အခန်း (၇၁၁-၇၁၅)
Vol. 48 Ch. 711-715
အခန်း ၇၁၁ မင်းအဖြေက ပိုအရေးကြီးတယ်
ရှင်းပိုင်ကပဲ ချောင်ဝမ်ရှင်းကို ဟွားဖုတောင်ကုန်းသို့ ပြန်လိုက်ပို့ပေးခဲ့သည်။
“မင်းကြည့်ရတာ ဟိုလူကို တကယ်မုန်းတီးနေပုံပဲ။ ဘာကြောင့်လဲ?” ရှင်းပိုင်မေးလိုက်သည်။ ချောင်ဝမ်ရှင်းက ထိုလူက မနှစ်မြို့ပေမည့် ထိုလူကတော့ ချောင်ဝမ်ရှင်းကို နှစ်သက်နေကြောင်း သူသိနေ၍ မပျော်ရွှင်မိပေ။
“အွန်း၊ အဲ့လူက ရှဲ့တုန့်ယန်လို့ခေါ်တယ်။ Bမြို့ ရှဲ့မိသားစုကပဲ။ သူက ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ ချစ်သူဖြစ်ခဲ့ပေမည့် တကယ်တမ်း ငါ့သူငယ်ချင်းရဲ့ချစ်သူဖြစ်လာတာက ငါ့ကိုချဉ်းကပ်ချင်တာကြောင့်လို့ ပြောခဲ့တယ်။ ငါ့သူငယ်ချင်းလဲ အရမ်းနာကျင်ကြေကွဲရပြီး နိုင်ငံခြားကိုထွက်သွားခဲ့တယ်။ ဒီကိစ္စအတွက် သူမ ငါ့ကိုအပြစ်မပြောပေမယ့် ထပ်ပြီးလဲ ဆက်သွယ်မလာတော့ဘူး။ ဒါကြောင့် ငါရှဲ့တုန့်ယန်ကိုမုန်းတာ။ သူသာ ငါနဲ့ဝေးဝေးနေရင်တော့ အဆင်ပြေပေမယ့် ငါ့ကိုလာရှုပ်ရင်တော့ အလွတ်မပေးဘူး။ ဒါပေမယ့် ဘယ်လောက်ပဲ ရိုက်နှက်ပါစေ အမှတ်သည်းခြေမရှိ ငါ့ကိုထပ်ခါထပ်ခါ နှောက်ယှက်နေတုန်းပဲ။” ချောင်ဝမ်ရှင်း၏စကားသံများတွင် သူမသူငယ်ချင်းအပေါ် အပြစ်မကင်းမှုများနှင့် ရှဲ့တုန့်ယန်ကို မုန်းတီးမှုများ အပြည့်ပင်။
ဒါက ချောင်ဝမ်ရှင်း၏အမှားမဟုတ်သော်လည်း ရှင်းပိုင်ကတော့ ရှဲ့တုန့်ယန် ချောင်ဝမ်ရှင်းကို တော်တော်လေးချစ်တာဖြစ်မည်ဟု တွေးမိသည်။ ထိုသို့သာမဟုတ်လျှင် ချောင်ဝမ်ရှင်း သူ့ကိုဒီလောက်ရိုက်နှက်နေသည့်ကြားက သူမအနားချဉ်းကပ်ဖို့ရန် ထပ်ခါထပ်ခါ ကြိုးစားလိမ့်မည်မဟုတ်ပေ။ သို့ပေမည့် ထိုသို့တွေးမိလိုက်သည်က ရှင်းပိုင်ကို အနည်းငယ်ခါးသည်းသွားစေသည်။
အိမ်ရာဝန်းဝင်ပေါက်သို့ရောက်သည်နှင့် ချောင်ဝမ်ရှင်းကားပေါ်မှ ဆင်းဖို့ရန်ပြင်လိုက်သည်။
“ခနလေးနေဦး။” ရုတ်တရက် ရှင်းပိုင် သူမကိုတားလိုက်သည်။
“ဘာလဲ?” ချောင်ဝမ်ရှင်း ပြန်လှည့်လာကာ မေးလိုက်ချိန်တွင်ပဲ ရှင်းပိုင်က သူမကိုရုတ်တရက် ဖိကပ်နမ်းလိုက်သည်။
သူမမျက်စိရှေ့တည့်တည့် ချောမောလှသည့်ရှင်းပိုင်၏မျက်နှာက နီးကပ်နေခြင်းကြောင့် ချောင်ဝမ်ရှင်း အံ့ဩထိတ်လန့်သွားကာ ရုတ်ချည်းဆိုသလို ဘာမှမတွေးနိုင်တော့ပေ။ ရှင်းပိုင်သည်လဲ သူရုတ်တရက်လှုပ်ရှားလိုက်မိသည့်အတွက် အလွန်အံ့ဩနေပေမည့် ချောင်ဝမ်ရှင်း၏နှုတ်ခမ်းအစုံမှာ နူးညံ့လှတာကြောင့် မလွှတ်ပေးမိပေ။
ချောင်ဝမ်ရှင်းဘက်ကလဲ သဘောကျပုံရကာ သူ့ကိုတွန်းလွှတ်ခြင်းမရှိခဲ့ပေ။
နောက်ဆုံးချောင်ဝမ်ရှင်းအသက်ရှူကျပ်လာသည့်အခါတွင်မှ ရှင်းပိုင်ကို တွန်းလွှတ်လိုက်တော့သည်။ ရှင်းပိုင်ဘက်ကလဲ ပြင်ဆင်ထားခြင်းမရှိတာကြောင့် အလွယ်တကူ အတွန်းခံလိုက်ရပြီးကာမှ သူဘာလုပ်ခဲ့လဲဆိုသည်ကို သတိထားမိသွားတော့သည်။ ချောင်ဝမ်ရှင်း အံ့ဩထိတ်လန့်နေသည်ကို မြင်လိုက်ရတော့ ရှင်းပိုင် အပြစ်ရှိစိတ်ခံစားရသွားကာ၊ “ဝမ်ရှင်း၊ ငါ….”
ရှင်းပိုင် သူ့ကိုယ်သူမထိန်းချုပ်နိုင်ခဲ့ပေ။ သူ ချောင်ဝမ်ရှင်းကို နှစ်သက်သဘောကျကာ သူမနှင့်အတူ ရှိနေချင်ပေသည်။
ရှင်းပိုင် နောက်ထပ်ဆက်မပြောရသေးခင်တွင်ပင် ချောင်ဝမ်ရှင်းက ကားတံခါးကိုဖွင့်လိုက်ကာ ထွက်သွားဖို့ပြင်နေပြန်တာကြောင့် ရှင်းပိုင် ထပ်မံတားမြစ်လိုက်ပြန်သည်။
“ဝမ်ရှင်း!”
“ဘ-ဘာလဲ?” ချောင်ဝမ်ရှင်း၏ အသံမှာ အနည်းငယ်တုန်ရီနေကာ သတ္တိကိုစုစည်းပြီး ရှင်းပိုင်ကို ပြန်လှည့်ကြည့်လာသည်။
“ငါ့အလုပ်က အရမ်းအလုပ်များနိုင်သလို အားလပ်လွန်းနေတာလဲဖြစ်နိုင်တယ်။ ငါအရမ်းအလုပ်များနေတဲ့အချိန်ဆိုရင်တော့ ငါ့သတင်းကို လဝက်မက မကြားရတာမျိုး ဖြစ်နိုင်ပေမယ့် အားလပ်ချိန်ဆိုရင်တော့ တစ်ပတ်လောက်ကိုနားရတယ်။ မင်းသာ ငါ့အလုပ်အခြေအနေကို စိတ်ထဲမထားဘူးဆိုရင် ငါ့ကိုအခွင့်အရေးတစ်ကြိမ်လောက်ပေးပါလား?” ရှင်းပိုင် သူ၏ခံစားချက်များကို ချောင်ဝမ်ရှင်းအား ဖွင့်ဟလိုက်သည်။
ထိုစကားကြောင့် ချောင်ဝမ်ရှင်း၏နှလုံးမှာ ပြိုင်မြင်းတစ်ကောင်လို ပြင်းထန်စွာ ခုန်လှုပ်လာတော့သည်။ သူမအလွန်စိတ်လှုပ်ရှားနေပေမည့် တစ်ချိန်တည်းတွင်ပဲ ထွက်ပြေးချင်နေမိသည်။
“ငါ့ကိုလွှတ်ဦး၊ အိမ်ပြန်ရဦးမယ်။”
ချောင်ဝမ်ရှင်း လက်ခံချင်နေပေမည့် ရှင်းပိုင်၏အမေးကို ပြန်မဖြေခဲ့ပေ။ သူမသည် ယခင်က တစ်ကြိမ်မျှ ချစ်သူမရှိခဲ့ဖူးတာကြောင့် ရှင်းပိုင်ကို တကယ်သဘောကျလားဆိုသည်ကို မသေမချာဖြစ်နေမိကာ တွန့်ဆုတ်နေမိသည်။
“ငါ့မေးခွန်းကို ပြန်မဖြေရသေးဘူးလေ!” ရှင်းပိုင်ကတော့ မလွှတ်ပေးသေးပေ။
“ငါ-ငါ-ငါ….” ချောင်ဝမ်ရှင်း အထစ်ထစ်အငေါ့ငေါ့ဖြစ်လို့နေသည်။
“ဘယ်လိုသဘောရလဲ?” ရှင်းပိုင် ချောင်ဝမ်ရှင်း၏နားနားသို့ကပ်ကာ လေနွေးနွေးလေးဖြင့်ပြောလိုက်သည်။ ချောင်ဝမ်ရှင်းကတော့ ချက်ချင်းထွက်ပြေးချင်နေမိတော့သည်။
“ငါ့-ငါ့ကိုလွှတ်ပေး။” ချောင်ဝမ်ရှင်း ပြန်လှည့်ကာ ရှင်းပိုင်ကို တွန်းလိုက်သည်။ သို့ပေမည့် သူမ၏လက်က ရှင်းပိုင်၏ရင်အုံပေါ်သို့ ကျရောက်သွားတာကြောင့် ထိတ်လန့်တကြား ပြန်ဆုတ်မိလိုက်ပြန်သည်။
“မင်း ငါ့ကိုသဘောမကျဘူးလား?” ရှင်းပိုင် စိတ်ထိခိုက်ဟန်ဖြင့်မေးလိုက်သည်။
“မဟုတ်ရပါဘူး!” ချောင်ဝမ်ရှင်း သတိလက်လွတ်နှင့် ငြင်းဆန်လိုက်ပြီးကာမှ ချက်ချင်းနေရခက်သွားကာ၊ “ငါ…ငါ…” သို့ပေမည့် သူမဘယ်လိုရှင်းပြလို့ရှင်းပြရမှန်း မတွေးတတ်တော့ပေ။
“ငါ…” ချောင်ဝမ်ရှင်းထပ်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြစ်နေချိန်တွင်ပဲ ရှင်းပိုင်၏ဖုန်းမှ မြည်လာခဲ့တာကြောင့် ချောင်ဝမ်ရှင်း စိတ်သက်သာရာရသွားခဲ့သည်။ သူမပုံစံက ပစ်ခွင်းလာသည့် ကျည်ဆန်ကို ရှောင်လိုက်နိုင်သလိုကို စိတ်အေးသွားခဲ့သည်။ သို့ပေမည့် ရှင်းပိုင်ကတော့ ဖုန်းဖြေဖို့ စိတ်ကူးရှိပုံမရတာကြောင့် ချောင်ဝမ်ရှင်းအံ့ဩသွားကာ၊
“အမ်-နင့်ဖုန်းမြည်နေတာမကြားဘူးလား?”
“ကြားတယ်လေ။” ရှင်းပိုင် ပြန်ပြောလိုက်ပေမည့် ဖုန်းကိုတော့ မဖြေခဲ့ပေ။ အရေးကြီးသည့်ဖုန်းနံပါတ်အားလုံးကို အထူးသံစဉ်ထည့်ထားကာ ယခုဖုန်းသံကတော့ အထူးသံစဉ်မဟုတ်တာကြောင့် အရေးမကြီးလှပေ။
“ဘာလို့မကိုင်တာလဲ?” ချောင်ဝမ်ရှင်းစိတ်ရှုပ်နေတော့သည်။
“မင်းအဖြေက ပိုအရေးကြီးတယ်လေ။”
ထိုစကားက အချိုတကာ့အချိုဆုံးစကားလို့ပင် ထင်ရကာ ချောင်ဝမ်ရှင်း သဘောကျသွားခဲ့သည်။
“ငါ-ငါ မနက်ဖြန်မှ အဖြေပြန်ပြောမယ်လေ။ ဘယ်လိုလဲ?” ချောင်ဝမ်ရှင်း ဘယ်လိုမှ ထွက်ပြေးလို့မရတော့ကြောင်း သိလိုက်တာကြောင့် ရင်ဆိုင်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
“ငါ မနက်ဖြန်မြို့ကိုတော်ကိုပြန်ရတော့မှာလေ။”
ထိုစကားကိုကြားရတော့ ချောင်ဝမ်ရှင်း သိထားပြီးသည့် အကြောင်းအရာဖြစ်ပေမည့် အနည်းငယ်စိတ်ပျက်သွားရသည်။
ချောင်ဝမ်ရှင်းက မနက်ဖြန်မှသာ အဖြေပေးမည်ဟုသာ အတင်းအကြပ်ပြောနေတာကြောင့် ရှင်းပိုင်လဲ သဘောတူလိုက်ရတော့သည်။ အဖြေကိုကြားရဖို့ရန် မစောင့်ချင်တော့သော်လည်း ချောင်ဝမ်ရှင်းအတွက်လဲ သူ့ကိုလက်ခံပေးဖို့ရန် အချိန်လိုမည်ဖြစ်ကြောင်း ရှင်းပိုင်သိပေသည်။
ထို့နောက် ချောင်ဝမ်ရှင်းကားထဲမှထွက်ကာ သူမအိမ်ရှိရာသို့ ထွက်ပြေးသွားတော့သည်။
ချောင်ဝမ်ရှင်း အိမ်ထဲဝင်သွားသည်ကို ကြည့်ပြီးကာမှ ရှင်းပိုင်ဖုန်းကို ထုတ်ကာ ခေါ်ဆိုသူကို စစ်လိုက်သည်။ ခေါ်ဆိုသူမှာ ရှင်းချန်ပင်ဖြစ်သည်။
“ဘာလို့ ဒီလောက်နောက်ကျမှ ဆက်တာလဲ?” ရှင်းပိုင်မေးလိုက်သည်။
“မင်း အခုBမြို့ကိုရောက်နေတာ ဘာလို့ငါတို့ကိုမပြောတာလဲ? မင်းမရီးက မင်းကို JadeBeautyရဲ့ဖွင့်ပွဲဗီဒီယိုထဲမှာ တွေ့လိုက်တယ်တဲ့!” ရှင်းချန်က မကျေမနပ်ပြောလိုက်သည်။
“ဒီရက်ပိုင်းက ကျွန်တော့် သူငယ်ချင်းတွေနဲ့ရှိနေလို့ပါ။ မနက်ဖြန်ဆိုလဲ အဖွဲ့ဆီပြန်တော့မှာ။ နောက်တစ်ကြိမ်မှ လာလည်တော့မယ်။”
***
အခန်း ၇၁၂ ဘယ်သူဒီရာထူးယူမှာလဲ?
“မင်းနဲ့ဝမ်ရှင်း ဘယ်လိုအခြေအနေရှိလဲ?” ဖွင့်ပွဲအခမ်းအနားဗီဒီယိုတွင် ရှင်းပိုင်ဘေး၌ ချောင်ဝမ်ရှင်းရပ်နေတာကို တွေ့ခဲ့တာကြောင့် ရှင်းချန် စိုးရိမ်စွာဖြင့်မေးလိုက်သည်။
“ဘာမှတော့မထူးသေးပါဘူး။ တစ်ခုခုထူးရင်ပြောပါ့မယ်။”
“ကောင်းပြီလေ၊” ထို့နောက် သူတို့နှစ်ဦး ဖုန်းချလိုက်တော့သည်။
ရှင်းချန် ကားမောင်းမထွက်ခင် ချောင်ဝမ်ရှင်း၏အိမ်ဘက်သို့ တစ်ချက်ကြည့်သွားသေးသည်။
အိမ်ထဲတွင်တော့ ချောင်ဝမ်ရှင်းသည် ပြတင်းပေါက်နားတွင်ရပ်ကာ ရှင်းပိုင်၏ကားထွက်သွားသည်ကို ကြည့်နေခဲ့ပြီး အစောက အနမ်းကြောင်းကိုပြန်တွေးမိရင်း ရင်ခုန်နှုန်းများမြန်ဆန်နေခဲ့သည်။
ညဘက်တွင်တော့ ချောင်ဝမ်ရှင်းလုံးဝအိပ်မပျော်နိုင်ခဲ့သလို ရှင်းပိုင်လဲ အိပ်၍မပျော်နိုင်ခဲ့ဘဲ နှစ်ဦးသား တစ်ဦးအကြောင်းကိုတစ်ဦး တွေးနေမိကြသည်။
………..
နောက်တစ်နေ့တွင်တော့ ရှင်းပိုင် မနက်၇နာရီတွင် နိုးလာခဲ့ကာ ချောင်ဝမ်ရှင်းကို စာလှမ်းပို့လိုက်သည်။
ရှင်းပိုင် : မင်းအဖြေကိုသိလို့ရမလား?
အချိန်အတော်ကြာသည်အထိ ချောင်ဝမ်ရှင်းထံမှ ပြန်စာမရရှိခဲ့တာကြောင့် ချောင်ဝမ်ရှင်းအိပ်နေတုန်းဟု တွေးလိုက်ကာ သူ့စာပို့သံကြောင့် ချောင်ဝမ်ရှင်းနိုးသွားမည်စိုး၍ ရှင်းပိုင် စာဆက်မပို့တော့ပေ။
အမှန်တကယ်လဲ ချောင်ဝမ်ရှင်းမှာ အိပ်ပျော်နေတာကြောင့် စာကိုမမြင်ခဲ့ပေ။ သူမ မနေ့ညက မနက်မိုးလင်းခါနီးမှသာ အိပ်၍ပျော်ခဲ့ခြင်းကြောင့်ဖြစ်သည်။
………
မနက်၇:၄၀မိနစ်တွင်တော့ ဟွားဖုတောင်ကုန်းသို့ ချောင်ယရောက်ရှိလာသည်။
မနက်၈နာရီတွင်တော့ ကုမန့်နှင့်ချောင်ယတို့ကို ကုနင်းနှင့်လင်ရှောင်းထင်တို့ လေဆိပ်လိုက်ပို့ပေးခဲ့သည်။
တစ်ချိန်တည်းတွင်ပဲ ရှုကျင်းချန်၊ ရှင်းပိုင်နှင့် စစ်မင်တို့သည်လဲ လေဆိပ်သို့ထွက်လာခဲ့ကြသည်။ သူတို့သည်က သူတို့အဖွဲ့ခေါင်းဆောင်လင်ရှောင်းထင်လောက် အားလပ်ရက်မရကြဘဲ တာဝန်မရှိလျှင်ပင် တပ်ထဲ၌နေရပေသည်။
ရှင်းပိုင်ကတော့ အချိန်အတော်ကြာစောင့်ပြီးသည်အထိ ချောင်ဝမ်ရှင်းထံမှ ပြန်စာကိုမရရှိခဲ့ပေ။ သူဖုန်းဆက်ဖို့ ကြံလိုက်ချိန်တွင်တော့ သူမထံမှ စာဝင်လာခဲ့သည်။
ချောင်ဝမ်ရှင်း : ငါတို့နောက်တစ်ကြိမ်ပြန်တွေ့ကြမှ အဖြေပြောမယ်။
တကယ်တော့ ချောင်ဝမ်ရှင်းက သူမရှင်းပိုင်ကို သဘောကျကြောင်း သွယ်ဝိုက်ကာ ဝန်ခံလိုက်ခြင်းဖြစ်သည်။
စာကိုဖတ်ပြီးနောက် ရှင်းပိုင် မပြန်ချင်တော့ပေမည့် မပြန်၍မရပေ။
ရှင်းပိုင် : ကောင်းပြီလေ၊ ငါစောင့်နိုင်ပါတယ်။
လေဆိပ်တွင်တော့ ကုမန့်ကို ဝင်ပေါက်အထိ ကုနင်းနှင့်လင်ရှောင်းထင်တို့ လိုက်ပို့ပေးခဲ့ပြီး ဆေးရုံသို့ထွက်လာခဲ့ကြသည်။
ထန်ယွင်ရုန်နှင့်ထန်ယွင်ဟန်တို့က ကုမ္ပဏီတွင် အစည်းအဝေးသွားတက်နေကြ၍ ဆေးရုံတွင် ကျန်းလီဟွာနှင့်လုံခြုံရေးအစောင့်အချို့သာ ကျန်ရှိခဲ့သည်။
တစ်ချိန်တည်းတွင်ပဲ အခုမှအိပ်ရာမှနိုးလာသည့် ဖန်ရွှယ်ချင်သည်လဲ ကုမန့် Bမြို့မှ Fမြို့သို့ပြန်သွားကာ ကုနင်းလဲ မပါသွားသည့်သတင်းကို ကြားလိုက်ရသည်။ ထိုသတင်းကိုကြားရသည်နှင့် အခွင့်ရေးကြီးရပြီဟု တွေးမိကာ ဖန်ရွှယ်ချင်ဝမ်းသာသွားတော့သည်။
“အရမ်းကောင်းတယ်။ အခုချက်ချင်း သူ့နောက်ကနေ Fမြို့ကိုလိုက်သွား။ ကုနင်းမရှိဘူးဆိုတော့ ကုမန့်ကိုဖမ်းဖို့ပိုလွယ်သွားပြီ!”
“ဟုတ်ကဲ့ပါ။”
………
အစည်းအဝေးခန်းထဲတွင်တော့ စားပွဲရှေ့တွင် ဒါရိုက်တာ၈ဦး မျက်နှာချင်းဆိုင် ထိုင်နေခဲ့သည်။ ချွမ်မင်ခိုင်ကတော့ ဥက္ကဌ၏အတွင်းရေးမှူးအနေဖြင့် ထိပ်ဆုံးမှခုံတွင်ထိုင်ပေသည်။
ထန်ယွင်ဖန်းမှာ အခုထိ သတိမေ့မျောနေစဲဖြစ်တာကြောင့် အစည်းအဝေးကို မတက်ရောက်နိုင်ဘဲချွမ်မင်ခိုင်ကသာ ထန်ယွင်ဖန်းကိုယ်စား ဥက္ကဌအသစ်မရွေးခင်အထိ တက်ရောက်ရမည်ဖြစ်သည်။ သို့ပေမည့် သူက ဒီအစည်းအဝေး၏ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများနှင့် သူတို့ပြောဆိုလာမှုများကို အကြံပေးချက်အနေဖြင့်သာ ပြောဖို့တက်ရောက်ချင်းဖြစ်ပြီး ဆုံးဖြတ်ချက်ကိုတော့ မချပေးနိုင်ပေ။
“Yနိုင်ငံကကုမ္ပဏီက ကုမ္ပဏီနဲ့ကျွန်တော်တို့ရဲ့လုပ်ငန်းမှာ တစ်ခုခုအမှားအယွင်းဖြစ်လို့ ကျွန်တော်တို့ပါတနာလုပ်ငန်းဘက်က ကိုယ်စားလှယ်တွေ ဒီနေ့လည်၂နာရီ ဆွေးနွေးဖို့အတွက် ရောက်လာလိမ့်မယ်။ ဒီမတိုင်ခင် ကျွန်တော်တို့ဘက်က ပြဿနာအတွက် အကောင်းဆုံးဖြေရှင်းချက်ရှိထားရန် ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။” ချွမ်မင်ခိုင်စပြောလိုက်သည်။
“ငါတော့ အတွင်းရေးမှူးချွမ်ပြောတာကို သဘောတူတယ်။ ဒါပေမယ့် ငါ့တို့လုပ်ငန်းစုဘက်မှာက အခုခေါင်းဆောင်မရှိဘူးဖြစ်နေတယ်။ ဒီတော့ ခေါင်းဆောင်တစ်ယောက်မရှိဘဲနဲ့ ပြဿနာကို အလွယ်တကူ မဖြေရှင်းနိုင်မှာ စိုးမိတယ်။” ထန်သဲ့မင်က ဆိုသည်။ ပြဿနာအကြောင်းမပြောခင် ဥက္ကဌအသစ်ရွေးချယ်လိုနေကြောင်း သိသာပေသည်။
“ဟုတ်တယ်။ ဥက္ကဌထန်ရော၊ သခင်ကြီးထန်ရောက အခု သတိမေ့မျောနေကြတာ။ သူတို့ကိုငါတို့နဲ့ ပူးပေါင်းမှုလုပ်ဖို့ ဘယ်လိုမျိုး ဖျောင်းဖျလို့ရမှာလဲ?” ဖူခိုင်ယွီက ပြောလာသည်။
“ဥက္ကဌထန်သတိမေ့မျောနေတာက မတော်တဆမှုကြောင့်လေ။” ထန်ကျီလင်က ဆန့်ကျင်ပြောဆိုသည်။
“သူတို့ဘက်က ဒါတွေကို ဂရုစိုက်မှာမဟုတ်ဘူးလေ။ စီးပွားရေးသမားတွေဆိုတာ အကျိုးအမြတ်ကိုပဲ ကြည့်ကြမှာ။ ထန်ယွင်ဟန်က မြူနီစီပါယ်ပါတီကော်မတီရဲ့အတွင်းရေးမှူးဆိုရင်တောင် ငါတို့ရဲ့စီးပွားရေးပါတနာတွေက နိုင်ငံခြားသားတွေဆိုတာ့ အဲ့ဒီဂုဏ်ပုဒ်က အလုပ်မဖြစ်ဘူး။” ထန်သဲ့မင် ထပ်ပြောလာသည်။
“ဒီတော့ လက်ရှိပြဿနာကိုဖြေရှင်းနိုင်ဖို့ ဥက္ကဌအသစ်ရွေးချယ်တင်မြှောက်ရမယ်ပေါ့?” ထန်ယွင်ဟန် အင်အားကြီးသည့်အရှိန်အဝါများ ထုတ်ဖော်ရင်းပြောလိုက်တာကြောင့် ရုတ်တရက် အားလုံးကို ဖိအားများသွားစေသည်။ သို့ပေမည့် ထိုလူတွေဘက်က သူတို့အစီအစဉ်ကို နောက်ဆုတ်ကြမည်မဟုတ်ပေ။
“ငါ အဲ့လိုမပြောဘူးနော်။ နေ့လည်ကိစ္စကို မင်းဖြေရှင်းနိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်ဆိုရင်တော့ အခုချက်ချင်း ဥက္ကဌအသစ်မရွေးလဲ အဆင်ပြေပါတယ်။” ထန်သဲ့မင်ပြောလာသည်။
ထန်သဲ့မင်၏ပုံစံအရ ထန်ယွင်ဟန်ထက်ပင် ပို၍ယုံကြည်ချက်ရှိနေပုံပင်။
“ခင်ဗျားတို့ရဲ့အကြံကကော?” တစ်ချိန်လုံးနှုတ်ဆိတ်နေကြသည့် ချန်ကျုံးရှန်းနှင့်ဝူပေါ်ယန်တို့ကို ထန်ယွင်ဟန်မေးလိုက်သည်။
“ငါကတော့ ငါတို့လုပ်ငန်းစု တိုးတက်ရေးအတွက်ကောင်းမယ့် အစီအစဉ်ကိုထောက်ခံမယ်။” ချန်ကျုံးရှန်းကပြောလိုက်သည်။
“ဟုတ်တယ်။ ငါတို့အားလုံးက စီးပွားရေးသမားတွေဆိုတော့ ငါတို့အကျိုးအမြတ်ရနိုင်မယ့်ဘက်ကို အရင်ကြည့်ရမယ်။” ဝူပေါ်ယန်ကလဲ ထောက်ခံခဲ့သည်။
သူတို့ပုံစံက ကြားနေဆိုလျှင်တောင် လက်ရှိအခြေအနေအရ ထန်သဲ့မင်၏အစီအစဉ်ကပို၍ အကျိုးအမြတ်ရှိနေလေသည်။
“အိုး၊ ဒါဆို ဒီရာထူးကို ဘယ်သူကများ တာဝန်ယူနိုင်စွမ်းရှိတယ်လို့ ထင်ကြလဲ?” ထန်ယွင်ဟန် ထပ်မေးလိုက်သည်။
ထန်ယွင်ဟန်သည် မြူနီစီပါယ်ပါတီကော်မတီ၏ အတွင်းရေးမှူးဖြစ်တာကြောင့် လုပ်ငန်းစုတစ်ခု၏ရှယ်ယာရှင်တစ်ဦးဖြစ်နိုင်ပေမည့် တစ်ချိန်တည်းတွင်တော့ ဥက္ကဌတစ်ယောက်ပါ မဖြစ်နိုင်ပေ။ ထန်ယွင်ရုန်သည်လဲ အတူတူပင်။ သူမတွင်လဲ စစ်တပ်ထဲ၌ ရာထူးတစ်ခုရှိထားပြီးမဟုတ်လား။ သူတို့လက်ရှိအလုပ်များမှ နှုတ်ထွက်လိုက်နိုင်သော်လည်း ထိုသို့လုပ်ဖို့ရန်က ရက်များစွာလိုပေမည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံး ချက်ချင်းဆိုသလို မိသားစုလုပ်ငန်း၏ဥက္ကဌအသစ်မဖြစ်နိုင်ပေ။
ထန်သဲ့မင်လဲ ထိုအချက်ကိုကောင်းစွာသိတာကြောင့် ယခုလို သူ့ဆုံးဖြတ်ချက်ကို လက်ခံအောင် ဖိအားပေးနေရဲခြင်းဖြစ်သည်။ တကယ်တော့ ထန်သဲ့မင်မှာ သူတို့၏ရှယ်ယာများကို ထန်မိသားစုမှတစ်ယောက်ယောက်ဆီသို့လွှဲပြောင်းပေးလိုက်မည်အားလဲ စိုးရိမ်လို့နေကြသည်။
“အရည်အချင်းရှိတဲ့လူဘယ်သူမဆို ဒီရာထူးကိုယူနိုင်တယ်။” ဝူပေါ်ယန်ပြောလိုက်သည်။
စီးပွားရေးဆိုင်ရာအရည်အချင်းအကြောင်းပြောရလျှင် ထန်ကျီလင်းနှင့်ထန်သဲ့မင်သာ အခြားသူများထက်သာပေသည်။
“အရည်အချင်းအကြောင်းပြောမှတော့ အရင်ဆုံး ငါတို့အတူတူဒီပြဿနာကိုဖြေရှင်းပြီးတော့မှ ဘယ်သူက ဒီအလုပ်ကို တာဝန်ယူနိုင်စွမ်းအရှိဆုံးလဲဆိုတာ မြင်နိုင်မယ်မဟုတ်လား?” ထန်ယွင်ရုန် ပြောလိုက်သည်။
ထိုစကားကြောင့် ထန်သဲ့မင်မျက်လုံးများမှေးဆင်းသွားတော့သည်။ ထန်ယွင်ဟန် ဉာဏ်များလိုက်ခြင်းပင်ဖြစ်သည်။ ထန်ယွင်ဟန် ထိုသို့ပြောလာတာကြောင့် သူသာ အတင်းဥက္ကဌရွေးဖို့ရန် ဖိအားပေးနေလျှင် သူ့ဘက်ကိုပြန်ထိခိုက်လာနိုင်၍ လောလောဆယ်တော့ လက်လျှော့မှဖြစ်ပေတော့မည်။
ထန်မိသားစုက သူ့ရည်မှန်းချက်များကိုသိနေသည်အား ထန်သဲ့မင်အသေအချာကိုသိနေပေမည့် ဂရုမစိုက်ပေ။ ထန်မိသားစုက သူ့ရည်းမှန်းချက်ကြီးတာ တစ်ခုအတွက်နှင့် သူ့ကို အလုပ်ဖြုတ်၍မှမရဘဲ။ သူ့ဘက်ကလဲ ထန်မိသားစု၏စီးပွားရေးကို ထိခိုက်အောင် တစ်ခုမှမပြုလုပ်ရသေးပေ။ ထန်မိသားစုသာ သူ့ကိုအလုပ်ဖြုတ်လိုလျှင် လုပ်ငန်းစု၏ဂုဏ်သိက္ခာမကျဆင်းစေရန်အတွက် အကြောင်းအရင်းခိုင်ခိုင်မာမာရှိဖို့လိုအပ်ပေသည်။
***
အခန်း ၇၁၃ အခြေအနေသစ်အရ နောက်ခြေလှမ်းကို ပြင်ဆင်မယ်
တကယ်တော့ ထန်ယွင်ဖန်းနှင့်ထန်ဟိုင်ဖုန်းအပြင် ထန်မိသားစုတွင် ထန်ကျားယန်သည်လဲ စီးပွားရေးသမားတစ်ယောက်ဖြစ်နိုင်သည့် အလားအလာရှိသူဖြစ်သည်။ သူက အခုထိ ငယ်ရွယ်သေးကာ အတွေ့အကြုံမရှိသေးဘူးဆိုပေမည့် သူ့အသိပညာများကို ထည့်သွင်းလေ့ကျင့်ရင်းဖြင့် တိုးတက်အောင် ကြိုးစားနိုင်သည်။ အခုချက်ချင်းသာ သူထန်ဟွမ်လုပ်ငန်းစုကို ဆက်ခံလိုက်မည်ဆိုလျှင် စီးပွားရေးလုပ်ငန်းများကို ကောင်းမွန်စွာဆောင်ရွက်ဖို့ရန် ခက်ခဲနေဦးမည်ဖြစ်ပေမည့် ချွမ်မင်ခိုင်နှင့် ယန်ဝေ့လွင်တို့က သူ့ကို ထောက်ပံ့ပေးကြမည်သာ။
ချွမ်မင်ခိုင် သို့မဟုတ် ယန်ဝေ့လွင်သည်လဲ ထန်ယွင်ဖန်းကို နှစ်ပေါင်းများစွာ ကူညီထောက်ပံ့ပေးခဲ့သူများဖြစ်တာကြောင့် ထန်ဟွမ်လုပ်ငန်းစု၏ ဥက္ကဌအသစ်ဖြစ်နိုင်ပေသေးသည်။ ဒါ့အပြင် သူတို့သုံးယောက်က အတူတူအခက်အခဲများစွာကို ကျော်ဖြတ်လာသူများလဲဖြစ်သည်။ ထို့ကြောင့် ထန်မိသားစုတွင် ဥက္ကဌနေရာကိုယူဖို့ အရည်အချင်းရှိသူတစ်ယောက်မှမရှိလျှင်တောင်မှ ထန်မိသားစုက ထိုရာထူးကို အခြားတစ်ယောက်အားပေးမည့်အစား ချွမ်မင်ခိုင် သို့မဟုတ် ယန်ဝေ့လွင်ကိုကို ပေးလိုက်နိုင်သည်။
သူတို့သာ နောက်ကွယ်မှကြိုးကိုင်သူ၏အကြံစည်ကို ထုတ်ဖော်ဖို့အစီအစဉ်မရှိပါက ထန်သဲ့မင်တို့အုပ်စုကို ယခုလိုအစည်းအဝေးတွင် ဆွေးနွေးဖို့ရန်ပင် ခွင့်ပြုပေးလိမ့်မည်မဟုတ်ပေ။
ထို့နောက် လုပ်ငန်းကိစ္စအကြောင်းကို စတင်ပြောဆိုကြသည်။
ထန်ဟွမ်လုပ်ငန်းစုအမည်အောက်ရှိ နည်းပညာကုမ္ပဏီနှင့် Yနိုင်ငံမှ Gနည်းပညာကုမ္ပဏီတို့သည် အတူတကွပူးပေါင်းကာ ဗိုင်းရပ်စ်ကင်းစင်မှုလုံခြုံရေးစနစ်တစ်ခုကို ဖန်တီးခဲ့ကြသည်။ သို့ပေမည့် ထိုစနစ်သစ်ကို လူထုအားမိတ်ဆက်ခြင်းပြုတော့မည့်အချိန်တွင်ပဲ အခြားလေ့လာရေးနှင့်ဖန်တီးရေးအဖွဲ့တစ်ခုက သူတို့ထက်အရင် ထုတ်ပြန်မိတ်ဆက်လာခဲ့သည်။
ထိုကိစ္စကြောင့် Gနည်းပညာကုမ္ပဏီက ထန်ဟွမ်လုပ်ငန်းစုမှတစ်စုံတစ်ယောက်က ဒီနည်းပညာကို ပေါက်ကြားစေခြင်းဟု သံသယဝင်နေခဲ့သလို ထန်ဟွမ်ဘက်ကလဲ အလားတူပင်။
ဗိုင်းရပ်စ်ကင်းစင်မှုလုံခြုံရေးစနစ်ကို သူတို့တစ်ဖွဲ့တည်းကသာ ထုတ်လုပ်နိုင်ခြင်းမဟုတ်သလို အခြားအဖွဲ့က လုပ်နိုင်သွားခြင်းကလဲ အံ့ဩစရာဖြစ်ရပ်တစ်ခုမဟုတ်ပေမည့် အဓိကပြဿနာကတော့ အခြားအဖွဲ့က ထုတ်ပြန်လိုက်သည့်စနစ်မှာ သူတို့စနစ်နှင့် ထပ်တူညီလုနီးပါးဖြစ်နေခြင်းပင်။ အဆိုးဆုံးကတော့ သူတို့၏စနစ်ကိုမှ တစ်ဆင့်အဆင့်မြှင့်ထားသည့်ပုံဖြစ်နေလေသည်။
တစ်နည်းပြောရလျှင်တော့ အခြားအဖွဲ့တစ်ခုမှ ထုတ်ဖော်ကြေညာပြီးသား စနစ်ကို သူတို့ဘက်က မိတ်ဆက်ခြင်းမပြုနိုင်တော့ပေ။ သို့ပေမည့် သူတို့သာ ယခုကိစ္စကြောင့် ရှာဖွေဖန်တီးခြင်းကိုချက်ချင်း ရပ်တန့်လိုက်ပါကကုမ္ပဏီနှစ်ဖက်လုံး များစွာဆုံးရှုံးနစ်နာကြရပေလိမ့်မည်။
တစ်ယောက်ယောက်က နည်းပညာကိုပေါက်ကြားစေခဲ့ခြင်းဆိုလျှင်တော့ ထိုလူက တာဝန်ယူရမည်ဖြစ်ကာ မဟုတ်လျှင်တော့ ပေါက်ကြားသည့်ကုမ္ပဏီဘက်က ပေးလျော်ရမည်ဖြစ်သည်။
ထန်ဟွမ်လုပ်ငန်းစုဘက်ကတော့ ထိုပေးလျော်မှုအတွက် တတ်နိုင်ပေမည့် Gနည်းပညာကုမ္ပဏီဘက်ကတော့ မတတ်နိုင်ပေ။ သို့ပေမည့် ထန်ဟွမ်လုပ်ငန်းစုဘက်က ပေးလျော်နိုင်လျှင်တောင် ဘယ်သူကမှတော့ ယွမ်သန်းရာကျော်ကို အလဟသမဖြုန်းတီးလိုပေ!
ဒီပြဿနာက ထန်ဟွမ်လုပ်ငန်းစုဘက်ကဖြစ်ခြင်းဆိုလျှင် ထန်ယွင်ဟန်နှင့်အခြားလူများကတော့ သေချာပေါက် ထန်သဲ့မင်၏အမှားဟု ယုံကြည်ကြသည်။ သို့ပေမည့် သူတို့တွင် တိကျသေချာသည့် သက်သေကမရှိပေ။
ထန်သဲ့မင် ယခုလိုလုပ်ရသည်ဆိုမှတော့ ဘယ်သူကမှ သူ့အကြောင်းကို မဖော်ထုတ်နိုင်ဘူးဟု ယုံကြည်ချက်ရှိနေခြင်းသာဖြစ်သည်။
ထန်မိသားစုသည် အလွန်အင်အားကြီးပေမည့် ထန်သဲ့မင်ကတော့ သူဂရုတစိုက်လုပ်ကိုင်သ၍ ဘေးကင်းနေမည်ဟု ယုံကြည်ထားသည်။ ထို့အပြင် နည်းပညာကို ပေါက်ကြားအောင် သူကိုယ်တိုင်လုပ်ခဲ့ခြင်းမဟုတ်တာကြောင့် သူ့ကိုသံသယဝင်လို့လဲ အကျိုးမထူးနိုင်ပေ။
“Gနည်းပညာကုမ္ပဏီကတော့ သူတို့အမှားမဟုတ်ဘူးလို့ ယုံကြည်မှုအပြည့်ရှိကြတယ်။ ဒီတော့ ကျွန်တော်တို့ဘက်ကလဲ ပြန်တုံ့ပြန်ဖို့လိုလာပြီ။” ချွမ်မင်ခိုင်ပြောရင်းဖြင့် စားပွဲတွင်ထိုင်နေကြသည့် ဒါရိုက်တာများကို စူးရှသည့်အကြည့်များဖြင့် တစ်ပတ်လည်ကြည့်လိုက်သည်။ “အခုထိ သံသယတစ်ခုပဲရှိသေးပြီး အချင်းချင်းရှာဖွေဖော်ထုတ်ကြရမယ်။ ကျွန်တော်တို့ ကုမ္ပဏီဘက်က စုံစမ်းစစ်ဆေးမှုကတော့ စတင်နေပါပြီ။”
ထန်သဲ့မင်က သူအခုသံသယအဝင်ခံရသည့်အခြေအနေတွင်ရှိနေကြောင်း သိပေမည့် လုံးဝမထိတ်လန့်ခဲ့ပေ။ ထိုအစားကုမ္ပဏီအတွက် စိုးရိမ်ပူပန်နေသည့် အမူအရာဖြင့်၊ “ကုမ္ပဏီရဲ့ဆုံးရှုံးမှုဆိုတာ ငါတို့ကိုယ်တိုင်ရဲ့ဆုံးရှုံးမှုပဲ!” ပြောရလျှင်တော့ သူက နည်းပညာကို ပေါက်ကြားစေသူမဟုတ်သလိုပင်။
အခြားသူအားလုံးကလဲ ထန်သဲ့မင်သည် အလွန်စီးပွားရေးဆန်သူဖြစ်မှန်းသိတာကြောင့် သူ့စကားများကို သံသယမဝင်ကြပေ။ ပြောရလျှင်တော့ သူတို့သည် ထန်ယွင်ဖန်းနှင့်ထန်ဟိုင်ဖုန်းတို့ မတော်တဆမှုဖြစ်သည့် နောက်ကွယ်တွင် အဓိကတရားခံရှိကြောင်းကို မသိထားသောကြောင့်ဖြစ်သည်။
ထန်ယွင်ဖန်းဖြစ်သွားသည့်မတော်တဆမှုမှာ ထန်သဲ့မင်ကြောင့်မှန်း သိသာရှင်းလင်းလှပေသည်။
“ရလဒ်ကဘယ်လိုပဲဖြစ်ဖြစ် ငါတို့နဲ့ Gနည်းပညာကုမ္ပဏီရဲ့ဆက်ဆံရေးကတော့ ပျက်စီးသွားမှာပဲ။ ငါတို့အရင်တွဲလုပ်ထားတဲ့ကိစ္စတွေပါ အဆုံးသတ်သွားမှာကိုပဲ စိုးရိမ်မိတယ်။” ဖူခိုင်ယွီက ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒီလိုသာဆို ငါတို့နောက်ထပ်ဆုံးရှုံးမှုထပ်ဖြစ်လာဦးမှာ။” ဝူပေါ်ယန်ပြောလိုက်သည်။
ထန်ကျီလင်းမှနေပြီး “Gနည်းပညာကုမ္ပဏီဘက်က စိတ်လိုက်မာန်ပါဆုံးဖြတ်လိမ့်မယ်လို့တော့ မထင်ဘူး။ ဒီလိုသာဆို သူတို့ဘက်ကလဲ ဆုံးရှုံးမှုရှိမှာပဲလေ။”
“သူတို့ဘက်ကသာ နည်းပညာကိုပေါက်ကြားစေတာဆိုရင် ဒီလိုမျိုးထုတ်ဖော်နေမှာမဟုတ်ဘူး၊ ဒါပေမယ့် ငါတို့ကုမ္ပဏီဘက်ကလဲ ပေါက်ကြားအောင် လုပ်ခဲ့တာဆိုရင်တော့ လျော်ကြေးရနိုင်တဲ့အတွက် ထုတ်ဖော်ဖို့ကြိုးစားကြတာလို့ထင်တယ်။” ချန်းကျုံးရှန်းက ခွဲခြမ်းစိတ်ဖြာပြသည်။
“ငါလဲထောက်ခံတယ်။ Yမြို့Eနည်းပညာကုမ္ပဏီကတော့ ကူးယူတာမဟုတ်ကြောင်း အခိုင်အမာငြင်းဆိုနေပေမယ့် သူတို့ရဲ့စနစ်သာ ပိုကောင်းပြီး ဈေးကွက်မှာအောင်မြင်လာရင် သူတို့ဘက်ကလဲ အထောက်အပံ့ကောင်းရနိုင်တယ်။”
Eနည်းပညာကုမ္ပဏီသည် သူတို့ထက်အရင် နည်းပညာကိုစတင်မိတ်ဆက်ခဲ့သည့် ကုမ္ပဏီပင်ဖြစ်သည်။
“ဟုတ်တယ်၊ ရလဒ်ကဘယ်လိုပဲထွက်ထွက် ငါတို့ဆုံးရှုံးမှုကြီးဖြစ်လာမှာပဲ။”
ဒါက အောင်အောင်မြင်မြင်ပြီးဆုံးသည့် အစည်းအဝေးတစ်ခုတော့မဟုတ်ခဲ့ဘဲ စုံစမ်းစစ်ဆေးမှုရလဒ်မထွက်ခင်အထိ သူတို့ဘာမှလုပ်နိုင်ဦးမည်မဟုတ်ပေ။ လောလောဆယ်တော့ Gနည်းပညာကုမ္ပဏီနှင့်တွေ့ဆုံရန် စောင့်ဆိုင်ဖို့သာရှိတော့သည်။
……….
နေ့လည်၁၂နာရီဝန်းကျင်တွင်တော့ အစည်းအဝေးပြီးသွားကာ ထန်ယွင်ဟန်နှင့်ထန်ယွင်ရုန်တို့ ဆေးရုံသို့အတူတူပြန်လာခဲ့ကြသည်။
ကုနင်းနှင့်လင်ရှောင်းထင်လဲ ဆေးရုံတွင်ရှိနေသေးကာ ထန်ဟိုင်ဖုန်းနှင့်နေ့လည်စာအတူစားပြီးကာစဖြစ်သည်။ အစည်းအဝေးအခြေအနေအား ထန်ယွင်ရုန်နှင့်ထန်ယွင်ဟန်ကို မေးမြန်းရန်အတွက် စောင့်နေကြခြင်းဖြစ်သည်။
ဤကိစ္စမှာ ထန်သဲ့မင်နှင့်ဆက်စပ်မှုရှိမှန်း သေချာနေကြပေမည့် သူနှင့်ဘယ်နည်းပညာကုမ္ပဏီက ပူးပေါင်းလုပ်ဆောင်နေသည်လဲဆိုသည်ကိုတော့ မသိကြပေ။
အဆိုးဆုံးကတော့ Gနည်းပညာကုမ္ပဏီရော Eနည်းပညာကုမ္ပဏီပါ ထန်သဲ့မင်အသုံးချခြင်းခံနေရနိုင်သည့် အခြေအနေပင်ဖြစ်သည်။
ကုနင်းကနေပြီး ထိုနည်းပညာကုမ္ပဏီနှစ်ခုနှင့်သက်ဆိုင်သည့် အချို့သဲလွန်စများကို ကေအားရှာခိုင်းထားပေမည့် ကုမ္ပဏီနှစ်ခုလုံးသည် နည်းပညာကုမ္ပဏီများသာဖြစ်တာကြောင့် ကေ သူတို့၏ဒေတာဘေ့စ်ထဲသို့ ဝင်ရောက်ထိုးဖောက်လိုက်သည်နှင့် ချက်ချင်းသိသွားနိုင်တာကြောင့် မျှော်လင့်ချက်တော့ သိပ်မရှိလှပေ။
ကုနင်းအထင်မှန်ပေသည်။ မိနစ်များစွာကြပြီးနောက် ကေက သူ့ကို တစ်မိနစ်အတွင်းခြေရာခံနိုင်သွားကြောင်း ပြန်ပြောလာခဲ့သည်။
ကုနင်းလဲ လောလောဆယ်ဘာလုပ်ရမလဲဆိုသည်ကို မသိတော့ဘဲ နောက်ဖြစ်လာမည့် အခြေအနေသစ်ကိုစောင့်ကြည့်ရင်းသာ နောက်ခြေလှမ်းအတွက် ပြင်ဆင်နိုင်တော့မည်ဖြစ်သည်။ ဘယ်နည်းပညာကုမ္ပဏီကပဲ ထန်သဲ့မင်နှင့်တွဲလုပ်နေပါစေ သေချာပြင်ဆင်ထားဖို့တော့လိုပေမည်။
***
အခန်း ၇၁၄ လင်းလိကျွမ်းမှာ စိတ်ရောဂါရှိနေတယ်
Gနည်းပညာကုမ္ပဏီကသာ ထန်သဲ့မင်နှင့်ပူးပေါင်းခဲ့ခြင်းဆိုလျှင် တစ်ယောက်ယောက်ကို နည်းပညာပေါက်ကြားစေရန် တမင်စီစဉ်ထားပေလိမ့်မည်။
……….
နေ့လည်၁၂:၂၀မိနစ်တွင်တော့ ကုမန့်နှင့်ချောင်ယတို့ Fမြို့သို့ပြန်ရောက်လာခဲ့ကြသည်။ သူတို့လေယာဉ်ပေါ်မှ ဆင်းသည်နှင့်တပြိုင်နက် ဘေးကင်းကြောင်း ကုနင်းကို ဖုန်းဆက်အကြောင်းကြားသည်။ သို့ပေမည့် သူတို့လေဆိပ်မှထွက်လာသည့်အချိန်တွင်တော့ နောက်တွင် နောက်ယောင်ခံလိုက်သူရှိနေခဲ့သည်။ ချောင်ယက အရင်ဆုံးသတိပြုမိလိုက်ပေမည့် ကုမန့်ထိတ်လန့်စိုးရိမ်သွားမည်စိုး၍ မပြောပြခဲ့ပေ။
သူတို့နှစ်ဦးတက္ကစီငှား၍သာ အလှပြင်ဆိုင်သို့ ထွက်လာခဲ့သည်။
သူတို့မြို့လယ်ခေါင်တွင် မီးပွိုင့်စိမ်းသည်ကို စောင့်နေချိန်၌ ညစ်ညစ်ပတ်ပတ်မျက်နှာနှင့် အဝတ်အစားဖရိုဖရဲဖြစ်နေသည့် အမျိုးသမီးတစ်ဦးက လမ်းတစ်ဖက်ရှိ မနက်စာရောင်းသည့်ဆိုင်ရှေ့မှ လူကြီးတစ်ဦး၏တွန်းထုတ်ခြင်းကိုခံရကာ ထိုးနှက်ကန်ကျောက်ခြင်းကိုပါ ခံနေရသည်။
ကုမန့် သူမအတွက် အလွန်စိတ်မကောင်းဖြစ်ရပေမည့် သူမတွင်လဲ ဆင်းရဲကာ သနားစရာကောင်းသည့်လူတိုင်းကို လိုက်လံကူညီပေးနေရန်တာဝန်မရှိတာကြောင့် ဘာမှမလုပ်ပေးခဲ့ပေ။
သို့ပေမည့် တက္ကစီက ဆက်လက်မောင်းနှင်လာခဲ့ကာ ရုတ်တရက်ဆိုသလို ထိုအမျိုးသမီး၏မျက်နှာကို ကုမန့်မြင်လိုက်ရသည်။ အံ့အားသင့်စရာကောင်းသည်က ထိုအမျိုးသမီးမှာ လင်းလိကျွမ်းဖြစ်နေလေသည်! လင်းလိကျွမ်း ဒီလိုပုံစံမျိုးဖြစ်နေလိမ့်မည်ဟု ကုမန့်ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
သူမနှင့်လင်းလိကျွမ်း၏ဆက်ဆံရေးမှာ ဆိုးဝါးလှသော်လည်း သူတို့သည် ဆွေမျိုးများသာဖြစ်ကာ ဒီလိုမျိုး လမ်းပေါ်တွင် တခြားယောက်ျားတစ်ယောက် ရိုက်နှက်နေသည်ကို မြင်ရသည်အား သူမစိတ်နှလုံးမှ မခံစားနိုင်ပေ။ ထို့ကြောင့် ကုမန့် ယာဉ်မောင်းကို ရပ်ခိုင်းလိုက်သည်။
ယာဉ်မောင်းက လမ်းဘေးတွင် ကားရပ်ပေးလိုက်ပေမည့် သူကြာကြာရပ်လို့ရသည့်နေရာမဟုတ်တာကြောင့် ချောင်ယက သူ့ကိုငွေချေပေးကာ ထွက်သွားခိုင်းလိုက်တော့သည်။
ကုမန့်ဘာကြောင့် ရပ်ခိုင်းသည်ကို သူမမမေးဘဲ သူမတွင် ကုမန့်ကိုကောင်းကောင်းကာကွယ်ရမည့် တာဝန်သာရှိပေသည်။
“ရပ်လိုက်!” ကုမန့်ချက်ချင်းပင် ထိုရိုက်နှက်ခံနေရသည့်နေရာသို့ ပြေးသွားလိုက်သည်။
လူကြီးကလဲ သူမအသံကိုကြားသည်နှင့် ရပ်တန့်လိုက်သည်။
“ဒါဘာဖြစ်ကြတာလဲ?” ကုမန့်မေးလိုက်သည်။
“သူ ငါ့ရဲ့ပေါက်စီကိုခိုးတယ်။ ပြီးတော့ တခြားပေါက်စီတွေအများကြီးကိုလဲ ညစ်ပတ်အောင်လုပ်ပစ်သေးတယ်။” ထိုလူက ဒေါသတကြီးနှင့်ပြောလိုက်သည်။
“အားလုံးဘယ်လောက်ကျလဲ? ကျွန်မရှင်းပေးပါ့မယ်။” ကုမန့်ပြောလိုက်သည်။
သို့ပေမည့် ထိုလူဘက်ကမပြောရသေးခင်တွင်ပဲ ချောင်ယမှနေပြီး၊ “သူ ဒီအမျိုးသမီးကို ရိုက်နှက်ထားပြီးပြီဆိုတော့ တန်ကြေးအတွက် လုံလောက်သွားပြီလို့ထင်တယ်။”
ဒါကငွေကြောင့်မဟုတ်ဘဲ အမျိုးသမီးတစ်ဦးကို ထိုလူရိုက်နှက်ခဲ့သည့်အတွက် ချောင်ယမပေးချင်တာကြောင့်သာဖြစ်သည်။
ထိုလူလဲ အစကတော့ ငွေလိုချင်ပေမည့် ချောင်ယ၏စကားကိုကြားလိုက်ပြီးနောက် ရှက်ရွံ့သလိုခံစားသွားရကာ၊ “တော်ပါပြီ၊ မေ့လိုက်တော့။” ထို့နောက် ထိုလူလဲ သူဆိုင်ရှိရာသို့ပြန်သွားတော့သည်။
လင်းလိကျွမ်းသည်တော့ မြေပြင်ထက်တွင် ဒူးထောက်ကာ ကိုယ်ကိုကွေးညွတ်ထားပြီး ဘယ်လောက်ပဲအရိုက်ခံနေရပါစေ သူမလက်ထဲမှ ပေါက်စီကိုသေချာကာကွယ်ထားခဲ့သည်။
လင်းလိကျွမ်းကို အခုလိုပုံစံမျိုးဖြင့်မြင်ရသည်က ကုမန့်ကိုအလွန်ဝမ်းနည်းစေသည်။ သူမ လင်းလိကျွမ်းကို အလွန်မုန်းတီးပေမည့် အလွန်သနားနေမိစဲပင်။
“လင်းလိကျွမ်း၊ နင်ဘာတွေဖြစ်ခဲ့တာလဲ?” ကုမန့်လဲ လင်းလိကျွမ်းနားတွင် ဒူးတုတ်ထိုင်လိုက်သည်။ ကုမန့်၏လက်က လင်းလိကျွမ်းကိုထိတော့မည့်အချိန်တွင်ပဲ လင်းလိကျါမ်းက ကြောက်လန့်တကြားအော်ဟစ်တော့သည်။ “ငါ့-ငါ့ပေါက်စီကို မယူသွားပါနဲ့….”
ထိုသို့ပြောပြီးသည်နှင့် လင်းလိကျွမ်းက ပေါက်စီကို ဝါးပင်မဝါးပဲ အတင်းမြိုချတော့သည်။ သူမသာ ချက်ချင်းမစားလိုက်ပါက တစ်ယောက်ယောက်က သူမပေါက်စီကို ယူသွားမည်အား ကြောက်ရွံ့နေပုံပင်။
“ဒါက…” လင်းလိကျွမ်း၏တုံ့ပြန်ပုံကြောင့် ကုမန့်ထိတ်လန့်သွားကာ လင်းလိကျွမ်း၏စိတ်အခြေအနေက မှားယွင်းနေကြောင်း သိလိုက်ရသည်။
“မဒမ်၊ သူမမှာ စိတ်ရောဂါရှိနေပုံပဲ။” ချောင်ယပြောလိုက်သည်။
“စိတ်ရောဂါ?” ကုမန့် အံ့အားသင့်သွားသည်။
“ငါနင့်ရဲ့ပေါက်စီကိုမယူပါဘူး။ တခြားအရသာရှိတဲ့စားချင်သေးလား? ငါနင့်ကိုဝယ်ကျွေးမယ်လေ။” ကုမန့်ပြောလိုက်သည်။
“တကယ်လား?” လင်းလိကျွမ်း ခေါင်းမော့ကာ ကုမန့်ကိုကြည့်လိုက်သည်။ သူမ၏မျက်လုံးများမှာ အလွန်တောက်ပနေကာ အပြစ်ကင်းစင်နေဟန်၊ ကုမန့်ကိုလဲ လုံးဝမမှတ်မိပေ။ သူမ၏စိတ်အခြေအနေမှာ ပုံမှန်အနေအထားမှာမရှိနေတာကြောင့် ကလေးတစ်ယောက်၏ဉာဏ်ရည်လိုမျိုးဖြစ်နေသည်။
သူမဘာတွေဖြစ်ခဲ့တာလဲ? ကုချင်းရှန်ဘာတွေလုပ်နေတာလဲ? ကုမန့်စိုးရိမ်မိသွားသည်။
“တကယ်ပေါ့။”
“ယေး!!” လင်းလိကျွမ်း ချက်ချင်းပင် မတ်တပ်ထရပ်လိုက်တော့သည်။
တစ်ယောက်ယောက်ကသာ သူမကိုရောင်းစားသွားလျှင်ပင် လင်းလိကျွမ်း သူမဘာဖြစ်သွားမှန်း သိလိမ့်မည်မဟုတ်ပေ။
ကုမန့် အနားတွင် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွေ့တာကြောင့် ချောင်ယအား၊ “ချောင်ယ၊ ငါသူ့ကို ခေါင်းလျှော်ဖို့ခေါ်သွားချင်တယ်။ မင်းက သူမအတွက် အဝတ်အစားတစ်စုံလောက် သွားဝယ်ပေးပါလား?”
ကုမန့်တွင် အဝတ်အိတ်မပါလာတာကြောင့် လင်းလိကျွမ်းကို လဲပေးဖို့ရာ အဝတ်အစားမရှိနေပေ။
“မဒမ်၊ မိန်းကလေးကုက မဒမ်ကို ကာကွယ်ပေးဖို့ပြောထားပြီး အခု မဒမ်က အန္တရာယ်များတဲ့အခြေအနေမှာရှိနေသေးတာကြောင့် တစ်ယောက်တည်းမထားခဲ့နိုင်ပါဘူး။ သူမကိုအရင်ဆုံး ခေါင်းလျှော်ပေးပြီးမှ အဝတ်အစားသွားဝယ်ကြတာပေါ့!” သူမတို့နောက်တောက်လျှောက်လိုက်လာနေသည့် လူအကြောင်း ချောင်ယတွေးရင်းပြောလိုက်သည်။
“ကောင်းပြီလေ!” ကုမန့်လက်ခံလိုက်သည်။
ထို့နောက် ချောင်ယနှင့်ကုမန့်တို့ လင်းလိကျွမ်းကို အနီးရှိဆံပင်ညှပ်ဆိုင်သို့ခေါ်သွားခဲ့သည်။
ဆံသဆရာက ညစ်ပတ်နေသည့်လင်းလိကျွမ်းကို မြင်လိုက်ရတော့ ရွံ့ရှာသွားပေမည့် ငွေရမည့်အခွင့်အရေးကိုတော့ လက်လွှတ်စရာအကြောင်းမရှိပေ။
အစပိုင်းတွင်တော့ သူမကိုဘာလုပ်မှန်း နားမလည်တာကြောင့် လင်းလိကျွမ်းရုန်းကန်နေခဲ့သည်။ ကုမန့်မှ သူမကို အရသာရှိသည့်စားစရာများမစားခင် အရင်ဆုံး ခေါင်းလျှော်ရမည်ဟု တိုက်တွန်းလာကာ တစ်ချိန်လုံးလဲ လင်းလိကျွမ်းဘေးတွင် နေပေးခဲ့တာကြောင့် နောက်ဆုံး မရုန်းကန်တော့ဘဲ သဘောတူသွားတော့သည်။
ဆံသဆရာက လင်းလိကျွမ်းကို ခေါင်းလျှော်ပေးနေစဉ် ကုမန့် ကုချင်းရှန်ကို ဖုန်းဆက်လိုက်သည်။
ကုချင်းရှန်ကတော့ သူ့ကို ကုမန့်ပြန်ဆက်သွယ်လာ၍ အလွန်အံ့အားသင့်နေခဲ့သည်။
“ဘာတုန်း?” ကုချင်းရှန် ပုံမှန်အသံဖြင့်သာ မေးလိုက်သည်။
“နင် လင်းလိကျွမ်းနဲ့ကွာရှင်းထားတာလား?”
သူတို့သာ ကွာရှင်းပြီးသားဆိုလျှင် ကုမန့်အနေဖြင့် လင်းလိကျွမ်းကို ကုချင်းရှန်၏အိမ်သို့ပြန်ပို့မပေးနိုင်ပေ။
“မကွာရသေးဘူး။” ကုချင်းရှန်ပြန်ပြောလိုက်သည်။ “လောလောဆယ်တော့ လင်းမိသားစုဆီ သူပြန်နေတယ်။”
ထိုစကားကြောင့် ကုမန့်မျက်မှောင်ကြုတ်လိုက်မိသည်။
“နင်နဲ့လင်းလိကျွမ်းမကွာရှင်းရသေးဘူးဆိုမှတော့ အခုပဲ နင့်ကိုအမှန်အတိုင်းပြောပြတာပိုကောင်းမယ်ထင်တယ်။ ငါ လမ်းပေါ်မှာ သူမနဲ့တွေ့တယ်။ ဒါပေမယ့် သူမပုံစံက အရမ်းညစ်ပတ်နေပြီး စိတ်ရောဂါရှိနေတယ်။”
“ဘာ?” ကုချင်းရှန် ထိတ်လန့်သွားသည်။ “ဘာလို့လဲ?”
ကုချင်းရှန်အနေနှင့် လင်းလိကျွမ်းကို မချစ်ပေမည့် သူမနှင့်မိသားစုဆက်ဆံရေးက ရှိနေစဲဖြစ်တာ သူဘယ်လောက်ပဲ မယားငယ်ထားပါစေ လင်းလိကျွမ်းကို ကွာရှင်းဖို့တော့ စိတ်ကူးမရှိပေ။ အခုထိမကွာရှင်းရတာကို ထည့်မပြောဘဲ ကွာရှင်းပြီးသွားခဲ့လျှင်တော့ လင်းလိကျွမ်း၏လက်ရှိအခြေအနေကို ကြားသိရလျှင် ကုချင်းရှန်အနေဖြင့် တစ်ခုခုလုပ်ပေးဦးမည်သာ။
“မင်းအခုဘယ်မှာလဲ? ငါအခုပဲလာခဲ့မယ်။” ကုချင်းရှန်မေးလိုက်သည်။
“ငါတို့ xxလမ်းက ဆံပင်ညှပ်ဆိုင်မှာ၊ ဆံသဆရာက လင်းလိကျွမ်းကို ခေါင်းလျှော်ပေးနေတယ်။ ပြီးရင် တစ်ခုခုသွားမစားခင် သူမကို အဝတ်အစားအသစ်သွားဝယ်ပေးဦးမယ်။” ကုမန့်ပြန်ဖြေလိုက်သည်။ “နာရီဝက်လောက်ဆိုပြီးမှာပါ။ နင်ငါတို့ကိုလာကြိုလိုက်ပါလား?”
“ကောင်းပြီ၊ ကောင်းပြီ၊ ငါအခုချက်ချင်းလာခဲ့မယ်!” ကုချင်းရှန်ပြောပြီးသည်နှင့် ချက်ချင်းကုမ္ပဏီမှ ထွက်လာခဲ့လိုက်သည်။
နာရီဝက်ကြာပြီးနောက်တွင်တော့ လင်းလိကျွမ်း ခေါင်းလျှော်ကာ မျက်နှာသစ်ပြီးသွားပြီး တစ်ချိန်တည်းတွင်ပဲ ကုချင်းရှန်လဲ ရောက်လာခဲ့သည်။
***
အခန်း ၇၁၅ ကိုယ့်သိက္ခာကိုထိန်းပါ
ခက်ခဲလှသည့်အချိန်ကာလကို ဖြတ်ကျော်ခဲ့ရတာကြောင့် ကုချင်းရှန်သည်လဲ ပို၍ပေါင်းသင်းဆက်ဆံရလွယ်ကူသူဖြစ်လာခဲ့သည်။ ကုမန့်နှင့်ထပ်ဆုံတွေ့ရသည့်အချိန်တွင် ယခင်ကို မောက်မာနေခြင်းမရှိတော့ဘဲ အနည်းငယ်နှိမ့်ချဟန်ပင်ပေါ်နေသေးသည်။
ခက်ခဲမှုများကိုဖတ်ကျော်ခဲ့ရကာ ကုမ္ပဏီကပ်ဘေးဆိုက်နေမှုကိုလဲ ဖြေရှင်းရင်း အလုပ်များနေခဲ့ရတာကြောင့် ကုချင်းရှန်မှာ ယခင်ထက် အသက်အရွယ်ပိုမို့ရင်ရော်လာခဲ့သည်။ သို့ပေမည့် သူ့ကုမ္ပဏီကတော့ ချွတ်ချုံကျကာ ဒေဝါလီခံရတော့မည့်ဟန်သာ။
အခုတော့ ကုမန့်ဆီမှ ငွေတောင်းဖို့ရန်ကိုလဲ ကုချင်းရှန်ရှက်တတ်နေပြီဖြစ်သည်။ ကုမန့်ကို သူ့ကိုကူညီချင်ပါ့မလားဆိုသည်ကိုမှ မသိနိုင်ဘဲ။ ထို့အပြင် ငွေရခဲ့လျှင်တောင် သူ့ကုမ္ပဏီအတွက် ကောင်းမွန်သည့်လုပ်ငန်းတစ်ခု ညှိနှိုင်းနိုင်ခြင်းမရှိပါက နောက်ဆုံးပြန်လည်ကျရှုံးသွားမည်သာဖြစ်သည်။
တစ်ချိန်တည်းတွင်ပဲ ကုမန့်သည်လဲ ကုချင်းရှန်၏ဘဝအခြေအနေ ဘယ်လိုဘယ်ပုံရှိကြောင်းကို မေးမြန်းခြင်းမပြုခဲ့ပေ။
လင်းလိကျွမ်း၏ပုံစံကို ကုချင်းရှန် မြင်လိုက်ရတော့ မျက်မှောင်ကြုတ်မိသွားပေမည့် စက်ဆုပ်ရွံရှာခြင်းတော့ မရှိခဲ့ပေ။
“လိကျွမ်း” ကုချင်းရှန် ခေါ်လိုက်ပေမည့် လင်းလိကျွမ်းမှာ သူမနာမည်ကိုပင် မေ့နေပြီဖြစ်တာကြောင့် ပြန်လည်တုန့်ပြန်လာခြင်းမရှိခဲ့ပေ။
“အခု သူမကိုယ်သူမဘယ်သူမှန်းတောင်မသိတော့ဘူး။ သူမကို စားဖို့မခေါ်သွားခင်အရင်ဆုံး အဝတ်အစားအသစ်သွားဝယ်ကြရအောင်!” ကုမန့်ပြောလိုက်သည်။
“ကောင်းပြီ။” ကုချင်းရှန်ပြောရင်းဖြင့် လင်းလိကျွမ်းကို ကူတွဲပေးဖို့လုပ်လိုက်ပေမည့် လင်းလိကျွမ်းက သူ့ကိုကြောက်နေကာ ကုမန့်၏နောက်သို့ ချက်ချင်းဝင်ပုန်းလိုက်သည်။
ကုချင်းရှန်လဲ ဘာလုပ်ပေးလို့လုပ်ပေးရမှန်းမသိတော့ဘဲ နောက်သို့ပြန်ဆုတ်ကာ သူမတို့နောက်မှသာ လိုက်ခဲ့လိုက်သည်။ ကားထဲသို့ရောက်ပြီးသည်နှင့် ဈေးဝယ်စင်တာတစ်ခုသို့ ထွက်လာခဲ့ကြသည်။
လမ်းတွင်တော့ ကုမန့်ကလဲ ကုချင်းရှန်နှင့် ဘာစကားမှမပြောခဲ့ပေ။ လင်းလိကျွမ်းဘာကြောင့် ဒီလိုပုံမျိုးဖြစ်သွားလဲဆိုသည်ကို ကုချင်းရှန်ကိုယ်တိုင်သာ ထုတ်ဖော်သင့်ပေသည်။
မကြာခင်တွင်ပဲ သူတို့ဈေးဝယ်စင်တာတစ်ခုသို့ရောက်ရှိလာကာ လင်းလိကျွမ်းကို အဝတ်အစားသစ်ဝယ်ပေးရန် ခေါ်ထုတ်ခဲ့လိုက်သည်။
အခုချိန်တွင် ကုချင်းရှန်၌ ငွေပြတ်နေတာကြောင့် သာမာန်အဝတ်အစားဆိုင်တစ်ဆိုင်ကိုသာ သွားခဲ့ကြသည်။
ကုချင်းရှန်လဲ ရှိနေပြီဖြစ်တာကြောင့် လင်းလိကျွမ်းအတွက် ကုနင်း ငွေမထုတ်ပေးတော့ဘဲ ကုချင်းရှန်ဘာသာ ရှင်းပေးပေလိမ့်မည်။
သို့ပေမည့် ခနနေ သူတို့အတူစားသောက်ကြလျှင်တော့ ကုမန့်သာရှင်းပေးလိုက်မည်ဖြစ်သည်။
“အိုး၊ ဒါကုကတော်မဟုတ်လား? ရှင်အရင်ကဆို ဒီလိုသာမာန်အဝတ်အထည်ဆိုင်တွေကို မုန်းတယ်မဟုတ်ဘူးလား? ဘာလို့ ရုတ်တရက်ကြီး ဒီလိုနေရာမှာ အဝတ်အစားဝယ်ဖို့ ရောက်လာတာလဲ?”
လင်းလိကျွမ်း အဝတ်အစားလဲခန်းထဲမှ ပြန်ထွက်လာသည့် အချိန်တွင်ပဲ အမျိုးသမီးတစ်ဦး၏ လှောင်ပြောသည့်အသံက ထွက်ပေါ်လာခဲ့သည်။
သို့ပေမည့် လင်းလိကျွမ်းကတော့ သူမကို ထိုအမျိုးသမီးလှောင်ပြောနေမှန်း နားမလည်တာကြောင့် ဘာမှပြန်မပြောခဲ့ပေ။
ကုမန့်နှင့်ချောင်ယတို့လဲ ထိုအမျိုးသမီးကို လှည့်ကြည့်လာခဲ့သည်။ ထိုအမျိုးသမီးသာ သာမာန်သာဝတ်စားထားသည့် အသက်၄၀အရွယ်လောက်ရှိသူဖြစ်ကာ ယခင်အချိန်များက လင်းလိကျွမ်း၏အမူအရာနှင့်ဆင်တူလှသည်။ သူမ၏ဘေးတွင်တော့ သူမနှင့်ရွယ်တူ နောက်ထပ်အမျိုးသမီးတစ်ဦးလဲ ရှိလို့နေသေးသည်။
လင်းလိကျွမ်းထံမှ ဘာတုန့်ပြန်သံမှမကြားရတာကြောင့် ထိုအမျိုးသမီး မကျေမနပ်ဖြစ်သွားကာ ထပ်ပြောလခဲ့သည်။
“လင်းလိကျွမ်း၊ နင့်အခုအခြေအနေအတွက် ငါစိတ်မကောင်းလိုက်တာ။ နင့်သမီးဖြစ်သူက ထောင်ထဲရောက်နေပြီး ယောက်ျားကကျ ဖောက်ပြန်ခဲ့တယ်။ အခုတော့ သူ့မကုမ္ပဏီက ဒေဝါလီတောင်ခံရတော့မယ်! နင်အခုကစပြီး ငါ့ကိုလှောင်ပြောင်ဖို့ အဆင်မမှီတော့ဘူးပဲ!”
ထိုအမျိုးသမီး၏အသံမှာ အတော်လေးကျေနပ်နေဟန်ပေါ်ပေသည်။ သူမ လင်းလိကျွမ်းနှင့်သိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူမရှေ့တွင် လင်းလိကျွမ်း ကြွားဝါပြခဲ့ပုံကိုလဲ အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် သူမ လင်းလိကျွမ်းအပေါ်ထားရှိသည့်အမုန်းမှာ ဘယ်တော့မှ ပျောက်ကွယ်သွားနိုင်မည်မဟုတ်ပေ။
တကယ်တမ်း လင်းလိကျွမ်း၏အကူအညီကို လိုအပ်ခြင်းကြောင့်သာမဟုတ်လျှင် ဟိုးအရင်အချိန်များကတည်းက လင်းလိကျွမ်းနှင့်ရန်ဖြစ်ပြီးနေပေပြီ။
တကယ်တော့ ထိုအမျိုးသမီးသည် ကျေးဇူးမသိတတ်သူတစ်ယောက်ဖြစ်သည်။ လင်းလိကျွမ်းက သူမကို အလွန်နှိမ့်ချကာဆက်ဆံခဲ့သော်လည်း အကူအညီများစွာလဲ ပေးခဲ့သည်သာ။ အခုလို လင်းလိကျွမ်း၏အခြေအနေမကောင်းသည့်အချိန်တွင်တော့ ထိုအမျိုးသမီးက လင်းလိကျွမ်းကို လူကြားထဲ အရှက်ခွဲနေပေသည်။
မနာလိုမှုသည် လူတစ်ယောက်၏တွေးခေါ်နိုင်စွမ်းများကို အလွယ်တကူ ဖျောက်ဖျက်ပစ်နိုင်ကာ တစ်ချိန်တည်းတွင်ပဲ ကျေးဇူးမသိတတ်သည့်လူတစ်ဦးဖြစ်လာစေပေသည်။
ထိုအမျိုးသမီး၏အသံကျယ်ကျယ်ကြောင့် ဆိုင်ထဲမှ လူအများအပြားက လင်းလိကျွမ်းကို သနားဟန် အထင်သေးဟန်များဖြင့် ကြည့်ရှုလာကြသည်။
ဆိုဖာပေါ်တွင်ထိုင်နေသည့် ကုချင်းရှန်သည်လဲ ရှက်ရွံ့ကာ ဒေါသလဲထွက်မိပေမည့် တကယ်လဲ သူက လင်းလိကျွမ်းအပေါ် ဖောက်ပြန်ခဲ့တာကြောင့် ဘာမှပြန်မပြောနိုင်ခဲ့ပေ။
ကုချင်းရှန်က ဆိုဖာပေါ်တွင် မဂ္ဂဇင်းတစ်အုပ်ဖတ်နေခဲ့တာကြောင့် ထိုအမျိုးသမီးနှစ်ဦးက သူ့ကို သတိမထားမိကြခြင်းဖြစ်သည်။ ထို့အပြင် ကုမန့်ကိုကော ချောင်ယကိုပါ သူမတို့မသိကြပေ။ ထိုသို့သာမဟုတ်လျှင် ယခုလို မောက်မာထောင်လွှားကြလိမ့်မည်မဟုတ်ပေ။
သို့ပေမည့် လင်းလိကျွမ်းကတော့ အမူအရာမဲ့နေသည့်မျက်နှထားဖြင့် မတ်တပ်ရပ်နေစဲသာဖြစ်သည်။ ကုမန့်သည်လဲ ဘေးမှဆက်ရပ်မကြည့်နေနိုင်တော့ဘဲ၊
“ဒီဘက်က အမျိုးသမီး၊ ရှင့်ရဲ့ဂုဏ်သိက္ခာကိုထိန်းပါဦး။ လူတစ်ယောက်ကို ဒီလိုပုံမျိုးနဲ့ လူကြားထဲ အရှက်ခွဲလို့ဖြစ်မလား!”
ထိုအမျိုးသမီး အနည်းငယ်အရှက်ရသွားပေမည့် ချက်ချင်းပြန်ခံပြောလာသည်။ “ဒါရှင့်ကိစ္စမဟုတ်ဘူး! ကျွန်မ ရှင့်ကိုပြောနေတာမဟုတ်ဘူး။”
“ရှင့်မှာလဲ တခြားလူတစ်ယောက်ကို ဝေဖန်ပိုင်ခွင့်မရှိဘူးလေ!” ကုမန့်ဆက်ပြောလိုက်သည်။
ထိုအမျိုးသမီး ဒေါသထွက်သွားပေမည့် ဘာမှပြန်မပြောနိုင်တော့ပေ။ သူမဘေးမှ အခြားအမျိုးသမီးမှနေပြီး ပြဿနာကြီးလာမည်စိုးတာကြောင့် သူမကိုဆွဲကာ ထွက်သွားတော့သည်။
ထိုအမျိုးသမီးနှစ်ဦးထွက်သွားပြီးနောက် ကုမန့်တို့အဖွဲ့လဲ ထွက်လာခဲ့ကြသည်။
ကုမန့် စားသောက်ဆိုင်တစ်ဆိုင်သို့သွားကာ သီးသန့်ခန်းတစ်ခန်းကိုယူလိုက်ပြီးနောက် စားသောက်ဖွယ်များကို မှာလိုက်သည်။
စားစရာများမှာပြီးနောက် ကုချင်းရှန်က လင်းတချန်ကို ဖုန်းဆက်လိုက်ကာ လင်းလိကျွမ်း ဘာတွေဖြစ်သွားလဲဆိုသည်ကို သိရှိရရန်အတွက် လင်းတချန်ကို ဖုန်းဆက်လိုက်သည်။
“ဘာလဲ?” လင်းတချန် မကြည်မသာဖြင့် ထူးလိုက်သည်။ ကုချင်းရှန် လင်းလိကျွမ်းအပေါ် ဖောက်ပြန်နေကြောင်း လင်းတချန်သိပြီးကတည်းက သူတို့ကြားမှ ဆက်ဆံရေးမှာ ဆိုးရွားနေခဲ့သည်။
“လိကျွမ်း မင်းတို့အိမ်မှာနေတာမဟုတ်ဘူးလား? ဘာလို့ သူမ မင်းတို့အိမ်က ထွက်သွားတာကို ငါ့ကိုမပြောရတာလဲ? သူမအခုအခြေအနေ အရမ်းဆိုးနေတာ မင်းသိရဲ့လား?” ကုချင်းရှန် စိတ်ရှုပ်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။
“ဘာ?” လင်းတချန်မှတ်မိသွားခဲ့သည်။ နောက်တော့မှ လင်းလိကျွမ်းကို မတွေ့ရသည်မှာ နှစ်ရက်လောက်ရှိပြီးမှန်း ပြန်အမှတ်ရသွားကာ၊ “လိကျွမ်း ဘာဖြစ်လို့လဲ?”
“သူမလမ်းပေါ်မှာ သူတောင်းစားတစ်ယောက်လို လျှောက်သွားနေပြီး ပေါက်စီခိုးခဲ့တာကြောင့် ယောက်ျားတစ်ယောက် ရိုက်နှက်တာကိုတောင် ခံခဲ့ရသေးတယ်။ အခု စိတ်ရောဂါလဲ ရှိနေတယ်။ ကုမန့်သာ မတော်တဆ သူမကိုမတွေ့ခဲ့ရင် သူမသေတဲ့အထိ ငါသိရမှာတောင်မဟုတ်ဘူး။” ကုချင်းရှန် ပြောရင်းဖြင့် ဒေါသထွက်လာခဲ့သည်။
“ဘာ?” လင်းတချန် ထိတ်လန့်သွားကာ ချက်ချင်းရှင်းပြလိုက်သည်။ “သူမ ငါ့အိမ်က လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ပဲ ဖုန်းလဲမပါဘဲ ထွက်သွားတာ။ သူ့သူငယ်ချင်းတစ်ယောက်ယောက်ကို သွားရှာတယ်ပဲ ငါထင်ခဲ့မိတာ။”
လင်းတချန်က ထိုသို့ပြောလာတာကြောင့် ကုချင်းရှန်အနေဖြင့် ကိစ္စအားလုံးကို လင်းတချန်ကိုသာ အပြစ်တင်၍မဖြစ်တော့ပေ။ လင်းလိကျွမ်းသည် အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်တာကြောင့် သူမကိုကလေးတစ်ယောက်လို လိုက်စောင့်ရှောက်ပေးနေဖို့ရန် မည်သူ့တွင်မှ တာဝန်မရှိပေ။
“သူမ မင်းအိမ်က ထွက်လာတုန်းက စိတ်အခြေအနေကောင်းနေသေးလား?” ကုချင်းရှန်မေးလိုက်သည်။
“ကောင်းတာပေါ့၊ မဟုတ်ရင် သူ့ကို ဒီအတိုင်းထွက်သွားခွင့်ပြုပါ့မလား!” လင်းတချန် ချက်ချင်း ခွန်းတုန့်ပြန်လိုက်သည်။ ကုချင်းရှန်၏အသံက လင်းလိကျွမ်းကို သူဂရုမစိုက်ခဲ့သည့်အတွက် အပြစ်တင်နေသလိုပင်။
သူ လင်းလိကျွမ်းကို ကောင်းကောင်းဂရုမစိုက်ခဲ့ပေမည့် သူမ၏စိတ်အခြေအနေသာ ပုံမှန်မဟုတ်မှန်း သိခဲ့ပါလျှင် အိမ်က ထွက်သွားခွင့်ပေးခဲ့မည်မဟုတ်ပေ။ ထို့အပြင် လင်းယွဲ့ဟောင်ကိုတောင် လင်းလိကျွမ်းပြန်မလာသည့်ညက ထွက်ရှာခိုင်းသေးသည်မဟုတ်လား။
လင်းတချန်လဲ မကျေမနပ်ဖြစ်နေပေမည့် လင်းလိကျွမ်းပြဿနာတတ်နေချိ်နတွင်တော့ သူလဲ ဘေးထွက်ရပ်မနေနိုင်ပေ။ “သူမ စိတ်ရောဂါမဖြစ်ခင် တစ်ခုခုကြုံခဲ့ရမယ်လို့ ငါတော့ထင်တယ်။ သူမဘာဖြစ်ခဲ့သလဲသိရအောင် ငါတို့ရဲကိုအကြောင်းကြားပြီး လုံခြုံရေးကင်မရာတွေ စစ်ကြည့်ကြရင်ကော?”
“ကောင်းပြီ။” ကုချင်းရှန် သဘောတူလိုက်ပြီးနောက် ဖုန်းချလိုက်သည်။
***