အခန်း (၆၆၁-၆၆၅)
Vol. 45 Ch. 661-665
အခန်း ၆၆၁
၁၀နှစ်ဆိုတာ သိပ်မကြာပါဘူး
လေးစားမှုကိုပြသသည့်အနေဖြင့် ထန်ဟိုင်ဖုန်း ထိုင်ပြီးမှသာ လင်ရှောင်းထင်နှင့် ချောယတို့ ပြန်ထိုင်ခဲ့ကြသည်။
“အဖေ၊ သူက သမိုင်းမှာ အသက်အငယ်ဆုံးဗိုလ်ချုပ်ဖြစ်လာတဲ့ လင်မိသားစုရဲ့ အကြီးဆုံးမြေးလေ။” ထန်ယွင်ဖန်း မိတ်ဆက်ပေးလိုက်သည်။
“ဘာ?” ထန်ဟိုင်ဖုန်းလဲ အတော်လေး အံ့အားသင့်လို့သွားသည်။
“မင်းက-မင်းက သခင်ကြီးလင်ရဲ့မြေးလား?”
“ဟုတ်ပါတယ်၊ သခင်ကြီးထန်။” လင်ရှောင်းထင် အတည်ပြုပေးလိုက်သည်။
“အံ့ဩစရာမရှိတော့ပါဘူး။ ဒါကြောင့် မင်းကို ပထမဆုံးစမြင်တုန်းက ရင်းနှီးတယ်လို့ ခံစားရတာကိုး။”
ထန်ဟိုင်ဖုန်းနှင့် သခင်ကြီးလင်တို့သည် ငယ်စဉ်အခါက တစ်ဦးနှင့်တစ်ဦး သိကျွမ်းခဲ့ကြဖူးပေမည့် ရင်းနှီးမှုတော့မရှိပေ။ သခင်ကြီးလင်၏ အကြီးဆုံးသားဖြစ်သည့် လင်ရှောင်းထင်၏ဖခင်နှင့်လဲ သခင်ကြီးထန် အကြိမ်ရေများစွာ တွေ့ဆုံခဲ့ဖူးသည်။ လင်ရှောင်းထင်သည် သူ၏ဖခင်နှင့်ရုပ်ရည်သွင်ပြင် ဆင်တူလှတာကြောင့် သူ့ကို ထန်ဟိုင်ဖုန်း ပထမဆုံးအကြိမ်ဆုံရတုန်းက ရင်းနှီးသလို ခံစားမိခဲ့ခြင်းဖြစ်သည်။ သို့ပေမည့် နှစ်ပေါင်းများစွာလဲ ကြာခဲ့ပြီဖြစ်ကာ ထန်ဟိုင်ဖုန်း၏ မှတ်ဉာဏ်များလဲ ယိုယွင်းလို့နေပြီဖြစ်တာကြောင့် လင်ရှောင်းထင်ကို မြင်မြင်ချင်းမမှတ်မိခဲ့ခြင်းဖြစ်သည်။
လင်ရှောင်းထင်က သူအသိတစ်ယောက်၏သားဖြစ်နေတာကြောင့် ထန်ဟိုင်ဖုန်း၏ လင်ရှောင်းထင်အပေါ် ပြုမူပုံပို၍ နူးညံ့လာပေမည့် သတိကတော့ မလွတ်သေးပေ။
“မင်း နင်းနင်းနဲ့ဆက်ဆံရေးကို ဘယ်လိုအခြေအနေထိ တွေထားလဲ?”
“တစ်သက်လုံးစာအတွက်ပါ။ နင်းနင်းက အခုထိ ငယ်သေးတယ်ဆိုပေမယ့် သခင်ကြီးတို့သာ သဘောတူမယ်ဆို အရင်ဆုံး ကျွန်တော်တို့ စေ့စပ်ထားလို့ရပါတယ်။” လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။ တကယ်တမ်းတွင်တော့ ကုနင်းကိုလက်ထပ်ယူဖို့ရန်ပင် အချိန်ဆွဲမနေချင်တော့ပေ။
“မဖြစ်ဘူး!” ထန်ဟိုင်ဖုန်း ချက်ချင်းပင် ငြင်းဆန်လိုက်တော့သည်။
“မင်းနဲ့စေ့စပ်လိုက်ရင် နင်းနင်းက မင်းတို့မိသားစုဝင်ဖြစ်သွားမှာပေါ့။ နင်းနင်းက ငါတို့မိသားစုဝင်အဖြစ်တောင် တရားဝင်မချပြရသေးဘူး။ ပြီးတော့ သူမက အခုမှ ၁၈နှစ်ပဲရှိသေးတယ်! ငါတို့မိသားစုနဲ့ နောက်၁၀နှစ်လောက်အထိ အတူနေလို့ရပါသေးတယ်။ ၁၀နှစ်ဆိုတာကလဲ သိပ်မကြာပါဘူး။”
ထိုစကားကြောင့် လင်ရှောင်းထင် ပြောစရာစကားများ ပျောက်ဆုံးသွားရတော့သည်။ ၁၀နှစ်? သူအဲ့လောက်အကြာကြီး မစောင့်နိုင်ဘူးလေ။
“ကျွန်တော်နဲ့စေ့စပ်လိုက်ရင်တောင် နင်းနင်းစိတ်ကြိုက် ထန်မိသားစုမှာပဲ နေလို့ရပါတယ်။” ခဏအကြာတွင်တော့ လင်ရှောင်းထင်ပြန်ပြောလိုက်သည်။ လင်ရှောင်းထင် ကိုယ်တိုင်ကလဲ လင်မိသားစုတွင် မနေလိုတာကြောင့် သူတို့နှစ်ယောက် လက်ထပ်ပြီးသည်နှင့် သေချာပေါက် အိမ်ခွဲနေမည်သာ။
“မဟုတ်ဘူး။ နင်းနင်း စေ့စပ်ပြီးသွားတာနဲ့ မစေ့စပ်တာက ခံစားချက်ချင်းလုံးဝမတူဘူး။” ထန်ဟိုင်ဖုန်းကတော့ သိပ်မကျေနပ်တုန်းပင်။
လင်ရှောင်းထင်တစ်ယောက် အလွန်အခက်တွေ့နေကာ ကုနင်းကိုသာ လှည့်ကြည့်ရင်း အသံတိတ် အကူအညီတောင်းရတော့သည်။ သို့ပေမည့် ကုနင်းကတော့ မမြင်ချင်ယောင်ဆောင်သွားခဲ့သည်။
ဒါက ကုနင်း၏မင်္ဂလာကိစ္စသာဖြစ်ကာ ဘယ်သူကမှ ကြားဝင်စွက်ဖက်ခွင့်မရှိသော်လည်း ထန်မိသားစုဝင်များကတော့ သူမ သူတို့ကို ချန်ထားခဲ့မည့်အဖြစ်မျိုး မဖြစ်စေချင်ကြပေ။ ကုနင်း၏ဘဝတစ်လျှောက် သူတို့၏ပျက်ကွက်မှုက များပြားလှမှန်း သိကြတာကြောင့်လဲ ကုနင်း၏ဘဝကို သူတို့ဘက်က ဝင်ရောက်ဆုံးဖြတ်ပေးပိုင်ခွင့်မရှိမှန်းလဲ သိကြသည်။
ဤပြဿနာပို၍ကြီးလာကာ အချင်းချင်း မသင့်မမြတ်ဖြစ်သွားမည်ကိုလဲ ထန်ဟိုင်ဖုန်း စိုးရိမ်တာကြောင့် လေသံကို နည်းနည်းလျှော့လိုက်ကာ၊
“ငါ့မြေးမလေးကို လပ်ထပ်နိုင်ဖို့ လွယ်လိမ့်မယ်ထင်မနေနဲ့၊ ငါတို့အားလုံး မင်းရဲ့လုပ်ရပ်တွေကို စောင့်ကြည့်ဦးမှာ။ ငါတို့သာ မင်းပုံစံကို မကျေနပ်ရင် နောက်မှ ဒီကိစ္စကို ပြန်ဆွေးနွေးကြတာပေါ့၊ တကယ်လို့များ မင်း နင်းနင်းကို ထိခိုက်အောင် လုပ်ရဲခဲ့ရင်တော့ ငါတို့ဘက်က မင်းကိုဘယ်တော့မှ လက်ထက်ဖို့ သဘောမတူဘူး။”
ထိုစကားကြောင့် လင်ရှောင်းထင် မျှော်လင့်ချက်ရှိသွားကာ၊
“ကျွန်တော့်ကို ယုံကြည်ပေးကြပါ၊ နင်းနင်းကို အကောင်းဆုံးဆက်ဆံပါမယ်လို့ ကတိပေးပါတယ်။”
ဘယ်ကိစ္စမဆို ပြောင်းလဲတတ်တာကြောင့် အနာဂါတ်တွင် မည်သို့မည်ပုံဖြစ်လာမလဲဆိုသည်ကို မည်သူမျှမသိနိုင်ပေ။ သို့သော်လည်း သူတို့ကတော့ ကိုယ့်ဘဝကို ဆက်လက်ရှင်သန်နေဖို့ လိုအပ်နေသေးသည်။ ထို့အတွက်ကြောင့် လင်ရှောင်းထင်၏ကတိကို ချက်ချင်းကြီးတော့ အပြစ်ရှာကာ ပြောဆိုနေဦးမည်မဟုတ်ပေ။
ထိုအခိုက်အတန့်တွင်ပဲ အခန်းတွင်းလေထုသည်လဲ ပုံမှန်အတိုင်းပြန်လည် အေးချမ်းသွားတော့သည်။
ကုနင်းမှနေပြီး ထန်မိသားစုကုမ္ပဏီအခြေအနေဘယ်လိုရှိသွားပြီလဲ မေးမြန်းခဲ့ပေမည့် ဘာမှထူးခြားတာမရှိသေးတာကြောင့် သူတို့လဲ သူတို့၏ရန်သူ နောက်ဘာဆက်လုပ်နိုင်လဲဆိုသည်ကို မသိနိုင်ကြပေ။
ထန်ယွင်ဖန်းကတော့ သူဆက်ပြီး သတိမေ့မျောနေဟန်ဆောင်ခြင်းက အကြံကောင်းတစ်ခုမဟုတ်ဟု တွေးမိကာ မိသားစုဝင်များကလဲ ထိုအတွေးကို သဘောတူ လက်ခံခဲ့ကြတာကြောင့် အကယ်၍များ နောက်ရက်အနည်းငယ်အထိ ရန်သူတွေဘက်မှ လှုပ်ရှားလာခြင်းမျိုးမရှိလျှင် ထန်ယွင်ဖန်း ကုမ္ပဏီကို ပြန်သွားတော့မည်ဖြစ်သည်။
တကယ်တော့ ထန်ဝေ့ရုန်ဘက်က လက်ဦးမှုရယူချင်နေပေမည့် အချိန်ကောင်းကို စောင့်ဆိုင်းနေခဲ့ခြင်းသာ။
.......
ထိုအချိန်တွင်ပဲ ထန်ဝေ့ရုန်၏နေအိမ်တွင်တော့၊
ဒုတိယထပ်မှ စာဖတ်ခန်းထဲတွင်၊ ထန်ဝေ့ရုန် ထိုင်နေကာ သူနှင့်မျက်နှာချင်းဆိုင်တွင်တော့ လူငယ်တစ်ယောက်ထိုင်နေခဲ့သည်။
“အားလုံးအဆင်သင့်ပဲလား?” ထန်ဝေ့ရုန်မေးလိုက်သည်။
“အဆင်သင့်ပါပဲ။” လူငယ်ပြန်ဖြေခဲ့သည်။
“ကောင်းတယ်၊ မနက်ဖြန် ထန်ဟိုင်ဖုန်း အိမ်ကထွက်လာတာနဲ့ ငါတို့လုပ်ငန်းစကြမယ်။” ဤတစ်ခေါက်တွင်တော့ ထန်ဟိုင်ဖုန်းကို ထိခိုက်အောင်လုပ်မည်ဟု ထန်ဝေ့ရုန် ဆုံးဖြတ်ချက်ချထားလေသည်။
“ဘာများမှာစရာရှိသေးလဲ၊ ဘော့စ်။”
“မနက်ဖြန် JadeBeautyလက်ဝတ်ရတနာဆိုင်ကနေပြီး ကျောက်စိမ်းရတနာတစ်ခုဝယ်ပြီး ပုံတူပွားထားလိုက်။”
“ဟုတ်ကဲ့ပါ၊” လူငယ် ပြန်ဖြေပြီးသည်နှင့် ထွက်သွားတော့သည်။
လူငယ်ထွက်သွားပြီးနောက်တွင်တော့ ထန်ရှင်းယွဲ့ကို ထန်ဝေ့ရုန် ဝင်လာခိုင်းလိုက်သည်။
“ရှင်းယွဲ့၊ သမီးမှာ ကုနင်းနား ဘယ်လိုချဉ်းကပ်လို့ရမလဲ အကြံလေးဘာလေးရှိလား?”
ထန်ဟိုင်ဖုန်းကို လုပ်ကြံရာတွင် အောင်မြင်နိုင်မလားဆိုသည်ကို ထန်ဝေ့ရုန် အတိအကျမသိနိုင်တာပေ။ အကယ်၍များ အောင်မြင်ခဲ့မည်ဆိုလျှင်တောင်မှ ကုနင်းကိုတော့ ဒီအတိုင်း အလွတ်ပေးမည်မဟုတ်ပေ။ ထန်ရှင်းယွေ့သာ ကုနင်းနား ချဉ်းကပ်လို့ရသွားပြီဆိုလျှင် ကုနင်းကို ဘယ်လိုရှင်းထုတ်နိုင်မလဲဆိုသည်ကို သူလဲ ပို၍တွေးနိုင်သွားပေမည်။
ကုနင်း၏ သတင်းများကို ထန်ဝေ့ရုန်လဲ ဖတ်ကြည့်ထားခဲ့ကာ ကုနင်း အမှန်တကယ် အံ့ဩစရာကောင်းသည့် မိန်းကလေးမှန်းလဲ လက်ခံမိတာကြောင့် သူသာ စောစောစီးစီး မရှင်းထုတ်ထားပါက ကုနင်း သူ့လမ်းတွင် လာပိတ်လာနိုင်ပေသည်။
“သမီး ကုနင်းသူငယ်ချင်းရဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်နဲ့တွေ့ထားတယ်။ သူတို့ကလဲ မနက်ဖြန် JadeBeautyလက်ဝတ်ရတနာဆိုင်ရဲ့ ဖွင့်ပွဲနဲ့ ပြသပွဲကိုသွားမှာ။ သမီးလဲ သူတို့နဲ့အတူလိုက်သွားမှာဆိုတော့ ကုနင်းအနားချဉ်းကပ်ဖို့ သိပ်မခက်လောက်ဘူး။” ထန်ရှင်းယွဲ့ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
“အရမ်းကောင်းတာပဲ!” ထန်ဝေ့ရုန် ကျေနပ်သွားတော့သည်။
“ဟုတ်သားပဲ၊ နေ့လည်ကပဲ အစ်ကိုက သမီးဆီကနေ ယွမ်၁သန်းတောင်းသေးတယ်။ အဖေ့ကိုမပြောဖို့တော့ ပြောထားပေမယ့် သမီးမှာကလဲ ယွမ်၁သန်းကမရှိတော့ အဖေ့ကိုပဲ ပြောရတာ။” ထန်းရှင်းယွဲ့ စိုးရိမ်သလိုပုံစံဖြင့် ပြောရင်း ထန်ဝေ့ရုန်၏ ဒေါသထွက်လာမည့်အမူအရာကို စောင့်ကြည့်လို့နေသည်။
“ဘာ? ၁သန်းတောင်လား?” ထန်ဝေ့ရုန် အမှန်တကယ်ကိုပဲ ဒေါသထွက်သွားခဲ့သည်။
“ငါသူ့ကို နှစ်သစ်ကူးတုန်းကပဲ ၁သန်းပေးထားတာလေ။ တစ်လတည်းနဲ့ ကုန်သွားပြီလား။ ဘာလို့ထပ်တောင်းရပြန်တာလဲ?”
ယွမ်၁သန်းဆိုသည်မှာ ထန်ဝေ့ရုန်အတွက်တော့ ပြောပလောက်သည့် ပမာဏမဟုတ်သော်လည်း သူရှာထားသည့် ငွေကို သူ့သားက ဖြုန်းတီးပစ်မည်ကိုတော့ လက်မခံပေ။ သူ့ရည်မှန်းချက်များအတွက် ငွေကိုလိုအပ်နေသေးကာ သူ့သားသည်တော့ အသုံးအဖြုန်းကြီးသူတစ်ယောက် ဖြစ်နေခဲ့သည်။
“ဘာကိစ္စအတွက် ငွေလိုတာလဲဆိုတာကောပြောသေးလား?” ထန်ဝေ့ရုန် အေးစက်လှသည့် အသံဖြင့် မေးလိုက်သည်။
“သူ မိန်းမတစ်ယောက်နဲ့အိပ်လိုက်ပြီး အဲ့ဒီမိန်းမရဲ့ ချစ်သူလက်ထဲမိသွားတယ်လို့ပြောတယ်။ အဲ့လူက Yနိုင်ငံ မာဖီးယားဂိုဏ်းက အငယ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်နေလို့ သူ ယွမ်၁သန်းပေးရမယ်တဲ့။” ထန်ရှင်းယွဲ့ပြန်ဖြေလိုက်သည်။
***
အခန်း ၆၆၂
အစ်ကိုရင်းကို လုပ်ကြံခြင်း
ထန်ဝေ့ရုန် ဒေါသထွက်ကာ စားပွဲခုန်ကို ရိုက်ချလိုက်ပြီး၊
“အဓိပ္ပါယ်မရှိလိုက်တာ!”
ထန်ရှင်းယွဲ့ ကြောက်ရွံ့စွာပင့်သက်ရှိုက်လိုက်မိပေမည့် သူမအဖေက သူမအစ်ကိုကို ပိုပြီးစိတ်ပျက်လာနေပြီဖြစ်ကာ ထန်မိသားစု၏အနာဂါတ်မှာလဲ သူမလက်ထဲသို့ ကျရောက်လာနိုင်ချေများလာတာကြောင့် နှလုံးသားထဲတွင်တော့ ကျိတ်ပျော်ရွှင်နေမိသည်။
ဒါကလဲ သူမအမှားမဟုတ်ပေ။ သူမငယ်ငယ်လေးကတည်းက မိသားစုဝင်များက သားယောက်ျားလေးကိုသာ ပိုတန်ဖိုးထားတာကြောင့် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ခဲ့ရသည်။ သူမ၏အစ်ကို အသုံးအဖြုန်းကြီးသူဖြစ်လာခြင်းက သူမမိဘများ အလိုလိုက်ဖျက်ဆီးခြင်းကြောင့်ဖြစ်ကာ ယခုလို လက်ဖွာကာ အသုံးအဖြုန်းကြီးသူဖြစ်လာပြီးနောက်တွင်တော့ သူမအစ်ကိုကို အဖေက မျှော်လင့်ချက်မထားနိုင်တော့ပေ။ သူမအစ်ကို ပြဿနာဆက်မရှာတော့တာနှင့် ဘယ်လောက်ပဲ စီးပွားရေးအကြောင်း တစ်လုံးမျှနားမလည်ပါစေ သူမအဖေက ဆက်ခံသူအဖြစ် ရွေးချယ်ဦးမည်သာ။
သို့ပေမည့် သူမကတော့ မိန်းကလေးဖြစ်နေတာကြောင့် အမြဲတမ်း လျစ်လျူရှုခံထားရပြီး သူမအစ်ကို၏အရိပ်တစ်ခုနှယ် နေထိုင်ခဲ့ရသည်။ ထို့အတွက်ကြောင့် သူမ ထန်ဝေ့ရုန်ထံမှ အလေးပေးမှုနှင့် အာရုံစိုက်မှုရရှိစေရန် အမျိုးမျိုး အသုံးဝင်ကြောင်း သက်သေပြခဲ့သည်။
ထန်ရှင်းကျဲ့သည် ထန်ရှင်းယွဲ့၏အစ်ကိုဖြစ်ကာ သူမထံတွင် အကြိမ်ပေါင်းမနည်း ငွေတောင်းခဲ့ဖူးသည်။ သူမကလဲ သိပ်မများသ၍ ထန်ရှင်းကျဲ့ကို အလိုလိုက်ဖျက်ဆီးဖို့ရန် အမြဲပေးခဲ့ပေမည့် ဤတစ်ကြိမ်တောင်းသည့် ယွမ်၁သန်းကိုတော့ မပေးချင်ပေ။
တကယ်တော့ ယွမ်၁သန်းဆိုသည်ပမာဏကို သူမလဲ တတ်နိုင်ပေမည့် ထန်ဝေ့ရုန်ကို သူ့သားဘယ်လောက်အထိ ပြဿနာရှာထားမှန်း သိစေချင်၍ ပြောပြလိုက်ခြင်းဖြစ်သည်။ ဘယ်လောက်ပဲ ထန်ရှင်းကျဲ့အပေါ် ထန်ဝေ့ရုန် မျှော်လင့်ချက်မထားတော့ဘူးဆိုဆို ထန်ရှင်းယွဲ့အနေနှင့် သတိမလွတ်ရဲသေးပေ။
“သမီးကဒ်ထဲကို အဖေယွမ်၁သန်းလွှဲပေးလိုက်မယ်။ သမီးပဲ သူ့ကိုတစ်ဆင့်ပေးလိုက်။ နောက်ထပ်ပြဿနာထပ်မရှာတော့ဖို့လဲ သတိပေးလိုက်ဦး!” ထန်ဝေ့ရုန် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။” ထန်ရှင်းယွဲ့ ပုံမှန်မျက်နှာထားနှင့်ပင်ပြန်ဖြေလိုက်ပေမည့် တော်တော်လေးရယ်စရာကောင်းသည်ဟု တွေးမိကာ ရင်ထဲကနာကျင်သွားရသည်။ ထန်ဝေ့ရုန်၏သတိပေးချက်က အဓိပ္ပါယ်မရှိလှဟု သူမထင်မိသောကြောင့် ရယ်စရာကောင်းသည်ဟု တွေးမိခြင်းဖြစ်သည်။
ရင်ထဲနာကျင်သွားရခြင်းကတော့ ထန်ဝေ့ရုန်ဘက်က ထန်ရှင်းကျဲ့၏ပြဿနာကို ကူညီဖြေရှင်းပေးဖို့ရန်အတွက် ယွမ်၁သန်းကို လိုလိုလားလားပေးချင်နေစဲကြောင့်ဖြစ်သည်။ သူမတွင်တော့ ထိုမျှများပြားသည့် ပမာဏကို မုန့်ဖိုးအနေဖြင့် မရဖူးဘဲ သူမကိုယ်တိုင်ကြိုးစားရှာဖွေခဲ့ရသည်သာ။
ထန်ဝေ့ရုန်ဘက်က တစ်ချိန်ချိန်တွင်တော့ ထန်မိသားစု၏ပိုင်ဆိုင်မှုများထဲမှ တစ်ချို့တလေကို သူမကို အမွေဆက်ခံခွင့်ပေးနိုင်သည်မှန်း သူမသိပေမည့် အနာဂါတ်တွင် ဘာဖြစ်လာမလဲဆိုသည်ကို တရားသေမပြောနိုင်ပေ။ ထို့အတွက်ကြောင့်ပဲ ယခုအချိန်တွင်တော့ သူမအဖေမျက်လုံးထဲတွင် သူမသည် သာမာန်အသုံးဝင်သည့်လက်နက်တစ်ခုဖြစ်နေရုံသာ။
သူမဇာတ်လမ်းတွေအများကြီး ကြည့်မိထားတာကြောင့် အတွေးလွန်နေတာလဲ ဖြစ်နိုင်ပေမည့် ဘာကြောင့်ရယ်မှန်းမသိ ထန်ဝေ့ရုန်တွင် အရမ်းချစ်ရတဲ့တရားမဝင် သားတစ်ယောက်ရှိနေလောက်သည်ဟု သူမထင်နေမိသည်။ ထန်ဝေ့ရုန်သည် ဇနီးမယားအပေါ် သစ္စာရှိသည့် ယောက်ျားတစ်ယောက်မဟုတ်ဘဲ မယားငယ်များစွာရှိလေသည်။ ထိုသို့သာမဟုတ်လျှင် ဘာကြောင့်များ ထန်ရှင်းကျဲ့ကို မိန်းမတစ်ယောက် မြန်မြန်ယူကာ အမွေဆက်ခံမည့်သူ မွေးထုတ်ဖို့ရန် မတိုက်တွန်းရတာလဲ?
ထန်ဝေ့ရုန်သည် မိန်းကလေးထက် ယောက်ျားလေးကို ပို၍အလေးထားသည့် လူဖြစ်သည်။ တကယ်ပဲ သမီးမိန်းကလေးကို သူ့အမွေတွေ ဆက်ခံခွင့်ပေးတော့မလို့လား? သူမမှာသာ Yနိုင်ငံတွင် ထန်ရှင်းကျဲ့ကိုစောင့်ကြည့်ပေးဖို့ရန်အတွက် မိတ်ဆွေမရှိထားခဲ့လျှင် ထန်ရှင်းကျဲ့က တမင်တကာ ပြဿနာရှာပြီး ဘဝင်မြင့်နေသည်ဟု ဟန်ဆောင်နေခြင်းသာဖြစ်မည်ဟု တွေးမိနေဦးမည်။
ထန်ဝေ့ရုန် ယွမ်၁သန်းကို ထန်ရှင်းယွဲ့အား လွှဲပေးပြီးသည်နှင့် ထန်ရှင်းယွဲ့လဲ အခန်းထဲမှ ပြန်ထွက်လာခဲ့လိုက်သည်။
“ပြဿနာထပ်မရှာနဲ့တော့။ ယွမ်၁သန်းဆိုတာ ညီမမှာရှိသမျှအကုန်ပဲ။ နောက်တစ်ကြိမ်ဆို ထပ်မကူညီနိုင်တော့ဘူး။” ထန်ရှင်းကျဲ့ကို ထန်ရှင်းယွဲ့ဖုန်းဆက်ပြောလိုက်သည်။
“ငါ့ကို ဆုံးမမနေစမ်းပါနဲ့။ ငါလုပ်ချင်တာငါလုပ်မယ်။ နင့်ကိစ္စမဟုတ်ဘူး!” ထန်ရှင်းကျဲ့သည်တော့ ပုံမှန်အတိုင်း ဘဝင်မြင့်နေစဲသာ။ ထန်ရှင်းကျဲ့သည်လဲ သူ့ညီမကို သဘောမကျခဲ့ပေမည့် သူငွေပြတ်သွားသည့်အချိန်တိုင်း ညီမဖြစ်သူဆီသို့သာလှည့်လာခဲ့ကာ ငွေရသွားသည်နှင့် ချက်ချင်းလျစ်လျူရှုခဲ့သည်။
ထန်ရှင်းယွဲ့ကတော့ သူမအစီအစဉ်သာမရှိခဲ့လျှင် ထန်ရှင်းကျဲ့လိုသမျှကို ထုတ်ပေးနေမည်မဟုတ်ပေ။
၅မိနစ်လောက်အကြာတွင်တော့ ထန်ရှင်းယွဲ့ထံသို့ နိုင်ငံခြားဖုန်းနံပါတ်တစ်ခု ဝင်လာခဲ့သည်။
“ဟလို၊ အီရင်းနတ်ဘုရားမ၊ ငါငွေရလာပြီ။” ထန်ရှင်းယွဲ့ဖုန်း ကိုင်လိုက်သည်နှင့် တစ်ဖက်မှအမျိုးသားက ပြောလာခဲ့သည်။
အီရင်းသည် ထန်ရှင်းယွဲ့၏အင်္ဂလိပ်နာမည်ဖြစ်သည်။ သူမတို့မိသားစုသည် Yနိုင်ငံတွင် ဆယ်စုနှစ်ကျော်နေထိုင်ခဲ့ကြသည်။ လွန်ခဲ့သည့်နှစ်ဝက်ကမှသာ သူမလဲ ပညာသင်ယူလို့ပြီးခဲ့တာကြောင့် သူမဖခင် နှစ်ရှည်လများစီမံနေခဲ့သည့် ကြံစည်မှုကြီးကို ကူညီရန်အတွက် အိမ်ပြန်လာခဲ့ကြခြင်းဖြစ်သည်။
ထန်ရှင်းကျဲ့ကိုတော့ ပြဿနာရှာနေမည်စိုးတာကြောင့် သူမတို့နှင့်အတူ အိမ်ပြန်မခေါ်ခဲ့ပေ။ တကယ်တော့ ထန်ရှင်းကျဲ့ကလဲ Yနိုင်ငံမှ သူငယ်ချင်းများနှင့် စည်းစိမ်အပြည့်ရှိသောဘဝကို ပျော်မွေ့ကာ အိမ်မပြန်လိုခဲ့ပေ။
ထိုစကားကြောင့် ထန်ရှင်းယွဲ့ ကျေနပ်စွာပြုံးလိုက်ပြီး၊
“ကောင်းတယ်။ ယွမ်၁သန်းကို ရန်ပုံငွေထဲထည့်ထားလိုက်ပါ။”
“ဟုတ်ပြီ၊ ကိုယ့်နတ်ဘုရားမလေးရေ ကိုယ်မင်းပြန်လာတာကို မျှော်နေတယ်နော်။ မင်းနဲ့အတူအိပ်ရတဲ့ခံစားချက်လေးကို လွမ်းနေပြီ။” တစ်ဖက်မှ အမျိုးသားက ပရောပရည်လေသံဖြင့်ပြောလာသည်။
ထန်ရှင်းယွဲ့သည်လဲ စိတ်တိုမသွားသည့်အပြင် ပြုံးလိုက်ကာ၊
“တောင်းပန်ပါတယ်။ ကျွန်မအခုတလောတော့ အရမ်းအလုပ်များနေမှာ!”
“ထားပါလေ။ ကိစ္စတွေအဆင်ပြေပါစေ။”
“ကျေးဇူးပါ။” ထန်ရှင်းယွဲ့ ရည်မှန်းချက်တို့ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ဖုန်းချလိုက်သည်။
ထိုအမျိုးသားကတော့ ဘိုဝမ်ဖြစ်ကာ Yမြို့မာဖီးယားဂိုဏ်း၏ အငယ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ထန်ရှင်းယွဲ့၏သူငယ်ချင်း၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်လဲဖြစ်သလို ချစ်သူလဲဖြစ်သည်။ သူတို့၏စီးပွားရေးကတော့ မူးယစ်ဆေးရောင်းဝယ်ရေးပင်ဖြစ်ကာ ထန်ရှင်းယွဲ့လဲ ထိုလုပ်ငန်းမှနေပြီး ဝင်ငွေအတော်ကောင်းလှသည်။
သူမသည် မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦးဖြစ်ပေမည့် ကိုယ်တိုင်ကတော့ ဆေးမသုံးပေ။ ဤလုပ်ငန်းသည် ဆိုးကျိုးများစွာရှိလှပေမည့် Yနိုင်ငံတွင်တော့ ဤလုပ်ငန်းနှင့်ပတ်သတ်လို့ စည်းကမ်းသိပ်မတင်းကြပ်ပေ။
သူမယခုလို မူးယစ်ဆေးကုန်သူသွယ်သူဖြစ်လာခြင်းမှာ သူမဖခင်က နေ့စဉ်အသုံးစားရိတ်မှလွဲ၍ ငွေလုံလုံလောက်လောက် ပေးမသုံးခဲ့ဖူးခြင်းကြောင့်ပင်။ ထို့အတွက်ကြောင့် သူမ၏ဂုဏ်သိက္ခာတို့ကို စွန့်လွှတ်ကာ ဘိုဝန်နှင့်တွေ့ဆုံခဲ့ခြင်းပင်။ သို့ပေမည့် အခုလို တရားမဝင်စီးပွားရေးလုပ်ငန်းတစ်ခုတွင် ပါဝင်ပတ်သတ်နေရသည့်အတွက်တော့ သူမမပျော်ရွှင်ရပေ။
ထန်ဝေ့ရုန်ကတော့ ထိုအကြောင်းလုံးဝမသိထားပေ။ ထန်ရှင်းကျဲ့အပေါ် မျှော်လင့်ချက်မဲ့လာသည့်အချိန်တွင်မှ သူမအပေါ် စတင်အာရုံထားလာခြင်းဖြစ်သည်။
……..
ဖန်ရွှယ်ချင်သည် ကုမန့်ကိုထိခိုက်စေရန် အမြဲတမ်းကြံရွယ်နေပေမည့် ကုမန့်သည် နေ့တိုင်း ထန်အိမ်တော်တွင်သာ ရှိနေခဲ့တာကြောင့် အခွင့်အရေးမရခဲ့ပေ။
ပြီးခဲ့သည့်ရက်များအတွင်း သူမပုံမှန်အတိုင်းသာ နေထိုင်ခဲ့ပြီး သူငယ်ချင်းများနှင့် ဈေးဝယ်ထွက်ကာ လျှောက်သွားနေခဲ့သည်။
ဤအချိန်တွင်တော့ ဖန်ရွှယ်ချင် ဝူကျင်းယီနှင့်အတူ စားသောက်ဆိုင်တစ်ခုတွင် ညစာစားနေခဲ့သည်။
ဝူကျင်းယီက JadeBeautyလက်ဝတ်ရတနာဆိုင်ဖွင့်ပွဲအကြောင်း အခြားလူများမှ သတင်းကြားခဲ့ရကာ ဖန်ရွှယ်ချင်ကို ပြန်မေးခဲ့သည်။
“ရွှယ်ချင်၊ မနက်ဖြန်JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက Bမြို့ဆိုင်ခွဲဖွင့်တော့မယ်တဲ့။ အဆင့်မြင့်လက်ဝတ်ရတနာအမှတ်တံဆိပ်လေ။ နင်ရောသွားကြည့်ချင်လား?”
***
အခန်း ၆၆၃
မျှော်လင့်ချက်မဲ့
“JadeBeautyလက်ဝတ်ရတနာဆိုင်? ငါတစ်ခါမှမကြားဖူးဘူး။ တံဆိပ်အသစ်လား? ငါတော့စိတ်မဝင်စားဘူး။” ဖန်ရွှယ်ချင်ပုံမှာ အလွန်အထင်သေးနေမှန်း သိသာလှသည်။ သူမသည် ဖန်မိသားစုမှ မွေးဖွားလာသူဖြစ်ကာ နိုင်ငံတကာအမှတ်တံဆိပ်များကိုသာ အသုံးပြုသူဖြစ်သည်။
JadeBeautyလက်ဝတ်ရတနာသည် အဆင့်မြင့် ကျောက်စိမ်းလက်ဝတ်ရတနာများဆိုလျှင်ပင် သိပ်ပြီးမကျော်ကြားတာကြောင့် သူမ၏အဆင့်အတန်းနှင့်မကိုက်ညီလှပေ။
“အဲ့ဒါကအသစ်လေ။ ဒါပေမယ့် ကျောက်စိမ်းအရည်အသွေးကတော့ အရမ်းမြင့်တယ်ကြားတယ်။ ကျန်းလီဟွာရော ထန်ယွင်ရုန်ပါ အရင်နေ့က လေ့မိသားစုပွဲကိုတက်တုန်းက JadeBeautyလက်ဝတ်ရတနာတွေ ဝတ်လာကြတာ။” ဝူကျင်းယီဆက်ပြောလိုက်သည်။
“တကယ်လား?” ဖန်ရွှယ်ချင်လဲ ထိုမြင့်မြတ်သည့်အဆင့်အတန်းရှိသည့်အမျိုးသမီးနှစ်ယောက်က ရတနာတံဆိပ်အသစ်ကိုဝတ်သည်ဆိုတာကြောင့် အံ့အားသင့်သွားခဲ့သည်။
“တကယ်ပေါ့! နင်အဲ့နေ့ကစောထွက်သွားလို့၊ JadeBeautyလက်ဝတ်ရတနာက သူတို့တူမရဲ့လုပ်ငန်းလိုပြောတာ ငါကြားလိုက်တယ်။ ကျန်းလီဟွာနဲ့ ထန်ယွင်ရုန်ရဲ့တူမဆိုတော့ ထန်ယွင်ဖန်းရဲ့ သမီးဖြစ်လောက်တယ်။ ဒီလိုဆို ဖွင့်ပွဲနေကျရင် ထန်ယွင်ဖန်းလဲ လာလောက်တယ်။”
ဝူကျင်းယီသည် သူမအသက်အရွယ်အရ အင်တာနက်အသုံးများသူမဟုတ်တာကြောင့် လတ်တလော ပျံ့နေသည့်သတင်းများကို မသိပေ။ မဟုတ်လျှင်တော့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ပိုင်ရှင် ဘယ်လိုလူမျိုးလဲဆိုသည်ကို သိနေခဲ့မည်သာ။
ထိုစကားကြောင့် ဖန်ရွှယ်ချင် စိတ်မကြည်မလင်ဖြစ်သွားရသည်။
“မနက်ဖြန်ကြရင် သိရမှာပေါ့။ ထန်ယွင်ဖန်းရဲ့မိန်းမလဲ သေချာပေါက်ရောက်လာမှာပဲ။ သူဘယ်လိုပုံစံလဲဆိုတာ သိချင်မိတယ်။” ဖန်ရွှယ်ချင်၏အသံမှာ အလွန်အေးစက်လွန်းလှသည်။ ကုမန့်အကြောင်း များများပိုသိထားမှသာ လုပ်ကြံရပို၍လွယ်ကူပေလိမ့်မည်။
သူမတို့ စားသောက်ဆိုင်တွင် ကြာကြာဆက်မနေဘဲ မကြာခင်တွင်ပဲ အသီးသီးလမ်းခွဲလိုက်ကြသည်။
ဖန်ရှင်းယွဲ့ သူမကားထဲသို့ရောက်သည်နှင့် လျှိုရှင်းချီကိုဖုန်းဆက်ခေါ်ကာ သူတို့အရင်တစ်ခေါက်တွေ့ခဲ့သည့် တိုက်ခန်းတွင် လာတွေ့မည့်အကြောင်းပြောလိုက်သည်။
ပြီးခဲ့သည့်ညက ဖန်ရှင်းယွဲ့ တစ်ညတာအိပ်ဖော်အတွက် ကောင်လေးတစ်ယောက်ခေါ်ခဲ့ပေမည့် သူမစိတ်ကျေနပ်မှုမရရှိခဲ့တာကြောင့် ယနေ့ညတော့ လျှိုရှင်းချီကို ချိန်းဆိုလိုက်ခြင်းဖြစ်သည်။ လျှိုရှင်းချီဘက်ကလဲ ဖန်ရှင်းယွဲ့၏ဖိတ်ခေါ်မှုကို တုန့်ဆိုင်းခြင်းမရှိ ဝမ်းမြောက်ဝမ်းသာသဘောတူခဲ့သည်။
……….
ကုနင်းတို့သည်တော့ ထန်အိမ်တော်တွင် ခနလောက်ဆက်နေပြီး ပြန်လာခဲ့သည်။ ကုနင်းနှင့်ကုမန့်က လင်ရှောင်းထင်၏ကားနှင့်လိုက်ကာ ချောင်ယသည်တော့ ကုနင်း၏ကားကိုမောင်းလာခဲ့ပြီး သူမနှင့်ချောင်ဝမ်ရှင်းလိုက်လာခဲ့သည်။
……
တစ်ချိန်တည်းတွင်ပဲ ကျန်းယွေ့ချင်လဲ သူ့အိမ်သူပြန်လာခဲ့ကာ ဝမ်းနည်းနေပုံရလေသည်။ ကျန်းယွေ့ချင်၏ပုံစံက အရင်ကထက်ပင် ဘယ်လောက်တောင် အခြေအနေဆိုးနေလဲကို ခံစားမိလိုက်တာကြောင့် ထန်ချင်းယန် မျက်မှောင်ကြုတ်လိုက်မိသည်။ ပြီးခဲ့သည့်နှစ်ရက်လုံး ကျန်းယွေ့ချင်၏အမူအရာမှာ ဗလာဖြစ်နေခဲ့ပေမည့် ယနေ့တွင်တော့ အတော်လေးနာကျင်နေပုံရသည်။ ကုနင်းကြောင့်ပဲလား?
“ဘာဖြစ်လာတာလဲ?” ထန်ချင်းယန် စိုးရိမ်ပူပန်စွာဖြင့်မေးလိုက်သည်။
“ဒီနေ့ ငါ့အဖိုးရုတ်တရက်ကြီး သတိလစ်သွားတယ်။ ဦးနှောက်သွေးခဲ့တာတဲ့။” ကျန်းယွေ့ချင်ပြန်ဖြေလိုက်သည်။
“ဘာ?” ထန်ချင်းယန်လဲ ထိတ်လန့်သွားသည်။ အစတုန်းကတော့ ကုနင်းကြောင့် ကျန်းယွေ့ချင် ဝမ်းနည်နေခြင်းဟု သူထင်ခဲ့ခြင်းသာ။ သို့ပေမည့် သခင်ကြီးကျန်း အသက်အန္တရာယ်ရှိနေခြင်းဖြစ်လို့နေသည်။
“အခုရော အဖိုးဘယ်လိုနေသေးလဲ?” စိုးရိမ်မှုအပြည့်ဖြင့် ထပ်မေးလိုက်ပြန်သည်။
“အခုတော့ အဆင်ပြေသွားပါပြီ။”
“အာ၊ နောက်တစ်ခုရှိသေးတယ်။” ကျန်းယွေ့ချင် ထပ်ပြောလိုက်သည်။
“ဘာလဲ?” ထန်ချင်းယန် စိတ်က ထိုနောက်တစ်ခုကြောင့် ကျန်းယွေ့ချင် ဤမျှ စိတ်ထိခိုက်နေခြင်းဖြစ်လောက်မည်ဟု ခံစားလိုက်ရသည်။
“ကုနင်းမှာ ချစ်သူရှိတယ်တဲ့။” ထိုစကားလုံးလေးကပင် ကျန်းယွေ့ချင် ပြောနေစဉ်မှာပဲ ဘယ်လောက်တောင် စိတ်ထိခိုက်နေကြောင်း ဖော်ပြလို့နေသည်။
“တကယ်လား…” ထန်ချင်းယန် အံ့ဩသွားရသည်။ သူ့အမြင်တွင်တော့ ကုနင်းသည် ချစ်သူထားဖို့ရန် အလွန်ငယ်လွန်းနေသည်။
“ကုနင်းက တော်တော်ငယ်သေးတာဆိုတော့ သူတို့ဆက်ဆံရေးက သိပ်မမြဲလောက်ပါဘူး။ မင်း သူ့ကိုတကယ်ကြိုက်ရင် စောင့်လိုက်ပေါ့။” ထန်ချင်းယန် သူ့သူငယ်ချင်းကို နှစ်သိမ့်ပေးလိုက်သည်။
“မရဘူး။” ကျန်းယွေ့ချင် အလွန်စိတ်ပျက်နေသည့်အပြုံးဖြင့် ခေါင်းယမ်းလိုက်သည်။
“လုံးဝမျှော်လင့်ချက်မရှိတော့ဘူး။ သူ့ချစ်သူက လင်မိသားစုရဲ့အကြီးဆုံးမြေး လင်ရှောင်းထင်ပဲ။”
“ဘာ?” ဤတစ်ခါတော့ ထန်ချင်းယန် လုံးဝမှင်သက်သွားတော့သည်။ သူလင်ရှောင်းထင်နှင့်မသိသော်လည်း နာမည်ကိုတော့ ကြားဖူးနေခဲ့သည်။
ဒီလိုဆို ကျန်းယွေ့ချင်က လင်ရှောင်းထင်၏နောက်ခံမိသားစုကို လုံးဝမယှဉ်နိုင်ဘူးပဲ။
“လင်မိသားစုကကော သဘောတူလား? သူတို့နှစ်ယောက် အသက်အရမ်းကွာလွန်းတယ်လေ။” ထန်ချင်းယန် သံသယဝင်မိသည်။ ကုနင်းဘယ်လောက်ပဲ ထူးချွန်ပါစေ သာမာန်မိသားစုမှ မွေးဖွားလာခြင်းသာ။ ဒါတင်မကသေး ဘယ်အင်အားကြီးမိသားစုဖြစ်ဖြစ် လိုက်ဖက်ညီသည့် လက်ထပ်ပွဲကိုသာ လိုလာကြလေသည်။
“သခင်ကြီးလင်က ကုနင်းကို အရမ်းသဘောကျနေပြီးပြီ! သခင်ကြီးရှုက လင်ရှောင်းထင်ရဲ့ချစ်သူကို ရှုကျင်းချန်ကို လုခိုင်းမယ်လို့ နောက်တာကိုတောင် သခင်ကြီးလင်က ဒေါသထွက်သွားသေးတာ!”
သခင်ကြီးလင် ကုနင်းကို အမှန်တကယ် သဘောကျနေသည်က ငြင်းဆန်လို့မရနိုင်တော့သည့် အမှန်တရားသာဖြစ်သည်။
ဒီလိဆိုတော့လဲ ထန်ချင်းယန်တစ်ယောက် ဘာပြောလို့ပြောရမှန်းမသိတော့ဘဲ သူ့သူငယ်ချင်းကြီးကို ထပ်ပြီးနှစ်သိမ့်ပေးရတော့ပြန်သည်။
“ထားလိုက်ပါကွာ၊ အချိန်က ကုစားပေးသွားလိမ့်မယ်။”
လင်မိသားစုမှလူတစ်ယောက်ကို ကျန်းယွေ့ချင် လုယူဖို့ရန်က မဖြစ်နိုင်ပေ။
ကျန်းယွေ့ချင်လဲ စိတ်ပျက်လက်ပျက်ဖြင့်သာ ပြုံးလိုက်တော့သည်။ အချိနက ကုစားပေးသွားမည်မှန်း သူသိပေမည့် အခုတော့ နာကျင်နေရစဲသာ။
……
ကုနင်းတို့အားလုံး ဟွားဖုတောင်ကုန်းသို့ရောက်ချိန်တွင် လင်ရှောင်းထင်ကတော့ အရင်အခန်းတွင်ပဲ နေကာ ချောင်ယအတွက်ကိုတော့ ကုမန့်အသစ်ပြင်ဆင်ပေးသည်။
ထိုညတွင်တော့ လင်ရှောင်းထင် သူ့အခန်း၌ပင် တစ်ယောက်တည်း အိပ်ခဲ့ကာ ကုမန့်အမြင်တွင် သူ့ပုံရိပ်ပျက်စီးသွားမည်စိုး၍ ကုနင်းအခန်းထဲသို့ ခြေချော်ပြီးတောင် မသွားရဲခဲ့ပေ။
နောက်တစ်နေ့တွင်တော့ ကုနင်း မနက်ခင်းထမပြေးဘဲ ၇နာရီလောက်မှ ထခဲ့သည်။ လင်ရှောင်းထင်သည်တော့ မနက်စောစောထကာ သူမတို့အားလုံးအတွက် မနက်စာပြင်ပေးထားခဲ့သည်။
“အို၊ ရှေားထင်၊ မနက်စာပြင်ဖို့ အစောကြီးထနေတာလား!” ကုမန့်အံ့အားသင့်သွားကာ အနည်းငယ်ရှက်ရွံ့သွားသည်။ သူမအနေနှင့် ဧည့်သည်ကို ချက်ပြုတ်မခိုင်းသင့်ပေ။
“ကျွန်တော်တို့က မိသားစုတွေက ဒီလောက်ကမပြောပလောက်ပါဘူး။”
ကုမန့် ရုတ်တရက်ကြောင်အသွားပြီးမှ ပြုံးလိုက်မိသည်။ မိသားစုလို့ပြောဖို့ရန်က စောလွန်းနေသေးပေမည့် အနှေးနှင့်အမြန်ဖြစ်လာတော့မည်သာ။ ထို့အပြင် လင်ရှောင်းထင် ယခုလို စောစောထက သူမတို့အတွက် မနက်စာပြင်ပေးနေသည်ကို မြင်ရသည့်အတွက်လဲ ကုမန့်ပျော်ရွှင်နေခဲ့သည်။ အခုလို ထမင်းဟင်းချက်သည့် ယောက်ျားလေးမှာ ယခုခေတ်တွင် အနည်းအကျဉ်းသာရှိတော့လေသည်။
***
အခန်း ၆၆၄
Bမြို့ဆိုင်ဖွင့်ပွဲ
ချောင်ဝမ်ရှင်းလဲ ကုနင်းတို့နှင့်အတူ မနက်စာလာစားကာ ထို့နောက်တွင်တော့ အားလုံးအတူ အိမ်မှထွက်လာခဲ့ကြသည်။ သို့ပေမည့် ချောင်ဝမ်ရှင်းသည်တော့ သူမသူငယ်ချင်းများကိုပါ သွားကြိုရဦးမည်ဖြစ်တာကြောင့် တစ်ယောက်တည်းခွဲသွားခဲ့သည်။
ကုနင်းတို့အုပ်စု လက်ဝတ်ရတနာဆိုင်သို့ရောက်ချိန်တွင်တော့ ၉နာရီထိုးခါနီးနေပြီဖြစ်ကာ ဖွင့်ပွဲအခမ်းအနားစတင်ဖို့ တစ်နာရီလောက်ပင်လိုတော့သည်။ သို့ပေမည့် ဆိုင်အပြင်ဘက်တွင်တော့ လာရောက်ကြည့်ရှုသူများနှင့် သတင်းထောက်များစွာ စောင့်ဆိုင်းနေကြပြီဖြစ်သည်။
“ကြည့်လိုက်၊ အဲ့ဒါ မိန်းကလေးကုမဟုတ်လား?” တစ်စုံတစ်ဦးမှနေပြီး စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
ထိုစကားကြောင့် အခြားလူများလဲ ချက်ချင်းပင် ထိုလူညွှန်ပြရာသို့ လှမ်းကြည့်ကုန်ကြသည်။
“ဟုတ်သားပဲ၊ ကုနတ်ဘုရားမအစစ်ပဲ!”
ထိုမိန်းမငယ်လေးက ကုနင်းမှန်း အတည်ပြုပြီးသွားသည်နှင့် လူများပို၍စိတ်လှုပ်ရှားကုန်ကာ ကုနင်းကို ဓါတ်ပုံဝိုင်းရိုက်ကြတော့သည်။ သတင်းထောက်များသည်လဲ ကုနင်းကို မေးမြန်းရန်အတွက် အပြေးအလွှား အပြိုင်အဆိုင် တိုးဝှေ့ကြလေသည်။
လူအုပ်ကြီးကြောင့် ကုမန့်လန့်သွားမည်စိုး၍ ကုနင်းနှင့်ချောင်ယတို့ ကုမန့်ကို သူတို့နောက်တွင်ထားကာ ကာကွယ်လိုက်ကြသည်။
ကုမန့်အနည်းငယ် အံ့ဩသွားခဲ့ပေမည့် လန့်တော့မလန့်မိပေ။
“မိန်းကလေးကု၊ ကျွန်တော်တို့ မိန်းကလေးကို အင်တာဗျူးလို့ရမလား?”
ကုနင်းရှိရာသို့ မိုက်များစွာ ရောက်ရှိလာကာ ကင်မရာများမှ အလင်းတန်းများကလဲ ဆက်တိုက်ဆိုသလို တဖျတ်ဖျတ်လင်းလက်လို့နေသည်။
“ရပါတယ်၊ ဒါပေမယ့် အခုတော့မဟုတ်သေးဘူး။ ခနနေရင် စည်းဝေးပွဲခန်းမမှာ လူစုပေးထားကြပါ၊ ကျွန်မ ရှင်တို့မေးခွန်းတွေကို ဖြေဖို့လာခဲ့ပေးပါ့မယ်။” ကုနင်းအပြုံးလေး တစ်ပွင့်ဖြင့် ပြန်ဖြေလိုက်သည်။
ကုနင်းကိုယ်တိုင်က ထိုသို့ပြောလာတာကြောင့် သတင်းထောက်များလဲ အတင်းတိုးမနေတော့ဘဲ ကုနင်းကို ဖြတ်သွားဖို့ရန် လမ်းဖွင့်ပေးလိုက်သည်။
“ဝါး၊ ကုနတ်ဘုရားမက အရမ်းသဘောကောင်းတာပဲ။ ဓါတ်ပုံတွေထက်မှာထက်လဲ ပိုတောင်ချောသေးတယ်။”
“ဟုတ်ပါ့၊ သူကတော့ တကယ့်အံ့ဖွယ်မိန်းကလေးပဲ!”
“ဒီလောက်ငယ်ငယ်လေးနဲ့တောင် အောင်မြင်မှုတွေအများကြီးရနေပြီ!”
တစ်ချိန်တည်းတွင်ပဲ မိန်းကလေးတော်တော်များများသည် ကုနင်းဘေးမှ လင်ရှောင်းထင်ကိုလဲ သေချာပေါက် သတိထားမိကြပေသည်။
“မိန်းကလေးကုဘေးနားက ယောက်ျားက အရမ်းခန့်ညားတာပဲ!”
“အဲ့လူက ကုနတ်ဘုရားမရဲ့ အစ်ကိုလား ချစ်သူလားပဲ။”
“ကုနတ်ဘုရားမက အခုက ၁၈နှစ်တည်းရှိသေးတာဆိုတော့ အစ်ကိုပဲဖြစ်မှာပါ။”
“သူ့အသက်ကဘာဖြစ်နေလို့လဲ? ၁၈နှစ်က ရည်းစားထားဖို့ အရမ်းစောတယ်လို့ ငါတော့မထင်ပါဘူး။”
“ချစ်သူပဲဖြစ်ရမယ်။”
ကုမန့်ကို ဆိုင်ထဲမှ နားနေခန်းဆီသို့ ခေါ်သွားပေးရန် ချောင်ယကို ကုနင်းမှာလိုက်ပြီး သူမကတော့ လင်ရှောင်းထင်နှင့်အတူ အပေါက်ဝတွင်ပဲ ဧည့်သည်များကို ကြိုဆိုနေခဲ့သည်။ မိန်းကလေးအများစုသည် လင်ရှောင်းထင်ကို အာရုံထားနေကြပေမည့် သူတို့ဘက်က ယဉ်ယဉ်ကျေးကျေးနှင့် လင်ရှောင်းထင်နားမချဉ်းကပ်သ၍ ကုနင်း သဝန်မတိုပေ။
အချိန်ကုန်လာသည်နှင့်အမျှ ကုနင်းထံသို့ ဂုဏ်ပြုပန်းလက်ဆောင်ကိုယ်ဆီနှင့် ရောက်ရှိလာသည့်ဧည့်သည်များ ပို၍ပို၍များပြားလို့လာသည်။
“မင်္ဂလာနံနက်ခင်းပါ၊ မိန်းကလေးကု! ဒီတစ်ခေါက်လဲ ဖိတ်စာမရဘဲ လာမိလို့လို့ တောင်းပန်ပါတယ်။”
ထိုသူကတော့ ကျောင်းယွဲ့ဖန်ပင်ဖြစ်သည်။ ကုနင်း ဒီနေ့ သူမဆိုင်ဖွင့်ပွဲရှိသည်ဟု ကျောင်းယွဲ့ဖန်ကို မပြောထားသော်လည်း သူကတော့ သတင်းများကြားပြီးနောက် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ကျောင်းယွဲ့ဖန်နှင့်အတူ သူ၏အတွင်းရေးမှူးနှင့် ယာဉ်မောင်းသည်လဲ ပန်းစည်းကြီးနှစ်ခုဖြင့် ပါလာလေသည်။
“တွေ့ရတာဝမ်းသာပါတယ်၊ ဥက္ကဌကျောင်း၊ ကြိုဆိုပါတယ်!” ကုနင်း ချက်ချင်း ကျောင်းယွဲ့ဖန်နားသွားလိုက်ကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ ဥက္ကဌကျောင်း။”
“တွေ့ရတာဝမ်းသာပါတယ်၊ မန်နေဂျာကျိုး။”
ကျိုးကျန်းဟုန်လဲ ရောက်လာကာ အချင်းချင်းနှုတ်ဆက်လိုက်ကြသည်။
ကျောင်းယွဲ့ဖန်သည် ထင်ရှားကျော်ကြားသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမဟုတ်တာကြောင့် သူရောက်လာသည့်အပေါ် အခြားလူများ သိပ်မအံ့ဩမိကြပေ။
ထို့နောက်တွင်တော့ ရှုကျင်းချန်နှင့်ရှင်းပိုင်ရောက်ရှိလာကာ အနီးပတ်ဝန်းကျင်ကို စိတ်လှုပ်တရှားဖြစ်သွားစေသည်။
“ဟိုင်း၊ ကုနင်း!” သူတို့နှစ်ဦးလုံး ကုနင်းကို တပြိုင်တည်း နှုတ်ဆက်လိုက်ကြသည်။ သူတို့နှစ်ယောက်ကတော့ ပန်းများမယူလာပေမည့် တန်ဖိုးကြီးလက်ဆောင်များကိုတော့ ပြင်ဆင်လာခဲ့သည်။
“ကုနင်း၊ ငါတို့ကို မော်ဒယ်အဖြစ် သုံးချင်သေးလား?” ရှုကျင်းချန် စနောက်လိုက်သည်။
“ကျေးဇူးပဲ၊ မလိုတော့ဘူး။ အထဲမှပဲ ဝင်ထိုင်နေကြပါ။”
“ရပါတယ်၊ ငါတို့လဲ ဒီမှာပဲ ရပ်ကူပါ့မယ်။” ရှုကျင်းချန် အထဲမသွားချင်တာကြောင့် ကုနင်းတို့နှင့်အတူ ဆက်ရပ်ပေးနေခဲ့သည်။
ခဏအကြာတွင်တော့ စစ်မင်နှင့် ချိုးယွီရှင်းရောက်ရှိလာခဲ့သည်။
ချိုးယွီရှင်းသည်က နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်သော်လည်း မော်ဒယ်အလုပ်မှာ သူမ၏ဝါသနာတစ်ခုသာဖြစ်တာကြောင့် သူမ၏အချစ်ရေးကို ဖွင့်ချပြဖို့ရာ ကြောက်ရွံ့ခြင်းမရှိပေ။
ချိုးယွီရှင်းသည်လဲ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖွင့်ဖို့ထားခဲ့သည်။ သူမကိုယ်တိုင်က မော်ဒယ်တစ်ယောက်ဖြစ်ရသည်ကို သဘောကျသလို ဖျော်ဖြေရေးနယ်ပယ်ကိုလဲ မြတ်နိုးတာကြောင့် ကိုယ်တိုင်ပိုင်ရှင်တစ်ယောက်လုပ်ဖို့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“သူက နာမည်ကြီးမော်ဒယ်၊ ချိုးယွီရှင်းမဟုတ်လား?”
“ဟုတ်သားပဲ! သူ့ဘေးက ယောက်ျားက ချစ်သူများလား?”
“ဖြစ်နိုင်တယ်။”
ထိုစုံတွဲကြောင့် သတင်းထောက်များပြန်ပြေးလာကြပြန်သည်။
သတင်းထောက်များပြေးလာသည်နှင့် စစ်မင်က ချက်ချင်းပင် ချိုးယွီရှင်းကိုကြာကွယ်လိုက်ပေမည့် တိမ်းရှောင်ခြင်းတော့မပြုပေ။ သတင်းထောက်များ အရမ်းမကပ်လာစေရန်သာ ဟန်ဆောင်ကာကွယ်ပြခြင်းဖြစ်သည်။
သတင်းထောက်များသည်လဲ ဤကဲ့သို့ဟန်ပန်ကို ရင်းနှီးနေပြီဖြစ်တာကြောင့် သိပ်မကပ်တော့ဘဲ သိလိုသမျှကိုသာ မေးမြန်းတော့သည်။
“မိန်းကလေးချိုး၊ မင်းဘေးကလူက မင်းရဲ့ချစ်သူလားဆိုတာ ပြောပြပေးလို့ရမလား?”
“ဟုတ်ပါတယ်၊ သူက ကျွန်မချစ်သူပါ။” ချိုးယွီရှင်း ချက်ချင်းပင်ပြန်ဖြေလိုက်တာကြောင့် သတင်းထောက်များအံ့ဩသွားကြရသည်။
“မင်းချစ်သူက တကယ်ကိုခန့်ညားပြီး မင်းတို့နှစ်ယောက် အရမ်းကို ချောမောလိုက်ဖက်တဲ့စုံတွဲပါပဲ။ ဒါပေမယ့် မင်းရဲ့အချစ်ရေးကြောင့် ကိုယ့်အလုပ် ထိခိုက်မှာကို မစိုးရိမ်ဘူးလား?” သတင်းထောက်တစ်ဦးက ထပ်မေးလိုက်သည်။
“မစိုးရိမ်ပါဘူး။”
“မိန်းကလေးချိုး၊ မင်းက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းပိုင်ရှင်ရဲ့ သူငယ်ချင်းများလား?” နောက်ထပ်သတင်းထောက်တစ်ဦးက ထပ်မေးလိုက်ပြန်သည်။
“ဟုတ်ပါတယ်။” ချိုးယွီရှင်း အပြုံးလေးနှင့်ပဲ ထပ်ဖြေပေးလိုက်ပြီးနောက်၊
“အားလုံး ကျေးဇူးတင်ပါတယ်၊ အခုတော့ ကျွန်မတို့သွားဖို့ လမ်းလေးဖွင့်ပေးပါဦး။”
ထိုစကားကြောင့် သတင်းထောက်များလဲ ချက်ချင်း လမ်းဖွင့်ပေးလိုက်ကြသည်။
စစ်မင်နှင့်ချိုးယွီရှင်းတို့လဲ လက်ဆောင်များယူလာခဲ့ကြသည်။
ချိုးယွီရှင်းသည် ယနေ့ပွဲအတွက် မော်ဒယ်များထဲတစ်ဦးအပါအဝင်ဖြစ်တာကြောင့် သူမကို အထဲတွင် သွားအနားယူနေရန် ကုနင်းပြောလိုက်သည်။
ထို့နောက်တွင်တော့ ချောင်ဝမ်ရှင်းနှင့်အတူ ကုနင်းနှင့်အရင်ကတွေ့ဖူးခဲ့သည့် သူငယ်ချင်းများရောက်ရှိလာခဲ့သည်။
ကောင်းချန်ယွင်၊ အန်းယန်၊ ကျန်းကျီကျန့်၊ ကျူးယွမ်ကျန်း နှင့် လင်ရှောင်းထင်ကို ခိုးယူဖို့ရန် အမြဲတွေးနေသည့် ထုံကျားယောင်တို့ပင်ဖြစ်သည်။ သူတို့လဲ လွန်ခဲ့သည့် ရက်ပိုင်းကမှ ကုနင်းအကြောင်းများကို ကြားသိရခဲ့ကာ အလွန်အံ့အားသင့်ခဲ့ကြရသည်။
ထုံကျားယောင်ပင်လျှင် ကုနင်းနှင့် အချစ်ကိုပြိုင်လုရာမှာ အောင်မြင်နိုင်ပါ့မလားဟု အနည်းငယ် သံသယဝင်နေပေပြီ။
တကယ်တမ်း ထုံမိသားစုသည် ယွမ်၁၀ဘီလီယံကျော်ကြွယ်ဝသည့် မိသားစုဖြစ်ကာ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းအနေနှင့် လုံးဝမယှဉ်နိုင်သလို သူမသည်က ထိုမိသားစု၏အမွေခံဖြစ်နေသေးသည်။
ယခင်အချိန်တုန်းကဆိုလျှင် သူမသည် ရှာမှရှားသည့် သန်မာကာ အရည်အချင်းရှိသည့် မိန်းကလေးဆိုသည့် ဂုဏ်ပုဒ်နှင့် နေသားကျနေခဲ့ကာ သူမနှင့်လင်ရှောင်းထင်ဆိုလျှင်လဲ အလွန်လိုက်ဖက်ညီသည့်တွဲဖက်ဖြစ်မည်ဟု တွေးခဲ့သည်။ သို့ပေမည့် ကုနင်း၏အောင်မြင်မှုများကို ကြားသိပြီးနောက်တွင်တော့ သူမတွင်က နောက်ခံမိသားစုမှလွဲ၍ ကုနင်းထက်သာသည့်အချက် ဘာမှမရှိဟု ရုတ်တရက်သိမြင်ခံစားမိသွားတော့သည်။
***
အခန်း ၆၆၅
ပြည်တွင်းလုပ်ငန်းစုကြီး၄ခု
ထုံကျားယောင်သည်တော့ မိသားစု၏ကြွယ်ဝမှုနှင့် ရှိပြီးသား ဂုဏ်ကို ဆက်ခံရမည့်သူဖြစ်ကာ ကုနင်းသည်တော့ ကိုယ်ပိုင်အစွမ်းအစဖြင့် အရာရာတိုင်းကို ကြိုးစားရယူထားခြင်းသာဖြစ်တာကြောင့် ထိုအချက်များမှာကတည်းက သူမတို့ကြားမှ အရည်အချင်းချင်း မည်မျှပင် ကွာခြားကြောင်း ပေါ်လွင်လို့နေပေသည်။ ထို့အပြင် ကုနင်းသည် ချင်ဟွာလုပ်ငန်းစုနှင့်လဲ ကောင်းမွန်သည့်ဆက်ဆံရေးရှိထားသည်။ ဤမှာ သူမနှင့်ချင်ဂိုဏ်းအဆက်အသွယ်ရှိသည်ဟု ဆို၍တော့မရသော်လည်း ထိတ်လန့်စရာသတင်းတစ်ပုဒ်ဖြစ်ဖို့ရန် လုံလောက်ပေပြီ။ ထို့အတွက်ကြောင့် ထုံကျားယောင်တစ်ယောက် လင်ရှောင်းထင်ကို ချဉ်းကပ်ဖို့ရန်း တွန့်ဆုတ်လို့နေတော့သည်။
“ငါရောက်ပြီ။” ချောင်ဝမ်ရှင်း ရောက်ရောက်ချင်း ကုနင်းကိုပြောလိုက်ခြင်းဖြစ်သည်။
ရှင်းပိုင်သည်တော့ ချောင်ဝမ်ရှင်းတို့သူငယ်ချင်းအဖွဲ့ထဲတွင် ယောက်ျားလေးသုံးယောက် မိန်းကလေးသုံးယောက်ဖြစ်နေသည်ကို မြင်ရပြီး ကျေမနပ်ဖြစ်လို့နေသည်။ သူကတော့ သူတို့အားလုံးသူငယ်ချင်းများသာဖြစ်ကြောင်း သိပေမည့် အခြားလူများအမြင်တွင်တော့ အတွဲသုံးတွဲဟု ထင်သွားနိုင်ပေသည်။ သို့ပေမည့် သူဘယ်လောက်ပဲ မကျေမနပ်ဖြစ်နေပါစေ မထူးမခြားဟန် မျက်နှာပေးဖြင့်သာ တိတ်ဆိတ်နေခဲ့သည်။
“မိန်းကလေးကု၊ ဂုဏ်ပြုပါတယ်!” ချောင်ဝမ်ရှင်း၏ သူငယ်ချင်းများ ကုနင်းထံသို့လျှောက်လာကာ ပါလာသည့် ပန်းလက်ဆောင်များကိုပေးလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်။” ကုနင်းအပြုံးလေးဖြင့် လက်ခံလိုက်သည်။
“မိန်းကလေးကုကို ဒီလောက်အံ့ဩစရာကောင်းတဲ့မိန်းကလေးဖြစ်မယ်လို့ မထင်ထားမိဘူး! မင်းကို သာမာန်အထက်တန်းကျောင်းသူတစ်ယောက်ပဲလို့ တွေးထားမိတာ။” ကောင်းချန်ယွင်ကဆိုသည်။
“ဟုတ်တယ်! သူတို့နဲ့ဆိုရင် ငါကသာအောင်မြင်တဲ့ လုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်လို့ ထင်နေကြဆိုတော့ ကြွားတောင်ကြွားမိသွားသေးတယ်။ မိန်းကလေးကုရဲ့ အောင်မြင်မှုသတင်းတွေကို ကြားတော့မှ တော်တော်လေးရှက်သွားတာ။” ထုံကျားယောင်လဲ ပြုံးရင်းပြောလိုက်သည်။ အခုချိန်တွင်တော့ ကုနင်းအပေါ် အလွန်ရင်းနှီးသည့်ပုံစံဖမ်းနေခဲ့သည်။ ကြည့်ရတာ လင်ရှောင်းထင်အပေါ် လက်လျှော့သွားခြင်းကြောင့်လဲ ဖြစ်နိုင်ပေသည်။
“ဟ-ဟ၊ ကြည့်ရတာ နင်အခုကစပြီး ငါတို့အပေါ် ဆရာကြီးလုပ်နေတာ ရပ်ရတော့မယ်။” ကျူးယွမ်ကျန်း စနောက်ဟန်ဖြင့်ပြောလိုက်သည်။ ထုံကျားယောင်သည် ကျန်သူများအားလုံးကို ရည်မှန်းချက်မရှိဘူးဆိုကာ အကြိမ်များစွာ ပြစ်တင်လေ့ရှိခြင်းကြောင့်ပင်။
ထုံကျားယောင်လဲ စိတ်ပျက်လက်ပျက်အပြုံးမျိုးဖြင့် တိတ်ဆိတ်သွားတော့သည်။
“နင်တို့စိတ်ကြိုက်လျှောက်ပတ်ကြည့်ကြပေါ့၊ ငါကတော့ တစ်နေကုန် အလုပ်များနေမှာစိုးရတယ်။” ကုနင်းပြောလိုက်သည်။
“ရပါတယ်၊ ငါ့တို့ကို အာရုံထားမနေနဲ့။”
ကုနင်းကို ဂုဏ်ပြုပေးရန်ရောက်ရှိလာသည့်လူများ များစွာထပ်ရောက်ရှိလာစဲပင်။ အများစုကတော့ စာအိတ်နီများကို လက်ဆောင်အဖြစ်ပေးကြလေသည်။
ခဏအကြာတွင်တော့ ရှန်းရှစ်လုပ်ငန်းစုကိုယ်စားလှယ်များရောက်ရှိလာခဲ့သည်။ ရှန်းရှစ်လုပ်ငန်းစုဆိုသည်မှာ ပြည်တွင်းရှိအောင်မြင်ကျော်ကြားသည့် လုပ်ငန်းစုတစ်ခုဖြစ်တာကြောင့် ထိုသူများရောက်လာသည်နှင့် အုံအုံကြွကြွဖြစ်လာတော့သည်။ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက ရှန်းရှစ်လုပ်ငန်းစုနှင့် အဆက်အသွယ်ရှိနေသည့်အတွက်လဲ အားလုံးအလွန်အံ့အားသင့်နေကြလေသည်။
“ဘုရားရေ! ရှန်းရှစ်လုပ်ငန်းစုဘက်ကတောင်မှ ဖွင့်ပွဲအခမ်းအနားကိုတက်တယ်လား။ မိန်းကလေးကုက တော်တော်လေးအာဏာရှိတဲ့အသိုင်းအဝိုင်းကပဲဖြစ်ရမယ်!”
“သေချာတာပေါ့! ငါလဲ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ အံ့ဩလောက်စရာသတင်းတွေကို အင်တာနက်ပေါ်ကနေ အများကြီးဖတ်ဖူးထားတယ်။”
“ပြောပြပါဦး။” လူတော်တော်များများ စိတ်ဝင်စားသွားကြသည်။
“Gမြို့ရဲ့ JadeBeuatyလက်ဝတ်ရတနာအရောင်းဆိုင်ဖွင့်ပွဲတုန်းကဆိုရင် Gမြို့ရဲ့ အာဏာကြီးတဲ့လူတွေ တစ်ဝက်လောက်ကို တက်ရောက်ကြတာတဲ့။ အစိုးရအရာရှိတွေ၊ ဗိုလ်ချုပ်တွေ၊ ချမ်းသာတဲ့မိသားစုတွေတင်မကဘဲ ချင်ဟွာလုပ်ငန်းစုက အုပ်ချုပ်ရေးပိုင်းအကြီးအကဲတောင် တက်ရောက်သေးတယ်။”
“ဝါး!!” အားလုံး အလွန်အံ့ဩသွားကြတော့သည်။
သို့ပေမည့် ဒါက အစ်ပဲရှိပါသေးသည်။
“ရှန်းရှစ်လုပ်ငန်းစု? ဘုရားရေ! နင်းနင်း၊ နင် ရှန်းရှစ်လုပ်ငန်းစုနဲ့လဲ သိတယ်ပေါ့?” ချောင်ဝမ်ရှင်း အလွန်အံ့အားသင့်လို့နေသည်။
ကုနင်း အဓိပ္ပါယ်ပါပါပြုံးလိုက်ကာ၊
“အွန်း၊ ငါအဲ့ဒီက ဥက္ကဌနဲ့သိတယ်လေ။”
“နင်ကတော့ တကယ့်ကိုမယုံနိုင်စရာပဲ! နင် ဒီလောက် ရာထူးကြီးပုဂ္ဂိုလ်တွေ အများကြီးနဲ့သိအောင် ဘယ်လိုများလုပ်ထားတာလဲ?” ချောင်ဝမ်ရှင်း မယုံကြည်နိုင်ဖြစ်လို့နေသည်။
ရှုကျင်းချန်နှင့် ရှင်းပိုင်တို့ကတော့ ချောင်ဝမ်ရှင်းကို တစ်ချက်ကြည့်လိုက်ကြသည်။ တကယ်တမ်း ရှန်းရှစ်လုပ်ငန်းစုရဲ့ ဥက္ကဌက သူမရှေ့တွင်ပဲ မတ်တပ်ရပ်နေတာမဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် သူတို့ကတော့ ဒီအကြောင်းက လူအနည်းစုသာ သိကြောင်း နားလည်တာကြောင့် ထုတ်မပြောကြပေ။
ထုံကျားယောင် ပင့်သက်ရှိုက်မိသွားသည်။ ကုနင်းက ရှန်းရှစ်လုပ်ငန်းစု၏ ဥက္ကဌနှင့်တောင်မှ သိကျွမ်းနေတာကြောင့် သူမအတော်လေး အံ့အားသင့်သွားရသည်။ အခုတော့ ကုနင်း၏ချစ်သူကို လုယူဖို့အကြံအစည်အား သူမလုံးဝလက်လျှော့လိုက်ပေပြီ။
မကြာခင်တွင်ပဲ ကျင်းလင်လုပ်ငန်းစု ကိုယ်စားလှယ်များရောက်ရှိလာပြန်တာကြောင့် လူတိုင်းထပ်မံအံ့အားသင့်သွားကြရပြန်သည်။
“နင်းနင်း၊ နင် ကျင်းလင်လုပ်ငန်းစုရဲ့ ဥက္ကဌနဲ့ကော ရင်းနှီးနေပြန်တာလား?” ချောင်ဝမ်ရှင်း အလွန်အံ့အားသင့်စွာမေးလိုက်သည်။
“မဟုတ်ဘူး။ ဒါပေမယ့် ဒါရိုက်တာနဲ့တော့ သိတယ်။”
ရှုကျင်းချန်သည် ကျင်းလင်လုပ်ငန်းစု၏ ဒါရိုက်တာတစ်ဦးဖြစ်သည်။ သူသည် လုပ်ငန်းစု၏ဆက်ခံသူတစ်ယောက်မဟုတ်သော်လည်း ရာထူးကြီးလေသည်။
ချောင်ဝမ်ရှင်းတစ်ယောက် ပြောဖို့စကားလုံးများပျောက်ရှကုန်ကာ ထုံကျားယောင်လဲ အလွန်မှင်သက်နေတော့သည်။
ထိုအချိန်တွင်ပဲ ဖန်ရွှယ်ချင်နှင့်ဝူကျင်းယီတို့လဲ ပွဲနေရာကို တိုးတိုးတိတ်တိတ်နှင့် ရောက်ရှိလာခဲ့သည်။ တံခါးဝတွင်ကုနင်းရပ်နေသည်ကို ဖန်ရွှယ်ချင်မြင်လိုက်သည်နှင့် ဤလက်ဝတ်ရတနာဆိုင်မှာ ကုနင်းနှင့်သက်ဆိုင်နေကြောင်း ပို၍သေချာသွားတော့သည်။ ထို့ကြောင့်ပဲ ချက်ချင်းဆိုသလို ဒေါသများဆူပွက်လာတော့သည်။ ကုနင်းကို စူးစူးရဲရဲစိုက်ကြည့်နေခဲ့ပေမည့် အနားတွင် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်ကိုမှ မတွေ့ရတာကြောင့် ကုနင်း၏အမေ ဆိုင်ထဲတွင်သာ ရှိနေမည်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။
သူတို့ ဒီနေရာကို ကုနင်းကို ဂုဏ်ပြုပေးရန်လာခဲ့ခြင်းမဟုတ်တာကြောင့် အထဲသို့ မဝင်နိုင်ဘဲ အပြင်ဘက်တွင်သာ စောင့်နေရသည်။
လူတိုင်းထိတ်လန့်မှုကြောင့် သူတို့အသိစိတ်များပြန်မကပ်သေးခင်တွင်ပဲ ထန်ဟွမ်လုပ်ငန်းစုနှင့် လေ့ကျန်းလုပ်ငန်းစု ကိုယ်စားလှယ်များ ရောက်ရှိလို့လာပြန်သည်။
သူတို့အိပ်မက်များမက်နေကြတာလား? သူတို့တွေက တကယ်ပဲ ရှန်းရှစ်လုပ်ငန်းစု၊ ကျင်းလင်လုပ်ငန်းစု၊ ထန်ဟွမ်လုပ်ငန်းစုနဲ့ လေ့ကျန်းလုပ်ငန်းစုက ကိုယ်စားလှယ်တွေပဲလား?
အထက်ပါ စီးပွားရေးလုပ်ငန်းစုများသည် နိုင်ငံ၏ပြည်တွင်းထိပ်တန်းလုပ်ငန်းစုကြီးများဖြစ်ကြသည်။ လေ့ကျန်းလုပ်ငန်းစုမှလွဲပြီး ကျန်လုပ်ငန်းစုကြီးသုံးစုလုံးမှာ ယွမ်ဘီလီယံ၁၀၀ကျော် ကြွယ်ဝကြသည်များသာ! ဘယ်လိုလုပ် နိုင်ငံတကာအဆင့်မှီ လုပ်ငန်းစုကြီးများက လက်ဝတ်ရတနာဆိုင်လေးတစ်ဆိုင်ရဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာကြရတာလဲ?
JadeBeautyလက်ဝတ်ရတနာလုပ်ငန်းဆိုသည်မှာ ဤလုပ်ငန်းစုကြီးများရှေ့တွင်တော့ ဘာဆိုဘာမှမဟုတ်သည့် လုပ်ငန်းလေးတစ်ခုသာ ဖြစ်တာကြောင့် အားလုံးသူတို့အမြင်အာရုံကို မယုံကြည်နိုင်ဖြစ်ကုန်ကြရသည်။
“ဒီနိုင်ငံတကာအဆင့်မှီ လုပ်ငန်းစုကြီးတွေက တကယ်ပဲ JadeBeautyလက်ဝတ်ရတနာဆိုင်ဖွင့်ပွဲကို တက်ရောက်ဖို့လာကြတာလား?” လူအုပ်ထဲမှ တစ်စုံတစ်ဦးက အံ့ဩတုန်လှုပ်စွာဖြင့် ထုတ်ပြောလိုက်သည်။
အခြားလူတစ်ယောက်ကလဲ ချက်ချင်းထောက်ခံလာသည်။
“ငါတော့ မယုံနိုင်တော့ဘူး။”