အခန်း (၇၂၁-၇၂၅)
Vol. 49 Ch. 721-725
အခန်း ၇၂၁ လက်စားချေပြီ!
ကုနင်းကိုယ်တိုင် မပြောပြခင်အထိ ထန်ယွင်ဟန်နှင့် ထန်ယွင်ရုန်တို့ အကြောင်းရင်းကို မခန့်မှန်းနိုင်ခဲ့ကြပေ။
“သူတို့ အချိန်ခဏလောက်တော့ ထန်ဟွမ်ကို မကောင်းကြံဖို့ ရပ်ဆိုင်းသွားတာမျိုး မဟုတ်ရင် တစ်ခါတည်းနဲ့ အပြည့်အဝ လက်ဦးမှုရယူလာတာမျိုး ဖြစ်လာနိုင်မယ်လို့ ထင်တယ်။” ကုနင်း ဆက်ပြီး ပြောလိုက်သည်။ “ဒုတိယတစ်ခုက ပိုပြီးဖြစ်နိုင်ချေများတယ်လို့လဲ ထင်တယ်။ နောက်ထိ အချိန်ဆွဲနေတာထက် ခပ်စောစော လက်ဦးမှုယူလိုက်တာက ပိုကောင်းမှာလေ။ အဖေနဲ့ အဖိုး ဘယ်အချိန် ပြန်သတိရလာနိုင်လဲဆိုပြီးမှ သူတို့မသိနိုင်တာ။”
ထန်ယွင်ဖန်းနှင့်ထန်ဟိုင်ဖုန်း ပြန်သတိလည်လာမှသာ သူတို့အကြံအစည်ကို အကောင်အထည်ဖော်ပါက ယခုအခြေအနေထက် ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။
ကုနင်း၏အကြံဉာဏ်ကို အားလုံးလဲ လက်ခံကြကာ သတိနှင့်နေလိုက်ကြသည်။
မကြာခင်တွင်ပဲ ယန်ဝေ့လွင်ထံမှ ဖုန်းခေါ်မှုကို ထန်ယွင်ဟန် လက်ခံရရှိလိုက်ကာ သတင်းအချက်အလက်ပေါက်ကြားစေသည့် လူသည် မနေ့မနက်ခင်းကတည်းက Mနိုင်ငံသို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း အကြောင်းကြားလာခဲ့သည်။
Mနိုင်ငံသည် နိုင်ငံကြီးတစ်နိုင်ငံဖြစ်တာကြောင့် ထိုလူကို ရှာတွေ့ဖို့ရန် အလွန်ခက်ခဲပေမည်။ သို့ပေမည့် ဘယ်လောက်ပဲ ခက်ခက် ထိုလူသည် နောက်ကွယ်မှ ကြိုးကိုင်သူ၏လက်ထောက်တစ်ယောက်ဖြစ်နိုင်တာကြောင့် သူ့ကို ဖမ်းမိဖို့လိုအပ်နေဆဲပင်။
ည၉နာရီခန့်တွင်တော့ ကုနင်းနှင့် လင်ရှောင်းထင်တို့ ဆေးရုံမှ ပြန်ထွက်လာခဲ့ကာ အိမ်သို့တန်းမပြန်သွားသေးဘဲ ဖန်ရွှယ်ချင်ထံသို့သာ သွားခဲ့ကြသည်။
သူတို့ဆေးရုံသို့ မလာခင်ကတည်းက ကုနင်းက ကေကို ဖန်ရွှယ်ချင်၏ဖုန်းနံပါတ်ကိုရှာပြီး သူမဖုန်းမှတစ်ဆင့် တည်နေရာကို စစ်ရန် ပြောထားပြီးဖြစ်သည်။ ကံကောင်းစွာဘဲ ဖန်ရွှယ်ချင်၏ဖုန်းသည် အင်တာနက်ချိတ်ထားချိန်ဖြစ်တာကြောင့် ကေ့အနေနဲ့ သူမ၏တည်နေရာအတိအကျကို အလွယ်တကူပင် ရရှိသွားခဲ့သည်။
ထိုအချိန်တွင် ဖန်ရွှယ်ချင်သည် ကမ္ဘာမြေကလပ်တွင် ပျော်ပါးနေခဲ့ပေမည့် သူမဘယ်အထပ်က သီးသန့်ခန်းမှာ ရှိနေလဲဆိုသည်ကိုတော့ အချိန်ပေးကာ ရှာရပေဦးမည်။
လင်ရှောင်းထင်သာ ချီထျန်းလင်နှင့် ထိပ်တိုက်တွေ့သွားပါက သေချာပေါက် ပြဿနာတက်နိုင်တာကြောင့် ကုနင်းလဲ လင်ရှောင်းထင်ကို မြေအောက်ကားပါကင်တွင်သာ စောင့်နေခိုင်းလိုက်သည်။
သူတို့ချင်း တွေ့ဆုံနိုင်ချေသိပ်မရှိလှသော်လည်း ကုနင်းကတော့ ဖြစ်လာနိုင်သည့် ပြဿနာများကို ရှောင်ရှားလိုပေသည်။ လင်ရှောင်းထင်နှင့်ချီထျန်းလင်တို့ကြားတွင် ရှည်ကြာသည့် မကျေလည်မှုများရှိနေတာကြောင့် ချီထျန်းလင်၏ဒေါသကို ဆွမိပါက ပြဿနာကြီးဖြစ်လာနိုင်ပေသည်။
ကုနင်းကတော့ ချီထျန်းလင်ကို မကြောက်ပေမည့် ပြဿနာတက်ချင်စိတ်လဲမရှိပေ။
လင်ရှောင်းထင် မကျေမနပ်ဖြစ်သွားကာ၊ “ကိုယ်သူနဲ့ ပြဿနာတက်ရလို့လဲ ကြောက်စရာမရှိဘူး။”
“သိပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ပြဿနာမတက်စေချင်ဘူးလေ။ ဟုတ်ပြီလား?”
ကုနင်း တောင်းဆိုနေတာကြောင့် လင်ရှောင်းထင်လဲ လက်လျှော့လိုက်တော့သည်။
လင်ရှောင်းထင် မကျေမနပ်ဖြစ်နေသည်ကို မြင်ရတော့ ကုနင်းလဲ ဘာပြောလို့ပြောရမှန်း မသိတော့တာကြောင့် အနမ်းဖြင့်သာ နှစ်သိမ့်ပေးနိုင်တော့သည်။ သို့ပေမည့် လင်ရှောင်းထင်က ချက်ချင်းပင် လက်ဦးမှုရယူက ကုနင်းကို ဖိချလိုက်ပြီး အချိန်အတော်ကြာသည်အထိ နမ်းလိုက်သည်။ သူတို့သာ လူမြင်ကွင်းနေရာမှ ရှိနေခြင်းမဟုတ်လျှင် တစ်မိနစ်အတွင်းမှာပင် ကုနင်း၏ အဝတ်အစားများကို လင်ရှောင်းထင် ဆုတ်ဖြဲပစ်လောက်ပေသည်။ သို့ပေမည့် ယနေ့ညတော့ သူမကို အလွတ်မပေးဖို့ ဆုံးဖြတ်ထားလိုက်သည်။
ကုနင်း အသက်ရှူရမကျပ်လာခင်အထိ လင်ရှောင်းထင် လွှတ်ပေးခြင်းမပြုခဲ့ပေ။
ကုနင်း၏မျက်နှာမှာ နီမြန်းလို့နေကာ လင်ရှောင်းထင်၏မျက်လုံးထဲတွင် အလွန်ဆွဲဆောင်မှုရှိနေတော့သည်။
လင်ရှောင်းထင်ထပ်ပြီး သူမကို မလွှတ်ပေးဘဲ နေမည်စိုးတာကြောင့် ကုနင်းမြန်မြန်ဆန်ဆန်ပင် ကားထဲမှ ထွက်လာခဲ့လိုက်သည်။
ကုနင်းထွက်သွားပြီး မကြာခင်တွင်ပဲ ဓါတ်လှေကားထဲမှ ထွက်လာသည့် အမျိုးသားတစ်ဦးကို လင်ရှောင်းထင် ကြည့်မိသွားသည်။ ထိုလူကို သူစူးစိုက်ကြည့်လိုက်မိကာ ထိုလူသည် အမြဲလိုလို လျှို့ဝှက်ဆန်းကြယ်နေသည့်လူဖြစ်နေတာကြောင့် အံ့ဩသွားခဲ့သည်။
ထို့နောက် ချက်ချင်းပင် ကုနင်းထံသို့ ကိစ္စတစ်ခုရှိ၍ ထွက်သွားရမည်ဖြစ်ကြောင်း လင်ရှောင်းထင် စာပို့လိုက်သည်။ ဒီလိုသာဆို သူမအလုပ်ပြီးသွားသည့်အချိန် သူ့ထံမှ နောက်ထပ်စာ သို့မဟုတ် ဖုန်းခေါ်ဆိုမှု မရပါက သူမဘာသာ အိမ်ပြန်နိုင်ပေမည်။
ကုနင်းလဲ သေချာပေါက် အရေးကြီးကိစ္စတစ်ခုသာဖြစ်မည်ဖြစ်ကြောင်း နားလည်တာကြောင့် ဂရုစိုက်သွားဖို့သာ မှာလိုက်သည်။
ကုနင်း ချီထျန်းလင်၏အကူအညီကို တောင်းမနေဘဲ သူမဘာသာပဲ အလွှာတိုင်းကို စစ်ဆေးခဲ့သည်။ ဖန်ရွှယ်ချင် ကာရာအိုကေခန်းများရှိသည့် အထပ်တွင် ရှိနိုင်ကြောင်း ကုနင်းခန့်မှန်းမိတာကြောင့် တစ်ခန်းချင်းလိုက်ရှာခဲ့သည်။ သူမတွင်က ကျောက်စိမ်းမျက်ဝန်းရှိနေတာကြောင့် အခန်းများထဲ ကြည့်ဖို့ရန် မခက်ခဲလှပေ။
ကာရာအိုကေခန်းများသည် တတိယထပ်နှင့်စတုတ္ထထပ်တွင် တည်ရှိပေသည်။
ကုနင်း တတိယထပ်သို့သွားကာ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုလိုက်သည်။ သူမအနေဖြင့် ဤအထပ်ကနေပြီး တတိယထပ်မှ အခန်းများကို ကြည့်နိုင်သလို တစ်ချိန်တည်းမှာပဲ စတုတ္ထထပ်ကိုလဲ ကြည့်နိုင်ပေသည်။
သီးသန့်ခန်းများထဲတွင် လူအမျိုးမျိုးရှိကာ သီချင်းဆိုခြင်း၊ ဂိမ်းကစားခြင်း သို့မဟုတ် လိင်ဆက်ဆံနေသည်များတောင်မှရှိနေလေသည်။ ဤနေရာသည် ဂိုဏ်းတစ်ခုမှ ထိန်းချုပ်ထားသည့် ဖျော်ဖြေရေးနယ်မြေတစ်ခုဖြစ်တာကြောင့် အချို့မကောင်းသည့် လျှို့ဝှက်မှုများ အနေရာတွင် ဖလှယ်ကြသည်။
လိင်ကုန်ကူးမှုသည် ဤနိုင်ငံတွင် တရားမဝင်လုပ်ငန်းဖြစ်ကာ အစိုးရဘက်မှလဲ တင်းကျပ်သည့် စည်းကမ်းချက်များနှင့် မြို့ကြီးများတွင် ထိန်းချုပ်မှုများ ပြုလုပ်နေစဲဖြစ်ပေမည့် ထိုလုပ်ငန်းမှာ အမှောင်လောကတွင် ဆက်လက်ရှင်သန်နေစဲဖြစ်သည်။
အစိုးရဘက်ကလဲ ဂိုဏ်းများနှင့်ပြဿနာမဖြစ်လိုတာကြောင့် တစ်ခါတစ်ရံ မျက်ကန်းများလိုသာ မမြင်ချင်ယောင်ဆောင်ထားကြသည်။
သူတို့ဘက်က ပြဿနာကြီးကြီးမားမားမပြုလုပ်သ၍ အစိုးရကလဲ သူတို့၏ကလပ်များကို စုံစမ်းစစ်ဆေးမှုများမပြုလုပ်ပေ။ ဒါကြောင့်လဲ တရားဝင်ဖျော်ဖြေရေးနေရာများထက် ဂိုဏ်းများက ထိန်းချုပ်ထားသည့် ကလပ်များက ပိုလို့ကျော်ကြားနေခြင်းဖြစ်သည်။
ကုနင်း လမ်းတစ်ဝက်လောက်ရောက်တော့ လေးလွှာမှ သီးသန့်ခန်းနံပါတ် ၅၅၅တွင် ဖန်ရွှယ်ချင်ရှိနေသည်ကို ရှာတွေ့သွားခဲ့သည်။
သီးသန့်ခန်းထဲတွင် လူ၆ဦးရှိနေကာ သုံးယောက်သည်တော့ ယောက်ျားလေးများဖြစ်ပြီး ကျန်သုံးယောက်သည်တော့ မိန်းကလေးများဖြစ်သည်။ အမျိုးသမီးများထဲမှ တစ်ဦးကတော့ ဝူကျင်းယီပင်။
သူမ ဖန်ရွှယ်ချင်ကို ရှာတွေ့နေပြီဆိုမှတော့ ချက်ချင်းသွားတွေ့ဖို့ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သို့ပေမည့် ၄လွှာမှဆင်းလာသည့် ဓါတ်လှေကားက သူမရှိနေသည့် ၃လွှာတွင် ရပ်သွားကာ တံခါးဖွင့်လာသည်နှင့် ချီထျန်းလင်နှင့် ထိပ်တိုက်တွေ့လိုက်ရတာကြောင့် နှစ်ဦးစလုံးအံ့အားသင့်သွားကြသည်။
ဓါတ်လှေကားထဲတွင်တော့ ချီထျန်းလင်နှင့်အတူ သူ၏သက်တော်စောင့်များဖြစ်သည့် ယွီဟောက်နှင့်ချန်းဟွာတို့သာ ရှိသည်။
ယွီဟောက်နှင့်ချန်းဟွာသည် ကုနင်းကို မှတ်မိသွားကြကာ ထိုမိန်းကလေးနှင့် သူတို့ဘော့စ်ကြားမှ ဆက်ဆံရေးအခြေအနေကိုလဲသိတာကြောင့် သူမကိုကောင်းကောင်းမွန်မွန်သာ ဆက်ဆံကြသည်။
“မင်းဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ?” ချီထျန်းလင် အလိုမကျမှုဖြင့် မျက်မှောင်ကြုတ်ကာမေးလိုက်သည်။
သူ ကုနင်းကို သူနှင့်လောင်းကစားလုပ်ဖို့ရန် စောင့်နေခဲ့ပေမည့် သူမကတော့ အချိန်အကြာကြီးနေတာတောင်မှ ဆက်သွယ်လာခြင်းမရှိခဲ့ပေ။ ဒါပေမယ့် အခုတော့ သူမပျော်ပါးဖို့လာသည်ကို သူ လက်ပူးလက်ကြပ်မိသွားပေပြီ။
ကုနင်း ဓါတ်လှေကားထဲသို့ဝင်လိုက်ပြီး ၄လွှာနံပါတ်ကို နှိပ်လိုက်ကာ၊ “လက်စားချေဖို့လာတာ။”
“လက်စားချေဖို့?” ချီထျန်းလင် မျက်ခုံးများ တွန့်သွားကာ၊ “ဒီတော့ မင်းဒီနေရာကို ပြဿနာရှာဖို့လာတာပေါ့?”
ကုနင်း ထိုမေးခွန်းကို ဘယ်လိုဖြေရမှန်းမသိတာကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤနေရာတွင် ဆူဆူညံညံဖြစ်ပြီး ထိခိုက်ပျက်စီးမှုတောင် ရှိသွားနိုင်သည့် အချက်ကတော့ မရှောင်လွှဲနိုင်စရာ အခြေအနေဆိုပေမည့် ချီထျန်းလင်၏မျက်နှာတည့်တည့်ကိုကြည့်ပြီး လက်ခံလိုက်ပါက ချီထျန်းလင်၏ အာဏာအင်အားကို စိန်ခေါ်သလိုဖြစ်သွားတာကြောင့် မပြောနိုင်ပေ။ ထို့ကြောင့် ကုနင်းက၊ “ငါ အရင်ဆုံး သူမကို ဆွဲထုတ်သွားပါ့မယ်။”
ထိုစကားပြောပြီးသည်နှင့် သူတို့၄လွှာသို့ ရောက်ရှိလာခဲ့သည်။
“ကဲပါ၊ မင်းလက်စားချေမှုပြီးသွားရင် ဘာကြောင့်များ လောင်းကစားအခန်းကို မလာနိုင်တာလဲ။ ဒါဆို ငါမင်းရဲ့အရှုပ်တွေကို ရှင်းကူပေးမယ်လေ။ ဘယ်လိုလဲ?” ချီထျန်းလင် အထက်စီးဆန်ဆန်ဖြင့် မေးလိုက်သည်။
“ကောင်းပြီလေ။”
လင်းရှောင်ထင်လဲ သူ့ကိစ္စသူသွားလုပ်နေရတာကြောင့် ဘာပဲဖြစ်ဖြစ် သူမလဲ အားနေ၍ ချီထျန်းလင်ကို သူမကတိပေးထားခဲ့သည့်အတိုင်း လောင်းကစားအတူလုပ်ပေးနိုင်ပေသည်။
“ယွီဟောက်၊ မင်းသူနဲ့လိုက်သွားလိုက်။” ချီထျန်းလင် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ၊ ဘော့စ်။”
သီးသန့်ခန်းတိုင်း၏အပြင်ဘက်တွင် စားပွဲထိုးတစ်ဦးစီ ရပ်စောင့်နေတာကြောင့် သူတို့မဝင်သွားခင် စားပွဲထိုးက အချက်ပေးစနစ်ကိုနှိပ်ကာ အခန်းထဲမှလူများ၏ခွင့်ပြုချက်ကို တောင်းခံပေးရပေမည်။
***
အခန်း ၇၂၂ ဖန်ရွှယ်ချင်၏မျက်နှာကို ဖျက်စီးခြင်း
ထို့အပြင် အခြားလူများ သီးသန့်ခန်းထဲသို့ဝင်နိုင်ရန် အခန်းပြင်မှစားပွဲထိုးက ဝင်ခွင့်ကဒ်သော့ကိုဖြတ်ပေးရကာ ထိုစားပွဲထိုးတစ်ဦးတည်းတွင်သာ ထိုကဒ်သော့ရှိပေသည်။
ကမ္ဘာမြေကလပ်ထဲတွင် မကောင်းသည့်အပေးအယူများစွာ ပြုလုပ်ကြတာကြောင့် ဘယ်သူကမှ ခွင့်ပြုချက်မရှိပါဘဲ အခန်းထဲသို့ဝင်ခွင့်မရှိပေ။
ကုနင်းသာ အတင်းအကြပ်ဝင်ရောက်လိုလျှင် ဘယ်သူမှ သူမကိုတားနိုင်မည်မဟုတ်ပေမည့် ချီထျန်းလင် သူမကို ကူညီပေးချင်နေတော့ ပိုလို့တောင် အဆင်ပြေသေးသည်။
ဓါတ်လှေကားတံခါးပွင့်သွားသည်နှင့် ကုနင်းနှင့်အတူ ယွီဟောက်လဲ လိုက်ထွက်လာသည်။
သူတို့နှစ်ဦးသား ၄လွှာမှခန်းမထဲသို့ဝင်သွားသည်နှင့် ချက်ချင်းဆိုသလိုပင် ကာရာအိုကေမန်နေဂျာမှ လေးစားမှုအပြည့်ဖြင့် ကြိုဆိုလိုက်သည်။
“မင်္ဂလာပါ၊ ဘာများကူညီပေးရမလဲ?”
ယွီဟောက်သည် သက်တော်စောင့်တစ်ယောက်သာဖြစ်သော်လည်း ဘော့စ်၏သက်တောင်စောင့်ဖြစ်တာကြောင့် ကီရင်းဂိုဏ်း၏ အကြီးတန်းအုပ်ချုပ်ရေးမှူးတစ်ဦးလိုမျိုး ရာထူးမြင့်ပေသည်။ ဒါကြောင့်လဲ မန်နေဂျာက သူ့ကို လေးလေးစားစား ဆက်ဆံခြင်းဖြစ်သည်။
“ငါ သီးသန့်အခန်း၅၅၅ကို ဝင်ချင်လို့။” ကုနင်းပြောလိုက်သည်။
ထိုစကားကိုကြားသည်နှင့် မန်နေဂျာက အရင်ဆုံး ယွီဟောက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ယွီဟောက်ဘက်က ဘာမှဆန့်ကျင့်မှုမပြုလာသည်ကို မြင်ရတော့ သူလဲ တခြားလူနှစ်ယောက်ကို ကုနင်းတို့အား သီးသန့်ခန်း၅၅၅သို့ လမ်းညွှန်ပေးရန်ပြောလိုက်သည်။
သီးသန့်ခန်း၅၅၅တွင် မည်သည့်လိင်ဆက်ဆံမှုပြုလုပ်နေသူများမရှိပေမည့် အချင်းချင်း ပွတ်သပ်ထိတွေ့မှုများတော့ ရှိနေသည်။
အပြင်ဘက်မှ စားပွဲထိုးက အချက်ပြခလုတ်ကို နှိပ်မလိုလုပ်လိုက်တော့ ကုနင်းက သူ့ကို ဟန့်တားက တံခါးကိုသာ ဖွင့်ခိုင်းလိုက်သည်။
စားပွဲထိုးက မန်နေဂျာ၏အမြင်ကို သိရန် တစ်ချက်ကြည့်လိုက်သည်။
“ဖွင့်လိုက်။” ယွီဟောက်ကပြောလိုက်တာကြောင့် မန်နေဂျာက စားပွဲထိုးလေးကို ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ စားပွဲထိုးလေးက ချက်ချင်းပင် ကဒ်သော့ကို ဖြတ်ပေးလိုက်သည်။
ဒီလိုဖွင့်ပေးခြင်းက သိပ်မသင့်တော်သော်လည်း ယွီဟောက်အမိန့်ပေးခြင်းဖြစ်တာကြောင့် မန်နေဂျာက မတားမြစ်ရဲပေ။
အခန်းထဲမှလူများသည်တော့ တံခါးရုတ်တရက်ပွင့်သွားတာကြောင့် အံ့အားသင့်လို့နေကြသည်။
“ဘာလုပ်တာလဲ? မင်းတံခါးဘဲလ်ကို ဘာလို့မတီးတာလဲ?” လျှိုရှင်းချီက ဒေါသတကြီး ပိတ်အော်လိုက်သည်။
“နင်ကိုး!” ကုနင်း အခန်းထဲသို့ဝင်လာသည်ကို မြင်လိုက်သည်နှင့် ဖန်ရွှယ်ချင် ထိတ်လန့်တကြား ဆိုဖာပေါ်မှ ထရပ်မိသွားသည်။
ကုနင်းကတော့ သီးသန့်ခန်းထဲဝင်လိုက်သည့် တစ်လျှောက် ဖန်ရွှယ်ချင်အပေါ်သာ စိုက်ကြည့်လို့နေသည်။ သူမ၏ အေးစက်သည့် အကြည့်များဖြင့် တစ်လှမ်းချင်းတိုးလာပုံက ဖန်ရွှယ်ချင်ကို အလွန်ကြောက်ရွံ့စေကာ နောက်သို့ဆုတ်သွားစေမိသည်။ “နင်-နင် ဘာလုပ်ချင်လို့လဲ?”
ကုနင်းသည် သာမာန်ကောင်မလေးတစ်ယောက်မဟုတ်ကြောင်း သူမသိတာကြောင့် ကုနင်း သူမကို ထပ်ရိုက်လာမည်အား ကြောက်ရွံ့လို့နေသည်။
ဝူကျင်းယီသည်လဲ စိုးရိမ်လာခဲ့ပေမည့် ဘာမှဝင်မပြောခဲ့ပေ။
“မင်းဘာလုပ်တာလဲ?” လျှိုရှင်းချီက ကုနင်း၏လမ်းရှေ့ပိတ်ရပ်လိုက်သည်။
သို့ပေမည့် ကုနင်း၏မျက်နှာသွင်ပြင်ကို မြင်လိုက်ရချိန်တွင်တော့ ထန်ယွင်ဖန်းနှင့်အလွန်ဆင်တူနေတာကြောင့် အံ့အားသင့်သွားတော့သည်။ ကုနင်းသည် ထန်ယွင်ဖန်း၏သမီးအရင်းမှန်း သူမသိထားတာကြောင့် သိပ်ပြီးဆက်မတွေးခဲ့ပေ။
“ငါ ဖန်ရွှယ်ချင်နဲ့ပုဂ္ဂိုလ်ရေးပြဿနာရှင်းစရာရှိတယ်။ နင်တို့ကို ဝင်မပါချင်ရင် အခုတည်းက ဝေးဝေးရွှေ့ထားတာပိုကောင်းမယ်။” ကုနင်း အေးစက်စွာပြောလိုက်သည်။ သီးသန့်ခန်းထဲရှိ အခြားလူများကို သူမလုံးဝစိတ်မဝင်စားပေ။ အခန်းထဲမှ အခြေအနေကတော့ တိတ်ဆိတ်သွားခဲ့သည်။
“မင်း….” လျှိုရှင်းချီ ဒေါသထွက်သွားပေမည့် ထိုအချိန်တွင်ပဲ မန်နေဂျာက ကြားဖြတ်ပြောလာသည်။ “ဥက္ကဌလျို၊ ကျွန်တော့် အထင် ခင်ဗျားဒီကိစ္စထဲဝင်မပါတာပိုကောင်းမယ်။”
ယွီဟောက်သာ ဒီမိန်းကလေးကို မတားဘူးဆို ဘယ်သူကမှတားနိုင်မည်မဟုတ်ပေ။ ထို့အပြင် သူတို့ဘော့စ်ကသာ ယွီဟောက်ကို ဤမိန်းကလေးကို ခေါ်ဆောင်သွားဖို့ရန် ညွှန်ကြားထားခြင်းဖြစ်ပေမည်။ အကယ်၍များ လျှိုရှင်းချီ ဤပြဿနာထဲဝင်ပါလို့ တစ်စုံတစ်ခုဖြစ်သွားလျှင်ပင် ကမ္ဘာမြေကလပ်ကတော့ ဂရုစိုက်လိမ့်မည်မဟုတ်ပေ။
မန်နေဂျာ၏အကြံပေးစကားကြောင့် လျှိုရှင်းချီ မျက်မှောင်ကြုတ်သွားသည်။ သူမကျေမနပ်သလို ခံစားရပေမည့် ဒါက သတိပေးစကားတစ်ခွန်းဖြစ်ကြောင်းနှင့် ကီရင်းဂိုဏ်းခေါင်းဆောင် ကိုယ်တိုင်က ခွင့်ပြုထားသည့် အခြေအနေဖြစ်ကြောင်းကိုတော့ သိပေသည်။
လျှိုမိသားစုသည် Bမြို့တွင် ကျိကျိတက်ချမ်းသာသည့်မိသားစုတစ်စုဖြစ်သော်လည်း ကီရင်းဂိုဏ်းကိုသွားရှုပ်ဖို့အထိတော့ ကြောက်နေရသေးသည်။ ထို့ကြောင့် လျှိုရှင်းချီ ချက်ချင်းမဆိုင်းပင် ရှောင်သွားတော့သည်။
ဝူကျင်းယီမှလွဲ၍ အခန်းထဲမှ အခြားလူများမှာ ဖန်ရွှယ်ချင်နှင့်သိပ်မရင်းနှီးကြတာကြောင့် ဘယ်သူကမှ ဤပြဿနာထဲဝင်မပါလိုကြပေ။
“မဟုတ်ဘူး၊ နင်ငါ့ကိုထိခိုက်အောင် မလုပ်နိုင်ပါဘူး!” ဖန်ရွှယ်ချင် အခုတော့ ကြောက်ရွံ့တုန်လှုပ်နေပေပြီ။
“မလုပ်နိုင်ဘူး? ဘာကြောင့်လဲ? နင့်မှာ ငါ့အမေကို ထပ်ခါထပ်ခါ ချောင်းမြောင်းတိုက်ခိုက်ပိုင်ခွင့်ရှိလို့လား?” ကုနင်း ဖန်ရွှယ်ချင်ကို တည့်တည့်စိုက်ကြည့်ရင်းပြောလိုက်သည်။
ကုနင်း သူမ၏ကုမန့်ကိုတိုက်ခိုက်သည့် အကြံအစည်အား သိနေတာကြောင့် ဖန်ရွှယ်ချင် ထိတ်လန့်သွားတော့သည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ဝူကျင်းယီမှလွဲပြီး အခြားသောလူများသည်တော့ ဖန်ရွှယ်ချင် အမျိုးသမီးတစ်ဦးကို ထပ်ခါထပ်ခါ လုပ်ကြံတိုက်ခိုက်ကြောင်း သိလိုက်ရ၍ အံ့အားသင့်သွားတော့သည်။ တစ်ချိန်တည်းတွင်ပဲ ဖန်ရွှယ်ချင် ဘာအတွက်ကြောင့်နဲ့များ ထိုမိန်းကလေး၏မိခင်ကို လုပ်ကြံရလဲဆိုသည်ကို သိချင်နေတော့သည်။
ဖန်ရွှယ်ချင် ထိတ်လန့်သွားပုံကို မြင်တော့ ကုနင်းပြုံးလိုက်ကာ၊ “ကဲ ဖန်ရွှယ်ချင်၊ နင့်ကိုနင် တကယ်ပဲ ဉာဏ်ကောင်းလွန်းတယ်လို့ ထင်နေတာလား? နင် ငါ့အမေကို ပထမဆုံးအကြိမ် လုပ်ကြံကတည်းက နင့်လက်ချက်ဆိုတာ ငါသိပြီးသား။ ဒီရက်ပိုင်းအတွင်း ငါအလုပ်များနေလို့သာမဟုတ်ရင် ဒီလိုပျော်ပျော်ရွှင်ရွှင် ရှိနေနိုင်ခဲ့မှာမဟုတ်ဘူး။”
“နင်…” ဖန်ရွှယ်ချင် အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်နေတော့သည်။ ရုတ်တရက်ဆိုသလိုပဲ သူမမျက်စိရှေ့ရှိ မိန်းမငယ်လေးကို အလွန်ကြောက်ရွံ့လာသလို ခံစားမိလာတော့သည်။
“နင် ငါ့အမေကို အမြဲတမ်းဖျက်ဆီးချင်နေမှတော့ ဒီခံစားချက်များနင်ကိုယ်တိုင်ပြန်ခံစားကြည့်လိုက်လေ။” ကုနင်းပြောလိုက်ရင်း အားလုံးသတိမထားမိသေးခင်တွင်ပဲ သူမလက်ထဲတွင် ဓါးတစ်လက်ကိုင်ထားပြီဖြစ်သည်။ နည်းနည်းလေးပင် တုန့်ဆိုင်းနေခြင်းမရှိဘဲ ကုနင်း ဓါးကိုဝှေ့ယမ်းလိုက်ပြီး မကြာခင်တွင်ပဲ အားလုံး ဖန်ရွှယ်ချင်၏နာနာကျင်ကျင်အော်ဟစ်သံကို ကြားလိုက်ရတော့သည်။
ဘာဖြစ်သွားလဲဆိုသည်ကို သူတို့သတိပြုမိသွားချိန်တွင်တော့ ဖန်ရွှယ်ချင်၏ပါးပေါ်တွင် သွေးထွက်နေသည့် ဓါးဖြတ်ရာ၄ချက်ရှိနေပြီဖြစ်သည်။ ပါးတစ်ဖက်တွင် ၂ချက်စီရှိနေခြင်းဖြစ်သည်။
“မဖြစ်ဘူး!” ဖန်ရွှယ်ချင် နာနာကျင်ကျင်အော်ဟစ်နေကာ ဆိုဖာနှင့်ခလုတ်တိုက်ပြီး ဆိုဖာပေါ်ပင် ပစ်လဲကျသွားတော့သည်။ သူမလက်များကလဲ ချက်ချင်းဆိုသလိုပင် သူမမျက်နှကို အုပ်လိုက်ပေမည့် အလွန်နာကျင်လှတာကြောင့် လက်ကို ခပ်ဝေးဝေးပြန်ဖယ်လိုက်ရပြန်သည်။
ယွီဟောက်ကလွဲပြီး ကျန်လူအားလုံးမှာ ကုနင်း၏အပြုအမူကြောင့် ထိတ်လန့်သွားကြသည်။ မိန်းမငယ်လေး၏ကြမ်းတမ်းခက်ထန်လှသည့် အပြုအမူကြောင့် အလွန်အံ့အားသင့်နေတော့သည်။ သို့ပေမည့် ဘယ်သူကမှ သူမကိုအပြစ်တင်စကားမဆိုရဲကြပေ။ တကယ်တမ်း သူတို့လဲ တတ်နိုင်သမျှဝေးဝေးထွက်ပြေးချင်နေကြပေပြီ။ ဒီမိန်းကလေး၏ ဓါးယမ်းနိုင်သည့် အရှိန်အရ သတ်ဖြတ်ရေးစွမ်းရည်မှာ အတော်လေးကောင်းကြောင်း သိသာလှပေသည်။
“ငါ့မျက်နှာ! အား! ငါ့မျက်နှာ! ငါ့မျက်နှာ!” ဖန်ရွှယ်ချင် ငိုယိုနေတော့သည်။
အမျိုးသမီးတွေဆိုတာ သူတို့မျက်နှာကို အရေးအစိုက်ဆုံးဖြစ်သည်။ သူတို့မျက်နှာပျက်စီးသွားလျှင် တခြားလူတွေနဲ့လဲ မတွေ့ရဲတော့ပေ။ ဒါ့အပြင် ကုနင်း၏ လုပ်ငန်းက ထိုမျှနှင့် မပြီးသေးပေ။ သူမအိတ်ကပ်ထဲမှ အဖြူရောင်အမှုန့်ထုပ်ကို ထုတ်ယူလိုက်ပြီး ဖန်ခွက်ထဲ ထည့်ပျော်ကာ ဖန်ရွှယ်ချင်ကို အတင်းသောက်ခိုင်းလိုက်သည်။
ထိုအမှုန့်ဖြူများမှာ မူးယစ်ဆေးဖြစ်ပြီး ပြီးခဲ့သည့်တစ်ခေါက် ဟိုတယ်ခန်းမှ သူမအိပ်ရာအောက်တွင် ရှာတွေ့ခဲ့သည့် သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်ထားသော မူးယစ်ဆေးသေတ္တာထဲမှဖြစ်သည်။
ဖန်ရွှယ်ချင်ကို မူးယစ်ဆေးစွဲပြီး ဘဝပျက်သွားစေချင်တာကြောင့် ကုနင်း ဖန်ရွှယ်ချင် ပါးစပ်ထဲသို့ ဆေးအများကြီးလောင်းထည့်လိုက်သည်။
“ဖန်ရွှယ်ချင်၊ နင့်ကိုယ်နင်ပြန်စမ်းစစ်ကြည့်လိုက်ဦး။ နင်နောက်တစ်ခေါက် ငါ့အမေကို ထိခိုက်အောင် ကြံစည်ရဲရင်၊ နင့်သေတွင်းနင်တူးလိုက်တာပဲ။” ကုနင်း သူမကို သတိပေးကာ လှည့်ထွက်သွားတော့သည်။
***
အခန်း ၇၂၃ မမျှတတဲ့အပေးအယူ
ယွီဟောက်ကတော့ ကုနင်းနောက်ပြန်လိုက်မသွားဘဲ ကျန်သည့်ပြဿနာများကို လက်စသတ်ရန်ကျန်ခဲ့သည်။
ယွီဟောက် ရှေ့တည့်တည့်သို့ဆက်လျှောက်လာကာ ဖန်ရွှယ်ချင်ကို သတိမေ့အောင် ရိုက်လိုက်သည်။ ဒါကြောင့်ပဲ ဖန်ရွှယ်ချင်မှာ အမူးလွန်သွားသလိုသာ ထင်ရတော့သည်။ ထို့နောက် သူမကို ဆေးရုံပို့ပေးလိုက်ရန် လျိုရှင်းချီကို ပြောလိုက်သည်။
လောလောဆယ် ဖန်ရွှယ်ချင်သတိမေ့နေဦးမည်ဆိုပေမည့် သူမမျက်နှာမှ နာကျင်လွန်းမှုကြောင့် မကြာခင်တွင်ပဲ ပြန်သတိရလာပေလိမ့်မည်။
ကုနင်း ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့တာကြောင့် ပလက်စတစ်ဆာဂျရီပြုလုပ်ခြင်းကသာ သူမမျက်နှာကို ကယ်ဆယ်နိုင်ပေတော့မည်။ ကိုလိန်းဆေးဝါးများကတော့ အချိန်ပေးလျှင် သူမကိုပြန်ကောင်းလာနိုင်စေပေမည့် သူတို့ကတော့ ထိုအကြောင်းကို မသိထားကြပေ။ ဘာပဲဖြစ်ဖြစ်၊ လောလောဆယ်အချိန်တွင်တော့ ဖန်ရွှယ်ချင် နာကျင်မှုကို အလူးအလဲခံစားရပေဦးမည်။ ဒါ့အပြင် မူးယစ်ဆေးစွဲခြင်းကိုလဲ သူမလွယ်လွယ်နှင့်ဖြတ်၍ရမည်မဟုတ်ပေ။ ဖန်ရွှယ်ချင်က စိတ်ဆုံးဖြတ်ချက်အပြီးတိုင်ချက ဆေးဖြတ်ဖို့ ကြိုးစားခဲ့လျှင်တောင်မှ လုပ်ငန်းစဉ်တစ်လျှောက် နာကျင်မှုများခံစားရပေဦးမည်။
ကုနင်း ဓါတ်လှေကားဖြင့် အပေါ်ထပ်သို့တက်လာကာ ချိန်းထားသည့် လောင်းကစားအခန်းထဲတွင် ချီထျန်းလင်ကို သွားတွေ့သည်။ ထို့နောက်တွင်တော့ ချီထျန်းလင်၏ရှေ့တွင် ဝင်ထိုင်လိုက်သည်။
ချီထျန်းလင် ကုနင်းကို မျက်လုံးမှေးကာ စိုက်ကြည့်ပြီး သိချင်စိတ်ရော မောက်မာနေသည့်ဟန်ထားဖြင့်ပါ မေးလိုက်သည်။
“မင်းဘာတွေလုပ်ခဲ့လိုက်လဲ?”
“မျက်နှာကို ဖျက်ဆီးပြီး မူးယစ်ဆေးအများကြီး တိုက်ခဲ့လိုက်တယ်။” ကုနင်း သာမာန်ကိစ္စလေးတစ်ခုလိုမျိုး အေးအေးလူလူပင် ပြန်ဖြေလိုက်သည်။
သူတို့ချင်း ပထမဆုံးအကြိမ်တွေ့ဖူးထားခဲ့ကတည်းက ကုနင်းသည် သာမာန်မိန်းကလေးတစ်ဦးဟု ချီထျန်းလင် ဘယ်တုန်းကမှ မတွေးခဲ့မိတာကြောင့် သူမ ဖန်ရွှယ်ချင်ကို လုပ်လိုက်သည့် လုပ်ရပ်အတွက် အံ့ဩမိခြင်းမရှိခဲ့ပေ။
ချီထျန်းလင် ဘာမှထပ်မေးမနေတော့ဘဲ ကုနင်းနှင့်သာ လောင်းကစားစလုပ်တော့သည်။
………..
လျိုရှင်းချီနှင့်ဝူကျင်းယီတို့ကတော့ ဖန်ရွှယ်ချင်ကို ဆေးရုံသို့ ပို့ပေးလေသည်။
ဝူကျင်းယီသည် ဖန်ရွှယ်ချင်၏သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တာကြောင့် ယနေ့ဖြစ်သွားသည့် ပြဿနာအကြောင်း သူမသိနေနိုင်၍ လျိုရှင်းချီက သူမကိုသာ မေးမြန်းတော့သည်။
ဝူကျင်းယီလဲ အဖြစ်အပျက်အားလုံးကို လျိုရှင်းချီအား ပြောပြလိုက်သည်။ ထိုကုနင်းဟု ခေါ်သည့် ကောင်မလေးက ထန်ယွင်ဖန်း၏သမီးအရင်းဖြစ်ကြောင်း လျိုရှင်းချီသိလိုက်ရတာကြောင့် အလွန်အံ့အားသင့်သွားတော့သည်။
ထန်ယွင်ဖန်းသည် တစ်ခါမှလက်မထပ်ခဲ့ဖူးသလို ကလေးလဲမရှိခဲ့ဖူးသည်က လူကုံထံအသိုင်းအဝိုင်းကြားတွင် အားလုံးသိထားသည့် အမှန်တရားတစ်ခုဖြစ်သည်။ သို့ပေမည့် အခုတော့ ရုတ်တရက်ကြီး သမီးတစ်ယောက်ရှိသွားတယ်ပေါ့။
လျိုရှင်းချီကတော့ ကုနင်းသည် သာမာန်တိတ်တိတ်ပုန်းကလေးတစ်ယောက်သာဖြစ်မည်ဟု တွေးမိသည်။
ဖန်ရွှယ်ချင်လို ထန်ယွင်ဖန်းကို ရူးရူးမူးမူးချစ်သည့် လူအတွက်တော့ ထန်ယွင်ဖန်းတွင် မိန်းမတစ်ယောက်နှင့် သမီးတစ်ယောက်ရထားသည်ကို သိလိုက်ရသည်က လုံးဝလက်မခံပေးနိုင်သည့် အချက်ဖြစ်ပေမည်။ သူမကိုယ်တိုင် မပိုင်ဆိုင်ရလျှင် ဘယ်သူ့ကိုမှလဲ ပိုင်ဆိုင်ခွင့်မပေးမည့်လူမျိုးဖြစ်သည်။ ထို့အတွက်ကြောင့် ကုမန့်နှင့်ကုနင်းကို လုပ်ကြံခြင်းဖြစ်သည်။ သို့ပေမည့် ဝူကျင်းယီကတော့ ဖန်ရွှယ်ချင် ကုမန့်နှင့်ကုနင်းကို ဘယ်လိုမျိုးကြံစည်ခဲ့သလဲဆိုသည်ကိုတော့ မသိပေ။
ထိုအကြောင်းအရာများကိုကြားလိုက်ရတော့ ဖန်ရွှယ်ချင်က သူ့ဒုက္ခသူရှာသွားခြင်းဖြစ်နေတာကြောင့် လျိုရှင်းချီ အနည်းငယ်သာ သနားမိသွားသည်။ သူမသာ သာမာန်လူတစ်ယောက်ကို လုပ်ကြံခြင်းဖြစ်ပါက ကိစ္စကြီးတစ်ခုမဟုတ်ဟုပဲ သူတွေးမိမှာ မှန်ပေမည့် အခုလို ထန်မိသားစုကို လုပ်ကြံခြင်းကတော့ သူမသေတွင်းကို သူမတူးသွားခြင်းသာဖြစ်သည်။
သူ့ကိုယ်သူလဲ လူကောင်းတစ်ယောက်ပါလို လျိုရှင်းချီမတွေးပေမည့် ဘာကိုတော့ သူလုပ်နိုင်တယ်၊ ဘာကိုတော့ မလုပ်သင့်ဘူးဆိုတာကိုတော့ သူသေချာသိပေသည်။
……….
ကုနင်း ချီထျန်းလင်နှင့် ဆယ်ပွဲအလောင်းအစားလုပ်ခဲ့သည်။ ၅ပွဲမှာ သရေကျကာ ကုနင်းကတော့ ၅ပွဲနိုင်ခဲ့တာကြောင့် တစ်နည်းအားဖြင့် ချီထျန်းလင် တစ်ကြိမ်ပင် မနိုင်ခဲ့ပေ။
ထိုအချိန်တွင် ချီထျန်းလင် အလွန့်အလွန်ကို မကျေမနပ်ဖြစ်နေတော့သည်။ ရလဒ်ကို သူဘယ်လိုမှ လက်မခံနိုင်ပေမည့် သူဆိုးဆိုးရွားရွား ရှုံးနိမ့်နေသည်ကိုတော့ လက်ခံရပေမည်။
“နောက်တစ်ပွဲကစားဦးမလား?” ကုနင်း အေးဆေးတည်ငြိမ်စွာဖြင့် ချီထျန်းလင်ကို ကြည့်ကာမေးလိုက်သည်။
“တော်ပြီ၊ ပျော်စရာလဲမကောင်းဘူး။” ချီထျန်းလင် စိတ်ပျက်နေသည့်အမူအရာအပြည့်ဖြင့်ပြောလိုက်သည်။ သူသာ အခုနေလက်မလျှော့လိုက်ပါက နောက်ထပ်အကြိမ်များစွာ ရှုံးနိုင်တာကြောင့်မဟုတ်ဘဲ အရမ်းပျင်းစရာကောင်းသည့် ကစားပွဲဖြစ်နေခြင်းကြောင့်ဖြစ်သည်။
ကုနင်းကတော့ စိတ်ထဲမထားနေဘဲ ငွေအကြောင်းသာမေးလိုက်သည်။
“ကောင်းပြီလေ၊ အခုတော့ ငါ့ကို ယွမ်သန်း၅၀၀ပေးသင့်ပြီ။”
“ယွမ်သန်း၅၀၀လောက်ကတော့ ငါ့အတွက် ဘာမှမပြောပလောက်ပါဘူး။” ချီထျန်းလင်ကတော့ ပုံမှန်အတိုင်း မောက်မာနေပုံပင်။ သူကပဲ ကုနင်းကို မျက်နှာသာပေးလိုက်သလိုပြောနေသည်။
ကုနင်းကတော့ ငွေကိုပဲရချင်တာကြောင့် ချီထျန်းလင်ဘာပြောပြော စိတ်ထဲထားမနေခဲ့ပေ။
“ကောင်းတာပေါ့။ ဘိုင့်-ဘိုင်။” ငွေရပြီးသည်နှင့် ချက်ချင်းပင် ကုနင်းထထွက်ဖို့ရန် မတ်တပ်ရပ်လိုက်သည်။
သို့ပေမည့် ချီထျန်းလင်က မကျေမနပ်ဖြင့်,
“မင်းငွေရပြီးတာနဲ့ ချက်ချင်းပြန်တော့မလို့လား?”
ကုနင်း ပြန်ရပ်လိုက်ကာ၊ အေးစက်စက်လေသံဖြင့်၊ “အဲ့တော့?”
“ငါ့ကိုတစ်ခုလောက် ကူညီပေး၊ မင်းကို ယွမ်သန်း၁၀၀ပေးမယ်။” ချီထျန်းလင် ဘယ်လိုမှ ငြင်းဆန်ခွင့်မပေးနိုင်သည့် အသံမျိုးဖြင့် ပြောလိုက်သည်။
“တကယ်ကြီးလား? ရှင့်လို ကီရင်းဂိုဏ်းရဲ့ခေါင်းဆောင်က မလုပ်နိုင်တာတစ်ခုခုရှိသေးတယ်ပေါ့?” ချီထျန်းလင်၏အပြောကြောင့် ကုနင်းအံ့ဩသွားကာ မခံချင်အောင်ပြန်ပြောလိုက်သည်။ “ဘာကြောင့်များ ရှင့်လိုလူက ကျွန်မကို အကူအညီတောင်းရလဲ သိချင်သွားပြီ?”
ချီထျန်းလင် မျက်မှောင်ကြုတ်သွားသည်။ ဒါက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုခံစားရတာကြောင့် အတော်လေး မကျေမနပ်ဖြစ်သွားပေမည့် ကုနင်းကို အပြစ်မပြောခဲ့ပေ။
“ရက်ပိုင်းလောက်နေရင် Bမြို့ကို HKက ကျော်ကြားတဲ့လောင်းကစားသမား ဟဲဟုန်ကျဲ့ရဲ့ အကြီးဆုံးအလုပ်သင် ကျုံးကျန်းဟွေ့လာလိမ့်မယ်။ ပြီးရင် ငါတို့လောင်းကစားလုပ်ကြမှာ၊ အဲ့ဒါက ငါတို့ရဲ့လုပ်ငန်းတွေကို သီးသန့်ဝေမျှတာနဲ့လဲ သက်ဆိုင်နေတယ်။ ငါမရှုံးချင်ဘူး၊ ဒါကြောင့် ဒီပွဲကို နိုင်အောင် မင်းငါ့ကို ကူကစားပေးဖို့ မျှော်လင့်တယ်။ မင်းသူနဲ့လောင်းနေတုန်း ဘယ်လောက်လောင်းပြီး ဘယ်လောက်နိုင်တာကို ငါဂရုမစိုက်ဘူး။ မင်းအပေါ်ပဲမူတည်တယ်။ ငါကတော့ မင်းကို ယွမ်သန်း၁၀၀ပေးမယ်။”
ထိုစကားကို ကုနင်းတော်တော်လေးစိတ်ဝင်စားလို့သွားသည်။ သူမလောင်းကစားသမားကြီး ဟဲဟုန်ကျဲ့ကိုရော သူ၏အကြီးဆုံးအလုပ်သင်ဖြစ်သည့် ကျုံးကျန်းဟွေ့ကိုပါ ကြားဖူးပေသည်။ နှစ်ဦးစလုံးသည် အလွန်ချမ်းသာကြသူများဖြစ်သည်။ သူမသာ ဤကစားပွဲတွင်နိုင်သွားပါက ငွေများစွာရနိုင်ပေသည်။
သို့ပေမည့် ကုနင်း ချက်ချင်းပြန်အဖြေမပေးဘဲ မေးခွန်းတစ်ခုပြန်မေးလိုက်သည်။ “ဘာလောင်းကစားမျိုးလဲ? ငါက အံစာခေါက်ကစားနည်းကိုပဲ သိတာ။ ပြီးတော့ ရာနှုန်းပြည့်အနိုင်ရပါလိမ့်မယ်လို့လဲ ယုံကြည်ချက်မရှိဘူး။ သူဆိုတာက တကယ့်လောင်းကစားသမားကြီးတစ်ဦးရဲ့ အလုပ်သင်လေ။”
အနည်းဆုံးတော့ သရေကျနိုင်ကာ ရှုံးလိမ့်မည်မဟုတ်တာကြောင့် ကုနင်းသူမကိုသူမ သိမ်ငယ်မိခြင်းမရှိပေ။ သို့ပေမည့် ချက်ချင်းကြီးလဲ သူမသေချာပေါက်နိုင်ပါမည်ဟု ကတိလဲမပေးလိုပေ။
“အခုချိန်က အံစာခေါက်တာက အကျော်ကြားဆုံးကစားနည်းပဲ။ ဒီတော့ ငါတို့အံစာခေါက်ဖြစ်ဖို့ပဲများတယ်။” ချီထျန်းလင် ပြန်ပြောလိုက်သည်။ ပြီးနောက် ထေ့ငေါ့သည့်အသံဖြင့်၊
“ငါ့မှာတောင် သူ့ကိုအနိုင်ယူနိုင်ဖို့ ၅၀ရာခိုင်နှုန်းအထိ ယုံကြည်ချက်ရှိတယ်။ မင်းကတော့ ငါ့ကိုတစ်ကြိမ်လေးတောင် အနိုင်ရခွင့်မပေးခဲ့ဘဲ၊ အခုမှ နိုင်ဖို့ယုံကြည်ချက်မရှိပါဘူးလို့ ပြောနေတာလား?” ကုနင်း၏စကားလုံးများက သူ့ကိုထပ်ခါထပ်ခါ အရှက်ခွဲနေခြင်းဖြစ်သည်ဟု ချီထျန်းလင်တွေးလိုက်မိသည်။
“ငါရှုံးသွားရင်ရော?” ကုနင်းပြန်မေးလိုက်သည်။
ချီထျန်းလင် ခဏလောက်တွေးလိုက်ပြီးနောက် အကြံရသွားကာ၊ “မင်းရှုံးရင်၊ ငါ့အတွက် တစ်နှစ်အလုပ်လုပ်ပေးရမယ်။”
ထိုစကားကိုကြားရတော့ ကုနင်းမကျေမနပ်ဖြင့်၊ “ငါတော့ ဒါကတရားတယ်လို့ မထင်ဘူး။ ရှင်အတင်းအကျပ်ပြောမှာဆိုရင်တော့ ငါမကူညီပေးနိုင်တော့မှာ စိုးတယ်။ ဘာပဲဖြစ်ဖြစ် ယွမ်သန်း၁၀၀လောက်ဆိုတာ ငါ့မှာမရှိတာမှမဟုတ်တာ။”
ကုနင်း သူမရှုံးလိမ့်မည်ဟု မတွေးထားသော်လည်း ဒီလိုမတရားသည့်အပေးအယူမျိုးကိုတော့ သဘောမကျပေ။
ချီထျန်းလင် မျက်မှောင်ကြုတ်လိုက်ပေမည့် ကုနင်းသည် ငတုံးမဟုတ်ကြောင်း သူသိတာကြောင့် သူ့စိတ်ကိုပြောင်းလိုက်ကာ၊ “အကျိုးအမြတ်ဆိုတာ ဆုံးရှုံးမှုနဲ့ဒွန်တွဲနေတာပဲ။ မင်းက အကျိုးအမြတ်တစ်ခုတည်းကိုပဲ လိုချင်လို့မှမရတာ။ မင်းရှုံးခဲ့ရင် ဘာဆုကြေးမှရမှာမဟုတ်သလို ရှုံးသွားတဲ့ပမာဏကိုလဲ ပြန်ပေးရမယ်။ ဘယ်လိုလဲ?”
“စိတ်ဝင်စားဖို့ကောင်းသားပဲ။” ကုနင်းက ဆက်ပြီး၊ “ရှင့်အပေါ်မှာ ငါက နင့်အပေါ် အခွင့်ကောင်းယူနေတယ်လို့ တွေးနေတာလား? သူနဲ့လောင်းစားလုပ်ရမှာက ငါမဟုတ်ဘူးလေ။ နင်ကသာ ငါ့ကိုကူညီခိုင်းနေတာ။ တကယ်လို့ ငါရှုံးသွားရင်တောင်မှ ရှုံးကြေးအတွက် ငါ့ကိုပေးစေချင်တာက ဘယ်လိုမှကျိုးကြောင်းမသင့်ဘူး။”
ကုနင်း ဒီလိုမျိုးမတရားသည့် အပေးအယူမျိုးကို လက်မခံလိုပေ။
***
အခန်း ၇၂၄ လုချိုးထင် အမိုက်အမဲ
ချီထျန်းလင် မျက်မှောင်ထပ်ကြုတ်လိုက်မိပြန်သည်။ သို့ပေမည့် ကုနင်းပြောသည့် စကားများမှာ အဓိပ္ပါယ်ရှိတာကြောင့် တစ်ထပ်ပြန်လျှော့လိုက်သည်။ “မင်းနိုင်နိုင်ရှုံးရှုံး မင်းကို ယွမ်သန်း၁၀၀ပေးမယ်။ ဒါပေမယ့် လောင်းကစားလုပ်တဲ့ပမာဏရဲ့ ရလဒ်ကိုတော့ မင်းဘာမင်း တာဝန်ယူရမယ်။ ဘယ်လိုလဲ?”
“ကောင်းသားပဲ။”
ချီထျန်းလင်ဘက်က အသာသာဖြစ်နေသေးသော်လည်း ဒါကတော့ လက်ခံပေးနိုင်စရာအခြေအနေဖြစ်နေပြီဟု ကုနင်းတွေးမိတာကြောင့် လက်ခံလိုက်တော့သည်။
ထို့နောက် ကုနင်းပြန်ထွက်လာခဲ့သည်။ သူမ ကမ္ဘာမြေကလပ်မှပြန်ထွက်လာသည်အထိ လင်ရှောင်းထင်ထံမှ ဘာသတင်းမှပြန်မကြားရသေးတာကြောင့် တက္ကစီငှား၍သာ အိမ်သို့တစ်ယောက်တည်း ပြန်လာခဲ့လိုက်သည်။
သူမ လင်ရှောင်းထင်ထံ စာပို့ချင်သော်လည်း အနှောင့်အယှက်ပေးသလိုဖြစ်သွားမည်စိုးတာကြောင့် မပို့ဖြစ်တော့ပေ။
………..
တစ်ချိန်တည်းတွင်ပဲ လျိုရှင်းချီ ဖန်ရွှယ်ချင်နှင့်အတူ ဆေးရုံသို့ရောက်လာချိန်တွင်ပဲ ဖန်ရွှယ်ချင် နာကျင်မှုကြောင့် သတိပြန်ရလာခဲ့သည်။ သူမ၏လက်ရှိ အခြေအနေမှာ အလွန်တရာဆိုးဝါးလို့နေကာ ဆေးစွဲခြင်း၏လက္ခဏာများဖြစ်သည့် ချွေးစေးများထွက်ကာ တွန့်လိမ့်ပြီး အော့အန်နေတော့သည်။
သူမမျက်နှာပေါ်မှ ဒဏ်ရာများကြောင့် စိတ်အခြေအနေရော ရုပ်ပိုင်းဆိုင်ရာ အခြေအနေပါ မကောင်းသည့်ကြားက မူးယစ်ဆေးကြောင့်ပါ ဖန်ရွှယ်ချင် တော်တော်လေးခံစားလို့နေရသည်။
ထိုအခိုက်အတန့်တွင် ဖန်ရွှယ်ချင် သူမ အရှင်လတ်လတ်ငရဲကျခံနေရသည်ဟု ခံစားရကာ နာကြင်မှုများမှ လွတ်မြောက်နိုင်ရန်အတွက် ကိုယ့်ကိုကိုယ်ပင် သက်သေဖို့လုပ်တော့သည်။
အမျိုးသားဆရာဝန်များစွာပင်လျှင် သူမကိုထိန်းချုပ်ဖို့မတတ်နိုင်တာကြောင့် စိတ်ငြိမ်ဆေးသာထိုးပေးကြရတော့သည်။ သို့ပေမည့် ဖန်ရွှယ်ချင်မှာ မူးယစ်ဆေးများစွာ သုံးခဲ့တာကြောင့် စိတ်ငြိမ်ဆေးမှာ သိပ်ပြီးအကျိုးသက်ရောက်မှုမရှိခဲ့ပေ။ သို့သော်လဲ ဆရာဝန်များ ထိန်းချုပ်လို့ရသည်အထိတော့ အဆင်ပြေသွားခဲ့သည်။
မူးယစ်ဆေးစွဲခြင်းအတွက် ကုသဆေးလုံးဝမရှိပေ။ သူမတွင် ဆေးကိုဆက်သုံးမလား အတင်းအကြပ်ဖြတ်မလားဆိုသည့် ရွေးချယ်စရာနှစ်မျိုးသာရှိပေသည်။ ထို့ကြောင့် ဆရာဝန်များအနေဖြင့် သူမပါးပေါ်မှဒဏ်ရာကို ကုသပေးဖို့သာ တတ်နိုင်တော့သည်။
ဒဏ်ရာများကို ကုသပေးပြီးနောက် ဖန်ရွှယ်ချင်ကို ဗီအိုင်ပီလူနာဆောင်ထဲ ထည့်ပေးလိုက်သည်။ မကြာခင်တွင်ပဲ ဖန်ရွှယ်ချင်၏ ယောက်မကြီးလုချိုးထင်နှင့် ယောက်မငယ်ထုံဝမ်တို့ ရောက်လာခဲ့သည်။
ဝူကျင်းယီက လုချိုးထင်ကိုဖုန်းဆက်ကာ သူမတစ်ယောက်သာလာခဲ့ဖို့ပြောပေမည့် တိုက်တိုက်ဆိုင်ဆိုင်ပင် လုချိုးထင်က စပီကာဖွင့်ကာ ဖုန်းကိုင်ခဲ့တာကြောင့် သူမဘေးတွင်ထိုင်နေသည့် ထုံဝမ်လဲကြားသွားခဲ့သည်။
ထုံဝမ်နှင့်ဖန်ရွှယ်ချင်မှာ သိပ်မတည့်လှသော်လည်း တစ်မိသားစုတည်းသာဖြစ်သာကြသည်။
လုချိုးထင်နှင့်ထုံဝမ်တို့ လူနာခန်းထဲသို့ဝင်လာ,လာခြင်းတွင်ပင် အိပ်ရာထက်တွင် ချည်နှောင်ထားခံရသည့် ဖန်ရွှယ်ချင်ကိုတွေ့လိုက်ရသည်။ သူမက ဆက်တိုက်ရုန်းကန်နေပေမည့် တစ်မျက်နှာလုံးကို ပတ်တီးများဖြင့် စည်းနှောင်ထားကာ ပါးစပ်ကိုလဲ တိပ်အသေးလေးဖြင့် ကပ်ထားခြင်းခံရတာကြောင့် မအော်ဟစ်နိုင်ခဲ့ပေ။
သူမသာ အော်ဟစ်နေပါက သူမပါးမှဒဏ်ရာများကိုပါ ထိခိုက်စေနိုင်ပြီး ဒဏ်ရာပိုကွဲသွားကာ ပြင်းထန်လာနိုင်ပေသည်။
“ဘ-ဘာတွေဖြစ်ကုန်ကြတာလဲ?” အခန်းသို့ဝင်ဝင်ခြင်း မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် လုချိုးထင်ရော ထုံဝမ်ပါ ထိတ်လန့်သွားကြသည်။
ဝူကျင်းယီက ဖုန်းထဲတွင် သေချာအသေးစိတ်မပြောပြထားခဲ့ဘဲ ဖန်ရွှယ်ချင် ဒဏ်ရာရ၍ ဆေးရုံရောက်နေကြောင်းသာ ပြောခဲ့သည်။ ဖန်ရွှယ်ချင် အခြေအနေဘယ်လောက်အထိ ဆိုးသွားလဲဆိုသည်ကို သူတို့မသိခဲ့ကြပေမည့် အခုလို မျက်မြင်တွေ့လိုက်ရချိန်တွင်တော့ အလွန်ဆိုးဝါးလွန်းနေခဲ့သည်။
“ကုနင်းလုပ်တာ။ သူက ရွှယ်ချင်ရဲ့မျက်နှာကို ဖျက်ဆီးရုံမက မူးယစ်ဆေးတွေလဲ တိုက်ခဲ့သေးတယ်။” ဝူကျင်းယီပြောလိုက်သည်။
“ဘာ? အဲ့ခွေးမက ဘယ်လိုလုပ် ရွှယ်ချင်ကို ဒီလိုလုပ်ရဲတာလဲ!” လုချိုးထင် အလွန်အံ့အားသင့်ကာ ဒေါသထွက်သွားသည်။
ထိုစကားကြောင့် လျိုရှင်းချီ မျက်မှောင်ကြုတ်လိုက်ကာ သူ့မျက်လုံးထဲတွင်လဲ အထင်သေးသည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သို့ပေမည့် ဖန်မိသားစုနှင့် သူတွဲလုပ်ရသည့်စီးပွားရေးလုပ်ငန်းငန်းကြောင့် လုချိုးထင်ကိုတော့ သတိပေးရပေမည်။ “ဖန်ကတော်၊ ဒီကောင်မလေးက မင်းရန်သွားစလိုရတဲ့လူမျိုးလို့တော့ ငါမထင်ဘူး။”
လုချိုးထင် စက္ကန့်ပိုင်းမျှ ဆွံ့အသွားခဲ့သည်။ ကုနင်းသည်သာမာန်တော့မဟုတ်ကြောင်း သူမသိပေမည့် သူမလို မောက်မာမိုက်မဲသည့် အမျိုးသမီးကတော့ ထိုအမှန်တရားကို လက်ခံလိုစွာဖြင့်၊ “အဲ့တော့ ဘာဖြစ်တုန်း? သူက မိမစစ်ဖမစစစ် တစ်ယောက်သာ,သာပဲ!”
“ဟမ့်၊” လျိုရှင်းချီ လှောင်ပြုံးပြုံးလိုက်ကာ၊ “ရွှယ်ချင် အခုဘယ်လိုဖြစ်သွားတယ်ဆိုတာ မင်းမြင်နေတာပဲ၊ မင်း သူမကိုသွားမရှုပ်သင့်မှန်း နားလည်သင့်တယ်။”
လုချိုးထင်သည်လဲ ဖန်ရွှယ်ချင်ကဲ့သို့ မိုက်မဲသည့် အမျိုးသမီးတစ်ယောက်ဖြစ်နေမည်ဟု လျိုရှင်းချင် မမျှော်လင့်ထားခဲ့ပေ။
ထိုစကားကြောင့် လုချိုးထင် ချက်ချင်းပါးစပ်ပိတ်သွားတော့သည်။
“ကုနင်းဆိုတာ ဘယ်သူလဲ? ဒီလောက်တောင် ရဲတင်းတယ်ပေါ့။” ထုံဝမ် သိချင်စွာဖြင့်မေးလိုက်သည်။ သူမကတော့ ဖန်ရွှယ်ချင်ကို ကုနင်း ဒဏ်ရာရစေခဲ့သည့်အတွက် ဒေါသမထွက်မိပေ။ ထိုအစား ကုနင်း၏ အလွန်ရဲတင်းလှသည့်အပြုအမူကြောင့်တောင် လေးစားမိသွားသေးသည်။ ဖန်ရွှယ်ချင်က ထိုမိန်းကလေးအပေါ် ပြောပြလို့မရနိုင်လောက်အောင် မကောင်းသည့်အရာမျိုးလုပ်ခဲ့တာကြောင့် ယခုလို အကြင်နာတရားကင်းမဲ့စွာ ဖန်ရွှယ်ချင်ကို ပြန်ထိခိုက်အောင်လုပ်ခြင်းဖြစ်မည်မှန်း သူမနားလည်ပေသည်။ ဖန်ရွှယ်ချင်၏ အကျင့်စရိုက်ကို သူမကောင်းကောင်းသိပေသည်။ ဖန်ရွှယ်ချင်သည် နေ့ရက်တိုင်းလိုလု လူအများအပြားကို စိတ်တိုအောင်လုပ်နေကျပင်။
“သူက ထန်ယွင်ဖန်းရဲ့သမီးပဲ။” ဝူကျင်းယီပြောပြလိုက်သည်။
“ဘာ?” ထုံဝမ်သည်လဲ အခြားသူများ၏တုံ့ပြန်ပုံအတိုင်းပင်။ “ထန်ယွင်ဖန်းက လက်မထပ်ဖူးသလို ကလေးလဲမရှိဘူးမဟုတ်ဘူးလား?”
ဒီစကားသာအမှန်ဆို ကုနင်းနှင့်ဖန်ရွှယ်ချင်ကြားမှ ပြဿနာကို သူမဖော်ထုတ်နိုင်ပေပြီ။
ဖန်ရွှယ်ချင်က ကုနင်းကိုထိခိုက်အောင် တစ်ခုခုလုပ်ခဲ့ခြင်းကြောင့် ကုနင်းကပြန်လက်စားချေခြင်းဖြစ်မည်။
“ထန်ယွင်ဖန်းက လက်မထပ်ရသေးသလို ကလေးလဲ မရှိဖူးဘူးလေ။ ဒီတော့ သူမက မိမစစ်ဖမစစ်လေးပဲပေါ့!” လုချိုးထင် ဒေါသတကြီးပြောလိုက်သည်။ ထိုပုံစံက ထန်ယွင်ဖန်းသည် လက်မထပ်ရသေးဘဲ ကလေးရထားသည်က ဆိုးရွားသည့်အရာလိုပင်။ တကယ်တမ်း သူမသည်လဲ ဖန်ရွှယ်ချင်နှင့်တွေးခေါ်ပုံအတူတူပင်ဖြစ်သည်။
“ချိုးထင်၊ စကားကိုကြည့်ပြော! ထန်ယွင်ဖန်း လက်မထပ်ရသေးဘဲ သမီးတစ်ယောက်ရှိနေတာ ဘာများမှားနေလို့လဲ? ဘာကြောင့် ကလေးမကို နင်က မိမစစ်ဖမစစ်လို့ ခေါ်နေတာလဲ? နင့်ကိုယ်နင် ထန်မိသားစုကို သွားရှုပ်နိုင်မယ်များ ထင်နေတာလား?” ထုံဝမ် လုချိုးထင်ကို အပြစ်တင်စကားဆိုလိုက်သည်။ သူမမှာ ဒီလိုကိုယ့်သေတွင်းကိုယ်တူးတတ်သည့် မိုက်မဲလှသော ယောက်မနှစ်ယောက်ရှိနေရသည့်အတွက် အလွန်စိတ်ပျက်ရပေသည်။
လုချိုးထင် မကျေမနပ်ဖြစ်နေသော်လည်း ထုံဝမ်ပြောသည်က မှန်ကြောင်းတော့ လက်ခံရသည်။ “ဒီလိုဆိုရင်တော့၊ ဒီခွေးမလေးကို လွယ်လွယ်နဲ့အလွတ်မပေးနိုင်ဘူး။ ရွှယ်ချင်အတွက် တရားမျှတမှုရှိအောင် ငါလုပ်ပေးရမယ်!”
“ဒါက ဖန်ရွှယ်ချင် သူလုပ်လို့သူခံသွားရတာလေ။ ငါတို့က သူလုပ်လိုက်တဲ့ကိစ္စကြောင့် ထန်မိသားစု ငါတို့ကိုပါ ဆွဲမထည့်တဲ့အတွက် ကံကောင်းတယ်လို့တောင် မှတ်ယူသင့်တာ။” ထုံဝမ် အမှန်တရားကို ထောက်ပြလိုက်သည်။
“ထုံဝမ်၊ နင်ဘယ်လိုပြောနိုင်ရတာလဲ? ရွှယ်ချင်က ငါတို့မိသားစုဝင်ပဲလေ။ နင်က ဘယ်လိုများ အပြင်လူတွေဘက်က ရပ်တည်နေရတာလဲ?” လုချိုးထင်က ထုံဝမ်ကို အပြစ်ပြန်တင်တော့သည်။
“လုချိုးထင်၊ နင့်မှာ ဦးဏှောက်မရှိဘူးလား? ဒါကက အစကတည်းက ဖန်ရွှယ်ချင်ဖက်က မှားတာတွေလေ!” ထုံဝမ်တစ်ယောက် လုချိုးထင် အသိဝင်လာအောင် ရိုက်ပစ်ချင်စိတ်ပင်ပေါက်လာရသည်။
“နင်….” ထုံဝမ်၏စကားများမှာ မှန်နေတာကြောင့် လုချိုးထင် ဘာပြန်ပြောလို့ပြောရမှန်းပင်မသိတော့ပေ။
“ဖန်းကတော်၊ မင်းကိုယ့်စိတ်ကိုယ်ထိန်းတာပိုကောင်းမယ်။ မဟုတ်ရင် မင်းကြောင့်နဲ့ ဖန်မိသားစုတစ်ခုလုံးပါ ဒုက္ခရောက်သွားနိုင်တယ်။ ဘာတွေဖြစ်သွားလဲဆိုတာ မင်းဘာမှမသိထားဘဲနဲ့ တရားမျှတမှုရှာမယ်လို့ ပြောနေတာလား? မင်းလိုလူမျိုးက ထန်မိသားစုကို သွားရှုပ်လို့မရဘူးဆိုတဲ့ အချက်ကိုအသာထားဦး ၊ မင်း ကုနင်းနဲ့လဲ ဝေးဝေးနေသင့်တယ်။ ကုနင်းဆိုတာ ကီရင်းဂိုဏ်းနဲ့ထူးခြားတဲ့ ဆက်ဆံရေးမျိုးရှိတယ်ဆိုတာ မင်းသိသင့်တယ်။ သူက ကီရင်းဂိုဏ်းပိုင်တဲ့ မြေကမ္ဘာကလပ်လိုနေရာမှ ဖန်ရွှယ်ချင်ကို ထိခိုက်အောင်လုပ်ရဲတယ်ဆိုတာ ကီရင်းဂိုဏ်းရဲ့အကြီးတန်းအုပ်ချုပ်သူတစ်ယောက်ယောက် သူမကို ဒီလိုလုပ်ခွင့်ပြထားတာကြောင့်ပဲ။” လျိုရှင်းချီဝင်ပြောလိုက်သည်။
ဝူကျင်းယီပြောပြပြီးကတည်းက ကုနင်းကို လျိုရှင်းချီကြောက်လန့်နေပြီဖြစ်သည်။ ဒီမိန်းကလေးက သာမာန်မဟုန်ဘူးလို့လဲ သူခံစားနေမိသည်။
***
အခန်း ၇၂၅ ငါးကင်နဲ့ဘီယာနှစ်ပုလင်း
သို့ပေမည့် ဖန်ရွှယ်ချင်သည်တော့ ကုနင်းသာမာန်မဟုတ်မှန်း သိနေတာတောင်မှ လက်မလျှော့လိုသေးပေ။ ထို့အတွက်ကြောင့် သူမသည် ကိုယ့်သေတွင်းကိုယ်တူးနေကြောင်း သိသာလှကာ ဘယ်သူမှလဲ မတားနိုင်ကြပေ။
နောက်ဆုံးတော့ ဒီပြဿနာဘယ်လောက်ထိကြီးမှန်း လုချိုးထင် သိသွားပြီဖြစ်၍ နောက်ထပ်စကားတစ်ခွန်းပင် ထပ်မဟရဲတော့ပါ။
“ဘုရားရေ၊ သူမကအရမ်းအံ့ဩဖို့ကောင်းတာပဲ!” ထုံဝမ် အလွန်ထိတ်လန့်သွားသည်။
“ကုနင်း ပြောတာတော့ ဖန်ရွှယ်ချင်က သူ့အမေကို အကြိမ်ပေါင်းများစွာ လုပ်ကြံခဲ့တာကြောင့် ဒီလောက်အထိ စိတ်ဆိုးနေရတာတဲ့။ ကြည့်ရတာ ထန်မိသားစုက မသိလောက်သေးဘူး။ မဟုတ်ရင် သေချာပေါက် တစ်ခုခုလုပ်ကြမှာပေါ့။ မင်းတို့နှစ်ယောက်လုံး ရောက်နေပြီဆိုမှတော့ ငါသွားတော့မယ်။ ပြီးတော့ ဆေးရုံစားရိတ်ကို ငါရှင်းပြီးသွားပြီ။” လျိုရှင်းချီ ထိုစကားများပြောပြီးသည်နှင့် ထွက်သွားတော့သည်။ ဖန်ရွှယ်ချင်ကို သူနှင့်အတူပျော်ပါးရန်အတွက် အပြင်ကိုခေါ်ထားခြင်းဖြစ်တာကြောင့် ယခုလိုသူခေါ်ထားသည့် အချိန်မျိုးတွင် ဖြစ်သွားသည့်အတွက် အပြစ်ရှိသလိုခံစားရကာ ဆေးရုံစားရိတ်ရှင်းပေးခဲ့ခြင်းဖြစ်သည်။
“ငါတို့ ပင်းဟွမ်ကိုပြောသင့်တယ်။” ထုံဝမ် ဤကိစ္စကို ဘယ်ပုံဘယ်နည်းနှင့်ဖြေရှင်းရမည်မှန်း မသိတော့ပေ။
လုချိုးထင်ကလဲ ချက်ချင်းပင် ဖန်ပင်းဟွေ့ကို ဖုန်းဆက်ကာ အကြောင်းအရာများကို ပြောပြလိုက်သည်။
ဖန်ပင်းဟွေ့သတင်းများကြားလိုက်ရချိန်တွင် အလွန်ဒေါသထွက်သွားတော့သည်။ ဖန်ရွှယ်ချင်က သူတို့မိသားစုရဲ့ တကယ့်ပြဿနာမပဲ! အခုချိန်တွင် ဖန်ရွှယ်ချင်ကို သနားငဲ့ညှာစိတ်ဆိုသည်ကို မခံစားရဘဲ အပြစ်တင်ချင်စိတ်များသာ ဖြစ်ပေါ်လို့လာသည်။
…….
ကုနင်း ဟွားဖုတော်ကုန်းသို့ပြန်ရောက်ချိန်တွင် ည၁၀နာရီထိုးခါနီးနေပြီဖြစ်ပေမည့် လင်ရှောင်းထင်ကတော့ သူမကို ဆက်သွယ်လာခြင်းမရှိသေးပေ။ သူမအနည်းငယ်စိတ်ရိမ်စိတ်ဝင်လို့သွားရသည်။ သို့ပေမည့် လင်ရှောင်းထင်ကို နှောင့်ယှက်မိမည်စိုးတာကြောင့် ဖုန်းခေါ်သင့်မခေါ်သင့်ကို မတွေးတတ်တော့ပေ။
ကုနင်း သူမအိမ်တံခါးကို ဖွင့်ရုံရှိသေး ချောင်ဝမ်ရှင်းတစ်ယောက် စိတ်နှင့်ကိုယ်မကပ်သည့်ပုံစံဖြင့် သူမဆီသို့ လျှောက်လာခဲ့သည်။ ကုနင်းကို မြင်သွားသည်နှင့် ချောင်ဝမ်ရှင်းက၊ “ငါအရမ်းဗိုက်ဆာနေပြီ၊ ငါတို့ ငါးကင်သွားစားကြရအောင်လား?”
ငါးကင်သံကိုကြားလိုက်ရတော့ ကုနင်း သရေများကျလာကာ ချက်ချင်းပင် သဘောတူလိုက်တော့သည်။
ဟွားဖုတောင်ကုန်းနှင့် မျက်နှာချင်းဆိုင်လမ်းတွင် ညမုန့်ဈေးတန်းလမ်းတစ်လမ်းရှိတာကြောင့် သူမတို့လမ်းလျှောက်၍သာသွားလိုက်ကြသည်။
“ဘာဖြစ်နေတာလဲ? နင့်ကြည့်ရတာ ဝမ်းနည်းနေသလိုပဲ။” ကုနင်း စိတ်ပူစွာမေးမြန်းလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။ ဒီအတိုင်း စိတ်ခံစားချက်သိပ်မကောင်းရုံပါ။” ချောင်ဝမ်ရှင်းပြန်ဖြေလိုက်သည်။ သူမ ရှင်းပိုင်ကို လွမ်းနေခြင်းကြောင့်ဆိုသည့် အချက်ကိုတော့ ကုနင်းကို ပြောပြမည်မဟုတ်ပေ။
ချောင်ဝမ်ရှင်းက မပြောပြချင်မှတော့ ကုနင်းလဲ အတင်းအကျပ်မမေးပေ။
သူမတို့ ငါးကင်ဆိုင်သို့သွားကာ ငါးကင်တစ်ကောင်နှင့် ဘီယာနှစ်ပုလင်းမှာလိုက်ကြသည်။
ဤဆိုင်သည် နာမည်ကြီးကာ လူများစွာ စားဖို့ရန် စောင့်ဆိုင်းနေကြရပေမည့် ချောင်ဝမ်ရှင်းက ဤဆိုင်ကို အကြိုက်ဆုံးဖြစ်တာကြောင့် အချိန်ကြာလဲ စောင့်နိုင်ပေသည်။
သူမတို့ငါးကင်စောင့်နေရင်း ချောင်ဝမ်ရှင်းက အဆာပြေစေရန်အတွက် အရွက်သုပ်တစ်ပွဲကို မှာလိုက်သည်။
ချောင်ဝမ်ရှင်းသည် အလွန်ချမ်းသာကြွယ်ဝကာ အင်အားကြီးသည့်မိသားစုမှ မွေးဖွားလာခြင်းဖြစ်ပေမည့် အစားမရွေးပေ။ ဈေးကြီးသည့်အစားအစာဖြစ်စေ ဈေးပေါနေပါစေ၊ သာမာန်အစာပြေစာဖြစ်နေပါစေ သူမကြိုက်နေသ၍ အကုန်စားပေသည်။ ချောင်ဝမ်ရှင်းသည် အချို့သော သူတို့ကိုသူတို့ သာမာန်လူများထက်သာသည်ဟုထင်ကာ ညမုန့်ဈေးတန်းမှ အစားအသောက်များကို အထင်သေးရွံ့ရှာသည့် လူချမ်းသာများနှင့်မတူပေ။
သို့ပေမည့် နာရီဝက်ကြာသည့်နောက်တွင်တော့ ချောင်ဝမ်ရှင်းနှင့်ကုနင်းမှာထားသည့်ငါးကို ယောက်ျားတစ်ဖွဲ့က လုယူသွားကာ သူမတို့ကို နောက်တစ်ကောင်စောင့်ရန် ပြောလာသည်။
ဒါပေါ့၊ ကုနင်းနှင့်ချောင်ဝမ်ရှင်းတို့ဆိုသည်က သည်းခံနေလိုက်မည့်လူမျိုးမှမဟုတ်ဘူး။ အထူးသဖြင့် ယနေ့လို ချောင်ဝမ်ရှင်း စိတ်အခြေအနေမကောင်းသည့် အချိန်မျိုးတွင်ပေါ့။ ချောင်ဝမ်ရှင်း ချက်ချင်းဆိုသလို ဒေါသများထွက်လာကာ အော်ဟစ်တော့သည်။ “သောက်ရူးတွေ! နင်တို့ ဒီလောက်တောင် အရှက်မဲ့လား? ငါတို့ငါ့ကို လုသွားပြီး ငါတို့ကို နောက်တစ်ကောင်စောင့်ခိုင်းတယ်ပေါ့? ဘာလဲ၊ နင်တို့က ရန်ဖြစ်ချင်တာလား?” ပြောရင်းဖြင့်ပင် ချောင်ဝမ်ရှင်း ထပြီးရန်ဖြစ်တော့မည့်ဟန်ဖြင့် အင်္ကျီလက်ကိုပင် ပင့်တင်နေတော့သည်။
“အိုး၊ မင်းလေးက ဒေါသကြီးလှချည်လား!”
ထိုအဖွဲ့ထဲမှတစ်ဦးက ချောင်ဝမ်ရှင်း၏အပြုအမူကို ရယ်ချင်နေဟန်ဖြင့် ပြောလာသည်။ သို့ပေမည့် ကုနင်းနှင့်ချောင်ဝမ်ရှင်းကို အံ့အားသင့်သွားရစေသည့်အချက်သည်က ထိုလူသည် သူမတို့နှင့် ရန်မဖြစ်ခဲ့ခြင်းပင်။ “ငါမိန်းကလေးတစ်ယောက်နဲ့ ရန်ဖြစ်ဖို့ စိတ်မပါဘူး။ ကောင်းပြီလေ၊ ဒီငါးကင်ကို မင်းပဲ အရင်ယူလိုက်ပေါ့။”
ချောင်ဝမ်ရှင်းကတော့ ထိုလူအလျှော့ပေးလိုက်သည့်အတွက် စိတ်ပျက်သွားကာ မကျေမနပ်ဖြင့်၊ “ငါကတော့ တစ်ပွဲလောက်တိုက်နိုင်ပါတယ်၊ နင်ကသာ သတ္တိကြောင်နေတာ။”
ထိုစကားကြောင့် ထိုလူ မကျေမနပ်ဖြစ်လို့သွားကာ၊ “မင်းဘာပြောလိုက်တယ်? မင်းက တော်တော်လေး တိုက်ခိုက်ချင်နေတာပေါ့၊ ဟုတ်လား? ငါခဏနေရင် လူတစ်ယောက်ကို ထိုးဖို့သွားမလို့။ မင်းငါ့အစား သူ့ကိုထိုးရဲရင် မင်းစားတာ ငါရှင်းပေးမယ်။”
ကုနင်း ချောင်ဝမ်ရှင်းကို မတားလိုက်နိုင်ခင်တွင်ပင် ချောင်ဝမ်ရှင်းက တုံ့ဆိုင်းခြင်းအလျင်းမရှိ သဘောတူပြီးပေပြီ။ “ကောင်းပြီလေ၊ ကိုယ့်စကားကိုယ်မှတ်ထား။”
ငါးကင်ဖို့လောက်ကတော့ သူမမှာမရှိတာမဟုတ်ပေမည့် အခုချိန်တွင် တစ်ယောက်ယောက်ကို ထိုးချင်နေခြင်းသာဖြစ်သည်။
“ဝမ်ရှင်း….” ကုနင်း ချောင်ဝမ်ရှင်းကို ကြည့်လိုက်သည်။ ကုနင်းကတော့ သဘောမတူလိုကြောင်း သိသာပေသည်။
ကုနင်း၏အသံကိုကြားတော့မှ ချောင်ဝမ်ရှင်းလဲ ဤကိစ္စမှာ မသင့်တော်လှကြောင်း သဘောပေါက်သွားကာ ပြန်ပြောလိုက်သည်။ “ထားပါ၊ မေ့လိုက်တော့။”
ထို့နောက် သူမခုံတွင် ပြန်ထိုင်ချလိုက်သည်။
ထိုလူအုပ်ကလဲ ဘာမှဆက်မပြောကြသလို ငါးကင်သည်လဲ ကုနင်းနှင့်ချောင်ဝမ်ရှင်း၏ စားပွဲတွင်သာ ရှိနေစဲဖြစ်သည်။
“ချောင်ကွမ်းရှန်လို နာမည်ကြီးအဆိုတော်ရဲ့ကိုယ်စားလှယ်က ငါ့ဆီက ပိုက်ဆံလာချေးနေတယ်တဲ့ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ!” အစောကတင် ချောင်ဝမ်ရှင်းနှင့် စကားများခဲ့သည့်လူက ပြောလိုက်ခြင်းဖြစ်သည်။
ချောင်ကွမ်းရှန်? အဲ့ဒါ ရှားယီချူးရဲ့ရည်းစားဟောင်းမဟုတ်လား? ကုနင်းတွေးလိုက်မိပေမည့် ဘာမှတော့မပြောပေ။
“သူက မင်းဆီက ပိုက်ဆံချေးတယ်? သူအရမ်းချမ်းသာတယ်မဟုတ်ဘူးလား? ဘာလို့ ဒီလိုလုပ်တာလဲ?”
“ဟုတ်သားပဲ! သူက နာမည်ကြီးအဆိုတော်ရဲ့ ကိုယ်စားလှယ်မဟုတ်ဘူးလား။” အခြားသော အမျိုးသားနှစ်ယောက်ကတော့ နားမလည်နိုင်ဖြစ်သွားသည်။
“သူ့အဆိုတော် ဒဏ်ရာရသွားလို့ သီချင်းမဆိုနိုင်တော့ဘူးတဲ့၊ ဒါကြောင့် ငွေထပ်မရှာနိုင်တော့ဘူးပြောတယ်။ ဆိုးတာက သူတို့စာချုပ်အတွက် လျော်ကြေးလဲပေးရဦးမှာလေ။”
“ဒီလောက်ကြောင့်နဲ့တော့ သူချက်ချင်းကြီး ဆင်းရဲသွားမယ်လို့ မထင်ပါဘူး။ အနည်းဆုံးတော့ သူ့မှာ ယွမ်၁၀သန်းမကတော့ ရှိလောက်မှာပေါ့။”
“ဟုတ်တယ်။ ချက်ချင်းကြီး မွဲပြာကျသွားတယ်ပဲထားဦး၊ ဘယ်လိုကြောင့်များ မင်းကို ဖုန်းဆက်ပြီး ငွေချေးရတာလဲ? သူကိုယ်စားလှယ်တစ်ယောက်မဖြစ်ခင်တုန်းကတော့ မင်းကို အခင်ဆုံးသူငယ်ချင်းပါဆိုပြီး၊ အောင်မြင်လဲသွားရော မသိသလိုတောင် ဟန်ဆောင်နေတာ။ သူက တကယ့်ကိုအရှက်မရှိတဲ့ကောင်ပဲ!”
“ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းသူ့ကို ဘာငွေမှမချေးပေးနဲ့!”
“အေးပေါ့၊ ချေးစရာလား၊ ငါချက်ချင်းကိုငြင်းလိုက်တယ်။ တကယ်တမ်း သူငါ့ကို အမှန်အတိုင်းအကုန်မပြောပါဘူး။ သူအခုလို ငွေအလျင်စလို လိုနေတဲ့ တကယ့်အကြောင်းက ဆေးစွဲနေလို့လေ။”
“အိုး၊ ဒါကမှ တကယ့်အကြောင်းပြချက်ပေါ့! ယွမ်သန်းဂဏန်းလောက်က သူ့မူးယစ်ဆေးဖိုးအတွက် မလောက်ဘူးထင်တယ်။”
ကုနင်းနှင့်ချောင်ဝမ်ရှင်းတို့ စားသောက်ပြီးခါနီးတွင် လင်ရှောင်းထင်က ကုနင်းကို ဖုန်းဆက်လာခဲ့သည်။
“အခုဘယ်နားမှာလဲ?” လင်ရှောင်းထင်မေးလိုက်သည်။
“ကျွန်မ ဝမ်ရှင်းနဲ့ ညဈေးတန်းမှာ ငါးကင်လာစားနေတာ။ ရှင်အလု်ပပြီးသွားပြီလား?”
“အွန်း၊ အခုပြန်လာနေပြီ၊ နောက်မိနစ်၂၀လောက်ဆို ရောက်လိမ့်မယ်။ မင်းကိုယ့်ကို အဲ့မှာပဲစောင့်နေမလား၊ အိမ်ပဲပြန်မှာလား?”
“စားပြီးခါနီးပြီဆိုတော့ အိမ်ပဲပြန်လိုက်တာ ပိုကောင်းမယ်။”
“ကောင်းပြီလေ၊”
လင်ရှောင်းထင် ဖုန်းချသွားပြီးနောက် ချောင်ဝမ်ရှင်းက ကုနင်းကိုကြည့်လာခဲ့သည်။ သူမတစ်ခုခုကို ပြောချင်နေပေမည့် ထုတ်လဲ မပြောရဲနေသလို။
“ဘာဖြစ်လို့လဲ?” ကုနင်းမေးလိုက်သည်။
“ရှောင်းထင်လား?”
“ဟုတ်တယ်လေ၊” သို့ပေမည့် ချောင်ဝမ်ရှင်း ဘာမှဆက်ပြောလာခြင်းမရှိပေ။
ငွေရှင်းပြီးနောက် သူမတို့နှစ်ဦး ဆိုင်မှထွက်လာခဲ့သည်။
***