အခန်း (၇၀၆-၇၁၀)
Vol. 48 Ch. 706-710
အခန်း ၇၀၆ ပူးပေါင်းခြင်း
သို့ပေမည့် လင်ရှောင်းထင်ကတော့ အပြစ်ကင်းသည့် အမူအရာဖြင့် ကြည့်လိုက်ကာ ဖက်ထားသည်ကိုတော့ မလွှတ်ပါဘဲနှင့်။ “ကိုယ်က ဖတ်ထားရုံ ဖတ်ထားချင်တာပါ။”
ကုနင်း ရယ်ချင်သွားပေမည့် သူမကို ဖတ်ထားသည်ကိုတော့ မတားမြစ်တော့ပေ။ သူမတွင် ကျောက်စိမ်းမျက်ဝန်းလဲ ရှိနေတာကြောင့် တစ်ယောက်ယောက်လာနေရင် အရင်ဆုံး သိရမည်ပဲ။
လင်ရှောင်းထင်လဲ ဒါအိမ်မှာမဟုတ်မှန်း သိတာကြောင့် ကုနင်းကို ဆက်ပြီးမထိတွေ့တော့ဘဲ တကယ်ပဲ ဖတ်ရုံလေးသာ ဖတ်ထားခဲ့သည်။ ခဏအကြာတွင်တော့ ကုနင်းကို လွှတ်ပေးလိုက်ကာ လက်ဖက်ရည်စားပွဲသို့သွားလိုက်ပြီး ထိုင်ချကာ လက်ဖက်ရည်ဖျော်ဖို့ရန် စတင်ပြင်ဆင်တော့သည်။
တကယ်တမ်း သူတို့အတွက် လက်ဖက်ရည်ဖျော်ပေးဖို့ရန် ကျွမ်းကျင် လက်ဖက်ရည်ပညာရှင်တစ်ဦးကို ခေါ်ယူ၍ရပေမည့် လင်ရှောင်းထင်က ကိုယ်တိုင်ဖျော်စပ်ဖို့ ရွေးချယ်ခဲ့သည်။
“အိုး၊ ရှင်က လက်ဖက်ရည် ပုံစံတကျ ဘယ်လိုဖျော်ရတာလဲ ဆိုတာလဲ သိတာပဲလား!” လင်ရှောင်းထင်၏ ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားနေပုံများကြောင့် ကုနင်းအံ့အားသင့်သွားသည်။
“အွန်၊ အဖိုးဆီကနေ သင်ထားတယ်လေ။”
ထို့နောက် လက်ဖက်ရည်ခွက်နှစ်ခွက်ကို လင်ရှောင်းထင် ချလိုက်ပြီးနောက် စတင်ဖျော်စပ်ခဲ့သည်။ မိနစ်အနည်းငယ်အကြာတွင်တော့ ကောင်းယိတို့ရောက်ရှိလာကြောင်း အကြောင်းကြားလာကာ ကုနင်းကို သူမတို့အခန်းနံပါတ်ကို ပြောပြပြီး လာခဲ့ခိုင်းလိုက်သည်။ မကြာခင်တွင်ပဲ ကောင်းယိတို့ရောက်ရှိလာကာ အခန်းတံခါးခေါက်လာခဲ့သည်။
“ဝင်ခဲ့ပါ။” ကောင်းယိတံခါး တွန်းဖွင့်ကာ ချောင်ယနှင့်ကြောင်နက်တို့လဲ လိုက်ပါလာကြသည်။
ကြောင်နက်က သူ့ကိုလိုက်နေသူများ သတိမပြုမိစေရန်အတွက် ဦးထုပ်အနက်နှင့် နှာခေါင်းစည်းကို တပ်ထားစဲဖြစ်သည်။
“ဘော့စ်!” ကောင်းယိနှင့် ချောင်ယတို့ အထဲသို့ရောက်သည်နှင့် ကုနင်းကို နှုတ်ဆက်လိုက်ကြသည်။
ကြောင်နက်က ကောင်းယိကို သူ့ဘော့စ်က မိန်းကလေးလား ယောက်ျားလေးလား မမေးခဲ့ပေမည့် သေချာပေါက် အတွေ့အကြုံရင့်ကျက်နေပြီဖြစ်သည့် အသက်ကြီးကြီး အမျိုးသားတစ်ယောက်သာ ဖြစ်ရမည်ဟု တွေးမိခဲ့သည်။ ကောင်းယိနှင့်ချောင်ယတို့ နားမှ ကပ်လိုက်ကာ ဝင်လာခဲ့ပေမည့် ထိုမိန်းမငယ်လေးကိုတော့ သူတို့ဘော့စ်ဟု မထင်ခဲ့မိပေ။ လင်ရှောင်းထင်၏မျက်နှာကိုတော့ သေချာမမြင်ရသေးပေမည့် သူ့ဘေးတွင် ဝန်းရံနေသည့် ရှိန်လှသည့်အော်ရာများကိုတော့ ခံစားမိနေခဲ့သည်။ ထို့ကြောင့် ထိုအမျိုးသားသည် သာမာန်တော့မဟုတ်ကြောင်း ကြောင်နက်နားလည်လိုက်သည်။ သို့ပေမည့် ကုနင်းကိုတော့ လှပသည့်မိန်းမငယ်လေးတစ်ဦးအဖြစ်သာ တွေးလိုက်မိစဲပင်။ ထို့ကြောင့် ကောင်းယိနှင့်ချောင်ယက သူမကို ဘော့စ်ဟု ခေါ်လိုက်ချိ်နတွင် အလွန်လန့်သွားတော့သည်။
သာမာန်အခြေအနေမျိုးဆိုလျှင်တော့ လူအများစုက ကုနင်း၏အရည်အချင်းကို သံသယဝင်နိုင်ပေမည့် ကြောင်နက်ကတော့ မတူပေ။ သူအလွန်အံ့အားသင့်သွားခဲ့ပေမည့် ကုနင်းက အရမ်းငယ်နေရုံနှင့်တော့ ပေါ့ပေါ့လေးတွေးမိမည်မဟုတ်ပေ။ ဆန့်ကျင့်ဘက်အနေဖြင့် ကောင်းယိနှင့်ချောင်ယကိုတောင် သူမကူညီပေးနိုင်ခဲ့တာကြောင့် လေးစားမိနေပြီးသားဖြစ်သည်။
ကောင်းယိနှင့်ချောင်ယဆိုသူမှာ သာမာန်လူများမဟုတ်ပေ။ ကုနင်းတွင် ကောင်းယိနှင့်ချောင်ယကိုတောင်မှ သူမအတွက် အလုပ်လုပ်ပေးအောင် သိမ်းသွင်းထားနိုင်မှတော့ သူမတွင် သူမတူသည့် အရည်အချင်းနှင့်အင်အားရှိရပေမည်။
ကုနင်းကို ကြည့်ရသည်မှာ တကယ့်ကိုသာမာန်မိန်းမငယ်လေးတစ်ယောက်နှင့်သာ တူနေတာကြောင့် ကြောင်နက်ပိုလို့ပင် လေးစားနေမိတော့သည်။ တကယ်တမ်း ကိုယ့်အနေအထားကို သိုဝှက်နိုင်ခြင်းကလဲ အရမ်းအရေးကြီးသည့်အရာမဟုတ်လား။
ကြောင်နက်က သူ့ဦးထုပ်နှင့်နှာခေါင်းစည်းကို ချက်ချင်းချွတ်လိုက်ပြီးနောက် ကုနင်းကို နှုတ်ဆက်လိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်။ မိန်းကလေး၊ ငါ့နာမည်က ကြောင်နက်ပါ။”
“တွေ့ရတာဝမ်းသာပါတယ်။ ထိုင်ပါဦး။” ကုနင်း သူမကိုယ်သူမ ကြောင်နက်ထက် ပိုသာသည်ဟု မတွေးမိပေမည့် အင်အားကြီးသည့် အရှိန်အဝါမျိုးကိုတော့ ဖော်ထုတ်လိုက်သည်။ ကြောင်နက်ကို သူမအတွက် အလုပ်လုပ်ပေးစေချင်ရင် သူမဘက်ကလဲ သူမ၏အရည်အချင်းနှင့်အင်အားကို ထုတ်ဖော်ပြသဖို့လိုပေသည်။
ကြောင်နက်လဲ ကုနင်း၏အရှိန်အဝါကို ခံစားမိလိုက်တာကြောင့် အလွန်လေးစားသွားတော့သည်။
အားလုံး ထိုင်ပြီးသွားကြပေမည့် လင်ရှောင်းထင်ကတော့ သူတို့ဘက်ကို တစ်ချက်လေးပင် လှည့်မကြည့်လာခဲ့ဘဲ တစ်ချိန်လုံး လက်ဖက်ရည်ကိုသာ အာရုံစိုက်ဖျော်စပ်နေခဲ့သည်။
“လူကြီးမင်းလင်၊ ကျွန်မကူညီပေးပေးရမလား?” ချောင်ယ ပြောလိုက်သည်။ ကုနင်း၏လက်အောက်ငယ်သားတစ်ဦးအနေဖြင့် သူမဘော့စ်၏ချစ်သူက သူမတို့အတွက် လက်ဖက်ရည်ဖျော်ပေးနေသည်ကို ဒီအတိုင်း ထိုင်ကြည့်နေ၍မဖြစ်ပေ။ ချောင်ယလဲ ဤကဲ့သို့လက်ဖက်ရည်ဖျော်စပ်ခြင်းမျိုးတွင် တော်ပေသည်။
“မလိုပါဘူး။” လင်ရှောင်းထင် ပြန်ဖြေလိုက်သည်။
လင်ရှောင်းထင်က မလိုမှတော့ ချောင်ယလဲ အတင်းမတိုက်တွန်းတော့ပေ။
“လိုအပ်တဲ့အခြေအနေကတော့ အရမ်းကို ရိုးရှင်းပါတယ်။ ရှင်က ကျွန်မအတွက် သေချာပေါက် အသုံးဝင်တဲ့ လက်ထောက်တစ်ယောက်အဖြစ် အလုပ်လုပ်ပေးရမယ်။ ကျွန်မဘက်ကလဲ ရှင့်ကို ဥပဒေနဲ့မညီတဲ့ကိစ္စတွေ မခိုင်းဘူး။ ရှင့်ဘက်က ကျွန်မကုမ္ပဏီတွေကို ဦးစီးတဲ့နေရာမှာ ကူညီပေးပြီး၊ ရှင့်အရည်အချင်းနဲ့ကိုက်ညီတဲ့ အကျိုးခံစားခွင့်ရရှိမယ်။”
“အဲ့လောက်လေးပဲလား?” ကြောင်နက် မယုံကြည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။ အခုက ကုနင်းသည် သူနှင့်အပေးအယူလုပ်နေခြင်းမဟုတ်ဘဲ ကူညီနေခြင်းဟုပင် ခံစားနေရသည်။
အခြားသော လူသတ်သမားများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသည့် လူသတ်သမားတစ်ဦးမဆိုထားနှင့် သာမာန်လူများအတွက်ပင် ဒီလိုအလုပ်ကောင်းမျိုးက အရမ်းကိုမျက်နှာသာပေးရရောက်ပေသည်။ ပြောရလျှင် ကုနင်းက သူ့အသက်ကို ကယ်တင်ပေးမည့်အပြင် အလုပ်ကောင်းတစ်ခုကိုလဲ ပေးအပ်ပေဦးမည်! သူအသတ်မခံရအောင် ရှောင်ရှားနိုင်သည်ဟု ယုံကြည်ချက်ရှိပေမည့် သာမာန်ဘဝလေးတွင်လဲ ရှင်သန်နေထိုင်ချင်သေးသည်။
ကုနင်းပြုံးလိုက်ကာ၊
“ကျွန်မတို့ဘဝမှာ အရေးအကြီးဆုံးလို့ ခံယူထားတဲ့ အရာချင်းက မတူညီကြဘူးလေ။ ရှင်က ရှင့်နောက်လိုက်နေသူတွေလက်ထဲကလွတ်ချင်ပြီး သာမာန်ဘဝမှာနေချင်သလို ကျွန်မကလဲ ကျွန်မကုမ္ပဏီကို ထိန်းသိမ်းပေးနိုင်မယ့် အထူးလေ့ကျင့်ထားသူတစ်ယောက် လိုအပ်တယ်။ ဒီတော့ ကျွန်မတို့က ကိုယ်လိုအပ်နေတဲ့အရာအတွက် အချင်းချင်းပူးပေါင်းကြရုံပါပဲ။”
ကုနင်း ပြောတာ မှန်ပေသည်။ သို့ပေမည့် ကုနင်း ဘယ်လောက်ပဲ ကြောင်နက်ကို အလုပ်ခန့်ချင်ပါစေ ကြောင်နက်ဘက်က ငြင်းခဲ့မည်ဆိုလျှင်တော့ ဖိအားပေးမည်မဟုတ်ပေ။
“ကောင်းပြီလေ၊ ငါမင်းအတွက် အလုပ်လုပ်ပေးမယ်။” ကြောင်နက်ပြန်ဖြေလိုက်သည်။ ဒီလိုကောင်းမွန်လှသည့် ကမ်းလှမ်းမှုမျိုးကို ငြင်းဆန်ဖို့ ဘာအကြောင်းမှ,မှမရှိဘဲ။ သူသည် သစ္စာတရားကို အလေးအနက်ထားသည့် လူတစ်ယောက်ဖြစ်ကာ သတ်ဖြတ်သူအဖွဲ့အစည်း၏ လိုက်ခြင်းကို ခံရသည်ကလဲ အဖွဲ့အစည်း၏လျှို့ဝှက်အချက်အလက်များကို မတော်တဆရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့်သာဖြစ်သည်။ ထိုကိစ္စကြောင့်သာမဟုတ်ပါက သူလဲ ပုံမှန်အတိုင်း ကျွမ်းကျင်သတ်ဖြတ်သူတစ်ယောက်အဖြစ်သာ ဆက်လက်လုပ်ဆောင်နေဦးမည်ဖြစ်သည်။
သို့ပေမည့် ကုနင်းဘက်ကတော့ သဘောတူညီမှုကို ချက်ချင်းအဆုံးမသတ်သေးဘဲ၊ ထပ်မံပြီး၊
“ကျွန်မဘက်က ရှင့်ရဲ့သစ္စာခံမှုကို လိုချင်တယ်။ ကျွန်မအတွက် အသက်ပေးဖို့ထိ မလိုပေမယ့် ကိုယ့်အလုပ်ကိုယ်အကောင်းဆုံး လုပ်ပေးရမယ်။ ကျွန်မအပေါ် သစ္စာရှိပြီး ဘယ်တော့မှ နောက်ကျောဓါးနဲ့ထိုးဖို့ မလုပ်ပါနဲ့။ တခြားလူတွေကို ခြိမ်းခြောက်ရတာ မကြိုက်ပေမယ့် သစ္စာဖောက်တဲ့လူတွေကို ကျွန်မအမုန်းဆုံးဆိုတဲ့ အချက်ကိုတော့ ကြိုသတိပေးထားရမှာပဲ။ ဘယ်သူပဲဖြစ်ဖြစ် ကျွန်မကို သစ္စာဖောက်တာနဲ့ ငြိမ်းငြိမ်းချမ်းချမ်းသေခွင့်ရမှာမဟုတ်ဘူး။”
“နင်းနင်း၊ သူ မင်းကို သစ္စာဖောက်ရဲရင် ကိုယ်ကိုယ်တိုင်၊ သူ့ကိုသတ်ပေးမယ်။” ရုတ်တရက် လင်ရှောင်းထင်၏ အေးစက်ကာ တည်ကြည်လှသည့် အသံက ထွက်ပေါ်လာခဲ့သည်။
ကြောင်နက်တစ်ယောက် ကြောက်ရွံ့သွားကာ ကောင်းယိနှင့်ချောင်ယပင်လဲ လန့်သွားခဲ့သည်။
***
အခန်း ၇၀၇ သတ်ဖြတ်သူအဖွဲ့အစည်း တည်ထောင်ခြင်း
ထိုအခိုက်အတန့်လေးတွင်ပဲ လင်ရှောင်းထင် ဘယ်လိုလူလဲဆိုသည်ကို ကြောင်နက်သိသွားတော့သည်။ လင်ရှောင်းထင်၏ နောက်ခံအဆင့်အတန်းအမှန်ကို သိခြင်းမျိုးမဟုတ်ဘဲ သူ၏ရန်လိုသည့် အရှိန်အဝါကို ခံစားလိုက်ရခြင်းဖြစ်သည်။ ထို့အပြင် ဤလူငယ်၏လက်များသည်လဲ သူ့ထက်မလျော့သော သွေးများပေစွန်းနေသည်ဟုလဲ ကြောင်နက်ယုံကြည်လိုက်သည်။
သဘောတူညီမှု လုပ်ပြီးသွားသည်နှင့် ချက်ချင်းပင် ကုနင်း ကေကို ဖုန်းဆက်လိုက်သည်။
“ကြောင်နက်နာမည်နဲ့သတ်ဖြတ်သူရဲ့ နာမည်ကို အလိုရှိစာရင်းကနေ ဖယ်ရှားပေးပါ။” ကုနင်းပြောလိုက်သည်။
“ဘော့စ်၊ မင်း အလိုရှိစာရင်းက သတ်ဖြတ်သူအားလုံးကို အလုပ်ခန့်ဖို့ လုပ်နေတာလား? မင်းကိုယ်ပိုင် သတ်ဖြတ်သူအဖွဲ့အစည်းတစ်ခုကိုပါ တည်ထောင်ဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်?” ကေနောက်ပြောလိုက်သည်။
ကုနင်း ရယ်လိုက်ပြီးနောက် ဟာသတစ်ဝက် အတည်တစ်ဝက်နှောကာ၊ “အဲ့အကြံကောင်းသားပဲ။ ဒါဆိုလဲ ရှင် ကျွန်မကိုကူပြီး အလိုရှိစာရင်းကို စောင့်ကြည့်ထားလိုက်လေ၊ ပြီးရင် ကျွန်မအတွက် သတ်ဖြတ်သူတွေ ခန့်ပေးပါလား?”
“မင်းတကယ်ကြီးပြောနေတာလား?” ကုနင်း အတည်ပြောတာဟုတ်မဟုတ် ကေရုတ်တရက် မခွဲခြားတတ်တော့ပေ။ သူကတော့ နောက်ပြောင်လိုက်တာဖြစ်ပြီး သတ်ဖြတ်သူအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခြင်းဆိုသည်က ကောင်းသော အရာတော့ မဟုတ်ပေ။
“အွန်၊ အဲ့အကြောင်း မတွေးဖူးပေမယ့် အခုတော့ အဲ့အကြံမဆိုးဘူးလို့ ထင်မိတယ်။ လူသတ်အဖွဲ့အစည်းအထိတော့ စိတ်မဝင်စားပေမယ့် လုံခြုံရေးအဖွဲ့အစည်းတစ်ခုလောက်ဆို လုံလောက်ပါပြီ။ ရှင်ပဲ ကူညီပေးလိုက်တော့။” ကုနင်း ဤတစ်ခါတွင်တော့ လေးနက်စွာပြောလိုက်သည်။
“မင်းနားမှာ သတ်ဖြတ်သူတွေ အများကြီးခန့်ထားမယ်ဆိုရင် အန္တရာယ်များမှာ မကြောက်ဘူးလား?” အလိုရှိစာရင်းကို ဖျက်လိုက်ရင်က သူတို့နောက်ကို သတ်ဖို့ လိုက်နေတဲ့လူတွေကို အတိုင်းအတာတစ်ခုထိတော့ ရပ်တန့်နိုင်သွားမယ် ဆိုပေမယ့် ရာနှုန်းပြည့် သူတို့အန္တရာယ်ကင်းသွားလိမ့်မယ်လို့တော့ မဆိုလိုဘူးပေ။ ကုနင်းသာ သတ်ဖြတ်သူတွေ အများကြီး ခန့်ထားပါက သူမသည်လဲ သတ်ဖြတ်သူ အဖွဲ့အစည်း၏ ပစ်မှတ်ဖြစ်လာနိုင်သည်။
“အမြတ်အစွန်းတိုင်းမှာ ဆိုးကျိုးကတော့ ပါမြဲပဲလေ။ စီးပွားရေးဆိုတာ စစ်မြေပြင်တစ်ခုလိုပဲ။ ကျွန်မလဲ ကျွန်မကတော့ သားကောင်မဖြစ်လာချင်ဘူး။”
ကုနင်းသည် အတွေ့အကြုံသိပ်မရှိသေးသော ငယ်ရွယ်သည့် စီးပွားရေးသမားတစ်ဦးဖြစ်ကာ သူမ၏စီးပွားတူသူများအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်မလာသေးတာကြောင့် အခုထိ အရာအားလုံး အဆင်ပြေချောမွေ့နေခြင်းဖြစ်သည်။ သို့ပေမည့် သူမသာ ဒီထက် ပိုအောင်မြင်လာလျှင်တော့ ယှဉ်ပြိုင်မှုများစွာနှင့် အန္တရာယ်များကို ရင်ဆိုင်လာရမည်မှာ အသေအချာပင်။
“ဟုတ်ပါပြီ၊ မင်းနိုင်ပါတယ်။ ငါစောင့်ကြည့်ထားလိုက်ပါမယ်။ ” ကေ ကုနင်းပြောသည့် စကားကို သဘောတူလိုက်တော့သည်။ ထို့နောက်တွင်တော့ ဖုန်းချလိုက်ကြသည်။
လင်ရှောင်းထင်မှလွဲပြီး အခြားလူအားလုံး ကုနင်း၏အကြံအသစ်ကြောင့် အံ့အားသင့်သွားကြရသည်။ ဒါက အရမ်းလဲ အန္တရာယ်များသလို အရေးလဲ ကြီးလှပေသည်။ အမှန်တကယ်လဲ သူမအနာဂါတ်တွင် အန္တရာယ်များလှသည့် ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်ကြုံတွေ့လာရမည် ဖြစ်တာကြောင့် သူမတွင် သူမကို ကာကွယ်စောင့်ရှောက်ပေးမည့် လုံခြုံရေးအဖွဲ့တစ်ဖွဲ့ရှိထားပါက ဆိုးကျိုးထက် ကောင်းကျိုးက ပိုများပေမည်။
“ရှင့်ရဲ့ နာမည်အမှန်က ဘာလဲ?” ကုနင်းမေးလိုက်သည်။
“ငါ့နာမည်အရင်းက စာရင်းဝင်နေလို့ သုံးမရတော့ဘူး။ ပါးထျန်းယျန် ဆိုတဲ့နာမည်ကတော့ အဖွဲ့အစည်းတွေက မသိကြသေးဘူး။ ဒီနာမည်ရှင်က မိဘမဲ့တစ်ယောက်၊ သူနဲ့သက်ဆိုင်တဲ့အချက်အလက်တွေအားလုံးကလဲ တရားဝင်တိတိကျကျမရှိဘူး။” ပါးထျန်းယန်ဟု ခေါ်သည့် ကြောင်နက်က ပြောလိုက်သည်။
သတ်ဖြတ်သူတစ်ဦးချင်းစီတွင် အမည်ကွဲများစွာရှိကာ အစစ်အမှန်တော့မဟုတ်ကြပေ။ သူတို့က အချို့သေဆုံးပြီးပေမည့် သေစာရင်း မသွင်းရသေးသည့် လူများ၏အမည်နှင့်ကိုယ်ရေးအချက်အလက်များကို ယူထားကြခြင်းဖြစ်သည်။
“ကောင်းပြီလေ၊ အခုကစပြီး ရှင့်ကို ပါးထျန်းယန်လို့ ခေါ်တာပေါ့။ ရှင်က ကောင်းယိနောက်လိုက်ပြီး စီးပွားရေးကိစ္စတချို့ကို လုပ်လို့ရမယ်။ တခြားအလုပ်ကိုတော့ ရှင့်နာမည်ကို စာရင်းထဲက ရှင်းပြီးမှ ကျွန်မထပ်စီစဉ်ပေးမယ်။”
“ကျေးဇူးပါ။”
ဤရက်ပိုင်းအတွင်း ကောင်းယိနောက် ပါးထျန်းယန် လိုက်ရမည်ဖြစ်တာကြောင့် ကောင်းယိကပဲ သူ့ကိုဂရုစိုက်ပေလိမ့်မည်။ သို့ပေမည့် ကုနင်း၏ကုမ္ပဏီက ငွေကိုတော့ သူတို့အသုံးပြုနိုင်ပေသည်။
ကောင်းယိကို ပါးထျန်းယန်အား ကြည့်လိုက်ဖို့ပြောပြီးနောက် မနက်ဖြန်မနက်၈နာရီ ဟွားဖုတောင်ကုန်းသို့သွားရန် ချောင်ယကိုလဲ သတိပေးလိုက်ကာ ကုနင်းနှင့်လင်ရှောင်းထင်တို့ ပြန်လာခဲ့ကြသည်။
သူမတို့ပြန်ထွက်လာချိန်မှာ သိပ်မစောတော့တာကြောင့် ကုမန့်ကိုပါ တစ်ခါတည်း ဝင်ကြိုခဲ့လိုက်တော့သည်။
……..
ယန်ကျီချင်က ညစာစားပြီးနောက် ရုပ်ရှင်အတူကြည့်ရန်ပါ ယုကျီကို ကမ်းလှမ်းလိုက်သည်။
ပထမဆုံးအကြိမ် သူတို့ချင်း တရားဝင်တွေ့ဆုံကြခြင်းဖြစ်တာကြောင့် ယုကျီ ငြင်းဆိုလိမ့်မည်ဟု ယန်ကျီချင်တွေးခဲ့ပေမည့် အံ့ဩစရာကောင်းစွာဖြင့် ယုကျီက သဘောတူခဲ့သည်။
ဈေးဝယ်စင်တာထဲမှ ရုပ်ရှင်ရုံသည် သူတို့ညစာစားသည့် ဆိုင်နှင့်သိပ်မဝေးတာကြောင့် လမ်းလျှောက်သွားရုံသာ။
ယန်ကျီချင်နှင့်ယုကျီတို့ ဘေးချင်းကပ်အတူတူလမ်းလျှောက်လာခဲ့ကြရင်းသူတို့ကိုယ်ကိုယ် တကယ့်စုံတွဲများဟုပင် ခံစားကြရတာကြောင့် နှစ်ယောက်လုံး စိတ်လှုပ်ရှားနေကြသည်။
ရုပ်ရှင်ရုံသို့ရောက်ချိန်တွင်တော့ ယန်ကျီချင်က လက်မှတ်သွားဝယ်မည်မို့ ယုကျီကို ခဏစောင့်ခိုင်းခဲ့သည်။
“အိုး၊ ဒါယုကျီမဟုတ်လား? သူလဲ ရုပ်ရှင်လာကြည့်တာပေါ့! ဘယ်သူနဲ့များလာလဲ သိချင်လိုက်တာ။”
ယန်ကျီချင် ထွက်သွားသည်နှင့် ယောက်ျားတစ်ယောက်၏ အသံထွက်လာခဲ့သည်။ ယုကျီ လှည့်ကြည့်လိုက်ချိန်တွင် အသက်၂၅နှစ်အရွယ်ယောက်ျားတစ်ယောက်က မိန်းမငယ်လေးတစ်ယောက်ကို ဖက်ထားရင်း သူမရှိရာသို့လာနေသည်ကို တွေ့လိုက်ရသည်။
“ယုကျီ? ဒီနာမည်ကြားဖူးသလိုပဲ!” မိန်းမငယ်လေးက ပြောလိုက်သည်။
“သူက လင်းထျန်းယွီရဲ့ ဆင်းရဲလှတဲ့ရည်းစားဟောင်းလေးလေ! ငါတို့အရင်က သူမအကြောင်းပြောဖူးတာကော။” ထိုအမျိုးသားက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
တကယ်တော့ ထိုအမျိုးသားသည် လင်းထျန်းယွီတို့မိသားစုထက် ပိုချမ်းသာသည့် မိသားစုမှမဟုတ်ပေမည့် သာမာန်လူများထက်တော့ ပိုချမ်းသာသူဖြစ်သည်။ ဒါကြောင့်လဲ ယခုလို အလွန်မောက်မာနေခြင်းဖြစ်သည်။ ထို့အပြင် သူသည် ယုကျီ၏သတင်းကို မကြားခဲ့သေးပေ။ မဟုတ်လျှင် သူမကို အခုလို လှောင်ရယ်ရဲမည်မဟုတ်ပေ။
ထိုစကားကြောင့် မိန်းမငယ်လေးက ခေါင်းညိတ်လိုက်ပေမည့် ယုကျီ၏နာမည်ကို တစ်နေရာရာတွင် ကြားဖူးထားသည်ဟု ခံစားမိနေစဲပင်။
ယုကျီကတော့ ထိုအမျိုးသားကို လျစ်လျူရှုဖို့ လုပ်လိုက်ပေမည့် ထိုလူက သူမကို စကားဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သည်။
“ယုကျီ၊ မင်း ချမ်းသာတဲ့ချစ်သူတစ်ယောက် ရှာတွေ့သွားပြီလား?” ယုကျီကို သိုက်တူးသူတစ်ဦးဟန်ဖြင့် ပြောဆိုလိုက်ခြင်းဖြစ်သည်။ သူတို့လို ချမ်းသာသည့် ဒုတိယမျိုးဆက်များ၏အမြင်တွင်တော့ ယုကျီလို ဆင်းရဲသည့်မိန်းကလေးတစ်ယောက်သည် သူတို့ဆီမှ ငွေကိုသာ လိုချင်သည်ဟု မြင်ကြပေသည်။
ထိုစကားကြောင့် လူတော်တော်များများက ထိုအမျိုးသားကို မနှစ်မြို့ဟန်ဖြင့် ကြည့်လာကြသည်။ တကယ်တမ်း လူအများစုသည် သူတော်ယောင်ဆောင်နေကြသူများသာဖြစ်သည်။ ချစ်သူရှာသည့်အချိန်မျိုးဆိုလျှင် အများစုသည် တစ်ဖက်လူ၏ နောက်ခံမိသားစုနှင့် ရုပ်ရည်ကို အရင်ကြည့်ကြပေသည်။
ယုကျီ ဒေါသထွက်လာပေမည့် သူမဘက်က ဘာမှပြန်မပြောရသေးခင်တွင်ပဲ နောက်အမျိုးသားတစ်ယောက်က ကြားဖြတ်ဝင်ပြောလိုက်သည်။
“မိန်းကလေးယုက ချမ်းသာတဲ့ယောက်ျားတစ်ယောက်နဲ့ မထိုက်တန်ဘူးလို့ မင်းက ထင်နေတာလား?”
ထိုလူကတော့ ယန်ကျီချင်ပင်။
“သ-သခင်လေးယန်…” ယန်ကျီချင်ကို မြင်လိုက်ရတာကြောင့် ထိုအမျိုးသား ထိတ်လန့်သွားကာ အမူအရာမှာ ချက်ချင်းပြောင်းသွားပြီး မျက်နှာလိုမျက်နှာရပုံစံဖြင့်၊ “တိုက်ဆိုက်လိုက်တာနော်!”
***
အခန်း ၇၀၈ ကုနင်း၏လှည့်ဖျားမှုအောင်မြင်
“မိန်းကလေးယုကို ငါက ရုပ်ရှင်အတူ ကြည့်ကြဖို့ ဖိတ်ခဲ့တာဆိုပေမယ့် အခုလိုမျိုး ငါ့ရှေ့တည့်တည့်မှာပဲ သူမကို တခြားတစ်ယောက်က အရှက်ခွဲစော်ကားပြောဆိုတာက ငါ့ကိုအရမ်းစိတ်အနှောက်အယှက်ဖြစ်စေတယ်။” ယန်ကျီချင် အေးစက်စက်ပြောလိုက်ပြီးနောက် ယုကျီဘက်သို့လှည့်ကာ စိတ်ရင်းဖြင့် တောင်းပန်လိုက်သည်။
“မိန်းကလေးယု၊ အခုလိုဖြစ်သွားတဲ့အတွက် ကျွန်တော်ကပဲ တောင်းပန်ပါတယ်။”
ထိုစကားကြောင့် လူငယ်အမျိုးသား၏မျက်လုံးများ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့သည်။ ဘာ? ယုကျီက ယန်ကျီချင်နဲ့လာတာလား? ယန်ကျီချင်ကိုယ်တိုင်ကတောင် သူမနှင့် ရုပ်ရှင်အတူကြည့်ဖို့ စတင်ကမ်းလှမ်းခဲ့တာတဲ့လား?
လူငယ်မှာ ယုကျီလိုသာမာန်မိန်းကလေးတစ်ယောက်က ယန်ကျီချင်လိုမျိုး အလွန်ချမ်းသာကာ အင်အားကြီးသည့် မိသားစုမှ လူမျိုးနှင့် အတူတူအပြင်လည်ပတ်ခွင့်ရလိမ့်မည်ဟု ဘယ်လိုမှမယုံကြည်နိုင်ပေ။
“ကိစ္စမရှိပါဘူး။” ယုကျီ စိတ်ထဲမထားပေ။ လူငယ်၏စကားများကြောင့် သူမဒေါသထွက်မိသော်လည်း ယန်ကျီချင်ကိုတော့ အပြစ်တင်စရာမလိုပေ။
“သ-သခင်လေးယန်၊ မိန်းကလေးယုက သခင်လေးနဲ့အတူလာမှန်း ကျွန်တော်မသိလိုက်လို့ပါ။” လူငယ်က ချက်ချင်းပင် ကြောက်ကြောက်လန့်လန့်ဖြင့် ရှင်းပြတော့သည်။ ယုကျီသာ ယန်ကျီချင်နှင့်အတူလာမှန်း သူသိထားပါက အခုလိုမျိုး သူမကို အရှက်ခွဲပြောဆိုရဲခဲ့မည်မဟုတ်ပေ။ သူ့မိသားစုလဲ ချမ်းသာသည်ဆိုပေမည့် ယန်မိသားစုနှင့်တော့ ဘယ်လိုမှမယှဉ်နိုင်ပေ။
“အိုး၊ အဲ့မိန်းကလေးက Charmရဲ့ ဒီဇိုင်နာမဟုတ်လား?”
ထိုအခိုက်အတန့်တွင်ပဲ ယုကျီကို မှတ်မိသည့် တစ်စုံတစ်ယောက် ရှိလာခဲ့သည်။
ထိုစကားကြောင့် လူငယ်နှင့်အတူပါလာသည့် မိန်းကလေးလဲ သူမဘာကြောင့် ယုကျီကို ရင်းနှီးနေသည်ဟု ထင်နေလဲဆိုသည်ကို သိသွားတော့သည်။ ယုကျီက Charmရဲ့ ဒီဇိုင်နာဖြစ်နေတာပဲ!
“ဟုတ်တယ်။ သူပဲ! သူမကို ယုကျီနဲ့တူပါတယ်လို့ တွေးနေမိတာ။ ချက်ချင်းဆိုတော့ မမှတ်မိလိုက်ဘူး။”
“Charm? ဘယ်ကCharmလဲ? ငါတော့မကြားဖူးပါဘူး။”
“နင် JadeBeautyလက်ဝတ်ရတနာလုပ်ငန်းကို သိလား?”
“သိတယ်လေ၊ ဒီရက်ပိုင်းအတွင်း အရမ်းနာမည်ကြီးနေပြီး ကျော်ကြားနေတယ်မဟုတ်လား။”
JadeBeautyနှင့်သက်ဆိုင်သည့် သတင်းများစွာ ပျံ့နေတာကြောင့် လူအများစုသည် ထိုအကြောင်း ကြားဖူးကြသလို ထိုသို့ကျော်ကြားမှုက တစ်ချိန်တည်းတွင်ပဲ Charmကိုပါ ဆွဲခေါ်သွားနိုင်ခဲ့သည်။ Charmအကြောင်း မကြားဖူးထားသည့်လူများမှာ JadeBeautyနှင့်Charm၏ သတင်းထုတ်ပြန်ပွဲအကြောင်းကို မကြည့်ရသေးသည့် သူများသာဖြစ်ပေသည်။
“နင် JadeBeautyနဲ့Charmရဲ့သတင်းထုတ်ပြန်ပွဲအကြောင်း မကြည့်ရသေးတာပဲဖြစ်မယ်။ JadeBeautyနဲ့Charmနှစ်ခုလုံးက ပိုင်ရှင်အတူတူပဲလေ။ ပြီးတော့ မိန်းကလေးယုက Charmရဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်သလို ရှယ်ယာရှင်လဲဟုတ်သေးတယ်!”
“ဘာ? JadeBeautyနဲ့Charmက ပိုင်ရှင်အတူတူပဲ၊ ဟုတ်လား? မိန်းကလေးယုကသာ Charmရဲ့ ဒီဇိုင်နာနဲ့ ရှယ်ယာရှင်ဆိုရင် သူမကိုယ်တိုင်ကိုက အရမ်းချမ်းသာနေမှာပေါ့။ သူမမှာ ချမ်းသာတဲ့ချစ်သူတစ်ယောက်ရှိတာ မှားနေတယ်လို့ ငါတော့ မထင်ပါဘူး။”
“ဟုတ်တယ်! ငါလဲ ဒီရက်တွေအတွင်း Charmက လူအမြဲပြည့်နေတယ်လို့ကြားတယ်! အရမ်းအမြတ်ရနေတာတဲ့။”
………
ယုကျီကို အရှက်ခွဲခဲ့သည့်လူငယ်ကတော့ အလွန်ထိတ်လန့်နေတော့သည်။ ယုကျီက Charmရဲ့ ဒီဇိုင်နာနဲ့ ရှယ်ယာရှင်တစ်ယောက်ဖြစ်နေတာလား? Charmဆိုသည့် အမှတ်တံဆိပ်က ဘယ်လောက်နာမည်ကြီးပြီး ဘယ်လောက်တန်ကြေးရှိလဲဆိုသည်ကိုတော့ သူမသိသော်လည်း JadeBeautyသည်တော့ အထက်တန်းအဆင့်အမှတ်တံဆိပ်တစ်ခုဖြစ်ကာ ပိုင်ရှင်သည်လဲ အင်အားကြီးမားသည့် အဆက်အသွယ်ရှိကြောင်းတော့ သူကြားထားပြီးဖြစ်သည်။ ဒီလိုသာဆို Charmဆိုသည်ကလဲ ပေါပေါပဲပဲထုတ်ကုန်များထုတ်သည့် နေရာမဖြစ်နိုင်ပေ။ ယုကျီ အချိန်တိုင်အတွင်း အရမ်းချမ်းသာသွားတာကြောင့် လူငယ်အလွန်အံ့အားသင့်နေတော့သည်!
“အထဲဝင်ကြရအောင်!” ယန်ကျီချင်က လူငယ်ကို လျစ်လျူရှုရင်း ယုကျီကိုပြောလိုက်သည်။
“ကောင်းပြီလေ၊” ယုကျီလဲ ယန်ကျီချင်နှင့်အတူ ရုပ်ရှင်ရုံထဲသို့ ဝင်လာခဲ့လိုက်သည်။
လူငယ်သည်တော့ အတော်လေးရှက်ရွံ့သွားကာ မကြာခင်ပဲ ထွက်သွားတော့သည်။ လူငယ်နှင့်အတူပါလာသည့် မိန်းကလေးသည်လဲ လူငယ်က လူကြားထဲကိုယ့်ကိုကိုယ် အလှောင်ခံရအောင် လုပ်ခဲ့တာကြောင့် အလွန်ရှက်နေမိတော့သည်။
သူတို့ထွက်လာပြီးသည်နှင့် လူငယ်က လင်းထျန်းယွီကို ဖုန်းဆက်လိုက်သည်။
“ထျန်းယွီ၊ မင်းယုကျီ အခုဘာလုပ်နေတုန်းသိလား?” လူငယ်မေးလိုက်သည်။
ဘားမှာတစ်ယောက်တည်း အရက်သောက်နေသည့် လင်းထျန်းယွီ မျက်မှောင်ကြုတ်လိုက်သည်။ သူ့သူငယ်ချင်းဘာအကြောင်းမေးလဲဆိုသည်ကို သိသော်လည်း ပြန်မေးလိုက်စဲပင်။
“ဘာပြောချင်တာလဲ?”
“သူက အခု Charmရဲ့ ဒီဇိုင်နာနဲ့ ရှယ်ယာရှင်ဖြစ်နေပြီလေ!”
“အွန်၊ ငါသိတယ်လေ။”
“ဒါဆို သူမ ယန်ကျီချင်နဲ့ချိန်းတွေ့နေတာကော သိပြီးပြီလား?”
“ဘာ? သူက ယန်ကျီချင်နဲ့ ချိန်းတွေ့နေတယ်?” လင်းထျန်းယွီ ဤတစ်ကြိမ်တော့ အံ့ဩသွားတော့သည်။
“ငါအခု ရုပ်ရှင်ရုံကိုလာတာ၊ သူတို့နဲ့ တည့်တည့်တိုးခဲ့တယ်။” ယုကျီနှင့်ယန်ကျီချင်တို့၏ဆက်ဆံရေးကိုတော့ သူသေချာမသိသေးပေ။
ယုကျီက အဆင့်အတန်းမြင့်သည့်ထဲမှ အလွန်ချမ်းသာသည့် အမွေဆက်ခံသူတစ်ဦးနှင့် အပြင်ထွက်လည်နေသည်ကို ကြားလိုက်ရတော့ လင်းထျန်းယွီ မကျေမနပ်ဖြစ်သွားခဲ့သည်။ အခုချိန်တွင် နောင်တတရားနှင့်မနာလိုမှုကိုသာ ခံစားနေရတော့သည်။ သူချက်ချင်းအရှုံးမပေးချင်သေးတာ ယုကျီကို မရရသည့်နည်းဖြင့် ဖမ်းဆွဲထားဖို့ရန် စိတ်ဆုံးဖြတ်လိုက်တော့သည်။
ထိုသို့တွေးလိုက်မိသည်နှင့် လင်းထျန်းယွီ၏ ကျိုးကြောင်းဆင်ချင်နိုင်စွမ်းများ ပျောက်ဆုံးသွားတော့သည်။
……….
ကုနင်း ထန်အိမ်တော်တွင် ခဏနေပြီးနောက် ကုမန့်ကိုခေါ်ကာ ဟွားဖုတောင်ကုန်းသို့ ပြန်ထွက်လာခဲ့သည်။
ကုမန့် ရက်ကြာကြာပြန်ရမည်ဖြစ်တာကြောင့် ထန်ယွင်ဖန်း သူမကို မလွှတ်လိုက်ချင်ပေမည့် မတားထားနိုင်ခဲ့ပေ။
ထန်ယွင်ဖန်းတင်မကဘဲ ကုမန့်သည်လဲ ထွက်မသွားချင်ပေမည့် သူမတို့၏အလှပြင်ဆိုင်ကို ဂရုစိုက်ဖို့လိုသေးပေသည်။
ဟွားဖုတောင်ကုန်းသို့ပြန်သည့်လမ်းတွင် ကုနင်းက ကုမန့်ကို မေးလာခဲ့သည်။
“အမေ၊ အမေတို့နှစ်ယောက်အဆင်ပြေရဲ့လား?”
ကုမန့် အနည်းငယ်ရှက်သွေးဖြာသွားကာ ပျော်ရွှင်မှုဖြင့် ပြုံးလိုက်ပုံက အဖြေပင်ဖြစ်သည်။
“အမ်၊ မဆိုးပါဘူး။” ကုမန့်ပြန်ဖြေလိုက်သည်။
ကုမန့်အခုထိ ဆုံးဖြတ်ချက်ချဖို့ရန် တွန့်ဆုတ်နေသေးကြောင်း ကုနင်းနားလည်ပေသည်။
“အမေ အခု သူ့ကိုအပြည့်အဝလက်ခံပေးနိုင်ပြီလား? အမေရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး သူ့ကိုလက်ထပ်ပြီး အချိန်ကုန်ဆုံးချင်လား?” ကုနင်းဆက်မေးလိုက်သည်။
“အဲ့ဒါကတော့….” ကုမန့် တွန့်ဆုတ်နေသည်။
ကြည့်ရတာ ကုနင်းဘက်က တစ်ခုခုတော့ ကူညီပေးမှဖြစ်မည့်ပုံပေါ်ပေသည်။ ထို့ကြောင့် သူမ ဆက်ပြောလိုက်သည်။
“အမေ သူနဲ့လက်မထပ်ချင်ရင်လဲ သူ့ကိုမေ့လိုက်ပါတော့။”
“လက်မထပ်ချင်ဘူးလို့ မပြောပါဘူး!” ကုနင်းက အတည်အတန့်ပြောလာတာကြောင့် ကုမန့် ချက်ချင်းပင်ပြန်ဖြေလာခဲ့သည်။
“ဟ-ဟ၊” ကုနင်းရယ်လိုက်တာကြောင့် ကုနင်း စနောက်လိုက်တာဖြစ်မှန်း ကုမန့်နားလည်သွားကာ ရှက်သွေးဖြန်းသွားကာ၊
“အမေကို နောက်စရာလား!”
***
အခန်း ၇၀၉ မနက်ဖြန်အထိမစောင့်နိုင်တော့ဘူး
“အမေစိတ်မပါဘဲ လုပ်နေရတယ်ဖြစ်မှာစိုးလို့ပါ။ ဒီလိုဆို သမီးတို့ဒီမှာ သက်သက်မဲ့အချိန်ဖြုန်းပြီး ဆက်နေဖို့မလိုဘူးလေ၊ ဟုတ်တယ်မလား?” ကုနင်း စနောက်သည့်အသံဖြင့် ဆက်ပြောလိုက်သည်။
ကုနင်း သူမကို အမှန်တကယ်ဂရုစိုက်မှန်းလဲသိနေတာကြောင့် ကုမန့်ဘာပြန်ပြောလို့ပြောရမှန်း မသိဖြစ်နေခဲ့သည်။
“ထန်မိသားစုရဲ့ကပ်ဘေးကာလကြီး ကျော်ဖြတ်ပြီးသွားရင်တော့ အမေတို့လက်ထပ်ဖို့ကိစ္စဆွေးနွေးဖို့ အချိန်ရောက်ပြီပဲ။” ကုနင်းပြောလိုက်ပြန်သည်။
ကုမန့် ထပ်မံပြီးရှက်သွားခဲ့ကာ ကားမှန်အပြင်ဘက်သို့သာ လှည့်သွားတော့သည်။
အိမ်ပြန်ရောက်ချိန်တွင်တော့ ည၁၁နာရီခွဲနေပြီဖြစ်ကာ ကုမန့်အခန်းသို့ပြန်ကာ မအိပ်ခင် ရေအရင်ချိုးခဲ့သည်။ သို့ပေမည့် ကုနင်းနှင့်လင်ရှောင်းထင်တို့ကတော့ စောနေသေးတာကြောင့် ဧည့်ခန်းထဲတွင်ပင် တီဗီထိုင်ကြည့်နေကြသည်။
ကုနင်းကတော့ တီဗီကိုကြည့်နေပေမည့် လင်ရှောင်းထင်သည်တော့ တစ်ချိန်လုံး ကုနင်းမျက်နှာကိုသာ ထိုင်ကြည့်နေခဲ့သည်။
“ဘာလို့ ကျွန်မကိုပဲ တစ်ချိန်လုံးကြည့်နေတာလဲ?”
“ကိုယ်က….” ပြောရင်းဖြင့် ကုနင်းကို နမ်းဖို့ရန် အနားသို့တိုးကပ်လာခဲ့သည်။ သို့ပေမည့် ကုနင်းက ချက်ချင်းပင် ရှောင်ဖယ်လိုက်ကာ၊ “ဘာလုပ်တာလဲ? အိမ်မှာအမေရှိတယ်လေ။”
“နမ်းရုံလေးပါ။” လင်ရှောင်ထင် သနားစဖွယ်တောင်းခံနေသည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“မရဘူး။ အမေရုတ်တရက်ပြန်ထွက်လာရင် ဘယ်လိုလုပ်မလဲ?” ကုနင်းကတော့ ငြင်းစဲပင်။
“ကိုယ်တို့ မျက်စိလျင်လျင်နဲ့သတိထားစောင့်ကြည့်ထားရန် ရမှာပါ။” လင်ရှောင်းထင်၏ပုံစံမှာ အချိန်ထပ်မဆွဲနိုင်တော့သလိုပင်။
ထိုသို့ဆိုလျှင်ပင် ကုနင်းကတော့ အရဲမကိုးရဲပေ။
“အဲ့လောက်အတင့်ရဲလို့မဖြစ်ဘူး။ အမေတွေ့သွားရင် ရှင့်အပေါ်ပဲ အဆိုးမြင်ပြီး ကျွန်မကို ရှင်နဲ့နောက်ထပ်မတွေ့ရဘူးလို့တောင် ပြောလာနိုင်တယ်။”
ထိုစကားကြောင့် လင်ရှောင်းထင် စိုးရိမ်သွားကာ ချက်ချင်းပင် နေရာတွင် ခပ်မတ်မတ်ပြန်ထိုင်လိုက်တော့သည်။
“မင်းအမေ Fမြို့ကိုပြန်ရောက်မယ့် မနက်ဖြန်အထိ ကိုယ်မစောင့်နိုင်တော့ဘူး။” လင်ရှောင်းထင် ရယူလိုစိတ်များတောက်လောင်နေသည့် အကြည့်များဖြင့် ကုနင်းကိုကြည့်ရင်းပြောလိုက်သည်။
ကုနင်းကတော့ လင်ရှောင်းထင်ကို မျက်စောင်းတစ်ချက်ထိုးလိုက်ရင်း ရယ်သာရယ်နေတော့သည်။
…….
ယုကျီနှင့်ယန်ကျီချင်တို့ ရုပ်ရှင်ကြည့်ပြီးနောက် ထွက်လာချိန်တွင် ည၁၀နာရီခွဲပြီးပြီဖြစ်တာကြောင့် ယန်ကျီချင်ကပဲ ကားဖြင့် ယုကျီကို အိမ်ပြန်လိုက်ပို့ပေးခဲ့သည်။
ယုကျီ အိမ်အသစ်တစ်လုံးဝယ်ထားပြီးပြီဖြစ်ပေမည့် အခုထိ ပြင်ဆင်မှုမပြီးသေးတာကြောင့် လောလောဆယ်တော့ တိုက်ခန်းတစ်ခန်းငှားကာ နေနေစဲပင်။ ယုကျီနေသည့်နေရပ်လိပ်စာအား ယန်ကျီချင်ကြားလိုက်ရရာ၌ စိုးရိမ်သွားရသည်။
“အဲ့ဒီနေရာက မလုံခြုံဘူး။ မင်း ဒီမှာနေလို့အဆင်ပြေတာ သေချာရဲ့လား?”
“ကျွန်မအိမ်အသစ်ဝယ်ထားပြီးပါပြီ၊ အခုက ပြင်ဆင်နေမစဲမို့လို့သာ အချိန်တစ်ခုထိ ဒီမှာခဏနေတာပါ။”
ယုကျီဘက်က အဆင်ပြေသည်ဆိုမှတော့ ယန်ကျီချင်လဲ ထိုအကြောင်းဆက်မပြောတော့ပေ။ သူတို့ချင်း အလွန်မရင်းနှီးကြသေးတာကြောင့် ဤအကြောင်းမျိုးပြောဖို့က အဆင်မပြေလှခြင်းကြောင့်ဖြစ်သည်။
“ဒါက၊ ငါ သတင်းထုတ်ပြန်ပွဲကို ကြည့်ခဲ့သေးတယ်။ မင်းကိုယ်တိုင် Charmကို တည်ထောင်ခဲ့တာလား?” ယန်ကျီချင် မေးလိုက်ရင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ဟုတ်တယ်! လွန်ခဲ့တဲ့တစ်နှစ်လောက်က စလုပ်ခဲ့တာ၊ ဒါပေမယ့် ကျွန်မဘော့စ် စပြီးရင်းနှီးမြှုပ်နှံမှုမလုပ်ခင်တုန်းကတော့ အမြတ်မရခဲ့ဘူး။”
“မင်းရဲ့ဒီဇိုင်းတွေကို ငါသဘောကျတယ်။ တခြားနာမည်ကြီးပညာရှင်တွေလိုကို လှတာ။ မင်းက ကျော်ကြားမှု နည်းနည်းပါးပါးလိုနေရုံပါ။”
ယခုခေတ်တွင် လူအများသည် ကျော်ကြားမှုရှိပြီးသည့်အရာများကိုပို၍ အလေးပေးသည်က အမှန်တရားပင်ဖြစ်သည်။ JadeBeauty နှင့်အတူ Charmလဲ နာမည်ကြီးလာသည်နှင့် ဆိုင်သည်လဲ နေ့စဉ် လူများဖြင့်ပြည့်လာတော့သည်။
သို့ပေမည့် ယုကျီကတော့ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေကာ၊ “လူကြီးမင်းယု သဘောကျပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တခြားဆရာ့ဆရာကြီးတွေဆီကနေ ကျွန်မသင်ယူဖို့ အများကြီးလိုအပ်နေတုန်းပါ။”
“ငါအမှန်အတိုင်းပြောတာပါ။ မင်းလုပ်နိုင်လာလိမ့်မယ်လို့လဲ ယုံကြည်တယ်။”
“ကျေးဇူးတင်ပါတယ်!”
ယုကျီ သူမတိုက်ခန်းထဲသို့ဝင်သွားပြီး အခန်းမီးဖွင့်သည်ကို ကြည့်ပြီးမှသာလျှင် ယန်ကျီချင်ပြန်လာခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယန်ကျီချင်သည်လဲ ကုနင်းနှင့်မဝေးလှသည့် ဟွားဖုတောင်ကုန်းအိမ်ရာတစ်ခုမှာပင် နေထိုင်သူဖြစ်သည်။
သူအိမ်ပြန်ရောက်သည်နှင့် ယန်ကတော် သိချင်စိတ်များစွာဖြင့်၊ “ဘယ်လိုအခြေအနေရှိလဲ?”
“အားလုံးအဆင်ပြေပါတယ်။ သူက မိန်းမကောင်းလေးတစ်ယောက်လို့ ကျွန်တော်တော့ထင်တယ်။ ဒါပေမယ့် သူမ ကျွန်တော့်အပေါ် ဘယ်လိုမြင်လဲတော့ မသိသေးဘူး။”
“အမေ မင်းအတွက် ကူမေးပေးရမလား?”
“မမေးပါနဲ့။ အခုမှ ပထမတစ်ကြိမ်ပဲတွေ့ကြသေးတာကို၊ ဖြေးဖြေးချင်းပဲသွားပါမယ်။” ယန်ကတော်က သူနှင့်ယုကျီအပေါ် ဖိအားအရမ်းပေးလာမည်ကို ယန်ကျီချင်ကြောက်တာကြောင့် ကြိုပြောထားလိုက်သည်။
“ကောင်းပြီလေ!” ယန်ကတော်လဲ ဒါက သူတို့နှစ်ဦး၏ကိစ္စသာဖြစ်ကြောင်း နားလည်ပေသည်။
“သူမကို မိန်းမကောင်းလေးလို့ ထင်ရင် အခွင့်အရေးကိုလက်မလွတ်စေနဲ့!”
“ဟုတ်ပါပြီ၊ ကျွန်တော်နားလည်ပါတယ်။” ယန်ကျီချင်ပြောပြီးသည်နှင့် အပေါ်ထပ်သို့တက်သွားတော့သည်။
သူတို့နှစ်ဦး အဆင်ပြေလာဖို့ အချိန်ပေးဖို့လိုအပ်သေးသည်။
………
ချောင်ဝမ်ရှင်းတို့အဖွဲ့ အိမ်ပြန်ဖို့ ထလိုက်ကြသည်။ သို့ပေမည့် သူမမတ်တပ်ရပ်လိုက်သည့် အချိန်တွင်ပဲ ခလုတ်တိုက်ကာ ရှင်းပိုင်ဘက်သို့ပြိုလဲကျသွားပြီး မတော်တဆ နှုတ်ခမ်းချင်း ထိမိသွားကြသည်။
ထိုအခိုက်အတန့် နှစ်ယောက်လုံး အံ့ဩကာ မျက်လုံးများပြူးကျယ်နေကြပြီး တစ်ချိန်တည်းတွင်ပဲ နှစ်ယောက်လုံး၏နှလုံးခုန်သံများလဲ မြန်ဆန်လို့လာခဲ့သည်။ အနားရှိအခြားသူများသည်လဲ အံ့ဩတကြီးဖြင့် ကြည့်နေမိကြသည်။
“ဘုရားရေ၊ ရှင်းပိုင်အတင်းအကြပ်အနမ်းခံလိုက်ရတာပဲ!” ရှုကျင်းချန်တစ်ယောက် စိတ်လှုပ်ရှားကာ အံ့ဩတကြီးထအော်တော့သည်။
ရှုကျင်းချန်၏အသံကာ အားလုံးကို သတိပြန်ဝင်စေလိုက်တာကြောင့် ချောင်ဝမ်ရှင်းလဲ ရှင်းပိုင်ကို တွန်းထုတ်လိုက်သည်။ ရှင်းပိုင်ကတော့ ယခုလို တွန်းထုတ်ခံလိုက်ရသည့်အတွက် စိတ်ပျက်လို့သွားတော့သည်။ သို့ပေမည့် တိုက်တိုက်ဆိုင်ဆိုင်ပဲ ချောင်ဝမ်ရှင်း မတ်တပ်ပြန်ရပ်လိုက်သည်နှင့် တစ်ဖန် ရှင်းပိုင်ပေါ်သို့ ထပ်လဲကျခဲ့ပြန်သည်။
“ဝမ်ရှင်း၊ အဆင်ပြေရဲ့လား?” ချိုးယွီရှင်းက ချောင်ဝမ်ရှင်းထဖို့ ကူညီရန်ပြင်လိုက်ပေမည့် စစ်မင်က သူမကိုတားလိုက်ကာ၊
“ထားလိုက်ပါ။ သူတို့နှစ်ယောက်နီးစပ်ဖို့ဆိုရင် မတော်တဆမှုလေးတွေလိုအပ်တယ်။”
ထိုစကားကြောင့် ချိုးယွီရှင်း မကူညီတော့ဘဲ ဆက်ထိုင်နေလိုက်တော့သည်။
***
အခန်း ၇၁၀ မင်းဘာကောင်ဖြစ်ဖြစ် ဂရုမစိုက်ဘူး
ရှင်းပိုင်နှင့်ချောင်ဝမ်ရှင်းတို့ ဘယ်လောက်တောင်လိုက်ဖက်ညီလဲဆိုသည်ကို အားလုံးသိကြပေမည့် ကာယကံရှင်နှစ်ဦးကတော့ အချင်းချင် ထုတ်ပြောချင်းမရှိတာကြောင့် သူတို့ကို တွန်းအားလေးပေးနိုင်မည့် အကူညီလေးနည်းနည်းပါးပါးလိုအပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် သီးသန့်ခန်းထဲတွင် ရှင်းပိုင်ကလွဲပြီး ချောင်ဝမ်ရှင်းထဖို့ရန် ကူညီမည့်သူမရှိပေ။
ရှင်းပိုင်သည်တော့ ချောင်ဝမ်ရှင်းကို သူ့ရင်ခွင်ထဲမှ လွှတ်မပေးချင်သော်လည်း သူတို့က အခုထိ တရားဝင်မတွဲရသေးတာကြောင့် ဖက်ထားလို့ အဆင်မပြေပေ။
ရှင်းပိုင်၏အကူအညီဖြင့် ချောင်ဝမ်ရှင်း ထရပ်ပြီးနောက် မျက်နှာတစ်ပြင်လုံးနီရဲနေကာ ရှင်းပိုင်နှင့် မျက်လုံးချင်းပင် မဆုံရဲတော့ပေ။ ရှင်းပိုင်သည်လဲ နေရခက်နေပေသည်။
“ရှင်းပိုင်၊ မင်းဘာလို့ ဝမ်ရှင်းကို အိမ်ပြန်လိုက်မပို့ပေးတာလဲ?” ရှုကျင်းချန်မေးလိုက်သည်။ ရှင်းပိုင်နှင့်ချောင်ဝမ်ရှင်းတို့ နှစ်ယောက်တည်းရှိနိုင်ဖို့ အချိန်ပေးလိုနေခြင်းမှန်း သိသာလှပေသည်။
“မလိုတော့ဘူး။ ငါ့ဘာသာ….” ချောင်ဝမ်ရှင်း မသိစိတ်က အလိုအလျောက်ငြင်းလိုက်မိသည်။ သူမကို ရှင်းပိုင်အိမ်ပြန်လိုက်ပို့ပေးသည်အား မလိုချင်ခြင်းမဟုတ်ပါဘဲ လောလောဆယ် ရှင်းပိုင်နှင့်မျက်နှာချင်းဆိုင်ရမည်ကို ရှက်နေခြင်းသာဖြစ်သည်။
“သေချာရဲ့လား? အခုက အရမ်းနောက်ကျနေပြီနော်။ မင်း တက္ကစီငှားပြန်ဖို့ကလဲ မလုံခြုံဘူး။” ချောင်ဝမ်ရှင်းစကားမဆုံးခင်တွင်ပင် ရှုကျင်းချန်ဖြတ်ပြောလိုက်သည်။
“ရှင်းပိုင်က ငါတို့ထဲမှ သိပ်မသောက်ထားတဲ့တစ်ယောက်တည်းသောသူပဲ။ ဒီတော့ သူတစ်ယောက်ပဲ မင်းကို ကားမောင်းပြန်ပို့ပေးနိုင်မှာ။”
ထိုစကားပြောပြီးသည်နှင့် ရှုကျင်းချန် ချက်ချင်းထွက်သွားတော့သည်။ သူတော်တော်လေးသောက်ထားမိတာကြောင့် အခုအရမ်းအိပ်ချင်နေပေပြီ။ အခြားလူများလဲ ချက်ချင်းပင် ထွက်ခွာကုန်ကြကာ သီးသန့်ခန်းထဲ၌ ချောင်ဝမ်ရှင်းနှင့် ရှင်းပိုင်သာ ကျန်ရစ်ခဲ့တော့သည်။
ချောင်ဝမ်ရှင်း တစ်ခုခုပြောဖို့ကြံလိုက်ပေမည့် ဘာပြောလို့ပြောရမှန်း မသိဖြစ်နေသည်။ ထို့အပြင် သူမပြန်ပြောဖို့ရာကလဲ ဘယ်သူမှရှိမနေတော့တာကြောင့် နှုတ်ဆိတ်နေရုံသာရှိတော့သည်။
“မင်းငါ့ကို တကယ်မုန်းနေတာလား?” ရုတ်တရက် ရှင်းပိုင် နာကျင်ဝမ်းနည်းမှုများကို ထုတ်ဖော်မေးလိုက်တော့သည်။
“မမုန်းပါဘူး။” ချောင်ဝမ်ရှင်း ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ ရှင်းပိုင်ကို သူမမမုန်းသည့်အပြင် သဘောပင်ကျနေမိတာကြောင့် အခုလို ရှက်နေမိခြင်းဖြစ်သည်။ သို့ပေမည့် ထိုစကားကိုတော့ ထုတ်ဖော်မပြောနိုင်သေးပေ။
“ဒါဆိုလဲ သွားကြတာပေါ့။” ချောင်ဝမ်ရှင်းလဲ အပြင်သို့ထွက်လာခဲ့သည်။
ချောင်ဝမ်ရှင်းထွက်ပြေးသွားတာကြောင့် ရှင်းပိုင်၏ မျက်နှာထက် မကောင်းဆိုးဝါးဆန်ဆန်အပြုံးပေါ်ထွက်လာပေမည့် ဘာမှတော့ မပြောခဲ့ပေ။ သို့ပေမည့် ချောင်ဝမ်ရှင်းနောက်ကို ရှင်းပိုင် ရောက်ခါနီးတွင်ပဲ ယောက်ျားတစ်ယောက်က သူမကို ဝင်တားလိုက်သည်။
“ဝမ်ရှင်း၊ တိုက်ဆိုင်လိုက်တာ! လာလေ၊ ငါ့သီးသန့်ခန်းထဲမှာ နည်းနည်းပါးပါးသွားပျော်ကြရအောင်!”
ထိုအမျိုးသား၏ပုံစံက သဘောကောင်းပုံရပေမည့် ချောင်ဝမ်ရှင်းကတော့ မုန်းတီးနေပုံရသည်။ “ငါ့ရှေ့က ဖယ်စမ်း!”
“ဘာလို့ စိတ်ဆိုးနေတာလဲ၊ ငါက…”
“သူ့ရှေ့က ဖယ်လို့ပြောနေတယ်မဟုတ်လား။” ရှင်းပိုင် ချောင်ဝမ်ရှင်း၏အနားတွင် ဝင်ရပ်လိုက်ကာ ထိုအမျိုးသားအား အေးစက်စက်ကြည့်လိုက်သည်။
“မင်းကဘယ်သူလဲ? ဒါမင်းကိစ္စမဟုတ်ဘူး!” ထိုအမျိုးသားက အလွန်မောက်မာနေဟန်ဖြင့် ပြန်ပြောလာသည်။
ရှင်းပိုင်ကတော့ ထိုလူကို လျစ်လျူရှုကာ ချောင်ဝမ်ရှင်းကို ဆွဲပြီး ထွက်သွားဖို့ပြင်လိုက်သည်။ သို့ပေမည့် ထိုအမျိုးသားက အလျှော့ပေးလိုခြင်းမရှိနေပေ။ သူက ချောင်ဝမ်ရှင်း၏ကျန်လက်တစ်ဖက်ကို လှမ်းဆွဲလိုက်သည်။ ချောင်ဝမ်ရှင်းက ထိုလူ၏လက်ထဲမှ လွတ်မြောက်အောင် ရုန်းရင်း သူမမျက်နှာထက်တွင်လဲ မနှစ်မြို့မှုများမြင်နေရသည်။
စက္ကန့်ပိုင်းအတွင်းတွင်ပဲ ရှင်းပိုင်က ထိုလူ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ အားပြင်းပြင်းဖြင့် ဆုပ်ကိုင်ထားလိုက်တာကြောင့် နာလွန်း၍ ချောင်ဝမ်ရှင်း၏လက်ကို လွှတ်လိုက်မိတော့သည်။ ထိုလူက ရှင်းပိုင်ကို ဒေါသတကြီးကြည့်လိုက်ကာ၊ “မင်းကများ ငါ့ကိုနာကျင်အောင်လုပ်ရဲတယ်? ငါဘယ်သူလဲမင်းသိရဲ့လား? ငါက ရှဲ့မိသားစုကပဲ!”
ထိုအမျိုးသား၏အမည်မှာ ရှဲ့တုန့်ယန်ဖြစ်ကာ Bမြို့၏ကျိကျိတက်ချမ်းသာသော မိသားစုတစ်စု၏ ဆွေမျိုးနီးစပ်ဖြစ်ကာ သူ့ကို အပြစ်ပြုရဲသူ အနည်းအကျဉ်းမျှသာရှိပေသည်။ ချောင်ဝမ်ရှင်းလဲ ထိုအနည်းအကျဉ်းထဲတွင်ပါပေသည်။ သူမက ရှဲ့တုန့်ယန်ကို အပြစ်ပြုရဲရုံတင်မကဘဲ ထိုးပါထိုးရဲသေးသည်။ ထိုသို့ဆိုလျှင်ပင် ရှဲ့တုန့်ယန်ကတော့ ချောင်ဝမ်ရှင်းအားသဘောကျနေစဲဖြစ်ကာ သူမကိုတွေ့တိုင်း လိုက်ကပ်နေတော့သည်။
ရှဲ့တုန့်ယန်သည် အတိုက်အခိုက်ပညာအကြောင်း နည်းနည်းပါးပါးသိတာကြောင့် အတိုင်းအတာတစ်ခုအထိတော့ သူ့ကိုယ်သူကာကွယ်နိုင်သော်လည်း ချောင်ဝမ်ရှင်းနှင့်ယှဉ်တိုက်လျှင်တော့ ဘယ်တော့မှအနိုင်မရဖူးပေ။
“မင်းဘာကောင်ဖြစ်ဖြစ် ဂရုမစိုက်ဘူးလ။ ဒါပေမယ့် မင်းဝမ်ရှင်းကို နှောင့်ယှက်ရဲရင်တော့ မင်းနောက်မလုပ်ရဲတော့အောင် ငါဆုံးမရမယ်!” ရှင်းပိုင် ဘာကိုမှကြောက်ပုံမရကာ အခုချိန်တွင် ချောင်ဝမ်ရှင်းကို ကာကွယ်လိုသည့်စိတ်သာရှိပေသည်။
ထိုအခိုက်အတန့်လေးတွင် ချောင်ဝမ်ရှင်းသူမကိုကာကွယ်ပေးနိုင်သည့် သန်မာသည့်ယောက်ျားတစ်ယောက်ရှိနေတာကြောင့် ပျောက်ရွှင်မိသွားကာ ရှဲ့တုန့်ယန်ကို မုန်းတီးနေသည့်စိတ်မျာ တစ်ခဏအတွင်း ပျော်ရွှင်ခြင်းသို့ ကူးပြောင်းသွားတော့သည်။ ဒီလိုခံစားချက်လေးကို အမြဲတမ်းပင် ဆက်ပြီးရှိနေစေချင်မိသည်။
ယောက်ျားအများစုသည် သူတို့မျက်နှာမပျက်ရေးကို အလွန်ဂရုစိုက်ကြသူများဖြစ်တာကြောင့် ရှင်းပိုင် သူ့ကိုဖမ်းချုပ်ကာ နာကျင်အောင်လုပ်လိုက်၍ သူ့ယောက်ျားဂုဏ်သိက္ခာကျဆင်းသည်ဟု ခံစားရတာကြောင့် ရှဲ့တုန့်ယန် အလွန်ဒေါသထွက်နေတော့သည်။ ဒါတင်မကသေး ချောင်ဝမ်ရှင်းက သူ့ရှေ့ရှိသန်မာကာ ချောမောသည့်ယောက်ျားကကာကွယ်ပေးခြင်းခံရတာကြောင့် ပျော်ရွှင်နေဟန်ကိုပါ မြင်လိုက်ရပြီး ပိုလို့ပင် ဒေါသထွက်လာကာ ထိန်းချုပ်နိုင်စွမ်းများပင် လွတ်ထွက်ကုန်တော့သည်။ တခဏချင်းလေးတွင်ပဲ လက်သီးကိုဆုပ်ကာ ရှင်းပိုင်ကို ထိုးနိုင်ဖို့ရန် ကြိုးစားလိုက်သည်။
ရှင်းပိုင်ဆိုသူမှာ အထူးတပ်ဖွဲ့တွင် သေချာလေ့ကျင့်ပေးခြင်းခံထားရသည့် စစ်သားတစ်ဦးဖြစ်တာကြောင့် ရှဲ့တုန့်ယန်အနေဖြင့် သူ့ကိုထိခိုက်အောင် လုပ်နိုင်ဖို့ရန် မဖြစ်နိုင်ပေ။ ရှဲ့တုန့်ယန်၏လက်သီးကို စက္ကန့်ပိုင်းလေးအတွင်းတွင်ပဲ ရှင်းပိုင်ဖမ်းမိလိုက်ပြီးနောက် ချောင်ဝမ်ရှင်းဘက်သို့လှည့်ကာ မေးလိုက်သည်။
“ငါသူ့ကိုထိုးလို့ရလား?”
ရှင်းပိုင် ထိုလူကို အရမ်းထိုးပစ်ချင်နေပေမည့် သူလုပ်လိုက်လို့ ချောင်ဝမ်ရှင်းပြဿနာတက်သွားမည်ကို စိုးရိမ်နေမိသည်။
“ရတာပေါ့!” ချောင်ဝမ်ရှင်း ချက်ချင်းပင် ထောက်ခံလိုက်တာကြောင့် ရှဲ့တုန့်ယန်ကို ဘယ်လောက်တောင် မုန်းတီးနေကြောင်း သိသာလွန်းသွားသည်။
ချောင်ဝမ်ရှင်းသဘောတူပြီးစက္ကန့်ပိုင်းတောင်မခြားဘဲ ရှင်းပိုင်၏ ရှဲ့တုန့်ယန်လက်မောင်းကို အဆစ်ဖြုတ်လိုက်သည့်အသံက ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာတော့သည်။ ရှဲ့တုန့်ယန်သည်လဲ ချက်ချင်းပင် မျက်နှာတစ်ပြင်လုံးဖြူဖျော့ကာ ပြင်းထန်စွာ နာကျင်သွားတော့သည်။
သူ့လက်မောင်းကိုအဆစ်ကို နဂိုပုံမှန်အတိုင်း အလွယ်တကူ ပြန်လည်ပြုပြင်၍ရသော်လည်း လောလောဆယ်တွင်တော့ အလွန်တရာနာကျင်လှပေသည်။ ဒါ့အပြင် အဆစ်ပြန်တည့်ဖို့ဆိုသည်က လူတိုင်းလုပ်နိုင်သည့်အရာမဟုတ်ဘဲ အရိုးအထူးကုတစ်ယောက်၏အကူအညီဖြင့်မှရပေမည်။ ဒါကြောင့် ကျွမ်းကျင်ဆရာဝန်တစ်ဦးကို ရှာမတွေ့ခင်မှာ သူအလွန်နာကျင်နေရမည်သာ။
ထို့ကြောင့် ရှင်းပိုင်နှင့်ချောင်ဝမ်ရှင်းတို့လဲ ရှဲ့တုန့်ယန်လက်မောင်းအဆစ်ကို ဖြုတ်ပြီးသည်နှင့် ထွက်သွားတော့သည်။
သူတို့မထွက်သွားခင်လေးတွင် ချောင်ဝမ်ရှင်းက ရှဲ့တုန့်ယန်အား အေးစက်စက်စိုက်ကြည့်ကာ၊
“ရှဲ့တုန့်ယန်၊ ငါ့ကိုနောက်တစ်ခါ ထပ်နှောက်ယှက်ရဲရင် နင်ပြန်တောင်မထနိုင်တော့အောင် လုပ်ပစ်မယ်!”
“သ-သခင်လေးရှဲ့၊ အဆင်ပြေရဲ့လား?” ချောင်ဝ်ရှင်းနှင့်ရှင်းပိုင်တို့ ထွက်သွားပြီးသည်နှင့် စားပွဲထိုးလေးတစ်ယောက် ရောက်လာခဲ့သည်။
“ငါ့အခုပုံက အဆင်ပြေမယ်ထင်နေလား? သွား၊ သီးသန့်ခန်းနံပါတ်၈မှာ ငါ့ညီအစ်ကိုတွေကိုသွားရှာပြီး အခုချက်ချင်းလာခဲ့ပေးဖို့ ပြောလိုက်!” ရှဲ့တုန့်ယန် ဒေါသတကြီးအော်လိုက်သည်။ သူဒီလောက်နာကျင်နေရတာကို ဒီစားပွဲထိုးမမြင်နိုင်ဘူးလား?
“ဟုတ်-ဟုတ်ကဲ့ပါ။” စားပွဲထိုးလဲ ကြောက်လန့်သွားကာ ချက်ချင်းပင် သီးသန့်ခန်းနံပါတ်၈သို့ပြေးပြီး ရှဲ့တုန့်ယန်၏သူငယ်ချင်းများကို သွားပြောတော့သည်။
မကြာခင်တွင်ပဲ အမျိုးသား၃ယောက်ရောက်ရှိလာကာ ရှဲ့တုန့်ယန်၏လက်မောင်းပုံစံကိုမြင်ရပြီးနောက် အားလုံးအံ့ဩကုန်ကြပြီး၊
“သခင်လေးရှဲ့၊ ဘယ်လိုဖြစ်တာလဲ?”
“တစ်ယောက်က ငါ့လက်မောင်းကို အဆစ်ဖြုတ်လိုက်လို့!” ရှဲ့တုန့်ယန် ဒေါသထွက်နေသည့်မျက်နှာထားဖြင့် အေးစက်စက်ပြောလိုက်သည်။
“ဘာ? ဘယ်သူကမင်းကို နာကျင်အောင်လုပ်ရဲတာလဲ? ငါတို့ သူ့ကိုသွားသတ်ပေးမယ်!” တစ်ယောက်ကပြောလာခဲ့သည်။
“ဟုတ်တယ်!” ကျန်နှစ်ယောက်ကလဲ ထောက်ခံလေသည်။
“ငါ့ကိုအရင်ဆုံးဆေးရုံပို့ပေးကြပါ!” ရှဲ့တုန့်ယန်တစ်ယောက် သူ့ကိုသူသေတော့မလိုပင် ခံစားနေရသည်။
ထိုစကားကိုကြားကာမှ အခုအချိန်တွင် ဆေးရုံသွားဖို့က ပိုအရေးကြီးကြောင်း သတိရသွားကြပြီး ရှဲ့တုန့်ယန်ကို ထူပေးကာ အပြင်သို့ထွက်ရန်ကူညီပေးကြသည်။ သူတို့က ဆရာဝန်များမဟုတ်တာကြောင့် ဆေးရုံသို့သွားမှသာရပေမည်။
***