အခန်း (၆၄၁-၆၄၅)
Vol. 43 Ch. 641-645
အခန်း ၆၄၁
အဖိုးလား? ချစ်သူလား?
လင်ရှောင်းထင် လင်အိမ်တော်သို့ပြန်သွားချိန်တွင်တော့ ကုနင်းက JadeBeautyလက်ဝတ်ရတနာလုပ်ငန်း ကြော်ငြာအတွက် အင်တာနက်အသုံးပြုသူများ၏ တုန့်ပြန်မှုကို ဖတ်ရှုနေခဲ့သည်။ ထို့နောက်တွင်တော့ ကုမန့်ကိုဖုန်းဆက်ကာ အရာရာအဆင်ပြေပြေရှိရဲ့လားဆိုသည်အား မေးမြန်းခဲ့လေသည်။
ကုမန့်ကလဲ အားလုံးအဆင်ပြေကြောင်း ပြန်ပြောပြခဲ့သည်။ သူမနှင့် ထန်ယွင်ဖန်းတို့ကြားမှ ဆက်ဆံရေးအခြေအနေကိုတော့ သူတို့အချင်းချင်းသာ ဖြေရှင်းကြသည်က ပိုကောင်းသည်ဟု ကုနင်းတွေးမိတာကြောင့် မမေးမြန်းခဲ့ပေ။ နောက်၂ရက်နေလျှင်တော့ Fမြို့သို့ အသားအရေထိန်းသိမ်းသည့် အလှကုန်ပစ္စည်းများ ရောက်ရှိမည့်အကြောင်းကိုတော့ ကုနင်းပြောပြခဲ့လေသည်။
ကုနင်းနှင့် ဖုန်းပြောပြီးနောက် ကုမန့် ဆက်ပြီး ကုချင်ကိုဖုန်းဆက်ကာ အလှကုန်ပစ္စည်းများ မကြာခင်Fမြို့သို့ရောက်လာမည့်အကြောင်း လှမ်းပြောလိုက်သည်။
ကုနင်းခနလောက် အိမ်မှာပဲ အနားယူပြီးနောက် သူမ၏လုပ်ငန်းစုအဆောက်အဦးသို့ ထွက်လာခဲ့သည်။
……
ကိုလိန်းဆေးဆိုင်တွင်တော့ မနက်ပိုင်းကလောက် ဝယ်သူမများတော့သော်လည်း အတော်လေးနာမည်ရနေပြီဖြစ်သည်။
အသက် ၂၄နှစ်ရှိပြီဖြစ်သော ရှင်းဟယ်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ၏ အမွေဆက်ခံသူ ခိုင်ယောင်ဖုန်းသည် သူ၏ချစ်သူမိန်းကလေးမှနေပြီး ခိုကျီဆိုင်သို့ အလှကုန်ပစ္စည်းများဝင်ရန်အတွက် ဆွဲခေါ်လာခြင်းခံခဲ့ရသည်။ သို့ပေမည့် ခိုကျီဆိုင်၏ဘေးတွင် ကိုလိန်းဆေးဆိုင်ရှိနေသည်အား ခိုင်ယောင်ဖုန်း သတိထားမိပြီးနောက် အလွန်အံ့အားသင့်သွားခဲ့လေသည်။
သူ့အဖေက ကိုလိန်းရဲ့စီးပွားရေးကို ဖျက်ဆီးထားခဲ့ပြီးမဟုတ်ပါလား? ကိုလိန်းမှာ ဆေးဝါးစစ်ဆေးမှုကို မဖြတ်ကျော်နိုင်တာကြောင့် ဒေဝါလီပင်ခံရနီးနေပြီလေ။ ဘယ်လိုကြောင့် ချက်ချင်းကြီးဆိုင်ပြန်ဖွင့်လာရုံတင်မက ပိုပြီးတောင် ကျော်ကြားနေရတာလဲ? သူတို့ဆေးတွေ ဈေးကွက်ထဲရောက်နိုင်အောင် ဘယ်လိုများလုပ်လိုက်တာလဲ? ဒါမှမဟုတ် ကိုလိန်းရဲ့ပိုင်ရှင်ပြောင်းသွားလို့များလား?
ခိုင်ယောင်ဖုန်း တွေးရခက်နေသည့်အချိန်တွင်ပဲ နဉ်ချန်းခိုင် တံခါးဘက်သို့ထွက်လာသည်ကို မြင်လိုက်ရတာကြောင့် ခိုင်ယောင်ဖုန်း အလွန်ထိတ်လန့်သွားကာ ချက်ချင်းပင် သူ့အဖေထံသို့ ဖုန်းဆက်တော့သည်။
“အဖေ၊ ကိုလိန်းရဲ့စီးပွားရေးကို အဖေဖျက်ဆီးလိုက်ပြီမဟုတ်ဘူးလား? အခုဆိုင်တောင်ဖွင့်ထားတယ်၊ နဉ်ချန်းခိုင်ကိုတောင် အခုလေးတွင်တွေ့လိုက်သေးတယ်။” ခိုင်ယောင်ဖုန်းပြောလိုက်သည်။
“ဘာ? ကိုလိန်းက ဆိုင်တောင်ပြန်ဖွင့်တယ်? နဉ်ချန်းခိုင်ကိုတောင်မှ မြင်လိုက်သေးတယ်၊ ဟုတ်လား?” ခိုင်ယောင်ဖုန်း၏ဖခင် ခိုင်ချင်းယီလဲ သူ့အကြားအာရုံကိုပင် မယုံကြည်နိုင်ဖြစ်သွားလေသည်။
“မင်းသေချာရဲ့လား?”
ခိုင်ချင်းယီ ဘယ်လိုမှလက်မခံနိုင်ပေ။ သူကိုယ်တိုင် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာနခေါင်းဆောင်ကို လာဘ်ထိုးထားခဲ့တာကြောင့် ကိုလိန်းအနေနဲ့ ဆေးဝါးစစ်ဆေးမှုကို အောင်မြင်သွားနိုင်စရာအကြောင်းမရှိပေ။ ဒါကြောင့်လဲ ကိုလိန်းကုမ္ပဏီ ဒေဝါလီခံရလုနီးနီးပင်ဖြစ်ခဲ့သည်မဟုတ်လား၊ ဘယ်လိုကြောင့် ရုတ်တရက်ဆိုင်တောင် ပြန်ဖွင့်နိုင်သွားတာလဲ? နဉ်ချန်းခိုင်ကို ကူညီနေတဲ့သူရှိနေတာလား?
“သေချာတယ်၊ ခနလေး ကျွန်တော်အခုပဲ ဓါတ်ပုံရိုက်ပို့လိုက်မယ်။” ခိုင်ယောင်ဖုန်းပြောပြီးပြီးချင်းပဲ နဉ်ချန်းခိုင်နှင့် ကိုလိန်းဆေးဆိုင်ပုံကို ရိုက်ပြီး ခိုင်ချင်းယီထံပို့ပေးလိုက်သည်။
ပုံများကိုမြင်ပြီးနောက် ခိုင်ချင်းယီအလွန်လန့်ဖြန့်သွားတော့သည်။ ချက်ချင်းဆိုသလို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနခေါင်းဆောင်ကို ဖုန်းခေါ်ခဲ့ပေမည့် ပြန်လည်ဖြေကြားသူမရှိခဲ့ပေ။ ဒါကြောင့်ပဲ တစ်ခုခုတော့ မှားနေပြီမှန်း ခိုင်ချင်းယီသိလိုက်တာကြောင့် စိတ်မတင်မကျဖြစ်သွားတော့သည်။ သူ့လုပ်ရပ်များပေါ်ပေါက်သွားမည်ကိုလဲ စိုးရိမ်မိနေသေးသည်။ ထိုသို့သာဆိုလျှင် သူ၏ကုမ္ပဏီလဲ အန္တရာယ်ရှိနိုင်ပေသည်။ ထိုသို့ဆိုလျှင်ပင် နဉ်ချန်းခိုင်၏ စီးပွားရေးသူ့ထက် အသာစီးရသွားမည်ကိုတော့ မမြင်လိုနေတုန်းပင်။
ဘာတွေပဲဖြစ်ဖြစ် ခိုင်ချင်းယီအနေနှင့် တစ်ခုခုတော့ ပြန်လုပ်မှဖြစ်မည်ဖြစ်တာကြောင့် အတွင်းရေးမှူးအား ဖုန်းဆက်ခေါ်လိုက်ကာ၊
“ကိုလိန်းအကြောင်း လက်ရှိသတင်းအားလုံးစုံစမ်းခဲ့၊ ပြီးတော့ အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးဌာန ခေါင်းဆောင်ကိုလဲ ရအောင်ဆက်သွယ်ထား။” ဌာနခေါင်းဆောင် သူ့ကိုသစ္စာဖောက်ကာ အားလုံးဖော်ထုတ်ပစ်လိုက်ပြီလားဆိုသည်ကို အရမ်းသိချင်နေပေပြီ။
“ဟုတ်ကဲ့ပါ။” အတွင်းရေးမှူးလဲ ပြန်ဖြေပြီးနောက် ကိစ္စများဆောင်ရွက်ရန် ထွက်သွားတော့သည်။
………
လင်ရှောင်းထင် လင်စံအိမ်တော်သို့ပြန်ရောက်ချိန်တွင် မိသားစုဝင်အားလုံး အလုပ်သွားကျောင်းသွားနေကြတာကြောင့် သခင်ကြီးလင်တစ်ယောက်သာ အိမ်၌ရှိနေခဲ့သည်။
နေသာသည့်နေ့လေးတစ်နေ့ဖြစ်တာကြောင့် သခင်ကြီးလင် ခြံဝန်းထဲတွင် ထိုင်နေခဲ့၍ လင်ရှောင်းထင် ဝင်,ဝင်လာချင်း မြင်လိုက်ရပေသည်။
လင်ရှောင်းထင်ရောက်လာ၍ သခင်ကြီးလင် အလွန်ပျော်ရွှင်သွားသော်လည်း ထုတ်ဖော်ပြသခြင်းမရှိဘဲ တည်ကြည်လေးနက်သည့်အမူအရာဖြင့်သာ၊
“အိုး၊ မတွေ့ရတာတောင်ကြာပေါ့! မင်းကောင်မလေးနဲ့ပဲ အချိန်ဖြုန်းနေတယ်လို့ ထင်လိုက်တာ။ မင်းအဖိုးကိုလာတွေ့ဖို့တော့ သတိရသေးသားပဲ။”
“သူနဲ့အခုပဲတွေ့လာခဲ့တာ။” သခင်ကြီးလင်၏ခံစားချက်ကို နည်းနည်းလေးပင် ဂရုမစိုက်ဘဲ လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။
ထိုစကားကြောင့် သခင်ကြီးလင် စိတ်ခုသွားတော့သည်။ အစကတော့ လင်ရှောင်းထင်ကို တွေ့လိုက်ရ၍ အလွန်ပျော်ရွှင်သွားခဲ့ပေမည့် လင်ရှောင်းထင်၏စကားကိုကြားပြီးနောက်တွင်တော့ ဝမ်းနည်းသွားရလေသည်။ သူ့မျက်လုံးထဲမှာ အဖိုးထက် ချစ်သူက ပိုသာနေပုံပင်!
“ဒါက နင်းနင်း အဖိုးအတွက် လက်ဆောင်ပေးလိုက်တာ။” သစ်သားသတ္တာလေးတစ်ခုကို လင်ရှောင်းထင် ထုတ်ပေးရင်းပြောလိုက်သည်။
သခင်ကြီးလင် ချက်ချင်းပြန်ပျော်ရွှင်သွားကာ ထိုသတ္တာလေးကိုဖွင့်ကြည့်လိုက်လေသည်။ သူဖွင့်လိုက်ခြင်းတွင်ပဲ အထဲ၌ ရွှေချောင်းများကို မြင်လိုက်ရသည်။ ရွှေချောင်းများတါင် ထန်ခေတ်မှ အမှတ်အသားစာလုံးများကို ရေးထိုးထားတာကြောင့် ဒီရွှေချောင်းများသည် ထန်ခေတ်တုန်းက သွန်းလုပ်ခဲ့ကြောင်း ဖော်ပြနေပေသည်။ ဒီရွှေချောင်းများ အတုလားအစစ်လားကို သခင်ကြီးလင်မပြောနိုင်သော်လည်း ကုနင်းကတော့ သူ့ကို ရတနာအတုတွေပို့ပေးမည်မဟုတ်မှန်း ယုံကြည်လေသည်။
အစက ဝမ်းနည်းသွားသည့်စိတ်လေးပင်လျှင် မြေးချွေးမလေးထံမှ ရသည့်လက်ဆောင်ကြောင့် လွင့်ပြယ်သွားတော့သည်။
“မင်းကောင်မလေးက တကယ့်ကိုမိန်းမကောင်းလေးပဲ!” သခင်ကြီးလင် ချီးကျူးလိုက်သည်။
ထိုစကားကြောင့် ကုနင်းမကြားရသေးခင် လင်ရှောင်းထင်ကတော့ ကြားထဲမှ အလွန်ဝမ်းမြောက်ဂုဏ်ယူနေပြီဖြစ်သည်။
တကယ်တော့ ကုနင်း သူမ၏ရှေးဟောင်းပစ္စည်းဆိုင်မှနေပြီး သခင်ကြီးလင် ငွေပေးချေခဲ့ရသည့်အပေါ် စိတ်မသန့်ဖြစ်နေမိတာကြောင့် အခုလို လက်ဆောင်ပြန်ပို့ပေးလိုက်ခြင်းဖြစ်သည်။ သခင်ကြီးလင်ကတော့ ထိုကိစ္စအတွက် စိတ်ထဲထားမည်မဟုတ်ပေမည့် သူမကတော့ လက်ဆောင်ထပ်ပေးလျှင်ကပိုကောင်းမည်ဟု တွေးမိနေစဲပင်။
ထို့အပြင် သခင်ကြီးလင်သည် ပန်းချီများကို သဘောကျမှန်း ကုနင်းသိထားပြီးဖြစ်တာကြောင့် သူမတို့ တရားဝင်တွေ့ဆုံသည့်အခါတွင် ပေးရန်အတွက် ထန်ယင်း၏ ရေနှင်းဆီပန်းချီကားကို ပေးဖို့လဲ စီစဉ်ထားပြီးသားဖြစ်လေသည်။
“စာဖတ်ခန်းထဲသွားပြီး ပြောကြရအောင်။” သခင်ကြီးလင်မှ ဦးဆောင်ကာ စာဖတ်ခန်းဆီသို့ လင်ရှောင်းထင်ကို ခေါ်ဆောင်သွားခဲ့သည်။
“ရှန်းမိသားစုအကြောင်းစုံစမ်းတာ ဘယ်လိုအခြေအနေရှိလဲ?” စာဖတ်ခန်းထဲသို့ရောက်သည်နှင့် သခင်ကြီးလင်မေးလိုက်သည်။
“ကျွန်တော် ကီရင်းဂိုဏ်းထဲကို လျှို့ဝှက်ထောက်လှမ်းသူတစ်ယောက်ပို့ထားတယ်။ သူက အခု လုံထျန်းဟူအတွက် အလုပ်လုပ်ပေးနေရတယ်။ ဒါပေမယ့် သက်သေတော့ အခုထိ တစ်ခုမှမရသေးဘူး။ ရှန်းမိသားစုက အရမ်းသတိကြီးလိုက် ကျွန်တော်တို့ စိတ်ရှည်ရှည်နှင့် စောင့်ဖမ်းမှရမယ်။” လင်ရှောင်းထင် ပြန်ဖြေလိုက်သည်။
***
အခန်း ၆၄၂
လင်ရှောက်ကျားနှင့်တွေ့ဆုံခြင်း
လင်ရှောင်းထင်တို့အနေနှင့် ရှန်းမိသားစုကို ဖြုတ်ချလိုလျှင် အကောင်းဆုံးအခွင့်အရေးရလာမည့်အချိန်ကို စိတ်အေးအေးဖြင့် စောင့်ဆိုင်းမှရပေမည်။ ရှန်းမိသားစုကိုတော့ လွတ်မြောက်သွားခွင့် လင်ရှောင်းထင် ဘယ်လိုမှပေးမည်မဟုတ်ပေ။ သူတို့ရန်သူများကို အလွတ်ပေးလိုက်မိခြင်းကြောင့် သူ့မိဘများ အသတ်ခံခဲ့ရသည်မဟုတ်ပါလား၊ ဒီလိုအမှားမျိုး နောက်ထပ်တစ်ကြိမ် အဖြစ်မခံနိုင်တော့ပေ။
“မင်းပြောတာမှန်တယ်။” သခင်ကြီးလင်လဲ ထောက်ခံလိုက်သည်။
“ဒါနဲ့ ဒီတစ်ခေါက်ရော ဘယ်လောက်ကြာကြာ အိမ်မှာနေသွားမှာလဲ?”
“ညစာစားပြီးတာနဲ့ပြန်မှာပါ၊ ကျွန်တော်လုပ်စရာလေးရှိသေးလို့။” ထိုလုပ်စရာဆိုသည်မှာ ကုနင်းအနားသို့ ပြန်သွားချင်နေခြင်းကြောင့် ပြောလိုက်ခြင်းသာဖြစ်သည်။
“ဘာလို့ ဒီလောက်အလျင်စလိုပြန်ချင်နေရတာလဲ?” သခင်ကြီးလင်စိတ်ပျက်သွားရပေမည့် လင်ရှောင်းထင်ကိုတော့ ဆွဲမထားခဲ့ပေ။
……
ဆေးရုံ၌၊
ညနေ၅နာရီဝန်းကျင်တွင် အိုက်ရှင်းယွီကိုယ်တိုင်ဖုန်း ဆက်လာသည့်အခါမှသာ ချောင်ဝမ်ရှင်း အိုက်ရှင်းယွီ၏မွေးနေ့ပွဲကို သတိရသွားလေသည်။ သူမ မြို့တော်သို့လာခြင်းမှာ အိုက်ရှင်းယွီ၏မွေးနေ့ပွဲကို တက်ရောက်ဖို့ဆိုပေမည့် အခုတော့ မူရင်းရည်ရွယ်ချက်ကိုပင် မေ့နေခဲ့သည်။ သို့ပေမည့် ရှင်းပိုင်ကို တစ်ယောက်တည်း ဆေးရုံမှာ ထားခဲ့ဖို့ကလဲ မသင့်တော်လှဟု သူမတွေးမိနေသေးသည်။
ချောင်ဝမ်ရှင်း စိတ်ဂဏာမငြိမ်ဖြစ်နေသည်ကို ရှင်းပိုင်မြင်လိုက်ရကာ၊
“ဘာဖြစ်လို့လဲ?”
“အမ်၊ တကယ်တော့ ငါဒီနေ့ သူငယ်ချင်းတစ်ယောက်မွေးနေ့ပွဲတက်ဖို့ရှိနေလို့။”
“ရပါတယ်၊ မင်းသွားလို့ရတယ်လေ။” ချောင်ဝမ်ရှင်း သူ့ကိုထားသွားဖို့ တုန့်ဆိုင်းနေခြင်းဖြစ်မှန်း ရှင်းပိုင်နားလည်လိုက်သည်။
“ဒီမှာတစ်ယောက်တည်းနေခဲ့နိုင်တာ သေချာရဲ့လား?” ချောင်ဝမ်ရှင်း အပြစ်ရှိသလိုခံစားနေရသည်။ ရှင်းပိုင်ကို ပြုစုပေးမည်ဟု သူမကတိပေးထားခဲ့ပေမည့် အခုတော့ ထားသွားဖို့ဟန်ပြင်နေပေပြီ။
“မင်းကိုယ့်ကိုစိုးရိမ်နေရင် မွေးနေ့ပွဲပြီးရင်ပြန်လာခဲ့ပေးလေ။” တကယ်တမ်း ရှင်းပိုင်၏အခြေအနေမှာ တစ်ချိန်လူဘေးလူတစ်ယောက် စောင့်ရှောက်နေဖို့မလိုအပ်သော်လည်း သူကိုယ်တိုင်က ချောင်ဝမ်ရှင်းနှင့် အတူရှိနေချင်တာဖြစ်သည်။
“ကောင်းပြီလေ၊ ညကျရင်ပြန်လာခဲ့မယ်။”
“ဒါနဲ့ ဘာစားချင်တာရှိလဲ? တစ်ခုခုမှာပေးခဲ့မယ်လေ။”
ရှင်းပိုင်ခနလောက်တွေးလိုက်ကာ၊
“အွန်း၊ ကိုယ်စားတဲ့အစားအစာက ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက် အကျိုးပြုတယ်ဆိုတော့ အခုချိန် ကိုယ့်ခေါင်းအတွက် အကျိုးရှိတာလေးစားဖို့လိုမယ်ထင်တယ်။ ဒီတော့ ငါးခေါင်းဟင်းရည်မှာပေးပါလား။”
“ဟ-ဟ၊ ဟုတ်ပါပြီ။” ချောင်ဝမ်ရှင်း မနေနိုင်စွာ ရယ်လိုက်မိလေသည်။
.သူမချက်ချင်းပင် ဟွမ်းဒင်ဟိုတယ်သို့ဖုန်းဆက်ကာ ငါးခေါင်းဟင်းရည်ပြင်ဆင်ပြီး ဆေးရုံသို့ပို့ပေးရန်မှာလိုက်သည်။
ချောင်ဝမ်ရှင်းသည် အလွန်လှပသူဖြစ်ကာ သူမအပြုံးကိုမြင်လိုက်ရချိန်တွင်တော့ ရှင်းပိုင်ပင် မှင်သက်မိသွားတော့သည်။
…….
ညနေ၆နာရီခန့်တွင်တော့ လင်မိသားစုဝင်များ အလုပ်မှပြန်လာကြလေသည်။ လင်ယွမ်ချန်တို့မိသားစုသည်တော့ လင်ရှောင်းထင်ကိုမြင်လိုက်ရသည်နှင့် မကျေမနပ်ဖြစ်နေကြကာ လင်ယွမ်ကျန်းတို့မိသားစုသာလျှင် နွေးထွေးစွာ နှုတ်ဆက်စကားဆိုကြသည်။
လင်ရှောင်းထင်သည်လဲ သူတို့ဘက်က ဆက်ဆံလာသည့်ပုံစံအတိုင်းသာ တန်ပြန်ဆက်ဆံလေသည်။
လင်ရှောက်ရွှမ်းနှင့်လင်ရှောက်ရှီသည်တော့ သူတို့ကျောင်းတွင်ပဲ နေကြကာ လင်ရှောက်ကျားသည်တော့ သူငယ်ချင်းများနှင့်အပြင်ထွက်လည်နေတာကြောင့် သူတို့၃ဦးတော့ မရှိခဲ့ပေ။
……
ကုနင်းသည်လဲ စုန့်မန်နီ၊ ရှားယီချူးတို့နှင့်အတူ ညစားစားဖို့ထွက်လာခဲ့သည်။
သူမမြို့တော်သို့ရောက်တာ ရက်ပိုင်းလောက်ရှိနေပြီဖြစ်ကာ အခုမှသာ ရှားယီချူး သူမကို နှုတ်ဆက်ဖို့ အခွင့်အရေးရတော့သည်။ အခုချိန်တွင် ကုနင်းသည် ရှားယီချူး၏ စံပြပုဂ္ဂိုလ်ဖြစ်နေပေပြီ။ ကုနင်း သူမကို အကူအညီအများကြီးပေးထားတာကြောင့်တင်မဟုတ်ဘဲ ကုနင်းအကြောင်း အင်တာနက်ပေါ်မှ သတင်းများကြောင့်လဲ ပါလေသည်။
ကုနင်းအကြောင်း ရေပန်းစားနေသည့်သတင်းများကြောင့် သတင်းထောက်များက သူမကို မေးမြန်းချင်နေကြကာ သူမ၏ကျောင်းသို့ပင်သွားခဲ့ကြသေးသည်။ ကံမကောင်းစွာဖြင့် ကုနင်းက ကျောင်းတွင်ရှိမနေသလို ကျောင်းအုပ်ကြီးကလဲ ကုနင်း၏ခွင့်ပြုချက်မရှိပါဘဲ ကုနင်း၏ဖုန်းနံပါတ်ကို မပေးခဲ့ပေ။
ကုနင်းပေးပို့ခဲ့သည့် အလှကုန်ပစ္စည်းများအတွက်လဲ ရှားယီချူးကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်လိုက်သေးသည်။
ရှားယီချူးမှာ အခုထိပွဲဦးထွက်ခြင်းမပြုလုပ်ရသေးတာကြောင့် သူမစိတ်ကြိုက် အပြင်လျှောက်သွားကာ လုပ်ချင်တာလုပ်လို့ရနေသော်လည်း သူမနာမည်ကြီးလာသည်နှင့် ထိုသို့လုပ်နိုင်တော့မည်မဟုတ်ပေ။
သူမတို့ ဇိမ်ခံဟိုတယ်တစ်ခုခုတွင် ညစာစားခြင်းမပြုဘဲ မြို့တော်၏ အကြီးမားဆုံးသော ကုန်သွယ်ရေးခရိုင်သို့သာ သွားခဲ့ကြသည်။ ထိုနေရာသည် ကုနင်း၏လုပ်ငန်းစုအဆောက်အဦးနှင့် သိပ်မဝေးလှဘဲ မိနစ်ပိုင်းလောက်ကားမောင်းသွားရုံဖြင့် ရောက်လေသည်။
ကုနင်းကတော့ ချန်စန်းယိ၏ကားကိုသာ သုံးနေစဲပင်။ သူမ၏လုပ်ငန်းစု တရားဝင်စတင်မဖွင့်လှစ်သေးတာကြောင့် သူမကားမဝယ်ဖြစ်သေးပေ။
ကုန်သွယ်ရေးခရိုင်သည် ရှည်ကြာသည့်သမိုင်းကြောင်းနှင့် မြို့လယ်ခေါင်တွယ်တည်ရှိနေကာ လမ်းတစ်လျှောက် ကြော်ကြားလှသည့်ဆိုင်ပေါင်းများစွာ ဖွင့်လှစ်ထားလေသည်။
ကုန်သွယ်ရေးခရိုင်၏အလယ်တည့်တည့်တွင်တော့ မြို့မှအရသာအရှိဆုံးသောအစားအသောက်များရှိနေကာ ပြည်တွင်းရိုးရာအစားအသောက်များသာမက ပြည်ပအစားအသောက်များကိုပင် ရောင်းချလျက်ရှိသည်။
ကုနင်းတို့အဖွဲ့ ဘာစားရမလဲမဆုံးဖြတ်ရသေးတာကြောင့် အရင်ဆုံးသူတို့အကြိုက်ကိုတွေ့ရအောင် တစ်ပတ်လျှောက်ကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။ နောက်ဆုံးတွင်တော့ သူမတို့ ပြည်တွင်ဟော့ပေါ့ဆိုင်တစ်ဆိုင်ကိုတွေ့သွားတော့သည်။ ထိုဆိုင်တွင် သီးသန့်ခန်းမရှိဘဲ လူတိုင်းခန်းမကျယ်ကြီးတစ်ခုတည်းတွင်သာ စားသောက်နေကြသော်လည်း အလွန်ကျော်ကြားသည့်ဆိုင်ဖြစ်သည်။ ထို့ကြောင့် ကုနင်းတို့လဲ ဒီဆိုင်ရဲ့ဟော့ပေါ့က သေချာပေါက် အရသာရှိလိမ့်မည်ဟုတွေးကာ ဆိုင်ထဲသို့ဝင်လိုက်ကြသည်။
“ဟိုင်း၊ ထိုင်စရာနေရာရှိသေးလား?” ကုနင်းမေးလိုက်သည်။
“မိန်းကလေးကတော့ အရမ်းကံကောင်းတာပဲ။ ကျွန်မတို့မှာ အခုတစ်စားပွဲပဲ လွတ်နေတာ။” စားပွဲထိုးမိန်းကလေးက အပြုံးလေးဖြင့်ဖြေလိုက်သည်။
“ငါယူမယ်။” ကုနင်း ဘာမှပြန်မပြောရသေးခင်မှာပဲ သူမတို့နောက်မှ မိန်းကလေးတစ်ယောက်အသံက ထွက်လာခဲ့သည်။
ထိုစကားကြောင့် ကုနင်းတို့အဖွဲ့ စိတ်တိုသွားကာ နောက်မှ မိန်းကလေးကို လှည့်ကြည်လိုက်ကြသည်။ ထိုမိန်းကလေးသည် နောက်ထပ်မိန်းကလေးသူငယ်ချင်းနှစ်ဦးနှင့် လာခြင်းဖြစ်ကာ အားလုံး အသက်၂၀ကျော်လောက်သာရှိသေးပေသည်။
ကုနင်း သူမကိုကျော်ကာ နေရာကြိုမှာလိုက်သည့် မိန်းကလေးကို စိုက်ကြည့်လိုက်သည်။ ထိုမိန်းကလေးသည် အလွန်လှပသူတစ်ယောက်ဖြစ်ပေမည့် မျက်နှာသွင်ပြင်ကတော့ ဆိုးနေလေသည်။ ထိုမိန်းကလေး၏မျက်နှာသည် ပိန်လွန်းကာ ပါးရိုးများ မေးရိုးများက ထင်းထွက်နေပြီး မျက်ခုံးတစ်စုံအကြားတွင်လဲ အရေးအကြောင်းများရှိနေပေသည်။ သူမ၏ရုပ်ရည်လက္ခဏာအရ သဘောမကောင်းသည့်လူမှန်း သိသာလှသည်။ ရုပ်ရည်လက္ခဏာတစ်ခုတည်းကတော့ အရာအားလုံးကို ဆုံးဖြတ်ပေးသွားသည်မဟုတ်သော်လည်း ကုနင်းကတော့ ဒီမိန်းကလေးက အလွန်မောက်မာရိုင်းစိုင်းကာ ဒေါသကြီးသူတစ်ယောက်မှန်း အစောကသူမ၏အပြုအမူအရ ကုနင်းသိလိုက်ပြီဖြစ်သည်။
“စိတ်မကောင်းပါဘူး။ မိန်းကလေး၊ ဒီကို ငါတို့အရင်ရောက်တာပါ။” ကုနင်းအေးစက်စက်လေသံဖြင့် ဆိုလိုက်သည်။
“ဒါပေမယ့် နင်တို့ခုံကိုယူမယ်လို့ပြောလိုက်တာ မကြားမိပါဘူး။” ထိုမိန်းကလေးက ကုနင်းကို အထင်သေးသလို ကြည့်ကာပြန်ပြောလိုက်လေသည်။ တကယ်တော့ ထိုမိန်းကလေးမှာ လင်ယွမ်ချန်၏သမီး လင်ရှောက်ကျားပင်ဖြစ်လေသည်။
လင်ရှောက်ကျား အခုလို စားပွဲတစ်လုံးအတွက် ကုနင်းနှင့်ပြိုင်ဆိုင်နေခြင်းက ကုနင်းကို သဘောမကျတာကြောင့်မဟုတ်ဘဲ သူမကိုယ်တိုင်ကိုက သူမအရာအားလုံးပိုင်ဆိုင်သင့်သည်ဟုတွေးကာ မောက်မာနေသူဖြစ်တာကြောင့်ပင်။ ထို့အပြင် အခုအချိန်တွင် သူမလဲ အတော်လေးဆာလောင်နေခဲ့ခြင်းကြောင့်လဲ ပါလေသည်။
“ရယ်ချင်စရာပဲ! ငါအခုလေးတွင် ခုံလွတ်သေးလား စားပွဲထိုးကိုမေးလိုက်တာ၊ ယူမလို့ပေါ့။ မင်းကသာ ငါ့ဆီက ကြားဖြတ်လုနေတာ။”
“မိန်းကလေး၊ ခနလောက်စောင့်ပေးနိုင်မလား? တချို့စားသုံးသူတွေ စားလို့ပြီးခါနီးနေပါပြီ။ အဲ့ဒီအခါကျ ခုံတွေအများကြီးလွတ်သွားမှာပါ။” စားပွဲထိုးမလေးက လင်ရှောက်ကျားကို ပြောလိုက်ခြင်းဖြစ်သည်။
“မရဘူး၊ ငါကဒီနောက်ဆုံးစားပွဲအလွတ်ကိုပဲ လိုချင်တာ။” လင်ရှောက်ကျား ချက်ချင်းမဆိုင်းပြန်ပြောလိုက်ပေသည်။
***
အခန်း ၆၄၃
အပြစ်တင်တိုင်းကစားမလို့လား
“ဒါကတော့….” စားပွဲထိုးမလေး စိတ်ရှုပ်သွားတော့သည်။ လင်ရှောက်ကျားဘက်က နည်းနည်းလေးပင် အလျှော့ပေးမည့်ပုံမရတာကြောင့် ကုနင်းဘက်သို့လှည့်ကာမေးလိုက်သည်။
“မိန်းကလေးဘက်ကပဲ မိနစ်ပိုင်းလောက်စောင့်ပေးပါလား?” သူမအမြင်တွင်တော့ ကုနင်းက လင်ရှောက်ကျားထက် ပို၍ညှိနှိုင်းရလွယ်ကူသူတစ်ဦးဖြစ်လေသည်။
ကုနင်းက ပုံမှန်ဆိုလျှင်ညှိနှိုင်းရလွယ်ကူသူတစ်ဦးဆိုပေမည့် အခုလို ရိုင်းစိုင်းသူများနှင့် ယှဉ်လာလျှင်တော့ သဘောမကောင်းနိုင်တော့တာကြောင့် စားပွဲထိုးမလေးအား ပြန်မေးလိုက်သည်၊
“ကျွန်မအထင် ရှင်တို့စားသောက်ဆိုင်က စည်းမျဉ်းအတိုင်းဆောင်ရွက်တယ်မဟုတ်ဘူးလား။ အရင်လာတဲ့လူကို အရင်ဝန်ဆောင်မှုပေးခိုင်းတာလား၊ ဒါမှမဟုတ် ရန်ဖြစ်ပြီးတော့ ခုံလုခိုင်းတာလား?”
ထိုစကားကြောင့် စားပွဲထိုးမလေး တခနကြောင်အလို့သွားတော့သည်။ စားသောက်ဆိုင်က တကယ်ကိုပဲ ရောက်လာသူအစဉ်လိုက်အတိုင်း ဝန်ဆောင်မှုပေးရပေမည့် အခုနောက်မှရောက်လာသည့် မိန်းကလေးက အတော်လေး မောက်မာဟန်ပေါနေလေသည်။ သူတို့သာ ခုံနေရာမရသွားဘူးဆိုလျှင် စကားများလျှင်များ မများလျှင် ရန်ပွဲအထိတောင်မှဖြစ်သွားနိုင်ကာ အခြားစားသုံးသူများကိုပါ သက်ရောက်သွားစေနိုင်ပေသည်။
သို့ပေမည့် စားသောက်ဆိုင်ဘက်ကတော့ စည်းမျဉ်းကိုအလေးထားကာ အရင်ရောက်သူအား အရင်ဆုံးဝန်ဆောင်မှုပေးမြဲပင်။ ဒီတစ်ကြိမ်လောက်လေးဖြစ်ဖြစ် စည်းမျဉ်းကို ချိုးဖျက်လိုက်ပါက စားသောက်ဆိုင်၏ဂုဏ်သိက္ခာကျသွားနိုင်ကာ အနာဂါတ်စီးပွားရေးကိုသာ ထိခိုက်စေလိမ့်မည်။ ထိုသို့စဉ်းစားကြည့်ပြီးနောက်တွင်တော့ စားပွဲထိုးမလေးက ကုနင်းကိုသာ ဦးစားပေးဖို့ရန် ဆုံးဖြတ်လိုက်တော့သည်။
“မိန်းကလေး၊ ကျွန်မနောက်ကလိုက်ခဲ့ပေးပါ။” ကုနင်းကိုပြောလိုက်ခြင်းဖြစ်သည်။
“ဟေ့၊ ဒါကဘာသဘောလဲ?” လင်ရှောက်ကျား ဒေါသထွက်ကာအော်လိုက်တော့သည်။
“ငါအရင်ဆုံး ယူမယ်ပြောထားတာလေ။ ဘာလို့ သူ့ကိုအရင်ဝင်ခိုင်းနေရတာလဲ?”
လင်ရှောက်ကျားကတော့ ကိုယ့်အပြစ်ကိုမမြင်ဘဲ တခြားလူကိုသာ အပြစ်တင်နေသည့်ကစားပွဲကို တစ်ကိုယ်တည်း စတင်ကစားနေပေပြီ။ တကယ်တော့ လင်ရှောက်ကျား ဒီနေ့ စိတ်တိုလွယ်နေခြင်းက အစကတည်းက စိတ်အခြေအနေကောင်းမနေခြင်းကြောင့်ပင်။ ထိုသို့သာမဟုတ်လျှင် လင်မိသားစု၏ဂုဏ်သိက္ခာအတွက် ဤသို့အသေးအမွှားကိစ္စလေးကို သည်းခံထားမည်သာ။
လင်ရှောက်ကျား ဒေါသတကြီးအောင်လိုက်ခြင်းက စားသောက်ဆိုင်အတွင်းမှ အခြားစားသုံးသူများကိုပါ အာရုံစိုက်သွားစေလေသည်။
ဆိုင်၏ထောင့်တစ်နေရာတွင်တော့ ကျန်းယွေ့ချင်နှင့် ထန်ချင်းယန်တို့အတူတူ ညစာစားလို့နေသည်။ အခုလေးတင် စားသောက်ဖွယ်ရာများ ချခင်းနေတာကြောင့် အပြင်ဘက်သို့ လှမ်းကြည့်မိသွားသည်။ သို့ပေမည့် သူတို့ရင်းနှီးနေသည့် အသံပိုင်ရှင် လင်ရှောက်ကျားကို မမြင်ဘဲ ကုနင်းကိုသာ တန်းမြင်သွားခဲ့သည်။
ကုနင်းကိုမြင်လိုက်သည်နှင့် ကျန်းယွေ့ချင် ဝမ်းသာသွားကာ ချက်ချင်း ထိုနေရာသို့ ထသွားလိုက်သည်။
ထန်ချင်းယန်သည်တော့ ခေါင်းတစ်ယမ်းယမ်းဖြင့် သက်ပြင်းသာချလိုက်မိလေသည်။
“ဘာတွေဖြစ်နေကြတာလဲ?” ဆူညံသံများကြောင့် ဆိုင်မန်နေဂျာရောက်လာခဲ့သည်။
စားပွဲထိုးမလေးက ချက်ချင်းပင် ဖြစ်ပျက်သမျှကို မန်နေဂျာအားရှင်းပြလိုက်သည်။ ထိုစကားများကို ကြာပြီးနောက် မန်နေဂျာလဲ စိတ်အလိုမကျဖြစ်သွားကာ လင်ရှောက်ကျားတို့အဖွဲ့ဘက်သို့ လှည့်ပြီး၊
“မိန်းကလေး၊ ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမယ့် ရောက်တဲ့လူအစဉ်လိုက်အတိုင်းပဲ ကျွန်တော်တို့ ဆိုင်က ဝန်ဆောင်မှုပေးလို့ပါ။ မိန်းကလေး ဒီဆိုင်မှာ ညစာစားချင်သေးတယ်ဆိုရင် ခနလောက်စောင့်ပေးပါ။ မဟုတ်လို့ကတော့ တခြားဆိုင်တစ်ဆိုင်ကို သွားဖို့ တောင်းဆိုပါတယ်။”
“ရှင်ကများ ကျွန်မတို့ကို ဒီလိုပုံစံမျိုးနဲ့ပြောရဲတယ်ပေါ့? ကျွန်မတို့ဘယ်သူမှန်း သိရဲ့လား?” လင်ရှောက်ကျား၏ ညာဘက်တွင်ရပ်နေသည့် မိန်းကလေးက မောက်မာစွာပြောလိုက်သည်။
“ကျွန်မက ရှီမိသားစုကပဲ။”
ရှီမိသားစုသည် မြို့တော်တွင် ကျော်ကြားသည့် ကျိကျိတက်ချမ်းသာလှသော မိသားစုများထဲတွင် အပါအဝင်ဖြစ်ကာ မန်နေဂျာလဲ အနည်းငယ်လန့်သွားမိပေသည်။
လင်ရှောက်ကျားသည်တော့ သူမသူငယ်ချင်းများ၏မိသားစုတွေထက်ပို၍ အင်အားကြီးသည့် မိသားစုမှဖြစ်ပေမည့် သူမ၏နောက်ခံကို မလိုအပ်ဘဲ ထုတ်ဖော်လေ့မရှိပေ။ သခင်ကြီးလင်ကိုယ်တိုင်က သူမတို့ကို လင်မိသားစုနာမည်ဖြင့် မကောင်းသည့်ကိစ္စများ မလုပ်ရန်သတိပေးထားကာ ထိုသို့မဟုတ်ပါက မိသားစုစည်းမျဉ်းအတိုင်း အပြစ်ပေးခံရမည်ဖြစ်သည်။
ပုံမှန်ဆိုလျှင်တော့ စည်းကမ်းဖောက်ဖျက်သူက မှောင်မဲနေသည့်အခန်းငယ်လေးထဲတွင် အစားအစာစားခွင့်မရဘဲ ရေတစ်မျိုးတည်းသာ သောက်ခွင့်ရကာ ၃ရက်မျှအပိတ်ခံထားရမည်ဖြစ်ပြီး ထိုသို့အပြစ်ပေးခံရခြင်းက စိတ်ရောဂါပင်ရစေနိုင်လေသည်။ လင်ရှောက်ကျားသည်လဲ တစ်ကြိမ်မျှ အပြစ်ပေးခံခဲ့ရဖူးကာ နောက်တစ်ကြိမ် ထပ်မကြုံချင်တော့တာကြောင့် အခြားလူများကို အနိုင်ကျင့်နှိပ်ကွပ်ရန်အတွက် သူမသူငယ်ချင်းများ၏မိသားစု နောက်ခံကိုသာ အသုံးပြုလေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုမိသားစုနာမည်များနှင့်ပင် လုံလောက်နေပြီဖြစ်သည်။
“မိန်းကလေးရှီ၊ မင်းမိသားစုက ကျိကျိတက်ချမ်းသာတဲ့ထဲပါရုံနဲ့ တခြားလူဆီက ခုံနေရာကို လုလို့ရတယ်လို့ ထင်နေတာလား?” ထိုတခနတွင်ပင် အမျိုးသားသံတစ်သံက အားလုံး၏အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။
လှည့်မကြည့်ပါဘဲနှင့် ကုနင်းကတော့ ထိုအသံက ဘယ်သူမှန်းသိနေပြီဖြစ်သလို လင်ရှောက်ကျားသည်လဲ အလားတူပင်။ ကုနင်းကတော့ အေးဆေးနေပေမည့် လင်ရှောက်ကျားသည်တော့ အနည်းငယ်လန့်သွားခဲ့သည်။
“ကျန်းယွေ့ချင်!” ရှီယန်ယန်လဲ ကျန်းယွေ့ချင်ကို ဒီနေရာတွင်တွေ့လိုက်ရတာကြောင့် အံ့ဩသွားကာ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်သွားတော့သည်။ သူမ လင်ရှောက်ကျားကို တစ်ချက်လှမ်းကြည့်ကာ အသံတိတ် အကြံဉာဏ်တောင်းလိုက်သည်။
ကျန်းမိသားစုလို သာမာန်ချမ်းသာသည့်မိသားစုနှင့် ရှီမိသားစုလို ကျိကျိတက်ချမ်းသာသည့်မိသားစု အကြားတွင် ကွာခြားချက်အလွန်ကြီးမားလှသော်လည်း ကျန်းမိသားစုသည် လင်မိသားစုနှင့် ရင်းနှီးမှုရှိနေလေသည်။ အထူးသဖြင့် လင်ရှောက်ကျားသည် ကျန်းယွေ့ချင်ကို ကြိုက်နေသူဖြစ်တာကြောင့် သူနှင့်ပြဿနာမတက်လိုပေ။ သို့ပေမည့် ကျန်းယွေ့ချင်သည်တော့ လင်ရှောက်ကျားကို အတော်လေးမနှစ်သက်ကာ သူမနှင့် ခပ်ဝေးဝေးသာနေလေသည်။
ဒီကနေ့ လင်ရှောက်ကျား စိတ်အခြေအနေဆိုးနေခြင်းကလဲ ကျန်းယွေ့ချင်ကြောင့်သာဖြစ်သည်။ လွန်ခဲ့သည့်၁နာရီခန့်က သူတို့ ကျန်းယွေ့ချင်နှင့်တွေ့ခဲ့ကာ လင်ရှောက်ကျားကနေပြီး ကျန်းယွေ့ချင်အား ညစာအတူစားပြီး ရုပ်ရှင်ကြည့်ရအောင် ဖိတ်ခေါ်ခဲ့ပေမည့် ကျန်းယွေ့ချင်ကတော့ ချက်ချင်းပင် ငြင်းဆိုလိုက်လေသည်။
“ကောင်းပြီလေ၊ စားပွဲကို သူတို့ကိုပေးလိုက်မယ်။ ဒါပေမယ့် ရှင်ကတော့ ကျွန်မတို့နဲ့အတူစားရမယ်။” ကျန်းယွေ့ချင်နှင့် ညစာအတူစားနိုင်မည့် အခွင့်အရေးကို လင်ရှောက်ကျားအမိအရ ဖမ်းဆုပ်ထားလိုက်သည်။
သို့ပေမည့် ကျန်းယွေ့ချင်ကတော့ လင်ရှောက်ကျားကို လုံးဝလျစ်လျူရှုထားကာ ကုနင်းဘက်သို့သာ လှည့်လိုက်ပြီး၊
“ကုနင်း၊ မင်း ငါတို့နဲ့ ညစာအတူစားချင်လား? မင်းနဲ့ထမင်းတစ်နပ်လောက်အတူစားချင်နေခဲ့တ၊ ဒီနေ့ ငါကံကောင်းပြီထင်တယ်။”
“ကျန်းယွေ့ချင်!” လင်ရှောက်ကျား သူမကြားနေရသည်ကို လုံးဝမယုံနိုင်ခဲ့ပေ။ ဘာလို့ ကျန်းယွေ့ချင်က ဒီမိန်းကလေးကို သူနဲ့ညစာအတူစားဖို့ ဖိတ်နေရတာလဲ? သူတို့ချင်း အရမ်းရင်းနှီးနေလို့လား? သူတို့ကြားမှာ ဘယ်လိုဆက်ဆံရေးမျိုးရှိနေတာလဲ? လင်ရှောက်ကျား အတွေးများသွားတော့သည်။
“မရစရာလား!” ကုနင်း ချက်ချင်းပင်သဘောတူလိုက်သည်။
ယခုလို တည့်တည့်တိုးနေခဲ့ပြီးမှတော့ ကျန်းယွေ့ချင်ကို ကုနင်းမငြင်းလိုတော့ပေ။ ထို့အပြင် ထိုမောက်မာသည့်မိန်းကလေးက ကျန်းယွေ့ချင်ကို သဘောကျနေပေမည့် ကျန်းယွေ့ချင်ကတော့ သူမကိုတော်တော်လေးသဘောမကျကြောင်းကိုလဲ ကုနင်းသတိထားမိလေသည်။ ဒါကြောင့်ဘဲ ကျန်းယွေ့ချင် သူမကို ဖိတ်ကြားလိုက်ပြီးနောက် ထိုမိန်းကလေး ဝမ်းနည်းသွားတာကို ဝမ်းသာစရာကောင်းလောက်အောင် ကုနင်းမြင်လိုက်ရပေသည်။
ထို့နောက် လင်ရှောက်ကျားကို ကျန်းယွေ့ချင် လျစ်လျူရှုထားခဲ့ကာ ကုနင်းကို သူ့စားပွဲရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။
လင်ရှောက်ကျား၏မျက်နှာမှာတော့ ဒေါသကြောင့် ရှုံ့တွလို့နေကာ စားချင်စိတ်လဲမရှိတော့တာကြောင့် အပြင်သို့ချက်ချင်းပြန်ထွက်သွားတော့သည်။ သူမသူငယ်ချင်းများကလဲ သူမမရှိမှတော့ ဆက်ပြီး မနေခဲ့ကြတော့ပေ။
စားသောက်ဆိုင်မှာ အလွန်ကျော်ကြားလှတာကြောင့် မကြာခင်တွင်ပဲ နောက်ဆုံးစားပွဲအလွတ်သည်လဲ နေရာပြည့်သွားတော့သည်။
လင်ရှောက်ကျား ကျန်းယွေ့ချင်ကို ကြိုက်နေသော်လည်း သူမသည် ဖွင့်ပြောဖို့ရန် မာနကြီးလွန်းသူဖြစ်ကာ သူမမျက်လုံးထဲတွင်တော့ သူမကြိုက်တာကို ခံရသည့်ယောက်ျားကသာ ဂုဏ်ယူဝမ်းမြောက်နေပြီး သူမအချစ်ကို တောင်းခံနေသင့်သည့်အပြင် သူမကသာလျှင် ယောက်ျားများထက် သာလွန်သည်ဟု ယုံကြည်နေသူလဲဖြစ်သည်။ သူမကျန်းယွေ့ချင်ကို ညစာအတူစားကာ ရုပ်ရှင်ကြည့်ဖို့ခေါ်သည့်အချိန်ကပင်လျှင် အလွန်မောက်မာနေကာ သူမကသာ မျက်နှာသာပေးနေတာကြောင့် ဂုဏ်ယူနေသင့်သည့်ဟန်ဖြင့် ပြောခဲ့ခြင်းဖြစ်သည်။
***
အခန်း ၆၄၄
ဒီညအားလား?
ကျန်းယွေ့ချင် တမင်တကာကို သူမအားလျစ်လျူရှုနေမှတော့ လင်ရှောက်ကျား ဆက်မနေတော့ဘဲ ချက်ချင်းထွက်သွားခြင်းဖြစ်သည်။ သို့ပေမည့် သူမ၏ဒေါသများပြန်လည်ပြေပျောက်သွားမည့်အချိန်တွင်တော့ ကျန်းယွေ့ချင်အား ထပ်ကာ သူမနှင့်အတူ အပြင်ထွက်ရန်အတွက် ဖိတ်ခေါ်ဦးမည်ဖြစ်သည်။ ကျန်းယွေ့ချင်က သူမ၏မျက်နှာသာပေးမှုကို ငြင်းဆန်နေတာကြောင့် ပိုပြီး အလျှော့မပေးနိုင်ခြင်းလဲပါလေသည်။
တစ်ကိုယ်ကောင်းသမားများသည် သူတို့တွင် မရှိနေသည့်အရာကိုမှ ပို၍စွဲလမ်းတတ်ကြသည့် သဘောသဘာဝရှိလေသည်။
ကုနင်းလဲ ကျန်းယွေ့ချင်နောက်မှနေကာ စားဝိုင်းသို့လိုက်လာခဲ့ကာ ထန်ချင်းယန်ကို မြင်လိုက်သည်နှင့် နှုတ်ဆက်စကားဆိုလိုက်သည်။ ထို့နောက်တွင်တော့ ကျန်လူများနှင့်ပါ အချင်းချင်း မိတ်ဆက်ပေးလိုက်သေးသည်။
“ရော့၊ မင်းကြိုက်တာသာမှာ။” ကျန်းယွေ့ချင် သူနှင့်ထန်ယန်ချင်းတို့က နှစ်ယောက်စာတည်းမှာထားတာကြောင့် စားသောက်ဖွယ်စာရင်းကို ကုနင်းအားလှမ်းပေးလိုက်ခြင်းဖြစ်သည်။
“ကျေးဇူးပါ!”
စုန့်မန်နီနှင့်ရှားယီချူးတို့လဲ သူမတို့ကြိုက်နှစ်ရာအစားအစာများကို မှာယူခဲ့ကြသည်။
“ကုနင်း၊ မင်းဒီရက်တွေအတွင်း ဘာတွေလုပ်နေများလုပ်နေတာလဲ?” ကျန်းယွေ့ချင် ပုံမှန်လိုပင် ဟန်ဆောင်ကာ မေးလိုက်သည်။
“အလုပ်ကိစ္စလေးတွေလုပ်နေလို့ပါ။” ကုနင်းအသေးစိတ်ကိုတော့ မပြောပြခဲ့ပေ။
ကုနင်းက အသေးစိတ်ထုတ်ပြောချင်ဟန်မပေါ်တာကြောင့် ကျန်းယွေ့ချင်လဲ ထပ်မမေးတော့ပေ။
“ဟုတ်သား၊ မင်းနောက်တစ်ခါ အစောကမိန်းကလေးတွေနဲ့ ထပ်တွေ့ခဲ့ရင် ဝေးဝေးရှောင်သွားတာ ပိုကောင်းမယ်။ အထူးသဖြင့် မင်းနဲ့ခုံဝင်လုတဲ့တစ်ယောက်ကိုပေါ့။” ကုနင်း၏ သိုင်းပညာကောင်းမှန်း ကျန်းယွေ့ချင်သိသော်လည်း သိုင်းပညာတစ်ခုတည်းဖြင့် အရာရာတိုင်းကို ဖြေရှင်းနိုင်သည်မဟုတ်ပေ။ တခါတရံ နောက်ခံအင်အားသည်ကသာ ပြဿနာများကို ဖြေရှင်းဖို့ရန် အဓိကသော့ချက်ဖြစ်လေသည်။
“အဲ့လိုလား၊ သူ့ရဲ့နောက်ခံက ဘာမို့လို့လဲ?” ကုနင်းသိချင်သွားတော့သည်။
“မြို့တော်လင်မိသားစုလေ။” ကျန်းယွေ့ချင် မကွယ်မဝှက်ပဲ ပြန်ဖြေလိုက်သည်။
“လင်မိသားစု?” ကုနင်းအံ့ဩသွားတော့သည်။ မြို့တော်မှလင်မိသားစုဆိုတာ သေချာပေါက် လင်ရှောင်းထင်ရဲ့မိသားစုပေပဲ။ ထိုမိန်းကလေးနှင့် အနာဂါတ်တွင် ဆုံတွေ့မည့်အခြေအနေအား ရှောင်လွှဲလို့ရနိုင်ဟန်မပေါ်ပေ။
လင်ရှောင်းထင်ကိုယ်တိုင်က လင်မိသားစုတွင် သူ့အဖိုးတစ်ယောက်တည်းကိုသာ ဂရုစိုက်ကြောင်း ပြောထားခဲ့တာကြောင့် အခြားမိသားစုဝင်များ သူမအပေါ် အမှားလုပ်လာခဲ့ပါက ချက်ချင်းမဆိုင်း သူမပြန်လည်တုန့်ပြန်၍ရပေသည်။
ကုနင်းအံ့ဩသွားသည်ကို ကျန်းယွေ့ချင်က သူမကြောက်ရွံ့သွားခြင်းကြောင့်ဟု တွေးလိုက်မိတာကြောင့် ချက်ချင်းနှစ်သိမ့်ပေးလိုက်သည်။
“မစိုးရိမ်ပါနဲ့၊ မင်းပြဿနာတစ်ခုခုတက်ခဲ့ရင် ငါကူညီပေးနိုင်ပါတယ်။”
“ရပါတယ်၊ ကျွန်မဘာသာဖြေရှင်းနိုင်တယ်။” ကုနင်း လင်ရှောက်ကျားကို လုံးဝဂရုမထားပေ။ သူမတွင်သာ လင်ရှောင်းထင်၏ထောက်ပံ့ပေးမှုမရှိလျှင်တော့ လင်မိသားစု၏ အာဏာနှင့်အင်အားကို ကြောက်ရွံ့မိနိုင်ပေမည့် လင်ရှောင်းထင်က သူမချစ်သူဖြစ်နေမှတော့ ကြောက်နေဖို့မလိုတော့ပေ။
“ဒါနဲ့၊ မင်းဒီညအားလား? မင်းအားမယ်ဆိုရင် ငါတို့ ညစာစားပြီးရင် တစ်နေရာရာသွားလည်ကြရအောင်လား?” ကျန်းယွေ့ချင်မေးလိုက်သည်။
“ကျွန်မလဲ လိုက်ချင်ပါတယ်၊ ဒါပေမယ့် လုပ်စရာကိစ္စလေးရှိသေးလို့။”
“ဟုတ်ပါပြီ။” ကျန်းယွေ့ချင် အတင်းအကြပ်မတိုက်တွန်းသော်လည်း အတော်လေးစိတ်ပျက်သွားခဲ့သည်။
ဒေါသနှင့်ပြန်ထွက်သွားရသည့် လင်ရှောက်ကျားသည်တော့ စားချင်စိတ်ပျောက်သွားပြီဖြစ်တာကြောင့် ဘားသို့သာသွားခဲ့သည်။ သူမ၏စိတ်အခြေအနေအလွန်စိုးရွားနေတာကြောင့် ဒေါသကို ဖြေဖျောက်ဖို့ရန်အတွက် သူမသူငယ်ချင်းများဖြစ်သည့် ရှီယန်ယန်၊ ချင်းပေရှင်းတို့နှင့်အတူ အရက်သောက်ဖို့သွားခဲ့ခြင်းဖြစ်သည်။
လင်ရှောက်ကျားသည် အလွန်မာနကြီးသည့်မိန်းကလေးဖြစ်တာကြောင့် သူမသည် ကျိကျိတက်ချမ်းသာကာ အာဏာရှိသည့်မိသားစုဝင်များနှင့်သာ အပေါင်းအသင်းလုပ်သူဖြစ်သည်။
ရှီယန်ယန်သည် မြို့တော်မှကျိကျိတက်ချမ်းသာသည့်မိသားစုတစ်ခုမှဖြစ်ကာ ချင်းပေရှင်း၏ ဖခင်သည်တော့ မြို့တော်အုပ်ချုပ်ရေးပိုင်းမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်လေသည်။ သူတို့နှစ်ဦး၏မိသားစုနောက်ခံများမှာ လင်ရှောက်ကျားလောက်တော့ မကောင်းလှသော်လည်း နှစ်ဦးစလုံး အဆင့်အတန်းမြင့်အသိုင်းအဝိုင်းများမှသာဖြစ်လေသည်။
သို့ပေမည့် လင်မိသားစုနှင့်ရှီမိသားစုသည်သာ အင်အားကြီးကာ ကျိကျိတက်ချမ်းသာသည့်မိသားစုများ၏ မျိုးဆက်ဖြစ်ကြပြီး သူတို့မိသားစုများမှ မိသားစုဝင်များသည်လဲ နိုင်ငံရေး စီးပွားရေးတွင် လွှမ်းမိုးမှုရှိသည့် ရာထူးများကို ပိုင်ဆိုင်ထားကြလေသည်။ သို့ပေမည့် ချင်းမိသားစုသည်တော့ ချင်းပေရှင်း၏မိဘများသည်သာ အစိုးရဘက်တွင်ရာထူးကြီးကြီးရှိလေသည်။ ထို့ကြောင် သူတို့ကြားမှ တစ်ဦးခြင်းအာဏာအရရော မိသားစုတစ်ခုလုံးအင်အားအရပါ ကွာခြားချက်အလွန်ကြီးမားလှသည်။
ဘားသို့သွားသည့်လမ်းတွင် ရှီယန်ယန်တစ်ယောက် ရုတ်တရက် တစ်စုံတစ်ခုကိုတွေးမိသွားတာကြောင့် ထုတ်မေးလိုက်သည်။
“ရှောက်ကျား၊ ဟိုကောင်မလေးကို ကျန်းယွေ့ချင် ဆက်ဆံပုံကကွဲပြားနေတယ်လို့ ငါပဲထင်နေတာလား။ သူမိန်းကလေးတစ်ယောက်ကို ဒီလောက် ဂရုတစိုက်နဲ့ နူးနူးညံ့ညံ့ဆက်ဆံတာ ငါအရင်က တစ်ခါမှမတွေ့ဖူးဘူး။ ဟိုကောင်မလေးကို သူကြိုက်နေတာများလား?”
ထိုစကားကိုကြားသည်နှင့် လင်ရှောက်ကျားလမ်းရှောက်နေသည်ကိုပင် ရပ်တန်းလိုက်မိကာ ကျန်းယွေ့ချင်၏အပြုအမူများ ယနေ့အလွန်ကွဲပြားနေသည်ကို သတိထားမိသွားတော့သည်။ သူမ ကျန်းယွေ့ချင်ကို ကြိုက်နေခဲ့တာကြောင့် သူ့အကြောင်း အများကြီးသိထားကာ ကျန်းယွေ့ချင် မိန်းကလေးတစ်ယောက်ကို စတင်ချဉ်းကပ်ကာ ကြင်ကြင်နာနာဆက်ဆံသည်အား သူမမြင်ဖူးခဲ့ပေ။
“ရှောက်ကျားကို စိတ်အနှောက်အယှက်ဖြစ်အောင်လို့ တမင်လုပ်တာရော မဖြစ်နိုင်ဘူးလား?” ချင်းပေရှင်းကပါ ဝင်ပြောလိုက်သည်။
“ဘာကြောင့်ပဲဖြစ်ဖြစ်၊ ငါကတော့ သူကိုအလွတ်မပေးနိုင်ဘူး။ နောက်တစ်ခါ သူ့ကိုထပ်တွေ့ရဲတွေ့ကြည့် သေချာပေါက် ပညာပေးပစ်မယ်။” လင်ရှောက်ကျား ကုနင်းကို အလွန်မုန်းတီးလို့နေလေပြီ။ ကုနင်းကြောင့်သာ သူမယနေ့လူကြားထဲ အရှက်ရခဲ့တာကြောင့် ကုနင်းကို ခွင့်လွှတ်ပေးဖို့ဘယ်လိုမှမဖြစ်နိုင်ပေ။
လင်ရှောင်းထင် ညစာစားပြီးချိန်တွင်တော့ ကုနင်းသည် ညစာစားနေစဲဖြစ်တာကြောင့် သူမစားနေရင်းတန်းလန်းဖြင့် လင်ရှောင်းထင်၏ဖုန်းကို ကိုင်လိုက်ရသည်။
“အခုဘယ်မှာလဲ? ညစာကော စားပြီးသွားပြီလား?” လင်ရှောင်းထင်မေးလိုက်သည်။
“ကျွန်မအခု ကုန်သွယ်ရေးခရိုင်မှာ၊ စားနေတုန်းရှိသေးတယ်။”
“ကိုယ်လာကြိုပေးဖို့လိုသေးလား?”
“ကောင်းတာပေါ့!” ကုနင်းသဘောတူလိုက်ပြီးနောက် ဖုန်းချလိုက်သည်။
…..
ခိုင်ချင်းယီသည်လဲ နဉ်ချန်းခိုင်နှင့်ပတ်သတ်၍ စုံစမ်းခိုင်းထားသည့်သတင်းများအား ပြန်လည်ရရှိနေပြီဖြစ်သည်။
ဌာနခေါင်းဆောင်သည် အခြားမြို့မှ အခြားဌာနတစ်ခုသို့ ပြောရွှေ့ခံထားရကာ ဘယ်သူမှ အသေးစိတ်အခြေအနေကို မသိကြပေ။ ထို့အပြင် ဌာနခေါင်းဆောင် ခိုင်ချင်းယီကို သစ္စာဖောက်သွား မဖောက်သွားကိုလဲ ဘယ်သူမှမသိကြပေမည့် ခိုင်ချင်းယီ၏အတွင်းရေးမှူးကတော့ နဉ်ချန်းခိုင်တို့ဘက်တွင် ရှင်းဟယ်ကို ဆန့်ကျင်ဖို့အတွက် သက်သေတိတိကျကျမရှိကြောင်း ပြောပြခဲ့သည်။
ထိုစကားကြောင့် ခိုင်ချင်းယီလဲ အနည်းငယ်စိတ်အေးမိသွားရလေသည်။
…….
မကြာခင်တွင်ပဲ လင်ရှောင်းထင် ကုန်သွယ်ရေးခရိုင်မှ အစားအသောက်တန်းဘက်သို့ရောက်ရှိလာခဲ့ကာ ကုနင်းတို့သည်လဲ စားသောက်ပြီးစီးသွားပြီဖြစ်သည်။
“မင်းအခုဘယ်သွားဦးမှာလဲ? ငါလိုက်ပို့ပေးမယ်လေ။” ကျန်းယွေ့ချင်ပြောလိုက်သည်။
“ကျေးဇူးပါပဲ၊ ငါ့သူငယ်ချင်းက လာကြိုမှာဆိုတော့ မလိုတော့ပါဘူး။”
“ကောင်းပြီလေ။” ကျန်းယွေ့ချင် ထပ်မမေးတော့ပေမည့် ထပ်မံကာ စိတ်ပျက်သွားရပြန်သည်။
သူတို့အပြင်သို့အတူထွက်လာကြချိန်တွင် လင်ရှောင်းထင်၏ကားသည် အပြင်တွင်ရပ်ထားနှင့်ပြီးဖြစ်သည်။ ကုနင်း အားလုံးကို နှုတ်ဆက်စကားပြောလိုက်ပြီး ကျန်းယွေ့ချင်နှင့်ထန်ချင်းယန်တို့က သူမတို့အားလုံး ကားထဲဝင်သွားသည်ကို အပေါက်ဝကနေပြီး စောင့်ကြည့်နေခဲ့သည်။
ကုနင်း ကျန်းယွေ့ချင်နှင့်အတူ ဆိုင်ထဲမှထွက်လာသည်ကို လင်ရှောင်းထင်မြင်လိုက်ရသည်နှင့် မကျေမနပ်ဖြစ်သွားတော့သည်။ သူမပဲ ကျန်းယွေ့ချင်ညစာစားဖိတ်တာကို ငြင်းလိုက်ပြီလို့ မပြောထားဘူးလား? ဘာလို့ အခုကျ အတူတူစားခဲ့ကြတာလဲ?
ကုနင်းလဲ ကားထဲဝင်ဝင်ချင်း လင်ရှောင်းထင် စိတ်အလိုမကျဖြစ်နေသည်ကို ခံစားမိလိုက်ကာ ချက်ချင်းဆိုသလိုပင် ကျန်းယွေ့ချင်ကြောင့် စိတ်ဆိုးနေမှန်းလဲ သိလိုက်သည်။ ကျန်းယွေ့ချင်နှင့် ညစားစားဖြစ်သွားသည်က တိုက်ဆိုင်မှုသာဖြစ်သော်လည်း လင်ရှောင်းထင်က မသိတာကြောင့် စိတ်ဆိုးနေသည်အား နားလည်ပေး၍ရလေသည်။
ကုနင်းလဲ ချက်ချင်းပင် လင်ရှောင်းထင်ကို အကျိုးအကြောင်းရှင်းပြလိုက်တာကြောင့် လင်ရှောင်းထင်၏ဒေါသများ မှေးမှိန်လို့သွားပေမည့် ကုနင်း သူမနှင့်ပြဿနာတက်ခဲ့သည့်မိန်းကလေးက လင်ရှောက်ကျားဖြစ်ကြောင်းကိုတော့ မပြောပြခဲ့ပေ။
အစပိုင်းတွင်တော့ ရှားယီချူးနှင့် စုန့်မန်နီတို့ ကားထဲတွင်ရှိနေရသည်ကို အတော်လေးစိတ်ဖိအားဖြစ်ခဲ့ရပေမည့် နောက်ပိုင်းတွင်တော့ နေသားကျသွားကြသည်။ ထို့နောက် ကုနင်းက သူတို့ကိုလဲ မိတ်ဆက်ပေးခဲ့သည်။
ကားထဲတွင် အလွန်မှောင်နေတာကြောင့် လင်ရှောင်းထင်၏သွင်ပြင်ကို ရှားယီချူးနှင့် စုမန့်မန်နီတို့ ရှင်းရှင်းလင်းလင်းမမြင်ကြရပေ။ ထိုသို့သာမဟုတ်လျှင် လင်ရှောင်းထင်၏ခန့်ညားလွန်းမှုကြောင့် သူမတို့အလွန်စိတ်လှုပ်ရှားမိနေကြပေမည်။
***
အခန်း ၆၄၅
အခုထိဘာမှဖြစ်မလာသေးဘူး
ထို့နောက် ရှားယီချူးနှင့်စုန့်မန်နီတို့၏လိပ်စာကို ကုနင်းမေးလိုက်ကာ လင်ရှောင်းထင်၏အိမ်သို့မပြန်ခင် သူမတို့နှစ်ယောက်ကို ပြန်လိုက်ပို့ပေးခဲ့သည်။
ကုနင်းထွက်သွားသည်နှင့် ကျန်းယွေ့ချင်တစ်ယောက် အလွန်းဝမ်းနည်းကာ ကျန်ရစ်ခဲ့ပေမည့် ထန်ချင်းယန်ကတော့ နှစ်သိမ့်ပေးခြင်းမရှိပေ။
“သွားရအောင်! ဟိုကထွက်သွားတာဖြင့် တော်တော်ကြာနေပြီ။” ထန်ချင်းယန် ကျန်းယွေ့ချင်၏လက်မောင်းကို ပုတ်ကာသတိပေးလိုက်သည်။
ကျန်းယွေ့ချင် သက်ပြင်းသာချလိုက်ပြီးနောက် လှည့်ထွက်လာကာ၊
“သွားသောက်ကြရအောင်!” သူလဲ စိတ်အခြေအနေမကောင်းတော့တာကြောင့် ဘီယာတစ်ခွက်လောက်သောက်လိုက်ချင်ပေသည်။
“သွားတာပေါ့!” သူ၏ညီအစ်ကိုက သောက်ချင်နေမှတော့ ထန်ချင်းယန်ကလဲ သေချာပေါက် ငြင်းဆန်မည့်သူမဟုတ်ပေ။
………
ချောင်ဝမ်ရှင်း၊ အိုက်ရှင်းယွီနှင့် အိုက်ရှင်းယွီ၏အခြားသူငယ်ချင်းများ စားသောက်ပြီးနောက် နောက်တစ်နေရာအနေနှင့် ကာရာအိုကေကလပ်သို့သွားရန်ထွက်လာခဲ့ကြပေမည့် ချောင်ဝမ်ရှင်းသည်တော့ ရှင်းပိုင်အကြောင်းကိုသာ တွေးနေမိတာကြောင့် အကြည့်များကဗလာဖြစ်လို့နေခဲ့သည်။
အိုက်ရှင်းယွီလဲ ထိုအမူအရာကို စားသောက်နေကတည်းက သတိထားမိပေမည့် အနားတွင်လူများနေတာကြောင့် မမေးခဲ့ပေ။ အခုတော့ အားလုံးထွက်လာကြပြီဖြစ်တာကြောင့် ချောင်ဝမ်ရှင်းကို မေးလိုက်သည်။
“ဝမ်ရှင်း၊ အဆင်ပြေရဲ့လား?”
“ပြေပါတယ်။”
“တကယ်လား? ငါ့အဲ့လောက်မတုံးဘူးနော်။ နင့်အကြည့်တွေ တချိန်လုံး အသက်မပါဖြစ်နေတာ ငါသတိထားမိသားပဲ!”
“အဆင်ပြေပါတယ်ဟာ၊” သူမခံစားချက်ကများကို သူမ၏သူငယ်ချင်းကောင်းဖြစ်သည့် အိုက်ရှင်းယွီအား ဖုံးကွယ်မထားနိုင်မှန်း ချောင်ဝမ်ရှင်းသိလေသည်။
“ငါဒီနေ့ မိန်းမတစ်ယောက်နဲ့ ပြဿနာဖြစ်ခဲ့တယ်။ သူက ငါ့ကိုဆေးလိပ်ပြာခွက်နဲ့ပစ်ပေါက်ခဲ့ပေမည့် ငါ့ရဲ့ယောက်ျားလေးသူငယ်ချင်းတွေထဲက တစ်ယောက်က ငါ့ကိုကာကွယ်ပေးလိုက်တယ်။ သူကတော့ ဆေးလိပ်ပြာခွက်နဲ့ခေါင်းကို ထိသွားလို့ အခုဆေးရုံတက်နေရတယ်။”
“ငါ့ကြောင့် ထိခိုက်သွားတာဆိုတော့ သူ့ကို ငါကိုယ်တိုင်စောင့်ရှောက်ပေးသင့်တယ်လို့ ထင်ပေမယ့် ဒီနေ့က နင့်ရဲ့မွေးနေ့လဲ ဖြစ်နေတော့ သူက ငါ့ကိုသွားခိုင်းလိုက်တာ။”
“ဘာ? ငါ့ကိုဘာကိစ္စမပြောပြရတာလဲ? ငါသာသိရင် နင့်ကိုအတင်းလာခိုင်းနေမှာတောင်မဟုတ်ဘူး!” အိုက်ရှင်းယွီ ထိတ်လန့်သွားသလို အပြစ်ရှိသလိုလဲ ခံစားသွားရသည်။
“သူ့ဆီပြန်သွားလိုက်တော့! ငါကရတယ်။”
“ဒါပေမယ့်၊ ဒီနေ့က နင့်မွေးနေ့လေ၊ ငါ….” တကယ်တော့ ချောင်ဝမ်ရှင်း ရှင်းပိုင်ရှိရာဆေးရုံသို့ အလွန်ပြန်သွားချင်နေပေမည့် အိုက်ရှင်းယွီအတွက် မတရားသလိုဖြစ်နေမည်ဟုလဲ တွေးမိသေးသည်။ သူမမြို့တော်သို့လာခဲ့ခြင်းက တကယ်တမ်း အိုက်ရှင်းယွီ၏မွေးနေ့ပွဲကိုတက်ရောက်ရန် လာခဲ့ခြင်းမဟုတ်ပါလား။
“ရပါတယ်ဟာ၊ ငါတို့သူငယ်ချင်းကောင်းတွေဖြစ်လာတာပဲ နှစ်ပေါင်းများစွာရှိနေပြီ။ ဒီလောက်တော့ စိတ်ထဲထားမနေပါဘူး။” အိုက်ရှင်းယွီသည် အလွန်တွေးပေးတတ်သူဖြစ်သည်။ အမှန်တရားကို သူမသိသွားသော်လည်း ချောင်ဝမ်ရှင်းကို လွှတ်ပေးလိုက်ဖို့ သိပ်ဆန္ဒမရှိသော်လည်း ထိုသို့သာဆိုပါက အလွန်သွေးအေးရာရောက်ပေမည်။
“ဟုတ်ပြီလေ၊ ငါပြန်သွားလိုက်ဦးမယ်။ တောင်းပန်ပါတယ်၊ ရှင်းယွီ!” ချောင်ဝမ်ရှင်း ခနမျှတုံ့ဆိုင်းနေမိပြီးနောက် ပြန်သွားဖို့ရန် ဆုံးဖြတ်လိုက်တော့သည်။
“ရပါတယ်၊ မြန်မြန်သွား၊ သူစားဖို့သောက်ဖို့ဝယ်သွားပေးဖို့လဲ မေ့မနေနဲ့ဦး။” အိုက်ရှင်းယွီ ချောင်ဝမ်ရှင်းကို တွန်းထုတ်ရင်းပြောလိုက်သည်။
ထို့နောက် ချောင်ဝမ်ရှင်းလဲ ထွက်သွားတော့သည်။ အိုက်ရှင်းယွီစကားအတိုင်းနားထောင်ကာ ထွက်လာခဲ့ပြီးနောက် ရှင်းပိုင်ဘာကြိုက်သလဲမေးရန် ဖုန်းဆက်ဖို့လုပ်လိုက်ပြီးကာမှ သူမတို့နှစ်ယောက် အခုထိ ဖုန်းနံပါတ်မလဲကြရသေးမှန်း သတိရသွားကာ ဝမ်းနည်းမိသွားတော့သည်။
အဆုံးတွင်တော့ သစ်သီးအချို့ကိုသာ ဝယ်သွားလိုက်တော့သည်။
သူမဆေးရုံသို့ရောက်လာချိန်တွင် ရှင်းပိုင်၏လူနာခန်းထဲ၌ ရှုကျင်းချန်လဲ ရောက်နေခဲ့သည်။ ချောင်ဝမ်ရှင်းထွက်သွားပြီးနောက် ရှင်းပိုင်ပျင်းနေ၍ ရှုကျင်းချန်ကို သူနှင့်အတူလာနေပေးရန် ခေါ်ထားခြင်းဖြစ်သည်။
ရှုကျင်းချန်သည်တော့ သူ့ကို ရှင်းပိုင်ကိုယ်တိုင်ဖုန်းဆက်မခေါ်ခင်အထိ ဖြစ်ပျက်သွားသည်များအား မသိထားခဲ့ပေ။ သတင်းကြားပြီးနောက် သူလဲ အလွန်လန့်သွားကာ ချက်ချင်းပင် ရှင်းပိုင်ဆီသို့ထွက်လာခဲ့လေသည်။ ရှင်းပိုင်ကို မြင်လိုက်ရချိန်တွင်တော့ သူ့အမူအရာသည်လဲ လင်ရှောင်းထင်နှင့် တစ်ထပ်တည်းသာ၊
“မင်းကဘယ်လိုလုပ် ဆေးလိပ်ပြာခွက်တစ်ခုကိုတောင် မှန်ရတာလဲ?”
“ရုတ်တရက်ဖြစ်သွားတာကြောင့်ပါ။” ရှင်းပိုင်ပြန်ဖြေလိုက်သည်။ တကယ်တမ်း သူ ချောင်ဝမ်ရှင်းကိုတွန်းထုတ်လိုက်မည်ဆိုလျှင် နှစ်ယောက်လုံး ထိခိုက်မှုရှိမည်မဟုတ်သော်လည်း ထိုအချိန်တုန်းကတော့ တွန်းထုတ်ဖို့ရန်အထိ မတွေးခဲ့မိလိုက်ပေ။
“မင်းသူ့ကိုကြိုက်နေတာလား?” အဖြေကိုသိပြီးသားဖြစ်သော်လည်း ရှုကျင်းချန်မေးကြည့်လိုက်သေးသည်။
“အွန်း။” ရှင်းပိုင်လဲ ချက်ချင်းဝန်ခံလေသည်။
“ကြည့်ရတာ ငါတို့အဖွဲ့မှာ နောက်တစ်ယောက်ရည်းစားထပ်ရပြန်ဦးမယ်ထင်တယ်။ ဒါပေမယ့် ငါကတော့ တစ်ကိုယ်တည်းဖြစ်နေတုန်းပဲ။” ရှုကျင်းချန် ထိုသို့တွေးလိုက်မိတော့ ရုတ်တရက်ဆိုသလို အလွန်ဝမ်နည်းသွားမိတော့သည်။ ပထမက လင်ရှောင်းထင်၊ နောက်စစ်မင် အခုတော့ ရှင်းပိုင်ပါ သူတို့ကြိုက်သည့်မိန်းကလေးတွေကို တွေးကုန်ကြပြီ။ သူကြိုက်တဲ့မိန်းကလေးကတော့ ဘယ်ဆီနေမှန်းပင် မသိသေးပေ။
“အခုထိတော့ ဘာမှဖြစ်မလာသေးပါဘူး။” ရှင်းပိုင် ခါးသက်သက်ပြုံးလိုက်မိသည်။ သူ ချောင်ဝမ်ရှင်းကို ကြိုက်သော်လည်း သူတို့နှစ်ယောက်ပေါင်းစည်းဖို့ကတော့ မလွယ်ကူလှပေ။ အခုထိ သူတို့ချင်းအဆင်ပြေဖို့ကိုတောင် အချိန်တော်တော်ယူရပေဦးမည်။
ရှုကျင်းချန်၏အချစ်ဦးသည် ကောလိပ်တုန်းကဖြစ်ကာ ထိုကတည်းကစ တစ်လျှောက်လုံးတစ်ကိုယ်တည်းနေခဲ့ခြင်းဖြစ်တာကြောင့် အခုအချိန်တွင် သူ့ညီအစ်ကိုအတွက် ဘာအကြံကောင်းမှမပေးနိုင်ပေ။ ထို့ကြောင့် ရှင်းပိုင်ပျော်ရွှင်နိုင်ပါစေလိုသာ မျှော်လင့်ဆုတောင်းပေးနိုင်ပေသည်။
ည၈နာရီလောက်တွင်တော့ ချောင်ဝမ်ရှင်းရောက်လာခဲ့လေသည်။
ချောင်ဝမ်ရှင်း ည၁၀နာရီလောက်အထိ ပြန်မလာနိုင်ဟု ရှင်းပိုင်တွေးထားခဲ့တာကြောင့် ယခုလို၈နာရီကတည်းက ပြန်ရောက်လာခဲ့၍ အလွန်အံ့အားသင့်သွားခဲ့သည်။
“ဟိုင်း၊ လူကြီးမင်းရှု။” ရှုကျင်းချန်ကို နှုတ်ဆက်လိုက်သည်။
“ဟိုင်း၊ ကျွန်တော်လဲ ရှင်းပိုင်သတင်းကြားလို့လာကြည့်တာ။ မင်းပြန်လာပြီဆိုတော့ ကျွန်တော်ပြန်လိုက်တော့မယ်။”
“ဘိုင့်-ဘိုင်။” ချောင်ဝမ်ရှင်းလဲ သိပ်မတွေးနေဘဲ ရှုကျင်းချန်ကို နှုတ်ဆက်လိုက်သည်။
ရှုကျင်းချန်ထွက်သွားဖို့ပြင်းရင်း ရှင်းပိုင်ကိုလဲ အားပေးသလိုကြည့်ခဲ့သေးသည်။
“မင်းဘာလို့အစောကြီးပြန်ရောက်လာတာလဲ?” ရှုကျင်းချန်ထွက်သွားပြီးသည်နှင့် ရှင်းပိုင်မေးလိုက်သည်။ သူမကို စောစောပြန်မလာစေချင်၍ မေးလိုက်ခြင်းမျိုးမဟုတ်ဘဲ သူမသူငယ်ချင်း၏မွေးနေ့ကို အတူတူအဆုံးထိဆင်နွှဲပေးဖို့လိုအပ်သည်ဟု တွေးမိခြင်းကြောင့်သာ။ သူ့ကြောင့်များစောပြန်လာတာလား? ထိုသို့တွေးလိုက်မိသည်နှင့် ရှင်းပိုင်ပျော်မြူးသွားတော့သည်။
“ညစာစားပြီးတာနဲ့ ပြန်လာခဲ့လိုက်တာ။ သူတို့က သောက်ဖို့သွားကြပေမည့် ကျွန်မဒီနေ့ သောက်ချင်စိတ်မရှိလို့ လိုက်မသွားတော့တာ။ ပြီးတော့ ရှင့်အတွက် စားဖို့ဝယ်လာပေးဦးမလို့ဘဲ၊ ဒါပေမယ့် ရှင့်ဖုန်းနံပါတ် မသိသေးတာနဲ့ ဘာဝယ်လာရမှန်းမသိတာ။”
ထိုစကားကိုကြားကာမှ ရှင်းပိုင်လဲ သူတို့ချင်းဖုန်းနံပါတ်မလဲရသေးမှန်း အမှတ်ရသွားတော့သည်။
“စိတ်မရှိဘူးဆိုရင်၊ ကိုယ်တို့အခုဖုန်းနံပါတ်လဲကြမလား။” ရှင်းပိုင် ယဉ်ယဉ်ကျေးကျေးမေးလိုက်သော်လည်း အလွန်စိုးရိမ်ပူပန်နေမိလေသည်။
“ရတာပေါ့။” ချောင်ဝမ်ရှင်းသဘောတူလိုက်ကာ သူတို့ချင်းဖုန်းနံပါတ်လဲလိုက်ကြသည်။
…….
ကုနင်းနှင့်လင်ရှောင်းထင်တို့ အိမ်ပြန်ရောက်ကြသည်နှင့် နေ့လည်ကမပြီးပြတ်သေးသည့် ကိစ္စကို စတင်လုပ်ဆောင်ရန်ကြံရွယ်လိုက်ကြသည်။ ကုနင်းကို လင်ရှောင်းထင် စတင်နမ်းရှုံ့သည့်အချိန်တွင်ပဲ ကုနင်းဖုန်းက မြည်လာခဲ့ပြန်သည်။
***
စာစဉ် ၄၃ ပြီး၏။