအချင်းအရာကြောင့် ကုနင်းလဲ ရှင်းပိုင် ချောင်ဝမ်ရှင်းကို သဘောကျနေကြောင်းသေချာသွားတော့သည်။ သူတို့နှစ်ယောက် အမှန်တကယ် လက်တွဲဖော်ဖြစ်နိုင်ပေသည်။

ကုနင်းအထင်မှန်ပေသည်။ ရှင်းပိုင်တစ်ယောက် ချောင်ဝမ်ရှင်းအကြောင်း တစ်ချိန်လုံး မတွေးမိဘဲ မနေနိုင်ခဲ့ပေ။ သို့ပေမည့် သူတို့ချင်းစတွေ့ကတည်းက ကောင်းမွန်သည့် တွေ့ဆုံမှုမဟုတ်ခဲ့တာကြောင့် ထိုအချက်ကို လက်ခံဖို့ရန် အတင်းအကျပ်ငြင်းဆန်နေမိသည်။

***

အခန်း ၆၃၅

ချောင်ဝမ်ရှင်းနှင့်ရှင်းပိုင်

မကြာခင်တွင်ပဲ ချောင်ဝမ်ရှင်းအခန်းထဲသို့ဝင်လာခဲ့သည်။ အခန်းထဲတွင် လူဒီလောက်အများကြီးရှိနေမည်ဟု သူမမသိထားသောကြောင့် တံခါးဖွင့်ဖွင့်ချင်း အနည်းငယ် အံ့အားသင့်သွားရလေသည်။

တံခါးဖွင့်လိုက်သည်နှင့်တပြိုင်နက် လူတိုင်း သူမကိုကြည့်လာကြသည်။

သိရူနာ၏မျက်လုံးထဲတွင်တော့ သူမထက်ပို၍လှပသည့်နောက်ထပ်မိန်းကလေးတစ်ဦး ရောက်လာပြန်တာကြောင့် မနာလိုမှုများဖြတ်ပြေးသွားတော့သည်။

“ခုံအလွတ်တွေ့ရှိသေးတယ်။ နင်ကြိုက်တဲ့နေရာထိုင်လေ။” ကုနင်းပြောလိုက်သည်။

ချောင်ဝမ်ရှင်းဝင်လာခဲ့ကာ ရှင်းပိုင်ကို မြင်သွားသည်နှင့် သိသိသာသာအံ့အားသင့်သွားပြီး အနည်းငယ်ပင် စိတ်လှုပ်ရှားလာမိလေသည်။

သို့ပေမည့် ရှင်းပိုင်နှင့်ရှုကျင်းချန်တို့ကို မိန်းကလေးများစွာဝန်းရံနေသည်အား သူမသတိထားမိချိန်တွင်တော့ အတော်လေး မကျေမနပ်ဖြစ်လို့သွားရသည်။

“ဝါး၊ ဒီနေ့က ရှင်တို့လူလွတ်လေးနှစ်ယောက်အတွက် အထူးကံကောင်းတဲ့နေ့ပဲ။ ဒီလိုမျိုးမိန်းမလှလေးတွေ ဝိုင်းဝိုင်းလည်ပြီး နေ့လည်စာစားခွင့်ရတယ်ဆိုတော့။”

ထိုစကားပြောရင်းဖြင့် ချောင်ဝမ်ရှင်း အခန်းထဲမှ အခြားလူများနှင့် ဝေးနိုင်သမျှ ဝေးဝေးတွင်ခွာကာ ထိုင်လေသည်။ အခန်းထဲတွင် ခုံလွတ်၇လုံးရှိကာ ချောင်ဝမ်ရှင်းသည်တော့ ဘေးဘက်၃ခုံစီ အလွတ်ထားကာ အလည်တည့်တည့်တွင်ထိုင်လေသည်။

ချောင်ဝမ်ရှင်း၏စကားကြောင့် အားလုံးမျက်မှောင်ကြုတ်သွားကြကာ အချို့မိန်းကလေးများဆို သူမကို ချက်ချင်း သဘောမကျဖြစ်ကုန်ကြတော့သည်။

“သူတို့အားလုံးက ချင်ယင်းရဲ့သူငယ်ချင်းတွေ ငါတစ်ယောက်နဲ့မှမသိဘူး။” ရှင်းပိုင် စိတ်ရှုပ်ထွေးစွာဖြင့် ပြေလိုက်သည်။ သူ့ပုံစံက ချောင်ဝမ်ရှင်းအထင်လွဲသွားမည်မျိုး မဖြစ်စေလိုပုံပင်။ သို့ပေမည့် ထိုအပြောအဆိုက အနည်းငယ်မယဉ်ကျေးရာတော့ရောက်လေသည်။

သို့ပေမည့် ချောင်ဝမ်ရှင်းသည်တော့ ထိုစကားကြောင့် အစောကထက်ပို၍ စိတ်အခြေအနေကောင်းသွားတော့သည်။

ချောင်ဝမ်ရှင်း၏ပြောစကားကြောင့် သဘောမကျဖြစ်သွားသည့် မိန်းကလေးတစ်ဦးက စနောက်သလိုနှင့် ဟန်ဆောင်ကာ၊

“မှန်တာပေါ့။ လူကြီးမင်းရှင်းက ကျွန်မတို့တစ်ယောက်ကိုမှမသိပေမယ့်၊ ဒီလိုမိန်းမလှလေးတစ်ဖွဲ့ကြီးနဲ့ အတူစားရတာ သူတကယ်ကို ကံကောင်းတာပဲ။”

“ဟုတ်တာပေါ့! လူကြီးမင်းရှင်းရော၊ ဒီနေ့ကံကောင်းနေတယ်လို့ မထင်ဘူးလား?” နောက်ထပ်မိန်းကလေး တစ်ဦးကပါ ထောက်ခံလိုက်သည်။

နှစ်ယောက်လုံးက စနောက်သည့်ပုံစံဖြင့်ပြောလိုက်ကြကာ ချောင်ဝမ်ရှင်း၏စကားကိုလဲ အခြားသူများက မှားသည်ဟု မထင်ထားကြတာကြောင့် အားလုံး စနောက်ရုံဟုသာ တွေးလိုက်ကြပြီး ရှင်းပိုင်ကိုယ်တိုင်လဲ ထိုစကားများထဲတွင် မသင့်တော်သည့်စကားမပါဟု တွေးမိသည်။ သို့ပေမည့် ချောင်ဝမ်ရှင်းသည်တော့ မိန်းကလေးများ သူမအပေါ် မုန်းတီးနေမှုကို ခံစားမိကာ စိတ်တိုသွားတော့သည်။

“ဟုတ်တာပေါ့! ဒီနေ့က လူကြီးမင်းရှင်းအတွက် ကံကောင်းတဲ့နေ့ပဲ။ ဒါပေမယ့် လူကြီးမင်းရှင်း ဒီမိန်းမလှလေးတွေနဲ့ တပျော်တပါးကြီး နေ့လည်စာမစားခင် ကျွန်မနဲ့တစ်ခုခုရှင်းဖို့ရှိသေးတယ်လို့ ထင်တယ်။” ချောင်ဝမ်ရှင်း သရော်ဟန်ဖြင့်ပြောလိုက်သည်။

ထိုစကားကြောင့် ရှင်းပိုင်မျက်မှောင်ကြုတ်လိုက်ကာ ချောင်ဝမ်ရှင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်ရင်း။

“ဘာအကြောင်းလဲ?”

“ယွီဝမ်ကျင်းအကြောင်းလေ။”

“ရှင်းပိုင်။ ငါတို့ကြားက နားလည်မှုလွဲတာကို ရှင်းပြီးသွားပြီဆိုတော့ ငါလဲ နင့်ကို အပြစ်မတင်ချင်တော့ပါဘူး။”

“ဒါပေမယ့် ယွီဝမ်ကျင်းကတော့ ဟိုတလောတုန်းက Bမြို့ကိုရောက်လာပြီး ငါနဲ့ ဈေးဝယ်စင်တာမှာ ဆုံခဲ့သေးတယ်။ သူက အကြောင်းမရှိ ငါ့ကို ဆဲဆိုပြီး စနိုက်ကြော်မလို့တောင် ပြောလိုက်သေးတယ်။ ပြီးတော့ ငါတို့နှစ်ယောက်တွဲနေတာပါလို့လဲ တထစ်ချပြောသေးတယ်။ ငြင်းပေမယ့် သူကမပြီးသွားဘဲ အကြိမ်ပေါင်းများစွာ စာတွေပို့ ဖုန်းတွေခေါ်နဲ့ နှောက်ယှက်နေတာ။ သူ ငါ့ဖုန်းနံပါတ်ဘယ်လိုကြောင့်ရသွားလဲကိုတော့ မသိဘူး။ ဒါပေမယ့် သူ့လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ နင်ပြောလိုက်၊ မဟုတ်လို့ကတော့ သူ့ကိုရိုကျိုးသွားအောင် ငါကိုယ်တိုင် ဆုံးမပစ်တော့မယ်။” ချောင်ဝမ်ရှင်း လေးနက်သည့်မျက်နှာထားဖြင့် ကိစ္စအားလုံးကို တခါတည်းပြောလိုက်သည်။

သူမ ယွီဝမ်ကျင်းထံမှ အချိန်အကြာကြီး အနှောက်ယှက်ခံထားရပြီးဖြစ်သည်။ ယွီဝမ်ကျင်းမှာ သူမကို လုံးဝယှဉ်နိုင်သူမဟုတ်သော်လည်း အခုလို နေ့တိုင်းအချိန်တိုင်း နှောက်ယှက်ခံနေရခြင်းကတော့ စိတ်ရှုပ်စရာပင်။ ယွီဝမ်ကျင်း၏ဖုန်းနံပါတ်ကို ချောင်ဝမ်ရှင်း နာမည်ပျက်စာရင်းထဲတစ်ခါထည့်လိုက်လျှင် ယွီဝမ်ရှင်းက နောက်ထပ် ဖုန်းတစ်လုံးဖြင့် ခေါ်ပြန်သည်။

သူမယခုတစ်ခေါက် မြို့တော်ကိုလာခြင်းကလဲ အိုက်ရှင်းယွီ၏မွေးနေ့ပွဲကို တက်ဖို့ရန်တင်မကဘဲ ယွီဝမ်ကျင်းကို ပညာပေးဖို့ရန်လဲ ပါလေသည်။

ထိုစကားကြောင့် အခြားမိန်းကလေးများအားလုံး ချောင်ဝမ်ရှင်းနှင့်ရှင်းပိုင်ကြားတစ်စုံတစ်ခုရှိထားခြင်းဖြစ်လောက်သည်ဟု တွေးမိသွားကြသည်။ ထိုသို့သာမဟုတ်လျှင် ယွီဝမ်ကျင်းဟုခေါ်သည့် မိန်းကလေးက ချောင်ဝမ်ရှင်းကို တချိန်လုံး လိုက်နှောက်ယှက်နေစရာအကြောင်းမရှိပေ။

ထိုအချိန်တွင်ပဲ ရှင်းပိုင်ကို သဘောကျခဲ့ကြသည့် မိန်းကလေးများမှာ သူ့အပေါ် အနည်းငယ်အဆိုးမြင်ကုန်ကြလေသည်။ မိန်းကလေးများစွာကို တပြိုင်နက်တည်းတွဲသည့် ဘယ်ယောက်ျားကိုမှ သူတို့မကြိုက်ကြပေ။

သို့ပေမည့် ရှင်းပိုင်သည်တော့ ထိုစကားများကြောင့် အလွန်အံ့အားသင့်သွားကာ သတိလက်လွတ်ပြန်မေးမိသွားသည်။

“ငါတို့တွဲနေတာ သူဘယ်လိုလုပ်သိသွားတာလဲ?”

ထိုစကားကြောင့် အခြားမိန်းကလေးများအားလုံး သူတို့နှစ်ယောက်ကြားတွင် တစ်ခုခုရှိနေကြောင်း သေချာသွားတော့သည်။

“နင်နဲ့ဘယ်သူကတွဲနေလို့လဲ!” ချောင်ဝမ်ရှင်း ချက်ချင်းငြင်းဆိုလိုက်သည်။

အခြားလူများကတော့ အသံတိတ်၍သာ ပြဇာတ်တစ်ပုဒ်လိုစောင့်ကြည့်နေကြတော့သည်။

ရှင်းပိုင်လဲ ထိုတော့မှ သူစကားပြောမှားသွားမှန်း သတိရသွားကာ ချက်ချင်းပြန်ရှင်းပြရတော့သည်။

“မဟုတ်ဘူး၊ ငါအဲ့လိုဆိုလိုတာမဟုတ်ဘူး။ ငါတို့တွဲနေတယ်လို့ သူကဘာလို့ တထစ်ချပြောနေရတာလဲ?”

“မီးပုံးပွဲတော်ညက ငါတို့အတူ အပြင်ထွက်တဲ့ကို သူ့သူငယ်ချင်းက မြင်ပြီး သူ့ဆီပုံပို့လိုက်တယ်တဲ့။”

သို့ပေမည့် ချောင်ဝမ်ရှင်းကတော့ အမှားကြီးမှားနေသည်ဟုသာ ခံစားမိလေသည်။ သူမနှင့် ရှင်းပိုင်တွဲနေခြင်းမဟုတ်ကြောင်း ရှင်းပြဖို့ကြိုးစားပေမည့် သူမရှင်းပြလေ သူတို့အတူအပြင်ထွက်ခဲ့ကြောင်း အတည်ပြုပေးလေသာဖြစ်သွားလေသည်။

“ငါတို့အပြင်ထွက်တယ်ဆိုတာက မိသားစုတွေနဲ့လေ။ ဘာလို့ ငါတို့တွဲနေတာပါလို့ သူက ပြောရတာလဲ?” ရှင်းပိုင်လဲ နားမလည်နိုင်ပေ။

ထိုစကားကြောင့် ကြားထဲတွင် နားလည်မှုလွဲနေခြင်းဖြစ်ကြောင်း အားလုံးသဘောပေါက်သွားတော့သည်။

“အဲ့ဒါတော့ သိမလား!” ချောင်ဝမ်ရှင်း စိတ်မရှည်စွာပြန်ပြောလိုက်သည်။

ထိုအခိုက်တွင်ပဲ ကုနင်းက၊

“နင်တို့နှစ်ယောက်ကို တကယ်လိုက်ဖက်တဲ့အတွဲတွေလို့ ထင်လို့ဖြစ်မှာပေါ့!”

ချောင်ဝမ်ရှင်းရော ရှင်းပိုင်ပါ ရုတ်တရက်ကြောင်အလို့သွားကြပေမည့် ချောင်ဝမ်ရှင်းက အမြန်ပင် ငြင်းဆန်လိုက်သည်။

“မဖြစ်နိုင်တာ! နင်းနင်း၊ ရှောင်းထင်က နင့်အတွက် ပုဇွန်တွေ အများကြီး ခွာပေးထားတာပဲ၊ ဘာလို့ အစားကို အာရုံစိုက်မစားနေတာလဲ!”

ချောင်ဝမ်ရှင်း ငြင်းဆန်လိုက်တာကြောင့် ရှင်းပိုင် အနည်းငယ် စိတ်ပျက်မိသွားကာ ချောင်ဝမ်ရှင်း သူ့ကို အမှန်တကယ် မုန်းတီးနေသည်ဟုလဲ တွေးမိသွားလေသည်။

ကုနင်းကတော့ လင်ရှောင်းထင်ကို အပြစ်ကင်းစင်သည့် မျက်နှာထားလေးဖြင့် ကြည့်လိုက်ကာ၊

“ကျွန်မမှားသွားလို့လား?”

“မင်းမှန်တယ်။” လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။

“ငါလဲ ရှင်းပိုင်နဲ့ ဝမ်ရှင်းဆို လိုက်ဖက်မယ်လို့ ထင်တယ်။” ရှုချင်ယင်းလဲ ရုတ်တရက် ထိုအတွေးက မဆိုးလှဟု ခံစားမိတာကြောင့် ဝင်ပြောလာခဲ့သည်။

“သူတို့မိဘတွေလဲ အဲ့လိုပဲတွေးကြတယ်။” ကုနင်းထပ်ပြောလိုက်ပြန်သည်။

“တော်တော့!” ချောင်ဝမ်ရှင်း ရှက်သွေးရဲလာတော့သည်။

ရှင်းပိုင်ကတော့ တိတ်ဆိတ်နေကာ ထောက်ခံနေသည့်ပုံပင်။ ချောင်ဝမ်ရှင်း၏မိဘများ သူ့ကိုသဘောကျသည်ကိုလဲ သူသိထားလေသည်။ သို့ပေမည့် ချောင်ဝမ်ရှင်းကတော့ သူ့ကိုမကြိုက်ပုံပင်။

အခြားထိုင်နေကြသူများလဲ သူတို့နှစ်ယောက်ကြားမှ လိုက်ဖက်ညီမှုကို သတိပြုမိကြသည်။

All Chapters