အခန်း (၆၃၆-၆၄၀)
Vol. 43 Ch. 636-640
အခန်း ၆၃၆
မင်းစိတ်တိုရင် ထိုးသာထိုးပစ်
အပြစ်ရှိသလိုပဲ ခံစားသွားရ၍ပေလား အခြားအကြောင်းကြောင့်ပေလားမသိ ရှင်းပိုင် အရင်တစ်ခါကမှ မပြောခဲ့ဖူးသည့် လေသံဖြင့် ညင်ညင်သာသာလေး ချောင်ဝမ်ရှင်းကိုပြောလာခဲ့သည်။
“သူမင်းကိုလုပ်ခဲ့တာတွေအတွက် ငါကပဲတောင်းပန်ပါတယ်။ ဒါပေမယ့် အရင်ကတည်းက သူနဲ့ငါ့ကြားမှ ဘာအကြောင်းမှမရှိတော့ပါဘူး။ သူ့ဘာသာ လုပ်နေတာတွေပဲ။”
ချောင်ဝမ်ရှင်း စားနေခြင်းကို ရပ်တန့်လိုက်ရင်း ရှင်းပိုင်ကို လှမ်းကြည့်လိုက်ကာ၊
“ဘာပဲဖြစ်ဖြစ်၊ ကျွန်မကို ဆက်ပြီးမနှောက်ယှက်တော့ဖို့ ပြောလိုက်။ မဟုတ်လို့ကတော့ နောက်တစ်ကြိမ်ဆို ကျွန်မလက်သီးနဲ့တွေ့သွားမယ်လို့။ သူ့အိမ်လိပ်စာကိုလဲ ကျွန်မသိထားပြီးသား။”
“မင်းစိတ်တိုလို့ ထိုးချင်ရင်လဲထိုးလိုက်ပါ။ ကျန်တဲ့ကိစ္စ ငါ့တာဝန်ထားလိုက်။” ရှင်းပိုင် သူပင်မသိလိုက်ဘဲ ချောင်ဝမ်ရှင်းကို အလိုလိုက်နေမိသည်။
ထိုင်နေကြသည့် မိန်းကလေးအချို့မှာတော့ ထိုစကားကြောင့် အနည်းငယ်ပင် ကြောက်လန့်လို့သွားတော့သည်။
သို့ပေမည့် ချောင်ဝမ်ရှင်းသည်တော့ သူမနှလုံးသားက ရုတ်တရက်ခုန်လှုပ်လို့လာလေသည်။ သူမကို အလိုလိုက်သည့်ခံစားချက်က အမှန်တကယ်ကို ပျော်ရွှင်မိစေသည်။ သူမနှလုံးခုန်နှုန်းများ မြန်ဆန်လာကာ ရှင်းပိုင်ကို တည့်တည့်ပင် မကြည့်ရဲတော့ပေ။
သေစမ်း! သူမဘာလို့များ ရှင်းပိုင်လို ချစ်သူတစ်ယောက်ရှိလဲ မဆိုးလှဘူးလို့ တွေးမိသွားရတာလဲ? ရှင်းပိုင်ကို ကြိုက်မိသွားသည်ဟု တွေးမိလိုက်သည်နှင့် ချောင်ဝမ်ရှင်းနေရခက်သွားကာ ရှင်းပိုင်ထံမှ အကြည့်လွှဲပြီး စားသည့်ဘက်သို့သာ အာရုံပြန်စိုက်ထားလိုက်သည်။
ထိုပုံစံကြောင့် ချောင်ဝမ်ရှင်းရှက်သွားတာများလားဟု ရှင်းပိုင်တွေးလိုက်မိသည်။ ဒါပေမယ့် သူကဘာလို့ ရှက်သွားရတာလဲ? ချောင်ဝမ်ရှင်းလဲ သူ့ကိုကြိုက်နေတာများလား။ ထိုသို့တွေးမိသည်နှင့် ရှင်းပိုင် အနည်းငယ် ဝမ်းသာလို့သွားရသည်။
ထပ်ပြီးစားသောက်လိုက်ကြချိန်တွင်ပဲ ချောင်ဝမ်ရှင်း၏ဖုန်းထဲသို့ စာဝင်သံထွက်ပေါ်လာလေသည်။ နံပါတ်စိမ်းမှပို့လာသည့် စာကို ချောင်ဝမ်ရှင်းဖတ်ကြည့်လိုက်ချိန်တွင်တော့ စာထဲတွင် ညစ်ညမ်းသည့်စကားလုံးများစွာအသုံးပြုထားသည်ကိုတွေ့လိုက်ရလေသည်။ ချောင်ဝမ်ရှင်း ချက်ချင်းဆိုသလိုပင် ဒေါသထွက်လို့သွားကာ ရှင်းပိုင်ထံသို့အကြည့်ပို့လိုက်ရင်း၊
“ငါထပ်ပြီး သည်းမခံနိုင်တော့ဘူး။ အခုလဲ သူစာတွေထပ်ပို့နေပြန်ပြီ။ နင် သူနဲ့ခပ်မြန်မြန်ရှင်းမလား ငါအခုချက်ချင်းသူ့ကိုသွားထိုးရတော့မလား?”
ရှင်းပိုင် တခနတွေးလိုက်ကာ၊
“ငါမင်းနဲ့အတူလိုက်ခဲ့မယ်။”
ချောင်ဝမ်ရှင်း နားမလည်စွာနှင့်မေးလိုက်သည်။
“ဘာတုန်း၊ ရှင် အရင် သူနဲ့သွားရှင်းမလို့လား၊ ဒါမှမဟုတ် ကျွန်မနဲ့အတူ လိုက်ထိုးကူမလို့လား?”
ရှင်းပိုင်သာ ဖြေရှင်းဖို့သွားခြင်းဆိုလျှင် ထပ်ပြီး အထင်လွဲမှုတွေ ဖြစ်မလာစေရန်အတွက် သူမလိုက်နေစရာမလိုအပ်ပေ။ ဒါပေမဲ့ သူက မိန်းမတစ်ယောက်ကို လိုက်ထိုးကူမှာတော့မဟုတ်လောက်ပါဘူးနော်?
“ဖြေရှင်းဖို့လေ။ သူလက်မလျှော့သွားဘူးဆိုရင်တော့ မင်းစိတ်ကြိုက် ရိုက်နှက်လို့ရတယ်။” ရှင်းပိုင်ကတော့ သူပြောသမျှထဲတွင် အမှားပါနေသည်ဟု မထင်ခဲ့ပေ။
ထိုစကားကြောင့် အချို့မိန်းကလေးများမှာ ရှင်းပိုင်အပေါ် အတော်လေးအမြင်ဆိုးသွားတော့သည်။
“အဲ့အကြံ ငါတော့ ထောက်ခံတယ်။” ကုနင်း ချောင်ဝမ်ရှင်းကိုပြောလိုက်သည်။ တကယ်တော့ သူမက ရှင်းပိုင်က ချောင်ဝမ်ရှင်းနှင့် အချိန်တချို့အတူရှိနေချင်နေတာကြောင့်ဟု တွေးလိုက်မိတာကြောင့်ဖြစ်သည်။
ထို့နောက် ချောင်ဝမ်ရှင်းနှင့်ရှင်းပိုင်တို့အတူ ထထွက်သွားတော့သည်။
“နင်းနင်း၊ နင်သူတို့ကို အောင်သွယ်ပေးနေတာမဟုတ်လား!” ရှုချင်ယင်း သိနေသည့်ပုံစံဖြင့် မျက်စိတစ်ဖက်မှိတ်ပြရင်းပြောလိုက်သည်။
ကုနင်းလဲပြုံးလိုက်ကာ ဘာမှတော့ပြန်မဖြေခဲ့ပေ။
“ဝမ်ရှင်း တကယ်ကြီး ယွီဝမ်ကျင်းကို သွားချမှာလို့ နင်ထင်လား?” ရှုချင်ယင်းသိချင်စွာဖြင့် မေးလိုက်သည်။
“မပြောတတ်ဘူးလေ။” ကုနင်းထိုသို့ပြောလိုက်ပေမည့် အကယ်လို့များ ချောင်ဝမ်ရှင်း တကယ်ရိုက်နှက်ခဲ့လျှင်လဲ ယွီဝမ်ကျင်းကိုယ်တိုင်က ထိုသို့ဖြစ်လာအောင် လုပ်သူသာဖြစ်ပေလိမ့်မည်။
“မိန်းကလေးကု၊ မိန်းကလေးတစ်ယောက်ကို တခြားမိန်းကလေးတစ်ယောက်ကို သွားရိုက်နှက်ဖို့ မြှောက်ပေးတာ အကြံကောင်းလို့ ထင်နေတာလား? ဒါဥပဒေနဲ့မညီဘူးဆိုတာကော သိရဲ့လား?” သိရူနာ ကုနင်းကို အပြစ်တင်လိုက်သည်။
တကယ်တမ်း ယွီဝမ်ကျင်းကို ရိုက်နှက်မည့်အကြံမှာ ချောင်ဝမ်ရှင်း၏အကြံသာဖြစ်ပေမည့် သိရူနာက တမင်ကို ကုနင်းကသာ ချောင်ဝမ်ရှင်းကို ထိုသိုလုပ်ဖို့ရန် မြှောက်ပေးသူပမာ ပြောဆိုလိုက်ခြင်းဖြစ်သည်။ သိရူနာက ကုနင်းကို ရက်စက်သည့်ပုံစံဖြစ်အောင် ပြောဆိုရင်း သူမကတော့ ကြင်နာသိမ်မွေ့သူတစ်ယောက်ပမာ လင်ရှောင်းထင်ကို ထင်သွားစေကာ သူမအပေါ်ကိုတော့ အကောင်းမြင်ပြီး ကုနင်းကိုတော့ စတင်မုန်းတီးလာစေရန် ရည်ရွယ်ပြောဆိုလိုက်ခြင်းဖြစ်သည်။ သိရူနာသည် အမှန်တကယ်ကို မိုက်မဲလွန်းလှပေသည်။
အခြားမိန်းကလေးအတော်များများသည်လဲ ကုနင်း အခုလို ချောင်ဝမ်ရှင်းကို တခြားမိန်းကလေးတစ်ယောက်အား ရိုက်နှက်ဖို့ရန် မြှောက်ပေးခြင်းက မသင့်တော်ဟုတွေးမိကြပေမည့် ထိုအကြံသည် ချောင်ဝမ်ရှင်း၏ နဂိုအကြံသာဖြစ်ကြောင်းကိုလဲ သိကြလေသည်။
ကုနင်းသည်လဲ သိရူနာ တမင်သက်သက်သူမကို အပြစ်ပုံချလိုနေကြောင်း နားလည်လိုက်သည်။
“မိန်းကလေးသိက အရမ်းကို သည်းခံကြင်နာတတ်သူပဲဖြစ်ရမယ်။ ရှင်က ဘယ်လိုအထင်လွဲမှုမျိုး၊ ညစ်ညမ်းတဲ့စကားမျိုး၊ အနှောက်အယှက်ပေးမှုတွေကိုမဆို အသာတကြည်သည်းခံမှုအပြည့်နဲ့ လက်ခံနိုင်မယ့်သူပဲဖြစ်မယ်။ ဟုတ်တယ်မလား?” ကုနင်း လှောင်ပြောင်သရော်သည့်လေသံလေးဖြင့် ပြန်ပြောလိုက်သည်။
သိရူနာ အတော်လေး မွှန်ထူသွားတော့သည်။ သိရူနာတင်မကဘဲ အခြားလူများသည်လဲ ကုနင်း တမင်သရော်ကာ ပြောလိုက်ခြင်းဖြစ်မှန်း သိကြလေသည်။
ကုနင်းကဆက်ပြီး၊
“ကျွန်မအမြင်အရတော့၊ ကျွန်မကိုဆက်ဆံရင်သဘောမကျနိုင်တဲ့ပုံစံမျိုး ကျွန်မဘက်ကလဲ တခြားလူကို ဘယ်တုန်းကမှ မဆက်ဆံဘူး။ ဒါပေမယ့် တစ်ယောက်ယောက်ကသာ ကျွန်မကို အရင်စပြီး ထိခိုက်အောင် စတင်တိုက်ခိုက်ရဲရင်တော့ သေချာပေါက် အဲ့ဒီလူ သူလုပ်ခဲ့တာထပ်ကို ပြန်ပြီး ပေးဆပ်ရလိမ့်မယ်။” ကုနင်း ချောင်ဝမ်ရှင်းအကြောင်း ပြောသလိုလိုဖြင့် သိရူနာကို သတိပေးလိုက်ခြင်းဖြစ်သည်။
သိရူနာသည်တော့ သူမလင်ရှောင်းထင်ကို နှစ်သက်နေမှန်း ကုနင်းသိပြီးသားဖြစ်သည်ကို မသိထားတာကြောင့် ကုနင်းသူမကို သတိပေးနေခြင်းဖြစ်မှန်းကိုလဲ မသိခဲ့ပေ။
“ဟုတ်တယ်! ယွီဝမ်ကျင်းကိုယ်တိုင်က အရိုက်ခံချင်နေတာ။” ကူအန်းနာလဲ ထောက်ခံလိုက်သည်။
“ငါဆိုလဲ သည်းခံနေနိုင်မှာမဟုတ်ဘူး။” ရှုချင်ယင်း ထိုသို့အဖြစ်အပျက်မျိုးနှင့်မကြုံတွေ့ဖူးသော်လည်း ထိုသို့ အနှောက်အယှက်ပေးကာ ကြမ်းတမ်းသည့်စကားလုံးများဖြင့် စာများပို့ ပြောဆိုလာပါက သူမသည်းခံနေနိုင်မည်မဟုတ်ပေ။
ကူအန်းနာရော ရှုချင်ယင်းကပါ ကုနင်းကိုထောက်ခံနေတာကြောင့် သိရူနာ ဘာပြန်ပြောလို့ပြောရမှန်း မသိတော့ပေ။ တကယ်တမ်း သူမဆိုလဲ ထိုသို့အဖြစ်မျိုးကို သည်းခံပေးနိုင်မည်မဟုတ်ပေ။
စားသောက်ပြီးနောက် အားလုံး လူစုခွဲလိုက်ကြလေသည်။ လင်ရှောင်းထင်ကို ကုနင်းနှင့်တွဲ၍ သိရူနာဘယ်လောက်ပဲ မမြင်ချင်နေပါစေ အခုချိန်တွင် သူမလုပ်နိုင်တာ ဘာဆိုဘာမှမရှိပေ။
“မင်း လင်ဖိုးဖိုးအိမ်ကို သွားလည်သင့်တယ်မဟုတ်ဘူးလား?” ရှုကျင်းချန် လင်ရှောင်းထင်ကို အသိပေးဟန်ဖြင့်မေးလိုက်သည်။ လင်ရှောင်းထင်သည် အရင်ကဆိုလျှင် မြို့တော်သို့ပြန်လာတိုင်း သခင်ကြီးလင်ဆီသို့ တစ်ကြိမ်လောက်တော့ အမြဲသွားမြဲဖြစ်သည်။ သို့ပေမည့် အခုတော့ ကုနင်းနှင့်သာ စက္ကန့်မလပ် ပူးကပ်လို့နေပေသည်။
ရှုကျင်းချန် အပြစ်တင်လိုခြင်းမဟုတ်ဘဲ လင်ရှောင်းထင် မြို့တော်ကို ပြန်ရောက်နေတာတောင်မှ အဖိုးဖြစ်သူထံ တစ်ခေါက်တောင် သွားမလည်လျှင်က မသင့်တော်လှတာကြောင့် သတိပေးရခြင်းဖြစ်သည်။
လင်ရှောင်းထင်လဲ ထိုတော့မှ သူ့အဖိုးထံ မသွားရသေးမှန်း သတိရသွားကာ၊
“အွန်း၊ ခနနေသွားလိုက်မယ်။”
ထို့နောက် ကုနင်းနှင့်လင်ရှောင်းထင်တို့ အိမ်ပြန်လာခဲ့ကြသည်။
……
ရှင်းပိုင်သည်တော့ ဟိုတယ်မှထွက်လာသည်နှင့် ယွီဝမ်ကျင်းကို ဖုန်းဆက်လှမ်းခေါ်လိုက်သည်။
ရှင်းပိုင် ဖုန်းဆက်လာတာကြောင့် ယွီဝမ်ကျင်း အလွန်ပျော်ရွှင်လို့သွားကာ ရှင်းပိုင်က သူမကို ကော်ဖီဆိုင်တွင် တွေ့ဖို့ရန်ပင် ချိန်းလိုက်သေးသည်။
ရှင်းပိုင် သေချာပေါက် စိတ်ပြန်လည်လာကာ သူမအနားပြန်လာချင်နေခြင်းကြောင့် ခေါ်တွေ့ခြင်းသာဖြစ်မည်ဟု ယွီဝမ်ကျင်း တထစ်ချယုံကြည်နေခဲ့သည်။
“သူလာလိမ့်မယ်။” ရှင်းပိုင် ဖုန်းချလိုက်ပြီးနောက် ချောင်ဝမ်ရှင်းကို ပြေလိုက်သည်။
***
အခန်း ၆၃၇
မင်းကိုမြင်ရုံနဲ့ကို အန်ချင်တယ်
“သူနဲ့နင့်ရဲ့အချစ်ရေးမှာ အလိမ်အညာတွေရှိခဲ့ပုံပဲ။ ငါတို့ကြား ဘာကိစ္စမှမရှိထားတာတောင် ငါ့ကို ထပ်ခါထပ်ခါလိုက်နှောက်ယှက်နေတာ အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ!” ချောင်ဝမ်ရှင်း အမှန်တကယ်စိတ်ရှုပ်ထွေးနေဟန်ဖြင့်ပြောလိုက်သည်။
“မင်း ဒီလောက်ထိ ပြင်းပြင်းထန်ထန်တုန့်ပြန်ဖို့လိုလို့လား? ငါတို့ကြားမှာ တစ်ခုခုဖြစ်လာမှာကို ဒီလောက်တောင် မုန်းတယ်ပေါ့?” ရှင်းပိုင် စနောက်လိုက်ရင်း ချောင်ဝမ်ရှင်း ငြင်းဆန်လိုက်ဖို့ကိုလဲ မျှော်လင့်လို့နေခဲ့သည်။
ထိုစကားကိုကြားသည်နှင့် ချောင်ဝမ်ရှင်းလဲ အမှန်တကယ် ငြင်းဆန်ခဲ့ပါသည်။
“ငါတို့ကြား တစ်ခုခုဖြစ်လာမှာကို မုန်းလို့မဟုတ်ပါဘူး။ ယွီဝမ်ကျင်း လိုက်နှောက်ယှက်နေတာကိုပဲ စိတ်ရှုပ်တာ။”
ချောင်ဝမ်ရှင်း သူ့ကိုမမုန်းမှန်းသိလိုက်ရ၍ ရှင်းပိုင် အလွန်ပျော်ရွှင်သွားတော့သည်။
ကော်ဖီဆိုင်သို့ ရှင်းပိုင်နှင့် ချောင်ဝမ်ရှင်း အရင်ဆုံးရောက်လာခဲ့ကာ တစ်စားပွဲတည်း အတူမထိုင်ခဲ့ပေ။
အရင်ဆုံးရှင်းပိုင်က ယွီဝမ်ကျင်းနှင့် စကားပြောကြည်ဦးမည်ဖြစ်ကာ ယွီဝမ်ကျင်းသာ သူတို့ကို ဆက်ပြီးနှောက်ယှက်နေဦးမည်ဆိုမှ သူမကို ဆုံးမရန်အတွက် ချောင်ဝမ်ရှင်း ထွက်လာမည်ဖြစ်သည်။
ချောင်ဝမ်ရှင်းသာ တကယ်ပဲ ယွီဝမ်ကျင်းကို ရိုက်ခဲ့မည်ဆိုလျှင် ရှင်းပိုင်ကတော့ ဝင်ပါမည်မဟုတ်ပေ။ ဤကဲ့သို့ ချောင်ဝမ်ရှင်း ယွီဝမ်ကျင်းကို ဆုံးမသည့်အပေါ် ရှင်းပိုင် သဘောတူလက်ခံနေခြင်းက ရှင်းပိုင်၏အမှားဟု ဆို၍မရဘဲ ယွီဝမ်ကျင်းကိုယ်တိုင်ကိုက အနာခံချင်နေခြင်းသာဖြစ်သည်။ အခုကတည်းကသာ သင်ခန်းစာကောင်းကောင်းမပေးထားလျှင် နောက်ဆက်ပြီး ယခုထက်ပို၍ စိတ်ရှုပ်စရာကောင်းသည်များပင် လုပ်လာနိုင်ပေသည်။
ထိုအချိန်တွင် ကော်ဖီဆိုင်ထဲ၌ လူလဲ သိပ်မရှိနေခဲ့ပေ။
မကြာခင်တွင်ပဲ ယွီဝမ်ကျင်း ဆိုင်ထဲသို့ဝင်လာခဲ့ကာ ရှင်းပိုင်ကို မြင်လိုက်သည်နှင့် အလွန်စိတ်လှုပ်ရှားသွားပြီး၊
“ရှင်းပိုင်၊ မတွေ့တာ….”
“ထိုင်ဦး!” ယွီဝမ်ကျင်း စကားမဆုံးသေးခင်တွင်ပဲ ရှင်းပိုင် အေးစက်စက်အမူအရာဖြင့် ကြားဖြတ်ပြောလိုက်သည်။
ယွီဝမ်ကျင်းကတော့ သိပ်ပြီးတွေးမနေဘဲ ချက်ချင်း ထိုင်ပေးလိုက်ပေသည်။
“ယွီဝမ်ကျင်း၊ မင်း ချောင်ဝမ်ရှင်းကို နှောက်ယှက်နေတယ်ဆို?” ယွီဝမ်ကျင်း ဝင်ထိုင်ပြီးပြီးချင်း ရှင်းပိုင် အမေးစကားလုံးဖြင့် စကားဝိုင်းကို အသက်သွင်းလိုက်သည်။
ထိုစကားကြောင့် ယွီဝမ်ကျင်းမျက်နှာပေါ်မှ ပျော်ရွှင်စိတ်လှုပ်ရှားနေသည့် အပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။ ရှင်းပိုင် သူမကို အခုလိုခေါ်တွေ့ခြင်းက ချောင်ဝမ်ရှင်းကြောင့် ဖြစ်နေမည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ အခုလို အခြေအနေကြောင့် ရှင်းပိုင် ချောင်ဝမ်ရှင်းနှင့် တွဲနေခြင်းသာဖြစ်မည်ဟု သေချာသွားတော့သည်။
“ငါ့ကို ဒီကိစ္စအတွက်နဲ့ခေါ်လိုက်တာပေါ့?” ယွီဝမ်ကျင်း သူမထင်သလို ဖြစ်မလာသည့်အတွက် စိတ်ပျက်သလို ဒေါသလဲ ထွက်သွားရသည်။
“ဟုတ်တယ်။”
ယွီဝမ်ကျင်း အလွန် ရင်နာသွားကာ ဒေါသဖြင့်၊
“နင့်ကို ငါ့ဆီကလုသွားလို့ သူ့ကိုပြန်ပြီး ပညာပေးနေတာလေ! ငါဘာမှားနေလို့လဲ? နင်သူ့ကို တကယ်ကြိုက်နေတာလား? သူနဲ့တကယ်တွဲနေကြတာလား? ဘာလို့ သူ့ကို ဒီလောက်တောင် ဂရုစိုက်ပေးနေရတာလဲ?” သူမ ချောင်ဝမ်ရှင်းကို နှောက်ယှက်နေခဲ့ခြင်းအား ယွီဝမ်ကျင်း မငြင်းဆန်ခဲ့ပေ။
အနားရှိအခြားစားပွဲတွင်ထိုင်နေသည့် ချောင်ဝမ်ရှင်းကတော့ သူမမျက်လုံးကိုသာ ဝေ့လိုက်မိတော့သည်။ ယွီဝမ်ကျင်းက သူမတို့အတူရှိနေသည့် ဓါတ်ပုံလေးတစ်ပုံကို ရလိုက်ရုံနှင့် သူမက ရှင်းပိုင်ကို လုယူသွားပါသည်ဟု တထစ်ချကောက်ချက်ချလိုက်ခြင်းက အမှန်ကို ရယ်စရာကောင်းလှပေသည်။
“ဒါ မင်းကိစ္စမဟုတ်ဘူး!” ရှင်းပိုင် အခုလောက်အထိ သူလုပ်ခဲ့ဖူးသည့်လုပ်ရပ်အပေါ် မစက်ဆုပ်ဖူးပေ။ သူဘယ်လိုကြောင့်များ ဒီလိုတစ်ကိုယ်ကောင်းဆန်သည့် မိန်းမပျက်တစ်ယောက်ကို ချစ်မိသွားခဲ့ရတာများလဲ?
“နင်က ငါ့အပိုင်ပဲ!” ယွီဝမ်ကျင်း အော်ဟစ်လိုက်သည်။ သူမ ရှင်းပိုင်နှင့် လမ်းခွဲခဲ့သည်မှာ နှစ်ပေါက်နေပြီကိုပင် လုံးဝမေ့လျော့သွားပုံရပေသည်။
“ငါက မင်းအပိုင်? ဟုတ်လား? အဓိကပ္ပါယ်မရှိလိုက်တာ! ငါတို့ လမ်းခွဲထားတာဖြင့် နှစ်တွေကြာနေပြီ၊ ပြီးတော့ ငါ့ကို စွန့်ပစ်သွားတာလဲ မင်းပါနော်။” ရှင်းပိုင် ပြောလိုက်သည်။
“ငါ အခုနောင်တရနေပြီလေ။ ပြီးနော့ နင့်ကိုလဲ ချစ်နေတုန်းပဲ၊ နင့်ကိုပြန်လိုချင်နေတုန်းပဲ။” ယွီဝမ်ကျင်းမှာ သူမဘက်က ရှင်းပိုင်ကို ချစ်နေသေးသ၍ ရှင်းပိုင်က အချိန်မရွေး သူမအလိုအတိုင်း ပြန်လက်ခံပေးမည်ဟု ကိုယ့်ကိုကိုယ် အထင်ကြီးနေခြင်းဖြစ်သည်။
ထိုစကားများကြောင့် ယွီဝမ်ကျင်း တော်တော်အရှက်မရှိပါလား ဟု ချောင်ဝမ်ရှင်းတွေးလိုက်မိသည်။
ရှင်းပိုင်လဲ အတော်လေးစိတ်ရှုပ်ထွေးလို့နေပြီဖြစ်ကာ၊
“ငါ တခါမှ မင်းလောက်အရှက်မဲ့တဲ့မိန်းမမျိုး မတွေ့ဖူးခဲ့ဘူး! မင်းကိုယ်မင်း ဘာများထင်နေလဲ? မင်းကိုမြင်ရတာနဲ့ကို အန်ချင်လာပြီ!”
ချောင်ဝမ်ရှင်းတစ်ယောက် သူမရင်ထဲမှနေပြီး ရှင်းပိုင်ကို လက်မကြီးကြီးထောင်ပေးလိုက်သည်။
လွန်ခဲ့သည့် ၅နှစ် ရှင်းပိုင် မီးတောက်နီအဖွဲ့ကို စတင်ဝင်ရောက်စဉ်က သူ၏အထူးရာထူးအကြောင်းကို မိသားစုအပါအဝင်ဘယ်သူ့ကိုမှ ပြောပြနိုင်ခြင်းမရှိပေ။ ယွီဝမ်ရှင်းနှင့် ဆုံတွေ့ခဲ့ချိန်ကတော့ လွန်ခဲ့သည့်၄နှစ်ကဖြစ်ကာ သူမကို သူက သာမာန်စစ်သားတစ်ဦးဟုသာ ပြောပြထားခဲ့လေသည်။
အစပိုင်းတွင်တော့ ယွီဝမ်ကျင်းသည် ရှင်းပိုင်၏ဂုဏ်ယူစရာအလုပ်အကိုင်အတွက် လေးစားသဘောကျခဲ့ပေမည့် မကြာခင်တွင်ပဲ ရှင်းပိုင် လစာများများမရတာကြောင့် အထင်အမြင်သေးလာခဲ့သည်။ ထို့နောက်တွင်တော့ ရှင်းပိုင်နှင့်တောင် လမ်းမခွဲရသေးခင်တွင်ပဲ အခြားလူချမ်းသာတစ်ဦးနှင့် ဖောက်ပြန်တော့သည်။
ရှင်းပိုင်ကတော့ သူ ယွီဝမ်ကျင်းအိမ်သို့ သွားမလည်ခင်အထိ သတိမထားမိခဲ့ပေ။ ထို့အတွက်ကြောင့် ယွီဝမ်ကျင်းသည် သူကို ပထမဦးစွာ ပစ်ပယ်ခဲ့သူဖြစ်ရုံမက သူ့ကို အရှက်ခွဲခဲ့သူလဲဖြစ်သေးသည်။
လအနည်းငယ်ကြာပြီးနောက်တွင်တော့ ယွီဝမ်ကျင်းလဲ ထိုလူချမ်းသာထံမှ စွန့်ပစ်ခြင်းကို ခံခဲ့ရပေမည့် ထိုသို့ထားခဲ့ခံရပြီး လပိုင်းလောက်အကြာတွင်ပဲ နောက်ထပ် လူချမ်းသာတစ်ဦးနှင့် ဇာတ်လမ်းရှိလာခဲ့ပြန်သည်။ အချိန်အတော်ကြာသည့်နောက်တွင်တော့ သူမ၏သူငယ်ချင်းတစ်ဦးထံမှ ရှင်းပိုင်သည် တကယ်တမ်း စစ်တပ်မှ ရာထူးမြင့်သည့် အရာရှိတစ်ဦးဖြစ်နေကြောင်း ကြားသိခဲ့ရတာကြောင့် ချက်ချင်းပင် ရှင်းပိုင်ကို ပြန်လည်ရှာဖွေတော့သည်။
ရှင်းပိုင်သည် သူ၏ချစ်သူမိန်းကလေး လူဘယ်နှယောက်နှင့်ပဲ အိပ်ခဲ့ပါစေ စိတ်ထဲထားမည့်သူမဟုတ်ပေမယ့် သစ္စာဖောက်ခြင်းကိုတော့ လက်ခံနိုင်သူမဟုတ်ပေ။ ထို့အပြင် ယွီဝမ်ကျင်းသည် အလွန်ပုပ်ပဲ့နေသည့် မိန်းမတစ်ယောက်ဖြစ်ကာ အခုချိန်တွင် သူမကို မြင်နေရရုံဖြင့်ကို အန်ချင်လာမိသည်အထိ စက်ဆုပ်ရွံ့ရှာရသည်။
“နင်….” ယွီဝမ်ကျင်း မျက်ရည်ပိုးပိုးပေါက်ပေါက်ကျဆင်းလာကာ သူမကပဲ အပြစ်ကင်းနေသည့် လူသားတစ်ဦးနှယ်၊
“နင် ငါ့ကို ဘယ်လိုလုပ်များ ဒီလိုမျိုးပြောရက်ရတာလဲ?”
“ဟန်ဆောင်မနေနဲ့တော့! မင်းပြီးခဲ့တဲ့ ၂နှစ်အတွင်း ဘာတွေလုပ်နေခဲ့လဲဆိုတာ ငါပြန်မပြောပြရင်တောင် ရှင်းရှင်းကြီးသိမှာပါ။ ဘာလဲ ငါကိုယ်တိုင် တစ်ချက်ခြင်းပြန်ပြောပြပေးရဦးမှာလား?” ရှင်းပိုင် အလွန်အမင်းအထင်သေးစက်ဆုပ်နေဟန်ဖြင့် ပြောလိုက်သည်။
ရုတ်တရက်ဆိုသလို တစ်ဖက်မှ ချောင်ဝမ်ရှင်းလဲ ပြီးခဲ့သည့်၂နှစ်အတွင်း ယွီဝမ်ကျင်း ဘာတွေများ လုပ်ခဲ့လို ရှင်းပိုင် အခုလို စက်ဆုပ်နေရလဲဆိုသည်ကို သိချင်လာမိသည်။
မဟုတ်မှ၊ သူမ တခြားယောက်ျားတစ်ယောက်ရဲ့ မယားငယ်ဖြစ်ခဲ့တာများလား? ချောင်ဝမ်ရှင်း တွေးလိုက်မိသည်။
ယွီဝမ်ကျင်း၏အသားများ ဆတ်ခနဲ တုန်ရီလို့သွားကာ မျက်နှာသည်လဲ အလွန်ဖြူဖျော့သွားတော့သည်။ တကယ်တမ်း သူမကိုယ်တိုင်လဲ လွန်ခဲ့သည့်၂နှစ်အတွင်း သူမလုပ်ခဲ့သည့် ကိစ္စများကို ပြန်စဉ်းစားမိချိန်၌ ကိုယ့်ကိုကိုယ် စက်ဆုပ်မိပေသည်။ လွန်ခဲ့သည့် ၂နှစ်အတွင်း သူမ လူချမ်းသာများစွာ၏ အိပ်ယာပေါ်သို့ တွယ်တက်ခဲ့ပေမည့် ဘယ်သူကမှ သူမကို စိတ်ရင်းစိတ်မှန်ဖြင့် ကောင်းမွန်စွာ ဆက်ဆံပေးခြင်းမရှိခဲ့ဖူးပေ။ သူမကိုယ်တိုင်ကလဲ ငွေအတွက် ခန္ဓာကိုယ်ကို ရောင်းစားခြင်းသာ ဖြစ်တာကြောင့် ထိုအတွက် စိတ်ထဲသိပ်ထားမနေခဲ့ပေ။ သို့ပေမည့် မကြာခင်တွင်ပဲ သူမသူငယ်ချင်းထံမှ ရှင်းပိုင်သည် ရာထူးမြင့်သူတစ်ယောက်မှန်း ကြားသိခဲ့လိုက်ရသည်။
***
အခန်း ၆၃၈
ဆေးလိပ်ပြာခွက်
ရာထူးမြင့်သည်ဆိုခြင်းက အခုချိန် ရှင်းပိုင်သည် အကြီးတန်းစစ်အရာရှိတစ်ဦးဖြစ်နေခြင်းဟု ဆိုလိုခြင်းသာ။ ထို့အတွက်ကြောင့် ရှင်းပိုင်နားပြန်ရောက်စေရန် ယွီဝမ်ကျင်း နည်းမျိုးစုံသုံးကြိုးစားခဲ့သလို သူမကိုယ်တိုင်လဲ ရှင်းပိုင်ကို အမှန်တကယ်ချစ်နေသေးပေသည်။ သို့ပေမည့် ရှင်းပိုင်ကတော့ သူမကို မြင်ရုံဖြင့် အန်ချင်စရာကောင်းအောင် စက်ဆုပ်သည်ဟု ပြောလာခဲ့တာကြောင့် သူမလို အလွန်တစ်ကိုယ်ကောင်းဆန်သူမျိုးပင်လျှင် စိတ်ထိခိုက် နောင်တရသွားရသည်။
“ယွီဝမ်ကျင်း၊ ချောင်ဝမ်ရှင်းကို နှောက်ယှက်နေတာ ချက်ချင်းရပ်တန်းကရပ်လိုက်တော့။ သူက မင်းသွားရှုပ်လို့ရတဲ့ လူမျိုးမဟုတ်ဘူး။ ကိုယ့်ကိုကိုယ်ရော မင်းမိသားစုကိုပါ ဆွဲထည့်ပြီး အထိနာအောင် မလုပ်ချင်နဲ့။” ရှင်းပိုင် လေးနက်သည့်အကြည့်ဖြင့် ယွီဝမ်ကျင်းကို သတိပေးလိုက်သည်။
ယွီဝမ်ကျင်းကတော့ သူမကြားရသည်ကို မယုံကြည်နိုင်ခဲ့ပေ။
“သူ့အတွက်နဲ့ ငါ့ကိုခြိမ်းခြောက်နေတယ်ပေါ့?” ရှင်းပိုင်က သူမအပိုင်ဖြစ်တာကြောင့် ယခုလိုမျိုး ဆက်ဆံမလာသင့်ဟု ယွီဝမ်ကျင်း ယုံကြည်နေစဲဖြစ်သည်။
“ယွီဝမ်ကျင်း၊ ငါဒီလောက်ပဲပြောမယ်။ မင်းလုပ်ရပ်တွေကို အခုချက်ချင်းရပ်လိုက်တော့၊ ကိုယ့်သေတွင်းကို ကိုယ်တူးချင်မနေနဲ့။” ယွီဝမ်ကျင်းဘက်က သူ့စကားကို နားမထောင်ဘူးဆိုမှတော့ ရှင်းပိုင်လဲ သူမနှင့်ဆက်ပြီး အချိန်မဖြုန်းလိုတော့ပေ။ ထို့နောက် သူ မတ်တပ်ထရပ်လိုက်ကာ ထွက်သွားဖို့ပြင်လိုက်သည်။ ထွက်သွားမည်ဆိုခြင်းက ချောင်ဝမ်ရှင်းထံသို့ သွားခြင်းသာဖြစ်သည်။
“ရှင်းပိုင်!” ယွီဝမ်ကျင်း အလွန်မုန်းတီးနေဟန်ဖြင့် ရှင်းပိုင်ကို အော်ဟစ်တားလိုက်ကာ၊
“နင် သူ့ကို ဒီလောက်တောင် ဂရုစိုက်နေမှတော့ ငါလဲ သေချာပေါက် သူ့ဘဝကို ဖျက်ဆီးပစ်နိုင်ရမယ်လို့ ကျိန်တယ်။”
ရှင်းပိုင် ချက်ချင်းပင် ဒေါသတကြီးနှင့် ယွီဝမ်ကျင်းအား ပြန်လှည့်ကြည့်လိုက်တာကြောင့် ယွီဝမ်ကျင်း ကြောက်ရွံ့သွားမိပေသည်။
“မင်းကများ!” အလွန်အမင်း အေးစက်မာကြောလှသည့် လေသံဖြင့် ရှင်းပိုင်ပြောလိုက်သည်။ ဒီလောက်အထိ ရှင်းပိုင် ဒေါသထွက်သည်မျိုး သူမတစ်ခါမှမမြင်ခဲ့ဖူးပေ။ ရှင်းပိုင် အမှန်တကယ်ကို ယွီဝမ်ကျင်းအား စိတ်တိုလွန်းလို့သာ အစောကစကားများကို ပြောခဲ့ခြင်းဖြစ်ပေမည့် ဒေါသကိုတော့ ချုပ်တည်းထားနိုင်ခဲ့သည်။ သို့ပေမည့် ချောင်ဝမ်ရှင်းကို ဒုက္ခပေးမည်ဟု ယွီဝမ်ကျင်းပြောလိုက်ချိန်တွင်တော့ သူ၏ထိန်းချုပ်နိုင်စွမ်းများလွတ်ထွက်သွားတော့သည်။ ထိုအချက်ကို ကြည့်ရုံဖြင့် ရှင်းပိုင် ဘယ်လောက်တောင် ချောင်ဝမ်ရှင်းအား အလေးပေးဂရုစိုက်သည်ကို ပေါ်လွင်စေပေသည်။
ယွီဝမ်ကျင်းအလေးကြောက်လန့်သွားပြီဖြစ်ပေမည့် စိတ်လွတ်နေကာ ဆက်ပြီးခြိမ်းခြောက်လိုက်သည်။
“စောင့်ကြည့်လိုက်လေ! သူတင်မကဘူး၊ နင့်နားကပ်တဲ့မိန်းမတိုင်းရဲ့ဘဝကို ဖျက်ဆီးပစ်မှာ! နင့်ဘဝ မကောင်းမွန်စေရဘူး!”
ချောင်ဝမ်ရှင်း ဆက်ပြီး နားထောင်မနေနိုင်တော့တာကြောင့် ချက်ချင်းမတ်တပ်ထရပ်ကာ သူတို့နားသို့လျှောက်သွားခဲ့သည်။
“အို! ပြောစမ်းပါဦး၊ နင်က ဘယ်လိုများ ငါ့ဘဝကို ဖျက်ဆီးမှာလဲ?”
ချောင်ဝမ်ရှင်း ရုတ်တရက်ထွက်ပေါ်လာတာကြောင့် ယွီဝမ်ကျင်း ရူးသွပ်လို့သွားတော့သည်။ ရှင်းပိုင်က တကယ်ပဲ ချောင်ဝမ်ရှင်းနဲ့အတူရှိနေတာပေါ့! ယွီဝမ်ကျင်း ချက်ချင်းပင် စားပွဲပေါ်မှ ဆေးလိပ်ပြာခွက်ကို ဆွဲယူကာ ချောင်ဝမ်ရှင်းထံသို့ ပစ်ပေါက်လိုက်တော့သည်။
ထိုအချင်းအရာကြောင့် ရှင်းပိုင် အလျင်အမြန်ပင် ချောင်ဝမ်ရှင်းအနားသို့ပြေးသွားကာ ရင်ခွင်ထဲသို့ထည့်ရင်း ဆေးလိပ်ပြာခွက်ရန်မှ ကာကွယ်ပေးလိုက်လေသည်။ ကျယ်လောင်သည့်အသံတစ်ခုနှင့်အတူ ဆေးလိပ်ပြာခွက်မှာ ရှင်းပိုင်၏ ဦးခေါင်းနှင့် ရိုက်မိသွားခဲ့ကာ သွေးများလဲ ချက်ချင်းစီးကျလို့လာတော့သည်။ သွေးများမှာ ရှင်းပိုင်၏ဆံပင်များကို ဖြတ်စီးရင်း လည်ကုတ်မှတစ်ဆင့် မီးခိုးရောင် ရှပ်အင်္ကျီကို စက္ကန့်ပိုင်းအတွင်းမှာပဲ ရဲရဲနီသွားစေတာကြောင့် ဘယ်လောက်တောင် ထိသွားလဲ သိသာလှပေသည်။
အသံကြားတာကြောင့် ဆိုင်ထဲမှလူများလဲ သူတို့ထံသို့ ဝိုင်းကြည့်လာခဲ့ကာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အလွန်ထိတ်လန့်သွားကြတော့သည်။
ယွီဝမ်ကျင်းသည်တော့ ကြောင်အနေခဲ့ကာ ချောင်ဝမ်ရှင်းသည်တော့ ရှင်းပိုင် သူမကို ကာကွယ်ပေးခဲ့ခြင်းကြောင့် အလွန်အမင်းအံ့အားသင့်လို့နေပေသည်။
တကယ်တော့ ချောင်ဝမ်ရှင်း သူမဘာသာဆိုလဲ ဆေးလိပ်ပြာခွက်ကို ရှောင်နိုင်ပေမည့် ရှင်းပိုင်က သူမမရှောင်ရသေးခင်တွင်ပဲ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းနှင့်ပြီးဖြစ်နေသည်။ ရှင်းပိုင်၏ အပြုအမူကြောင့် ချောင်ဝမ်ရှင်း အံ့ဩသွားမိသလို ရင်ထဲ၏လှိုင်းလေးတစ်လှိုင်းဖြစ်တည်သွားခဲ့ပေသည်။
“ဘာတွေဖြစ်ကုန်တာလဲ?” စားပွဲထိုးတစ်ဦး ရောက်လာခဲ့ကာ မြင်ကွင်းကြောင့် သူလဲ ထိတ်လန့်သွားခဲ့သည်။
စားပွဲထိုး၏အသံကိုကြားကာမှ ချောင်ဝမ်ရှင်းတစ်ယောက် အသိပြန်ကပ်သွားပြီး ရှင်းပိုင်ကို တုန်တုန်ရီရီဖြင့် မေးလိုက်သည်။
“အ-အဆင်ပြေရဲ့လား?”
ရှင်းပိုင် ပြန်မဖြေရသေးခင်တွင်ပဲ တစ်ဖန် စားပွဲထိုးအား သူမအော်ပြောလိုက်ပြန်သည်။
“ဆေးရုံကားခေါ်လေ!”
“ဟုတ်သားပဲ-ဟုတ်သားပဲ!” ထိုတော့မှ စားပွဲထိုးလဲ အလျင်အမြန် ဖုန်းဆက်တော့သည်။
“ငါ-ငါ-ငါနင့်ကို ထိခိုက်စေဖို့ မရည်ရွယ်ခဲ့ပါဘူး။” ယွီဝမ်ကျင်း ကြောက်လန့်တုန်ရီစွာဖြင့် ရှင်းပိုင်အနားသို့ လျှောက်လာကာ၊
“ရှင်းပိုင်….”
ချောင်ဝမ်ရှင်း ဒေါသတကြီးနှင့် ယွီဝမ်ကျင်းကို ကန်ထုတ်လိုက်သည်။
ယွီဝမ်ကျင်းသည် ပိန်ပါးသည့် မိန်းကလေးတစ်ဦးဖြစ်တာကြောင့် ချောင်ဝမ်ရှင်းကို လုံးဝမယှဉ်နိုင်ပေ။ သူမ၏အစာအိမ်နေရာသို့ အကန်ခံလိုက်ရတာကြောင့် တုန်ရီစွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီးနောက် ဆိုဖာနှင့်ပါ တိုက်မိကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ထိုသို့ ပြင်းပြင်းထန်ထန်အကန်ခံလိုက်ရခြင်းကြောင့် ယွီဝမ်ကျင်းအလွန်နာကျင်သွားကာ ချက်ချင်းပြန်ပြီး မလှုပ်ရှားနိုင်တော့ပေ။
ဆိုင်ထဲမှလူတိုင်း ထပ်ကာ ထိတ်လန့်သွားရပြန်သည်။
“ငါအဆင်ပြေတယ်။” ရှင်းပိုင် ပြန်ဖြေလိုက်သည်။ သူအနည်းငယ်မူးသွားသော်လည်း ဒဏ်ရာကတော့ မပြင်းထန်လှပေ။
သို့ပေမယ့် ချောင်ဝမ်ရှင်းကတော့ ဒေါသထွက်လို့သွားကာ ရှင်းပိုင်ကို တွန်းထုတ်လိုက်ပြီး၊
“ဘာလဲ? သူ့ကို ကာကွယ်ပေးချင်နေတာလား? ငါအခုမှ သူ့ကိုတစ်ချက်လေးပဲ ကန်ရပါသေးတယ်။”
“အဲ့လိုမဟုတ်ပါဘူး။” ရှင်းပိုင်မှာ ချောင်ဝမ်ရှင်း စိုးရိမ်နေမည်စိုး၍ အဆင်ပြေကြောင်း ပြောပြလိုခြင်းသာဖြစ်သည်။
“ဒါဆို ဘာအဓိပ္ပါယ်လဲ?” ချောင်ဝမ်ရှင်းကတော့ သူ့ကို လွယ်လွယ်အလွတ်ပေးမည့်ဟန်မပေါ်ပေ။
“မင်း ငါ့အတွက် မစိုးရိမ်စေချင်ရုံပါ။”
ထိုစကားကြောင့် ချောင်ဝမ်ရှင်း၏နှလုံးသားလေး တစ်ချက်ထပ်မံခုန်လှုပ်လို့သွားပြန်လေသည်။
“ဘာတွေဖြစ်နေတာလဲ?” ဆိုင်မန်နေဂျာ အလောတကြီးရောက်ရှိလာခဲ့သည်။
ရှင်းပိုင်၏ အင်္ကျီကော်လံမှသွေးများကို မြင်နေရခြင်းကြောင့် ချောင်ဝမ်ရှင်း အလွန်စိတ်မကောင်းဖြစ်နေမိကာ မန်နေဂျာ၏အမေးကို လျစ်လျူရှုရင်း ရှင်းပိုင်ကိုသာ ထိုင်နိုင်အောင် ကူညီပေးလိုက်ပေသည်။
“ခနထိုင်နေလိုက်ဦး။” ထို့နောက် မန်နေဂျာဘက်သို့ လှည့်ကြည့်လိုက်ရင်း။
“တဘက်သန့်သန့်လေးတစ်ထည်လောက်ယူပေးပါ။”
မန်နေဂျာလဲ ချက်ချင်းပင် စားပွဲထိုးအား ပြောသည့်အတိုင်း လုပ်ပေးရန်ညွှန်ကြားလိုက်သည်။
ရှင်းပိုင်သည်တော့ ချောင်ဝမ်ရှင်း သူ့အတွက်စိုးရိမ်ပူပန်ပေးနေတာကြောင့် ရွှင်မြူးလို့နေသည်။
ချောင်ဝမ်ရှင်းမှာတော့ ကုနင်းအကြောင်းသာတွေးလိုက်မိသည်။ ကုနင်းက လူတွေကို ကယ်ဆယ်သည့်နေရာတွင် တော်သည်မဟုတ်ပါလား။
ကုနင်း ချောင်ဝမ်ရှင်းထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိချိန်တွင် သူမမှာ အိမ်ထဲ၌ လင်ရှောင်းထင်နှင့် အနမ်းဖလှယ်နေခဲ့ခြင်းဖြစ်တာကြောင့် ယခုလို ကြားဖြတ်နှောက်ယှက်ခံလိုက်ရ၍ လင်ရှောင်းထင် အတော်လေးမကျေမနပ်ဖြစ်လို့သွားတော့သည်။ ထိုသို့ဆိုလျှင်ပင် ကုနင်း ဖုန်းဖြေသည်ကို မတားမြစ်ခဲ့ပေ။
“ဟိုင်း!” ကုနင်းဖုန်းကိုင်လိုက်သည်။
“နင်းနင်း၊ ရှင်းပိုင် ဆေးလိပ်ပြာခွက်ကြောင့် ခေါင်းထိသွားလို့။ နင်အခုဘယ်မှာလဲ? လာကူညီပေးလို့ရလား?” ချောင်ဝမ်ရှင်း၏အသံမှာ တုန်ရီလို့နေလေသည်။
ထိုစကားကြောင့် ကုနင်းလဲ စိုးရိမ်သွားကာ၊
“အခု ဘယ်မှာလဲ?”
“XXလမ်းက ကော်ဖီဆိုင်မှာ၊ ဒါပေမယ့် လူနာတင်ယာဉ်က ရောက်တော့မှာဆိုတော့ အနားက အမှတ်၁၀ဆေးရုံမှာပဲ တွေ့ကြရအောင်။”
“ကောင်းပြီ၊ ငါအခုပဲ လိုက်လာခဲ့မယ်။” ကုနင်း ဖုန်းချလိုက်ပြီးသည်နှင့် ချက်ချင်းပင် လင်ရှောင်းထင်နှင့် ထွက်လာခဲ့ကြသည်။
၇မိနစ်လောက်အကြာတွင်တော့ ကော်ဖီဆိုင်သို့ လူနာတင်ယာဉ်ရောက်ရှိလို့လာခဲ့ပေသည်။
***
အခန်း ၆၃၉
လက်ရှသွားလို့
သူတို့ဤနေရာတွင် ပြဿနာဖြစ်စေခဲ့သော်လည်း ကော်ဖီဆိုင်ဘက်မှ မည်သည့်ဆုံးရှုံးမှုမှမရှိခဲ့တာကြောင့် ရှင်းပိုင်က ဆိုင်မှမထွက်လာခင် မန်နေဂျာအား ကော်ဖီဖိုး ယွမ်၈ရာသာ ပေးချေခဲ့လေသည်။
ဆိုင်မန်နေဂျာလဲ ကော်ဖီဖိုးကိုသာယူကာ သူတို့အားထွက်သွားခွင့်ပြုခဲ့သည်။
ယွီဝမ်ကျင်းသည်တော့ တစ်ယောက်တည်း ဆေးရုံသို့ရောက်သွားခဲ့တာကြောင့် ဆေးရုံဘက်မှ သူမ၏မိသားစုကို ဆက်သွယ်ခဲ့သည်။ သို့ပေမည့် သူမက မိဘများကို မသိစေချင်သောကြောင့် သူမ၏အစ်ကိုဖြစ်သူကိုသာ ဆက်သွယ်ပေးရန် ဆရာဝန်အားတောင်းဆိုခဲ့လေသည်။
ချောင်ဝမ်ရှင်းတို့ ဆေးရုံရောက်ပြီးမကြာခင်တွင်ပဲ ကုနင်းနှင့်လင်ရှောင်းထင်တို့ ရောက်ရှိလာခဲ့ကာ လင်ရှောင်းထင်၏သွင်ပြင်ကြောင့် သူနာပြုဆရာမလေးများ မှင်သက်ကုန်ကြရပေသည်။
သူနာပြုတစ်ယောက်ဆိုလျှင် လင်ရှောင်းထင်အနားသို့ပင် ရောက်လာကာ မေးမြန်းလာခဲ့သည်။
“လူကြီးမင်း၊ ဘာများကူညီပေးရမလဲ?”
သို့ပေမည့် ကုနင်းကအရင်ဦးစွာ အေးစက်လှသည့်လေသံဖြင် ငြင်းပယ်လိုက်လေသည်။
“မလိုဘူး။” ဘယ်ဆေးရုံမှာမှ ယခုလို လာရောက်သူများကို နူးညံ့ယဉ်ကျေးစွာဆက်ဆံသည်အား သူမမတွေ့ဖူးခဲ့ပေ။
ထိုအချိန်တွင် ရှင်းပိုင်၏ဒဏ်ရာအား ဆရာဝန်က ဆေးထည့်ပေးနေလေသည်။
လင်ရှောင်းထင်လာနေပြီမှန်း သိကတည်းက ရှင်းပိုင် အလွန်ထိတ်လန့်နေကာ လင်ရှောင်းထင် အခန်းထဲသို့ဝင်လာချိန်၌ မျက်နှာချင်းပင် မဆိုင်ရဲခဲ့ပေ။ မီးတောက်နီအဖွဲ့သားတစ်ဦးအနေနှင့် ဆေးလိပ်ပြာခွက်ထိကာ ဒဏ်ရာရခြင်းက အလွန်ရှက်စရာကောင်းသည့် ဖြစ်ရပ်တစ်ခုပင်။
“မင်း ဆေးလိပ်ပြာခွက်နဲ့ အပေါက်ခံရတယ်ပေါ့?” လင်ရှောင်းထင် ဝင်ဝင်လာခြင်းပင် ရှင်းပိုင်အားစိုက်ကြည့်ကာမေးလိုက်သည်။
“အဲ့ဒါ….” ရှင်းပိုင် ပြန်ဖြေဖို့လုပ်လိုက်ပေမည့် ချောင်ဝမ်ရှင်းက ကြားဖြတ်ကာ၊
“ရှောင်းထင်၊ သူ ဆေးလိပ်ပြာခွက်ထိသွားတာက ငါ့ကြောင့်ပါ။” ရှင်းပိုင်လို အထူးတပ်ဖွဲ့မှ ရာထူးမြင့်သူတစ်ယောက်အနေနှင့် ယခုလိုဖြစ်ရပ်က အရှက်ရစရာကောင်းမှန်း ချောင်ဝမ်ရှင်းသိလေသည်။
လင်ရှောင်းထင် ချောင်ဝမ်ရှင်းကို တစ်ချက်ကြည့်လိုက်ကာ ဘာမှဆက်မပြောတော့ပေ။
“ယွီဝမ်ကျင်းက နင့်ကို ဆေးလိပ်ပြာခွက်နဲ့ပစ်ခဲ့တာလား?” ကုနင်းမေးလိုက်ခြင်းဖြစ်သည်။
“ဟုတ်တယ်!”
“သူကော ဘယ်လိုဖြစ်သွားပြီလဲ?”
“ငါသူ့ကိုတော်တော်လေးပြင်းပြင်း ကန်လိုက်လို့၊ သေချာပေါက် အတွင်းဒဏ်ရာ ကြီးကြီးမားမားရသွားလောက်တယ်။” ချောင်ဝမ်ရှင်း အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူမလုပ်ခဲ့သည့်ကိစ္စမှာ မသင့်တော်လှဟု သူမလုံးဝမတွေးမိပေ။
ကုနင်းသည်လဲ ချောင်ဝမ်ရှင်း၏လုပ်ရပ်ကို မှားသည်ဟု မတွေးမိပေ။ သူမသာ ချောင်ဝမ်ရှင်းဆိုလျှင်လဲ သေချာပေါက် ယွီဝမ်ကျင်းကို အလွတ်ပေးလိမ့်မည်မဟုတ်ပေ။
ဆရာဝန်က ရှင်းပိုင်၏ခေါင်းမှဒဏ်ရာကို ဆေးကြောသန့်စင်ပြီးနောက် ဆေးထည့်မည့်အချိန်တွင်ပဲ ကုနင်းက တားမြစ်လိုက်ကာ စွမ်းအင်သလင်းကျောက်ပုလင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် ဆေးလုံးကို ရေနည်းနည်းနှင့်ရောကာ ဒဏ်ရာပေါ်သို့လောင်းလိုက်သည်။
စွမ်းအင်သလင်းကျောက်သည် ပြင်ပဒဏ်ရာများကုသဖို့အတွက်သာရည်ရွယ်ပြီး ခံနိုင်ရည်စွမ်းကိုမြှင့်တင်ပေးကာ ဒဏ်ရာပေါ်သို့ ဆေးရည်ထည့်လိုက်ပါက အတွင်းထဲသို့စိမ့်ဝင်သွားကာ ဒဏ်ရာကိုကုသပေးပေမည့် အပေါ်ယံတွင်တော့ ပုံမှန်အတိုင်းသာ ကျန်ရှိနေမည်ဖြစ်သည်။ ဒဏ်ရာတစ်ခုလုံးပျောက်ဖို့ရန်အတွက်တော့ ဆေးလုံးများစွာပိုလိုအပ်မည်ဖြစ်သည်။ ရှင်းပိုင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအားကောင်းတာကြောင့် ဆေးကိုသောက်ဖို့ရန်အထိ မလိုအပ်၍ ကုနင်း ဒဏ်ရာပေါ်သို့သာ ဆေးကိုလောင်းချပေးလိုက်ခြင်းဖြစ်သည်။
ဆရာဝန်သည်တော့ ကုနင်းသည် ကျွမ်းကျင်သူတစ်ယောက်မဟုတ်လောက်ဟု တွေးမိတာကြောင့် တားလိုက်ချင်ခဲ့ပေမည့် ရှင်းပိုင်ကိုယ်တိုင်က လက်ခံနေတာကြောင့် သူလဲ ကုနင်းဘာလုပ်လုပ် လွှတ်ပေးထားခဲ့ခြင်းဖြစ်သည်။ မကြာခင်တွင်ပဲ ရှင်းပိုင်၏ဒဏ်ရာမှ သွေးတိတ်သွားခဲ့တာကြောင့် ဆရာဝန်ပင် အံ့အားသင့်သွားတော့သည်။
ဆရာဝန်မှာ ထိတ်လန့်အံ့ဩနေသည့် မျက်ဝန်းများဖြင့် ကုနင်းဘက်သို့လှည့်လာကာ မေးလိုက်သည်။
“မိန်းကလေး၊ ဒီဆေးက ဘယ်လိုဆေးမျိုးလဲဆိုတာ မေးလို့ရမလား? ထိရောက်မှုအရမ်းမြန်ဆန်တာပဲ!”
“ကျွန်မလဲမသိဘူး။ သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးထားတာမို့လို့ပါ။” ကုနင်း သာမာန်ကာလျှံကာမျှသာ ပြန်လည်ဖြေကြားခဲ့သည်။
ကုနင်းဘက်က ထိုသို့ပြောလာခြင်းကြောင့် ဆရာဝန်လဲ ဆက်ပြီးမေးမြန်းခြင်းမပြုတော့ပေ။
“နင်းနင်း၊ ဒဏ်ရာက ဘယ်လိုနေသေးလဲ?” ချောင်ဝမ်ရှင်း စိတ်ပူပန်ကာမေးလိုက်သည်။
“အဆင်ပြေသွားပါပြီ။ ဒါပေမယ့် စီတီရိုက်ကြည့်ဖို့တော့ လိုဦးမယ်။”
ထို့နောက် ရှင်းပိုင် စီတီရိုက်ဖို့ရန်အတွက် ထွက်သွားခဲ့သည်။
မကြာခင်တွင်ပဲ ရလဒ်ထွက်လာကာ ရှင်းပိုင် အဆင်ပြေကြောင်း ပြောလာခဲ့ပေမည့် ဆေးရုံတွင်တော့ တစ်ရက်လောက် နေလျှင်ပိုကောင်းမည်ဟု ဆရာဝန်က အကြံပြုလာခဲ့တာကြောင့် ရှင်းပိုင် ဆေးရုံတစ်ရက်တက်ဖို့ ဖြစ်လာခဲ့လေသည်။
လင်အိမ်တော်သို့ လင်ရှောင်းထင် ပြန်ရဦးမည်ဖြစ်တာကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ ဆေးရုံတွင် ကြာကြာနေချိန်မရခဲ့ပေ။
ထို့ကြောင့် ကုနင်းက၊
“သူက နင့်ကြောင့်ဒဏ်ရာရသွားတာဆိုတော့ နင်ပဲ လူနာစောင့်လုပ်ပေးလိုက်တော့၊ ငါနဲ့ရှောင်းထင် ပြန်တော့မယ်။”
“ရတယ်လေ။” ချောင်ဝမ်ရှင်းပြန်ဖြေလိုက်သည်။
“ဒီမှာ၊ ဒီဆေးကို နေ့လည်တစ်ကြိမ် ညနေတစ်ကြိမ် ထပ်ပြီးထည့်ပေးလိုက်ဦး။” စွမ်းအင်သလင်းကျောက်ပုလင်းတစ်လုံးကို ကုနင်းထုတ်ပေးလိုက်သည်။
“ကျေးဇူးပါ၊” ဆေးပုလင်းမှာ အလွန်အရေးကြီးလှမှန်း ချောင်ဝမ်ရှင်းသိသောကြောင့် အသေအချာလှမ်းယူလိုက်လေသည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ ထွက်သွားချိန်တွင်တော့ ချောင်ဝမ်ရှင်း ဆေးရုံခန်းထဲတွင် ရှင်းပိုင်နှင့် ၂ယောက်တည်း ကျန်နေခဲ့ရ၍ အနည်းငယ်နေရခက်လာမိသည်။
“အမ်၊ ငါက တခြားလူတွေကို သိပ်ပြီးမပြုစုတတ်ဘူး။ နင်လိုအပ်တာရှိရင် ပြောသာပြောလိုက်။”
“ကျေးဇူးပါပဲ။” ရှင်းပိုင် ပြန်ပြောလိုက်သည်။
“နင်ကာကွယ်ပေးခဲ့တာအတွက် ငါကမှ နင့်ကိုပြန်ကျေးဇူးတင်သင့်တဲ့လူပါ။”
“ကိစ္စကြီးမှမဟုတ်ဘဲ။ ငါ့ကြောင့်နဲ့ မင်းအနှောက်ယှက်ခံနေရတာကို ငါကစိတ်မကောင်းဖြစ်နေတာ။”
“အဲ့ဒါတွေထားလိုက်ပါတော့။ ပန်းသီးစားချင်လား? ငါအခွံခွာပေးမယ်လေ။”
“အွန်း၊ စားမယ်။ ကျေးဇူးပဲ။” ရှင်းပိုင် ပြုံးရင်းပြန်ဖြေလိုက်လေသည်။
ရှင်းပိုင်၏ ဆွဲဆောင်မှုရှိလှသည့်အပြုံးကြောင့် ချောင်ဝမ်ရှင်း ရှက်သွေးဖြာသွားကာ ချက်ချင်းတစ်ဖက်သို့ လှည့်လိုက်သည်အား ရှင်းပိုင် အသေအချာကို သတိထားမိခဲ့လေသည်။ ထို့အပြင် ချောင်ဝမ်ရှင်း၏ မျက်နှာနီရဲနေသည်ကိုပင် သေချာမြင်လိုက်ရသေးသည်။
ရှင်းပိုင်သည် အချစ်နှင့်ပတ်သတ်လာလျှင် တုံးအသူတစ်ယောက်မဟုတ်တာကြောင့် သူ့ကို ချောင်ဝမ်ရှင်း သဘောကျနေလို့သာ ယခုလို ရှက်သွေးဖြာသွားမှန်း သိလေသည်။ သူမကို ထိုအကြောင်း ထုတ်မေးလိုက်ချင်သော်လည်း ချောင်ဝမ်ရှင်း စိတ်အနှောက်အယှက်ဖြစ်သွားမည်စိုး၍ အချိန်ယူကာ ဖြည်းဖြည်းချင်းအဆင့်တက်ဖို့ရန်သာ တွေးလိုက်မိသည်။
ရုတ်တရက်ဆိုသလိုပင် ချောင်ဝမ်ရှင်း ပန်းသီးခွံခွာရာ၌ မတော်တဆ လက်ကိုဓါးထိသွားတာကြောင့် ညည်းသံထွက်လိုက်မိသည်။
“ဘာဖြစ်လို့လဲ?” ရှင်းပိုင် ချက်ချင်းပင် ဆေးရုံကုတင်ပေါ်မှ ခုန်ထလိုက်ပေသည်။ ချောင်ဝမ်ရှင်းလက်တွင် သွေးထွက်နေသည်ကိုမြင်လိုက်ရာ အလွန်ဝမ်းနည်းသွားတော့သည်။
“အဆင်ပြေပါတယ်။ မတော်တဆ ဓါးရှသွားရုံပါ။” ချောင်ဝမ်ရှင်းသည် အားနည်းပျော့ညံ့သည့် မိန်းကလေးတစ်ဦးမဟုတ်တာကြောင့် ဤကဲ့သို့ ဓါးထိရုံလေးကို ဂရုစိုက်မနေပေ။
“သွေးထွက်နေပြီလေ!”
“ကုနင်းပေးခဲ့တဲ့ ဆေးရော?”
“သူနာပြုတစ်ယောက်ကို ပတ်တီးစည်းပေးဖို့ပြောလိုက်ရုံနဲ့ရပါတယ်။ ဒီဆေးက နင့်ဒဏ်ရာအတွက်လေ။” ချောင်ဝမ်ရှင်းကတော့ သူမလက်မှဓါးဖြတ်ရာလေးက ရှင်းပိုင်ခေါင်းမှဒဏ်ရာနှင့် လုံးဝယှဉ်လို့မရဟုသာ တွေးမိသည်။
***
အခန်း ၆၄၀
မင်းခန္ဓာကိုယ်ကိုရှာမယ်
“မင်းဘာသာမင်းထုတ်ပေးလိုက်မလား၊ ငါကိုယ်တိုင် မင်းခန္ဓာကိုယ်ပေါ်ကနေ ရှာယူရမလား?” ရှင်းပိုင် ချောင်ဝမ်ရှင်းကို စိုက်ကြည့်ကာမေးလိုက်ပေသည်။
ထိုစကားကြောင့် ချောင်ဝမ်ရှင်း ပုံမှန်လို ဒေါသမထွက်သွားမိဘဲ ရှက်သွေးဖြာသွားရပြန်သည်။
ရှင်းပိုင် ခနလောက်စောင့်ကြည့်လိုက်ပေမည့် ချောင်ဝမ်ရှင်းဘက်က လှုပ်ရှားမှုမရှိလာသေးတာကြောင့် ထပ်ပြောလိုက်သည်။
“မင်းဆက်ပြီး ငြိမ်နေမယ်ဆိုရင် ကိုယ့်ကို ရှာခွင့်ပေးလိုက်တယ်လို့ ယူဆလိုက်တော့မှာနော်။” ပြောရင်းဖြင့် ရှေ့သို့ တစ်လှမ်းချင်းတိုးလာလေသည်။
“ပေးပါ့မယ်။” ချောင်ဝမ်ရှင်း ချက်ချင်းပင် အလျှော့ပေးလိုက်ကာ အိတ်ကပ်ထဲမှ ဆေးပုလင်းကို ထုတ်ယူလိုက်သည်နှင့် ရှင်းပိုင်က ချက်ချင်းဆွဲယူသွားခဲ့ပြီးနောက် သူမ၏လက်ချောင်းမှ ဖြတ်ရာလေးသို့ ဆေးထည့်ပေးလာခဲ့သည်။
ရှင်းပိုင်၏ယခုလို ဂရုစိုက်နေမှုကြောင့် ချောင်ဝမ်ရှင်း နှလုံးခုန်နှုန်းများမြန်ဆန်လို့လာကာ အလွန်ပျော်ရွှင်လာမိသည်။
ချောင်ဝမ်ရှင်း၏ဒဏ်ရာပေါ်သို့ ဆေးရည်လောင်းထည့်လိုက်သည်နှင့် သူမအေးမြမှုကို ခံစားလိုက်ရကာ ဒဏ်ရာမှာလဲ စက္ကန့်ပိုင်းအတွင်းတွင်ပင် သွေးတိတ်ကာ ပျောက်ကင်းသွားတော့သည်။ သူမလက်ချောင်းပေါ်၌ ဒဏ်ရာရှိခဲ့ဖူးပါသည်ဟူသည့် အရာလေးသာ ကျန်ရစ်ခဲ့လေသည်။
ကုနင်း၏ဆေး အလွန်အစွမ်းထက်ကြောင်း သူတို့သိထားပြီးဖြစ်ကြပေမည့် ရှင်းပိုင်ရော ချောင်ဝမ်ရှင်းပါ အလွန်အံ့အားမိသွားကြစဲပင်။
သို့ပေမည့် ထိုအချိန်တွင်ပဲ တံခါးမှာ ကျယ်လောင်သည့်အသံတစ်ချက်နှင့်အတူ ကန်ဖွင့်ခံလိုက်ရပြီး အခန်းထဲသို့ ဒေါသမျက်နှာထားနှင့် အသက်၃၀အရွယ် အမျိုးသားတစ်ဦး ဝင်ရောက်လာခဲ့သည်။ ရှင်းပိုင်နှင့် ချောင်ဝမ်ရှင်း နီးကပ်နေပုံကို ထိုလူမြင်သည်နှင့် ချက်ချင်းဒေါသပိုထွက်သွားကာ၊
“ရှင်းပိုင်၊ မင်းဘယ်လိုလုပ် ငါ့ညီမကို ထိခိုက်အောင် လုပ်ရတာလဲ?” ပြောရင်းဖြင့် ရှင်းပိုင်ကိုထိုးဖို့ရန် ပြင်လိုက်သည်။ သို့ပေမည့် သူ့လိုသာမာန်လူတစ်ယောက်က ရှင်းပိုင်ကို ထိုး၍ရမည်တဲ့လား။
ချောင်ဝမ်ရှင်းထိခိုက်သွားမည်စိုးတာကြောင့် ထိုလူ၏လက်ကို ရှင်းပိုင် ချက်ချင်းဖမ်းချုပ်ထားလိုက်သည်။
“ရှင်းပိုင်၊ ငါ့ကိုလွှတ်စမ်း!” ထိုလူဘယ်လောက်ပဲ ရုန်းကန်နေပါစေ အချည်းအနှီးသာဖြစ်တာကြောင့် ပိုလို့တောင် ဒေါသထွက်လာတော့သည်။
“ရှင်းပိုင်၊ မင်းယောက်ျားမဟုတ်ဘူးလား? ဘယ်လိုကြောင့်များ တခြားမိန်းမတစ်ယောက် ငါ့ညီမကို ကန်တာကို မင်းရပ်ကြည့်နေနိုင်ရတာလဲ?”
“ယွီဝမ်ခိုင်၊ မင်းက အရမ်းစပ်စပ်ထိမခံဖြစ်နေပြီး အမှားအမှန်တောင် မခွဲခြားနိုင်တော့ဘူးဘဲ။ မင်းညီမတစ်ယောက်တည်း ဒဏ်ရာရတာကို မင်းမြင်နေတာလား၊ အဲ့ဒီနေရာမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကော သိရဲ့လား?” ရှင်းပိုင်လဲ ဒေါသတကြီး ပြန်လည်မေးခွန်းထုတ်လိုက်သည်။
ယွီဝမ်ခိုင်သည် ယွီဝမ်ကျင်း၏အစ်ကိုဖြစ်ကာ သူ့ညီမထံမှ ရှင်းပိုင်နှင့် အခြားမိန်းမတစ်ဦးက သူမကိုထိခိုက်အောင် လုပ်လာသည်ဟု ကြားခဲ့တာကြောင့် ယခုလို ပြဿနာလာရှာခြင်းဖြစ်သည်။
“ဘာအတွက်ကြောင့်ပဲဖြစ်ဖြစ် တခြားမိန်းမတစ်ယောက် ငါ့ညီမကို ကန်လိုက်တာကို မင်းဘာမှမလုပ်ဘဲ ရပ်ကြည့်မနေသင့်ဘူး! ငါ့ညီမ မင်းကိုဒီလောက်တောင် ချစ်တာကို မင်းက သူ့အပေါ် ဒီလိုပုံစံမျိုး ပြန်ဆက်ဆံပြလိုက်တယ်ပေါ့?” ယွီဝမ်ခိုင် ပြန်လည်ခွန်းတုံ့ပြန်လာကာ ရှင်းပိုင်ကပဲ သူ့ညီမ ချစ်တာခံရသည့်အပေါ် အလွန်ဂုဏ်ယူနေရမည့်ပုံပင်။
“ငါ ယွီဝမ်ကျင်းနဲ့တွဲခဲ့တာ ဘဝမှာ အဆိုးဝါးဆုံးဆုံးဖြတ်ချက်ပဲ။”
“ယွီဝမ်ခိုင်၊ မင်းညီမ ဘယ်လိုလူစားမျိုးလဲ မင်းသေချာပေါက်သိပါတယ်။ ငါဘာမှမပြောချင်တော့ဘူး။ ဒါပေမယ့် မင်းသူ့လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ပြောလိုက်။ သူက ငါ့မိတ်ဆွေကို လူကြားထဲမှာတောင် ဆေးလိပ်ပြာခွက်နဲ့ ကောက်ပေါက်ခဲ့တာ။ မင်းသာ ငါ့နေရာမှာဆိုရင်ကော မင်းကို သူစိမ်းတစ်ယောက်က ထိခိုက်အောင်လုပ်ပြီး ဘာမှပြန်မလုပ်ဘဲ ငြိမ်ခံနေမှာလား?”
“ဘာပြောတယ်?” ယွီဝမ်ခိုင် ထိတ်လန့်လို့သွားတော့သည်။ ယွီဝမ်ကျင်း ထိုသို့လုပ်ခဲ့လိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။ ယွီဝမ်ကျင်းက သူ့ကို ရှင်းပိုင်နှင့်အတူလာသည့် မိန်းကလေးက သူမကို ကန်ခဲ့တာကြောင့် အခု ဒဏ်ရာဆိုးဆိုးရွားရွားရခဲ့သည်ဟုသာ ပြောပြခဲ့ခြင်းဖြစ်သည်။
တကယ်တမ်း ရှင်းပိုင်ကို ယွီဝမ်ကျင်းဘက်ကသာ အရင်ဦးစွာ သစ္စာဖောက် စွန့်ပစ်ခဲ့မှန်း ယွီဝမ်ခိုင် သိထားပြီးဖြစ်လေသည်။ သို့ပေမည့် ရှင်းပိုင်သည် စစ်တပ်မှရာထူးမြင့်အရာရှိတစ်ဦးမှန်း သိလိုက်ရချိန်တွင်တော့ ယွီဝမ်ကျင်း ရှင်းပိုင်ကို ပြန်ကပ်ရာ၌ ပါဝင်ကူညီပေးခဲ့သည်။ သူသည်လဲ တစ်ကိုယ်ကောင်းဆန်သူဖြစ်ပေမည့် ရှင်းပိုင်သာငြင်းဆန်လျှင်တော့ အတင်းအကြပ် ဖိအားပေးမည့်သူမဟုတ်ပေ။
ထို့အပြင် သူအခုလိုစိတ်ဆိုးနေသည်ကလဲ ရှင်းပိုင်နှင့်တခြားမိန်းကလေးတစ်ယောက်နှင့်အတူ ယွီဝမ်ကျင်းတို့ စကားများကြပြီးနောက် ဒဏ်ရာကြီးကြီးမားမားရလာခဲ့ခြင်းကြောင့်သာ။ ရှင်းပိုင်ပြောတာသာ အမှန်ဆိုလျှင် ကိစ္စမှာ ယွီဝမ်ကျင်း၏အမှားသာဖြစ်လေသည်။ သူ့စိတ်ကိုသူ ပြန်လျှော့ချလိုက်သည့်အခါတွင်တော့ ရှင်းပိုင်၏နဖူးထက်တွင် ပတ်တီးဖြူဖြူစည်းနှောင်ထားသည်ကိုတွေ့လိုက်ရပေသည်။ ထိုဒဏ်ရာက ယွီဝမ်ကျင်း ထိုမိန်းကလေးကို ဆေးလိပ်ပြာခွက်နဲ့ ကောက်ပေါက်စဉ်က ကာကွယ်ပေးလိုက်ခြင်းကြောင့်သာ ဖြစ်ပေမည်။
“မင်းပြောတာတွေ သေချာလား?” ယွီဝမ်ခိုင် ပြန်မေးလာခဲ့သည်။
“မင်းကိုယ်တိုင် ကော်ဖီဆိုင်က စောင့်ကြည့်ကင်မရာတွေကို သွားစစ်လို့ရတယ်။”
ယွီဝမ်ခိုင်လဲ ဘာမှမပြောတော့ဘဲ ပြန်လှည့်ထွက်လိုက်သည်။
“ခနနေဦး။” ရှင်းပိုင် လှမ်း၍တားလိုက်ကာ၊
“ငါ့မိတ်ဆွေကို ထပ်မနှောက်ယှက်တော့ဖို့ ယွီဝမ်ကျင်းကိုပြောလိုက်။ ငါ့မိတ်ဆွေက သူသွားရှုပ်လို့ရတဲ့လူမျိုးမဟုတ်ဘူး။ ငါ့မိတ်ဆွေသာ ပြန်လက်စားချေရင် သူတင်မကဘူး မင်းတို့မိသားစုတစ်ခုလုံးပါ ပါလာလိမ့်မယ်။”
ထိုစကားကြောင့် ယွီဝမ်ခိုင် အနည်းငယ်လန့်ဖြန့်လို့သွားတော့သည်။ ရှင်းပိုင်နှင့်အတူ ရှိနေသည့် မိန်းကလေးက သေချာပေါက် ချမ်းသာတာမဟုတ်ရင် အာဏာရှိတဲ့မိသားစုကပဲဖြစ်ရပေမည်။ သူ ရှင်းပိုင်၏စကားကိုယုံကြည်သလို ရှင်းပိုင် သူ့ကို ညာမည်မဟုတ်မှန်းလဲ သိပေသည်။ ထို့အပြင် ရှင်းပိုင်သည် အဆင့်မြင့်စစ်ဗိုလ်တစ်ဦးဖြစ်တာကြောင့် သေချာပေါက် အာဏာရှိသူများနှင့် သိနေမည်မှာ မဆန်းပေ။ တစ်ဖက်တွင်တော့ ယွီဝမ်ခိုင်သည် သာမာန်မိသားစုလေးမှဖြစ်ကာ ချမ်းသာကာ အာဏာရှိသူများကို သွားမရှုပ်ရဲပေ။
ရှင်းပိုင်၏လူနာခန်းထဲမှ ပြန်ထွက်လာပြီးသည်နှင့် ကော်ဖီဆိုင်သို့မသွားဘဲ ယွီဝမ်ကျင်းဆီသို့သွားကာ ရှင်းပိုင်ပြောလိုက်သည့်အတိုင်း ယွီဝမ်ကျင်းကို ပြောလိုက်သည်။
ယွီဝမ်ကျင်းလဲ သူမကအရင်စတင်ကာ ရှင်းပိုင်၏မိတ်ဆွေကို တိုက်ခိုက်ခဲ့သည်အား မငြင်းဆိုခဲ့တာကြောင့် ယွီဝမ်ခိုင် သူမကို ဒေါသထွက်သွားတော့သည်။
“ယွီဝမ်ကျင်း၊ နင့်လုပ်ရပ်တွေရပ်လိုက်တော့။ ကောင်မလေးက အင်အားကြီးမိသားစုကပဲ။ နင်သူ့ကို သွားနှောက်ယှက်ရင် ငါတို့တစ်မိသားစုလုံး ပြစ်ဒဏ်ခံရလိမ့်မယ်။” ယွီဝမ်ခိုင်ဒေါသတကြီးပြောလိုက်သည်။
ယွီဝမ်ကျင်းလဲ ထိုတော့မှ အသိတရားပြန်ဝင်သွားကာ သူမလဲ ကြောက်တာကြောင့် တိတ်ဆိတ်သွားတော့သည်။ သို့ပေမည့် ဒီလောက်နှင့်တော့ အလျှော့ပေးလိုက်မည်မဟုတ်ဘဲ သူမလုပ်နိုင်သလောက် ဆက်ပြီးနှောက်ယှက်ဦးမည်ဟုတော့ စိတ်ထဲ တေးမှတ်ထားလိုက်သည်။
…….
လင်ရှောင်းထင် ကုနင်းကို သူ့အိမ်သို့ပြန်ပို့ပေးပြီးနောက် လင်မိသားစုအိမ်တော်သို့ ဆက်ထွက်လာခဲ့သည်။
ကုနင်းကိုတော့ သူမနှင့်ညစာစားရန်ပြန်လာမည့်အကြောင်း ပြောလိုက်တာကြောင့် ကုနင်းက သူ့အဖိုးနှင့် ညစာလေးတော့အတူ စားပေးသင့်ကြောင်း ပြန်ပြောလာခဲ့သည်။
လင်ရှောင်းထင်လဲ ကုနင်းစကားအတိုင်းသဘောတူလိုက်သည်။
လင်ရှောင်းထင်မထွက်သွားခင် သခင်ကြီးလင်အတွက် လက်ဆောင်ဟုဆိုကာ ရွှေချောင်း၈ချောင်း ကုနင်းပေးလိုက်သေးသည်။ ရွှေချောင်းများမှာ ယနေ့ခေတ်တွင် သိပ်တန်ကြေးမရှိတော့သော်လည်း ရှေးဟောင်းရွှေချောင်းဖြစ်တာကြောင့် စုဆောင်းပစ္စည်းတစ်ခုအနေနှင့် အလွန်တန်ဖိုးကြီးလေသည်။
လင်ရှောင်းထင်ကလဲ ကုနင်း ထိုရွှေချောင်းများကို ရှေးဟောင်းဂူသင်္ချိုင်းမှရလာခြင်းဖြစ်မှန်း သိတာကြောင့် မေးမြန်းခြင်းမပြုတော့ပေ။
***