← Chapters

အခန်း (၆၅၁-၆၅၅)

Vol. 44 Ch. 651-655

အခန်း (၆၅၁-၆၅၅)

Vol. 44 Ch. 651-655

အခန်း ၆၅၁

ရင်သပ်ရှုမောဖွယ် အမျိုးသားနှစ်ဦး

ကုနင်းသည်တော့ အင်တာနက်ပေါ်တွင် သူမအကြောင်း ဗီဒီယိုများထပ်ပျံ့နေသည်ကို မသိခဲ့သလို သိခဲ့ရင်တောင်မှ ဂရုစိုက်နေမည့်သူမဟုတ်ပေ။

လင်ရှောင်းထင်နှင့်ကုနင်းတို့ အိမ်မှစထွက်လာသည်က မနက်၁၀နာရီကတည်းမှဖြစ်ကာ လမ်းတွင်ကြန့်ကြာနေခဲ့တာကြောင့် ဟိုတယ်သို့ရောက်ချိန်တွင် နေ့လည်၁၂နာရီထိုးခါနီးနေပေပြီ။

“နင်တို့ဘာလို့ ဒီလောက်ကြာနေတာလဲ?” ချောင်ဝမ်ရှင်းမေးလိုက်သည်။ ဤသည်မှာ သူမအပြစ်တင်လိုခြင်းကြောင့်မဟုတ်ဘဲ ကုနင်းတို့ တစ်ခုခုဖြစ်နေမည်ကို စိုးရိမ်ခြင်းကြောင့်သာ။ အစကတော့ လမ်းကြောပိတ်နေ၍နောက်ကျခြင်း ဖြစ်မည်ဟု ချောင်ဝမ်ရှင်းတွေးခဲ့ပေမည့် ၁နာရီကျော်လောက်ကို နောက်ကျနေခဲ့ခြင်းဖြစ်သည်။

“လမ်းမှတစ်ခုခုဖြစ်လာလို့။” ကုနင်း အလုံးစုံမရှင်းပြသလို ချောင်ဝမ်ရှင်းကလဲ ကုနင်းတို့ရောက်နေပြီဖြစ်၍ အသေးစိတ်ထပ်မမေးခဲ့ပေ။

သူတို့လက်မှတ်ဝယ်ထားသည့် လေယာဉ်မှာ နေ့လည်၁နာရီ၅၀တွင် စတင်ထွက်ခွာမည်ဖြစ်တာကြောင့် မြန်မြန်လေး နေ့လည်စာကိုစားကာ လေဆိပ်သို့သွားမှ ဖြစ်ပေတော့မည်။ သူတို့အတွက် နေ့လည်စာစားချိန်သိပ်မရတော့တာကြောင့် ၁၂နာရီခွဲမတိုင်မီ နေ့လည်စာကို ပြီးအောင် အမြန်စားလိုက်ကြသည်။

ပုံမှန်ဆိုလျှင် လေဆိပ်သို့သွားဖို့ရန် ၁နာရီလောက်သာလိုတာကြောင့် သူတို့အတွက် အချိန်လုံလုံလောက်လောက်ရှိသည်မှန်သော်လည်း လမ်းတွင် ကားပိတ်တာများဖြစ်လာနိုင်သေးတာကြောင့် စောစောသွားကာမှ တော်ကာကျပေမည်။

ရှန်းရှစ်လုပ်ငန်းစုမှကားကိုပင် လင်ရှောင်းထင်မောင်းကာ လေဆိပ်သို့ထွက်လာခဲ့သည်။ ဤသို့ဆိုလျှင် လေဆိပ်တွင် ဒီအတိုင်းကားရပ်ထားခဲ့လို့ရကာ သူ့ဝန်ထမ်းတစ်ဦးဦးက ကားလာပြန်ယူသွားပေးပေလိမ့်မည်။

သူတို့အဖွဲ့တွင် ချောမောလှသည့် ကောင်လေး၊ ကောင်မလေး ၄ဦးတောင်ပါဝင်တာကြောင့် လေဆိပ်ထဲသို့ဝင်လိုက်သည်နှင့် လူအများ၏အာရုံကို ဖမ်းစားထားနိုင်ခဲ့သည်။

လေယာဉ်ပေါ်မတက်ခင်လေးတွင်ပင် ရှင်းပိုင်ထံသို့ ရှုကျင်းချန်ဖုန်းဆက်လာခဲ့ကာ ရှင်းပိုင်ဘယ်ရောက်နေလဲဆိုသည်ကို လှမ်းမေးခြင်းဖြစ်သည်။

ရှင်းပိုင်ကလဲ အခုလင်ရှောင်းထင်နှင့်အတူ Bမြို့သို့သွားရန်အတွက် လေဆိပ်သို့ရောက်နေကြောင်း ပြောပြခဲ့သည်။ ထိုစကားကြောင့် ရှုကျင်းချန်တစ်ယောက် မကျေမနပ်ဖြစ်သွားကာ၊

“မင်းတို့ Bမြို့ကို သွားမယ်ဆိုတာ ဘာလို့ ငါ့ကိုမပြောကြတာလဲ?”

“မင်းလိုက်ချင်ရင် ကိုယ့်ဘာသာ လာခဲ့လိုက်တော့၊ ငါတို့က လေယာဉ်ပေါ်တောင် တက်ကြတော့မှာ။” ရှင်းပိုင်သည် ချောင်ဝမ်ရှင်းအကြောင်းသာ တစ်ချိန်လုံးတွေးနေမိတာကြောင့် သူ၏အရင်းနှီးဆုံးညီအစ်ကိုကိုပင် လုံးဝမေ့လျော့သွားခဲ့ခြင်းဖြစ်သည်။

ဤအချင်းအရာအရ လင်ရှောင်းထင်တစ်ယောက်တည်းသာ သူ့ချစ်သူကို ရင်းနှီးလှသည့် ညီအစ်ကို၊မိသားစုများထက် ပို၍အလေးပေးခြင်းမဟုတ်မှန်း သိသာသွားတော့သည်။

“အာ၊ စစ်မင်လဲ အခုBမြို့မှာပဲနော်၊ ဟုတ်လား?” စစ်မင်သည်လဲ ချိုးယွီရှင်းနှင့်တွေ့ဖို့ရန်အတွက် တာဝန်ပြီးမြောက်သည်နှင့် Bမြို့သို့တန်းသွားခဲ့ကြောင်း ရှင်းပိုင်အမှတ်ရသွားသည်။

ညီအစ်ကိုမိတ်ဆွေများထက် သူတို့အတွက် ချစ်သူကသာ အလွန်အရေးကြီးလှပုံပင်။

ရှုကျင်းချန်သည်တော့ ထိုအခိုက်အတန့်၌ အလွန်ရင်နာလို့သွားရသည်။ သူ၏ရင်းနှီးလှစွာသော ညီအစ်ကိုအားလုံး ချစ်သူရှိသွားကြပြီဖြစ်သော်လည်း သူကတော့ ယခုထိ တစ်ကိုယ်တည်းကျန်နေရစ်စဲပင်။ သူ့ကိုယ်သူ အပိုလူတစ်ယောက်ဟုပင် ခံစားမိကာ Bမြို့သို့အတူလိုက်ဖို့ရန် တွန့်ဆုတ်သွားမိတော့သည်။

“လာတာမလာတာ မင်းသဘောပဲ။ ငါလေယာဉ်ပေါ်တက်ရတော့မယ်၊ ဒါပဲ။” ရှင်းပိုင် ဖုန်းချလိုက်သည်တော့သည်။ ရှုကျင်းချန် သူတို့နောက်လိုက်ခဲ့သည်ဖြစ်စေ မလိုက်ခဲ့သည်ဖြစ်စေ ဂရုမစိုက်ပေ။

ရှင်းပိုင် သူတို့ဘာကြောင့် Bမြို့ကိုသွားရသလဲဆိုသည့်အချက်ကိုတော့ ရှုကျင်းချန်ကို မပြောပြခဲ့ပေ။ ရှုကျင်းချန်သာ ကုနင်း၏ဆိုင်ဖွင့်ပွဲအခမ်းအနားကြောင့် သွားမှန်းသိပါက သေချာပေါက် သူတို့နောက်လိုက်လာပေမလိမ့်မည်။

အဆုံးတွင်တော့ ရှုကျင်းချန်တစ်ယောက် Bမြို့သို့လိုက်သွားဖို့ရန်သာ ဆုံးဖြတ်ချက်ချခဲ့ကာ Bမြို့သို့နောက်ဆုံးထွက်သည့် နေ့လည်၃နာရီ၁၀မိနစ် လေယာဉ်ကို လက်မှတ်ဖြတ်လိုက်တော့သည်။

……

လင်ရှောင်းထင်ရော ရှင်းပိုင်သည်ပါ အလွန်ရင်သပ်ရှုပ်မောဖွယ်ကောင်းလှသည့် အမျိုးသားများဖြစ်တာကြောင့် ဘယ်နေရာသို့သွားသွားလူအများ၏အာရုံစိုက်ခြင်းကို အလွယ်တကူရရှိသူများဖြ်စသည်။ သူတို့နှစ်ဦး လေယာဉ်ပေါ်သို့တက်လိုက်သည်နှင့် လေယာဉ်မယ်လေး၂ဦး ချက်ချင်းသတိထားမိသွားကြသည်။ သူတို့နှစ်ဦး ဘယ်အတန်းတွင် ထိုင်လဲဆိုသည်ကိုသိရရန် လေယာဉ်မယ်လေး၂ဦး စတင်စူးစမ်းတော့သည်။

လင်ရှောင်းထင်နှင့်ရှင်းပိုင်တို့ ပထမတန်းတွင် ထိုင်ကြခြင်းမဟုတ်သော်လည်း သူတို့၏ထူးခြားလှသော ရုပ်ရည်သွင်ပြင်ဖြင့်ပင် ဆွဲဆောင်ဖို့လုံလောက်လို့နေပေပြီ။ ထို့အပြင် လူချမ်းသာတော်တော်များများသည် သိုသိုသိပ်သိပ်နေသည့်သဘောဖြင့် ပထမတန်းတွင် စီးလေ့မရှိကြပေ။

ခရီးသည်အားလုံး လေယာဉ်ပေါ်သို့ရောက်သည်နှင့် လေယာဉ်မယ်နှစ်ဦးလဲ လင်ရှောင်းထင်တို့အကြောင်းကို စကားစမိကြသည်။

“ကြည့်လိုက်စမ်း! အရမ်းမခန့်ညားလွန်းကြဘူးလား။ အထူးသဖြင့် ဟိုအမည်းနဲ့တစ်ယောက်။”

“ခန့်တာပေါ့၊ ဒါပေမယ့် မီးခိုးရောင်လေးကမှ ပိုကောင်းမယ်။ အမည်းနဲ့တစ်ယောက်က အရမ်းအေးစက်စက်နိုင်မယ့်ပုံပဲ။”

“ငါကတော့ အမည်းလေးကိုပဲ ချစ်သွားပြီ။”

“ခနနေမှ ဘယ်တစ်ယောက်က ချဉ်းကပ်ရပိုလွယ်လဲ ကြိုးစားကြည့်ကြရင်ရော?”

“ကောင်းသားပဲ!”

လေယာဉ်မယ်လေး၂ဦးသည်အတော်လေး ယုံကြည်ချက်ရှိနေကြပေမည့် ကံမကောင်းစွာဖြင့် သူတို့လူရွေးမှားသွားကြကာ မကြာခင် စိတ်ဓါတ်ကျသွားရမည်ပင်။

တကယ်တမ်း လေယာဉ်မယ်၂ဦးလုံးသည် ခန္ဓာကိုယ်ရော ရုပ်ရည်လေးပါ အလွန်လှပကြလေသည်။ ထို့ကြောင့်လဲ ဤမျှ ယုံကြည်ချက်ရှိနေကြခြင်းသာ။ ပုံမှန်ဆိုလျှင်၊ အမျိုးသားများဘက်ကသာ သူမတို့ကို စတင်စကားစကြခြင်းဖြစ်ပေမည့် ဒီနေ့တော့ ပုံမှန်လူများနှင့်မတူသည့် အမျိုးသားနှစ်ဦးကို သူတို့တွေ့ခဲ့ရပေသည်။

လေယာဉ်စတင်မထွက်ခွာခင် လေယာဉ်မောင်/မယ်များက ခရီးသည်တိုင်၏ လုံခြုံရေးခါးပတ်များကို စစ်ပေးကြတာကြောင့် လေယာဉ်မယ်၂ဦးလဲ လင်ရှောင်းထင်နှင့် ရှင်းပိုင်တို့အနားသို့သွားခဲ့ကြသည်။

လက်မှတ်စယူစဉ်တုန်းက လင်ရှောင်ထင်နှင့် ကုနင်းသည် အတူတူထိုင်ခုံမရဘဲ ရှင်းပိုင်နှင့်အတူ ကျခြင်းဖြစ်သည်။ ထို့ကြောင့် ကုနင်းက ရှင်းပိုင်နှင့် နေရာလဲခဲ့ကာ ရှင်းပိုင်ကလဲ သေချာပေါက် သဘောတူခဲ့လေသည်။

လင်ရှောင်းထင်ရော ရှင်းပိုင်ပါ အပြင်ခုံတွင်ထိုင်ကြခြင်းဖြစ်တာကြောင့် လေယာဉ်မယ်လေး၂ဦး လျှောက်လာကာ သူတို့ကိုအရင်ကြည့်လိုက်ပေမည့် စကားတော့ မဆိုကြသေးပေ။

အနားသို့ပို၍နီးကပ်လာလေ လင်ရှောင်းထင်နှင့် ရှင်းပိုင်တို့၏ ချောမောမှုကို ပို၍သေချာမြင်တွေ့လာရလေ ဖြစ်တာကြောင့် သူမတို့နှစ်ဦး အလွန်စိတ်လှုပ်ရှားလာကြရသည်။

ခနအကြာတွင်တော့ လေယာဉ်မယ်လေးနှစ်ဦး စောင်များသယ်ရင်း ပြန်ရောက်လာခဲ့ပြန်သည်။

ထိုအချိန်တွင်ပဲ ရှင်းပိုင်နှင့် တစ်တန်းတည်းထိုင်သည့် ပြတင်းပေါက်ဘက်မှ ခရီးသည်က စောင်လိုတာကြောင့် လေယာဉ်မယ်လေးက ထိုလူအတွက် တစ်ထည်ပေးကာ ရှင်းပိုင်ကိုပါ မေးလိုက်သည်။

“ဆရာ၊ စောင်လိုပါသေးလား?”

“မလိုတော့ပါဘူး။ ကျေးဇူးပါ။” ရှင်းပိုင်သည် ရည်မွန်သည့်လူကြီးလူကောင်းတစ်ယောက်ဖြစ်တာကြောင့် ကောင်းကောင်းမွန်မွန်ပြန်ဖြေလိုက်ပေမည့် လေယာဉ်မယ်လေးကို တစ်ချက်ပင် မော့မကြည့်လာတာကြောင့် သူမစိတ်ပျက်သွားရပေသည်။

သူမတို့၏ရည်ရွယ်ချက်ကို မပေါ်လွင်စေရန်အတွက် ရှင်းပိုင်ဘေးတွင်ထိုင်သည့် ချောင်ဝမ်ရှင်းကိုလဲ မေးလိုက်ကာ ချောင်ဝမ်ရှင်းလဲ ငြင်းဆိုခဲ့လေသည်။

အခြားလေယာဉ်မယ်လေးသည်တော့ လင်ရှောင်းထင်ကို ထိုမေးခွန်းပဲမေးခဲ့ကာ လင်ရှောင်းထင်ကလဲ တစ်ပုံစံတည်းပြန်ဖြေလာခဲ့တာကြောင့် သူမလဲ အတော်လေးစိတ်ပျက်သွားရသည်။ ထို့နောက်တွင်တော့ ကုနင်းကိုလဲ မေးခဲ့ကာ ကုနင်းလဲ စောင်မလိုအပ်ခဲ့ပေ။

သာမာန်ကြည့်လျှင်တော့ လေယာဉ်မယ်လေးသည် လင်ရှောင်းထင်ကိုမှ အထူးတလည်ဆက်ဆံသည်ဟု မထင်ရသော်လည်း ကုနင်းကတော့ လင်ရှောင်းထင်ငြင်းလိုက်ချိန်တွင် လေယာဉ်မယ်လေး၏မျက်လုံးထဲ ဖြတ်ပြေးသွားသည့် စိတ်ပျက်မှုကို အမိအရသတိထားမိခဲ့ပြီးဖြစ်သည်။

ဘာကြောင့် လင်ရှောင်းထင် စောင်မယူသလို သူမကို တစ်ချက်တောင်မကြည့်ရုံနဲ့ သူမက စိတ်ပျက်သလိုဖြစ်သွားရတာလဲ? ထို့နောက် ထိုလေယာဉ်မယ်လေး လင်ရှောင်းထင်ကို ဆွဲဆောင်ချင်နေခြင်းဖြစ်လောက်မည်ဟု ကုနင်းတွေးမိလိုက်သည်။

လင်ရှောင်းထင်ဘေးတွင် သူမရှိနေတာတောင်မှ လေယာဉ်မယ်လေးက သူ့ကိုစကားစဖို့ ကြိုးစားနေပေသည်။ သူမသာ အနားတွင်မရှိသည့်အချိန်မျိုးဆို တခြားမိန်းမတွေ ဘယ်လောက်တောင် ရဲရဲတင်းတင်းပြုမူနေကြမလဲ! ကုနင်း အတော်လေးမကျေမနပ်ဖြစ်သွားပေမည့် လင်ရှောင်းထင်အကြောင်း ကောင်းကောင်းသိထားပြီးဖြစ်၍ အရမ်းတော့ စိတ်မပူမိပေ။

မကြာခင်တွင်ပဲ လေယာဉ်စတင်ထွက်ခွာခဲ့ကာ လေယာဉ်တည်ငြိမ်သွားသည့်အချိန်တွင်တော့ လေယာဉ်ဝန်ထမ်းများက သောက်စရာများ စတင်ကျွေးမွေးဧည့်ခံခဲ့သည်။

လေယာဉ်မယ်လေး လင်ရှောင်းထင်ကို စိတ်ဝင်စားနေမှန်း ကုနင်းသိထားပြီဖြစ်တာကြောင့် လေယာဉ်မယ်လေး သူမတို့နားသို့နီးလာချိန်တွင် တမင်တကာ လင်ရှောင်းထင်၏ လက်မောင်းကို ဖက်ထားရင်းသူမတို့ အလွန်ရင်းနှီးကြောင်း ဖော်ပြတော့သည်။ ထိုမြင်ကွင်းကြောင့် လေယာဉ်မယ်လေး အလွန်ဝမ်းနည်းသွားသည်။ ဘယ်လောက်ပဲ ဝမ်းနည်းသွားခဲ့ပါစေ သူမ၏အလုပ်ကိုတော့ အပြုံးလေးတစ်ပွင့်ဖြင့် ဆက်လက်ထမ်းဆောင်ရင်း လင်ရှောင်းထင်တို့ကို ဘာသောက်ချင်လဲ မေးမြန်းစဲပင်။

***

အခန်း ၆၅၂

ကျန်းကျုံးယွီ သတိလစ်သွားခြင်း

လင်ရှောင်းထင်ရော ကုနင်းပါ ကော်ဖီတစ်ခွက်စီမှာကြခဲ့ကြသည်။ အခုထိ တရားဝင်မတွဲကြသေးသည့် ရှင်းပိုင်နှင့်ချောင်ဝမ်ရှင်းသည်လဲ တစ်ဦးကိုတစ်ဦးအပြန်အလှန်ကြိုက်နေကြသူများဖြစ်တာကြောင့် ယခုလို အတူတူဘေးချင်းကပ်ထိုင်ရသည်တွင် အနည်းငယ်နေရခက်လို့နေကြသည်။

“ဆရာ၊ ဘာများသောက်ချင်ပါသလဲ? ကော်ဖီ၊ ရေ၊ လက်ဖက်ရည် ဒါမှမဟုတ် အချိုရည်ရှိပါတယ်။” လေယာဉ်မယ်လေးက အပြုံးပန်းလေးတစ်ပွင့်ဖြင့် ရှင်းပိုင်ကိုမေးလိုက်သည်။

ရှင်းပိုင် ဤတစ်ကြိမ်တွင်တော့ ခေါင်းမော့လာခဲ့ပေမည့် လေယာဉ်မယ်လေးကိုတော့ မကြည့်ပါဘဲ၊

“လက်ဖက်ရည်ပေးပါ။” သောက်စရာထည့်ထားသည့် တွန်းလှည့်ကိုသာ တစ်ချက်ကြည့်ရင်း ပြန်ဖြေခဲ့သည်။

“ကောင်းပါပြီ၊ ခနလေးစောင့်ပေးပါ။” ထို့နောက် လေယာဉ်မယ်လေးက ရှင်းပိုင်အတွက် လက်ဖက်ရည်တစ်ခွက်ကို ပြင်ဆင်ပေးနေသည်။

“မင်းရော ဘာသောက်မလဲ?” ရုတ်တရက် ရှင်းပိုင်က ချောင်ဝမ်ရှင်းကို ပြန်မေးလိုက်ခြင်းပင်။

ရှင်းပိုင်နှင့် ချောင်ဝမ်ရှင်း အချင်းချင်းသိနေတာကြောင့် လေယာဉ်မယ်လေး အနည်းငယ်အံ့အားသင့်သွားသလို သူတို့ကြားဘယ်လိုပတ်သတ်မှုရှိသလဲဆိုသည်ကိုပါ သိချင်သွားတော့သည်။ သို့ပေမည့် ရှင်းပိုင်ကလူလွတ်တစ်ယောက်မဟုတ်တာကြောင့် သူ့ကို စကားစကာ ရေလာမြောင်းပေးလုပ်ဖို့ရန် မကြိုးစားတော့ပေ။

“ကော်ဖီပဲပေးပါ။” ချောင်ဝမ်ရှင်းပြန်ပြောလိုက်သည်။

ထို့နောက် ရှင်းပိုင်ကပဲ လေယာဉ်မယ်လေးကို ချောင်ဝမ်ရှင်းအတွက် ကော်ဖီတစ်ခွက်ပေးရန် တောင်းလိုက်သည်။

ထို့နောက်တွင်တော့ လေယာဉ်မယ်လေးလဲ ရှင်းပိုင်ကို ဆက်ကြည့်မနေတော့ဘဲ မြန်မြန်ထွက်သွားတော့သည်။

လေယာဉ်မယ်လေး၂ဦး နားချိန်ရ၍ ပြန်ဆုံကြချိန်တွင်တော့ သူတို့ကြုံခဲ့ရသည့်အခြေအနေများကို ပြန်ပြောင်းပြောပြကြခြင်း ဝမ်းနည်းမှုအပြည့်ဖြင့် နှစ်ယောက်လုံး သက်ပြင်းချလိုက်ကာ၊

“တခြားလေယာဉ်မယ်တွေများ လေယာဉ်ပေါ်ကနေ ချမ်းသာတဲ့ရည်းစားတစ်ယောက်ရသွားဖို့ အရမ်းလွယ်ကူနေကြပြီး ငါတို့ကျ ဘာလို့ ဒီလောက်ခက်ခဲနေတာလဲ!”

“ဟုတ်ပါ့! ငါတို့က ဝလဲမဝ ရုပ်လဲမဆိုးပါဘဲနဲ့၊ ပြီးတော့ လေယာဉ်ပေါ်မှာလဲ မြို့တော်ကနေ Bမြို့ကိုသွားတဲ့ လူချမ်းသာတွေ ဒီလောက်အများကြီးပါနေတာပဲဟာ ဘာလို့များ မယားငယ်လိုချင်တဲ့လူရယ်၊ တစ်ညတာအိပ်ဖော်လိုချင်တဲ့လူရယ်ကလွဲရင် ဘယ်သူမှ ငါတို့ကိုတစ်ချက်လေးတောင် မကြည့်ကြတာလဲ!” နောက်ထပ်လေယာဉ်မယ်လေးတစ်ဦးကလဲ အလွန်ဝမ်းနည်းသည့်လေသံဖြင့် ထောက်ခံလိုက်သည်။

“ငါတို့ရဲ့အလုပ်ကြောင့် ဖြစ်နိုင်မယ်ထင်တယ်။ ငါတို့က အမြဲတမ်း တစ်မြို့ကနေတစ်မြို့ ပျံသန်းနေပြီး အားချိန်မှသိပ်မရှိတာ။ ငါတို့လို ချစ်သူမျိုး ထားချင်တဲ့ ဘယ်ယောက်ျားမဆို ငါတို့ရဲ့တာဝန်ပျက်ကွက်မှုအတွက် အတော်လေးသည်းခံပေးနိုင်မှပဲ ဖြစ်နိုင်မယ်။”

“အဲ့တော့ ငါတို့ဘယ်လိုလုပ်ကြမလဲ? တစ်သက်လုံး အပျိုကြီးလုပ်သွားရမှာလား?”

“မပြောတတ်ဘူးလေ!”

………

မြို့တော်တွင်တော့ ကျန်းယွေ့ချင်တစ်ယောက် သူ၏မိသားစုပိုင်ကုမ္ပဏီတွင် စာရွက်စာတမ်းများ စစ်ဆေးဖတ်ရှုပ်နေလေသည်။

ထိုတခနတွင်ပဲ ကျန်းယွေ့ချင်၏ဖခင် ဖုန်းဆက်လာခဲ့ကာ သူ့အဖိုး သတိလစ်သွား၍ အထွေထွေစစ်ဆေးရုံသို့ ခေါ်ဆောင်သွားရသည် ဟူသော သတင်းဆိုးကို ကြားလိုက်ရလေသည်။ ထိုသတင်းကို ကြားပြီးသည်နှင့် ကျန်းယွေ့ချင်လဲ ခပ်မြန်မြန်ကုမ္ပဏီမှ ထွက်လာခဲ့တော့သည်။

ကျန်းမိသားစုမှနေပြီး ကျန်းကျုံးယွီ၏မိတ်ဆွေကြီးများဖြစ်သည့် သခင်ကြီးလင်နှင့် သခင်ကြီးရှုကိုလဲ ဖုန်းဆက်အကြောင်းကြားခဲ့သည်။ အသက်အရွယ်အိုမင်းနေသည့်လူများအတွက်တော့ တစ်ကြိမ်လောက် နာမကျန်းဖြစ်ရုံနှင့် အသက်အန္တရာယ်ပါ စိုးရိမ်ရစေသည်။

သခင်ကြီးလင်လဲ သတင်းကြားသည်နှင့် ကုနင်းပေးထားသည့် စွမ်းအင်သလင်းကျောက်ပုလင်းကို ယူကာ ချက်ချင်း အထွေထွေစစ်ဆေးရုံသို့ လာခဲ့တော့သည်။

လင်ရှောင်းထင်က ဒီဆေးသည် အလွန်အစွမ်းထက်ကြောင်းသူ့ကိုပြောထားကာ လူနာအသက်ရှိနေသေးသ၍ ဆေးတစ်လုံးသောက်လိုက်ပါက ထိုလူ၏အသက်ကို ကယ်တင်နိုင်ပေမည်ဟုပင်။ ထို့အပြင် ဤဆေးသည် နှလုံးရောဂါ၊ လမ်းအတော်ကြာမလျှောက်နိုင်ခဲ့သည့် လူ၏ခြေထောက်များကိုပင် ကုသပေးနိုင်ခဲ့သည် မဟုတ်ပါလား။

ဒီလောက်ကြီးဆေးစွမ်းထက်သည်ကို သခင်ကြီးလင် မယုံနိုင်စရာကောင်းလွန်းသည်ဟုတွေးမိသော်လည်း သူကိုယ်တိုင်လဲ ဆေးနှစ်လုံးသောက်ပြီးကတည်းက အလွန်ကျန်းကျန်းမာမာဖြစ်လာခဲ့သည် မဟုတ်ပါလား။

ယခုလို သူ့မိတ်ဆွေကြီးအသက်အန္တရာယ်ရှိနေသည့်အချိန်တွင် သခင်ကြီးကျန်းအတွက် ဤဆေးအမှန်တကယ် အသုံးဝင်သည် မဝင်သည်ကို အသာထား မှော်ဆေးစွမ်းကောင်းဆိုသည်ကပင် ဝေမျှပေးသင့်သည့်အချက်ဖြစ်နေသည်ဟု သခင်ကြီးလင်တွေးမိခဲ့သည်။

ကျန်းယွေ့ချင် ဆေးရုံသို့ရောက်ရှိလာချိန်တွင် ကျန်းကျုံးယွီကို စမ်းသပ်ခန်းထဲသို့ ခေါ်ဆောင်လို့သွားခဲ့ပြီ။ ကျန်းယွေ့ချင်၏ဖခင် ကျန်းကျန့်ကောနှင့်မိခင်တို့သည်လဲ သူ့ဦးလေး ကျန်းကျန့်ဟွာတို့ဇနီးမောင်နှံနှင့်အတူ စမ်းသပ်ခန်းအပြင်ဘက်တွင် စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေခဲ့သည်။

“ဘာလို့ အဖိုးက ရုတ်တရက်ကြီး သတိလစ်သွားရတာလဲ?” ကျန်းယွေ့ချင် ရောက်ရောက်ချင်းမေးမြန်းလိုက်သည်။

“ဘာလက္ခဏာမှလဲ ငါတို့မတွေ့လိုက်ရဘူး။ မင်းအဖိုးက ရုတ်တရက် အကောင်းကြီးကနေ လဲကျသွားတာပဲ။” ကျန်းကျန့်ကော မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။ သခင်ကြီးကျန်းသည် အမြဲလိုလို ကျန်းမာသန်စွမ်းသူဖြစ်တာကြောင့် အခုလို ရုတ်တရက်ကြီး သတိလစ်လဲကျသွားလိမ့်မည်ဟု ကျန်းမိသားစုဝင်များ မထင်မှတ်ထားခဲ့ပေ။

“အဖိုးအထဲဝင်သွားတာ ဘယ်လောက်ကြပြီလဲ?”

“၂မိနစ်-၃မိနစ်လောက်ပဲရှိသေးတယ်။” ကျန်းကျန့်ကောပဲ ပြန်ဖြေလေသည်။

ခဏအကြာတွင်တော့ သခင်ကြီးလင် စိုးရိမ်တကြီးရောက်ရှိလို့လာကာ၊

“ဘယ်လိုဖြစ်ရတာလဲ?”

“ကျွန်တော်တို့လဲ အခုထိမသိသေးဘူး။ အဖေ့ကြည့်ရတာ အကောင်းကြီးကနေ စက္ကန့်ပိုင်းအတွင်းလေးမှာပဲ လဲကျသွားတာ။ ကျွန်တော်တို့လဲ အရမ်းအံ့ဩသွားတာပဲ။” ကျန်းကျန့်ကော ပြန်ဖြေလိုက်သည်။

သခင်ကြီးလင်လဲ ချက်ချင်းပင် စွမ်းအင်သလင်းကျောက်ပုလင်းကိုထုတ်ယူကာ ကျန်းကျန့်ကောကို ပေးလိုက်ရင်း၊

“အခုချက်ချင်း မင်းအဖေရဲ့အခြေအနေကို သွားစစ်ကြည့်လိုက်။ သူဘာပဲဖြစ်နေနေ၊ ဒီဆေးက မင်းအဖေကို ကူညီပေးလိမ့်မယ်။ ဒီဆေးက ပါးစပ်ထဲရောက်တာနဲ့ ချက်ချင်းအရည်ပျော်သွားတာဆိုတော့ သူမမြိုချနိုင်မှာကို စိုးရိမ်စရာမလို….”

သခင်ကြီးလင် စကားမဆုံးသေးခင်တွင်ပဲ စမ်းသပ်ခန်းတံခါးပွင့်လာကာတာကြောင့် အားလုံးအပြေးအလွှားသွားလိုက်ကာ၊

“သူဘယ်လိုနေသေးလဲ?” သခင်ကြီးလင် အလောတကြီးမေးလိုက်သည်။

ကျန်းကျုံးယွီကို စစ်ဆေးပေးသည့် ဆရာဝန်အားလုံးမှာ အထွေထွေစစ်ဆေးရုံမှ ကျွမ်းကျင်ဆရာဝန်ကြီးများဖြစ်ကာ ဆေးရုံဒါရိုက်တာပင် ပါဝင်နေသေးသည်။

သခင်ကြီးလင်ပါရောက်နေသည်ကို ဆေးရုံဒါရိုက်တာမြင်လိုက်ရသည်နှင့် အလွန်အံ့ဩသွားကာ ရိုသေလေးစားမှုအပြည့်ဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

“သခင်ကြီးလင်၊ သခင်ကြီးကျန်းက ဦးနှောက်တွင်းသွေးခဲမှုဖြစ်တာမို့ အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အခုချက်ချင်းခွဲစိတ်ဖို့ လိုအပ်ပါတယ်။”

(ဦးဏှောက်သွေးခဲခြင်းသည် ဦးဏှောက်အတွင်းရှိ အသက်ရှူလမ်းကြောင်းနှင့် ဆက်စပ်ထားသော သွေးပြန်ကြောတွင် သွေးခဲခြင်းဖြစ်ကာ ဦးဏှောက်သွေးယိုစီးမှုကို ဖြစ်ပွားစေသည်။)

“ကျန့်ကော၊ ကျန့်ဟွာ၊ မင်းတို့ငါ့ကိုယုံရင် မင်းတို့အဖေကို ဒီဆေးအရင်တိုက်လိုက်။ မိနစ်ပိုင်းလောက်စောင့်ပြီးရင် သူ့အခြေအနေ ပိုကောင်းလာနိုင်တယ်။” သခင်ကြီးလင် ကျန်းကျန့်ကောနှင့် ကျန်းကျန့်ဟွာကို ကြည့်ကာပြောလိုက်သည်။

သခင်ကြီးကျန်း အသက်အန္တရာယ်ရှိနေသော်လည်း ဘာပဲဖြစ်ဖြစ် ခွဲစိတ်ခန်းပြင်ဆင်ဖို့ အချိန်ကတော့ လိုနေပေဦးမည်။

“ကျွန်တော်ယုံပါတယ်။” ကျန်းကျန့်ကော ပြန်ဖြေလိုက်သည်။ သူအရမ်းစိုးရိမ်နေမိစဲဖြစ်သော်လည်း သခင်ကြီးလင်ကတော့ သူ့ကို လိမ်ညာမည်မဟုတ်ကြောင်း ယုံကြည်လေသည်။

“ကျွန်တော်လဲယုံတယ်။” ကျန်းကျန့်ဟွာလဲ ဖြေလိုက်သည်။

သခင်ကြီးလင်ကိုယ်တိုင်က ထိုသို့ပြောလာတာကြောင့် ဆရာဝန်များလဲ သူ့အလိုကို မတားမြစ်ရဲပေမည့် ခွဲစိတ်ဖို့ကိစ္စများကိုတော့ ဆက်လက်ဆောင်ရွက်နေစဲပင်။

ထို့နောက် ကျန်းကျန့်ကောကပဲ ဆေးပုလင်းကို ယူကာ စမ်းသပ်ခန်းထဲသို့ တစ်ဖွဲ့လုံးဝင်သွားလိုက်ကြသည်။ အခန်းထဲသို့ရောက်သည်နှင့် ကျန်းကျန့်ကော စွမ်းအင်သလင်းကျောက်တစ်လုံးကို ထုတ်ယူကာ ကျန်းကျုံးယွီ၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ဆေးကတော့ ယခင်အတိုင်း ပါးစပ်ထဲသို့ရောက်ပြီးသည်နှင့် ချက်ချင်းအရည်ပျော်သွားခဲ့လေသည်။

၂မိနစ်အတွင်းတွင်ပဲ ကျန်းကျုံးယွီ၏ ဦးဏှောက်သွေးကြောများ ပြန်လည်ကောင်းမွန်လာကာ သွေးများတစ်ဖက်ပြန်လည်စီးဆင်းလာတာကြောင့် စက်ကိရိယာများကို စစ်ဆေးနေသည့် ဆေးရုံဒါရိုက်တာ အလွန်ထိတ်လန့်သွားတော့သည်။

“ဒါ-ဒါက…” ဆေးရုံဒါရိုက်တာမှာ အလွန်ထိတ်လန့်အံ့ဩလွန်းတာကြောင့် ပြောစရာစကားပင် ရှာမရခဲ့ပေ။

“ဘာဖြစ်လို့လဲ?” သခင်ကြီးလင်နှင့်အခြားလူများ စိုးရိမ်စွာဖြင့် မေးလိုက်ကြသည်။

“ဦးဏှောက်သွေးကြောလမ်းကြောင်းတွေ ရှင်းလင်းသွားပြီး သွေးစီးဆင်းမှုပုံမှန်ပြန်ဖြစ်လာပါပြီ။” ဒါရိုက်တာလဲ အသက်ကိုပြင်းပြင်းတစ်ချက် ရှူကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“ဒီတော့ ငါ့အဖေရဲ့အခြေအနေ ပြန်ကောင်းလာတာလား?” ကျန်းကျန့်ဟွာ မရေရာသော်လည်း မျှော်လင့်ချက်အပြည့်ဖြင့်မေးလိုက်သည်။

“ဟုတ်ပါတယ်! တကယ့်ကို မယုံနိုင်စရာအခြေအနေပဲ!” ဒါရိုက်တာမှာ ဤကဲ့သို့ဖြစ်ရပ်မျိုး တစ်ကြိမ်မှ မကြုံခဲ့ဖူးတာကြောင့် အလွန်အံ့အားသင့်လို့နေခဲ့သည်။

“ခွဲစိတ်ဖို့အထိ မလိုလောက်တော့ဘူးလို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် သခင်ကြီးကျန်းကို ဆေးရုံမှာ နှစ်ရက်လောက်နေခိုင်းဖို့တော့လိုဦးမယ်။”

***

အခန်း ၆၅၃

ရှောင်းထင်ရဲ့ချစ်သူကို လုယူမယ်

သခင်ကြီးကျန်း၏ရောဂါ ပိုကောင်းလာပြီမှန်းကြားလိုက်ရသည်နှင့် အားလုံးပျော်ရွှင်ဝမ်းသာသွားကြတော့သည်။ အခုထိအန္တရာယ်တွင်းထဲရှိနေစဲဆိုသော်လည်း မကြာခင် ပြန်သတိရလာနိုင်ချေတော့ရှိနေပေပြီ။

ဒါရိုက်တာက သူ့လက်ထောက်ကို စမ်းသပ်သည့်စက်များအား သေချာကြည့်ထားရန် မှာကြားပြီးနောက် သခင်ကြီးလင်ဆီသို့သွားလိုက်ကာ၊

“သခင်ကြီးလင်၊ ဒီဆေးကို ဘယ်ကများရခဲ့လဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ရမလား?”

ထိုစကားကြောင့် အားလုံးဆေးအကြောင်း ပြန်အမှတ်ရသွားကာ သခင်ကြီးလင်ကို ဝိုင်းကြည့်လို်ကကြသည်။

“ဟုတ်သားပဲ! သခင်ကြီးလင်၊ ဒီမှော်ဆေးလုံးကို ဘယ်ကရခဲ့တာလဲ?” ကျန်းကျန့်ကော ပါမေးလိုက်သည်။

“ငါ့အနာဂါတ်မြေးချွေးမလေးပေးထားတာလေ။ ငါလဲ ဒီဆေးကိုသောက်ထားလို့ အခုလို ကျန်းကျန်းမာမာရှိနေတာပေါ့။”

“ဘာ?” ထိုစကားကြောင့် အားလုံးအံ့အားသင့်သွားကြတော့သည်။

“ရှောင်းထင်ရဲ့ချစ်သူလား?” ကျန်းကျန့်ဟွာမေးလိုက်ခြင်းဖြစ်သည်။

“ဟုတ်တယ်လေ!”

“အာ၊” ကျန်းကျန့်ဟွာ သက်ပြင်းလေးသာ ချလိုက်ရင်း၊

“သခင်ကြီးလင်ရဲ့ အနာဂါတ်မြေးချွေးမလေးက တကယ့်ကိုအံ့ဖွယ်မိန်းကလေးပဲ။ သူက ကျွန်တော့်သားကို ကယ်ပေးခဲ့ရုံတင်မကဘဲ အခုတော့ ကျွန်တော့်အဖေရဲ့အသက်ကိုလဲ ကယ်လိုက်ပြန်ပြီ!”

“ဘာ? ဒါဆို ကုနင်းက လင်ရှောင်းထင်ရဲ့ချစ်သူပေါ့?” ကျန်းယွေ့ချင် အမှန်တရားကို လက်မခံနိုင်ဟန်ဖြင့် မေးလိုက်သည်။

“မင်းက ငါ့ရဲ့အနာဂါတ်မြေးချွေးမလေးကို သိနေတာလား?” သခင်ကြီးလင်ကတော့ သိချင်သွားတော့သည်။

ကုနင်းဆိုတာ ရှေးဟောင်းလမ်းမှာ တွေ့ခဲ့တဲ့ကောင်မလေးနာမည်မဟုတ်လား? နာမည်တူသူများစွာရှိတဲ့အတွက်ကြောင့် သခင်ကြီးလင် သိပ်တော့ အာရုံမထားပေ။

“ဟုတ်ပါတယ်။” ကျန်းယွေ့ချင် ဗလာအကြည့်များဖြင့် ပြန်ဖြေလာသည်။

“သူ့အကြောင်း နည်းနည်းပါးပါး ပြောပြစမ်းပါ! သူကဘယ်လိုလေးလဲ? ပေါင်းရသင်းရလွယ်တဲ့လူမျိုးလား?” ထိုအချိန်တွင် သူ့မိတ်ဆွေကြီး အခုထိ သတိပြန်မရလာသေးသည်ကိုပင် သခင်ကြီးလင် မေ့လျော့သွားကာ ကုနင်းအကြောင်းသာ အလွန်သိချင်နေတော့သည်။ ကုနင်း၏ရုပ်ရည်သွင်ပြင်ကိုတော့ လင်ရှောင်းထင် သဘောကျနေသ၍ သခင်ကြီးလင် ဂရုစိုက်နေမည်မဟုတ်သော်လည်း သူမ၏လူမှုဆက်ဆံရေးကတော့ အလွန်အရေးကြီးသည့် အချက်ဖြစ်သည်။ အကယ်၍သာ သူနှင့်သူ့အနာဂါတ်မြေးချွေးမလေးက အနာဂါတ်တွင် မတည့်နေပါက လင်ရှောင်းထင်ကိုသာ ကြားထဲမှပြဿနာဖြစ်စေမည်ဖြစ်တာကြောင့် ထိုသို့ဖြစ်လာမည်ကိုတော့ အလွန်မနှစ်မြို့ပေ။

ကျန်းယွေ့ချင်သည်တော့ သခင်ကြီးလင်ကို အလွန်အံ့အားသင့်နေဟန်ဖြင့်ကြည့်လိုက်သည်။ သခင်ကြီးလင်က သူ့ရဲ့အနာဂါတ်မြေးချွေးမအကြောင်း ဘာကြောင့် ဘာမှမသိထားရတာလဲ?

သခင်ကြီးလင်လဲ အနည်းငယ်ရှက်ရွံ့သွားကာ ပြန်ရှင်းပြခဲ့သည်။

“ရှောင်းထင်က ငါ့ကိုသေချာမပြောပြထားဘူး။ ပြီးတော့ သူစိတ်ဆိုးမှာစိုးလို့ ကလေးမရဲ့နောက်ကြောင်းကိုလဲ မစုံစမ်းဖြစ်ဘူးလေ။”

“သူတောင်မပြောပြသေးဘူးဆိုတော့ ကျွန်တော်လဲ မပြောပြနိုင်ပါဘူး။” ကျန်းယွေ့ချင် အလွန်ဝမ်းနည်းနေခဲ့သည်။

“ရပါတယ်ကွာ မင်းပြောပြတယ်ဆိုတာ ငါသူ့ကိုပြန်မပြောပါဘူး။ ” သခင်ကြီးလင် ကတိပေးလိုက်သည်။

ကျန်းယွေ့ချင် ခနလောက်စဉ်းစားကြည့်ပြီးနောက်၊

“တကယ်တော့ ကျွန်တော်လဲ သူနဲ့အခုမှတွေ့ဖူးရုံပါ၊ ဒါကြောင့် သူ့အကြောင်း‌ ကျွန်တော်လဲ သေချာမသိဘူး။ ဒါပေမယ့် သူက တော်တော်လေးတော့ လှတယ်။ သခင်ကြီးလင် သူ့အကြောင်း သိချင်ရင် အင်တာနက်ပေါ်မှာ သူ့နာမည်ရိုက်ပြီးရှာလိုက်ရင်ကိုရပြီ။ အခုတလော သူ့အကြောင်း သတင်းတွေအများကြီးတက်နေတာ။”

“တကယ်လား? ဘာလို့လဲ?” လူတိုင်းအလွန်အံ့ဩသွားကြတော့သည်။

ထိုအချိန်တွင်ပဲ ကျန်းကျုံးယွီ ပြန်လည်သတိရလာခဲ့သည်။

“ဒါရိုက်တာကြီး၊ လူနာရဲ့သွေးကြောတွေ ပုံမှန်အတိုင်းပြန်လည်စီးဆင်းပြီး ပြန်သတိရလာပါပြီ။” ဆေးရုံဒါရိုက်တာ၏လက်ထောက်က ပြောလာခဲ့သည်။

“ဘာ? တကယ်လား?” လူတိုင်း ချက်ချင်းဆိုသလိုပင် ကျန်းကျုံးယွီအနား ဝိုင်းအုံ့သွားကြကာ ကျန်းကျုံးယွီ၏လက်ချောင်းလေးများ လှုပ်ရှားလာသည်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြတော့သည်။

ကျန်းကျုံးယွီ၏ခေါင်းတွင် စက်ကိရိယာများ တပ်ထားစဲဖြစ်တာကြောင့် မျက်နှာအမူအရာကိုတော့ မမြင်နိုင်သော်လည်း သတိပြန်ရလာသည်ကပင် အခြေအနေကောင်းကြောင်း ဖော်ပြနေခြင်းဖြစ်သည်။

ထိုအချိန်တွင်ပဲ ခွဲစိတ်ခန်းပြင်ဆင်ရန်ထွက်သွားသည့် ဆရာဝန်တစ်ယောက် ပြန်ရောက်လာကာ ဆေးရုံဒါရိုက်တာအား၊

“ဒါရိုက်တာကြီး၊ ခွဲစိတ်ခန်းအဆင်သင့်ဖြစ်ပါပြီ။”

“လူနာက အသက်အန္တရာယ်မရှိတော့လို့ လောလောဆယ် ခွဲစိတ်ဖို့မလိုအပ်တော့ဘူး။” ဒါရိုက်တာကြီး စိတ်လှုပ်ရှားမှုမပျောက်သေးစွာဖြင့် ပြန်ပြောလိုက်သည်။

ခွဲစိတ်ဖို့ကို ရွေးချယ်ခွင့်ရှိမည်ဆိုလျှင် အန္တရာယ်များလွန်းတာကြောင့် ဘယ်သူကမှ မရွေးချယ်ချင်ကြပေ။

“ဘယ်လို? လူနာက အသက်အန္တရာယ်မရှိတော့ဘူးလား?” လာပြောသည့် ဆရာဝန်လေးမှာ အလွန်အံ့အားသင့်သွားတော့လေသည်။

သခင်ကြီးကျန်း အမှန်တကယ်ကို အသက်အန္တရာယ်ရှိနေခဲ့ကာ အချိန်မရွေးသေသွားနိုင်ကြောင်း သူကိုယ်တိုင်မျက်မြင်တွေ့ခဲ့ခြင်းဖြစ်ပေမည့် အခုတော့ အသက်အန္တရာယ်ကလွတ်သွားပြီတဲ့လား? ဒါရိုက်တာကြီးကတော့ လူနာအခြေအနေကို ဟာသလုပ်လိမ့်မည်မဟုတ်ကြောင်း ဆရာဝန်လေးသိတာကြောင့် ပိုလို့ပင် မယုံကြည်နိုင်ဖြစ်နေရတော့သည်။ ထို့ကြောင့် သူတို့အစောက စစ်ဆေးခြင်းကပဲ မှန်ရောမှန်ရဲ့လားဆိုသည်ကို သံသယဝင်မိရတော့သည်။ သို့ပေမည့် ထိုသို့သံသယဝင်မိသော်လည်း အခုချိန်တွင်တော့ ဘာမှထုတ်မပြောရသေးပေ။

ခွဲစိတ်ဖို့ရန်မလိုအပ်တော့ဘူးဆိုမှတော့ သူလဲသူ့လုပ်ဖော်ကိုင်ဖက်များကို သွားပြောရန်အတွက် ထွက်သွားတော့သည်။

ကျန်းကျုံးယွီ အသက်အန္တရာယ်ကင်းသွားပြီဖြစ်ပေမည့် နောက်ထပ် စမ်းသပ်စစ်ဆေးဖို့ရန်အတွက် ဆေးရုံတွင် ရက်ပိုင်းလောက် ဆက်နေရပေဦးမည်။ ထို့အတွက်ကြောင့် ကျန်းကျုံးယွီကို ဗီအိုင်ပီလူနာခန်းသို့ ပြောင်းရွှေ့ခဲ့သည်။

မကြာခင်တွင်ပဲ ကျန်းကျုံးယွီ မျက်လုံးများပြန်ပွင့်လာပေမည့် လုံးဝပြန်ကောင်းဖို့ရန်အတွက် အချိန်ယူဖို့လိုနေသေးတာကြောင့် စကားပြောလို့ကော လှုပ်ရှားလို့ကောမရသေးပေ။

ထိုအချိန်တွင်ပဲ သခင်ကြီးရှု ရောက်ရှိလာခဲ့ကာ သူ့အိမ်မှနေပြီး အထွေထွေစစ်ဆေးရုံသို့ လာသည့်လမ်းမှာ ကားအလွန်ကြပ်နေတာကြောင့် သခင်ကြီးလင်ထက် နာရီဝက်ကျော်နောက်ကျနေခြင်းဖြစ်သည်။

သခင်ကြီးရှုသည်လဲ သတင်းဆိုးကြားကတည်းက တစ်လျှောက်လုံး အလွန်စိုးရိမ်ပူပန်နေခဲ့ရလေသည်။ အသက်ကြီးသူများ၏အခြေအနေမှာ ခန့်မှန်း၍မရနိုင်တာကြောင့် သူ့မိတ်ဆွေကြီးကို နောက်တစ်နေ့ထပ်မတွေ့ရတော့မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

အခုတော့ ကျန်းကျုံးယွီ ပြန်သတိရကာ အဆင်ပြေနေပြီကို မြင်ကာမှ သခင်ကြီးရှုလဲ စိတ်အေးသွားရတော့သည်။ သူတို့သုံးယောက်လုံးသည် အသက်အတော်ကြီးနေပြီဖြစ်ကာ ရောဂါကြောင့်ရော အသက်အရွယ်ကြောင့်ပါ အချိန်မရွေး သေဆုံးသွားနိုင်ပေမည့် သူတို့ဘဝကို အသက်ရှည်ရှည်နှင့် ပျော်ရွှင်စွာနေလိုသည့် ဆန္ဒကတော့ ရှိနေစဲပင်။ ၎င်းမှာ ဤဘဝကြီးကို စွန့်ခွာဖို့ တွန့်ဆုတ်နေခြင်းမျိုးမဟုတ်ဘဲ မိသားစုအပေါင်းအသင်းများနှင့် တတ်နိုင်သလောက် ကြာရှည်စွာနေလိုခြင်းသာဖြစ်သည်။

လင်ရှောင်းထင်၏ချစ်သူပေးသော ဆေးက သခင်ကြီးကျန်း၏အသက်ကို ကယ်တင်ခဲ့တာဖြစ်ကြောင်း သခင်ကြီးရှုသိလိုက်ရချိန် အလွန်ထိတ်လန့်အံ့ဩသွားကာ ကုနင်းကို သူ့မြေးအရင်း၏ချစ်သူဖြစ်လာဖို့ရန်ပင် မျှော်လင့်နေတော့သည်။

“ငါတော့ အဲ့ကလေးမကို ငါတို့ကျင်းချန်ရဲ့ချစ်သူသာ ဖြစ်စေချင်တော့တယ်။” သခင်ကြီးရှု မနာလွန်စွာဖြင့်ပြောလိုက်ကာ ခနလေးအတွင်းတွင်ပင် သူ့မျက်လုံးများ လင်းလက်လို့သွားပြီး၊

“ကျင်းချန်သာ ရှောင်းထင်ရဲ့ချစ်သူကို ခိုးယူသွားနိုင်မယ်ဆိုရင် အဲ့အကြံ မဆိုးဘူးလို့ထင်တယ်။”

“မင်းလုပ်ရဲလား! အဲ့လိုမျိုးဖြစ်လာဖို့ ငါဘယ်တော့မှ ခွင့်မပြုဘူး။” သခင်ကြီးလင် အလွန်ဒေါသထွက်ကာ စိုးရိမ်ပူပန်သွားဟန်ပေါ်ပေသည်။

***

အခန်း ၆၅၄

ကုနင်းအကြောင်း သခင်ကြီးလင် ပိုသိလာရခြင်း

သခင်ကြီးလင်ဘက်ကလဲ အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ပြီးကာမှ သူ့မြေးလေးက ချစ်သူရှိသွားခဲ့ခြင်းဖြစ်တာကြောင့် ဘယ်သူ့ကိုမှ သူ့မြေး၏ချစ်သူကို ခိုးယူသွားခွင့်မပြုနိုင်ပေ။

သခင်ကြီးရှုကတော့ တစ်ချက်ရယ်လိုက်ကာ၊

“ရှောင်းထင်က အရမ်းအေးစက်စက်နိုင်တာကို ဘယ်လိုလုပ် ရို့မန့်စ်အကြောင်းကိုသိမှာလဲ၊ ငါပြောတာဟုတ်တယ်မလား? ကောင်မလေးတွေအားလုံးက ရိုမန့်တစ်ဆန်တဲ့ကောင်လေးမျိုးကိုပဲ သဘောကျတာ အမြဲတမ်း အေးစက်စက်မျက်နှာထားနဲ့လူကို ကြိုက်တာမဟုတ်ဘူး။ ကြာလာရင် အဲ့ကလေးမလဲ ငြီးငွေ့လာလိမ့်မယ်။ ကျန်းချန်ကတော့ ရှောင်းထင်နဲ့လုံးဝမတူဘူးလေ။ သူက ပေါင်းရသင်းရလွယ်ပြီး သွက်သွက်လက်လက်လေး၊ ငါတို့တောင်မှ သူ့ကြောင့်နဲ့ ရယ်နေရတာ။ ကောင်မလေးတွေအတွက် ကျင်းချန်လိုလူမျိုးကသာ ပျော်ရွှင်အောင်လုပ်ပေးနိုင်မှာ။ ဆက်ဆံရေးတစ်ခု ကြာရှည်ခိုင်မြဲဖို့ဆိုရင် ရို့မန့်စ်နဲ့ ပျော်အောင်လုပ်ပေးနိုင်စွမ်း ရှိဖို့လဲလိုသေးတယ်။”

သခင်ကြီးရှု လင်ရှောင်းထင်ကိုတော့ အပြစ်တင်ကာ ရှုကျင်းချန်ကိုတော့ ချီးမွမ်းပြောဆိုနေခြင်းက လင်ရှောင်းထင်လို အေးစက်စက်ပုံစံနဲ့လူမျိုးက ထူးချွန်သည့်ချစ်သူကောင်မလေးတစ်ယောက်ရသွားကာ သူ့မြေး ရှုကျင်းချန်လို နူးညံ့ကာဆွဲဆောင်မှုရှိသည့် လူမျိုးကတော့ အခုထိ တစ်ကိုယ်တည်းဖြစ်နေခြင်းက လုံးဝမတရားဟု တွေးမိခြင်းကြောင့်ပင်။

သို့ပေမည့် သခင်ကြီးရှု၏စကားများက သခင်ကြီးလင်ကို သတိပေးလိုက်သလိုဖြစ်သွားခဲ့သည်။ လင်ရှောင်းထင်သည် အမှန်ကို အေးစက်စက်နှင့် အဖိုးဖြစ်သူကိုတော့ ပြုံးပြခဲသည့် လူစားမျိုးဖြစ်ပေသည်။ ဘယ်သူကမှတော့ နေ့တိုင်း ဒီလိုအေးစက်စက်မျက်နှာထားနှင့်လူမျိုးကို ထိုင်ကြည့်မနေလိုကြပေ!

လင်ရှောင်းထင်ကတော့ သူတွဲနေသည့်မိန်းကလေးကို လက်ထပ်ဖို့ရန်အထိ ရည်စူးထားကြောင်း ပြောခဲ့ပေမည့် သခင်ကြီးလင်ကတော့ ကောင်မလေးဘက်က လင်ရှောင်းထင်၏စရိုက်ကို ကြာလာလျှင် ငြီးငွေ့ကာ ထွက်သွားမည်ကို စိုးရိမ်မိပေသည်။

ထိုသို့တွေးလိုက်မိသည်နှင့် သခင်ကြီးလင် အလွန်စိုးရိမ်သွားတော့သည်။ သူ့မြေးကိုလဲ သူ့အနာဂါတ်ချွေးမလောင်းလေးကို အခြားလူများ ခိုးယူမသွားစေရန်အတွက် ကောင်းကောင်းဂရုစိုက်ရန် သတိပေးသင့်သည်ဟု တွေးလိုက်မိသည်။ ထို့နောက် အချိန်ဆွဲမနေတော့ဘဲ လင်ရှောင်းထင်ကို သခင်ကြီးလင် ဖုန်းခေါ်လိုက်ပေမည့် လင်ရှောင်းထင်ကတော့ ဖုန်းစက်ပိတ်လို့ထားပေသည်။

သခင်ကြီးလင်၏ ထိတ်ထိတ်ပြာပြာဖြင့် ဖုန်းတွေကောက်ခေါ်နေပုံကို မြင်လိုက်ရတော့ အားလုံးရယ်ချင်မိသွားတော့သည်။

အခြားလူတွေ သူ့ကိုပြုံးစိစိမျက်နှာထားများနှင့် ကြည့်နေကြတာတောင်မှ သခင်ကြီးလင်ကတော့ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ တည်ငြိမ်နေစဲပင်။ ရုတ်တရက်ဆိုသလို ကျန်းယွေ့ချင်ပြောထားသည့် စကားကို သခင်ကြီးလင် ပြန်အမှတ်ရသွားခဲ့သည်။

“ချန်ပင်း၊ အခုချက်ချင်း မင်းဖုန်းကနေပြီး ကုနင်း၏နာမည်ကိုရှာလိုက်။” သခင်ကြီးလင် သူ၏သက်တော်စောင့်ကို ပြောလိုက်ခြင်းဖြစ်သည်။

သခင်ကြီးလင်သည် ရှေးလူကြီးတစ်ဦးဖြစ်တာကြောင့် ယခုခေတ်စမတ်ဖုန်းများအကြောင်း အကျွမ်းတဝင်မရှိပေ။

“ဟုတ်ကဲ့ပါ၊ ဆရာ။” ချန်ပင်းလဲ ပြန်ဖြေလိုက်ကာ ချက်ချင်းပင် ကုနင်းနာမည်ကို အင်တာနက်ပေါ်တွင် ရိုက်နှိပ်ရှာဖွေလိုက်သည်။

“အဖိုးကြီးလင်၊ မင်းဘာလို့ ကောင်မလေးကုနာမည်ကို ရှာတာလဲ?” သခင်ကြီးရှုသည်တော့ ကုနင်းဆိုသည့်နာမည်နှင့် ကောင်မလေးမှာ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏ ပိုင်ရှင်သာဖြစ်ကြောင်း သိထားပြီး လင်ရှောင်းထင်၏ ချစ်သူနာမည်သည်လဲ ကုနင်းဖြစ်ကြောင်း မသိထားတာကြောင့် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

“ခနနေသိရမှာပေါ့။” သခင်ကြီးလင်ကိုယ်တိုင်လဲ သေချာမသိသေးတာကြောင့် သခင်ကြီးရှုကို ရှည်ရှည်ဝေးဝေးရှင်းမပြနိုင်ခဲ့ပေ။

သို့ပေမည့် ကျန်းယွေ့ချင်ကတော့ သခင်ကြီးရှု ကုနင်းကို သိထားမှန်း သိလိုက်ရပေမည့် ဘာကြောင့် သူမကို သခင်ကြီးလင်တစ်ဦးတည်းသာ မသိဘဲနေရလဲဆိုသည်ကိုတော့ စဉ်းစားလို့မရပေ။

ချန်ပင်း ရှာဖွေခြင်းခလုတ်ကို နှိပ်လိုက်သည်နှင့် ထိတ်လန့်စရာရလဒ်ကိုတွေ့မြင်လိုက်ရတော့သည်။ အင်တာနက်ပေါ်တွင် ကုနင်းအကြောင်း သတင်းများစွာရှိနေပေမည့် ထိပ်တန်းသတင်းခေါင်းစဉ်များမှာပင် အားလုံးစုံနေပေပြီ။

“ဘာဖြစ်လို့လဲ?” သခင်ကြီးလင် စိုးရိမ်မှုအပြည့်ဖြင့် မေးလိုက်သည်။

“သခင်ကြီးလင်၊ ကိုယ်တိုင်ဖတ်ကြည့်လိုက်ပါ။” ချန်ပင်း ထိပ်တန်းသတင်းများကို ဖွင့်ကာ သခင်ကြီးလင်ထံသို့ ကမ်းပေးလိုက်ပြီး သခင်ကြီးရှုသည်လဲ အနားသို့ ကပ်ကာအတူလာကြည့်လေသည်။

ကျန်းကျန့်ကောနှင့်အခြားလူများလဲ သိချင်တာကြောင့် သူတို့ဖုန်းများကိုထုတ်ကာ ကုနင်း၏နာမည်ကို အင်တာနက်ပေါ်တွင် ရှာလိုက်ကြသည်။

အံ့ဖွယ်နိုင်ငံ့နတ်ဘုရားမ-ကုနင်း!

အသက်၁၈နှစ်အရွယ် အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူ ကုနင်းတွင် သာမာန်လူများ မတွေးဆနိုင်သည့် မြောက်မြားစွာသော အောင်မြင်မှုများနှင့် အရည်အချင်းများရှိသည်။ ထိုသို့ရှင်းပြချက်အောက်တွင်တော့ ကုနင်း၏အကြည်ဆုံးသော ဓါတ်ပုံတစ်ပုံကို တွဲတင်လို့ထားသည်။

ဓါတ်ပုံကို သခင်ကြီးလင်နှင့် သခင်ကြီးရှုတို့ မြင်လိုက်ရသည်နှင့် နှစ်ယောက်လုံး အလွန်အံ့အားသင့်သွားတော့သည်။

နောက်ဆက်လက်ပြီး ကုနင်းအကြောင်း အင်တာနက်ပေါ်ပျံ့နှံ့နေသည့် သတင်းများစွာရှိနေခဲ့သည်။

Dမြို့၏အမြန်လမ်းကားမတော်တဆမှု။ ရဲရင့်ကာ ခွန်အားကြီးသည့် မိန်းကလေးတစ်ဦး ကားဘီးကို ဖမ်းဆွဲထား။ [ပုံနှင့်တကွ]

မြို့တော်၊ တံတားပေါ်ဤကောင်လေးတစ်ဦးကို လူတစ်ယောက် ပြန်ပေးဆွဲမှု။ ကောင်မလေးတစ်ဦးက ပြန်ပေးသမားကို နောက်မှ ရုတ်တရက်ဝင်ရောက်ဖမ်းဆီး။ [ဗီဒီယိုနှင့်တကွ]

Gမြို့တွင် ရွှေ့ပြောင်းအလုပ်သမားများနှင့် လုံခြုံရေးဝန်ထမ်းများကြား ပြဿနာဖြစ်ပွား။ ကောင်မလေးတစ်ဦးက တစ်ယောက်တည်းနှင့် လုံခြုံရေးတစ်ဖွဲ့လုံးကို အနိုင်ယူခဲ့။ [ဗီဒီယိုနှင့်တကွ]

သတင်းကြီး : Fမြို့မြူနီစီပါပါတီကော်မတီအထွေထွေအတွင်းရေးမှူး ယွင်ကျီစုန့်ကို အစိုးရရုံးအပြင်ဘက်တွင် အရူးတစ်ယောက်ဓါးနှင့်ထိုးခဲ့။ မိန်းကလေးတစ်ဦးက ထိုအရူးကို အချိန်မီကန်ထုတ်ခဲ့ကာ သူမ၏အဖော်က တရားခံကို ဖမ်းဆီးထား။ [ပုံနှင့်တကွ]

Bမြို့လေဆိပ်တွင် ကောင်မလေးတစ်ယောက် မိန်းကလေးပရိတ်သတ်တစ်ဦး၏အသက်ကို ကယ်ဆယ်ခဲ့။ [ပုံနှင့်တကွ]

မိန်းကလေးတစ်ဦး Gမြို့ မြို့လယ်တွင် နိုင်ငံခြားသူတစ်ယောက်အား ရိုက်နှက်နေ။ သူတို့ကြားမှာ ပြဿနာရှိခဲ့လို့လား? [ဗီဒီယိုနှင့်တကွ]

နိုင်ငံခြားသူနှင့်ရန်ဖြစ်ခဲ့သည့် မိန်းကလေး၏နာမည်ကို ရှင်းလင်းခြင်း။ [ဗီဒီယိုနှင့်တကွ]

…..

သတင်းများကို ဖတ်ကြည့်ပြီးနောက် သခင်ကြီးလင်နှင့်သခင်ကြီးရှုတင်မကဘဲ ကျန်လူများအားလုံး အလွန်ထိတ်လန့်အံ့အားသင့်နေကြတော့သည်။

“ဝါး၊ ကောင်မလေးကုက တကယ့်ကိုအံ့မခမ်းပဲ!” သခင်ကြီးရှု အလွန်အံ့အားသင့်နေဟန်ဖြင့် ပြောလိုက်သည်။

“ဟ-ဟ-ဟ-ဟ-ဟ-ဟ!”သို့ပေမည့် သခင်ကြီးလင်သည်တော့ လူနာခန်းထဲတွင်ပင် မျက်ရည်ကျလောက်အောင် ဝမ်းသာအားရအော်ရယ်နေတော့သည်။

သခင်ကြီးလင် ဘာကြောင့် ရုတ်တရက်အကျယ်ကြီး ထရယ်မှန်း သခင်ကြီးရှု နားမလည်နိုင်ဖြစ်နေချိန်တွင်ပင် သခင်ကြီးလင်က၊

“အရမ်းကောင်းတာပဲ! ငါ့မြေး ဘာလို့ အဲ့ကလေးမကို ဒီလောက်ကြိုက်နေလဲဆို အံ့ဩစရာမရှိတော့ပါဘူး။ ငါ့မြေးချွေးမလေးက တကယ်ကိုတော်တာပဲ!”

ဤတစ်ကြိမ်တွင်တော့ သခင်ကြီးလင် ‘အနာဂါတ်’ဆိုသည်ကို ထည့်မသုံးတော့တာကြောင့် ကုနင်းကို မြေးချွေးမအဖြစ် အမှန်တကယ်လက်ခံလိုက်ကြောင်း သိသာပေသည်။ ထို့အတူ လင်ရှောင်းထင်၏ချစ်သူလေးတွင် ဘာကြောင့် ရှေးဟောင်းပစ္စည်းတွေအများကြီး ရှိနေလဲဆိုသည်ကိုလဲ သိသွားပြီဖြစ်သည်။ သူမက ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ ပိုင်ရှင်ဖြစ်နေတာပဲ။

ပထမဆုံးအကြိမ်တုန်းကလဲ ကုနင်း သူ့ကို ရှားပါးလှသည့် အစိမ်းရောင်ဘုရင်ကျောက်စိမ်းကို ပို့ပေးခြင်းကလဲ သူမတွင် အဆင့်မြင့်လက်ဝတ်ရတနာဆိုင် ပိုင်ဆိုင်နေခြင်းကြောင့်ပင်။ ထို့အပြင် သူမသည် အထူးတပ်ဖွဲ့များလိုပင် တိုက်ရည်ခိုက်ရည်ကလဲကောင်းသေးသည်။ လင်ရှောင်းထင်ကိုကော ကုနင်းအနိုင်တိုက်နိုင်မလားဆိုသည်ကိုတော့ သခင်ကြီးလင် သိချင်နေမိတော့သည်။

***

အခန်း ၆၅၅

အဖိုးအသံက ဒီနေ့မှထူးခြားနေတယ်

သခင်ကြီးလင်သည်တော့ လင်ရှောင်းထင် ထူးချွန်စစ်သားတစ်ဦးမှန်း သိထားပေမည့် လင်ရှောင်းထင်၏ တိုက်ရည်ခိုက်ရည်ကျွမ်းကျင်မှု မည်သည့်အဆင့်တွင် ရှိလဲဆိုသည်ကိုတော့ မသိပေ။

ကုနင်းသည် အခုမှ အသက်၁၈နှစ်သာရှိသေးပေမည့် အတိုက်အခိုက်အလွန်ကျွမ်းကျင်နေပြီဖြစ်သည်။ သူမ ဒီလိုမျိုးကျွမ်းကျင်စေရန် ငယ်ငယ်ကလေးကတည်းက နှစ်ပေါင်းများစွာ လေ့ကျင့်မှုကို ခံယူထားမှသာဖြစ်ပေမည်။ ထိုသို့တွေးမိသွားသည်နှင့် သခင်ကြီးလင် ကုနင်းအတွက် စိတ်မကောင်းဖြစ်မိသွားရသည်။

တစ်ချိန်တည်းတွင်ပဲ ကုနင်းလိုမိန်းမငယ်လေးက ဘာကြောင့် နှစ်ရှည်လများ သိုင်းပညာရပ်ကို လေ့ကျင့်ထားရလဲဆိုသည့် အကြောင်းရင်းကို သခင်ကြီးလင် သံသယဝင်မိသွားသည်။ သူမငယ်ငယ်တုန်းက ဘယ်လိုအခြေအနေမျိုးတွေနဲ့များ ရင်ဆိုင်ခဲ့ရလို့လဲ?

ကုနင်း၏နောက်ခံနှင့်ပတ်သတ်၍ သခင်ကြီးလင် သံသယဝင်မိသည်။ သခင်ကြီးလင်၏ တွေးထင်မှု မှန်ကန်ပေသည်။ ကုနင်း၏ ပြန်လည်မမွေးဖွားခင် ယခင်ဘဝတုန်းက သူမသည် သူလျှိုအနေနှင့်ရော လူသတ်သမားတစ်ဦးအဖြစ်ပါ ရှင်သန်ခဲ့ရပေမည့် ယခုတော့ သူမဝိညာဉ်သည် အခြားခန္ဓာကိုယ်ထဲတွင် ရောက်ရှိနေပေပြီ။ ဘာပဲဖြစ်ဖြစ် ယခုပြန်လည်မွေးဖွားပြီးနောက်တွင်တော့ ကုနင်းသည် အပြစ်ကင်းစင်သူတစ်ယောက် ဖြစ်သွားပေပြီ။

သခင်ကြီးလင် သံသယဝင်မိသော်လည်း လင်ရှောင်းထင် သေချာပေါက် ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားစဲပင်။

“ဘာကိုမြေးချွေးမလဲ?” သခင်ကြီးရှုကတော့ မသိသေးပေ။

“မင်း သတင်းဒုတိယအပုဒ်ကို မဖတ်ကြည့်ဘူးလား?” သခင်ကြီးလင် မျက်စံလှန်လိုက်ရင်း သတင်းဒုတိယအပုဒ်ရှိရာသို့ ပြန်ရွှေ့ကာ ပြလိုက်သည်။ မြို့တော်၊ တံတားပေါ်ဤကောင်လေးတစ်ဦးကို လူတစ်ယောက် ပြန်ပေးဆွဲမှု။ ကောင်မလေးတစ်ဦးက ပြန်ပေးသမားကို နောက်မှ ရုတ်တရက်ဝင်ရောက်ဖမ်းဆီး။ [ဗီဒီယိုနှင့်တကွ]

ထိုသတင်းကို ပြန်ဖတ်ကြည့်ပြီးနောက် သတင်းထဲမှကောင်လေးမှာ သခင်ကြီးကျန်း၏မြေးလေး ကျင်းဟောင်ယန်ဖြစ်ကြောင်းနှင့် ထိုကလေးကို ကယ်ခဲ့သည့် ကောင်မလေးကလဲ လင်ရှောင်းထင်၏ချစ်သူဖြစ်ကြောင်း သခင်ကြီးရှုပြန်သတိရသွားခဲ့သည်။ ဒါဆို သူတို့အရင်ကတွေ့ခဲ့ဖူးသည့် ကုနင်းက တကယ်ကို လင်ရှောင်းထင်ရဲ့ချစ်သူပေါ့။ သခင်ကြီးရှုလဲ အလွန်အံ့အားသင့်သွားပေမည့် ချက်ချင်းပြန်သတိကပ်ခဲ့သည်။ ဒီကောင်မလေးကတော့ တကယ့်ကို အံ့ဖွယ်ပဲ!

သခင်ကြီးလင်ကတော့ သူ့မြေးချွေးမအကြောင်း သိလိုက်ပြီဖြစ်၍ ဝမ်းသာပျော်ရွှင်နေတော့သည်။ ထို့နောက်တွင်မှ အခုထိ လူနာကုတင်ထက်တွင် လှဲနေရသေးသည့် သူ့မိတ်ဆွေကြီးကျန်းကျုံးယွီကို ပြန်သတိရသွားတော့သည်။ ကံကောင်း၍ ကျန်းကျုံးယွီ၏အခြေအနေ တော်တော်လေးပြန်ကောင်းနေပြီဖြစ်၍ စိုးရိမ်စရာမလိုတော့ပေ။

၁၀မိနစ်ကျော်လောက်အကြာတွင်တော့ သခင်ကြီးလင်နှင့်သခင်ကြီးရှုတို့ ပြန်သွားခဲ့ကြသည်။

တစ်ချိန်တည်းတွင်ပဲ ကျန်းယွေ့ချင်သည်လဲ သူ ကုနင်း၏ချစ်သူမဖြစ်နိုင်တော့ကြောင်း သိသွားပေပြီ။ အကယ်၍များ ကုနင်း၏ချစ်သူကသာ အခြားတစ်ယောက်ဆိုလျှင် သူမကို ရရှိရန်အတွက် သူသေချာပေါက် ကြိုးစားမည်ဖြစ်ပေမည့် ထိုတစ်ယောက်မှာ လင်ရှောင်းထင်ဖြစ်နေချိန်တွင်တော့ သူမကြိုးစားရဲတော့ပေ။ ထို့အပြင် တခြားလူတစ်ယောက်၏ချစ်သူကိုလဲ သူမခိုးယူလိုပေ။ ဒါတင်မကသေး သူ့အဖိုးမှာ အခုထိ လူနာကုတင်ထဲတွင် လှဲနေရချိန်ဖြစ်တာကြောင့် အခြားကိုယ်ရေးကိုယ်တာကိစ္စများကို မတွေးချင်သေးပေ။

…….

ညနေ၄နာရီတွင်တော့ Bမြို့လေဆိပ်သို့ မြို့တော်မှလေယာဉ်ဆိုက်ရောက်လာခဲ့သည်။

လေယာဉ်ပေါ်မှဆင်းဆင်းချင်း လင်ရှောင်းထင် သူ့ဖုန်းကို ဖွင့်လိုက်သည်နှင့် သူ့အဖိုးဆီမှ ဖုန်းဝင်ထားသည်ကို တွေ့လိုက်ရ၍ ချက်ချင်းပြန်ဆက်သွယ်လိုက်သည်။

လင်ရှောင်းထင် ဖုန်းခေါ်လိုက်သည်နှင့် သခင်ကြီးလင်ချက်ချင်းဖုန်းကိုင်လိုက်ကာ လေးနက်မှုအပြည့်ဖြင့်ပြောလိုက်သည်။

“ရှောင်းထင်၊ ငါ့မိတ်ဆွေကြီးက ငါ့ကို အေးစက်စက်မျက်နှာထားနဲ့ယောက်ျားတစ်ယောက် မိန်းကလေးတွေကြားမှာ ရေပန်းမစားဘူးလို့ပြောတယ်။ မိန်းကလေးတွေအားလုံးက ရိုမန့်တစ်ဆန်တဲ့လူကိုပဲ သဘောကျကြတာတဲ့၊ ဒီတော့ မင်းလဲ ရိုမန့်တစ်ဆန်အောင် သင်ယူထား၊ မဟုတ်ရင် မင်းကောင်မလေးလဲ မင်းဘယ်လောက်ပဲချောနေနေ မင်းရဲ့အေးစက်စက်အမူအရာကို ငြီးငွေ့သွားလိမ့်မယ်။ တခြားရိုမန့်တစ်ဆန်တဲ့ကောင်တွေ မင်းကောင်မလေးကို ခိုးယူသွားတာ မခံစမ်းနဲ့!”

ထိုစကားများမှာ သူ့အဖိုးပြောနေကျပုံစံနှင့် ကွဲပြားနေတာကြောင့် လင်ရှောင်းထင် ရုတ်တရက်ကြောင်အလို့သွားသည်။ သို့ပေမည့် သူ့အဖိုး၏စကားများက သူ့ကိုသတိပေးလိုက်သလိုပင်။ သူက တကယ်ပဲ ဘယ်လိုရိုမန့်တစ်ဆန်ရမလဲဆိုသည်ကိုမသိသလို ပြုံးတောင်ပြုံးခဲသည့် လူတစ်ယောက်ဖြစ်သည်။ ကုနင်းကို သူယုံကြည်ပေမည့် တစ်နေ့ သူ့ကိုထားသွားမည်ကိုလဲ စိုးရိမ်နေစဲပင်။

ထိုကိစ္စတွေးမိသွားသည်နှင့် အနားတွင်ရှိနေသည့် ကုနင်းကို ခံစားချက်များ ရောထွေးနေသည့် အမူအရာဖြင့် တစ်ချက်လှည့်ကြည့်မိလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့ကိုယ်သူ ရိုမန့်တစ်ဆန်ရန်နှင့် ပေါင်းရသင်းရလွယ်ကူသူတစ်ယောက် ဖြစ်ဖို့ရန် သင်ယူမည်ဟု စိတ်ဆုံးဖြတ်လိုက်တော့သည်။ ကုနင်းကိုတော့ သူ့ဆီကနေ ဘယ်သူ့ကိုမှ ခိုးယူသွားခွင့်မပြုနိုင်ပေ။

ကုနင်းသည်တော့ သခင်ကြီးလင်၏အပြောကို ကြားနေရတာကြောင့် အံ့ဩလို့နေသည်။ ပြောနေပုံကြီးက သူမကိုပဲ အခုချက်ချင်းတစ်ယောက်ယောက်က ခိုးယူသွားတော့မလိုလို။

လင်ရှောင်းထင်သည် ပုံမှန်ကောင်လေးများလို နူးညံ့ခြင်းမရှိဘဲ ခပ်တည်တည်သာနေတတ်ပေမည့် အခြားသော ယောက်ျား၉၀ရာခိုင်နှုန်းလောက် မလုပ်ပေးနိုင်သည့် ချစ်သူအပေါ် ဂရုစိုက်မှုမျိုးနှင့် တန်ဖိုးထားမှုမျိုးကတော့ ရှိလေသည်။ လင်ရှောင်းထင် ဘယ်လောက်ပဲ ရိုမန့်တစ်မဆန်တက်ပါစေ သူမကတော့စိတ်ထဲထားနေမည်မဟုတ်ပေ။ ဒီလူကို သူမ၏ဖူးစာရှင်အဖြစ် ယုံကြည်ထားပြီးနောက်မှတော့ ဒီလူ သူမကို သစ္စာရှိနေသ၍ သူမကလဲ သူ့ကိုဘယ်တော့မှ နာကျင်အောင်လုပ်မည်မဟုတ်ပေ။

“ကောင်းပြီ၊ ကျွန်တော်နားလည်ပါတယ်။” လင်ရှောင်းထင်ပြန်ဖြေပြီးသည်နှင့် ဖုန်းချလိုက်သည်။ ထို့နောက် ကုနင်း၏လက်ကို တင်းတင်ကိုင်ဆွဲကာ၊

“နင်းနင်း၊ မင်းက ကိုယ့်အပိုင်ပဲ၊ ဒီတစ်ဘဝတစ်သက်တာလုံး မင်းက ကိုယ့်အတွက်ပဲဖြစ်ရမယ်။”

ကုနင်း ရယ်သွမ်းသွေးလိုက်ကာ၊ “ဟုတ်ပါပြီ။ ဖြစ်ရမှာပေါ့။”

ထိုစကားကြောင့် လင်ရှောင်းထင် ပျော်ရွှင်သွားတော့သည်။

ကုနင်းသည်လဲ ဖုန်းဖွင့်လိုက်သည်နှင့် ချောင်ယဖုန်းခေါ်ထားသည်ကို တွေ့လိုက်ရသည်။ လွန်ခဲ့သည့်တစ်နာရီက ချောင်ယဖုန်းဆက်ထားခြင်းဖြစ်တာကြောင့် သူတို့Bမြို့သို့ရောက်နေပြီဖြစ်ခြင်းကြောင့် လှမ်းပြောခြင်းဖြစ်မှန်း ကုနင်းမှန်းဆလိုက်သည်။ ထို့နောက် ကုနင်း ချောင်ယကို ဖုန်းပြန်ဆက်လိုက်သည်။ ချောင်ယနှင့်ကောင်းယိတို့နှစ်ယောက်လုံး ကုနင်းပြောထားသလို မြို့ထဲရှိ ဟွမ်းဒင်ဟိုတယ်တွင် အနားယူလို့နေသည်။

ကုနင်းလဲ ခဏနေ သူမတို့ဟိုတယ်သို့ လာတွေ့မည့်အကြောင်း ပြောလိုက်သည်။

ကားပါကင်တွင်တော့ ချောင်ဝမ်ရှင်း၏ LandRoverကားကို ရပ်ထားခဲ့တာကြောင့် ထိုကားဖြင့်ပင် သူတို့မြို့ထဲသို့သွားကြပေမည်။

ကုနင်း လုပ်စရာကိစ္စရှိနေသေးသောကြောင့် ချက်ချင်းထန်မိသားစုအိမ်တော်သို့ မသွားသေးဘဲ ကုမန့်ကိုသာ သူမဘေးကင်းကင်းနှင့် ပြန်ရောက်နေသည့်အကြောင်း လှမ်းအကြောင်းကြားလိုက်သည်။

ကုနင်း အရင်ဦးစွာ ကျိုးကျန်းဟုန်ထံသို့သွားကာ လက်ဝတ်ရတနာဆိုင်ခွဲနှင့် မနက်ဖြန်ဖွင့်ပွဲအတွက် အားလုံးအဆင်သင့်ဖြစ်နေပြီလားဆိုသည်ကို စစ်ဆေးဦးမည်ဖြစ်သည်။ ထို့နောက်တွင်တော့ ယုကျီဆီသို့သွားကာ ပွဲအတွက်ဂါဝန်များ အဆင်ပြေလား သွားကြည့်ဦးပေမည်။

သူမအခုလို လူကိုယ်တိုင်သွားရောက်စစ်ဆေးခြင်းက ချွမ်မင်ခိုင်တို့ ကျိုးကျန်းဟုန်တို့ကို မယုံကြည်၍မဟုတ်ဘဲ ကိုယ်တိုင်စစ်ဆေးမှသာ စိတ်အေးနိုင်ခြင်းကြောင့်သာဖြစ်သည်။

ထို့နောက်တွင်တော့ ကျန်းကျန်းဟုန် ဘယ်မှာရှိလဲဆိုသည်ကို ကုနင်း ဖုန်းဆက်မေးလိုက်သည်။

ကျိုးကျန်းဟုန်သည် လက်ဝတ်ရတနာဆိုင်ခွဲတွင်ရှိနေတာကြောင့် ကုနင်းလဲ ရှင်းပိုင်ကို လိပ်စာပြောပြကာ မောင်းစေလိုက်သည်။

ရှင်းပိုင် နေပြန်ကောင်းနေပြီဖြစ်တာကြောင့် ကားမောင်းတာဝန်ကျလေသည်။ သို့ပေမည့် ချောင်ဝမ်ရှင်း၏ ထင်ပေါ်လွန်းလှသည့် ကားနီနီရဲရဲကိုတော့ သူမကြိုက်ပေ။ ရှင်းပိုင်သည် လုံးဝအဖြောင့်တစ်ယောက်ဖြစ်တာကြောင့် နီနီရဲရဲကို ဘယ်လိုမှကြည့်၍မရပေ။ ကားပေါ်တွင် ယောက်ျားလေးနှစ်ယောက်ပါနေတာကြောင့် မိန်းကလေးတွေကို ကားမောင်းမခိုင်းလိုပေ။ ထို့အပြင် လင်ရှောင်းထင်ကိုလဲ မောင်းပေးဖို့ရန် ရှင်းပိုင်မပြောရဲပေ။ သူတို့နှစ်ယောက်သည် တစ်ဖွဲ့တည်းသားများသာဆိုသော်လည်း လင်ရှောင်းထင်သည် သူတို့အဖွဲ့၏ခေါင်းဆောင်ဖြစ်သည်။

လင်ရှောင်းထင်ကတော့ အဆင့်အတန်းခွဲခြားနေခြင်းမရှိပေမည့် စည်းမျဉ်းစည်းကမ်းများအရ အဖွဲ့သားများကတော့ ပြုမူနေထိုင်ကြတာကြောင့် နောက်ဆုံး ရှင်းပိုင်ကသာ ကားမောင်းရခြင်းဖြစ်သည်။

ကုနင်းအတွက် ဆိုင်ကိုတော့ ဖန်ရှန်းဈေးဝယ်စင်တာ၏တောင်ဘက်တံခါးပေါက်အပြင်ဘက်တွင် ထန်မိသားစုက ကူညီနေရာရွေးပေးထားခဲ့သည်။ ဖန်ရှန်းဈေးဝယ်စင်တာတာသည် အလွန်ကြီးမားကာ သာမာန်အဆောက်အဦးတစ်ခုမဟုတ်ပေ။ စင်တာတစ်ခုလုံး ၁၂၀၀၀၀စတုရန်းမီတာ ကျယ်ဝန်းကာ အစားအသောက်တန်းအတွက် ၄၀ရာခိုင်နှုန်း၊ ဖျော်ဖြေရေးအတွက် ၂၀ရာခိုင်နှုန်းနှင့် လက်လီအရောင်းဆိုင်အတွက် ၄၀ရာခိုင်နှုန်းပါဝင်ပေသည်။

Bမြို့တွင်တော့ လူအများစုသည် ဖန်ရှန်းဈေးဝယ်စင်တာတွင်သာ ငွေကိုသုံးဖြုန်းလေ့ရှိကြပေသည်။

All Chapters