အခန်း (၇၃၆-၇၄၀)
Vol. 50 Ch. 736-740
အခန်း ၇၃၆ တစ်ပွဲနိုင်ပြီ
ဟဲစစ်ရင် ဒေါသထွက်လာကာ ကောင်မလေးကို သင်ခန်းစာကောင်းကောင်း ပေးပစ်ဖို့ရန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။
“မိန်းကလေးကုက အရမ်းသုံးနိုင်တာပဲ၊ ဒါဆို တစ်ပွဲကို ယွမ်သန်းတစ်ရာနှုန်း လောင်းကြေးထပ်ကြရင်ဘယ်လိုလဲ?” ဟဲစစ်ရင် အထင်သေးစွာဖြင့်ပြောလိုက်သည်။
ယွမ်သန်းတစ်ရာဆိုသည်မှာ ကုနင်းအတွက် အလွန်များပြားသည့်ပမာဏဖြစ်တာကြောင့် ကုနင်းချက်ချင်း လျှော့ပေးဖို့ တောင်းဆိုလိမ့်မည်ဟု သူမယုံကြည်နေသည်။ အလောင်းအစားလုပ်ခြင်းသည် ဆုံးရှုံးနိုင်ချေများလွန်းသည့်ကစားပွဲဖြစ်တာကြောင့် ဤသို့လောင်းကြေးအမြင့်ကိုလောင်းရဲသည့်လူ များများစားစားမရှိပေ။
ဟဲစစ်ရင်၏လောင်းကြေးကို ကြားကာ ကုနင်း သူမမျက်ခုံးကို ပင့်မိသွားသည်။
ကုနင်း၏အပြုအမူက ဟဲစစ်ရင်၏အမြင်တွင်တော့ လောက်လန့်သွားသည့် လက္ခဏာဖြစ်နေပေမည့် သူမမသိသည်ကု ကုနင်းက ထိုမျှ အများကြီးတွေးနေခြင်းမရှိကြောင်းကိုပင်။ သူမအရင်လဲ ချီထျန်းလင်နှင့် ယွမ်သန်းတစ်ရာကြေးလောင်းကြေးထပ်နေကျဖြစ်တာကြောင့် ဒါကို ကြေးများလွန်းသည်ဟု မတွေးမိပေ။ ထို့အပြင် ကုနင်းက သူမသေချာပေါက်အနိုင်ရမည်ဟုလဲ ယုံကြည်ချက်ရှိပေသည်။
“ဘာလဲ? မိန်းကလေးကုက ဒါကို အရမ်းများတယ်ထင်လို့လား? ဒါဆိုလဲ ကျွန်မတို့…” ဟဲစစ်ရင်က သူမဘက်ကပဲ ထောက်ထားညှာတာကာ လောင်းကြေးကိုလျှော့ပေးတော့မည်ဟန်ဆောင်လိုက်ပေမည့် သူမစကားမဆုံးသေးခင်တွင်ပဲ ကုနင်းက ကြားဖြတ်ကာ၊ “ဘယ်များရမှာလဲ၊ ယွမ်သန်းတစ်ရာဆိုတာ ကျွန်မနဲ့လူကြီးမင်းချီတို့ အပျော်ကစားရင်တောင် လောင်းနေကျပမာဏမို့ မိန်းကလေးဟဲကတော့ ဒီထက်များများလောင်းကြေးတင်လိမ့်မယ်လို့ ထင်ထားမိလို့ပါ။”
ကုနင်း၏အပြောက ဟဲစစ်ရင်ကို အရှက်ရသွားစေသည်။
ဟဲစစ်ရင် ရှက်သွားသလို ဒေါသလဲထွက်သွားတော့သည်။ ယွမ်သန်းတစ်ရာက ကုနင်းအမြင်တွင် သိပ်မများဘူးဆိုတာကိုသိလိုက်ရသည့်အတွက်ကြောင့်လဲ အလွန်အံ့ဩသွားရသည်။ ထို့အပြင် ကုနင်းက သူမနှင့်ချီထျန်းလင် အပျော်ကစားရင်တောင်မှ ယွမ်သန်းတစ်ရာလောင်းကြေးထပ်သည်ဟုပင် ပြောသွားသေးသည်။
ကုနင်း၏စကားပြောပုံက ပုံမှန်မဟုတ်တာကြောင့် ချီထျန်းလင်၏နှုတ်ခမ်းများကော့တက်သွားတော့သည်။ ကုနင်းသည် အလွန်ချမ်းသာကာ ကစားပွဲတွင် နိုင်လိမ့်မည်ကိုလဲ သူသိသေးပေမည့် အမှန်တရားကိုတော့ ထုတ်ပြောလိမ့်မည်မဟုတ်ပေ။ တကယ်တမ်း ကုနင်း သူတို့ကို အပြတ်အသတ်အနိုင်ပိုင်းချလိုက်သည်က သူ့အတွက်ပိုတောင်အကျိုးရှိသေးသည်မဟုတ်လား။
ယနေ့လောင်းကစားပွဲ၏ရလဒ်သည် နှစ်စဉ်ယွမ်သန်းရာပေါင်းများစွာ မြတ်သည့် သူတို့လုပ်ငန်း၏ ရှယ်ယာများနှင့်ပတ်သတ်ဆက်နွယ်နေသည်မဟုတ်လား!
“ကဲပါ၊ အရေးတော့မကြီးလှပါဘူး။ ယွမ်သန်းတစ်ရာကြေးပဲ လောင်းလိုက်ကြတာပေါ့။” ကုနင်း သူမဘက်က ဟဲစစ်ရင်စိတ်ကြိုက်မျက်နှာသာပေးသည့် သဘောဖြင့်ပြောလိုက်တာကြောင့် ဟဲစစ်ရင်ပိုလို့ပင် အရှက်ရသွားကာ ဘာမှပြန်မပြောနိုင်တော့ပေ။
ဒါ့အပြင် ကုနင်း၏ယုံကြည်မှုရှိလွန်းနေသည့်အမူအရာကြောင့်လဲ သူမစိတ်လှုပ်ရှားလာရသည်။ သူမသည် အတွေ့အကြုံရှိပြီးသားလောင်းကစားသမားတစ်ဦးဖြစ်ကာ သူမ၏အလိုလိုသိစိတ်အရ သူမရှေ့ရှိ စားပွဲတစ်ဖက်တွင် ထိုင်နေသည့်မိန်းကလေးမှာ မရိုးရှင်းမှန်း အာရုံရနေသည်။
ဘာပဲဖြစ်ဖြစ် သူမက ကျော်ကြားလှတဲ့လောင်းကစားဘုရင်ကြီး၏သမီးဖြစ်သလို သူမ၏ကိုယ်ပိုင်လောင်းကစားစွမ်းရည်ကြောင့်လဲ နာမည်ကြီးသည်မဟုတ်လား။ ဒီအတွက် အတွေ့အကြုံရှိပုံမရသည့် ကောင်မလေးတစ်ဦးကို ရှုံးနိုင်စရာအကြောင်းမရှိပေ။
အစမှအဆုံးထိ ကျုံးကျန်းဟွေ့ကတော့ ကုနင်းရောက်လာကတည်းက တောက်လျှောက်လိုက်ကြည့်နေလေသည်။ ဒီကောင်မလေးရဲ့ပြောပုံဆိုပုံက မောက်မာလှသော်လည်း ချီထျန်းလင်ကိုယ်စား ကစားပွဲကိုကစားပေးမည့်သူဆိုမှတော့ သာမာန်ကောင်မလေးတော့မဖြစ်နိုင်ပေ။
တစ်ပွဲကို ယွမ်သန်းတစ်ရာသာလောင်းမည်ဖြစ်ပေမည့် နှစ်စဉ်လုပ်ငန်းမှရမည့်အမြတ်ငွေကတော့ ထိုထက်မကများပေသည်။
တရားမဝင်စီးပွားရေးလုပ်ငန်းမှနေပြီး တရားဝင်ငွေဖြူဖြစ်အောင် များစွာရှာနိုင်ကာ တစ်နှစ်ကို ယွမ်သန်းရာပေါင်းများစွာရဖို့က မခက်ခဲပေ။
“အံစာတုံးကစားနည်းအများကြီးရှိတယ်၊ မိန်းကလေးကုက ဘယ်လိုကစားနည်းကို ကစားချင်လဲ?” ဟဲစစ်ရင်မေးလိုက်သည်။
“တစ်ယောက်ရဲ့အံ့စာတုံးနံပါတ်ကို တစ်ယောက်မှန်းတိုင်းကစားကြရကော? ဘယ်သူပဲ အမှန်ကိုခန့်မှန်းနိုင်ပါစေ ပွဲမှာအနိုင်ပဲလေ။”
ကုနင်းကစားချင်သည့် ကစားပွဲမှာ ဟဲစစ်ရင် ကျွမ်းကျင်သည့်အရာဖြစ်တာကြောင့် နိုင်ဖို့ယုံကြည်ချက်ရှိသည့်အပြုံးမျိုး ဖြစ်ပေါ်လာတော့သည်။
“ရတာပေါ့၊ ကျွန်မတို့ သုံးပွဲကစားကြတာပေါ့။”
ပုံမှန်ဆိုလျှင်လဲ လောင်းကစားကစားရာတွင် အနည်းဆုံးသုံးပွဲကစားရသည်။
“ကောင်းပြီလေ။” ဘာပဲဖြစ်ဖြစ် သူမပဲနိုင်မည်ဖြစ်တာကြောင့် ဘယ်နှပွဲပဲဖြစ်ဖြစ် ကုနင်းအတွက် ကိစ္စမရှိပေ။
ကုနင်း သူမဘယ်လိုမှရှုံးလိမ့်မည်ဟု မတွေးမိပေ။ ဟဲစစ်ရင် ဘယ်လောက်ပဲ လောင်းကစားဘုရင်ရဲ့သမီးဖြစ်နေပါစေ နောက်ဆုံးသရေပွဲဖြစ်အောင်သာ လုပ်နိုင်ပေမည်။
“ဒါဆိုလဲ စလိုက်ကြရအောင်!” ဟဲစစ်ရင် ပြောကာ ကုနင်းကို ဦးစားပေးလိုက်သည်။ “ရှင်အရင်စပါ။”
“ကျေးဇူးပဲ။” ကုနင်း တုံ့ဆိုင်းမနေဘဲ အံစာခွက်ကို စတင်ခေါက်လိုက်သည်။
တိတ်ဆိတ်နေသည့်နေရာဖြစ်သည့် အလျောက် ခွက်ထဲမှ အံစာတုံးလှည့်ပတ်နေသည့်အသံကို ရှင်းရှင်းလင်းလင်းကြားနိုင်ပေသည်။
အသံတစ်သံချင်းစီကို ဟဲစစ်ရင် သေချာအာရုံစိုက်နားထောင်နေကာ ကျုံးကျန်းဟွေ့သည်တော့ ကုနင်းကို လေ့လာစောင့်ကြည့်နေသည်။
ကုနင်း တခဏမျှအံစာခွက်ကိုခေါက်ပြီးနောက် စားပွဲပေါ်သို့ မှောက်ချလိုက်သည်။
“နံပါတ်ဘယ်လောက်လဲ?”
“၅, ၅, ၃” ဟဲစစ်ရင် ယုံကြည်ချက်အပြည့်ဖြင့် ဖြေလိုက်သည်။
သူမခန့်မှန်းချက်မှန်ပေသည်။ ကုနင်းမအံ့ဩသွားဘဲ လောင်းကစားဘုရင်၏သမီးတစ်ယောက်အနေနဲ့ ဟဲစစ်ရင်သည်လဲ တော်သည်ကိုသာ အသိအမှတ်ပြုမိသည်။
ဟဲစစ်ရင် ပထမပွဲကိုအနိုင်ရရှိသွားပေပြီ။
ဟဲစစ်ရင်ကတော့ သူမတစ်ပွဲနိုင်သွားသော်လည်း နောက်ဆုံးရလဒ်ကိုခန့်မှန်းနိုင်ဖို့ရန်က စောလွန်းသေးတာကြောင့် မကျေနပ်နိုင်သေးပေ။
ထို့နောက် ဟဲစစ်ရင်အံစာခေါက်ရသည့်အလှည့်ဖြစ်သည်။ သူမလဲ အံစာခွက်ကို အချိန်ခဏခေါက်ကာ စားပွဲပေါ်သို့ပြန်တင်လိုက်သည်။
“မိန်းကလေးကု၊ ခန့်မှန်းပါ။”
“၁, ၂, ၃”
ကုနင်း၏အဖြေကြောင့် ဟဲစစ်ရင်မျက်မှောင်ကြုတ်သွားသည်။ အံစာခွက်ကို မဖွင့်ခင်ကတည်းက ကုနင်း၏အဖြေမှန်လိမ့်မည်ဟု သူမအာရုံရနေခြင်းကြောင့်ပင်။
ကုနင်း၏အဖြေသာတကယ်ပဲ မှန်ကန်မည်ဆိုလျှင်တော့ ကုနင်းသည် တကယ့်ကိုပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်ကြောင်း သူမလက်ခံမိပေမည်။ ထို့နောက် သူမအံစာခွက်ကို ဖွင့်လိုက်ကာ အမှန်တကယ်ကိုပင် ၁, ၂, ၃ ဆိုသည့်နံပါတ်များကိုတွေ့လိုက်ရသည်။
ထိုအချင်းအရာကြောင့် ဟဲစစ်ရင်ကော ကျုံးကျန်းဟွေ့ပါ ကုနင်းသာမာန်မဟုတ်ကြောင်း လက်ခံလိုက်ရကာ ယနေ့ကစားပွဲတွင် သူတို့နိုင်ဖို့ မလွယ်ကူတော့ကြောင့်လဲ သိလိုက်ရသည်။
နောက်တစ်ပွဲတွင်တော့ ဟဲစစ်ရင် အရင်ဆုံးအံစာခေါက်ရသည်။
“၅, ၅, ၆” ကုနင်းခန့်မှန်းလိုက်ကာ တကယ်ကိုပဲ မှန်သွားပြန်သည်။
ဤတစ်ကြိမ်တွင်တော့ ဟဲစစ်ရင်အနည်းငယ် ထိတ်လန့်လာရသည်။ ကုနင်းသည် နံပါတ်များကို အလွန်လွယ်ကူစွာ ခန့်မှန်းနေနိုင်ပုံရခြင်းကြောင့်ပင်။ ကုနင်းက အံစာခွက်ကိုပင် ဖောက်ထွင်းကာ အထဲမှ နံပါတ်များကိုမြင်နိုင်နေသည်ဟုတောင်မှ သူမအတွေးဝင်သွားရသည်။
ထို့နောက် ကုနင်းအံစာခေါက်ရသည့်အလှည့်သို့ပြန်ရောက်လာသည်။
“၆, ၆, ၅” ဟဲစစ်ရင်ခန့်မှန်းလိုက်သည်။
သို့ပေမည့် ဤတစ်ကြိမ်တွင်တော့ ဟဲစစ်ရင်မှားသွားတာကြောင့် တစ်ပွဲရှုံးသွားခဲ့သည်။
တကယ်တော့ ယခုလိုကစားပွဲမျိုးတွင် အရှုံးရှိသည်မှာ သာမာန်မျှသာဖြစ်သည်။ ဟဲစစ်ရင်၏ဖခင်က ဘယ်လောက်ပဲ လောင်းကစားဘုရင်ဆိုဆို ပွဲတိုင်းတော့ အနိုင်မရနိုင်ပေမည့် ကုနင်းနှင့်ကစားရသည့်ပွဲတွင် ယခုလိုမျိုး သူမရှုံးသွားရသည်ကိုတော့ ဘယ်လိုမှလက်ခံမပေးနိုင်ပေ။
***
အခန်း ၇၃၇ ကုနင်း၏နိုင်ပွဲများ
ဟဲစစ်ရင် လက်မခံနိုင်ရုံတင်မကသေး တစ်ပယ်လို့များ နောက်ဆုံးပွဲတွင်ပါ သူမအနိုင်မရပါက ဒီကစားပွဲကို ရှုံးသွားပေလိမ့်မည်။
သူတို့နှစ်ယောက်လုံး သုံးပွဲတည်းနှင့် ဘယ်သူနိုင်လဲ ဘယ်သူရှုံးလဲဆုံးဖြတ်ဖို့ သဘောတူထားပြီးဖြစ်သည်။ သူတို့တစ်ပွဲသရေဖြစ်ထားကာ ကုနင်းက ဒုတိယပွဲတွင် အမှန်ကိုခန့်မှန်းနိုင်ခဲ့တာကြောင့် ဟဲစစ်ရင်သာ မရှုံးလိုလျှင် နောက်ဆုံးပွဲကို အနိုင်ရမှဖြစ်ပေမည်။
သူမအတွက် အခုပွဲကိုနိုင်ဖို့ကလဲ ဖြေနိုင်ချေသိပ်မရှိတာကြောင့် ရှုံးမှာကြောက်ကာ စိတ်ဖိစီးမိလာတော့သည်။
“မိန်းကလေးဟဲ၊ ဒီနေ့ပွဲတော့ ရှင်ရှုံးတော့မယ်ထင်တယ်။” ကုနင်း အပြုံးလေးဖြင့်ပြောလိုက်သည်။
ဟဲစစ်ရင် အတတ်နိုင်ဆုံးကို စိတ်ကိုလျှော့ကာ၊ “ဆက်ကစားကြတာပေါ့။”
ဤတစ်ကြိမ်သည်တော့ ဟဲစစ်ရင်အံစာခေါက်ရသည့်အလှည့်ဖြစ်သည်။
ဟဲစစ်ရင် အံစာခေါက်နေသည့်အချိန်တွင် ကုနင်းကတော့ အေးဆေးတည်ငြိမ်သည့် မျက်နှာထားဖြင့် သူမကိုသာကြည့်နေတာကြောင့် ဟဲစစ်ရင်ပိုလို့ပင် စိတ်ဖိစီးလာရတော့သည်။ ကုနင်း ဒီတစ်ခေါက် နံပါတ်မှန်အောင် မမှန်းနိုင်စေချင်တာကြောင့် သူမအံစာကို အကြာကြီးဆက်ခေါက်နေခဲ့သည်။
ကုနင်းကတော့ ဘယ်လောက်ပဲကြာကြာ ဂရုစိုက်မနေဘဲ ချီထျန်းလင် သူမအတွက်ချပေးသည့် လက်ဖက်ရည်ကိုသောက်နေလိုက်သည်။ သို့ပေမည့် ချီထျန်းလင်ကတော့ သူမလိုစိတ်မရှည်နိုင်ပေ။ “မိန်းကလေးဟဲ မင်းအံစာကို ဘယ်လောက်ကြာအောင် ခေါက်နေမှာလဲ?”
ဟဲစစ်ရင် ကြောင်သွားကာ ထိုတော့မှ သူမအံစာခေါက်နေတာ ကြာနေပြီမှန်း သတိရသွားတော့သည်။
ထို့ကြောင့် ခဏနေသည်နှင့် အံစာခွက်ကို စားပွဲပေါ်ချလိုက်တော့သည်။
“၁” ကုနင်းခန့်မှန်းလိုက်သည်။
ထိုအဖြေက အားလုံးကို အံ့အားသင့်သွားစေသည်။ ‘၁’ဆိုသည့်အဖြေ၏အဓိပ္ပါယ်ကို သူတို့အားလုံးသိနေကြခြင်းကြောင့် ထိုမျှအံ့အားသင့်သွားကြခြင်းဖြစ်သည်။
ဟဲစစ်ရင် ဘယ်လောက်ပဲ အံစာခွက်ကို မဖွင့်ချင်ပါစေ နောက်ဆုံးတော့ ဖွင့်ပေးလိုက်ရသည်သာ။
အံစာတုံးသုံးခုစလုံးမှာ အထဲတွင် တစ်ပုံတည်းရှိနေတာကြောင့် အံစာအဖြေက အမှန်ကိုပင် ‘၁’သာ ပြပေသည်။
ထိုအရာကြောင့် အားလုံးထိတ်လန့်သွားကြတော့သည်။
“ကောင်းပြီ၊ ငါရှုံးတယ်။”
ဤပွဲက နောက်ဆုံးပွဲဖြစ်တာကြောင့် ကုနင်း နိုင်သည်ဖြစ်စေ သရေကျသည်ဖြစ်စေ သူမရှုံးမည်သာဖြစ်တာကြောင့် ဟဲစစ်ရင် အရှုံးပေးလိုက်တော့သည်။ ဘယ်လောက်ပဲရလဒ်ကို လက်သင့်မခံနိုင်ပါစေ လက်တွေ့အမှန်တရားကိုတော့ ရင်ဆိုင်လက်ခံရပေမည်။
သို့ပေမည့် ကျုံးကျန်းဟွေ့ကတော့ မျက်မှောင်ကြုတ်လိုက်ကာ အလိုမကျသည့်အသံဖြင့်၊ “မင်းအခုချက်ချင်း အရှုံးပေးလိုက်ချင်တာ သေချာပြီလား? နောက်ဆုံးပွဲကိုဘာလို့ မကစားချင်တာလဲ? မင်းအဖေ သိသွားရင်ဘယ်လိုလုပ်မလဲ? မင်းဒီလိုအရှုံးပေးလိုက်တာကို သူလက်ခံမယ်ထင်နေတာလား?”
ယွမ်သန်းတစ်ရာလောင်းကြေးကို သူအလေးမထားသော်လည်း သူတို့ဂုဏ်သိက္ခာကတော့ အရေးကြီးပေသည်။ သူ့အမြင်ကတော့ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ နောက်ဆုံးပွဲအထိကို သေချာပေါက် ကစားသွားရပေမည်။
ဟဲစစ်ရင် ထပ်ပြီးကြောင်အသွားပြန်ကာ သူမအရှုံးမပေးသင့်ကြောင့် သတိရသွားပြီး၊ “ကောင်းပြီလေ၊ နောက်ဆုံးပွဲ ဆက်ကစားကြတာပေါ့။”
ကုနင်းပြုံးလိုက်ကာ ချက်ချင်းပင် အံစာခွက်ကို စခေါက်လိုက်သည်။ ဟဲစစ်ရင် လုံးဝကျရှုံးသွားသည်ကို မမြင်ရဘဲ ဒီအတိုင်းအရှုံးပေးလိုက်မည်ကို သူမမြင်လိုပေ။ ကုနင်းဆိုသူမှာ ကစားပွဲတစ်ခုကို တစ်ဆင့်ချင်းစီ အနိုင်ယူသွားချင်သူသာဖြစ်သည်။
ကုနင်း အံစာစခေါက်နေသည်ကို မြင်သည်နှင့် ဟဲစစ်ရင် အလေးအနက်အာရုံစိုက်လိုက်တော့သည်။ အံစာသံများကို သူမအသေအချာနားထောင်နေပေမည့် စိတ်ဖိစီးနေခဲ့ရတာကြောင့် အာရုံမစိုက်နိုင်ပေ။
သိပ်မကြာလိုက်ပါဘဲ ကုနင်း အံစာခွက်ကို စားပွဲပေါ်တင်လိုက်ကာ ဟဲစစ်ရင်ကို ခန့်မှန်းစေလိုက်သည်။
ဟဲစစ်ရင် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး၊ “၂, ၃, ၄”
ကုနင်းအံစာခွက်ကိုဖွင့်လိုက်ချိန်တွင် စိတ်မကောင်းစွာဘဲ အံစာနံပါတ်များမှာ ၂,၃,၄ ဟုတ်မနေပေ။
“စိတ်မကောင်းပါဘူး။ ရှင်မှန်းတာမှားသွားပြီ။” ကုနင်းညင်ညင်သာသာလေးပင်ပြုံးပြကာ ပြောလိုက်သည်။
ဟဲစစ်ရင် ဘာမှပြန်မပြောလာပေ။ ရလဒ်ကြောင့် သူမမပျော်မရွှင်ဖြစ်ရပေမည့် ပြန်ပြင်ဆင်၍ရသည့်အရာလဲ မဟုတ်ပေ။
ထို့နောက် ကုနင်းနှင့် ကျုံးကျန်းဟွေ့တို့ကစားသည့်အလှည့်သို့ ရောက်လာခဲ့သည်။
ဟဲစစ်ရင်ရှုံးသွားခဲ့တာကြောင့် ကျုံးကျန်းဟွေ့လဲ ကုနင်းကို အထင်မသေးရဲတော့သလို ဖိအားပင်ခံစားနေရသည်။
ဒုတိယပွဲ၏ ပထမအချီတွင် သရေကျသည်။
ဒုတိယပွဲ၏ ဒုတိယအချီတွင်လဲ သရေကျသွားပြန်သည်။
ဒုတိယပွဲ၏ တတိယအချီတွင်တော့ ကုနင်းအနိုင်ရခဲ့သည်။
သူတို့နှစ်ဦး အခုချိန်ထိ ၆ချီကစားပြီးခဲ့ပြီဖြစ်ကာ သုံးပွဲသရေကျပြီး ကျန်သုံးပွဲကို ကုနင်းနိုင်ခဲ့သည်။ နောက်သုံးချီတွင် ကျုံးကျန်းဟွေ့နိုင်ခဲ့မည်ဆိုလျှင်တော့ ပွဲကိုဆက်လက်လုပ်သွားမည်ဖြစ်ပေမည့် တစ်ကြိမ်လေးပဲ သရေကျတာ ဒါမှမဟုတ် ကုနင်းနိုင်သွားတာမျိုး ဖြစ်ခဲ့မည်ဆိုလျှင်တော့ ကျုံးကျန်းဟွေ့ရှုံးတော့မည်ဖြစ်သည်။
တတိယပွဲ၏ပထမအချီတွင် သရေကျကာ ဒုတိယပွဲတွင်တော့ ကုနင်းနိုင်ခဲ့ပြီး တတိယပွဲသည်တော့ သရေကျခဲ့သည်။
သူတို့နှစ်ဦး ၉ချီနှင့် သုံးပွဲကစားခဲ့ကာ ငါးချီက သရေကျပြီး ကျန်အချီများတွင်တော့ ကုနင်းအနိုင်ရတာကြောင့် ကုနင်းက အနိုင်ရရှိသူဖြစ်သွားပေပြီ။
ပြောရမည်ဆိုလျှင် ကုနင်း ယွမ်သန်း၄၀၀အနိုင်ရသွားခဲ့သည်။
ချီထျန်းလင်အတွက်ကတော့ ကုနင်းအနိုင်ရမည်မှန်း ယုံကြည်မှုရှိထားပြီးဖြစ်၍ ဒီရလဒ်က အံ့ဩစရာမကောင်းပေမည့် ကျုံးကျန်းဟွေ့တို့အဖွင့်အတွက်မူ ဘယ်လိုမှ လက်ခံမပေးနိုင်သည့်ရလဒ်ဖြစ်သွားခဲ့သည်။ သူတို့အတွက် တစ်ပွဲလေးတောင်မနိုင်ဘဲ ဆိုးဆိုးရွားရွား ရှုံးနိုင်သွားခဲ့သည်က အရှက်ရစရာကောင်းလှသည်။
ကျုံးကျန်းဟွေ့ အလွန်စိတ်ပျက်သွားကာ ဘာစကားမှမဆိုနိုင်တော့ပေ။
“ရလဒ်ထွက်လာပြီဆိုတော့ ခင်ဗျားတို့ရှုံးသွားတဲ့လောင်းကြေးကို အရင်ရှင်းပြီးမှ အပေးအယူကိစ္စကို လက်မှတ်ထိုးကြတာပေါ့။” ချီထျန်းလင် စကားစလိုက်သည်။
ကုနင်းကတော့ သူမအချိန်တိုလေးနှင့် ယွမ်သန်း၄၀၀တောင် အနိုင်ရသွားသော်လည်း ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်နေစဲဖြစ်ကာ ဒါက ပြောပလောက်သည့်ပမာဏမဟုတ်သလိုမျိုး စိတ်လှုပ်ရှားခြင်းတစ်စုံတစ်ရာမှ ထုတ်ဖော်ခြင်းမရှိပေ။ တကယ်တမ်း သူမ၏ရင်ထဲတွင်တော့ အလွန်ပျော်ရွှင်ဝမ်းမြောက်နေပြီး မျက်နှာတွင် ဖော်ထုတ်ပြခြင်းမရှိရုံသာဖြစ်သည်။ သူမသည် အခုချိန်တွင် အလွန်အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပြီဖြစ်တာကြောင့် စီးပွားရေးကိစ္စလုပ်သည့်နေရာတွင် သူမစိတ်ခံစားချက်အမူအရာများကို ထိန်းချုပ်ထားရမည်မှန်း သိနေပြီဖြစ်သည်။
ထို့နောက် ကုနင်း သူမနာမည်နှင့်ဘဏ်ကဒ်နံပါတ်ပါသည့် ကဒ်တစ်ခုကို ထုတ်ပေးလိုက်သည်။
ဟဲစစ်ရင်နှင့် ကျုံးကျန်းဟွေ့တို့က တစ်ဦးလျှင် ယွမ်သန်း၂၀၀စီ ကုနင်း၏ဘဏ်ကဒ်ထဲသို့လွှဲပေးခဲ့ကာ ငွေလွှဲဝင်သည်နှင့် ကုနင်းအခန်းထဲမှ ထွက်လာခဲ့သည်။
ချီထျန်းလင်ကလဲ ခဏနေ သူနှင့်ကျုံးကျန်းဟွေ့တို့ အပေးအယူကိစ္စဆွေးနွေးကြမည်ဖြစ်သည့်အတွက် ကုနင်းနေဖို့ မသင့်တော်တာကြောင့် တားမြစ်ခြင်းမပြုခဲ့ပေ။
ကုနင်း အခန်းထဲမှထွက်ပြီးမကြာခင်တွင်ပဲ ဟဲစစ်ရင်က သူမကို တားလိုက်သည်။ “မိန်းကလေးကု၊ ခဏလောက်နေပါဦး။”
ကုနင်း ရပ်လိုက်ကာ ယဉ်ကျေးစွာပဲ မေးလိုက်သည်။ “မိန်းကလေးဟဲ၊ ကျွန်မဘာများကူညီပေးရလဲ?”
“ကျွန်မတို့ သီးသန့်စကားပြောကြလို့ရမလား?”
“ရတာပေါ့။”
ထို့နောက် သူမတို့နှစ်ဦး မြေကမ္ဘာကလပ်၏ လက်ဖက်ရည်အိမ်တော်သို့ထွက်လာခဲ့ကြသည်။
***
အခန်း ၇၃၈ ဟဲစစ်ရင်နှင့်အပေးအယူလုပ်ခြင်း
ဟဲစစ်ရင် ကုနင်းထံသို့မီနူးကမ်းပေးလိုက်ကာ၊ “မိန်းကလေးကု ဘာသောက်မလဲ?”
ကုနင်း ဖတ်ကြည့်လိုက်ပြီးနောက်၊ “ဘလက်ခ်တီးပေးပါ။”
“အချိုပွဲကော စားဦးမလား?”
“တော်ပါပြီ၊ ကျေးဇူးပဲ။”
ထို့နောက် ဟဲစစ်ရင်က ကုနင်းအတွက် ဘလက်ခ်တီးတစ်ခွက်မှာကာ သူမအတွက်တော့ လုံကျင်းလက်ဖက်ရည်တစ်ခွက်ကိုမှာလိုက်သည်။
စားပွဲထိုးမိန်းကလေးက သူမတို့အတွက် လက်ဖက်ရည်နှစ်ခွက်ချပေးပြီးသည်နှင့် ပြန်ထွက်သွားခဲ့သည်။
“မိန်းကလေးကုက ကျွန်မတွေ့ဖူးသမျှလူတွေထဲမှာ လောင်းကစားစွမ်းရည်အမြင့်ဆုံးပဲ။ ကျွန်မအဖေတောင် ရှင့်လောက် ကွက်တိခန့်မှန်းနိုင်မှာမဟုတ်ဘူး။” ဟဲစစ်ရင် အမှန်တကယ်ရိုးသားစွာဖြင့် ပြောလိုက်သည်။ သူမဖခင်တောင်မှ ၁၀၀ရာခိုင်နှုန်းအပြည့်အဝ မှန်ကန်အောင် ခန့်မှန်းနိုင်မည်မဟုတ်သော်လည်း ကုနင်းကတော့ လုပ်နိုင်ခဲ့သည်။ သူမဖခင်နှင့်ကုနင်းသာ ကစားကြမည်ဆိုလျှင် ကုနင်းဘက်က နိုင်ဖို့အခွင့်အရေးပိုများမည်ဖြစ်ကြောင်း သူမအသိအမှတ်ပြုရပေမည်။
“ချီးကျူးပေးတဲ့အတွက် ကျေးဇူးပါပဲ။” ကုနင်းယဉ်ကျေးစွာပင် ပြန်လည်တုံ့ပြန်လိုက်သည်။
“မိန်းကလေးကု၊ ရှင် လောင်းကစားနယ်ပယ်ထဲကို ဝင်ရောက်ဖို့စိတ်ကူးများရှိမလား? ရှင့်ရဲ့ ဒီလိုမျိုးထူးချွန်တဲ့ လောင်းကစားစွမ်းရည်နဲ့ဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်ကျော်ကြားမှုလွယ်လွယ်လေးရမယ့် အပြင် တစ်ချိန်တည်း ကြွယ်ဝချမ်းသာလာလိမ့်မယ်။” ကုနင်းကို သူမနှင့်အလုပ်တွဲလုပ်စေချင်သည့် ဟဲစစ်ရင်၏ရည်ရွယ်ချက်မှာ ထင်ရှားလှပေသည်။
“ကျွန်မက အပျော်သဘောပဲကစားတာပါ၊ ကျော်ကြားဖို့ရော ကြွယ်ဝဖို့ပါ စိတ်မဝင်စားဘူး။ ပြောရရင် ကျွန်မမှာ ငွေလိုနေတာမှမဟုတ်ဘဲ။” ကုနင်းပြန်ဖြေလိုက်သည်။ သူမအမှန်တရားကိုပြောနေခြင်းသာ ။ သူမသည် လောင်းကစားပရိတ်သတ်တစ်ယောက်မဟုတ်သလို လောင်းကစားလုပ်ဖို့ကလဲ သူမအတွက် လိုအပ်သည့်အရာမဟုတ်ပေ။ ကျောက်အလောင်းအစားလုပ်တာကတော့ သေချာပေါက် ချွင်းချက်တစ်ခုပေါ့။
လောင်းကစားဘုရင်မတစ်ပါးအဖြစ် သူမကျော်ကြားလာပါက အကျိုးအမြတ်များစွာအပြင် ဘေးထွက်ဆိုးကျိုးကလဲ ယှဉ်တွဲပါလာပေမည်။ လောင်းကစားနယ်ပယ်မှလူအများကတော့ သူမအောင်မြင်ရသည့်အကြောင်းရင်းကို နားလည်နိုင်ကြပေမည့် ဤနယ်ပယ်နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသူများကတော့ သူမကို လောင်းကစားစွဲနေသည့်လူတစ်ဦးလို့သာ မြင်ကြပေလိမ့်မည်။
လောင်းကစားစွဲနေသည်ဟု ထင်သွားခြင်းမှာ ကောင်းသည့်ထင်မြင်ယူဆချက်တစ်ခု ဘယ်လိုမှမဖြစ်နိုင်ပေ။
ကုနင်းအခုလိုမျိုး တုံ့ဆိုင်းခြင်းအလျဉ်းမရှိ သူမ၏ကမ်းလှမ်းချက်ကို ငြင်းလိမ့်မည်ဟု မထင်ထားတာကြောင့် ဟဲစစ်ရင် အံ့ဩကာ ကြောင်အလို့သွားသည်။ ထို့ကြောင့်ပဲ သူမဘာဆက်ပြောလို့ ပြောရမှန်း မသိတော့ပေ။
လက်ဖက်ရည်တစ်ငုံလောက်သောက်ပြီးကာမှ ဟဲစစ်ရင်စကားပြန်ဆက်နိုင်တော့သည်။ “မိန်းကလေးကုနဲ့ ကျွန်မအပေးအယူတစ်ခုလုပ်ချင်တယ်ဆိုရင်ကော? ဒီနေ့ရှင်လုပ်ခဲ့သလိုမျိုး တစ်ယောက်ယောက်ကို ကျွန်မကိုကူပြီး အနိုင်ယူပေးလို့ရမလား?”
ဟဲစစ်ရင်၏ကမ်းလှမ်းချက်ကို ကုနင်းစိတ်ဝင်စားမိတာကြောင့် ချက်ချင်းငြင်းဆိုခြင်းမပြုခဲ့ပေ။ “အိုး၊ ရှင်က ကျွန်မကစားပေးမယ်ဆို ဘယ်လောက်ပေးမှာလဲ? ဘယ်သူကို အနိုင်ယူပေးစေချင်တာလဲ?”
ဟဲစစ်ရင်သာ ထိုက်ထိုက်တန်တန်အခကြေးငွေပေးမည်ဆိုလျှင် ကုနင်းအတော်လေးစိတ်ဝင်စားမည်မှန်ပေမည့် ချီထျန်းလင်နှင့် ယှဉ်ပြိုင်ကစားခိုင်းမည်စိုးတာကြောင့် ဘယ်သူနှင့်ပြိုင်ကစားစေလိုလဲဆိုသည်ကို ဟဲစစ်ရင်အားမေးမြန်းရခြင်းဖြစ်သည်။
ချီထျန်းလင်နှင့်သူမမှာ အတိုင်းအတာတစ်ခုအထိ ရင်းနှီးနေကြပြီဖြစ်ကာ သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ကူညီနေကြသူများဖြစ်ပြီး တစ်ဖက်က ဟဲစစ်ရင်ကတော့ သူမအတွက် သူစိမ်းတစ်ယောက်သာဖြစ်သည်။
ကုနင်းချက်ချင်းမငြင်းဆန်တာကြောင့် ဟဲစစ်ရင် မျှော်လင့်ချက်ရှိသွားကာ သူမမျက်နှာမှာ ချက်ချင်းဝင်းပသွားတော့သည်။
“ရှင့်ကို ကျွန်မဘယ်လောက်ပေးနိုင်မလဲဆိုတာကို မသေချာပေမယ့် သေချာပေါက် ယွမ်သန်း၅၀၀အောက်တော့ မလျော့မှန်းအာမခံပါတယ်။ ရှင့်ကိုကူပြီး အနိုင်ယူကစားပေးစေချင်တဲ့လူကတော့ ကျွန်မဦးလေး ဟဲဟုန်ယွမ်ပဲ။ ဒီလောင်းကစားပွဲက ဟဲမိသားစုရဲ့ အမွေဆက်ခံမဲ့ရာထူးနဲ့သက်ဆိုင်နေတယ်။ အခုကျွန်မအဖေရဲ့ အကြားအာရုံက ပြဿနာရှိနေပြီး ကျွန်မတို့မိသားစုမှ လောင်းကစားအကျွမ်းဆုံးဖြစ်တဲ့ ဒုတိယအစ်ကိုကလဲ ပျောက်ဆုံးနေတယ်။ ကျန်တဲ့လူတွေကကျ ကျွန်မဦးလေးကို ဘယ်လိုမှ မယှဉ်ပြိုင်နိုင်ဘူး၊ ဒါကြောင့် ဒီကစားပွဲကို ကျွန်မတို့မနိုင်မှာ စိုးရိမ်နေရတာ။”
ဟဲစစ်ရင် အမှန်တရားကို မကွယ်မဝှက်ဘဲ ကုနင်းအားပြောပြကာ ပြောရင်းဖြင့်ပင် သူမအသံက အေးစက်လာကာ ဝမ်းနည်းလာပုံရသည်။ ဒါက သူမတို့ဟဲမိသားစု၏ အတွင်းပိုင်းကပ်ဘေးတစ်ခုပင်ဖြစ်သည်။
ထိုစကားများကို ကုနင်းနားထောင်ပြီးနောက် ဒါက ကြွယ်ဝလွန်းသည့်မိသားစုကြီးအတွင်းမှ အာဏာနှင့်ကြွယ်ဝမှုအတွက် ယှဉ်ပြိုင်တိုက်ခိုက်မှုဖြစ်ကြောင်း နားလည်လိုက်သည်။
တကယ်တမ်း ဟဲဟုန်ကျဲ့၏အကြားအာရုံနှင့် ဟဲစစ်ယန်၏ပျောက်ဆုံးမှုမှာ ဟဲဟုန်ယွမ်၏ မိသားစုအမွေဆက်ခံလိုခြင်းကြောင့် လုပ်ထားသည့် အကြံအစည်များဖြစ်ကြောင်း သူတို့သိကြပေသည်။ သို့သော်လည်း ဟဲဟုန်ယွမ် ထိုကိစ္စများကိုကြံစည်ထားပါသည်ဟူသည်ကို ဘယ်လောက်ပဲ သေချာသိနေပါစေ တိကျသည့်သက်သေအထောက်အထားမရှိနေတာကြောင့် ဘာမှမလုပ်နိုင်ပေ။
အခုတော့ ဟဲဟုန်ယွမ်က ဟဲမိသားစု၏စီးပွားရေးကို ထိန်းချုပ်ရန် ခေါင်းဆောင်အသစ်ကို လောင်းကစားလုပ်ခြင်းဖြင့် ရွေးချယ်မည်ဟု အဆိုပြုလာကာ သူတို့ဘက်ကလဲ မငြင်းနိုင်ခဲ့ပေ။ တခြားသူများသာ ဟဲဟုန်ကျဲ့ လောင်းကစားစီးပွားရေးလုပ်ငန်းကို သေချာမဦးဆောင်နိုင်တော့မှန်း သိသွားပါက ဟဲမိသားစု၏ရန်သူများက ဤအခွင့်အရေးကို သေချာပေါက် အသုံးချကြပေလိမ့်မည်။
ဟဲမိသားစုသည် တကယ်ကိုအာဏာရှိပေမည့် ဟဲဟုန်ယွမ်တွင်က ထျန်းတိဟွေ့၏ကျောထောက်နောက်ခံရှိနေသေးသည်။
ထျန်းတိဟွေ့သည် ကီရင်းဂိုဏ်းနှင့် ချင်ဂိုဏ်းလိုပင် အာဏာကြီးသည့် HKမှတစ်ခုတည်းသောဂိုဏ်းဖြစ်သည်။
ဟဲမိသားစုနှင့် ထျန်းတိဟွေ့သည် ရှည်ကြာကာကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့ပေမည့် ထျန်းတိဟွေ့ခေါင်းဆောင်၏ဒုတိယသား ဟုန်ယွဲ့ဖေးက ဟဲဟုန်ယွမ်၏သမီးဟဲယီရှီကို ချစ်မိသွားတာကြောင့် အခုတော့ ထျန်းတိဟွေ့က ဟဲဟုန်ယွမ်ကိုထောက်ပံ့ပေးဖို့ ရွေးချယ်သွားခဲ့သည်။
တကယ်တော့ ဟုန်ယွဲ့ဖေးသည် အစက ဟဲစစ်ရင်ကို ပိုးပန်းခဲ့ခြင်းဖြစ်ပေမည့် ဟဲစစ်ရင်က ဟုန်ယွဲ့ဖေးလို ပွေရှုပ်သည့်လူမျိုးကို သဘောမကျပေ။
သို့ပေမည့် ဟဲယီရှီကတော့ ဟုန်ယွဲ့ဖေး၏ ကြည့်ကောင်းသည့် သွင်ပြင်ကြောင့် ဆွဲဆောင်ခံလိုက်ရကာ သူမဘက်သို့ပါရန် မြူဆွယ်တော့သည်။ ဟဲယီရှီသည် ဟဲစစ်ရင်လောက်မလှသော်လည်း အိပ်ရာပေါ်မှအရည်အချင်းကတော့ အလွန်ကောင်းမွန်တာကြောင့် ဟုန်ယွဲ့ဖေးကို အောင်မြင်စွာ မြူဆွယ်လိုက်နိုင်တော့သည်။
ဟုန်ယွဲ့ဖေးအတွက်ကတော့ သူဘယ်သူ့ကိုပဲလက်ထပ်လိုက်ပါစေ ပုံမှန်အတိုင်းကမ္ဘာပတ်ကာ ပွေရှုပ်နေဦးမည်ဖြစ်တာကြောင့် ဟဲယီရှီနှင့်လက်ထပ်ဖို့သဘောတူကာ ဟဲဟုန်ယွမ်ဘက်မှ ရပ်တည်လိုက်တော့သည်။
သို့ပေမည့် ဟဲဟုန်ယွမ်သာ ထျန်းတိဟွေ့နှင့်အမှန်တကယ်ပူးပေါင်းလိုလျှင် ဟဲဟုန်ကျဲ့နှင့်လောင်းကစားလုပ်ကာ အနိုင်ရဖို့လိုအပ်ပေသည်။ ဟဲဟုန်ကျဲ့နှင့်ထျန်းတိဟွေ့၏ ခေါင်းဆောင်မှာ အချိန်ကြာမြင့်စွာအဆက်အဆံရှိခဲ့တာကြောင့် ဒီအတိုင်း သူတို့ကြားမှဆက်ဆံရေးကို ဖျက်ဆီးမပစ်ချင်ပေ။
သို့သော်လည်း ကြာမြင့်သည့်ဆက်ဆံရေးရှိသည်က ဟဲဟုန်ကျဲ့ဘက်တွင် ထျန်းတိဟွေ့က ထောက်ခံပေးမည်ဟုတော့ မဆိုလိုပေ။ ထျန်တိဟွေ့သည်လဲ အကျိုးအမြတ်ကိုသာ အဓိကထားသည့်အဖွဲ့ဖြစ်ပေသည်။
ဟဲဟုန်ကျဲ့၏အကြားအာရုံချို့ယွင်းသွားတာနှင့် ဟဲစစ်ယန်ပျောက်ဆုံးသည့်ကိစ္စကို ဟဲဟုန်ယွမ်လုပ်ခဲ့သည့်အကြောင်းကလွဲ၍ အထက်ပါကိစ္စများမှာ လူကုံထံအသိုင်းအဝိုင်းကြားတွင် လျှို့ဝှက်ချက်တစ်ခုမဟုတ်တာပေ။ ထို့ကြောင့်လဲ ဟဲစစ်ရင်က ကုနင်းကို အားလုံးပြောပြနေခြင်းဖြစ်သည်။
ကုနင်းကတော့ သူတို့မိသားစုကြားမှ ပဠိပက္ခများကို စိတ်မဝင်စားဘဲ ပုံပြင်တစ်ပုဒ်လိုသာ နားထောင်နေလိုက်သည်။
“တကယ်လို့ ကျွန်မရှုံးသွားခဲ့ရင်ကော?” ကုနင်းပြန်မေးလိုက်သည်။
ယွမ်သန်း၅၀၀အလွယ်ဝင်မည့်အခွင့်အရေးကို သူမအနေနဲ့ လက်လွှတ်စရာအကြောင်းမရှိသော်လည်း မအောင်မြင်ခဲ့လျှင် သူမဘက်က တာဝန်ယူရမည့်ရလဒ်မျိုးကိုတော့ မလိုချင်ပေ။
“ကျွန်မဘက်က ရှင့်ကိုကူညီဖို့ဖိတ်ကြားတာဆိုမှတော့ ရှင် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ရလဒ်အတွက် တစ်ခုခုပြန်ပေးဖို့မလိုပါဘူး။ ကျွန်မဘက်က ပြောထားတဲ့အခကြေးငွေအတိုင်း ပေးပါမယ်လို့ ကတိပေးပါတယ်။ ရှင့်ဘက်က ရှင့်အရည်အချင်းရှိသလောက် အကောင်းဆုံးကျိုးစားလုပ်ဆောင်ပေးပြီး ကျွန်မကို သစ္စာမဖောက်သွားဖို့ပဲ မျှော်လင့်တာပါ။”
ကုနင်း၏လောင်းကစားစွမ်းရည်သည် အနည်းဆုံးတော့ သူမမိသားစုမှအခြားလူများထက် သာလွန်နေတာကြောင့် ဟဲစစ်ရင် ကုနင်း၏စွမ်းရည်ကိုယုံကြည်သော်လည်း ကုနင်း၏စရိုက်အနေအထားကိုတော့ စိုးရိမ်မိသည်။ ကုနင်းသူမကို သစ္စာဖောက်သွားမည်အား ကြောက်မိပေသည်။ ဒါ့အပြင် အကျိုးအမြတ်ဆိုတာ ဆုံးရှုံးမှုနဲ့ယှဉ်တွဲနေပြီး ဟဲစစ်ရင်အနေဖြင့် ကုနင်းကိုအကူအညီတောင်းဖို့သာ တတ်နိုင်သည့်အခြေအနေဖြစ်နေသည်။
ဟဲစစ်ရင်က ချီထျန်းလင်ထက်တောင် ရက်ရက်ရောရောပေးနေတာကြောင့် ကုနင်းသဘောတူလိုက်တော့သည်။
“ကစားပွဲက ဘယ်တော့လဲ?”
“မတ်လ၂၈ရက်နေ့၊ ဟဲမိသားစုကာစီနိုရဲ့ ၁၅နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားနေ့ပဲ။” ဟဲစစ်ရင် စိတ်လှုပ်ရှားစွာပြောပြလိုက်သည်။
***
အခန်း ၇၃၉ ချီထျန်းလင်နဲ့ဘယ်လိုပတ်သတ်လဲ
မတ်လ၂၈ရက်တွင် ကုနင်းအားလောက်ပေမည့် တစ်ခုခုအစီအစဉ်ရှိလာနိုင်မည်လားဆိုသည်ကို ကြိုမှန်းလို့မရနိုင်တာကြောင့်၊ “ဒီအပေးအယူကိစ္စကို ကျွန်မတော်တော်လေးစိတ်ဝင်စားပါတယ်။ ဒါပေမယ့် အဲ့နေ့ကျရင် အားပါ့မလားဆိုတာ မသေချာလို့ ချက်ချင်းတော့ ကတိမပေးနိုင်သေးဘူး။ ဒါပေမယ့် ကျွန်အားရင် သေချာပေါက် လာတွေ့ပါ့မယ်။”
ကုနင်း၏အဖြေကြောင့် ဟဲစစ်ရင် အနည်းငယ်စိတ်ပျက်လို့သွားရသည်။
ဘာပဲဖြစ်ဖြစ် ကုနင်းက ထိုနေ့တွင် အရောက်လာကာ သူမကိုကူညီပေးနိုင်ချေများတာကြောင့် ယနေ့အတွက် သူမလုပ်ဆောင်ချက်က အကောင်းဆုံးရလဒ်တစ်ခုဖြစ်သွားပေပြီ။
“ကောင်းပါပြီ၊ ဒါကရှင့်ဆုံးဖြတ်ချက်အတိုင်းပါပဲ။ ဒါပေမယ့် အဲ့နေကျရင် လာပေးနိုင်ဖို့ကိုတော့ ကျွန်မမျှော်လင့်နေပါတယ်၊ မိန်းကလေးကု။” ဟဲစစ်ရင်ပြောပြီးသည်နှင့် သူမနာမည်ကဒ်ကိုထုတ်ယူကာ ကုနင်းကိုပေးလိုက်သည်။ “မိန်းကလေးကု၊ ဒါက ကျွန်မနာမည်ကဒ်ပါ၊ ရှင်လာဖြစ်သည်ဖြစ်စေ မလာဖြစ်ပါစေ ကျွန်မကို ဆက်သွယ်ပေးပါ၊ ဒါမှ လိုအပ်တာဆက်ပြီးစီစဉ်လို့ရမှာမို့။”
ကုနင်းသာ HKကိုသွားမည်ဆိုလျှင် သူမသည် ဟဲမိသားစုအတွက် အရေးကြီးဆုံးဧည့်သည်တော်တစ်ဦးဖြစ်လာမည်ဖြစ်ကာ ဟဲစစ်ရင်ကလဲ သူမကိုအကောင်းဆုံးဧည့်ခံပေးပေလိမ့်မည်။
“ဟုတ်ပါပြီ။” ကုနင်း သူမနာမည်ကဒ်ကိုလဲ ဟဲစစ်ရင်ကိုပေးလိုက်သည်။
“ဒါနဲ့ မိန်းကလေးကု၊ အခုဒီကိစ္စကို ကျွန်မတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်တစ်ခုအဖြစ်ထားပေးပါနော်။ တခြားလူကိုမပြောလိုက်ပါနဲ့။ သူများတွေသိသွားရင် ရှင့်အတွက်လဲ မကောင်းလောက်ဘူး။ ကျုံးကျန်းဟွေ့ကိုလဲ မသိပါစေနဲ့။ ရိုးရိုးသားသားပြောရရင် ကျွန်မ ကျုံးကျန်းဟွေ့ကိုလဲ မယုံဘူး။ သူ့ဘက်က ရှင့်ကိုဆက်သွယ်လာခဲ့ရင် သူဘာပဲလုပ်ပေးမယ်ပြောပြော သူ့တောင်းဆိုချက်ကို ငြင်းပေးပါ။” ဟဲစစ်ရင်အလေးအနက်ထားကာပြောလိုက်သည်။ ဒါက ကုနင်း၏လုံခြုံရေးအတွက်ပြောခြင်းဖြစ်သလို ဟဲမိသားစု၏အနာဂါတ်အတွက် ကြိုတင်ကာကွယ်ထားခြင်းလဲဖြစ်သည်။
ကျုံးကျန်းဟွေ့က သူမဖခင်၏ယုံကြည်မှုကို ရရှိထားကာ ဟဲမိသားစုကို တစ်ကြိမ်မျှထိခိုက်အောင် မလုပ်ထားဖူးသော်လည်း ကျုံးကျန်းဟွေ့နှင့်ဟုန်ယွဲ့ဖေးတို့ တစ်စားပွဲတည်း ညစာအတူစားနေသည်ကို ဟဲစစ်ရင်မြင်ဖူးထားတာကြောင့် သတိထားနေခြင်းဖြစ်သည်။ ကျုံးကျန်းဟွေ့က သူမဖခင်အပေါ် ယခင်လိုဆက်ပြီး သစ္စာခံနေသလားဆိုသည်ကို မသေချာတော့ပေ။ ဒီလိုအနီးကပ်ဆုံးမိတ်ဆွေ၏ နောက်ကျောဓါးနှင့်ထိုးခြင်းခံရသည့်ကိစ္စမှာ အထူးအဆန်းမဖြစ်ဖူးသည့်အရာတစ်ခု မဟုတ်ပေ။
“ကောင်းပါပြီ။” ဟဲစစ်ရင်က သူမလုံခြုံရေးကိုလဲ ထည့်စဉ်းစားပေးတာကိုကြားရတာကြောင့် ကုနင်းကျေနပ်သွားခဲ့သည်။
တကယ်တော့ ကုနင်းဘက်ကလဲ ကျုံးကျန်းဟွေ့အပေါ် ထင်မြင်ချက်ကောင်းကောင်းမရှိပေ။ ထိုလူကို သိုးရေခြုံသည့်ဝံပုလွေတစ်ကောင်အဖြစ် သူမအမြဲခံစားနေခဲ့ရသည်။ ဒါပေါ့၊ လူတစ်ယောက်ကို အပေါ်ယံအသွင်အပြင်ကြည့်ပြီးတော့ ကောက်ချက်ချလို့မဖြစ်ပါဘူး။ ဒါပေမယ့်လဲ ကုနင်းကတော့ သူမထင်မြင်ချက်ကောင်းမရှိထားသည့်လူနှင့် ခပ်ဝေးဝေးနေဖို့ရန်ဆန္ဒရှိသူဖြစ်သည်။
ဟဲစစ်ရင်ကိုတော့ အကောင်းမြင်စိတ်ရှိထားကာ ကုနင်းအတွက် အဆက်အသွယ်ကိုတိုးချဲ့ပြီး ငွေဝင်ပေါက်ဖြစ်စေဖို့ရန် အခွင့်ကောင်းဖြစ်တာကြောင့် သူမနှင့်ပူးပေါင်းလုပ်ဆောင်ဖို့ ကုနင်းဆန္ဒရှိသည်။
ကုနင်း HKကို အကြိမ်ပေါင်းများစွာ သွားဖူးခဲ့ကာ ဟဲဟုန်ကျဲ့နာမည်ကိုလဲ မရေမတွက်နိုင်အောင် ကြားဖူးခဲ့သည်။ ဟဲဟုန်ကျဲ့တွင် ဂုဏ်သတင်းကောင်းရှိကာ လူတော်တော်များများကလဲ သူ့ကိုလေးစားကြသည်။
ထျန်းတိဟွေ့က ဤအရှုပ်ထုတ်ထဲကိုပါဝင်နေသော်လည်း ကုနင်းအတွက်တော့ ထိုအဖွဲ့ကို ကိုယ်တွင်ဖြေရှင်းနိုင်သည်ဟု ယုံကြည်ချက်ရှိနေတာကြောင့် သူမအန္တရာယ်ရှိလာမည်ကို မကြောက်မိပေ။ ထို့အပြင် သူမ၏နေရပ်နှင့်အလုပ်အကိုင်မှာ HKတွင်မဟုတ်တာကြောင့် ထျန်းတိဟွေ့အနေနဲ့ သူမကိုအန္တရာယ်ပြုဖို့ ခက်ခဲပေမည်။
ဟဲစစ်ရင် တစ်ခုခုပြောဖို့ရန် အတော်ကြာတွန့်ဆုတ်နေပြီး နောက်ဆုံးမေးခွန်းတစ်ခုထပ်မေးလိုက်သည်။ “မိန်းကလေးကု၊ ကျွန်မတစ်ခုလောက်မေးလို့ရမလား?”
“မေးပါ။”
“ရှင် ချီထျန်းလင်နဲ့ဘယ်လိုပတ်သတ်မှုရှိလဲ?” ဟဲစစ်ရင် စိုးရိမ်စွာဖြင့်မေးလိုက်သည်။
ဟဲစစ်ရင် သူမကိုမုန်းသည့်သဘောထားရှိနေခြင်းမှာ ချီထျန်းလင်ကြောင့်မှန်း ကုနင်းနားလည်ပေမည့် အခုတော့ ဟဲစစ်ရင်၏သဘောထားမှာလုံးဝပြောင်းလဲသွားပြီဖြစ်သည်။
“ကျွန်မတို့က သာမာန်မိတ်တွေတွေပါ။”
ကုနင်း၏စကားကို ဟဲစစ်ရင်ယုံကြည်ပေသည်။ ဒါက သူမ ကုနင်းနှင့်ပထမဆုံးအကြိမ်တွေ့ဆုံဖူးခြင်းဆိုပေမည့် ကုနင်းကို ယုံကြည်ရသည့်မိန်းကလေးတစ်ဦးလို့ သူမခံစားနေရကာ သူမကို ကုနင်းလိမ်မှာမဟုတ်ဘူးလို့လဲ ယုံကြည်နေမိသည်။
“ဒါနဲ့၊ မိန်းကလေးကု အသက်၂၀တောင်မပြည့်သေးဘူးထင်တယ်၊ ဟုတ်လား?”
“၁၈နှစ်ပါ၊ အခုမှ အထက်တန်းနောက်ဆုံးနှစ်တက်နေတာ။”
ကုနင်းတော်တော်ငယ်မည်မှန်း ဟဲစစ်ရင်ခန့်မှန်းထားပြီးဖြစ်ပေမည့် ၁၈နှစ်အရွယ်ကျောင်းသူတစ်ဦးသာဖြစ်နေတာကြောင့် အံ့အားသင့်သွားမိရစဲပင်။
ကုနင်းသည် လောင်းကစားလုပ်ရမှာ သာမာန်ထဲထူးချွန်နေရုံသာမကဘဲ အလွန်ရင့်ကျက်ကာ တည်ငြိမ်လှသည်။ သူမသည် အသက်၁၈နှစ်အရွယ်နှင့်ပင်မတူပဲ အသက်၃၀ကျော်အမျိုးသမီးတစ်ဦးလိုပင် ရင့်ကျက်တည်ငြိမ်လှသည်။
သူမတို့နှစ်ဦး အချိန်ကြာမြင့်စွာ မနေခဲ့ဘဲ ဟဲစစ်ရင်လဲ ကျုံးကျန်းဟွေ့နှင့်အတူ ပြန်သွားခဲ့သည်။
ဟိုတယ်သို့ပြန်သည့်လမ်းရောက်သည်နှင့် ကျုံးကျန်းဟွေ့က ဟဲစစ်ရင်ကိုမေးလိုက်သည်။ “စစ်ရင်၊ မိန်းကလေးကုနဲ့ ဆွေးနွေးတာဘယ်လိုလဲ?”
“သဘောမတူလိုက်ဘူး။” ကုနင်း ဝမ်းနည်းနေသည့်ပုံစံဖြင့် ပြန်ဖြေလိုက်သည်။
ထိုအဖြေကြောင့် ကျုံးကျန်းဟွေ့က ဟဲစစ်ရင်၏အကြည့်များကိုရှောင်ကာ ထပ်မေးလိုက်သည်။ “ဘာလို့လဲ?”
“သူ့ကို ကျော်ကြားမှုရော ကြွယ်ဝမှုနဲ့ပါ အစပိုင်းမှာ ဆွယ်ခဲ့ပေမယ့် သူကစိတ်မဝင်စားဘူး။ နောက် သူ့ကိုပူးပေါင်းဖို့ပါ ပြောလိုက်ပေမယ့်လဲ သူက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရှိသေးလို့ စာလုပ်ရဦးမည်ဆိုပြီးပြောပြန်တယ်။”
ကျုံးကျန်းဟွေ့ မျက်မှောင်ကြုတ်သွားသည်။ ကုနင်းက ဒီလိုဆွဲဆောင်မှုမျိုးကိုတော့ ငြင်းလိုက်တာကြောင့် အံ့ဩသွာခဲ့ရသည်။
“မင်းမှာ သူ့ဖုန်းနံပါတ်ရှိလား? ငါသူနဲ့စကားပြောကြည့်လိုက်မယ်။”
“သူ့ဖုန်းနံပါတ် တောင်းကြည့်ပေမယ့် မပေးဘူး။”
ဟဲစစ်ရင် သူ့အပေါ် သံသယဝင်နေပြီဖြစ်ကြောင်း ကျုံးကျန်းဟွေ့မသိသေးတာကြောင့် သူမပြောသမျှကို ယုံကြည်သွားသည်။
“အင်းပါ၊ ငါ လူကြီးမင်းချီကို ဆက်သွယ်ကြည့်လိုက်မယ်။”
ချီထျန်းလင်သည် ဟဲမိသားစုကာစီနိုတွင် ရှယ်ယာပိုင်ဆိုင်တာကြောင့် ကုနင်းနှင့်တွေ့ဆုံဖို့အတွက် သူ့ကိုချီထျန်းလင်ကူညီပေးလောက်မည်ဟု တွေးမိသည်။
ဟဲစစ်ရင်ကတော့ နှုတ်ဆိတ်လို့သာနေသည်။
တစ်ချိန်တွင်တည်းတွင် တစ်ဖက်တွင်တော့ ချီထျန်းလင်က ကုနင်းကို ဖုန်းဆက်လိုက်သည်။
“ဟဲစစ်ရင် မင်းကိုဘာပြဿနာရှာသွားသေးလဲ?”
“သူ့မှာ ငါ့ကိုပြဿနာရှာနိုင်တဲ့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား?” ကုနင်းအထင်သေးဟန်ဖြင့်ပြန်မေးလိုက်သည်။
“ဟုတ်ပါတယ်၊ သူမင်းကိုမလုပ်နိုင်ပါဘူး။” ကုနင်း အားလုံးကို သူမဘာသာဖြေရှင်းနိုင်မည်မှန်း ချီထျန်းလင်နားလည်လိုက်သည်။
……..
ယန်ကျီချင် ယုကျီကို အိမ်ပြန်လိုက်ပို့ပြီးကာမှ သူ့အိမ်သို့ပြန်လာခဲ့သည်။ သူအိမ်သို့ပြန်ရောက်သည်ကို မြင်လိုက်ရတော့ ယန်ကတော်အံ့ဩသွားကာ၊ “သား ဘာလို့အစောကြီး အိမ်ပြန်လာတာလဲ?”
ပုံမှန်ဆိုလျှင် ယန်ကျီချင်သည် ယုကျီနှင့် ညစာစား၊ ရုပ်ရှင်ကြည့်ကာ အိမ်သို့လိုက်ပို့ပြီးကာမှ ပြန်လာတာကြောင့် ၁၀နာရီကျော်လောက်မှ ပြန်ရောက်နေကျဖြစ်ပေမည့် အခုတော့ ၉နာရီခွဲရုံသာ ရှိသေးပေသည်။
“ဒီနေ့မကောင်းတာဖြစ်ခဲ့လို့။” ယန်ကျီချင်ပြန်ဖြေလိုက်သည်။
***
အခန်း ၇၄၀ ယုကျီကိစ္စကို ကုနင်းပြန်သိရပြီ
ယန်ကျီချင်၏စကားကြောင့် ယန်ကတော်စိတ်ပူသွားကာ စိုးရိမ်တကြီးမေးလိုက်သည်။ “ဘာဖြစ်ခဲ့လို့လဲ?”
ဘယ်လိုပဲဖြစ်ဖြစ် ယုကျီ၏သတင်းမှာ အနှေးနဲ့အမြန် ယန်ကတော်၏နားထဲသို့ ရောက်မည်ဖြစ်တာကြောင့် ယန်ကျီချင်လဲ ကွယ်ဝှက်မနေဘဲ အလုံးစုံပြန်ပြောပြလိုက်တော့သည်။
သတင်းဆိုးကိုကြားလိုက်ရပြီးနောက် ယန်ကတော်ကြောက်လန့်သွားကာ၊ “ယုကျီကော ဘယ်လိုနေသေးလဲ? အဆင်ပြေရဲ့လား? မဖြစ်သေးပါဘူး။ အမေ သူ့ကို ဖုန်းဆက်ကြည့်မှပါ။”
ပြောရင်းဆိုရင်းနှင့်ပင် ယန်ကတော်က သူဖုန်းကိုထုတ်ကာ ယုကျီကို ချက်ချင်းဆက်သွယ်လိုက်သည်။ ယန်ကတော်သည် ယုကျီကို အလွန်သဘောကျနေတာကြောင့် သူမ၏လုံခြုံရေးကိုလဲ စိတ်ပူမိသည်။
ယန်ကျီချင်ကလဲ သူ့အမေအကြောင်း ကောင်းကောင်းသိတာကြောင့် တားမြစ်ခြင်းမပြုပေ။ သူမသာ ကိုယ်တိုင်ဖုန်းဆက်မကြည့်ရပါက ဘယ်လိုမှစိတ်အေးနိုင်တော့မည်မဟုတ်မှန်း သိသာလှသည်။
ယန်ကတော်၏ဖုန်းခေါ်ဆိုမှုကို ယုကျီလက်ခံရရှိချိန်တွင်တော့ အံ့ဩလွန်း၍ ဖုန်းတောင်လွန်ကျလုနီးနီးဖြစ်သွားသည်။ ယန်ကျီချင်နှင့်သူမသည် အခုမှသူငယ်ချင်းအဆင့်သာရှိသေးသော်လည်း ယန်ကတော်ကိုတော့ သူမ၏အနာဂါတ်ယောက္ခမတစ်ဦးလို ခံစားနေရပြီဖြစ်သည်။
………
ကုနင်း ဟွားဖုတောင်ကုန်းသို့ပြန်ရောက်သည့်အချိန်တွင် ကုမန့်နှင့်ချောင်ယသည်လဲ အိမ်ပြန်ရောက်နေပြီဖြစ်သည်။
နောက်တစ်နေ့မနက်တွင်တော့ ကောင်းယိက ဖုန်းဆက်လာကာ ယနေ့ မြို့တော်သို့ ကျောက်စိမ်းလက်ဝတ်ရတနာများ သွားပို့မည်ဖြစ်ပြီး မနက်ဖြန်ဆိုလျှင် တရားဝင်ဆိုင်ဖွင့်မည့်အကြောင်း ပြောလာခဲ့သည်။
ကုနင်းလဲ အစက မြို့တော်ဆိုင်သို့သွားဖို့ ကြံရွယ်ထားပေမည့် အခုတော့ ထန်မိသားစုကိစ္စကို စိတ်ပူနေရတာကြောင့် မသွားဖြစ်တော့ပေ။
တကယ်တော့ သူမသည်ဘော့စ်တစ်ယောက်ဖြစ်တာကြောင့် ဖွင့်ပွဲနေ့တိုင်းကို သွားရောက်ပေးနေစရာမလိုအပ်ပေ။
…………
မနက်ပိုင်းတွင် ချီထျန်းလင်က ကုနင်းကို ဖုန်းခေါ်လာပြန်ကာ ကျုံးကျန်းဟွေ့က သူမနှင့်ထပ်တွေ့ချင်နေကြောင်း ပြောပြခဲ့သည်။
ချီထျန်းလင်က သူမအတွက် ဆုံးဖြတ်ချက်ချကာ တွေ့ရမည်ဟု ပြောခြင်းမဟုတ်ဘဲ ရွေးချယ်ခွင့်ပေးထားပေသည်။
ကျုံးကျန်းဟွေ့က သူမကိုဟဲမိသားစုအကြောင်း ပြောချင်တာဖြစ်မည်မှန်း ကုနင်းနားလည်ပေမည့် တွေ့ဆုံဖို့သဘောတူလိုက်သေးသည်။ သူမ ဟဲစစ်ရင်ကို ကူညီဖို့ဆုံးဖြတ်ထားပြီးမှတော့ ယခုပြဿနာထဲတွင် ကျုံးကျန်းဟွေ့ ဘယ်လိုဘယ်ပုံပါဝင်နေလဲဆိုသည်ကိုလဲ ဖော်ထုတ်ကြည့်ချင်သေးသည်။ ထို့ကြောင့် သူမတို့ နေ့လည်၁၁နာရီတွင် ကီရင်းဟိုတယ်၌တွေ့ဖို့ရန် သဘောတူလိုက်သည်။
ကီရင်ဟိုတယ်သည် ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်တစ်ခုဖြစ်ပေမည့် နိုင်ငံတကာအဆင့်မှီတော့မဟုတ်ပေ။
မနက်စာစားပြီးနောက် ကုနင်းထံသို့ ချောင်ဝမ်ရှင်းရောက်လာကာ သူမပုံစံက တစ်စုံတစ်ခုကို မကျေမနပ်ဖြစ်နေသလိုပင်။
“နင်းနင်း၊ ဒါကို ကြည့်လိုက်။” ချောင်ဝမ်ရှင်း သူမဖုန်းကို ကုနင်းထံသို့ကမ်းပေးလိုက်သည်။
ဖုန်းထဲမှာသတင်းဆိုးတစ်ခုခုရှိနေလောက်မှန်း မှန်းဆမိတာကြောင့် ကုနင်းမျက်ခုံးများ တွန့်ချိုးသွားသည်။
သတင်းကိုဖတ်ပြီးနောက်တွင်တော့ ကုနင်းပိုလို့တောင် စိတ်တိုသွားတော့သည်။
သတင်းမှာ မနေ့ကဖန်ရှန်းဈေးဝယ်စင်တာတွင်ဖြစ်ခဲ့သည့် အကြောင်းအရာကို တစ်စုံတစ်ယောက်က အင်တာနက်ပေါ်တွင် မျှဝေထားခြင်းဖြစ်သည်။
လင်းထျန်းယွီလိုလူမျိုးက ဥပဒေကိုတောင်ချိုးဖောက်ကြောင်း သိလိုက်ရတော့ ကုနင်းပိုလို့ပင် အံ့အားသင့်သွားရသည်။
အခုတော့ ယုကျီအဆင်ပြေသွားပြီဖြစ်သော်လည်း သူမလည်ပင်းမှဒဏ်ရာက အမာရွတ်ကျန်နေခဲ့ပေလိမ့်မည်။ ထို့ကြောင့် ကုမန့်ကို ထန်အိမ်တော်သို့လိုက်ပို့ရန် ချောင်ယကိုသာ ခိုင်းလိုက်ပြီး သူမကတော့ ယုကျီဆီသို့သွားမည်ဖြစ်သည်။
ဒါက ကုနင်းအမြင်တွင် ယုကျီက ကုမန့်ထက်ပိုအရေးကြီးသည်ဟု ထင်ခြင်းမဟုတ်ဘဲ ချောင်ယတစ်ယောက်တည်းဆိုလျှင်လဲ ကုမန့်ကိုကောင်းကောင်းကာကွယ်နိုင်တာကြောင့်သာ ဖြစ်သည်။ ကုနင်းအနေနှင့် အချိန်တိုင်းသူတို့နောက်သို့ လိုက်ပေးနေစရာမလိုအပ်ပေ။
ချောင်ဝမ်ရှင်းသည်လဲ ကိုယ်တိုင်းဂါဝန်တစ်ထည်ချုပ်ဖို့အပ်ချင်နေတာကြောင့် ကုနင်းနှင့်အတူ ယုကျီကိုတွေ့ဖို့ လိုက်သွားခဲ့သည်။
ကုနင်း အိမ်မှမထွက်ခင် ယုကျီဘယ်မှာလဲဆိုသည်ကို အရင်ဆုံးဖုန်းဆက်မေးလိုက်သည်။
ထိုအချိန်တွင် ယုကျီသည် စက်ရုံသို့ရောက်နေပြီဖြစ်တာကြောင့် ကုနင်းနှင့်ချောင်ဝမ်ရှင်းတို့လဲ စက်ရုံသို့သာ တန်းလိုက်သွားလိုက်သည်။
သူမတို့ ယုကျီနှင့်တွေ့သည့်အချိန်တွင်တော့ ယုကျီက သူမလည်ပင်းကို ဖုံးကွယ်ရန်အတွက် ကော်လာအမြင့်ရှပ်အင်္ကျီအဖြူကို ဝတ်ဆင်ထားသည်အား သတိပြုလိုက်မိကြသည်။
“ဝမ်ရှင်းက ကိုယ်တိုင်းဂါဝန်တစ်ထည်လိုချင်နေလို့။ သူ့ကိုတိုင်းပေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါလား၊ နင်ကတော့ ငါနဲ့ရုံးခန်းထဲလိုက်ခဲ့ပေး။” ကုနင်း ယုကျီကိုပြောလိုက်ပြီး အရင်ဆုံးရုံးခန်းထဲသို့သွားနှင့်သည်။
ယုကျီလဲ ချက်ချင်းပင် ချောင်ဝမ်ရှင်းအတွက် ကိုယ်တိုင်းဖို့တစ်ယောက်ယောက်ကို တာဝန်ပေးကာ ကုနင်းနောက်သို့လိုက်သွားလိုက်သည်။
“ဟိုင်း၊ ဘော့စ်၊” ယုကျီနှုတ်ဆက်လိုက်သည်။
ကုနင်း စွမ်းအင်သလင်းကျောက်တစ်လုံးပါသည့် ဆေးပုလင်းကိုထုတ်လိုက်ကာ၊ “ဒီဆေးကိုရေနဲ့ဖျော်ပြီး တစ်နေ့ကိုသုံးကြိမ် နင့်ဒဏ်ရာကိုလိမ်းပေး၊ မကြာခင်ပျောက်သွားလိမ့်မယ်။”
ကုနင်း၏စကားကြောင့် ယုကျီအံ့ဩသွားကာ၊ “ဘော့စ်၊ သတင်းကြားပြီးသွားပြီပေါ့?”
“အွန်၊ ဝမ်ရှင်းပြောပြတာ။ နောက်ဆို ဘယ်လိုမကောင်းတဲ့ကိစ္စပဲဖြစ်ဖြစ် ငါ့ကိုပြော၊ ဟုတ်ပြီလား?”
ယုကျီ သူမကိုမစိုးရိမ်စေချင်တာကြောင့် လျှို့ဝှက်ထားခြင်းဖြစ်မှန်း ကုနင်းနားလည်ပေသည်။ သို့သော်လည်း ကုနင်းသည် ယုကျီ၏ဘော့စ်ဖြစ်တာကြောင့် ယုကျီ၏ဘေးကင်းရေးကို သူမဂရုစိုက်ပေးရမည်ဖြစ်သည်။ ထို့အပြင် ယုကျီကို ထိခိုက်အောင်လုပ်သူက သူမ၏ရန်သူပင်ဖြစ်နေနိုင်တာကြောင့် ယုကျီကို ထိခိုက်အောင်လုပ်ရဲသူက ဘယ်သူလဲဆိုသည်ကို ကုနင်းအနေနဲ့ ရှာဖွေဖော်ထုတ်ဖို့လဲ လိုအပ်သည်။ ကုနင်း၏ရန်သူများမှာ သူမကို ထိခိုက်အောင်လုပ်ဖို့ရန် အရည်အချင်းမရှိတာကြောင့် သူမအနားမှလူများကို ထိခိုက်အောင်လုပ်နို်ငပေသည်။ ထို့ကြောင့် ယုကျီသာ သူမကြောင့်နှင့် ထိခိုက်သွားပါက စိတ်မလုံမလဲဖြစ်ရပေမည်။
“ဟုတ်ကဲ့ပါ။” ကုနင်းက သူမကိုကောင်းစေချင်သည့်အတွက် ပြောခြင်းဖြစ်ကြောင်း ယုကျီသိတာကြောင့် ခံစားသွားရသည်။
ယုကျီ ဆေးပုလင်းကိုယူလိုက်ကာ သူမလည်ပင်းမှဒဏ်ရာကို ဆေးထည့်ရန်သွားလိုက်သည်။ ဆေးက ဖြတ်ရာပေါ်သို့ထိလိုက်သည်နှင့် အေးမြမှုတစ်ဖြာက သူမခန္ဓာကိုယ်အတွင်းသို့ သက်သောင့်သက်သာဖြစ်စေသွားသည်ကို ခံစားလိုက်မိသည်။ ခဏအကြာတွင်တော့ ဆေးစွမ်းပြလာကာ ချက်ချင်းကြီးတော့ ပြောင်းလဲသွားသည်ကို ယုကျီမမြင်ရပေ။
ကိုယ်တိုင်ပြီးသည့် ချောင်ဝမ်ရှင်းကတော့ သူမလိုချင်သည့် ဂါဝန်ပုံစံနှင့်အရောင်ကိုရွေးဖို့ရန် ဆက်လုပ်နေသည်။
သူမတို့ စက်ရုံမှပြန်ထွက်လာကြပြီးနောက် ချောင်ဝမ်ရှင်းက ကုနင်းကို သူမနှင့်အတူနေ့လည်စာစားရန် ဖိတ်ပေမည့် ကုနင်းမှာ ချိန်းဆိုထားပြီးသားဖြစ်တာကြောင့် ချောင်ဝမ်ရှင်းတစ်ယောက်တည်းသာ စားရပေတော့မည်။
စက်ရုံမှထွက်လာချိန်တွင် မနက်၁၀နာရီခွဲပြီးပြီဖြစ်တာကြောင့် သူမကို ကီရင်းဟိုတယ်သို့ လိုက်ပို့ပေးဖို့ရန် ချောင်ဝမ်ရှင်းကိုပြောလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ ကုနင်းတစ်ယောက် သူတို့ချိန်းဆိုထားသည့် နောက်ဆုံးစက္ကန့်လေးအလိုမှ ရောက်လာပြန်ပေမည့် တမင်တကာအချိန်ကိုက်သွားခြင်းတော့မဟုတ်ပေ။
သီးသန့်ခန်းထဲတွင် ကျုံးကျန်းဟွေ့က ဟဲစစ်ရင်နှင့်အတူထိုင်နေကာ ကုနင်းကလဲ သူမနှင့်ဟဲစစ်ရင် မရင်းနှီးသေးသလိုသာ ဟန်ဆောင်နေလိုက်သည်။
“ထိုပါဦး၊ မိန်းကလေးကု။” ကျုံးကျန်းဟွေ့ ယဉ်ကျေးစွာပြောလိုက်သည်။
ကုနင်းလဲ တုံ့ဆိုင်းနေစရာအကြောင်းမရှိတာကြောင့် ချက်ချင်းဝင်ထိုင်လိုက်သည်။ ထို့နောက် ကျုံးကျန်းဟွေ့က ကုနင်းကို အရင်ဆုံးအစားအသောက်များ မှာယူစေသည်။
ကုနင်းလဲ သူမကြိုက်နှစ်သက်သည့်စားဖွယ်များစွာကို မှာယူလိုက်သည်။
ကျုံးကျန်းဟွေ့နှင့်ဟဲစစ်ရင်တို့လဲ စားဖွယ်များစွာကို မှာယူလိုက်ကြသည်။
စားပွဲထိုးပြန်ထွက်သွားသည့်အချိန်မှ ကျုံးကျန်းဟွေ့စကားစလာခဲ့သည်။ “မိန်းကလေးကု၊ မနေ့က မင်းစစ်ရင်ရဲ့ကမ်းလှမ်းချက်ကို ငြင်းခဲ့ပြီးသားဆိုပေမယ့် ငါတို့ဘက်က မင်းကို မင်းလိုချင်သလောက် အခကြေးငွေမြင့်မြင့်ပေးမှာမို့ တစ်ကြိမ်လောက်ပြန်စဉ်းစားပေးဖို့ မျှော်လင့်တယ်။”
“မင်းမှာ ငွေမရှိတာမျိုးမဟုတ်မှန်း သိပေမယ့် ဒီလိုများများရမယ့်အခွင့်အရေးကိုလဲ ငြင်းချင်လိမ့်မယ်လို့ မထင်ဘူး။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြောင့် မင်းစာလုပ်ဖို့ အလုပ်များနေမှာကို မှန်ပေမယ့် ဒါက မင်းအချိန်ကို သိပ်မယူပါဘူး။ မင်း ၇ရက်နေ့ HKကို လေယာဉ်စီးလာ၊ နောက်တစ်ရက်ထပ်နေပြီး ၉ရက်နေ့မှာပြန်လိုက်လို့ရတာပဲ။”
ကျုံးကျန်းဟွေ့က အရမ်းကိုယဉ်ကျေးကာ စိတ်ရင်းနှင့်ပြောနေသလိုထင်ရပေသည်။
“စိတ်မကောင်းပါဘူး။ လူကြီးမင်းကျုံး၊ ကျွန်မမကူညီပေးနိုင်လောက်ဘူး။”
***