← Chapters

အခန်း (၇၃၁-၇၃၅)

Vol. 49 Ch. 731-735

အခန်း (၇၃၁-၇၃၅)

Vol. 49 Ch. 731-735

အခန်း ၇၃၁ ထန်ရှင်းယွဲ့အကြောင်းပေါ်ပြီ

“သူက?” ထန်ကျားယန် ကုနင်းနောက်တွင်ရပ်နေသည့် လင်ရှောင်းထင်ကိုကြည့်ကာ မေးလိုက်သည်။

“ဒါက ကျွန်မချစ်သူ၊ လင်ရှောင်းထင်။”

“တွေ့ရတာဝမ်းသာပါတယ်။ လူကြီးမင်းလင်။” ထန်ကျားယန်သည်တော့ ကုနင်းငယ်ငယ်ရွယ်ရွယ်နှင့် ချစ်သူရှိနေသည့်အပေါ် အံ့ဩခြင်းမပြပေ။

“တွေ့ရတာဝမ်းသာပါတယ်။” လင်ရှောင်းထင်လဲ ပြန်နှုတ်ဆက်လိုက်သည်။

ထို့နောက် စီးပွားရေးကိစ္စများ စတင်ပြောဆိုကြသည်။

ထန်ဟိုင်ဖုန်းမှ စပြီး“နောက်ကွယ်ကကြိုးကိုင်နေတဲ့လူတော့ ကျားယန်ပြန်ရောက်လာလို့ သေချာပေါက် လန့်သွားမှာပဲ၊ ဒါဆို လတ်တလော ကျားရန်အတွက် အရမ်းအန္တရာယ်များလာလိမ့်မယ်။ ယွင်ဟန်၊ ကျားယန်ကို ကာကွယ်ပေးဖို့ အတော်ဆုံးသက်တော်စောင့်နှစ်ယောက်လောက် ပို့ပေးထားလိုက်။”

“ဟုတ်ကဲ့ပါ။” ထန်ယွင်ဟန် ပြန်ဖြေလိုက်သည်။

တစ်ချိန်တည်းတွင်ပဲ ကုနင်းဘက်ကလဲ စွမ်းအင်သလင်းကျောက်ပါဝင်သည့် ဆေးတစ်ပုလင်းကို ထုတ်ယူကာ ထန်ကျားယန်ကို ပေးလိုက်ပြီး၊ “ဒီဆေးကို ဆောင်ထား။ ဒဏ်ရာရာတာနဲ့ ဆေးကိုချက်ချင်းသောက်လိုက်။”

“ကျေးဇူးပါ။” ကုနင်း၏မှော်ဆေးစွမ်းက သူ့အဖိုးကိုလဲ ကုသပေးခဲ့သည့် အကြောင်းများကို ထန်ကျားယန် ကြားထားပြီးဖြစ်တာကြောင့် တွန့်ဆုတ်ခြင်းမရှိ ချက်ချင်းလက်ခံယူထားသည်။

သူတို့အားလုံး လူနာခန်းထဲတွင် အချိန်အကြာကြီးဆက်မနေကြဘဲ မကြာခင်တွင်ပဲ ထန်အိမ်တော်သို့ပြန်ခဲ့ကြသည်။

………

Fမြို့တွင်တော့၊ လင်းလိကျွမ်းကို မတရားကြံခဲ့သည့်လူကို ရဲများ နှစ်ရက်တာ စစ်ဆေးရှာဖွေပြီးနောက် ဖမ်းဆီးမိသွားကာ တရားရုံးတင်လိုက်ပေပြီ။

မဒိမ်းသမားသည် ပုံမှန်ဆိုလျှင် ၃နှစ်မှ ၁၀နှစ်အထိ ထောင်ဒဏ်အပေးခံရနိုင်ပေမည့် လင်းလိကျွမ်းသည် ကုနင်း၏ဆွေမျိုးဖြစ်နေတာကြောင့် ဤလူမှာ သေချာပေါက် အကြီးလေးဆုံးသောထောင်ဒဏ်ကျပေလိမ့်မည်။

သို့ပေမည့် သေချာစုံစမ်းစစ်ဆေးပြီးနောက်တွင်တော့ ထိုလူသည် အလားတူပြစ်မှုမျိုးနှင့်ပင် ထောင်တစ်ကြိမ်ကျဖူးကာ ပြီးခဲ့သည့်နှစ်ကမှ ပြန်လွတ်လာခဲ့ခြင်းဖြစ်သည်။

ထိုလူ၏အရင်ပြစ်မှုကိုပါ သိလိုက်ရတော့ သေချာပေါက် နောက်ထပ် ပြစ်မှုများလဲ ရှိနိုင်သေးသည်ဟု ရဲများယုံကြည်ကာ ထပ်မံရှာဖွေခဲ့သည်။ အမှန်တကယ်ပဲ ဤနှစ်အတွင်း မဒိမ်းမှုနှစ်ကြိမ် ကျူးလွန်ခဲ့တာကြောင့် သူ့ကျန်သည့်ဘဝတစ်လျှောက်လုံး ထောင်ထဲတွင်ပဲ အရိုးဆွေးရပေတော့မည်။

ကုချင်းရှန်က လင်းလိကျွမ်းအကြောင်းကို ကုချင်းယွင်အား အကြောင်းကြားခဲ့ပေမည့် လင်းလိကျွမ်း မတော်မတရားပြုကျင့်ခံရသည့်အကြောင်းကိုတော့ ထည့်မပြောခဲ့ပေ။

လင်းလိကျွမ်းဖြစ်သည့် ကိစ္စမှာ လူသိပ်မသိလိုက်ကြဘဲ မိသားစုနှင့် ရဲဌာမှရဲများသာလျှင်သိကြသည်။

ကုချင်းယွင်လဲ လင်းလိကျွမ်းစိတ်ဖောက်သွားသည့် သတင်းဆိုးကိုကြားရသည်နှင့် ခွင့်တိုင်ကာ ချက်ချင်းအိမ်ကိုပြန်ပြေးလာတော့သည်။

………

ထန်အိမ်တော်တွင် အိမ်အကူများက ညစာအတွက် အားလုံးပြင်ဆင်ချက်ပြုတ်ပေးထားပြီးဖြစ်သည်။

လင်ရှောင်းထင်ကို ကုနင်း၏ချစ်သူအဖြစ် ထန်ယွင်ဖန်း လက်ခံပေးထားပြီးဖြစ်သော်လည်း ဘယ်လိုပြောဆိုဆက်ဆံသင့်သည်ကို အခုထိ မသိသေးပေ။ အထူးသဖြင့် ကုမန့်လဲ မရှိနေသလို သူကိုယ်တိုင်ကလဲ အခြားလူများနှင့်စကားသေချာမပြောနိုင်ခဲ့သူဆိုတော့ ပိုလို့ပင် နေရခက်လှသည်။

ပြီးခဲ့သည့်နှစ်များအတွင်းတွင်လဲ ထန်ယွင်ဖန်းသည် မိသားစုများနှင့်ပင် စကားပြောခဲကာ စကားစမြည်ပြောခြင်းမရှိသလောက်ပင်။

ညစာစားပြီးနောက် ထန်ယွင်ဖန်း နောက်ဆုံးမှာတော့ လင်ရှောင်းထင်ကို မေးလာသည်။ “မင်းရှန်းချီဘယ်လိုကစားရလဲသိလား?” {တရုတ်ချက်စ်ကစားနည်း}

“သိပါတယ်။”

“လာလေ၊ ငါနဲ့ကစားကြရအောင်။”

“ဟုတ်ကဲ့ပါ။” လင်ရှောင်းထင် ချက်ချင်းသဘောတူလိုက်သည်။ ထန်ယွင်ဖန်းမှာ သူ၏အနာဂါတ်ယောက္ခထီးလောင်းကြီးဖြစ်တာကြောင့် ဘယ်လိုလုပ်များ ငြင်းရဲမှာလဲ။

ကစားနေစဉ်အတွင်း ထန်ယွင်ဖန်းမှာ အာရုံမစိုက်နိုင်ဘဲ အမှားများစွာလုပ်နေမိပေမည့် လင်ရှောင်းထင်ကတော့ ထောက်ပြခြင်းမရှိသလို အပြစ်တင်ခြင်းမျိုးလဲမရှိပေ၊ ဒါကအပျော်ကစားရုံသက်သက်မဟုတ်ပါလား။

လင်ရှောင်းထင်၏ အမူအကျင့်ကောင်းက ထန်ယွင်ဖန်းကို ကျေနပ်သွားစေကာ နှစ်ပွဲလောက်ကစားပြီးသည်နှင့် ပြန်လွှတ်ပေးလိုက်တော့သည်။

သူတို့လဲ ကြာကြာဆက်မနေဘဲ ချောင်ဝမ်ရှင်းကိုခေါ်ကာ ဟွားဖုတောင်ကုန်းသို့ ပြန်လာခဲ့ကြသည်။

ထိုကြတွင်လဲ ကုနင်းနှင့်လင်ရှောင်းထင်တို့ မအိပ်ခင် ပုံမှန်အတိုင်း ‘လေ့ကျင့်ခန်း’ အချို့လုပ်ခဲ့ကြသေးသည်။

……….

ကုနင်းနှင့်ထန်ယွင်ဖန်းမှာ Bမြို့တွင်ပဲရှိနေတာကြောင့် ကုမန့် အလှပြင်ဆိုင်ဖွင့်ပွဲပြီးသည်နှင့် ချက်ချင်းပင် Bမြို့သို့ပြန်ပြေးလာတော့သည်။ အချိန်တိုလေးသာ ခွဲခွာလာခဲ့ခြင်းဖြစ်ပေမည့် သူမ ထိုနှစ်ဦးကို အရမ်းလွမ်းနေရပေပြီ။

တစ်ဖက်တွင်တော့ လင်ရှောင်းထင်မှာ ထိုနေ့မနက်တွင်ပဲ လုပ်စရာရှိတာကြောင့် ထွက်သွားတော့သည်။ ကုနင်းကို မချန်ထားခဲ့ချင်ပေမည့် မဖြစ်မနေလုပ်ရပေဦးမည်။

ဒါတင်မကသေး ကျုံးကျန်းဟွေ့သည်လဲ ထိုနေ့ခင်တွင်ပင် Bမြို့သို့ရောက်လာလိမ့်မည်။ ထို့ကြောင့် နေ့လည်ဘက်တွင် ချီထျန်းလင် ကုနင်းကို ဖုန်းဆက်ကာ ကမ္ဘာမြေကလပ်က အရင်အခန်းတွင်ပဲ ည၈နာရီလောက် သူ့ကိုလာတွေ့ရန်ပြောလိုက်သည်။

………

ကုမန့် Bမြို့လေဆိပ်သို့ နေ့လည်၁၂ခွဲလောက်တွင် ရောက်လာကာ ကုနင်းကိုယ်တိုင်သွားကြိုပေးသည်။ ထို့နောက် နေ့လည်စာအရင်ဝင်စားပြီးကာမှ ကုမန့်ကို ထန်အိမ်တော်သို့ လိုက်ပို့ပေးမည်ဖြစ်သည်။

ဤရက်များအတွင်း လင်းလိကျွမ်းဖြစ်သွားသည့် အကြောင်းအရာများကို ကုမန့် စားသောက်ရင်း ကုနင်းကို ပြောပြခဲ့သည်။ ကုနင်း သတင်းများကြားရသည့်အခါ အံ့ဩသွားပေမည့် သနားစိတ်တော့မဝင်မိပေ။ လင်းလိကျွမ်းသည် သူမဘဝထဲတွင် အရေးပါသည့် လူတစ်ဦးမဟုတ်ဘဲ ကုမန့် လုပ်ပေးခဲ့သည့် ကြင်နာမှုကပင် လုံလောက်သွားပေပြီ။ အကယ်၍များ ကုမန့်နေရာတွင် သူမသာ လင်းလိကျွမ်းကို တွေ့ခဲ့ခြင်းဖြစ်ပါက သေချာပေါက် လျစ်လျူရှုသွားပေမည်။

ကုမန့်သည်လဲ ကုနင်းကိုပါ လင်းလိကျွမ်းအတွက် သနားစိတ်မကောင်းဖြစ်စေလိုခြင်းမရှိဘဲ ဒီအတိုင်းဖြစ်သွားသည်ကိုသာ ပြန်ပြောပြခြင်းဖြစ်သည်။

နေ့လည်စာစားပြီးနောက် ကုနင်း ကုမန့်ကို ထန်အိမ်တော်သို့လိုက်ပို့ပေးခဲ့သည်။

ယနေ့မှာ ကုနင်းအတွက် တော်တော်လေးအလုပ်များလှသည့် တစ်နေ့တာပင်။ ထန်အိမ်တော်သို့ရောက်ပြီးမကြာခင်တွင်ပဲ သူမထံသို့ ကေဆက်သွယ်လာခဲ့သည်။

ကေက ထန်သဲ့မင်၏လျို့ဝှက်ချက်ကိုရှာတွေ့ပြီဖြစ်ကြောင်း ပြောလာခြင်းဖြစ်သည်။ လွန်ခဲ့သည့်ရက်များက ထန်သဲ့မင် အိမ်တစ်အိမ်သို့သွားခဲ့သည်။ ထိုအိမ်သည် ထန်ရှင်းယွဲ့ဟုခေါ်သည့် အမျိုးသမီးတစ်ဦး၏နာမည်ဖြင့်ဝယ်ထားခြင်းဖြစ်ကာ ထန်ရှင်းယွဲ့သည် JadeBeautyလက်ဝတ်ရတနာဆိုင်ဖွင့်ပွဲအခမ်းအနားတွင် ပေါ်လာခဲ့သူဖြစ်သည်။

ထို့နောက်တွင်တော့ ကေက မေးလ်ဖြင့် ကုနင်းကို အကြောင်းစုံထပ်ပို့ပေးသည်။

ကုနင်းလဲ ချက်ချင်းပင် ဖုန်းကိုဖွင့်ကာ မေးလ်ကိုစစ်လိုက်သည်။

ထန်ရှင်းယွဲ့သည် အသက်၂၄နှစ်ရှိပြီဖြစ်ကာ လွန်ခဲ့သည့်နှစ်ဝက်ကပဲ Yနိုင်ငံမှ စီးပွားစီမံအထူးပြုဖြင့် ဘွဲ့ရခဲ့သူဖြစ်သည်။ ဘွဲ့ရပြီးနောက် ထန်ရှင်းယွဲ့အိမ်ပြန်လာကာ ထန်ဟွမ်လုပ်ငန်းစု၏ ငွေစာရင်းဌာနတွင် အလုပ်ဝင်ခဲ့သည်။

အကြောင်းအရာများကို ဖတ်ပြီးနောက် ထန်ရှင်းယွဲ့ ထန်ဟွမ်လုပ်ငန်းစုသို့ အကြံအစည်ဖြင့် အလုပ်ဝင်ခဲ့ခြင်းဖြစ်ကြောင်း ကုနင်းသေချာသိလိုက်သည်။

ထန်သဲ့မင်နှင့် ထန်ရှင်းယွဲ့အဆက်အသွယ်ရှိနေတယ်ဆိုတော့ သူတို့က ဘယ်လိုများပတ်သတ်ကြတာလဲ?

စာရွက်စာတမ်းများထဲတွင်တော့ ထန်ရှင်းယွဲ့သည် မိဘမဲ့တစ်ဦးဖြစ်ကာ Yနိုင်ငံမှ အမျိုးသမီးတစ်ဦးက မွေးစားခဲ့သည်ဟု ဖော်ပြထားပေမည့် သူမနှင့်ထန်သဲ့မင်ကြား တစ်မျိုးမျိုးဆက်နွယ်မှုရှိနေတာကတော့ အသိသာပင်။

ထန်ရှင်းယွဲ့မှာ ထန်သဲ့မင်၏တရားမဝင်ကလေး ဒါမှမဟုတ် ဆွေမျိုးဖြစ်လောက်သည်ဟု ကုနင်းတွေးလိုက်သည်။ သူတို့နှစ်ဦးလုံး၏ရည်ရွယ်ချက်က တူနေတာကြောင့် ယခုလို အတူလက်တွဲလုပ်ဆောင်ခြင်းဖြစ်နိုင်သည်။

သို့ပေမည့် ထန်ရှင်းယွဲ့သည် နောက်ကွယ်မှကြိုးကိုင်သူမဟုတ်ဘဲ သာမာန်နယ်ရုပ်လေးသာဖြစ်မည်ဟုတော့ ကုနင်းယုံကြည်ထားသည်။

ထန်ရှင်းယွဲ့၏အိုင်ဒီကဒ်ဖြင့် စာရင်းသွင်းထားသည့် ဖုန်းနှစ်လုံးရှိကြောင်းနှင့် ထိုဖုန်းနှစ်လုံး မကြာခဏ အပြန်အလှန်ဆက်သွယ်လေ့ရှိကြောင်းကိုလဲ ကေရှာတွေ့ထားပြန်သည်။ ဒါကြောင့် နောက်ဖုန်းနံပါတ်တစ်ခုကို တခြားလူတစ်ယောက်သုံးနေကြောင်း သိသာလှသည်။

ကုနင်းကတော့ ထိုထန်ရှင်းယွဲ့၏အိုင်ဒီနှင့်ပဲစာရင်းသွင်းထားသည့် နောက်ဖုန်းတစ်လုံးကို နောက်ကွယ်က ကြိုးကိုင်သူသုံးနေခြင်းဖြစ်လောက်မည်ဟု သံသယဝင်မိသည်။

***

အခန်း ၇၃၂ လင်းထျန်းယွီ ခြိမ်းခြောက်ခြင်း

ဘာပဲဖြစ်ဖြစ် ထန်ရှင်းယွေ့၏ပုံစံအမှန်ကတော့ ပေါ်ထွက်သွားပြီဖြစ်တာကြောင့် ကုနင်းချက်ချင်းပင် ချွမ်မင်ခိုင်အား ဖုန်းဆက်ကာ သူ့ကိုပဲ ကိုင်တွယ်ခိုင်းလိုက်ပေမည်။

“သခင်မလေးနင်း၊ ဘာများကူညီရမလဲ?” ချွမ်မင်ခိုင်မေးလိုက်သည်။

“ကျွန်မသူငယ်ချင်းတစ်ယောက်က ထန်သဲ့မင်ကိုစောင့်ကြည့်ပေးနေတာ၊ လွန်ခဲ့တဲ့ရက်ပိုင်းက ထန်သဲ့မင် အိမ်တစ်အိမ်ကိုသွားတယ်ဆိုတာ သိလိုက်ရတယ်။ အိမ်ပိုင်ရှင်က ထန်ဟွမ်လုပ်ငန်းစုရဲ့ ငွေစာရင်းဌာနမှာလုပ်နေတဲ့ ထန်ရှင်းဟွေ့ဆိုတဲ့ တစ်ယောက်ပဲ။”

ထိုသတင်းကိုကြားရသည်၌ ချွမ်မင်ခိုင် အနည်းငယ်အံ့ဩသွားမိပေမည့် အလွန်ထိတ်လန့်သွားခြင်းတော့မရှိပေ။ ထန်ဟွမ်လုပ်ငန်းစုလို လုပ်ငန်းကြီးတစ်ခုတွင် ထန်သဲ့မင်ကို ကူညီနေမည့်သူများစွာရှိမည်ကို သူသိထားပြီးဖြစ်ပေမည့် ထန်ရှင်းယွဲ့သည်တော့ နောက်ကွယ်မှကြိုးကိုင်သူနှင့် တစ်နည်းနည်းဆက်စပ်နေနိုင် အံ့ဩသွားမိရစဲပင်။

အခု သူသိထားပြီဆိုမှတော့ အသေးစိတ်စုံစမ်းစစ်ဆေးရပေမည်။ ငွေစာရင်းဌာနဆိုသည်မှာ ကုမ္ပဏီတစ်ခု၏အဓိကသော့ချက်ဌာနတစ်ခုမဟုတ်ပါလား။

………..

ညနေ၆နာရီဝန်းကျင်တွင် ယုကျီ ဖန်ရှန်းဈေးဝယ်စင်တာသို့ လာခဲ့သည်။

ဤရက်များအတွင်း သူမဆိုင်သို့လာခဲကာ အချိန်အများစုကို စက်ရုံတွင် ဒီဇိုင်းဆွဲကာ ဂါဝန်များကို စစ်ဆေးခြင်းဖြင့်သာ အချိန်ကုန်ခဲ့သည်။

ဂါဝန်များချုပ်လုပ်ရာတွင် နည်းလမ်းနှစ်မျိုးရှိကာ စက်ဖြင့်ချုပ်လုပ်ခြင်းနှင့် လက်ဖြင့်ချုပ်လုပ်ခြင်းဟူ၍ဖြစ်သည်။ လက်ချုပ်ဂါဝန်များကိုတော့ လတ်တလော ယုကျီတစ်ယောက်တည်းသာ ပြုလုပ်ကာ စက်ဖြင့်ချုပ်သည့်အထည်များထက် ပိုဈေးကြီးပေသည်။ ဂါဝန်တစ်ထည်ကို စက်ဖြင့်ချုပ်လုပ် အချိန်ခဏလောက်သာပေးရပေမည့် လက်ဖြင့်ချုပ်ပါက ရက်ပေါင်းများစွာ အချိန်ပေးရသည်။

ထိုအချိန်အတွင်း သူမ ယန်ကျီချင်နှင့်လဲ အဆက်အသွယ်မပြတ်ခဲ့ဘဲ တစ်ခါတလေ နှစ်ယောက်သား ညစာအတူစားရင် ရုပ်ရှင်ကြည့်ဖြစ်ကြသည်။ ယန်ကျီချင်အပေါ် ယုကျီအနေနှင့် အမြင်ကောင်းများရှိထားပြီးဖြစ်တာကြောင့် သူမအားသည့်အချိန်တိုင်း ယန်ကျီချင်နှင့်တွေ့ဖို့ရန် သဘောတူခဲ့သည်။ ဤတစ်ခေါက်လဲ ယန်ကျီချင်နှင့်တွေ့ဖို့ရန်အတွက် သူမဖန်ရှန်းဈေးဝယ်စင်တာသို့ လာခဲ့ခြင်းဖြစ်သည်။

ယုကျီလဲ ယွမ်၇သိန်းတန်သည့် BMWကားတစ်စီးဝယ်ထားပြီးပြီဖြစ်သည်။ သူမကားရပ်လိုက်ပြီးနောက် ဈေးဝယ်စင်တာထဲသို့ဝင်လာခဲ့သည်။ သို့ပေမည့် စိတ်လွတ်နေသည့် လင်းထျန်းယွီရောက်လာကာ သူမလမ်းကိုပိတ်ရပ်လိုက်သည်။

ယုကျီမျက်မှောင်ကြုတ်လိုက်ကာ မနှစ်မြို့ဟန်များလဲ ပေါ်လာခဲ့သည်။ ထို့နောက် လင်းထျန်းယွီကို လျစ်လျူရှုကာ ကိုယ့်လမ်းကိုယ်ဆက်သွားဖို့ လုပ်လုပ်ပေမည့် လင်းထျန်းယွီက ချက်ချင်းပင် သူမလက်ကောက်ဝတ်ကို ဖမ်းဆွဲထားလေသည်။

“ငါ့ကိုလွှတ်!” ယုကျီရုန်းလိုက်ပေမည့် မလွတ်မြောက်ခဲ့ပေ၊ သူမ လင်းထျန်းယွီကို စိုက်ကြည့်လိုက်ကာ၊ “လင်းထျန်းယွီ၊ နင်ဘာလိုချင်ပြန်တာလဲ?”

“မင်းယန်ကျီချင်နဲ့ချိန်းတွေ့နေတာလား?” လင်းထျန်းယွီ ယုကျီကပဲ သူ့ကိုသစ္စာဖောက်သွားသလိုမျိုး မုန်းတီးနေသည့်မျက်နှာထားဖြင့် မေးလိုက်သည်။

ယုကျီဒေါသထွက်သွားကာ၊ “နင်နဲ့ဘာမှမဆိုင်ဘူး!”

“မင်းက ငါ့အပိုင်ပဲ၊ ဒီတော့ ဒါငါ့ကိစ္စပဲပေါ့!” လင်းထျန်းယွီပြောရင်း ယုကျီ၏လက်ကောက်ဝတ်ကို ပိုလို့တင်းကျပ်အောင် ချုပ်ကိုင်ထားလိုက်သည်။ ထိုအခြေအနေတွင်တော့ လင်းထျန်းယွီ၏မူမမှန်သည့် တုံ့ပြန်ပုံများကို ယုကျီသတိထားမိလာခဲ့ပေပြီ။

သူမတို့လမ်းခွဲပြီးတာဖြင့် တစ်နှစ်ကျော်နေပြီဖြစ်တာကြောင့် ယခုလိုတုန့်ပြန်ပုံကြီးက လင်းထျန်းယွီ ရူးသွားတာကြောင့်ဖြစ်မည်ဟုပင် သူမတွေးလိုက်သည်။

“လင်းထျန်းယွီ၊ နင်နဲ့ငါက ဘာမှမဆိုင်တော့ဘူးလေ၊ အခုချက်ချင်းလွှတ်စမ်း!” ယုကျီ ထပ်ရုန်းလိုက်ပြန်သည်။

“ယုကျီ၊ နင်ဘယ်လိုကြောင့်များ ငါ့ကိုနာကျင်အောင်လုပ်ရက်ရတာလဲ? ငါ့ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက်လုံး မင်းအပေါ် ကောင်းကောင်းဆက်ဆံပါ့မယ်လို့ ကတိပေးထားပြီးပြီလေ။ ဘာကြောင့် ငါ့ကို ငြင်းဆန်နေသေးရတာလဲ?” လင်းထျန်းယွီ သူကပဲ မတရားခံရသူတစ်ယောက်ပမာ ဝမ်းနည်းနေသည့်မျက်နှာထားဖြင့်ပြောလာသည်။

“လင်းထျန်းယွီ၊ နင့်ကိုနင်ဘာထင်နေလဲ? ငါတော့ နင့်ကိုမြင်လိုက်ရတာ ရွံ့တာပဲသိတယ်။” “ငါ့ကိုအခုချက်ချင်းလွှတ်ရင်လွှတ်၊ မဟုတ်လို့ကတော့ ရဲခေါ်လိုက်တော့မယ်။” ယုကျီဆက်ပြီးသည်းမခံနိုင်တော့ပေ။

ထိုစကားကြောင့် လင်းထျန်းယွီ ရုတ်တရက်ဆိုသလို ယုကျီနားပိုတိုးကပ်လာတာကြောင့် သူမကြောက်လန့်သွားကာ၊ “လင်းထျန်းယွီ၊ တော်လိုက်တော့၊ ငါ့ကိုလွှတ်ပေး!”

ယုကျီ၏အော်သံက အနီးရှိလူများ၏အာရုံကိုဖမ်းစားသွားနိုင်ခဲ့သည်။

ယောက်ျားလေးတစ်ဦးက မိန်းကလေးကို ဖမ်းထားသည်အားမြင်လိုက်ရသည်နှင့် သူမကိုကူညီပေးရန်အလို့ငှာ လူများစွာ အနားသို့ချဉ်းကပ်လာကြသည်။

သို့ပေမည့် လင်းထျန်းယွီက ချက်ချင်းပင်ဓါးတစ်ချောင်းကို ဆွဲထုတ်ကာ ယုကျီ၏လည်တိုင်သို့ ဖိကပ်လိုက်တာကြောင့် ယုကျီအလွန်ကြောက်လန့်ကာ မလှုပ်ရှားရဲတော့ပေ။

“အနားကပ်မလာကြနဲ့၊ မဟုတ်ရင် ငါသူ့ကိုသတ်ပစ်မယ်!” လင်းထျန်းယွီ လူအုပ်ကြီးအား ခြိမ်းခြောက်လိုက်သည်။

ထိုအမျိုးသားက လူကြားထဲတွင်ပင် မိန်းကလေးကို ဓါးထောက်ကာ ခြိမ်းခြောက်ရဲတာကြောင့် အားလုံးအလွန်အံ့ဩသွားကြရသည်။

“ဘုရားရေ၊ သူရူးနေတာလား? ဒါလူမြင်ကွင်းကြီးလေ!”

“သူတော့ ထောင်ထဲသွားရတော့မှာပဲ။”

“ဒါချစ်လွန်းလို့ပြစ်မှုတောင် ကျူးလွန်မိတဲ့သဘောလား?”

“ခန့်မှန်းမနေကြနဲ့တော့! ကောင်မလေးကို ကူညီဖို့ကြံဦး။”

“ရဲခေါ်ကြရအောင်!”

ထို့နောက် တစ်ယောက်မှနေပြီး ရဲကိုဖုန်းဆက်အကြောင်းကြားလိုက်သည်။

သို့ပေမည့် လင်းထျန်းယွီသည်တော့ လူအုပ်ကြီးကို အာရုံမထားဘဲ ယုကျီကိုသာ နီရဲနေသည့်မျက်လုံးများဖြင့် စိုက်ကြည့်ရင်း၊ “ယုကျီ၊ မင်းငါနဲ့ပြန်မလိုက်ခဲ့ဘူးဆိုရင်၊ ငါမင်းကို တကယ်သတ်ပစ်မှာ။ ”

“ငါ့-ငါ့ကို အရင်လွှတ်ပေးပါ။” လင်းထျန်းယွီ စိတ်လွတ်ကာ သူမကိုတကယ်သတ်ပစ်မည်စိုးတာကြောင့် ယုကျီဆက်ပြီး လင်းထျန်းယွီကို ကလန်ကဆန်မလုပ်ရဲတော့ပေ။

“မလွှတ်ဘူး။ မင်းငါနဲ့ပြန်တွဲမယ်လို့ သဘောမတူရင် မလွှတ်ပေးဘူး။” လင်းထျန်းယွီ ခြိမ်းခြောက်လိုက်သည်။

“ကောင်းပြီ၊ ကောင်းပြီ၊ ငါသဘောတူတယ်။” လောလောဆယ်သူမအသက်အန္တရာယ်ကင်းဖို့က အရေးကြီးနေတာကြောင့် လင်းထျန်းယွီ စိတ်ချမ်းသာအောင် ယုကျီသဘောတူလိုက်သည်။

“တကယ်လား? တကယ်ပြောနေတာလား? ငါ့ကိုညာနေတာတော့ မဟုတ်ပါဘူးနော်?” လင်းထျန်းယွီကတော့ မယုံကြည်ပေ။

“တကယ်ပြောတာပါ။”

“ဒါဆို သက်သေပြ!”

“ဘယ်လိုမျိုးလဲ?” ဘယ်လိုသက်သေပြရမှန်း ယုကျီမသိတာကြောင့် ကူကယ်ရာမဲ့သွားတော့သည်။

“ငါ-ငါလဲမသိဘူး။” လင်းထျန်းယွီ မျက်မှောင်ကြုတ်သွားသည်။ ယုကျီ သူ့ကိုချစ်ကြောင်း ဘယ်လိုသက်သေပြခိုင်းရမလဲဆိုသည်ကိုမသိသလို ယုကျီသူ့ကိုမုန်းနေစဲဖြစ်ကြောင်းကိုလဲ သေချာပေါက်သိပေသည်။ ထို့ကြောင့် ယုကျီက တကယ်ပဲ သက်သေပြခဲ့မည်ဆိုလျှင်ပင် သူယုံနိုင်မည်မဟုတ်ပေ။

ယုကျီစိုးရိမ်ထိတ်လန့်လာတော့သည်။

ကံကောင်းစွာပဲ ရဲစခန်းမှာ ဖန်ရှန်းဈေးဝယ်စင်တာအနီးတွင်ရှိနေတာကြောင့် ၂မိနစ်အကြာတွင်ပဲ ရဲများရောက်ရှိလာကြသည်။

ရဲတွေကိုတွေ့လိုက်ရတော့ လင်းထျန်းယွီ ကြောက်လန့်သွားကာ လက်များတုန်လာပြီး ယုကျီ၏လည်တိုင်ကို အနည်းငယ်ဖြတ်မိသွားသည်။ ထိုဖြတ်ရာက သိပ်မနက်လှသော်လည်း ယုကျီအော်လိုက်မိကာ ရဲများလဲ ရှေ့ဆက်မတိုးလာရဲကြတော့ပေ။

***

အခန်း ၇၃၃ လင်းထျန်းယွီကို ဖမ်းဆီးခြင်း

“ရပ်ကြစမ်း! အနားထပ်မတိုးခဲ့နဲ့!” လင်းထျန်းယွီ စိတ်များလွတ်ထွက်လာကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူဓါးကိုင်ထားသည့်လက်မှာလဲ တုန်ရီနေတာကြောင့် နောက်တစ်ကြိမ် ယုကျီ၏လည်တိုင်ကို ဖြတ်မိမလိုဟန်ဖြစ်နေသည်။

“သူ့ကိုလွှတ်ပေးလိုက်ပါ၊ ဒီအတိုင်းဆို မင်းထောင်ကျသွားနိုင်တာ သိရဲ့လား?” ရဲတစ်ယောက်က လင်းထျန်းယွီကို ဖျောင်းဖျရန် ကြိုးစားလိုက်သည်။

သို့ပေမည့် လင်းထျန်းယွီကတော့ သူ့စကားကို နားမထောင်ဘဲ၊ “သွားစမ်း၊ သွားကြစမ်း၊ ဒါမင်းတို့နဲ့ဘာမှမဆိုင်ဘူး!”

ထိုအချိန်တွင်ပဲ ယန်ကျီချင်လဲ ရောက်ရှိလာကာ ယုကျီကို လင်းထျန်းယွီ ခြိမ်းခြောက်နေသည်ကို မြင်သွားတော့သည်။ ယုကျီ၏လည်တိုင်မှ သွေးစွန်းနေသည့် ဖြတ်ရာကိုတွေ့လိုက်ရတော့ ပိုလို့ပင် စိုးရိမ်ကာ ဒေါသထွက်လာတော့သည်။ လင်းထျန်းယွီကိုလဲ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ပစ်ချင်စိတ်များဖြစ်ပေါ်လာပေမည့် သူ့ကိုသူ့စိတ်လျှော့ကာ ယုကျီကိုကပ်ဖို့ရန်သာ ဦးစားပေးတွေးတောလိုက်သည်။ ဓါးမှာ ယုကျီ၏လည်ပင်းကို ထက်ပြီးဖြတ်မိတော့မလို ရှိနေတာကြောင့် ယုကျီ၏လက်ရှိအခြေအနေမှာ အလွန်အန္တရာယ်များနေပေသည်။

“မင်းဘာလိုချင်တာလဲ?” ရဲက မေးလိုက်သည်။

“ငါ သူ့ကိုပဲလိုချင်တာ!” လင်းထျန်းယွီ ပိုင်ဆိုင်လိုစိတ်ကြီးမားသည့် အကြည့်များဖြင့် ယုကျီကို စိုက်ကြည့်လိုက်သည်။

“မင်း သူမကိုလိုချင်တယ်ဆိုရင် ဘာကြောင့် သူမထိခိုက်အောင်လုပ်နေရတာလဲ? သူမကို ကာကွယ်ပေးသင့်တာမဟုတ်ဘူးလား?” ရဲက ထပ်မေးခွန်းထုတ်လိုက်ပြန်သည်။

“ငါ-ငါ-ငါ… သူက ငါနဲ့အတူမနေချင်ဘူးလေ!” လင်းထျန်းယွီ ဒေါသရော ဝမ်းနည်းလာမှုကြောင့်ပါ အော်ဟစ်လိုက်ပြန်သည်။

ယန်ကျီချင်သည် စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ကာ အခုတော့ ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူဖြစ်တာကြောင့် တိုက်ခိုက်ရေးနည်းလမ်းများစွာကို သိထားသည်။ ရဲများ လင်းထျန်းယွီနှင့်စကားပြောဆိုနေသည့် အချိန်တွင် ယန်ကျီချင်က တိတ်တဆိတ် လင်းထျန်းယွီ၏နောက်ကျောဘက်သို့ မမြင်အောင် ချဉ်းကပ်လို့သွားသည်။ နောက်သို့ပြေးဝင်ကာ ကွယ်ရပ်လိုက်သည်။

ထိုအချင်းအရာကြောင့် လူတိုင်းအံ့ဩသွားကြပေမည့် ဘယ်သူမှ အံ့ဩမှုမပြေသေးခင်တွင်ပဲ ယန်ကျီချင်မှာ လင်းထျန်းယွီ၏အနောက်ဘက်တွင် နေရာယူနိုင်သွားကာ လင်းထျန်းယွီ၏ဓါးကိုင်ထားသည့်လက်ကို ဆွဲဖမ်းပြီး ကျန်လက်တစ်ဖက်ဖြင့် ယုကျီပုခုံးကို ဆွဲကာ သူ့ဘက်သို့ ခေါ်ဆောင်လိုက်သည်။ တစ်ချိန်တည်းတွင်ပဲ လင်းထျန်းယွီလက်ကို လိမ်ချိုးလိုက်သံက ထွက်ပေါ်လာကာ ယုကျီလဲ လင်းထျန်းယွီ၏လက်မှ လွတ်မြောက်သွားတော့သည်။

ရဲများလဲ ချက်ချင်းဆိုသလိုပင် ပြေးဝင်လာကြသည်။ အချို့ကတော့ ယုကျီမတ်တပ်ဆက်ရပ်နိုင်အောင် ကူညီတွဲပေးကာ အခြားလူများကတော့ လင်းထျန်းယွီကို ဖမ်းဆီးကြသည်။

လင်းထျန်းယွီကို ရဲများဖမ်းချုပ်ပြီးနောက်တွင်မှ ယန်ကျီချင် ယုကျီအနားသို့ရောက်လာကာ စိုးရိမ်တကြီးပြောလိုက်သည်။ “ငါမင်းကို ဆေးရုံလိုက်ပို့ပေးမယ်။”

“ကျေးဇူးပါ။”

အခြေအနေများကြောင့် သူတို့နှစ်ဦး၏ဖြောင့်ချက်ကို ရဲများလိုအပ်သော်လည်း ယုကျီ၏ဒဏ်ရာကို အရင်ဆုံးမြန်မြန်ကုသပေးဖို့လိုအပ်ကြောင်းက အသိအသာပင်။ ထို့ကြောင့် ရဲတစ်ဦးက သူတို့ကို ဆေးရုံလိုက်ပို့ပေးဖို့ပြင်လိုက်သည်။

သို့ပေမည့် ယန်ကျီချင်က ငြင်းပယ်လိုက်ကာ သူ၏ရဲဖြစ်ကြောင်း အထောက်အထားကဒ်ကို ထုတ်ပြပြီး၊ “ငါက ရဲအရာရှိတစ်ယောက်ပဲ။ သူမကို နောက်မှ ရဲစခန်းခေါ်လာခဲ့ပေးမယ်။”

“အိုး သခင်လေးယန်ပဲ! အဆင်ပြေသလိုလုပ်ပါ။” ယန်ကျီချင်၏ရဲအထောက်အထားကဒ်ကိုမြင်သည်နှင့် ချက်ချင်းပင် ထိုရဲလဲ ယန်ကျီချင်ကို မှတ်မိသွားကာ တုံ့ဆိုင်းချင်းမရှိ သဘောတူလိုက်တော့သည်။

ထို့နောက် ယန်ကျီချင်က ယုကျီကို ပွေ့ချီလိုက်တာကြောင့် သူမအနည်းငယ်ရှက်ရွံ့ကာ လန့်သွားပြီး၊ “အမ်၊ ကျွန်မလမ်းလျှောက်နိုင်ပါတယ်။”

“မင်းအခု ဒဏ်ရာရနေတယ်လေ။”

“ကျွန်မ….” ယုကျီတစ်ခုခုဆက်ပြောချင်နေသေးသော်လည်း ယန်ကျီချင်က သူမကိုသယ်ကာ ချက်ချင်းထွက်ခွာလာခဲ့သည်။

ယန်ကျီချင်၏ပွေ့ချီချင်းခံနေရတာကြောင့် ယုကျီနေရခက်က မျက်လုံးချင်းပင်မဆုံရဲတော့ပေ။ အစောပိုင်းကထိတ်လန့်မှုကြောင့် သူမမျက်နှာဖြူဖျော့နေခဲ့ပေမည့် အခုတော့ အလွန်နီရဲနေတော့သည်။

“အရမ်းနားနေလို့လား?” ယန်ကျီချင် စိုးရိမ်ကာမေးလိုက်သည်။

“မနာပါဘူး။ အဆင်ပြေပါတယ်။” ယုကျီချက်ချင်းငြင်းလိုက်သည်။ တကယ်တမ်း ဓါးဒဏ်ရာမှာ သိပ်မနက်ဘဲ သွေးအနည်းငယ်ထွက်သွားရုံသာ။

“တောင်းပန်ပါတယ်၊ ငါရောက်တာ နောက်ကျသွားလို့။” ယန်ကျီချင် သူ့ကိုယ်သူအပြစ်တင်နေမိသည်။

သူနှင့်ယုကျီသည် လက်ရှိတွင် သူငယ်ချင်းအဆင့်သာရှိသေးသော်လည်း သူဘက်ကတော့ သူတို့နှစ်ဦး၏ဆက်ဆံရေးကို အတည်တကျလက်တွဲဖို့အထိ တွေးထားတာကြောင့် သူမကိုကာကွယ်ဖို့က သူ့တာဝန်အပြည့်ရှိသည်ဟု ခံယူထားသည်။ ထို့ကြောင့်လဲ အခုလိုမျိုး မကာကွယ်နိုင်လိုက်သည့်အတွက် သူ့ကိုယ်သူအပြစ်တင်နေခြင်းဖြစ်သည်။

“ရှင့်အမှားမဟုတ်ပါဘူး!” လင်းထျန်းယွီကသာ အပြစ်တင်သင့်သည့်လူဖြစ်သည်။

ယန်ကျီချင် ဘာမှဆက်ပြောမနေပေမည့် နောက်တစ်ကြိမ် ယုကျီကို ဘယ်သူမှ ထိခိုက်အောင်လုပ်ခွင့်မပြုရမည့်အကြောင်း သူ့ကိုယ်သူသတိပေးကာ ယခုအဖြစ်အပျက်အတွက်လဲ ကိုယ့်ကိုကိုယ် ဆက်အပြစ်တင်နေမိသည်။

ယန်ကျီချင်နှင့်ယုကျီတို့ ဆေးရုံသွားချိန်တွင် လင်းထျန်းယွီသည်တော့ ရဲစခန်းသို့ခေါ်ဆောင်လာခြင်းခံရသည်။ ယနေ့အဖြစ်အပျက်ကြောင့် လင်းထျန်းယွီ သေချာပေါက် ထောင်ကျပေလိမ့်မည်။

လင်းထျန်းယွီ ရဲစခန်းသို့ရောက်ပြီးသည်နှင့် ရဲများက လင်းထျန်းယွီ၏မိသားစုကို ဖုန်းဆက်အကြောင်းကြားခဲ့သည်။

လင်းထျန်းယွီ၏ဖခင်မှာ ထိုထိတ်လန့်စရာသတင်းကြောင့် အလွန်ကြောက်လန့်သွားရသည်။ သူ့သားက ဥပဒေချိုးဖောက်သည့် အလုပ်များလုပ်လိမ့်မည်ဟု သူလုံးဝမထင်မှတ်ထားပေ။ သို့ပေမည့် ဒါက သူ့ရဲ့တစ်ဦးတည်းသောသားပင်။ သူ့တစ်ဦးတည်းသောသားသာ ထောင်ကျသွားရင် သူဘယ်လိုလုပ်ရမလဲမသိပေ။

“ဘာဖြစ်လို့လဲ?” လင်းထျန်းယွီဖခင်၏မူမမှန်ဖြစ်သွားပုံကိမြင်တော့ လင်းကတော်မှ မေးလိုက်သည်။

“ထျန်းယွီက မိန်းမတစ်ယောက်ကို လူကြားထဲ ဓါးထောက်ခြိမ်းခြောက်လို့ ရဲတွေဖမ်းသွားတယ်တဲ့။”

“ဘာ?” လင်းကတော် ထိတ်လန့်ကာ ဆိုဖာပေါ်သို့ပင် နောက်ပြန်လဲကျသွားသည်။ “မဖြစ်နိုင်တာ! ကျွန်မတို့ထျန်းယွီက ဒီလိုမျိုးလုပ်စရာအကြောင်းမရှိဘူး!” လင်းကတော်လဲ ဘယ်လိုမှမယုံကြည်နိုင်ပေ။ သူမသားမှာ ဥပဒေချိုးဖောက်ခဲ့တာကြောင့် ထောင်ကျပေတော့မည်။ သူ့သားလေးထောင်ကျသွားသည်နှင့် သူ့သားရဲဘဝဆုံးပြီပေါ့!

ချက်ချင်းပင် ခင်ပွန်းဖြစ်သူ၏လက်မောင်းကို ဆွဲကိုင်ကာ လင်းကတော် ငိုကြွေးတော့သည်။ “ကျွန်မတို့သားလေးကို ဒီအတိုင်းထောင်ထဲဝင်ခိုင်းလိုမဖြစ်ဘူးလေ။ သူ့ဘဝပျက်သွားလိမ့်မယ်! တစ်ခုခုလုပ်ပါဦး။”

“အရင်ဆုံးရဲစခန်းကိုသွားကြရအောင်၊ ပြီးတော့မှ တရားရုံးအထိမရောက်သွားအောင် ငါတို့ညှိနှိုင်းကြတာပေါ့။” လင်းထျန်းယွီဖခင်သည်လဲ သူ့သားကို ကူညီပေးချင်ပေမည့် သူကိုယ်တိုင်က အာဏာရှိသည့်လူတစ်ဦးဟုတ်မနေပေ။ ဒါကြောင့် သူ့သားကိုလွတ်အောင်လုပ်ဖို့ရန်က မလွယ်ကူလှပေ။ တရားရုံးအထိမရောက်သွားစေချင်လျှင် ခံရသူကော ရဲစခန်းကပါ ကျေအေးဖို့ သဘောတူမှရပေမည်။

“ကောင်းပြီ၊ ထျန်းယွီကိုသာ တရားမစွဲဘူးဆိုရင် သူမကို ယွမ်၁သန်းကျော်အထိပေးရလဲ ကိစ္စမရှိဘူး။” သူမသားလွတ်ဖို့အတွက်ဆိုလျှင် ဘယ်လောက်ပဲကုန်ပါစေ လင်းကတော်ဂရုမစိုက်နိုင်ပေ။

ထိုခြိမ်းခြောက်ခံရသည့်အမျိုးသမီးမှာ ယုကျီမှန်း သူတို့မသိကြသေးပေ။ မဟုတ်လို့ကတော့ တရားရုံးထိမရောက်ပဲ ဖြေရှင်းဖို့ဘယ်လောက်ခက်မလဲဆိုသည်ကို သူတို့သိကြမည်သာ။ ဒါပေါ့၊ လင်းကတော်၏အကျင့်စရိုက်နှင့်ဆိုလျှင် ခံရသည့်မိန်းကလေးက ယုကျီမှန်းသာ သူမသိသွားပါက ကျေအေးပေးဖို့ရန် ယုကျီကို တစ်ဖက်သတ်ဖိအားပေးမည်သာဖြစ်သည်။

***

အခန်း ၇၃၄ တရားရုံးမရောက်ဘဲနဲ့ညှိနှိုင်းမယ်? ဖြစ်နိုင်လား?

မကြာလိုက်ပါဘဲ လင်းထျန်းယွီ၏မိဘများ ရဲစခန်းသို့ရောက်ရှိသွားကြသည်။ ထိုအချိန်တွင်တော့ လင်းထျန်းယွီ အသိစိတ်ပြန်ဝင်နေပြီဖြစ်ကာ သူအမှားကြီးလုပ်လိုက်မိသည်ကို နားလည်သွားခဲ့သည်။

လင်းထျန်းယွီနှင့်မတွေ့ခင်အထိ ခံရသည့်မိန်းကလေးမှာ ယုကျီဖြစ်မှန်း သူ့မိဘများမသိကြပေ။ ဖြစ်ပျက်သမျှကိုကြားပြီးနောက်တွင်တော့ လင်းထျန်းယွီကသာ အရင်ဦးဆုံး ယုကျီကိုသစ္စာဖောက်ကာ စွန့်ပစ်ခဲ့ခြင်းဖြစ်တာကြောင့် လင်းထျန်းယွီ၏မိဘများစိတ်တွင် လောလောဆယ်တော့ ယခုပြဿနာကို တရားရုံးထိမရောက်ဘဲ ကျေအေးဖို့ ခက်မည်ဟူသည့် အသိသာရှိနေတော့သည်။

ထို့နောက် လင်းကတော်စိတ်ကူးပေါက်သွားကာ ဤပြဿနာကိုလွယ်လွယ်ဖြေရှင်းလို့ရနိုင်သည်ဟု တွေးမိသွားသည်။ ဘာပဲဖြစ်ဖြစ် ယုကျီဆိုတာ လင်းထျန်းယွီ၏ရည်းစားဟောင်းတစ်ယောက်ပဲမဟုတ်လား။ သူမအခု ဘာမှဖြစ်သွားတာမဟုတ်တာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာကြေးနည်းနည်းပါးပါးပေးလိုက်လျှင် ပြဿနာအဆုံးသတ်သွားနိုင်သည်။ လင်းကတော်ကတော့ အမှန်တကယ်ကို တစ်ကိုယ်ကောင်းဆန်ကာ အရှက်မရှိသည့်အမျိုးသမီးပင်။ တကယ်ဆို ယန်ကျီချင် အချိန်မီကယ်ဆယ်လိုက်ခြင်းကြောင့်သာမဟုတ်လျှင် လင်းထျန်းယွီက ယုကျီကို သတ်ပင်သတ်ပစ်မိသွားနိုင်ပေသည်။

လင်းထျန်းယွီဖခင်ကတော့ ထိုအတွေးကို သိပ်သဘောမကျသော်လည်း ယုကျီနှင့်စကားကောင်းကောင်း ပြောကြည့်သင့်သည်ဟု ယုံကြည်ကာ ပြဿနာကိုလဲ တရားရုံးထိမရောက်ပါဘဲ ကျေအေးပေးဖို့ သူမသဘောတူပေးဖို့လဲ မျှော်လင့်နေသည်။

ယုကျီ ဆေးရုံတွင် ဒဏ်ရာကိုဆေးထည့်ပြီးသည်နှင့် ရဲစခန်းသို့ပြန်လာခဲ့သည်။ အသေးအမွှားဒဏ်ရာတစ်ခုသာဖြစ်တာကြောင့် ရက်ပိုင်းလောက်နေသည်နှင့် ပြန်ကောင်းလာပေလိမ့်မည်။

လင်းထျန်းယွီ၏မိဘများနှင့် ယုကျီ ရဲစခန်းတွင်တွေ့ရချိန်တွင် တစ်ချက်သာကြည့်လိုက်ပြီးနောက် ချက်ချင်းအကြည့်လွှဲလိုက်တော့သည်။

သို့ပေမည့် လင်းကတော်ကတော့ ယုကျီနှင့်မျက်နှာချင်းဆိုင်သို့ အမြန်သွားလိုက်ကာ “ယုကျီ၊ ငါတို့ထျန်းယွီ အမှားလုပ်မိသွားတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီကိစ္စလောက်ကို တရားရုံးထိမသွားပဲ ညှိနှိုင်းလို့ရနေတာပဲ။ နင့်အတွက် ငါတို့ဆေးဖိုးဝါးခကော စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာကြေးပါပေးမယ်။” လင်းကတော်၏အမူအရာမှာ ပုံမှန်လိုပဲ မောက်မာနေစဲပင်။

“ကျေအေးဖို့ညှိနှိုင်းမယ်?” ယုကျီ လင်းကတော်ကိုပြန်ကြည့်လိုက်ကာ၊ “မဖြစ်နိုင်ဘူး။ သူကိုယ်တိုင် ဒီလိုဖြစ်ချင်နေတာလေ၊ ဒီတော့ သူလုပ်တဲ့အမှားအတွက် အပြစ်ပေးခံရမှာပေါ့။” ယုကျီသည် သတ္တိကြောင်သူမဟုတ်သလို သူမကိုထိခိုက်အောင်လုပ်သည့်ဘယ်သူ့ကိုမဆိုလဲ မေ့ဖျောက်ပေးလိုက်မည်မဟုတ်ပေ။

“နင်…” ယုကျီ ထိုသို့ပြန်ပြောလာလိမ့်မည်ဟု လင်းကတော် မမျှော်လင့်ထားခဲ့ပေ။

တကယ်တော့ အရင်ကတည်းက ယုကျီသည် လင်းထျန်းယွီကို မုန်းတီးနေခဲ့ပြီးဖြစ်တာကြောင့် ယခုလိုအဖြေမျိုးက အံ့ဩစရာတော့မဟုတ်ပေမည့် လင်းကတော်ကတော့ ဘယ်လိုမှလက်မခံနိုင်ပေ။

“လင်းကတော်၊ လင်းထျန်းယွီက ဥပဒေကိုချိုးဖောက်တဲ့အတွက် ထောင်ချသင့်တယ်။ လင်းကတော်ကရော ခင်ဗျားအသက်ကို ခြိမ်းခြောက်ခံရမယ်ဆိုရင် ခင်ဗျားကိုသတ်ဖို့ကြံနေတဲ့လူကို ခွင့်လွှတ်ပေးလိုက်မှာလား?” ယန်ကျီချင်က လင်းကတော်ကို မေးခွန်းထုတ်လိုက်တာကြောင့် လင်းကတော် ပြန်မဖြေနိုင်ဖြစ်သွားတော့သည်။

ယန်ကျီချင်ကိုယ်တိုင်ဝင်ပြောနေပြီဖြစ်တာကြောင့် ပြဿနာကို ညှိနှိုင်းကျေအေးဖို့ရန် မျှော်လင့်ချက်မရှိတော့ကြောင်း လင်းထျန်းယွီ၏ဖခင်နားလည်လိုက်သည်။ သို့ပေမည့် လင်းထျန်းယွီသည် သူ့တစ်ဦးတည်းသောကလေးဖြစ်တာကြောင့် တစ်ခုခုတော့ ကြိုးစားကြည့်ရပေမည်။ “ယုကျီ၊ ထျန်းယွီရဲ့ဆိုးရွားတဲ့လုပ်ရပ်အတွက် ဦးလေးတောင်းပန်ပါရစေ။” ပြောရင်းဖြင့်ပင် လင်းထျန်းယွီ၏ဖခင်က ဦးညွှတ်လိုက်သည်။ သူ့ဘက်က စိတ်ရင်းအမှန်ဖြစ်ပုံရပေမည့် ယုကျီကတော့ ဘယ်လိုမှမခံစားရပေ။

“ထျန်းယွီက ငါတို့ရဲ့တစ်ဦးတည်းကလေးလေ၊ သူထောင်ကျသွားမှာကို ငါတို့မကြည့်ရက်နိုင်ဘူး။ သူ့ကိုဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးနိုင်မလား?”

“လူကြီးမင်းလင်း၊ ကျွန်တော် ရှင်းရှင်းလင်းလင်းပြောထားပြီးပြီပဲ။” ယန်ကျီချင် မျက်မှောင်ကြုတ်လိုက်သည်။ “ပြောပြီးသားလေ။ သူက ဥပဒေကိုချိုးဖောက်ခဲ့တယ်၊ ဒီတော့ ထောင်ကျခံသင့်တယ်။”

ထိုစကားကြောင့် လင်းထျန်းယွီဖခင်လဲ နှုတ်ဆိတ်သွားရတော့သည်။ တကယ်တမ်း ယုကျီဘက်ကသာ ညှိနှိုင်းချင်စိတ်ရှိသ၍ ကျေအေးနိုင်ဖို့ အခွင့်အရေးရှိနေစဲပင်။

“လူကြီးမင်းလင်း၊ ကျွန်မစိတ်မကောင်းပါဘူး။ ကျွန်မဘက်ကတော့ ဒီကိစ္စကို ဥပဒေဘောင်ထဲကပဲ ဖြေရှင်းသွားမှာပါ။ အခုတော့ ကျွန်မတို့ ဖြောင့်ချက်သွားပေးလိုက်ပါဦးမယ်။”

ထို့နောက် ယုကျီ စခန်းထဲသို့ဝင်သွားကာ ယန်ကျီချင်လဲ လိုက်သွားခဲ့သည်။

“ယုကျီ၊ နင်ဘယ်လိုလုပ်…” လင်းကတော်က အခြေအနေကို ဘယ်လိုမှလက်မခံချင်ပေမည့် ခင်ပွန်းဖြစ်သူမှတားမြစ်ခြင်းကို ခံလိုက်ရသည်။ “တော်တော့၊ သူရှင်းရှင်းကြီးပြောသွားပြီးနေပြီလေ။” လင်းထျန်းယွီ၏ဖခင်လဲ လက်မခံနိုင်ပေမည့် လောလောဆယ်သူလုပ်နိုင်တာ ဘာမှရှိမနေပေ။

“ထျန်းယွီထောင်ကျသွားတာကို ကျွန်မတို့ဒီအတိုင်းကြည့်နေရတော့မှာလား? သူက ကျွန်မတို့ရဲ့တစ်ဦးတည်းသောသားလေးလေ!” လင်းကတော်ပြောရင်းဖြင့် မျက်ရည်များကျလာတော့သည်။

ကမ္ဘာပေါ်ရှိ မိဘတိုင်း၏စိတ်မှာအတူတူပင်ဖြစ်သည်။ သို့သော်လည်း သူတို့ကျူးလွန်ခဲ့သည့်အပြစ်အတွက်တော့ သူတို့အပြစ်ဒဏ်ခံကြရပေမည်။

“မငိုနဲ့တော့။” လင်းထျန်းယွီ၏ဖခင်က သူ့ဇနီးအားဟောက်လိုက်ကာ၊ “ဒါမင်းသူတို့ကြားကို ဝင်စွက်ဖက်လို့ဖြစ်ခဲ့တာတွေဆိုတာ မမေ့နဲ့။ ငါတို့နည်းနည်းလေးချမ်းသာနေရုံနဲ့ ငါတို့လုပ်ချင်တာမှန်သမျှ ငါတို့လုပ်နိုင်နေမယ်လို့ မင်းထင်နေတာလား? ငါတို့လဲ ဆင်းရဲခဲ့တာပဲ။ ငါတို့အလုပ်အရမ်းကြိုးစားခဲ့လို့သာ ဒီနေ့လိုနေနိုင်တာ။”

လင်းထျန်းယွီ၏ဖခင်သည် လူကောင်းတစ်ယောက်ဖြစ်ကာ လင်းထျန်းယွီ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမပြုခဲ့ပေ။ သူ့တွင် ဝင်စွက်ဖို့အချိန်မရှိတာကြောင့်လဲ ပါပေသည်။ သို့ပေမည့် သူ့ဇနီးနှင့်သားနှစ်ယောက်လုံးသည်တော့ ဘဝင်အလွန်မြင့်ကြပေသည်။

လင်းထျန်းယွီ၏ဖခင်သည် သူ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အခြေအနေကို ရောက်လာခြင်းဖြစ်သည်။ ယုကျီသည်လဲ အတူတူပင်။ သူမသည်လဲ သာမာန်ဆိုင်လေးကို ကြိုးစားလုပ်ကိုင်ရင်းမှနေပြီး ယခုလို အောင်မြင်ကျော်ကြားသည့် ဒီဇိုင်နာတစ်ဦးဖြစ်လာခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် Charmသည် အလွန်အောင်မြင်ကာ အမြတ်အစွန်းများစွာရရှိနေပြီဖြစ်ပြီး JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနှင့်လဲ ဆက်စပ်နေသည်။ ထို့အတွက်ကြောင့် ယုကျီ၏ ရှေ့လျှောက်ဘဝခရီးလမ်းမှာ တောက်ပလို့နေကာ လင်းမိသားစုထက် ပိုချမ်းသာလာနိုင်သည်။

ယုကျီ၏ ဥပဒေအတိုင်းပဲဖြေရှင်းမည်ဟူသည့် ဆုံးဖြတ်ချက်ကို လင်းထျန်းယွီ ကြားလိုက်ရသည်နှင့် အလွန်စိတ်ဓါတ်ကျသွားတော့သည်။ သူ့ဘဝသူဖျက်ဆီးပစ်မိသွားပြီမှန်းလဲ သိလိုက်ပေသည်။ ဖြောင့်ချက်ပေးပြီးနောက် ယန်ကျီချင်နှင့်အတူ ယုကျီပြန်လာခဲ့သည်။

………..

တစ်ချိန်တည်းတွင်ပဲ ကုနင်းသည်လဲ တစ်ယောက်တည်း မြေကမ္ဘာကလပ်သို့ ထွက်လာခဲ့သည်။

***

အခန်း ၇၃၅ ကုနင်းကို အထင်သေးတာလား?

ကုနင်း သူမဘယ်အချိန်လောက်မှ အိမ်ပြန်ရောက်နိုင်မည်မှန်း မသိတာကြောင့် ချောင်ယကို မခေါ်ခဲ့ပေ။ ကုမန့်၏လုံခြုံရေးအတွက် ချောင်ယကိုလိုအပ်ပေသည်။

ဖန်ရွှယ်ချင်ကတော့ ကုမန့်ကိုထပ်ပြီး ထိခိုက်အောင်လုပ်ဖို့ မဖြစ်နိုင်တော့ပေမည့် ထန်သဲ့မင်သည်လဲ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေတုန်းပင်။ ထို့ကြောင့် အခုချိန်တွင် ထန်မိသားစုဝင်တိုင်းသည် အန္တရာယ်ကျရောက်နေစဲအချိန်ဖြစ်သည်။ ဘယ်သူမှ အပြည့်အဝလုံခြုံမှုမရှိနိုင်ပေ။

ကုနင်းမရောက်ခင်ကတည်းက ချီထျန်းလင်နှင့် ကျုံးကျန်းဟွေ့မှာ လောင်းကစားအခန်းထဲ၌ ရောက်နေကြပြီဖြစ်သည်။

ယွီဟောက်နှင့် ချန်းဟွာသည်လဲ ချီထျန်းလင်၏နောက်တွင် မတ်တပ်ရပ်နေကြကာ ကျိုးကျန်းဟွေ့၏နားဘေးတွင်တော့ အသက်၂၀ဝန်းကျင် လှပသည့်မိန်းမငယ်လေးတစ်ဦးထိုင်နေပြီး သူတို့နောက်တွင်တော့ သက်တော်စောင့်၄ဦးရှိနေသည်။

ကျိုးကျန်းဟွေ့သည် အသက်၃၅နှစ်ရှိပြီဖြစ်သည့် အမျှော်အမြင်ရှိသည့်လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ သူ့ဘေးရှိမိန်းကလေးကတော့ ဟဲဟုန်ကျဲ့၏ လေးယောက်မြောက်သမီး ဟဲစစ်ရင်ဖြစ်သည်။

သူတို့ရောက်သည့်အချိန်က ၇:၄၀နာရီတွဖြစ်ပေမည့် ကုနင်းက ၈နာရီထိုးခါနီးသည်အထိ မရောက်လာတာကြောင့် ဟဲစစ်ရင် မကျေမနပ်ဖြစ်လို့လာကာ၊ “လူကြီးမင်းချီ၊ ၈နာရီထိုးဖို့ ၅မိနစ်ပဲလိုတော့တယ်။ ရှင့်ရဲ့ အလောင်းအစားလုပ်မဲ့သူက ဘယ်မှာလဲ?”

“၈နာရီမထိုးသေးဘူးမလား?” ချီထျန်းလင်ကတော့ ပုံမှန်လို မောက်မာသည့်အသံနေအသံထားအတိုင်းပင်။ ဟဲစစ်ရင်ဘက်ကိုလဲ အကြည့်တစ်ချက်ပင် မစွန့်ကျဲ့တာကြောင့် ဟဲစစ်ရင် ဝမ်းနည်းလာတော့သည်။

ချီထျန်းလင်သည် ဘယ်တော့မှ သူမကို သိပ်အာရုံမထားပေ။ သူမကိုကြိုက်နှစ်သက်သူအများကြီးသာ ရှိမနေပါက သူမကိုယ်သူမ ကြည့်မကောင်းလို့လားဟုပင် ထင်မိပေလိမ့်မည်။

“ရှင့်ဧည့်သည်တွေကို ဒီလိုစောင့်ခိုင်းနေတာ ယဉ်ကျေးမှုမရှိဘူး!” ဟဲစစ်ရင် ထပ်ပြီးပြောလိုက်သည်။

“သူက ငါဆီမှာ အလုပ်လုပ်တဲ့သူမဟုတ်ဘူး။ သူလဲ ကီရင်းဂိုဏ်းရဲ့ အထူးဧည့်သည်တစ်ယောက်ပဲ။” ချီထျန်းလင် ပြန်ပြောလိုက်သည်။ သူ ကုနင်းကို မြှောက်ပင်ပြောဆိုပေးခြင်းမဟုတ်ဘဲ အမှန်တရားကိုသာ ပြောလိုက်ခြင်းဖြစ်သည်။ သူ့အမြင်တွင်တော့ ကုနင်းသည် အထူးဧည့်သည်တစ်ဦးပင်။ သူနှင့်ကုနင်းက အရမ်းမရင်းနှီးကြပေမည့် သူတို့ကြားမှ အပေးအယူကတော့ အလွန်အရေးကြီးလှသည်။ ကုနင်းမှော်ဆေးသည် အလွန်အစွမ်းထက်တာကြောင့် သူနှင့်ကုနင်းကြားမှ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ပေသည်။

“အထူးဧည့်သည်?” ဟဲစစ်ရင် အံ့အားသင့်သွားသည်။ သူမတို့ဟဲမိသားစုသည် ကီရင်းဂိုဏ်းနှင့် ဆက်ဆံရေးကောင်းမွန်ပေမည့် ချီထျန်းလင်ကတော့ သူတို့ကို ဘယ်တော့မှ အထူးဧည့်သည်များလို ဆက်ဆံခြင်းမရှိပေ။

၈နာရီထိုးဖို့ ၃မိနစ်အလိုတွင်တော့ ကုနင်းအခန်းထဲသို့ဝင်လာခဲ့သည်။

ကုနင်းကိုမြင်လိုက်ရချိန်တွင် သာမာန်ကောင်မလေးတစ်ဦးလို့သာ တွေးမိတာကြောင့် ကျုံးကျန်းဟွေ့ရော ဟဲစစ်ရင်ပါ မျက်မှောင်ကြုတ်လိုက်မိကြသည်။ သို့ပေမည့် ကုနင်းက ဘယ်သူ့ခွင့်ပြုချက်ကိုမှ မတောင်းပါဘဲ အထဲသို့ဆက်ဝင်လာတာကြောင့် ချီထျန်းလင်ပြောထားသည့် လောင်းကစားလုပ်မည့်သူပဲဖြစ်ရပေမည်။

“လူကြီးမင်းချီ၊ ဒီမိန်းကလေးက လောင်းကစားလုပ်မယ့်သူဆိုတာ သေချာရဲ့လား?” ကျုံးကျန်းဟွေ့ အထင်အမြင်သေးစွာဖြင့် မေးလိုက်သည်။

“ဟုတ်တယ်လေ၊” ချီထျန်းလင် ရှည်ရှည်ဝေးဝေးရှင်းပြဖြေဆိုခြင်းမရှိပေ။ ထိုလူတွေဘက်က ကုနင်းကို ခပ်ပေါ့ပေါ့တွေးထားပါက သူ့အတွက် ပိုလို့အကျိုးရှိသည်မဟုတ်လား။

“ဒီကိုလာခဲ့။” ချီထျန်းလင် လက်ကိုဝှေ့ယမ်းကာ ကုနင်းကိုခေါ်လိုက်သည်။ သူ့ပုံစံက ပုံမှန်လို မောက်မာဟန်အပြည့်ရှိနေသေးသော်လည်း ဟဲစစ်ရင်ကို ဆက်ဆံပုံထက်တော့ ကုနင်းကိုဆက်ဆံပုံက များစွာညင်သာပေသည်။

ချီထျန်းလင် မိန်းကလေးတစ်ဦးအပေါ် ဤမျှ ညင်ညင်သာသာဆက်ဆံခြင်းကို မတွေ့ဖူးတာကြောင့် ဟဲစစ်ရင် စိတ်ပျက်သွားတော့သည်။ ဒီမိန်းကလေးက သူမထက်ပိုပြီးများလှနေလို့လား? ကုနင်းသည် အလွန်ဆွဲဆောင်မှုရှိသည်ကို သူမလက်ခံသလို ကုနင်း၏အလှကိုလဲ အနည်းငယ်မနာလိုဖြစ်မိပေမည့် သူတို့က အခုမှစတွေ့ဖူးသည့်သူစိမ်းသာဖြစ်တာကြောင့် မုန်းတီးခြင်းတော့မရှိပေ။

ကုနင်းလဲ ဘယ်လိုမှ စိတ်မသက်မသာဖြစ်သလို မခံစားရပါဘဲ အေးဆေးတည်ငြိမ်သည့် မျက်နှာထားဖြင့်ပင် ချီထျန်းလင်ရှိရာသို့ လျှောက်လာကာ ဘေးတွင်ဝင်ထိုင်လိုက်သည်။

ချီထျန်းလင် သူတို့ကို အချင်းချင်းသိအောင် မိတ်ဆက်ပေးမနေဘဲ၊ “သူမက ငါ့ကိုယ်စား အလောင်းအစားဆက်လုပ်ပေးမယ့်သူပဲ။ မင်းတို့စိတ်ကြိုက်လေးကြေးထပ်လို့ရတယ်၊ ငါဝင်မပါဘူး။”

ကျုံးကျန်းဟွေ့က ဒီကိုချီထျန်းလင်နှင့်လောင်းကစားလုပ်ဖို့ရန် လာခဲ့ခြင်းဖြစ်ပေမည့် ချီထျန်းလင်ကိုယ်တိုင် ဝင်ကစားပေးရမည်ဟုတော့ မဆိုလိုပေ။ ဘယ်သူ့ဘက်ကပဲရှုံးရှုံး အပေးအယူအတိုင်းလိုက်နာရမည်သာဖြစ်သည်။

“ကိစ္စမရှိဘူး။ ငါကလေးတစ်ယောက်အပေါ် အခွင့်ကောင်းယူတယ်ဆိုပြီး အပြစ်မတင်ဖို့ပဲ မျှော်လင့်တယ်။” ကျုံးကျန်းဟွေ့ လှောင်ရယ်ကာပြောလိုက်သည်။

ကျုံးကျန်းဟွေ့သည် အသက်၃၅နှစ်ဝန်းကျင်ရှိပြီဖြစ်ကာ ကနုင်းသည်တော့ ၂၀တောင်မရှိသေးတာကြောင့် သူ့အမြင်တွင် ကုနင်းသည် ကလေးတစ်ယောက်သာ,သာဖြစ်သည်။

ကျုံးကျန်းဟွေ့က ကုနင်းကို အထင်သေးနေပေမည့် သူမနှင့်အလောင်းအစားလုပ်ဖို့ကိုတော့ သဘောတူစဲပင်။ ကုနင်းတွင် အတွေ့အကြုံလုံးဝမရှိဘူးဟု ယုံကြည်တာကြောင့် သူသေချာပေါက်နိုင်မည်ဟု အလွန်ယုံကြည်ချက်ပြည့်ဝနေတော့သည်။ သူဒီကိုလာတာ ကစားပွဲကိုနိုင်ဖို့အတွက်သာဖြစ်ပြီး တရားတယ်မတရားဘူးကို ဂရုစိုက်နေဖို့မဟုတ်ပေ။

“မပြောပါဘူး။” ချီထျန်းလင်ပြန်ပြောလိုက်သည်။

“ငါအရင် သူနဲ့ပွဲနည်းနည်းလောက်ကစားချင်တယ်။” ဟဲစစ်ရင်ဝင်ပြောလိုက်သည်။

ကုနင်းကို ချီထျန်းလင် ဒီလောက်တောင်ယုံနေမှတော့ ကုနင်းကို အနိုင်ပိုင်းကာ ချီထျန်းလင် သူမအပေါ် စိတ်ဝင်စားလာအောင် လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။ သူမသည် ကုနင်းထက် အသက်အများကြီးသိပ်မကြီးတာကြောင့် သူတို့နှစ်ယောက်ကစားလျှင်တော့ တရားသည့်ကစားပွဲဟု သတ်မှတ်၍ရပေသည်။

“ရတယ်လေ။” ဟဲစစ်ရင်ကို ယုံကြည်တာကြောင့် ကျုံးကျန်းဟွေ့ သဘောတူလိုက်သည်။

“ငါ့မျိုးရိုးက ဟဲ။ နင့်နာမည်ကိုကော သိလို့ရမလား?” ဟဲစစ်ရင် ပြိုင်ဆိုင်လိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။

“ကု။”

“မိန်းကလေးကု၊ မင်းဘယ်လောက်တတ်နိုင်လဲ?”

“ရှင့်ဘက်က တတ်နိုင်သလောက်ပေါ့။” ဟဲစစ်ရင်ကို စိတ်တိုစေရန်အတွက် ကုနင်းတမင်ကို မောက်မာလွန်းသည့်ပုံပေါက်အောင် ပြောလိုက်သည်။ ဒါက သူမငွေများများရှာနိုင်မယ့် အခွင့်ကောင်းကြီးတစ်ခုဖြစ်တာကြောင့် သေချာပေါက် အခွင့်ရေးကို အပြည့်အဝအသုံးချရပေမည်။

“ဟမ့်၊ မိန်းကလေးကုကာ လူကြီးမင်းချီရဲ့ငွေကို သုံးမှာဆိုတော့ ဘာကိုမှဂရုမစိုက်တော့ဘူးပဲ။” ဟဲစစ်ရင် သရော်ဟန်ဖြင့်ပြောလိုက်သည်။ တကယ်တမ်းတော့ ချီထျန်းလင်၏ငွေကို အကန့်အသတ်မရှိ ကုနင်းသုံးနိုင်နေတာကြောင့် မနာလိုဖြစ်နေခြင်းသာဖြစ်သည်။

ဒါက ချီထျန်းလင်၏နှလုံးသားထဲတွင် ကုနင်းဘယ်လောက်တောင် အရေးပါကြောင်း သက်သေပြနေသလိုပင်။ ကုနင်းသည် ချီထျန်းလင်၏အထူးဧည့်သည်မဟုတ်ဘဲ ချစ်သူကောင်မလေးသာဖြစ်နိုင်သည်ဟု ဟဲစစ်ရင်တွေးနေခြင်းဖြစ်သည်။

ထိုအတွေးကပဲ ဟဲစစ်ရင်ကို ဝမ်းနည်းလာမိစေသည်။ သူမ ချီထျန်းလင်ကို ကြိုက်လာဆိုသည်ကို မသေချာပေမည့် ချီထျန်းလင်းက သူမကိုဆို အမြဲလျစ်လျူရှုနေတာကြောင့် ထိုလူနှင့်ချစ်ချင်စိတ်များ သူမရင်ထဲတောက်လောင်နေသည်။

ကုနင်း မျက်မှောင်ကြုတ်သွားကာ မကျေနပ်မှုအပြည့်ဖြင့်၊ “ကျွန်မ ဒီနေ့အလောင်းအစားလုပ်တာမှာ သူ့ငွေကိုမသုံးပါဘူး။ သူ့ငွေကိုသုံးလိုက်ရင် ကျွန်မနိုင်ရင်လဲ သူ့ကိုခွဲပေးနေရမှာပေါ့။” ဒါက သူတို့နှင့်အလောင်းအစားလုပ်ရာတွင် သူမကိုယ်ပိုင်ငွေကို သုံးမည်ဟု ပြောလိုက်ခြင်းသာဖြစ်သည်။

ထိုစကားကြောင့် ဟဲစစ်ရင်ကော ကျုံးကျန်းဟွေ့ပါ အလွန်အံ့အားသင့်သွားတော့သည်။ ကုနင်းသာ သူမငွေနှင့်သူမသုံးမည်ဆိုလျှင် အလွန်ချမ်းသာတာကြောင့်ပဲဖြစ်မည်။ သူတို့ရဲ့အလောင်းအစားက ပုံမှန်ဆို အနည်းဆုံးယွမ်၁၀သန်းကနေ စတာမဟုတ်လား။

ကုနင်း သူတို့စည်းမျဉ်းကို မသိတာကြောင့်လဲဖြစ်နိုင်လောက်သည်ဟု ဟဲစစ်ရင်နှင့်ကျုံးကျန်းဟွေ့တို့ ပြန်တွေးလိုက်သည်။

“ဒါဆို တစ်ပွဲကို ဘယ်လောက်လောင်းရင် အဆင်ပြေမယ်လို့ထင်လဲ?” ဟဲစစ်ရင်မေးလိုက်သည်။

“ကိစ္စမရှိဘူး။ ရှင်လောင်းချင်သလောက်သာလောင်းပါ၊ မိန်းကလေးဟဲ။” ကုနင်းပြောလိုက်ပုံက ပုံမှန်ဟုသာ ထင်ရပေမည့် တကယ်တမ်း ဒေါသကိုဆွဲပေးနေသံပိုပေါက်သည်။

***

All Chapters