အခန်း (၆၄၆-၆၅၀)
Vol. 44 Ch. 646-650
အခန်း ၆၄၆
ဘာလုပ်ဖို့ကျန်သေးလဲ?
ကုနင်းနှင့် နမ်းနေသည့်အချိန်ကို ဒီနေ့အတွင်း နှစ်ကြိမ်မြောက်အနှောက်ယှက်ခံလိုက်ရခြင်းဖြစ်သောကြောင့် လင်ရှောင်းထင် အလွန်အမင်း မပျော်မရွှင်ဖြစ်လာပြီဖြစ်သည်။
“ဟ-ဟ။” လင်ရှောင်းထင်၏ဝမ်းနည်း အလိုမကျသည့်မျက်နှာကို ကုနင်းမြင်ပြီး အသံထွက်ရယ်လိုက်မိပေမည့် ဖုန်းကိုတော့ ချက်ချင်းပြန်ဖြေခဲ့ပေသည်။
ခေါ်ဆိုသူသည်တော့ နဉ်ချန်းခိုင်ဖြစ်ကာ ယနေ့ရောင်းအားများကို ကုနင်းထံသို့တင်ပြခြင်းဖြစ်သည်။ နေ့လည်ပိုင်းသည် မနက်ပိုင်းနှင့်ယှဉ်လျှင် ရောင်းအားများစွာ ကျသွားခဲ့သော်လည်း ဒီနေ့အဖို့တော့ ရောင်းအားများစွာရရှိခဲ့ပြီးဖြစ်လေသည်။
မနက်ပိုင်းတွင်က ကုနင်း၏မိတ်ဆွေများစွာ လာရောက်ဝယ်ယူခဲ့ခြင်းဖြစ်ကာ အားလုံးကလဲ တစ်ခါဝယ်လျှင် ငွေကိုရေလိုသုံးကာ ဝယ်သွားခဲ့ကြသူများဖြစ်ခြင်းကြောင့် ရောင်းအားလျော့သွားသည့် အချက်မှာ နားလည်ပေး၍ရလေသည်။ ထို့အပြင် အလှကုန်ပစ္စည်းများတွင် မျက်နှာကပ်မျက်နှာဖုံးများမှလွဲ၍ ကျန်ပစ္စည်းများမှာ အာနိသင်ပြလာဖို့ရန် အချိန်တစ်ချို့လိုအပ်တာကြောင့် ဝယ်သူအများစုမှာ စတင်စမ်းသုံးဖို့ရန်အတွက် တစ်စုံစီသာဝယ်ယူသွားခဲ့ကြသည်။
ဆေးဆိုင်ဘက်မှလဲ ယနေ့အတွင်းယွမ်သောင်းကျော်အထိရောင်းအားတက်ခဲ့တာကြောင့် ကြော်ငြာခြင်းမရှိဘဲနှင့် ယခုလိုရောင်းရခြင်းမှာ အတော်လေးတာထွက်ကောင်းခြင်းသာဖြစ်သည်။
ပုံမှန်ဆိုင် အလှကုန်ဆိုင်တစ်ဆိုင်ဆိုလျှင် ဖွင့်ပွဲနေ့တွင်ပင် ယွမ်သောင်း၃-၄သောင်းကျော်သာ အများဆုံးရောင်းချနိုင်မည်ဖြစ်သော်လည်း ခိုကျီဆိုင်သည်တော့ ယွမ်၃သိန်းကျော်ဖိုး ရောင်းအားရှိခဲ့သည်။ အလားတူ ဆေးဆိုင်တစ်ဆိုင်ဆိုလျှင်လဲ အလွန်ဆုံးမှ ယွမ်၁သောင်းကျော်လောက်သာ ရောင်းရမည်ဖြစ်ပေမည့် ကိုလိန်းသည်တော့ ယွမ်၄သောင်းကျော် ရောင်းခဲ့ရလေသည်။
ထို့အပြင် ကိုလိန်းဆေးဆိုင်ရော ခိုကျီအလှကုန်ဆိုင်ရောင်းသည် ကုမ္ပဏီတိုက်ရိုက်ဖွင့်လှစ်ထားသည့် အရောင်းပြခန်းသဘော ဆိုင်များဖြစ်ကာ အနာဂါတ်တွင် လက်ကားဖြန့်ဖြူးပါက ယခုထက်မက ငွေများစွာ ဝင်ရောက်လာမည်ဖြစ်သည်။ နောက်ထပ် ကိုလိန်းနှင့်ခိုကျီအတွက် ဆိုင်ခွဲများစွာဖွင့်လှစ်ပြီး နဉ်ချန်ခိုင်ကို တာဝန်ချပေးရန် ကုနင်းစီစဉ်ထားသေးပေသည်။
ထို့နောက် နဉ်ချန်းခိုင်က Fမြို့သို့ပို့မည့်ပစ္စည်းများကို အဆင်သင့်ထုတ်ပိုးထားပြီးပြီဖြစ်ကြောင်း ကုနင်းကို ပြောခဲ့သေးသည်။ ထိုပစ္စည်းများကို မနက်ဖြန်တင်ပို့မည်ဖြစ်ပြီး သူမကို လာရောက်စစ်ဆေးလိုသေးလားဆိုသည်ကိုလဲ မေးမြန်းခဲ့လေသည်။
ကုနင်းကတော့ သူမ နဉ်ချန်းခိုင်ကို ယုံကြည်တာကြောင့် ထပ်စစ်ကြည့်ဖို့မလိုအပ်ဟု တွေးမိသည်။
ဖုန်းချပြီးသည်နှင့် လင်ရှောင်းထင် ထပ်မံကာ ကုနင်းကိုဖိကပ်နမ်းဖို့ဟန်ပြင်လိုက်ပေမည့် ဤတစ်ကြိမ်တွင်တော့ ကုနင်းကိုယ်တိုင်က တားလာခဲ့ပြန်သည်။
“ခနလေးနေဦး။”
သုံးကြိမ်မြောက်အနှောက်အယှက်ခံရခြင်းဖြစ်တာကြောင့် လင်ရှောင်းထင် အလွန်အမင်းစိတ်ပျက်နေပြီဖြစ်သည်။ သို့ပေမည့် ကုနင်း၏ ခံစားချက်ကိုလဲ ဂရုစိုက်တတ်သူဖြစ်တာကြောင့် သူမ မလုပ်လိုလျှင် အတင်းအကြပ်ဖိအားပေးမည်မဟုတ်ပေ။
“ဘာဖြစ်လို့လဲ?”
“လေယာဉ်လက်မှတ်ဝယ်ဖို့မေ့နေလို့။ သန်ဘက်ခါJadeBeautyဆိုင်ခွဲ ဖွင့်ပွဲဆိုတော့ မနက်ဖြန်လေယာဉ်နဲ့ Bမြို့ကိုပြန်မှဖြစ်မယ်။”
ကျိုးကျန်းဟန် ကိစ္စအားလုံးကို စီစဉ်ဆောင်ရွက်ပေးထားမည်ဖြစ်သော်လည်း ဘော့စ်တစ်ယောက်အနေနှင့် ကုနင်း ပြန်သွားဖို့လိုသေးလေသည်။
“ကိုယ်လဲ အတူတူလိုက်မယ်။” အရေးကြီးသည့်ပွဲတစ်ခုဖြစ်တာကြောင့် လင်ရှောင်းထင် ကုနင်းနှင့်အတူ ရှိပေးချင်လေသည်။ ချက်ချင်းပင် ကုနင်းကိုယ်ပေါ်မှ လင်ရှောင်းထင် ပြန်ထလိုက်ကာ လေယာဉ်လက်မှတ်မှာဖို့ရန် ဖုန်းကိုကောက်ကိုင်လိုက်သည်။ လေယာဉ်လက်မှတ်ဆိုသည်မှာ သူတို့စောနိုင်သမျှစောစော ကြိုတင်ဝယ်ယူထားသည်က အကောင်းဆုံးပင်။
“ခနလေး၊ ဝမ်ရှင်းရော မနက်ဖြန်ပြန်လိုက်မလားဆိုတာ မေးကြည့်လိုက်ဦးမယ်။” ထို့နောက် ကုနင်း ချောင်ဝမ်ရှင်းကို ဖုန်းဆက်လိုက်သည်။
ကုနင်း၏ဆိုင်ခွဲဖွင့်လှစ်မည်ဖြစ်တာကြောင့် ချောင်ဝမ်ရှင်းရော ရှင်းပိုင်ပါ တက်ရောက်မည့်အကြောင်း ပြောလာခဲ့တာကြောင့် လင်ရှောင်းထင် လေယာဉ်လက်မှတ်၄စောင်မှာယူလိုက်သည်။
လေယာဉ်ချိန်သည်တော့ မနက်ဖြန်နေ့လည်၁နာရီ၅၀မိနစ်တွင်ဖြစ်တာကြောင့် လေဆိပ်သို့မသွားခင် နေ့လည်စာစားသွားချိန်ရှိလေသည်။
လေယာဉ်လက်မှတ်မှာပြီးနောက် လင်ရှောင်းထင် ချက်ချင်းဆိုသလိုပင် ကုနင်းကို အိပ်ယာထက် ဖိချလိုက်ပြန်ပေမည့် ထပ်မံတွန်းထုတ်ခံလိုက်ရပြန်လေသည်။
ကောင်းယိနှင့်ချောင်ယတို့ အလုပ်များဘယ်အခြေအနေရောက်နေပြီလဲဆိုသည်ကို မေးဖို့ရန် အချိန်ရောက်ပြီဟု ကုနင်းတွေးမိလိုက်ခြင်းကြောင့်ဖြစ်သည်။ ကောင်းယိရော ချောင်ယကပါ အလုပ်ကြိုးစားကြသူများဖြစ်တာကြောင့် လိုအပ်တာမှန်သမျှ အားလုံးဆောင်ရွက်ထားပြီးနှင့်ပြီဖြစ်သည်။ ထို့ကြောင့် ကုနင်းလဲ သူတို့အားသည်နှင့် သူမကိုလာတွေ့ရန်အတွက် ပြောလိုက်သည်။
“ဘာလုပ်ဖို့ကျန်သေးလဲ?” လင်ရှောင်းထင် ဤတစ်ကြိမ်တွင်တော့ လုံးဝအလွတ်ပေးမည်မဟုတ်သည့် အကြည့်ဖြင့် ကုနင်းကို စိုက်ကြည့်လိုက်သည်။
ထိုပုံစံကြောင့် ကုနင်းရယ်ချင်သွားကာ၊
“ဘာမှမရှိတော့ပါဘူး။ စကြတာပေါ့!”
……..
တစ်ချိန်တည်းတွင်ပဲ ဆေးရုံတွင်တော့ ချောင်ဝမ်ရှင်းသည် ရှင်းပိုင်နှင့်အတူစကားပြောပေးနေစဲဖြစ်သည်။
တစ်ယောက်နှင့်တစ်ယောက် သူတို့ခံစားချက်များကို ထုတ်ဖော်ပြသခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ ရောက်တက်ရာရာ ပြောဆိုနေကြခြင်းဖြစ်သည်။
ည၁၁နာရီလောက်တွင်တော့ တစ်ညလုံးရှင်းပိုင်၏လူနာခန်းထဲတွင် နေဖို့ရန်မသင့်တော်လှတာကြောင့် ချောင်ဝမ်ရှင်း ဟိုတယ်သို့ပြန်လာခဲ့လေသည်။
တကယ်တမ်း ကုနင်း၏ဆေးထည့်ပြီးကတည်းက ရှင်းပိုင်၏ဒဏ်ရာမှာကောင်းနေပြီဖြစ်သော်လည်း ဆရာဝန်က ဒဏ်ရာအခြေအနေပြန်ဆိုးလာမည်စိုးတာကြောင့် တစ်ရက်လောက် ဆေးရုံတွင်စောင့်ကြည့်စေလိုခြင်းဖြစ်သည်။ မနက်ဖြန်မနက်ခင်း ဦးခေါင်းကိုနောက်တစ်ကြိမ်ဓါတ်မှန်ပြန်ရိုက်ရမည်ဖြစ်ပြီး ဒဏ်ရာအခြေအနေပြန်ဆိုးလာခြင်းမရှိလျှင်တော့ ဆေးရုံဆင်းနိုင်ပြီဖြစ်သည်။
“ဒီအချိန်ကြီးတစ်ယောက်တည်း ပြန်လို့အဆင်ပြေပါ့မလား?” ရှင်းပိုင် စိုးရိမ်စွာဖြင့်မေးလိုက်သည်။
“ရပါတယ်၊ ဟိုတယ်က လာကြိုဖို့ ကားစီစဉ်ပေးလိမ့်မယ်။”
ထိုစကားကိုကြားကာမှ ဟွမ်းဒင်ဟိုတယ်သည် ချောင်ဝမ်ရှင်းတို့မိသားစုစီးပွားရေးများထဲမှ တစ်ခုဖြစ်ကြောင်း ရှင်းပိုင်ပြန်အမှတ်ရသွားတော့သည်။
ချောင်ဝမ်ရှင်း၏အင်အားကြီးလှသော နောက်ခံမိသားစုနှင့်ပတ်သတ်၍ ရှင်းပိုင် စိတ်မဖိစီးမိပေ။ သူသည်လဲ စစ်တပ်ထဲတွင် လူအများလေးစားခံရသည့် အရာရှိတစ်ဦးမဟုတ်ပါလား။ အဆင့်မြင့်စစ်အရာရှိတစ်ယောက်ဖြစ်ရုံတင်မကသေး သူသည်လဲ အတော်လေးချမ်းသာသူဖြစ်သည်။ ထန်မိသားစုနှင့်တော့ မယှဉ်နိုင်ပေမည့် ချောင်မိသားစုထက်တော့ ဆင်းရဲမည်မဟုတ်တာကြောင့် သူတို့နှစ်ဦးသည် အလွန်လိုက်ဖက်ညီသည့် တွဲဖက်များဖြစ်လာနိုင်ပေသည်။
သူတို့၏တာဝန်များအောင်မြင်လျှင်ရသည့် ဆုကြေးသည်လဲ အလွန်မြင့်လေသည်။ သာမာန်လူသတ်သမားများကို ဖမ်းမိလျှင်တော့ ဆုကြေးသိပ်မရသော်လည်း မူးယစ်ဆေးတရားမဝင်ဖြန့်ဖြူးမှု၊ နိုင်ငံအမွေအနှစ်များ ခိုးယူမှု၊ လက်နက်မှောင်ခိုတင်သွင်းမှုများကို ဖမ်းဆီးချေမှုန်းနိုင်လျှင်တော့ ဆုကြေးများစွာရရှိပေသည်။
ထိုသို့တရားမဝင်အဖွဲ့အစည်းများတွင် သူတို့တရားမဝင်စီးပွားရေးလုပ်ထားရမှ ငွေပေါင်းတန်ချီကာ ရှိလေသည်။ ထိုအဖွဲ့များကို ဖမ်းမိလျှင်တော့ နိုင်ငံတော်က အဖွဲ့အစည်း၏ပိုင်ဆိုင်မှုတစ်ဝက်ကို သိမ်းယူကာ ကျန်ပိုင်ဆိုင်မှုများကိုတော့ မီးတောက်နီအဖွဲ့ဝင်များကို ခွဲဝေယူစေလေသည်။
သာဓကပြရလျှင်တော့ မူးယစ်ရာဇာတစ်ယောက်တွင် ယွမ်၁၀ဘီလီယံမကကြွယ်ဝကာ၊ ထိုခေါင်းဆောင်ကို ဖမ်းသည့်တာဝန်အောင်မြင်သည်နှင့် ထိုလူ၏ပိုင်ဆိုင်မှုများကို ခွဲဝေယူနိုင်ပေသည်။
ထို့ကြောင့် မီးတောက်နီအဖွဲ့ဝင်တိုင်းသည် အလွန်ကြွယ်ဝကြသူများဖြစ်နေခြင်းဖြစ်သည်။
……..
ချောင်ဝမ်ရှင်း ဟိုတယ်သို့ပြန်ရောက်သည်နှင့် ရေမိုးချိူးအဝတ်အစားလဲလိုက်သည်။ သို့ပေမည့် သူမချက်ချင်းအိပ်မပျော်နိုင်ဘဲ ယနေ့ သူမနှင့်ရှင်းပိုင် ကြုံဆုံခဲ့ရသည့်အဖြစ်အပျက်များကို ပြန်လည်တွေးတောနေမိလေသည်။
အခုချိန်တွင်တော့ သူမရှင်းပိုင်ကို ကြိုက်နေပြီမှန်း သေချာသွားပြီဖြစ်ပေမည့် အလွန်မလေးနက်သေးတာကြောင့် ချစ်သူတော်ချင်လားဆိုသည်အထိ မသေချာသေးပေ။ ထို့အပြင် ရှင်းပိုင်ဘက်က သူမအပေါ် ဘယ်လိုခံစားရသလဲကိုလဲ သိချင်မိသေးသည်။
ထိုညတွင်ပဲ ရှင်းပိုင်သည်လဲ ချောင်ဝမ်ရှင်းအကြောင်းသာတွေးနေမိတာကြောင့် တော်တော်နှင့် အိပ်မပျော်နိုင်ခဲ့ပေ။ သူ ချောင်ဝမ်ရှင်းကို သဘောကျနေပြီမှန်း သေချာနေပြီဖြစ်သော်လည်း ချောင်ဝမ်ရှင်းဘက်က သူ့ချစ်သူဖြစ်ချင်ပါ့မလားဆိုသည်ကို အတိအကျမပြောနိုင်သေးတာကြောင့် သူ့ခံစားချက်များကို ဖွင့်ပြောဖို့ရာ တုံ့ဆိုင်းနေမိလေသည်။
***
အခန်း ၆၄၇
သိက္ခာထိန်းပါ
ဘားတစ်ခု၏လူအစည်ဆုံးအချိန်သည် ည၁၂နာရီဝန်းကျင်ဖြစ်သည်။
လင်ရှောက်ကျားတို့သူငယ်ချင်းအဖွဲ့သည် ပထမတုန်းက ဂီတဘားတစ်ခုကိုသာ သွားခဲ့တာကြောင့် မူးအောင်မသောက်ခဲ့ကြဘဲ နောက်ထပ်ဘားတစ်ခုသို့ ဆက်ကူးကာမှ ပို၍ပျော်စရာကောင်းလာမည့်အကြောင်း သိတာကြောင့် ပထမဘားတွင် ခေါင်းကြည်နေစဲဖြစ်သည်။ အခုတော့ နောက်ဘားတွင် သူတို့ပို၍ပျော်ပါးသောက်စားကြတော့မည်ဖြစ်သည်။
သူမတို့နှင့်အဆင့်အတန်းချင်းတူညီသည့် ယောက်ျားလေးမိတ်ဆွေများစွာက သူမတို့ကို ဤဘားတွင် ပျော်ဖို့ရန်ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ သူတို့အားလုံးသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဘယ်လိုမှ အဆင်ပြေခြင်းမရှိသည့် နယ်ပယ်အသီးသီးမှ မြင့်မားသည့်အဆင့်အတန်းဖြင့် လူငယ်မျိုးဆက်အဖွဲ့များဖြစ်တာကြောင့် သူတို့အချင်းချင်းကလွဲ တခြားသူများနှင့် အပေါင်းအသင်းမလုပ်ကြပေ။
အဖွဲ့များအချင်းချင်းတွေ့လျှင် ပြဿနာတက်ကြမည်မှန်းသိတာကြောင့် လူကြီးများက ဂရုစိုက်ကြရန် မှာကြားထားကာ သူတို့လဲ မတူသည့်အဖွဲ့နှင့် လုံးဝအပေါင်းအသင်းလုပ်ခြင်းမရှိပေ။
သူတို့၏ရန်သူများနှင့် ဆက်ဆံရေးကောင်းမွန်အောင်ထိန်းသိမ်းထားလျှင်တောင်မှ ပို၍မကောင်းတာတစ်ခုခုပင် ဖြစ်လာပေလိမ့်မည်။
သူငယ်ချင်းများဖြစ်ကြသည့်အတွက် တစ်ယောက်လျှို့ဝှက်ချက်ကို တစ်ယောက်မျှဝေ ထားကြလေသည်။ အကယ်၍ အဖွဲ့ထဲမှတစ်ဦးဦးကသာ အခြားဆန့်ကျင်ဘက်အဖွဲ့မှ လူငယ်မျိုးဆက်တစ်ဦးနှင့် မိတ်ဆွေဖွဲ့လိုက်ပါကာ ထိုတစ်ယောက်၏မိသားစုနှင့် တစ်ဖွဲ့တည်းဖြစ်ထားသည့် မိသားစုများပင် အချင်းချင်းစတင်တိုက်ခိုက်ကြတော့မည်ဖြစ်သည်။ သူတို့၏လျှို့ဝှက်ချက်များ ရန်သူဘက်သို့ပေါက်ကြားသွားမည့်အဖြစ်မျိုးကို အဖြစ်မခံနိုင်ကြခြင်းကြောင့်ပင်။
ဘားသည် မီးရောင်စုံများနှင့် အလွန်ဆူညံလွန်းနေကာ အကကြမ်းပြင်တွင်လဲ ယောက်ျား မိန်းမများစွာ ရူးသွပ်မှုအပြည့်ဖြင့် တစ်ကိုယ်လုံးကို လှုပ်ရမ်းကနေကြကာ ဒီနေ့ကပဲ သူတို့အတွက် နောက်ဆုံးရှင်သန်ရမည့် နေ့ရက်ပမာ အစွမ်းကုန် ပျော်ပါးကခုန်နေကြလေသည်။
အခုဆို နွေဦးအစပိုင်းသို့ပင် ရောက်နေပြီဖြစ်သော်လည်း အပြင်ဘက်တွင်တော့ ချမ်းအေးနေစဲဖြစ်သည်။ သို့ပေမည့် ကလပ်ထဲတွင်တော့ အမြဲတမ်းနွေရာသီတစ်မျိုးတည်းသာဖြစ်ကာ မိန်းကလေးတိုင်း တိုတိုပြတ်ပြတ်နှင့် နွေရာသီဝတ်စုံများဟုပင် ထင်မှတ်ရသည့်ဝတ်စုံများကိုသာ ဝတ်ဆင်ထားကြလေသည်။ ကလပ်ထဲမှ လေအေးပေးစက်ကို တစ်ချိန်လုံးဖွင့်ထား၍သာမဟုတ်လျှင် ဘယ်သူမှ ဒီထဲတွင် နေချင်ကြတော့မည်မဟုတ်ပေ။
လင်ရှောက်ကျားတို့သူငယ်ချင်းအဖွဲ့သည်လဲ တိုတိုပြတ်ပြတ်နှင့် အများကိုဆွဲဆောင်နိုင်သည့် ဝတ်စုံများ လဲဝတ်ထားကြပြီးဖြစ်ကာ မိတ်ကပ်ထူထူကိုလဲ ပြင်ဆင်ချယ်သလိုက်သည်။ သူတို့၏ပုံစံမှာ အစောကနှင့်လုံးဝကွဲပြားလို့နေပေပြီ။ အစောဆိုလျှင် သူမတို့သည် ကျက်သရေရှိလှသည့် သခင်မလေးများဖြစ်ခဲ့ပေမည့် အခုတွင်တော့ ကလပ်ထဲမှ အခြားသော မိန်းကလေးများကဲ့သို့ပင် ရမ္မက်ပြင်းပြင်းနှင့်ဆွဲဆောင်မှုရှိနေတော့သည်။
ရှီယန်ယန်သည်တော့ ထိုထဲတွင် ဆွဲဆောင်မှုအရှိဆုံးဖြစ်ကာ သူမ၏ဝတ်ဆုံမှ အလွန်တိုလွန်းတာကြောင့် နည်းနည်းလေးသာ ကုန်းလိုက်မည်ဆိုလျှင်ပင် အတွင်းခံကိုမည်ရနိုင်သည်အထိပင်။ ထိုသို့ဖြစ်နေခြင်းကလဲ သူမကိုယ်တိုင်က ဖြစ်စေချင်သောပုံစံပင်။
တကယ်တမ်း လင်ရှောက်ကျားသည် ရှီယန်ယန်ထက်ပို၍ လှပသော်လည်း ရှီယန်ယန်က သူမထက်ပို၍ ပြင်တက်ဆင်တက်သူဖြစ်သည်။ ရှီယန်ယန် သူမ၏ဝိုင်နီရောင်ဆံနွယ်ခွေများကို ယမ်းခါလိုက်သည့်အချိန်တွင်တော့ သူမအနားသို့ ယောက်ျားပေါင်းများစွာ ချဉ်းကပ်လာကြတော့သည်။
“ဟေ့၊ အလှလေးတို့၊ တစ်ခွက်လောက်သောက်မလား?” ခန့်ညားသည့်ယောက်ျားတစ်ဦး သူမတို့အနားသို့လျှောက်လာရင်း စကားစလိုက်သည်။
“ကျွန်မတို့မအားသေးလို့၊ နောက်မှသောက်ကြတာပေါ့!” ရှီယန်ယန် ဆွဲဆောင်မှုရှိရှိပြုံးရင်းပြောလိုက်သည်။ သူမ၏ပုံစံမှာ အလွန်နူးညံ့ကာဆွဲဆောင်မှုရှိလှတာကြောင့် သူမ၏အပြောမှာ တစ်ဖက်သားကို စိတ်တိုသွားအောင် မလုပ်နိုင်ပေ။
ခနအကြာတွင်တော့ သူမတို့သူငယ်ချင်းများငှားထားသည့်နေရာသို့ ထွက်လာခဲ့လေသည်။ ထိုနေရာတွင်တော့ အမျိုးသား၃ဦးနှင့် ရင်သားများပင် အပြင်ဘက်သို့ ထွက်ပြူတော့မတက် တင်းကျပ်နေအောင်ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးတို့ရှိနေခဲ့သည်။ သူမသည် သူမ၏ညဘက်တွင်ထိုင်နေသည့်အမျိုးသားနှင့် အားလုံးရှေ့မှောက်တွင်ပင် ချစ်ရည်လူးနေခဲ့လေသည်။ ထိုသို့သောမြင်ကွင်းမျိုးမှာ ကလပ်တစ်ခုတွင် ပုံမှန်မြင်ကွင်းမျိုးသာဖြစ်လေသည်။
လင်ရှောက်ကျားတို့သူငယ်ချင်းအဖွဲ့သည်တော့ ကလပ်တွင်မကြာခဏလာရောက်ပျော်ပါးခြင်းမရှိဖူးဘဲ တခါတရံသာလာလေ့ရှိကြသူများဖြစ်သော်လည်း ဤသို့သောမြင်ကွင်းမျိုးကိုတော့ အသားကျနေပြီးဖြစ်လေသည်။
“သူတို့ကပျော်တောင်ပျော်နေကြပြီပဲ!” ရှီယန်ယန် သရော်သည့်သဘောမဟုတ်ဘဲ အမှန်တကယ်စနောက် ပြောဆိုလိုက်သည်။
ထိုစကားကြောင့် ချစ်ရည်လူးနေသည့်အတွဲ ချက်ချင်းရပ်သွားကြကာ ရှီယန်ယန်ကို လှည့်ကြည့်လာကြသည်။ မိန်းကလေးက သူမ၏ရင်ဘက်ပေါ်မှ ဆံသားများကို သပ်တင်ရင်း အေးဆေးစွာဖြင့်၊
“နင်လဲ အခုအချိန်မှာမရှိနေရုံပါ သိပ်ပြီးအံ့ဩသလိုလုပ်မနေစမ်းပါနဲ့။”
“သိက္ခာလေးလဲထိန်းဦး! ဘာလို့အခန်းတစ်ခန်းယူပြီး စိတ်ကြိုက်သွားမလုပ်ကြတာလဲ?” ရှီယန်ယန်ပြန်ပြောလိုက်သည်။
ရှီယန်ယန်သည်လဲ လူပေါင်းများစွာနှင့်လိင်ဆက်ဆံခဲ့ဖူးလေသည်။ သေချာပြောပြရလျှင်တော့ လူချမ်းသာသားသမီးများတွင် လိင်ဆက်ဆံသည့်တွဲဖက်များစွာမရှိသည့်လူမှာ အနည်းအကျဉ်းသာရှိလေသည်။ သို့ပေမည့် အချို့လူများကတော့ သူတို့၏ဂုဏ်သိက္ခာကို ထိခိုက်မည်စိုး၍ တိုးတိုးတိတ်တိတ်သာထားရှိကြသည်။
လင်ရှောက်ကျားနှင့် ချင်းပေရှင်းသည်တော့ ရှီယန်ယန်လို လိင်ဆက်ဆံဖူးသည့်လူများစွာမရှိခဲ့တာကြောင့် အခုချိန်တွင် ဂုဏ်သိက္ခာကောင်းတစ်ခုကို ထိန်းသိမ်းထားနိုင်စဲဖြစ်သည်။
“ဟေ့ လာထိုင်ကြလေ။” ခန့်ညားသည့်ကောင်းလေးတစ်ဦးက ချက်ချင်းမတ်တပ်ထရပ်ကာ သူမတို့ကို သူနှင့်အတူလာထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
“ဟလို၊ အချောလေးတို့ မတွေ့တာကြာပေါ့!” အရပ်ရှည်ရှည်နှင့်ခန့်ညားချောမောသည့် ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသားက သူမတို့ကိုနှုတ်ဆက်လိုက်လေသည်။
“စမစ်၊ နင်ဘယ်အချိန်တုန်းကပြန်ရောက်နေတာလဲ?”
ထိုအမျိုးသားကိုမြင်သည်နှင့် ရှီယန်ယန်ရော ချင်းပေရှင်းပါ စိတ်လှုပ်ရှားသွားကြပေမည့် လင်ရှောက်ကျားသည်တော့ အနည်းငယ်နေရခက်ဟန်ပေါ်သွားလေသည်။
စမစ် မိန်းကလေးများကို ကြည့်လိုက်ပေမည့် တကယ်တမ်းကျတော့ သူ့အာရုံမှာ လင်ရှောက်ကျားတစ်ယောက်တည်းတွင်သာရှိနေပြီး၊
“ဒီနေ့ပဲပြန်ရောက်တာ။ တုက မင်းတို့ကို ဒီလာဖို့ဖိတ်တော့ မင်းတို့အံ့အားသင့်သွားအောင်လို့ ငါရှိနေကြောင်း ထည့်မပြောခိုင်းလိုက်တာ။” တုဆိုသည်မှာ သူမတို့ကိုအနားလာထိုင်ရန် ခေါ်သည့်ခန့်ညားသည့် ကောင်လေးဖြစ်သည်။
တကယ်တော့ လင်ရှောက်ကျားမလာတော့မည်ကို စိုးတာကြောင့် စမစ်မပြောခိုင်းခဲ့ခြင်းဖြစ်သည်။ ဘာကြောင့်များကြောက်နေရတာလဲ? ဒါကတော့ သူတို့ကြားမှလျှို့ဝှက်ချက်တစ်ခုဖြစ်ကာ လင်ရှောက်ကျားသည် သူ့ကိုတွေ့လိုက်ရတာ ရှက်ကိုးရှက်ကန်းနှင့် နေရခက်နေတတ်သည်။
“တကယ့်အံ့ဩစရာကြီးပဲ!” ရှီယန်ယန်နှင့် ချင်းပေရှင်းတို့ရယ်လိုက်ကြသည်။
ထို့နောက် တုက သူတို့အတွက်သောက်စရာများထည့်ပေးကာ ခွက်ချင်းတိုက်လိုက်ကြသည်။
လင်ရှောက်ကျားနှင့်သူမသူငယ်ချင်းများကတော့ တော်တော်များများသောက်ပြီးနောက်တွင် အနည်းငယ်စတင်မူးရစ်လာခဲ့ပေမည့် သတိကတော့ မြဲနေစဲပင်။ ထိုအချိန်တွင်ပဲ စမစ်သည် လင်ရှောက်ကျားအနားသို့ ပြောင်းထိုင်လာခဲ့သည်။ အရက်အရှိန်ကြောင့် လင်ရှောက်ကျားလဲ နေရခက်သလို မခံစားရတော့ပေ။ စမစ်က လင်ရှောက်ကျား၏ နား,နားသို့ကပ်ကာ လေသံတိုးတိုးဖြင့်၊
“ဒီညငါနဲ့အတူ နေမလား?”
စမစ်၏အာငွေ့နွေးနွေး လင်ရှောက်ကျားနားထဲသို့ ရိုက်ခတ်လာသည်နှင့် သူမမျက်လုံးထဲတွင် စိတ်ထကြွသည့်အရိပ်အယောင် ထင်ဟပ်သွားခဲ့ပေမည့် ပါးစပ်ကတော့ ငြင်းဆိုလိုက်စဲပင်။
“မနေဘူး။”
လင်ရှောက်ကျား၏မျက်ဝန်းထဲမှအရိပ်အယောင်ကို စမစ် တွေ့မြင်လိုက်ရတာကြောင့် အသာပြုံးလိုက်ကာ၊
“မင်းစိတ်ကို ထိန်းချုပ်ထားဖို့မလိုမှန်း မင်းလဲသိတာပဲ၊ စိတ်ကိုလွှတ်ထားပေးလိုက်။ အရင်တုန်းကလဲ ငါတို့ပျော်ပါးခဲ့ဖူးတာပဲ။ စိတ်မပူပါနဲ့။ ဘယ်သူမှလဲသိမှာမဟုတ်သလို ငါလဲ အတင်းတွန်းအားမပေးပါဘူး။”
စမစ်၏စကားလုံးများက လင်ရှောက်ကျား၏ယုံကြည်မှုကို ရရှိသွားစေလေသည်။ စမစ်၏အိပ်ရာထက်မှ အရည်အချင်းသည် အလွန်ကောင်းမွန်ကာ လင်ရှောက်ကျားလဲ ထိုအချက်ကိုလက်ခံပေမည့် စမစ်နှင့် ဤသို့လိင်ဆက်ဆံဖော် ဆက်ဆံရေးတစ်ခုမျိုး တည်ဆောက်ဖို့ရန်ကိုတော့ တွန့်ဆုတ်နေမိစဲပင်။ ကျန်းယွေ့ချင်သာ ဤအကြောင်းသိသွားခဲ့ပါက သူမကိုဘယ်သောအခါမှ ပြန်ကြိုက်လာတော့မည်မဟုတ်ပေ။
စမစ်သည် အရပ်ရှည်ရှည် ခန္ဓာကိုယ်တောင့်တောင်နှင့် ခန့်ညားသူတစ်ယောက်ဖြစ်သော်လည်း လင်ရှောက်ကျားကတော့ သူ့အပေါ် ခံစားချက်မရှိပေ။ ထို့အပြင် စမစ်သည် တစ်ကြိမ်ကွာရှင်းထားဖူးသူဖြစ်တာကြောင့် သူမနှင့်တွဲဖို့ဘယ်လိုမှမဖြစ်နိုင်ပေ။ ကွာရှင်းထားသည့် ယောက်ျားနှင့်တွဲဖို့က သူမလိုအဆင့်အတန်းအတွက် အလွန်အမင်းအရှက်ရစရာကိစ္စတစ်ခုသာ ဖြစ်လေသည်။
သူမတို့ အရင်တုန်းက တစ်ကြိမ်အတူအိပ်ခဲ့ဖူးသည်ကလဲ သူမအရက်အလွန်မူးနေခဲ့ကာ ထိုညက အလွန်အထီးကျန်နေခဲ့ခြင်းကြောင့်လဲ ပါလေသည်။
***
အခန်း ၆၄၈
သေနတ်
လင်ရှောက်ကျား၏ပုံစံကြောင့် စမစ် ကိုယ့်ကိုကိုယ်ဂုဏ်ယူမိလာတော့သည်။
“မင်းအခုထိ တစ်ယောက်တည်းမဟုတ်လား။ ချစ်သူမရှိမှတော့ ဘာစိတ်ပူစရာရှိသေးလို့လဲ။ ဒါက သစ္စာဖောက်တယ်လို့မှမခေါ်တာ။”
လင်ရှောက်ကျားလဲ ထိုသို့တွေးမိလေသည်။ သူမကိုယ်တိုင်ကလဲ ကျန်းယွေ့ချင် သူမကိုလျစ်လျူရှုသည့်အတွက် အရွဲ့တိုက်ချင်စိတ်လေးကလဲ ရှိနေတာကြောင့် လက်ခံလိုက်တော့သည်။
“ကောင်းပြီလေ။”
လင်ရှောက်ကျား၏အဖြေကြောင့် စမစ်ပျော်ရွှင်သွားတော့သည်။ တကယ်တော့ လင်ရှောက်ကျားကို စမစ်သဘောကျပေမည့် သူမနှင့်အိပ်ရသည်ကိုသာဖြစ်ပြီး တရားဝင်လက်တွဲဖော်တစ်ယောက်အဖြစ်တော့ မလိုချင်ပေ။ သူ၏ဇနီးဟောင်းသည်လဲ စမစ်ဖောက်ပြန်ခဲ့ခြင်းကြောင့် ကွာရှင်းခဲ့ကြခြင်းဖြစ်သည်။
စမစ်၏စိတ်ထဲတွင် သူသာအသက်ကြီးသွားခဲ့ပါက လုပ်ချင်တာလုပ်လို့ရတော့မည်မဟုတ်၍ ငယ်တုန်းရွယ်တုန်း ဘဝကိုအပျော်ရွှင်ဆုံးဖြတ်သန်းချင်သူဖြစ်သည်။ ထို့အပြင် စမစ်သည် ချမ်းသာတာကြောင့်လဲ သူလုပ်ချင်တာမှန်သမျှ လုပ်နိုင်နေခြင်းဖြစ်သည်။ လင်ရှောက်ကျား သူ့ကို သဘောမကျဘဲ သူ၏အိပ်ရာထက်မှအရည်အချင်းကိုသာ သဘောကျကြောင်းလဲ သိပေမည့် သူ့အနေနှင့် သူမနှင့်လိင်ဆက်ဆံလို့လဲ တာဝန်ယူတာဝန်ခံပေးစရာမလိုတာကြောင့် သူမဘယ်လိုပဲသဘောထားပါစေ ဂရုစိုက်နေဖို့မလိုပေ။
မကြာခင်တွင်ပဲ ရှီယန်ယန်သည် ခန့်ညားသည့် ကောင်လေးတစ်ယောက်နှင့်အတူ ထွက်သွားကာ ချင်းပေရှင်းသည်တော့ အမူးလွန်နေ၍ တုကပြန်လိုက်ပို့ပေးခဲ့သည်။
အဆုံးတွင်တော့ လင်ရှောက်ကျားနှင့် စမစ်နှစ်ယောက်သာ ကျန်ခဲ့လေသည်။
“ငါနဲ့နည်းနည်းထပ်သောက်ပေးဦး! ငါသောက်ချင်နေတုန်းပဲ။” လင်ရှောက်ကျား၏ စိတ်အခြေအနေမကောင်းတာကြောင့် သူမရင်ထဲမှ နာကျင်မှုကို ဖြေလျှော့ရန်အတွက် မူးချင်နေသည်။
“ရတာပေါ့၊ ဒါပေမယ့် အရမ်းတော့မမူးစေနဲ့၊ မဟုတ်ရင် နောက်လာမယ့် စိတ်လှုပ်ရှားမှုလေးတွေကို မခံစားနိုင်တော့ဘဲနေမယ်။” စမစ်ဘယ်လောက်ပင် မိန်းမတစ်ယောက်နှင့် အိပ်ချင်ပါစေ အမူးလွန်နေသည့်မိန်းမတစ်ယောက်နှင့်တော့ မဟုတ်ပေ။
ထို့နောက် သိပ်ကြာကြာမသောက်ခဲ့ကြပဲ စမစ်နှင့်လင်ရှောက်ကျားတို့လဲ ဟိုတယ်တစ်ခုသို့ ထွက်လာခဲ့တော့သည်။
နောက်တစ်နေ့တွင်တော့ ကျန်းယွေ့ချင် ပုံမှန်အတိုင်း မနက်စောစောထကာ အပြေးလေ့ကျင့်ခဲ့ပေမည့် ကုနင်းကိုတော့ မတွေ့ခဲ့ရပြန်ပေ။
သုံးရက်တောင်ရှိသွားပေပြီ။ သူမရှောင်နေတာများလား? မနေ့တုန်းက ကုနင်းနှင့်အတူညစာစားဖြစ်ခဲ့သည်မှာလဲ မတော်တဆတွေ့ဆုံခဲ့ခြင်းကြောင့်သာဖြစ်လေသည်။ သို့ပေမည့် မနက်ခင်းအပြေးလေ့ကျင့်ခြင်းကတော့ မတူပေ။ ကုနင်းကိုယ်တိုင်က သူမ၏ပုံမှန်လုပ်နေကြ လေ့ကျင့်ခန်းတစ်ခုပါလို့ ပြောထားခဲ့သလို သူကလဲ ပုံမှန်ပြေးကြောင်း သူမကိုပြန်ပြောခဲ့လေသည်။
သို့ပေမည့် ကုနင်းကတော့ သုံးရက်တောင်ပေါ်မလာခဲ့ပေ။ သူမအရမ်းအလုပ်များနေတာကြောင့်လား။ မဟုတ်ရင် သူ့ကိုမတွေ့ချင်တာကြောင့် မနက်ပိုင်းအပြေးမလေ့ကျင့်တော့တာလား။
………
ချောင်ဝမ်ရှင်းမနက်ခင်း နိုးလာသည်နှင့် ရှင်းပိုင်ကိုဖုန်းဆက်ကာ မနက်စာဘာစားချင်လဲ လှမ်းမေးလေသည်။ မနက်စောစောသာရှိသေးတာကြောင့် ရှင်းပိုင် ဆန်ပြုတ်သာမှာလိုက်သည်။
ချောင်ဝမ်ရှင်းလဲ အမြန်ဆုံးဆန်ပြုတ်ဝယ်ကာ ရှင်းပိုင်ဓါတ်မှန်မရိုက်ခင်အမှီ ဆေးရုံသို့သွားခဲ့သည်။ မနက်၁၀နာရီတွင်တော့ ဓါတ်မှန်အဖြေထွက်လာကာ ရှင်းပိုင်ဘာမှမဖြစ်တော့တာကြောင့် ဆေးရုံဆင်း၍ရသွားပေပြီ။
ချောင်ဝမ်ရှင်းနှင့်ရှင်းပိုင်တို့အတူတူ ကားပါကင်သို့ထွက်လာချိန်တွင် မလှမ်းမကမ်း၌ ယွီဝမ်ခိုင်တစ်ယောက် ရှင်းပိုင်အတွက် ယွီဝမ်ကျင်းပြင်ဆင်ပေးလိုက်သည့် နေ့လည်စာထမင်းဗူးကို ဆွဲကိုင်ရင်း လျှောက်လာလို့နေသည်။
ရှင်းပိုင် ဆေးရုံဆင်းနေပြီကို မြင်လိုက်ရတော့ ယွီဝမ်ခိုင်အနည်းငယ်ရှက်သွားကာ ရှင်းပိုင်ကလဲ ခေါင်းညိတ်နှုတ်ဆက်ရုံသာ နှုတ်ဆက်ပြီး ကားထဲသို့ဝင်သွားလေသည်။
ယွမ်၁သန်းကျော်တန်ဖိုးရှိသည့် Maseratiကားတစ်စီးကို ချောင်ဝမ်ရှင်းမောင်းလာခဲ့ခြင်းဖြစ်သည်။ ထိုကားသည် ထန်ဟွမ်လုပ်ငန်းစု၏ မန်နေဂျာတစ်ဦးပိုင်သည့် ကားဖြစ်လေသည်။ ထို့ကြောင့် ကားတံဆိပ်ကို ယွီဝမ်ခိုင်တွေ့လိုက်သည်နှင့် အလွန်ထိတ်လန့်အံ့အားသင့်သွားရတော့သည်။
သူမြင်နေရသည့်မိန်းကလေးက ဒီလိုဇိမ်ခံကားမျိုးကို စီးနိုင်တယ်ဆိုတော့ သေချာပေါက် သာမာန်မဟုတ်ဘဲ ကျိကျိတက်ချမ်းသာလှသည့် မိသားစုကသာဖြစ်ရပေမည်။ အခုတော့ ယွီဝမ်ကျင်း သူ့စကားကိုနားထောင်ကာ ထိုမိန်းကလေးကို ထပ်ပြီးမနှောက်ယှက်တော့ရန် အမှန်ကိုမျှော်လင့်နေမိတော့သည်။
ချောင်ဝမ်ရှင်းတို့ ဟိုတယ်သို့ပြန်ရောက်သည်နှင့် ကုနင်းကို ဖုန်းဆက်လိုက်သည်။ ကုနင်းနှင့်လင်ရှောင်းထင်တို့ကတော့ အခုမှ အိမ်မှစထွက်လာခြင်းဖြစ်တာကြောင့် ချောင်ဝမ်ရှင်းကိုသာ စားဖို့အရင်ကြိုမှာထားရန် ပြောခဲ့သည်။
ကုနင်းတို့ အိမ်ယာမှထွက်ပြီးမကြာခင်တွင်ပဲ သူမတို့နောက်သို့ တစ်ယောက်ယောက် နောက်ယောင်ခံလိုက်နေသည်ကို ကုနင်းရော လင်ရှောင်းထင်ပါ သတိထားမိလိုက်သည်။
ဤရက်များအတွင်း သူမကို နောက်ယောင်ခံလိုက်သည်အား ကြိမ်ပေါင်းများစွာကြုံခဲ့ရပေမည့် ဘယ်နှကြိမ်ပဲကြုံကြုံ ကုနင်း စိတ်တိုမိစဲပင်။ သို့ပေမည့် ဤတစ်ကြိမ် ပစ်မှတ်သည်က သူမလား လင်ရှောင်းထင်လားတော့မသိပေ။
ထို့ကြောင့် ကုနင်းနောက်လှည့်ကာ ကျောက်စိမ်းမျက်ဝန်းဖြင့် ကြည့်လိုက်သည်။ နောက်ကားထဲတွင် ယောက်ျား၂ယောက်ရှိကာ နှစ်ယောက်လုံးတွင် သေနတ်များပါတာကြောင့် မြို့ပြမုဆိုးတွေဖြစ်ပုံရလေသည်။
ကုနင်းစိုးရိမ်သွားပေမည့် သူမဘယ်လိုသိလဲဆိုသည်ကို လင်ရှောင်းထင်သံသယဝင်သွားမည်စိုးတာကြောင့် ချက်ချင်းမပြောသေးပေ။
“ကျွန်မတို့ အရင်ဆုံးလူရှင်းတဲ့နေရာကိုသွားပြီး သူတို့ကိုအရင်ရှင်းလိုက်တာကောင်းမယ်။” ထိုနှစ်ယောက်သာ သာမာန်နောက်ယောင်ခံလိုက်သူဆိုပါက သူမတို့ဘက်ကလွှတ်ပေးလိုက်မည်ဖြစ်ပေမည့် ပုံစံအရတော့ လူသတ်သမားများနှင့်ပင်တူနေသည်။
လင်ရှောင်းထင်လဲ ကုနင်းနှင့်အတွေးတူတာကြောင့် ချက်ချင်းပင် လူရှင်းသည့်ဘက်သို့ ကားကိုချိုးကွေ့လိုက်သည်။
နောက်ကားထဲမှ လူနှစ်ယောက်သည်တော့ သူတို့ကို သိသွားကြပြီမှန်း မသိကြဘဲ လူရှင်းသည့်နေရာဆိုလျှင် သူတို့အတွက် ကုနင်းတို့ကိုသတ်ဖို့ရန် အခွင့်ကောင်းလို့ပင် တွေးလိုက်မိလေသည်။
ထိုနှစ်ယောက်တွင် သေနတ်ပါမှန်း လင်ရှောင်းထင်ကို ကုနင်းမပြောပြနိုင်သော်လည်း ခန့်မှန်းသည့်သဘောတော့ပြောလိုက်လေသည်။
“သူတို့ ထိခိုက်အောင်လုပ်ချင်တာ ကျွန်မလား ရှင့်ကိုလားတော့မသိပေမည့် သေချာဂရုစိုက်မှဖြစ်မယ်။ သူတို့မှာ ဓါးတွေ သေနတ်တွေတောင်ပါရင် ပါလာနိုင်တယ်။”
***
အခန်း ၆၄၉
ပြစ်ဒဏ်ချပိုင်ခွင့်မရှိဘူး
“မင်းပြောတာမှန်တယ်။” လင်ရှောင်းထင်လဲ သဘောတူလိုက်သည်။
လင်ရှောင်းထင်နှင့်ကုနင်းတို့ လမ်းအနည်းငယ်ရှင်းသည့်ဘက်သို့ချိုးကွေ့လိုက်ရင်း ရုတ်တရက်ကားကို ထိုးရပ်လိုက်သည်။ ထို့နောက် ကားစက်ပျက်သွားသလို ဟန်ဆောင်ကာ ကားပေါ်မှဆင်းပြီး ဟိုစစ်ဒီစစ်လုပ်နေလိုက်ကြသည်။
ထိုပုံစံကြောင့် နောက်ကားထဲမှလူနှစ်ယောက်ကလဲ သူတို့ကားထဲမှထွက်လာကြကာ နင်းတို့အားချဉ်းကပ်ဖို့ကြိုးစားသည်။
“ဟေး၊ ငါတို့ကူညီပေးရဦးမလား?”
“ကျေးဇူးပါပဲ။” လင်ရှောင်းထင်ပြန်ပြောလိုက်သည်နှင့် ထိုလူနှစ်ယောက် ချက်ချင်းပင် လင်ရှောင်းထင်တို့အနားသို့ ဆက်လျှောက်လာတော့သည်။
အနားနီးလာသည်နှင့် ရုတ်တရက်ဆိုသလို ကုနင်းနှင့်လင်ရှောင်းထင်တို့အား စတင်တိုက်ခိုက်တော့သည်။ သို့ပေမည့် ကုနင်းနှင့်လင်ရှောင်းထင်တို့ နှစ်ယောက်လုံးမှာ အစကတည်းက စိတ်ကိုကြိုတင်ပြင်ဆင်ထားကြပြီးဖြစ်တာကြောင့် စတိုက်ခိုက်လာသည်နှင့် ချက်ချင်းဆိုသလိုပြန်ပြီး ကာကွယ်တုံ့ပြန်နိုင်ခဲ့သည်။
နောက်ယောင်ခံလိုက်သည့်လူနှစ်ယောက်မှာတော့ ကုနင်းတို့ဒီလောက်မြန်မြန် ပြန်တုံ့ပြန်လာလိမ့်မည်ဟုု မမျှော်လင့်ထားခဲ့တာကြောင့် အံ့ဩသွားပေမည့် ဆက်လက်တိုက်ခိုက်နေစဲပင်။
လမ်းပေါ်မှအခြားကားများသည်လဲ ရန်ပွဲကိုမြင်သည်နှင့် ကားရပ်ကာ ဝိုင်းကြည့်လာပြီး ဗီဒီယိုများလဲ ရိုက်ကူးကြသည်။ သို့ပေမည့် ဘယ်သူကမှ အနားသို့ကပ်ရဲခြင်းမရှိတာကြောင့် ဗီဒီယိုထဲတွင်း တိုက်ခိုက်နေသူများ၏ ရုပ်ရည်ကို ကြည်ကြည်လင်လင်မြင်ရခြင်းမရှိပေ။
အချို့ကတော့ ချက်ချင်းပင်ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားလေသည်။
တခဏအကြာတွင်တော့ လူသတ်သမားများဘက်မှ အရေးနိမ့်လာကြပေမည့် သူတို့နှစ်ယောက်ကို ကုနင်းရော လင်ရှောင်းထင်ပါ ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။ အခုဆိုလျှင် ထိုလူနှစ်ယောက်မှာ မြို့ပြမုဆိုးများဖြစ်ကြောင်း ကုနင်း ပိုလို့သေချာသွားတော့သည်။
လူသတ်သမားများသည်လဲ ကုနင်းနှင့်လင်ရှောင်းထင်တို့၏ အတိုက်အခိုက်ပညာမှာ သူတို့ထက်ပင် ပို၍သာနေတာကြောင့် အလွန်အံ့အားသင့်သွားကြကာ သေနတ်များကို ဆွဲထုတ်လိုက်တော့သည်။
ထိုအချင်းအရာကြောင့် လူသတ်သမားများ သေနတ်နှင့်ပစ်ခတ်လာမည်ကို တားမြစ်ရန်အတွက်သူတို့အနားသို့ ကုနင်းနှင့်လင်ရှောင်းထင်တို့ တဟုန်ထိုးချဉ်းကပ်လိုက်ကြသည်။ လူသတ်သမားနှစ်ဦး၏တိုက်ရည်ခိုက်ရည်မှာအလွန်ကောင်းသော်လည်း ဤသို့တိုက်ခိုက်လာချိန်တွင်တော့ သူတို့ပစ်မှတ်ကို သေချာမချိန်နိုင်တော့ပေ။
သေနတ်ထုတ်လိုက်သည်ကို မြင်သည်နှင့် ဝိုင်းကြည့်နေသူအများစု ချက်ချင်းထွက်ပြေးသွားကြကာ စက္ကန့်ပိုင်းအတွင်းတွင်ပင် လူအနည်းငယ်မျှသာကျန်ခဲ့ပေမည့် အားလုံးဝေးဝေးသို့ခွာနေကြလေသည်။
ဘယ်သူမှသတိမထားမိခင်အချိန်လေးတွင်ပဲ ကုနင်း ဓါးမြှောင်တစ်ချောင်းကို ထုတ်ယူကာ သူမနှင့်တိုက်ခိုက်နေသည့် လူသတ်သမား၏လက်ကို အားပြင်းပြင်းဖြင့် ခုတ်လိုက်တာကြောင့် ထိုလူလက်ထဲမှ သေနတ်လွတ်ကျသွားကာ ကုနင်းလဲ ချက်ချင်း သေနတ်ကို ခပ်ဝေးဝေးသို့ ကန်ထုတ်လိုက်သည်။
လူသတ်သမားသည်တော့ ကုနင်းဘယ်နားကနေ ထိုဓါးမြှောင်ကို ထုတ်လိုက်မှန်း လုံးဝမမြင်လိုက်ရတာကြောင့် အလွန်အံ့အားသင့်နေတော့သည်။
လင်ရှောင်းထင်သည်တော့ ကုနင်းထက် အတိုက်အခိုက်ပိုတော်သလို အတွေ့အကြုံလဲများတာကြောင့် လူသတ်သမား သေနတ်ထုတ်လာသည်နှင့် ချက်ချင်း ထိုလူ၏လက်မောင်းကို ချိုးပစ်ကာ သေနတ်ကို ဆွဲလုလိုက်သည်။ ထို့နောက် လူသတ်သမား၏ ဓါးကိုဖြတ်ကန်ကာ ချုပ်ထားလိုက်တာကြောင့် လူသတ်သမားလဲ ဒူးထောက်ကာလဲကျသွားပြီး ဘယ်လိုမှမရုန်းနိုင်တော့ပေ။
တစ်ချိန်တည်းတွင်ပဲ ကုနင်းလဲ သူမနှင့်တိုက်ခိုက်နေရသည့်လူသတ်သမားကို အလျင်အမြန်ပဲ ဖမ်းချုပ်သွားနိုင်ခဲ့သည်။
ရုတ်တရက်ပြောင်းလဲသွားသည့် အခြေအနေက ဘေးမှရပ်ကြည့်နေသူများကို အလွန်ထိတ်လန့်အံ့အားသင့်သွားစေလေသည်။ သေနတ်ရှိတဲ့လူသတ်သမားနှစ်ယောက်ကို မိနစ်ပိုင်းလေးအတွင်းမှာတင် ဖမ်းမိသွားတာလား!
တကယ်တမ်း လင်ရှောင်းထင်က ကုနင်းထက် ပို၍တော်သော်လည်း လူအများကတော့ ကုနင်းကိုပို၍လေးစားနေကြသည်။ ကုနင်းသည် ပိန်သွယ်သွယ်နှင့် မိန်းမငယ်လေးတစ်ယောက်မဟုတ်ပါလား။ အများအမြင်တွင် မိန်းကလေးများသည် အမြဲတမ်း အားနည်းပျော့ညံ့ကြပေမည့် ကုနင်းကတော့ သူတို့၏အတွေးအမြင်များကို လုံးဝပြောင်းလဲပစ်စေသည်။
“ပြောစမ်း! မင်းတို့ကို ဘယ်သူလွှတ်လိုက်တာလဲ?” ကုနင်းအေးစက်လှသော လေသံဖြင့်မေးလိုက်သည်။
လူသတ်သမားနှစ်ယောက်ကတော့ နှုတ်ဆိတ်နေစဲပင်။
“ကောင်းပြီလေ၊” ကုနင်း၏မျက်နှာထား ပို၍အေးစက်မာကျောလာကာ သူမဖမ်းထားသည့် လူသတ်သမား၏ ခြေချင်းဝတ်ကို အားပြင်းပြင်းဖြင့် တက်နင်းကာ ချိုးလိုက်တော့သည်။ ကျယ်လောင်သည့် အရိုးကျိုးသံတစ်သံနှင့်အတူ လူသတ်သမား၏ ခြေချင်းဝတ်အရိုးကျိုးသွားတာကြောင့် သူ၏မျက်နှာသည်လဲ အလွန်နာကျင်မှုဒဏ်ဖြင့် ရှုံ့တွမိသွားခဲ့သည်။
“ပြောစမ်း!” ကုနင်း ထပ်မေးလိုက်ပြန်သည်။
သို့ပေမည့် လူသတ်သမားနှစ်ဦးလုံးကတော့ နှုတ်ဆတ်လို့နေစဲပင်။
“မင်းတို့ အမှန်အတိုင်းထုတ်မပြောဘူးဆိုရင် သေလမ်းပဲရှိတယ်။” လင်ရှောင်းထင်လဲ ထိုလူသတ်သမား၂ဦးကို တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်သည်။
ထိုသို့ဆိုလျှင်ပင် လူသတ်သမားနှစ်ဦးကတော့ မာရေကြောရေရှိနေကြစဲပင်။
“ငါတို့က Yနိုင်ငံသားတွေ၊ မင်းတို့နိုင်ငံဘက်က ငါတို့ကိုပြစ်ဒဏ်ချပိုင်ခွင့်မရှိဘူး။”
ဤသည်မှာ အမှန်တရားပင်။ ပြည်လွှဲပြစ်ဒဏ်သဘောတူညီချက်မျိုးသာ မဟုတ်လျှင် တခြားနိုင်ငံက သူတို့ကို ပြစ်ဒဏ်စီရင်ပိုင်ခွင့်မရှိပေ။
ထို့အပြင် ယခုကိစ္စမှာ နိုင်ငံတကာနှင့်ဆိုင်သွားမည့် ပြဿနာဖြစ်တာကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ သူတို့ကိုသတ်ရဲလောက်မည်ဟုလဲ လူသတ်သမားနှစ်ဦးမယုံကြည်ပေ။ သူတို့သာ Yမြို့ကို ပြန်သွားနိုင်သ၍ ဘေးကင်းနေမည်သာ။
“အို၊ တကယ်ပဲလား?” လင်ရှောင်းထင်ကတော့ ထိုအတွက် စိုးရိမ်သွားဟန်မရပေ။ ထို့နောက် သူ၏စစ်သားထောက်ခံသည့်တံဆိပ်ပြားကို ထုတ်ယူကာ အေးဆေးသည့်မျက်နှာထားဖြင့်၊
“မင်းတို့ စစ်တပ်အရာရှိတစ်ဦးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ရဲရင်တော့ မင်းတို့ကို သေဒဏ်တောင်ပေးလို့ရတယ်ဆိုတာ မသိထားကြဘူးလား?”
ထိုတံဆိပ်ပြားကိုမြင်သည်နှင့် လူသတ်သမားနှစ်ဦး မှင်သက်သွားကြတော့သည်။
“ပြောစမ်း၊ မင်းတို့ကို ဘယ်သူလွှတ်လိုက်တာလဲ? မင်းတို့ကို ပြစ်ဒဏ်ပေါ့ပေါ့လေးပေးလိုက်ရင် ဒီကိစ္စက နိုင်ငံတကာအမှုအထိဖြစ်သွားမှာမဟုတ်ဘူး။ မင်းတို့အနာဂါတ်ဘယ်လိုဖြစ်သွားမလဲဆိုတာ မင်းတို့ပေါ်မှာပဲမူတည်တယ်။” လင်ရှောင်းထင် ဆက်ပြောလိုက်သည်။
ယခုကိစ္စမှာ လူသတ်ရန်ကြိုးပမ်းခြင်းဖြစ်တာကြောင့် ဥပဒေကြောင်းအရ သူတို့ကို သေဒဏ်အထိ ချမှတ်လို့ရပေ။ သို့ပေမည့် လင်ရှောင်းထင်သာ သူတို့ကို သေစေချင်လျှင် စကားလုံး သုံးလေးခွန်းပြောလိုက်ရုံဖြင့် ရပေမည့် တကယ်၍များ သူတို့သာ ဝန်ခံခဲ့လျှင်တော့ လင်ရှောင်းထင်လဲ သူ့စကားအတိုင်းသာ ပြစ်ဒဏ်လျှော့ပေးပေမည်။
လင်ရှောင်းထင်၏ ရာထူးအစစ်အမှန်ကို သိလိုက်ရပြီဖြစ်တာကြောင့် လူသတ်သမားနှစ်ဦး ကြောက်ရွံ့နေပေပြီ။ သို့ပေမည့် သူတို့သာ ဝန်ခံလိုက်ပြန်လျှင်လဲ စည်းကမ်းချိုးဖောက်ရာရောက်သွားမည်ဖြစ်ပြီး သူတို့၏အလုပ်အပ်သူ သတ်တာကိုခံရပေဦးမည်။ ထို့အပြင် လင်ရှောင်းထင်ဘက်ကသူ့ကတိအတိုင်း လုပ်ပါမည်ဟုလဲသူတို့တွင် အာမခံချက်မရှိပေ။ ထိုသို့ဆိုင်လျှင်ပင် ယခုနေ လင်ရှောင်းထင်ကို အမှန်အတိုင်းဝန်ခံလိုက်ပါက အသက်ရှင်နိုင်ဖို့မျှော်လင့်ချက်ရှိသေးပြီး မဟုတ်ပါက ချက်ချင်းပင် အသတ်ခံလိုက်ရနိုင်သည်။
တော်တော်လေးတွေးတောပြီးနောက်တွင်တော့ လူသတ်သမားနှစ်ဦဂ အမှန်အတိုင်းဝန်ခံဖို့ရန် ဆုံးဖြတ်လိုက်ကြတော့သည်။ ဘယ်လိုပင် လူသတ်သမားဆိုဆို သူတို့လဲ သေရမည်ကို ကြောက်ပေသည်။
“ဟေးလ်မိသားစုက အေမီဟေးလ်ပါ။” လင်ရှောင်းထင် ဖမ်းချုပ်သည်ကို ခံထားရသည့်တစ်ယောက်က ပြောလိုက်သည်။
ထိုစကားကြောင့် ကုနင်းမျက်မှောင်ကြုတ်သွားပေမည့် အေမီလွယ်လွယ် အရှုံးပေးသွားမည်မဟုတ်မှန်း သိထားပြီးဖြစ်တာကြောင့် သိပ်မအံ့ဩမိပေ။
“ဘယ်သူလဲသိလား?” အစကတော့ သူ့ကို ပစ်မှတ်ထားခြင်းဖြစ်မည်ဟု လင်ရှောင်းထင်တွေးထားခဲ့ပေမည့် အခုကြားလိုက်ရသည့် နာမည်ကို သူတစ်ခါမှမကြားဖူးပေ။ ဟေးလ်မိသားစုကိုတော့ ကြားဖူးထားသော်လည်း ထိုမိသားစုနှင့် ပြဿနာဖြစ်ဖူးဖို့နေနေသာသာ အဆက်အဆံပင်မရှိခဲ့ဖူးပေ။
ကုနင်း၏တုံ့ပြန်ပုံအရ ယခုတစ်ခေါက်၏ပစ်မှတ်မှာ ကုနင်းဖြစ်ကြောင်း နားလည်လိုက်၍ ကုနင်းကိုမေးလိုက်သခြင်းဖြစ်သည်။
“ကျွန်မတို့ ပြဿနာတက်ဖူးတယ်။” ကုနင်း အသေးစိတ်ကိုတော့ မပြောတော့ပေ။
ထိုအဖြေစကားကြောင့် လင်ရှောင်းထင် အလွန်ဒေါသထွက်သွားတော့သည်။
***
အခန်း ၆၅၀
လုပ်ခဲ့တာအတွက် ပြန်ပေးဆပ်ရမယ်
လူသတ်သမားများ၏ပစ်မှတ်မှာ သူကိုယ်တိုင်သာဆိုလျှင် လင်ရှောင်းထင် သိပ်ပြီး ထူးထူးထွေထွေခံစားရမည်မဟုတ်သော်လည်း ကုနင်းကို ထိခိုက်အောင်လုပ်မည်ကိုတော့ ဘယ်လိုမှခွင့်မပြုနိုင်ပေ။ ကုနင်းကို ထိခိုက်အောင်လုပ်ရဲသည့်သူ မည်သူပင်ဖြစ်ပါစေ သေချာပေါက် ထိုလူ၏လုပ်ရပ်အတွက် ပြန်ပေးဆပ်စေရပေမည်။
“သေချာရဲ့လား?” ကုနင်း လူသတ်သမား၏မျက်လုံးကို စိုက်ကြည့်ကာမေးလိုက်သည်။
“သေချာတာပေါ့။” ထိတ်လန့်ခြင်းအလျဉ်းမရှိဘဲ ပြန်ဖြေလာခဲ့သည်။
ထို့ကြောင့် ကုနင်းလဲ ယုံကြည်လို့သွားတော့သည်။
“သူက ကျွန်မကို ဘယ်လိုလုပ်ဖို့ခိုင်းလိုက်တာလဲ?” ကုနင်း အဖြေကို ခန့်မှန်းမိပြီးသားဖြစ်ပေမည့် မေးလိုက်စဲပင်။ ဒါက တခြားမိန်းကလေးတစ်ဦးဆီက သူမပထမဆုံးအကြိမ် တိုက်ခိုက်ခံရခြင်းမဟုတ်တာကြောင့် အကြောင်းသိနေပြီဖြစ်သည်။ သူမခန့်မှန်းထားသလိုပါပင်။
“သူက မင်းမျက်နှာကို ဖျက်ဆီးပြီး မင်းကို အဓမ္မကျင့်စေချင်တာ။ ဒီလိုသာဆို မင်းရဲ့ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက်လုံး နာနာကျင်ကျင်နဲ့ဖြတ်သန်းသွားရလိမ့်မယ်တဲ့။”
ထိုစကားကြောင့် လင်ရှောင်းထင်၏ ဒေါသများ ဆူပွက်လာတော့သည်။ မိန်းကလေးတစ်ယောက်က ဤကဲ့သို့ ဆိုးရွားလှသည့်အကြံအစည်ကို ထုတ်လိမ့်မည်ဟု သူမယုံကြည်နိုင်ပေ။
ကုနင်းလဲ လင်ရှောင်းထင်ကို တစ်ချက်ကြည့်လိုက်ကာ သူမအတွက် ဒေါသထွက်နေမှန်းလဲ သိပေသည်။
“သူ့ဖုန်းနံပါတ်ရှိလား?” ကုနင်း လူသတ်သမားကို ထပ်မေးလိုက်သည်။
“ရှိတာပေါ့။”
“ဖုန်းပေး။”
လူသတ်သမားလဲ အချိန်မဆွဲဝံ့ဘဲ ကုနင်းကို ဖုန်းပေးလိုက်ကာ ကုနင်းလဲ ချက်ချင်းဖုန်းဆက်ခဲ့သည်။
…….
Yနိုင်ငံ ဟေးလ်မိသားစု၏စံအိမ်ကြီးအတွင်းတွင်၊
အေမီထံသို့ ဖုန်းဝင်လာချိန်တွင် သူမတစ်ယောက်တည်း အခန်းထဲ၌ ဂိမ်းကစားနေခဲ့ခြင်းဖြစ်ကာ ဖုန်းခေါ်ဆိုသူနာမည်ကို တွေ့လိုက်ရသည်နှင့် အလွန်စိတ်လှုပ်ရှားသွားတော့သည်။ သူမပေးလိုက်သည့်တာဝန် အောင်မြင်သွားခြင်းကြောင့် ဆက်သွယ်လာခြင်းဟုထင်လိုက်၍ မြန်မြန်ဆန်ဆန်ပင် ဖုန်းကိုပြန်ဖြေလိုက်လေသည်။
ကုနင်းဘက်က ဘာမှမပြောရသေးခင်တွင်ပင် အေမီက စိတ်လှုပ်ရှားမှုအပြည့်ဖြင့်၊
“အေဗရီ၊ ဘယ်လိုဖြစ်သွားပြီလဲ?”
၎င်းမှာ မေးခွန်းတစ်ခုသာဖြစ်သော်လည်း အေမီကတော့ သေချာပေါက် အောင်မြင်သွားပြီဟု ယုံကြည်နေလေသည်။ သူမလွှတ်လိုက်သည့်လူများမှာ သာမာန်မဟုတ်ဘဲ ကျွမ်းကျင်သတ်ဖြတ်သူများမဟုတ်ပါလား။
“ရှင့်ကို စိတ်ပျက်စေမိလို့ စိတ်မကောင်းပါဘူး။ မိန်းကလေးဟေးလ်။” ကုနင်း ပျင်းတိပျင်းယွဲ့ဖြင့် ပြောလိုက်ကာ သူမအသံထဲတွင် ဒေါသထွက်နေသံနည်းနည်းလေးပင် မပါရှိပေ။
“နင်…” အေမီ ချက်ချင်းပင် ကုနင်း၏အသံကို မှတ်မိလိုက်ကာ ကြောက်ရွံ့မှုကြောင့် တုန်ရီလာတော့သည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူမက ဘယ်လိုလုပ် အေဗရီရဲ့ဖုန်းနဲ့ ဆက်နေတာလဲ?
“မိန်းကလေးဟေးလ်ကို စစ်ထူယဲ့က ကျွန်မကို ထပ်ပြီးပြဿနာမရှာဖို့ သေချာပေါက်ပြောထားမှာပါ။ ကြည့်ရတာ ရှင်က စစ်ထူယဲ့ရဲ့စကားကိုတောင် နားမထောင်ဘူးပဲ။ ထားပါ၊ အခုတော့ ရှင်လုပ်လိုက်တဲ့ကိစ္စအတွက် ရှင်ပြန်ပေးဆပ်ရတော့မယ်။” ကုနင်း ထိုစကားပြောပြီးသည်နှင့် ဖုန်းတန်းချလိုက်သည်။
စစ်ထူယဲ့၏နာမည်ပါလာသည်ကို ကြားရတာကြောင့် လင်ရှောင်းထင် အလိုမကျဖြစ်သွားသလို ကုနင်းကို ဒုက္ခပေးရန် မိန်းကလေးဟေးလ်ကြံစည်ခြင်းကလဲ စစ်ထူယဲ့ကြောင့်ဖြစ်မှန်း သိသွားတော့သည်။
“မင်းဘာလုပ်ချင်လဲ? ကိုယ်ကူညီပေးမယ်။” ကုနင်း မိန်းကလေးဟေးလ်ကို ဒီအတိုင်းလွှတ်ပေးလိုက်မည်မဟုတ်မှန်း သိတာကြောင့် လင်ရှောင်းထင်မေးလိုက်ခြင်းဖြစ်သည်။
“ကျွန်မစိတ်ကိုပြင်ဆင်ပြီးတဲ့အချိန်ကျရင် ပြောပါ့မယ်။” သေချာပေါက် အေမီကို ကုနင်းလက်စားပြန်ချေမည်ဖြစ်သော်လည်း အခုတော့ သူမ၏စီးပွားရေးကိစ္စများစွာ လုပ်ရဦးမည်ဖြစ်၍ အချိန်မပေးနိုင်သေးပေ။
“ဟုတ်ပြီလေ၊” လင်ရှောင်းထင် စစ်ထူယဲ့အကြောင်းကိုတော့ ထည့်မမေးခဲ့ပေ။ သူအရမ်းသိချင်နေပေမည့် ကိစ္စတိုင်းကိုမေးနေပါက ကုနင်းစိတ်အနှောက်အယှက် ဖြစ်သွားမည်ကိုလဲ စိုးရိမ်ခြင်းကြောင့်ပင်။
…..
အကြံအစည်များပေါ်ထွက်သွားပြီဖြစ်တာကြောင့် အေမီကြောက်ရွံ့လာမိသည်။ စစ်ထူယဲ့သာ သူမ၏လုပ်ရပ်ကို သိသွားခဲ့ပါက သူမ၏လက်ထပ်ဖို့စိတ်ကူးယဉ်အိပ်မက်များ ဘယ်တော့မှ ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် စစ်ထူယဲ့က ကုနင်း စိတ်ကျေနပ်စေရန်အတွက် သူမမိသားစုကို တိုင်တန်းလိုက်ပြီး သူမမိသားစုက သူမကို အပြစ်ပေးလာမှာ ဆူပူလာမှာ အဆိုးဆုံးအနေနှင့်သူမကို မိသားစုထဲမှ ထုတ်ပယ်ပစ်မှာကိုလဲ ကြောက်လာမိသည်။
သို့ပေမည့် ကုနင်းကိုတော့ အေမီမကြောက်ပေ။ သူမသည် ဟေးလ်မိသားစုဝင် တစ်ဦးဖြစ်တာကြောင့် ကုနင်း သူမကို ထိခိုက်အောင် လုပ်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ဟု သူမယုံကြည်ထားသောကြောင့်ဖြစ်လေသည်။ သို့ပေမည့် သူမမသိလိုက်သည်က ကုနင်းသည် Bမြို့၏ထိပ်တန်းမိသားစုမှ အမွေဆက်ခံသူတစ်ဦးဖြစ်ကာ မြို့တော်ထိပ်တန်းမိသားစု၏လဲ အနာဂါတ်မြေးချွေးမလောင်း ဖြစ်နေသည်ကိုပင်။ ကုနင်း၏နောက်ခံများမှာ ဟေးလ်မိသားစုထက် များစွာသာလွန်ပေသည်။
ဟေးလ်မိသားစုသည် Yမြို့တွင် ကျိကျိတက်ချမ်းသာသော်လည်း ထိပ်တန်းမိသားစုများစာရင်းထဲတော့ ပါဝင်ခြင်းမရှိပေ။ တစ်ဖက်တွင်တော့ ထန်မိသားစုရော လင်မိသားစုသည်ပါ နိုင်ငံ၏ထိပ်တန်းမိသားစုများဖြစ်လေသည်။ ထို့အပြင် ကုနင်းသည် ဟေးလ်မိသားကို ဆန့်ကျင်ဖို့ စိတ်ကူးမရှိထားဘဲ အေမီကိုသာ လက်စားချေလိုခြင်းဖြစ်သည်။ သို့ပေမည့် ဟေးလ်မိသားစုကသာ သူမ၏လက်စားချေမှုတွင် ကြားဝင်ပတ်သတ်လာလိုလျှင်တော့ ထိုမိသားစုကိုပါ ဆန့်ကျင်ဖို့ရန် နှစ်ခါတွေးနေမည်မဟုတ်ပေ။ သူမအပေါ် လုပ်ခဲ့သမျှအရာရာတိုင်းအတွက် ဘယ်သူမဆို ပြန်ပေးဆပ်စေရပေမည်။
မကြာခင်တွင်ပဲ ရဲများရောက်လာခဲ့ကာ လူသတ်သမားနှစ်ဦးကို ဖမ်းဆီးသွားခဲ့သည်။ လင်ရှောင်းထင်၏ ရာထူးနောက်ခံကြောင့် စခန်းသို့သွားကာ ဖြောင့်ချက်ပေးဖို့မလိုအပ်သော်လည်း ဖြစ်ပျက်သမျှ အကြောင်းအရာများကိုတော့ ရဲတွေကို ရှင်းပြပေးရလေသည်။
ကုနင်းနှင့်လင်ရှောင်းထင် ကားထဲသို့ပြန်ဝင်ကာ ဟိုတယ်သို့ဆက်ထွက်လာချိန်တွင် ချောင်ဝမ်ရှင်းကလဲ ကုနင်းကို ဖုန်းဆက်ကာ ဘယ်တော့ရောက်မလဲဆိုသည်ကို လှမ်းမေးလေသည်။ လူသတ်သမားများကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ လမ်းပေါ်တွင် အချိန်တော်တော်ကုန်သွားကာ ချောင်ဝမ်ရှင်းနှင့် ရှင်းပိုင်တို့ သူမတို့ကိုအကြာကြီးစောင့်နေခဲ့ရသည်။
လမ်းတွင်၊ ကုနင်းက လင်ရှောင်းထင်ကို၊
“ရှင် ဘယ်လိုကြောင့်နဲ့ လုံခြုံရေးကုမ္ပဏီဖွင့်ဖို့ စိတ်ကူးရသွားတာလဲ?”
“အနားယူသွားတဲ့စစ်သား တော်တော်များများက အလုပ်ကောင်းကောင်းမရနိုင်ကြဘူး။ ဒါကြောင့် အဲ့လိုစစ်သားတွေအတွက် ရည်ရွယ်ပြီး လုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်ခဲ့တာ။”
“ကျွန်မလဲ လုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်ချင်တယ်။ ကျွန်မလဲ ကိုယ်ပိုင် တိုက်ခိုက်ရေးအဖွဲ့လိုအပ်တယ်လေ။ ဒီနယ်ပယ်ထဲမှာ ကျွန်မနဲ့အတူတွဲလုပ်ချင်တဲ့ အငြိမ်းစားစစ်သားတွေရှိရင် မိတ်ဆက်ပေးပါဦး။”
ဤကဲ့သို့အဖွဲ့အစည်းကသာ သူမကို တခြားသူများ တိုက်ခိုက်လာလျှင် ကာကွယ်ပေးနိုင်သည်ဟု ကုနင်းတွေးမိခြင်းကြောင့်ဖြစ်သည်။
“ရတယ်လေ။”
ကုနင်းက ကိုယ်တိုင်တိုက်ခိုက်ရေးအဖွဲ့ဖွဲ့ချင်နေမှတော့ လင်ရှောင်းထင်လဲ သူမဆုံးဖြတ်ချက်ကို ဝင်မစွက်ဖက်လိုပေ။ ကုနင်းသည် အမြဲလိုလို အနှောင်အဖွဲ့ကင်းကင်းနှင့် ကြံ့ခိုင်သည့် မိန်းကလေးတစ်ဦးဖြစ်တာကြောင့် သူအပါအဝင် ဘယ်သူ့ကိုမှ အားမကိုးလိုပေ။
အင်တာနက်ပေါ် လူအချို့ အစောက ကုနင်းတို့တိုက်ခိုက်နေကြသည့် ဗီဒီယိုကိုတင်လိုက်သည်နှင့် ထပ်ပြီး ဆူဆူညံညံဖြစ်ကုန်ကြပြန်သည်။ သို့ပေမည့် လူသတ်သမားတွေက ဘယ်သူမှန်းတော့ ဘယ်သူမှမသိကြပေ။
“အိုး၊ ထပ်ပြီး ကုနတ်ဘုရားမပဲလား?”
“သူပဲထင်တယ်!”
“ကုနတ်ဘုရားမကတော့ အမြဲတမ်း အံ့အားသင့်စရာကောင်းနေတာပဲ။ သေနတ်နဲ့လူကိုတောင် အနိုင်ယူနိုင်တယ်။”
“မင်းတို့ကလဲကွာ၊ သူမဟုတ်ဘဲ တခြားမိန်းကလေးလဲ ဖြစ်နိုင်တာပဲ။ ဒီကမ္ဘာပေါ်မှာ အတိုက်အခိုက်ကောင်းတဲ့ တခြားမိန်းကလေးတွေလဲ အများကြီးရှိပါသေးတယ်။”
“ငါကတော့ ကုနတ်ဘုရားမလို့ပဲ ယုံကြည်တယ်!”
“မင်းခေါင်းတော့သွားပြီ။”
“ရူးနေပြီပဲ!”
“ကုနတ်ဘုရားမကို လူသတ်သမားနှစ်ယောက်က ဘာကြောင့် တိုက်ခိုက်ရတာလဲဆိုတဲ့ အကြောင်း တွေးနေမိတာ ငါတစ်ယောက်တည်းလား?”
“ကုနတ်ဘုရားမကို မနာလိုတဲ့လူတစ်ယောက်ယောက်က ငှားထားတာပဲဖြစ်ရမယ်။”
“ဘုရား၊ ဘုရား! ဘယ်သူက လူတစ်ယောက်ကို မနာလိုရုံနဲ့ သတ်ဖို့လုပ်မှာလဲ? အဓိပ္ပါယ်မရှိလိုက်တာ၊ ငါ့အထင် သူမရှုပ်သင့်တဲ့လူကို သွားရှုပ်မိလို့ပဲဖြစ်ရမယ်။”
“ငါကတော့ ကုနတ်ဘုရားမ အဲ့လိုမျိုးလုပ်လိမ့်မယ်လို့ မထင်ဘူး။”
“မင်းမှာ သက်သေရှိလို့လား?”
“ဟေ့၊ ဗီဒီယိုထဲမှာ နောက်ထပ်ယောက်ျားတစ်ယောက်လဲ ပါသေးတယ်နော်။ သူကမှ တကယ့်ပစ်မှတ်ဖြစ်ပြီး ကုနတ်ဘုရားမက ကူရုံသက်သက်ရော မဖြစ်နိုင်ဘူးလား?”
“ငါတော့ ထောက်ခံတယ်!”