← Chapters

အခန်း (၆၉၆-၇၀၀)

Vol. 47 Ch. 696-700

အခန်း (၆၉၆-၇၀၀)

Vol. 47 Ch. 696-700

အခန်း ၆၉၆

ကျောက်ရှောင်ရွှမ်း လက်လျှော့ပြီ

JadeBeautyသည်တော့ ပုံမှန်အတိုင်း ကျော်ကြားမှုရနေစဲဖြစ်ကာ အခြားသော လက်ဝတ်ရတနာအမှတ်တံဆိပ်များထက်လဲ ငွေများစွာပိုဝင်နေစဲပင်။ ထို့အတွက်ကြောင့် အခြားသော လက်ဝတ်ရနာလုပ်ငန်းရှင် အတော်များများက ကုနင်းနှင့်ကျိုးကျန်းဟန်ကို သဘောမတွေ့ဖြစ်ကြပေမည့် ဘာမှတော့ မလုပ်နိုင်ခဲ့ပေ။ ကုနင်းတွင် ထန်မိသားစု၏ထောက်ခံမှု အပြည့်အဝရှိထားသည်မဟုတ်ပါလား။

JadeBeautyလက်ဝတ်ရတနာဆိုင်ခွဲကို Bမြို့တွင်ဖွင့်ပြီးပြီဆိုမှတော့ မြို့တော်ဆိုင်ခွဲကိုလဲ မကြာခင်ဖွင့်ရတော့ပေမည်။ Gမြို့မှ ထုတ်လုပ်ရေးစက်ရုံတစ်ခုတည်းကနေ တိုးပွားလာသမျှ ဆိုင်ခွဲများအတွက် လုံလောက်သည့် လက်ဝတ်ရတနာများကို မပံ့ပိုးပေးနိုင်တာကြောင့် မြို့တော်တွင်လဲ စက်ရုံတစ်ရုံထားရှိရန် ကုနင်းတွေးထားကာ ချက်ချင်းပင် ချန်စန်းယိထံသို့ ဖုန်းဆက်လိုက်တော့သည်။

“ဟိုင်း၊ စန်းယိ၊ ကျွန်မ JadeBeautyအတွက် ကျောက်စိမ်းလက်ဝတ်ရတနာထုတ်လုပ်ဖို့ စက်ရုံတစ်ရုံလိုချင်တယ်။ ကျွန်မကို ရှာပေးပါလား? အကြီးဆုံးစက်ရုံရှာတွေ့တာနဲ့ ကျွန်မကို ပြန်ဆက်သွယ်ပေးပါ၊ အဲ့ကျရင် JadeBeautyရဲ့မန်နေဂျာကို ရှင့်ကိုဆက်သွယ်ဖို့ လွှတ်လိုက်မယ်။”

ကျိုးကျန်းဟုန်သည် မြို့တော်လက်ဝတ်ရတနာဆိုခွဲအတွက် မြို့တော်သို့သွားတော့မည်ဖြစ်ကာ ဤတစ်ခေါက်အတွက် လက်ဝတ်ရတနာပို့ဆောင်ရေးကိုတော့ ကောင်းယိကတာဝန်ယူပေလိမ့်မည်။

“ကောင်းပြီလေ၊ ဘော့စ်၊” ချန်စန်းယိ လက်ခံလိုက်သည်။ “ဒါနဲ့၊ ငါတို့လုပ်ငန်းစုအဆောက်အဦးရဲ့နောက်မှာ ကိုယ်ပိုင်အိမ်ယာတွေအများကြီးရှိတယ်မဟုတ်လား? အားလုံး ၇၀၀စတုရန်းမီတာလောက်ကျယ်တယ်။ ပြီးတော့ မနေ့ကပဲ အိမ်ခြံမြေလုပ်ငန်းတစ်ခုကနေပြီး ရုံးဆောက်ဖို့အတွက် အဲ့ဒီနေရာကိုလာဝယ်ပေမယ့် ဝယ်ဈေးက အရမ်းနိမ့်နေလို့ အရောင်းအဝယ်တည့်သွားဘူး။ မင်းမြေနေရာလိုသေးလား?”

ကုနင်း သူမ၏လုပ်ငန်းစုနေရာကို ထပ်မံတိုးချဲ့လိုစိတ်ရှိရဲ့လားဆိုသည်ကို ချန်စန်းယိမသိသောကြောင့် မနေ့ကသတင်းကြားသည်နှင့် မဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ အခုတော့ ကုနင်းဆက်သွယ်လာသည်နှင့် ကြုံနေတာကြောင့် ထည့်ပြောလိုက်ခြင်းဖြစ်သည်။

ထိုစကားကြောင့် ကုနင်း ပြုံးလိုက်မိကာ၊ “ခေါ်ဈေးက သင့်နေရင် ဝယ်ထားလိုက်ပါ။”

စတုရန်းမီတာ၇၀၀ ဝန်းကျင်ရှိသည့် မြေနေရာတစ်ခုကို မြို့တော်ပေါက်ဈေးနှင့်ဆိုလျှင် ယွမ်သန်း၁၀၀လောက် ကျသင့်ပေမည်။ ကုနင်း ပေါက်ဈေးကို ကောင်းကောင်းသိပေမည့် အများကြီးလဲ မမြှင့်ပေးလိုပေ။

အစကတည်းက သူမ၏လုပ်ငန်းစုနေရာကိုတိုးချဲ့ဖို့ရန် ကုနင်းစိတ်ကူးရှိထားပြီးဖြစ်တာကြောင့် ယခုလုပ်ငန်းစုနေရာနောက်မှ မြေနေရာကိုဝယ်ယူနိုင်ခဲ့လျှင် ပိုတောင်ကောင်းပေသည်။

“ကောင်းပါပြီ၊ ဘော့စ်။” ကုနင်း၏အသံအရ ထိုမြေနေရာကို လိုချင်နေကြောင်း ချန်စန်းယိသလိုက်ရ၍ အချိန်မီ သတင်းပေးနိုင်ခဲ့သည့်အတွက် ဝမ်းသာသွာရသည်။

“ဒါနဲ့၊” ကုနင်း ဖုန်းချခါနီးမှ တစ်ခုသတိရသွားသည်။ “ကျွန်မ အားကစားခန်းမတစ်ခုလဲ လိုချင်သေးတယ်။ လက်တလောရောင်းဖို့လျာထားတဲ့ တစ်နေရာလောက် ရှာပေးပါဦး။”

ကုနင်း အားကစားခန်းမကိုလိုချင်ခြင်းမှာ ငွေရှာဖို့ရန်အတွက်မဟုတ်ဘဲ နောင်လာမည့် သူမ၏လုံခြုံရေးကုမ္ပဏီအတွက် သက်တော်စောင့်များကို လေ့ကျင့်ပေးဖို့ရန် နေရာအဖြစ်ထားလိုခြင်းဖြစ်သည်။ သူမဘက်က သေချာလေ့ကျင့်ထားပြီးဖြစ်သည့် စစ်သားဟောင်းများကိုသာ ခန့်အပ်မည်ဖြစ်တာကြောင့် အခြားလူများကို တိုက်ခိုက်ရေးပညာသင်ကြားပေးမည့် လေ့ကျင့်ရေးသင်တန်းများလဲ ဖွင့်ဖို့စီစဉ်ထားပေသည်။

“ရတယ်လေ။ ဘော့စ်။” ချန်စန်းယိပြန်ဖြေလိုက်ကာ ဖုန်းချလိုက်တော့သည်။

ကုနင်းအခြားလူတစ်ယောက်ကို အကူအညီတောင်းနေသည်အား လင်ရှောင်းထင်ကြားလိုက်ရတော့ အနည်းငယ်စိတ်ပျက်မိသွားသည်။ ဘာလို့ ကုနင်းက သူ့ကိုအကူအညီမတောင်းရတာလဲ? သို့ပေမည့် ဖုန်းထဲမှလူက ကုနင်းကို ဘော့စ်ဟု ခေါ်သည်ကို ကြားလိုက်ရကာမှ ကုနင်းအတွက် အလုပ်လုပ်ပေးနေသူဖြစ်ကြောင်းသိလိုက်ရတာကြောင့် လင်ရှောင်းထင်လဲ စိတ်ထဲထားမနေတော့ပေ။

……….

ကျောက်ရှောင်ရွှမ်း အိမ်သို့ပြန်ရောက်သည်နှင့် အော်ဟစ်ငိုယိုခြင်း၊ ပစ္စည်းများပေါက်ခွဲခြင်းမျိုး မပြုလုပ်ပါဘဲ တိတ်တဆိတ်ဝမ်းနည်းလို့နေသည်။ ထို့နောက် အရက်ပြင်းပြင်းတစ်လုံးကို သူမကောက်ကိုင်လိုက်ချိန်တွင်တော့ ကျောက်ကတော်ထိတ်လန့်သွားတော့သည်။ ကျောက်ရှောင်ရွှမ်း လင်းထျန်းယွီနှင့်ရန်ဖြစ်ထားတာကြောင့် စိတ်ရှုပ်နေမှန်း ကျောက်ကတော်သိပေမည့် အခုလိုမျိုး တစ်ယောက်တည်းဘယ်တုန်းကမှမသောက်ခဲ့ဖူးပေ။

“ရှောင်ရွှမ်း၊ ဘာတွေလုပ်နေတာလဲ?” ကျောက်ကတော်ချက်ချင်းပင် အရက်ပုလင်းကို ဆွဲယူလိုက်သည်။

“ဝမ်းနည်းမှုတွေပျောက်သွားအောင်လို့လေ! သမီး လင်းထျန်းယွီနဲ့ လမ်းခွဲလိုက်ပြီ၊ ဒီတစ်ခါတော့ အတည်ပဲ။ သမီးသူ့ကိုဆုံးရှုံးလိုက်ရပြီ!” ကျောက်ရှောင်ရွှမ်း ရှိုက်သံများဖြင့်ပြောနေပေမည့် အော်ဟစ်မငိုကြွေးပေ။ ဒါက သူမခံစားချက်များကို ပထမဆုံးအကြိမ် ထိန်းချုပ်ထားခြင်းဖြစ်သည်။

“ဘာ?” ကျောက်ကတော် အံ့အားသင့်သွားတော့သည်။ “သူတကယ်ပဲ ယုကျီဆီပြန်သွားတာလား?”

“ဟုတ်တယ်။” ကျောက်ရှောင်ရွှမ်း ပြန်ဖြေလိုက်သည်။

“တကယ်တော့ လင်းထျန်းယွီက သမီးကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။ သမီးတို့နောက်ခံမိသားစုချင်းက အဆင့်အတန်းချင်းတူနေလို့သာ သမီးချစ်သူဖြစ်ပေးဖို့ လက်ခံခဲ့တာ။ သမီးက တစ်ဦးတည်းသောသမီးဆိုတော့ နောက်ဆို သမီးတို့မိသားစုပိုင်ဆိုင်မှုတွေကို သူပဲ ရမှာမို့လေ။ ဒါပေမယ့် အခုတော့ သူမျက်လုံးထဲမှာ ယုကျီကပိုတန်ဖိုးရှိနေပြီမို့ သမီးကို ပစ်သွားတာ။ ဒီနေ့မှပဲ သမီးလဲ သူနဲ့ဆက်ပြီးတွဲဖို့ကြိုးစားရတာ အရမ်းပင်ပန်းနေပြီမှန်း နားလည်လိုက်တယ်။”

ထိုအကြောင်းကို ကျောက်ရှောင်ရွှမ်း အစကတည်းက သိထားပြီးဖြစ်သော်လည်း လင်းထျန်းယွီကို ချစ်လွန်းတာကြောင့် မျက်ကန်းတစ်ယောက်လိုမျိုး ရှေ့ဆက်တိုးနေခဲ့ခြင်းဖြစ်သည်။ လင်းထျန်းယွီက သူမအပေါ် အခွင့်ရေးယူရုံသာဖြစ်မှန်း သိတာတောင်မှ သူမဘက်ကတော့ တစ်နေ့နေ့ သူမကိုပြန်ချစ်လာမည်ဟု ယုံကြည်ကာ အကောင်းဆုံးဆက်ဆံပေးခဲ့သည်။ အခုလို အသဲခွဲခံလိုက်ရပြီးနောက်တွင်တော့ သူမ၏စိတ်ကူးများက အိပ်မက်တစ်ခုသာဖြစ်ကြောင်း သိလိုက်ရတောသည်။

“ဘာ? သူကများငါ့သမီးကို ဒီလိုလုပ်ရဲတယ်ပေါ့!” ကျောက်ကတော် ဒေါသထွက်သွားတော့သည်။

“အမေတော့ သည်းမခံနိုင်ဘူး။ အခုချက်ချင်း သူ့ကို ဖုန်းဆက်ပြောရမယ်!” ကျောက်ကတော် ချက်ချင်းပင် သူမဖုန်းကို ထုတ်ယူလိုက်သည်။

“မပြောပါနဲ့။” ကျောက်ရှောင်ရွှမ်း သူမအမေကို တားမြစ်လိုက်သည်။

“ပြောလဲ ဘာမှမထူးတော့ဘူး။ ပြီးတော့ ယုကျီကိုလဲ အမေ ရန်မရှာပါနဲ့။ သူက သမီးတို့မိသားစု ပြဿနာသွားရှာလို့ရတဲ့လူမျိုးမဟုတ်တော့ဘူး။ ပြီးတော့ ဒါကသူ့အမှားလဲမဟုတ်ဘူးလေ။ လင်းထျန်းယွီကို သူလဲ ပြန်လက်ခံမှာမဟုတ်ဘူး။ ဒါတွေအားလုံး လင်းထျန်းယွီကြောင့်ချည်းပဲ၊ သူပဲ နှစ်ခါဆုံးရှုံးရမှာ။”

ကျောက်ရှောင်ရွှမ်း ယခုလိုမျိုး တစ်ခါမှ ရင့်ကျက်မှုရှိရှိတွေးခေါ်ဖူးခြင်းမရှိပေ။ ဘဝခရီးကနေပဲ သူမကိုသင်ခန်းစာပေးသွားခဲ့ပေပြီ။

ကျောက်ရှောင်ရွှမ်း တည်ငြိမ်နေသည်ကိုမြင်ရတော့ ကျောက်ကတော်အံ့ဩသွားကာ ဖုန်းမဆက်တော့ပေ။

လင်းကတော်နှင့်ယှဉ်လျှင် ကျောက်ကတော်သည် ကျောက်ရှောင်ရွှမ်းကို အလိုလိုက်ဖျက်ဆီးပေမည့် ဘဝင်မြင့်ကာ မစဉ်းစားမဆင်ခြင်မှုမျိုးမရှိပေ။

***

အခန်း ၆၉၇

အရှက်မဲ့တဲ့ လင်းကတော်

လင်းထျန်းယွီသည်လဲ ယုကျီ သူ့ကိုငြင်းခဲ့တာကြောင့် အိမ်ပြန်ရောက်ချိန်တွင် စိတ်မကြည်နေပေ။

ယုကျီကိုထပ်ပြီးမတွေ့ခဲ့ရလို့ လင်းကတော်ထင်လိုက်တာကြောင့် မကျေမနပ်ဖြစ်သွားသည်။

“ဘာလဲ? ထပ်မတွေ့ခဲ့ရပြန်ဘူးလား?”

“မဟုတ်ပါဘူး။ ကျွန်တော့်ကိုငြင်းလိုက်လို့။” လင်းထျန်းယွီ စိတ်မရှည်စွာဖြင့်ပြန်ဖြေလိုက်သည်။

“ဘာ? သူက မင်းကိုငြင်းတယ်။ သူကများ ငြင်းရဲတယ်ပေါ့?” လင်းကတော် ဘယ်လိုမှမယုံနိုင်ခဲ့ပေ။ သူမအမြင်တွင် လင်းထျန်းယွီက ပြန်တွဲဖို့ပြောသည်ကို ယုကျီအနေဖြင့် ဂုဏ်တောင်ယူနေနေရမည်ဖြစ်ပေမည့် အခုတော့ ငြင်းပင်ငြင်းလိုက်သည်တဲ့လား!

“ဘာလဲ? သူနည်းနည်းလေးအောင်မြင်လာတာနဲ့ ငါတို့ထက်သာနေပြီလို့ထင်သွားတာလား?” လင်းကတော် သရော်ဟန်ဖြင့်ပြောလိုက်သည်။

လင်းထျန်းယွီသည်တော့ နှုတ်ဆိတ်နေကာ အပေါ်ထပ်သို့တက်သွားခဲ့သည်။

လင်းထျန်းယွီကို ယုကျီငြင်းလိုက်ခြင်းမှာ သူမ၏အမှားဟုသာ လင်းကတော်ထင်နေပေမည့် ယုကျီသည်လက်ရှိတွင် တန်ဖိုးရှိနေပြီဖြစ်တာကြောင့် ယုကျီနှင့် ကိုယ်တိုင်သွားတွေ့သင့်သည်ဟုလဲ ထင်သည်။ ထို့အတွက်ကြောင့် လင်းကတော် ပိုက်ဆံအိတ်ကိုယူကာ အိမ်မှထွက်ခဲ့တော့သည်။

Charmဆိုင်၏လိပ်စာကို လင်းကတော်မသိပေမည့် အခုချိန်တွင် Charmသည် အောင်မြင်ကျော်ကြားနေပြီဖြစ်တာကြောင့် ရှာတွေ့ဖို့ရန် မခက်ခဲပေ။

ထို့ကြောင့် လင်းကတော် ဖန်ရှန်းဈေးဝယ်စင်တာသို့ရောက်သည်နှင့် Charmရှိရာသို့ တန်းတန်းမတ်မတ်ဝင်သွားတော့သည်။

နေ့လည်စာစားချိန်ရောက်ခါနီးနေပြီဖြစ်သော်လည်း ဆိုင်ထဲတွင် လူများစွာရှိနေစဲဖြစ်သည်။

“ယုကျီ၊ အခုချက်ချင်းထွက်လာခဲ့စမ်း!” Charmဆိုင်တံခါးဝသို့ ရောက်သည်နှင့် လင်းကတော် ရိုင်းရိုင်းစိုင်းစိုင်း အမိန့်ပေးလိုက်သည်။

ဆိုင်ထဲမှ ဝယ်သူများကလဲ သူမကိုလှည့်ကြည့်လာကြလေသည်။

လင်းကတော်ကိုတွေ့လိုက်ရတော့ ယုကျီ စိတ်ရှုပ်သွားတော့သည်။ လင်းကတော်ပုံစံက ကောင်းသောလာခြင်းမျိုးမဟုတ်မှန်း သိသာလှပေသည်။ ထိုသို့ဆိုလျှင်ပင် ယုကျီ အတတ်နိုင်ဆုံးယဉ်ကျေးမှုရှိရှိဖြင့် မေးမြန်းလိုက်သေးသည်။

“လင်းကတော်၊ ဘာများကူညီပေးရမလဲ?”

“အခုချက်ချင်းထွက်ခဲ့စမ်းပါ!” လင်းကတော်ထပ်မံပြီး အမိန့်ပေးလိုက်ပြန်သည်။

ယုကျီလဲ မကျေမနပ်ဖြစ်သွားကာ၊

“ပြောစရာရှိရင် ဒီနေရာမှာပဲပြောပါ။”

“သေချာတယ်ပေါ့?” လင်းကတော့ ဒီနေ့ ယုကျီကို အရှက်ခွဲဖို့ ဆုံးဖြတ်ထားဟန်ဖြင့် ပြန်မေးလိုက်သည်။

သို့ပေမည့် ယုကျီကတော့ သူမဘက်က အရှက်ရစရာကိစ္စတစ်ခုတလေပင် လုပ်ထားသည်ဟု မထင်ထားတာကြောင့် ဘယ်နေရာပြောပြော ကိစ္စမရှိပေ။

“လင်းကတော်၊ ရှင့်ကိုလူတွေ ရယ်ကုန်မှာမကြောက်ဘူးလား?” ယုကျီ တမင်မေးလိုက်သည်။

“နင်…” ယုကျီဘက်က သူမကို လေးစားမှုမရှိကြောင်း လင်းကတော်ခံစားမိလိုက်တာကြောင့် ဒေါသထွက်လာကာ၊

“ကောင်းပြီလေ၊ ငါ့ကတော့ ဒီနေရာမှာ အခုချက်ချင်းပြောနိုင်တာပေါ့၊ နင့်ဘက်ကမရှက်ဖို့ပဲမျှော်လင့်တယ်!” ထိုသို့ပြောရင်းဖြင့် လင်းကတော် ဆိုင်ထဲသို့ဝင်လာကာ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

“ခနလောက်ခွင့်ပြုပါဦးနော်။” ယုကျီ အခြားဝယ်သူများကို ပြောလိုက်သည်။

“ရပါတယ်။” အခြားသော ဝယ်သူများကတော့ စိတ်ထဲမထားကြပေမည့် လင်းကတော်ကတော့ ကောင်းသည့်လူမဟုတ်မှန်း သိကြပေသည်။

ဆိုင်ထဲမှ အချို့ဆိုလျှင် ဇာတ်လမ်းကောင်းကြည့်ဖို့ရန် စောင့်ဆိုင်းနေကြကာ အချို့ကတော့ ယုကျီကို ကူညီပေးချင်နေကြသည်။ ကံကောင်းစွာဖြင့် ယုကျီတွင် အမာခံဖောက်သည်များရှိနေပြီဖြစ်တာကြောင့် သူမကိုကူညီပေးချင်သူများရှိနေပေပြီ။

ဆိုင်ထဲတွင် အရောင်းဝန်ထမ်းနှစ်ဦးရှိသော်လည်း ဝယ်သူများကို ဧည့်ခံရင်းဖြင့် အလုပ်များနေကြတာကြောင့် ယုကျီကိုယ်တိုင်ပဲ လင်းကတော်ကို ရေတစ်ခွက်ငှဲ့ပေးလိုက်သည်။

“လင်းကတော်၊ ကျွန်မကို ဘာပြောချင်တာလဲ သိလို့ရမလား?” ယုကျီ မေးမြန်းလိုက်သည်။

“ထျန်းယွီပြောတာတော့ သူ့ဘက်က နင့်ကို ပြန်တွဲဖို့ပြောတာတောင် ငြင်းလိုက်တယ်ဆို။”

“ဟုတ်ပါတယ်။” အရေးမပါသည့် အကြောင်းအရာတစ်ခုလိုပဲ ယုကျီ အေးအေးဆေးဆေးပြန်ဖြေလိုက်သည်။

“ဘာ? နင့်အခုအောင်မြင်နေတာနဲ့ ငါတို့ထက်သာသွားပြီလို့ထင်နေတာလား?” လင်းကတော် မောက်မာစွာပြောလိုက်သည်။

ယုကျီရယ်လိုက်ာ လင်းကတော်အပေါ် မနှစ်သက်မှုကို စိတ်ရှုပ်ခံဖုံးကွယ်မနေဘဲ၊

“လင်းကတော် ဘာကြောင့် ဒီလိုပြောနေလဲဆိုတာ ကျွန်မနားမလည်ဘူး။ ကျွန်မမှာလဲ လင်းထျန်းယွီကို ငြင်းပိုင်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။”

“နင်တခြားလူတစ်ယောက်ကို ငြင်းတာမငြင်းတာ ငါဂရုမစိုက်ဘူး။ ဒါပေမယ့် ငါ့သားကိုတော့ ငြင်းလို့မရဘူး။ ငါတို့ထျန်းယွီက နင်ဆင်းရဲပြီး ဘာဆိုဘာမှဟုတ်မနေတဲ့အချိန်တုန်းကတောင် နင့်ကိုဘယ်တော့မှ စိတ်မပျက်ခဲ့ဘူးဆိုတာ မမေ့လိုက်နဲ့!”

ယုကျီကတော့ လင်းကတော်၏အရှက်မဲ့နိုင်မှုကို မယုံကြည်နိုင်ဖြစ်နေတော့သည်။

“လင်းကတော်၊ ကျွန်မနဲ့ လင်းထျန်းယွီ လမ်းခွဲထားတာ တစ်နှစ်မကတော့ဘူး။ ပြီးတော့ သူကပဲ ကျွန်မဆင်းရဲလို့ဆိုပြီး အရင် စွန့်ခွာခဲ့တာ။ သူက ကျွန်မအပေါ် သစ္စာဖောက်ပြီး ကျွန်မရဲ့ ‘ချမ်းသာတဲ့’သူငယ်ချင်းနဲ့တောင် အိပ်ခဲ့တဲ့လူပါ။ လင်းကတော်ပဲ ကျွန်မကို ဘယ်တော့မှ ရှင်တို့မိသားစုထဲ လက်ထပ်ပြီး မဝင်ရဘူးလို့ ပြောခဲ့တယ်မဟုတ်လား။ ဘာလို့ အခုမှ ပြန်တွဲစေချင်နေတာလဲ?”

ဘာလို့လဲ? လင်းကတော်က ယုကျီ၏အောင်မြင်မှုကို မှီခိုကာ အမြင့်သို့တက်ချင်နေမှန်း သိသာလှပေသည်။

သူတို့နှစ်ဦးပြောဆိုနေသည့်အသံမှာ မတိုးလှတာကြောင့် ဆိုင်ထဲကလူတိုင်း သူတို့စကားများကိုကြားလိုက်ကြသည်။

အစကတော့ ယုကျီကသာ အောင်မြင်လာတာနှင့် ချစ်သူကို စွန့်ပစ်သည့်မိန်းကလေးဟု ဘေးလူများထင်ခဲ့ကြပေမည့် တကယ်တမ်း ယုကျီ၏ရည်းစားဟောင်းအမှားတွေချည်းသာဖြစ်နေသည်။ သူမ၏ရည်းစားဟောင်း ဖောက်ပြန်ခဲ့သည်ဆိုသည့်အချက်က ဘယ်လိုမှလက်ခံပေးနိုင်စရာအကြောင်းမရှိပေ။

“နင်…” ယုကျီ အခုလိုမျိုး သူမကိုပြန်ပြောရဲမည်ဟု လင်းကတော်မထင်မှတ်ထားခဲ့တာကြောင့် အခုလို ဘေးလူများက အထင်သေးသလိုကြည့်လာချိန်တွင် အနည်းငယ်ရှက်လာမိသည်။

“ယုကျီ၊ နင်စကားကိုကြည့်ပြောစမ်း! ငါဒီနေ့ ကိုယ်တိုင် နင့်ကိုလာပြောတာကတင် နင်ဂုဏ်ယူနေရမှာ!” လင်းကတော် ဆက်ပြောလိုက်သည်။ သူမကတော့ ယုကျီသည် သူမနှင့်သူမမိသားစုအပေါ် ဦးညွှတ်နေရမည်ဟု ယုံကြည်နေတုန်းပင်။

“စကားကိုထိန်းရမယ်ဟုတ်လား? ဘာလို့လဲ? လင်းကတော်၊ ကျွန်မဘဝတစ်လျှောက်လုံး ကြုံခဲ့ရသမျှ လူတွေထဲမှာ ရှင်ကအရှက်အမဲ့ဆုံးပဲ!”

“ဟုတ်တယ်! အရှက်မဲ့လိုက်တာ!” လူအချို့ကလဲ ယုကျီ၏စကားကိုထောက်ခံကြသည်။

“ဟုတ်ပါ့၊ မိန်းကလေးယု ဆင်းရဲစဉ်တုန်းကကျ အထင်သေးခဲ့ပြီး မိန်းကလေးယု အောင်မြင်လာလို့သာ ပြန်ကပ်လာတာကိုများ။ သူ့မှာ အရှက်ဆိုတာကော ရှိသေးရဲ့လား?” နောက်တစ်ယောက်ကလဲ ပြောလိုက်သည်။

***

အခန်း ၆၉၈

ယုကျီကိုထောက်ပံ့မည့် ယန်ကတော်

“သူ့လောက် အရှက်မရှိတဲ့လူမျိုးမတွေ့ဖူးပါဘူး!”

………

“နင်တော့…” လင်းကတော် စိတ်တိုသွားပေမည့် ဘယ်လိုပြန်ပြောလို့ပြောရမှန်းမသိခဲ့ပေ။ သူမပြောသမျှကလဲ မတရားမှန်း ကိုယ့်ကိုကိုယ်သိနေပုံရသည်။

“ယုကျီ၊ နင်ဘာလို့ ဒီလောက်တောင်သွေးအေးရတာလဲ?” လင်းကတော် လက်မလျှော့သေးပေ။

“ကျွန်မကသွေးအေးတယ်လား?” ယုကျီသရော်ပြုံး၊ ပြုံးလိုက်ကာ၊ “အမှန်အတိုင်းပဲပြောလိုက်မယ်။ ရှင့်သား ကျွန်မအပေါ် သစ္စာဖောက်ခဲ့တဲ့အကြောင်း ပြန်တွေးမိလိုက်တိုင်း အရမ်းကိုရွံနေတုန်းပဲ။”

“မိန်းကလေးယုပြောတာ မှန်တယ်။” ထိုအခိုက်အတန့်တွင်ပဲ လူအုပ်ထဲမှ အဆင့်အတန်းမြင့်သည့်အမျိုးသမီးတစ်ယောက် ထွက်လာခဲ့သည်။

“ရှင်က လင်းကတော်နော်? ရှင်လဲမိန်းမသားတစ်ယောက်ပဲ၊ ရှင့်ခင်ပွန်းက ဖောက်ပြန်ခဲ့ရင် ရှင်ရော သည်းခံပေးမှာလား? သည်းခံနိုင်တယ်ဆိုရင်တော့ ကျွန်မလဲ ဘာမှမပြောလိုတော့ပါဘူး။ ကျွန်မတို့မှာ ကွဲပြားတဲ့ခံယူချက်တွေရှိနေတာဆိုတော့။”

ထိုအဆင့်အတန်းမြင့်အမျိုးသမီးကို လင်းကတော်မြင်လိုက်သည်နှင့် ထိတ်လန့်ကာ ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ပြီး၊ “ယန်-ယန်ကတော်။”

ယန်ကတော်ကို လင်းကတော်သိနေသည်မှာ မထူးဆန်းလှဘဲ ယန်ကတော်ဆိုသည်မှာ လင်းကတော်၏အပြုအမူအရာ ယန်ကတော်သည် သာမာန်အမျိုးသမီးတစ်ယောက်မဟုတ်မှန်းလဲ သိသာလှပေသည်။ တကယ်တော့ ယန်ကတော်သည် အလွန်ချမ်းသာသည့်မိသားစုမှ မွေးဖွားလာကာ အစိုးရအကြီးတန်းအရာရှိတစ်ဦးနှင့် လက်ထပ်ထားသူဖြစ်သည်။

ယန်ကတော်၏မိသားစုသည် အလွန်ချမ်းသာသည့်မိသားစုထဲတွင် သာမာန်အဆင့်သာလိုက်ကာ ခင်ပွန်းသည်လဲ အလွန်အရေးပါလွန်းသည့် အရာရှိတစ်ဦးမဟုတ်သော်လည်း လင်းမိသားစုနှင့် လင်းလူကြီးမင်းကတော့ ယန်ကတော်တို့ကို ယှဉ်နိုင်ဖို့ရန် ခက်ခဲလှပေသည်။

လင်းကတော်က ယန်ကတော်ကို သိပေမည့် ယန်ကတော်ကတော့ သူမကို မသိပေ။

“မိန်းကလေးယုက၊ လူလွတ်လား?” ယန်ကတော်က ယုကျီကို သဘောကျသည့်မျက်ဝန်းများဖြင့် ကြည့်ကာမေးလိုက်သည်။

“ဟုတ်ပါတယ်။” ယုကျီ ချက်ချင်းပင်ပြန်ဖြေလိုက်သည်။

“မိန်းကလေးယုက အရမ်းထူးချွန်တဲ့မိန်းမငယ်လေးပဲ။ မင်းအားတဲ့တစ်နေ့လောက် ငါ့သားနဲ့တွေ့ချင်လား?” ယန်ကတော်ကပြောလိုက်သည်။ ယန်ကတော်၏စကားအရ သူမသားနှင့် ယုကျီကို တွေ့စေချင်နေပေသည်။

“ဘယ်လို?” ယုကျီအံ့အားသင့်ကာ ရှက်သွေးဖြာသွားသည်။

လင်းကတော်သည်လဲ အလွန်အံ့ဩသွားခဲ့သည်။ ယန်ကတော်က သူမသားနှင့် ယုကျီကို မိတ်ဆက်ပေးချင်နေလိမ့်မည်ဟု သူမဘယ်လိုမှ မယုံနိုင်ပေ။ ယုကျီသာ ယန်မိသားစုဝင်အဖြစ် လက်ထပ်နိုင်ခဲ့လျှင် သူမသည်လဲ အလွန်ချမ်းသာကာ အင်အားကြီးသည့် မိသားစုဝင်ဖြစ်သွားမည်မဟုတ်လား! ထိုသို့တွေးလိုက်မိသည်နှင့် လင်းကတော် ဘယ်လိုမှလက်မခံနိုင်ဖြစ်ပေမည့် လောလောဆယ်တော့ ဘာမှဝင်မပြောရဲပေ။

“မင်းတွေ့ချင်လား?” ယုကျီအံ့ဩနေမှန်းယန်ကတော်သိပေမည့် ဂရုမစိုက်ပေ။ ယုကျီသည် မိန်းမကောင်းလေးတစ်ဦးဟု သူမထင်တာကြောင့် သူမသားနှင့် တွေဆုံစေချင်ခြင်းဖြစ်ကာ ကျန်တာကတော့ တွေ့ပြီးမှ သိနိုင်ပေမည်။

ယန်မိသားစုသည် သာမာန်မိသားစုမဟုတ်တာကြောင့် ယန်ကတော် ယုကျီကို ရွေးချယ်လိုက်ခြင်းမှာ သူမဘော့စ်ကြောင့် ဖြစ်ပုံမရပေ။ ယုကျီ၏ လုပ်ရပ်ကိုင်ရည်နှင့် ကောင်းမွန်သည့် အမူအကျင့်ကိုသာ ယန်ကတော်သဘောကျသွားခြင်းဖြစ်သည်။ ထို့အပြင် ယုကျီ၏အသက်မွေးဝမ်းကြောင်း လုပ်ငန်းသည် ကုနင်း၏ထူးခြားလှသည့် စွမ်းရည်ကြောင့်သာမဟုတ်လျှင် ယန်မိသားစု၏စီးပွားရေးလောက် အောင်မြင်လိမ့်မည်မဟုတ်ပေ။ ထို့အတွက်ကြောင့် ယန်မိသားစုဝင်နှင့် ယုကျီလက်ထပ်နိုင်မည်ဆိုလျှင် သူမအလွန်ကံကောင်း၍သာဖြစ်မည်။

“တွေ့နိုင်တာပေါ့။” ယုကျီချက်ချင်းပြန်ဖြေလိုက်သည်။

ယန်ကတော် တမင်သက်သက်ဤအချိန်တွင် ကမ်းလှမ်းတာဖြစ်ကြောင်း ယုကျီသိပေမည့် ဘာမှမှားနေတာမရှိဟုပဲ ထင်မိသည်။ အခုချိန်မှာတော့ သူမနှင့် ယန်ကတော်၏သား အတည်တကျတွဲနိုင်သွားမည်ဟု ပြောဖို့ကအလွန်စောနေသေးသည်။ ဘာပဲဖြစ်ဖြစ် သွားတွေ့လိုက်လျှင် သူမအတွက် မိတ်ဆွေအသစ်တစ်ယောက်တိုးလာတာပေါ့။

“ကောင်းတာပေါ့၊ ငါ့မှာမင်းဖုန်းနံပါတ်ရှိထားပြီးသားဆိုတော့ နောက်မှသားကို မင်းဆီဆက်သွယ်ဖို့ပြောလိုက်ပါ့မယ်။ မင်းတို့နှစ်ယောက် ထမင်းတစ်နပ်လောက်အတူစားတာ ရုပ်ရှင်ကြည့်တာ တစ်မျိုးမျိုးလုပ်ကြပေါ့။” ယန်ကတော် ပျော်ပျော်ရွှင်ရွှင် ပြုံးရင်းပြောလိုက်သည်။

ယုကျီ အနည်းငယ်ရှက်သွေးဖြာသွားခဲ့ရပြန်သည်။

လင်းကတော်လဲ သူမဆက်နေဖို့မသင့်တော့ကြောင်း နားလည်တာကြောင့် တိတ်တဆိတ်ဖြင့် ထွက်သွားတော့သည်။ သူမအိမ်ပြန်ရောက်သည်နှင့် ဒေါသများကို ဖြေဖျောက်ရန်အတွက် အော်ဟစ်နေတာကြောင့် ခဏမှေးနေသည့် လင်းထျန်းယွီတောင်မှ နိုးသွားတော့သည်။

“အရမ်းဆူတာပဲ! ခဏလောက် တိတ်တိတ်လေးနေပေးလို့မရနိုင်ဘူးလား?” လင်းထျန်းယွီလဲ လန့်နိုးလာတာကြောင့် ဒေါသဖြင့် အော်ဟစ်လိုက်သည်။

“ဘာဖြစ်လာတာလဲ?” လင်းထျန်းယွီ သူ့မိခင်အနားသို့လျှောက်လာရင်းမေးလိုက်သည်။

“ငါ အခုပဲ ယုကျီရဲ့ဆိုင်ကို သွားခဲ့တာ။” လင်းကတော်ပြောလိုက်သည်။

ထိုစကားကြောင့် လင်းထျန်းယွီ မျက်မှောင်ကြုတ်လိုက်ကာ၊ “ဘာဖြစ်လို့သွားတာလဲ?”

“မင်းကိုဘာကြောင့် ငြင်းလိုက်တာလဲဆိုတာကို မေးချင်လို့သွားတာပေါ့။” လင်းကတော် စိတ်မကြည်မသာဖြင့် ပြန်ပြောလိုက်သည်။

“အဲ့တော့ ဘယ်လိုဖြစ်သွားလဲ?” လင်းထျန်းယွီ အလျင်စလို ပြန်မေးလိုက်သည်။ ယုကျီ စိတ်ပြောင်းတော့မည်မဟုတ်မှန်း သိပေမည့် နည်းနည်းတော့ မျှော်လင့်မိနေစဲပင်။

“သူက လူကြားထဲမှာ သားက သစ္စာဖောက်သွားတာပါဆိုတဲ့အကြောင်း ထုတ်ပြောခဲ့တယ်လေ၊ အမေ့ကို သပ်သပ်အရှက်ခွဲလိုက်တာပဲ!”

လင်းထျန်းယွီ ဘာမှမပြောတော့ပေ။ သူစိတ်ပျက်သွားရပေမည့် သူ့ကိုလဲ ယုကျီဒီအတိုင်းသာ ပြောခဲ့တာကြောင့် မအံ့ဩတော့ပေ။

“ယုကျီက ငြင်းလိုက်ပြီဆိုတော့ မင်း ကျောက်ရှောင်ရွှမ်းဆီသာ ပြန်သွားတော့။” လင်းကတော်လဲ ယုကျီ၏အပေါ် မျှော်လင့်ချက်မရှိတော့သလို ယုကျီ၏ဆက်ဆံပုံကိုလဲ အတော်ဒေါသထွက်နေသည်။ ယုကျီက အခုချိန်မှာ ဘယ်လောက်ပဲ ကျော်ကြားတဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်နေပါစေ သူမကို ဘယ်တော့မှ လက်ခံပေးတော့မည်မဟုတ်ပေ။

“ကျွန်တော် ကျောက်ရှောင်ရွှမ်းနဲ့ လမ်းခွဲပြီးသွားပြီ။”

“နည်းနည်းပါးပါး စကားချိုချိုလေးတွေပြောပေးလိုက်ပေါ့၊ သူအမြဲတမ်း မင်းကို ခွင့်လွှတ်ပေးနေကျပဲကို။” လင်းကတော်ကတော့ အခြေအနေဘယ်လောက်ထိ ဖြစ်သွားလဲဆိုသည်ကို မသိစွာဖြင့် ပေါ့ပေါ့လေးပြောလိုက်သည်။

“ရမယ်မထင်တော့ဘူး။ ကျွန်တော် ယုကျီကိုတောင်းပန်နေတဲ့အချိန် သူရောက်လာခဲ့တာ။” လင်းထျန်းယွီ ပြန်ဖြေလိုက်သည်။ အခုတော့ ယုကျီကလဲ သူ့ကိုပြန်လက်မခံပေးသလို ကျောက်ရှောင်ရွှမ်းနှင့်ကလဲ လမ်းခွဲလိုက်ပြီဖြစ်တာကြောင့် အတော်လေးခါးသီးကာနောင်တရနေတော့သည်။ ကျောက်ရှောင်ရွှမ်း သူ့ကိုအရမ်းချစ်မှန်းသိပေမည့် ဤတစ်ကြိမ်တွင်တော့ ဘယ်လိုမှ ခွင့်လွှတ်ပေးလောက်မည်မဟုတ်မှန်းလဲ နားလည်လေသည်။ တကယ်တော့ သူကိုယ်တိုင်ကလဲ အရင်ကျောက်ရှောင်ရွှမ်းနှင့် တွဲစဉ်က ဘယ်လောက်ပဲ သူမ သူ့အပေါ် အကောင်းဆုံးဆက်ဆံပေးခဲ့ပါစေ ကျောက်ရှောင်ရွှမ်းထံသို့ ပြန်သွားဖို့ စိတ်ကူးမရှိပေ။

“ဘာ?” လင်းကတော် ထိတ်လန့်သွားတော့သည်။

“ဘ-ဘယ်လိုလုပ် အချိန်ကိုက်မိသွားရတာလဲ? ဒီတစ်ကြိမ် သူမသာ မင်းကို ခွင့်မလွှတ်ပေးတော့ဘူးဆိုရင် နောက်ကျ သူမမိသားစု၏အမွေတွေကို မင်းမရနိုင်တော့ဘူးပေါ့!” ဤအချိန်တွင်တော့ အခြေအနေဘယ်လောက်ထိ ဆိုးရွားကြောင်း လင်းကတော်သိသွားပေပြီ။

“ကျွန်တော်လဲ အခုဘာတွေဆက်လုပ်လို့လုပ်ရမှန်း မသိတော့ဘူး!” လင်းထျန်းယွီ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

***

အခန်း ၆၉၉

ပူးပေါင်းဖို့စိတ်ကူးမရှိဘူး

လင်းကတော်က၊ “မင်းကြိုးစားကြည့်ပါဦးလား။ သူမ မင်းကိုခွင့်လွှတ်ပေးလောက်ပါတယ်။”

“ဟုတ်ပါပြီ၊ ကျွန်တော့်ဘာသာဖြေရှင်းလိုက်ပါ့မယ်။ ဘာလုပ်ညာလုပ်ဆိုပြီး ဆက်မပြောပါနဲ့တော့!” လင်းထျန်းယွီ၏ စိတ်ရှည်နိုင်မှုများပျောက်ဆုံးလာကာ အိမ်မှထွက်သွားတော့သည်။

“မင်း…”လင်းကတော် သူမသားက သူမကို မကြည်မသာဖြင့် အော်သွားတာကြောင့် စိတ်တိုသွားပေမည့် လင်းထျန်းယွီက ထွက်သွားနှင့်ပေပြီ။

လင်းကတော် ခဏလောက်တွေးကြည့်ပြီးနောက် ကျောက်ရှောင်ရွှမ်းကို ဖုန်းဆက်ကြည့်ပေမည့် ကျောက်ရှောင်ရွှမ်း၏ဖုန်းက ပိတ်ထားတာကြောင့် ကျောက်ကတော်ကို ဆက်ပြီးခေါ်လိုက်သည်။

ကျောက်ရှောင်ရွှမ်းပြောထားသလို ကျောက်ကတော်ဘက်ကစပြီး လင်းထျန်းယွီကိုရော လင်းကတော်ကိုပါ စတင်ဆက်သွယ်ခြင်းမရှိပေမည့် သူမ၏ဒေါသများကို ထွက်ပေါက်ပေးရန်အလို့ငှာ လင်းကတော်၏ဖုန်းခေါ်ဆိုမှုကိုတော့ ပြန်လည်ဖြေကြားခဲ့သည်။

“အိုး၊ လင်းကတော်ပါလား။ ဘာများကူညီပေးရမလဲ?” ကျောက်ကတော် သရော်ဟန်ဖြင့် ပြောလိုက်သည်။

သေချာပေါက် လင်းကတော်လဲ ကျောက်ကတော် လင်းထျန်းယွီကို စိတ်ဆိုးနေကြောင်းနားလည်လေသည်။ ဒါတွေက လင်းထျန်းယွီ၏အမှားတွေချည်းသာမဟုတ်လား။

“ကျောက်ကတော်၊ ရှောင်ရွှမ်းတို့ဖြစ်သွားတဲ့ ကိစ္စအတွက် ကျွန်မစိတ်မကောင်းပါဘူး။ ထျန်းယွီလဲ အခုအရမ်းနောင်တရနေပါပြီ။ ရှောင်ရွှမ်းကို သူဘယ်လိုပုံစံနဲ့ မျက်နှာချင်းဆိုင်ရမှန်း မသိဖြစ်နေလို့ ကျွန်မကပဲ ကိုယ်စားဖုန်းဆက်တာပါ၊ ဒါပေမယ့် ရှောင်ရွှမ်းရဲ့ဖုန်းကပိတ်ထားတယ်လေ။”

“သူက အခုနောင်တရနေပြီ? တကယ်လား?” ကျောက်ကတော်က ဟာသတစ်ပုဒ်ကြားလိုက်ရသလိုမျိုး ရယ်မောလိုက်သည်။

“လင်းကတော်၊ ကျွန်မက ငတုံးလဲမဟုတ်ပါဘူး။ ကျွန်မအထင် ယုကျီက လင်းထျန်းယွီကို ငြင်းလိုက်လို့ သူက ကျွန်မတို့ရှောင်ရွှမ်းဆီ ပြန်လာချင်နေတာပဲဖြစ်ရမယ်။ လင်းထျန်းယွီက ကျွန်မတို့ရှောင်ရွှမ်းကို ကြိုက်တာမဟုတ်ဘဲ ကျွန်မတို့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကိုပဲ လိုချင်တာလေ! ရှောင်ရွှမ်းလဲ ဒီကိစ္စကို ကောင်းကောင်းကြီးသိသွားလို့၊ စိတ်ပိုင်းဖြတ်လိုက်ပါပြီ။” ထိုစကားကိုပြောပြီးသည်နှင့် ကျောက်ကတော် ဖုန်းချလိုက်တော့သည်။

လင်းထျန်းယွီတစ်ယောက် တစ်ပြိုင်တည်းနှင့် နှစ်ပြန်ဆုံးရှုံးသွားပြီမှန်း လင်းကတော် နားလည်လိုက်တာကြောင့် မျှော်လင့်ချက်မဲ့သွားတော့သည်။

အခြားသော သူတို့မိသားစုနှင့် အဆင့်အတန်းညီသည့် မိသားစုများတွင် အနည်းဆုံးသားတစ်ယောက်စီရှိတာကြောင့် သူတို့၏ပိုင်ဆိုင်တိုင်းကို သမီးတစ်ယောက်တည်းအတွက် ချန်ထားပေးခဲ့မည်မဟုတ်ပေ။ သမီးဖြစ်သူကို သတို့သမီးခန်းဝင်လက်ဖွဲ့လောက်သာ ပေးမည်ဖြစ်တာကြောင့် လင်းကတော်လိုချင်သည့်အချက်နှင့်မကိုက်ညီပေ။ လင်းကတော်သည် သူတို့မိသားစုထက် ပို၍ချမ်းသာသည့် ပို၍အင်အားကြီးသည့် မိသားစုမှ သမီးပျိုတစ်ယောက်ယောက်နှင့် လင်းထျန်းယွီ လက်ထပ်နိုင်ဖို့ မျှော်လင့်ခဲ့သော်လည်း အခုတော့ မဖြစ်နိုင်တော့ပေ။

ထိုအခိုက်အတန့်တွင်ပဲ လင်းကတော်တစ်ယောက် ယုကျီကို လင်းထျန်းယွီပြန်လိုက်ရာတွင် ထောက်ခံပေးမိခဲ့သည့်အတွက် နောင်တအကြီးအကျယ်ရနေတော့သည်။

……….

ကုနင်းနှင့် လင်ရှောင်းထင်တို့ တစ်စုံတစ်ဦးဖုန်းဆက်ချိန်းဆိုမှုကို လက်ခံရရှိခဲ့တာကြောင့် ထန်အိမ်တော်မှအတူတူထွက်လာခဲ့ကြသည်။ ဖုန်းဆက်သူကတော့ ရှန်းလုံလက်ဝတ်ရတနာလုပ်ငန်းမှ အထွေထွေမန်နေဂျာဖြစ်ကာ ကုနင်းနှင့် စီးပွားရေးကိစ္စဆွေးနွေးလိုနေခြင်းဖြစ်သည်။

ကုနင်းတွင် ကောင်းမွန်သည့်မှတ်ဉာဏ်ရှိတာကြောင့် ထိုလုပ်ငန်းနှင့် သတင်းထုတ်ပြန်ပွဲအခမ်းအနားတွင် နာမည်ကဒ်ချင်းလဲလှယ်ခဲ့ကြကြောင်း အမှတ်ရလိုက်သည်။

ထိုလူ၏ရည်ရွယ်ချက်ကို ကုနင်းကောင်းကောင်းကြီးသိတာကြောင့် ဘာအတွက်မှန်းခန့်မှန်းနေကြည့်ဖို့ရန်ပင် မလိုအပ်ပေ။ သို့ပေမည့် ထိုလူဘက်က ထုတ်ပြောလာခြင်းမရှိသေးတာကြောင့် ကုနင်းလဲ သူ့ကို ချက်ချင်းမငြင်းဆန်ခဲ့ပေ။ ထို့ကြောင့် ထိုလူနှင့်တွေ့ဖို့ရန် လင်ရှောင်းထင်နှင့်အတူ ထွက်လာခဲ့လိုက်သည်။

ကုနင်းထွက်လာသည့်လမ်းတွင်ပဲ ချောင်ယကိုဖုန်းဆက်ကာ ကုမန့်နှင့်အတူ Fမြို့သို့လိုက်သွားရန် မှာကြားလိုက်ပြီးနောက် ကုမန့်နှင့်ချောင်ယတို့အတွက် လေယာဉ်လက်မှတ်များ ကြိုတင်မှာယူလိုက်သည်။

ကုမန့်နှင့်ထန်ယွင်ဖန်းတို့ကြားက ဆက်ဆံရေးမှာ ထူးထူးခြားခြားတိုးတက်လာခြင်းမရှိဟု ထင်ရပေမည့် တကယ်တမ်း သူတို့ကြားတွင် ဖွင့်ပြောစရာပင်မလိုသည့် အချင်းချင်းနားလည်မှုများရှိနေပြီဖြစ်သည်။ သူတို့နှစ်ယောက်ကြား အတော်လေးအဆင်ပြေနေကာ လက်ထပ်ထားသည့်မှာ နှစ်များစွာကြာနေသည့် စုံတွဲနှင့်ပင်တူနေသည်။ သူတို့ကြားတွင် ပြင်းပြသည့်ချစ်ခြင်းများမရှိသေးသော်လည်း ထူးခြားသည့်အငွေ့အသက်လေးတွေတော့ ရှိနေပေပြီ။ သူတို့နှစ်ဦးသည် လူငယ်စုံတွဲမဟုတ်တာကြောင့် ကုနင်းနှင့်လင်ရှောင်းထင်လိုတော့ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်နမ်းရှုံ့ခြင်းမရှိပေ။

………

စားသောက်ဆိုင်တစ်ဆိုင်တွင်၊

ကုနင်းနှင့်လင်ရှောင်းထင်တို့ ချိန်းဆိုထားသည့် သီးသန့်ခန်းရှိရာသို့ ရောက်လာကာ အထဲတွင်တော့ ယောက်ျား၂ဦးထိုင်နေခဲ့သည်။ တစ်ယောက်ကတော့ ရှန်းလုံလက်ဝတ်ရတနာလုပ်ငန်းမှ အထွေထွေမန်နေဂျာ တုဟိုင်ကျဲ့ဖြစ်ကာ ကျန်တစ်ဦးသည်တော့ သူ၏မန်နေဂျာဖြစ်သည်။

တုဟိုင်ကျဲ့သည့် အသက်၃၄နှစ်ဝန်းကျင်ရှိပြီဖြစ်သည့် အမျိုးသားတစ်ဦးဖြစ်ကာ ကျွမ်းကျင်စီးပွားရေးသမားတစ်ဦးလို အနောက်တိုင်းဝတ်စုံပြည့်ဝတ်ဆင်ထားသည်။

ကုနင်းဝင်လာသည်ကိုမြင်သည်နှင့် တုဟိုင်ကျဲ့နှင့်သူ့အတွင်းရေးမှူးတို့ မတ်တပ်ထရပ်ကာ ကြိုဆိုလိုက်ကြသည်။

“ထိုင်ကြပါဦး။ မိန်းကလေးကု၊ ဒီဘက်ကလူကြီးမင်းရော။” တုဟိုင်ကျဲ့ ယဉ်ကျေးစွာဖြင့်ပြောလိုက်သည်။ လင်ရှောင်းထင်၏အဆင့်အတန်းကိုတော့ မသိရသေးတာကြောင့် ဘယ်လိုခေါ်ရမှန်းမသိပေ။

“တွေ့ရတာဝမ်းသာပါတယ်။ မန်နေဂျာတု။” ကုနင်းပြန်နှုတ်ဆက်ပြီးနောက် လင်ရှောင်းထင်နှင့်အတူ ဝင်ထိုင်လိုက်သည်။ တုဟိုင်ကျဲ့၏မန်နေဂျာမှနေပြီး ချက်ချင်းပင် သူတို့နှစ်ဦးအတွက် အခါးရည်နှစ်ခွက်ငှဲ့ပေးလေသည်။

ကုနင်း ဘာမှမပြောဘဲ အခါးရည်ကိုသာ သောက်လိုက်သည်။

“မိန်းကလေးကု၊ အခုလို ဆက်သွယ်လိုက်ရတဲ့အကြောင်းကတော့ ကျွန်တို့ကုမ္ပဏီက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနဲ့ ပူးပေါင်းချင်တဲ့အတွက်ကြောင့်ပါ၊ မင်းသာ ကျွန်တော်တို့ကုမ္ပဏီနဲ့ပူးပေါင်းမယ်ဆိုရင် ကျွန်တော်တို့ဘက်က အကောင်းဆုံးသော အကျိုးအမြတ်များစွာကို မင်းအတွက် ဖန်တီးပေးနိုင်ပါတယ်။” တုဟိုင်ကျဲ့ ဆိုလိုရင်းကိုပဲ လေးစားသမှုနှင့် ပြောပြလိုက်သည်။ ကံမကောင်းစွာဖြင့် ပြန်ရလာသည့် အဖြေကတော့ သူ့ကိုလွန်စွာ စိတ်ပျက်သွားရစေသည်။

ထိုစကားကိုကြားလိုက်ရသော်လည်း ကုနင်း ခန့်မှန်းထားမိပြီးသားသာဖြစ်တာကြောင့် လုံးဝမအံ့ဩမိပေ။ သူမက ပြုံးလိုက်ကာ၊

“အခုလိုမျိုး JadeBeautyလက်ဝတ်ရတနာလုပ်ငန်းကို သဘောကျပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့် ကျွန်မတကယ်ကို စိတ်မကောင်းပါဘူး။ ကျွန်မတို့ ကုမ္ပဏီက အကျိုးတူ မိတ်ဖွဲ့ဖို့အတွက် စိတ်ကူးမရှိလို့ပါ။”

ကုနင်းဘာကြောင့် ဒီလိုမျိုး ငွေများစွာရှာနိုင်လာမည့် အခွင့်ကောင်းမျိုးကို ငြင်းလိုက်မှန်း တုကျဲ့ဟိုင် နားမလည်နိုင်တာကြောင့် ခေတ္တမျှ မှင်သက်သွားတော့သည်။

“မိန်းကလေးကုက ငွေပိုမရှာချင်ဘူးလား?” တုကျဲ့ဟိုင် သူ့အတွေးကို ထုတ်မေးလိုက်သည်။

“ရှာချင်တာပေါ့၊ ဒါပေမယ့် ကျွန်မရဲ့အမြတ်အစွန်းတွေကို တခြားလူတွေကို ခွဲဝေပေးဖို့ရည်ရွယ်ချက် မရှိရုံပါ။”

“မိန်းကလေးကု၊ ပြန်စဉ်းစားကြည့်ပေးလို့ရနိုင်မလား?” တုဟိုင်ကျဲ့မျက်မှောင်ကြုတ်မိသွားသော်လည်း ဒီလောက်နှင့်တော့ လက်မလျှော့ချင်သေးပေ။

“စိတ်မကောင်းပါဘူး။” ကုနင်းပြန်ပြောလိုက်ပြန်သည်။

“ကောင်းပြီလေ၊ ဒီလိုဆိုလဲ ကျွန်တော်အတင်းမတိုက်တွန်းတော့ပါဘူး။ ကျွန်တော်တို့ အကျိုးတူမပူးပေါင်းနိုင်ပေမယ့်လဲ ဆက်ပြီး မိန်းကလေးကုနှင့် မိတ်ဆွေကောင်းတွေဖြစ်သွားဖို့ မျှော်လင့်ပါတယ်။ မိန်းကလေး အဆင်ပြေမယ်ဆိုရင် ကျွန်တော်တို့ တစ်နပ်လောက်အတူစားကြမလား?” တုဟိုင်ကျဲ့မေးလိုက်သည်။

ကုနင်း ပူးပေါင်းဖို့ကို ငြင်းလိုက်တာကြောင့် တုဟိုင်ကျဲ့စိတ်ပျက်သွားသော်လည်း သူမကို စိတ်တိုအောင်တော့မလုပ်ရဲပေ။ သူတို့သည် စီးပွားတူများဖြစ်ပေမည့် ပြဿနာတော့မဖြစ်လိုပေ။ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းသည် ကျောက်စိမ်းကို အဓိကလုပ်ကိုင်ကာ ရှန်းလုံလက်ဝတ်ရတနာလုပ်ငန်းသည်တော့ ရွှေ၊ ငွေ၊ ကျောက်စိမ်း၊ စိန်စတဲ့ ရတနာပစ္စည်းအစုံကို ထုတ်လုပ်ခြင်းဖြစ်သည်။

“မန်နေဂျာတုနဲ့ မိတ်ဆွေဖြစ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာပဲ ဒီနေ့လည်ဘက် ကျွန်မအလုပ်ရှုပ်ဦးမှာမို့ ဒီနေ့တော့ မန်နေဂျာတုနဲ့ ထမင်းတစ်နပ်အတူမစားပေးနိုင်လောက်ပါဘူး။” ကုနင်းက မနက်ဖြန်ဆိုလျှင် ရှုကျင်းချန်တို့ မြို့တော်ကို ပြန်တော့မည်ဖြစ်တာကြောင့် အတူတူနေ့လည်စာစားဖို့ရန် သွားရမည်ဖြစ်သည်။

***

အခန်း ၇၀၀

လျှော့ဈေး

“ကဲပါလေ၊ စိတ်မကောင်းစရာပဲ! နောက်တစ်ကြိမ်တော့် အတူတူ ထမင်းတစ်နပ်လောက် စားနိုင်ဖို့ မျှော်လင့်ပါတယ်။” ကုနင်း၏စကားမှာ အကြောင်းပြချက်ဖြစ်ဖြစ် အမှန်တရားဖြစ်ဖြစ် တုဟိုင်ကျဲ့စိတ်ထဲမထားနေပေ။

ထို့နောက် ကုနင်းနှင့် လင်ရှောင်းထင်တို့ ပြန်ထွက်လာခဲ့ကြသည်။

…………

ကုချင် အသားအရေထိန်းအလှကုန်ပစ္စည်းများကို လက်ခံရရှိပြီးနောက် ထိုပစ္စည်းများ၏ ဈေးနှုန်းမှာ နိုင်ငံတကာအဆင့်မှီတံဆိပ်များလို့ မြင့်မားနေတာကြောင့် အားလုံးထိတ်လန့်အံ့ဩသွားကြသည်။ သူတို့ဖောက်သည်တွေက ပစ္စည်းကို ဝယ်ကြပါ့မလား?

သူတို့ဖောက်သည်များတွင် သုံးပုံတစ်ပုံလောက်ကသာ ချမ်းသာသူများဖြစ်ကြကာ ကျန်လူများသည်တော့ ချမ်းသာသည့်ဆွေမျိုးနီးစပ်မျှသာဖြစ်သည်။

နှစ်စဉ်အဖွဲ့ဝင်ကြေး ယွမ်၁သောင်းကျော်သည်က ပြဿနာမဟုတ်သော်လည်း အသားအရေထိန်းသိမ်းသည့် အလှကုန်များကိုသာ သူတို့ပြောင်းသုံးလိုက်ပါက နှစ်စဉ်အဖွဲ့ဝင်ကြေးလဲ မြင့်တက်သွားပေလိမ့်မည်။

နို့ရည်၊ စီရမ် နှင့် တိုနာအတွက်ကတော့ အရင်ပစ္စည်းဟောင်းဆိုလျှင် အစုံလိုက်ကိုမှ ယွမ်၁ထောင်သာကျပေမည့် ပစ္စည်းအသစ်သည်တော့ တစ်စုံကို ယွမ်၄ထောင်ဝန်းကျင်ကျပေသည်။

ကျန်ပစ္စည်းများ၏ဈေးနှုန်းသည်လဲ ယခင်ပစ္စည်းများထက် အနည်းဆုံး နှစ်ဆပင်။

ပစ္စည်းဈေးများ ရုတ်တရက် တိုးသွားမည်ဆိုလျှင် အဖွဲ့ဝင်များက လက်ခံပေးကြလိမ့်မည်မဟုတ်ပေ။

ထိုအကြောင်းတွေးမိလိုက်သည်နှင့် ကုချင် ချက်ချင်းပင် ကုနင်းထံသို့ ဖုန်းဆက်လိုက်တော့သည်။

“နင်းနင်း၊ အသားအရေထိန်းအလှကုန်တွေရဲ့ ဈေးနှုန်းက အရမ်းမြင့်တာပဲ၊ အန်တီတို့ဖောက်သည်တွေက ဝယ်ချင်ကြပါ့မလား?” ကုချင် စိုးရိမ်နေသည့်အသံဖြင့်ပြောလိုက်သည်။

“အန်တီ၊ မစိုးရိမ်ပါနဲ့။ ဖွင့်ပွဲနေ့ကျရင် အဖွဲ့ဝင်၁၀ယောက်ကို ကံစမ်းမဲနှိုက်ခိုင်းပြီး အလကားစမ်းသုံးကြည့်ခိုင်းလိုက်ပါ။ အချိန်တိုအတွင်း အကျိုးအာနိသင်ကို သူတို့တွေ့သွားတာနဲ့ သေချာပေါက် ဘက်လောက်ကျကျ ဝယ်ချင်လာကြလိမ့်မယ်။ ပြီးတော့ အစမ်းသုံးအထုပ်တွေလဲ အများကြီးထည့်ပေးလိုက်တယ်။ အဲ့ဒါတွေကို အဖွဲ့ဝင်တွေဆီပို့ပေးလိုက်ပါ။ ဖောက်သည်တွေ အာနိသင်ကိုသိတာနဲ့ ဝယ်ကြလိမ့်မယ်။”

“ကောင်းပြီလေ၊ သမီးပြောသလိုလုပ်လိုက်မယ်။” ကုနင်းကို ဘယ်လိုအခြေအနေမျိုးတွင်မဆို ကုချင်ယုံကြည်ထားပြီးဖြစ်တာကြောင့် သူမပြောသလိုပဲ နားထောင်လိုက်သည်။

ကုနင်းနှင့်ဖုန်းပြောပြီးနောက် ဆိုင်ထဲမှ ဝန်ထမ်းများကို ကုချင် စုဝေးခိုင်းလိုက်ကာ ပစ္စည်းသစ်ကို စမ်းသုံးကြည့်စေသည်။

ဝမ်ဆူးဖန်က ပထမဦးဆုံးပါဝင်ကူညီသူဖြစ်ကာ ကျန်လူများလဲ ပါဝင်လာကြသည်။ ပစ္စည်းသစ်ကို စမ်းသုံးကြည့်ပြီးနောက် အားလုံးအံ့အားသင့်သွားကြတော့သည်။

ဝန်ထမ်းများထဲတွင် ကုချင်ကလွဲ၍ ဝမ်ဆူးဖန်သည် အသက်အကြီးဆုံးဖြစ်တာကြောင့် သူမ၏မျက်နှာသည် ပြောင်းလဲမှုအသိသာဆုံးဖြစ်သည်။ ကုချင်သည်ကတော့ ကုနင်း၏မှော်စွမ်းအားဖြင့် ကောင်းကောင်းအားဖြည့်ပေးထားခြင်းခံရတာကြောင့် သူမအသားအရေသည် အခုဆိုလျှင် အလွန်ချောမွေ့နေကာ အပြစ်အနာအဆာကင်းလှနီးပါးပင်။ ထို့အတွက်ကြောင့် သူမမျက်နှာပေါ်တွင်တော့ ပြောင်းလဲမှုကြီးကြီးမားမားမမြင်ခဲ့ရပေ။

သို့ပေမည့် ဝမ်ဆူးဖန်၏အသားအရေသည်တော့ ဝါညစ်ညစ်ဖြစ်နေကာ အရေများတွန့်နေပြီး တင်းတိပ်မှဲ့ခြောက်များလဲ ရှိနေသည်။ သို့သော်လည်း အသားအရေထိန်းအလှကုန်ပစ္စည်းအသစ်ကို သုံးလိုက်ပြီးသည်နှင့် အချိန်တိုလေးအတွင်းတွင်ပဲ ထိုတင်းတိပ်မှဲ့ခြောက်များ မှေးမှိန်သွားကာ အသားအရေလဲ အရင်လောက် ဝါညစ်ညစ်မဖြစ်တော့ဘဲ လင်းလက်လာသည်။

“ဘုရားရေ၊ မယုံနိုင်စရာပဲ!”

“ကျွန်မရောပဲ! ဒီပစ္စည်းအသစ်က တကယ်ကို အစွမ်းထက်တာပဲ။ ကျွန်မရဲ့အသားအရေကလဲ ချက်ချင်းကို ရေဓါတ်ပြည့်ဝသွားသလိုခံစားရတယ်။”

“ကျွန်မမျက်နှာပေါ်က ဝက်ခြံတွေလဲ မှိန်သွားတယ်။!”

“ဝါး၊ နိုင်ငံတကာအဆင့်ရှိတဲ့တံဆိပ်တွေတောင် ဒီလောက်အစွမ်းထက်မှာမဟုတ်လောက်ဘူး!”

“ဟုတ်တယ်၊ ဟုတ်တယ်။ အခုတော့ ဈေးက နည်းနည်းတောင် နိမ့်နေတယ်လို့ ထင်မိသွားပြီ။”

………..

မြင်သာသည့် အာနိသင်ကြောင့် လူတိုင်းအံ့အားသင့်နေကြတော့သည်။

“ဘော့စ်၊ ကျွန်မရောတစ်စုံလောက်ဝယ်လို့ရလား?” ဝန်ထမ်းတစ်ယောက်က ကုချင်ကိုမေးလိုက်သည်။

“ရတာပေါ့၊ ပထမတစ်စုံအတွက် မင်းတို့၅၀ရာခိုင်နှုန်းလျှော့ဈေးရမယ်။ ဒုတိယတစ်စုံကျရင်တော့ ၃၀ရာခိုင်နှုန်းရမယ်။”

ကုချင်သည် တကယ်ကိုရက်ရောလှသည့်သူဌေးပင်ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်!” ထိုစကားကြောင့် လူတိုင်း စိတ်လှုပ်ရှားကုန်ကြတော့သည်။

သူတို့အားလုံးသည် ဤဆိုင်တွင်အလုပ်လုပ်ကြကာ လစာကလဲမနိမ့်ပေ။ ထို့အပြင် ဆိုင်ကလဲ အရမ်းနာမည်ကြီးတာကြောင့် တစ်လကို တစ်ယောက်လျှင် ယွမ်၁သောင်းကျော်လောက်ဝင်ပေသည်။ ဒါကြောင့် အလှကုန်အသစ်က ဈေးအရမ်းကြီးပေမယ့် ကုချင်ကလဲ ရာခိုင်နှုန်းအများကြီးလျှော့ပေးနေတာကြောင့် သူတို့ဝယ်နိုင်ကြပေသည်။

မနက်ဖြန်ဆိုလျှင် ဆိုင်ပြန်ဖွင့်မည်ဖြစ်တာကြောင့် မနက်ဖြန်အတွက် သူတို့၏ဗီအိုင်ပီအဖွဲ့ဝင်များကို အကြောင်းကြားဖို့ လိုအပ်ပေသည်။

………..

ကုချင်နှင့်ဖုန်းပြောပြီးနောက် သူမ၏အလှကုန်ပစ္စည်းအသစ်ကို သူမသူငယ်ချင်းများကိုလဲ မျှဝေပေးသင့်ကြောင်း ကုနင်းအမှတ်ရသွားခဲ့သည်။

ကုနင်းနှင့်လင်ရှောင်းထင်တို့ ဖန်ရှန်းဈေးဝယ်စင်တာသို့ရောက်သည်နှင့် တောင်ဘက်အပေါက်ဘက်တွင် ကားကိုရပ်ခဲ့ကာ JadeBeautyတွင် အလှကုန်ပစ္စည်းတစ်စုံစာ ထားခဲ့မည်ဖြစ်ပြီး ယုကျီအားသည့်အချိန် လာယူနိုင်ပေမည်။

ကုနင်းသည် တစ်ချိန်လုံး ကျောပိုးအိတ်ကို သည်နေကျဖြစ်တာကြောင့် သူမ ရုတ်တရက်ကြီး အလှကုန်ပစ္စည်းတစ်စုံကို ဘယ်လိုထုတ်လိုက်လဲဆိုသည်ကို လင်ရှောင်းထင် သိချင်စိတ်မဖြစ်မိတော့ပေ။

ကုနင်း ယုကျီကို စာတစ်စောင်ပို့ကာ JadeBeautyတွင် သူမအတွက် လက်ဆောင်အလှကုန်ပစ္စည်းတစ်စုံကို ထားခဲ့ကြောင်း ပြောလိုက်သည်။

ခဏအကြာတွင်ပဲ ယုကျီက စာကိုဖတ်ခဲ့ကာ ကုနင်းကို ကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့သည်။ ကုနင်း၏လက်ဆောင်ဖြစ်မှတော့ ထိုအလှကုန်ပစ္စည်းများသည်လဲ အလွန်ကောင်းမည်ဖြစ်ကြောင်း ယုံကြည်ပေသည်။

JadeBeautyတွင်က အချိန်ပြည့်လူများစွာရှိနေပေသည်။ Bမြို့ JadeBeautyဆိုင်ခွဲအတွက် မန်နေဂျာတစ်ယောက် ခန့်အပ်ထားပြီးသားဖြစ်သော်လည်း ဤရက်ပိုင်းအတွင်း ကျိုးကျန်းဟုန်က ဆိုင်တွင် တစ်ချိန်လုံးရှိနေပေးခဲ့သည်။

ကုနင်း ကြာကြာနေမည်မဟုတ်တာကြောင့် လင်ရှောင်းထင်ကို ကားထဲတွင်ပဲ စောင့်နေစေခဲ့သည်။

ကုနင်း ဆိုင်ထဲသို့ရောက်သည်နှင့် လူအများ၏အာရုံစိုက်စရာဖြစ်လာခဲ့သည်။

“ကြည့်၊ ကြည့်၊ အဲ့ဒါမိန်းကလေးကုပဲ!”

“အိုး၊ နောက်ဆုံးတော့ ငါ မိန်းကလေးကုနဲ့ အပြင်မှာ တွေ့ဖူးပြီ!”

“မိန်းကလေးကုက တီဗီထဲမှာထက်တောင် ပိုလှသေးတယ်!”

“ဟုတ်တယ်၊ ဟုတ်တယ်!”

လူအများ၏အာရုံစိုက်ကာ ဆွေးနွေးပြောဆိုနေမှုများကြောင့် ကုနင်းပြုံးကာ သူတို့အားလုံးကို ခေါင်းညိတ်နှုတ်ဆက်ပြုလိုက်သည်။

“မိန်းကလေးကုက ငါတို့ကိုနှုတ်ဆက်လိုက်တာပဲ! သူကအရမ်းယဉ်ကျေးပြီး နှိမ့်ချတတ်တယ်။”

“အခုခေတ်မှာ ဒီလိုမျိုးကြင်နာပြီး အောင်မြင်တဲ့လူမျိုးက ရှားသွားပြီ!”

………….

အားလုံး ကုနင်းကို ချီးကျူးနေကြတော့သည်။

ကုနင်း ကောင်တာရှိရာသို့လျှောက်လာချိန် အသားအရေထိန်းအလှကုန်ပစ္စည်းအစုံလိုက်နှင့် မျက်နှာကပ်တစ်ဗူးကို ထုတ်ကာ၊ “ဒါက ယုကျီအတွက် လက်ဆောင်ပါ။ သူအားတဲ့အချိန် လာယူလိမ့်မယ်။”

“ဟုတ်ကဲ့ပါ၊ ဘော့စ်။” ငွေရှင်းသူက ပြန်ဖြေလိုက်သည်။

“မန်နေဂျာကျိုးဘယ်မှာလဲ?” ကုနင်းမေးလိုက်သည်။

“မန်နေဂျာကျိုးနဲ့ မန်နေဂျာအသစ်က ရုံးခန်းထဲမှာပါ။”

“ဟုတ်ပါပြီ။” ကုနင်း ပြန်ပြောကာ ရုံးခန်းရှိရာသို့ လျှောက်သွားလိုက်သည်။

မန်နေဂျာအသစ်က ကျွမ်းကျင်မှုရှိပြီးသားဆိုသော်လည်း အခုမှ ဆိုင်ခွဲကို စတင်တာဝန်ယူမည်ဖြစ်တာကြောင့် ကျိုးကျန်းဟုန်အနေဖြင့် JadeBeautyလက်ဝတ်ရတနာလုပ်ငန်းအကြောင်း သူ့ကို သင်ပြပေးဖို့ရန် လိုအပ်နေသေးသည်။

***

All Chapters