← Chapters

အခန်း (၆၇၁-၆၇၅)

Vol. 45 Ch. 671-675

အခန်း (၆၇၁-၆၇၅)

Vol. 45 Ch. 671-675

အခန်း ၆၇၁

ကျောက်အလောင်းအစားပြိုင်ပွဲ

“ဘယ်လိုပုံစံနဲ့ပြိုင်ချင်လဲ?” ကုနင်းအေးဆေးတည်ငြိမ်သည့် မျက်နှာထားနှင့်ပင် မေးလိုက်သည်။

“ငါ ကျောက်စိမ်းရိုင်းတုံးတစ်စီးအပြည့်ယူလာခဲ့သည်။ ငါတို့ တစ်ယောက်ကို ကြိုက်ရာသုံးတုံးစီရွေးကြမယ်။ ဖြတ်လိုက်လို့ တန်ဖိုးပိုကြီးတဲ့ ကျောက်စိမ်းရတဲ့လူက အနိုင်ပဲ။” ဝူယွင်ပင်း လေးလေးနက်နက်ပြောလိုက်သည်။

၎င်းမှာ ကုနင်းကို ပြဿနာရှာလိုခြင်းမဟုတ်ဟု သာမာန်အတိုင်း ကုနင်းကို စိန်ခေါ်ချင်ရုံသာဟု ထင်ရသွားစေသည့် အပြောမျိုးဖြစ်သည်။

ဆိုင်ထဲရှိအခြားသူများကလဲ ပြိုင်ပွဲကို စောင့်မျှော်နေကြပြီဖြစ်သည်။

“ရှင့်ရဲ့စိန်ခေါ်မှုကို ကျွန်မလက်ခံပါတယ်၊ ဒါပေမယ့် စည်းကမ်းဆိုတာ တစ်ဖက်တည်းက သတ်မှတ်လို့မှမရဘဲ။ ဒါက ပြိုင်ပွဲဆိုမှတော့ လောင်းကြေးသေချာပေါက် ရှိရမှာပေါ့။”

“ဘာလောင်းချင်လဲ?”

ကုနင်း ပြုံးလိုက်ကာ၊

“ကျွန်မဘက်က ရှင့်ကို ကျောက်ရိုင်းတုံးတန်ဖိုးပေးမယ်၊ အဲ့ဒီကျောက်ရိုင်းတွေကနေ ကျောက်စိမ်းဖြတ်လို့ရလာခဲ့ရင်တော့ ကျွန်မအပိုင်ပဲ။ တစ်ယောက်မှ ကျောက်စိမ်းမရခဲ့ဘူးဆိုရင်တော့ သရေပေါ့။ နှစ်ယောက်လုံးက ကျောက်စိမ်းဖြတ်လို့ရခဲ့ရင်တော့ ရှုံးတဲ့သူဘက်က ယွမ်၅သန်းပေးရမယ်၊ ဘယ်လိုလဲ?”

တကယ်တော့ ရှုံးသည့်လူဘက်က နိုင်သည့်လူဖြတ်နိုင်ခဲ့သည့် ကျောက်စိမ်းတန်ဖိုးအတိုင်း ပေးရမည်ဟု ကုနင်းပြောလိုက်ချင်ပေမည့် ထိုသို့ဆိုလျှင် ဝူယွီပင်းတစ်ယောက် ယွမ်၁၀သန်းမကပေးလျော်သွားရလိမ့်မည်။ ထိုသို့ တစ်ဖက်သတ် အခြေအနေမျိုးကိုတော့ ကုနင်းမဖြစ်ချင်ပေ။

ဝူပင်းယွီ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မည်မှန်း ကုနင်းသိထားပြီးဖြစ်တာကြောင့် သူ၏ကြွယ်ဝမှုများကို ကုနင်းအပိုင်မသိမ်းလိုပေ။ ထို့အပြင် ဝူယွီပင်းယူလာသည့် ကျောက်ရိုင်းများထဲတွင် အဆင့်မြင့်ကျောက်စိမ်းပါမည်မပါဘူးကလဲ သေချာမပြောနိုင်ပေ။

“သဘောတူတယ်!” ဝူယွီပင်းအတွက် ယွမ်၅သန်းဆိုသည်မှာ တတ်နိုင်သည့်ပမာဏသာဖြစ်တာကြောင့် အေးအေးလူလူပင် သဘောတူခဲ့သည်။

ဆိုင်ထဲရှိ လူတော်တော်များများသည်တော့ အလွန်ကြွယ်ဝသူများမဟုတ်ကြတာကြောင့် ပြိုင်ပွဲလေးတစ်ခုအတွက်နှင့် ဝူယွီပင်း ၅သန်းတောင်လောင်းတာက ရူးနေလို့သာဖြစ်ရမည်ဟု ယုံကြည်နေတော့သည်။

“လူကြီးမင်းဝူ၊ ကျွန်မတို့ ပြိုင်ပွဲမစခင် အရင်ဆုံး သဘောတူညီမှုစာချုပ်မှာ လက်မှတ်ထိုးထားကြရင်ပိုကောင်းမယ်ထင်တယ်။”

“ရတယ်လေ။” ဝူယွီပင်းလဲ လက်ခံခဲ့သည်။

ထို့နောက် ကုနင်းနှင့် ဝူယွီပင်းတို့ သဘောတူညီမှု စာချုပ်တွင် လက်မှတ်ထိုးလိုက်ကြသည်။

“ငါတို့ကော ပြိုင်ပွဲရလဒ်အပေါ် လောင်းကြေးထပ်ကြမလား?”

ရှုကျင်းချန်က ရှင်းပိုင်၏လက်မောင်းတစ်ချက် တို့ကာ ပြောလိုက်သည်။

“ကောင်းသားပဲ။ ငါကုနင်းဘက်ကလောင်းမယ်၊ မင်းက ဝူယွီပင်းဘက်ကလောင်း။ ရှုံးတဲ့လူက နိုင်တဲ့လူအတွက် ၁၀ကြိမ်အဝတ်လျှော်ပေးရမယ်။ ဘယ်လိုလဲ?” ရှင်းပိုင်ပြန်မေးလိုက်သည်။

ရှုကျင်းချန်တစ်ယောက် ရုတ်တရက်ကြောင်အသွားပြီးကာမှ မကျေမနပ်ဖြင့်၊

“ငါလဲ ကုနင်းဘက်ကပဲ လောင်းချင်တာလေ။”

“မင်းလာနောက်နေတာလား? ငါတို့နှစ်ယောက်လုံး ကုနင်းနိုင်မယ်လို့ ယုံကြည်နေမှတော့ ဘာလို့ လောင်းနေစရာလိုတော့မှာလဲ?” ရှင်းပိုင် ရှုကျင်းချန်ကို ဉာဏ်မရှိသည့်လူကို ကြည့်သလိုမျိုး ကြည့်လိုက်သည်။

“ထားပါတော့။” ရှုကျင်းချန်လဲ လက်လျှော့သွားတော့သည်။

တကယ်တမ်း ဖန်းကျီယွေ့တို့ သူငယ်ချင်းအဖွဲ့သည်လဲ လောင်းကြေးထပ်ချင်နေကြပေမည့် ရှင်းပိုင်နှင့်ရှုကျင်းချန်တို့ ပြောဆိုနေသည်များကို ကြားပြီးနောက် သူတို့လဲ လက်လျှော့လိုက်တော့သည်။

ကုနင်းအကြောင်းသိသည့် လူအများစုကတော့ သူမနိုင်မည်ဟု ယုံကြည်လို့နေသည်။

ထို့နောက်တွင်တော့ လူအုပ်ထဲမှ အချို့မှာ ပြိုင်ပွဲအတွက် စတင်လောင်းကြေးထပ်လာခဲ့ကြပြီး ထိုသူများထဲမှ အများစုသည်တော့ ယနေ့တိုင်ကြားခဲ့ရသည့် ကုနင်း၏ မယုံနိုင်စရာအောင်မြင်မှုများကြောင့် ကုနင်းဘက်မှ လောင်းကြေးထပ်ကြသည်။ တစ်ဖက်မှ ဝူယွီပင်းသည်တော့ သူတို့ဘာသတင်းမှမကြားဖူးထားသည့် လူစိမ်းတစ်ယောက်မဟုတ်ပါလား။

မကြာခင်တွင်ပဲ ပြိုင်ပွဲစတင်လေသည်။

ဝူယွီပင်း၏ ထရက်ကားကို ဈေးဝယ်စင်တာအပြင်ဘက်မှ ကားပါကင်တွင် ရပ်ထားခဲ့တာကြောင့် လူအုပ်ကြီးလဲ သူနှင့်အတူ ကားရှိရာသို့ ထွက်လာခဲ့ကြသည်။

ဝူယွီပင်းသည် သူနှင့်အတူပါလာသည့် ကျောက်ဖြတ်သူနှစ်ယောက်ကို ထရက်ကားအား ဖွင့်ခိုင်းလိုက်ပြီး အထဲမှ ကျောက်ဖြတ်စက်နှစ်လုံးကို ရွှေ့စေသည်။ အချိန်ကုန်သက်သာစေရန်အတွက် ဝူယွီပင်းက ကျောက်ဖြတ်စက်နှစ်လုံး ယူလာခဲ့ခြင်းဖြစ်သည်။

အနားရှိကြည့်ရှုသူများကတော့ သူတို့ဖုန်းများကိုထုတ်ကာ ဓါတ်ပုံများ ရိုက်ကူးကြပြီး အချို့ဆိုလျှင် တိုက်ရိုက်ထုတ်လွှင့်မှုများပင် ပြုလုပ်ကြသည်။

ဤရက်များအတွက် ကုနင်းသည် အင်တာနက်ပေါ်တွင် လူအာရုံစိုက်မှုများစွာ ရရှိထားခြင်းကြောင့် သူမနာမည်ဖြင့် ဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်မှုကိုတွေ့လိုက်ရသည်နှင့် တပြိုင်နက် ကြည့်ရှုသူများစွာရောက်ရှိလာတော့သည်။

ထိုဗီဒီယိုကို တိုက်ရိုက်ထုတ်လွှင့်နေသည့်လူမှာတော့ ယခုရက်များအတွက် ကုနင်းအလွန်ကျော်ကြားနေမှန်း သိထားပေမည့် သူမ၏ချန်နယ်သို့ မိနစ်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုလာသည့် အရေအတွက်ကြောင့် ထိတ်လန့်မိသွားစဲပင်။

တိုက်ရိုက်ထုတ်လွှင့်သူ၏ ဖုန်းကင်မရာသည် ကျောက်ဖြတ်သည့် နေရာကို ရှင်းရှင်းလင်းလင်းမြင်ရတာကြောင့် ကြည့်ရှုရန်ရောက်ရှိလာသည့် အင်တာနက်အသုံးအပြုသူများအနေဖြင့် ကုနင်းကို မြင်နိုင်သလို ကျောက်ဖြတ်စက်များနှင့် ကျောက်ရိုင်းတင်ထားသည့် ထရက်ကားကြီးကိုလဲ မြင်နိုင်သည်။

“ဝိုး၊ ကုနတ်ဘုရားမ တကယ်ကြီး ကျောက်အလောင်းအစားပြိုင်ပွဲလုပ်နေတာပဲ!”

“အရမ်းစိတ်လှုပ်ရှားနေပြီ!”

“ဘယ်သူများနိုင်သွားမလဲပဲ!”

ကျောက်ဖြတ်စက်များရွှေ့ပြီးသွားသည်နှင့် ထရက်ကားပေါ်တွင် ကျောက်ရိုင်းတုံးရာကျော်သာကျန်ရစ်တော့သည်။

“မိန်းကလေးကု၊ မင်းအရင်ရွေးလိုက်ပါ။” ဝူယွီပင်း လူကြီးလူကောင်းဆန်ဆန်ဖြင့် ပြောလိုက်သည်။

ကုနင်းလဲ တွန့်ဆုတ်မနေဘဲ ချက်ချင်း ထရက်ကားထဲသို့ သွားလိုက်ကာ ကားပေါ်မှ ကျောက်ရိုင်းများကို သူမ၏ကျောက်စိမ်းမျက်ဝန်းဖြင့် အကဲဖြတ်လိုက်သည်။ ကျောက်ရိုင်းအများစုသည် ကျောက်စိမ်းမပါဝင်သည့် ကျောက်တုံးသက်သက်သာဖြစ်ကြပြီး ထိုထဲမှ နှစ်တုံးကသာလျှင် အလယ်အမြင့်ဆင့် ကျောက်စိမ်းပါလေသည်။

ကုနင်း ထိုအလယ်အမြင့်ဆင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်းနှစ်တုံးကို ကောက်ယူလိုက်သည်။ တစ်တုံးသည်တော့ ဘောလုံးတစ်လုံးအရွယ်မျှကြီးကာ ကျန်တစ်တုံးသည်တော့ ဘောလုံးတစ်ဝက်မျှသာရှိသည်။ ထိုနှစ်တုံး၏ သုံးပုံတစ်ပုံလောက်တွင်သာ ကျောက်စိမ်းပါရှိပေသည်။

***

အခန်း ၆၇၂

နင်းနင်းနိုင်မှာပါ

တစ်ချိန်တည်းတွင်ပဲ လူများ၏အာရုံစိုက်မှုကို လျော့နည်းစေရန်နှင့် အချိန်ကုန်သက်သာစေရန်အတွက် ကျောက်စိမ်းမပါရှိသည့် တန်ဖိုးမရှိသော ကျောက်တုံးတစ်တုံးကို တတိယကျောက်ရိုင်းတုံးအဖြစ် ရွေးချယ်လိုက်သည်။ ကျောက်စိမ်းပါသည့် ကျောက်ရိုင်းတုံးများ ဖြတ်ဖို့ရန်က မိနစ်၂၀ ဝန်းကျင်လောက်ကြာမည်ဖြစ်ပေမည့် ကျောက်တုံးသက်သက်ကျောက်ရိုင်းတုံးကို ဖြတ်ဖို့ရန်ကတော့ ၂-၃မိနစ်သာအချိန်ယူရမည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူမကအတွက် အကောင်းဆုံးသော ကျောက်ရိုင်းတုံးများကို ရွေးယူထားပြီးဖြစ်ကာ ဝူယွီပင်းတစ်ယောက် အလယ်အဆင့်နိမ့်ကျောက်စိမ်းရှိသည့် ကျောက်ရိုင်းသုံးတုံးကိုပင် ရွေးနိုင်ခဲ့လျှင်တောင်မှ ဆိုးဆိုးရွားရွား ရှုံးနိမ့်နေဦးမည်ဖြစ်သည်။

ထိုအချိန်တွင်ပဲ ထန်ကျားခိုင်၊ အိုးရန်ရှီယွမ်နှင့် စုန့်မြောင်ရွှယ်တို့လဲ ရောက်ရှိလို့လာခဲ့သည်။

“ဘာတွေဖြစ်နေကြတာလဲ?” ထန်ကျားခိုင် ရောက်ရောက်ခြင်းနားမလည်နိုင်ဖြစ်သွားသည်။

“ကျောက်အလောင်းအစားလုပ်နေတာ!” တစ်စုံတစ်ယောက်က ပြန်ဖြေပေးသည်။

“ဘာ? ဒီနေ့က ဖွင့်ပွဲအခမ်းအနားနေ့မဟုတ်ဘူးလား?” ထန်ကျားခိုင် ထပ်မေးလိုက်ပြန်သည်။

“တစ်ယောက်ယောက်က ပြဿနာလာရှာလို့လေ!” နောက်ထပ်တစ်ယောက်က ပြန်ဖြေပေးခဲ့သည်။

“ဘယ်သူကများ လုပ်ရဲတာလဲ?” ထန်ကျားခိုင် ထိုသတင်းကြောင့် မကျေမနပ်ဖြစ်ကာ ချက်ချင်းပင် သူ၏အမေနှင့်အဖိုးရှိရာသို့ သွားလိုက်သည်။

ကျန်းလီဟွာကတော့ ထန်ကျားခိုင်ကို တွေ့လိုက်သည်နှင့် အပြစ်ပြောတော့သည်။

“မင်းဘာလို့ ဒီလောက်နောက်ကျနေတာလဲ?”

ထန်ကျားခိုင်လဲ ရှက်ကိုးရှက်ကန်းနှင့်၊

“ဟဲ-ဟဲ၊ မနေ့က သူငယ်ချင်းမွေးနေ့ပွဲမှာ သောက်တာများပြီး မနက်မထနိုင်တော့လို့။”

“မင်းကတော့လေ…” ကျန်းလီဟွာ ဒေါသထွက်သွားသည်။ သူမ ထန်ကျားခိုင်ကို အပြစ်ပေးတော့မည့်အချိန်တွင်ပဲ ကျောက်အလောင်းအစားလုပ်နေသည့် နေရာမှ တစ်ခုခုထူးခြားသည့် အခြေအနေက ကြားဖြတ်ထွက်ပေါ်လာခဲ့သည်။

“မင်းရွေးလို့ပြီးသွားပြီလား?” ကုနင်း ကျောက်ရိုင်းတုံးသုံးတုံးကို နှစ်မိနစ်အတွင်း ရွေးသွားတာကြောင့် ဝူယွီပင်း အံ့ဩလို့နေသည်။ ပုံမှန်ဆိုလျှင် လူတစ်ယောက် ကျောက်ရိုင်းတစ်တုံးကို ရွေးဖို့ရန်ပင် အချိန်များစွာ လိုအပ်ပေမည့် ကုနင်းသည်တော့ ဘာပစ္စည်းကိရိယာကိုမှ အသုံးမပြုပါဘဲနှင့် အချိန်တိုလေးအတွင်း ရွေးသွားခဲ့သည်။ ဒါတောင် တစ်တုံးတည်းမဟုတ်ဘဲ သုံးတုံးတောင်လေ။

အချို့လူများသည်လဲ ကျောက်အလောင်းအစားနှင့်ပတ်သတ်သည့် အခြေခံဗဟုသုတအနည်းငယ်ရှိတာကြောင့် ကုနင်း၏အမြန်နှုန်းကို အံ့အားသင့်နေကြသလို ထန်ဟိုင်ဖုန်းသည်လဲ စိုးရိမ်ပူပန်လို့သွားသည်။

“ပြီးပြီလေ။ လူကြီးမင်းဝူလဲ မြန်မြန်လေးရွေးပေးဖို့ မျှော်လင့်တယ်။ ကျွန်မမှာ အချိန်၁နာရီပဲ ရှိလို့ပါ။” ကုနင်းပြောလိုက်သည်။ တကယ်တမ်း ကျောက်ရိုင်းများကို ၁မိနစ်အတွင်း သူမရွေးချယ်ပြီးနိုင်ပေမည့် သူမလိုချင်သည့် ကျောက်ရိုင်းတုံးများ ကျောက်ရိုင်းပုံထဲမှ ထွက်ပေါ်လာစေရန် လုပ်ရသည်က အချိန်တချို့ယူသွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ကုနင်း ထရက်ကားပေါ်မှ ပြန်ခုန်ဆင်းလာကာ ကျောက်ဖြတ်သူထံသို့သွားလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများထဲမှ အတော်များများသည်က ကျောက်အလောင်းအစားအကြောင်းကို မကြားဖူးတာကြောင့် တိတ်ဆိတ်၍သာနေကြပေမည့် အချို့နည်းနည်းပါးပါးသိထားသူများကတော့ စတင် အပြစ်ဆိုတော့သည်။

“မဖြစ်နိုင်ဘူး။ သူမဘယ်လိုလုပ်ဒီလောက်မြန်မြန်ရွေးနိုင်တာလဲ?”

“ကျောက်စိမ်းပါတဲ့ ကျောက်ရိုင်းတုံးရွေးနိုင်ဖို့ အချိန်အကြာကြီးယူရလို့လား?” တစ်ယောက်ပြန်မေးလာသည်။

“ယူရတာပေါ့၊ ကျောက်ရိုင်းကောင်းတစ်တုံးရွေးမိဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ပုံမှန်ဆို မိနစ်၂၀မက အချိန်ယူရတယ်။ သူမကတော့ ၂မိနစ်တည်းနဲ့ကို ရွေးပြီးသွားတာပဲ!”

“အော်၊ အဲ့လိုလား။ ကြည့်ရတာ ကုနတ်ဘုရားမက ကျောက်အလောင်းအစားလုပ်တဲ့အကြောင်း ဘာတစ်ခုမှ မသိဘူးထင်တယ်။”

“သူမက ကျောက်အလောင်းအစားလုပ်ပြီး တစ်ချီတည်းနဲ့ ပွပေါက်တိုးသွားတဲ့လူမဟုတ်လား? သူမသာ ကျောက်အကြောင်း လုံးဝနားမလည်ထားရင် အရင်ကငွေတွေ ဘယ်လိုနည်းနဲ့ရလာတာဲ?”

“လိမ်ထားတာများလား?”

“ကုနတ်ဘုရားမက ငါတို့ကို ညာမှာမဟုတ်ဘူး။ သူမမှာလဲ ကိုယ်ပိုင်ကျောက်ရိုင်းရွေးချယ်နည်းရှိလို့ပဲဖြစ်မယ်။”

“ဟုတ်တယ်၊ ဆက်ကြည့်ကြရအောင်။”

……..

“ငါ့ညီမလေးကတော့ တကယ်ကို ထူးချွန်လွန်းတာပဲ!” ထန်ကျားခိုင် အစ်ကိုကြီးတစ်ယောက်၏ ဂုဏ်ယူဟန်ဖြင့်ပြောလိုက်သည်။

အခြားသူများ ကုနင်းကို မယုံကြည်လျှင်တောင်မှ ထန်ကျားခိုင်သည်တော့ ကုနင်း၏ အရည်အချင်းကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့ပေ။

ရှင်းပိုင် ထိုစကားကိုကြားလိုက်ရတော့ သေချာပေါက် ထန်မိသားစုနှင့် ကုနင်းအကြားတွင် အထူးတလည် ဆက်နွှယ်မှုတစ်မျိုးမျိုးရှိရမည်ဟု တွေးလိုက်မိပေမည့် အတွေးတစ်ခုသာဖြစ်ကာ သိပ်ပြီး ရှည်ရှည်ဝေးဝေးမစဉ်းစားခဲ့ပေ။

ကုနင်း အရင်ဆုံး ကျောက်တုံးသာဖြစ်မည့် ကျောက်ရိုင်းတုံးပေါ်တွင် မျဉ်းဆွဲလိုက်ကာ ကျောက်ဖြတ်သူထံပေးလိုက်သည်။

ဝူယွီပင်းကတော့ ကုနင်းသည် သာမာန်လူများထက် ကျောက်ရိုင်းရွေးနှုန်း အလွန်မြန်ဆန်လွန်းနေတာကြောင့် ကျောက်ရိုင်းရွေးနေချိန်တွင် အနည်းငယ်စိတ်ဖိစည်းလို့နေလေသည်။ သူကိုယ်တိုင်လဲ အချိန်ဖြုန်းမနေလိုပေ။ ထို့အပြင် သူဒီနေရာကို မလာခင်ကတည်းက ကားပေါ်မှ ကျောက်ရိုင်းများကို သေချာစစ်ဆေးပြီးထားပြီဖြစ်သည်။

ဝူယွီပင်း ကျောက်ရိုင်းရွေးနေစဉ်တွင်ပဲ ကုနင်းကတော့ သူမ၏ကျောက်ရိုင်းတုံးများကို ဖြတ်ဖို့ရန် အဆင်သင့်ဖြစ်နေပေပြီ။

ကျောက်ရိုင်းတုံးမှာ သေးငယ်တာကြောင့် ဖြတ်ဖို့ရန် အချိန်သိပ်မယူရပေမည့် သာမာန်ကျောက်တုံးတစ်တုံးသာဖြစ်နေသည်။ ဒုတိယတစ်ဖြတ်ဖြတ်ချိန်တွင်လဲ သာမာန်ကျောက်တုံးတစ်တုံးသာဖြစ်နေတာကြောင့် ထန်ဟိုင်ဖုန်းနှင့် ကုနင်းဘက်မှ လူများ စိုးရိမ်လာတော့သည်။

ဝူယွီပင်းမှာ ကျောက်ရိုင်းရွေးနေစဲဖြစ်သော်လည်း ကျောက်ဖြတ်သည့် နေရာကိုလဲ အာရုံစိုက်နေတာကြောင့် ကုနင်း၏ကျောက်ရိုင်းမှာ ကျောက်တုံးတစ်တုံးသာဖြစ်ကြောင်း သိလိုက်ရချိန်တွင် အနည်းငယ်စိတ်လက်ပေါ့ပါးသွားခဲ့သည်။

ဒီတော့ ကုနင်းကျော်ကြားနေခြင်းက ကျောက်အလောင်းအစားလုပ်ခြင်းတွင် ထူးချွန်ပြောင်မြောက်လှသည့် အရည်အချင်းရှိခြင်းကြောင့် ဖြစ်တာကြောင့် သူသက်သက်မဲ့ အထင်ကြီးနေမိခြင်းသာဖြစ်သည်။ အစကတော့ သူရှုံးများရှုံးသွားနိုင်မလားဟု စိုးရိမ်နေခဲ့ပေမည့် အဆုံးထိ လက်မလျှော့ခဲ့ပေ။

အင်တာနက်အသုံးပြုသူအများအပြားသည်လဲ တိုက်ရိုက်ထုတ်လွှင့်မှုမှ မြင်တွေ့နေရသည့် ကုနင်း၏အရည်အချင်းကို စတင်သံသယဝင်လာကြသည်။

“ဒီပထမကျောက်ရိုင်းက ကျောက်စိမ်းလုံးဝမပါမယ့် ကျောက်တုံးကြီးပဲဖြစ်ရမယ်။”

“ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဟိုးအတွင်းထဲမှာ ကျောက်စိမ်းရှိနေတာမျိုးလဲ ဖြစ်နိုင်သေးတယ်။”

“ငါ ကျောက်အလောင်းအစားလုပ်တဲ့အကြောင်း သတင်းတွေ အင်တာနက်ပေါ်ကနေဖတ်ကြည့်လိုက်ပေမည့် နားလည်ဖို့ အရမ်းခက်တာပဲ။”

“ဟ-ဟ၊ ငါဆို တစ်ခုမှကို မသိဘူး!”

……….

“အလယ်ကနေတစ်ခါတည်းဖြတ်ပေးပါ။” ကုနင်း အချိန်မကုန်လိုတာကြောင့် ကျောက်ဖြတ်သမားအား ကျောက်ရိုင်းကို အလယ်ကနေဖြတ်လိုက်ဖို့ရန် ပြောလိုက်သည်။

ထိုစကားကြောင့် လူတိုင်းအံ့ဩသွားတော့သည်။ ဒီတော့ ဒီကျောက်ရိုင်းက တန်ဖိုးမရှိတဲ့ကျောက်ရိုင်းကြီးပဲပေါ့။

“ကောင်းပါပြီ။” ကျောက်ဖြတ်သူက ပြန်ပြောလိုက်သည်။

မကြာခင်တွင်ပဲ ကျောက်ရိုင်းကို တစ်ဝက်မှနေပြီး ဖြတ်တောက်ပြီးသွားကာ ဝူယွီပင်းသည်လဲ သူလိုချင်သည့် ပထမကျောက်ရိုင်းတုံးကို ရရှိသွားပေပြီ။ သူ့ကျောက်ရိုင်းကို နောက်ကျောက်ဖြတ်သူထံသို့ပေးလိုက်ပြီး ကုနင်းကို နားမလည်ဖို့ရန် ခက်ခဲသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီးနောက် သူလိုနေသေးသည့် နောက်ထပ်ကျောက်ရိုင်း၂တုံးကို ဆက်ရွေးနေလိုက်သည်။

ကုနင်း ဝူယွီပင်းရွေးထားသည့် ကျောက်ရိုင်းကို တစ်ချက်ကြည့်လိုက်သည်နှင့် အထဲတွင် အလယ်အဆင့်နိမ့်ကျောက်စိမ်းရှိနေကြောင်းတွေ့လိုက်ရကာ ဝူယွီပင်း အမှန်တကယ်တော်ကြောင်း အသိအမှတ်ပြုမိလိုက်သည်။

ဝူယွီပင်းတွင်က သူမလိုကျောက်စိမ်းမျက်ဝန်းရှိမနေတာကြောင့် သူ၏အသိပညာများနှင့် ကံအပေါ်တွင် မူတည်ကာ ရွေးချယ်ထားခြင်းဖြစ်သည်။

ကုနင်း၏ပထမကျောက်ရိုင်းတုံးသည် ကျောက်တုံးတစ်တုံးသာဖြစ်နေသည်။

“ကျောက်တုံးကြီးပဲ!” ကုနင်းကို ထောက်ခံနေကြသည့် လူတစ်စုကတော့ ဝမ်းနည်းစိတ်ပျက်လို့သွားတော့သည်။

“ကိစ္စမရှိပါဘူး။ နောက်ထပ် ကျောက်ရိုင်း၂တုံးရှိသေးတာပဲ။ နင်းနင်းနိုင်မှာပါ!” လင်ရှောင်းထင် ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သည်။

ထန်ကျားခိုင်သည်တော့ လင်ရှောင်းထင်၏အသံကိုမကြားရခင်အထိ ဘေးနားတွင် ရှိနေသည်ကို သတိမထားမိခဲ့ပေ။ လင်ရှောင်းထင်၏ ဆွဲဆောင်မှုရှိလှသည့် ရုပ်ရည်သွင်ပြင်ကို သူသဘောကျသွားမိသလို ဘယ်သူများလဲဆိုသည်ကိုလဲ သိချင်မိသွားသည်။ သို့ပေမည့် ကုနင်း၏သူငယ်ချင်းတစ်ယောက်ယောက်သာ ဖြစ်မည်ဟု တွေးကာ သိပ်မတွေးခဲ့ပေ။

***

အခန်း ၆၇၃

ကုနင်းနိုင်ပြီ

အင်တာနက်အသုံးပြုသူများကတော့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ကာ စိတ်ပျက်သွားခဲ့ကြသည်။

“မဖြစ်နိုင်တာ! ကျောက်တုံးတစ်တုံးပဲဖြစ်နေတာလား!”

“စိတ်ပျက်စရာပဲ!”

“ဟေ့၊ ကျောက်အလောင်းအစားလုပ်တယ်ဆိုတာ ဆိုးကျိုးများလွန်းတဲ့ ကစားပွဲတစ်ခုပဲ။ ကျောက်စိမ်းဖြတ်နိုင်ဖို့ဆိုတာ အရမ်းအရမ်းကို ခက်တာ။ မဟုတ်ရင် ကျောက်စိမ်းတွေ ဘာလို့ ဒီလောက်ဈေးကြီးနေတော့မလဲ။”

“ဟုတ်တယ်။ ဒီကျောက်ရိုင်း၃တုံးထဲမှာ ကျောက်စိမ်းတစ်တုံးပါနေရင်ကို အရမ်းကောင်းနေပြီ။”

ထိုစကားကြောင့် ပြစ်တင်နေမှုများ တစ်ဖန်ပြန်လည်ရပ်စဲသွားသည်။

ကုနင်း သူမ၏ဒုတိယကျောက်ရိုင်းတုံးကို ဖြတ်တော့မည့်အချိန်တွင် ဝူယွီပင်း၏ ပထမကျောက်ရိုင်းထံမှ အစိမ်းရောင်ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ သန့်စင်လှသည့် အစိမ်းရောင်မဟုတ်သော်လည်း ကျောက်စိမ်းတော့ဖြစ်နေစဲပင်။

“အစိမ်းရောင်ပေါ်လာပြီ။” ကျောက်ဖြတ်သူက စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။

ထိုအသံကြောင့် ဝူယွီပင်း အလွန်ဝမ်းသာပျော်ရွှင်သွားတော့သည်။

“ဘာ? အစိမ်းရောင်ပေါ်လာပြီလား?” ကုနင်းကို ထောက်ခံပေးကြသည့် ထန်ဟိုင်ဖုန်းနှင့် အခြားလူများသည်တော့ ပိုလို့ပင် စိုးရိမ်ပူပန်လာကြတော့သည်။

လင်ရှောင်းထင်၊ ကျိုးကျန်းဟုန်နှင့် ထန်ကျားခိုင်တို့သာ အေးဆေးတည်ငြိမ်နေကြစဲဖြစ်သည်။

ဘေးမှကြည့်ရှုနေသူများကလဲ ကုနင်းအပေါ်ထားရှိသည့် အမြင်များပြောင်းလဲလို့လာနေပေပြီ။

“ကြည့်ရတာ မိန်းကလေးကုက လူကြီးမင်းဝူကို မမှီဘူးပဲ။”

“သူမနိုင်မယ်လို့ ငါထင်ထားခဲ့တာ။”

တိုက်ရိုက်ကြည့်ရှုသူများထဲမှ အချို့သူများမှ တစ်ဖန် အပြစ်တင်ဝေဖန်မှုများ ပြုလုပ်လာကြပြန်သည်။

“တစ်ယောက်က ငါတို့ကို ကျောက်စိမ်းဖြတ်နိုင်ဖို့ အရမ်းခက်တယ်လို့ ပြောခဲ့လားလို့? ဘာလို့ ဒီလူကျတော့ ဒီလောက်လွယ်လွယ်နဲ့ဖြတ်နိုင်သွားတာလဲ?”

“ကုနင်းက ကျောက်ရိုင်းကို အချိန်ခနလေးရွေးခဲ့တာ။ အစကတော့ သူမကိုယ်သူမ အရမ်းယုံကြည်ချက်ရှိတာကြောင့်ဖြစ်မယ်လို့ ငါထင်လိုက်မိတာ။ တကယ်တော့ သပ်သပ်ဘဝင်မြင်နေတာပဲ။”

“ဟုတ်ပါ့၊ ကိုယ့်ကိုကိုယ် အထင်ကြီးနေတာ!”

“ငါသူမကို သဘောကျခဲ့တဲ့စိတ်တောင် ပြောင်းသွားပြီ။”

“သူမက သူမပရိသတ်တွေချီးမွမ်းသလောက်လဲ တောင်မနေပါဘူး။”

“ပြိုင်ပွဲက အခုထိမပြီးသေးပါဘူး။ မင်းတို့ ဆုံးဖြတ်ဖို့ စောလွန်းသေးတယ်။”

“ဟုတ်တယ်, ဘာဆက်ဖြစ်မလဲ စောင့်ကြည့်စမ်းပါဦး။”

……….

လူအမျိုးမျိုး စိတ်အထွေထွေဖြင့် ကုနင်း၏လုပ်ဆောင်မှုအပေါ် ဝေဖန်မှုများ ကာကွယ်မှုများ ရှိနေခဲ့သည်။

ဝူယွီပင်း၏ပထမကျောက်ရိုင်းတုံး အစိမ်းရောင်ထွက်ပေါ်လာပြီး မကြာခင်တွင်ပဲ ကုနင်း၏ ဒုတိယကျောက်ရိုင်းတုံးမှလဲ အစိမ်းရောင်ထွက်ပေါ်လာခဲ့ကာ ဝူယွီပင်း၏ကျောက်စိမ်းအရောင်ထက် များစွာ သန့်စင်လှပေသည်။

“အစိမ်းရောင်ပေါ်လာပြီဟေ့!” ပထမကျောက်ဖြတ်သူလဲ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

“ဘာ? အစိမ်းရောင် ထပ်ထွက်လာပြန်ပြီလား?” လူတိုင်း ထိတ်လန့်သွားကာ ထန်ဟိုင်ဖုန်းနှင့် အခြားလူများကတော့ အနည်းငယ်စိတ်အေးသွားကြသည်။

ဝူယွီပင်းလဲ အံ့ဩသွားကာ အပြေးလာကြည့်လိုက်သည်။ ကုနင်း၏ကျောက်ရိုင်းတုံးမှ အစိမ်းရောင်အလွှာကို မြင်လိုက်ရချိန်တွင်တော့ သူ့ကျောက်စိမ်းထက် ပိုသာလွန်နေတာကြောင့် ဝမ်းနည်းစိတ်ပျက်သွားတော့သည်။

အခုတော့ ဒီကျောက်စိမ်းက အပေါ်ယံအလွှာလေးဘဲလဲ အထဲမှာပါ ထုထည်ကြီးကြီးမားမားရှိနေလားဆိုသည်ကို စောင့်ကြည့်ဖို့ပင်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင်တော့။

“တွေ့လား? ကုနင်းလဲ ကျောက်စိမ်းဖြတ်နိုင်သွားပြီ!”

“ကုနတ်ဘုရားမရေ ကြိုးစားထား!”

ကုနင်းလဲ ကျောက်စိမ်းဖြတ်နိုင်သွားပြီကို မြင်သည်နှင့် သူမ၏ပရိသတ်များ စိတ်လှုပ်ရှားကုန်ကြတော့သည်။

အောင်ပွဲခံသည့်အနေဖြင့် ကုနင်း၏ပရိသတ်များက တိုက်ရိုက်ထုတ်လွှင့်ပေးနေသူကို အင်တာနက် လက်ဆောင်ပစ္စည်းများစွာပေးပို့ကြသည်။

“ငါတို့ကိုပါ ဒီလိုစိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်ကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

တိုက်ရိုက်ထုတ်လွှင့်သူလဲ အံ့အားသင့်သွားကာ ချက်ချင်းပြန်ဖြေလေသည်။ “ရပါတယ်။”

ယခုလိုယွမ်များစွာငွေကြေးတန်ဖိုးရှိသည့် အင်တာနက်လက်ဆောင်ပစ္စည်းမျိုးကို သူမပထမဆုံးအကြိမ်ရရှိဖူးခြင်းဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်သူအနေနှင့်ကတော့ ယခုလို ဘာမှများများစားစား အားစိုက်ထုတ်ရခြင်းမရှိပါဘဲ ငွေများစွာရသည့်အတွက် ဝမ်းသာလို့နေသည်။ ထိုအချိန်တွင်ပဲ ချမ်းသာသည့် ပရိသတ်တစ်ယောက် သူမကို ယွမ်ရာကျော်တန်သည့် အင်တာနက်လက်ဆောင်ကို ပေးပို့လာတာကြောင့် သူမထအော်မိတော့မတတ် ပျော်ရွှင်သွားတော့သည်။

အချိန်ခနအကြာတွင်တော့ ကုနင်း၏ကျောက်စိမ်းအလုံးစုံဖြတ်တောက်ပြီးသွားကာ ဝူယွီပင်းသည်တော့ သူရှုံးတော့မည်ဟူသည့် ခံစားချက်များ ရရှိနေပြီဖြစ်သည်။ သူ့တွင် နောက်ထပ်ကျောက်ရိုင်းနှစ်တုံး ဖြတ်ခွင့်ရှိသေးသည်ဆိုသော်လည်း ကုနင်း၏ကျောက်စိမ်းသည်က အလယ်အမြင့်ဆင့်ကျောက်စိမ်းဖြစ်ကာ သူသည်တော့ အလယ်အနိမ့်ဆင့်ဖြစ်သည်။ စကားအရဆိုလျှင်တော့ သိပ်ပြီးမကွာခြားလှသော်လည်း တကယ်တမ်း ဈေးနှုန်းကတော့ လုံးဝကိုအကွာကြီးဖြစ်သည်။

၁၀မိနစ်ကျော်ကြာပြီးနောက်တွင်တော့ ကုနင်းရော ဝူယွီပင်းပါ နောက်ထပ်ကျောက်ရိုင်းကို ဖြတ်ဖို့ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ကုနင်း ကျောက်စိမ်းမျက်ဝန်းကို သုံးကာကြည့်လိုက်ချိန်တွင် ဝူယွီပင်း ရွေးထားသည့် ကျောက်ရိုင်းနှစ်တုံးတွင် တစ်တုံးသည် အလွယ်အနိမ့်ဆင့်ဖြစ်ကာ ကျန်တစ်တုံးသည်တော့ သာမာန်ကျောက်တုံးသာဖြစ်ကြောင်း သိလိုက်ရသည်။

ကျောက်ဖြတ်စက်နှစ်လုံး တစ်ပြိုင်တည်းစတင် အလုပ်လုပ်ကြကာ ကုနင်း၏ကျောက်ရိုင်းတုံးမှ အစိမ်းရောင်ထွက်ပေါ်လာခဲ့ပေမည့် ဝူယွီပင်းတွင်တော့ မပေါ်လာခဲ့ပေ။

အစိမ်းရောင်ကို မြင်လိုက်ရသည်နှင့် လူတိုင်း အံ့အားသင့်သွားကာ အထူးသဖြင့် ဝူယွီပင်းက အဆိုးဆုံးပင်။ ထပ်ပြီး အစိမ်းရောင်ပြန်ပဲလား!

ပြိုင်ပွဲမှာ သူနိုင်သည်ဖြစ်စေ မနိုင်တော့သည်ဖြစ်စေ ကုနင်းတွင် အမှန်တကယ် ကျောက်အလောင်းအစားနှင့်ပတ်သတ်သည့် အရည်အချင်းရှိကြောင်းကိုတော့ ဝူယွီပင်း လက်ခံသွားပြီဖြစ်သည်။ ကျောက်ရိုင်း၃တုံးမှာ သူမက နှစ်တုံးတောင် ကျောက်စိမ်းရခဲ့တာမဟုတ်ပါလား။ ဝူယွီပင်း၏ ဒုတိယမြောက်ကျောက်ရိုင်းတုံးကတော့ စောင့်ကြည့်နေရန်ပင် မလိုစွာ သာမာန်ကျောက်တုံးသာဖြစ်သည်။ တတိယမြောက်ကျောက်ရိုင်းကို ဖြတ်တောက်လိုက်ချိန်တွင်တော့ ကျောက်စိမ်းထွက်လာခဲ့ပေမည့် ကုနင်း၏ကျောက်စိမ်းများလောက် အဖိုးမတန်တာကြောင့် သူရှုံးသွားပေပြီ။

“မိန်းကလေးကု၊ ငါရှုံးသွားပြီ၊ ရလဒ်အတိုင်း လက်ခံပါတယ်။” ဝူယွီပင်း၏ လေသံမှာ လေးစားသည့်အနေအထားသို့ပြောင်းလဲသွားပေပြီ။

လူတိုင်း ထပ်မံအံ့ဩသွားကြသည်။

“နင်းနင်း နိုင်သွားပြီ!” ထန်ဟိုင်ဖုန်းနှင့် ကုနင်းကို ထောက်ခံသူများလဲ စိတ်လှုပ်ရှားကုန်ကြသည်။

“သိသားပဲ၊ ငါ့ညီမပဲနိုင်မယ်ဆိုတာ!” ထန်ကျားခိုင်သည်တော့ ဂုဏ်ယူမှုအပြည့်ဖြင့်ပင်။

“ဝါး၊ သူမတကယ်အံ့ဩဖို့ကောင်းတာပဲ!” ရှုကျင်းချန်လဲ အံ့အားသင့်နေခဲ့သည်။

“မင်း မသိခဲ့ဘူးလား?” ရှင်းပိုင်မှနေပြီး သူကတော့ အစကတည်းက သိထားသလိုမျိုး ရှုကျင်းချန်ကို ကြည့်ကာပြောလိုက်သည်။

ကုနင်း၏ထူးချွန်လှသည့်အရည်အချင်းများက သူမကျောက်အလောင်းအစားလုပ်ရင်းဖြင့် ရင်းနှီးငွေရှာခဲ့ခြင်းဖြစ်ကြောင်းကို သက်သေပြသွားပေပြီ။ ထို့အပြင် သူတို့ကတော့ ကုနင်း၏လူမှုဆက်ဆံရေးကိုလဲ သိထားပြီးသားမဟုတ်ပါလား။ ဤစိန်ခေါ်မှုကို သူမလက်ခံလိုက်တယ်ဆိုမှတော့ အနိုင်ရဖို့ ယုံကြည်ချက် အပြည့်ရှိနေခြင်းကြောင့်သာပင်။

ကုနင်းနိုင်မည်ဟု ရှင်းပိုင် ယုံကြည်ထားပြီးဖြစ်ပေမည့် တကယ်တမ်း ရလဒ်ထွက်လာချိန်တွင်တော့ အံ့ဩမိစဲပင်။

“ဘာလို့လဲ? ဘာလို့ လူကြီးမင်းဝူက ရှုံးသွားရတာလဲ?” ကျောက်စိမ်းအရည်အသွေးကို မသိသလို ဘယ်သူ့ကျောက်စိမ်းက ပို၍တန်ဖိုးကြီးမှန်း မသိသည့် တစ်ယောက်ကနေပြီး ရလဒ်ကို သံသယဝင်ဟန်ဖြင့် မေးခွန်းထုတ်လာခဲ့သည်။

***

အခန်း ၆၇၄

ကိုယ်ပိုင်အထူးစွမ်းရည်

“ငါဖြတ်နိုင်ခဲ့တဲ့ ကျောက်စိမ်းနှစ်တုန်းက မိန်းကလေးကု ဖြတ်နိုင်ခဲ့တဲ့ ကျောက်စိမ်းတစ်တုံးလောက်တောင် တန်ဖိုးမရှိဘူးလေ။” ဝူယွီပင်း ပြန်ဖြေပေးလေသည်။

ထိုစကားကြောင့် အားလုံးအံ့အားသင့်သွားကာ ကုနင်းကို စတင်ချီးမွမ်းကြတော့သည်။

“မိန်းကလေးကု၊ အရမ်းတော်တာပဲ! သူမနိုင်သွားပြီ!”

“ငါဆို သူမရှုံးတော့မယ်လို့တောင် တွေးထားတာ။”

လူအများစုသည် ကုနင်းကို နိုင်လောက်မည်ဟုပဲ အစကတည်းက တွေးထားကြတာကြောင့် အားလုံး ချီးကျူးစကားများဆိုကြသည်။ ထို့အပြင် ကုနင်းအနေနှင့် ဝူယွီပင်း၏ စိန်ခေါ်မှုကို တုန့်ဆိုင်းခြင်းအလျဉ်းမရှိလက်ခံလိုက်ကတည်းက သူမကိုယ်ကို ဘယ်လောက်တောင် ယုံကြည်ချက်ရှိလဲဆိုသည်က သက်သေပြနေပေပြီ။

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင်တော့ ကုနင်း၏ပရိသတ်များ အလွန်စိတ်လှုပ်ရှားနေကြသည်။

“ဝါး! ကုနတ်ဘုရားမက ငါ့အိုင်ဒေါဖြစ်သွားပြီ။ သူမမလုပ်နိုင်တာ ဘာမှကို မရှိဘူးပဲ။”

“ဟုတ်တယ်, သူမကအရမ်း ပြည့်စုံလွန်းတာပဲ။”

“ကုနတ်ဘုရားမကို ချစ်မိသွားပြီ။”

“လက်တွေ့ဘဝမှာ ကုနတ်ဘုရားမနဲ့တစ်ကြိမ်လောက်တွေ့ဖူးချင်လိုက်တာ။”

“ငါလဲ တွေ့ချင်တယ်!”

“ဟမ့်၊ ဒါသက်သက်လူမြင်အောင်လုပ်ပြနေတာပါ။ ကျောက်စိမ်းဖြတ်တာပဲ လူတိုင်းရှေ့မှာ လုပ်ပြနေစရာလိုလို့လား?”

“ဟေ့၊ ကုနတ်ဘုရားမအတွက် လူအထင်ကြီးအောင် လုပ်ပြနေစရာလိုမနေဘူး။ သူက အရမ်းကို နာမည်ကြီးနေပြီးသား။”

“မင်းမှာ ဦးဏှောက်မရှိဘူးလား? ကုနတ်ဘုရားမ ဘယ်လောက်တောင်‌ ကျော်ကြားနေလဲဆိုတာ မသိဘူးလား?”

အင်တာနက်အသုံးပြုသူများက ကုနင်းကို ပုတ်ခတ်ပြောဆိုလာသည်နှင့် ကုနင်း၏အမာခံပရိသတ်များက ချက်ချင်း ပြန်လည်တိုက်ထုတ်တော့သည်။

အချို့သော ကုနင်း၏ပရိသတ်အကြီးစားများဆိုလျှင်တော့ ကုနင်းပြိုင်ပွဲတွင် နိုင်သွား၍ အလွန်စိတ်ကောင်းဝင်နေကာ တိုက်ရိုက်ထုတ်လွှင့်ပေးနေသူကို ဘောက်ဆူးများများပေးတော့သည်။

မိနစ်ပိုင်းအတွင်းတွင်ပဲ တိုက်ရိုက်ထုတ်လွှင့်သူလဲ ငွေများစွာ ရရှိသွားခဲ့သည်။

ဤအစီအစဉ်မှာ မိနစ်၄၀ခန့်ကြာမြင့်ပြီး တိုက်ရိုက်ထုတ်လွှင့်သူလဲ ယွမ်ရာပေါင်းများစွာ ရရှိသွားကာ သူမပုံမှန် ရရှိနေကျ ပမာဏနှင့် လုံးဝအကွာကြီးပင်။ ဒါကတော့ ကုနင်း၏အကျိုးကြောင့်သာဖြစ်သည်။

“မိန်းကလေးကုများ ယွမ်၅သန်းရဖို့ အလွယ်လေးပဲ။ ငါတော့ အရမ်းမနာလိုဖြစ်နေပြီ။”

“ယွမ်၅သန်းမကဘူး။ ကျောက်စိမ်းနှစ်တုံးကတင် ယွမ်သန်းပေါင်းများစွာ တန်နေပြီ။”

“အိုး၊ ဘုရားရေ! တကယ်ပဲလား!”

“တကယ်ပေါ့။ ငါ့မိသားစုက ကျောက်ရိုင်းဆိုင်ဖွင့်ထားတာလေ။ ကုနင်းဖြတ်လိုက်တဲ့ ကျောက်စိမ်းက သာမာန်ကျောက်စိမ်းပဲ တကယ့်အကောင်းဆုံးကျောက်စိမ်းဆိုရင် ယွမ်၁၀သန်းမကကိုတန်တာ။”

“မင်းမိသားစုမှာရော ကျောက်စိမ်းဖြတ်နိုင်ကြလား?”

“အဲ့လောက်မလွယ်ဘူးလေ။ ငါတို့မိသားစုသာ ကျောက်စိမ်းကိုယ်တိုင်ဖြတ်နိုင်နေရင် အခုဆို အရမ်းကို ချမ်းသာနေပြီပေါ့။”

“ဟမ်း၊ ဒါက တကယ်တမ်း လူချမ်းသာတွေအတွက် ကစားပွဲတစ်ခုပါပဲ။”

…….

“မိန်းကလေးကု၊ လောင်းကြေးကို လွှဲပေးရမလား? ချက်လက်မှတ်နဲ့ယူများ?” ဝူယွီပင်းမေးလိုက်သည်။

“ချက်လက်မှတ်နဲ့ပဲပေးပါ။”

ဝူယွီပင်းလဲ ချက်လက်မှတ်စာအုပ်ကို ထုတ်ယူကာ သူ့နာမည်နှင့်တကွ ငွေပမာဏကို ရေးလိုက်ပြီးနောက် စာရွက်ကိုဖြဲကာ ကုနင်းကို ကမ်းပေးလိုက်သည်။

ကုနင်းလဲ ထိုချက်လက်မှတ်ကို ယူလိုက်ပြီးနောက် ထန်ဟိုင်ဖုန်းဘက်သို့လှည့်ကာ၊

“ထန်မိသားစုက တည်ထောင်ထားတဲ့ လူမှုကူညီရေးအသင်းရှိတယ်လို့ကြားတယ်။ အဖိုးထန်ကပဲ ကျွန်မအတွက် မန်နေဂျာကို ကူညီဆက်သွယ်ပေးပါလား။ ဒီကျောက်စိမ်းနှစ်တုံးနဲ့အတူ ယွမ်၅သန်းတန်ချက်လက်မှတ်ကိုပါ အဲ့ဒီကိုလှူချင်လို့။”

ထိုစကားကြောင့် အံ့အားသင့်နေစဲလူများ ထပ်မံအံ့အားသင့်သွားကြရပြန်ကာ ယုံပင်မယုံနိုင်ဖြစ်သွားတော့သည်။

ဘာလို့ ကုနင်းက ကျောက်စိမ်းနှစ်တုံးနဲ့ ယွမ်၅သန်းတန်ချက်လက်မှတ်ကို လူမှုကူညီရေးအသင်းအဖွဲ့ကို လှူချင်ရတာလဲ? ကျောက်စိမ်းနှစ်တုံးကတည်း ယွမ်၅သန်းမက အနည်းဆုံးတန်နေတာလေ။ ဒါဆို ကုနင်းက တစ်ကြိမ်တည်းနှင့် ယွမ်၁၀သန်းတောင် လှူမှာပေါ့!

ကုနင်း ချမ်းသာသည်ဆိုသော်လည်း ကမ္ဘာပေါ်တွင် ကုနင်းထက်ချမ်းသာသည့် လူပေါင်းများစွာရှိကြပေမည့် သူမလိုတော့ ရက်ရက်ရောရောမလှူဒါန်းနိုင်ပေ။ သူမဤငွေပမာဏရဖို့ရန်အတွက် ထူးထူးခြားခြားအားထုတ်ရခြင်းမရှိခဲ့ပေမည့် အားလုံးကတော့ သူမပိုင်သွားပြီဖြစ်သည့် ငွေများပင်။

“ကောင်းပြီလေ။” ထန်ဟိုင်ဖုန်းကလဲ ကုနင်း၏ဆုံးဖြတ်ချက်ကို အားပေးသည်။ သူတို့အတွက်တော့ ယွမ်၁၀သန်းဆိုသည်မှာ ပြောပလောက်သည့် ပမာဏမဟုတ်ပေမည့် လူများစွာအတွက်တော့ အလွန်အသုံးဝင်ပေသည်။

ကုနင်း ရက်ရောကြင်နာတတ်မှုကို လူတိုင်းလေးစားသွားကြပေသည်။

ထုန်ကျားယောင်သည်လဲ ကုနင်းသည်သူမထက် အရာရာတိုင်းသာလွန်လွန်းသည်ဟု ခံစားနေရသည်။

သို့ပေမည့် အင်တာနက်အသုံးပြုသူအချို့ကတော့ ကုနင်းကို တိုက်ရိုက်ထုတ်လွှင့်မှုမှုတစ်ဆင့် တိုက်ခိုက်ပြောဆိုနေစဲသာ။

“သူမဂုဏ်သတင်းတက်အောင် တမင်သက်သက်လုပ်ပြနေတာပဲ”

ထိုမှတ်ချက်ထွက်ပေါ်လာသည်နှင့် မှတ်ချက်ရေးသည့်အကောင့်ကို ဝေဖန်ပြောဆိုမှုများလဲ ပေါ်ပေါက်လာခဲ့သည်။

“တကယ်ကြီးလား? မင်းကတော်တော်လေးကို စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိတာပဲ!”

“လူမှုကူညီရေးအသင်းကို ယွမ်၁၀သန်းလှူချင်စိတ်ရှိတဲ့လူချမ်းသာဆိုတာ သိပ်များများစားစားတောင် ရှိတာမဟုတ်ဘူး။”

“ငါက ပြောကြည့်ရုံပါ။ သူတကယ်လှူချင်ရင် ဘာလို့ သူ့အိတ်ထဲက ထုတ်မလှူတာလဲ? ဘာလို့ တခြားလူရဲ့ငွေနဲ့လှူရတာလဲ?”

“ရယ်စရာကောင်းလိုက်တာ! ကုနတ်ဘုရားမက ဒီငွေတွေကို သူမကိုယ်ပိုင်ကြိုးစားမှုနဲ့ရထားတာလေ။ သူ့အပိုင်ပဲပေါ့!”

“ထားလိုက်ပါ။ သူတို့ခေါင်းထဲမှာ အဲ့လောက်တွေးနိုင်တဲ့ဉာဏ်ရှိတာမဟုတ်ဘူး။”

“ငါကတော့ ကုနတ်ဘုရားမဘက်ကပဲ!”

“ငါရောပဲ!”

…….

“မိန်းကလေးကု၊ မင်းကျောက်ရိုင်းတွေကို ဘယ်လိုအကဲဖြတ်လဲဆိုတာ ပြောပြလို့ရမလား?” ဝူယွီပင်း သိချင်စိတ်ကို မထိန်းနိုင်စွာဖြင့် မေးလိုက်သည်။

“စိတ်မကောင်းပါဘူး။ ဒါက ကျွန်မရဲ့ကိုယ်ပိုင်အထူးစွမ်းရည်မို့လို့ ဘယ်သူ့ကိုမှ ပြောပြမှာမဟုတ်ဘူး။” ကုနင်း ပြောလိုက်သည်။ ကုနင်းသာ သူမတွင် ကျောက်စိမ်းမျက်ဝန်းရှိနေတာပါလို့ အမှန်ပြောလိုက်လျှင် လိမ်နေသည်ဟု ထင်ရင်ထင် မဟုတ်လို့ကတော့ စမ်းသပ်မှုလုပ်ဖို့အတွက် အပို့ခံလိုက်ရပေလိမ့်မည်။

“ကောင်းပါပြီ။” ကုနင်းမပြောချင်မှတော့ ဝူယွီပင်းလဲ အတင်းအကြပ်မတောင်းဆိုဘဲ ထွက်သွားတော့သည်။

ပြိုင်ပွဲပြီးဆုံးချိန်တွင် နေ့လည်၁၁နာရီလဲခွဲခါနီးနေပြီဖြစ်တာကြောင့် ကုနင်းတို့အားလုံး ဟွမ်းဒင်ဟိုတယ်သို့ သွားရန်ပြင်ကြတော့သည်။

“နင်းနင်း ငါနောက်ကျသွားတာ တောင်းပန်ပါတယ်။” ထန်ကျားခိုင်က ကုနင်းကိုတောင်းပန်လိုက်သည်။

***

အခန်း ၆၇၅

သတင်းထုတ်ပြန်ပွဲ

ကုနင်းပြုံးလိုက်ကာ “ရပါတယ်။ ဘာပဲဖြစ်ဖြစ် ရောက်လာနေပြီပဲ။”

ထို့နောက် ကုနင်း မော်ဒယ်များအား ဝတ်ဆင်ပေးမည့် ကျောက်စိမ်းလက်ဝတ်ရတနာများကို ယူဆောင်ရင်း အခြားလူများနှင့်အတူ ဟွမ်းဒင်ဟိုတယ်သို့ ထွက်လာခဲ့သည်။

ကုနင်း၏လှူဒါန်းမှူအတွက် မန်နေဂျာနှင့် ဟွမ်းဒင်ဟိုတယ်တွင်ပဲ တွေ့ဆုံရန် ထန်ဟိုင်ဖုန်း စီးစဉ်ပေးထားခဲ့သည်။

ထန်မိသားစုမှ တည်ထောင်ထားသည့် လူမှုကူညီရေးအသင်းအဖွဲ့သည် ကောင်းမွန်သည့် ဂုဏ်သတင်းရှိတာကြောင့် လူအများအနေဖြင့် သူတို့မျက်လုံးဖြင့် ကုနင်း သူမငွေများကို လှူဒါန်းသည်အား မမြင်လျှင်တောင်မှ သံသယဝင်ကြမည်မဟုတ်ပေ။

ထိုအချိန်တွင်ဟွမ်းဒင်ဟိုတယ်၌ အရာအားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်သည်။

သတင်းထုတ်ပြန်ပွဲကို နေ့လည်၁၂နာရီ ၂၀မိနစ်တွင်စတင်မည်ဖြစ်သည်။

နှစ်မိနစ်လောက်နေသည်နှင့် ကုနင်းတို့ ဟိုတယ်သို့ရောက်ရှိသွားခဲ့သည်။

သူမတို့ ဟိုတယ်ခန်းမထဲဝင်လိုက်သည်တွင် အထဲ၌ လူများစွာရောက်ရှိနှင့်နေပြီဖြစ်ကာ အမျိုးသားတစ်ဖွဲ့က ချက်ချင်းပင် လာရောက်ကြိုဆိုကြသည်။ အထူးဖြင့် သခင်ကြီးထန်နှင့် သခင်ကြီးလေ့တို့ ကိုယ်တိုင်ရောက်လာခဲ့ခြင်းဖြစ်သောကြောင့်ပင်။

“အခုလိုတွေ့ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်၊ သခင်ကြီးထန်၊ သခင်ကြီးလေ့! ဒီရက်တွေအတွင်း နေလို့ထိုင်လို့ကော ကောင်းကြပါရဲ့လား?”

“ဒီမေးခွန်းက မေးနေဖို့မလိုပါဘူး။ သခင်ကြီးထန်ရော သခင်ကြီးလေ့ပါ ကြည့်ရတာ ကျန်းကျန်းမာမာပဲကို!”

“ဟုတ်တာပေါ့! ဟုတ်တာပေါ့!”

သခင်ကြီးထန်နှင့် သခင်ကြီးလေ့ကို ဘယ်သူပင်တွေ့ခဲ့ပါစေ မျက်နှာလိုမျက်နှာရ မြှောက်ပင့်ပြောဆိုသည်ကတော့ အားလုံးလိုလိုပင်။

“ဟ-ဟ၊ ကောင်းပါတယ်ကွာ၊ ဒါကြောင့်ပဲ ဒီပွဲကိုလာတတ်တာပေါ့။” သခင်ကြီးထန် ရယ်မောကာ ပြန်ပြောလိုက်ပုံက သာမာန် ကြင်နာတတ်သည့် အဖိုးအိုတစ်ဦးနှယ်။ သို့ပေမည့် ထန်ဟိုင်ဖုန်းဆိုသူမှာ နိုင်ငံရေးလောက၏ ထိပ်တန်းနေရာတွင် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သူဖြစ်တာကြောင့် သူထံမှ သဘာဝအတိုင်း အရှိန်အဝါတစ်ခုက ထွက်ပေါ်နေစဲဖြစ်သည်။ ထို့ကြောင့်ပဲ ထန်ဟိုင်ဖုန်းကို လူအများက ယခုတိုင် ရိုသေလေးစားကာ ပြောဆိုဆက်ဆံကြရခြင်းဖြစ်သည်။

သူတို့ဘက်က ထန်ဟိုင်ဖုန်းနှင့် သခင်ကြီးလေ့ကို အဓိကထားကာ ကြိုဆိုနှုတ်ဆက်ကြခြင်းဖြစ်ပေမည့် ယနေ့အတွက် အဓိကဇာတ်ဆောင်ဖြစ်သည့် ကုနင်းကိုလဲ လျစ်လျူမရှုထားကြပေ။

“ဒီဘက်က မိန်းကလေးကုပဲဖြစ်ရမယ်?” လူတစ်ယောက်က ကုနင်းကို ကြည့်ကာမေးလိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်။ ကျွန်မက ကုနင်းပါ။” ကုနင်းအပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။

“မိန်းကလေးကုက တကယ်ကို ထူးချွန်တဲ့ မိန်းမငယ်လေးပဲ။”

“ဟုတ်ပါ့! ငါ့တစ်သက် မိန်းကလေးကုလို ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုများစွာ ရထားတဲ့မိန်းကလေးမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။”

“ငါ့ကလေးတွေလဲ မိန်းကလေးကုလိုမျိုး ထူးချွန်ဖို့ မျှော်လင့်မိတယ်!”

“အငယ်တွေကို အသာထားဦး။ ငါတောင်မှ ဒီလိုမျိုး အရည်အချင်းထူးတွေမရှိတဲ့အတွက် ကိုယ့်ကိုကိုယ်တောင် အရှက်ရမိတယ်။”

ထိုစကားများမှာ ကုနင်းကို မြှောက်ပင့်လိုခြင်းကြောင့်မဟုတ်ဘဲ အမှန်တကယ်ကို ကုနင်းငယ်ငယ်လေးနှင့် ထူးချွန်လွန်းတာကြောင့် အထင်ကြီးနေကြခြင်းသာဖြစ်သည်။

ထိုလူများ၏ချီးကျူးမှုကြောင့် ကုနင်းပြုံးရုံသာပြုံးလိုက်ပြီး အတက်နိုင်ဆုံးနှိမ့်ချကာ၊

“အခုလို ချီးကျူးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ တကယ်တော့ ကျွန်မလဲ နောက်ထပ်သင်ယူလေ့ကျင့်ဖို့ အများကြီးလိုအပ်နေတုန်းပါပဲ။”

ကုနင်း၏နှိမ့်ချတတ်မှုက လူအများကို အမြင်ကောင်းလေးကျန်ရှိသွားစေသည်။

လူအုပ်နောက်နားတွင်တော့ ကုနင်းအကြောင်းကို အမျိုးသမီးနှစ်ယောက် ဆွေးနွေးပြောဆိုနေကြသည်။

“ယုကျီ ဒီလို ဘော့စ်မျိုးနဲ့တွေ့တာ အရမ်းကံကောင်းတာပဲ။” အမျိုးသမီးတစ်ဦးက ယုကျီအတွက် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ပြောလိုက်သည်။

“ဟုတ်တာပေါ့! ဒီသတင်းတွေများကြားရင် လင်းထျန်းယွီရဲ့မျက်နှာကြီး ဘယ်လိုပုံဖြစ်နေမလဲဆိုတာ သိချင်သား” နောက်ထပ်အမျိုးသမီးတစ်ဦဂကလဲ ယုကျီ၏အောင်နိုင်မှုအပေါ် ဂုဏ်ယူနေဟန်။ သူတို့နှစ်ဦးကတော့ ယုကျီနှင့်ချောင်ဝမ်ရှင်းတို့၏ သူငယ်ချင်းများပင်ဖြစ်သည်။

“လင်းလင်း၊ ဒီသတင်းတွေ လင်းထျန်းယွီကြားပြီးတာနဲ့ သူ ယုကျီကို ရအောင်ပြန်လိုက်မလားဆိုတာ ငါတို့လောင်းကြရင်မကောင်းဘူးလား?” အမျိုးသမီးတစ်ဦဂက အမှန်တကယ် ဘယ်လိုဖြစ်လာမလဲကို စိတ်ဝင်စားနေဟန်ဖြင့် ပြောလိုက်သည်။

လင်းလင်းဆိုသူက သူမသူငယ်ချင်းကို တစ်ချက်ကြည့်လိုက်ရင်း၊

“နင့်ဟာက အရမ်းသိသာလွန်းမနေဘူးလား? ဒီသတင်းတွေ သိပြီးတာနဲ့ လင်းထျန်းယွီ သေချာပေါက် ယုကျီကို မရရအောင် ပြန်လိုက်တော့မှာပေါ့။”

သူမသူငယ်ချင်းလဲ လက်လျှော့လိုက်ကာ၊

“ထားပါ၊ ငါတော့ လင်ထျန်းယွီဘယ်လိုအမူအရာဖြစ်သွားမလဲ တကယ်ကို သိချင်နေပြီ။ ယုကျီရှေ့ပြန်ပေါ်မလာတော့ဖို့လဲ မျှော်လင့်တယ်။”

ထန်ဟိုင်ဖုန်းတို့ အားလုံး ထိုင်ခုံတွင် နေရာယူပြီးသည့်နောက်တွင်တော့ ကုနင်းက ကျောက်စိမ်းလက်ဝတ်ရတနာများကို စင်နောက်ရှိ မော်ဒယ်များထံသို့ ယူသွားခဲ့သည်။

စင်နောက်ဘက်တွင်တော့ အပြင်ခန်းနှင့် အတွင်းခန်းဟူ၍ နှစ်ခန်းရှိကာ အတွင်းခန်းတွင်တော့ မော်ဒယ်များအတွက် အဝတ်အစားလဲခန်းအပါအဝင် နားနေခန်းပါ တွဲလျက်ပါရှိသည်။

“ဟိုင်း မိန်းကလေးကု၊”

ကုနင်း အပြင်ခန်းထဲသို့ဝင်လာသည်နှင့် ကောင်းယိ မတ်တပ်ထကာ နှုတ်ဆက်လိုက်သည်။

“သူတို့အဆင်သင့်ဖြစ်နေကြပြီလား?” ကုနင်းမေးလိုက်သည်။

“ဖြစ်နေပါပြီ၊ အခု လက်ဝတ်ရတနာပဲလိုတော့တာ။”

“ကောင်းပြီ။” ကုနင်းလဲ အတွင်းခန်းထဲသို့ဝင်သွားလိုက်သည်။

အခန်းထဲတွင်က မိန်းကလေးများသာ ရှိနေခြင်းကြောင့် ကောင်းယိလိုက်ဝင်ဖို့ မသင့်တော်ပေ။

“ဟိုင်း၊ ဘော့စ်!” ကုနင်းဝင်လာသည်နှင့် ယုကျီနှုတ်ဆက်လိုက်သည်။

မော်ဒယ်အားလုံးလဲ ကုနင်းကို လှည့်ကြည့်လာကြကာ ကုနင်း၏လှပမှုကြောင့် သူတို့အားလုံး မှင်သက်သွားကြတော့သည်။ သူတို့ကိုယ်တိုင်ကလဲ မော်ဒယ်များဖြစ်တာကြောင့် ဆွဲဆောင်မှုရှိလှပေမည့် ကုနင်းကတော့ သူတို့ထက်ပိုလှကြောင်း အသိအမှတ်ပြုပေသည်။ အထူးသဖြင့် ကုနင်းသည်က ဘာမိတ်ကပ်မှမလိမ်းချယ်ထားခဲ့ပေ။ သူမ၏အသားအရည်မှာ နူးညံ့ချောမွတ်နေပြီး အလင်းရောက်အောက်တွင် တောက်ပလို့နေလေသည်။

မော်ဒယ်များ ကုနင်း၏လှပမှုကို မနာလိုဖြစ်မိပေမည့် သူ၏အဆင့်အတန်းကြောင့် စိတ်အနှောက်အယှက်ဖြစ်အောင်တော့ မပြုရဲကြပေ။

ကုနင်းကတော့ သူတို့၏မိတ်ကပ်အပြင်အဆင်နှင့် ဂါဝန်ဝတ်ဆင်ထားပုံကိုကြည်ကာ ကျေနပ်လို့နေသည်။

မော်ဒယ်တစ်ယောက်ချင်းစီသည် အရပ်ရှိကာ ချောမောသည့် မျက်နှာသွင်ပြင်နှင့် အချိုးအစားလှပသည့် ခန္ဓာကိုယ်ရှိကြသည်။

“လက်ဝတ်ရတနာတွေ ဝတ်လိုက်ကြတာပေါ့။” ကုနင်းပြောရင်းဖြင့် လက်ဝတ်ရတနာဘူးကို စားပွဲပေါ်တင်ပေးလိုက်သည်။

ကုနင်း၏စကားကိုကြားသည်နှင့် အားလုံးလဲ စားပွဲရှိရာသို့ စုဝေးလာကြပေသည်။

လက်ဝတ်ရတနာများဝတ်ဆင်ပြီးနောက် ကုနင်းထွက်သွားကာ ကောင်းယိနှင့် ယုကျီကပဲ စင်နောက်ဘက်ကို တာဝန်ယူပေလိမ့်မည်။

ကုနင်း ခန်းမထဲသို့ပြန်ဝင်လာသည်နှင့် ဧည့်သည်အများစု ရောက်နေကြပြီဖြစ်ကာ အချို့မှာတော့ ကုနင်းကို မှတ်မိကြပြီး ချက်ချင်း လာရောက်နှုတ်ဆက်ကြသည်။

“မင်္ဂလာပါ၊ မိန်းကလေးကု၊ ကျွန်တော်က …ရဲ့မန်နေဂျာပါ။”

“မင်္ဂလာပါ မိန်းကလေးကု ကျွန်တော်ကတော့….”

သူတို့အားလုံး ကိုယ့်ကိုကိုယ် အရင်မိတ်ဆက်ကြကာ ကုနင်းလဲ ကောင်းကောင်းမွန်မွန်ပင် စကားလက်ခံပြောပေးခဲ့သည်။ သူမပုံစံမှာ ရင့်ကျက်သည့် အမျိုးသမီးတစ်ယောက်နှင့်တူကာ ဆယ်ကျော်သက်လေးလို့ လုံးဝမထင်ရပေ။ ဒီလိုမျိုး ငယ်ငယ်ရွယ်ရွယ်နှင့် ရင့်ကျက်တည်ငြိမ်သူက ရှာမှရှားလှပေသည်။

အချို့လူများကတော့ ကုနင်းကို တွေ့ဖို့ရန် လာရောက်ကြခြင်းဖြစ်ကာ အချို့သည်တော့ ထန်မိသားစုကြောင့် လာရောက်ခြင်းဖြစ်သည်။

သူတို့အားလုံး ကုနင်းနှင့် ထန်မိသားစုကြား ထူးခြားသည့် ဆက်ဆံရေးတစ်ခု ရှိနေကြောင်း သိထားကြပြီးဖြစ်၍ ကုနင်းအပေါ်လဲ ကောင်းမွန်စွာ ဆက်ဆံကြသည်။

ဤသတင်းထုတ်ပြန်ပွဲတွင် နာမည်ကြီးများစွာမပါရှိသော်လည်း နာမည်ကျော်အဝတ်အစားကုမ္ပဏီများ၏ ကိုယ်စားလှယ်များစွာ တက်ရောက်ကြပေသည်။

နေ့လည်၁၂နာရီထိုးခါနီးတွင်တော့ ဧည့်သည်အားလုံး နေရာယူပြီးကြပြီဖြစ်သည်။

***

စာစဉ် ၄၅ ပြီး၏။

All Chapters