အခန်း (၇၁၆-၇၂၀)
Vol. 48 Ch. 716-720
အခန်း ၇၁၆ ဒါသက်သေဗီဒီယိုလား?
လင်းလိကျွမ်းမှာ ဤရက်ပိုင်းအတွင်း အစားကောင်းမစားခဲ့ရတာကြောင့် စားပွဲထက်တွင် ဟင်းပွဲများစတင်ချလိုက်သည်နှင့် ချက်ချင်းအငမ်းမရစားသောက်တော့သည်။
စားသောက်ပြီးသွားသည့်နောက် လင်းလိကျွမ်း၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးရန်အတွက် သူတို့အတူတူ ဆေးရုံသို့လာခဲ့ကြသည်။ သို့ပေမည့် ဆေးစစ်ချက်ရလဒ်က အားလုံးကို ထိတ်လန့်သွားစေပေသည်။
လင်းလိကျွမ်း ခန္ဓာကိုယ်တွင် အတွင်းကြေဒဏ်ရာများနှင့် အနာတရများရှိနေကာ မုဒိမ်းကျင့်ခံထားရကြောင်း သိသာလှသည့် အချက်များလဲရှိပေသည်။ သူမခေါင်းကိုလဲ အကြိမ်ပေါင်းများစွာ ရိုက်နှက်ခြင်းခံထားရတာကြောင့် ဦးဏှောက်ကြောလေးများ ပျက်စီးခဲ့ကာ သူမ၏ဉာဏ်ရည်ကို နိမ့်ကျသွားစေခဲ့သည်။ ဒါကြောင့် အခုချိန်တွင် သူမရူးသွားပေပြီ။ သူမကို ပြန်လည်ကုသ၍ရနိုင်သည်ဟု ပြောဖို့ရန်ခက်ပေမည့် ပြန်ကောင်းမည့်လက္ခဏာတွေ့ မတွေ့ရပေ။
လင်းလိကျွမ်း မုဒိမ်းကျင့်ခံခဲ့ရသည့် အမှန်တရားကြောင့် ကုမန့် စိတ်မကောင်းဖြစ်ပေမည့် ကုချင်းရှန်သည်တော့ လက်ခံပေးဖို့ရန် ထိတ်လန့်သွားခဲ့သည်။ သူတို့ ကွာရှင်းဖို့ တွေးထားခဲ့ကြပေမည့် သူသာ သူမကိုစွန့်ပစ်လိုက်လျှင် သူမ၏လက်ရှိအခြေအနေအရ လင်းမိသားစုကလဲ သေချာပေါက် ထောက်ပံ့ပေးချင်မည်မဟုတ်တာကြောင့် သူမသေသွားပေလိမ့်မည်။ သူမက သူ့ကလေးတွေရဲ့ မိခင်တစ်ယောက်ဖြစ်နေတုန်းပဲမဟုတ်လား!
အချိန်အတော်ကြာတွေးပြီးနောက်တွင်တော့ ကုချင်းရှန် ယခင်အတွေးများကို ပယ်ဖျက်လိုက်ကာ လင်းလိကျွမ်းကို စောင့်ရှောက်ဖို့ရန် သူနာပြုတစ်ယောက် ငှားပေးဖို့ ဆုံးဖြတ်ုလိက်သည်။ အနည်းဆုံးတော့ သူမအိမ်ရာမဲ့တစ်ယောက်မဖြစ်တော့ဘူးပေါ့။
ကုချင်းရှန်မှာ ထိတ်လန့်နေစဲဖြစ်တာကြောင့် ကားမမောင်းနိုင်၍ ချောင်ယကပဲ သူတို့ကို ရဲစခန်းသို့ မောင်းပို့ပေးခဲ့ရသည်။
လင်းလိကျွမ်း၏ထိတ်လန့်စရာ အဖြစ်အပျက်ကို ဖော်ထုတ်သလိုဖြစ်သွားနိုင်သော်ည်း ဒီအတိုင်းတော့ မဖျောက်ပျက်ပစ်နိုင်ပေ။
ကျွမ်းထျန်းမန်သည် ရဲစခန်းရှိ လှပသော ရဲမေအသစ်လေးတစ်ဦးဖြစ်သည်။ ကုမန့်တို့အဖွဲ့ရောက်လာသည်နှင့် သူမမျက်လုံးများလင်းလက်လို့သွားကာ စိတ်လှုပ်ရှားစွာဖြင့်ပြေးသွားလိုက်သည်။
“ဟိုင်း၊ ရှင်က ကုနတ်ဘုရားမ၊ အိုး၊ ကုနင်းရဲ့အမေမဟုတ်လား?” အဖြေကိုသိပြီးသားပေမည့် ကျွမ်းထျန်းမန်မေးလိုက်သည်။ အစက ကုနင်းကို ကုနတ်ဘုရားမဟု ခေါ်ဆိုလိုက်ပေမည့် ဘယ်သူ့အကြောင်းပြောမှန်း ကုမန့်မသိမည်စိုးတာကြောင့် ပြန်ပြင်ပြောလိုက်ခြင်းဖြစ်သည်။
ကျွမ်းထျန်းမန်သည် တရားမျှတမှုကို အလွန်လိုလားကာ မတရားမှုများမှနေပြီး အားနည်းသူများကို ကာကွယ်ပေးလိုတာကြောင့် ရဲမေတစ်ဦးဖြစ်လာခြင်းဖြစ်သည်။ ထို့အပြင် ကိုယ်ခံပညာကိုလဲ အလွန်နှစ်သက်သူဖြစ်တာကြောင့် ကုနင်း လူအများကို ကယ်တင်ခဲ့သည့် ဗီဒီယိုများကို ကြည့်ပြီးနောက်တွင် ကုနင်းကို နက်ရှိုင်းစွာလေးစားသဘောကျသွားခဲ့တော့သည်။ ထို့ကြောင့်ပဲ အခုဆိုလျှင် ကုနင်း၏အမာခံပရိသတ်တစ်ဦးဖြစ်နေပေပြီ။
ကုနင်း၏သတင်းမှန်သမျှကို လက်လွှတ်မခံပဲ စောင့်ကြည့်နေတာကြောင့် JadeBeautyလက်ဝတ်ရတနာဆိုင်ခွဲ ဖွင့်ပွဲအခမ်းအနား ဗီဒီယိုကိုလဲ ကြည့်ခဲ့ရသည်။ ထိုထဲတွင် ကုနင်း၏နားဘေး၌ ကုမန့်က တစ်ချိန်လုံးရပ်နေကာ သူတို့ချင်း ရုပ်ရည်ကလဲ ဆင်တူတာကြောင့် ကုမန့်သည် သေချာပေါက် ကုနင်း၏အမေဖြစ်မည်ဟု ယုံကြည်ထားခဲ့သည်။
ကျွမ်းထျန်းမန်၏ တောက်ပနေသည့် အကြည့်များဖြင့် ရင်ဆိုင်လိုက်ရတာကြောင့် ကုမန့် နေရခက်သွားကာ၊ “ဟုတ်ပါတယ်။”
“တွေ့ရတာဝမ်းသာပါတယ်! ကျွန်မနာမည်က ကျွမ်းထျန်းမန်ပါ၊ ကျွန်မက ကုနင်းရဲ့ပရိတ်သတ်အကြီးစားတစ်ယောက်ပါ!” ကျွမ်းထျန်းမန် အလွန်စိတ်လှုပ်ရှားလို့နေသည်။ သို့သော်လည်း သူမ၏အလုပ်တာဝန်ကိုတော့ မမေ့လျော့ပါဘဲ စိုးရိမ်ဟန်ဖြင့်မေးမြန်းလာသည်။ “ကျွန်မဘာများ ကူညီပေးရမလဲ?”
ကျွမ်းထျန်းမန်၏အသံအနေအထားက မြန်ဆန်စွာပြောင်းလဲသွားတာကြောင့် ကုမန့်အံ့ဩနေ၍ ချောင်ယကပဲ စပြောလိုက်ရတော့သည်။ “ကျွန်မတို့ အမှုတစ်ခုတိုင်ကြားချင်လို့ပါ။”
ထိုစကားကြောင့် ကျွမ်းထျန်းမန်၏အမူအရာ တည်ကြည်လေးနက်သွားကာ၊ “ကျွန်မနောက်လိုက်ခဲ့ပေးပါ။”
ထို့နောက် သူတို့လဲ ကျွမ်းထျန်းမန်နောက်မှလိုက်ကာ အထဲသို့ဝင်လာခဲ့လိုက်သည်။
လင်းလိကျွမ်း၏ဖြစ်စဉ်ကို ကြားသိရပြီးနောက် ကျွမ်းထျန်းမန် အလွန်ဒေါထွက်လာတော့သည်။ ထိုမုဒိမ်းသမားကို ဖမ်းချုပ်ကာ ကျန်တစ်ဘဝလုံးထောင်ချပစ်ဖို့ကိုပင် မစောင့်နိုင်တော့ပေ။
သူတို့သည် ကုနင်း၏ဆွေမျိုးဖြစ်တာကြောင့် ကျွမ်းထျန်းမန် ချက်ချင်းပင် သူတို့အမှုကို စားရင်းသွင်းလိုက်သည်။ ကုနင်းတို့ပြန်သွားပြီးနောက် ပြည်သူ့လုံခြုံရေးဌာန၏ဒါရိုက်တာဖြစ်သည့် လင်းယွဲ့ပေါ်ကိုလဲ အမှုကို တင်ပြခဲ့သည်။
သေချာပေါက် လင်းယွဲ့ပေါ်ကလဲ အမှုကို အလေးအနက်ထားကာ စုံစမ်းဖော်ထုတ်ဖို့ရန် ရဲတစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။
ထို့နောက် ချောင်ယက ကုချင်းရှန်နှင့်လင်းလိကျွမ်းတို့ကို အိမ်အရင်ပြန်ပို့ကာ ကုမန့်နှင့်အတူ တက္ကစီတစ်စီးငှားပြီး အလှပြင်ဆိုင်သို့ ထွက်လာခဲ့သည်။
……..
Bမြို့တွင်၊
နေ့လည်၁:၅၀မိနစ်တွင် Yနိုင်ငံ၏ Gနည်းပညာကုမ္ပဏီမှဥက္ကဌသည် သူ၏လက်အောက်ခံများနှင့်အတူ ရောက်ရှိလာခဲ့သည်။
Gနည်းပညာကုမ္ပဏီသည် နည်းပညာလောကတွင် ခေါင်းဆောင်ပိုင်းမှာပါသည့် ကုမ္ပဏီတစ်ခုဖြစ်သော်လည်း သူ၏ရင်းနှီးငွေနှင့်အဆင့်အတန်းကတော့ ထန်ဟွမ်လုပ်ငန်းစုကို ယှဉ်နိုင်ဖို့ရန် ခက်သေးပေသည်။ ထို့ကြောင့်လဲ ဥက္ကဌကိုယ်တိုင် ထန်ဟွမ်လုပ်ငန်းစုသို့ လာရောက်ခြင်းဖြစ်သည်။
Gနည်းပညာကုမ္ပဏီ၏ဥက္ကဌသည် အသက်၃၀အရွယ်အမျိုးသားတစ်ဦးဖြစ်ကာ ပင်လယ်ပြာရောင် မျက်ဝန်းတစ်စုံနှင့် ချောမောခန့်ညားသူတစ်ဦးဖြစ်သည်။
ကုနင်းသာ ဤနေရာတွင်ရှိနေလျှင် Gနည်းပညာကုမ္ပဏီ၏ဥက္ကဌသည် တကယ်တမ်း အယ်လန်ဖြစ်နေကြောင်းကို မှတ်မိပေလိမ့်မည်။
“လူကြီးမင်းအယ်လန်၊ တွေ့ရတာဝမ်းသာပါတယ်။” ချွမ်မင်ခိုင်ကိုယ်တိုင် ကြိုဆိုနှုတ်ဆက်လိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်။ အတွင်းရေးမှူးချွမ်။” အယ်လန်ဘက်ကလဲ ယဉ်ယဉ်ကျေးကျေးပင် ပြန်လည်နှုတ်ဆက်ခဲ့သည်။
သူတို့၏ပူးပေါင်းဆောင်ရွက်မှုတွင် ပြဿနာတစ်ခုရှိနေခဲ့သော်လည်း သူတို့ချင်း တစ်ဖက်ကိုတစ်ဖက် မယုံသင်္ကာဖြစ်နေလျှင်တောင်မှ သက်သေအခိုင်အမာမရှိသေးသ၍ အဆင်ပြေပြေညှိနှိုင်းခြင်းကိုသာ လုပ်ဆောင်သွားမည်ဖြစ်သည်။
ချွမ်မင်ခိုင်ကနေပြီး အယ်လန်တို့အဖွဲ့ကို အစည်းအဝေးအခန်းရှိရာသို့ လမ်းပြခေါ်ဆောင်ပေးခဲ့သည်။
၂နာရီထိုးခါနီးတွင်တော့ သူတို့အခန်းထဲသို့ရောက်လာခဲ့ကာ ထန်ဟွမ်လုပ်ငန်းစု၏ဒါရိုက်တာတိုင်းလဲ ရှိနေခဲ့သည်။
အစည်းအဝေးစတင်တော့မည့်အချိန်တွင် ထန်ယွင်ဖန်း ပျက်ကွက်နေစဲဖြစ်သည့်အတွက် အယ်လန်အနည်းငယ်မကျေမနပ်ဖြစ်လာခဲ့သည်။
“ထန်ဟွမ်ရဲ့ဥက္ကဌက ဘာကြောင့် အခုထိပျက်ကွက်နေသေးတာလဲ မေးလို့ရမလား? သူမပါဘဲနဲ့ခင်ဗျားပဲ ဆုံးဖြတ်ချက်ချနိုင်တာလား?”
“လူကြီးမင်းအယ်လန်၊ ကျွန်တော်တို့ဥက္ကဌက ဒီနေ့အစည်းအဝေးကို မတက်နိုင်တဲ့အတွက် ကျွန်တော်တကယ်စိတ်မကောင်းပါဘူး။ ဒါပေမယ့် အစည်းအဝေးရလဒ်ကိုတော့ ထိခိုက်မှုရှိမှုမဟုတ်ပါဘူး။” ချွမ်မင်ခိုင်ပြောလိုက်သည်။
“ကောင်းပြီလေ၊ ဒါဆိုလဲ စကြတာပေါ့။”
ထို့နောက် ပြဿနာအကြောင်း စတင်ပြောဆိုကြတော့သည်။
အယ်လန်တို့အဖွဲ့ကတော့ သူတို့ဘက်မှ ဘယ်သူကမှ နည်းပညာကို ပေါက်ကြားစေခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ချွမ်မင်ခိုင်တို့အဖွဲ့ဘက်ကလဲ စုံစမ်းစစ်ဆေးမှုပြီးသည့်နောက် သူတို့အဖွဲ့ဘက်က ပေါက်ကြားစေတဲ့သူကိုလဲ မတွေ့ကြောင်း ပြောခဲ့သည်။ သို့ပေမည့် သူတို့ထဲမှ တစ်ယောက်ယောက်ကတော့ နည်းပညာကို ပေါက်ကြားစေခဲ့ခြင်းဖြစ်ကြောင်း သေချာတာကြောင့် နှစ်ဖက်လုံး ဘယ်သူ့အဆိုကိုမှ မယုံကြည်ကြပေ။ သူတို့သာ အဖြေထွက်အောင် မဖော်ထုတ်နိုင်ပါက နှစ်ဖက်လုံးဆုံးရှုံးမှုကြီးမားပေလိမ့်မည်။
“တကယ်တော့၊ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ကျွန်တော် ဗီဒီယိုတစ်ခုလက်ခံရရှိထားတယ်။ ခင်ဗျားတို့လဲ စိတ်ဝင်စားလောက်မယ်ထင်ပါတယ်။” အယ်လန်ပြောပြီးသည်နှင့် သူ့အတွင်းရေးမှူးက ချက်ချင်းပင် ယူအက်စ်ဘီတစ်ခုကို ထုတ်ပေးလာခဲ့သည်။
ထိုစကားကြောင့် အခြားသူအားလုံး အံ့အားသင့်သွားကာ မကောင်းတာတစ်ခုခုဖြစ်တော့မည်ဟု ခန့်မှန်းမိလိုက်ကြသည်။ အဲ့ဒါသက်သေဗီဒီယိုများလား?
ချွမ်မင်ခိုင်၊ ထန်ယွင်ဟန်နှင့် ထန်ယွင်ရုန်တို့ကတော့ အရမ်းမအံ့ဩမိပေ။ သူတို့အားလုံး ဖြစ်နိုင်ချေများကို စဉ်းစားထားခဲ့ကြပြီးဖြစ်ကာ Gနည်းပညာကုမ္ပဏီဘက်က ‘သက်သေနှင့်တကွ’ရောက်လာနိုင်သည့်အကြောင်းကလဲ သူတို့မှန်းစချက်ထဲတွင်ပါဝင်ပေသည်။ ထို့အတွက်ကြောင့် သူတို့ဘက်က လျော်ကြေးငွေကိုလဲ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
ဒါက ထန်သဲ့မင်ဆင်ထားသည့် ထောင်ချောက်ဆိုသော်လည်း သူတို့ကုမ္ပဏီဘက်တွင် တာဝန်ရှိကာ နောက်မှသာ နည်းပညာပေါက်ကြားစေသူကို အရေးယူမည်ဖြစ်သည်။
ချွမ်မင်ခိုင်ကတော့ တည်ငြိမ်သည့်အမူအရာဖြင့်ပင် ယူအက်စ်ဘီကို ယူကာ ဖွင့်လိုက်သည်။
သို့ပေမည့် ထိုဗီဒီယိုမှာ သူတို့တွေးထားသလို ‘သက်သေ’မဟုတ်ခဲ့ဘဲ မြေနေရာတစ်ခုကို မိတ်ဆက်ထားခြင်းသာဖြစ်သည်။
လူတိုင်းစက္ကန့်ပိုင်းများ ကြောင်အသွားကြပြီးနောက် စိတ်ရှုပ်ထွေးစွာနှင့် အယ်လန်ကိုကြည့်လိုက်ကြသည်။
သူဘာကိုဆိုလိုချင်တာလဲ?
***
အခန်း ၇၁၇ ကုနင်း၏စီစဉ်မှု
တစ်ဖက်ရှိထန်သဲ့မင်သည်တော့ မယုံနိုင်သည့်မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။
ဘာတွေဖြစ်ကုန်တာလဲ? ဒီဗီဒီယိုက ထန်ဟွမ်လုပ်ငန်းစုရဲ့ဝန်ထမ်းတစ်ယောက်က Eနည်းပညာကုမ္ပဏီမှာအလုပ်လုပ်နေတဲ့လူနဲ့ ကိုယ်တိုင် ညှိနှိုင်းမှုလုပ်နေတဲ့မြင်ကွင်းမျိုးဖြစ်သင့်တာမဟုတ်ဘူးလား? ဘာလို့ ဒါနဲ့အစားထိုးသွားရတာလဲ?
ချွမ်မင်ခိုင်သည်လဲ ဗီဒီယိုထဲမှ မြေနေရာကိုမြင်ကာ အံ့အားသင့်နေပေမည့် ထိုမြေနေရာကို ရင်းနှီးနေသည်ဟုလဲ ခံစားရသည်။
လူတိုင်းနားမလည်နိုင်ဖြစ်နေသည်ကို အယ်လန်သတိထားမိတာကြောင့်၊ “ဒီမြေနေရာကတော်တော်ကြီးတယ်၊ Yနိုင်ငံက အိမ်ခြံမြေကုမ္ပဏီတော်တော်များများက ဒီမြေနေရာအတွက် ယှဉ်ပြိုင်ခဲ့ကြတာ။ ကံကောင်းပြီး၊ နောက်ဆုံးမှာ ကျွန်တော်ကပဲ အောင်အောင်မြင်မြင်ဝယ်လိုက်နိုင်ခဲ့တယ်။ ဒီနေရာမှ သီးခြားအဆင့်အတန်းမြင့်ကလပ်တစ်ခုနဲ့ အပန်းဖြေစခန်းမျိုးဆောက်ဖို့ စီစဉ်ထားပေမည့် ကျွန်တော်တို့ကုမ္ပဏီဘက်က ကုန်ကျစားရိတ်တိုင်းအတွက် မတတ်နိုင်ဘူးလေ။ ထန်ဟွမ်ရဲ့အရည်အချင်းကို ကျွန်တော်လေးစားတာကြောင့် ဒီမြေနေရာဖွံ့ဖြိုးတိုးတက်လာပြီး အကျိုးအမြတ်ကို ၅၀:၅၀ခွဲယူရင်း ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ မျှော်လင့်မိတယ်။ ခင်ဗျားတို့ဘက်က ဘယ်လိုသဘောရလဲ?”
“ဘာ?” လူတိုင်းထပ်မံအံ့အားသင့်သွားကြပြန်သည်။
နည်းပညာပေါက်ကြားတဲ့ပြဿနာကို အခုထိ မဖော်ထုတ်ရသေးဘူးမဟုတ်လား။ ဘာလို့ အယ်လန်က ချက်ချင်းကြီး ထန်ဟွမ်နဲ့ထပ်ပြီးပူးပေါင်းမှုလုပ်ချင်နေရတာလဲ?
“လူကြီးမင်းအယ်လန်၊ ငါတို့ အရင်ဆုံးနည်းပညာပေါက်ကြားတဲ့ပြဿနာကို ဖြေရှင်းသင့်တယ်မဟုတ်ဘူးလား?” ထန်သဲ့မင် စိတ်ရှုပ်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။ သူတို့အစတုန်းက သဘောတူညီမှုလုပ်ထားပြီးသားမဟုတ်ဘူးလား။ ဘာကြောင့် အယ်လန်က ရုတ်တရက်ကြီး စိတ်ပြောင်းသွားရတာလဲ? သူကတော့ သူကိုယ်တိုင် ဤကိစ္စတွင် မပါဝင်ထားတာကြောင့် စုံစမ်းစစ်ဆေးမှုကို မကြောက်ပေမည့် သူခန့်မှန်းထားသည်နှင့် ပြောင်းပြန်ဖြစ်နေတာကြောင့် ထန်သဲ့မင်ဒေါသထွက်လာခဲ့သည်။
“နည်းပညာပေါက်ကြားတဲ့ပြဿနာကို ကျွန်တော်မဖြေရှင်းချင်တာမဟုတ်ဘူးလေ။ ကျွန်တော်တို့ ဘယ်ဘက်ကမှ သက်သေကို မတွေ့ထားတာ။ အဲ့တော့ ဘာဆက်လုပ်ကြမှာလဲ? ဘယ်ဘက်ကပဲ ပေါက်ကြားအောင်လုပ်ခဲ့ပါစေ ပေါက်ကြားစေတဲ့ကုမ္ပဏီဘက်က လျော်ကြေးပေးရမှာပဲ။ ထန်ဟွမ်ဘက်ကတော့ လျော်ကြေးကို တတ်နိုင်ပေမယ့် ကျွန်တော်ကတော့ မတတ်နိုင်ဘူးလေ။ ဒီတော့ အရင်ဆုံးငွေရှာထားရမှာပေါ့။” အယ်လန်ပြန်ပြောလိုက်သည်။
စက္ကန့်ပိုင်းမျှကြာပြီးနောက် အယ်လန်ကထပ်ပြီး၊ “သတင်းပေါက်ကြားမှုက ကျွန်တော်တို့ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိတယ်ဆိုပေမယ့် နောက်ထပ်ပူးပေါင်းမှု ထပ်မလုပ်နိုင်တော့ဘူးလို့တော့ မထင်မိဘူး။ ကျွန်တော်ကတော့ ထန်ဟွမ်ရဲ့လွှမ်းမိုးနိုင်မှုနဲ့ စွမ်းဆောင်ရည်ကို လေးစားမိတယ်။ ဒီတော့ ကျွန်တော့်ဘက်ကတော့ ထန်ဟွမ်နဲ့ပူးပေါင်းမှု ရပ်တန့်ဖို့ စိတ်ကူးမရှိဘူး။ ဒါတင်မကဘူး၊ ဒီကိစ္စက လျှို့ဝှက်ထားဖို့လိုမယ်လဲမထင်ဘူးလေ၊ နှစ်ဦးနှစ်ဖက်လုံး အကျိုးရနိုင်မယ့်ကိစ္စပဲကို၊ ဒီတော့ ဘာကြောင့် တစ်ခေါက်လောက်မစမ်းကြည့်နိုင်ရမှာလဲ?”
ထန်သဲ့မင်သည်တော့ ဒေါသထွက်လွန်း၍ ဆွံ့အနေတော့သည်။ အယ်လန်စိတ်ပြောင်းသွားမှန်း သိသာလှတာကြောင့် သူအခုချိန် ဘာပြောပြော အသုံးမဝင်တော့ပေ။ ထို့ကြောင့် ထန်သဲ့မင်လဲ လက်ရှိအခြေအနေကို လက်မခံချင်ခံချင်နှင့် နှုတ်ပိတ်နေလိုက်ရတော့သည်။
“ကျွန်တော် သဘောတူတယ်! လုံခြုံရေးစနစ်တုန်းကတော့ စိတ်ကျေနပ်ဖွယ်ပူးပေါင်းမှုမဖြစ်နိုင်ခဲ့ပေမည့် ငွေရနိုင်ဖို့အတွက် ကျွန်တော်တို့နှစ်ဖက် ဆက်ပြီးပူးပေါင်းမှုလုပ်နိုင်ပါသေးတယ်!” ချွမ်မင်ခိုင် ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။
အယ်လန်၏အစောပိုင်းက အပြုအမူအရ ထန်သဲ့မင်တို့အဖွဲ့နှင့် အယ်လန် လျှို့ဝှက်သဘောတူညီချက်တစ်ခုလုပ်ထားခြင်းဖြစ်မည်ဟု ချွမ်မင်ခိုင်ယုံကြည်မိသည်။ အယ်လန်၏စိတ်ရုတ်တရက်ပြောင်းလဲသွားမှုကို ချွမ်မင်ခိုင် နားမလည်နိုင်သော်လည်း အယ်လန်ကိုယ်တိုင် ကမ်းလှမ်းလာသည့် ပရောဂျက်ကိုတော့ ချွမ်မင်ခိုင်အနေဖြင့် ငြင်းပယ်စရာအကြောင်းမရှိပေ။
“ကောင်းပြီလေ၊ နည်းပညာပေါက်ကြားတဲ့ပြဿနာကိုတော့ ဆက်စုံစမ်းစစ်ဆေးနေပြီး ကျွန်တော်တို့နှစ်ဖက် ရှေ့ဆက်ပြီးဆက်သွယ်သွားနိုင်ဖို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့အချင်းချင်းပုံမှန်အတိုင်း ယုံကြည်မှုရှိနေသ၍ အလုပ်အတူတူဆက်လုပ်နိုင်ကြမှာပါ။ ကဲ၊ ညနေစာစားချိန်လဲ နီးနေပြီဆိုတော့ ကျွန်တော့် စီးပွားရေးကိစ္စတွေကို ညနေစာစားရင်းနဲ့ ဆက်ပြောကြရင်မကောင်းဘူးလား။ ကျွန်တော်တို့ကို ညနေစာစားဖို့ ဖိတ်ခေါ်ချင်လား?” အယ်လန်မေးလိုက်သည်။ သူ့အနေနှင့် မှားယွင်းနေသည့်ကိစ္စရှိသည်ဟု မထင်မိပေ။
ထန်ဟွမ်လုပ်ငန်းစုဘက်က သူတို့နှင့်ပူးပေါင်းဖို့ သဘောတူလိုက်ပြီဖြစ်ပေမည့် စာချုပ်မချုပ်ခင် အသေးစိတ်အကြောင်းအရာများစွာကို ဆွေးနွေးကြဖို့ရန် လိုအပ်နေသေးသည်။
“မဖိတ်စရာလား!” ချွမ်မင်ခိုင်ပြောလိုက်သည်။ အယ်လန်ကိုယ်တိုင် ဖိတ်ပေးဖို့မပြောလာလျှင်တောင်မှ ချွမ်မင်ခိုင်ဘက်က စတင်ဖိတ်ခေါ်မည်သာ။
“ညနေ ၅:၃၀မိနစ်လောက် ခင်ဗျားတို့တည်းတဲ့ဟိုတယ်မှာပဲ ညနေစာစားကြရင် အဆင်ပြေမလား?”
အယ်လန်သည် ထန်ဟွမ်လုပ်ငန်းစုပိုင်သည့် ဟွမ်းဒင်ဟိုတယ်တွင်ပဲ တည်းခိုနေကာ ချွမ်မင်ခိုင်က သူတို့အတွက် အခန်းယူပေးထားခဲ့ခြင်းဖြစ်သည်။
“ရတာပေါ့။” အယ်လန်ပြန်ဖြေလိုက်သည်။
ထို့နောက် အစည်းအဝေးပြီးဆုံးသွားကာ ချွမ်မင်ခိုင်လဲ အယ်လန်တို့အဖွဲ့နှင့်အတူ အပြင်ထွက်လာခဲ့သည်။
ဤတစ်ခေါက်ဆွေးနွေးမှုမှာ အတော်လေးခက်ခဲလိမ့်မည်ဟု တွေးထားခဲ့ကြပေမည့် အံ့ဩစရာကောင်းစွာပဲ လွယ်လွယ်ကူကူပြီးဆုံးသွားခဲ့သည်။
ထန်သဲ့မင် သူ၏ရုံးခန်းသို့ပြန်ရောက်သည်နှင့် ချက်ချင်းပင်ထန်ဝေ့ရုန်အား ဖုန်းဆက်ကာ၊ “အစီအစဉ်ကျရှုံးတယ်။”
“ဘာ? ကျရှုံးတယ်?” ထန်ဝေ့ရုန် အံ့ဩသွားသည်။ “ဘာကြောင့်လဲ?”
ထို့နောက် ဖြစ်ပျက်ခဲ့သမျှကို ထန်သဲ့မင်က ပြောပြခဲ့ကာ ထန်ဝေ့ရုန် စိတ်ရှုပ်သွားတော့သည်။
“ဘာကြောင့် စိတ်ပြောင်းပြီး ဒီလိုပရောဂျက်ကြီးမျိုးကို ထန်ဟွမ်နဲ့တောင် ပူးပေါင်းချင်သွားရတာလဲ?”
“ငါတို့ဘာဆက်လုပ်ကြမလဲ?” ထန်သဲ့မင်မေးလိုက်သည်။
“ငါအကြံရရင် ပြန်ဆက်သွယ်လိုက်မယ်။”
“ကောင်းပြီ။”
အယ်လန်တို့အဖွဲ့ကားထဲသို့ဝင်ပြီးသွားမှသာ ချွမ်မင်ခိုင် ကုမ္ပဏီထဲသို့ ပြန်ဝင်လာခဲ့သည်။
အယ်လန်သည်လဲ ကားထဲသို့ဝင်ထိုင်ပြီးသည်နှင့် ချက်ချင်းပင် တစ်စုံတစ်ဦးထံ ဖုန်းဆက်လိုက်သည်။
“မိန်းကလေးကု၊ အားလုံးပြီးသွားပြီ၊ ညနေစာစားချိန်ကျရင် တွေ့မယ်နော်။” တစ်ဖက်မှ ဖုန်းဖြေလာသည်နှင့် အယ်လန်နူးညံ့သည့်လေသံနှင့် ပြောလိုက်သည်။
“ကျေးဇူးပါပဲ!” အယ်လန်၏ခေါ်ဆိုမှုကို ပြန်လည်ဖြေကြားခဲ့သူမှာတော့ ကုနင်းပင်ဖြစ်သည်။
နေ့လည်ပိုင်း Eနည်းပညာကုမ္ပဏီနှင့် Gနည်းပညာကုမ္ပဏီတို့၏လုံခြုံရေးကို ကေ ချိုးဖျက်မှုရှုံးနိမ့်သွားတာကြောင့် ကုနင်းက Gနည်းပညာကုမ္ပဏီ၏ဘော့စ်ဘယ်သူလဲဆိုသည်ကို ရှာခိုင်းလိုက်သည်။
အစကတော့ ထိုဘော့စ်မှတဆင့် သဲလွန်စရှာဖွေဖို့ရန် ကုနင်းစီစဉ်ထားခဲ့ပေမည့် အံ့ဩစရာကောင်းစွာပဲ Gနည်းပညာကုမ္ပဏီ၏ဘော့စ်သည် အယ်လန်ဖြစ်ကြောင်းသိလိုက်ရသည်။
ထို့ကြောင့် ကုနင်း ပိုင်ရွှယ်ယန်ကို ဆက်သွယ်ကာ အယ်လန်၏ဖုန်းနံပါတ်ကိုတောင်းလိုက်ပြီးနောက် အယ်လန်ကို ချက်ချင်းဆက်သွယ်လိုက်သည်။
ကုနင်းနှင့်အယ်လန်သည် တကယ်တမ်း အလွန်ရင်းနှီးကြသူများမဟုတ်ပေမည့် သူတို့ချင်း အကြိမ်အနည်းငယ်တွေ့ဖူးခဲ့တာကြောင့် သူမကို အယ်လန်ကူညီပေးနိုင်သည်ဟု တွေးလိုက်မိသည်။
“အယ်လန်၊ ဟိုင်း၊ ကျွန်မ ကုနင်းပါ။” အယ်လန်ဖုန်းကိုင်လိုက်သည်နှင့် ကုနင်းနှုတ်ဆက်လိုက်သည်။
“မိန်းကလေးကု၊ မင်းငါ့ကို ဆက်သွယ်တယ်ပေါ့၊ အံ့ဩစရာပဲ။” သူတို့ချင်း အရင်က အဆက်အသွယ်မလုပ်ဖူးတာကြောင့် အယ်လန်အမှန်တကယ်အံ့ဩသွားခြင်းဖြစ်သည်။
“အယ်လန်၊ အရင်ဆုံး ရှင့်ကုမ္ပဏီကို ရှင့်ခွင့်ပြုချက်မရှိဘဲ စုံစမ်းမိတဲ့အတွက် တောင်းပန်တာကို လက်ခံပေးပါ။ ရှင်က Gနည်းပညာကုမ္ပဏီရဲ့ဘော့စ်မှန်းလဲသိရော ကျွန်မရွှယ်ယန်ဆီကနေပြီး ရှင့်ဖုန်းနံပါတ်ကို မေးလိုက်တာ။”
“အကြောင်းကတော့၊ ကျွန်မက ထန်ဟွမ်လုပ်ငန်းစုနဲ့ရင်းနှီးတဲ့အတွက် နည်းပညာပေါက်ကြားသွားတဲ့ သတင်းဆိုးကို ကြားထားခဲ့တယ်။ ဘယ်ကုမ္ပဏီဘက်က သတင်းပေါက်ကြားစေခဲ့လဲဆိုတာကို ကျွန်မမသိပေမယ့် ဒါက ထန်ဟွမ်လုပ်ငန်းစုဘက်ကို အကွက်ချကြံစည်တာဖြစ်နိုင်ချေ အရမ်းများတယ်လို့တော့ ထင်တယ်။”
***
အခန်း ၇၁၈ ထောင်ချောက်
ကုနင်းနှင့်ထန်ဟွမ်လုပ်ငန်းစုတို့ရင်းနှီးကြောင်း အယ်လန်သိလိုက်ရတော့ အံ့ဩသွားခဲ့ကာ နည်းပညာပေါက်ကြားသည့်ပြဿနာမှာ တမင်မကောင်းကြံစည်ခြင်းမှန်း သိရချိန်တွင်တော့ ပို၍ပင်အံ့အားသင့်သွားရသည်။ ကုနင်းနှင့်ထန်ဟွမ်လုပ်ငန်းစုတို့ ရင်းနှီးတယ်ဆိုမှတော့ သူမအနေနှင့် နည်းပညာပေါက်ကြားသည့်ပြဿနာကို သိနေသည်မှာ ကိစ္စကြီးတစ်ရပ်မဟုတ်တော့ပေ။ သူမ Gနည်းပညာလုပ်ငန်းအကြောင်း တိတ်တဆိတ်စုံစမ်းသည့်အတွက်လဲ အယ်လန် စိတ်မဆိုးပေ။ ထို့အပြင် ထန်ဟွမ်လုပ်ငန်းစုက တကယ်ပဲ လုပ်ကြံခံရသည်ဟုလဲ အယ်လန်ယုံကြည်ပေသည်။
သူနှင့် ကုနင်းက သိပ်မရင်းနှီးလှဘဲ အကြိမ်အနည်းငယ်လောက်သာ တွေ့ဖူးကြသည်ဆိုပေမည့် ကုနင်းကို အလွန်လေးစားသဘောကျကာ ထန်ဟွမ်လုပ်ငန်းစုကို ထောင်ချောက်ဆင်သည့်လူအစား ကုနင်းနှင့်သာ လက်တွဲအလုပ်လုပ်လိုပေသည်။
“မိန်းကလေးကုက ထန်ဟွမ်လုပ်ငန်းစုဘက်ကဆိုမှတော့ ကျွန်တော်ကူညီပေးရတာပေါ့။ ထန်ဟွမ်လုပ်ငန်းစုရဲ့ နည်းပညာပိုင်းဝန်ထမ်းတစ်ယောက်က Eနည်းပညာကုမ္ပဏီရဲ့ကြီးကြပ်ရေးမှူးနဲ့ သီးသန့်တွေ့စုံခဲ့တယ်။ သူတို့တွေ့စုံခဲ့တဲ့ ဗီဒီယိုကို တစ်ယောက်ယောက်ကနေပြီး ကျွန်တော့် အစ်ကိုဆီကို ပို့လာတာကြောင့် သတင်းပေါက်ကြားတဲ့ပြဿနာက ထန်ဟွမ်လုပ်ငန်းစုက တစ်ယောက်ယောက်လုပ်တာမှန်း သေချာတယ်။ မင်းပြောသလိုဆိုရင် ဒါက ကြံစည်မှုတစ်ခုဆိုပေမယ့် ကျွန်တော်ကတော့ ထန်ဟွမ်လုပ်ငန်းစုဘက်က ကျွန်တော်တို့ရဲ့ဆုံးရှုံးမှုအတွက် လျော်ကြေးပေးဖို့ လိုအပ်နေသေးတုန်းလို့ ထင်မိတယ်။”
“ဟုတ်တာပေါ့၊ ပေးရမှာပေါ့။” ကုနင်းပြန်ဖြေလိုက်သည်။
အယ်လန်က ထပ်ပြီး၊ “အဲ့ဒီလူက ထန်ဟွမ်လုပ်ငန်းစုရဲ့ ဥက္ကဌက ကားတိုက်မှုဖြစ်ပြီး သတိမေ့မျောနေတုန်းပဲတဲ့၊ ဒါကြောင့် သူတို့ဘက်က ဒီအခွင့်အရေးကို အသုံးချပြီး ဥက္ကဌသစ်တင်မြှောက်ချင်နေကြတာ။”
“အဲ့ဒါကတော့ အမှန်ပါပဲ၊ ဒါပေမယ့် အခုချိန် ထန်ဟွမ်လုပ်ငန်းစုရဲ့ ဥက္ကဌသတိမေ့မျောနေစဲဆိုရင်တောင် ထန်မိသားစုက လုပ်ငန်းကို ဆက်ပြီးမလည်ပတ်နိုင်တော့ဘူးလို့ မဆိုလိုပါဘူး။” ထန်ယွင်ဖန်း တကယ်တမ်း ကျန်းမာနေသည်ကို ကုနင်း အယ်လန်အားမပြောပြခဲ့ပေ။
အယ်လန်သည်လဲ အင်တာနက်ပေါ်မှ ဗီဒီယိုများကို ကြည့်ထားခဲ့တာကြောင့် ကုနင်းသည်သာမာန်မိန်းကလေးတစ်ယောက်မဟုတ်ကြောင်းသိ၍ သူမကို ဆန့်ကျင်သည့်အပြုအမူမျိုး ပြုလုပ်ရန် ဆန္ဒမရှိပေ။ ထို့ကြောင့် ကုနင်းနှင့်သဘောတူညီချက်လုပ်ကာ အစည်းအဝေးတွင် နည်းပညာပေါက်ကြားသည့်ပြဿနာအား ဖယ်ထုတ်ခဲ့လိုက်သည်။
ထို့အပြင် သူ့အတွက် အခုလက်ရှိ ရင်းနှီးမြှုပ်နှံသူလိုအပ်နေသည့် ပရောဂျက်တစ်ခုရှိနေကာ ထန်ဟွမ်လုပ်ငန်းစုသည် သူရှာထားသမျှထဲတွင် အကောင်းဆုံးသော ရွေးချယ်မှုဖြစ်သည်။ ကုနင်း သူ့ကို မဆက်သွယ်လာခဲ့လျှင်တောင်မှ ထန်ဟွမ်လုပ်ငန်းစုနှင့် ဆက်ဆံရေးကို ဖျက်ဆီးပစ်ဖို့ စိတ်ကူးမရှိထားပေ။
ဒါကလဲ သူကိုယ်တိုင် ထန်ဟွမ်လုပ်ငန်းစုသို့ လာရောက်ရသည့် အကြောင်းအရင်းဖြစ်သည်။
နည်းပညာပေါက်ကြားသည့် ကိစ္စဖြစ်တုန်းက သူဂျာမနီတွင်ရှိနေခဲ့ကာ Yနိုင်ငံရှိ Gနည်းပညာကုမ္ပဏီကို အုပ်ချုပ်နေသူမှာ အယ်လန်၏အစ်ကိုဖြစ်သည်။ တစ်ယောက်ယောက်ကသာ သူ့အစ်ကို၏ မသင့်လျော်သည့် အပြုအမူအကြောင်း တင်ပြလာခြင်းမရှိပါလျှင် သူလဲ သိရလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် သူYနိုင်ငံသို့ပြန်ကာ သူ့အစ်ကို၏ ခြေလှမ်းကို ရပ်တန့်ခဲ့ရသည်။
သူ့အစ်ကိုသာ သူ့အစားထန်ဟွမ်လုပ်ငန်းစုကို လာခဲ့ပါလျှင် အစည်းအဝေးမှာ ရလဒ်ဆိုးဆိုးဝါးဝါးဖြစ်သွားပေလိမ့်မည်။
ကုနင်း အယ်လန်ကို ဖုန်းဆက်ချိန်တွင် သူမတို့ ဆေးရုံမှထွက်လာပြီးမှဖြစ်တာကြောင့် ထန်ဟိုင်ဖုန်းရော ထန်ယွင်ဟန်တို့အဖွဲ့ပါ ထိုအကြောင်းကို မသိခဲ့ပေ။
ထို့ကြောင့် အားလုံးကို ညနေစာစားမှသာ ပြောပြဖို့ ဆုံးဖြတ်လိုက်တော့သည်။
………..
နေ့လည်ပိုင်းတွင်တော့ ကုနင်း လင်ရှောင်းထင်နှင့်အတူ ကိုလိန်းနှင့်ခိုကျီအတွက် ဆိုင်ခန်းများ သွားကြည့်ခဲ့သည်။
မတိုင်ခင်ကတည်းက ဆိုင်ခန်းနေရာများရှာပေးထားဖို့ရန် တစ်ယောက်ယောက်ကို လင်ရှောင်းထင် ပြောထားပြီးဖြစ်သည်။
ဆေးဝါးကုမ္ပဏီကိစ္စများကို နဉ်ချန်ခိုင် အပြည့်အဝတာဝန်ယူထားသော်လည်း ကုနင်းဘာမှမလုပ်ပေးတော့ဘူးလို့ မဆိုလိုပေ။
နဉ်ချန်ခိုင်က မြို့တော်တွင် ရှိနေတာကြောင့် Bမြို့ဆိုင်ခွဲကိစ္စကို ကုနင်းစီစဉ်မည်ဖြစ်သည်။
လမ်းတွင်တော့ ကုနင်း နဉ်ချန်ခိုင်ကို ဖုန်းဆက်ကာ မြို့တော်တွင် ကိစ္စအားလုံးအဆင်ပြေရဲ့လားဆိုသည်ကို မေးမြန်းလိုက်သည်။ နဉ်ချန်ခိုင်က အားလုံးအဆင်ပြေကြောင်းနှင့် ကိုလိန်းရော ခိုကျီပါ အတော်လေးအောင်မြင်နေကြောင်း ပြောပြခဲ့သည်။ သူတို့၏ဝယ်သူအများစုသည်လဲ ဆေးဝါးနှင့်အလှကုန်တို့၏ အာနိသင်ကို အလွန်ကျေနပ်နေကြသည်။
ထို့အပြင် နဉ်ချန်ခိုင်သည် စီးပွားရေးလုပ်ငန်းရှင်များစွာနှင့် စာချုပ်ချုပ်ဆိုခဲ့ကာ အခြားသော သူတို့နှင့်ပူးပေါင်းလိုသည့် စီးပွားရေးလုပ်ငန်းရှင်များလဲ ရှိနေသေးသည်။
ကိုလိန်းနှင့်ခိုကျီသည် အချိန်တိုအတွင်း အလွန်အောင်မြင်လာခဲ့ပြီး နဉ်ချန်ခိုင်သည်လဲ ဤရက်များအတွင်း စိတ်အခြေအနေ အရမ်းကောင်းနေသည်။
နဉ်ချန်ခိုင်ကို ဆေးနှင့်အလှကုန်ပစ္စည်းများ ဆက်လက်ထုတ်လုပ်ဖို့ရန်နှင့် အရည်အသွေးမြင့်မားကြောင်း သေချာစေရန် သေချာကြီးကြပ်ဖို့ရန်ပါ ကုနင်းမှာကြားလိုက်သည်။ သို့ပေမည့် ကုနင်း နဉ်ချန်ခိုင်နှင့် ဖုန်းမချသေးခင်တွင်ပဲ ဆိုင်ထဲသို့ အမျိုးသမီးတစ်ဦးရောက်လာကာ ခိုကျီအသားအရေထိန်းမျက်နှာဖုံးသည် သူမမျက်နှာတွင် အဖုအပိမ့်များထွက်လာကြောင်း ပြောဆိုခဲ့သည်။
ထိုအမျိုးသမီး၏အသံကို ဖုန်းမှတစ်ဆင့်ကြားလိုက်ရတာကြောင့် သူမဘာလိုချင်လဲသိရစေရန် ကုနင်း နဉ်ချန်ခိုင်ကို ဖုန်းမချခိုင်းခဲ့ပေ။
……….
မြို့တော် ခိုကျီအလှကုန်ဆိုင်တွင်၊
မျက်နှာပေါ်တွင် အဖုအပိမ့်များရှိနေသည့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်ရှိနေသည်။ သူမသည် ချမ်းသာသည့်အမျိုးသမီးတစ်ယောက်လို ဝတ်စားဆင်ယင်ထားတာကြောင့် သေချာပေါက် နှုတ်ပိတ်ခတောင်းလို၍မဟုတ်ဘဲ ချောက်ချလိုခြင်းသာဖြစ်ပေမည်။
“ဒီလိုဘေးဥပါဒ်ဖြစ်စေတဲ့ အလှကုန်ပစ္စည်းမျိုး ဘယ်လိုလုပ်များငါ့ကိုရောင်းရတာလဲ? အခုငါ့မျက်နှာကို ကြည့်စမ်း! နင်တို့ရဲ့အသားအရေထိန်းမျက်နှာဖုံးကို မသုံးခင်တုန်းက ငါ့မျက်နှာအကောင်းအတိုင်းပဲ၊ ဒါပေမယ့် အခုတော့ တစ်မျက်နှာလုံး အဖုအပိမ့်တွေချည်းပဲ!” ထိုအမျိုးသမီးက ဆိုင်ထဲရှိ အခြားလူများ မကြားမှာဆိုးသည့်အလား အော်ဟစ်နေတော့သည်။
သူမအသံကြောင့် ဆိုင်ထဲရှိ လူတော်တော်များများ သူမနားစုပြုံလာပေမည့် ခိုကျီအလှကုန်များသည် ဝယ်သူများအကြား ကောင်းမွန်သည့် ဂုဏ်သတင်းရှိတာကြောင့် လူအနည်းစုကသာ သူမစကားကို ယုံကြည်ကြသည်။
ခိုကျီအလှကုန်က သူမအသားအရေနှင့် မသင့်တော်တာမျိုးသာဖြစ်နိုင်ပေသည်။ နိုင်ငံတကာမှာကျော်ကြားသည့် အမှတ်တံဆိပ်များပင်လျှင် လူတိုင်း၏အသားအရေနှင့် သင့်တော်သည်မှမဟုတ်ဘဲ။ ထို့အပြင် ခိုကျီအလှကုန်ကို အသုံးပြုသည့် လူအများစုသည်လဲ အဆင်ပြေနေကြပေသည်။
“မဒမ်၊ မင်းရဲ့မျက်နှာမှာ အဖုအပိမ့်တွေထွက်ရတာ ခိုကျီရဲ့အသားအရေထိန်းမျက်နှာဖုံးကြောင့်ဆိုတာ သေချာရဲ့လား?” နဉ်ချန်ခိုင် လေးနက်သည့်အမူအရာဖြင့် မေးမြန်းလိုက်သည်။
“မဟုတ်ရင်၊ ငါက ဒီနေရာကိုလာနေစရာလား!” ထိုအမျိုးသမီးပုံစံက အလွန်ဒေါသထွက်နေသလိုပင်။
***
အခန်း ၇၁၉ လှည့်ကွက်
“တခြားတံဆိပ်အလှကုန်ပစ္စည်းတွေ မသုံးခဲ့တာသေချာလား?” နဉ်ချန်ခိုင် ထပ်မေးလိုက်သည်။
“မသုံးပါဘူး။” ထိုအမျိုးသမီးကလဲ အခိုင်အမာကို ပြောနေခဲ့သည်။
“ခင်ဗျားရဲ့မျက်နှာပေါ်က အဖုတွေက ခိုကျီအသားအရေထိန်းမျက်နှာဖုံးကြောင့် ဖြစ်ရတာလားဆိုတာ ဖော်ထုတ်ဖို့ အရမ်းကိုလွယ်ကူပါတယ်။ အခုချက်ချင်း ဒီနေရာမှာပဲ အာနိသင်ကို သိရအောင်လို့ ခိုကျီအသားအရေထိန်းမျက်နှာဖုံးတစ်ခုကို သုံးကြည့်လိုက်ပါ။ တကယ်လို့ ခင်ဗျားရဲ့မျက်နှာအခြေအနေ ပိုကောင်းမလာခဲ့ဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ အသားအရေထိန်းမျက်နှာဖုံးက ပြဿနာရှိကြောင်း သက်သေပြပြီးဖြစ်မှာပါ။ ဒါပေမယ့် ခင်ဗျားမျက်နှာအသားအရေပြန်ကောင်းလာခဲ့မယ်ဆိုရင်တော့ ခင်ဗျားရဲ့စွပ်စွဲချက်တွေက အချည်းအနှီးဖြစ်သွားပြီပဲ။” နဉ်ချန်ခိုင် ထိုအမျိုးသမီးကို တည့်တည့်စိုက်ကြည့်ကာ တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့် ပြောလိုက်သည်။
ထိုစကားကြောင့် ထိုအမျိုးသမီး၏မျက်လုံးထဲ ထိတ်လန့်မှုတစ်ချို့ ဖြတ်ပြေးလို့သွားပေမည့် ပြန်လည်ချေပနေစဲပင်။ “ရှင်တို့ရဲ့အသားအရေထိန်းမျက်နှာဖုံးကို ထပ်ကပ်လိုက်လို့ ကျွန်မမျက်နှာ အခုထက် ပိုဆိုးသွားရင်ရော၊ ရုပ်ပျက်ဆင်းပျက်တောင် ဖြစ်သွားနိုင်သေးတယ်မလား?”
“အဲ့လိုသာဖြစ်ခဲ့ရင် ခင်ဗျားအလိုရှိတာမှန်သမျှ ကျွန်တော်တို့ဘက်က ဖြည့်စည်းပေးပါ့မယ်။” နဉ်ချန်ခိုင်အနေနှင့် ခိုကျီအသားအရေထိန်းအလှကုန်များတွင် အမှားအယွင်းမရှိနိုင်ဟု ယုံကြည်တာကြောင့် ယုံကြည်ချက်အပြည့်ဖြင့် အာမခံလိုက်သည်။
“ရှင်…” နဉ်ချန်ခိုင် ဤမျှယုံကြည်မှုရှိနေမည်ဟု ထိုအမျိုးသမီးမမျှော်လင့်ထားခဲ့တာကြောင့် အခုချိန်မှာ အနည်းငယ်နောင်တရလာတော့သည်။ သို့ပေမည့် သူမနောက်ကွယ်ကလူ သူမကိုပြောထားသည့်အကြောင်းများအား ပြန်စဉ်းစားကြည့်လိုက်ကာ သူမဤနေရာတွင် ပြန်လှည့်ဖို့မဖြစ်နိုင်ပေ။
“နောက်မှ ရှင်တို့ပေးထားတဲ့ကတိကို ငြင်းဆန်နေရင်ရော?”
“ကျွန်တော်တို့ ရဲ ဒါမှမဟုတ် ရှေ့နေတစ်ဦးဦးရဲ့အကူအညီကို ယူလို့ရပါတယ်။” နဉ်ချန်ခိုင်ပြန်ဖြေလိုက်သည်။
“ဒါက….” ချက်ချင်းဆိုသလို ထိုအမျိုးသမီးအတော်လေးထိတ်လန့်လို့သွားတော့သည်။
“မဒမ်၊ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့စီးပွားရေးကို ဥပဒေနဲ့အညီ လည်ပတ်နေတာပါ။ ကျွန်တော်တို့ရဲ့အသားအရေထိန်းအလှကုန်တွေမှာ ပြဿနာတစ်စုံတစ်ရာရှိနေခဲ့တာဆိုရင် အကောင်းဆုံးဖြေရှင်းမှုလုပ်ပြီး လျော်ကြေးလဲ ပေးပါမယ်။ ဒါပေမယ့်လို့….” နဉ်ချန်ခိုင် အထက်ပါစကားလုံးများကို ယဉ်ကျေးသည့်အသံအနေအထားဖြင့် ပြောခဲ့ခြင်းဖြစ်ပေမည့် ရုတ်တရက်ဆိုသလို ရက်စက်ကာအန္တရာယ်များသည့် အသံသို့ကူးပြောင်းသွားကာ၊
“ခင်ဗျားဘက်ကသာ ကျွန်တော်တို့ကို လိမ်ညာတာ မဟုတ်မမှန်ပြောဆို အပုပ်ချနေတာဆိုရင်တော့ ခိုကျီရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတဲ့အတွက် ခင်ဗျားကို တရားစွဲပါမယ်။”
ထိုစကားကြောင့် အမျိုးသမီး ကြောက်လန့်သွားတော့သည်။ အစကတော့ ကိစ္စကြီးမဟုတ်ဟု ထင်ထားခဲ့ပေမည့် အခုတော့ အဖြစ်မှန်သာ ဖော်ထုတ်ခံလိုက်ရပါက တရားရုံးရောက်သွားပေလိမ့်မည်။
“ဒါ….ကျွန်မ…..” သူမအလွန်ထိတ်လန့်နေတော့သည်။
သူမအနားရှိ လူတိုင်းကလဲ သူမ၏မူမမှန်သည့် တုန့်ပြန်မှုကို သတိပြုမိကြသည်။
“မဒမ်၊ ခင်ဗျားရဲ့မျက်နှာပေါက်က အဖုတွေက ခိုကျီအသားအရေထိန်းမျက်နှာဖုံးကြောင့် ဖြစ်တယ်ဆိုတာ သေချာရဲ့လား? ဒါက ခိုကျီရဲ့ဂုဏ်သတင်းနဲ့သက်ဆိုင်နေတဲ့အတွက် ကျွန်တော်တို့ဘက်က ဒီကိစ္စကို ပေါ့ပေါ့တန်တန်သဘောထားမှာမဟုတ်ပါဘူး။” နဉ်ချန်ခိုင် ထိုအမျိုးသမီးကို နောက်ကြောင်းပြန်လှည့်နိုင်ရန် အခွင့်အရေးတစ်ကြိမ်ထပ်ပေးလိုက်သည်။
“အမ်၊ အဲ့ဒါက… ကျွန်မ-ကျွန်မ အမှတ်မှားတာဖြစ်မယ်။ အော်.. မှတ်မိပြီ၊ ကျွန်မ သရက်သီးစားမိသေးတယ်။ အဲ့ဒါကြောင့် ဓါတ်မတည့်မှုဖြစ်တာဖြစ်မယ်။” ထိုအမျိုးသမီးချက်ချင်းပင် စကားပြောင်းပြောလိုက်တော့သည်။
“အိုး သရက်သီးစားလို့ ဓါတ်မတည့်ဖြစ်တာပေါ့! ခိုကျီအသားအရေထိန်းမျက်နှာဖုံးကို သုံးလို့ အခုလိုဖြစ်သွားတယ်လို့ ငါတကယ်ကြီးထင်လိုက်မိတာ။”
“သူမ တမင်ရည်ရွယ်ပြီးလုပ်နေတယ်ပဲ ထင်တယ်။ ဒါကြောင့်လဲ မန်နေဂျာနဉ်က သူမကို တရားစွဲမယ်လဲပြောလိုက်၍ ချက်ချင်းစကားပြောင်းသွားတာပေါ့။”
“ဟုတ်လောက်တယ်။”
…………
ဝယ်သူတွေကလဲ ငတုံးငအတွေမဟုတ်တာကြောင့် ထိုအမျိုးသမီး လှည့်ကွက်သုံးနေတာကို သိကြပေသည်။
ထိုအမျိုးသမီး အလွန်အရှက်ရသွားတော့သည်။ သူမ၏အကြံအစည်က လူအများရှေ့မှောက်တွင်ပင် အလွယ်တကူ ဖော်ထုတ်ခံလိုက်ရသည့် အတွက်လဲ အလွန်အံ့အားသင့်နေမိသည်။ ထို့နောက် ထိုအမျိုးသမီး နှုတ်ပိတ်ကာ ဆိုင်ပြင်ပြန်ထွက်သွားတော့သည်။
နဉ်ချန်ခိုင်ကလဲ သူမ၏ ခိုကျီဂုဏ်သတင်းကို ထိပါးရန်အကြံအစည် ရှုံးနိမ့်သွားပြီဖြစ်တာကြောင့် အသာလေးလွှတ်ပေးလိုက်သည်။
ခိုကျီသည် အရည်အသွေးမြင့် အလှကုန်ပစ္စည်းများကြောင့် ဂုဏ်သတင်းကောင်းများရှိထားတာကြောင့် ထိုအမျိုးသမီး၏အကြံအစည် အောင်မြင်သွားနိုင်သည်ကို နဉ်ချန်ခိုင် မစိုးရိမ်မိပေ။
“ခိုကျီက အရမ်းနာမည်ကြီးပြီး အမြတ်များနေလို့ လုပ်ငန်းတူတွေက မနာလိုဖြစ်နေတာထင်တယ်။”
“တော်တော်ဆိုးရွားတဲ့ လှည့်ကွက်ပဲ။”
“စီးပွားရေးဆိုတာကလဲ မီးခိုးမထွက်တဲ့ တိုက်ပွဲနယ်မြေတစ်ခုပဲမဟုတ်လား!”
……….
“ဘော့စ်၊ ကျွန်တော် သူမကိုလွှတ်ပေးလိုက်တယ်။” နဉ်ချန်ခိုင် မချရသေးသည့် ဖုန်းမတဆင့် ကုနင်းကိုပြောလိုက်သည်။
“ကောင်းတယ်၊ သေချာလုပ်ခဲ့တာပဲ။” ကုနင်းပြန်ပြောလိုက်သည်။ “အခု ဦးလေးက ကုမ္ပဏီကို အပြည့်အဝတာဝန်ယူထိန်းချုပ်နေရတာဆိုပေမယ့် ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ ဘာပြဿနာပဲ ကြုံလာလာ ကျွန်မကို အချိန်မရွေးအသိပေးပါ။”
“ကောင်းပါပြီ၊ ဘော့စ်။” ကုနင်း၏ထူးချွန်လှသည့် အရည်အချင်းကို နဉ်ချန်ခိုင် သိနားလည်တာကြောင့် သူသာ လှည့်ကွက်များလွန်းသည့် ပြဿနာတွေထဲ ကျရောက်သွားပါက အတုန့်အဆိုင်းမရှိ သူမထံ အကူအညီတောင်းမည်သာ။
“ကျွန်မ Bမြို့မှာလဲ ဆိုင်ခွဲဖွင့်တော့မယ်။ သင့်တော်တဲ့ဆိုင်နေရာ ဝယ်ပြီးသွားရင် ဦးလေးကို တာဝန်လွှဲပေးမယ်။”
“ရပါတယ်။”
နိုင်ငံတစ်ဝှမ်းအထိ လုပ်ငန်းကို မချဲ့ထွင်ခင် မြို့ကြီးတိုင်းမှာ ဆိုင်ခွဲ၁-၂ဆိုင်ဖွင့်ဖို့ရန် သူတို့စီစဉ်ထားပြီးသားဖြစ်သည်။
မြို့တစ်မြို့မှာ ဆိုင်ခွဲပေါင်းဆယ်ဂဏန်းမှ ရာဂဏန်းအထိတောင် ရှိနိုင်သည်မှာ သာမာန်ပဲဖြစ်သည်။
မြို့တစ်မြို့သည် ပုံမှန်အားဖြင့် အလွန်ကြီးမားတာကြောင့် လူအများစုသည် သူတို့တစ်ဘဝလုံးကို တစ်နေရာတည်းတွင်သာ ကုန်ဆုံးကြသည်။ ဘယ်လောက်ပဲ နာမည်ကြီးသည့် အမှတ်တံဆိပ်ဖြစ်ပါစေ တစ်နိုင်ငံလုံးက လူတိုင်းကြားဖူးကြဖို့ကတော့ မဖြစ်နိုင်ပေ။ ထို့အပြင် ဘယ်သူကမှလဲ သူတို့နေထိုင်ရာမှ ဝေးလွန်းသည့် နေရာက ပစ္စည်းတစ်ခုကို သွားဝယ်ချင်ကြသည်မဟုတ်ပေ။
သို့ပေမည့် ကုနင်းကတော့ နေရာတိုင်းဆိုင်ခွဲများစွာ ဖွင့်မည်မဟုတ်ဘဲ Bမြို့တွင် ဆိုင်ခွဲ၂၀လောက်ရှိလျှင် လုံလောက်ပေပြီ။
Bမြို့တွင် ဆိုင်ခွဲ၂၀ဖွင့်ခြင်းမှာ သိပ်မများပေမယ့် အခြားသော ဆေးဆိုင်ကြီးများ အလှကုန်ဆိုင်ကြီးများနှင့်တော့ ချိတ်ဆက်ကာ ကိုလိန်းဆေးဝါးများနှင့် ခိုကျီအသားအရေထိန်းလှကုန်ပစ်စည်းများကို သူတို့ဆိုင်များ၏စင်များတွင် တင်ဖို့ကိုတော့ ဆုံးဖြတ်ထားသည်။ ဒါကလဲ ကုန်ပစ္စည်းတစ်ခု ရောင်းချရာတွင် အရေးပါလှသည့် နည်းလမ်းတစ်ခုဖြစ်သည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ ဆိုင်ခန်းများစွာကို စစ်ဆေးခဲ့ပြီး ထိုထဲကမှ ကုနင်း စိတ်အကျေနပ်ဆုံးဖြစ်သည့် ဆိုင်တစ်ဆိုင်ကို ဝယ်ယူမည်ဖြစ်သည်။
ဆိုင်အားလုံးသည် အဆင့်အတန်းမြင့်မားလှသော်လည်း ကုနင်းကတော့ တစ်ချိန်တည်း ဆိုင်တိုင်းကို မဝယ်နိုင်ပေ။ သူမ၏စီးပွားရေးကို ခပ်စိတ်စိတ်တိုးချဲ့ဖို့ ကြိုးစားခြင်းကလဲ ကောင်းခြင်းမရှိပေ။ ထိုအစား ကုနင်း အချိန်တစ်ခုစီခြားပြီးကာမှ ဆက်လက်တိုးချဲ့ဖို့ရန် စိတ်ဆုံးဖြတ်ထားလိုက်သည်။
ထို့နောက် သူတို့နှစ်ဦး ညနေ၅နာရီထိုးခါနီးတွင် ဟွမ်းဒင်ဟိုတယ်သို့ ထွက်လာခဲ့လိုက်သည်။
***
အခန်း ၇၂၀ ပြန်ပေးဆပ်ဖို့ အချိန်ကျပြီ!
ညနေ၅:၁၀မိနစ်ဝန်းကျင်တွင်ပဲ ချွမ်မင်ခိုင်နှင့် ထန်ကျီလင်းတို့ ဟွမ်းဒင်ဟိုတယ်သို့ရောက်လာကာ သီးသန့်ခန်းတစ်ခန်းတွင် နေရာယူလိုက်ပြီးနောက် အယ်လန်၏အတွင်းရေးမှူးထံ ဖုန်းဆက်လိုက်သည်။
၁၀မိနစ်ကြာပြီးနောက်တွင်တော့ အယ်လန်နှင့်သူ့အတွင်းရေးမှူးအပြင် လုံခြုံရေးစနစ်ပရောဂျက်တွင် တာဝန်ရှိသည့် နောက်ထပ်လူ၄ဦးလဲ သီးသန့်ခန်းသို့ ရောက်ရှိလာသည်။
သူတို့ဝင်လာသည်နှင့် ချက်ချင်းပင် ချွမ်မင်ခိုင် မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်သည်။ “လူကြီးမင်းအယ်လန်၊ ထိုင်ကြပါ။”
အားလုံး နေရာယူလိုက်ကြပြီးနောက် ချွမ်မင်ခိုင်က အယ်လန်အတွက် စားသောက်စာရင်းယူပေးလိုက်ကာ၊ “လူကြီးမင်းအယ်လန်၊ ခင်ဗျားကြိုက်တာမှာလိုက်ပါ။”
အယ်လန်သည် နိုင်ငံခြားသားဖြစ်တာကြောင့် သူ၏အရသာခံမှုမှာ အခြားလူများနှင့်ကွဲပြားမှုရှိပေသည်။
“ကျွန်တော်တို့ အလျင်လိုဖို့မလိုပါဘူး။ ခဏနေ ကျွန်တော့်သူငယ်ချင်းတစ်ယောက် လာဖို့ရှိတယ်။ သူမကို အရင်စောင့်ကြတာပေါ့။” အယ်လန်ပြောလိုက်သည်။
“ရတာပေါ့။” ချွမ်မင်ခိုင် သဘောတူလိုက်ပေမည့် အယ်လန်၏သူငယ်ချင်းက ဘယ်သူလဲဆိုသည်ကိုတော့ မမေးမြန်းခဲ့ပေ။
ထို့နောက် သူတို့ပုံမှန်အတိုင်း ခနတဖြုတ်စကားပြောနေခဲ့ကြသည်။
၅:၄၀မိနစ်နီးနီးတွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ ရောက်လာခဲ့ကြသည်။ လမ်းပိတ်နေတာကြောင့် သူတို့နည်းနည်းနောက်ကျသွားခဲ့ခြင်းဖြစ်သည်။
ကုနင်းနှင့်လင်ရှောင်းထင်ကို မြင်လိုက်ရတာကြောင့် ချွမ်မင်ခိုင် အလွန်အံ့အားသင့်သွားကာ၊ “ဘာဖြစ်….” သူရုတ်ချင်းပင် ထိုင်ခုံမှထရပ်လိုက်မိသည်။ ချွမ်မင်ခိုင် တစ်ခုခုမေးချင်နေသော်လည်း ရုတ်တရက် ဘာမေးလို့မေးရမှန်းလဲ မသိပေ။ အယ်လန်၏သူငယ်ချင်းဆိုသူက ကုနင်းဖြစ်နေသည်မှာ အသိသာကြီးပင်။
“မိန်းကလေးကု၊ တွေ့ရတာဝမ်းသာပါတယ်! မတွေ့တာကြာရောပေါ့!” အယ်လန်လဲ မတ်တပ်ထရပ်ကာ ကုနင်းတို့ကို ကြိုဆိုလိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်။ အယ်လန်!” ကုနင်းလဲ အယ်လန်၏လက်ကို ပြန်ဆွဲနှုတ်ဆက်လိုက်သည်။
သူတို့ချင်း ယဉ်ကျေးမှုအရ လက်ဆွဲနှုတ်ဆက်ကြခြင်းသာဖြစ်သော်လည်း လင်ရှောင်းထင်ကတော့ ထိုမြင်ကွင်းကို မကျေမနပ်ဖြစ်နေမိစဲပင်။
ကုနင်းမပြောနှင့် အယ်လန်ပင်လျှင် သူ့ကိုလင်ရှောင်းထင် မကျေမနပ်ဖြစ်နေသည်ကို ခံစားမိပေသည်။ အယ်လန်ကတော့ သူတို့ချင်း ဘာပြဿနာမှမဖြစ်ဖူးတာကြောင့် ရုတ်တရက်ကြီး ဘာကြောင့် ဤသို့သဘောထားခံနေရမှန်းကို မသိနိုင်ဖြစ်နေသည်။ သို့ပေမည့် သူ ကုနင်း၏လက်ကို လွှတ်လိုက်သည်နှင့် လင်ရှောင်းထင်၏မကျေနပ်သည့်အကြည့်များလဲ ပျောက်ကွယ်သွားသည်။ ထိုတော့မှ ထိုကိုယ်လူချောက သူ့ကို သဝန်တိုနေတာဖြစ်ကြောင်း နားလည်သွားတော့သည်။
အယ်လန်ရယ်ချင်သွားပေမည့် စိတ်တော့မဆိုးမိပေ။
သို့ပေမည့် ကုနင်းသည်တော့ သူမ၏သဝန်တိုတတ်လွန်းသည့် ချစ်သူကြောင့် နေရက်ခက်နေတော့သည်။
ထို့နောက် ကုနင်းနှင့်လင်ရှောင်းထင်တို့ ချွမ်မင်ခိုင်ဘေးတွင် ဝင်ထိုင်လိုက်ကာ၊ “ဟလို၊ ဦးလေးချွမ်။”
“ဘယ်လိုဖြစ်သွားတာလဲ?” ချွမ်မင်ခိုင် အကြောင်းအရင်းကို နားလည်သလိုရှိပေမည့် အခိုင်အမာတော့ မပြောနိုင်ပေ။
“အားလုံးပဲ၊ အရင်ထိုင်လိုက်ကြပါဦး။” ကုနင်းပြောလိုက်တော့မှ လူတိုင်းတစ်ဖန်ပြန်ထိုင်ကုန်ကြသည်။
ထို့နောက် ချွမ်မင်ခိုင်ကို ကိစ္စအားလုံးကုနင်းပြောပြလိုက်သည်။
“အိုး၊ ငါနားလည်ပြီ!” ကုနင်း၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ချွမ်မင်ခိုင်ပြောလိုက်ခြင်းဖြစ်သည်။
“လူကြီးမင်းအယ်လန် ဘာကြောင့် ရုတ်တရက်ကြီး စိတ်ပြောင်းသွားလဲဆိုပြီး ငါတော်တော်လေး နားမလည်နိုင်ဖြစ်နေခဲ့တာ။”
အခုတော့ အဖြေကိုသိသွားပေပြီ။ သို့ပေမည့် သူတို့ဘက်က လျော်ကြေးပေးဖို့ လိုအပ်နေစဲပင်။
“လူကြီးမင်းအယ်လန်၊ ခင်ဗျားဆို့ဘက်က ဆုံးရှုံးမှုတွေအတွက် စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ လျော်ကြေးပေးပါ့မယ်။” ချွမ်မင်ခိုင် အယ်လန်ကိုပြောလိုက်သည်။
“ဘယ်သူမှ ဒီလိုမျိုးမဖြစ်ချင်ပါဘူး။ ခင်ဗျားတို့ကုမ္ပဏီကြုံတွေ့နေရတဲ့ကိစ္စတွေအတွက်လဲ ကျွန်တော်စာနာပါတယ်။ ဒါပေမယ့် လျော်ကြေးကိုတော့ လက်ခံပါ့မယ်။” အယ်လန်၏ကုမ္ပဏီသည် ဆုံးရှုံးမှုများအတွက် ဒီအတိုင်းထားပစ်ဖို့ မတတ်နိုင်ပေ။
ထို့နောက် အယ်လန်က သူရထားသည့် ဗီဒီယိုကို ချွမ်မင်ခိုင်အားပေးလိုက်သည်။ ဗီဒီယိုကိုကြည့်ပြီးနောက် Eနည်းပညာကုမ္ပဏီနှင့် လျှို့ဝှက်တွေ့ဆုံသည့်လူကို ချွမ်မင်ခိုင် မှတ်မိသွားသည်။ ထိုလူသည် ထန်ဟွမ်လုပ်စုပိုင်ဖြစ်သည့် တိုင်းမ်နည်းပညာကုမ္ပဏီမှ နည်းပညာပိုင်းဝန်ထမ်းတစ်ဦးဖြစ်သည်။
ချွမ်မင်ခိုင်က အယ်လန်နှင့်အတူ ညနေစာစားပေးရဦးမည်ဖြစ်တာကြောင့် ဤကိစ္စကို ယန်ဝေ့လွင်က ဖြေရှင်းပေလိမ့်မည်။
နောက်ဆက်လက်ပြီး အားလုံးအတူတူ သဟဇာတဖြစ်စွာ ညနေစာစားကြရင်း လာမည့်ပရောဂျက်အသစ်အတွက်လဲ ဆွေးနွေးကြသည်။
ညစာစားပြီးနောက် စာချုပ်တွင်လက်မှတ်ထိုးကာ ပြန်ခဲ့ကြသည်။
ကုနင်းနှင့်လင်ရှောင်းထင်သည်တော့ ဆေးရုံသို့ပြန်လာခဲ့သည်။
…………
ကုနင်းနှင့်လင်ရှောင်းထင်တို့ ဆေးရုံသို့ထွက်လာချိန်တွင် ကုမန့်၊ ကုချင်နှင့် ချောင်ယတို့သည်လဲ စားသောက်ဆိုင်မှ ထွက်လာကြသည်။ သူတို့အိမ်နှင့် မဝေးလှသည့် ယို့ယွီလမ်းတွင် ညစာဝင်စားကြပြီးမှ အိမ်သို့လမ်းလျှောက်ပြန်ကြခြင်းဖြစ်သည်။
“ငါလဲ လင်းလိကျွမ်းကို မုန်းပေမယ့် အခုတော့ သူမအတွက် စိတ်မကောင်းဘူး။” ကုချင်ပြောလိုက်သည်။
“အွန်း၊” ကုမန့် သက်ပြင်းချလိုက်ကာ၊ “သူမဘဝကျန်တဲ့တစ်လျှောက်လုံး ဒီဆိုးရွားလှတဲ့အတွေ့အကြုံကြီးကို ဘယ်တော့မှပြန်မမှတ်မိတော့ဖို့ မျှော်လင့်တယ်။ သိသွားလဲ ဘယ်လိုမှ အမှန်တရားကို လက်ခံနိုင်မယ်လို့ မထင်ဘူး။”
“နင်မှန်တယ်။”
ထိုလမ်းသည် မြို့ထဲပိုင်းတွင်မဟုတ်တာကြောင့် လူသိပ်မများပေ။ သူတို့လူအနည်းပါးဆုံးလမ်းပိုင်းသို့ လျှောက်လာချိန်တွင်တော့ ရုတ်တရက်ဆိုသလို ယောက်ျားသုံးယောက်က သူတို့ဆီသို့ ပြေးဝင်လာကာ ဝန်းရံလိုက်သည်။
ချောင်ယသည်လဲ ချက်ချင်းဆိုသလိုပင် ကုမန့်နှင့်ကုချင်ကို သူမနောက်တွင် ကာကွယ်လိုက်ကာ ထိုလူများကို အေးစက်စက်စိုက်ကြည့်လိုက်ပြီး လုံးဝကြောက်ရွံ့ခြင်းမရှိပေ။
ကုမန့်နှင့်ကုချင်တို့ ကြောက်လန့်နေမိသော်လည်း ချောင်ယသည် သာမာန်မိန်းကလေးတစ်ယောက်မဟုတ်ကြောင်း သတိပြန်ရသွားတာကြောင့် မကြာခင်တွင်ပဲ စိတ်အေးသွားခဲ့သည်။
“ဘာမှမဖြစ်နိုင်ပါဘူး။” ကုချင်နှင့်ကုမန့်တို့ကို ချောင်ယနှစ်သိမ့်လိုက်သည်။
ထိုစကားကိုကြားကာမှ ကုချင်နှင့်ကုမန့်တို့ လုံးလုံး စိတ်ချသွားတော့သည်။
“ကုမန့်ကိုထားလိုက်ဦး တခြားနှစ်ယောက်ကို ငါတို့အရင်ရှင်းကြမယ်။” တစ်ယောက်ကပြောလိုက်သည်။
“မဖြစ်နိုင်ဘူး။” ချောင်ယလှောင်ပြုံးပြုံးလိုက်သည်။ ထိုလူသုံးယောက်နှင့် သူမစကားဆိုရင်း အချိန်မဖြုန်းချင်တာကြောင့် ချက်ချင်းစတင်တိုက်ခိုက်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းတွင်ပဲ ထိုလူသုံးယောက်လုံး ချောင်ယ၏တိုက်ခိုက်မှုကြောင့် လုံးဝပြန်မထနိုင်ကြတော့ပေ။
ထိုလူသုံးယောက်သည် တိုက်ခိုက်ရေးနည်းလမ်းအနည်းငယ်ကို သိထားတာကြောင့် သာမာန်အမျိုးသမီး၃ယောက်လောက်ကို အလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။ သို့ပေမည့် ဒီကနေ့တော့ သူတို့က ချောင်ယလို အတွေ့အကြုံရင့်သတ်ဖြတ်သူတစ်ယောက်နှင့် တွေ့သွားခဲ့သည်။ ချောင်ယ၏မျက်လုံးထဲတွင်တော့ ထိုလူများမှာ သာမာန်ကလေးသာသာလောက်သာ မြင်ပေသည်။
ချောင်ယသည် ကိုယ်ခံပညာအလွန်တော်ကြောင်း ကုမန့်နှင့်ကုချင်တို့ သိထားပြီးတာတောင်မှ ယခုမြင်ကွင်းကြောင့် အံ့အားသင့်မိစဲပင်။
ချောင်ယလဲ အံ့ဖွယ်မိန်းကလေးပဲ!
တစ်ဖက်ရှိ ယောက်ျားသုံးယောက်သည်တော့ ဖြစ်ပျက်သွားသည့် အခြေအနေများကြောင့် ကြောင်အနေစဲပင်။
ချောင်ယက ထိုလူများကို သူတို့ကိုဘယ်သူလွှတ်လိုက်လဲ မေးမြန်းခဲ့ကာ ချောင်ယ၏ ခြိမ်းခြောက်မှုကြောင့် သူတို့ကို ဖန်ရွှယ်ချင်က လွှတ်လိုက်ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။ ထို့ကြောင့် ချောင်ယ ကုနင်းကိုဖုန်းဆက်ကာ ဖြစ်ပျက်သွားသည်များအား တင်ပြခဲ့သည်။
ကုနင်းကတော့ အစကတည်းက ဖန်ရွှယ်ချင် အနှေးနဲ့အမြန် ကုမန့်ကို ထိခိုက်အောင် လုပ်လာနိုင်ကြောင်း သိ၍ ကုမန့်ကို ကာကွယ်ရန် ချောင်ယကိုထည့်ပေးလိုက်ခြင်းဖြစ်တာကြောင့် မအံ့ဩမိပေမည့် စိတ်တော့ဆိုးမိစဲပင်။
ဖန်ရွှယ်ချင်၊ အရမ်းကိုကောင်းတယ်။
ဖန်ရွှယ်ချင်ကို သူမလုပ်ရပ်တွေအတွက် ပြန်ပေးဆပ်ခိုင်းဖို့ အချိန်ရောက်ပြီဟု ကုနင်းဆုံးဖြတ်လိုက်သည်။ သို့ပေမည့် အခုတော့ အရင်ဆုံး သူမဆေးရုံသို့သွားဖို့ လိုသေးသည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ ဆေးရုံသို့ရောက်ချိန်တွင် လူနာခန်းထဲ၌ ထန်ယွင်ဟန်နှင့် ထန်ယွင်ရုန်တို့ ရှိနေခဲ့သည်။ သုတို့နှစ်ဦးကတော့ အယ်လန်ဘာကြောင့် ရုတ်တရက် စိတ်ပြောင်းသွားရသလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေကြစဲပင်။
***