← Chapters

အခန်း (၇၂၆-၇၃၀)

Vol. 49 Ch. 726-730

အခန်း (၇၂၆-၇၃၀)

Vol. 49 Ch. 726-730

အခန်း ၇၂၆ ယွမ်သန်း၅၀၀နိုင်ခဲ့တယ်!

အိမ်ပြန်လာသည့်လမ်းရောက်တော့မှ ရုတ်တရက်ကြီး ချောင်ဝမ်ရှင်းက ကုနင်းကို မေးလာခဲ့သည်။ “နင်းနင်း၊ အန်တီမန့်က Fမြို့ကိုပြန်သွားပြီဆိုတော့ အခု နင်နဲ့ရှောင်းထင် နှစ်ယောက်တည်း….”

ချောင်ဝမ်ရှင်း စကားကိုအဆုံးထိမပြောသော်လည်း ဆိုလိုရင်းကို ကုနင်းကောင်းကောင်းနားလည်ပေသည်။ ကုနင်းမျက်နှာနီမြန်းသွားကာ ချောင်ဝမ်ရှင်း၏အမေးကို ရှောင်ဖယ်လိုက်သည်။ သို့ပေမည့် ချောင်ဝမ်ရှင်းကတော့ လက်မလျှော့သေးဘဲ ကုနင်း၏လက်မောင်းကို လွှဲရင်း ထပ်မေးလိုက်ပြန်သည်။ “နင်းနင်း၊ နင်ရှောင်းထင်နဲ့အခုထိ မလုပ်ရသေးဘူးလား?”

သေချာပေါက် အိပ်ရာပေါ်မှကိစ္စကို ဆိုလိုခြင်းဖြစ်သည်။

ချောင်ဝမ်ရှင်းသည် အခုထိ အပျိုစင်လေးတစ်ဦးဖြစ်တာကြောင့် ကုနင်းကို ထိုအကြောင်းမေးရာတွင် ရှက်နေမိသည်။ သို့သော်လည်း သူမနှင့်ရှင်းပိုင် ထိုကိစ္စလုပ်နေသည့်ပုံရိပ်များကိုလဲ မတွေးမိဘဲ မနေနိုင်ခဲ့ပေ။

ချောင်ဝမ်ရှင်း ထိုသို့သောအကြောင်းများကို မေးသည့်အတွက် ကုနင်းဖြေရခက်နေသော်လည်း အတတ်နိုင်ဆုံးစိတ်ကိုလျှော့ကာ၊ “ဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်းမေးနေတာလဲ?”

“ဘာမှမဖြစ်ပါဘူး။ ဒီအတိုင်း သိချင်လာလို့။ နင်မပြောပြချင်လဲ ရပါတယ်။”

ညဈေးတန်းလမ်းနှင့် သူမတို့အိမ်သို့ မိနစ်၂၀လောက်လမ်းလျှောက်ရကာ သူမတို့ပြန်ရောက်ချိန်တွင် ကုနင်း၏အိမ်မှာ မီးများထွန်းထားပြီဖြစ်တာကြောင့် လင်ရှောင်းထင်ပြန်ရောက်နေပေပြီ။

“ဘာလို့ နင့်အိမ်က မီးတွေလင်းနေတာလဲ?” ချောင်ဝမ်ရှင်း အံ့ဩသွားပေမည့် မကြာခင်တွင်ပဲ အကြောင်းရင်းကို သဘောပေါက်သွားခဲ့သည်။ သူမ ကုနင်းကို မနာလိုသည့်အကြည့်များဖြင့် ကြည့်လိုက်ကာ၊ “ဒီလိုမျိုး အိမ်မှာစောင့်နေမယ့် ချစ်သူမျိုးရှိနေတဲ့နင့်ကို မနာလိုတောင်ဖြစ်လာပြီ။ ငါ့မှာတော့ ငါ့အိမ်ငါပြန်ပြီး အရင်လိုတစ်ယောက်တည်း အိပ်ရဦးမယ်။”

ထိုစကားပြောပြီးသည်နှင့် ချောင်ဝမ်ရှင်း သူမအိမ်ဘက်သို့ထွက်သွားခဲ့သည်။ တစ်ဖက်သို့မျက်နှာမူလိုက်သည်နှင့် သူမပုံစံမှာ အလွန်ဝမ်းနည်းနေဟန်ပေါက်သွားသည်။ သူမဤကဲ့သို့ တစ်ခါမှ အထီးကျန်မှုမျိုး မခံစားခဲ့ရဖူးပေ။

ကုနင်း အိမ်တံခါးဖွင့်ဖို့ရန် ပြင်လိုက်ချိန်တွင်ပဲ တံခါးက ပွင့်သွားကာ လင်ရှောင်းထင်၏ မြင့်မားသန်မာသည့်ပုံရိပ်က ကုနင်းရှေ့တွင် ပေါ်လာခဲ့သည်။ ကုနင်း ပြုံးပြရင်း အထဲသို့ဝင်လိုက်သည်။

ကုနင်းဝင်လိုက်သည်နှင့်ချက်ချင်းပင် ဝင်ပေါက်တွင်ပင် လင်ရှောင်းထင်တစ်ယောက် ကုနင်းကို ဖိလှဲချဖို့လုပ်တော့သည်။

ကုနင်းအံ့ဩသွားပြီး ရုန်းလိုက်ကာ၊ “ဝင်ပေါက်မှာပဲရှိသေးတယ်လေ!”

“ထားလိုက်ပါ၊ နေရာအသစ်မှာလုပ်တာလဲ မဆိုးလှပါဘူး။” လင်ရှောင်းထင် ဤရက်များအတွင်း နည်းလမ်းသစ်များကို အလွန်စိတ်ဝင်စားနေပေသည်။

ကုနင်းကတော့ သိပ်သဘောမကျသလို ခံစားနေရစဲဖြစ်ပေမည့် နောက်ဆုံးမငြင်းခဲ့ပေ။

သူတို့နှစ်ဦးသား တစ်ကြိမ်မပြီးမချင်း အိပ်ခန်းထဲသို့ မရောက်ခဲ့ကြပေ။

နောက်ဆုံး လင်ရှောင်းထင် ကုနင်းကို စကားပြောရန် အချိန်ရသွားကာမှ၊ “မင်း သူ့ကိုဘာလုပ်ခဲ့လဲ?”

“သူ့မျက်နှာတစ်ဖက်စီကို ဓါးနဲ့နှစ်ချက်စီးမွှန်းပြီး မူးယစ်ဆေးတစ်ခွက် အတင်းတိုက်ခဲ့တယ်။”

ကုနင်းဘယ်တော့မှ သူမ၏ပုံစံအမှန်ကို လင်ရှောင်းထင်ရှေ့တွင် ထုတ်ဖော်ရန် မရှက်ရွံ့ပေ။ လင်ရှောင်းထင်က သူမကို ရက်စက်သည်ထင်သွားမည်ကိုလဲ မစိုးရိမ်ပေ။ ဒါက သူမ၏ပုံစံအမှန်ဖြစ်သလို ယောက်ျားတစ်ယောက်အတွက်နှင့် သူမ၏ပုံစံကို ပြောင်းလဲပစ်မည်လဲ မဟုတ်ပေ။

ကုနင်းသည် ဤပြန်လည်ဝင်လာသည့်ဘဝတွင်ကော အရင်ဘဝတွင်ပါ သာမာန်မိန်းကလေးတစ်ယောက်မဟုတ်ပေ။ သူမ၏သွေးထဲစီးဆင်းနေသည့် အကျင့်တစ်ခုက ဘယ်တော့မှလဲ ပြောင်းလဲသွားမည်မဟုတ်ပေ။

လင်ရှောင်းထင်ကတော့ စိတ်ထဲထားနေမည်မဟုတ်မှန်း သိသော်လည်း သူမမေးမိနေစဲပင်၊ “ကျွန်မအရမ်းရက်စက်တယ်လို့ထင်လား? ကျွန်မလက်တွေက သွေးအတိစွန်းနေရင် ရှင်စိတ်ပျက်မှာလား?” လင်ရှောင်းထင် ကိုယ်တိုင်ဖြေလာမည့် အဖြေကို သူမကြားချင်သေးပေသည်။

“မင်းရော ကိုယ့်လက်က သွေးအတိစွန်းနေရင် စိတ်ပျက်မှာလား?” လင်ရှောင်းထင် တူညီသည့် မေးခွန်းကိုသာ ပြန်မေးလာသည်။ အထူးတပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် ကုနင်း အရင်ဘဝမှ သတ်ခဲ့သည့် လူထက်မနည်း သူလဲ သတ်ဖူးပေသည်။

“ဖြစ်စရာလား။ လုံးဝစိတ်မပျက်ပါဘူး။”

“ကိုယ်လဲ စိတ်မပျက်ဘူး။”

သူတို့ချင်း တစ်ဦးကိုတစ်ဦး ရွေးချယ်ခဲ့ကြကာ တစ်ဖက်လူ၏ကောင်းချက်ကိုကော ချို့ယွင်းချက်ကိုပါ လက်ခံဖို့ အဆင့်သင့်ဖြစ်ပြီးကြပေပြီ။

ဒါက အံ့ဩစရာအဖြေတစ်ခုမဟုတ်သော်လည်း ကုနင်း ပျော်ရွှင်မိသွားစဲပင်။

သူတို့အချင်းချင်း ချစ်နေကြကာ အကြောင်းလဲ သေချာသိနေကြပြီဆိုလျှင်တောင်မှ ကိုယ်တိုင်ကြားလိုက်ရခြင်းကတော့ မတူညီသည့် ခံစားချက်ကို ပေးစွမ်းနေမြဲပင်။ သမီးရည်းစားစုံတွဲအနေဖြင့် တစ်ယောက်ကိုတစ်ယောက် ချိုမြိန်သည့်စကားတစ်ခွန်းမှ မပြောဘဲ နေ့ရက်တိုင်းကို ဖြတ်သန်းရပါက ငြီးငွေ့စရာကောင်းသွားပေလိမ့်မည်။

“ကမ္ဘာမြေကလပ်မှာဖြစ်တာဆိုတော့ ကျန်တဲ့ကိစ္စတွေကိုကော ဘယ်လိုရှင်းလိုက်လဲ?” လင်းရှောင်းထင် ဆက်မေးလိုက်သည်။

“ကျွန်မ ချီထျန်းလင်နဲ့ တွေ့လိုက်တယ်။ သူနဲ့ လောင်းကစားလုပ်ပေးဖို့ သဘောတူလိုက်လို့ သူ့ဘက်က ကျန်တဲ့ကိစ္စကို ကူဖြေရှင်းပေးတယ်။”

“ကျွန်မတို့ တစ်ပွဲကို ယွမ်သန်း၁၀၀နှုန်းနဲ့ ၁၀ပွဲကစားခဲ့ကြတယ်။ ငါးပွဲက သရေကျပြီး ကျန်တဲ့ငါးပွဲကိုတော့ ကျွန်မနိုင်ခဲ့လို့ ဒီနေ့ ယွမ်သန်း၅၀၀တောင် နိုင်ခဲ့တယ်! မမိုက်ဘူးလား!” ကုနင်း စိတ်လှုပ်ရှားနေသည့် အကြည့်များဖြင့် လင်ရှောင်းထင်ကို ကြည့်ကာ ပြောလိုက်သည်။

ကုနင်း၏စိတ်လှုပ်ရှားနေဟန်က လင်ရှောင်းထင်ကို ထပ်မံပြီး စိတ်တက်ကြွလာစေပြန်သည်။

…….

နောက်တစ်နေ့တွင်တော့ ထန်ယွင်ဖန်းနှင့်ထန်ဟိုင်ဖုန်းတို့ ကားမတော်တဆမှုဖြစ်ကာ အခုထိ သတိမေ့မျောနေစဲ အခြေအနေတွင်ရှိနေသည့် သတင်းက ရုတ်တရက်ကြီး ပျံ့သွားခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် စီးပွားရေးဈေးကွက်ထဲသို့ ဗုံးတစ်လုံးပစ်ထည့်လိုက်သလို ပေါက်ကွဲသွားတော့သည်။ ထန်ဟွမ်လုပ်ငန်းစုမှ ဝန်ထမ်းများသည်လဲ စိုးရိမ်ပူပန်ကုန်ကြတော့သည်။

ထန်ဟိုင်ဖုန်း ဖြစ်သည့်ကိစ္စကိုတော့ လူတော်တော်များများကြားထားပြီးဖြစ်ပေမည့် ထန်ယွင်ဖန်းပါ အသက်အန္တရာယ်ရှိနေစဲ အခြေအနေဖြစ်နေသည်ကိုတော့ အနည်းစုသာ သိထားပေသည်။

ခေါင်းဆောင်မရှိသည့် အဖွဲ့တစ်ခုမှာ အနှေးနှင့်အမြန်ဆိုသလို ပြဿနာများဖြစ်လာနိုင်ပေသည်။ ဒီသတင်းပေါက်ကြားသွားခြင်းက နောက်ကွယ်မှကြိုးကိုင်သူ ထပ်ပြီးလှုပ်ရှားလာခြင်းဖြစ်ကြောင်းကို ကုနင်းသေချာသိပေသည်။

ယခုလို ပြဿနာနှင့်ထပ်ကြုံလာရပြန်တော့ ထန်ဟွမ်လုပ်ငန်းစုတွင် ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများ၏ ငြင်းခုန်ကြသည့်အစည်းအဝေးပွဲကြီး နောက်တစ်ကြိမ်ဖြစ်လာပြန်သည်။

“ဒီသတင်း ဘယ်သူဖြန့်လိုက်တာလဲ?”

ထန်ယွင်ဟန်သည် ကုမ္ပဏီ၏စီးပွားရေးကို သိပ်ဝင်ပါလေ့မရှိသော်လည်း အရေးပေါ်အခြေအနေတွင်တော့ ရှေ့ထွက်မှဖြစ်ပေမည်။

ထိုအခိုက်အတန့်တွင် ဒါရိုက်တာများအားလုံး ဖိအားများကုန်ကြပေမည့် အားလုံးက သူတို့မဟုတ်ကြောင်း ငြင်းဆိုကြသည်။

“ယွင်ဟန်၊ မင်းက ငါတို့ထဲက တစ်ယောက်ယောက် သတင်းဖြန့်လိုက်တယ်လို့ သံသယဝင်နေမှာ သိပေမယ့် ဒါကိုတော့ မမေ့နဲ့ဦး၊ ဒီလိုပျံ့သွားတာက ငါတို့ကိုပဲ ထိခိုက်စေတာလေ။ ပြီးတော့ ထန်ဟွမ်လုပ်ငန်းစုမှာက စီးပွားရေးရန်ဘက်တွေ အများကြီးပဲ။ ထန်မိသားစုမှာ အဆင့်မြင့်လုံခြုံရေးရှိတယ်ဆိုပေမည့် အပြည့်အဝတော့ သတင်းပိတ်ထားနိုင်မှာမဟုတ်ဘူး။ တစ်ယောက်ယောက်ကသာ လျှို့ဝှက်သတင်းကို ရှာချင်ရင် တစ်နည်းမဟုတ် တစ်နည်းကို သုံးနိုင်တာပဲ။” ထန်သဲ့မင်က ထန်ယွင်ဟန်ကို ဤကဲ့သို့ အပြစ်မရှာသင့်သလိုပုံဖြင့် စိတ်ညစ်ညူးဟန်ပြောလိုက်သည်။

***

အခန်း ၇၂၇ ထန်ကျားယန်ပြန်လာပြီ

သို့ပေမည့် ထန်သဲ့မင်ဘယ်လောက်ပဲ ငြင်းဆန်နေပါစေ ထန်ယွင်ဟန်၏သံသယအကြည့်များအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ တကယ်လဲ ထန်သဲ့မင်က ဤပြဿနာတွင် ပါဝင်နေခြင်းဖြစ်ကြောင်း ထန်ယွင်ဟန် အသေချာအချာသိထားသည်မဟုတ်လား။

ထန်သဲ့မင်ကတော့ ထန်မိသားစုဘက်တွင် တိကျသေချာသည့် သက်သေအထောက်အထားမရှိသ၍ သူတို့ကို ဘာမှမလုပ်နိုင်ပါဘူးလို့ တွေးနေခဲ့ပေမယ့် သူသတိမထားမိသည်က သူတို့အကြံအစည်များအားလုံးကို ဖော်ထုတ်ခံနေရပြီဖြစ်ကြောင်းပင်။ ထန်မိသားစုဘက်က သူ့ကို ချက်ချင်းမဖမ်းချုပ်သေးခြင်းမှာ သူ့နောက်ကွယ်မှ အဓိကကြိုးကိုင်သူကို ဖော်ထုတ်ချင်သေး၍သာဖြစ်သည်။

ထန်သဲ့မင်မှာ ထန်ရုန်ကျင်းနှင့် အဆက်အသွယ်ပြတ်နေတာတောင်မှ သူသူတို့ဘက်မှ ဘာမှလှုပ်ရှားထားခြင်းမရှိတာကြောင့် ထန်မိသားစု မသိလောက်သေးဘူးဟုသာ ထင်နေလေသည်။

“လက်ခံပါတယ်၊ ဒါကြောင့် အခုချက်ချင်းပဲ ဥက္ကဌအသစ်ရွေးသင့်တယ်လို့ ငါတော့ ထင်တယ်၊ မဟုတ်ရင် ငါတို့ရဲ့စီးပွားရေးပါတနာတွေက ငါတို့ကို စွန့်ခွာသွားလိမ့်မယ်။” ဖူခိုင်ယွီကဆိုသည်။

“ငါလဲ ဒီလိုပဲတွေးတယ်။”

“ငါရောပဲ၊ ငါတို့ဒုက္ခတွေ့နေတဲ့အချိန် ငါတို့ရဲ့စီးပွားရေးရန်သူတွေဘက်က ဝင်တိုက်ခိုက်လာမှာကို ကာကွယ်ထားဖို့လိုတယ်။”

ချန်ကျုံးရှန်းနှင့်ဝူပေါ်ယန်တို့ကလဲ ထန်သဲ့မင်၏အဆိုကိုထောက်ခံကြသည်။

“ဒါဆိုလဲ ငါတို့ ဥက္ကဌအသစ်ကို မြန်နိုင်သမျှ မြန်မြန်လေးရွေးကြတာပေါ့။” ထန်ကျီလင်းလဲ ဖိအားပေးမှုတွေကြောင့် လက်ခံပေးလိုက်တော့သည်။

ဒါရိုက်တာ၈ဦးတွင် ၅ဦးက သဘောတူနေတာကြောင့် ကျန်လူများငြင်း၍မရသည်က သိသာပေသည်။

ထန်ယွင်ဟန်နှင့်ထန်ယွင်ရုန်လဲ ဥက္ကဌရွေးပွဲတွင်ပါဝင်၍ရပေမည့် မဲပေးရုံသာပေး၍ရသည်။ သူတို့နှင့် ၉ယောက်မြောက် ဒါရိုက်တာအဖွဲ့ဝင်က ထန်ကျီလင်းကို မဲပေးပေသည်။

ဖူခိုင်ယွီ၊ ချန်ကျုံးရှန်းနှင့် ဝူပေါ်ယန်သည်တော့ ထန်သဲ့မင်အတွက် မဲပေးကြသည်။

ထိုအချင်းအရာကြောင့် ထန်ကျီလင်း ဘယ်လိုမှ ဆက်ပြီးသည်းမခံနိုင်တော့ပဲ အော်ဟစ်တော့သည်။ “ချန်ကျုံးရှန်း၊ ဝူပေါ်ယန် မင်းတို့ ဒါဘာသဘောလဲ?”

“ငါတို့မှာ ငါတို့ကြိုက်တဲ့လူကို မဲပေးခွင့်မရှိဘူးလား?” ချန်ကျုံးရှန်း ပြန်မေးလိုက်သည်။

“မင်း…” ထန်ကျီလင်း ဆွံ့အသွားရတော့သည်။

ထန်ယွင်ဟန်တွင် ရှယ်ယာ၁၀ရာခိုင်းနှုန်း၊ ထန်ကျီလင်းနှင့် ထန်ယွင်ရုန်တွင်တော့ ရှယ်ယာ၅ရာခိုင်းနှုန်းနှင့် ၉ယောက်မြောက်ဒါရိုက်တာတွင်တော့ ရှယ်ယာ၂ရာခိုင်နှုန်းရှိတာကြောင့် အားလုံးပေါင်း ၂၂ရာခိုင်နှုန်းရှိပေသည်။

ထန်သဲ့မင်တွင် ရှယ်ယာ၈ရာခိုင်နှုန်း၊ ချန်ကျုံးရှန်းတွင် ရှယ်ယာ၆ယာခိုင်နှုန်း၊ ဖူခိုင်ယွီတွင် ၅ရာခိုင်နှုန်းနှင့် ဝူပေါ်ယန်တွင် ၂ရာခိုင်နှုန်းရှိတာကြောင့် သူတို့လဲ အားလုံးပေါင်း ၂၂ရာခိုင်နှုန်းရှိပေသည်။

ထန်ယွင်ဖန်တစ်ယောက်တည်းက ရှယ်ယာ၅၁ရာခိုင်နှုန်း ပိုင်ထားတာကြောင့် ဘယ်သူမှ မပြောင်းလဲနိုင်ပေ။ ကျန်သည့် ၅ရာခိုင်နှုန်းသည်တော့ ဈေးကွက်ပေါ်သာတင်ပေးထားခြင်းဖြစ်သည်။

ထန်ကျီလင်းရော ထန်သဲ့မင်တွင်ပါ စုစုပေါင်း ရှယ်ယာ၂၂ရာခိုင်နှုန်းစီနှင့် ဘက်မျှနေတာကြောင့် ဥက္ကဌအသစ်ရွေးဖို့ရန် ကျရှုံးသွားပေပြီ။

“ဒီတော့ ကျွန်တော်တို့ ဒီနေ့အဖို့ ဥက္ကဌအသစ်မရွေးနိုင်တော့ဘူးထင်တယ်။” ချွမ်မင်ခိုင်ပြောလိုက်သည်။

“အဲ့လောက်မြန်မြန် ကောက်ချက်မချပါနဲ့၊ ငါဈေးကွက်ပေါ်ကနေဝယ်ထားတဲ့ နောက်ထပ်ရှယ်ယာ ၁ရာခိုင်နှုန်းရှိသေးတယ်။” ထန်သဲ့မင်ကပြောရင်းဖြင့်ပင် စာရွက်စာတမ်းတစ်ခုကို ထုတ်ယူလိုက်သည်။ ယနေ့အတွက် ထန်သဲ့မင် သေချာပြင်ဆင်ထားခဲ့တာကြောင့် လွယ်လွယ်နှင့်လက်မလျှော့ပေ။

ထိုစကားကြောင့် အားလုံးအလွန်အံ့ဩသွားတော့သည်။

“ထန်သဲ့မင်၊ မင်းအားလုံးကို ကြိုတင်ကြံစည်ထားတာပဲ!” ထန်ကျီလင်း မေးခွန်းထုတ်တော့သည်။ သူ့ပုံစံက သူရခါနီးရာထူးနေရာကို ထန်သဲ့မင်က ဆွဲလုလိုက်တာကြောင့် ဒေါသထွက်နေသလိုပင်။

“အဲ့လိုမျိုးတော့ မပြောပါနဲ့၊ ငါက ကုမ္ပဏီကို ကယ်ဆယ်ပေးချင်ရုံပါ။” ထန်သဲ့မင် သူ့ကိုသူ ကယ်တင်ရှင်တစ်ဦးလို ပြောလိုက်သည်။

“မင်း…” ထန်ကျီလင်း ပိုလို့ဒေါသထွက်သွားပေမည့် ဘာမှပြန်မပြောနိုင်ခဲ့ပေ။

ထိုအချိန်တွင်ပဲ အစည်းအဝေးခန်းအပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။

“အပြင်ဘက်မှ ဘာတွေဖြစ်နေတာလဲ?” အားလုံး စိတ်ရှုပ်သွားကြသည်။

ထိုအခါ ချွမ်မင်ခိုင်က သူအခုလေးတင်လက်ခံလိုက်ရသည့် စာအသစ်ကို တစ်ချက်ကြည့်ရင်း၊ “သတင်းထောက်တွေ။”

“သတင်းထောက်တွေ? ဘာလို့ အခုချိန်ကြီး သတင်းထောက်တွေရောက်လာကြတာလဲ? ဘယ်သူက သူတို့ကိုလာခိုင်းထားတာလဲ?” ထန်ကျီလင်း မျက်မှောင်ကြုတ်လိုက်သည်။

သို့ပေမည့် ထန်သဲ့မင်သည်တော့ အေးဆေးလို့နေစဲပင်၊ ဒါကြောင့်ပဲ သတင်းထောက်များကို ဤနေရာသို့လာခိုင်းသူက ထန်သဲ့မင်ဖြစ်ကြောင်း သံသယဝင်နေဖို့ရန်ပင် မလိုတော့ပေ။ သတင်းထောက်များသာ သတင်းကို အပြင်ဘက်လွှင့်လိုက်ပြီးသည်နှင့် ဘယ်သူမှ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းနိုင်ကြတော့မည်မဟုတ်ပေ။

မကြာခင်တွင်ပဲ အခန်းတံခါးပွင့်လာခဲ့ကာ အသက်၂၀ကျော်လူငယ်လေးတစ်ဦး ဝင်လာပေသည်။ ထိုလူငယ်မှာ ခန့်ညား၊ ခွန်အားအပြည့်အဝဖြင့် ထန်ကျားခိုင်နှင့်ပင် ဆင်တူနေပေမည့် သူ့တွင်တော့ ရင့်ကျက်သည့်အရှိန်အဝါများထွက်ပေါ်နေသည်။ ထိုလူငယ်သည်ကတော့ ထန်ကျားခိုင်၏အမွှာအစ်ကို ထန်ကျားယန်ပင်ဖြစ်ပေသည်။

ထန်ကျားယန် Yနိုင်ငံမှာပြန်ရောက်လာခြင်းဖြစ်သည်။

ထန်ကျားယန်ကိုမြင်ရသည်က ထန်ယွင်ဟန်တို့အဖွဲ့အတွက်တော့ အံ့ဩစရာတစ်ခုမဟုတ်နေပေ။ ဒါတွေက သူတို့ကြိုတင်စီစဉ်ထားသည့်အရာမဟုတ်လား။

သို့ပေမည့် ထန်သဲ့မင်တို့အဖွဲ့သည်တော့ ထိတ်လန့်သွားကာ မျက်လုံးများပြူးကုန်ကြတော့သည်။ ထန်ကျားယန်လို ငယ်ရွယ်ကာ အတွေ့အကြုံမရှိသေးသည့် လူငယ်လေးကို သူတို့ဘယ်တုန်းကမှ ဂရုမထားခဲ့ကြသော်လည်း ထိုလူငယ်လေးကပဲ သူတို့လမ်းတွင် ခလုတ်ကသင်းတစ်ခုဖြစ်လာပေပြီ။ ထန်ကျားယန် ချက်ချင်းကြီး Yနိုင်ငံမှ ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့တာကြောင့် အလွန်အံ့အားသင့်သွားကြသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ထန်ဝေ့ရုန်က ထန်ကျားယန်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားတယ်မဟုတ်လား? သူအိမ်ပြန်လာမယ့် သတင်းငါတို့ ဘယ်လိုလုပ် ဘာမှမကြားရတာလဲ? သူပေါ်လာတာက အကောင်းတော့မဖြစ်နိုင်ဘူး! ထန်သဲ့မင်တွေးလိုက်မိကာ သူ့အတွေးကလဲ မှန်ကန်ပေသည်။

“ဒီနေ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အစည်းအဝေးလုပ်ပြီး ဥက္ကဌအသစ်ရွေးမယ်လို့ ကျွန်တော်ကြားထားတယ်။” ထန်ကျားယန်မှာ အလွန်တည်ငြိမ်ပေသည်။ “ဥက္ကဌယွင်ဖန်းကိုယ်တိုင် စာတမ်းတစ်ခုကို လက်မှတ်ထိုးပေးထားတာ ရှိလို့ ဒီရွေးချယ်မှုကလုပ်စရာမလိုတော့ဘူးလို့ ထင်တယ်။ တကယ်လို့များ သူသာမတော်တဆမှုတစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော်က ဥက္ကဌဖြစ်လာလိမ့်မယ်။”

“ဘာ?” ထန်သဲ့မင် သူ့နားကိုသူပင် မယုံနိုင်ဖြစ်သွားသည်။

“အမှန်ပါပဲ။” ထန်ကျားယန်နောက်တွင်ရပ်နေသည့် ယန်ဝေ့လွင်က စာရွက်စာတမ်းတစ်ခုကို ထုတ်ပြလာသည်။ “ဒါက အရင်တုန်းက ဥက္ကဌယွင်ဖန်းရေးထားတဲ့ ရာထူးလွှဲပြောင်းစာပါ။”

“ငါ့ကိုပြစမ်း!” ထန်သဲ့မင် ခပ်မြန်မြန်ထရပ်ကာ သွားလိုက်သည်။ စာတမ်းအတုဖြစ်နေပါစေဟု မျှော်လင့်ခဲ့ပေမည့် တကယ်ကိုပဲ ထန်ယွင်ဖန်း၏လက်ရေးဖြစ်နေကာ မနှစ်ကဩဂုတ်လရက်စွဲနှင့်ပါဖြစ်နေသည်။

ထန်ကျားယန်တွင် ရာထူးလွှဲပြောင်းစာရှိနေမှတော့ ဘာမဲပေးမှုမှမရှိဘဲ ယာယီဥက္ကဌလုပ်နိုင်သွားပေပြီ။

ထန်သဲ့မင် ဘယ်လိုမှလက်မခံနိုင်ဖြစ်နေပေမည့် ထုတ်ဖော်တော့ မပြရဲပေ။ သူက ထူးချွန်ထက်မြက်လှသည့်လူတစ်ယောက်မဟုတ်တာကြောင့် ထန်ဝေ့ရုန်၏အမိန့်များအတိုင်းသာ လုပ်ရပေသည်။ ယခုအခြေအနေမှာ လုံးဝပြောင်းလဲသွားပြီဖြစ်တာကြောင့် ဘယ်လိုဆက်လုပ်လို့လုပ်ရမည်မှန်း မသိတော့ပေ။ လောလောဆယ်တွင် ထန်ဝေ့ရုန်ကို ဆက်သွယ်ကာ ရလဒ်ကိုပြောဖို့သာ တတ်နိုင်တော့သည်။

မကြာခင်တွင်ပဲ သတင်းထောက်များက သတင်းဖြန့်လိုက်ကြတော့သည်။ လူတော်တော်များများကတော့ ထန်ဟွမ်လုပ်ငန်းစုတွင် အသက်၂၀သာသာလူငယ်လေးတစ်ဦး ယာယီဥက္ကဌဖြစ်လာသည့်အပေါ် အကောင်းထင်မြင်ချက်မရှိပေ။ ကျန်သောအခြားလူများသည်တော့ ထန်ဟွမ်လုပ်ငန်းစုတွင် ဤရာထူးကိုယူနိုင်မည့်သူများစွာရှိကာ လူငယ်လေးကတော့ လုပ်ငန်းစုကို ပျက်စီးအောင်သာလုပ်လိမ့်မည်ဟု တွေးကြသည်။

ထန်ကျားယန်သည် အသက်၂၂နှစ်ရှိပြီဖြစ်ပေမည့် အတွေ့အကြုံရှိသည့်အုပ်ချုပ်သူများ၏အမြင်တွင်တော့ ကလေးသာသာရှိသေးသည်။ တကယ်လဲ ထန်ကျားယန်သည် ဘွဲ့တောင်မရသေးပေ။ ထိုသို့ဆိုလျှင်ပင် စီးပွားရေးစီမံခန့်ခွဲမှုပညာရပ်တွင်တော့ မာစတာဘွဲ့ရထားပြီးသားဖြစ်သည်။

ထန်ယွင်ဖန်းမှလွဲ၍ ထန်မိသားစုတွင် ထန်ကျားယန်သည်သာ အရည်အချင်းအရှိဆုံးစီးပွားရေးသမားတစ်ဦးဖြစ်သည်။ ထန်ယွင်ဖန်းတွင်က ကလေးတစ်ယောက်မှ မရှိတာကြောင့် ထန်မိသားစုက ထန်ကျားယန်ကိုသာ မိသားစုအမွေဆက်ခံသူအဖြစ် ပျိုးထောင်ပေးခဲ့သည်။ ဒါကြောင့်ပဲ ထန်ဝေ့ရုန်က ထန်ကျားခိုင်အစား ထန်ကျားယန်ကို စောင့်ကြည့်ဖို့ရန် လူလွှတ်ထားခဲ့ခြင်းဖြစ်သည်။

***

အခန်း ၇၂၈ ပုံတူလက်ကောက်

ထန်ကျားယန်သည် ယာယီဥက္ကဌအဖြစ်ထမ်းဆောင်ရန် တာဝန်ပေးခြင်းခံထားရပြီးပြီဖြစ်တာကြောင့် ဘယ်သူမှ မဆန့်ကျင်နိုင်တော့ပေ။ သို့ပေမည့် ပြိုင်ဆိုင်မှုများစွာကိုတော့ ထန်ကျားယန်ရင်ဆိုင်ဖြေရှင်းရပေဦးမည်။ ထို့အတွက်ကြောင့် ထန်ကျားယန် ယာယီဥက္ကဌနေရာရထားပြီးပြီဆိုလျှင်ပင် ဒါက အစပျိုးအဆင့်သာရှိသေးသည်။ အစည်းအဝေးပြီးသွားသည်နှင့် ထန်မိသားစုစီးပွားရေးလုပ်ငန်းအကြောင်း အားလုံးကို သူသိထားရပေတော့မည်။

ကံအားလျော်စွာဘဲ ထန်မိသားစုသည် ထန်ကျားယန်ကို အစကတည်းက မိသားစုအမွေဆက်ခံသူတစ်ဦးအနေဖြင့် ပျိုးထောင်ပေးခဲ့ခြင်းဖြစ်တာကြောင့် တော်တော်များများကို ရင်းနှီးမှုရှိထားပြီးဖြစ်သည်။ ချွမ်မင်ခိုင်နှင့်ယန်ဝေ့လွင်တို့၏ ကူညီမှုပါရှိနေတာကြောင့် ထန်ကျားယန် ကုမ္ပဏီကို အဆင်ပြေပြေအုပ်ချုပ်နိုင်ပေမည်။

ထိုသို့ဆိုလျှင်ပင် ဤကဲ့သို့ကြီးမားလှသည့် စီးပွားရေးလုပ်ငန်းစုကြီးကို ပထမဆုံးအကြိမ်အဖြစ် ဦးဆောင်ရခြင်းဖြစ်တာကြောင့် သင်ယူစရာများစွာ ရှိနေတုန်းပင်။

ထန်သဲ့မင် ရုံးခန်းသို့ပြန်ရောက်သည်နှင့် နောက်ဖုန်းတစ်လုံးကို ထုတ်ကာ ထန်ဝေ့ရုန်ကို ဆက်သွယ်လိုက်သည်။

ထန်ဝေ့ရုန် ထိုသတင်းကိုကြားလိုက်ရချိန်တွင် အလွန်ဒေါသထွက်သွားပေမည့် သူလဲ ဘာမှမလုပ်နိုင်ပေ။ ထန်မိသားစုကို ဖြုတ်ချဖို့က မလွယ်ကူမှန်းသိပေသည်။ ဒါကြောင့်လဲ အခုချိန်ထိ သူနောက်ကွယ်မှနေသာ ကြိုးကိုင်သူလုပ်နေခြင်းဖြစ်သည်။ အံ့ဩစရာကောင်းသည့် အချက်သည်က ထန်ကျားယန်မှာ ဘယ်သူမှ မသိအောင် တိတ်တိတ်လေး နိုင်ငံကိုပြန်ရောက်လာခြင်းပင်ဖြစ်သည်။

“ကြည့်ရတာ ငါ့ရဲ့ဝှက်ဖဲကို ထုတ်သုံးရတော့မယ့်ပုံပဲ။” ထန်ဝေ့ရုန်၏မျက်လုံးထဲတွင် ရက်စက်ယုတ်မာမှုများဖြင့် ပြည့်နှက်လို့လာသည်။

ဒီတစ်ခေါက်တော့ ထန်သဲ့မင် အောင်အောင်မြင်မြင်ဖြင့် ယာယီဥက္ကဌဖြစ်လာနိုင်လိမ့်မည်ဟု ထင်ထားခဲ့ကာ နောက်ဆက်တွဲ သူတို့အစီအစဉ်များကို ဖြည်းဖြည်းချင်း အကောင်အထည်ဖော်ဖို့ တွေးထားခဲ့ပေမည့် သူ့ယူဆချက်မှားသွားပေပြီ။ ထန်ဝေ့ရုန်က ထန်သဲ့မင်အား နောက်ဘက်ဆက်လုပ်ရမလဲဆိုသည်ကို မပြောပြခဲ့သလို ထန်သဲ့မင်ကလဲ မမေးခဲ့ပေ။

ချန်ကျုံးရှန်းနှင့်ဝူပေါ်ယန်သည် အစည်းအဝေးတွင် ထန်သဲ့မင်ဘက်မှ ထောက်ခံပေးခဲ့ကြပေမည့် ထန်သဲ့မင် ကျရှုံးသွားချိန်တွင်လဲ စိုးရိမ်စိတ်မရှိကြပေ။ သူတို့ဘာကြောင့် ထောက်ခံခဲ့ရလဲဆိုသည်ကို ချွမ်မင်ခိုင်သိထားပြီးသားမဟုတ်ပါလား။

အစည်းအဝေးမစခင်တွင်ပင် ချန်ကျုံးရှန်း၏သားနှင့်ဝူပေါ်ယန်၏သမီးကို တစ်ယောက်ယောက်က ပြန်ပေးဆွဲသွားကာ ထန်သဲ့မင်ဘက်မှ ရပ်တည်ပေးကြရန် အတင်းအကြပ်ဖိအားပေးခဲ့ကြသည်။ ချန်ကျုံးရှန်းနှင့်ဝူပေါ်ယန်မှာ ဒီရာထူးအတွက် တိုက်ခိုက်သည့်ပွဲမှာ ကြားနေအဖြစ်သာ အေးအေးဆေးဆေးနေဖို့ စိတ်ကူးထားကြပေမည့် အခုတော့ ရွေးချယ်မှုတစ်ခုလုပ်ဖို့ ဖိအားပေးခံလိုက်ရပေသည်။ သူတို့နှစ်ဦးလုံးမှာ ထန်မိသားစု၏အရည်အချင်းကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့ကြတာကြောင့် ချွမ်မင်ခိုင်ကို အားလုံးပြန်ပြောပြခဲ့သည်။

ချွမ်မင်ခိုင်ကလဲ သူတို့ကလေးများ လုံခြုံစေရန် ပြန်ပေးသမားပြောသည့် အတိုင်းလုပ်ပေးဖို့ ပြောခဲ့သည်။

ယနေ့ ထန်သဲ့မင်ကို သူတို့ထောက်ခံပေးခဲ့တာကြောင့် ထန်သဲ့မင် ကျရှုံးသွားသည်က သူတို့အမှားကြောင့် မဟုတ်တော့ပေ။

မကြာခင်တွင်ပဲ ချန်ကျုံးရှန်းရော ဝူပေါ်ယန်ပါ သူတို့ကလေးများ ဘေးကင်းကင်းနှင့်အိမ်ပြန်ရောက်နေပြီဖြစ်သည့်သတင်းကို ကြားလိုက်ရသည်။

ပြန်ပေးသမားများ ကလေးတွေကို လွှတ်ပေးလိုက်ခြင်းမှာ အလွန်အကြင်နာတရားရှိနေ၍မဟုတ်ဘဲ အခုချိန်တွင်ပြဿနာကြီးကြီးမားမားမပြုလုပ်သင့်သေးတာကြောင့်သာဖြစ်သည်။

…….

ယနေ့သည် Fမြို့ရှိ Kameiအလှပြင်ဆိုင်၏ ဆိုင်ပြန်ဖွင့်သည့်နေလဲဖြစ်သည်။

အစပိုင်းတွင်တော့ ဖောက်သည်အများစုက အသားအရေထိန်းအလှကုန်အသစ်ပြောင်းလဲခြင်းကို လက်မခံလိုကြပေ။ အထူးသဖြင့် ဤကဲ့သို့ နာမည်မရှိသေးသည့် အမှတ်တံဆိပ်အသစ်လေးကိုပေါ့။

သို့ပေမည့် လူများတစ်ယောက်ပြီးတစ်ယောက် စမ်းသုံးကြည့်ပြီးနောက်တွင်တော့ အလွန်သဘောကျသွားကြကာ ကုန်ပစ္စည်းအသစ်ကလဲ ကျော်ကြားလာတော့သည်။ အချို့တွန့်ဆုတ်နေသေးသည့် ဖောက်သည်များကတော့ တခြားလူများ ထိုပစ္စည်းအသစ်ကို သုံးကြည့်ပြီး ဘေးကင်းနေသေးသည်ကို စောင့်ကြည့်ပြီးကာမှ သုံးရန်ဆုံးဖြတ်ထားသည်။

………..

ယမန်နေ့က ခိုကျီဆိုင်တွင်ဖြစ်ခဲ့သည့် အဖြစ်အပျက်အတိုင်းပင် ယနေ့တော့ JadeBeautyလက်ဝတ်ရတနာဆိုင်တွင် ဖြစ်လာပေပြီ။ လူတစ်ယောက်က အရည်အသွေးနိမ့်သည့် ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို JadeBeautyသို့ယူလာကာ JadeBeautyက သုံးစွဲသူများကို လိမ်ညာနေသည်ဟု စွပ်စွဲခဲ့သည်။

ထိုလက်ကောက်မှာ အမှန်တကယ်ကိုပဲ အစစ်နှင့်ထပ်တူညီလှပေသည်။

ဆိုင်ထဲမှ ဖောက်သည်များမှာ မယုံကြည်ကြသော်လည်း ထိုလူက ကျောက်စိမ်းဝယ်သည့်လက်ခံစာရွက်ကိုပါ ထုတ်ပြလာတာကြောင့် JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက သုံးစွဲသူများကို အမှန်ပဲ ကျောက်စိမ်းအတုရောင်းချသလားဆိုသည်ပြီး ဒွိဟဖြစ်ကုန်ကြသည်။

ယနေ့တွင် ကုနင်းလဲ ဆိုင်မှာရှိနေတာကြောင့် ဤအဖြစ်အပျက်နှင့်ကြုံရ၍ စိတ်တိုလာတော့သည်။

“ဒီလက်ကောက်က ကျွန်မတို့ဆိုင်ကဝယ်သွားတာပါလို့ ပြောတယ်နော်?” ကုနင်း ဒေါသထွက်နေပေမည့် အမူအရာကတော့ မပေါ်လွင်ပဲ အေးဆေးတည်ငြိမ်နေစဲဖြစ်သည်။

ထိုလူတွင် လက်ခံစာရွက်ပါရှိနေတာကြောင့် လက်ကောက်ကို ဤဆိုင်ကဝယ်သွားကြောင်း သက်သေပြနေပေမည့် အစစ်နေရာတွင် အတုကိုအစားထိုးထားခြင်းသာဖြစ်ပေမည်။

“ဟုတ်တယ်လေ၊ ငါဒီကပဲ ဝယ်သွားတာ။ သေချာပေါက် အဆင့်မြင့်ကျောက်စိမ်းလက်ကောက်လို့ ထင်ပြီးဝယ်လိုက်ကာမှ အတုဖြစ်နေတယ်လေ!” သက်လတ်ပိုင်းအရွယ်လူကြီးက ပြန်ပြောလိုက်သည်။

ကုနင်းကဆက်ပြီး၊ “ကောင်းပြီလေ၊ ဒီလက်ကောက်ကို ဒီဆိုင်က ဝယ်သွားတာဆိုမှတော့ ဘယ်အရောင်းဝန်ထမ်းကများ ဝန်ဆောင်မှုပေးလိုက်တာလဲဆိုတာကို ပြောပြပါလား?”

“သူပဲ။” ထိုလူက အရောင်းဝန်ထမ်းအမျိုးသမီးတစ်ဦးကို ညွှန်ပြုလိုက်သည်။ အရောင်းဝန်ထမ်းအမျိုးသမီးမှာတော့ နေရကျပ်နေပုံပင်။ သူမ ထိုလူကိုရောင်းပေးခဲ့တာ အမှန်ပင်ဖြစ်သည်။

ထိုလူ လက်ကောက်ကို ဆိုင်ကပဲဝယ်သွားတာဖြစ်ကြောင်း ကုနင်းနားလည်၍ အရောင်းဝန်ထမ်းကို အပြစ်မတင်ဘဲ၊ “သူရောင်းပေးလိုက်တာ ဆိုမှတော့ ဒီလက်ကောင်ပေါ်မှာ သူ့လက်ဗွေရာရှိနေမှာပေါ့။ ရှင်ပြောတာ အမှန်လားဆိုတာ သိရအောင် လက်ဗွေရာစစ်ဆေးမှုပြုလုပ်ကြရအောင်။”

ထိုစကားကြောင့် လူလတ်ပိုင်းကြီး အနည်းငယ်ထိတ်လန့်သွားပေမည့် ချက်ချင်းပင် စိတ်ကို ထိန်းချုပ်ကာ၊ “ဒီလက်ကောက်ကို လူအများကြီးထိထားတာလေ။ သူ့လက်ဗွေ ဒီမှာရှိနေပါဦးမယ်လို့ ဘယ်သူပြောနိုင်လို့လဲ!”

“လက်ဗွေရာစစ်ဆေးမှုလုပ်လိုက်ရင် သိလာရမှာပါ။” ကုနင်းပြန်ပြောလိုက်သည်။ “ဒါနဲ့၊ ဒီလက်ကောက်ကို လူအများကြီးထိထားတယ်ဆိုမှတော့ ဒီလက်ကောက်က ရှင်ဒီဆိုင်က ဝယ်သွားတဲ့ လက်ကောက်ပါပဲလို့ ဘယ်လိုများသေချာနိုင်သေးတာလဲ?”

“ဒါ….” ထိုလူ ဆွံ့အသွားတော့သည်။ ဒီမိန်းကလေး ဉာဏ်ကောင်းမယ်လို့ သူမထင်ထားခဲ့ပေ။

ဆိုင်ထဲရှိ အခြားသူများသည်လဲ တုံးအနေသူများမဟုတ်တာကြောင့် ထိုလူဖြစ်သွားသည့် အမူအရာအရ သူ၏ရည်ရွယ်ချက်အစစ်အမှန်ကို ရိပ်စားမိကုန်ကြသည်။

“ဟုတ်သားပဲ၊ လက်ဗွေစစ်မှာကို ဘာလို့ တွန့်ဆုတ်နေတာလဲ?”

“စစ်လိုက်ရင် ရှင်ပြောတာ အမှန်လားဆိုတာ သိလာမှာပဲကို။”

“မိန်းကလေးကုမှန်တယ်လို့ ငါတော့ထင်တယ်။ ဒီလက်ကောက်က ဒီကဝယ်သွားတဲ့တစ်ခုမဟုတ်လောက်ဘူး။”

“မနေ့က ခိုကျီဆိုင်မှာလဲ ဒီလိုမျိုးတစ်ပုံစံတည်းဖြစ်သွားသေးတယ်လို့ ငါ့သူငယ်ချင်းဆီက ကြားထားတယ်။ အဲ့အမျိုးသမီးကလဲ ခိုကျီ၏အသားအရေထိန်းမျက်နှာဖုံးကိုသုံးပြီးမှ သူ့မျက်နှာပျက်စီးသွားတယ်ဆိုပြီး စွပ်စွဲတာ၊ ဒါပေမယ့် သူပြောတာ အမှန်ပါဆိုပြီး တကယ်လဲ မျက်နှာဖုံးအသစ်တစ်ခုသုံးကြည့်ခိုင်းရော မလုပ်ရဲတော့ဘူး။ ခိုကျီရော JadeBeutyရောရဲ့ အောင်မြင်မှုကို မနာလိုလို့လုပ်ကြတာပဲဖြစ်ရမယ်။”

ထိုသတင်းကို သိသူရှိနေသည့်သူ ရှိခြင်းအပေါ် ကုနင်းမအံ့ဩမိပေ။

***

အခန်း ၇၂၉ ကုန်ပစ္စည်း ကြော်ငြာခြင်း

“JadeBeautyလက်ဝတ်ရတနာလုပ်ငန်းကို မနာလိုတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဘက်က ပို့လိုက်တာများလား?”

“အဲ့လိုဖြစ်နိုင်တယ်။”

“အကျင့်ယုတ်လိုက်တာ။”

“JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ ပိုင်ရှင်မှာ အင်အားကောင်းတဲ့အဆက်အသွယ်တွေရှိတယ်ဆိုတာ သူတို့မသိကြဘူးလားပဲ?”

……..

လူအများ၏ဆွေးနွေးစကားများကြောင့် ထိုလူကြောက်လန့်လာတော့သည်။

“JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက ဘယ်တော့မှ သုံးဆွဲသူတွေကို မလှည့်စားပါဘူး။ တကယ်လို့များ ကျွန်မတို့ပစ္စည်းရဲ့ အရည်အသွေးမှာ လွဲမှားမှုတစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင်လဲ သေချာပေါက် တာဝန်ယူဖြေရှင်းပေးမှာပါ။ ဒါပေမယ့်လို့ တစ်ယောက်ယောက်ကသာ တမင်တကာ ပြဿနာလာရှာတာဆိုရင်တော့ အဲ့လူရဲ့လုပ်ရပ်အတွက် သေချာပေါက် ပြန်ပေးဆပ်စေရပါမယ်။” ကုနင်း၏ အသံမှ ရေခဲတုံးတမျှအေးစက်လှကာ ခြိမ်းခြောက်နိုင်စွမ်းများအပြည့်ပင်။

တကယ်တော့ ကုနင်းတစ်ဦးတည်းဆိုလျှင်ပင် အလွန်အင်အားကြီးနေပြီးသားဖြစ်ပေသည်။

ထိုအခိုက်အတန့်တွင်ပဲ လူလိမ်မှာ ကုနင်းသူ့ကို ဖမ်းဆီးကာ အပြစ်ပေးမည်စိုးတာကြောင့် ဆိုင်ပြင်သို့ထွက်ပြေးသွားတော့သည်။

သို့ပေမည့် ကုနင်းကတော့ အလုပ်ရှုပ်ခံကာ လိုက်ဖမ်းဖို့အစီစဉ်မရှိခဲ့ပေ။

ထိုလူ၏အပြုအမူကပဲ အားလုံးကို သက်သေပြသွားသလိုဖြစ်ကာ ဆိုင်ထဲမှ ကျန်သူများလဲ သူတို့ဘာသာ ဆက်လက်ဝယ်ယူနေကြတော့သည်။

“အားလုံးပဲ၊ အောင်ပွဲခံတဲ့အနေနဲ့ ဒီနေ့အတွက် ဝယ်ယူတဲ့လူတိုင်းကို ၂၀ရာခိုင်နှုန်းစီလျှော့ပေးပါမယ်။ ဝယ်ယူတဲ့ပမာဏက ယွမ်၁သန်းနဲ့အထက်ဖြစ်သွားရင်တော့ ကျွန်မတို့ဘက်က ယွမ်၁သိန်းဝန်းကျင် လက်ဝတ်ရတနာတစ်မျိုးကို လက်ဆောင်ထည့်ပေးပါဦးမယ်။” ကုနင်း အလွန်ရက်ရောလှသည့် သူဌေးမတစ်ဦးပမာပြောလိုက်သည်။

ဗီအိုင်ပီအဖွဲ့ဝင်များပင်လျှင် ၅ရာခိုင်နှုန်းလျှော့ဈေးသာရပေမည့် ယနေ့တော့ လူတိုင်း၂၀ရာခိုင်နှုန်းရနိုင်ပေသည်။ ဒါက လက်ဝတ်ရတနာရောင်းဝယ်ရေးလောကတွင် အလွန်များပြားလှသည့် လျှော့ဈေးပင်ဖြစ်သည်။ ဆိုင်ထဲမှ လူတိုင်းလဲ ဤစိတ်လှုပ်ရှားစရာ သတင်းကြောင့် ဝမ်းသာသွားကြတော့သည်။

“မိန်းကလေးကု၊ နောင်လဲ ဒီလိုမျိုးများများ အောင်ပွဲခံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်၊ ဒါမှ ကျွန်မတို့ လျှော့ဈေးများများရမှာ။” အမျိုးသမီးတစ်ဦးက စနောက်လိုက်သည်။

“ဟ-ဟ၊ မှန်တယ်ဟေ့!” အခြားလူများကလဲ ဝိုင်းထောက်ခံကြသည်။

၂၀ရာခိုင်နှုန်းလျှော့ဈေးဆိုသည်မှာ သူတို့အတွက် ယွမ်၁သိန်းကျော်လောက်အထိကို ဈေးသက်သာသွားစေပေသည်။

“ဖြစ်လာမှာပါ။” ဖောက်သည်များ စိတ်လှုပ်ရှားနေသည်ကို မြင်ရတော့ ကုနင်းလဲ ပျော်ရွှင်လာခဲ့သည်။

ကုနင်းပျော်ရွှင်နေသည်ကိုမြင်ရသည်နှင့် လင်ရှောင်းထင်သည်လဲ အလိုလိုပျော်ရွှင်လာခဲ့သည်။

ထို့နောက် ကုနင်း သူမကိုစနောက်လိုက်သည့် အမျိုးသမီးနှင့် စကားပြောလိုက်သည်။ “မဒမ်၊ ရှင့်ရဲ့မျက်နှာမှာ ဝက်ခြံတွေရှိနေတာ ကျွန်မသတိထားမိလိုက်တယ်။ ဘာလို့များ ခိုကျီအသားအရေထိန်း မျက်နှာဖုံးကို မသုံးကြည့်ရတာလဲ? အဲ့ဒါက အရမ်းထိရောက်မှုရှိပြီး ဘေးလဲကင်းတယ်။”

ကုနင်း အခွင့်အရေးကို အမိအရယူကာ သူမ၏အသားအရေထိန်းထုတ်ကုများအကြောင်း ကြော်ငြာဝင်တော့သည်။

“တကယ်လား? ကျွန်မစမ်းသုံးကြည့်လို့ရမလား။” ထိုအမျိုးသမီး ချက်ချင်းဆိုသလိုပင် စိတ်ဝင်စားသွားတော့သည်။

အမျိုးသမီးတိုင်းသည် သူမတို့၏အသားအရေကို ထိန်းသိမ်းဂရုစိုက်တတ်ကြတာကြောင့် ဆိုင်ထဲရှိ အခြားသောအမျိုးသမီးဝယ်သူများ၏အာရုံကလဲ ကုနင်းဆီသို့ရောက်ရှိလာကြသည်။

“မိန်းကလေးကု၊ တကယ်ပြောနေတာလား?”

“မိန်းကလေးကု၊ ကျွန်မကောစမ်းကြည့်လို့ရမလား?”

“တကယ်ပဲ ထိရောက်ပြီး ဘေးကင်းတဲ့ပစ္စည်းဆိုရင် ကျွန်မဝယ်ချင်တယ်။”

…….

တစ်ယောက်ပြီးတစ်ယောက်ပြောလာကြကာ ပစ္စည်း၏အကျိုးသက်ရောက်မှုကို ချက်ချင်းမြင်တွေ့ချင်လာကြတော့သည်။

ဒါကလဲ ကုနင်းလိုချင်သည့် ရလဒ်မျိုးပင်ဖြစ်သည်။ “မဒမ်၊ အသားအရေထိန်းမျက်နှာဖုံးစမ်းသုံးကြည့်ဖို့အတွက် ရှင့်ရဲ့မိတ်ကပ်ကို ဖျက်ပေးလို့ရမလား?”

“ရတာပေါ့။”

ထို့နောက် ကုနင်း ထိုအမျိုးသမီးကို သန့်စင်ခန်းစီသို့လမ်းညွှန်ပေးလိုက်ကာ သူမကတော့ အခြားသောအမျိုးသမီးများနှင့်အတူ နားနေခန်းတွင် သွားစောင့်နေလိုက်သည်။

သို့ပေမည့် လင်ရှောင်းထင်သည်တော့ ကုနင်းနှင့်အတူ လိုက်သွားလျှင် နားနေခန်းထဲမှ အမျိုးသမီးများ၏ စိုက်ကြည့်ခြင်းကို ခံရနိုင်ပြီး မသက်မသာခံစားနေရမှာကြောင့် ရုံးခန်းထဲသို့သာ သွားစောင့်နေတော့သည်။

အမျိုးသမီး၏အသားအရေမှာ မိတ်ကပ်ဖျက်လိုက်ချိန်တွင် ဝါညစ်ညစ်ပါဖြစ်နေသည်။ သူမနေ့စဉ်ဆက်တိုက် သူမအသားအရေကို အသေအချာထိန်းသိမ်းပေမည့် အသုံးမဝင်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူမသည်လဲ အသက်အရွယ်ရသည့် အမျိုးသမီးတစ်ဦးဖြစ်နေပြီ ဖြစ်တာကြောင့် သာမာန် အသားအရေထိန်းအလှကုန်များက လူငယ်များ၏အသားအရေတွင်ကဲ့သို့ အကျိုးသက်ရောက်မှုမရှိနိုင်တော့ပေ။ ထို့အပြင် သူမသည် ပုံမှန်ဆိုလျှင် သူမအသားအရေနှင့်လိုက်ဖက်ညီသည့် အလှကုန်ပစ္စည်းကိုလဲ ရွေးချယ်အသုံးမပြုခဲ့ပေ။ နိုင်ငံတကာအဆင့်မှီ ကျော်ကြားသည့်အမှတ်တံဆိပ်များပင်လျှင် လူတိုင်း၏အသားအရေနှင့် တည့်တာမှမဟုတ်ဘဲ။

သို့ပေမည့် ခိုကျီအမှတ်တံဆိပ် အလှကုန်များသည်တော့ ကုနင်း၏မှော်စွမ်းအင်သလင်းကျောက်လိုမျိုး အထူးပါဝင်ပစ္စည်းတစ်မျိုးပါရှိထားသည်။

မိတ်ကပ်ဖျက်ပြီးသည်နောက် ထိုအမျိုးသမီး နားနေခန်းထဲသို့ဝင်လာခဲ့သည်။ သူမ၏အသားအရေအခြေအနေကတော့ သိပ်ကြည်လင်ခြင်းမရှိပေ။

ထို့နောက် ကုနင်း လူတိုင်း၏ရှေ့မှောက်တွင်ပဲ သူမလွယ်အိတ်ထဲမှ အသားအရေထိန်းမျက်နှာဖုံး တစ်ဗူးကို ထုတ်ယူလိုက်သည်။ ဗူးကိုဖောက်ပြီးနောက် အမျိုးသမီးကို မျက်နှာဖုံးတစ်ခု ကပ်ပေးလိုက်သည်။

“ဒီခိုကျီဆိုတာ အသားအရေထိန်းအလှကုန် တံဆိပ်အသစ်လား?”

“ကျွန်မတော့ တစ်ခါမှမကြားဖူးသေးဘူး။”

“ဟုတ်တယ်၊ အသစ်ပါ၊ ကျွန်မတည်ထောင်ထားတာလေ။” ကုနင်းပြောလိုက်သည်။ သူမ၏လက်ရှိ အောင်မြင်မှုနှင့် ဂုဏ်သတင်းများကြောင့် လူအများကလဲ သူမစကားကို ယုံကြည်ကြသည်။

“ဘာ? ဒါကို မင်းတည်ထောင်ထားတာပေါ့?” ထိုစကားကြောင့် လူတိုင်း အံ့အားသင့်သွားတော့သည်။ သူမက JadeBeautyနှင့်Charmတင်မကသေး ခိုကျီကိုတောင် တည်ထောင်ထားသေးတယ်တဲ့လား!

“ဟုတ်ပါတယ်၊ အခုလဲ ကျွန်မကိုယ်တိုင် ဒီတံဆိပ်ကိုသုံးနေတာလေ။ ကျွန်မအသားအရေကိုကြည့်လိုက်ပါလား။ အခု ဘာမိတ်ကပ်မှတောင် မလိမ်းထားဘူး။” ကုနင်း သက်သေပြလိုက်သည်။

“တကယ်လား?”

ထိုစကားက သူတို့ကိုပိုလို့ပင် အံ့ဩသွားစေသည်။ ကုနင်း၏အသားအရေသည် နူးညံ့ကာ တောက်ပနေသည်ကို အစကတည်းက သူမတို့သတိထားမိခဲ့ကြပေမည့် ကုနင်း မိတ်ကပ်လိမ်းတာတောင်ခြင်းကြောင့်သာ ဖြစ်မည်ဟု တွေးထားခဲ့ကြသည်။ အခုတော့ဖြင့် ကုနင်းက ဘာမိတ်ကပ်မှတောင် မလိမ်းထားဘူးတဲ့လား! ဒါကြောင့်ပဲ အသားအရေထိန်းမျက်နှာဖုံး၏ လက်တွေ့ထိရောက်မှုကို သူတို့ပိုလို့ပင် မြင်တွေ့ချင်လာကြတော့သည်။

၁၀မိနစ်ကြာပြီးနောက်တွင်တော့ အမျိုးသမီး၏မျက်နှာပေါ်မှ မျက်နှာဖုံးကို ပြန်ခွာလိုက်သည်။ မျက်နှာဖုံးကို ပြန်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် သူမမျက်နှာပေါ်မှ ဝက်ခြံတစ်ဝက်လောက် ပျောက်ကွယ်သွားသည်ကို သိသိသာသာမြင်လိုက်ရသည့်အပြင် အသားအရေကလဲ ပိုမိုတောက်ပလို့လာသည်။

“ဘုရားရေ၊ ဝက်ခြံတစ်ဝက်လောက်ကို ပျောက်သွားတာပဲ။”

“အံ့ဩစရာကောင်းလိုက်တာ!”

“သူ့အသားအရေက ပိုတောင်တောက်ပလာသလိုပဲ။”

“ရေဓါတ်လဲ ပိုပြည့်လာတယ်။”

……….

ထိုအမျိုးသမီးသည်လဲ အလွန်စိတ်လှုပ်ရှားနေကာ မှန်နှင့်ကိုယ်တိုင် စစ်ဆေးအတည်ပြုတော့သည်။

“မိန်းကလေးကု၊ ကျွန်မဒီမျက်နှာဖုံးကို ဘယ်ကဝယ်လို့ရမလဲ?” သူမမေးလိုက်သည်။

“ကျွန်မလဲ ဝယ်ချင်တယ်!” အခြားအမျိုးသမီးများကလဲ ပြောလာသည်။

ထိုအခါ ကုနင်းက “ပထမဆုံး ကုမ္ပဏီတိုက်ရိုက်အရောင်းဆိုင်ကတော့ မြို့တော်မှာ၊ နောက်ရက်ပိုင်းအတွင်းမှာပဲ Bမြို့မှာလဲ ကျွန်မတို့ ဆိုင်ခွဲဖွင့်တော့မှာပါ။ ရှင်တို့ အခုချက်ချင်းပဲ နည်းနည်းလောက်ဝယ်ထားချင်တယ်ဆိုရင်တော့ ရှင်တို့ရဲ့နာမည်နဲ့ဖုန်းနံပါတ်ကို ရေးပေးသွားလေ။ ကျွန်မသူတို့ကို မြန်မြန်လေးပစ္စည်းပို့ခိုင်းထားလိုက်မယ်။ ပစ္စည်းရောက်တာနဲ့ ရှင်တို့ ဒီမှာပဲ လာယူလိုက်ကြပေါ့၊ ဘယ်လိုလဲ?”

***

အခန်း ၇၃၀ ထန်ကျားယန်နှင့် ကုနင်းတွေ့ဆုံပြီ

“ကောင်းတာပေါ့!” အမျိုးသမီးများအားလုံး စိတ်လှုပ်တရှားဖြင့် သဘောတူလိုက်ကြသည်။

“မျက်နှာဖုံးကလွဲပြီး တခြားအသားအရေထိန်းပစ္စည်းတွေရော ရှိသေးလား?” နောက်ထပ်အမျိုးသမီးတစ်ဦးက မေးလာသည်။

“ခိုကျီက အသားအရေထိန်းအလှကုန်တိုင်းကို ထုတ်လုပ်ပါတယ်။ ပြီးတော့ ပစ္စည်းတိုင်းကလဲ တခြားဈေးကွက်မှာရှိနေတဲ့ ပစ္စည်းတူတွေထက် ပိုပြီးထိရောက်မှုရှိတယ်လို့ ယုံကြည်မှုအပြည့်ရှိတယ်။” ကုနင်းကပဲ ဆက်ပြီး၊ “အရင်ဆုံးဝယ်မသုံးခင် အစမ်းသုံးကြည့်ကြဖို့ ထောက်ခံပါတယ်။”

“ပစ္စည်းတိုင်းကို မသုံးကြည့်ရသေးဘူးဆိုပေမယ့် မျက်နှာဖုံးက ထိရောက်မှုကို ကြည့်ပြီး တခြားပစ္စည်းတွေလဲ မဆိုးနိုင်လောက်ဘူးလို့ ထင်တယ်။”

“ဟုတ်တယ်၊ ကျွန်မ မိန်းကလေးကုကို ယုံတယ်။”

“အမ်၊ တခြားဘေးထွက်ဆိုးကျိုးတွေများရှိလား?” အမျိုးသမီးတစ်ဦးက စိုးရိမ်စွာဖြင့် မေးလာသည်။

ကုနင်းပြုံးလိုက်ကာ၊ “ရှင် မဝယ်ခင် အရင်ဆုံးစမ်းသုံးကြည့်တာ ပိုကောင်းမယ်။ ကျွန်မမှာ အစမ်းသုံးလို့ရတဲ့ အထုတ်တွေအများကြီးပါလာတယ်၊ ရှင်တို့မျှယူလိုက်ပေါ့။ မှာထားတဲ့ပစ္စည်းတွေ ရောက်ရင်လဲ ရှင်တို့ ကြည့်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ကျွန်မတို့ရဲ့ပစ္စည်းတွေကို နိုင်ငံတကာမှာကျော်ကြားနေတဲ့ အမှတ်တံဆိပ်တွေလိုမျိုးပဲ ဈေးမြှင့်ထားပါတယ်။ ဒါကြောင့် ရှင်တို့အနေနဲ့ ပစ္စည်းက ဈေးနဲ့တန်တယ်လို့ တွေးမိမှ ဝယ်ကြပါ။ မဟုတ်ရင်တော့ မဝယ်လဲရပါတယ်။ ရှင်တို့ဆုံးဖြတ်ချက်အတိုင်းပါပဲ။”

တကယ်တော့ ဤဆိုင်မှဝယ်သူများအားလုံးသည် လူချမ်းသာများသာဖြစ်သည်။ ဒီလောက် အဆမတန်ဈေးကြီးလွန်းလှသည့် ကျောက်စိမ်းလက်ဝတ်ရတနာများကိုပင် ဝယ်နိုင်သူများဖြစ်တာကြောင့် အဆင့်မြင့်အသားအရေထိန်းအလှကုန်တစ်ဆက်လောက်ဝယ်ဖို့က ဘာမှမပြောပလောက်ပေ။

ကုနင်းက သူတို့ကို အတင်းဝယ်ဖို့ ဖိအားမပေးလို၍သာ ပြောလိုခြင်းဖြစ်ပေသည်။

“တကယ်ပဲ ထိရောက်ပြီးဘေးကင်းမယ်ဆိုရင် ဘယ်လောက်ကျကျ တန်ပါတယ်။”

“ဟုတ်တယ်!”

“အမှန်ပဲ!”

သူတို့အားလုံးသည် ပုံမှန်လဲ နိုင်ငံတကာအမှတ်တံဆိပ်အလှကုန်များကို သုံးနေခြင်းဖြစ်တာကြောင့် ဈေးနှုန်းကို ဂရုမစိုက်ကြပေ။

အစမ်းသုံးလို့ရမည့်အထုပ်များပေးပြီးနောက် ကုနင်းနှင့်လင်ရှောင်းထင်တို့ ဆိုင်မှပြန်ထွက်လာသည်။

သို့ပေမည့် အမျိုးသမီးများကတော့ လက်ဝတ်ရတနာများ ဆက်လက်ဝယ်ယူနေကြသည်။ ဒီနေ့ဝယ်လျှင် ၂၀ရာခိုင်နှုန်းတောင်မှ လျှော့ဈေးရမည်မဟုတ်လား!

သူတို့ဒီဆိုင်မှာ လက်ဝတ်ရတနာဝယ်ဖို့လာခဲ့ကြခြင်းဖြစ်သည်။ ယနေ့တွင် လျှော့ဈေးများများလဲ ရနိုင်တာကြောင့် ပိုလို့ပင် ခပ်များများဝယ်ထားရပေမည်။ ထို့အပြင် အချို့သော ပုံမှန်ဝယ်ယူနေကျ ဖောက်သည်များသည်လဲ ဤမျှကောင်းသည့်လျှော့ဈေးအချိန်အတွက် လက်ဝတ်ရတနာများကို ပိုဝယ်ဖို့ မတုန့်ဆိုင်းနေကြပေ။

သူမတို့ လက်ဝတ်ရတနာဆိုင်မှ ထွက်လာချိန်တွင်တော့ လင်ရှောင်းထင်တစ်ယောက် ကုနင်းကို အချစ်များပြည့်လျှံကျနေသည့် အကြည့်များဖြင့် ကြည့်ကာ၊ “မင်းက စီးပွားရေးလုပ်တာ တကယ်တော်တာပဲ။”

“ဟ-ဟ၊ ဟုတ်တာပေါ့။”

ကုနင်းလဲ ယနေ့အတော်ပျော်နေကာ သူမကိုယ်သူမဂုဏ်ယူနေမှုကို ကွယ်ဝှက်မထားပေ။

ကုနင်း စိတ်လှုပ်ရှားနေသည်ကို မြင်ရတာကြောင့် လင်ရှောင်းထင်လဲ ပျော်ရွှင်ကာ အပြုံးတစ်ပွင့်ဖြစ်ပေါ်လာသည်။

ထိုအချိန်တွင်ပဲ သူမတို့ဘေးမှဖြတ်သွားသည့် မိန်းကလေးနှစ်ဦးမှာ လင်ရှောင်းထင်၏စွဲဆောင်မှုရှိလှသည့် အပြုံးကြောင့် မှင်သက်သွားကြတော့သည်။

“ဝါး၊ သူအရမ်းချောတာပဲ!”

“ငါတော့ ချစ်မိသွားပြီထင်တယ်။”

ကုနင်း လင်ရှောင်းထင်ကို ချက်ချင်းလှည့်ကြည့်လိုက်ကာ၊ “မပြုံးနဲ့တော့၊ မဟုတ်ရင် ရှင့်ကြောင့် ကောင်မလေးတွေ မခွာနိုင်ဖြစ်နေဦးမယ်!”

ကုနင်း၏အပြောကြောင့် လင်ရှောင်းထင်၏ အမူအရာကင်းမဲ့သည့် အသွင်အပြင်က ချက်ချင်းပင် ပြန်လည်နေရာဝင်ယူသွားတော့သည်။

“နောက်ဆို မင်းတစ်ယောက်တည်းရဲ့ရှေ့မှာပဲ ပြုံးပါမယ်လို့ ကတိပေးတယ်။”

“ကောင်းတာပေါ့!” ကုနင်းကျေနပ်သွားတော့သည်။

သူမတို့ကားထဲရောက်သည်နှင့် လင်ရှောင်းထင်မှ မေးလာခဲ့သည်။ “အခု ဘယ်ကိုဆက်သွားကြမလဲ?”

“ဆေးရုံသွားတာပေါ့။”

“ဟုတ်ပြီ၊” လင်ရှောင်းထင် ဆေးရုံသို့သွားရန် ကားကိုစတင်ဆက်နှိုးလိုက်သည်။

မကြာခင်တွင်ပဲ သူတို့နှစ်ဦးဆေးရုံသို့ရောက်ရှိလာခဲ့သည်။

လူနာဆောင်သို့သွားသည့်လမ်းတွင် သူမတို့နှင့်မျက်နှာချင်းဆိုင်မှ လျှောက်လာသည့် အမျိုးသမီးတစ်ဦးနှင့် ကုနင်းအကြည့်ချင်းဆုံသွားခဲ့သည်။ ထိုအမျိုးသမီးက ပထမတော့ အံ့အားသင့်သွားပုံရပြီး နောက်တွင်တော့ အလွန်မုန်းတီးနေပုံဖြင့် ဒေါသတကြီးကြည့်လာတော့သည်။

ထိုအမျိုးသမီးဘာကြောင့် သူမကို ထိုသို့အကြည့်မျိုးဖြင့် ကြည့်သည်ကို ကုနင်းနားမလည်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီအမျိုးသမီးနဲ့ သူမတစ်ကြိမ်မှလဲ မတွေ့ဖူးခဲ့ပေ။ လင်ရှောင်းထင် အလိုမကျဖြစ်သွားကာ ထိုအမျိုးသမီးကို အေးစက်စက်ပြန်ကြည့်လိုက်တာကြောင့် သူမချက်ချင်းအကြည့်လွှဲကာ ထွက်သွားတော့သည်။ လင်ရှောင်းထင်၏မျက်လုံးများနှင့်တော့ သူမရင်ဆိုင်မကြည့်ရဲပေ။

ကုနင်း သူမကိုလျစ်လျူရှုထားကာ လင်ရှောင်းထင်နှင့်အတူဆက်ထွက်လာခဲ့သည်။

ထိုအမျိုးသမီးမှာ လုချိုးထင်ဖြစ်ကာ ဖန်ရွှယ်ချင်ကြောင့် ကုနင်းကို မုန်းတီးစွာကြည့်နေခြင်းဖြစ်သည်။ လျိုရှင်းချီ၏စကားများနှင့် ဖန်ပင်းဟွေ့၏သတိပေးစကားကို ပြန်တွေးမိသွားတော့ ကုနင်းကို ရိုက်နှက်ဖို့ သတ္တိမရှိတော့ပေ။ တကယ်ဆို ကုနင်းကို ပြန်လက်စားချေလိုနေလျှင်တောင်မှ သူမသေချာပေါက်ကျရှုံးမည်ဖြစ်ကာ အကျိုးဆက်ကိုလဲ လက်ခံနိုင်မည်မဟုတ်ပေ။

ဖန်ရွှယ်ချင်အကြောင်း ပြောရလျှင်တော့ သူမ၏လက်ရှိအခြေအနေမှာ အလွန်ဆိုးရွားနေပေသည်။ ဆေးစွဲသည့်ဒဏ်ကို အလူးအလဲခံစားနေရတာကြောင့် သူမမျက်နှာမှ ဒဏ်ရာများကိုလဲ ကုတ်မိကာ သွေးအမြောက်အမြားထွက်စေခဲ့သည်။ ဖန်ရွှယ်ချင် ဤမျှတစ်ခါမှ အလူးအလဲ ဒုက္ခမရောက်ဖူးသဖြင့် သေသွားလောက်သည်ဟုတောင် ခံစားနေရသည်။

အဆုံးတွင်တော့ သူမစိတ်ထိန်းနိုင်စေရန်အတွက် ဖန်ပင်းဟွေ့က ကမ္ဘာမြေကလပ်မှနေပြီး မူးယစ်ဆေးအချို့ဝယ်ဖို့ရန် လူလွှတ်လိုက်ရတော့သည်။

………..

ထန်ကျားယန်ပြန်ရောက်သည့်သတင်းကို ကုနင်းကြားထားပြီးပြီဖြစ်သော်လည်း ညနေ၆နာရီတွင်မှ သူတို့ချင်းဆုံတွေ့ခွင့်ရပေသည်။

ထန်ကျားယန်သည်လဲ ကုနင်းအကြောင်းကြားဖူးကာ သူမဓါတ်ပုံကိုလဲ မြင်ထားပြီးဖြစ်သည်။ ကုနင်းကို သူအလွန်လေးစားမိကာ လူကိုယ်တိုင်တွေ့ချင်နေခဲ့သည်။ နောက်ဆုံးတော့ သူတို့ချင်းတွေ့ဆုံဖို့ အခွင့်အရေးရခဲ့ပေပြီ။

“ဟေ့၊ ကျားယန်၊ မတွေ့တာကြာပေါ့! နင့်ကြည့်ရတာ သန်မာလာသလိုပဲ။ တစ်ပွဲလောက်ပြိုင်ကြမလား?”

ချောင်ဝမ်ရှင်းသည် ထန်ကျားယန်ထက် အရင် ဆေးရုံသို့ရောက်နေခြင်းဖြစ်တာကြောင့် ထန်ကျားယန် အခန်းထဲသို့ဝင်လာသည်နှင့် တိုက်ခိုက်ဖို့ရန်ပြောလိုက်သည်။

ထန်ကျားယန် မျက်မှောင်ကြုတ်သွားကာ နောက်ပြန်ဆုတ်လိုက်မိပြီး၊ “မင်း ကျားခိုင်ကို အနိုင်မကျင့်တော့ဘူးလို့ ကြားထားပါတယ်၊ ဘာလဲ၊ အခုငါ့ကို ပြောင်းပြီး အနိုင်ကျင့်မလို့လား?”

ထိုစကားကြောင့် ထန်ကျားယန်လဲ ဘယ်လိုမှ ချောင်ဝမ်ရှင်းကို အနိုင်မတိုက်နိုင်ကြောင်း သိသာလှပေသည်။

“ဒါကတော့ ငါ့မှာ သူ့ကို အနိုင်တိုက်နိုင်တဲ့ ကူညီမဲ့သူရှိလို့လေ!” ထန်ကျားခိုင် ဂုဏ်ယူနေဟန်ဖြင့်ပြောလိုက်သည်။ သူကတော့ ထန်ကျားယန်နှင့်အတူရောက်ရှိလာခြင်းဖြစ်သည်။

“သတ္တိမရှိလိုက်တဲ့ကောင်၊ မိန်းကလေးတစ်ယောက်ကိုတောင် အကူအညီတောင်းတယ်!” ချောင်ဝမ်ရှင်း လှောင်ပြောလိုက်သည်။

“မင်း…” ထန်ကျားခိုင် စိတ်ဆိုးသွားပေမည့် ဘာမှပြန်မပြောနိုင်ခဲ့ပေ။

“လာစမ်းပါ၊ နင်စိတ်တိုရင် ငါနဲ့လာတိုက်လေ။” ထန်ကျားခိုင်စိတ်တိုသွားပေမည့် သူမကိုတော့ လာမတိုက်ရဲသည်ကို မြင်ရတော့ ချောင်ဝမ်ရှင်း ပျော်ရွှင်လာတော့သည်။

“တော်ပြီ၊ စကားမများကြနဲ့တော့။ မင်းတို့က ကလေးတွေလား။” ချောင်ယွေ့ဟွာ ပြောရင်း ချောင်ဝမ်ရှင်းကို အပြစ်တင်လိုက်သည်။

ချောင်ဝမ်ရှင်းလဲ နှုတ်ခမ်းဆူကာ နှုတ်ဆိတ်သွားတော့သည်။

ထို့နောက်တွင်တော့ ထန်ကျားယန် အရင်ဆုံးလူကြီးများကို နှုတ်ဆက်လိုက်သည်။ ပြီးကာမှ ကုနင်းထံသို့အကြည့်ရောက်လာကာ၊ “ဟိုင်း၊ တွေ့ရတာဝမ်းသာပါတယ်။ ငါက ထန်ကျားယန်။” ထန်ကျားယန်သည် တည်ငြိမ်ရင့်ကျက်သည့်လူငယ်တစ်ယောက်ဖြစ်တာကြောင့် အလွန်စိတ်လှုပ်ရှားနေသည့်အမူအရာကို မဖော်ပြပေ။

“တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မကုနင်းပါ။” ကုနင်းပြုံးကာ ထန်ကျားယန်နှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။

နှစ်ဦးသား တစ်ယောက်အကြောင်းတစ်ယောက်ကြားဖူးထားပြီးဖြစ်တာကြောင့် အထူးတလည် မိတ်ဆက်ခြင်းမပြုကြတော့ပေ။

***

All Chapters