← Chapters

အခန်း (၇၀၁-၇၀၅)

Vol. 47 Ch. 701-705

အခန်း (၇၀၁-၇၀၅)

Vol. 47 Ch. 701-705

အခန်း ၇၀၁

ဖန်းကျီရွေ့တို့သားအဖ

ကုနင်း ရုံးခန်းတံခါးကို ခေါက်လိုက်သည်။

“ဝင်ခဲ့ပါ။” အထဲမှ ကျိုးကျန်းဟုန်က ပြန်ဖြေခဲ့သည်။

ကုနင်းလဲ တံခါးကို တွန်းဖွင့်ကာ အထဲဝင်လာခဲ့ပြီး အထဲဝင်လာသူက ကုနင်းဖြစ်ကြောင်း မြင်လိုက်ရသည်နှင့် ကျိုးကျန်းဟုန်ရော မန်နေဂျာအသစ်ပါ ချက်ချင်း မတ်တပ်ထရပ်လိုက်ကာ၊ “ဘော့စ်၊ မင်္ဂလာပါ!”

“ထိုင်ကြပါ။” ကုနင်းပြန်ပြောလိုက်သည်။

“ဦးလေးကျိုး၊ နောက်လာမယ့် လက်ဝတ်ရတနာဆိုင်ခွဲအတွက် ဦးလေးGမြို့ကိုပြန်ပေးဖို့လိုတယ်။ ကောင်းယိလဲ ဒီရက်ပိုင်းအတွင်း ဦးလေးကို လာတွေ့လိမ့်မယ်။ ပြီးရင် သူနဲ့အတူ ဆိုင်ဖွင့်ဖို့အတွက် ပစ္စည်းတွေ မြို့တော်ကို သယ်သွားပေါ့၊ Bမြို့ဆိုင်ခွဲက တော်တော်လေးနာမည်ကြီးထားတော့ မြို့တော်ဆိုင်ခွဲကို တန်းဖွင့်လိုက်လို့ရနိုင်မယ်ထင်တယ်။”

တကယ်တမ်း ဖုန်းလေးတစ်ချက်ဆက်ကာ ပြောလိုက်လဲရပေမည့် ရောက်လက်စနှင့် ကျိုးကျန်းဟုန်ကို လူကိုယ်တိုင်လာပြောလိုက်ခြင်းဖြစ်သည်။

“ရပါတယ်၊ ဘော့စ်။” ကျိုးကျန်းဟုန် ပြန်ဖြေလိုက်သည်။ ထို့နောက် ကုနင်းလဲ ထွက်သွားတော့သည်။

ကုနင်း ဆိုင်ထဲမှ ထွက်လာရုံရှိသေး နောက်ထပ် လက်ဝတ်ရတနာဆိုင်နှစ်ဆိုင်မှ မန်နေဂျာများက သူမကို လုပ်ငန်းပူးပေါင်းဖို့ကိစ္စ ပြောဆိုဖို့ရန် ဖိတ်ကြားခဲ့ပေမည့် ကုနင်းကလဲ အကြောင်းပြချက်ပေးကာ ဖိတ်ကြားမှုကို ငြင်းဆန်ခဲ့သည်။ သူမတွင် အကျိုးတူလုပ်ငန်းချင်းပူးပေါင်းဖို့ရန် ရည်ရွယ်ချက်ရှိမနေတာကြောင့် သွားတွေ့ဖို့ မလိုအပ်ပေ။

………….

ဖန်းကျီရွေ့၏အိမ်တွင်တော့ ဖန်းကျီရွေ့၏ဖခင်က သူ့ကို အကြိမ်ပေါင်းများစွာ ဖုန်းဆက်ကာ အိမ်ပြန်လာခဲ့ရန် ပြောနေခဲ့သည်။ ဖန်းကျီယွေ့မှာ တစ်ညလုံးသူငယ်ချင်းများနှင့် လျှောက်လည်နေခဲ့တာကြောင့် အိပ်ချင်မူးတူးနှင့် ချက်ချင်းပင် အိမ်ပြန်လာခဲ့ရတော့သည်။

ဖန်းမိသားစုအိမ်သည် အဆင့်မြင့်အိမ်ရာတစ်ခုတွင် တည်ရှိသည်။

“ကျီရွေ့၊ မင်း မိန်းကလေးကုနဲ့သိနေတာလား?” ဖန်းကျီရွေ့ အိမ်ပြန်ရောက်ရောက်ချင်း သူ့ဖခင်က မေးလိုက်ခြင်းဖြစ်သည်။

ဖန်းကျီရွေ့ကို သတင်းထုတ်ပြန်ပွဲအခမ်းအနား သတင်းတွင် မြင်တွေ့လိုက်ရတာကြောင့် ဖန်းကျီရွေ့၏ဖခင် အလွန်အံ့အားသင့်သွားခဲ့ရပေသည်။

“ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ?” ဖန်းကျီရွေ့ သမ်းရင်းပြန်ဖြေလိုက်သည်။

“အဲ့လိုဆို၊ မင်းငါ့ကို တစ်ခုလုပ်ပေးဦး။ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက အလားအလာကောင်းရှိတဲ့ အမှတ်တံဆိပ်ပဲ။ ငါလဲ ပူးပေါင်းချင်တယ်။” ဖန်းကျီရွေ့၏ဖခင်ကပြောလိုက်သည်။

အဖွဲ့အစည်းတစ်ခု သို့မဟုတ် လုပ်ငန်းစုတစ်ခုခုနှင့် ပူးပေါင်းပါဝင်ခြင်းသည် စီးပွားရေးနယ်ပယ်ကို တိုးချဲ့လိုက်ခြင်းဖြစ်ကာ ထိုလုပ်ငန်း၏အမှတ်တံဆိပ်၏ ကိုယ်စားလှယ်များဖြင့် လုပ်ပိုင်ခွင့်များရယူခြင်းမျိုးဖြစ်သည်။ တစ်နည်းဆိုရလျှင်တော့ လုပ်ပိုင်ခွင့်ရရှိထားသူများသည် ထိုအမှတ်တံဆိပ်နာမည်အောက်တွင် ဆိုင်ခွဲများစွာဖွင့်နိုင်ပေမည်။

“ကောင်းပြီလေ၊ ကျွန်တော် သူမနဲ့ပြောကြည့်လိုက်မယ်။” ဖန်းကျီရွေ့ပြောပြီးနောက် ကုနင်းကို ဖုန်းဆက်လိုက်သည်။

ကုမ္ပဏီတစ်ခု၏ရှုထောက်မှကြည့်လျှင် ယခုလိုပူးပေါင်းခြင်းသည် ငွေပိုရှာနိုင်ခြင်းမျိုးဖြစ်သည်။ ထုတ်ကုန်တော်တော်များများဆိုလျှင် ယခုလိုပူးပေါင်းနိုင်ဖို့ရန်အတွက် ကြော်ငြာကြတာကြောင့် ဖန်းကျီရွေ့လဲ မဆိုးလှသည့်အကြံဟုပင် ထင်မိလိုက်သည်။ ထို့ကြောင့် ကုနင်း အခြားသော လက်ဝတ်ရတနာလုပ်ငန်းမှ မန်နေဂျာနှစ်ဦး၏ ဖိတ်ကြားမှုကို ငြင်းပြီးပြီးချင်းတွင်ပဲ ဖုန်းကျီရွေ့ ဖုန်းဆက်လာခဲ့သည်။

“ဘော့စ်၊ ငါ့အဖေက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနဲ့ ပူးပေါင်းချင်နေတယ်။ ဘယ်လိုသဘောရလဲ?” ဖန်းကျီရွေ့မေးလိုက်သည်။

ဘော့စ်?

ထိုစကားကြောင့် ဖန်းကျီရွေ့၏ဖခင် မျက်မှောင်ကြုတ်လိုက်ကာ အလိုမကျဖြစ်သွားပေမည့် ကုနင်းကို ဖန်းကျီရွေ့က ဘော့စ်ဟု ခေါ်လိုက်သည့်အတွက်လဲ အံ့အားသင့်လို့နေသည်။ ဖန်းကျီရွေ့ မိန်းမတွေကို ဘယ်လောက်တောင် အထင်သေးတတ်လဲ သူသေချာသိတာပေါ့၊ ဒါပေမယ့်လဲ ကုနင်းလို အလွန်ထူးချွန်လှသည့် မိန်းကလေးကို ဖန်းကျီရွေ့ လေးစားမိသွားသည်ဆိုလျှင်လဲ နားလည်ပေး၍ရနိုင်ပေသည်။

“စိတ်မကောင်းပါဘူး။ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက အကျိုးတူပူးပေါင်းဖို့အတွက် လမ်းဖွင့်ပေးဖို့ အစီအစဉ်မရှိဘူး။” ကုနင်းပြန်ဖြေလိုက်သည်။

“ဟုတ်ပြီလေ၊ ငါနားလည်ပါတယ်။” ဖန်းကျီရွေ့သည် ကုနင်း၏စကားများကို နာခံတာကြောင့် ကုနင်းက သူ့အဆိုကို ငြင်းဆိုလျှင်တောင်မှ ဘာမှဆက်ပြောမည်မဟုတ်ပေ။

“ဒါနဲ့ ဘော့စ်၊ ငါနောက်သုံးရက်နေရင် ကလပ်တစ်ခုဖွင့်မလို့။ မင်းအားရင် ငါ့ဆိုင်ဖွင့်ပွဲအခမ်းအနားကို တက်ပေးလို့ရမလား?” ဖန်းကျီရွေ့ ဤတစ်ခေါက်တွင်တော့ မျှော်လင့်တကြီးမေးလိုက်သည်။ ဖွင့်ပွဲအတွက် နေ့ရက်သတ်မှတ်ပြီးသည်နှင့် ချက်ချင်း ကုနင်းကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဖန်းကျီယွေ့ ကိုယ်ပိုင်စီးပွားရေးစတင်လုပ်ကိုင်မည်မှန်း ကြားလိုက်ရတာကြောင့် ကုနင်းအလွန်အံ့အားသင့်သွားသည်။ လူအများ၏အမြင်တွင် ဖန်းကျီရွေ့ဆိုသည်မှာ အပျော်အပါးကိုသာ လိုက်စားပြီး အနာဂါတ်အတွက် ဘာကိုမှ ဂရုစိုက်နေခြင်းမရှိသည့် ဒုတိယမျိုးဆက်သူဌေးသားလေးတစ်ယောက်သာ ဖြစ်ပေသည်။ ရုတ်ရက်ကြီး ဖန်းကျီရွေ့၏ စိတ်ပြောင်းလဲသွားကာ စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဖန်းကျီရွေ့၏ဖခင်သည်လဲ ထိတ်လန့်အံ့အားသင့်သွားကာ သူ့နားသူပင် မယုံနိုင်ဖြစ်သွားရသည်။ ကျီရွေ့က နောက်သုံးရက်နေရင် ကလပ်တစ်ခုဖွင့်မယ်တဲ့လား?

ဖန်းကျီရွေ့အကြောင်း ဖခင်ဖြစ်သူက သေချာသိပေသည်။ အရင်ကဆိုလျှင် ဖခင်က ဘယ်လောက်ပဲ တိုက်တွန်းပါစေ ဖိအားပေးပါစေ ကိုယ်ပိုင်ဘဝလမ်းကြောင်းတစ်ခုကို တည်ဆောက်ဖို့ရန် ဘယ်တော့မှ စိတ်ကူးမရှိခဲ့ပေ။ ထို့အတွက်ကြောင့် ယခုလို ရုတ်တရက်ကြီး စိတ်ပြောင်းသွားခဲ့သည့်အတွက် ဖန်းကျီရွေ့၏ဖခင် အလွန်အံ့အားသင့်နေရခြင်းဖြစ်သည်။

“အွန်၊ ငါအဲ့ဒီရက် လုပ်စရာဘာမှမရှိရင်တော့ လာခဲ့ပါ့မယ်။” ကုနင်းပြန်ပြောလိုက်သည်။

“ကောင်းပြီလေ!” ကုနင်း အလုပ်များမှန်း ဖန်းကျီရွေ့သိတာကြောင့် အတင်းမတိုက်တွန်းပေ။

ထို့နောက် သူတို့ဖုန်းချလိုက်ကြသည်။ ဖန်းကျီရွေ့၏ဖခင်ကလဲ ချက်ချင်းပင် မေးမြန်းတော့သည်။ “ကျီရွေ့၊ မင်းကလပ်ဖွင့်မလို့လား?” အံ့အားသင့်စရာသတင်းကြောင့် ဖန်းကျီရွေ့၏ဖခင်မှာ သူအရင် ကုနင်းကိုမေးထားသည့်အချက်ကိုပင် မေ့သွားခဲ့သည်။

“ဟုတ်တယ်လေ!” ဖန်းကျီရွေ့ကတော့ အံ့အားသင့်စရာကိစ္စဟု မတွေးမိတာကြောင့် ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေခဲ့သည်။

“ဘာလို့ ငါ့ကိုမပြောရတာလဲ?” ဖန်းကျီရွေ့၏ဖခင် ထပ်မေးလိုက်ပြန်သည်။

“အမ်၊ ကျွန်တော့်ဘော့စ်က စီးပွားရေးမှာ အရမ်းအောင်မြင်တယ်ဆိုတော့ ကျွန်တော်လဲ သူမဆီက သင်ယူသင့်တယ်လို့ ဆုံးဖြတ်လိုက်တာ။ သူမသူငယ်ချင်းတစ်ယောက်အနေနဲ့ သူမကိုအရှက်ရအောင် နေလို့မဖြစ်ဘူးလေ။”

ဖန်းကျီရွေ့၏ဖခင် ထပ်ပြီးအံ့အားသင့်သွားရပြန်သည်။ ကုနင်းကြောင့် ဖန်းကျီရွေ့၏စိတ်ပြောင်းလဲသွားခြင်းဖြစ်မည်ဟု မထင်မှတ်ထားခဲ့မိပေ။ ကြည့်ရတာ ကုနင်းကဖန်ကျီရွေ့အပေါ် တော်တော်လေး လွှမ်းမိုးမှုရှိတာပဲ။ ကုနင်းအကြောင်းပြောနေရင်းနှင့်မှ သူမ၏လက်ဝတ်ရတနာလုပ်ငန်းနှင့် ပူးပေါင်းချင်ကြောင်း ပြောထားသည့် ကိစ္စကို ဖန်းကျီရွေ့၏ဖခင် ပြန်အမှတ်ရသွားတော့သည်။

“ကျီရွေ့၊ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနဲ့ပူးပေါင်းမယ့်ကိစ္စကို ဘာပြောသေးလဲ?”

“ဘော့စ်က JadeBeautyကို တခြားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဖို့ မဖွင့်ပေးဘူးပြောတယ်။”

“ဘယ်သူနဲ့မှမပူးပေါင်းဘူးတဲ့လား? ဒီလိုကနေ ငွေအများကြီးရှာနိုင်မှာကိုလေ!” ဖန်းကျီရွေ့၏ဖခင် ထိတ်လန့်ကာ မျက်လုံးပင်ပြူးသွားတော့သည်။ ဒီလိုဆိုရင် JadeBeautyလက်ဝတ်ရတနာဆိုင်ကိုယ်တိုင် ဆိုင်ခွဲတွေဘယ်လောက်ပဲ ဖွင့်နေပါစေ ဘယ်သူ့ကိုမှ အကျိုးအမြတ်ခွဲပေးစရာမလိုဘဲ JadeBeautyကသာ ချုပ်ကိုင်ထားမည်ပေါ့။

ဖန်ကျီရွေ့၏ဖခင် ဘာပြောလို့ပြောရမှန်းပင်မသိတော့ပေ။

“အဖေ၊ ” ဖန်းကျီရွေ့ ဆက်ပြောလိုက်သည်။

“ဘော့စ်ရဲ့ ကျောက်အလောင်းအစားစွမ်းရင် ဘယ်လောက်ကောင်းတုန်း အဖေမသိလို့ပါ။ ကျွန်တော် သူနဲ့ပထမဆုံးအကြိမ်တွေ့တုန်းက သူမ ကျောက်စိမ်းတစ်တုံးဖြတ်ခဲ့ပြီး ယွမ်၃၅သန်းနဲ့ရောင်းခဲ့တာ။ သူမအတွက် ငွေရှာဖို့ဆိုတာ ကိတ်မုန့်တစ်တုံးစားရသလောက်ပဲ။”

အဆုံးသတ်စကားကို ကုနင်းအပေါ် လေးစားအားကျမှုပြည့်နေသည့် အသံဖြင့် ဖန်းကျီရွေ့ပြောလိုက်ခြင်းဖြစ်သည်။

***

အခန်း ၇၀၂

ထန်မိသားစု၏ရန်သူ ထပ်လှုပ်ရှားလာပြန်ပြီ

ဖန်းကျီရွေ့၏ စကားကြောင့် ဖန်းကျီရွေ့၏ဖခင် ထပ်ပြီးအလွန်အံ့အားသင့်သွားရပြန်သည်။

သူလဲ ကုနင်းက ကျောက်အလောင်းအစားလုပ်ခြင်းဖြင့် တစ်ကြိမ်တည်းနှင့်အချီကြီးပေါက်သွားကြောင်း သတင်းများကြားဖူးထားပေမည့် ကိုယ်တိုင် တစ်ခါမှမတွေ့ဖူးတာကြောင့် အမှန်ဟုတ်မဟုတ် မသေချာခဲ့ပေ။ သို့ပေမည့် သူ့သားကိုယ်တိုင်က ပြောလာတာကြောင့် အမှန်ဖြစ်ကြောင်း ယုံကြည်သွားပေပြီ။

“သူမမှာ ငွေမရှားဘူးဆိုရင်တောင် စီးပွားရေးသမားတစ်ယောက်ဖြစ်နေပြီလေ။ ငွေပိုနိုင်မယ့်လမ်းကြောင်းကို ဘာကြောင့် မလိုချင်ရတာလဲ?” ဖန်းကျီရွေ့၏ဖခင် ပြောလိုက်ပြန်သည်။ သူလက်မလျှော့ချင်သေးပေ။

“အဖေ၊ ဘော့စ်က ‘ဘူးဆို ဖရုံမသီး’တဲ့လူမျိုး၊ ဘယ်လောက်ပဲ တိုက်တွန်းနေပါစေ အကျိုးမရှိဘူး။ ကျွန်တော်တို့ကြားက ဆက်ဆံရေးကို ဒီကိစ္စကြောင့်နဲ့ မဖျက်ဆီးပစ်ချင်ဘူး။” ဖန်းကျီရွေ့ စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်သည်။

“ဟုတ်ပါပြီ။” ဖန်းကျီရွေ့၏ဖခင် ဘာလုပ်လို့လုပ်ရမှန်းမသိတော့ပေ။ သူဘက်ကလဲ ဖန်းကျီရွေ့နှင့် ကုနင်း၏ဆက်ဆံရေးကို မဖျက်ဆီးပစ်ချင်ပေ။ သူတို့ချင်း မပူးပေါင်းနိုင်ပေမည့် ဘယ်သူကမှတော့ မိတ်ဆွေတစ်ယောက်ကို အဆုံးရှုံးခံကာ ရန်သူဖြစ်မလာချင်ပေ။

ဖန်ကျီရွေ့၏ဖခင် ခဏလောက်ဆက်တွေးကြည့်နေပြီးနောက် နှုတ်ဆိတ်သွားခဲ့တော့သည်။

………….

အခုမှအစောကြီးရှိသေးတာကြောင့် ကုနင်း ထန်ဟိုင်ဖုန်းရှိရာဆေးရုံသို့ ဆက်ထွက်လာခဲ့လိုက်သည်။

သူမရောက်သွားချိန်တွင် သခင်ကြီးလေ့နှင့်သားဖြစ်သူ လေ့ဟောက်ဝေ့လဲ လူနာခန်းထဲတွင် ရောက်နေခဲ့သည်။

ထန်မိသားစုနှင့် ဆက်ဆံရေးကောင်းသည့် မူမိသားစုသည်လဲ ထန်ဟိုင်ဖုန်းထံ သတင်းမေးလာခဲ့ပေသည်။

မူမိသားစု၏ဦးဆောင်သူ မူရွှီရှင်းသည် အသက်၅၀ ဝန်းကျင်ရှိပြီဖြစ်ပြီး သားဖြစ်သူ မူဝမ်ချီသည်တော့ ၂၇နှစ်ရှိပြီဖြစ်သည်။ သူတို့တင်မကဘဲ ကျောက်ယီရူလဲ ရောက်နေခဲ့သည်။

ထန်ယွင်ရုန်၊ ကျန်းလီဟွာနှင့် ထန်ကျားခိုင်သည်တော့ ထန်ဟိုင်ဖုန်းနှင့်အတူရှိနေကာ ထန်ယွင်ဟန် နှင့်ချောင်ယွေ့ဟွာသည်တော့ အလုပ်သွားကြပြီဖြစ်သည်။

ထန်ကျားခိုင်သည်တော့ ဒီကနေ့ နေ့လည်ခင်းကမှပင် သူ့အဖိုးဒဏ်ရာရထားသည်ကို သိရှိခဲ့ကာ ကံကောင်းထောက်မ၍ အခုတော့ သူ့အဖိုးအဆင်ပြေနေပေသည်။

ချောင်ဝမ်ကျွင်းနှင့်ချောင်ဝမ်ရှင်းသည်လဲ နေ့လည်ဘက်ကပဲ ထန်ဟိုင်ဖုန်းထံသို့ လာရောက်ခဲ့ကာ နှစ်နာရီခန့်နေပြီးနောက် ပြန်သွားခဲ့သည်။ လူနာခန်းထဲတွင် လူများတရုန်းရုန်းနှင့်ဆိုလျှင် လူနာ၏အခြေအနေကိုပါ သက်ရောက်နိုင်သည်မဟုတ်ပါလား။

အခုတော့ ထန်ဟိုင်ဖုန်း အဆင်ပြေနေပြီဖြစ်ပေမည့် ဒဏ်ရာရထားသလို ဟန်ဆောင်နေစဲပင်။

ကျောက်ယီရူသည် လေ့မိသားစု မရောက်ခင်ကတည်းက ထန်ဟိုင်ဖုန်းထံရောက်နေကာ ထန်ဟိုင်ဖုန်း သတိလစ်နေဟန်ဆောင်ခြင်းမှန်းလဲ သတိထားမိခဲ့သည်။ ထန်ဟိုင်ဖုန်းကလဲ သူ့ကို မလျှို့ဝှက်ထားချင်တာကြောင့် ကျောက်ယီရူရောက်လာတုန်းက မျက်လုံးဖွင့်ပြီးနေနေခဲ့ပေမည့် ကိစ္စအသေးစိတ်ကိုတော့ မပြောပြခဲ့ပေ။

သို့ပေမည့် လေ့မိသားစုနှင့်မူမိသားစုကိုတော့ အမှန်တရားအား လျှို့ဝှက်ထားရန် ဆုံးဖြတ်ထားသည်။ သူတို့ကို မယုံကြည်သောကြောင့် မဟုတ်ပါဘဲ အမှန်တရားကိုသိသူ နည်းလေပိုကောင်းလေဖြစ်ခြင်းကြောင့်ပင်။

“ဟမ်း၊ မနေ့နေ့လည်ကတင် အကောင်းကြီးကို အခုများတော့….” သခင်ကြီးလေ့ အလွန်ဝမ်းနည်းနေကာ သူ့ကိုသူ အပြစ်တင်နေတော့သည်။

“ငါမနေ့က ငါ့မိတ်ဆွေဆီသွားလည်တဲ့အချိန် သူ့ကိုမရမက ဆွဲခေါ်သွားခဲ့သင့်တာ။”

မနေ့က ပွဲပြီး၍အိမ်ပြန်ကြချိန် သခင်ကြီးလေးက သူ့မိတ်ဆွေတစ်ဦးဆီတွင် လက်ဖက်ရည်သွားသောက်ကာ စကားပြောကြဖို့အတွက် သခင်ကြီးထန်ကိုပါ ဖိတ်ကြားခဲ့ပေမည့် သခင်ကြီးထန်က ငြင်းလိုက်တာကြောင့် သူလဲ အတင်းမတိုက်တွန်းခဲ့ပေ။ အကယ်၍များ သူသာ အတင်းတိုက်တွန်းခဲ့ပါက ထန်ဟိုင်ဖုန်း သေချာပေါက် သဘောတူကာ လိုက်လာပေလိမ့်မည်။ ထို့အတွက်ကြောင့် သူ့မိတ်ဆွေကြီး၏အသက်ကို ကယ်တင်နိုင်မည့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရ၍ သခင်ကြီးလေ့ အလွန်နောင်တရနေတော့သည်။ သို့ပေမည့် ဒါက သတ်မှတ်ပြီးသာ ကံကြမ္မာတစ်ခုသာဖြစ်ပေသည်။

“ဦးလေးလေ့၊ ဒီကိစ္စအတွက် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ ဦးလေးနဲ့ ဘာမှမဆိုင်ပါဘူး။” ထန်ယွင်ရုန်က သခင်ကြီးလေ့ကို နှစ်သိမ့်ပေးလိုက်သည်။

“ဟုတ်ပါတယ်! ဦးလေးလေ့ အမှားမဟုတ်ပါဘူး။” ကျန်းလီဟွာလဲ ဝင်ပြောလိုက်သည်။

“ဆရာဝန်က ဘာပြောသေးလဲ?” လေ့ဟောက်ဝေ့ မေးလိုက်သည်။

“ဆေးစစ်ချက်ရလဒ်တွေကတော့ ကျန်းမာပြီး အဆင်ပြေတယ်ပဲ ပြနေပေမယ့် အခုထိ သတိပြန်မရလာသေးဘူး။” ထန်ယွင်ရုန် စိုးရိမ်ပူပန်ဟန်ဖြင့် သက်ပြင်းချကာပြောလိုက်သည်။

“ဘာကြောင့်ဖြစ်နေတယ်မှန်းမသိတော့ ဘယ်လိုကုသရမလဲဆိုတာလဲ မသိရတာကြောင့် ပိုဆိုးနေတာ။” ကျန်းလီဟွာလဲပြောလိုက်သည်။ ဘယ်သူကမှတော့ သူမသရုပ်ဆောင်ရုံသက်သက်မှန်း သတိမထားမိကြပေ။ သခင်ကြီးလေ့ကတော့ အနည်းငယ်အပြစ်မကင်းသလို ခံစားနေရပေမည့် ဘာမှမလုပ်ပေးနိုင်ပေ။

ကုနင်းနှင့်လင်ရှောင်းထင်တို့လဲ အတူတူ လူနာခန်းထဲသို့ ဝင်လာခဲ့သည်။ ကုနင်း၏အကြည့်များက မူရွှီရှင်းရှိရာသို့ ရောက်သွားချိန်တွင်တော့ အံ့အားသင့်မိသွားတော့သည်။ ကေက မူရွှီရှင်းနှင့် အတော်ဆင်တူနေကာ ကေ၏နာမည်အရင်းကလဲ မူယဲ့မဟုတ်လား။ သူတို့ကြားမှ တစ်ခုခုရှိနေတာများလား? တိုက်ဆိုင်ရုံသက်သက်ပဲလား?

ကုနင်း သခင်ကြီးလေ့နှင့် ကျောက်ယီရူတို့ကို နှုတ်ဆက်လိုက်ပြီးနောက် ထန်ယွင်ရုန်ကနေပြီး လေ့ဟောက်ဝေ့၊ မူရွှီရှင်း နှင့် မူဝမ်ချီတို့ကို ကုနင်းနှင့် မိတ်ဆက်ပေးခဲ့သည်။ ကုနင်းလဲ သူတို့ကိုယဉ်ကျေးစွာ နှုတ်ဆက်စကားဆိုလိုက်သည်။

သခင်ကြီးလေ့နှင့်ကျောက်ယီရူကတော့ ကုနင်းသည် ထန်ယွင်ဖန်း၏သမီးအရင်းဖြစ်မှန်း သိထားပြီးဖြစ်ပေမည့် အခြားလူများကတော့ မသိသေးတာကြောင့် အံ့အားသင့်နေကြသည်။

ထိုအခါ ထန်ယွင်ရုန်ကနေပြီး ကုနင်းသည် ထန်ယွင်ဖန်းနှင့် ရုပ်ရည်ချင်းဆင်တာကြောင့် ထန်ဟိုင်ဖုန်းက မြေးအရင်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ထန်ဟိုင်ဖုန်းက ကုနင်း၏နောက်ခံအစစစ်ကို လူအများကြား တရားဝင်မထုတ်ပြန်ရသေးခင်အထိ လျှို့ဝှက်ထားရန် ပြောထားခြင်းဖြစ်သည်။ သခင်ကြီးလေ့ကိုလဲ ထိုသို့ပင်ပြောထားတာကြောင့် သခင်ကြီးလေ့ကလဲ လျှို့ဝှက်ထားကာ သားအရင်းကိုပင် မပြောပြခဲ့ပေ။

အားလုံးကလဲ ထန်ယွင်ဖန်း ဘယ်တုန်းကမှလက်မထပ်ထားခဲ့သလို ကလေးလဲ မရှိဖူးကြောင်း သိတာကြောင့် ထန်ယွင်ရုန်၏စကားများကို ယုံကြည်ကြသည်။

လင်ရှောင်းထင်ကိုတော့ ကုနင်း၏သူငယ်ချင်းအဖြစ်သာ ထန်ယွင်ရုန် မိတ်ဆက်ပေးခဲ့ပြီး အသေးစိတ်မပြောပြပေ။

ထိုနောက် မကြာခင်တွင်ပဲ လေ့မိသားစုနှင့် မူမိသားစုတို့ ပြန်သွားခဲ့ကြသည်။

သူတို့ပြန်သွားပြီးသည်နှင့် ထန်ဟိုင်ဖုန်း မျက်လုံးများဖွင့်လာကာ ခြေလက်အညောင်းဆန့်လိုက်သည်။

ကျောက်ယီရူလဲ ခဏအကြာ၌ ပြန်သွားခဲ့သည်။

ထိုအခါ ထန်ဟိုင်ဖုန်းကနေပြီး၊ “ငါ့အထင် မနက်ဖြန်လောက်ဆို သူတို့ထပ်လှုပ်ရှားလာလောက်တယ်။”

ထိုလူများသည် ထန်မိသားစု၏ရန်သူများဖြစ်ပေသည်။ သို့ပေမည့် ထန်ဟိုင်ဖုန်း အံ့အားသင့်သွားမိသည်က သူတို့ရန်သူများဘက်က ချက်ချင်းလှုပ်ရှားလာခဲ့သည်ကိုပင်။

ချွမ်မင်ခိုင်က ထန်ယွင်ရုန်အား ဖုန်းဆက်လာကာ ရုတ်တရက်ဖြစ်ပေါ်လာသည့် ပြဿနာတစ်ရပ်နှင့်အတူ သူတို့၏စီးပွားရေးပါတနာများက မနက်ဖြန်နေ့လည်၂နာရီတွင် ရောက်ရှိလာမည့်အကြောင်း ပြောလာခဲ့သည်။ ဒါကြောင့် မနက်ဖြန်မနက်၁၀နာရီတွင် ဒါရိုက်တာဘုတ်အစည်းအဝေးကျင်းပမည်ဖြစ်သည်။

ဒါတိုက်ဆိုင်မှုမဖြစ်နိုင်ပေ။ ထန်မိသားစု၏စီးပွားရေးလုပ်ငန်းစုတွင် အင်အားကြီးသည့်ခေါင်းဆောင်မရှိလျှင် စီးပွားရေးပါတနာများ စိုးရိမ်ပူပန်ကုန်ကြမည်ဖြစ်တာကြောင့် ဥက္ကဌအသစ်ရွေးချယ်ဖို့ရန် အခွင့်ကောင်းဖြစ်ပေသည်။

ဘာပဲဖြစ်ဖြစ်၊ မနက်ဖြန်ကျင်းပမည့် အစည်းအဝေးကို ထန်မိသားစုဝင်များ တက်ရောက်ကြရပေမည်။

***

အခန်း ၇၀၃

ကေ၏နောက်ခံဇာတ်လမ်း

ထန်သဲ့မင်သာ ဥက္ကဌသစ်ရွေးချယ်တင်မြှောက်ဖို့ရန်အတွက် စီးပွားရေးပါတနာတစ်ဦးကို သေချာ မဲဆွယ်ထားနိုင်ခဲ့ပြီဆိုလျှင်တော့ သေချာပေါက် ယုံကြည်ချက်အပြည့်နှင့် အားလုံးပြင်ဆင်ပြီး ဖြစ်နေပေမည်။ အဆိုးဆုံးကတော့ ဖူခိုင်ယွီ၊ ချန်ကျုံးရှန်းနှင့် ဝူပေါ်ယန်တို့၏ ထောက်ခံမှုကိုလဲ သူရသွားနိုင်ခြင်းပင်။ ဒီလိုသာဆို သူတို့ထက် ရှယ်ယာများစွာ ပိုင်ဆိုင်ထားသော်လည်း ထန်ယွင်ဟန်နှင့် ထန်ယွင်ရုန်တို့တွင် စီးပွားရေးလုပ်ငန်းစုတစ်ခုကို ဦးဆောင်ဦးရွက်ပြုနိုင်သည့် အရည်အချင်းနှင့် စွမ်းရည်မရှိတာကြောင့် သူတို့ဘက်ကသာ နိုင်ချေအရမ်းများသွားပေမည်။

လုပ်ငန်းစုတစ်ခုကို ဦးဆောင်ရမည့်သူသည် ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသည့် လူမျိုးမဟုတ်ဘဲ လုပ်ငန်းစုကို အကောင်းဆုံး ဦးဆောင်ဦးရွက်ပြုနိုင်သည့် လူသာဖြစ်သည်။ ထန်သဲ့မင်သာ ထိုနေရာကို ရယူလိုလျှင် သူ့လမ်းတွင် ခံနေသည့် ထန်ယွင်ဖန်းနှင့် ထန်ဟိုင်ဖုန်းကို ရှင်းထုတ်မှရပေမည်။ ထိုသို့သာ မဟုတ်လျှင် သူဘာလုပ်လုပ်အရာထင်မည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် မနက်ဖြန် အစည်းအဝေးကျရင် အားလုံးသိရမှာပေါ့။

ခဏအကြာတွင် ကုနင်းနှင့်လင်ရှောင်းထင်တို့ ပြန်ထွက်လာခဲ့ကြသည်။

ကုနင်း ကားထဲရောက်သည့် အချိန်တွင်ပဲ ကေမှ ဆက်သွယ်လာခဲ့သည်။

“ဘော့စ်၊ ငါ ထန်သဲ့မင်နဲ့ပတ်သတ်တဲ့ ဥပဒေနဲ့မညီတာရော မကောင်းတဲ့အချက်တွေပါ တစ်ခုမှ ရှာမတွေ့ဘူး။” ကေပြောလိုက်သည်။

ထိုစကားကိုကြားရရာတွင် ကုနင်းသိပ်မအံ့ဩမိပေ။ ထန်ယွင်ဖန်းက ထန်သဲ့မင်သည် ရည်မှန်းချက်ကြီးလွန်းသူဖြစ်ပေမည့် အလွန်ဂရုတစိုက်ရှိသူဖြစ်ကြောင်းလဲ သူမကိုပြောပြထားခဲ့သည်။ ထို့အပြင် ထန်သဲ့မင်သည် အခုမှသာ စတင်လှုပ်ရှားလာခဲ့ခြင်းဖြစ်တာကြောင့် ထန်ယွင်ဖန်းကတော့ ထန်သဲ့မင်နောက်တွင် သေချာပေါက် ကြိုးကိုင်နေသည့် တစ်စုံတစ်ဦးရှိမည်ဟု သေချာနေသည်။ ထန်သဲ့မင်ကို နောက်မှပံ့ပိုးပေးနေသူသည်လဲ အလွန်လျှို့ဝှက်ဆန်းကြယ်ကြောင်း သိသာလှကာ သူ့အကြောင်းနှင့်ပတ်သတ်သည့် မည်သည့်အချက်အလက်ကိုမှ သူမတို့မရှာနိုင်ခဲ့ပေ။

ဒါက မီးခိုးမထွက်သည့် တိုက်ပွဲတစ်ခုလိုပင်။

“ရပါတယ်။” ကုနင်း ထင်ပြီးသားဖြစ်တာကြောင့် စိတ်ထဲမထားခဲ့ပေ။ ထို့နောက် ကုနင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ၊

“ဒါနဲ့၊ ကျွန်မဒီနေ့ပဲ အသက်၅၀လောက်ရှိတဲ့ ယောက်ျားတစ်ယောက်ကို တွေ့ခဲ့တယ်။ သူက ရှင်နဲ့တော်တော်ဆင်ပြီး မျိုးရိုးနာမည်ချင်းတောင်မှ တူနေသေးတယ်။” တစ်နည်းနည်းဖြင့် ကေနှင့် မုရွှီရှင်းကို ကုနင်း မဆက်စပ်ကြည့်ပဲ မနေနိုင်ခဲ့ပေ။

တစ်ဖက်ရှိ ကေသည်တော့ ရုတ်တရက် ကြောင်အသွားခဲ့သည်။ သူ့ပုံစံအရ ထိုလူကို သိထားပြီးဖြစ်ပေမည့် အရမ်းလဲ မှန်းတီးနေသလိုပင်။ ကေ ဤနှစ်များအတွင်းထိုလူနှင့် တွေ့မိအောင် ရှောင်ရှားခဲ့သည်။ မဟုတ်လို့ကတော့ သူ့စိတ်ကိုသူ မထိန်းချုပ်နိုင်ဘဲ ဆိုးဝါးတာတစ်ခုခု လုပ်ပစ်မိနိုင်သည်။

“အိုး၊ တကယ်လား? ကြည့်ရတာ ငါတို့အရင်ဘဝတုန်းက မိသားစုတွေဖြစ်ခဲ့တယ်ထင်တယ်။” ကေ နောက်ပြောင်လိုက်ကာ အခြေအနေကို ပေါ့ပါးသွားအောင် ဆိုလိုက်ပေမည့် ကုနင်းကတော့ တစ်ခုခုလွဲနေကြောင်း သိလိုက်သည်။ ကြည့်ရတာ သူတို့နှစ်ဦးကြီးတွင် ရန်ငြှိုးရန်စဟောင်းများ ရှိနေသလိုပင်။

သူမ ထိုအကြောင်းများကို ကေ့ကို မပြောသင့်တော့ဟု ကုနင်းနားလည်လိုက်တာကြောင့် ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်ကာ၊ “ရုံးတွင်းပြင်ဆင်မှုရော အခြေအနေဘယ်လိုလဲ?”

“အမ်၊ ငါတို့ လူတွေထပ်ငှားထားလို့၊ တစ်လအတွင်း ပြီးလောက်တယ်။”

“ကောင်းတာပေါ့၊” ထို့နောက် ကုနင်းဖုန်းချလိုက်တော့သည်။

………….

ကေ ဖုန်းချပြီးသည်နှင့် အမူအရာမှာ အလွန်အေးစက်လို့သွားတော့သည်။

ထိုအချင်းအရာကြောင့် ချန်စန်းယိက စိုးရိမ်စွာဖြင့်၊ “ဘာဖြစ်တာလဲ?”

“ဘော့စ်က အခုပဲ ငါနဲ့ရုပ်ဆင်ပြီး မျိုးရိုးနာမည်မူနဲ့လူကို တွေ့ခဲ့တယ်တဲ့။” ကေ၏အသံထဲတွင် မုန်းတီးမှုများ နက်နက်ရှိုင်းရှိုင်းပါဝင်လို့နေသည်။

ချန်စန်းယိလဲ မျက်မှောင်ကြုတ်လိုက်မိကာ၊ “အဲ့လူပဲလို့ မင်းထင်တာလား?”

“အွန်း၊ ” ကေပြန်ဖြေလိုက်သည်။ ရာနှုန်းပြည့်တော့ မသေချာပေမည့် ဖြစ်နိုင်သည်ဟု ယုံကြည်နေမိသည်။

“မင်း တကယ်လို့ အဲ့ဒါကို လက်မခံနိုင်သေးဘူးဆိုရင် တစ်ခုခုပြန်လက်စားချေပေါ့။” ချန်စန်းယိပြောလိုက်သည်။

ချန်စန်းယိသည် ကေ၏နောက်ခံဇာတ်လမ်းအကြောင်းကို ကောင်းကောင်းသိထားကာ ကေသာ သူနှင့်သက်ဆိုင်သည်များကို ပြန်ရယူလိုလျှင် သူ့ဘက်က အမြဲတမ်း ပံ့ပိုးကူညီပေးသွားမည်သာ။ ထိုအရာကြောင့် ကေအရမ်းနာကျင်ခဲ့ရပေမည့် သူ့အမေနှင့် ပေးထားခဲ့သည့် ကတိတစ်ခွန်းကြောင့် အခုထိ သည်းခံနေခဲ့ရသည်။

တကယ်တော့ မူရွှီရှင်းသည် ကေ၏မွေးအဖေရင်းဖြစ်ကာ အာဏာနှင့်ကြွယ်ဝမှုအတွက် ဇနီးနှင့်သားကို စွန့်ပစ်ခဲ့သူလဲဖြစ်သည်။ အရင်တုန်းက သူတို့မိသားစုသည် အလွန်ဆင်းရဲကာ မူရွှီရှင်းသည် မြို့ကြီးတစ်ခုတွင် ပြောင်းရွှေ့အလုပ်သမားတစ်ဦးဖြစ်လာခဲ့သည်။

သုံးနှစ်အတွင်း မူရွှီရှင်း တော်တော်လေး ငွေရှာနိုင်ခဲ့ကာ သူ့မိသားစုထံသို့ ငွေများစွာ ပြန်ပို့ပေးခဲ့သည်။

တစ်နေ့တွင်တော့ သူ့ကုမ္ပဏီမှနေပြီး အလုပ်သမားများတွက် လစာမြင့်သည့် နိုင်ငံခြားပရောဂျက်တစ်ခုရှိလာခဲ့ပေမည့် ထိုပရောဂျက်ကို လူလွတ်များသာ ပါဝင်နိုင်မည်ဖြစ်ကြောင်း ပြောပြလာခဲ့သည်။ ထို့အတွက်ကြောင့် မူရွှီရှင်းက နိုင်ငံခြားသို့ သုံးနှစ်မသွားခင်မှာပဲ ကေ၏မိခင်နှင့် ကွာရှင်းခဲ့သည်။

ကေ၏မိခင်ကလဲ ခင်ပွန်းဖြစ်သူကို ယုံကြည်ကာ သူပြောသလို လိုက်လုပ်ပေးခဲ့သည်။

ထိုသုံးနှစ်အတွင်း မူရွှီရှင်းက မိသားစုဆီသို့ ငွေများစွာ ပြန်ပို့ပေးခဲ့ကာ ကေနှင့်ကေ၏မိခင်လဲ အချိန်တိုလေးအတွင်း ကောင်းမွန်သည့် ဘဝတွင် နေထိုင်နိုင်ခဲ့သည်။ သို့ပေမည့် သုံးနှစ်ကြာပြီးသည်အထိ မူရွှီရှင်းက ကေ၏မိခင်ကို ပြန်လက်ထပ်မည့်အကြောင်း လုံးဝစကားမစခဲ့ပေ။ ကေ၏မိခင်က ထိုအကြောင်းများကို လုံးဝမပြောခဲ့တာကြောင့် ကေလဲ မသိခဲ့ပေ။

ကေအသက်၁၇နှစ်အရွယ်သို့ရောက်ချိန်တွင်တော့ လူသန်ကြီးများအုပ်စုကို ဦးဆောင်လာသည့် မိန်းမတစ်ယောက်က သူတို့အိမ်သို့ရောက်ရှိလာကာ အိမ်ကို ဖျက်ဆီးကြတော့သည်။ ထိုအဖြစ်အပျက်ကြောင့်ပဲ ကေ၏မိခင်လဲ နာမကျန်းဖြစ်ခဲ့ရသည်။ ကေက မိခင်ဖြစ်သူအား ထိုလူများ မည်သူဖြစ်ကြောင်း မေးခဲ့ပေမည့် မိခင်ဖြစ်သူကတော့ မပြောပြခဲ့ပေ။ တစ်လအကြာတွင်တော့ ကေ၏မိခင် ဆုံးပါးခါနီးတွင်တော့ ကေ့ကို အဖြစ်အပျက်အားလုံးအား အမှန်အတိုင်းပြောပြလာတော့သည်။

ထိုအခါမှ မူရွှီရှင်းသည် ကွာရှင်းလိုက်ကတည်းက ကေ၏မိခင်ကို ပြန်လည်လက်ထပ်ဖို့ လုံးဝမစဉ်းစားထားကြောင်း သိလိုက်ရတော့သည်။

မူရွှီရှင်း မြို့ကြီးတွင် အလုပ်သွားလု်ပစဉ် ချမ်းသာသည့် မိသားစုမှ မိန်းကလေးတစ်ဦးနှင့် ချစ်ကြိုက်ခဲ့ကာ ထို့နောက်တွင်တော့ အတူတူနေထိုင်ခဲ့သည်။ မကြာခင်တွင်ပဲ ထိုမိန်းကလေးတွင် ကိုယ်ဝန်ရှိလာခဲ့တာကြောင့် မူရွှီရှင်းက ကေ၏မိခင်နှင့် ခပ်မြန်မြန်ကွာရှားကာ ထိုမိန်းကလေးနှင့် လက်ထပ်ခဲ့သည်။

ကေ၏မိခင်ဘက်က ပြန်လက်ထပ်ကြဖို့ရန် ထုတ်ပြောမလာခင်အထိ ကွာရှင်းရသည့် အကြောင်းအရင်းအမှန်ကို မူရွှီရှင်း ထုတ်မပြောခဲ့ပေ။

ထိုထိတ်လန့်စရာသတင်းစကားကိုကြားပြီးနောက် ကေ၏မိခင် စိတ်ဒုက္ခရောက်ခဲ့ရပေမည့် မူရွှီရှင်း သူမအပေါ် သစ္စာဖောက်သွားခဲ့သည်ကို လက်ခံလိုက်တော့သည်။

ကေ့တွင် တရားဝင်မိသားစုအပြည့်အစုံရှိသေးသည်ဟုသာ ယုံကြည်နေစေရန်အတွက် ကေ၏မိခင်က ကေ၏ဖခင်သည် တကယ်တမ်း သူမတို့မိသားစုနှင့် မသက်ဆိုင်တော့ကြောင်းကို လျှို့ဝှက်ထားခဲ့သည်။ မူရွှီရှင်းသည်လဲ တစ်ချိန်လုံး အဝေးတွင် အလုပ်လုပ်နေရသည့် ဖခင်တစ်ဦးဟန်ဆောင်ကာ လတိုင်း ငွေပမာဏတစ်ခုဆီ ပေးပို့ခဲ့သည်။ တစ်ခါတစ်လေဆိုလျှင် အိမ်သို့တောင် ခဏတဖြုတ်ပြန်လာပေးသေးသည်။

သူတို့အိမ်ကို ဖျက်ဆီးခဲ့သည့် အမျိုးသမီးကတော့ မူရွှီရှင်း၏ ဇနီးအသစ်လေးပင်ဖြစ်သည်။

မူရွှီရှင်၏ဇနီးအသစ်သည် မူရွှီရှင်းက ကေနှင့်ကေ၏မိခင်ကို ထောက်ပံ့ပေးနေစဲဖြစ်ကြောင်း မသိခဲ့တာကြောင့် သိသွားသည်နှင့် တစ်ပြိုင်နက် အလွန်ဒေါသထွက်သွားခဲ့သည်။

အမှန်တရားများကို ကေသိလိုက်ရချိန်တွင်တော့ မူရွှီရှင်းကို သေလောက်အောင် မုန်းတီးခဲ့သလို သူ့မိခင်ကို သေဆုံးအောင် တစ်ဖက်လှည့်နှင့်ပြုလုပ်ခဲ့သည့် အမျိုးသမီးကိုလဲ မုန်းတီးမိသည်။ သို့ပေမည့် သူ့မိခင်ကတော့ မူရွှီရှင်းသည် ဘယ်လောက်ပဲ အာဏာနှင့် ကြွယ်ဝမှုအတွက် မိသားစုကို စွန့်ပစ်ခဲ့သည်ဆိုဆို ကေ အသက်၁၇နှစ်အထိ ကျူရှင်စားရိတ်များ၊ နေထိုင်စားသောက်စားရိတ်များကို ထောက်ပံ့ပေးနေခဲ့တာကြောင့် ထိုနှစ်ဦးကို သွားရှာခွင့် လုံးဝမပြုခဲ့ပေ။ ထို့အပြင် မူရွှီရှင်း၏ဇနီးအသစ်သည် ချမ်းသာကာ အင်အားကြီးသည့် မိသားစုမှဖြစ်တာကြောင့် ကေလုံးဝမယှဉ်နိုင်ပေ။

ထို့ကြောင့်ပဲ ကေ၏မိခင်က မူရွှီရှင်းကို ဘယ်တော့မှ သွားမရှာပါဘူးဆိုသည့် ကတိကို ကေ့အား အတင်းတည်ခိုင်းခဲ့သည်။ ကေကတော့ ကတိမပေးချင်ပေမည့် သူ့မိခင် ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်ရန်အတွက် လက်ခံခဲ့ရသည်သာ။

မူရွှီရှင်း Bမြို့တွင်ရှိနေမှန်း ကေသိတာကြောင့်လဲ ထိုကတည်းက Bမြို့သို့ လုံးဝမသွားခဲ့ပေ။

***

အခန်း ၇၀၄

ကောင်းလိုက်တာ!

မိခင်ဖြစ်သူကို ဘယ်တော့မှ ဖခင်ကို သွားမရှာပါဘူးဟု ကေကတိပေးခဲ့ပေမည့် ဒီနှစ်တွေအတွင်း သူ့ဖခင်ကို မုန်းတီးစိတ်ကိုတော့ အမြစ်တွယ်နေစဲပင်။ ထို့ကြောင့် သူသာ Bမြို့သို့ရောက်လို့ ဖခင်နှင့်တွေ့ဆုံမိခဲ့ပါက မလုပ်သင့်တာတစ်ခုခု လုပ်မိသွားမည်ကို စိုးခဲ့သည်။ အခုထိလဲ ထိုခံစားချက်မျိုးအတိုင်း ရှိနေစဲပင်။

ချန်စန်းယိသည်တော့ ကေ့နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေသည့် ရန်ငြှိုင်းရှိနေကြောင်းနှင့် ထိုရန်ငြှိုးကို ဘယ်တော့မှ ထုတ်ဖယ်ပစ်၍မရနိုင်မှန်းကိုလဲ သိထားပြီးဖြစ်သည်။ ထိုရန်ငြှိုးကြောင့်နှင့် ကေ့ဘဝတစ်လျှောက်လုံး မပျော်မရွှင်ရှိနေရမည်ကိုတော့ ချန်စန်းယိမမြင်လိုပေ။

“ငါ့ဘက်ကတော့ စသွားရှာမှာမဟုတ်ဘူး။ ဒါပေမယ့် တစ်နေ့ ငါနဲ့ ထိပ်တိုက်လာဆုံရင်ကတော့ သေချာပေါက် လက်စားပြန်ချေမယ်။” ကေပြောလိုက်သည်။ မိခင်ဖြစ်သူ တောင်းဆိုခဲ့သည့် ကတိစကားကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပေမည့် အကယ်၍ မူရှင်းရွှီနှင့် ထိုအမျိုးသမီးကသာ သူ့ရှေ့ပေါ်လာခဲ့ရင်တော့ သူ့နှလုံးသားထဲက ဆန္ဒအတိုင်းသာ လုပ်ဆောင်သွားမည်ဖြစ်သည်။

ချန်စန်းယိသည်လဲ ထိုအတွေးမှာ မဆိုးလှဟု ခံစားမိသည်။

……….

ညနေ၅နာရီတွင်တော့ ယုကျီထံသို့ ယန်ကတော်၏သားဖြစ်သူ ယန်ကျီချင်က ဖုန်းဆက်လာခဲ့သည်။ ဒီလောက်မြန်မြန်ကြီး ဆက်သွယ်လာလိမ့်မည်ဟု ယုကျီမထင်မှတ်ထားတာကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးသွားရသည်။

ယန်ကျီချင်က ယုကျီအားပါက ညနေစာအတူစားဖို့ရန် ဖိတ်ကြားလာခဲ့သည်။ ယန်ကတော်၏သားကို တွေ့ပါမည်ဟု ယုကျီသဘောတူပြီးသားဖြစ်တာကြောင့် ငြင်းလိုက်ဖို့ မသင့်လျော်ပေ။

ယန်ကတော်ကိုရော ယန်ကတော်၏နောက်ခံမိသားစု အကြောင်းကိုပါ ယုကျီ သေချာမသိပေမည့် လင်းကတော်၏အပြုအမူအရ ယန်ကတော်သည် အဆင့်အတန်းမြင့်သည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရပေသည်။ ထို့အပြင် ယန်ကျီချင်က သူမကို လူမြင်ကွင်းနေရာတွင်ပင် ချိန်းဆိုခဲ့တာကြောင့် အန္တရာယ်မရှိနိုင်၍ ယုကျီ ချိန်းဆိုမှုကို သဘောတူလိုက်သည်။

ယုကျီအဆင်ပြေစေရန်အတွက် ယန်ကျီချင်က ဖန်ရှန်းဈေးဝယ်စင်တာတွင်ပဲ တွေ့ဆုံဖို့ ချိန်းဆိုခဲ့ကာ ယုကျီကို အမြင်ကောင်းရှိစေခဲ့သည်။

ယုကျီကို ယန်ကျီချင် မချိန်းဆိုခင်ကတည်းက သူနှင့်သူ့သူငယ်ချင်းတစ်ဦး ပိုင်ဆိုင်သည့် စားသောက်ဆိုင်တွင် ကြိုတင်နေရာမှာထားခဲ့ခြင်းဖြစ်သည်။

ယုကျီက သူနှင့်ညနေစာစားဖို့ရန် သဘောတူလိုက်ကာမှ ယန်ကျီချင်လဲ ချက်ချင်းပင် ဖန်ရှန်းဈေးဝယ်စင်တာသို့ ထွက်လာခဲ့သည်။

ချိန်းဆိုချိန်မှာ ညနေ၆နာရီမှဖြစ်ပေမည့် ယန်ကျီချင်က ယုကျီအပေါ် လေးစားမှုကို ပြသရန်အတွက် မိနစ်၂၀စောရောက်နေခဲ့သည်။ ယုကျီသည်လဲ သေချာပေါက် ၆နာရီမှ လာမည့်လူမဟုတ်ပေ။ သူတို့နှစ်ဦးလုံးသည် အမူအကျင့်ကောင်းများရှိသူမဟုတ်ပါလား။ ယုကျီ စားသောက်ဆိုင်သို့ ရောက်ချိန်တွင် ၆နာရီထိုးဖို့ရန် ၁၀မိနစ်လိုနေသေးသည်။

သို့ပေမည့် ယန်ကျီချင် ပြောထားသည့် စားပွဲနေရာသို့ ယုကျီရောက်ရှိလာချိန်တွင်တော့ စားပွဲဝိုင်းတွင် ထိုင်နေသည့် အမျိုးသားကြောင့် အံ့အားသင့်သွားတော့သည်။

“ရှင်ပဲ!”

ယုကျီ၏တုံ့ပြန်ပုံကြောင့် ယန်ကျီချင်ကတော့ မအံ့ဩသွားဘဲ အပြုံးလေးနှင့် မတ်တပ်ထရပ်လိုက်ကာ၊

“မိန်းကလေးယု၊ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ယန်ကျီချင်ပါ။ မင်း ကျွန်တော့်ကို မှတ်မိနေလို့ ဝမ်းသာပါတယ်။ ထိုင်ပါ။”

ယုကျီနှင့်ယန်ကျီချင်တို့ အချင်းချင်းမသိကြသော်လည်း တစ်ကြိမ်တွေ့ဖူးခဲ့ကာ မမေ့နိုင်စရာအဖြစ်အပျက်ပင်ဖြစ်သည်။

လွန်ခဲ့သည့် ၃လခန့်က တစ်ရက်ရက်တွင် ယုကျီ ပန်းခြံတစ်ခုထဲ လျှောက်သွားနေခိုက် ဓါးရေးလေ့ကျင့်နေသည့် အဘိုးကြီးတစ်ဦးသည် ရုတ်တရက် အထိန်းအချုပ်လွတ်သွားကာ ယုကျီဘက်သို့ ဓါးက ပျံ့သန်းသွားခဲ့သည်။ ထိုအချိန်တွင်ပဲ တစ်စုံတစ်ယောက်က သူမကို ဆွဲကာ ဓါးလမ်းကြောင်းမှ ဖယ်ထုတ်ပေးခဲ့သည်။

ယုကျီကတော့ ထိုလူက သူမကို ထိပါးစော်ကားခြင်းဟု တွေးလိုက်မိတာကြောင့် ချက်ချင်းမဆိုင်း ထိုလူကို ပါးရိုက်ချခဲ့သည်။ ထို့နောက်တွင်တော့ နားလည်မှုလွဲသွားခြင်းသာဖြစ်ကြောင်း သိလိုက်ရသည်။ ယုကျီလဲ အလွန်ရှက်သွားကာ ထပ်ခါတလဲလဲ တောင်းပန်ရင်း ကျေးဇူးတင်စကားဆိုခဲ့သည်။ ယန်ကျီချင်ကတော့ စိတ်ထဲမထားခဲ့ပေမည့် သူ့ကိုပါးရိုက်ခဲ့သည့် ယုကျီကိုတော့ အမှတ်ရနေခဲ့ကာ သူမသည် အလွန်ရယ်စရာကောင်းသည်ဟု တွေးနေမိခဲ့သည်။

ပြီးခဲ့သည့်၃လအတွင်းတွင်လဲ ထိုအဖြစ်အပျက်ကို ပြန်တွေးမိသည့် အခါတိုင်း ယန်ကျီချင် မနေနိုင်ဘဲ ရယ်နေခဲ့တော့သည်။ မနေ့ကတော့ JadeBeautyနှင့်Charm၏ သတင်းထုတ်ပြန်ပွဲကနေပြီး ယုကျီကို တွေ့ရှိခဲ့ကာ သူမ၏ဒီဇိုင်းတီထွင်မှုအပေါ် သဘောကျခဲ့သည်။

အစကတော့ ယုကျီကို ပိုးပန်းဖို့ရန် စိတ်ကူးမရှိခဲ့သော်လည်း မိခင်ဖြစ်သူက မိန်းကလေးတစ်ယောက်နှင့် သူ့ကို နေရာချပေးချင်နေသည်။ တကယ်တမ်း ယခုလို တစ်ဖက်လူအကြောင်း သေချာမသိရသည့် တွေ့ဆုံပွဲမျိုးတွင် ရိုမန့်တစ်မဆန်လှတာကြောင့် မလာချင်ခဲ့ပေ။ သို့ပေမည့် သူတွေ့ရမည့်မိန်းကလေးမှ ယုကျီဖြစ်ကြောင်း သိလိုက်ရသည်နှင့် ချက်ချင်းပင် သဘောတူလိုက်တော့သည်။

ယုကျီ ထိုင်ပြီးသွားသည်နှင့် ယန်ကျီချင်က စားသောက်စာရင်းကို ကမ်းပေးလာကာ၊ “မင်းကြိုက်တာမှာလိုက်ပါ။”

“ကျေးဇူးပါပဲ။” ထို့နောက် ယုကျီ စားသောက်စာရင်းကို ဖတ်ကြည့်နေလိုက်သည်။

သူတို့ချင်းတွေ့ဖူးထားတာကြောင့် လုံးဝသူစိမ်းသက်သက်မဟုတ်တော့၍ ယုကျီ တော်တော်လေး စိတ်ပေါ့ပါးသွားသည်။

သူမ အသားကင်တစ်ပွဲ၊ ဖျော်ရည်တစ်ခွက်နှင့်၊ အသီးသုတ်တစ်ပွဲကို မှာယူလိုက်သည်။

အရင်က သူတို့ကြားတွင် နားလည်မှုလွဲစရာအခြေအနေရှိခဲ့ပေမည့် ချက်ချင်းပဲ ဖြေရှင်းပြီးခဲ့တာကြောင့် အချင်းချင်း နေရခက်မနေတော့ဘဲ ပျော်ရွှင်စွာ စားသောက်ခဲ့ကြသည်။

………

တစ်ချိန်တည်းတွင်ပဲ ကုနင်းသည်လဲ သူမသူငယ်ချင်းများနှင့်အတူ ညစာစားနေခဲ့သည်။

“ဘော့စ်၊ မင်း ဘယ်တော့ မြို့တော်ပြန်မှာလဲ?” ရှုကျင်းချန်မေးလိုက်သည်။

“မသိသေးဘူး။” လင်းရှောင်ထင်ပြန်ဖြေလေသည်။ နောက်လာမည့် နှစ်ရက်အတွင်း ဘာတာဝန်မှ ချမလာပေးဖို့ရန် လင်ရှောင်းထင် မျှော်လင့်နေသည်။ ထိုမှသာ သူ ကုနင်းနှင့်အချိန်ကြာကြာ ပိုရှိနေနိုင်ပေမည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင်လဲ ကုနင်းနှင့်အတူရှိနေခဲ့ပေမည့် အမြဲတမ်း သူတို့အနားတွင် အခြားလူများရှိနေခဲ့သည်။

“အွန်းပါ။” ရှုကျင်းချန်ပြန်ပြောလိုက်သည်။

……….

ကောင်းယိနှင့်ချောင်ယတို့ ညစာစားပြီးနောက် လမ်းလျှောက်ထွက်ခဲ့ကြပေမည့် မကြာခင်တွင်ပဲ သူတို့နောက် တစ်ယောက်ယောက် နောက်ယောင်ခံလိုက်နေသည်ကို သတိထားမိသွားခဲ့သည်။

ထိုလူကို သူတို့သိပ်အာရုံမစိုက်ကြပေမည့် လူနည်းသည့် လမ်းဘက်သို့ ဦးတည်လျှောက်လာခဲ့သည်။ အနားတွင် ဘယ်သူမှ မရှိတော့သည့် အချိန်တွင်မှ နောက်ယောင်ခံလိုက်သူကို ရှာဖွေလိုက်သည်။ တစ်ချက်ကြည်ရုံဖြင့် အနက်ရောင်ဝတ်စုံနှင့်နှာခေါင်းစည်းတပ်ထားကာ ဘေ့ဘောဦးထုပ်ဆောင်းထားသည့်လူကို တန်းအာရုံစိုက်မိသွားသည်။

ထိုလူကလဲ သူရှိနေမှန်း ကောင်းယိတို့သိနေပြီဖြစ်ကြောင်း သိပေမည့် ကောင်းယိနှင့်ချောင်ယ၏အကြည့်ကို မရှောင်ရှားဘဲ သူတို့ရှိရာသို့ပင် တိုက်ရိုက်လျှောက်လာခဲ့သည်။

ကောင်းယိနှင့်ချောင်ယသည်တော့ နှုတ်ဆိတ်လျှက် ထိုလူကို စိုက်ကြည့်နေကြသည်။

ထိုလူက သူတို့နှစ်ဦးနှင့် ၂မီတာအကွာခန့်တွင် ရပ်သွားကာ၊ “သိမ်းငှက်၊ ပျံလွှား၊ မင်းတို့ကတော့ ကောင်းလိုက်တာ! အခုတော့ သာမာန်ဘဝလေးမှာ နေနိုင်နေပြီပေါ့။”

ထိုစကားကြောင့် ကောင်းယိရော ချောင်ယပါ အံ့ဩသွားကြပေမည့် စိတ်အေးအေးဖြင့် သတိအနေအထားနေလိုက်သည်။

***

အခန်း ၇၀၅

ကြောင်နက်

ထိုဝတ်စုံနက်နှင့်လူက သူတို့ကို မှတ်မိနေသည်ဆိုမှတော့ သူတို့နှင့် တူညီသည့်အဖွဲ့အစည်းကပင် ဖြစ်ရပေမည်။ သူအခုလိုရောက်လာခြင်းက သူတို့ကိုသတ်ဖို့ တာဝန်ပေးအပ်ခြင်းခံရခြင်းကြောင့်ပဲဖြစ်ပေမည်။

“ငါတို့ကို သတ်ဖို့လာတာလား?” ကောင်းယိမေးလိုက်သော်လည်း အဖြေကိုတော့ ကြိုသိနေပေပြီ။ သူတို့နှစ်ဦး၏နာမည်များက အခုချိန်တွင် အလိုရှိစာရင်း၌မရှိတော့လျှင်တောင်မှ သတ်ဖြတ်သူအဖွဲ့အစည်းမှခေါင်းဆောင်ကတော့ သူတို့လုပ်ခဲ့သည့် ကိစ္စအတွက် သတ်ချင်နေနိုင်သေးသည်။

“မဟုတ်ပါဘူး။” ထိုလူက ငြင်းလိုက်တာကြောင့် ကောင်းယိရော ချောင်ယပါ အံ့အားသင့်သွားကြသည်။

“ဒါဆို ဘာအတွက်လဲ?” ကောင်းယိ သံသယအကြည့်များဖြင့် မေးလိုက်သည်။

“အဲ့ဒါလား။” ထိုလူ၏အသံမှာ ပျက်ရယ်ပြုနေသလိုပင်။ “ငါလဲ မင်းတို့လိုပဲ အလိုရှိစာရင်းထဲ ရောက်နေတယ်လေ။ ဒါပေမယ့် မင်းတို့လိုတော့ ငါ့နာမည်ကို စာရင်းကို မရှင်းထုတ်နိုင်ဘူး။ ဒါကြောင့် အခုလို လိုက်လာတာ။”

ထိုစကားကြောင့် ကောင်းယိရော ချောင်ယပါ မျက်မှောင်ကြုတ်လိုက်ကြပြီး ထိုလူ၏နာမည်က ဘာကြောင့် အလိုရှိစာရင်းထဲရောက်နေရလဲဆိုသည့် အကြောင်းကို သိချင်လာသည်။ ပုံမှန်ဆိုလျှင် အလိုရှိစာရင်းထဲဝင်သွားသည့် လူသတ်သမားများသည် သူတို့အဖွဲ့အစည်းကို သစ္စာဖောက်ခဲ့ကြသူများသာဖြစ်သည်။ လူသတ်သမားတစ်ယောက်ကတော့ အခြားလူသတ်သမားတစ်ယောက်နာမည်ကို အလိုရှိစာရင်းထဲ မထည့်ကြဘဲ ကိုယ့်ပြဿနာကိုယ်သာ ဖြေရှင်းကြလေ့ရှိသည်။ သူတို့ဘယ်လောက်ပဲ သိချင်နေပါစေ အကြောင်းရင်းကိုတော့ မမေးခဲ့ပေ။ သိချင်စိတ်က ကြောင်ကို သေစေသည်မဟုတ်ပါလား။

“မင်း ငါတို့ကိုဘယ်လိုရှာတွေ့တာလဲ၊ ဘာကြောင့် ရှာတာလဲ?” ကောင်းယိထပ်မေးလိုက်သည်။

“မင်းတို့ကို အခုပဲ မတော်တဆတွေ့လိုက်တာ၊ ပြီးတော့ ငါ့နာမည်ကို အလိုရှိစာရင်းကနေ မင်းတို့ကို ဖျက်ခိုင်းစေချင်လို့ပေါ့။ ငါမင်းတို့အပေါ် အကြွေးတင်သွားပြီမို့ ငါ့အစွမ်းရှိသလောက် အကောင်းဆုံး မင်းတို့အတွက်အားလုံးလုပ်ပေးမယ်။”

“စိတ်မကောင်းပါဘူး။ ငါတို့နာမည်ကိုဖျက်နိုင်တဲ့အရည်အချင်း ငါတို့မှာမရှိဘူး။ တစ်ယောက်ယောက်က ငါတို့ကိုကူညီခဲ့တာ။” ကောင်းယိပြန်ပြောလိုက်သည်။

“ဘယ်သူလုပ်ပေးတာလဲ?”

“မင်းပြောနေတာ အမှန်ဟုတ်မဟုတ် အရင်ဆုံးသေချာအောင် ပြောသင့်တယ်မဟုတ်ဘူးလား? ငါလဲ မင်းကို အဲ့ပုဂ္ဂိုလ်ရဲ့နာမည် ချက်ချင်းမပြောပြနိုင်သေးဘူး။”

ထိုလူခဏမျှ ကြောင်အသွားခဲ့ကာ ကောင်းယိ၏စကားက ကျိုးကြောင်းသင့်သည်ဟု တွေးလိုက်တာကြောင့် သူ့နှာခေါင်းစည်းနှင့်ဦးထုပ်ကို ချွတ်လိုက်သည်။ ထို့နောက်တွင်တော့ ဓါးဒဏ်ရာတစ်ခုနှင့် ငယ်ရွယ်သည့် မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ကြောင်နက်!”

ထိုလူ၏မျက်နှာကိုမြင်လိုက်ရသည်နှင့် ရင်းနှီးနေသည့်ပုံရိပ်ကြောင့် ကောင်းယိနှင့်ချောင်ယတို့ အံ့ဩသွားကြသည်။ သူတို့နာမည်များသည် အလိုရှိစာရင်းတွင်ရှိနေခဲ့တာကြောင့် အခြားလူများက သူတို့၏မျက်နှာနှင့် ကုဒ်နာမည်များကို သိသည်မှာ ပုံမှန်ဖြစ်ပေမည့် ဒီလိုရင်းနှီးနေသည့်အသွင်အပြင်ကြောင့် အံ့ဩမိနေစဲပင်။

သတ်ဖြတ်သူကမ္ဘာတွင် သူတို့၏အချက်အလက်များမှာ လျှို့ဝှက်ချက်တစ်ခုဖြစ်တာကြောင့် အဖွဲ့အစည်းတစ်ခုတည်းတွင် လုပ်သူများ သို့မဟုတ် လေ့ကျင့်ရေးနေရာတွင် အချင်းချင်းတွေ့ဖူးသူ သို့မဟုတ် တာဝန်တူတာကြောင့် အချင်းချင်းတိုက်ခိုက်ဖူးသူများမဟုတ်လျှင် ရင်းရင်းနှီးနှီးမြင်ဖူးထားသူမရှိပေ။

သူတို့နှင့် ကြောင်နက်သည် တာဝန်ချင်းတူနေတာကြောင့် ပြဿနာတက်ခဲ့ဖူးသည်။ သူတို့အချင်းချင်း သတ်ဖြတ်လုနီးပါးဖြစ်ခဲ့ပေမည့် တာဝန်ပြီးမြောက်သွားရန်အတွက် တစ်ဖက်နှင့်တစ်ဖက် ကူညီခဲ့တာကြောင့် အဆုံးတွင်တော့ ဆုကြေးကို ခွဲဝေယူခဲ့ကြသည်။

“မင်းတို့မယုံဘူးဆိုရင် အလိုရှိစာရင်းမှာစစ်ကြည့်လိုက်ပေါ့။ ငါစောင့်နိုင်ပါတယ်။” ကြောင်နက်က ပြောလာသည်။

“မင်းကို ကူညီတာ မကူညီတာက ငါဆုံးဖြတ်လို့မရဘူး။ သူမ ဆုံးဖြတ်တဲ့အခြေအနေကို မင်းကျေနပ်ဖို့လိုလိမ့်မယ်လို့တော့ထင်တယ်။” ကုနင်းဘက်က ဘာသဘောတူညီမှုမှမရှိပါဘဲ သဘောတူလိမ့်မည်မဟုတ်ကြောင်း ကောင်းယိသိပေသည်။

“ဘယ်လိုအခြေအနေမျိုးလဲ?” ကြောင်နက်ပြန်မေးလိုက်သည်။ ကမ္ဘာပေါ်တွင် အလကားစားရသည့် နေ့လည်စာဆိုတာမရှိတာကြောင့် ဒါက ကိစ္စကြီးမဟုတ်ဟုသာ ကြောင်နက်ထင်မိသည်။

“မင်းရဲ့ကျန်တဲ့ ဘဝသက်တမ်းတစ်လျှောက် သူမအတွက် အလုပ်လုပ်ပေးရမယ်။” ကောင်းယိပြန်ပြောလိုက်သည်။

ထိုစကားကြောင့် ကြောင်နက် မျက်မှောင်ကြုတ်သွားသည်။ ဒါနဲ့ သူ့ရဲ့ အရင်သတ်ဖြတ်သူအဖွဲ့အစည်းတုန်းကနဲ့ ဘာများကွာသွားလို့လဲ?

“ငါတို့ကတော့ ငါတို့ရဲ့ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက် သူမအတွက် အလုပ်လုပ်ပေးသွားဖို့ ဆန္ဒရှိကြတယ်။ ဒါပေမယ့် မင်းကို သူမအသုံးပြုချင်လားဆိုတာပေါ်တော့ မူတည်နေတုန်းပဲ။ ငါပြောနိုင်တာတစ်ခုကတော့ သူမက အရမ်းအောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ဥပဒေမဲ့တဲ့ဘာအလုပ်ကိုမှ မလုပ်ဘူးဆိုတာဘဲ။” ကြောင်နက်သည်လဲ သူ့ကျန်ရှိသည့် ဘဝသက်တမ်းကို သွေများဖြင့်ပြည့်နှက်နေသည့် သတ်ဖြတ်ရသည့် လမ်းကို ဆက်မလျှောက်လိုတော့ခြင်းဖြစ်ကြောင်း ကောင်းယိနားလည်နိုင်ပေသည်။

ကြောင်နက်ကို ကုနင်းကူညီပေးပါ့မလားဆိုသည်ကိုတော့ သူမသေချာပေမည့် ကုနင်းကို မပြောခင် ကြောင်နက်၏ဆန္ဒကိုလဲ သိထားချင်ပေသည်။

ကောင်းယိကတော့ ကြောင်နက်သည် အလွန်တော်သည့် သတ်ဖြတ်သူတစ်ယောက်ဖြစ်ကာ ကုနင်းလဲ သူ့ကိုလိုအပ်နိုင်တာကြောင့် ကူညီပေးလိုက်ချင်သည်။ ကြောင်နက်၏စရိုက်ကိုတော့ ကောင်းယိသေချာမသိသလို သူ့ကို ကူညီမလား မကူညီဘူးလားဆိုသည်က ကုနင်းနှင့်သာ ဆိုင်ပေသည်။

“အဆင်ပြေရင်၊ ငါသူမနဲ့ ကိုယ်တိုင် ဆွေးနွေးကြည့်ချင်တယ်။” ကြောင်နက်ပြောလိုက်သည်။

“ငါဖုန်းနဲ့ဆက်သွယ်ပြီး မင်းအကြောင်းပြောကူပေးနိုင်တယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကတော့ သူမဆန္ဒအတိုင်းပဲ။” ကောင်းယိ၏ဆိုလိုရင်းကို ကြောင်နက်လဲ နားလည်ပေသည်။ ထို့နောက် ကောင်းယိ တစ်ဖက်သို့ ထွက်သွားကာ ကုနင်းကို ဖုန်းဆက်လိုက်သည်။

……….

ကောင်းယိ ဖုန်းခေါ်ဆိုလာချိန်တွင် ကုနင်းသည် ညစာစားပြီး၍ သူငယ်ချင်းများနှင့် နောက်ထပ် ဘယ်ကိုသွားကာ ပျော်ကြမလဲဆိုသည်ကို ဆွေးနွေးနေကြခြင်းဖြစ်သည်။

“ဘော့စ်၊ ငါ မင်းနဲ့ သီးသန့်ပြောစရာရှိတယ်။” ဖုန်းကိုင်လိုက်ချိန်တွင် ဘေးမှ အခြားလူသံများကြားရတာကြောင့် ကောင်းယိပြောလိုက်ခြင်းဖြစ်သည်။

ထိုစကားကြောင့် ကုနင်း သူမမျက်ခုံးကို တစ်ချက်ကုတ်လိုက်ရင်း အရေးကြီးကိစ္စဖြစ်မည်မှန်း သိလိုက်သည်။

“ခဏလေးစောင့်။” ကုနင်း ထရပ်ကာ အတွင်းခန်းဘက်သို့ ထွက်လာလိုက်သည်။

“ရပြီ၊ ပြောတော့။”

ထို့နောက် ကြောင်နက်အကြောင်းကို ကောင်းယိပြောပြခဲ့သည်။

ကောင်းယိ၏စကားများကြောင့် ကုနင်း မျက်ဝန်းများလင်းလက်လာတော့သည်။ သူမအခုချိ်နတွင် အရည်အချင်းရှိသည့် တိုက်ခိုက်တတ်သည့် သိုင်းပညာတတ်သည့်လူများကို လိုအပ်နေကာ သတ်ဖြတ်သူတစ်ယောက်ဆိုလျှင် ပိုတောင်ကောင်းသေးသည်မဟုတ်လား! ထိုလူ၏စရိုက်အနေအထားကတော့ တွေ့ကြည့်မှသိရတာပေါ့။ ထို့ကြောင့် အဝေးကြီးမတွေးနေတော့ပေ။ ထို့ကြောင့် ကြောင်နက်နှင့် တွေ့ဆုံမည်ဖြစ်၍ ဟွမ်းဒင်ဟိုတယ်သို့ လာခဲ့ကြရန်ပြောလိုက်သည်။

ကုနင်း ထွက်သွားသည့်အချိန်တွင် အားလုံးမှာ နောက်သွားမည့်နေရာအတွက် ဆုံးဖြတ်ပြီးကြပြီဖြစ်ပေမည့် ကုနင်းကတော့ မလိုက်နိုင်တော့ပေ။

“စိတ်မကောင်းလိုက်တာ၊ ငါအခုချက်ချင်း အရေးကြီးကိစ္စလုပ်စရာရှိလို့ နင်တို့နဲ့မလိုက်နိုင်တော့ဘူး။”

ကုနင်း မလိုက်နိုင်တော့တာကြောင့် အားလုံးစိတ်ပျက်သွားကြပေမည့် ကုနင်း အလွန်အလုပ်များသူဖြစ်မှန်းကို နားလည်ကြသည်။

ကုနင်း မလိုက်ဘူးဆိုမှတော့ လင်ရှောင်းထင်လဲ အလိုအလျောက်မလိုက်တော့ပေ။ သူငယ်ချင်းများ ထွက်သွားပြီးနောက်တွင်တော့ သူမတို့နှစ်ဦး လက်ဖက်ရည်သောက်ခန်းသို့ ထွက်လာခဲ့သည်။

ကုနင်း ဘာအကြောင်းရှိလဲဆိုသည်ကို လင်ရှောင်းထင် မမေးခဲ့ပေမည့် စားပွဲထိုးထွက်သွားသည်နှင့် သူမကို သူ့လက်မောင်းများဖြင့် ထွေးပွေ့တော့သည်။ ထို့နောက် ခေါင်းကို ငုံ့ကိုင်းကာ ကုနင်း၏ လည်ပင်းမှတဆင့် ညှပ်ရိုးလေးများအထိ သူ့နှာခေါင်းဖြင့် ပွတ်ဆွဲနေခဲ့သည်။

“ရပ်တော့၊ သူတို့ခဏနေရောက်ကြတော့မှာ။” ကုနင်း လင်ရှောင်းထင်ကို တွန်းထုတ်လိုက်သည်။ သူတို့ လူမြင်ကွင်းမှာရှိနေကြသည်မဟုတ်လား!

***

စာစဉ် ၄၇ ပြီး၏။

All Chapters