အခန်း (၆၉၁-၆၉၅)
Vol. 47 Ch. 691-695
အခန်း ၆၉၁
ယုကျီရဲ့အမှားလား?
လင်းလိကျွမ်း လင်းအိမ်မှပြေးထွက်လာပြီးသည်နောက် လမ်းများထက်လျှောက်သွားနေခဲ့သည်။ သူမတွင် ဖုန်းလဲမပါလာသလို ပိုက်ဆံလဲမပါလာတာကြောင့် သူမဘယ်ကိုသွားလို့သွားရမှန်း မသိပေ။ ဒါကြောင့် လမ်းများတစ်လျှောက် ဆက်ပြီးသာ လျှောက်လှမ်းလာခဲ့သည်။
ကောင်းကင်ယံ တဖြည်းဖြည်းမှောင်ရိပ်သမ်းလာသည်ကိုမြင်တော့ လင်းတချန်လဲ လင်းလိကျွမ်း အပြင်တွင်ရှိနေသေးသည့်အတွက် စိုးရိမ်စိတ်ဝင်လာတော့သည်။ နောက်ဆုံးမနေနိုင်တော့ဘဲ လင်းလိကျွမ်းကို ဖုန်းဆက်လိုက်ပေမည့် သူမဖုန်းက အိမ်ထဲကနေပဲ မြည်လာခဲ့သည်။
“သူ ဖုန်းရော ပိုက်ဆံရောမပါသွားဘူးပဲ။ အန္တရာယ်ရောကင်းပါ့မလား?” ကျန်းမေယွိလဲ စိုးရိမ်လာခဲ့သည်။ သူတို့စကားများခဲ့ကြပေမည့် တစ်မိသားစုတည်းသာ မဟုတ်ပါလား။
လင်းတချန်လဲ ခနတွေးလိုက်ပြီးနောက် လင်းယွဲ့ဟောင်အား၊ “ယွဲ့ဟောင်၊ မင်းအဒေါကို သွားရှာလိုက်ဦး။”
လင်းယွဲ့ဟောင် သွားမရှာပေးချင်ပေမည့် ဖခင်၏စကားဖြစ်တာကြောင့် မလွန်ဆန်ခဲ့ပေ။ သို့ပေမည့် လင်းယွဲ့ဟောင် နှစ်နာရီနီးပါးလောက် လင်းလိကျွမ်းကို ရှာဖွေခဲ့ပေမည့် အချည်းအနှီးသာဖြစ်တာကြောင့် နောက်ဆုံးလက်လျှော့ကာ အိမ်ပြန်လာခဲ့တော့သည်။ Fမြို့ဆိုသည်မှာ မြို့ကြီးတစ်မြို့သာဖြစ်တာကြောင့် လမ်းတိုင်းလျှောက်သွားပြီး လူတစ်ယောက်ကို ရှာဖို့ဆိုသည်က အလွန်ခက်ခဲပေသည်။
လင်းတချန်လဲ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ပေ။ သို့ပေမည့် လင်းလိကျွမ်းသည် အရွယ်ရောက်ပြီးသာတစ်ယောက်ဖြစ်တာကြောင့် သူမကိုယ်သူမ ဂရုစိုက်နိုင်မှာပါဟု တွေးလိုက်ပြီး ပုံမှန်အတိုင်းပဲ အိပ်ရာဝင်ခဲ့တော့သည်။
…….
ကလပ်ထဲမှ ကျောက်ရှောင်ရွှမ်းနှင့်သူမသူငယ်ချင်းသည်တော့ ည၁၂နာရီလောက်မှသာ ပြန်ထွက်လာဖြစ်ကြသည်။
ကျောက်ရှောင်ရွှမ်းတစ်ယောက် ကလပ်ထဲတွင် သူမစိတ်ဆန္ဒများကို ဖြည့်စည်းခဲ့ရတာကြောင့် အလွန်ကျေနပ်နေပြီး လင်းထျန်းယွီကိုတောင် လုံးဝမေ့သွားခဲ့သည်။ သို့ပေမည့် သူမအပြင်သို့ထွက်လိုက်သည်နှင့် ယုကျီကို မြင်လိုက်ရတာကြောင့် ပျောက်ကွယ်စပြုနေသည့် ဒေါသများ မနာလိုမှုများ ချက်ချင်းပြန်လည် တိုးထွက်လာခဲ့ကာ ချက်ချင်းမဆိုင်းပင် ယုကျီထံသို့ ပြေးသွားလိုက်သည်။
“ဟေ့၊ ရှောင်ရွှမ်း၊ ဘယ်ကိုသွားတာလဲ?” ကျောက်ရှောင်ရွှမ်း၏ သူငယ်ချင်းက မေးလိုက်ပေမည့် မကြာခင်တွင်ပဲ ခပ်လှမ်းလှမ်းနေရာတွင် ယုကျီရှိနေသည်ကို သူမလဲ သတိထားမိသွားသည်။
ယုကျီသည် ချောင်ဝမ်ရှင်းတို့အဖွဲ့နှင့် အခုလေးတင် ပါတီဆင်နွှဲခဲ့ခြင်းဖြစ်သည်။ သူတို့အဖွဲ့ ဓါတ်လှေကားဆီသို့ရောက်ပြီးကာမှ ယုကျီက သီးသန့်ခန်းထဲတွင် သူမဖုန်းကျန်ခဲ့သည်ကို အမှတ်ရလိုက်တာကြောင့် ပြန်သွားယူရန် ထွက်လာခြင်းဖြစ်သည်။
“ယုကျီ၊ အဲ့မှာရပ်နေစမ်း!” ကျောက်ရှောင်ရွှမ်း အမြန်ပြေးလာကာ ယုကျီ၏လမ်းကို ပိတ်ရပ်လိုက်သည်။
ကျောက်ရှောင်ရွှမ်းကို မြင်လိုက်ရတာကြောင့် ယုကျီ၏ကောင်းမွန်နေသည့် စိတ်အခြေအနေလေး ချက်ချင်းပျက်စီးသွားကာ၊ “ဘာလဲ?”
“လင်းထျန်းယွီ၊ နင့်ကို ဖုန်းဆက်သေးလား? လာရောရှာသေးလား?” ကျောက်ရှောင်ရွှမ်းမေးလိုက်ပေမည့် သူမနောက်ကွယ်တွင် လင်းထျန်းယွီ သေချာပေါက် ယုကျီကို ဆက်သွယ်မည်မှန်း ယုံကြည်ထားပြီးဖြစ်သည်။
ယုကျီကတော့ သူမနှင့်လင်းထျန်းယွီ လမ်းခွဲပြတ်စဲထားသည်မှာ အတော်ကြာနေပြီဖြစ်တာကြောင့် ရုတ်တရက် ကြောင်အသွားရသည်။
“ကျောက်ရှောင်ရွှမ်း၊ နင်ဘာဖြစ်နေတာလဲ? ငါနဲ့ လင်းထျန်းယွီပြတ်သွားတာ ကြာလှနေပြီ။ သူက ဘာကိစ္စ ငါ့ကို ဆက်သွယ်တာတွေ လာရှာတာတွေလုပ်မှာလဲ?”
“တကယ်လား?” ကျောက်ရှောင်ရွှမ်း မယုံကြည်ပေ။
“ထင်ချင်သလိုသာထင်။” ယုကျီလဲ ကျောက်ရှောင်ရွှမ်းကို လျစ်လျူရှုကာ ဆက်ထွက်လာခဲ့သည်။
သို့ပေမည့် ယနေ့ဖတ်ခဲ့ရသည့်သတင်းအကြောင်း ကျောက်ရှောင်ရွှမ်း ပြန်အမှတ်ရသွားကာ ယုကျီက သူမထက်ပိုသာသွားတာကြောင့် မနာလိုစိတ်များထွက်ပေါ်လာတော့သည်။ ထို့အပြင် ယုကျီ ချမ်းသာလာသည်နှင့် လင်းထျန်းယွီကို သူမထံမှ ပြန်လည်လုယူသွားမည်ကိုလဲ ကြောက်ရွံ့လာတော့သည်။ ထိုသို့တွေးလိုက်မိသည်နှင့် ကျောက်ရှောင်ရွှမ်း ရူးသွပ်သလိုဖြစ်သွားကာ ယုကျီကို လှမ်းဆွဲလိုက်ပြီး၊ “နင်မသွားရဘူး!”
“ဘာဖြစ်ပြန်ပြီလဲ?” ယုကျီ စိတ်ရှုပ်လာခဲ့သည်။
ကျောက်ရှောင်ရွှမ်း၏မျက်နှာမှာတော့ မနာလိုမှုများကြောင့် တွန့်ရှုံလို့နေပြီး၊
“ယုကျီ၊ နင်အခုလို အောင်မြင်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ နင့်လို ဆင်းရဲတဲ့ကောင်မလေးက ရက်ပိုင်းလေးနဲ့ သူဌေးတစ်ယောက်ဖြစ်လာတယ်ပေါ့။” ယုကျီသည် Charm၏ ရှယ်ယာရှင်တစ်ဦးဖြစ်တာကြောင့် သူမလဲ သူဌေးနေရာနှင့်ဆက်စပ်မှုရှိသည်ဟု ပြော၍ရသည်။
ယုကျီကတော့ ကျောက်ရှောင်ရွှမ်း ထိုသတင်းကိုသိထားသည့်အတွက် မအံ့ဩမိပေ၊ “အဲ့ဒါ နင့်ကိစ္စမဟုတ်ပါဘူး။”
“ငါ့ကိစ္စပေါ့! ထျန်းယွီနဲ့ငါ စကားများရတာ နင့်ကြောင့်ပဲလေ!” ကျောက်ရှောင်ရွှမ်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
ယုကျီကတော့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးအကြောင်းကို စိတ်မဝင်စားခဲ့ပါ။
“ဒီတော့ နင်တို့နှစ်ယောက်ရန်ဖြစ်တာက ငါ့အမှားပေါ့?” ကျောက်ရှောင်ရွှမ်း သူမကို ဘာကြောင့် လွှတ်ထားမပေးနိုင်လဲဆိုသည်ကို ယုကျီနားမလည်နိုင်တော့ပေ။
“နင်အခုအောင်မြင်နေပြီဆိုတော့ ထျန်းယွီအာရုံစိုက်တာကို ခံရတာပေါ့။”
“စိတ်မကောင်းပါဘူး။ နင်ဘာကြောင့် ကိစ္စတိုင်းအတွက် ငါ့ကို အပြစ်ပုံချနေလဲ ငါစဉ်းစားလို့ကိုမရဘူး။ ဒါ ငါ့အမှားမှမဟုတ်ဘဲ!”
လင်းထျန်းယွီလိုမကောင်းသည့်ကောင်ကို ကျောက်ရှောင်ရွှမ်းသာ အစွဲလမ်းကြီးစွဲလမ်းနေခြင်းဖြစ်သည်။
“နင့်အမှားပေါ့! နင်သာအရင်လို ဆက်ပြီးဆင်းရဲနွမ်းပါးနေဦးမယ်ဆိုရင် ထျန်းယွီကလဲ နင့်ဘက် အာရုံပြန်ရောက်သွားမှာမဟုတ်ဘူး!” ကျောက်ရှောင်ရွှမ်း ထပ်ပြီးအော်ဟစ်လိုက်သည်။
***
အခန်း ၆၉၂
ချောင်ဝမ်ရှင်း ယုကျီကိုကူညီပေးခြင်း
“တကယ်ကို ဟာသပဲ၊ ငါအောင်မြင်လာလို့ နင်တို့စကားများကြရတယ်တဲ့လား။ ဒီလိုဆို ငါနင့်ကို သဘောမကျနေရင် နင်လဲ ငါ့မျက်စိရှေ့က ပျောက်ကွယ်သွားပေးသင့်တယ်မဟုတ်ဘူးလား?” ယုကျီပြန်ပြောလိုက်သည်။ သူမထပ်ပြီး အောက်ကျို့မခံလိုတော့ပေ။ အရင်တုန်းကတော့ သူမသည် ဆင်းရဲသည့်မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ကာ ကျောက်ရှောင်ရွှမ်းသည်တော့ ချမ်းသာသည့် မိသားစုမှဖြစ်ခဲ့ပေမည့် အခုတော့ သူမကိုယ်တိုင်ကလဲ အောင်မြင်သည့် ဒီဇိုင်နာတစ်ယောက်ဖြစ်နေသလို ကုနင်း၏ထောက်ပံ့ပေးမှုလဲ ရှိသေးသည်။ သူမဘက်ကတော့ အခြားလူအပေါ် အခွင့်ကောင်းယူနှိမ့်ချမည်မဟုတ်ပေမည့် သူမကလဲ ထပ်ပြီး ငြိမ်ခံနေမည့် အားနည်းသည့် ကောင်မလေးတစ်ယောက်မဟုတ်တော့ပေ။
သို့ပေမည့် ကျောက်ရှောင်ရွှမ်းသည်တော့ ထိန်းချုပ်နိုင်စွမ်းများလွတ်ထွက်လို့သွားကာ၊ “ခွေးမ၊ နင်ကများ ငါ့ကိုဒိပုံစံနဲ့ပြန်ပြောရဲတယ်ပေါ့!” ပြောရင်းဖြင့်ပင် သူမလက်ကို မြှောက်ကာ ယုကျီကို ရိုက်ဖို့ဟန်ပြင်လိုက်သည်။
ယုကျီ ချက်ချင်းရှောင်ဖယ်လိုက်ပေမည့် ကျောက်ရှောင်ရွှမ်း၏လက်ကတော့ သူမပါးပြင်ထက်သို့ ကျရောက်သွားစဲပင်။ ကံကောင်းစွာဖြင့် ကျောက်ရှောင်ရွှမ်း အရက်မူးနေတာကြောင့် အားအပြည့်မသုံးနိုင်ခဲ့ပေ။
ရိုက်ချက်က သိပ်မနာကျင်လှသော်လည်း ယုကျီ ဒေါသထွက်သွားကာ အားအပြည့်ဖြင့် ကျောက်ရှောင်ရွှမ်း၏မျက်နှာကို ပြန်ပြီးဖြတ်ရိုက်လိုက်တော့သည်။ ကျောက်ရှောင်ရွှမ်း နာကျင်မှုကြောင့် အော်ဟစ်မိသွားသည်။ ယုကျီက အရက်မသောက်ထားတာကြောင့် ကျောက်ရှောင်ရွှမ်းကို ရိုက်လိုက်သည်မှာ အတော်လေးပြင်း၍ ကျောက်ရှောင်ရွှမ်း ချက်ချင်းဆိုသလို ဘေးနံရံဘက်သို့ ယိမ်းယိုင်သွားသည်။ ကံကောင်း၍ နံရံရှိနေတာကြောင့် ကြမ်းပေါ်သို့ လဲကျမသွားခဲ့ခြင်းပင်။
“ရှောင်ရွှမ်း!” ကျောက်ရှောင်ရွှမ်း၏ သူငယ်ချင်းက ဘေးကနေ ထိုပွဲကို စောင့်ကြည့်နေခဲ့ပေမည့် ကျောက်ရှောင်ရွှမ်းကို ယုကျီရိုက်လိုက်တာကြောင့် အမြန်ပြေးလာတော့သည်။
ယုကျီလဲ နှာတစ်ချက်ရှုံ့ကာ ထွက်သွားဖို့ကြံပေမည့် နောက်တစ်ယောက်က ထပ်တားလာပြန်သည်။
“ယုကျီ၊ နင်ကများ!” ကျောက်ရှောင်ရွှမ်း၏သူငယ်ချင်းကလဲ ယုကျီကို ပါးရိုက်ဖို့ရန် လက်ကိုမြှောက်လိုက်ပြန်သည်။
ယုကျီဘက်မှ ဘာမှမလှုပ်ရှားရသေးခင်တွင်ပဲ ထိုမိန်းကလေး၏လက်ကောက်ဝတ်ကို နောက်တစ်ယောက်က ဖမ်းချုပ်လိုက်တာကြောင့် ထိုမိန်းကလေး ဒေါသတထွက်သွားကာ သူမလက်ကို ချုပ်လိုက်သည့်လူကို လှည့်ကြည့်လိုက်သည်။ တစ်ဖက်လူကို သူမဆဲဆိုတော့မည့်အချိန်တွင်ပဲ ဘယ်သူမှန်း မှတ်မိသွားခဲ့သည်။ တစ်ဖက်လူ၏မျက်နှာကို မှတ်မိလိုက်သည်နှင့် ကြောက်ရွံ့စိတ်များထွက်ပေါ်လာကာ၊ “မိန်း-မိန်းကလေးချောင်။”
သူမလက်ကောက်ဝတ်ကို ဖမ်းချုပ်လိုက်သူကတော့ ချောင်ဝမ်ရှင်းပင်ဖြစ်ပေသည်။
ယုကျီတော်တော်နှင့်ပြန်မလာတာကြောင့် ချောင်ဝမ်ရှင်းလိုက်လာခဲ့ခြင်းဖြစ်ကာ သူမအနားသို့ရောက်ခါနီးတွင်ပဲ တခြားမိန်းမတစ်ယောက်က ယုကျီကိုပါးရိုက်ဖို့လုပ်နေကြောင်း မြင်လိုက်ရခြင်းဖြစ်သည်။
“ဒါဘာလုပ်တာလဲ?” ချောင်ဝမ်ရှင်း ထိုမိန်းကလေးကို စိုက်ကြည့်လိုက်သည်။
“ငါ-ငါ…” ထိုမိန်းကလေးကတော့ ရုတ်တရက် ဘာစကားမှပြောမထွက်တော့ပေ။
“သူငါ့ကိုပါးရိုက်လိုက်တာ!” ကျောက်ရှောင်ရွှမ်းသည်တော့ ချောင်ဝမ်ရှင်းကို မမှတ်မိတာကြောင့် မကြောက်မိဘဲ ချောင်ဝမ်ရှင်းက ယုကျီဘက်ကကူနေတာကြောင့် ပိုလို့ပင် ဒေါသထွက်သွားသည်။
“အိုး၊ ဒီလိုဆို မင်းဘက်က အရင် သူ့ကိုရန်စလို့ဖြစ်မှာပေါ့။” ယုကျီကတော့ အကြောင်းမရှိဘဲ တစ်ခြားတစ်ယောက်ကို ရိုက်နှက်လိမ့်မည်မဟုတ်ဟု ချောင်ဝမ်ရှင်းယုံကြည်ပေသည်။
“နင်…”ကျောက်ရှောင်ရွှမ်းအနည်းငယ်လန့်သွားကာ လိမ်ညာလိုက်သည်။ “သူက ငါ့ရည်းစားကို ဖျားယောင်းနေတာ!”
“ရှောင်ရွှမ်း….” ကျောက်ရှောင်ရွှမ်း၏သူငယ်ချင်းက သူမကိုတားဖို့ ကြိုးစားလိုက်ပေမည့် နောက်ကျသွားပေပြီ။
ချောင်ဝမ်ရှင်းဆိုသည်မှာ Bမြို့၏ကျိကျိတက်ချမ်းသာလှသည့် မိသားစုမှမွေးဖွားလာသူဖြစ်ကာ သူမတို့နှစ်ယောက်၏မိသားစုများမှာ ချောင်မိသားစုကို လုံးဝမယှဉ်နိုင်ပေ။ ချောင်ဝမ်ရှင်း၏မျက်လုံးထဲတွင်လဲ သူမတို့မှာ ဘာမှမဟုတ်သည့်လူများသာ။
“ယုကျီ၊ နင်သူ့ရည်းစားကိုဖျားယောင်းခဲ့တာလား?” ချောင်ဝမ်ရှင်း ယုကျီကိုမေးလိုက်ပေမည့် အသံကတော့ ဟာသတစ်ခုကိုကြားလိုက်ရသလိုသာ။
“မဟုတ်ပါဘူး။” ယုကျီ ငြင်းဆန်လိုက်သည်။
“ငါလူရွေးညံ့တာကို သိပေမည့် မကောင်းတဲ့ကောင်ကိုတော့ ဘယ်တော့မှ ပြန်လက်ခံမှာမဟုတ်ဘူး။” လင်းထျန်းယွီအကြောင်းတွေးလိုက်မိသည်နှင့် ရွံ့ရှာလာတာကြောင့် ဖျားယောင်းဖို့နေနေသာသာ လာတောင်းပန်လျှင်တောင် လက်ခံစရာအကြောင်းမရှိပေ။
“ကြားတယ်မဟုတ်လား?” ချောင်ဝမ်ရှင်း ကျောက်ရှောင်ရွှမ်းကို လူပြတ်တစ်ယောက်လိုကြည့်ရင်းပြောလိုက်သည်။
ထို့နောက် ယုကျီကိုခေါ်ကာ ချောင်ဝမ်ရှင်းထွက်သွားတော့သည်။
“နင်တို့ကများ….” ကျောက်ရှောင်ရွှမ်း လက်မလျှော့နိုင်သေးဘဲ ထပ်အော်ဖို့ပြင်လိုက်ပေမည့် သူမစကားမဆုံးခင်တွင်ပဲ သူမသူငယ်ချင်းက တားလိုက်သည်။
“ရှောင်ရွှမ်း၊ အဲ့တစ်ယောက်က နင်ရှုပ်ချင်တိုင်းသွားရှုပ်လို့ရတဲ့လူမဟုတ်ဘူး!”
ထိုစကားကြောင့် ကျောက်ရှောင်ရွှမ်း လန့်သွားကာ “သူက ဘယ်သူလဲ?”
ကျောက်ရှောင်ရွှမ်းဆိုသူသည် သူမထက် ပျော့ညံ့ကာ ဆင်းရဲသည့်လူများကိုသာ အနိုင်ကျင့်ရဲသူဖြစ်သည်။ တကယ်တော့ သူမသူငယ်ချင်း၏မိသားစုမှာ သူမထက်ပင် ပို၍ချမ်းသာပေသည်။ သူမသူငယ်ချင်းပင်လျှင် ထိုမိန်းကလေးကို မရှုပ်ရဲဘူးဆိုမှတော့ သေချာပေါက် ကျိကျိတက်ချမ်းသာတာမဟုတ်ရင် အာဏာရှိလွန်းတဲ့မိသားစုကပဲဖြစ်ရပေမည်။
“သူကချောင်မိသားစုကပဲ။”
“ဘာ? ချောင်မိသားစု? ဘယ်ချောင်မိသားစုလဲ?” ကျောက်ရှောင်ရွှမ်း အလွန်ထိတ်လန့်သွားသည်။ အဆင့်အတန်းမြင့်သည့် အသိုင်းအဝိုင်းတွင် ချောင်မျိုးရိုးနှင့် မိသားစုတစ်ခုကိုသာ သူမသိပေသည်။ သို့ပေမည့် ယုကျီက ထိုချောင်မိသားစုမှတစ်ယောက်ယောက်နှင့် မိတ်ဆွေဖွဲ့နိုင်လိမ့်မည်မဟုတ်ဟု မယုံကြည်နိုင်ပေ။ မိန်းကလေးချောင်နှင့်မိတ်ဆွေဖြစ်နိုင်တာက သူတို့အတွက်ဆိုလျှင် ကြီးမားသည့်ဂုဏ်ယူဖွယ်ရာဖြစ်ရပ်မျိုးမဟုတ်ပါလား။
“Bမြို့မှာ ချောင်မိသားစု ဘယ်နှခုတောင်ရှိနေလို့လဲ? သူက Bမြို့ရဲ့ ထန်မိသားစုနဲ့ဆက်နွယ်နေတဲ့ ချောင်မိသားစုကပဲပေါ့!”
“ဘာ?” ကျောက်ရှောင်ရွှမ်း ကြောက်ရွံ့ထိတ်လန့်သွားတော့သည်။ အစကတည်းက အဖြေကို သိပြီးဖြစ်ပေမည့် လက်မခံနိုင်ခြင်းသာ။ ယုကျီက သူမထက်သာလွန်နေပြီဆိုသည့်အမှန်တရားကို ဘယ်လိုမှလက်မခံနိုင်ပေ။
“နင်နောက်တစ်ခါ ယုကျီနဲ့တွေ့ခဲ့ရင် ဝေးဝေးသာရှောင်၊ မဟုတ်ရင် နင်ပြဿနာအကြီးကြီးတက်သွားမယ်။” ကျောက်ရှောင်ရွှမ်း၏သူငယ်ချင်းက စေတနာနှင့်သတိပေးလိုက်သည်။
သူတို့မိသားစုများကို ပြဿနာမတက်စေလိုလျှင် သူတို့ထက် ပို၍ချမ်းသာသည့် ပို၍အာဏာရှိသည့်လူမျိုးများကို သွားမရှုပ်သင့်ကြောင်း ကောင်းကောင်းသိထားရပေမည်။
***
အခန်း ၆၉၃
လင်းထျန်းယွီ ယုကျီကိုပြန်လိုက်ခြင်း
ကျောက်ရှောင်ရွှမ်း၏သူငယ်ချင်းလဲ ချောင်ဝမ်ရှင်းကို ပထမဆုံးအကြိမ်တွေ့ဆုံဖူးခြင်းဖြစ်ပေမည့် ချောင်ဝမ်ရှင်းဆိုသည်မှာ သူမသွားရှုပ်၍ရသည့် လူမျိုးမဟုတ်ကြောင်း အမြဲတမ်းစိတ်ထဲမှာ စွဲနေပြီးသားဖြစ်သည်။
ကျောက်ရှောင်ရွှမ်း တိတ်ဆိတ်နေစဲဖြစ်ပေမည့် သူမသူငယ်ချင်း၏သတိပေးချက်ကို လက်မခံလိုသေးပေ။
ကျောက်ရှောင်ရွှမ်း၏ သူငယ်ချင်းလဲ သူမပြောသင့်တာပြောပြီးသလို သတိပေးသင့်တာလဲ ပေးပြီးပေပြီ။ ကျောက်ရှောင်ရွှမ်း ကိုယ့်သေတွင်းကို ဆက်တူးချင်နေလဲ ဘယ်သူမှတားနေမည်မဟုတ်တော့ပေ။
“ငါနောက်ထပ်ကောင်လေးတွေအများကြီးနဲ့ ချိန်းထားသေးတယ်။ နင်လိုက်ချင်သေးလား?” ကျောက်ရှောင်ရွှမ်း၏ သူငယ်ချင်းက မေးလိုက်သည်။
ကျောက်ရှောင်ရွှမ်းကတော့ အထင်သေးဟန်ဖြင့် တစ်ချက်လှည့်ကြည့်လိုက်ပြီး၊ “တော်ပြီ၊ ငါအိမ်ပြန်တော့မယ်။”
………
နောက်တစ်နေ့မနက်၇နာရီတွင်တော့ ကုနင်း ထန်ဟိုင်ဖုန်းထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ သူမသတင်းဆိုးလေးတစ်ခုကြားလိုက်ရပေသည်။ ရှန့်တုန်ပင်း၏ အောက်စီဂျင်မက်စ်က ညလယ်လောက်တည်းက ပြုတ်နေခဲ့ပေမည့် မနက်မှသာ သတိထားမိတာကြောင့် အသက်ရှူကြပ်ကာ သေဆုံးသွားခဲ့ပေပြီ။
ကုနင်းကတော့ အစကတည်းက ရှန့်တုန်ပင်းကို ကားတိုက်ခိုင်းဖို့ရန် နောက်ကွယ်မှစေခိုင်းသူက ရှန့်တုန်ပင်း မဖောက်သွားစေရန်အတွက် နှုတ်ပိတ်သတ်ဖြတ်မည်မှန်း တွေးထားပြီးဖြစ်တာကြောင့် မအံ့ဩမိပေ။
ဘာပဲဖြစ်ဖြစ် ရှန့်တုန်ပင်းသည် ထန်ဟိုင်ဖုန်းကို သတ်ရန်ကြိုးစားခဲ့သူဖြစ်တာကြောင့် သနားစိတ်လဲမဝင်မိပေ။ ပြီးတော့ အစကတည်းက ရှန့်တုန်ပင်းကို ဖိအားပေးကာ အမှန်အတိုင်းဝန်ခံစေဖို့လဲ ကုနင်းတွင် စိတ်ကူးမရှိခဲ့တာကြောင့် သူသေသွား၍လဲ သူမအစီအစဉ်ကို မထိခိုက်နိုင်ပေ။
အခုတော့ နောက်ကွယ်ကလူမှာ ထန်သဲ့မင်လား ထန်သဲ့မင်မဟုတ်ဘူးလားဆိုသည်ကို ရှာဖွေနေခြင်းဖြစ်သည်။ ဒါ့အပြင် ထန်သဲ့မင်သည် နောက်ကွယ်မှလူ၏ ဒိုင်းကာတစ်ခုမျှသာဖြစ်ကြောင်းလဲ သိသာလှပေသည်။ ထန်သဲ့မင်ကိုယ်တိုင် သူတို့ကို ထုတ်ပြောလာခြင်းမဟုတ်ပါက နောက်ကွယ်မှလူကို ရှာဖွေဖို့ အတော်ခက်ခဲပေမည်။ သို့ပေမည့် ထန်သဲ့မင်ဘက်ကလဲ ထုတ်ပြောလာမည့်ပုံမပေါ်ပေ။ ဒီအတွက်ကြောင့် နောက်ကွယ်ကလူ သတိထားမိသွားမည်စိုးတာကြောင့် အခုချက်ချင်းတော့ ထန်သဲ့မင်ကို သူတို့အပြစ်ပေး၍မရနိုင်သေးပေ။
မနက်စာစားပြီးနောက် ကုနင်း ပုံမှန်အတိုင်း ကုမန့်နှင့်အတူ ထန်အိမ်တော်သို့ထွက်လာခဲ့သည်။
………
မနက်၉နာရီလောက် ယုကျီဈေးဝယ်စင်တာသို့ရောက်လာချိန်တွင် လင်းထျန်းယွီက သူမကိုအပေါက်ဝတွင်ပဲ တားထားလိုက်သည်။
လင်းထျန်းယွီကို စောစောစီးစီးမြင်လိုက်ရတာကြောင့် ယုကျီ ရွံ့ရှာသွားတော့သည်။
“ယုကျီ၊ ငါတို့စကားခနပြောလို့ရမလား?”
“မရဘူး။” ယုကျီ ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ သူမတွင် လင်းထျန်းယွီနှင့်စကားစမြည်ပြောစရာအကြောင်းရှိသည်ဟု မထင်မိပေ။
သို့ပေမည့် လင်းထျန်းယွီကတော့ နည်းနည်းလေးပင် မရှက်သွားခဲ့ဘဲ၊ “ယုကျီ၊ ငါမင်း ချစ်နေတုန်းပဲ။ ငါတို့ပြန်တွဲကြရအောင်လား?”
“မရဘူး၊ မဖြစ်နိုင်ဘူး!” ယုကျီ ထပ်ငြင်းလိုက်ပြန်သည်။ “လင်းထျန်းယွီ၊ ကျေးဇူးပြုပြီး ငါ့ကိုမနှောက်ယှက်စမ်းပါနဲ့။”
ထို့နောက် ယုကျီထွက်သွားဖို့ကြံပေမည့် လင်းထျန်းယွီက ထပ်တားထားပြန်သည်။
“လင်းထျန်းယွီ၊ ငါ့လမ်းကိုလာမပိတ်နဲ့။” ယုကျီ အေးစက်စက်မျက်နှာထားဖြင့် လင်းထျန်းယွီကို စိုက်ကြည့်လိုက်သည်။
“ယုကျီ၊ ငါ့ကို ကျောက်ရှောင်ရွှမ်း အတင်းဖိအားပေးခဲ့လို့ပါ၊ အခုလဲ ငါသူနဲ့ပြတ်သွားပြီ။ မင်းသာခွင့်လွှတ်ပေးမယ်ဆိုရင် ငါ့ရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး မင်းအပေါ် ကောင်းကောင်းဆက်ဆံသွားမှာပါ၊ ငါကတိပေးပါတယ်!” လင်းထျန်းယွီပုံစံမှာ နည်းနည်းသနားစရာကောင်းသွားခဲ့သလို ဒါ ပထမဆုံးအကြိမ် မိန်းမတစ်ယောက်ရှေ့တွင် နှိမ့်ချပြောဆိုခြင်းလဲဖြစ်သည်။
လင်းထျန်းယွီ ဘယ်လောက်ပဲ သူ့အကျိုးအမြတ်အတွက် တောင်းဆိုနေခြင်းဖြစ်ပါစေ တကယ်လဲ ယုကျီကို ချစ်နေသေးတာကြောင့် သူပြောနေပုံက တကယ်ကိုရိုးသားလှသည်။
သို့ပေမည့် ယုကျိကတော့ စက်ဆုပ်မှုကိုသာ ခံစားရစဲပင်။
“လင်းထျန်းယွီ၊ ငါ့ကို နင်ဘာကြောင့်စွန့်ပစ်ခဲ့တယ်ဆိုတာ နင်ရောငါရော ရှင်းရှင်းလင်းလင်းသိထားပြီးသားပဲလေ။” “ကျောက်ရှောင်ရွှမ်းရဲ့မိသားစုက ချမ်းသာလို့ နင်ငါ့ကိုစွန့်ပစ်ခဲ့တာမဟုတ်ဘူးလား? နင်ပဲ ငါက နင့်ချစ်သူဖြစ်ဖို့ အရမ်းဆင်းရဲလွန်းတယ်လို့ တွေးခဲ့တာလေ။ အခုတော့ ငါက Charmရဲ့ ဒီဇိုင်နာနဲ့ ရှယ်ယာရှင်တစ်ယောက် ဖြစ်သွားတာနဲ့ ချက်ချင်း ငါ့ဆီပြန်လာချင်သွားပြီပေါ့! နင်က နင့်မသားစုကောင်းစားရေးအတွက်ပဲ ငါ့ကိုလိုချင်နေတာပါ။” ဒီလိုမကောင်းသည့်လူကို ယုကျီဘယ်တော့မှ ပြန်လက်ခံပေးတော့မည်မဟုတ်ပေ။
ထိုစကားကြောင့် လင်းထျန်းယွီ လန့်သွားပေမည့် အကြောင်းပြချက်ပေးတုန်းပင်။
“အဲ့ဒါကိုတော့ မငြင်းပေမယ့် မင်းကိုချစ်နေတုန်းဆိုတော့ ယုံကြည်ပေးပါ။ ဒါအားလုံး ငါ့အမေကြောင့်ပဲ။ မင်းလဲသိသားနဲ့ ငါ့အမေက အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး အဆင့်အတန်းချင်းတူတဲ့လူကိုမှ လက်ထပ်ခွင့်ပေးချင်တာလေ။ ငါဆန့်ကျင်ဖို့ကြိုးစားခဲ့ပေမယ့် အမေက သူ့အသက်နဲ့ငါ့ကိုခြိမ်းခြောက်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူက ငါ့အမေပဲမဟုတ်လား။ ဒါကြောင့် ငါသူ့စကားကိုနားထောင်ခဲ့တာပါ၊ အခုတော့ အမေလဲ ငါတို့ကိုခွင့်ပြုပေးလိုက်ပါပြီ!”
ယုကျီကတော့ သူ့စကားဆုံးအောင်ပြောခွင့်ပေးခဲ့ပေမည့် လျစ်လျူရှုထားခြင်းသာဖြစ်သည်။ အရူးပဲ ဒီလိုခွေးစကားတွေကို ယုံလိမ့်မယ်! ယုကျီတွေးလိုက်မိသည်။ သူမဘက်ကတော့ လင်းထျန်းယွီကို ခွင့်မလွှတ်ဖို့ရန် တွေးပြီးသားပင်။ သူမတွင် သူမခံယူချက်နှင့်သူမရှိကာ သစ္စာဖောက်ခြင်းကိုတော့ လက်မခံနိုင်ပေ။ မိန်းမကောင်းတစ်ယောက်ကတော့ ဘယ်တော့မှနောက်ပြန်လှည့်မှာမဟုတ်ဘူး!
“ယုကျီ!” ယုကျီ ထွက်သွားတော့မည်ကိုတွေ့လိုက်တော့ လင်းထျန်းယွီ ပြန်ဆွဲထားခဲ့ပေမည့် ယုကျီက သူ့လက်ကို အားပြင်းပြင်းဖြင့် လွှဲချကာ၊ “ငါ့ကိုမထိနဲ့၊ ရွံ့စရာကောင်းလိုက်တာ!”
ယုကျီ၏ဒေါသသံက ကျယ်တာကြောင့် အနားမှလူများ၏အာရုံကို ဆွဲဆောင်သွားတော့သည်။
“မင်း…” လင်းထျန်းယွီ၏အမူအရာပြောင်းလဲလို့သွားခဲ့သည်။
“ယုကျီ၊ မင်းဘယ်လိုလုပ် ဒီလောက်တောင် သွေးအေးရတာလဲ?” ချက်ချင်းဆိုသလို သူကပဲ မတရားခံရသူတစ်ယောက်ပမာ လင်းထျန်းယွီ၏အမူအရာပြောင်းသွားခဲ့သည်။
“ယုကျီ? သူက Charmရဲ့ဒီဇိုင်နာမဟုတ်လား?”
“ဟုတ်မယ်ထင်တယ်။”
“ဘာလို့ ဟိုလူက သူ့ကိုသွေးအေးတယ်ပြောတာလဲ? ဘာတွေဖြစ်ထားလို့လဲ?”
…….
ဘေးလူများစတင်ဆွေးနွေးလာတော့သည်။
“ငါကသွေးအေးတယ်ဟုတ်လား? အဓိပ္ပါယ်မရှိလိုက်တာ! နင်ဘာလို့….?”ယုကျီ ပြန်ရန်တွေ့ဖို့လုပ်လိုက်ပေမည့် လင်းထျန်းယွီက သူမစကားကို ကြားဖြတ်ကာ၊
“မင်းအခုအောင်မြင်နေပြီမှန်း ငါသိပါတယ်။ အခုတော့ ငါက မင်းရဲ့ချစ်သူဖြစ်ဖို့ မထိုက်တန်တော့လို့ ငါ့ကိုအခုလို စွန့်ပစ်လိုက်တာမဟုတ်လား?” လင်းထျန်းယွီ အလွန်နာကျင်နေဟန်ဖြင့် ဝမ်းနည်းသလိုပြောလိုက်သည်။
“ဘာ? ယုကျီကအခုအောင်မြင်သွားလို့ သူ့ချစ်သူကို စွန့်ပစ်ချင်နေတာလား?”
“သူမတကယ်သွေးအေးတာပဲ!”
“ဘယ်လိုများလုပ်ရက်ရတာလဲ!”
“သူဘယ်လောက်ပဲ နာမည်ကြီးကြီး ငါတော့ မကြိုက်တော့ဘူး။”
“ငါလဲမကြိုက်တော့ဘူး!”
***
အခန်း ၆၉၄
ပျင်းလား?
ဘေးလူများ၏ဆွေးနွေးပြောဆိုမှုများကို ကြားလိုက်ရတော့ ဤသတင်းကြောင့် Charm၏ ဂုဏ်သတင်းကိုပါ ထိခိုက်လာမည်စိုး၍ ယုကျီ ထိတ်လန့်လာတော့သည်။
“လင်းထျန်းယွီ၊ ငါတို့လမ်းခွဲခဲ့တာအရမ်းကြာ….” ယုကျီ ပြန်လည်တုံ့ပြန်ဖို့ရန် စကားစလိုက်ပေမည့် လင်းထျန်းယွီက ထပ်ပြီး ကြားဖြတ်လိုက်ပြန်သည်။
“ယုကျီ၊ ငါ့ကျန်တဲ့ဘဝတစ်လျှောက်လုံး မင်းအပေါ် ကောင်းကောင်းဆက်ဆံမယ်လို့ ကတိပေးပါတယ်။ ငါ့ကိုအခွင့်အရေးတစ်ခေါက်လောက်ပေးပါဦး။” လင်းထျန်းယွီက ဘေးလူများ၏အာရုံစိုက်နေမှုကို အသုံးချကာ ယုကျီကိုဖိအားပေးပြီး လက်ခံစေလိုနေခြင်းဖြစ်သည်။
“တကယ်ပဲလား?” လူတစ်ယောက်က လင်းထျန်းယွီကို မေးခွန်းထုတ်လိုက်သည်။ ထိုသူက ယုကျီမဟုတ်ပါဘဲ အခုလေးတင်မှရောက်ရှိလာခဲ့သည့် ကျောက်ရှောင်ရွှမ်းပင်ဖြစ်သည်။
လင်းထျန်းယွီ ယုကျီကို သေချာပေါက်လာရှာမည်ဟု ကျောက်ရှောင်ရွှမ်း အာရုံရနေတာကြောင့် အခုလို လာကြည့်ခြင်းဖြစ်သည်။ အံ့အားသင့်စရာကောင်းသည့်အချက်ကတော့ လင်းထျန်းယွီမှာ လူအများကြားတွင်ပင် ယုကျီကို ခွင့်လွှတ်ပေးဖို့ရန် တောင်းပန်ခယနေခဲ့သည်။ ဒါ့အပြင် လင်းထျန်းယွီက သူမကိုဘယ်တုန်းကမှ မပြောဖူးသည့် ကတိစကားကိုလဲ ပြောနေသေးသည်။
ကျောက်ရှောင်ရွှမ်း၏အသံကို ကြားလိုက်ရတာကြောင့် လင်းထျန်းယွီ မျက်မှောင်ကြုတ်သွားတော့သည်။ အခုလိုအချိန်တွင် သူမမြင်ချင်ဆုံးလူကတော့ ကျောက်ရှောင်ရွှမ်းပင်။
“လင်းထျန်းယွီ၊ နင်က သူကိုပြန်ဆွဲဆောင်နေတာလား! မနေ့က ငါ့အပေါ် သစ္စာရှိကြောင်း ကျိန်ပြပါလို့ ပြောတာကို နင်ငြင်းတာ အံ့ဩစရာမဟုတ်တော့ပါဘူး။ ငါ့ကိုတောင် လေဆိပ်မှ တစ်ယောက်တည်း ပစ်ထားခဲ့သေးတာပဲ!” ကျောက်ရှောင်ရွှမ်း နာနာကျင်ကျင်နှင့် လင်းထျန်းယွီကို အပြစ်တင်စကားဆိုလိုက်သည်။
နောက်တစ်ယောက် ဝင်ရောက်လာသည်က ဘေးလူများကို အံ့အားသင့်သွားစေသည်။ အစပိုင်းတုန်းကတော့ ယုကျီက သူမအောင်မြင်လာသည်နှင့် ချစ်သူကိုတောင် စွန့်ပစ်ချင်နေသူဟု တွေးကာ သူမအမှားသာဖြစ်သည်ဟု အားလုံးယုံကြည်နေကြသည်။ သို့ပေမည့် အခုထိုလူ၏ချစ်သူဟုထင်ရသည့် မိန်းကလေးတစ်ယောက်ထပ်ရောက်လာကာ ထိုမိန်းကလေး၏ ပြစ်တင်စကားများကို ကြားလိုက်ရချိန်တွင်တော့ ထိုလူက သူ့ချစ်သူကို မနေ့ကပင် လေဆိပ်တွင် ပစ်ထားခဲ့ကာ အခုတော့ ယုကျီကို သူ့အားခွင့်လွှတ်ပေးရန် လာတောင်းပန်နေခြင်းဖြစ်ကြောင်း အားလုံးသိသွားတော့သည်။
အခုတော့ ကိစ္စမှာရှင်းရှင်းလင်းလင်းဖြစ်သွားပေပြီ။ ယုကျီက ထိုလူ၏ရည်းစားဟောင်းပင်။ ထိုလူက သူပြောခဲ့သလိုသာ ယုကျီကို ချစ်နေတုန်းဆိုလျှင် ဘာကြောင့် နောက်မိန်းကလေးတစ်ယောက်နဲ့ တွဲနေရတာတုန်း? ဒီတော့ သူကသာ အခုချိန်ယုကျီအောင်မြင်လာတာကြောင့် ပြန်ကပ်လိုသည့်လူဖြစ်သွားသည်မဟုတ်လား? ထိုသို့တွေးမိသွားသည်နှင့် ဘေးလူအားလုံး လင်းထျန်းယွီကို အထင်သေးသည့်အကြည့်များဖြင့် ကြည့်လိုက်ကြတော့သည်။
လင်းထျန်းယွီသည်လဲ လူအများ၏ ပြစ်တင်ဝေဖန်လိုသည့်အကြည့်များအောက် နေရခက်လာတာကြောင့် ကျောက်ရှောင်ရွှမ်းကိုသာ မာန်မဲလိုက်တော့သည်။
“ကျောက်ရှောင်ရွှမ်း၊ ငါတို့ပြတ်သွားပြီလို့ မင်းကိုယ်တိုင်ပြောခဲ့တာမဟုတ်ဘူးလား။ အခုမှ ငါကပဲ မင်းကိုသစ္စာဖောက်သလို ဟန်ဆောင်ပြမနေနဲ့!”
လင်းထျန်းယွီက ကျောက်ရှောင်ရွှမ်းကို လူကြားထဲအရှက်ရအောင်ပြောဆိုဖို့ နည်းနည်းလေးပင် မတွန့်ဆုတ်ပေ။
“နင်…” ကျောက်ရှောင်ရွှမ်း ဒေါသထွက်လာတော့သည်။ သူမထိုသို့ပြောခဲ့ပေမည့် တကယ်လမ်းခွဲချင်တာကြောင့်မှမဟုတ်ဘဲ။
“လင်းထျန်းယွီ၊ နင်တကယ်ပဲ ငါနဲ့လမ်းခွဲချင်တာလား?” ကျောက်ရှောင်ရွှမ်း ပြန်မေးလိုက်သည်။
“ငါ့ဘက်က အရမ်းလမ်းခွဲချင်နေတာမဟုတ်ပေမယ့် ဘာပဲဖြစ်ဖြစ် ငါတို့ပြတ်သွားခဲ့ပြီ၊ ငါကပဲ မင်းကို ပစ်သွားသလိုလုပ်မနေနဲ့။ ငါ့သိက္ခာကျတယ်။”
“ဟမ့်၊ ကောင်းပြီလေ။” ကျောက်ရှောင်ရွှမ်း အမှန်တကယ်ကို အသဲကွဲရပေပြီ။ “လင်းထျန်းယွီ၊ နင်ဘယ်လိုလုပ်ပြီးများ ငါ့အပေါ် ဒီလိုလုပ်နိုင်ရတာလဲ?”
တစ်ချိန်တည်းတွင်ပဲ လင်းထျန်းယွီသည် ယုကျီကိုသာ ချစ်ခဲ့ကြောင်း သူမနားလည်သိရှိသွားတော့သည်။ ပြီးခဲ့သည့်နှစ်များအတွင်း သူမဘက်က ဘယ်လောက်တောင် သူ့အတွက် ပေးဆပ်ခဲ့ပါစေ မပြောပလောက်တော့ပေ။ သူမကတော့ သူတို့နှစ်ဦး၏ မိသားစုအသိုင်းအဝိုင်းချင်းကပါ ကိုက်ညီတာကြောင့် ရည်ရှည်လက်တွဲသွားနိုင်လိမ့်မည်ဟု တွေးထားခဲ့ပေမည့် သူမအတွေးများက မှားယွင်းခဲ့သည်။ ဒီတစ်ခေါက်တော့ သူမလက်လျှော့လိုက်ဖို့ အချိန်ရောက်နေပြီ။ သူမဘယ်လောက်ပဲ လင်းထျန်းယွီကို ချစ်ပါစေ ဒီဆက်ဆံရေးကို ဆက်ပြီးထိန်းသိမ်းဖို့ရန် သူမအလွန်ပင်ပန်းနေပေပြီ။
“ကောင်းပြီလေ၊ လင်းထျန်းယွီ၊ ငါတို့တရားဝင်လမ်းခွဲကြတာပေါ့။” ကျောက်ရှောင်ရွှမ်း ဘယ်လောက်ပဲ လမ်းခွဲချင်စိတ်မရှိပါစေ ဤတစ်ကြိမ်တော့ လက်လျှော့လိုက်ပေပြီ။ သူမသည် တစ်ကိုယ်ကောင်းဆန်ကာ သူမသာအကောင်းဆုံးဟု ခံယူထားသူဖြစ်ပေမည့် တုံးအမိုက်မဲသူတော့မဟုတ်ပေ။ လင်းထျန်းယွီလုပ်ခဲ့သမျှကိုပြန်ကြည့်ပါက သူ့ကို ပြန်ရအောင် ယူဖို့လဲ မလိုအပ်တော့ပေ။
လင်းထျန်းယွီဘက်က တိတ်ဆိတ်မှုဖြင့် သဘောတူကြောင်းပြခဲ့သည်။
“အိုး၊ ဒါနဲ့ စကားမဆက်၊ ယုကျီက နင့်ကောင်မလေးအဖြစ်ပြန်လာလိမ့်မယ်လို့ တကယ်ကြီးယုံကြည်နေတာလား? အိပ်မက်မက်နေတာပဲ! သူမက အခုအောင်မြင်နေပြီ နင့်ထက်ပိုသာတဲ့ ယောကျ်ားတစ်ယောက်ကို ရှာဖို့ဆိုတာ အလွယ်လေးပဲ။ နင့်လို သစ္စာမရှိတဲ့ မကောင်းတဲ့ကောင်ကို ဘယ်တော့မှ ပြန်လက်ခံမှာမဟုတ်ဘူး!” ကျောက်ရှောင်ရွှမ်း ထိုစကားများပြောပြီးသည်နှင့် ချက်ချင်းလှည့်ထွက်သွားတော့သည်။
ကျောက်ရှောင်ရွှမ်း နောက်ဆုံးပြောခဲ့သည့်စကားများက လူအုပ်ကြီးထဲသို့ ဗုံးတစ်လုံးပစ်သွင်းလိုက်သလိုပင်။
“သစ္စာမရှိတဲ့ မကောင်းတဲ့လူတဲ့လား?”
“ဒီလူက သူ့ချစ်သူအပေါ် အမြဲဖောက်ပြန်နေကြလား?”
“သူ့ချစ်သူကိုယ်တိုင်က ပြောသွားတာဆိုတော့ ဟုတ်မှာပေါ့။”
“ဒါဆို သူက ယုကျီနဲ့တွဲနေတုန်း အစောကတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တယ်လို့ ဆိုလိုတာပေါ့။”
…….
“တိတ်ကြစမ်း!” လင်းထျန်းယွီ လူအုပ်ကြီးကို အော်ဟစ်ပစ်လိုက်သည်။
ထိုကြောင့် ဘေးလူများလဲ ချက်ချင်း သူတို့ပါးစပ်ကိုပိတ်လိုက်ကြသည်။
လင်းထျန်းယွီ ယုကျီကို လှည့်ရှာလိုက်ချိန်တွင်တော့ ယုကျီသည် သွားနှင့်ပြီးဖြစ်ကာ သူမဆိုင်သို့ အလုပ်လုပ်ဖို့သွားသည်မှန်း သိပေမည့် ဆိုင်အထိလိုက်သွားကာ တွေ့ဖို့ရန်တော့ ရှက်နေမိသည်။
ယုကျီဆိုင်ထဲသို့ဝင်သွားသည်နှင့် အထဲတွင် ဝယ်သူများစွာရှိနေပြီဖြစ်သည်။ သူတို့အားလုံးသည် Charm၏သတင်းထုတ်ပြန်ပွဲအကြောင်းကို ကြည့်ရှုပြီးနောက် ရောက်ရှိလာကြခြင်းဖြစ်သည်။ သို့ပေမည့် ဆိုင်တွင်က မနေ့က မော်ဒယ်များဝတ်ဆင်ခဲ့သည့် ဂါဝန်၁၀စုံကိုသာ နမူနာအနေနှင့်ပြထားသည်သာရှိသည်။
အပြီးမသတ်ရသေးသည့် ဂါဝန်အချို့ရှိသေးပေမည့် ယုကျီကတော့ ထုတ်မပြတာကြောင့် ယနေ့အတွက် ဝယ်သူများအနေဖြင့် သီးသန့်မှာယူမှသာရပေမည်။
တကယ်တမ်း ယနေ့ရောက်ရှိလာသည့် ဝယ်သူများသည်လဲ ငွေကြေးတတ်နိုင်သူများဖြစ်တာကြောင့် အထူးသီးသန့်မှာယူမှုကို ပို၍အားသန်ကြသူများဖြစ်သည်။
………
ထန်အိမ်တော်သို့ရောက်သည်နှင့် ထုံးစံအတိုင်း ကုမန့် အပေါ်ထပ်ရှိ ထန်ယွင်ဖန်းအခန်းတွင် ခနသွားနေလေသည်။ ထန်ယွင်ဖန်းသည် အခြားလူများသူ့ကိုတွေ့သွားမည်စိုးတာကြောင့် တခါတရံမှသာ ဧည့်ခန်းထဲသို့လာလေ့ရှိသည်။
ကုနင်းနှင့်လင်ရှောင်းထင်သည်တော့ ဧည့်ခန်းထဲတွင်ပဲ ထန်ကျားခိုင်နှင့်အတူ တီဗီကြည့်နေခဲ့သည်။
ဒီနေ့က တနင်္ဂနွေနေ့ဖြစ်တာကြောင့် ထန်ကျားခိုင် ကျောင်းသွားစရာမလိုပေ။ အစကတော့ သူငယ်ချင်းများနှင့် အပြင်ထွက်လည်ဖို့ စိတ်ကူးထားခဲ့ပေမည့် ကုနင်းရောက်လာတာကြောင့် အထူးသဖြင့် ယောက်ျားလေးတစ်ယောက်နှင့်အတူ ရောက်လာတာကြောင့် မသွားတော့ခြင်းဖြစ်သည်။ ထိုလူဘယ်သူလဲဟု ကုနင်းကို မေးကြည့်ရာတွင်တော့ ကုနင်းက သူမချစ်သူဖြစ်ကြောင်း ပြန်ဖြေခဲ့သည်။
လင်ရှောင်းထင်နှင့် စကားစမြည်ပြောဖို့ရန် ထန်ကျားခိုင်ကြိုးစားကြည့်ပေမည့် လင်ရှောင်းထင်ဘက်က သူနှင့်စကားပြောလိုခြင်းမရှိပုံရသည်။
“နင်းနင်း၊ သူဒီလောက် တိတ်ဆိတ်နေပုံမျိုးနဲ့ မင်းမပျင်းဘူးလား?” ထန်ကျားခိုင် ကုနင်းအနားသို့ကပ်ကာ အသံတိုးတိုးဖြင့်မေးလိုက်သည်။
သူ့အသံဘယ်လောက်ပဲတိုးထားထား လင်ရှားထင်ကတော့ ကြားနိုင်နေစဲဖြစ်တာကြောင့် မျက်မှောင်ကြုတ်သွားတော့သည်။
ကုနင်းလဲ လင်ရှောင်းထင်ကို တစ်ချက်ကြည့်လိုက်ရတွင် ဝမ်းနည်းအလိုမကျနေဟန်ကို တွေ့လိုက်ရတာကြောင့် ရယ်ချင်သွားကာ တမင်စနောက်သည့်သဘောဖြင့်၊ “အွန်း၊ နည်းနည်းတော့ပျင်းတာပေါ့။”
ထိုစကားကြောင့် လင်ရှောင်းထင် စိတ်ထိခိုက်သွားသည့်အကြည့်ဖြင့် ကုနင်းကို ကြည့်လိုက်တော့သည်။ အရင်သူ့ကိုပြောတုန်းကကျ ဒီလိုမဟုတ်ပါဘူး။
“မင်းပျင်းတယ်ဆိုမှတော့ ဘာလို့သူနဲ့ဆက်တွဲနေသေးလဲ?” ထန်ကျားခိုင် စိုးရိမ်ပူပန်ကာ ထပ်မေးလိုက်သည်။
***
အခန်း ၆၉၅
သင်္ချာပြိုင်ပွဲ
“ဟ-ဟ၊” ကုနင်း ရယ်လိုက်ကာ၊ “ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်ရဲ့ လက်ရှိအနေအထားကိုပဲ ကြိုက်ပါတယ်။”
“အေးပါ။” ကုနင်းက ထိုသို့ပြောလာတာကြောင့် ထန်ကျားခိုင်လဲ ဘာမှထပ်မပြောတော့ပေ။ သူ့တွင် ကုနင်း၏ကိုယ်ရေးကိုယ်တာကိစ္စကို ဝင်ရောက်စွက်ဖက်ခွင့်မှမရှိဘဲ။
ခဏအကြာတွင်တော့ ကုနင်းထံသို့ သူမကျောင်းအုပ်ဆရာကြီးမှ ဖုန်းဆက်လာခဲ့သည်။
ကုနင်းလဲ ကျန်လူများကို ရှေ့မနေဘဲ ဖုန်းပြန်ဖြေလိုက်သည်။ “ဟလို!”
“ဟိုင်း၊ ကုနင်း၊ နောက်နှစ်ပတ်နေရင် အထက်တန်းကျောင်းသားတွေအတွက် နိုင်ငံအဆင့်သင်္ချာပြိုင်ပွဲရှိတယ်။ တနင်္ဂနွေနေ့ကျရင် Bမြို့တက္ကသိုလ်မှာ ကျင်းပမှာ။ မြို့နယ်တိုင်းက တစ်ကျောင်းကို ကျောင်းသားသုံးယောက်ဆီ ပါဝင်လိမ့်မယ်။ မင်းက ငါတို့ကျောင်းရဲ့ ထူးချွန်ကျောင်းသူဆိုတော့ ငါတို့မြို့ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်ပေးဖို့ မျှော်လင့်တယ်။ တကယ်လို့ မင်း ထိပ်ဆုံး၃ဆုတည်းဝင်ခဲ့ရင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်အထိ ရှိသမျှ ကျောင်းတက်ရက်တွေရော လပတ်စာမေးပွဲတွေအားလုံးကိုပါ ကင်းလွတ်ခွင့်ပေးမယ်။ ဘယ်လိုလဲ?” ကျောင်းအုပ်ကြီးကမေးလိုက်သည်။
“ကောင်းပြီလေ၊” ကုနင်း ချက်ချင်းသဘောတူလိုက်သည်။ ပြိုင်ပွဲမှာ ဆုရခဲ့ရင်က နှစ်ဦးနှစ်ဖက်အတွက် ကောင်းကျိုးကြီးပဲမဟုတ်ပါလား။ သို့ပေမည့် နောက်ထပ်မေးခွန်းတစ်ခု ကုနင်းဆက်မေးလိုက်သည်။ “ကျွန်မ ဆုရမယ်လို့တော့ မသေချာဘူး။ တကယ်လို့ ဆုမရခဲ့ရင် အတန်းတွေပြန်လာတက်ဖို့ ဖိအားပေးမှာလား?”
ပြိုင်ပွဲတွင် ကောင်းကောင်းလုပ်နိုင်မည်ဟု ကုနင်းယုံကြည်ချက်ရှိသော်လည်း ဆုရမည်ကိုတော့ မသေချာပေ။ ပြိုင်ပွဲဝင်အားလုံးက နိုင်ငံအနှံ့ရှိကျောင်းတိုင်းက အတော်ဆုံးကျောင်းသားတွေချည်းပဲ ပါဝင်ကြမည်ဖြစ်သည်။ အခြေအနေဆိုတာ ကြိုတင်ခန့်မှန်း၍မရတာကြောင့် ကုနင်းဘာကတိမှမပေးထားရဲသေးပေ။
“မတက်ခိုင်းပါဘူး။” ကျောင်းအုပ်ကြီးလဲ သူ့ဘက်ကသာ ပြန်တက်ခိုင်းမည်ဟု ပြောလိုက်ပါက ကုနင်း ချက်ချင်း ဝင်မပြိုင်တော့ပါဘူးဟု ငြင်းလိမ့်မည်ဖြစ်ကြောင်း သိပေသည်။
“တော်သေးတာပေါ့။” ကုနင်းစိတ်အေးသွားတော့သည်။
“ကောင်းပြီ၊ ဒါဆို ပြီးရင် ပြိုင်ပွဲဝင်မယ့်အဖွဲ့ကို ဦးဆောင်မယ့် ဆရာရဲ့ဖုန်းနံပါတ်ကို ပို့ပေးလိုက်မယ်။”
“ဟုတ်ကဲ့ပါ၊”
“အိုး၊ ဒါနဲ့…” ကျောင်းအုပ်ကြီးက ဆက်ပြီး၊ “ကုနင်း၊ မင်းက ငါတို့ကျောင်းရဲ့ဂုဏ်ဆောင်ဖြစ်နေပြီ၊ မင်းရဲ့လုပ်ငန်းအောင်မြင်ပြီး ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်! တခြားကျောင်းက ကျောင်းအုပ်တွေအားလုံး ငါတို့ကျောင်းကနေ မင်းကို လုချင်နေကြတာသိရဲ့လား? ဒါပေမယ့် ငါကတော့ ဘယ်တော့မှ အပါမခံပါဘူး။ ဟ-ဟ!”
ထိုစကားကြောင့် ကုနင်းလဲ ရယ်ချင်မိသွားကာ၊ “ကျွန်မတို့ကျောင်းရဲ့ ဂုဏ်ဆောင်ဖြစ်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အခုကျောင်းကိုလဲ စွန့်ခွာပြီး တခြားကျောင်းကို ဘယ်တော့မှ မပြောင်းပါဘူး။” ကုနင်းသည် တက္ကသိုလ်ပင်တက်ရတော့မည်လူဖြစ်တာကြောင့် အခြားအထက်တန်းကျောင်းများကို စိတ်မဝင်စားတော့ပေ။
“ကောင်းလိုက်တာ!” ကျောင်းအုပ်ကြီးလဲ ကုနင်း၏စကားကြောင့် ဝမ်းသာသွားခဲ့သည်။
“နင်းနင်း၊ ဘယ်ပြိုင်ပွဲကို နိုင်ဖို့ပြောနေတာလဲ?” ကုနင်းဖုန်းချပြီးသွားသည်နှင့် ထန်ကျားခိုင်မေးလိုက်ခြင်းဖြစ်သည်။
“နောက်နှစ်ပတ်နေလို့ တနင်္ဂနွေနေ့ Bမြို့တက္ကသိုလ်မှာ ကျင်းပမယ့် နိုင်ငံ့အဆင့်သင်္ချာပြိုင်ပွဲ၊ ငါတို့ကျောင်းအုပ်က ကျောင်းကိုယ်စား ငါ့ကို ပြိုင်စေချင်နေတာ။”
“သင်္ချာပြိုင်ပွဲ? မင်းသင်္ချာတော်တယ်ပေါ့?” ထန်ကျားခိုင် အံ့ဩသွားသည်။
ကုနင်း ယုံကြည်မှုအပြည့်ရှိသည့် အပြုံးမျိုးပြုံးလိုက်ကာ၊ “ငါက ဘာသာတိုင်းတော်တယ်!” ကုနင်းကြွားဝါနေခြင်းမဟုတ်ဘဲ အမှန်တရားသာဖြစ်သည်။
ဒီလိုမျိုးဘာသာရပ်တိုင်းမှာတော်သည့် ထူးချွန်လှသော အထက်တန်းကျောင်းသားမျိုးမှာ တစ်နိုင်ငံလုံးတွင်ပင် ရှားပါးလှသည်။
ထန်ကျားခိုင်လဲ လေးစားသွားကာ၊ “ကုနင်း၊ မင်းကတော့ ငါ့ထက် အရာရာတိုင်းသာနေတော့တာပဲ၊ ငါရှက်တောင်ရှက်လာပြီ။”
ကုနင်းရယ်လိုက်ကာ၊ “နင်ငါ့ကို ငါ့အစ်ကိုဝမ်းကွဲတစ်ယောက်အနေနဲ့ ကာကွယ်ပေးလို့ရပါသေးတယ်!”
ကုနင်းနှင့်ထန်ကျားခိုင်သည် မောင်နှမဝမ်းကွဲများဖြစ်ကြောင်း လင်ရှောင်းထင်သိသော်လည်း ကုနင်း၏စကားကြောင့် ဝမ်းနည်းသွားရသည်။ သို့ပေမည့် အမူအရာကိုတော့ ထုတ်ဖော်မပြခဲ့ပေ။
“ရတာပေါ့!” ထိုတော့မှ ထန်ကျားခိုင် ပျော်သွားသည်။
“ဟုတ်ပြီလေ၊ တကယ်လို့ နောက်ထပ်တစ်ကြိမ် မြေကမ္ဘာကလပ်တုန်းကလိုအဖြစ်မျိုး ထပ်ဖြစ်လာခဲ့ရင် နင်ငါ့ကိုသေချာကာကွယ်ပေးပေါ့။” ကုနင်း တမင်သက်သက် ထန်ကျားခိုင်ကို ကြောက်အောင် ခြောက်လိုက်ခြင်းဖြစ်သည်။
ထန်ကျားခိုင်၏အပြုံးများ ချက်ချင်းအေးခဲလို့သွားတော့သည်။ မြေကမ္ဘာကလပ်မှအဖြစ်အပျက်သည် အခုထိ သူ့ကိုခြောက်လှန့်နေစဲပင်။
“အမ်၊ အဲ့ဒါကတော့၊ ငါမလုပ်နိုင်လောက်ဘူးထင်တယ်….” ထန်ကျားခိုင်ပြန်ပြောလိုက်သည်။ ထိုသို့သောအခြေအနေမျိုးတွင် ကုနင်းကလွဲပြီး သာမာန်လူများအတွက်တော့ အန္တရာယ်များလှပေသည်။ ဒါက ဝန်ခံဖို့တော်တော်ရှက်စရာကောင်းသည့် အမှန်တရားပင်ဖြစ်သည်။
………
Fမြို့တွင်၊ ကုချင်ထံသို့ ကိုလိန်းမှပေးပို့လိုက်သည့် အသားအရေထိန်းသိမ်းသည့် အလှကုန်ပစ္စည်းများရောက်ရှိနေပြီဖြစ်ကြောင်း ကုမန့်ဆီသို့ ဖုန်းဆက်ပြောပြလာတာကြောင့် ကုမန့်လဲ ကုနင်းကိုပြောပြဖို့ရန် အောက်ထပ်သို့ဆင်းလာခဲ့သည်။
“နင်းနင်း၊ အလှပြင်ဆိုင်ကို သန်ဘက်ခါပြန်ဖွင့်ဖို့စီစဉ်ထားတယ်လို့ သမီးအဒေါ်ပြောတယ်။ ဒီတော့ အမေ မနက်ဖြန်ပြန်ချင်တယ်။”
“ရတယ်လေ၊ ဒါပေမယ့် သမီးမှာ လုပ်စရာလေးတွေရှိသေးလို့ ပြန်လိုက်ပေးလို့မရဘူး။ ချောင်ယကို အမေနဲ့အတူထည့်ပေးလိုက်မယ်လေ။”
ထန်မိသားစုသည် ဤရက်များအတွင်း အပြောင်းအလဲကြီးများနှင့် ရင်ဆိုင်နေရတာကြောင့် ထန်ဟိုင်ဖုန်းနှင့် ထန်ယွင်ဖန်းတို့ အိပ်ယာထဲလှဲနေရသည့်အချိန်တွင် သူမဘက်က သတိနှင့်စောင့်ကြည့်ပေးရပေမည်။
ထန်မိသားစုတွင် သူတို့၏ရန်သူကို တိုက်ခိုက်အနိုင်ယူနိုင်သည့် လုံလောက်သည့် အင်အားရှိပေမည့် သူမကတော့ ထန်မိသားစုဝင်တစ်ယောက်အနေဖြင့် ကူညီပေးချင်သေးသည်။ ပြဿနာတိုင်းကိုတော့ သူမဖြေရှင်းပေးနိုင်ပါမည်ဟု ကတိမပေးနိုင်သော်လည်း အတတ်နိုင်ဆုံးတော့ ကူညီပေးသွားပေမည်။
ဤတစ်ခေါက် သူမသာBမြို့တွင် ရှိမနေခဲ့ပါက ထန်ဟိုင်ဖုန်း အသတ်ခံရလိုက်နိုင်သည်။
“ကောင်းပြီလေ။”
ကုနင်းစီစဉ်ပေးထားပြီဆိုမှတော့ ကုမန့်လဲ သဘောတူလိုက်တော့သည်။
***