အခန်း (၆၅၆-၆၆၀)
Vol. 44 Ch. 656-660
အခန်း ၆၅၆
လိင်စိတ်တိမ်းညွတ်မှု
JadeBeautyလက်ဝတ်ရတနာဆိုင်ခွဲသည်တော့ ဖန်ရှန်းဈေးဝယ်စင်တာ တောင်ဘက်တံခါးအနီးတွင်တည်ရှိပြီး Charmအရောင်းဆိုင်သည်တော့ မြောက်ဘက်တံခါးနားတွင် တည်ရှိတာကြောင့် JadeBeautyနှင့်Charmကို ၁၀မိနစ်ကျော်လောက် လမ်းလျှောက်ရုံဖြင့် ဟိုဖက်ဒီဘက်ကူးနိုင်ပေသည်။
ကုနင်းတို့ ကားကို တောင်ဘက်အပေါက်နားက မြေအောက်ကားပါကင်တွင်ပင် ရပ်ခဲ့ကာ JadeBeautyလက်ဝတ်ရတနာဆိုင်ခွဲဆီသို့ လမ်းလျှောက်ထွက်လာခဲ့သည်။
Bမြို့၏ JadeBeautyဆိုင်ခွဲသည် Gမြို့မှဆိုင်ထက်ပင် ပို၍ကြီးမားကျယ်ဝန်းကာ အလွန်အထက်တန်းကျစွာ ပြင်ဆင်လို့ထားပေသည်။ Bမြို့သည် အစကတည်းက နိုင်ငံတကာနှင့်ဆက်ဆံနေရသည့် မြို့တစ်မြို့ဖြစ်တာကြောင့် ဤမြို့တွင် နာမည်ကြီး အဆင့်မြင့်လက်ဝတ်ရတနာဆိုင်များစွာရှိနေတာကြောင့် JadeBeaeutyလက်ဝတ်ရတနာဆိုင်သည်လဲ ဝယ်သူများ၏အာရုံကို ဖမ်းစားနိုင်ရန်အတွက် အထက်တန်းကျကျပြင်ဆင်ထားရပေမည်။
JadeBeautyလက်ဝတ်ရတနာဆိုင်၏အပြင်ဘက်တွင်တော့ အမျိုးသမီးများစွာ ကြည့်ရှုလို့နေကြသည်။ အထဲတွင်တော့ အလွန်တရာလှပသည့်ကျောက်စိမ်းလက်ဝတ်ရတနာများကို ခင်းကျင်းထားတာကြောင့် သူတို့အားလုံး မှင်သက်လို့နေကြပေမည့် ဝယ်ဖို့ရန်တော့ မတတ်နိုင်ကြပေ။
သို့ပေမည့် ကုနင်းတို့အဖွဲ့သည်တော့ ချက်ချင်းမဆိုင်းအထဲသို့ တန်းဝင်လို့သွားသည်။
“တွေ့ရတာဝမ်းသာပါတယ်၊ ဘော့စ်။” ကုနင်းဝင်လာသည်နှင့် အရောင်းဝန်ထမ်းတစ်ဦးက လေးစားမှုအပြည့်ဖြင့် နှုတ်ဆက်စကားဆိုသည်။
ဆိုင်တွင်အလုပ်လုပ်သည့်ဝန်ထမ်းများ ကုနင်းကို အပြင်တွင်မြင်ဖူးသည်က အခုမှပထမဆုံးအကြိမ်ဖြစ်သော်လည်း အင်တာနက်ပေါ်မှတဆင့် ကုနင်း၏ဓါတ်ပုံများကို မြင်ဖူးထားကြပြီးဖြစ်သည်။ ထို့အတါက်ကြောင့် ကုနင်းဝင်လာသည်နှင့် ချက်ချင်းမှတ်မိဖို့ရန် မခက်ခဲလှပေ။
အခြားသောဝန်ထမ်းများသည်လဲ ကုနင်းကိုလေးစားမှုအပြည့်နှင့်ပင် နှုတ်ဆက်ကြသည်။
နှုတ်ဆက်သံများကိုကြားလိုက်ရတာကြောင့် ကျိုးကျန်းဟုန်လဲ ထွက်လာကာ၊
“ကြိုဆိုပါတယ်၊ ဘော့စ်၊ လူကြီးမင်းလင်!”
“အခြေအနေတွေဘယ်လိုရှိလဲ?” ကုနင်းမေးလိုက်သည်။
“အားလုံးပြီးခါနီးနေပါပြီ။”
“နင်တို့ လျှောက်ပတ်ကြည့်နေကြဦး။ ငါ ဦးလေးကျိုးနဲ့ခနလောက် ဆွေးနွေးစရာရှိသေးလို့။” ကုနင်း သူမသူငယ်ချင်းများကို ပြောလိုက်သည်။
“အွန်း။” ချောင်ဝမ်ရှင်းကတော့ ချက်ချင်းပင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကျောက်စိမ်းလက်ဝတ်ရတနာများကို လှည့်ပတ်ကြည့်ရှုတော့သည်။
သို့ပေမည့် လင်ရှောင်းထင်နှင့်ရှင်းပိုင်သည်တော့ နားနေခန်းတွင်ပင်ဝင်ထိုင်လိုက်ကာ ဆိုင်မန်နေဂျာက သူတို့အတွက် လက်ဖက်ရည်ကြမ်းနှစ်ခွက်ချပေးခဲ့သည်။
ဆိုင်ထဲမှနားနေခန်းသည်ပင် အတော်လေးကျယ်ဝန်းကာ ၁၀စတုရန်းမီတာ ပတ်လည်လောက်ရှိပေသည်။
ဖန်ရှန်းဈေးဝယ်စင်တာ၏ ၁စတုရန်းမီတာအတွက် ငှားရမ်းခကပင် အလွန်ဈေးကြီးလှတာကြောင့် ဤသို့နားနေခန်းနှင့်ဆိုင်အကျယ်အဝန်းနှင့်ဆိုလျှင် တစ်လကို ယွမ်၁သောင်းကျော်လောက် ပေးရပေမည်။
ကျိုးကျန်းဟုန်က ကုနင်းကို ဆိုင်ထဲသို့အရင်လိုက်ပြပြီးရင်း အလုပ်ကိစ္စများကိုလဲ တခါတည်းအစီရင်ခံနေခဲ့သည်။
ဖွင့်ပွဲအခမ်းအနားကို မနက်ဖြန်မနက်၁၀နာရီတွင် စတင်မည်ဖြစ်ကာ ရတနာများနှင့် အလှပြလျှောက်လှမ်းမည့်ပွဲကိုတော့ ဟွမ်းဒင်ဟိုတယ်၏ပွဲခန်းမတွင် နေ့လည်၁၂နာရီဝန်းကျင်နှင့် ကျင်းပသွားမည်ဖြစ်သည်။
ဖိတ်ကြားလွှာများအတွက်ကိုတော့ သူတစ်ယောက်တည်း ကိုင်တွယ်ဖို့ရန် ခက်ခဲလွန်းမည်ဟု ကျိုးကျန်းဟု တွေးထားခဲ့သော်လည်း အံ့ဩစရာကောင်းသည်က ထန်မိသားစု ဤကိစ္စတွင်ပါဝင်ကြောင်းသိလိုက်သည်နှင့် Bမြို့၏အထူးပုဂ္ဂိုလ်များ၊ နာမည်ကြီးများနှင့် သတင်းထောက်အများအပြားက ကိုယ်တိုင်ပင် သူ့ကိုပွဲဖိတ်ကြားလွှာအတွက် မေးမြန်းလာခဲ့ကြသည်။
မယုံနိုင်စရာ စွမ်းဆောင်ရည်များနှင့် အောင်မြင်မှုများရရှိထားသော လျှို့ဝှက်ဆန်းကျယ်သည့် မိန်းကလေးကုက ဤပြပွဲတွင် ပေါ်ထွက်လာမည်ဖြစ်တာကြောင့် တော်တော်များများက သူမကိုမြင်တွေ့ချင်နေကြခြင်းဖြစ်သည်။
ခဏအကြာတွင်တော့ ကုနင်းတို့အဖွဲ့ Charmဆိုင်မှ ဂါဝန်များကို စစ်ဆေးရန်အတွက်ပြန်ထွက်သွားခဲ့သည်။
သူမတို့အဖွဲ့ ဈေးဝယ်စင်တာထဲလျှောက်လှမ်းလာချိန်တွင်တော့ ပုံမှန်အတိုင်း လူအများ၏စိတ်ဝင်စားမှုကို ခံရစမြဲပင်။
“ဝါး၊ ကောင်လေးတွေက အရမ်းချောတပဲ!” လူအများစုသည်တော့ လင်ရှောင်းထင်နှင့်ရှင်းပိုင်ကို အရင်ဦးဆုံး သတိထားမိကြပေသည်။
“ဟုတ်တာပေါ့! ငါ့တစ်သက် ဒီလောက်ခန့်ညားတဲ့လူတွေကို တစ်ခါမှမမြင်ဖူးဘူး။!”
ဈေးဝယ်ထွက်သူအများစုမှာ မိန်းကလေးများသာဖြစ်ပေမည့် အချို့ကတော့ ကုနင်းကိုလဲ မှတ်မိကြလေသည်။
“ဟဲ့၊ ကြည့်စမ်း! အဲ့ဒါ ကုနတ်ဘုရားမမဟုတ်လား?!” ကုနင်းနှင့်ရွယ်တူမိန်းကလေးတစ်ဦးက သူမအမြင်ကိုပင် မယုံနိုင်စွာဖြင့် ဘေးက သူငယ်ချင်းကို မေးမြန်းလိုက်သည်။
သူမသူငယ်ချင်းလဲ လှမ်းကြည့်လိုက်ပြီးသည်နှင့် ချက်ချင်းပျော်ရွှင်လို့သွားကာ
“သူပဲ! ကုနတ်ဘုရားမပဲ! ဘုရားရေ၊ ငါ့အိုင်ဒေါနဲ့ ဒီနေ့ကြုံရလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး! သူ့ဘေးက ကောင်လေးကိုလဲကြည့်စမ်း! သူလဲအရမ်းအရမ်းကို ချောတာပဲ! ငါသူတို့ပုံကို ရိုက်ယူထားရမယ်။”
ပြောရင်းဆိုရင်းဖြင့်ပင် ကောင်မလေးက သူမဖုန်းကိုထုတ်ယူကာ ကုနင်း၏ဓါတ်ပုံများစွာကို ရိုက်ယူခဲ့သည်။
ကုနင်းတို့အဖွဲ့ကတော့ ထိုမိန်းကလေးများ ပြောဆိုနေသည်ကို ကြားပေမည့် လင်ရှောင်းထင်နှင့်ရှင်းပိုင်သည်တော့ ဘာမှတုံ့ပြန်မှုမရှိပေမည့် ချောင်ဝမ်ရှင်းသည်တော့ အနည်းငယ်ရယ်ချင်နေလေသည်။
ကုနတ်ဘုရားမဆိုသည်ကို မကြားဖူးသည့်လူများလဲရှိပေမည့် ထိုအဖွဲ့က အမှန်တကယ်ကို ချောမောလှကြောင်းကိုတော့ လက်ခံမိကြသည်။ သူတို့က အနုပညာရှင်တွေများလား? တကယ်သာအနုပညာရှင်တွေဆိုရင် ဘာလို့လက်ထောက်တွေ သက်တော်စောင့်တွေမပါဘဲနဲ့ ဈေးဝယ်စင်တာထဲရောက်လာကြတာလဲ? ဘာပဲဖြစ်ဖြစ် အခြားလူများလဲ ကုနင်းတို့၏ရုပ်ရည်သွင်ပြင်ကို အလွန်သဘောကျနေကြတာကြောင့် ချက်ချင်းဓါတ်ပုံများထုတ်ရိုက်ကြတော့သည်။
အစောက ကောင်မလေးနှစ်ယောက်သည်တော့ ကုနင်းကိုသာ အာရုံရောက်နေကြကာ သူတို့ဘေးတွင် လူစုကြီးဖြစ်လာနေသည်ကို သတိမထားမိကြပေ။ ထိုကောင်မလေးထဲမှ တစ်ယောက် ရုတ်တရက် လူတိုက်မိခံလိုက်ရတာကြောင့် ခြေလှမ်းပျက်ပြီး နောက်သို့ လန်ကျသွားသည်။ ထိုကောင်မလေး၏အနောက်တွင်တော့ ကြီးမားသည့်သက်ကြီးပင်ပုတစ်ပင်ရှိနေခဲ့သည်။ သူမသာ လဲကျသွားပါက ထိုအပင်နှင့် သူမခေါင်းဆောင့်မိသွားပေမည်။
သူမဘေးမှကောင်မလေးသည်လဲ ရုတ်တရက်ဆန်သည့် အဖြစ်အပျက်ကြောင့် ချက်ချင်းပြန်သတိမကပ်ခဲ့ပေ။ အနားရှိလူများသည်လဲ ထိတ်လန့်စွာဖြင့်သာ ကြောင်ကြည့်နေမိကြသည်။
ထိုအချင်းအရာကိုမြင်သည်နှင့် ကုနင်းချက်ချင်းပြေးသွားကာ သက်ကြီးပင်ပုပေါ် ပြုတ်ကျခါနီးနေသည့် ကောင်မလေး၏လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ သူမဘက်သို့ဆွဲခေါ်လိုက်သည်။
ထိုမြင်ကွင်းကြောင့် လူတိုင်းထပ်မံတုန်လှုပ်လို့သွားရပြန်သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင်တော့ လူအုပ်ကြီးလဲ ပြန်သတိကပ်လာကြကာ ကုနင်းကို အချို့က ချီးမွမ်းစကားဆိုကြပြီး အချို့ကတော့ ကောင်းချီးပင်ပေးလို့နေသည်။ ဖြစ်ပျက်သွားသမျှအခြေအနေကိုလဲ သူတို့ဖုန်းများဖြင့် မှတ်တမ်းတင်ထားမိပြီးသားပင်။
“ချင်ချင်၊ အဆင်ပြေရဲ့လား?!” သူငယ်ချင်းကောင်မလေးကလဲ ချက်ချင်းအပြေးရောက်လာခဲ့သည်။
“အ-အွန်း…” ကောင်မလေးက အသံမှာ တုန်ရီနေစဲဖြစ်ကာ ဖြူဖက်ဖြူလျော်လဲဖြစ်နေခဲ့သည်။ ထို့နောက် သူမ ကုနင်းကို လေးစားမှုအပြည့်ဖြင့်ကြည့်လိုက်ကာ ကျေးဇူးဆင်စကားဆိုသည်။
“ကျေးဇူးအများကြီးတင်ပါတယ်၊ ကုနတ်ဘုရားမ!”
“ကုနတ်ဘုရားမကတော့ အံ့ဖွယ်ပဲ!” နောက်ကောင်မလေးကလဲ ကုနင်းကို အလွန်လေးစားနေတော့သည်။
“ရပါတယ်၊ နောက်ဆိုဂရုစိုက်နော်။” ကုနင်းပြုံးပြလိုက်ပြီးနောက် ပြန်ထွက်သွားခဲ့သည်။ သို့ပေမည့် ကောင်မလေးနှစ်ယောက်သည်တော့ ကုနင်း၏အပြုံးကြောင့် မှင်သက်ကာကျန်ရစ်နေခဲ့ပေသည်။
“အား! မဖြစ်သေးဘူး။ ငါတော့ ငါ့ရဲ့လိင်စိတ်တိမ်းညွတ်မှုနဲ့ပတ်သတ်ပြီး သံသယဝင်လာပြီ၊ အခုလေးတင် ကုနတ်ဘုရားမရဲ့အပြုံးကြောင့် ချစ်မိသွားပြီ။”
“ငါရောပဲ!”
ကုနင်းတို့အဖွဲ့သည်လဲ ဝေးဝေးမရောက်သေးတာကြောင့် ကောင်မလေးနှစ်ယောက်ပြောနေသည်ကို ထပ်ကြားလိုက်ရပြန်သည်။
ကုနင်းကတော့ ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားပေမည့် လင်ရှောင်းထင်သည်တော့ သူ့ချစ်သူကို လေးစားသဘောကျသူများမှာ မိန်းကလေးဆိုလျှင်ပင် လက်မခံနိုင်တာကြောင့် မကျေမနပ်ဖြစ်လို့သွားသည်။
ရှင်းပိုင်ကတော့ သူ့ဘော့စ်ရဲ့ မိန်းကလေးနှစ်ယောက်ကိုပင် သဝန်တိုနေသည့်ပုံစံကို ပထမဆုံးမြင်တွေ့လိုက်ရတာကြောင့် အလွန်ရယ်ချင်နေတော့သည်။
***
အခန်း ၆၅၇
သူတို့ကဘယ်သူတွေလဲ?
“နင်းနင်းရေ၊ နင်ကတော့ ဆွဲဆောင်မှုရှိလွန်းလို့ နင့်ကိုမြင်လိုက်တာနဲ့ မိန်းကလေးတွေတောင် စိတ်ပြောင်းကုန်ကြပြီ။” ချောင်ဝမ်ရှင်းစနောက်လိုက်သည်။
ကုနင်းကတော့ မတတ်နိုင်သလိုသာပြုံးလိုက်ပေမည့် သူ့ကိုယ်သူ အောင်မြင်ကျော်ကြားသည့် အနုပညာရှင်တစ်ယောက်လိုလဲ ခံစားလိုက်ရသည်။ သူမက တကယ်အနုပညာရှင်တစ်ယောက်မဟုတ်သော်လည်း အခုတလော သတင်းတိုင်းက သူမအကြောင်းသာဖြစ်နေကာ အနုပညာရှင်တစ်ယောက်လိုပင်!
ထိုသတင်းဗီဒီယိုသည် အချိန်ခဏလေးအတွင်းတွင်ပဲ အင်တာနက်ပေါ် ပျံ့နှံ့လို့သွားကာ အင်တာနက်အသုံးပြုသူများသည်လဲ ချက်ချင်းဆိုသလို ဗုံးတစ်လုံးပစ်ထည့်လိုက်သလို ဆူညံသွားစေပြန်သည်။ ထင်ပေါ်လွန်းသူသည် အတိုက်အခိုက်ခံရတာများသလိုပင် လူအများစုက ကုနင်းကိုထောက်ခံကြသော်လည်း တော်တော်များများကတော့ ကုနင်းကိုဝေဖန်ပြောဆိုနေကြစဲပင်။
“လူ့အသက်ကိုကယ်တာကတော့ ကောင်းတဲ့ကိစ္စပေမယ့် ဒီလိုအချိန်တိုင်း သတင်းအနေနဲ့ရေးနေဖို့လိုအပ်လို့လား? ဒါတွေက လူမြင်အောင်လုပ်ပြနေတယ်လို့တောင် ထင်လာပြီ။”
“ကုနတ်ဘုရားမအတွက် လူမြင်အောင်လုပ်ပြနေဖို့မလိုဘူး။ သူက အနုပညာရှင်လဲမဟုတ်ဘူး။ ပြီးတော့ ဒီဗီဒီယိုတွေက ဖြတ်သွားဖြတ်လာတွေ့ခဲ့တဲ့လူတွေကပဲ တင်ကြတာ။”
“ဟုတ်တယ်! ဒါကုနတ်ဘုရားမရဲ့အမှားမဟုတ်ဘူး!”
“နင်တို့က မနာလိုလို့လိုက်ပြောနေကြတာမဟုတ်လား?”
ကုနင်းကို အပြစ်တင်သူတစ်ယောက်ပေါ်လာသည်နှင့် ကုနင်း၏အမာခံပရိသတ်များက ချက်ချင်းဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။
“လူမြင်အောင်လုပ်တာ ဟုတ်ဟုတ်မဟုတ်ဟုတ် ငါကတော့ သူငါတို့အာရုံစိုက်အောင် လုပ်နေတာကိုရပ်သင့်တယ်။”
“နင်မကြိုက်ရင် ဘာအာရုံစိုက်နေစရာလိုလို့လဲ!”
“ဟုတ်သားပဲ!”
“သူက အခုချိန်မှာတော့ အနုပညာရှင်မဟုတ်သေးပေမယ့် ဘယ်အချိန်မဆို ပွဲဦးထွက်လိုက်လို့ရပါတယ်နော်။”
“ကုနတ်ဘုရားမကသာ အနုပညာရှင်ဖြစ်ချင်ရင် သေချာပေါက် အရည်အချင်းပြည့်ဝမယ်လို့ ငါကတော့ထင်ပြီးသား။ ပြီးတော့ အခုတောင်မှ ကုနတ်ဘုရားမက ယွမ်သန်း၁ရာကျော်ပိုင်ဆိုင်မှုရှိထားပြီးသားဆိုတာ နင်မသိဘူးလား?”
“ကုနတ်ဘုရားမဆိုတာ ငွေလိုမနေဘူး!”
…….
ထို့နောက် အင်တာနက်အသုံးပြုသူများစွာက JadeBeautyလက်ဝတ်ရတနာဆိုင်အကြောင်း ဆွေးနွေးပြောဆိုလာကြပြန်သည်။
“ငါကြားတာတော့ မနက်ဖြန်ဆိုကံစမ်းပွဲလုပ်ပြီး ဆုကို ယွမ်၁သိန်းကျော်တန်ကျောက်စိမ်းဆွဲပြားပေးမှာတဲ့နော်! ဘယ်သူငါနဲ့အတူသွားချင်လဲ?”
“ငါလိုက်မယ်!”
“ငါလဲလိုက်မယ်!”
“ဒီလိုပွဲမျိုးအလွတ်မခံနိုင်ပါဘူးနော်။”
တကယ်ကိုပဲ JadeBeautyလက်ဝတ်ရတနာဆိုင်က မနက်ဖြန်ဖွင့်ပွဲအခမ်းအနားတွင် ကံစမ်းပွဲလုပ်ကာ လူ၁၀ယောက်က ကျောက်စိမ်းဆွဲပြားကို ဆုအဖြစ်ရယူနိုင်မည်ဖြစ်သည်။ ကုနင်းက တကယ်ကိုရက်ရောလှသည့်ဘော့စ်ပင်!
တကယ်တမ်း ထိုကျောက်စိမ်းများမှာ သူမအတွက် သိပ်မကုန်ကျတာကြောင့်ပင်။ ကုနင်းသာ သာမာန်လက်ဝတ်ရတနာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဆိုလျှင်တော့ ဤမျှဈေးကြီးသည့် ပစ္စည်းများကို လက်ဆောင်ပေးလိမ့်မည်မဟုတ်ပေ။
အခုတော့ လူအများ၏အမြင်တွင် ကျောက်စိမ်းဆွဲပြားတစ်ခုကို ယွမ်၁သိန်းကျော်တန်ဖိုးရှိပေမည့် ကုနင်းအတွက်တော့ ကျောက်တုံးတစ်တုံးထက်မပိုပေ။ ထိုသို့ဆိုလျှင်ပင် လူ၁၀ယောက်တည်း ကံထူးနိုင်တာကြောင့် မလွယ်ကူလှပေ။
ထို့အပြင် ကံစမ်းပွဲသည် လာသမျှလူတိုင်းအတွက်ဖြစ်ကာ ဆုလက်ဆောင်မှာလဲ အလွန်ဈေးကြီးလှတာကြောင့် တော်တော်များများဝင်ရောက်ကံစမ်းကြပေလိမ့်မည်။ အနည်းဆုံး လူရာကနေ ထောင်ချီအထိတောင်မှ ဤကံစမ်းပွဲတွင် ပါဝင်ယှဉ်ပြိုင်လာနိုင်ပေသည်။
ဆုကြီး၁၀ဆုတင်မကသေး နောက်ထပ်ဆုသေး၅၀လဲထပ်ရှိသေးသည်။
Bမြို့တွင်မနေသူများအတွက်ကတော့ ဤပွဲတွင်မပါဝင်နိုင်သည်က စိတ်မကောင်းစရာပင်ဆိုပေမည့် Bမြို့သို့လာဖို့ရန်ကပင် ငွေရောအချိန်ရော များစွာကုန်ကပေမည်။ ထိုသို့ဆိုလျှင်ပင် ကုနင်းနှင့်စုထုံနျိုတို့၏ အမာခံပရိသတ်အနည်းစုသည်တော့ စုထုံနျိုနှင့်ကုနင်းတို့ ပွဲတွင်ပါမည်ဖြစ်တာကြောင့် လာဖို့ဆုံးဖြတ်ထားကြပြီးသားပင်။
စုထုံနျိုသည်က အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် သူမတွင် အမာခံပရိသတ်များစွာရှိထားပြီးဖြစ်သည်။
…….
Charmတွင်တော့ ကြော်ညာဗီဒီယိုပျံ့သွားတာကြောင့် လာရောက်သူအများအပြားရှိလို့နေသည်။
ထို့အပြင် ဆိုင်ထဲတွင် ဂါဝန်အစုံ၅၀ထက်နည်းနေပြီဖြစ်တာကြောင့် ဤသုံးရက်အတွင်း Charmဆိုင်မှ ဂါဝန်တစ်ဝက်ကျော်လောက် ရောင်းထွက်သွားပြီဟု ဆိုလိုနေခြင်းပင်။
ဆိုင်ထဲတွင်ကျန်ရှိနေသည့် ဂါဝန်များကိုတော့ မဝယ်ယူကြခြင်းမှာ သူတို့နှင့်မတော်တာကြောင့် ကိုယ်တိုင်းဖြင့်သာ မှာယူကြခြင်းကြောင့်ဖြစ်သည်။
“ဝါး၊ ကောင်လေးက အရမ်းခန့်ညားတာပဲ!”
ကုနင်းတို့ဝင်လာသည်နှင့် အချို့မိန်းကလေးများမှာ အံ့ဩတကြီး ရေရွတ်ကုန်ကြသည်။
ထိုအသံကြောင့် ဆိုင်ထဲတွင်ရုတ်ချည်းတိတ်ဆိတ်လို့သွားကာ အခုပဲဝင်လာကြသည့် ကုနင်းတို့အဖွဲ့ကို အားလုံးဝိုင်းကြည့်ကုန်တော့သည်။ သို့ပေမည့် လူတိုင်းက ချောင်ဝမ်ရှင်းနှင့်ကုနင်းကိုတော့ လျစ်လျူရှုထားကြကာ လင်ရှောင်းထင်နှင့် ရှင်းပိုင်ကိုသာ အလွန်စိတ်ဝင်စားနေကြသည်။
ဆိုင်ထဲမှ ဝယ်သူအများစုမှာ မိန်းကလေးများသာဖြစ်ပြီး ယောက်ျားလေးအနည်းငယ်မျှသာရှိနေတာကြောင့် လင်ရှောင်းထင်နှင့် ရှင်းပိုင်မှာ သူတို့အာရုံစိုက်စရာဖြစ်လာခဲ့သည်။
“ဝါး၊ သူတို့တကယ်ကိုချောတာပဲ!”
“သူတို့က ဘယ်သူတွေလဲ? အနုပညာရှင်တွေများလား?”
“မဖြစ်နိုင်တာ! အနုပညာရှင်တွေက ဒီနေရာကိုဘယ်တော့မှမလာကြဘူး!”
“ဟုတ်တယ်၊ သူတို့သရုပ်ဆောင်တွေမဟုတ်တာ နစ်နာလိုက်တာ!”
“ဟုတ်ပါ့!”
မိန်းကလေးများမှာ သူတို့နှစ်ယောက်အကြောင်း ပြောမဆုံးနိုင်ဖြစ်နေကြသည်။
လင်ရှောင်းထင်နှင့်ရှင်းပိုင်ကို အနုပညာရှင်များလို့ သူတို့ထင်မိကြခြင်းမှာ ဖျော်ဖြေရေးလောကတွင်သာ ဤမျှကြည့်ကောင်းသူအများစု ရှိနေခြင်းကြောင့်ဖြစ်သည်။
လင်ရှောင်းထင်နှင့် ရှင်းပိုင်သည်တော့ နေသားကြနေကြပြီဖြစ်ပေမည့် လင်ရှောင်းထင်ကတော့ ဤသို့ပြောဆိုနေမှုကို အတော်လေးသဘောမကျနေတုန်းပင်။ သို့ပေမည့် နှစ်ယောက်လုံး တိတ်ဆိတ်နေမြဲပင်။
မိန်းကလေးများက ကောင်ချောလေးနှစ်ယောက်ကို မြင်လိုက်ရချိန်တွင် အံ့ဩတကြီးရေရွတ်မိကြသလို သူတို့ဘေးတွင် မိန်းမလှလေးနှစ်ယောက်ကို သတိထားမိလိုက်ချိန်တွင်တော့ အလွန်မနာလိုဖြစ်သွားကြတော့သည်။ ထို့ကြောင့် မိန်းကလေးအများစုမှာ ကုနင်းနှင့်ချောင်ဝမ်ရှင်းကို မနာလိုကြီးစွာဖြင့် ကြည့်နေကြလေသည်။
ဘာပဲဖြစ်ဖြစ် ကုနင်းနှင့်ချောင်ဝမ်ရှင်းကတော့ ဂရုစိုက်မနေပေ။
“ဟိုင်း၊” ထိုအချိန်တွင်ပဲ အပြုံးတစ်ပွင့်နှင့်ယုကျီရောက်ရှိလာကာ ဝယ်သူများ၏တုံ့ပြန်ပုံကြောင့် အနည်းငယ်ရှက်ရွံ့သွားရသည်။
ဆိုင်ထဲတွင် ဝယ်သူများစွာရှိနေတာကြောင့် ကုနင်းကို ဘော့စ်လို့ခေါ်ရမလား မခေါ်ရဘူးလား ယုကျီဝေခွဲမရဖြစ်နေကာ နောက်ဆုံးတွင်တော့ ဘယ်လိုမှခေါ်မနေတော့ပေ။
“ဟိုင်း၊ ငါခနဝင်ကြည့်လိုက်တာ၊ ဂါဝန်တွေအားလုံး ပြင်ဆင်ပြီးသွားပြီလား?” ကုနင်းမေးလိုက်သည်။
“သေချာပေါက်ပြီးသွားပြီပေါ့။”
“ငါ့ကို ဂါဝန်တွေပေးလိုက်လေ၊ ငါပဲဟိုတယ်ကို ယူသွားပြီးသိမ်းထားလိုက်မယ်။” ကုနင်းအစကတော့ ဆိုင်ထဲတွင်ခနလောက်ထိုင်ဖို့ စဉ်းစားခဲ့ပေမည့် အခုတော့ လူအများကြီးရှိနေတာကြောင့် မထိုင်ဖြစ်တော့ပေ။
“ဟုတ်ပြီလေ၊ ခနလေးစောင့်ပေး။” ယုကျီပြောပြီးသည်နှင့် အခန်းထဲမှဂါဝန်များကို သွားထုတ်ယူခဲ့သည်။
ဂါဝန်အစုံလိုက်တိုင်းကို သေချာထုတ်ပိုးထားကာ အားလုံးပေါင်း၁၀စုံရှိလေသည်။
ဂါဝန်များကိုယူပြီးသည်နှင့် ကုနင်းတို့ပြန်ထွက်လာခဲ့သည်။
“သူတို့ကဘယ်သူတွေလဲ?” ကုနင်းတို့ထွက်သွားပြီးသည်နှင့် တစ်ယောက်ကနေပြီး ယုကျီကိုမေးမြန်းလိုက်သည်။
***
အခန်း ၆၅၈
သွေးရင်းမောင်နှမဝမ်းကွဲများ
“တကယ်တော့ အစောကငါနဲ့စကားပြောခဲ့တဲ့မိန်းကလေးက JadeBeautyနဲ့Charmရဲ့ပိုင်ရှင်လေ။” ယုကျီပြန်ဖြေလိုက်သည်။
“ဘာ? သူကJadeBeautyနဲ့Charmရဲ့ပိုင်ရှင်လား?” ထိုစကားကြောင့် လူတိုင်းထိတ်လန့်အံ့ဩကုန်တော့သည်။ သူတို့အားလုံး JadeBeautyနဲ့Charmရဲ့ပိုင်ရှင်ကို တွေ့ဖူးချင်နေကြပေမည့် တကယ်တမ်းတွေ့လိုက်ရသည့်အချိန်တွင်တော့ မမှတ်မိခဲ့ကြပေ။
“မိန်းကလေးယု၊ ဘာလို့ ကျွန်မတို့ကိုမပြောပြရတာလဲ?” တစ်ယောက် မကျေနပ်ဟန်ဖြင့်ပြောလိုက်သည်။
“ဟုတ်သားပဲ! ကျွန်မက ကုနတ်ဘုရားမရဲ့ အမာခံပရိသတ်ပါဆို!” မိန်းကလေးတော်တော်များများက ယုကျီကို ဝိုင်းအပြစ်တင်လာကြပေမည့် ယုကျီကတော့ ထိုလူများ အစောကလေးတင် ကုနင်း၏ချောမောမှုကို မနာလိုဖြစ်နေကြကြောင်း မြင်ထားခဲ့တာကြောင့် ဘာပြောလို့ပြောရမှန်းမသိတော့ပေ။
ကုနင်းတို့အဖွဲ့ ဖန်ရှန်းဈေးဝယ်စင်တာမှထွက်ပြီးသည်နှင့် ဟွမ်းဒင်ဟိုတယ်သို့သာ တန်းမောင်းလာခဲ့သည်။
လမ်းတွင်တော့ ရှင်းပိုင်ကို ရှုကျင်းချန်ဖုန်းဆက်လာခဲ့ပေမည့် ရှင်းပိုင်က ကားမောင်းနေတာကြောင့် လင်ရှောင်းထင်က ပြန်ဖြေပေးခဲ့သည်။
ရှုကျင်းချန်ကတော့ ကိုယ်တိုင်လာမည်ဖြစ်၍ လိပ်စာသာပြောပြလိုက်သည်။ ထို့နောက် လင်ရှောင်းထင်ကပဲဆက်ပြီး စစ်မင်တို့ကို သူ့အားလာတွေ့ရန် ဆက်သွယ်လိုက်သည်။
ဟိုတယ်နားရောက်ခါနီးတွင်တော့ ကုနင်း ကောင်းယိနှင့်ချောင်ယကိုဖုန်းဆက်ကာ ဟိုတယ်ခန်းမထဲတွင် သူမကိုလာတွေ့ရန်ပြောလိုက်သည်။
ကုနင်းတို့ ဟိုတယ်ထဲသို့ဝင်လာသည်နှင့် ကောင်းယိနှင့်ချောင်ယတို့ ချက်ချင်းသတိထားမိကာ ချက်ချင်းလာနှုတ်ဆက်ခဲ့သည်။
“မင်္ဂလာပါ၊ မိန်းကလေးကု!”
ကောင်းယိနှင့်ချောင်ယကတော့ လူအများနှင့်ဆိုလျှင် ကုနင်းကို မိန်းကလေးကုဟုသာ ခေါ်နေကျပင်။ သူတို့ လင်ရှောင်းထင်ကိုလဲ နှုတ်ဆက်လိုက်သေးသည်။ လင်ရှောင်းထင်သည်က ကုနင်း၏ချစ်သူဖြစ်တာကြောင့် သူတို့လေးစားမှုပြရမည်။ ချောင်ဝမ်ရှင်းနှင့်ရှင်းပိုင်ကိုတော့ သူတို့မသိတာကြောင့် ယဉ်ကျေးမှုအရ ခေါင်းတစ်ချက်သာညိတ်ပြလိုက်သည်။
ကောင်းယိနှင့်ချောင်ယကို ရှင်းပိုင်မြင်လိုက်သည်နှင့် ထိုသူနှစ်ဦးသည် သာမာန်လူများမဟုတ်ဘဲ သူ့လိုမျိုးသေချာ လေ့ကျင့်ပေးခြင်းခံထားရသူမှန်း တန်းခံစားမိလိုက်သည်။ ထိုနှစ်ယောက်ကို စစ်သားလို့တော့မထင်မိပေမည့် သူတို့လက်များတွင် လူသွေးစွန်းဖူးတာကတော့ သေချာပေသည်။ ထိုနှစ်ယောက်၏ နောက်ခံကို ရှင်းပိုင်မသိသော်လည်း စုံစမ်းဖော်ထုတ်မည်တော့မဟုတ်ပေ။
“အိတ်တွေ သူတို့ကိုပေးလိုက်လေ။” ကုနင်း လင်ရှောင်းထင်နှင့်ရှင်းပိုင်ကို ပြောလိုက်သည်။
ထိုစကားကိုကြားသည်နှင့် ကောင်းယိနှင့်ချောင်ယတို့ ချက်ချင်းပင် ရှေ့သလို့လှမ်းလာကာ အိတ်များကိုယူလိုက်သည်။
“ဘယ်လိုလုပ် ဒီလိုအိတ်အလေးကြီးတွေကို မိန်းကလေးတစ်ယောက်ကို သယ်ခိုင်းနေရတာလဲ?” ချောင်ဝမ်ရှင်းကတော့ မကျေမနပ်ဖြစ်လို့သွားသည်။ ချောင်ယသည် သာမာန်မိန်းကလေးတစ်ဦးမဟုတ်မှန်း ချောင်ဝမ်ရှင်းမသိသော်လည်း ချောင်ယ၏ပုံစံသည်က အေးစက်လှကြောင်းကိုတော့ ခံစားမိသည်။
ထိုစကားကြောင့် ရှင်းပိုင် နေရက်ခက်သွားကာ ချောင်ဝမ်ရှင်း သူ့အပေါ် မကောင်းမြင်သွားမည်စိုး၍ ချက်ချင်းအိတ်များပြန်ယူရန်အတွက် ဟန်ပြင်လိုက်သည်။
“ရပါတယ်၊ သူသယ်နိုင်ပါတယ်။” ကုနင်းပြန်ပြောလိုက်သည်။
ကုနင်းက နောက်ထပ်ထပ်ပြောလာတာကြောင့် ချောင်ဝမ်ရှင်းလဲ ဘာမှပြန်မပြောတော့ပေ။
“သူတို့က ငါ့လက်အောက်က ကောင်းယိနဲ့ချောင်ယ။” ကုနင်းမိတ်ဆက်ပေးလိုက်သည်။
“သူကတော့ ငါ့ဝမ်းကွဲအစ်မ ချောင်ဝမ်ရှင်းနဲ့ ဒီဘက်ကတော့ ရှောင်းထင်ရဲ့ရင်းနှီးတဲ့ညီအစ်ကို ရှင်းပိုင်။”
“ဝမ်းကွဲအစ်မ? ဝမ်ရှင်းက မင်းရဲ့ဝမ်းကွဲအစ်မလား?” ရှင်းပိုင် အတော်လေးအံ့အားသင့်သွားတော့သည်။
ချောင်ဝမ်ရှင်း၏မိခင်က ထန်မိသားစုကဖြစ်တာကြောင့် ကုနင်းနှင့်ချောင်ဝမ်ရှင်းသာ မောင်နှမဝမ်းကွဲဆိုလျှင် ကုနင်းကလဲ ထန်မိသားစုဝင်ပဲပေါ့။ ဒါပေမယ့် ကုနင်း၏နာမည်က ထန်မှမဟုတ်ဘဲ။
“ဘာလဲ? ဘာဖြစ်လို့လဲ?” ကုနင်းမပြောရသေးခင်တွင်ပဲ ချောင်ဝမ်ရှင်း မကျေနပ်ဟန်ဖြင့်ပြောလိုက်သည်။
“ဝမ်းကွဲညီမအရင်းတွေလား?” ရှင်းပိုင်ထပ်မေးလိုက်သည်။
“ဟုတ်တယ်လေ!” ချောင်ဝမ်ရှင်း ဂုဏ်ယူဟန်ဖြင့် ဖြေလိုက်သည်။
ထို့နောက် ကုနင်းတို့ ဧည့်ကြိုသို့သွားကာ ပွဲခန်းမရှိရာသို့ လမ်းညွှန်ခိုင်းလိုက်သည်။
သူမတို့မှာထားသည့်အခန်းသည် ပွဲခန်းမနံပါတ်၁ဖြစ်ကာ ၁၆၀၀စတုရန်းမီတာကျယ်ဝန်းပြီး သေသပ်စွာ ပြင်ဆင်ထားသည့်အခန်းဖြစ်သည်။
သူမတို့ ခန်းမကို စစ်ဆေးနေသည့်အချိန်တွင်ပဲ စစ်မင်နှင့်ချိုးယွီရှင်းတို့ ရောက်ရှိလာကြသည်။
“ဟေ့၊ ကုနင်း၊ မင်းတော်တော်အောင်မြင်နေတယ်နော်! နိုင်ငံ့နတ်ဘုရားမတောင်ဖြစ်လာပြီ!” စစ်မင်စနောက်ဟန်ဖြင့်ပြောလိုက်ပေမည့် ကုနင်းကို အမှန်တကယ်လေးစားမိနေခြင်းဖြစ်သည်။
“နင်က ငါ့ထက်တောင်ပိုပြီးနာမည်ကြီးနေတာ၊ ငါတောင်မနာလိုဖြစ်လာပြီ။” ချိုးယွီရှင်းလဲ စနောက်လိုက်သည်။
“ဟ-ဟ၊ ဟုတ်တယ်၊ ငါ့ရဲ့ဆွဲဆောင်နိုင်မှုကို ဘယ်သူမှတောင့်မခံနိုင်ဘူးထင်တယ်။”
“မင်းရဲ့ဆွဲဆောင်နိုင်မှုကိုတော့ ငါတကယ်လေးစားတယ်၊ အဲ့ဒါကြောင့်ပဲ ရှောင်းထင်တောင် မင်းကိုချစ်မိသွားတာမဟုတ်လား။”
“အဲ့ဒါတော့ ငါလဲထောက်ခံတယ်။” ရှင်းပိုင်နှင့်ချောင်ဝမ်ရှင်းပါ ထောက်ခံလိုက်ကြသည်။
ထိုအချိန်တွင်ပဲ လင်ရှောင်းထင်တစ်ယောက် ကုနင်းကို ချစ်ရည်ရွှမ်းနေသည့် မျက်ဝန်းများဖြင့်ကြည့်လာတာကြောင့် ကုနင်းရှက်သွေးဖြာသွားရသည်။
ခနအကြာတွင်တော့ ကုနင်း၏ဖုန်းမြည်လာကာ ခေါ်ဆိုသူကတော့ စုထုံနျိုပင်။ သူမကို ဟိုတယ်တွင်တွေ့မည်ဟု ကုနင်းပြောထားပြီးသားဖြစ်တာကြောင့် သူမမရောက်သေးခင် ကုနင်းကို မဆက်သွယ်ထားခြင်းပင်။ ထို့နောက် စုထုံနျိုလဲ ပွဲခန်းမထဲသို့ ဝင်ရောက်လာခဲ့သည်။
“မင်္ဂလာပါ၊ မိန်းကလေးကု!” ကုနင်းကို စုထုံနျိုရော လင်ရှောင်ရှားပါ လေးစားစွာဖြင့် နှုတ်ဆက်လိုက်ကြပြီး လူကြားထဲတွင် သူမကို ဘော့စ်ဟုမခေါ်ရန် ကုနင်းပြောထားတာကြောင့် မိန်းကလေးကုဟုသာ နှုတ်ဆက်လိုက်ကြသည်။
“ဟိုင်း!”
ထို့နောက် စုထုံနျိုက ချောင်ဝမ်ရှင်းကိုလဲ နှုတ်ဆက်လိုက်သည်။
“မတွေ့တာတောင်ကြာပြီနော်၊ ဝမ်ရှင်း!” စုထုံနျိုနှင့် ချောင်ဝမ်ရှင်းမှာ သိပ်မရင်းနှီးကြပေမည့် သူစိမ်းသပ်သပ်တော့လဲမဟုတ်ပေ။
“ထုံနျို၊ နင်အခု တကယ်ကိုအောင်မြင်လာပြီပဲ!”
“ဒါတွေအားလုံးနင့်ကြောင့်ပါ၊ နင့်ကိုဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိဘူး။” စုထုံနျို စိတ်ရင်းဖြင့်ဆိုလိုက်သည်။ ချောင်ဝမ်ရှင်းသာ သူမကို ကုနင်းနှင့်မိတ်ဆက်မပေးခဲ့လျှင် အခုထက်ထိ ဖျော်ဖြေရေးလောက၏အပယ်ခံ ဖြစ်နေဦးမည်ဖြစ်သည်။
“မပြောပလောက်ပါဘူးဟာ၊ ငါတို့က သူငယ်ချင်းတွေပဲကို။”
ထို့နောက် ကုနင်းက လင်ရှောင်းထင်နှင့်ရှင်းပိုင်တို့ကို စုထုံနျိုနှင့်မိတ်ဆက်ပေးလိုက်သည်။ သူတို့နှစ်ဦး၏ရုပ်ရည်ကြောင့် စုထုံနျိုသည်လဲ မှင်သက်လို့သွားမိလေသည်။
ခန်းမကို စစ်ဆေးပြီးသည့်နောက်တွင်တော့ ညစာစားဖို့ရန် သွားခဲ့ကြသည်။
ဟိုတယ်ဧည့်ကြိုဌာနသို့ ပြန်ရောက်သည်နှင့် ကုနင်း သူမ၏ဘလက်ခ်ကဒ်ကိုထုတ်ကာ စုထုံနျိုနှင့်လင်းရှောင်ရှားတို့အတွက် အထူးခန်းတစ်ခန်းနှင့် ကောင်းယိအတွက်လဲ အထူးသီးသန့်ခန်းတစ်ခန်းငှားပေးလိုက်သည်။
ထို့နောက် ဂါဝန်များကို ကောင်းယိနှင့်ထည့်ပေးကာ သေချာထိန်းသိမ်းထားရန်မှာကြားလိုက်သည်။
ပွဲအတွက် မော်ဒယ်များကတော့ နောက်နေ့မနက်တွင်မှ ၂နာရီစောကာ ရောက်ရှိလာကြမည်ဖြစ်ပြီး မိတ်ကပ်မပြင်ဆင်ခင် အစမ်းလေ့ကျင့်ကြဦးမည်ဖြစ်သည်။
ကုနင်းသည်လဲ မနက်ဖြန်တွင်မှ မော်ဒယ်များဝတ်ဆင်မည့် ကျောက်စိမ်းလက်ဝတ်ရတနာများကို သယ်လာပေးမည်ဖြစ်သည်။
***
အခန်း ၆၅၉
သူတို့က မင်းလက်အောက်ကလား?
ချောင်ယသည်တော့ ကုနင်းနှင့်အတူ ဟွားဖုတောင်ကုန်းသို့ လိုက်သွားလိမ့်မည်ဖြစ်သည်။ မနက်ဖြန် ကုမန့်ကို Bမြို့တွင်လည်ပတ်ရန် ခေါ်သွားဖို့အတွက် ကုနင်းအစက စီစဉ်ထားခဲ့သော်လည်း သူမတွင် ကုမန့်နှင့်အတူ ရှိနေပေးဖို့ရန် အချိန်မရှိတာကြောင့် ချောင်ယကိုသာ ကုမန့်အတွက် သက်တော်စောင့်အနေဖြင့် ထည့်ပေးလိုက်မည်ဖြစ်သည်။
ဖန်ရွှယ်ချင်ဘက်က အခုထိ ကုမန့်ကို ထိခိုက်အောင် ဘာမှမလုပ်ထားသေးသော်လည်း သူမသည် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေစဲပင်။
အကယ်၍များ တစ်ခုခုလွဲချော်မှုသာ မရှိဘူးဆိုလျှင် ဖန်ရွှယ်ချင် မနက်ဖြန် ပေါ်ထွက်လာပေလိမ့်မည်။ မနက်ဖြန် သူတို့တွေ့ကြသည့်အချိန်တွင် ကုနင်းနှင့်ကုမန့်ကို သေချာပေါက် မှတ်မိနိုင်ပေသည်။ အကယ်၍များ ကုမန့်ကိုသာ ထိခိုက်အောင်လုပ်ရန် ကြိုးစားလာလျှင် ချောင်ယက သေချာပေါက် တားစီးပေးနိုင်ပေသည်။
လင်ရှောင်းထင်သည်လဲ ကုနင်းနှင့်အတူ ဟွားဖုတောင်ကုန်းသို့ ပြန်လိုက်လာခဲ့သည်။ သူတို့နှစ်ယောက်၏ဆက်ဆံရေးကို ကုမန့်သိသွားပြီးဖြစ်တာကြောင့် ထပ်ပြီး ဖုံးကွယ်ထားနေစရာမလိုတော့ပေ။
ရှင်းပိုင်ကိုတော့ ကုနင်းက သူ့အတွက်ပါ အခန်းတစ်ခန်းစီစဉ်ပေးဖို့ ပြောခဲ့ပေမည့် ရှင်းပိုင်က ငြင်းခဲ့လေသည်။ ရှင်းပိုင်က ရှုကျင်းချန်နှင့်သာ ကျင်းလင်ဟိုတယ်တွင် နေလိုခြင်းပင်။
Bမြို့တွင်လဲ ကျင်းလင်ဟိုတယ်တစ်လုံးရှိလေသည်။ ကျင်းလင်ဟိုတယ်ရော ဟွမ်းဒင်ဟိုတယ်သည်ပါ ကြယ်ငါးပွင့်ဟိုတယ်များသာ။ ထိုနှစ်ခုတွင်မကသေး ရှန်းရှစ်လုပ်ငန်းစုတွင်လဲ ကြယ်ငါးပွင့်အဆင့် ရှန်းရှစ်ဟိုတယ်ရှိသေးကာ နိုင်ငံအနှံ့ရှိ မြို့ကြီးအများစုတွင် ဖွင့်လှစ်ထားသည်။ ထို့ကြောင့် သူတို့အတွက် ရွေးချယ်စရာဟိုတယ်များစွာရှိတာကြောင့် ကုနင်းလဲ အတင်းအကြပ်မတိုက်တွန်းတော့ပေ။
ထို့နောက် ကောင်းယိနှင့်ချောင်ယတို့ ဂါဝန်များကို အခန်းထဲသို့သယ်သွားကာ ခနနေမှ အားလုံးပြန်ဆုံကြည်မည်ဖြစ်သည်။
ကျန်လူများ သီးသန့်ခန်းထဲတွင် ပြန်ဆုံကြပြီးမကြာခင်တွင်ပဲ ရှုကျင်းချန်ရောက်ရှိလို့လာသည်။ ထို့နောက် အားလုံးBမြို့သို့သွားမည်အား သူ့ကို မပြောပြကြသည့်အတွက် အပြစ်တင်စကားများဆိုခဲ့သည်။ တခြားလူများ Bမြို့သို့လာကြခြင်းမှာ ကုနင်း၏ လက်ဝတ်ရတနာဆိုင်ခွဲဖွင့်ပွဲကြောင့်မှန်း သိလိုက်ရချိန်တွင်တော့ သူ့ကိုဘယ်သူမှ အကြောင်းမကြားခဲ့ကြ၍ ရှုကျင်းချန် ပိုလို့ပင် ဝမ်းနည်းသွားတော့သည်။ ထိုသို့ဆိုလျှင်ပင် လင်ရှောင်းထင်လဲ အခန်းထဲတွင်ရှိနေတာကြောင့် ကုနင်းကိုတော့ အပြစ်မတင်ရဲပေ။
သို့ပေမည့် ကောင်းယိနှင့်ချောင်ယတို့ အခန်းထဲတွင်လာချိန်တွင်တော့ ရှုကျင်းချန်တစ်ယောက် ရုတ်တရက်ဆိုသလို ဒေါသထွက်နေသည့်အမူအရာဖြင့် မတ်တပ်ထရပ်လိုက်သည်။ ကောင်းယိနှင့်ချောင်ယသည်လဲ ဒေါသထွက်နေပုံရကာ အခြေအနေမှာ အတော်လေးထူးဆန်းလို့သွားတော့သည်။
သူတို့အချင်းချင်း ဒေါသမုန်းတီးမှုများဖြင့် စိုက်ကြည့်နေကြတာကြောင့် အခန်းအတွင်း ဖိအားများစွာဖြစ်ပေါ်နေတော့သည်။
ကျန်သူအားလုံးသည်လဲ ရှုကျင်းချန်၏အမူအရာကြောင့် အံ့ဩသွားကြကာ မကြာခင်တွင်ပဲ သူတို့အချင်းချင်းကြား ရန်ကြွေးဟောင်းတစ်ခုခု ရှိနေခြင်းဖြစ်မည်မှန်း နားလည်လိုက်ကြသည်။
ချိုးယွီရှင်း၊ စုထုံနျိုနှင့် လင်းရှောင်ရှားသည်တော့ အားနည်းသည့်မိန်းကလေးများဖြစ်တာကြောင့် ရှုကျင်းချန်တို့ ထသတ်၍ သူတို့ကိုပါ ထိခိုက်လာမည်ကို စိုးရိမ်ကြောက်လန့်လို့နေသည်။
တကယ်တမ်း ချိုးယွီရှင်းအတွက်ကတော့ စစ်မင်အနားတွင်ရှိနေသ၍ ဘေးကင်းလုံခြုံနေမည်သာ။
“မင်းတို့ဘာလို့ ဒီကိုရောက်နေတာလဲ?” ရှုကျင်းချန် အလွန်အေးစက်လှသည့်အသံဖြင့် စတင်မေးလိုက်သည်။
“မင်းကိစ္စမဟုတ်ဘူး။” ကောင်းယိပြန်ပြောလိုက်သည်။
“ငါတို့ဒီလိုပက်ပင်းတိုးနေမှတော့ အရင်တစ်ခေါက်က ကိစ္စကို လက်စသတ်လိုက်ကြတာပေါ့။” ရှုကျင်းချန်၏ပုံစံမှာ ယခုပဲ တစ်ယောက်ယောက်ကို ထသတ်တော့မလိုပင်။
“ကောင်းပြီလေ၊ ငါလဲ လက်စားချေချင်နေတာ!” အဖြေအရ ကောင်းယိဘက်ကလဲ အလွန်ရန်လိုနေပုံရသည်။
“နင်တို့ကြားမှာ ဘာမကျေနပ်ချက်တွေရှိလဲ ငါဂရုမစိုက်ဘူး။ အခုက ညစာစားချိန်၊ ဒီနေရာမှာ တစ်ခုခုဖြစ်မှာကို ငါခွင့်မပြုဘူး။” ကုနင်း ကြားဖြတ်ကာပြောလိုက်သည်။
“ဟုတ်ကဲ့ပါ၊ မိန်းကလေးကု။” ကောင်းယိ အေးအေးလူလူပင် ပြန်ဖြေကာ နေရာလွတ်တွင် ချောင်ယနှင့်အတူ ဝင်ထိုင်လိုက်သည်။ ဘယ်လိုအခြေအနေမျိုးတွင် ဖြစ်ပါစေ ကုနင်း၏အမိန့်ကိုသာ နှစ်ယောက်လုံး ဦးစားပေးနာခံကြမည်သာ။
ထိုစကားကြောင့် ရှုကျင်းချန် အလွန်အံ့အားသင့်သွားတော့သည်။
“ကုနင်း၊ သူတို့က မင်းဆီမှာအလုပ်လုပ်ကြတာလား?” ရှုကျင်းချန် မရေမရာဖြင့်မေးလိုက်သည်။
“ဟုတ်တယ်လေ၊”
“သူတို့က ကျွန်မအတွက်အလုပ်လုပ်ကိုင်ပေးနေကြတဲ့လူတွေ၊ ဒီတော့ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျွန်မမှာသိပိုင်ခွင့်ရှိတယ်၊ ဒါပေမယ့် အခုတော့မဟုတ်သေးဘူး။ အရင်ဆုံး ညစာစားလိုက်ကြရအောင်။”
သူတို့က ကုနင်းလက်အောက်ကလူတွေသာဆိုလျှင် ရှုကျင်းချန်အဖို့ သူတို့ကိုလက်စားပြန်ချေဖို့ အနည်းငယ်တွန့်ဆုတ်မိရပေသည်။
“မင်းသူတို့ရဲ့ နောက်ကြောင်းကိုသိလား?” ကုနင်း အလိမ်ခံနေရမည်စိုးတာကြောင့် ရှုကျင်းချန်မေးလိုက်သည်။
“သိတယ်။”
ကုနင်းကသိပါတယ်ဆိုနေတာကြောင့် ရှုကျင်းချန်လဲ ဘာမှပြောမနေတော့ဘဲ ပြန်ထိုင်လိုက်တော့သည်။
မကြာခင်တွင်ပဲ ဟင်းပွဲများရောက်ရှိလာခဲ့ပေမည့် ကောင်းယိ၊ ချောင်ယနှင့် ရှုကျင်းချန်တို့ကတော့ စားချင်စိတ်ပျောက်ဆုံးနေပေပြီ။
ညစာစားပြီးနောက်တွင်တော့ စုထုံနျိုနှင့် လင်းရှောင်ရှားတို့မှာ သူတို့ဆက်နေသင့်သည့်အချိန်အခါမဟုတ်မှန်း နားလည်တာကြောင့် အလိုက်တသိဖြင့် ထွက်သွားခဲ့သည်။ ချောင်ဝမ်ရှင်းနှင့် ချိုးယွီရှင်းသည်လဲ အပြင်သို့ လမ်းလျှောက်ထွက်သွားပေသည်။ အခုတော့ အခန်းထဲတွင် နှစ်ဖွဲ့သာကျန်ခဲ့တော့လေသည်။
ထို့နောက် ရှုကျင်းချန်က သူတို့ကြားမှာ ရန်ကြွေးကို ထုတ်ဖော်ပြောပြခဲ့သည်။
လွန်ခဲ့သည်၂နှစ်တုန်းက ရှုကျင်းချန် တာဝန်တစ်ခုတွင် ရှေးဟောင်းပစ္စည်းရောင်းဝယ်သည့်အဖွဲ့ကို ဖမ်းဆီးရန်အကြောင်းဖန်လာခဲ့သည်။ သို့ပေမည့် ထိုတရားမဝင်အဖွဲ့အစည်းသည် လင်းယုန်(ကောင်းယိ)နှင့် ပျံလွှား(ချောင်ယ)တို့၏ ပစ်မှတ်လဲဖြစ်နေခဲ့တာကြောင့် သူတို့တာဝန်များကိုပြီးမြောက်ရန်အတွက် အချင်းချင်းတိုက်ခိုက်ခဲ့ကြရသည်။ အဆုံးတွင်တော့ နှစ်ဖက်စလုံး အနိုင်မရခဲ့ကြပေ။ ထိုရှေးဟောင်းပစ္စည်းရောင်းဝယ်သည့်အဖွဲ့သည်လဲ ပြိုကွဲသွားကာ ခေါင်းဆောင်သည်တော့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ရှုကျင်းချန်လဲ ဒဏ်ရခဲ့ပြီး လဝက်လောက်ဆေးရုံတက်ခဲ့ရလေသည်။သူ့ဘက်ကလဲ ကောင်းယိနှင့်ချောင်ယကို ထိခိုက်အောင် လုပ်နိုင်ခဲ့ကာ သူတို့နှစ်ဦးလဲ ဆေးရုံ၌အချိန်ကြာမြင့်စွာနေခဲ့ရသည်။ ထို့အတွက်ကြောင့် သူတို့ကြားတွင် ကြီးမားသည့် အမုန်းတရားများရှိနေခဲ့ခြင်းပင်။
ပြီးခဲ့သည့်နှစ်များအတွင်းတွင်လဲ သူတို့ချင်း လက်စားချေရန် ကြိုးစားခဲ့ကြပေမည့် ရှုံးနိမ့်ခဲ့စမြဲပင်။ မမျှော်လင့်ထားဘဲ ယနေ့တွင်တော့ ထိပ်တိုက်ကြုံတွေ့ခဲ့ရပေပြီ။
“ဒါကရန်ငြှိုးဟောင်းတစ်ခုဆိုတာမှန်ပေမယ့် နောက်တော့လဲ နင်တို့ကိုယ့်အလုပ်ကို ဆက်လုပ်နိုင်ခဲ့ကြတာပဲမလား။ ဒီနေ့ပဲ ရန်ငြှိုးတွေကို အဆုံးသတ်သွားဖို့မျှော်လင့်တယ်၊ ဒါပေမယ့် နင်တို့လက်စားချေချင်နေကြတုန်း ဆိုရင်လဲ ငါမတားပါဘူး။” ကုနင်းပြောလိုက်သည်။ ကုနင်း ဘယ်ဘက်ကိုမှ ကူညီမည်လဲမဟုတ်သလို တားမြစ်မည်လဲမဟုတ်ပေ။ ကုနင်းတွင် သူတို့ကြားမှရန်ပွဲကို ဝင်ရောက်ဆုံးဖြတ်ပေးဖို့ရန်လဲ အခွင့်မရှိပေ။
သို့ပေမည့် သူတို့ချင်း ဆက်ပြီးတိုက်ခိုက်နေကြလို့လဲ ဘယ်သူ့ဘက်မှ အကျိုးဖြစ်မည်မဟုတ်မှန်းကိုလဲ ကုနင်းယုံကြည်လေသည်။ ထို့အပြင် သူတို့ချင်း ရခဲ့သည့်ဒဏ်ရာအတိုင်းပြန်လက်စားချေနိုင်ခဲ့မည်ဆိုတော့ ဒီကိစ္စကို ပြီးသွားလိုက်ဖို့ သိပ်ခက်တော့မည်မဟုတ်ပေ။
“မင်းပြောတာကို နားထောင်ပါ့မယ်၊ မိန်းကလေးကု။” ကောင်းယိနှင့်ချောင်ယ တစ်ချိန်တည်းပြန်ဖြေလိုက်သည်။
ရှုကျင်းချန်ကတော့ သိပ်ပြီးအလျှော့မပေးလိုပေမည့် ကုနင်းကိုယ်တိုင်က အဆုံးသတ်လိုက်တော့ရန် ပြောလာတာကြောင့် သူလဲ အလျှော့ပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။ သူ့ကြောင့်နှင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ကို ပြဿနာမဖြစ်စေလိုပေ။ အကယ်၍ ကုနင်းနှင့်လင်ရှောင်းထင်သာ ဤရန်ငြှိုးထဲပါဝင်လာခဲ့ပါက သူပဲ အပြစ်ရှိသလိုခံစားနေရပေမည်။
“ကောင်းပြီလေ၊ ကုနင်းရဲ့မျက်နှာထောက်ပြီး ပြီးခဲ့တာတွေလဲ ပြီးပါစေတော့။” ရှုကျင်းချန်ပြောလိုက်သည်။
သူတို့အားလုံး အဆုံးသတ်ဖို့ရန် သဘောတူလိုက်ပြီဖြစ်သော်လည်း အချင်းချင်း သဘောမကျကြသေးပေ။
ကိစ္စက ဖြေရှင်းနိုင်သွားပြီဖြစ်တာကြောင့် သူတို့ခနလောက်နားပြီးသည်နှင့် ပြန်ထွက်လာခဲ့ကြသည်။
လင်ရှောင်းထင်သည်တော့ အစမှအဆုံးထိ တိတ်ဆိတ်လို့နေကာ ကုနင်း၏ဖြေရှင်းမှုကို ကြားဝင်မစွက်ဖက်ခဲ့ပေ။
သူတို့အဖွဲ့ ကားပါကင်သို့အတူတူထွက်လာခဲ့ကြသည်။
လင်ရှောင်းထင်တွင်တော့ သူ့လက်အောက်ကလူများပြင်ပေးထားသည့် ကားရောက်နေပြီဖြစ်ပေမည့် ရှင်းပိုင်နှင့်ရှုကျင်းချန်တွင်တော့ မရှိသေးပေ။ ချောင်ဝမ်ရှင်းကနေပြီး သူမကားသော့ကို ရှင်းပိုင်ထံပေးလိုက်ကာ၊
“ကျွန်မကားကိုမောင်းလိုက်!” ထို့နောက် ဟိုတယ်ကနေဘဲ သူတို့အသီးသီးလမ်းခွဲခဲ့ကြသည်။
ကောင်းယိကတော့ မြေအောက်ကားပါကင်အထိ လိုက်ပို့ပေးခဲ့ပြီးကာမှ အပေါ်သို့ပြန်တက်သွားခဲ့သည်။
ဝင်ပေါက်အပြင်ဘက်တွင် ကားကိုရပ်လိုက်ပြီးသည်နှင့် ကားနောက်ဖုံးထဲမှ လက်ဆောင်များစွာကို လင်ရှောင်းထင်ထုတ်ယူလိုက်တာကြောင့် ချောင်ဝမ်ရှင်းရော ကုနင်းပါ အံ့အားသင့်သွားကြသည်။
“ဘာလို့ ဒီလောက်လက်ဆောင်တွေအများကြီး ယူလာတာလဲ?” ကုနင်းမေးလိုက်လေသည်။
***
အခန်း ၆၆၀
အနာဂါတ်ယောက္ခထီး
လင်ရှောင်းထင် မရှင်းပြရသေးခင်တွင်ပင် ချောင်ဝမ်ရှင်းမှနေပြီး၊
“ဒါကတော့ သူ့ယောက္ခထီးလောင်းနဲ့ ပထမဆုံးအကြိမ်တွေ့မှာဆိုတော့ သေချာပေါက် လက်ဆောင်တွေယူသွားသင့်တာပေါ့။”
ချောင်ဝမ်ရှင်းအထင်မှန်ပေသည်။ လင်ရှောင်းထင်အနေနှင့် သူ့ယောက္ခထီးလောင်းကို ပထမဆုံးအကြိမ်သွားရောက်တွေ့ဆုံရာတွင် ဘာလက်ဆောင်မှမယူသွားပါက မယဉ်ကျေးရာရောက်ပေမည်။ ယဉ်ကျေးမှုမရှိသည့်လူကို ဘယ်သူကမှ သဘောကျကြသည်မဟုတ်ဘဲ။
ထိုစကားကြောင့် ကုနင်းလဲ နားလည်သွားပေမည့် လင်ရှောင်းထင် ယူလာသည့်လက်ဆောင်များက တော်တော်လေးကို များလွန်းနေသည်။ သို့သော်လည်း လက်ဆောင်တွေက ပြင်ဆင်ပြီးသားဖြစ်နေပြီဖြစ်တာကြောင့် ကုနင်းဘာမှပြောမနေတော့ပေ။
လက်ဆောင်တွေအရမ်းများတာကြောင့် လင်ရှောင်းထင်တစ်ယောက်တည်း အကုန်မသယ်နိုင်၍ ကုနင်းက ချောင်ယကိုပါ ကူသယ်ခိုင်းလိုက်သည်။
သူမကတော့ ဧည့်သည်မဟုတ်တာကြောင့် နည်းနည်းလေးတောင် ဝိုင်းသယ်ပေးမနေပေ။
ထန်မိသားစုအိမ်တော်ထဲတွင်တော့ ထန်ဟိုင်ဖုန်းမှာ စာဖတ်ခန်းထဲတွင် ရှိနေကာ ကျန်လူများသည်တော့ ဧည့်ခန်းထဲတွင် စကားထိုင်ပြောနေကြသည်။ အပြင်ဘက်မှ ကားသံကိုကြားရာ၌ ကုနင်းနှင့်ချောင်ဝမ်ရှင်းတို့ ပြန်လာခြင်းသာဖြစ်ကြောင်း သိနေ၍ တကူးတက အပြင်ထွက်ကာ ကြိုမနေတော့ပေ။ သို့သော်လည်း သူတို့မြင်ကွင်းရှေ့သို့ ခန့်ညားသည့်လူငယ်တစ်ယောက် ပေါ်ထွက်လာချိန်တွင်တော့ အားလုံးအံ့အားသင့်လို့သွားတော့သည်။
“ဟိုင်း၊ ရှောင်းထင်၊ ချောင်ယ!” ကုမန့် ချက်ချင်းမတ်တပ်ထရပ်ကာ ကြိုဆိုလိုက်သည်။ လက်ဆောင်တွေအများကြီးပါလာသည်ကို မြင်လိုက်ရတာကြောင့် ကုမန့်က၊
“ဘာလို့ လက်ဆောင်တွေအများကြီးယူလာတာလဲ? ဒီလောက်ထိ ဝယ်ပေးစရာမလိုပါဘူး။”
လင်ရှောင်းထင်သည် ကုနင်း၏ချစ်သူဖြစ်မှန်း ကုမန့်သိပြီးကတည်းက ပို၍ ရင်းနှီးမှုရှိလာခဲ့သည်။ ကုနင်းကလဲ လင်ရှောင်းထင်ကို သူမ၏ဖူးစာရှင်အစစ်အမှန်ဖြစ်ကြောင်း ယုံကြည်နေတာကြောင့် ကုမန့်အနေဖြင့် သဘာဝကျကျ လင်ရှောင်းထင်အပေါ် ဆက်ဆံမှုပို၍ ရင်းနှီးကျွမ်းဝင်လာတော့သည်။
“တွေ့ရတာဝမ်းသာပါတယ်။” လင်ရှောင်းထင် ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်လိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ မဒမ်။” ချောင်ယလဲ နှုတ်ဆက်လိုက်လေသည်။
“လာ၊ လာထိုင်ကြဦး!” ကျန်းလီဟွာက အပြုံးလေးဖြင့်ဆိုသည်။
ထို့နောက် ဧည့်ခန်းထဲသို့ပြန်ဝင်လာကြပြီး လင်ရှောင်းထက်တော့ လက်ဆောင်ပစ္စည်းများကို အနားရှိစားပွဲတစ်ခုပေါ်တွင် တင်ထားလိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ ထန်လူကြီးမင်း၊ ထန်ကတော်!” အခြားသော ထန်မိသားစုဝင်များကိုလဲ လင်ရှောင်းထင် နှုတ်ဆက်လိုက်သည်။ အတတ်နိုင်ဆုံး နူးညံ့ညင်သာဟန်ဖြင့် နှုတ်ဆက်စကားဆိုနေသော်လည်း သဘာဝမကျလှပေ။ ကံကောင်းစွာဖြင့် ဘယ်သူကမှ သတိမပြုမိလိုက်ကြပေ။
“တွေ့ရတာဝမ်းသာပါတယ်၊ ထန်လူကြီးမင်း ထန်ကတော်။” ချောင်ယလဲ နှုတ်ဆက်လိုက်သည်။
ထန်ယွင်ဖန်းကလဲ “ထိုင်ကြဦး!”
ထို့နောက် အားလုံး နေရာယူလိုက်ကြသည်။
“မိတ်ဆက်ပေးရဦးမယ်၊ ဒါကသမီးရဲ့လက်ထောက် ချောင်ယပါ။” ကုနင်း ချောင်ယကို အရင်ဦးစွာ မိတ်ဆက်ပေးလိုက်သည်။ ထို့နောက်တွင်မှ အားလုံးထိတ်လန့်သွားစေနိုင်သည့် လင်ရှောင်းထင်နှင့် သူမကြားမှ ဆက်ဆံရေးကိုပါ မိတ်ဆက်ပေးလိုက်သည်။
“ဒါကတော့ သမီးရဲ့ချစ်သူ လင်ရှောင်းထင်။”
ထိုစကားကြောင့် ထန်မိသားစုဝင်အားလုံး ထိတ်လန့်သွားကာ မယုံနိုင်ဖြစ်ကုန်ကြသည်။
“ဘာ? ချစ်သူ?” တစ်ချိန်တည်းတွင်ပဲ သူတို့ကို ထန်ဟိုင်ဖုန်းက ကုနင်းသည် အသက်၁၈နှစ်တည်းနှင့် ချစ်သူရှိနေပြီဖြစ်ကြောင်း ပြောပြထားခဲ့သည်ကို ပြန်အမှတ်ရသွားကြသည်။
တကယ်တော့ ထန်မိသားစုအနေနှင့် အသက်၁၈နှစ်ဆိုသည်မှာ တစ်ယောက်ယောက်နှင့် တွဲဖို့ရန် ငယ်လွန်းသည်ဟု ထင်မိကြသည်။
ထိုထဲတွင် ထန်ယွင်ဖန်းကတော့ အလိုမကျအဖြစ်ဆုံးပင်။ သူ့သမီးအရင်းကို အခုမှပြန်ရှာတွေ့ခဲ့တာကို နောက်ယောက်ျားတစ်ယောက်က သူ့ဆီမှ ဆွဲထုတ်သွားပေဦးမည်။ ထို့ကြောင့် ထန်ယွင်ဖန်း၏ အမူအရာမှာ အေးစက်လွန်းနေကာ လင်ရှောင်းထင်ကို စိုက်ကြည့်နေပုံက အတော်လေး စိတ်ဖိစီးသွားစေပေသည်။ သို့ပေမည့် လင်ရှောင်းထင်ကတော့ ထန်ယွင်ဖန်းနှင့် အကြည့်ချင်းဆုံနေသည်ကိုပင် စိတ်မသက်မသာမခံစားရတာကြောင့် ထန်ယွင်ဖန်းပင် အံ့အားသင့်သွားရသည်။
ကုနင်းငယ်ငယ်လေးနှင့် ချစ်သူရှိနေတာကို ထန်ယွင်ဖန်း သိပ်သဘောမကျသော်လည်း သူကိုယ်တိုင်က ဖခင်တာဝန်ကို နှစ်ပေါင်းများစွာ ပျက်ကွက်ခဲ့သူဖြစ်တာကြောင့် ကုနင်း၏ဘဝကို ဝင်စွက်ပိုင်ခွင့်မရှိပေ။ ထို့အပြင် ကုနင်းသည် ရင့်ကျက်သည့်မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် သူမ၏ချစ်သူသည်လဲ ထူးချွန်ကာ ယုံကြည်ရသည့်လူတစ်ယောက်သာ ဖြစ်မည်မှန်း ထန်ယွင်ဖန်းသိပေသည်။
ထိုသို့ဆိုလျှင်ပင် လင်ရှောင်းထင် အကြောင်းကို ထန်ယွင်ဖန်း သိချင်နေမိတုန်းပင်။
“မင်းက ဘယ်မှာမွေးတာလဲ?” ထန်ယွင်ဖန်း လေးနက်သည့်အမူအရာဖြင့်မေးလိုက်သည်။
“မြို့တော်ကပါ။” လင်ရှောင်းထင်လဲ ခပ်မတ်မတ်ထိုင်ကာ မေးခွန်းကို တည်ကြည်သည့်အမူအရာဖြင့် ပြန်ဖြေလေသည်။
“ဘာအလုပ်လုပ်လဲ၊ လက်ရှိရာထူးကရော?”
“စစ်သားတစ်ယောက်ပါ၊ ဗိုလ်ချုပ်အဆင့်ရောက်နေပါပြီ။”
“ဘာ?” အေးဆေးတည်ငြိမ်လွန်းလှသည့် ထန်ယွင်ဟန်နှင့် ထန်ယွင်ဖန်းအပါအဝင် အားလုံး ထိတ်လန့်အံ့အားသင့်သွားကြပြန်သည်။
“မင်းက မြို့တော်လင်မိသားစုကလား?” ထန်ယွင်ဖန်း အဖြေကို သိနှင့်ပြီးဖြစ်သော်လည်း မေးလိုက်ပြန်သည်။ သူလဲ အသက်နှစ်ဆယ်ကျော်လေးနှင့် ဗိုလ်ချုပ်ဖြစ်နေသည့်လူငယ်အကြောင်း ကြားဖူးထားကာ ထိုလူငယ်က မြို့တော်လင်မိသားစု၏အကြီးဆုံးမြေးလဲဖြစ်ပေသည်။
ဤအကြောင်းကို သိထားသူအနည်းအကျဉ်းသာရှိသော်လည်း စစ်တပ်နှင့်စပ်လျဉ်းသူတိုင်းကတော့ လင်ရှောင်းထင်၏ ဒဏ္ဍာရီလာ အောင်မြင်မှုများကို ကြားဖူးထားကြပြီးဖြစ်သည်။
ချောင်ယွေ့ဟွာသည်လဲ ထိုငယ်ရွယ်သည့် ဗိုလ်ချုပ်ကို အလွန်လေးစား သဘောကျတာကြောင့် မိသားစုဆီ အမြဲပြန်ပြောပြလေ့ရှိသည်။
ချောင်ယလဲ အလွန်အံ့အားသင့်သွားပေမည့် လင်ရှောင်းထင်သည် သာမာန်မဟုတ်ကြောင်း ခန့်မှန်းထားမိပြီးသားဖြစ်တာကြောင့် အမူအရာကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
ကုမန့်သည်တော့ စစ်တပ်ထဲမှ ဗိုလ်ချုပ်အဆင့်မှာ ဘယ်လောက်အရေးကြီးမှန်း မသိတာကြောင့် သိပ်ပြီးအံ့ဩသွားခြင်းမရှိသလို ချောင်ဝမ်ရှင်းသည်လဲ သိထားပြီးဖြစ်တာကြောင့် အေးအေးဆေးဆေးပင်။
“ဟုတ်ပါတယ်။” လင်ရှောင်းထင်ပြန်ဖြေခဲ့သည်။
ထိုစကားကိုကြားချိန်အထိ အားလုံး မယုံနိုင်စရာကောင်းသည်ဟု ခံစားနေကြရမြဲပင်။ သို့ပေမည့် လင်ရှောင်းထင်၏နောက်ခံမိသားစုကိုလဲ သူတို့သိပြီးပြီဖြစ်တာကြောင့် ကုနင်းနှင့်လင်ရှောင်းထင်၏ ဆက်ဆံရေးကို အတည်ပြုပြီးသားဖြစ်သွားသည်။ တကယ်တော့ ထန်မိသားစုသည် မိသားစုနောက်ခံကို သိပ်ဂရုမစိုက်ပေမည့် လင်မိသားစုကတော့ ယုံကြည်ရသည့်မိသားစုမှန်း သိပေသည်။ ထို့အပြင် သူတို့ကိုယ်တိုင်ကလဲ စစ်သားများအပေါ် သဘောကျမှုအခံရှိထားပြီးသားပင်။
“ဘာဖြစ်နေတာလဲ?” ဆူညံသံများကြောင့် ထန်ဟိုင်ဖုန်း ရောက်လာကာ ကုနင်းကို ချက်ချင်းသတိထားမိသွားသည်။ ထန်ဟိုင်ဖုန်း ပြုံးလိုက်ပြီးကာမှ လင်ရှောင်းထင်ကို မြင်ကာ အံ့ဩသွားတော့သည်။ လင်ရှောင်းထင်ကို ပြန်မတွေ့ရခင်အထိ ကုနင်းတွင် ချစ်သူရှိနေသည်ကိုပင် သတိမရခဲ့ဘဲ သူသည်လဲ ထန်ယွင်ဖန်းနှင့် ခံစားချက်တူညီပေသည်။
“တွေ့ရတာဝမ်းသာပါတယ်။ သခင်ကြီးထန်။” လင်ရှောင်းထင် ချက်ချင်းထရပ်ကာ ထန်ဟိုင်ဖုန်းကို လေးစားမှုအပြည့်ဖြင့် နှုတ်ဆက်လိုက်သည်။
“အို၊ တွေ့ရတာဝမ်းသာပါတယ်!”
“တွေ့ရတာဝမ်းသာပါတယ်။ သခင်ကြီးထန်။” ချောင်ယလဲ မတ်တပ်ထရပ်ကာ နှုတ်ဆက်လိုက်သည်။
“ဖိုးဖိုး၊ ဒါက သမီးရဲ့လက်ထောက် ချောင်ယပါ။” ကုနင်းမိတ်ဆက်ပေးလိုက်သည်။
ထိုစကားကြောင့် ထန်ဟိုင်ဖုန်းလဲ တုန့်ပြန်သည့်အနေဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်လေသည်။
***
စာစဉ် ၄၄ ပြီး၏။