← Chapters

အခန်း (၆၆၆-၆၇၀)

Vol. 45 Ch. 666-670

အခန်း (၆၆၆-၆၇၀)

Vol. 45 Ch. 666-670

အခန်း ၆၆၆

ထန်ရှင်းယွဲ့ ထွက်ပေါ်လာပြီ

ကုနင်းက တကယ်ကို အံ့ဩဖွယ်ကိစ္စရပ်များနှင့် ပြည့်နှက်နေသည့် မိန်းကလေးတစ်ယောက်ပဲ!

ကုနင်းသည် ဤလုပ်ငန်းစုကြီးများရှေ့တွင်တော့ သိပ်ပြီးအရေးပါလှသည်ဟု လူအများမယုံကြည်သော်လည်း သူမ၏အဆက်အသွယ် အင်အားတောင့်တင်းမှုကိုတော့ အသိအမှတ်ပြုပေသည်။

ဖန်ရွှယ်ချင်သည်တော့ ထန်ဟွမ်လုပ်ငန်းစုနှင့် လေ့ကျန်းလုပ်ငန်းစုရောက်ရှိလာသည့်အပေါ် သိပ်ပြီးမအံ့ဩမိပေ။ သူတို့နှစ်မိသားစုလုံးက ကုနင်းသည် ထန်ယွင်ဖန်း၏သမီးဖြစ်ကြောင်း သိထားပြီးကြသူများမဟုတ်ပါလား။

ထန်မိသားစုနှင့်လေ့မိသားစုသည် အလွန်ရင်းနှီးတာကြောင့် ဒီပွဲကို တက်ရောက်လာပေးသည်က မထူးဆန်းလှပေ။ သို့ပေမည့် လူအုပ်ကြီးကို ပို၍ထိတ်လန့်သွားစေသည်ကတော့ ထန်ဟွမ်လုပ်ငန်းစုနှင့် လေ့ကျန်းလုပ်ငန်းစု၏ ခေါင်းဆောင်ကြီးများက လူကိုယ်တိုင်ရောက်ရှိလာခြင်းကြောင့်ပင်။

ဆိုင်ဖွင့်ပွဲသို့ ထန်ဟိုင်ဖုန်းနှင့်အတူ သခင်ကြီးလေ့တို့ ရောက်ရှိလာခြင်းဖြစ်သည်။

“ဘုရားရေ! ငါ့မျက်လုံးကိုငါမယုံနိုင်တော့ဘူး။ သူတို့က တကယ်ပဲ သခင်ကြီးထန်နှင့်သခင်ကြီးလေ့လား?” တစ်စုံတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။

“သူတို့ကိုယ်တိုင်ရောက်လာကြတာပေါ့!”

“နင်းနင်း၊ အဖိုးကိုယ်တိုင် သမီးကိုဂုဏ်ပြုပေးဖို့ရောက်လာပြီနော်။” ထန်ဟိုင်ဖုန်း အလွန်ကြင်နာနူးညံ့ဟန်ဖြင့်ပြုံးရင်း ပြောလိုက်သည်။

“ဟ-ဟ၊ အခုလို လာရောက်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။”

“အာ၊ သမီးနဲ့မိတ်ဆက်ပေးရဦးမယ်။ သူက အဖိုးလေ့လေ။”

“တွေ့ရတာဝမ်းသာပါတယ်၊ အဖိုးလေ့။” ကုနင်းယဉ်ယဉ်ကျေးကျေးနှင့် သခင်ကြီးလေ့ကို နှုတ်ဆက်လိုက်သည်။

“တွေ့ရတာဝမ်းသာတယ်၊ ကောင်မလေးကု!” သခင်ကြီးလေ့လဲ ပြန်နှုတ်ဆက်ခဲ့သည်။

“အထဲမှာဝင်ထိုင်ကြပါဦး၊ တကယ်လို့ စိတ်မရှိရင် ခနနေ ဖဲကြိုးအတူတူဖြတ်ကြလို့ရမလား?” ကုနင်းမေးလိုက်သည်။

“ရတာပေါ့။” သခင်ကြီးထန်ရော သခင်ကြီးလေ့ပါ သဘောတူလိုက်ကာ ကုနင်းနောက်မှလိုက်ပြီး ဆိုင်ထဲသို့ဝင်သွားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖို့ရန် ရောက်လာကြသူများသည်သာ အထဲတွင် ထိုင်နိုင်ပြီး ပွဲလာကြည့်သူများကတော့ အပြင်တွင်သာ မတ်တပ်ရပ်ကြည့်နိုင်တာကြောင့် ဆိုင်ထဲတွင် လူသိပ်မကြပ်နေပေ။

ကုနင်း သခင်ကြီးနှစ်ယောက်အတွက် ထိုင်ခုံများစီစဉ်ပေးပြီးနောက် ပြန်ထွက်လာခဲ့သည်။

ဒီနေ့တွင် သခင်ကြီးဖူ၊ သခင်ကြီးပိုင်နှင့် သခင်ကြီးယန်တို့ ရောက်မလာသော်လည်း ကုနင်းကအတွက် ဂုဏ်ပြုလက်ဆောင်များ ပို့ပေးခဲ့လေသည်။

ထို့နောက် ထန်ယွင်ရုန်လဲ သူမသူငယ်ချင်းမိတ်ဆွေများနှင့် ရောက်ရှိလာခဲ့သည်။

ချောင်ဝမ်ရှင်းနှင့်ရှင်းပိုင်တို့ အတူတူယှဉ်တွဲရပ်နေသည်ကို ထန်ယွင်ရုန်မြင်လိုက်ရတာကြောင့် အံ့အားသင့်သွားကာ သူတို့နှစ်ယောက် တွဲနေကြပြီဖြစ်ဟု ထင်မိတာကြောင့် ချောင်ဝမ်ရှင်းကို ပြုံးကာ လှမ်းကြည့်လိုက်သည်။ ချောင်ဝမ်ရှင်းလဲ သူမအမေစိတ်ထဲ ဘာတွေတွေးနေသည်ကို နားလည်တာကြောင့် ရှက်သွေးဖြာသွားရသည်။ သူမရှင်းပြချင်ပေမည့် သူမအမေက ဘာမှထုတ်ပြောမလာတာကြောင့် သူမကအရင်စရှင်းပြနေပါက အခြေအနေမှာ ပို၍ထူးဆန်းသွားပေလိမ့်မည်။ သို့ပေမည့် မသိစိတ်က အလိုအလျောက် ရှင်းပိုင်နားမှ ခပ်လှမ်းလှမ်းသို့ခွာလိုက်ပေမည့် ထန်ယွင်ရုန်အတွက်တော့ ဘာမှထူးမခြားသွားပေ။

ရှင်းပိုင်သည်လဲ ချောင်ဝမ်ရှင်းလိုပဲ ခံစားမိပေမည့် ရှင်းပြဖို့ရန် စိတ်ကူးမရှိနေပေ။

“မင်္ဂလာပါ၊ ချောင်ကတော်!” ထန်ယွင်ရုန်ကို ရှင်းပိုင် ချက်ချင်းပင် နှုတ်ဆက်လိုက်သည်။

“အို၊ မင်္ဂလာပါ။” ထန်ယွင်ရုန်ပြုံးလိုက်သည်။

“ဟိုင်း၊ အန်တီယွင်ရုန်။” ကုနင်းလဲ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ၊ အန်တီယွင်ရုန်။” လင်ရှောင်းထင်လဲ ကုနင်းလိုပဲ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ၊ ချောင်ကတော်!” ရှုကျင်းချန်လဲ လေးစားသမှုနှင့်နှုတ်ဆက်လိုက်သည်။

“နင်းနင်း၊ ပွဲအတွက်ဂုဏ်ပြုပါတယ်။ ဒီမှာ သမီးအတွက်လက်ဆောင်!” ထန်ယွင်ရုန် ပြောရင်းဖြင့် သူမလက်ထဲမှ ဘူးလေးကို ကုနင်းထံသို့ပေးလိုက်သည်။

“ကျေးဇူးပါ၊ အန်တီယွင်ရုန်။” ကုနင်း ဘူးကိုလှမ်းယူလိုက်သည်။

“ဂုဏ်ပြုပါတယ်၊ မိန်းကလေးကု။” ထန်ယွင်ရုန်၏ သူငယ်ချင်းများကလဲ ကုနင်းကို လက်ဆောင်များစာအိတ်နီများပေးခဲ့သည်။ သူတို့ကတော့ ထန်ယွင်ရုန်နှင့်လိုက်လာသူများဖြစ်တာကြောင့် သိပ်များများစားစားမပြောပေ။

“ကျေးဇူးအများကြီးတင်ပါတယ်၊ အထဲမှဝင်ထိုင်ကြပါဦး။”

“ဆိုင်ကို အရင်ဆုံးလျှောက်ကြည့်ရအောင်!” ထန်ယွင်ရုန် သူမသူငယ်ချင်းများကို ပြောလိုက်ခြင်းဖြစ်သည်။

ခဏအကြာတွင်တော့ ကျန်းလီဟွာလဲ သူမသူငယ်ချင်းများနှင့်ရောက်လာကာ ကုနင်းကို စာအိတ်နီများပေးခဲ့သည်။

နောက်ဆက်ပြီး အရာရှိများစွာက JadeBeautyလက်ဝတ်ရတနာဆိုင်ဖွင့်ပွဲအတွက် ကုနင်းကို ဂုဏ်ပြုကြရင်း ပန်းများ လက်ဆောင်များပေးလာခဲ့ကြသည်။

ထန်မြို့၏ Colorfulကျောက်စိမ်းတင်ပို့ရေးလုပ်ငန်းမှတောင် ဝေးကွာလှသည့်Bမြို့သို့ ပန်းလက်ဆောင်များပို့ပေးခဲ့သေးသည်။

Colorfulကျောက်စိမ်းတင်ပို့ရေးလုပ်ငန်းသည် ကျော်ကြားမှုသိပ်မရှိလှသေးသော်လည်း အလွန်ကြွယ်ဝသည့် ကုမ္ပဏီဖြစ်သည်။ Colorfulကျောက်စိမ်းတင်သွင်းမှုလုပ်ငန်းနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့် လက်ဝတ်ရတနာစီးပွားရေးလုပ်ငန်းရှင် အများအပြားသည်တော့ ထိုလုပ်ငန်းဖိတ်ကြားခံရသည့်အတွက် အံ့အားသင့်နေကြသည်။

ဒီကနေ့ပွဲကို လာရောက်သူများတွဲ လုပ်ငန်းတူများစွာပါဝင်လေသည်။ တခါတရံ လုပ်ငန်းတူတိုင်း ပြိုင်ဘက်များမဟုတ်ကြဘဲ စီးပွားရေးအကျိုးတူပူးပေါင်းသူများဖြစ်တတ်ကြတာကြောင့် ယနေ့တွင်လဲ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနှင့် ပူးပေါင်းရန်အတွက် လက်ဝတ်ရတနာလုပ်ငန်းရှင်များစွာ တက်ရောက်ကြလေသည်။ အကယ်၍များ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းကသာ ကမ္ဘာကျော်သွားခဲ့မည်ဆိုလျှင် သူတို့လဲ ပူးပေါင်းထားမှုကြောင့် အတူတူတကွ နာမည်လိုက်ကြီးသွားနိုင်ပေသည်။

သို့ပေမည့် ကုနင်းကတော့ သူမ၏ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုကိုသာ တည်ဆောက်ရန်ဆုံးဖြတ်ထားသူဖြစ်တာကြောင့် အခြားသော လက်ဝတ်ရတနာလုပ်ငန်းရှင်များကို သူမကုမ္ပဏီနှင့်ချိတ်ဆက်ခွင့်ပြုရန်အတွက် စိတ်ကူးမရှိပေ။

“ဟေ့၊ ဘော့စ်၊ ဂုဏ်ပြုပါတယ်!”

ဖန်းကျီယွေ့လဲ သူ၏သူငယ်ချင်းများနှင့်အတူ ရောက်ရှိလာသည်။ မိန်းကလေးတစ်ယောက်မှလွဲပြီး ကုနင်း ကျန်လူများဖြစ်သည့် ကျိုးကွမ်ယွေ့၊ ကောင်းရုန်ခမ်း၊ ဖန်ရှင်းနှင့် ဟူဟောက်တို့ကိုတော့ တွေ့ဖူးထားပြီဖြစ်သည်။ အားလုံးတွင် ပန်းများနှင့် လက်ဆောင်ပစ္စည်းများပါလာကြသည်။ သူတို့လဲ ကုနင်း၏သတင်းများကို ဤရက်ပိုင်းအတွင်း ကြားဖူးထားကြပြီးဖြစ်တာကြောင့် အလွန်ထိတ်လန့်အံ့အားသင့်နေကြပေသည်။

ကုနင်းကို အမှီပြုကာ အမြင့်တက်ဖို့ကြံရွယ်နေသည့် ဖန်ရှင်းလဲ သူ့တွင် ကုနင်းကို ပိုင်ဆိုင်နိုင်မည့် အရည်အချင်းမရှိမှန်း သိသွားတာကြောင့် လက်လျှော့သွားပြီဖြစ်သည်။ ထန်မိသားစုနှင့်အဆက်အသွယ် အလွန်ရချင်သော်လည်း အမှန်တရားကိုတော့ နားလည်လက်ခံတတ်သူဖြစ်သည်။

ကုနင်း တခါမှမတွေ့ဖူးခဲ့သည့် မိန်းကလေးကတော့ ထန်ရှင်းယွဲ့ပင်ဖြစ်သည်။

***

အခန်း ၆၆၇

ဖန်ရွယ်ချင် ကုမန့်ကိုမနာလိုခြင်း

ကုနင်း၏ဓါတ်ပုံကို ထန်ရှင်းယွဲ့အရင်ကတည်းက မြင်ဖူးထားပြီးဖြစ်သော်လည်း ယခုလိုလူချင်းတွေ့ရချိန်တွင် ကုနင်းသည် မှင်သက်လောက်အောင် အမှန်တကယ်လှပသည်ဟု လက်ခံမိစဲပင်။ ကုနင်းသည် လှရုံတင်မကဘဲ ထူးလဲထူးချွန်တာကြောင့် သူမပိုလို့ပင် မနာလိုဖြစ်မိရလေသည်။

ထို့အပြင် ကုနင်းတွင် အရပ်ရှည်ရှည် သန်သန်မာမာနှင့် သူမအပါအဝင် မိန်းကလေးအများစုကို အလွန်ဆွဲဆောင်နိုင်စေသည့် ချစ်သူတစ်ယောက်လဲရှိနေသေးသည်။ သို့ပေမည့် သူမတွင်တော့ ကုနင်း၏ချစ်သူကို လုယူဖို့ရန် စိတ်ကူးမရှိပေ။ အကြောင်းကတော့ သူမသာ ရှုံးနိမ့်မည့်အကြောင်း သိနေပြီးသောကြောင့်ဖြစ်သည်။

ဒီတစ်ခေါက် ထန်ရှင်းယွဲ့ ဖန်ရှင်းနှင့်အတူလိုက်လာခဲ့ခြင်းဖြစ်သည်။ သူတို့အခုမှ တွေ့ဖူးကြသူများဖြစ်သော်လည်း သူငယ်ချင်းကောင်းများအဆင့်သို့ရောက်နေပြီဖြစ်ခြင်းကြောင့်သာ သူမကို ဖန်ရှင်းက ဖွင့်ပွဲအား ခေါ်လာပေးခြင်းဖြစ်သည်။

“မိန်းကလေးကု၊ ဂုဏ်ပြုပါတယ်!” အားလုံး ကုနင်းကို ဂုဏ်ပြုစကားဆိုသည်။

“ကျေးဇူးပါ၊ အထဲမှာဝင်ထိုင်ကြပါဦး။”

ကုနင်း အလွန်အလုပ်ရှုပ်နေတာကြောင့် ဘယ်သူမှ ထန်ရှင်းယွဲ့ကို တကူးတကမိတ်ဆက်ပေးခြင်းမပြုပေမည့် ထန်ရှင်းယွဲ့ကလဲ စိတ်ထဲမထားပေ။ မကြာခင်အချိန်အတွင်း ကုနင်းနှင့် ရင်းနှီးမှုရယူနိုင်သည်မဟုတ်ပါလား။

ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၊ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း နှင့် ကိုလိန်းဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတို့မှလဲ ဂုဏ်ပြုပန်းစည်းများ ပေးပို့ခဲ့ကြသည်။

ထိုကုမ္ပဏီများကတော့ သိပ်ပြီး ကျော်ကြားခြင်းမရှိသေးတာကြောင့် လူများ သိပ်အာရုံမစိုက်ကြပေ။ သို့ပေမည့် ချင်ဟွာလုပ်ငန်းစုမှ ကုနင်းကို ဂုဏ်ပြုပန်းစည်းပို့လာချိန်တွင်တော့ လူတိုင်းထပ်မံအံ့အားသင့်သွားကြပြန်သည်။

“ဘာလဲ? ချင်ဟွာလုပ်ငန်းစုကနေလား?”

JadeBeautyလက်ဝတ်ရတနာလုပ်ငန်းအကြောင်း သတင်းများကို သေချာမသိထားကြသည့်လူများကတော့ ချင်ဟွာလုပ်ငန်းစုနာမည်ကို ကြားရသည်နှင့် အလွန်အံ့အားသင့်နေကြလေသည်။

ချင်ဟွာလုပ်ငန်းစုသည် ရှန်းရှစ်လုပ်ငန်းစု၊ ကျင်းလင်လုပ်ငန်းစု၊ ထန်ဟွမ်လုပ်ငန်းစုတို့လောက် ကျော်ကြားခြင်းမရှိသော်လည်း ၎င်းမှာ ချင်ဂိုဏ်း၏စီးပွားရေးဖြစ်တာကြောင့် အာဏာလွှမ်းမိုးမှုကတော့ အတော်လေးများပြားလေသည်။

ချင်ဟွာလုပ်ငန်းစုတင်မကသေး ဟေးချီလုပ်ငန်းစုမှလဲ ဂုဏ်ပြုပန်းစည်းပေးပို့ခဲ့သေးသည်။

ဖွင့်ပွဲသို့တက်ရောက်ကြသည့်လူများမှာတော့ ထိုလုပ်ငန်းစုနာမည်လေးများနှင့်ပင် အတော်လေးထိတ်လန့်အံ့ဩသွားကြရသည်။

ဟေးချီလုပ်ငန်းစုဆိုသည်မှာ ကီရင်းဂိုဏ်းမှ စီးပွားရေးလုပ်ငန်းမဟုတ်ပါလား။ ကုနင်း ဘယ်လိုလုပ်များ ကီရင်းဂိုဏ်းရော ချင်ဂိုဏ်းနဲ့ပါ အဆက်အသွယ်ရှိနေရတာလဲ?

“ဘုရားရေ! ငါတော့ ဘာပြောလို့ပြောရမှန်းတောင် မသိတော့ဘူး!”

“ကုနင်းကတော့ တကယ့်အံ့ဖွယ်ပဲ!”

“ကုနင်းက ကီရင်းဂိုဏ်းနှင့်ချင်ဂိုဏ်းရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ပဲ ပတ်သတ်မှုရှိတာဖြစ်ပါမယ်။ သူသာ ဂိုဏ်းတွေနဲ့အဆက်သွယ်ရှိတာဆိုရင် ဘာလို့ အဲ့ဂိုဏ်းနှစ်ခုက သူတို့ဂိုဏ်းနာမည်နဲ့ ဂုဏ်ပြုလက်ဆောင်မပို့မှာလဲ?”

“ဟုတ်သားပဲ။ ချင်ဟွာလုပ်ငန်းစုဆိုတာ ချင်ဂိုဏ်းရဲ့စီးပွားရေးဖြစ်ပြီး ဟေးချီလုပ်ငန်းစုဆိုတာ ကီရင်းဂိုဏ်းရဲ့စီးပွားရေးဆိုပေမယ့် လုပ်ငန်းတွေက ဂိုဏ်းရဲ့ လက်ခွဲသက်သက်ပဲလေ။”

ထိုစကားကို အားလုံးသဘောတူလိုက်ကြသည်။ အကြောင်းကတော့ ကုနင်းတွင် ကီရင်းဂိုဏ်းနှင့်ချင်ဂိုဏ်းကို တိုက်ရိုက်အဆက်အသွယ်ရှိလိမ့်မည်ဟု မည်သူကမှ မယုံကြည်နိုင်ခြင်းကြောင့်ဖြစ်သည်။

တကယ်တမ်း စစ်ထူယဲ့နှင့် ချီထျန်းလင်တို့ လူကိုယ်တိုင်မရောက်လာရခြင်းက ကုနင်းပြဿနာဖြစ်မည်ကို စိုးရိမ်တာကြောင့်သာဖြစ်သည်။ ကုမ္ပဏီတစ်ခုအနေနှင့် ဂိုဏ်းတစ်ဂိုဏ်းနှင့်အဆက်အသွယ်ရှိနေတာ ကောင်းတဲ့ကိစ္စမှမဟုတ်ဘဲ။

ထိုသို့ဆိုလျှင်ပင် ကုနင်း၏အားကောင်းလှသည့် အဆက်အသွယ်ကွန်ရက်ကြောင့် အားလုံးထိတ်လန့်အံ့အားသင့်ဖို့ လုံလောက်နေပြီဖြစ်သည်။

ကီရင်းဂိုဏ်းနှင့် ချင်ဂိုဏ်းတို့၏စီးပွားရေးနယ်ပယ်မှ ကိုယ်စားလှယ်များရောက်ရှိလာပြီးနောက်တွင်တော့ ဘယ်သူမှ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းကို ဒုက္ခပေးရဲတော့မည်မဟုတ်ပေ။ သို့ပေမည့် ထန်ရှင်းယွဲ့သည်တော့ ချွင်းချက်ဖြစ်သည်။

JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနှင့် ချင်ဟွာလုပ်ငန်းစု အဆက်အသွယ်ရှိမှန်း ထန်ရှင်းယွဲ့သိထားပြီးဖြစ်ပေမည့် ချင်ဂိုဏ်းနှင့်တော့ ကုနင်းအဆက်အသွယ်ရှိလိမ့်မည်ဟု သူမမယုံပေ။ ဒါတွေက အကျိုးအမြတ်အတွက်နှင့် ကုမ္ပဏီချင်းဆက်ဆံရေးရှိခြင်းဟုသာ ယုံကြည်ထားလေသည်။

ထန်ရှင်းယွဲ့ကို အံ့ဩသွားစေသည်ကတော့ ဟေးချီလုပ်ငန်းစု၊ ရှန်းရှစ်လုပ်ငန်းစုနှင့် ကျင်းလင်လုပ်ငန်းစုတို့ကပါ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာခြင်းကြောင့်ဖြစ်သည်။ စီးပွားရေးသမားအများစုသည် ထိုလုပ်ငန်းစုကြီးများနှင့် အကျိုးအမြတ်ရရှိစေမည့် အဆက်အသွယ်ကောင်းများရှိရန် ကြိုးစားကြပေမည့် နောက်ဆုံး ရှုံးနိမ့်သွားကြသည်ချည်းသာ။

ကြည့်ရတာ ကုနင်းက သူမတွေးထားတာထက်ပိုပြီး အာဏာလွှမ်းမိုးမှုရှိတဲ့ပုံပဲ။

ဖန်ရွှယ်ချင်သည်လဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသည့် ဧည့်သည်များကြောင့် ထိတ်လန့်အံ့ဩနေလေသည်။

ကုနင်း ဒီလိုမျိုး အဆင့်မြင့်လုပ်ငန်းများနှင့် ကောင်းမွန်သည့်ဆက်ဆံရေးများရှိနေလိမ့်မည်ဟု သူမမယုံကြည်နိုင်ဘဲ ထန်မိသားစုမျက်နှာကြောင့်သာ လာကြခြင်းဖြစ်မည်ဟု ထင်နေလေသည်။

မနက်၁၀နာရီထိုးခါနီးတွင်တော့ စုထုံနျိုရောက်ရှိလာကာ ထပ်ပြီးအုံအုံကြွကြွဖြစ်သွားရပြန်သည်။

“အား! စုနတ်ဘုရားမပဲ!”

“ထုံနျိုရေ! အရမ်းချစ်တယ်!”

“ထုံနျို၊ ငါက မင်းရဲ့ အမာခံပရိတ်သတ်ကြီးနော်!”

စုထုံနျို၏ပရိတ်သတ်များစွာ သူမကိုမြင်တွေ့ရဖို့အတွက် ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

စုထုံနျိုကလဲ ကြင်နာနူးညံ့မှုအပြည့်ဖြင့် သူမပရိတ်သတ်များကို ပြုံးပြနှုတ်ဆက်လေသည်။

သတင်းထောက်များလဲ အင်တာဗျူးဖို့ရန် အပြေးလာကြပေမည့် စုထုံနျိုက ငြင်းဆိုလိုက်သည်။

“တောင်းပန်ပါတယ်၊ ၁၀နာရီထိုးခါနီးပြီဆိုတော့ ဖွင့်ပွဲကို နောက်ကျလို့မဖြစ်ဘူးလေ။ ခနနေတော့မှ စည်းဝေးပွဲခမ်းမမှာမှ မေးတာတွေလုပ်ကြတာပေါ့။”

ထိုစကားကိုကြားကာမှ ဖွင့်ပွဲအခမ်းအနားစတင်ဖို့ရန် ၁၀မိနစ်သာလိုတော့ကြောင်း လူများသတိရသွားကြသည်။

ဤနေရာသို့ အရေးပါသည့်ပုဂ္ဂိုလ်များစွာရောက်ရှိနေခြင်းကြောင့် သတင်းထောက်များလဲ ပြဿနာဖြစ်အောင် မလုပ်ရဲကြပေ။

စုထုံနျိုကို ဖန်းကျီရွေ့တွေ့လိုက်သည်နှင့် မျက်လုံးအရောင်များ တောက်လဲ့လာခဲ့ပေမည့် စုထုံနျိုသည် ကုနင်းဆီမှာ အလုပ်လုပ်သူဖြစ်တာကြောင့် သေချာတော့မကြည့်ရဲပေ။

အချိန်ခဏအကြာတွင်တော့ ဖွင့်ပွဲအခမ်းအနားစတင်တော့မည်ဖြစ်၍ ဆိုင်ထဲမှ လူများတစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်လာကြသည်။

ကုနင်း၏ဘေးသို့ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက် လျှောက်လှမ်းလာသည်ကို ဖန်ရွှယ်ချင် သတိထားမိလိုက်တာကြောင့် သေချာပေါက် ထိုအမျိုးသမီးမှာ ကုနင်း၏မိခင်တစ်ဖြစ်လဲ ထန်ယွင်ဖန်း၏အမျိုးသမီးဖြစ်မှန်း သေချာသိသွားသည်။

ထိုအမျိုးသမီးသည် အတော်လေးငယ်ရွယ်ပုံပေါက်ပေမည့် ရင့်ကျက်တည်ငြိမ်သည့် အငွေ့အသက်များထုတ်လွှတ်နေကာ ကုနင်းနှင့်အတော်လေး ဆင်တူလေသည်။ သို့ပေမည့် အတိအကျပြောရလျှင်တော့ ကုနင်းသည် အမေထက် အဖေနှင့်ပို၍တူပေသည်။

ကုမန့်ကိုကြည့်ရသည်မှာ သူမထက်ပို၍ငယ်ပုံရကာ ပို၍လဲလှပနေကြောင်း လက်ခံမိတာကြောင့် ဖန်ရွှယ်ချင် ကုမန့်ကို အလွန်မနာလိုဖြစ်သွားရတော့သည်။

“ရွှယ်ချင်၊ စိတ်လျှော့ဦး!” ဖန်ရွှယ်ချင် သူမကိုယ်သူမထိန်းချုပ်နိုင်မှု လွတ်ထွက်တော့မလိုဖြစ်နေကြောင်း ဝူကျင်းယီသတိထားမိလိုက်တာကြောင့် စိတ်လျှော့ရန် သတိပေးလိုက်ရသည်။

***

အခန်း ၆၆၈

ကံစမ်းမဲ

ဤနေရာတွင် သခင်ကြီးထန်နှင့်အခြားသော အရေးကြီးပုဂ္ဂိုလ်များစွာလဲ ရှိနေတာကြောင့် ဖန်ရွှယ်ချင် ဖွင့်ပွဲအခမ်းအနားကို ဖျက်လိုဖျက်ဆီးလုပ်မည်အား သူတို့ဖြစ်ခွင့်ပြုကြလိမ့်မည်မဟုတ်ပေ။

ဖန်ရွှယ်ချင်လဲ ဝူကျင်းယီ၏သတိပေးမှုကို ကြားပြီးနောက် သူမစိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ်လိုက်သည်။ သူမကိုယ်တိုင်လဲ ဒေါသထွက်ကာ ဖွင့်ပွဲအခမ်းအနားကို သွားပြီးဖျက်ဆီးလိုက်ခြင်းက ကောင်းကျိုးမရှိကြောင်း နားလည်လေသည်။

သို့ပေမည့် ထန်ယွင်ဖန်းကတော့ ပေါ်မလာခဲ့ပေ။

ထန်ယွင်ဖန်းမလာသည်ကိုသိရတော့ သူဘယ်လောက်ပဲ မြင်တွေ့ချင်နေပါစေ မပျော်ရွှင်မှုကို မခံစားရပေ။ ထန်ယွင်ဖန်းကို ကုမန့်၊ ကုနင်းတို့နှင့်အတူ မမြင်တွေ့ရသည်က ပို၍တောင်ကောင်းသေးသည်။

ကျိုးကျန်းဟုန်က အရင်ဆုံးစင်ပေါ်သို့တက်သွားကာ ဧည့်သည်များကို နှုတ်ခွန်းဆက်သလိုက်သည်။

“ကြွရောက်လာကြတဲ့လူကြီးမင်းအပေါင်းတို့၊ JadeBeautyလက်ဝတ်ရတနာဆိုင်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာပေးတဲ့ ကျေးဇူးအထူးတင်ရှိပါတယ်။….”

ကျိုးကျန်းဟုန်၏ အဖွင့်စကားပြောပြီးနောက် ဧည့်သည်အားလုံး လက်ခုတ်တီးဂုဏ်ပြုကြသည်။

ထို့နောက် ကုနင်း စင်ပေါ်သို့တက်သွားခဲ့သည်။ သူမကတော့ ကျိုးကျန်းဟုန်လိုမျိုး အလွန်ယဉ်ကျေးသည့် အသုံးအနှုန်းဖြင့် မနှုတ်ဆက်ပါဘဲ ဝါရင့်အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လို ပြောဆိုပြုမူတာကြောင့် ဧည့်သည်များ လေးစားသဘောကျကုန်ကြသည်။ ကုနင်းသည် လုံးဝကို ၁၈နှစ်အရွယ်မိန်းမငယ်လေးတစ်ယောက်နှင့် မတူတာဘဲ။

ထန်ဟိုင်ဖုန်းပင်လျှင် သူမကို မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

“နင်းနင်းကတော့ သူ့ရှိရင်းစွဲအသက်ထက်ကို အများကြီးရင့်ကျက်တာပဲ။”

“ဟုတ်ပါ့!” သခင်ကြီးလေ့လဲ ထောက်ခံလိုက်သည်။ သခင်ကြီးလေ့လဲ ဒီလိုမျိုး ငယ်ငယ်ရွယ်ရွယ်လေးနှင့် ရင့်ကျက်တည်ငြိမ်မှုအပြည့်ရှိသူမျိုးကို တစ်ခါမှမတွေ့ခဲ့ဖူးပေ။

“ဝါး၊ ကုနတ်ဘုရားမ အရမ်းမိုက်တာပဲ!”

“ငါသာ ယောက်ျားလေးဆို သူ့ကိုပဲ လက်ထက်ယူမှာပါ။”

“သာမာန်ယောက်ျားတစ်ယောက် ကုနတ်ဘုရားမကို ပိုင်ဆိုင်နိုင်ပါ့မလား။ ကုနတ်ဘုရားမလိုမျိုး ကြည့်ကောင်း ချမ်းသာပြီး အရမ်းထူးချွန်တဲ့လူမျိုးပဲ ဖြစ်နိုင်မယ်။”

“ဟုတ်တယ်၊ ဟုတ်တယ်။”

စင်အောက်ဘက်မှ မိန်းမငယ်လေးအဖွဲ့မှာ အသံတိုးတိုးဖြင့် ဆွေးနွေးလို့နေကြသည်။

ထိုမိန်းမငယ်လေးများ၏ ကုနင်းအပေါ် အလွန်လေးစားသဘောကျနေပုံကို မြင်ရတော့ ဖန်ရွှယ်ချင် ကုနင်းကို သေလောက်အောင် မုန်းတီးနေတော့သည်။ ကုနင်းဆိုသည်မှာ သူမအမြင်တွင်တော့ ဘယ်တော့မှ ရှိမလာသင့်သည့်လူမျိုးဖြစ်သည်။ ကုနင်း၏အမေလဲ ပျောက်ကွယ်သွားသင့်ပေသည်။ ကုနင်း၏အမေကြောင့်သာ မဟုတ်လျှင် ထန်ယွင်ဖန်းကလဲ သူမကို ငြင်းဆန်လိမ့်မည်မဟုတ်ပေ။ ဖန်ရွှယ်ချင်ကတော့ ထန်ယွင်ဖန်း သူ့ကိုငြင်းဆန်ခြင်းမှာ အစကတည်းက သူ့ကိုမကြိုက်၍မဟုတ်ဘဲ ကုနင်းအမေကြောင့်ဟုသာ တစ်ထစ်ချယုံကြည်နေတော့သည်။

ဖန်ရွှယ်ချင်သည် အချစ်နှင့်ပတ်သတ်လာလျှင် တကယ်ကို စဉ်းစားဆင်ခြင်နိုင်စွမ်းမဲ့သူတစ်ယောက်ပါပဲ။

ထူကျင်းယီသည်တော့ ဖန်ရွှယ်ချင်တစ်ယောက် ထန်မိသားစုကို အပြစ်ပြုကာ ဘဝပျက်သွားနိုင်မည့်အရေးကိုသာ စိုးရိမ်ပူပန်နေမိတော့သည်။

ကုနင်းနောက်မှထောက်ပံ့ပေးနေသည့် ထန်မိသားစုကို မဆိုထားနှင့် ဤဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် အခြားသော လုပ်ငန်းစုကြီးများကိုပင် ဖန်မိသားစု လုံးဝမယှဉ်နိုင်ပေ။

သို့ပေမည့် ဖန်ရွှယ်ချင်သည်တော့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းများပျောက်ဆုံးလို့နေကာ အထူးသဖြင့် ထန်ယွင်ဖန်းနှင့် ပတ်သတ်လာလျှင် သူမဆုံးဖြတ်လိုက်သည့် ကိစ္စတစ်ခုအတွက် ဘာရလဒ်ပဲ ထွက်လာလာ ဂရုကို မစိုက်တော့သည့် လူမျိုးဖြစ်နေသည်။ ထို့အတွက်ကြောင့် ဝူကျင်းယီလဲ ဖန်ရွှယ်ချင်နှင့် အတူရှိနေချိန်များတွင်တော့ သူမပါ ပြဿနာထဲပါသွားမည်စိုးတာကြောင့် စိတ်ထိန်းဖို့ရန် တစ်လျှောက်လုံးသတိလိုက်ပေးနေရခြင်းဖြစ်သည်။

ကုနင်း အကြာကြီးစကားမပြောခဲ့ဘဲ ဖဲကြိုးဖြတ်ဖွင့်လှစ်သည့် အစီအစဉ်သို့ ရောက်ရှိလို့လာသည်။

ကုနင်း၊ ထန်ဟိုင်ဖုန်း၊ သခင်ကြီးလေ့၊ စုထုံနျိုနှင့် ကျိုးကျန်းဟုန်တို့ အတူတကွ ဖဲကြိုးကို ဖြတ်လိုက်ကြသည်။

ဖဲကြိုးဖြတ်ပြီးနောက်တွင်‌တော့ လက်ဝတ်ရတနာဆိုင်ကို လူတိုင်းအတွက် ဖွင့်လှစ်ပေးလိုက်ပေမည့် အများစုကတော့ ကံစမ်းမဲပွဲအတွက် စောင့်မျှော်လို့နေကြသည်။

ဖန်ရွှယ်ချင်ကတော့ ဆိုင်ထဲဝင်သွားလဲ လုပ်စရာမရှိတာကြောင့် မဝင်ခဲ့ပေမည့် ကုနင်းနှင့်ကုမန့်ပုံများစွာကိုတော့ ရိုက်ယူခဲ့လေသည်။ ဖွင့်ပွဲအခမ်းအနားတွင် လူများစွာ ဓါတ်ပုံရိုက်နေကြတာကြောင့် ဘယ်သူမှ သူမကို သတိထားမနေကြပေ။

ယနေ့အခြေအနေများကြောင့် ကုနင်းကို သူမလန့်သွားမိသော်လည်း ကုနင်းနှင့်ကုမန့်ကို လုပ်ကြံမည့် အကြံအစည်ကိုတော့ လက်လျှော့လိုက်မည်ဟု မဆိုလိုပေ။ ထို့အပြင် သူမအတွက် လုပ်ကြံပေးမည့် တစ်စုံတစ်ယောက်ကိုလဲ ငှားဖို့ စီစဉ်ထားပြီးဖြစ်သည်။

နောက်၁နာရီအကြာတွင်တော့ လူတော်တော်များများ ကံစမ်းမဲပွဲတွင် ပါဝင်ကံစမ်းကြသည်။ လူရှုပ်ထွေးမှုမျိုးမဖြစ်စေရန်အတွက် အားလုံးအစီအစဉ်အလိုက် တစ်တန်းတည်းတန်းစီကြရသည်။

ပုံးတစ်ခုထဲတွင် စာအိတ်နီ၁ထောင်ကျော်ရှိသည်။ ကျောက်စိမ်းဆွဲပြား ၁၀စုအတွက်ကိုတော့ စာအိတ်နီ၁၀လုံးထဲတွင် စက္ကူလေးများဖြင့် ထည့်သွင်းဖော်ပြထားပေမည်။ အခြားသောစုများအတွက်ကတော့ စာအိတ်နီများထဲတွင် တစ်ခါတည်း ငွေသားများစွာပါရှိပေမည်။

အချိန်အတော်ကြာပြီးနောက်တွင်တော့ လူ၇၀ဆယ် မဲနှိုက်ပြီးပြီဖြစ်ကာ ဘယ်သူမှဆုမရကြသေးပေ။

ပုံးထဲမှာ တကယ်ဆုရောပါရဲ့လားလို့ လူများသံသယဝင်လာရုံရှိသေး တစ်ယောက်က ယွမ်၁၀၀ပါသည့် စာအိတ်နီကို နှိုက်မိသွားပေသည်။ ကျောက်စိမ်းဆွဲပြားမပေါက်သည်က စိတ်မကောင်းစရာဆိုပေမည့် ဘာမှမပေါက်ခြင်းထက် ယွမ်၁၀၀က ပိုတော့သာနေသေးသည်။

အချိန်အချို့ကုန်ပြီးနောက်တွင်တော့ လူအနည်းစုသာ ငွေသားပါသည့် စာအိတ်နီကိုပေါက်ကြလေသည်။ မျှော်လင့်ချက်များကုန်ဆုံးတော့မလို ခံစားလိုက်ရပြီးသည်နှင့် တစ်ယောက်က ကျောက်စိမ်းဆွဲပြားပေါက်သွားကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လာခဲ့သည်။

ထိုသတင်းကောင်းကြောင့် လူတော်တော်များများလဲ ထပ်တူဝမ်းသာဂုဏ်ပြုပေးကြလေသည်။

ဆိုင်ထဲသို့ဝင်ရောက်သူအနည်းငယ်သာရှိသော်လည်း ထိုထဲမှ အများစုမှာ အမြဲတမ်းဖောက်သည်ဖြစ်လာနိုင်သူများဖြစ်သည်။

ထန်ယွင်ရုန်နှင့် ကျန်းလီဟွာတို့၏သူငယ်ချင်းများအားလုံးသည် အဆင့်အတန်းမြင့်သည့် အမျိုးသမီးများသာဖြစ်တာကြောင့် တစ်ယောက်ကို ကျောက်စိမ်းလက်ဝတ်ရတနာများစွာ တစ်ခါတည်း ဝယ်ယူသွားကြသည်။ ထိုသို့ဝယ်ယူခြင်းမှာ ထန်ယွင်ရုန်နှင့် ကျန်းလီဟွာတို့၏ မျက်နှာကို ထောက်၍မဟုတ်ဘဲ ကျောက်စိမ်းလက်ဝတ်ရတနာများ၏ ဆန်းသစ်လှပသည့် ဒီဇိုင်းများက သူမတို့ကို ဆွဲဆောင်သွားခြင်းကြောင့်သာဖြစ်သည်။ ထို့အပြင် ဤဆိုင်ထဲမှ ကျောက်စိမ်းလက်ဝတ်ရတနာများအားလုံးသည် အရည်အသွေးမြင့်ကျောက်စိမ်းများဖြင့် ပြုလုပ်ထားကြခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် JadeBeautyလက်ဝတ်ရတနာလုပ်ငန်းသည် ချမ်းသာကာ အဆင့်အတန်းမြင့်သည့် အမျိုးသမီးများကြား အခြားသော အမှတ်တံဆိပ်များထက် ပို၍နာမည်ရနေခြင်းဖြစ်သည်။

ဆိုင်ထဲတွင် ဒီဇိုင်းကွဲများစွာမရှိသော်လည်း အခြားသော အမှတ်တံများမှ ဒီဇိုင်းများနှင့် မတူကွဲပြားမှုရှိနေစဲဖြစ်သည်။

***

အခန်း ၆၆၉

အာဏာနှင့်ကြွယ်ဝမှုနားမှာ အန္တရာယ်ဆိုတာတွဲပါနေမြဲ

အချို့လူများသည်က သူတို့၏ကြွယ်ဝမှုကို ထင်ဟပ်ပြသနိုင်ရန်အတွက် နာမည်ကျော်ကြားသည့် အမှတ်တံဆိပ်များကို နှစ်သက်ကြကာ အချို့လူများသည်တော့ အရည်အသွေးကောင်းကာ သက်သောင့်သက်သာဖြစ်စေသည့် အမှတ်တံဆိပ်ကို ပို၍နှစ်သက်ကြလေသည်။ လူမျိုးမျိုးရှိတာကြောင့် ရွေးချယ်မှုများသည်လဲ ကွဲပြားကြပေသည်။

“မင်းကြိုက်တာတွေ့လား? လက်ဆောင်ဝယ်ပေးမယ်လေ။” ချိုးယွီရှင်းကို စစ်မင်ပြောလိုက်ခြင်းဖြစ်သည်။

“ရှင့်အတွက် အရမ်းဈေးကြီးတာမျိုး ယူလိုက်မှာမကြောက်ဘူးလား?”

“ဝယ်လိုက်လို့ မင်းပျော်မယ်ဆိုရင် ကိုယ်လဲ ပျော်ပါတယ်။”

“ကျေးဇူးပြုပြီး နင်တို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းတွေ ထုတ်မကြွားဘဲနေပေးပါလား။” သူတို့နှစ်ဦးနားတွင် ရပ်နေသည့် ချောင်ဝမ်ရှင်းတစ်ယောက် ရင်နာသလိုလို ခံစားလာရသည်။

“မကျေနပ်ရင် နင်လဲထုတ်ကြွားလိုက်လေ၊ ငါတို့ စိတ်မဆိုးပါဘူး။” ချိုးယွီရှင်း ချောင်ဝမ်ရှင်းကို စိန်ခေါ်လိုက်သည်။

ထိုစကားကြောင့် ချောင်ဝမ်ရှင်းတစ်ယောက် ချက်ချင်းတိတ်ဆိတ်သွားတော့သည်။

ကြည့်ရှုသူများကတော့ JadeBeautyလက်ဝတ်ရတနာဆိုင်ဖွင့်ပွဲအခမ်းအနားအကြောင်း ဓါတ်ပုံများ ဗီဒီယိုများ အင်တာနက်ပေါ်တွင် ရိုက်ကူးတင်ကြတာကြောင့် မကြာခင်တွင်ပဲ လူပြောအများဆုံးသတင်းထူးဖြစ်လာတော့သည်။

အင်တာနက်အသုံးပြုသူများသည်လဲ တက်ရောက်သူစာရင်းကြောင့် ထိတ်လန့်အံ့အားသင့်သွားကြသည်။

“ဘုရားရေ၊ ကုနတ်ဘုရားမက နာမည်ကြီးလုပ်ငန်းစုကြီးတွေတင်မကဘဲ အကြီးဆုံးဂိုဏ်းကြီးနှစ်ဂိုဏ်းနဲ့ပါ အဆက်အသွယ်ရှိတယ်ပေါ့!”

“ကုနတ်ဘုရားမဆိုတဲ့အတိုင်းပါပဲကွာ!”

“ချင်ဟွာလုပ်ငန်းစုနှင့် ဟေးချီလုပ်ငန်းစုဆိုတာ ချင်ဂိုဏ်းနှင့် ကီရင်းဂိုဏ်းလို့ ဆိုလိုတာမဟုတ်ဘူး! အကျယ်ချဲ့မနေကြနဲ့!”

“ဟုတ်တယ်၊ ချင်ဟွာလုပ်ငန်းစုနဲ့ ဟေးချီလုပ်ငန်းစုဆိုတာ ချင်ဂိုဏ်းနဲ့ ကီရင်းဂိုဏ်းရဲ့ စီးပွားရေးတစ်မျိုးဖြစ်ရုံလောက်ပဲ။”

ကုနင်းကို မထောက်ခံသည့် လူအမျိုးမျိုး စိတ်ထင်ရာအမျိုးမျိုးလဲရှိနေလေသည်။

“အဲ့တော့ဘာဖြစ်လဲ? ချင်ဟွာလုပ်ငန်းစုနဲ့ ဟေးချီလုပ်ငန်းစုကို အဆက်အသွယ်လုပ်နိုင်ဖို့ဆိုတာလဲ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။”

“ငါတော့ အံ့ဩလွန်းလို့ ပြောစရာတွေတောင် ပျောက်နေပြီ။”

“ကုနတ်ဘုရားမရေ၊ မင်းဝန်ထမ်းလိုသေးလား? ငါမင်း ကုမ္ပဏီကိုလာချင်လို့ ရဦးမလား?”

“ငါလဲလာချင်တယ်!”

………

ကုနင်း၏အောင်မြင်မှုကို လူတော်တော်များများ ချီးကျူးဂုဏ်ပြုကြပေမည့် မုန်းတီးကာ မကောင်းပြောသူများစွာလဲ ရှိနေစဲပင်။

“သက်သက်လူမြင်ကောင်းအောင် လုပ်နေကြတာပါကွာ!”

“ဒီလောက်ငယ်ငယ်လေးနဲ့ အခုလောက်ကြီး အင်အားကြီးအဆက်အသွယ်တွေ ချိတ်ဆက်နိုင်မယ်လို့ ငါတော့ မယုံပါဘူး။”

“ငါလဲ မယုံဘူး။”

……..

အချို့လူများ၏အမြင်တွင်တော့ ကုနင်းလို ငယ်ရွယ်သေးသည့် မိန်းကလေးတစ်ဦးအနေဖြင့် နာမည်ကြီး ကုမ္ပဏီများစွာနှင့် ကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့် ကောင်းမွန်သည့် ဆက်ဆံရေးများ တည်ဆောက်ထားနိုင်သည်ကို ယုံကြည်ပေးဖို့ရန် ခက်ခဲလို့နေသည်။

အချို့မကောင်းပြောသူများဆိုလျှင် ကုနင်းကို အင်တာနက်ပေါ်တွင်ပင် ပုတ်ခတ်ပြောဆိုနေသေးသည်။

“ဒီလိုအဆက်အသွယ်တွေရအောင် သူ့ခန္ဓာကိုယ်ကို ရောင်းစားခဲ့တာများလား? သူဒီလောက် ဆွဲဆောင်မှုရှိနေတာပဲ။”

“ဖြစ်နိုင်တယ်၊ နောက်ကွယ်မှာ ခန္ဓာကိုယ်ကို ထိုးကျွေးပြီး လူရှေ့ကျ တော်လွန်းတတ်လွန်းသလို ဟန်ဆောင်ပြနေတာ။”

“အဓိပ္ပါယ်မရှိတာတွေ! မင်းတို့ မနာလိုတိုင်း လျှောက်မပြောနဲ့။”

“မင်းမှာကော သူအဲ့လိုမလုပ်ပါဘူးဆိုတဲ့ သက်သေရှိလို့လား?”

“ကုနတ်ဘုရားမကို မကောင်းပြောနေတာတွေ ရပ်စမ်း!”

“မင်းမှာ သူ့ခန္ဓာကိုယ်ကိုရောင်းစားလို့ ရလာတဲ့အောင်မြင်မှုတွေ မဟုတ်ပါဘူးလို့ သက်သေပြစရာမရှိဘူးမို့လား?”

“မင်းတို့တွေ မလွန်လာနဲ့။ ကုနတ်ဘုရားမက သူ့ကိုယ်ပိုင်အစွမ်းအစနဲ့ အားလုံးကိုရရှိလာတာ။”

“မင်းတို့ကမှ တစ်ဖက်ပိတ်ထောက်ခံသူတွေ!”

“မင်းတို့ကမှ ဦးဏှောက်မရှိတဲ့ကောင်တွေ!”

……..

အင်တာနက်ပေါ်တွင် ကုနင်းကို တိုက်ခိုက်ပြောဆိုသူများစွာ ရှိနေစဲဖြစ်ပေမည့် ကုနင်း၏ အမာခံပရိတ်သတ်များကလဲ ခက်ခက်ခဲခဲ တွန်းလှန်တောင့်ခံနေပေးစဲပင်။

“မင်းတို့မတွေးတတ်ကြဘူးလား? ဒီလိုမျိုး ပြည်တွင်းထိပ်တန်းလုပ်ငန်းစုကြီးတွေကို ဘယ်လိုလူကများ လူရှေ့ဟန်ပြအနေနဲ့ ခေါ်သုံးရဲမှာလဲ? ကုနတ်ဘုရားမသာ တကယ်ထူးချွန်လွန်းပေမယ့် ဒီလိုမျိုးအင်အာကြီးလုပ်ငန်းစုကြီးတွေကိုတော့ အရူးလုပ်နိုင်မယ့် အရည်အချင်းမရှိသေးဘူး။”

“ဟုတ်တယ်! ချင်ဟွာလုပ်ငန်းစုက ပြီးခဲ့တဲ့ Gမြို့က JadeBeautyလက်ဝတ်ရတနာဆိုင် ဖွင့်ပွဲကိုလဲ တက်ရောက်ခဲ့သေးတယ်။”

“အမြင်ကျယ်ကျယ်ထားစမ်းပါ! Bမြို့ရဲ့ အချမ်းသာဆုံးဖြစ်တဲ့ သခင်ကြီးထန်ရော Bမြို့ရဲ့ နောက်ထပ်အချမ်းသာဆုံး ထိပ်တန်းစာရင်းဝင်တဲ့ သခင်ကြီးလေ့ပါ ဖဲကြိုးဖြတ်ပွဲအခမ်းအနားမှာ ပါပေးကြတာမမြင်ဘူးလား?”

“တစ်ဖက်ကို မကောင်းပြောချင်ရုံနဲ့၊ ဦးဏှောက်တွေကပါ ပြုတ်ကျကုန်တာလားပဲ။”

……….

ထို့နောက်တွင်တော့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည့် သတင်းထောက်များစွာက သူတို့၏ ကိုယ်ပိုင်တရားဝင်Weiboအကောင့်များတွင် ပွဲမှ အဖြစ်အပျက်များမှာ အစစ်အမှန်များသာဖြစ်ကြောင်း သက်သေပုံများတင်လာပေးကြသည်။

မိနစ်ပိုင်းအတွင်းတွင်ပဲ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနှင့် ကုနင်းသည် Weiboတွင် လူပြောအများဆုံး သတင်းထပ်မံဖြစ်လာခဲ့ပြန်သည်။

နာမည်ကြီးများစွာသည်တော့ သူတို့ဆိုလျှင် Weiboမှာ လူပြောအများဆုံးဖြစ်စေရန် အပြင်အထန် ကြိုးပမ်းရပေမည့် ကုနင်းကတော့ အမြဲတမ်းလိုလို ထိုနေရာကို ရနေတာကြောင့် မနာလိုဖြစ်နေရသည်။ သို့ပေမည့် ကုနင်း၏ အဆက်အသွယ်ကောင်းများကြောင့်လဲ အလွန်အံ့အားသင့်မိကြပေသည်။

ရှန်းရှစ်လုပ်ငန်းစု၊ ကျင်းလင်လုပ်ငန်းစု နှင့် ထန်ဟွမ်လုပ်ငန်းစုတို့သည် ဤနိုင်ငံ၏ထိပ်တန်းစီးပွားရေး လုပ်ငန်းစုကြီးများဖြစ်ကြသည်။ ထို့အပြင် နိုင်ငံ၏ အကြီးမားဆုံးဂိုဏ်းကြီးနှစ်ဂိုဏ်း၏ စီးပွားရေးလုပ်ငန်းစုဖြင့်လဲ ကုနင်း အဆက်အသွယ်ရှိနေသေးသည်။ ထို့အတွက်ကြောင့် ကုနင်းကိုရော JadeBeautyလက်ဝတ်ရတနာလုပ်ငန်းကိုပါ ဘယ်သူမှ မထိပါးရဲကြတော့ပေ။

သာမာန်လူများကတော့ သေချာပေါက် ထိပါးရဲမည်မဟုတ်ပေမည့် ရည်မှန်းချက်အလွန်ကြီးသူများတော့ မပါဝင်ပေ။

အာဏာနှင့်ကြွယ်ဝမှုနားမှာ အန္တရာယ်ဆိုတာတွဲပါနေမြဲမဟုတ်ပါလား။

မင်းက ဘယ်သူပဲဖြစ်နေပါစေ မင်းရဲ့ အသက်မွေးဝမ်းကြောင်းက ဘယ်နယ်ပယ်ထဲတွင်ပဲ ပါနေပါစေ လူမှုဆက်ဆံရေးနယ်ပယ်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် ပြိုင်ဘက်များ ရန်သူများနှင့် သေချာပေါက် တွေ့ဆုံနေရမည်သာ။ ထို့အတွက်ကြောင့် ကုနင်း၏အဆက်အသွယ်ကို လူအများစုကြောက်ရွံ့ကြပေမည့် အချို့ကတော့ သူမကို စိန်ခေါ်ရဲနေတုန်းပင်။

ထန်ဝေ့ရုန်သည်လဲ ထိုအချို့လူများထဲမှ တစ်ယောက်ဖြစ်သည်။ သူက ထန်မိသားစုစီးပွားရေးကို တိုက်ခိုက်ရယူဖို့ကြံရွယ်ထားသူဖြစ်တာကြောင့် ကုနင်းသည်လဲ သူ၏ပစ်မှတ်ဖြစ်လာခဲ့သည်။

***

အခန်း ၆၇၀

ဝူယွင်ပင်း

ဘယ်လောက်ပဲ အင်အားကြီးကာ ကြွယ်ဝလွန်းသူဖြစ်နေပါစေ အားနည်းကျရှုံးသည့်တစ်နေ့ဆိုတာ ရှိလာနိုင်သလို ဘယ်လောက်ပဲ ဆင်းရဲကာ အင်အားနည်းသည့်လူပဲဖြစ်ပါစေ တစ်နည်းနည်းဖြင့် သန်မာလွန်းလှသည့် ရန်သူကို အနိုင်တိုက်နိုင်သည့် တစ်နေ့ဆိုတာလဲ ရှိလာနိုင်ပေသည်။

ထန်ဝေ့ရုန်သည် ထန်ယွင်ဖန်းအား နှစ်ကြိမ် လုပ်ကြံတိုက်ခိုက်ခဲ့သည်။ ကုနင်းသည်လဲ ဖြေရှင်း၍မရနိုင်လောက်ဟုပင် ထင်မှတ်ရသည့် အခက်အခဲများစွာကို ကျော်ဖြတ်ပြီးခါမှ ယနေ့လို အောင်မြင်မှုများရရှိနေခြင်းဖြစ်သည်။ လူချမ်းသာအတော်များများတွင် ထုတ်ဖော်ပြော၍မရသည့် မကောင်းသည့်အတိတ်များရှိဖူးသလို နိုင်ငံအချို့၏ခေါင်းဆောင်များသည်လဲ လူသတ်သမားများဖြစ်ကြသည်။ ကမ္ဘာကြီးကိုပင် တုန်လှုပ်ခြောက်ခြားသွားစေနိုင်သည့် အခြားသော ထိတ်လန့်စရာသတင်းများစွာရှိသေးသည်။ ထို့ကြောင့် အခုချိန်မှာ ဘယ်လောက်ပဲ အင်အားကြီးနေပါစေ အင်အားနည်းနေပါစေ အားလုံးပြောင်းလဲသွားနိုင်ပေသည်။

အာဏာနှင့် ငွေကြေးသည် မင်းကို ကာကွယ်ပေးနိုင်သည့်အရာများဖြစ်သလို အန္တရာယ်များကို ယူဆောင်လာပေးသည့် အရာများလဲဖြစ်သည်။

ထန်ဝေ့ရုန်မှာ ယနေ့အတွက် ကုနင်း၏သတင်းများကို အထူးစောင့်ကြည့်နေခဲ့သည်။ တွေးနေရန်မလိုဘဲ သူသည်လဲ ကုနင်း၏ အဆက်အသွယ်ကောင်းများကို မြင်ကာ ထိတ်လန့်အံ့အားသင့်သွားပေမည့် ဒါတွေကို ဂရုမစိုက်ဘဲ ကုနင်းကို လုပ်ကြံမည့် အစီအစဉ်ကိုလဲ အလျှော့ပေးသွားမည်မဟုတ်ပေ။ ထို့အပြင် စီးပွားရေးသမားများသည် အကျိုးအမြတ်အတွက်သာ စုဝေးကြခြင်းဖြစ်ကာ အကျိုးအမြတ်မရရှိလာပါက ချက်ချင်း ခွာသွားပေလိမ့်မည်။

ထန်ဝေ့ရုန်သည်က အတွေ့အကြုံရင့်ကျက်နေပြီဖြစ်သည့် လူတစ်ယောက်ဖြစ်သည်။

ထို့ကြောင့် သူကတော့ ဆက်ပြီး ထန်ဟိုင်ဖုန်းနှင့် ကုနင်းကို လုပ်ကြံဖို့ကြံစည်ဦးမည်ပင်။ ထို့အပြင် ကုနင်းသည် အားနည်းလှသည့် ပြိုင်ဘက်တစ်ယောက်မဟုတ်ကြောင်း သူသိသွားပြီဖြစ်၍ ပို၍ဂရုပြုကာ သူ့လမ်းကြောင်းကနေ ကုနင်းကို သေချာပေါက် ဖယ်ထုတ်ပစ်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထန်ယွင်ဖန်းကိုတော့ အခုထိ သတိမေ့မျောနေစဲဟု ထန်ဝေ့ရုန် ယုံကြည်ထားစဲဖြစ်သည်။

အခုလို ကားတိုက်မှုဖြစ်ပြီးတာတောင်မှ ထန်ယွင်ဖန်း အသက်ရှက်နေသေးတာကတင် တော်တော်လေးကံကောင်းလွန်းနေ၍ဖြစ်သည်။

ထန်ယွင်ဖန်းသည် ထန်ဟွမ်လုပ်ငန်းစု၏ ဥက္ကဌဖြစ်တာကြောင့် သူ၏လက်အောက်ခံဝန်ထမ်းများက သွားရောက်သတင်းမေးကြ၍ ထန်ယွင်ဖန်း အိပ်ရာထဲတွင် လဲနေစဲဖြစ်ကြောင်း သေချာလို့နေသည်။

ထို့အတွက်ကြောင့် ထန်ဝေ့ရုန် သူ၏ပစ်မှတ်စာရင်းထဲမှ ထန်ယွင်ဖန်းကို ဖယ်ထုတ်ထားလိုက်တော့သည်။

…….

JadeBeautyလက်ဝတ်ရတနာဆိုင်ဖွင့်ပွဲအခမ်းအနားပြီးပြီး မကြာခင်တွင်ပဲ ကုနင်းကို ပြဿနာရှာမည့်လူတစ်ယောက် ရောက်ရှိလို့လာသည်။

ထိုလူမှာ အသက်၄၀အရွယ်ဝန်းကျင်ရှိပြီဖြစ်ကာ ဆိုင်ထဲကို ဝင်လာပြီးသည်နှင့် JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ပိုင်ရှင်ဖြစ်သည့် ကုနင်းနှင့် တွေ့လိုက်ကြောင်း တောင်းဆိုလာသည်။

ထိုလူက သူမကိုတွေ့ဖို့ရောက်လာခြင်းဖြစ်တာကြောင့် ကုနင်းလဲ လက်ခံတွေ့ဆုံလေသည်။

“ဝူယွင်ပင်း?” ကုနင်း ဘာမှမပြောရသေးခင်တွင်ပဲ ထန်ဟိုင်ဖုန်းက ထိုလူကို မှတ်မိသွားသည်။

ဝူယွင်ပင်းလဲ ထန်ဟိုင်ဖုန်းကို မြင်လိုက်ရ၍ အံ့အားသင့်သွားပြီးနောက် လေးလေးစားစားပင် နှုတ်ဆက်လိုက်သည်။

“သခင်ကြီးထန်။”

“ဘာများကူညီပေးရမလဲ၊ လူကြီးမင်းဝူ?” ကုနင်းမေးလိုက်သည်။ ဒီလူရောက်လာခြင်းက ကောင်းသောလာခြင်းမဟုတ်မှန်း ကုနင်းခံစားမိပေမည့် ထိုလူက ထန်ဟိုင်ဖုန်းနှင့် သိနေတာကြောင့် သူမလဲ ယဉ်ယဉ်ကျေးကျေးပင် ဆက်ဆံလိုက်သည်။

“JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ ပိုင်ရှင်က ကျောက်အလောင်းအစား လုပ်တာကနေ ပထမအကြိမ်မှာပဲ အချီကြီးရသွားတာလို့ ငါကြားထားတယ်။ အမှန်ပဲလား?” ဝူယွင်ပင်းမေးလိုက်သည်။

“ဟုတ်ပါတယ်။” ကုနင်းပြန်ဖြေလိုက်သည်။

“ကျောက်အလောင်းအစားလုပ်ရုံပဲလား၊ တစ်ခါမှချေးငွေတောင်မယူဖူးဘူးလား?” ဝူယွင်ပင်း ထပ်မေးလိုက်ပြန်သည်။

“မယူခဲ့ပါဘူး။”

ထိုစကားကြောင့် အနားမှလူများအားလုံး အလွန်အံ့အားသင့်လို့သွားတော့သည်။ ကုနင်း ကျောက်အလောင်းအစားလုပ်ရာကနေ ငွေများစွာရှာနိုင်ခဲ့ကြောင်း အားလုံးကြားဖူးထားပြီးသားဖြစ်ပေမည့် JadeBeautyလက်ဝတ်ရတနာလုပ်ငန်းတစ်ခုလုံးကိုလဲ ကျောက်အလောင်းအစားလုပ်ရာကနေပဲ တည်ထောင်ခဲ့ခြင်းဖြစ်လိမ့်မည်ဟုတော့ ဘယ်သူမှ မထင်မှတ်ထားခဲ့ပေ။ တစ်နည်းပြောရလျှင် ကုနင်းက ကျောက်အလောင်းစားလုပ်ရုံနဲ့ ယွမ်၁၀၀မီလီယံမက ရခဲ့တာပေါ့? ထိုသို့တွေးမိသွားသည်နှင့် အားလုံးထိတ်လန့်အံ့ဩကုန်တော့သည်။

သတင်းထောက်များကလဲ အလွန်အရေးကြီးသည့် အခြေအနေတစ်ခုဖြစ်ကြောင်း နားလည်လိုက်တာကြောင့် ချက်ချင်းပင် ကုနင်းတို့ ပြောနေသည်များကို ရိုက်ကူးဖို့ရန် ကင်မရာများ အပြိုင်အဆိုင် ဖွင့်လိုက်ကြတော့သည်။

“ကျောက်အလောင်းအစားလုပ်ရုံလေးနဲ့ ဒီလောက်ငွေတွေအများကြီးရှာနိုင်ခဲ့တာဆိုတော့ အရမ်းကို လေးစားဖို့ကောင်းပါတယ်။ ငါလဲ မင်းကိုတော်တော်လေးစားမိတယ်၊ ဒါပေမယ့် မင်းကို စိန်ခေါ်ချင်နေတုန်းပဲ။” ဝူယွင်ပင်း ပြောလာခဲ့သည်။

“ဝူယွင်ပင်း၊ မင်းဘာလုပ်ချင်နေတာလဲ?” ထန်ဟိုင်ဖုန်း အလိုမကျစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ဝူယွင်ပင်း ဒီနေရာကို ကုနင်းကို ပြဿနာရှာဖို့သက်သက်ရောက်လာခြင်းဖြစ်ကြောင်း သိသာလှပေသည်။ သို့ပေမည့် ထန်ဟိုင်ဖုန်းကတော့ သူ့မျက်စိရှေ့တွင်ပင် ဝူယွင်ပင်း ပြဿနာရှာရဲနေတာကြောင့် အလွန်အံ့အားသင့်နေခဲ့သည်။

“သူက ပြဿနာလာရှာနေတာပဲ!”

“ဟုတ်တယ်၊ ဒါပေမယ့် သူဘာဆက်လုပ်မလဲတော့ သိချင်သား။”

“မိန်းကလေးကုနဲ့ သခင်ကြီးထန်တို့ ရင်းနှီးတာကို သူမသိထားဘူးလား?”

ဘေးမှကြည့်နေသူအားလုံးကတော့ ဝူယွင်ပင်းတစ်ယောက် ရူးသွားပြီဟုသာ ယုံကြည်နေကြသည်။

ကုနင်း၏သူငယ်ချင်းများကတော့ ဤပြဿနာကြောင့် လက်ဝတ်ရတနာဆိုင်၏ စီးပွားရေးကိုပါ ထိခိုက်လာမည်ကို စိုးရိမ်လို့နေသည်။

အနားရှိလူများ၏ ဆွေးနွေးပြောဆိုသံများကို ဝူယွင်ပင်းကြားလိုက်ရသည်နှင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့အနေနှင့် သခင်ကြီးထန်ကို စိတ်အနှောက်အယှက်မပြုရဲသော်လည်း နောက်ပြန်ဆုတ်ဖို့တော့ ရည်ရွယ်ချက်မရှိပေ။ သူကိုယ်တိုင်လဲ ကျောက်အလောင်းအစားလုပ်ရာမှ ကြီးပွားသွားသူအများအပြားကို မြင်တွေ့ခဲ့ဖူးပေသည်။ သို့ပေမည့် ကုနင်း၏ကြီးပွားမှုကတော့ သူဘယ်လိုမှ မှန်းဆလို့ပင် မရနိုင်ပေ။ ကျောက်အလောင်းအစားလေးလုပ်ရုံနဲ့ ဘယ်လိုလုပ်များ အဆင့်မြင့်လက်ဝတ်ရတနာအမှတ်တံဆိပ်ကိုတောင် တည်ထောင်သွားနိုင်မှာလဲ?

ကျောက်အလောင်းအစားလုပ်ခြင်းသည် ဆိုးကျိုးများလွန်းသည်ဟု လူသိများသည့် လောင်းကစားတစ်မျိုးဖြစ်ပေမည့် ကုနင်းကတော့ ထိုအရာဖြင့်ပင် ငွေများစွာရှာနိုင်ခဲ့တာကြောင့် ဝူယွင်ပင်း ဘယ်လိုမှ လက်မခံနိုင်ပေ။ သူသည်လဲ ကျောက်အလောင်းအစားလောကတွင် နှစ်ပေါင်း၂၀ကျော် ကျင်လည်လာခဲ့သူဖြစ်ကာ ဤလောကတွင် ကုနင်း အောင်မြင်မှုရသွားသည်က သာမာန်ကံဆန်းသွားရုံသာဟု ယုံကြည်နေသည်။

“ရပါတယ်၊ သမီးဖြေရှင်းလိုက်မယ်။” ထန်ဟိုင်ဖုန်းကို ကုနင်းနှစ်သိမ့်ပေးလိုက်သည်။ ထန်ဟိုင်ဖုန်းလဲ ကုနင်း၏ဆုံးဖြတ်ချက်ကို အလေးထားသည့်အနေနှင့် နှုတ်ဆိတ်နေလိုက်တော့သည်။ ထို့နောက် ကုနင်း ဝူယွင်ပင်းကို ကြည့်ကာ မေးလိုက်သည်။

“အဲ့တော့ ရှင်ကဘာလုပ်ချင်လို့လဲ?”

ဒီလူ သေချာပေါက် အဖြေတစ်ခုမရဘဲနှင့်တော့ ထွက်သွားမည်မဟုတ်မှန်း ကုနင်းသိနေသလို သူဘာဆက်လုပ်မလဲဆိုသည်ကိုလဲ သိချင်နေသေးသည်။

“ငါမင်းနဲ့ ပြိုင်ပွဲတစ်ခုလုပ်ချင်တယ်။” ဝူယွင်ပင်း ပြောလိုက်သည်။

“နင်းနင်း၊” သခင်ကြီးထန် စိုးရိမ်သွားသည်။ ဝူယွင်ပင်းသည် အတွေ့အကြုံအလွန်ရှိသည့် ကျောက်အလောင်းအစားသမားဖြစ်မှန်း သိတာကြောင့် ကုနင်းကို တားလိုက်ချင်နေသည်။ ကုနင်းသာ ရှုံးသွားခဲ့လျှင် သူမ၏လက်ဝတ်ရတနာလုပ်ငန်း၏ဂုဏ်သိက္ခာလဲ ပျက်စီးသွားနိုင်ပေသည်။

လူတွေကတော့ သူမကျောက်စိမ်းတွေ ဘယ်ကရလဲ မသိချင်ပေမည့် လိမ်ညာခံရသည့် ခံစားချက်ကိုတော့ ဘယ်သူမှ သဘောမကျကြပေ။

သို့ပေမည့် ကုနင်းသာ ငြင်းလိုက်လျှင်လဲ ကုနင်းက သတိ္တရှိဘဲ စိန်ခေါ်မှုကို လက်မခံရဲဟု တွေးကြပေမည်။ ထို့ကြောင့် ကုနင်းကို တားဖို့ မတားဖို့ ထန်ဟိုင်ဖုန်း ဝေခွဲမရဖြစ်နေတော့သည်။

“နင်းနင်း၊” ကုမန့်၊ ထန်ယွင်ရုန်နှင့် အခြားလူများလဲစိုးရိမ်နေကြသည်။

“မစိုးရိမ်ကြပါနဲ့။ သမီးကိုပဲ ယုံထားလိုက်။” ကုနင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ကုနင်း ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိနေကြောင်းမြင်ရတော့ ကုမန့်တို့လဲ ဘာမှဆက်မပြောကြတော့ပေ။

ဆိုင်ထဲတွင်တော့ ကုနင်း၏ ကျောက်အလောင်းအစားစွမ်းရည်ကို မျက်မြင်တွေ့ဖူးထားကြပြီးဖြစ်သည့် လင်ရှောင်းထင်နှင့် ကျိုးကျန်းဟုန်သည်သာ ကုနင်းကို အပြည့်အဝယုံကြည်ထားလေသည်။

All Chapters