အခန်း (၇၄၆-၇၅၀)
Vol. 50 Ch. 746-750
အခန်း ၇၄၆ ထန်မိသားစုနှင့် မူမိသားစုကြားမှ ဆက်ဆံရေး
ကုနင်းကတော့ အမျိုးသမီးခြိမ်းခြောက်စကားများကြောင့် ရယ်ချင်နေပေမည့် မျက်နှာပေါ်မှာတော့ မပေါ်လွင်စေပေ။ ထိုအစား သူမက ထိုအမျိုးသမီးဇာတ်ကွက်အတိုင်း လိုက်ပါသရုပ်ဆောင်ပေးကာ ကြောက်ရွံ့လာသလိုနှင့်၊ “တကယ်လား? ရှင်ပြောတာမှန်လောက်တယ်၊ သူ့ကိုလဲ ငွေပေးရသေးတာမဟုတ်မှတော့ ကျွန်မဒီဆိုင်ကို မငှားတော့ဘူး။”
ကုနင်း၏စကားကြောင့် အမျိုးသမီးအလွန်ကျေနပ်လို့သွားကာ၊ “တော်လိုက်တဲ့ ကောင်မလေး! မင်းလိုချစ်စရာကောင်းတဲ့ ကလေးမလေးတစ်ယောက်ကို လူမိုက်တွေဖျက်ဆီးပစ်မှာမျိုး မမြင်ချင်ပါဘူး။ ဒါကြောင့် တုလဲ့ဖုန်းနဲ့ဝေးဝေးနေနော်။ သူက တခြားလူတွေရဲ့အသက်တွေကိုတောင် ဂရုစိုက်တဲ့လူမဟုတ်ဘူး!”
ထို့နောက် ကုနင်းထိုအမျိုးသမီးကို ကျေးဇူးတင်စကားဆိုကာ ထွက်လာခဲ့သည်။
ကုနင်း တက္ကစီကားငှားလို့ရဖို့ စောင့်နေရင်းနှင့် ချန်တရုန်ကို ဖုန်းဆက်ကာ Bမြို့သို့ လက်မှုကစ္စည်းများနှင့်ရှေးဟောင်းပစ္စည်းအစစ်များကို တစ်ခေါက်ပို့ပေးရန် ပြောလိုက်သည်။
ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်တွင် ကိုယ်ပိုင်ထုတ်လုပ်ရေးအခန်းရှိတာကြောင့် သူ့ဆီမှ လက်မှုပညာပစ္စည်းများမှာ အလွန်လှပကြသည်။ ၎င်းနေရာမှာ သိပ်မကြီးလှပေမည့် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်အတွက်တော့ ပစ္စည်းလုံလုံလောက်လောက် ထုတ်လုပ်ပေးနိုင်ပေသည်။
သို့သော်လည်း ကုနင်းကတော့ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏ ထုတ်လုပ်ရေးအခန်းကို တိုးချဲ့ဖို့ ဆုံးဖြတ်ထားကာ ထိုတာဝန်အား ချန်တရုန်ကိုသာအပ်လိုက်သည်။ ဤသို့ဆိုလျှင် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်မှ ထုတ်လုပ်သည့်လက်မှုပညာပစ္စည်းများကို နိုင်ငံအနှံ့သို့ရောင်းချနိုင်ပေမည်။
ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ဘက်က အမြတ်အစွန်းများများရနေတာကြောင့် နောက်ထပ်ရည်မှန်းချက်တစ်ခုကို တိုးချဲ့ဖြည့်စည်းဖို့အတွက် ငွေအလုံလောက်ရှိသည်။
တကယ်တော့ ထိုစိတ်ကူးသည် ဟိုးအရင်အချိန်များကတည်းက ချန်တရုန်တွင်လဲ ရှိနေခဲ့ကာ အကောင်အထည်ဖော်ဖို့ အခွင့်ကောင်းမရှိခဲ့ပေ။ အခုလို ကုနင်းက သူ့ကို ချဲ့ထွင်ဖို့တာဝန်ပေးလာမှတော့ သေချာပေါက် ဖြစ်အောင်အောင် အကောင်းဆုံးကြိုးစားလုပ်ဆောင်သွားပေမည်။
ကုနင်းက ဆက်ပြီးတော့ ပစ္စည်းအရည်အတွက်တိုးချဲ့ထုတ်လုပ်စဉ်အတွင်း ပစ္စည်းအရည်အသွေးမြင့်ကြောင်းကိုလဲ အာမခံချက်ရှိအောင် သတိထားလုပ်ဆောင်ဖို့ ပြောခဲ့သည်။ လက်မှုပစ္စည်းပစ္စည်းများသည်လဲ တန်ကြေးနည်းပါးသည့်အရာများမဟုတ်ပေ။
ခဏအကြာတွင်တော့ ကုနင်း တက္ကစီတစ်စီးငှားလိုက်နိုင်ကာ ချက်ချင်းကားထဲသို့ဝင်လိုက်သည်။ သူမအခုလဲ ထန်အိမ်တော်သို့မပြန်သေးဘဲ ထန်ဟိုင်ဖုန်းရှိသည့် ဆေးရုံသို့သွားခဲ့သည်။ သူမ ထန်ဟိုင်ဖုန်းနှင့် မူမိသားစုအကြောင်း ပြောဖို့လိုအပ်နေပေသည်။
…………..
ချီထျန်းလင်နှင့် လောင်းကစားပွဲပြီးဆုံးသွားတာကြောင့် ကျုံးကျန်းဟွေ့နှင့်ဟဲစစ်ရင်တို့ HKသို့ပြန်ခဲ့ကြသည်။
အစကတော့ ချီထျန်းလင်သာ ကစားပွဲကိုရှုံးနိမ့်ခဲ့လျှင် ဟဲမိသားစုကာစီနို၏ဈေးကွက်ရှယ်ယာများထဲမှ ချီထျန်းလင်ပိုင်ဆိုင်သည့် ရှယ်ယာ၂ရာခိုင်နှုန်းကို ယူဖို့စီစဉ်က လာရောက်ခဲ့ကြခြင်းဖြစ်သည်။
ဟဲမိသားစု၏ကာစီနိုင်သည် HKဈေးကွက်ထဲတွင် ရှယ်ယာ၆ရာခိုင်နှုန်းထားရှိပေးထားသည်။
ချီထျန်းလင်တစ်ဦးတည်း ဟဲမိသားစုပိုင်ကာစီနိုင်၏ ဈေးကွက်ရှယ်ယာ၅ရာခိုင်နှုန်းကိုပိုင်ဆိုင်ကာ လက်ရှိပေါက်ဈေးအရ ယွမ်သန်းရာပေါင်းများစွာ တန်ကြေးရှိသည်။
ချီထျန်းလင်သာ သဘောမတူလျှင် အတင်းအကြပ်ဖိအားပေးကာ သူ့ရှယ်ယာများကို သူတို့ပြန်သိမ်းဖို့ မဖြစ်နိုင်ပေ။ ထို့အပြင် ဟဲမိသားစုဘက်ကလဲ ကီရင်းဂိုဏ်းနှင့်လက်တလောတော့ ဆက်ဆံရေးပျက်စီးသွားစေခြင်းမရှိသေးပေ။
အံ့ဩစရာကောင်းသည်က ရုတ်တရက်ကြီး ကုနင်းက သူတို့ရှေ့ထွက်ပေါ်လာကာ ဒီခရီးမှာ ရှယ်ယာပြန်သိမ်းနိုင်ဖို့နေနေသာသာ သူတို့ဘက်ကနောက်ထပ်၁ရာခိုင်နှုန်းတောင် ဆုံးရှုံးသွားခဲ့ရသည်။ ဒါကြောင့် အခုဆိုလျှင် ချီထျန်းလင်သည် ဟဲမိသားစုပိုင်ကာစီနိုတွင် ရှယ်ယာ၆ရာခိုင်နှုန်း ပိုင်ဆိုင်သွားပြီဖြစ်သည်။ ဒါက ဟဲမိသားစုစီးပွားရေးအတွက်ကတော့ ကြီးမားသည့် အကျိုးသက်ရောက်မှုမရှိသွားသော်လည်း ရှုံးနိမ့်မှုကို လက်ခံဖို့ကတော့ ခက်ခဲလှသည်။
……….
လူနာခန်းထဲတွင် ထန်ဟိုင်ဖုန်းနှင့် ကျန်းလီဟွာတို့ စကားပြောနေကာ အခန်းတံခါးအပြင်ဘက်တွင်တော့ သက်တော်စောင့်နှစ်ဦးရပ်စောင့်နေသည်။
ကုနင်းရောက်လာသည်နှင့် ကုနင်းနှင့်ထန်ဟိုင်ဖုန်းတို့ သီးသန့်စကားပြောနိုင်စေရန်အတွက် ကျန်းလီဟွာက ဧည့်ခန်းသို့ထွက်ထိုင်ပေးသည်။
“အဖိုး၊ ထန်မိသားစုနဲ့ မူမိသားစုရဲ့ ဆက်ဆံရေးအခြေအနေကဘယ်လိုမျိုးလဲ?” ကုနင်းမေးလိုက်သည်။
ထိုစကားကြောင့် ထန်ဟိုင်ဖုန်း မျက်ခုံးများပင့်တက်လို့သွားကာ၊ “အွန်း၊ အရမ်းကောင်းတာလဲ မဟုတ်သလို ဆိုးလဲမဆိုးပါဘူး။ ငါတို့က ဆယ်စုနှစ်တစ်ခုစာမက စီးပွားရေးအရကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။” တစ်နည်းပြောရလျှင်တော့ မိသားစုနှစ်ခုမှ စီးပွားရေးကိစ္စမှလွဲ၍ ရင်းနှီးမှုမရှိဟု ပြောလိုက်ခြင်းဖြစ်သည်။
“ဘာဖြစ်လို့လဲ? ထန်မိသားစုနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေတာတွေ့လို့လား?” ထန်ဟိုင်ဖုန်းပြန်မေးလိုက်သည်။
“သမီး ဒီနေ့ ရှေးဟောင်းလမ်းကိုသွားတော့ ထန်သဲ့မင်နဲ့ လျှို့ဝှက်တွေ့ဆုံနေတဲ့ မူဝမ်ချီကို တွေ့ခဲ့တယ်။ ဒါပေမယ့် သူတို့ပြောနေတာတွေကို သေချာမကြားနိုင်ခဲ့ဘူး။” ကုနင်း အလေးအနက်ထားကာ ပြန်ဖြေကြားလိုက်သည်။
ထိုစကားကြောင့် ထန်ဟိုင်ဖုန်း ဒေါသထွက်လာတော့သည်။ မူဝမ်ချီက ထန်သဲ့မင်နဲ့ပေါင်းပြီး ထန်မိသားစုကို ဆန့်ကျင့်ဖို့ကြံစည်နေတာပဲဖြစ်ရမယ်!
“အဖိုး၊ မူမိသားစုနဲ့ပတ်သတ်နဲ့ နောက်ခံဇာတ်ကြောင်းကို ပြောပြလို့ရမလား။ အထူးသဖြင့် မူရွှီရှင်းနဲ့ဆိုင်တာပေါ့?”
ကုနင်း ဘာကြောင့် မူရွှီရှင်းအကြောင်း စိတ်ဝင်စားနေလဲ ထန်ဟိုင်ဖုန်းမသိပေမည့် ပြောပြစဲသာ။ “မူရွှီရှင်းက ဆင်းရဲ့တဲ့မြို့ငယ်လေးမှာ မွေးတာ၊ ဒါပေမယ့် နောက်တော့ အရမ်းထူးချွန်တဲ့လူငယ်လေးဖြစ်လာပြီး မိန်းကလေးကျူးရဲ့နှလုံးသားကို သိမ်းပိုက်နိုင်သွားတယ်။ ကျူးမိသားစုက အစကတော့ သူတို့ကြားက ကွာခြားချက်ကြီးမားလွန်းတာကြောင့် မင်္ဂလာပွဲကို အသိအမှတ်မပြုခဲ့ဘူး။ ဒါပေမယ့်လဲ မိန်းကလေးကျူးက မူရွှီရှင်းကို မစွန့်လွှတ်နိုင်ဘူးလေ။ မကြာခင်မှာပဲ မိန်းကလေးကျူးမှာ ကိုယ်ဝန်ရှိလာတော့ ကျူးမိသားစုလဲ မင်္ဂလာပွဲကို လက်ခံလိုက်ရတော့တယ်။ လွန်ခဲ့တဲ့နှစ်၂၀လောက်တုန်းက ကျူးမိသားစုက အရမ်းမချမ်းသာသေးဘူး။ ဒါပေမယ့် မူရွှီရှင်း၏အကူအညီနဲ့ သူတို့စီးပွားရေးက မြန်မြန်ဆန်ဆန်ပဲ တိုးတက်လာတယ်။ ဒါကြောင့်ပဲ ကျူးမိသားစုက မူရွှီရှင်းကို အသိအမှတ်ပြုသွားပြိး သူတို့မိသားစုလုပ်ငန်းကိုတောင် လွှဲပေးလိုက်တော့တာ။”
“လွန်ခဲ့တဲ့ ၇၊၈နှစ်လောက်တုန်းက ရုတ်တရက်ကြီး မူရွှီရှင်းမှာ သူတို့လက်မထပ်ခင်တုန်းက သားတစ်ယောက်ရှိခဲ့တယ်ဆိုတဲ့အကြောင်း ကျူးမိန်းကလေးသိသွားပြီး သူတို့အကြီးအကျယ်ပြဿနာတက်ကြသေးတယ်။ နောက်တော့ လူတော်တော်များများလဲ အဲ့လျှို့ဝှက်ချက်ကို သိသွားကြတယ်။ ဒါပေမယ့် ကျူးမိန်းကလေးက မူရွှီရှင်းကို ချစ်နေတုန်းပဲဆိုတော့ မကွာရှင်းခဲ့ဘူး။ အဖိုးသိသလောက်တော့ ဒါပဲ။”
နောက်ခံဇာတ်ကြောင်းများကြားပြီးနောက် မူရွှီရှင်းက သူ့ဇနီးဟောင်းကို ချမ်းသာကြွယ်ဝမှုအတွက် စွန့်ပယ်ခဲ့ခြင်းဖြစ်လောက်မည်ဟု ကုနင်းတွေးမိသွားသည်။
“တကယ်တော့ သမီးကုမ္ပဏီမှာ မူရွှီရှင်းနဲ့ ရုပ်ချင်းတော်တော်လေးဆင်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရှိတယ်။ သူတို့ရဲ့မျိုးရိုးနာမည်ကတောင်မှ တူကြသေးတယ်။ မူရွှီရှင်းနာမည်ကို သူ့ရှေ့ပြောလိုက်တုန်းက သူ့ဘက်က တုံ့ပြန်ပုံကတော်တော်လေးထူးဆန်းသွားတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ဆက်နွှယ်မှုရှိလိမ့်မယ်လို့ သမီးထင်လိုက်တာ။”
“အဲ့ကောင်လေးက မူရွှီရှင်းနဲ့ သူဇနီးဟောင်းရဲ့သားများဖြစ်နေမလား?” ထန်ဟိုင်ဖုန်း ပြန်ပြောလိုက်သည်။
“သမီး သူ့ကိုမူမိသားစုအကြောင်း စုံစမ်းဖို့ ပြောထားပြီးသွားပြီ။”
ထန်ဟိုင်ဖုန်းက စက္ကန့်ပိုင်းမျှကြောင်အသွားပြီးနောက်၊ “မူရွှီရှင်းက သူ့အဖေဖြစ်နေနိုင်တယ်လေ!”
“သူ မူရွှီရှင်းကို မုန်းတီးနေတယ်လို့ သမီးတော့ခံစားရတယ်။”
“ဘာပဲဖြစ်ဖြစ်ပါ၊ မူမိသားစုက ထန်သဲ့မင်နဲ့ပူးပေါင်းနေတာဖြစ်နိုင်ချေများတော့ အဖိုးသတိထားပေးဖို့ မျှော်လင့်တယ်။ တကယ်လို့ သမီးလုပ်ဖော်ကိုင်ဖက်ကသာ မူမိသားစုကို လက်စားချေချင်တယ်ဆိုရင် သမီး သူ့ကိုတားမှာမဟုတ်ဘူး။” ကုနင်း တစ်ခါတည်း ပွင့်ပွင့်လင်းလင်းပြောထားလိုက်သည်။
ဘာပဲဖြစ်ဖြစ် ထန်မိသားစုသည် မူမိသားစုနှင့် စီးပွားရေးအရ ရှည်ကြာသည့်ဆက်ဆံရေးရှိနေခဲ့သည်မဟုတ်လား။ ဒါကြောင့် မူမိသားစုသာ ပြဿနာနှင့်ရင်ဆိုင်ကြုံတွေ့ရလျှင် ထန်မိသားစုက မူမိသားစုကို အကူအညီပေးနိုင်သည်။ ထန်ဟိုင်ဖုန်း ရန်သူနှင့်မိတ်ဆွေမခွဲနိုင်ဖြစ်နေမှာကြောင့် ကုနင်း အခုကတည်းက သူမသဘောထားကို ထန်ဟိုင်ဖုန်းအား ရှင်းရှင်းပြောထားတာဖြစ်သည်။
“အဖိုးနားလည်ပါတယ်၊ အဖိုးက မြေးဘက်ကပဲ။”
မူမိသားစု ဒုက္ခတွေ့ခဲ့လျှင်တောင် ထန်မိသားစုတွင် သူတို့ကိုကူညီပေးဖို့ ဝတ္တရားမရှိပေ။ သို့ပေမည့် ကုနင်းကတော့ သူတို့ထန်မိသားစုဝင်ဖြစ်သည်။ ထန်ဟိုင်ဖန်းကတော့ မူမိသားစုထက် ကုနင်းကိုဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်း သိသာနေပေပြီ။
ကုနင်းက တစ်ယောက်ယောက်ကို မူမိသားစုအကြောင်း စုံစမ်းဖို့ပြောထားပြီးနေပြီဖြစ်တာကြောင့် ထန်ဟိုင်ဖုန်းအနေဖြင့် ရလဒ်ထွက်လာသည်ကို စောင့်ဖို့သာလိုတော့သည်။
***
အခန်း ၇၄၇ ထန်ရှင်းယွဲ့ကို အလုပ်မှထုတ်ပယ်ခြင်း
ထန်ရှင်းယွဲ့သည် ထန်ဟွမ်လုပ်ငန်းစုတွင် အလုပ်ဝင်သညမှာ အချိန်တိုလေးသာရှိသေးပေမည့် သူမ၏ထူးချွန်သည့်အရည်အချင်းကြောင့် အချို့သော စာရင်းဇယားများကို တာဝန်ယူရသူအဖြစ် တိုးတက်နေပြီဖြစ်သည်။ သို့သော်လည်း အခုတော့ သူမပြဿနာတက်ပေပြီ။ ထန်ရှင်းယွဲ့သည် အထူးပုဂ္ဂိုလ်တစ်ယောက်၏ အဆင့်အတန်းကို မှားယွင်းခွဲခြားမိသည့်အတွက် ကုမ္ပဏီဘက်က ယွမ်၂သန်းဆုံးရှုံးသွားခဲ့တာကြောင့် ထန်ဟွမ်လုပ်ငန်းစုဘက်က သူမကိုအလုပ်ထုတ်ပယ်ဖို့ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ထိုသတင်းကို ထန်ရှင်းယွဲ့ကြားရချိန်တွင် သူမမှန်ကန်အောင် စာရင်းခွဲပေးခဲ့မှန်း သေချာပေါက် အမှတ်ရနေတာကြောင့် ထိတ်လန့်သွားတော့သည်။ သို့ပေမည့် ထိုစာရင်းခွဲသည့်ကိစ္စတွင် သူမကအဓိကတာဝန်ရှိသူဖြစ်တာကြောင့် ဒီလိုအမှားအတွက် သူ့ဘက်က တာဝန်ယူရပေမည်။ ထိုသို့ဆိုလျှင်ပင် ဘာကြောင့် ယခုလိုဖြစ်သွားရမှန်း ထန်ရှင်းယွဲ့ မဖော်ထုတ်နိုင်သေးပေ။
သို့ပေမည့် စာရင်းကိုင်ဌာနမှလူတိုင်းကတော့ ထန်ရှင်းယွဲ့သည် မြန်မြန်ဆန်ဆန်ရာထူးတိုးနေခဲ့တာကြောင့် အစကတည်းက မကျေနပ်ကြ၍ သူမအလုပ်ထွက်ရသည့်အပေါ် ဘယ်သူကမှ စိတ်မကောင်းမဖြစ်မိကြပေ။ ဘဏ္ဍာရေးဌာနမန်နေဂျာ ယွီလီအပါအဝင်ပေါ့။
ယွီလီသည် အသက်၃၀ကျော်အမျိုးသမီးတစ်ဦးဖြစ်ကာ ထိုမျှငယ်ငယ်ရွယ်ရွယ်နှင့် မန်နေဂျာဖြစ်လာတာကြောင့် သူမ၏အရည်အချင်းကောင်းကြောင်း သိသာနေသည်။ ထို့အပြင် သူမက စာရင်းကိုင်ဌာန၏အကြီးအကဲဖြစ်သည်အထိ ရည်မှန်းချက်ထားထားတာကြောင့် လက်ရှိအကြီးအကဲနှင့် အဆင့်မပြေပေ။
ထန်ရှင်းယွဲ့ ထန်ဟွမ်လုပ်ငန်းစုကို စတင်ဝင်ရောက်ကတည်းက လက်ရှိအကြီးအကဲသည် သူမကိုအလွန်အရေးပေးကာ သူမ၏အလုပ်တာဝန်များကိုလဲ ထန်ရှင်းယွဲ့ အကြိမ်ပေါင်းများစွာ ခိုးယူခဲ့တာကြောင့် ယွီလီမှာ တော်တော်လေးစိတ်အနှောက်အယှက်ဖြစ်ရသလို တစ်ချိန်တည်းမှာပဲ သူမကျရှုံးတော့မည်ဟု အာရုံလဲရနေခဲ့သည်။
အကြီးအကဲက သူမနေရာကို ထန်ရှင်းယွဲ့နှင့်ပင် အစားထိုးလိုက်မည်အား ယွီလီကြောက်ရွံ့နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ထန်ရှင်းယွဲ့သည် အလွန်ထူးချွန်သည့် နိုင်ငံခြားပြန်စာရင်းကိုင်တစ်ယောက်မဟုတ်လား။
ထန်ရှင်းယွဲ့သည် ကျောင်းပြီးသည်မှာ မကြာသေးသော်လည်း အလုပ်သင်တစ်ယောက်အနေနှင့်ယှဉ်လျှင် အတွေ့အကြုံများလွန်းနေသည်။ ဒါကြောင့်ပဲ ကုမ္ပဏီက သူမနေရာတွင် ထန်ရှင်းယွဲ့ကို အစားထိုးနိုင်ချေများနေခြင်းဖြစ်သည်။
အရေးကြီးသည့်အမှားအယွင်းတစ်ခုကြောင့် ထန်ရှင်းယွဲ့အလုပ်ထုတ်ခံရသည်နှင့် သူမက ထန်ရှင်းယွဲ့ကုမ္ပဏီမှ ထွက်သွားရမည့် မြင်ကွင်းကို ပျော်ပျော်ကြီးကြည့်မည်ဖြစ်ကာ ထန်ရှင်းယွဲ့ကို လှောင်ပြောင်ဖို့တောင်မှ ရှေ့ထွက်လာခဲ့သည်။
“အကြီးအကဲ နင်က ငါတို့ထက်သာတယ်လို့ အမြဲပြောနေခဲ့တာမဟုတ်ဘူးလား? ဘယ်လိုလုပ် ဒီလိုအမှားကြီးမျိုးကို လုပ်ရတာလဲ? သူတော့ နင့်ကိုတော်တော်လေးစိတ်ပျက်သွားလောက်ပြီ!” ထန်ရှင်းယွဲ့၏ကျရှုံးမှုကို ယွီလီ အလွန်ဝမ်းမြောက်နေသည်။
ထန်ရှင်းယွဲ့လဲ ယွီလီကို မျက်စောင်းထိုးပြန်ကြည့်လုက်ကာ သူမကို ကန့်လန့်တိုက်နှောက်ယှက်နေတာ ယွီလီသာဖြစ်ရမည်ဟု တွေးမိသွားတော့သည်။ အရင်ကလဲ ယွီလီ သူမလမ်းကို အကြိမ်ပေါင်းမနည်း ကန့်လန့်ခံခဲ့ဖူးသည်မဟုတ်လား။
“ငါစာရင်းခွဲတာမမှားခဲ့မှန်း အသေအချာကြီးကိုမှတ်မိတယ်၊ နင်က အရင်ကတည်းက ငါ့လမ်းကိုပိတ်ဖို့မျိုးစုံကြံစည်နေတာ စာရင်းဌာနကလူတိုင်း သိပြီးသားဆိုတော့ ဒီတစ်ခေါက်လဲ နင်ငါ့ကိုလုပ်ကြံတာလားလို့ ထင်မိလာပြီ။” ထန်ယွဲ့ရှင်း ယွီလီကို စူးစူးရဲရဲကြည့်ကာ ပြောလိုက်သည်။
ထိုစကားကြောင့် စာရင်းဌာနမှလူတိုင်း ယွီလီကို လှည့်ကြည့်ကုန်ကြတော့သည်။ သူတို့ထဲမှာ ယွီလီက ထန်ရှင်းယွဲ့ကို သဘောမကျဆုံးဖြစ်သည့် အမှန်တရားကို အားလုံးသိထားကြပြီးဖြစ်သည်။
သူတို့အားလုံးလဲ ထန်ရှင်းယွဲ့ကို မနာလိုဖြစ်ကြကာ သူမအလုပ်ဖြုတ်ခံရသည်အား ဘယ်သူမှစိတ်မကောင်းဖြစ်မပေးကြသော်လည်း သူမတက်လမ်းကို ပိတ်ပင်နှောင့်ယှက်ဖို့လဲ သူတို့မတွေးဖူးကြပေ။ ထို့ကြောင့် ယွီလီကသာ သူမကို လုပ်ကြံခြင်းဖြစ်လောက်သည်ဟု ထန်ရှင်းယွဲ့ပြောသည့် စကားအားကြားရသည်နှင့် အားလုံးအံ့ဩသွားကြရခြင်းဖြစ်သည်။
“ထန်ရှင်းယွဲ့၊ နင့်အမှားအတွက် ငါ့ကိုအပြစ်လွှဲမချနဲ့! ငါနင့်ကိုဘာမှမလုပ်ထားဘူး!” ယွီလီအလျင်စလိုငြင်းဆန်လိုက်ပေမည့် ထိုသို့တုံ့ပြန်ပုံကပင် ထန်ရှင်းယွဲ့ကို ပိုလို့သံသယစိတ်တိုးသွားစေသည်။ သို့သော်လည်း ထန်ရှင်းယွဲ့တွင် ဘာသက်သေအထောက်အထားမှမရှိနေသလို သူမအလုပ်ဖြုတ်ခံခဲ့ရပြီးလဲဖြစ်သည်။
ယွီလီကြောင့်လို့ သံသယဝင်သွားတာကြောင့် သူမ၏သရုပ်မှန်ကို ကုမ္ပဏီမှအထက်အရာရှိများသိသွားကာ သူမကိုကန်ထုတ်လိုက်ခြင်းဖြစ်သည်ဆိုသည့်အချက်ကို ထန်ယွဲ့ရှင်းလုံးဝမတွေးမိတော့ပေ။ တကယ်တမ်း သူမအလုပ်ပြုတ်သွားခြင်းမှာ ချွမ်မင်ခိုင်၏အကြံအစည်သာဖြစ်သည်။
ထန်ယွဲ့ရှင်းကို အကြောင်းအရင်းမရှိ အလုပ်ဖြုတ်လိုက်ပါက သူမ၏သရုပ်မှန်ပေါ်ထွက်သွားပြီမှန်း ထန်ယွဲ့ရှင်းသိသွားမည်ဖြစ်သလို နောက်ကွယ်မှကြိုးကိုင်သူကလဲ သူတို့အကြံအစည်ပျက်သွားမှန်း မကြာခင်ပဲ သိသွားနိုင်သည်။
ယွီလီကတော့ သူမမှာ ယခင်က ထိုသို့ကြံစည်ရန် စိတ်ကူးရှိထားခဲ့ဖူးပေမည့် သူမဘာမှမလုပ်ရသေးခင်တွင်ပင် ထန်ယွဲ့ရှင်းက အလုပ်ပြုတ်သွားပေပြီ။
ထို့နောက် ထန်ယွဲ့ရှင်း ထန်ဟွမ်လုပ်ငန်းစုမှထွက်လာကာ အိမ်သို့ပြန်လာခဲ့သည်။
သူမအိမ်ပြန်ရောက်သည်နှင့် ထန်ဝေ့ရုန်အား သတင်းဆိုးအားပြန်ပြောပြရန် အပေါ်ထပ်သို့တက်လာခဲ့သည်။ သို့ပေမည့် ထန်ဝေ့ရုန်အခန်းနားရောက်ချိန်တွင် အခန်းထဲမှ အမျိုးသမီးတစ်ဦး၏ညည်းညူသံကိုကြားလိုက်ရတာကြောင့် ထန်ယွဲ့ရှင်းခြေလှမ်းများ ချက်ချင်းရပ်တန့်ကာ ဧည့်ခန်းထဲသို့ပြန်ပြီး တီဗီကြည့်နေလိုက်တော့သည်။
ထန်ယွဲ့ရှင်း၏မိခင်သည် လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်ကတည်းက ကွယ်လွန်သွားပြီဖြစ်တာကြောင့် ထန်ဝေ့ရုန်တွင် အတူအိပ်သည့်မိန်းမများစွာရှိနေသည်သာ သဘာဝပင်။ ဘယ်လောက်ပဲ အသက်ကြီးကြီး ယောက်ျားတစ်ယောက်ဖြစ်နေတာကြောင့် အလိုဆန္ဒများက ရှိနေစဲပင်။
နာရီဝက်ကြာပြီးနောက်တွင်တော့ ထန်ဝေ့ရုန်နှင့်အတူ သူနှင့်အိပ်ခဲ့သည့်အမျိုးသမီးတို့ အပြင်ထွက်လာကြသည်။ ထိုအမျိုးသမီးမှာ အသက်၃၀ကျော်ရုံသာရှိသေးပြီး လှပကာ ဆွဲဆောင်မှုရှိပေသည်။
သူမသည် ဂုဏ်သရေရှိအမျိုးသမီးတစ်ဦးမဟုတ်ဘဲ ကလပ်တစ်ခုမှ ပြည့်တန်ဆာခေါင်းဆောင်ဖြစ်ကာ ငွေအတွက်ကြောင့် ယောက်ျားပေါင်းမြောက်များစွာဖြင့် အိပ်စက်နေသူဖြစ်သည်။ ထန်ဝေ့ရုန်ကလဲ သူ့အလိုဆန္ဒပြည့်ဖို့အတွက်သာ စိတ်ရှိတာကြောင့် သူမ၏အလုပ်အကိုင်အပေါ် စိတ်ထဲမထားပေ။ အရေးအကြီးဆုံးကတော့ သူမနှင့် ထန်ဝေ့ရုန်သည် ရင်းနှီးထားကြသူများဖြစ်သည်။
ထန်မိသားစုတွေ့သွားမည်စိုးတာကြောင့် ထန်ဝေ့ရုန်က အပြင်ထွက်ခဲကာ အချိန်တိုင်း ထိုအမျိုးသမီးကို အိမ်ခေါ်ကာ အိပ်စက်လေ့ရှိသည်။
ထန်ဝေ့ရုန် Yနိုင်ငံမှပြန်လာပြီးနောက် ထိုအမျိုးသမီးကို မျက်နှာသာတော်တော်လေးပေးခဲ့တာကြောင့် ထိုကတည်းက ထန်ဝေ့ရုန်၏နောက်လိုက်ဖြစ်လာကာ အလုပ်လုပ်ပေးခဲ့သည်။
ထိုအမျိုးသမီးက ထန်ရှင်းယွဲ့ကို မြင်ရသည်၌ အံ့အားသင့်သွားကာ ပြုံးပြလိုက်ပြီး၊ “ရှင်းယွဲ့၊ ဘာလို့အိမ်ပြန်ရောက်နေတာလဲ? အခုက အလုပ်ချိန်ကြီးမဟုတ်ဘူးလား?”
“အလုပ်ထုတ်ခံလိုက်ရပြီ။” ထန်ရှင်းယွဲ့အေးအေးလူလူပင် ပြန်ဖြေလိုက်သည်။
“ဘာ? အလုပ်ဖြုတ်ခံရတယ်?” ထိုမေးခွန်းကိုတော့ အမျိုးသမီးကမေးလိုက်ခြင်းမဟုတ်ဘဲ သူမနောက်မှ ထန်ဝေ့ရုန်မေးလာခြင်းဖြစ်သည်။
ထန်ရှင်းယွဲ့လဲ ဖြစ်ပျက်သမျှကို ထန်ဝေ့ရုန်အား ပြန်ပြောပြလိုက်သည်။ သူမက ဒီကိစ္စကို ယွီလီ၏ကြံစည်မှုလို့သာ ထင်ထားတာကြောင့် ထန်ဝေ့ရုန်ကိုလဲ ယွီလီက သူမကိုလုပ်ကြံခြင်းဟုသာ ပြောခဲ့သည်။
ထိုစကားအပေါ် ထန်ဝေ့ရုန်ကလဲ သံသယမဝင်ခဲ့ပေ။ တကယ်တမ်း ထန်ရှင်းယွဲ့အလုပ်ထုတ်ခံရသည်က ချွမ်မင်ခိုင်၏အကြံအစည်ဖြစ်မည်ဟု သူလဲလုံးဝမတွေးမိပေ။
“အဖေ၊ သမီးတို့အခုဘာဆက်လုပ်ကြမလဲ?”
“ခဏနားလိုက်ဦး။ တခြားလူတွေ ဘာလုပ်နိုင်သေးလဲ စောင့်ကြည့်တာပေါ့။” ထန်ရှင်းယွဲ့ကို အပြစ်တင်နေလို့လဲ အဓိပ္ပါယ်မရှိတာကြောင့် ထန်ဝေ့ရုန် ဘာမှမပြောခဲ့ပေ။
ထိုအခိုက်အတန့်တွင်ပဲ ထန်ရှင်းယွဲ့ထံသို့ ထန်ရှင်းကျဲ့ဖုန်းခေါ်လာခဲ့သည်။
“အမ်၊ အဖေ၊ ရှင်းကျဲ့ ဖုန်းဆက်ပြန်ပြီ။” ထန်ရှင်းယွဲ့ ချက်ချင်းဖုန်းမကိုင်လိုက်ဘဲ ထန်ဝေ့ရုန်ကို အသိပေးလိုက်သည်။ ဒါက သူမ ဖုန်းကို ကိုင်သင့်မကိုင်သင့် ဝေခွဲရခက်နေသလို ထင်ရစေသည်။
ထန်ရှင်းကျဲ့ ဖုန်းဆက်လို့ကတော့ ကောင်းသောကိစ္စကြောင့် မဟုတ်မှန်း သိနေ၍ ထန်ဝေ့ရုန် အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်သည်။
“ဖြေလိုက်၊ စပီကာလဲဖွင့်ထား။”
ထန်ရှင်းယွဲ့လဲ သူမအဖေစကားအတိုင်းလိုက်နာလိုက်သည်။
“ထန်ရှင်းယွဲ့၊ ငါ့အကောင့်ထဲကို အခုချက်ချင်း ယွမ်၁သန်းလွှဲလိုက်။ ငါဒီနေ့ကံမကောင်းဘူး။ ရှုံးပြန်ပြီ။” ထန်ရှင်းယွဲ့ ဖုန်းကိုင်လိုက်သည်နှင့် ထန်ရှင်းကျဲ့၏အမိန့်ပေးသံက ချက်ချင်းထွက်လာခဲ့သည်။
ထိုစကားကိုကြားရသော်လည်း ထန်ရှင်းယွဲ့ကတော့ နဂိုအတိုင်းတည်ငြိမ်နေပေမည့် ထန်ဝေ့ရုန်ကတော့ အလွန်ဒေါသထွက်သွားတော့သည်။
***
အခန်း ၇၄၈ ကုနင်းကို ချီကျီယွဲ့ မှတ်မိသွားတယ်
“ငါ့မှာ ငွေမရှိဘူး။” ထန်ရှင်းယွဲ့ပြန်ဖြေလိုက်သည်။
“အဖေ့ဆီက တောင်းလိုက်ပေါ့။”
ထန်ရှင်းယွဲ့ စိတ်ထဲကနေလှောင်ရယ်လိုက်မိသည်။ အဖေက သူမကို ယွမ်တစ်သန်းမပြောနဲ့ ယွမ်၁သောင်းတောင် ဘယ်တုန်းကမှမပေးဖူးပေ။
သူမက ထန်ဝေ့ရုန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ “အရင်တစ်ခေါက်တုန်းက နင့်ကိုနောက်ဆုံးအကြိမ်ပေးတာလို့ ပြောထားတယ်မဟုတ်လား။ အဖေ့ဆီက ထပ်တောင်းလို့ရမှာမဟုတ်တော့ဘူး။ နင်လိုချင်ရင် ကိုယ်တိုင် အဖေ့ကိုဖုန်းဆက်လိုက်။”
“နင်….” ထန်ရှင်းကျဲ့ ဒေါသထွက်သွားတော့သည်။ သူသာ ထန်ဝေ့ရုန်ဆီက ပိုက်ဆံသွားတောင်းရဲနေရင် ထန်ရှင်းယွဲ့ကို ဖုန်းဆက်ဖို့လိုနေတော့မလား။ “နင်အခုချက်ချင်း ငါ့အကောင့်ထဲ ယွမ်၁သန်းမလွှဲပေးရင် သူတို့က ငါ့ကိုသေအောင်ရိုက်သတ်လို့ဆိုပြီး အဖေက နင့်ကိုပဲ အပြစ်တင်မှာ။”
ထန်ရှင်းယွဲ့ နှုတ်ဆိတ်နေကာ ထန်ဝေ့ရုန်ကိုသာ ကြည့်လိုက်သည်။ ထိုအခါ ထန်ဝေ့ရုန်က ဒေါသတကြီးနှင့်၊ “မင်းသေသွားလဲ မဆိုးဘူးပဲ! မင်းသာရှိနေရင် ငါတို့မိသားစုပိုင်ဆိုင်မှုတွေ အနှေးနဲ့အမြန် ကုန်မှာပဲ!”
ထန်ဝေ့ရုန်၏အသံကိုရုတ်တရက်ကြားလိုက်ရတာကြောင့် ထန်ရှင်းကျဲ့ကြောက်သွားပေမည့် ငွေပေးဖို့တောင်းခံနေစဲပင်။ “အဖေ၊ ကျွန်တော့်အကောင့်ထဲ အခုချက်ချင်း ယွမ်၁သန်းလောက်လွှဲပေးပါ။ မဟုတ်ရင် တကယ်ကြီး သူတို့ ကျွန်တော့်ကို သေအောင်ရိုက်သတ်မှာ။”
သူအဖေအကြောင်း သူကောင်းကောင်းသိတာကြောင့် ထန်ဝေ့ရုန် သူ့ကိုသေအောင်ရိုက်သတ်ခံရသည်အထိ ပစ်ထားလိမ့်မည်ဟု ထန်ရှင်းကျဲ့ မယုံကြည်ပေ။ ထန်ရှင်းယွဲ့ ဘယ်လောက်ပဲ ထူးချွန်နေနေ သူကသာ သူ့အဖေရဲ့တစ်ဦးတည်းသောသားဖြစ်ပြီး မိသားစုအမွေကို ဆက်ခံရမည့်သူဖြစ်သည်။
ထန်ရှင်းကျဲ့မပြောနှင့် ထန်ရှင်းယွဲ့လဲ ထိုသို့သာ တွေးမိသည်။
“မင်းတော့….” ထန်ဝေ့ရုန် ဒေါသထွက်နေပေမည့် သူ့တစ်ဦးတည်းသောသားကို တခြားလူတွေ ရိုက်နှက်မည်ကိုတော့ မမြင်လိုပေ။ “ထန်ရှင်းကျဲ့၊ ငါမင်းကို ငွေပေးတာ ဒါနောက်ဆုံးအကြိမ်ပဲ။ မင်းဆက်ပြီး လောင်းကစားလုပ်၊ ဇိမ်ခံပြီး ငွေဖြုန်းနေဦးမယ်ဆိုရင် ငါကိုယ်တိုင် မင်းကိုထောင်ထဲထည့်ထားလိုက်မှာ။” ထန်ဝေ့ရုန် ထန်ရှင်းကျဲ့ကို ခြိမ်းခြောက်လိုက်သည်။
သို့ပေမည့် ထန်ရှင်းကျဲ့ကတော့ တစ်ဖက်တွင် ပြုံးလိုက်ကာ သူ့အဖေ၏စကားများကို သာမာန်ကာလျှံကာသာ ပြန်ဖြေလိုက်သည်။ “ဟုတ်ပါပြီ၊ ကျွန်တော်ကတိပေးပါတယ်။ နောက်ထပ် လောင်းကစားထပ်မလုပ်တော့ပါဘူး။”
ထန်ရှင်းကျဲ့ သူ့ကတိသူတည်လိမ့်မည်ဟု ထန်ဝေ့ရုန် မယုံသော်လည်း သူလုပ်နိုင်တာလဲ မရှိပေ။ ထန်ရှင်းကျဲ့နှင့် ဖုန်းချပြီးသည်နှင့် ချက်ချင်းပင် ထန်ရှင်းယွဲ့အား ငွေလွှဲဖို့ပြောလိုက်ကာ သူကတော့ အပေါ်ထပ်သို့တက်သွားတော့သည်။
ဘေးမှအမျိုးသမီးကတော့ ထန်ရှင်းယွဲ့ကို စာနာသနားစွာတစ်ချက်ကြည့်လိုက်ပြီး မူမမှန်သည့်အပြုံးတစ်ပွင့်ဖြင့်၊ “မင်းဒီည ငါ့ကလပ်မှာ ငါ့ကိုလာတွေ့ပါလား? မင်းနည်းနည်းပါးပါး အပန်းပြေအောင် ငါကူညီပေးမယ်လေ။”
သူမက ထန်ဝေ့ရုန်၏မယားငယ်လိုဖြစ်နေပေမည့် ထန်ဝေ့ရုန်၏ ထန်ရှင်းကျဲ့နှင့်ထန်ရှင်းယွဲ့အပေါ် ခွဲခြားဆက်ဆံပုံကို သဘောမကျပေ။ မိသားစုကိစ္စမှာ သူမဝင်ရောက်စွက်ဖက်ခွင့်မရှိသော်လည်း ထန်ရှင်းယွဲ့ကိုတော့ အားပေးချင်စိတ်ရှိသည်။
“ကျေးဇူးပါ။” ထန်ရှင်းယွဲ့လဲ သူမကိုယ်သူမ စိတ်အပန်းဖြေချင်နေတာကြောင့် သဘောတူလိုက်သည်။
အမျိုးသမီးထွက်သွားသည်နှင့် ထန်ရှင်းယွဲ့ သူမအခန်းသို့ပြန်လာခဲ့သည်။ သူမပြန်ရောက်ပြီးမကြာခင်တွင်ပဲ ပေါ်ဝမ်က ဖုန်းဆက်လာခဲ့သည်။
“အချစ်လေးအီရင်း၊ မင်းအဖေကတော့ သူ့ရဲ့အမှိုက်လိုသားကို လုံးဝပျက်စီးအောင် အလိုလိုက်နေတာပဲ!”
ပေါ်ဝမ်သည် အခြားသူများအပေါ် ဘယ်တုန်းကမှ စိတ်မကောင်းမဖြစ်ပေးဖူးပေမည့် ထန်ရှင်းယွဲ့အတွက်ကိုတော့ သူအမှန်တကယ်ကို စိတ်မကောင်းဖြစ်မိရသည်။ ဒါကလဲ သူ ထန်ရှင်းယွဲ့ကို သဘောကျသွားရသည့် အချက်တစ်ချက်ဖြစ်နိုင်သည်။
“ငါသိပါတယ်။” ထန်ရှင်းယွဲ့ကတော့ ဒီလိုကိစ္စမျိုးနဲ့ အကျွမ်းဝင်နေပြီဖြစ်တာကြောင့် တည်ငြိမ်နေသည်။ “အဲ့အမှိုက်ကောင် အခုဘယ်လိုနေလဲ?”
“သူ့သေတွင်းကိုသူတူးနေတယ်လေ။” ပေါ်ဝမ်ပြုံးလိုက်သည်။
ဒါကလဲ ထန်ရှင်းကျဲ့ဆီမှ နောက်ထပ် ယွမ်၁သန်းရအောင် ထန်ရှင်းယွဲ့ထပ်မံကြံစည်ခဲ့ခြင်းပင်ဖြစ်သည်။
“အီရင်း၊ မင်း သူ့ကိုဘာလို့ တစ်ခါတည်း လက်စမဖြတ်လိုက်ရတာလဲ၊ ဒါဆို သူ့ကြောင့်နဲ့ မင်းအချိန်တွေမကုန်တော့ဘူး။” ပေါ်ဝမ် ထိုအချက်ကိုနားမလည်နိုင်ပေ။
“ဘာပဲဖြစ်ဖြစ် သူက ငါ့အစ်ကိုပဲလေ။” ထန်ရှင်းကျဲ့နှင့် ထန်ဝေ့ရုန်ကို ဘယ်လောက်ပဲ သူမ မုန်းတီးပါစေ သတ်ပစ်ဖို့တော့ ဘယ်တုန်းကမှမတွေးခဲ့ပေ။
“ကောင်းပြီလေ။” ထန်ရှင်းယွဲ့၏သဘောကို သိပြီဖြစ်တာကြောင့် ပေါ်ဝမ်ဘာမှဆက်မပြောတော့ပေ။
…………..
ကုနင်း ဆေးရုံတွင် နာရီဝက်ကျော်မျှနေပြီးနောက် ပြန်ထွက်လာခဲ့သည်။ သို့ပေမည့် လျှောက်လမ်းတွင် ထန်ယရှင်းနှင့် ချီကျီယွဲ့တို့နှင့် တည့်တည့်တိုးတော့သည်။ သူတို့နှစ်ဦးနှင့် Bမြို့တွင်တွေ့ရလိမ့်မည်ဟု သူမလုံးဝမထင်ထားမိပေ။
ချီကျီယွဲ့နှင့်ထန်ယရှင်းကတော့ ကုနင်းကို သတိမထားမိတာကြောင့် ကုနင်းလဲ သူတို့ကို မမြင်ချင်ယောင်ဆောင်ကာ သန့်စင်ခန်းဘက်သို့လှည့်ဝင်သွားလိုက်သည်။ တစ်ချိန်တည်းတွင်ပဲ ကုနင်းက ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုကာ ထိုနှစ်ယောက် ဘယ်ကိုသွားတာလဲဆိုသည်ကိုလဲ လိုက်ကြည့်သေးသည်။
အခုချက်ချင်း သူမ ထိုနှစ်ယောက်ကို မသတ်နိုင်သေးသော်လည်း သူတို့ဒီနေရာမှာ ဘာလာလုပ်လဲဆိုသည်ကိုတော့ သိချင်မိသေးသည်။
ခဏအကြာတွင်တော့ ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ လူနာခန်းတစ်ခန်းထဲသို့ဝင်သွားခဲ့သည်။
ဆေးရုံကုတင်ထက်တွင်တော့ ဦးခေါင်းထက်၌ပတ်တီးဖြူဖြူများစည်းနှောင်ထားသည့် သတိကင်းမဲ့နေသည့် လူလတ်ပိုင်းတစ်ဦးရှိနေခဲ့သည်။ ကုတင်ဘေးတွင်တော့ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးရှိနေကာ သူတို့ဘေးတွင်တော့ အတွင်းရေးမှူးဟုထင်ရသည့် အမျိုးသားတစ်ဦးလဲရှိနေသည်။
သူတို့အခန်းနှင့် ကုနင်းနီးနေတာကြောင့် အထဲမှပြောသမျှကို ကြားနိုင်ပေသည်။
“ဥက္ကဌချီ, မိန်းကလေးထန်။ တွေ့ရတာဝမ်းသာပါတယ်။” ချီကျီယွဲ့နှင့်ထန်ယရှင်တို့ အခန်းထဲသို့ဝင်လိုက်သည်နှင့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးက ချက်ချင်းမတ်တပ်ထကာ သူတို့ကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်သည်။
“ယန်ကတော်။ ဥက္ကဌယန်ရဲ့အခြေအနေဘယ်လိုရှိလဲ?” ချီကျီယွဲ့က စိုးရိမ်ဟန်ဖြင့် မေးလာသည်။
“ခွဲစိတ်မှုကတော့ အောင်မြင်ပါတယ်။ ဒါပေမယ့် ပုံမှန်ပြန်ဖြစ်ဖို့ကတော့ အချိန်ယူရမှာပေါ့။”
“အောင်မြင်တယ်ဆိုတာကတင် ဝမ်းသာစရာပါပဲ။”
“ဥက္ကဌချီ၊ ကျွန်မခင်ပွန်းမတော်တဆမှုဖြစ်သွားတာတောင်မှ ပူးပေါင်းမှုကို ဆက်ပြီးလုပ်ပေးချင်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အတွင်းရေးမှူးကျန်းက ဒီတစ်ခေါက်ပူးပေါင်းမှုကို တာဝန်ယူထားတာပါ။ ပြီးတော့ ရှင်တို့လိုအပ်တာမှန်သမျှ ကျွန်မတို့ဘက်က အကောင်းဆုံးလုပ်ဆောင်ပေးမှာပါ။”
“ခင်ဗျားတို့ရဲ့အရည်အချင်းကို အသိအမှတ်ပြုတာကြောင့် ခင်ဗျားတို့ ကုမ္ပဏီနဲ့ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ရုံပါ။”
“ကျွန်မတို့ကို အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
“ရပါတယ်။”
“ဥက္ကဌချီ၊ ကျွန်တော်ကီရင်းဟိုတယ်မှာ သီးသန့်ခန်းတစ်ခန်းငှားထားပြီးပါပြီ။ အဆင်ပြေရင် ကျွန်တော်တို့ ညစာအတူစားကြလို့ရမလား?” အတွင်းရေးမှူးကျန်းက မေးမြန်းလိုက်သည်။
“ရတာပေါ့။” ချီကျီယွဲ့သဘောတူလိုက်သည်နှင် အတွင်းရေးမှူးကျန်းက ချီကျီယွဲ့နှင့်ထန်ယရှင်းကိုခေါ်ကာ လူနာခန်းထဲမှ ထွက်လာခဲ့သည်။
သူတို့ထွက်သွားသည်ကို မြင်သည်နှင့် ကုနင်းလဲ သူတို့နောက်မှနေပြီး ကီရင်းဟိုတယ်သို့ ဆက်လိုက်လာခဲ့သည်။
သူတို့သွားသည့် သီးသန့်အခန်းနံပါတ်ကို သိပြီးသည်နှင့် ကုနင်းသန့်စင်ခန်းထဲသို့သွားကာ အရွယ်ရောက်အမျိုးသမီးတစ်ဦးဟန် ပြောင်းလဲပြင်ဆင်လိုက်သည်။
သန့်စင်ခန်းထဲမှ ထွက်လာပြီးသည်နှင့် သူမလဲ သီးသန့်ခန်းတစ်ခန်းငှားဖို့ စဉ်းစားထားပေမည့် လမ်းမှာ ချီကျီယွဲ့နှင့်ထပ်တိုးပြန်သည်။ ချီကျီယွဲ့က တစ်ယောက်ယောက်နှင့် ဖုန်းချပြီးကာစဖြစ်ကာ ပြန်လှည့်လိုက်ချိန်တွင်ပဲ ကုနင်းကိုတွေ့သွားခြင်းဖြစ်သည်။ ကုနင်းအံ့ဩသွားရသည့်အချက်ကတော့ ချီကျီယွဲ့က သူမကိုမှတ်မိသွားခြင်းပင်။
“မင်းက….” ကုနင်းကို မြင်လိုက်ရတာကြောင့် ချီကျီယွဲ့အံ့အားသင့်သွားသည်။
“ကျွန်မကို သိလို့လား?” ကုနင်း ချီကျီယွဲ့ကိုပြန်ကြည့်ကာ မေးလိုက်သည်။
***
အခန်း ၇၄၉ ချီကျီယွဲ့နှင့်အတူ ညစာစားခြင်း
ကုနင်းနှင့် ချီကျီယွဲ့ကြားတွင် ရန်ကြွေးမရှိသေးတာကြောင့် အခုချိန် သူမကိုမှတ်မိသွား၍လဲ ပြဿနာမရှိပေမည့် သူမအတွက်တော့ အနည်းငယ်ခံစားရအဆင်မပြေလှပေ။
“မင်း ထန်မြို့မှာ ကျောက်စိမ်းအတုံး၃၀ဖြတ်နိုင်ခဲ့တဲ့သတင်းကို ငါဖတ်ခဲ့ရတယ်၊ အဲ့ဒါမင်းမဟုတ်လား? မင်းနာမည်က ထန်အိုက်နင်းမလား?” ထိုအံ့ဖွယ်သတင်းက ချီကျီယွဲ့စိတ်ထဲစွဲနေမိစေပေမည့် နာမည်ကိုပြောရသည့်အခါတွင်တော့ မသိစိတ်ထဲက အပြစ်ရှိသလိုခံစားနေရသည်။ ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်ရင်တော့ ဒီလိုထူးချွန်တဲ့အမျိုးသမီးတစ်ယောက်နဲ့ သူမိတ်ဆွေဖွဲ့ထားချင်ပေသည်။
ချီကျီယွဲ့၏စကားကြောင့် ကုနင်းလဲ အံ့ဩသွားရသည်။ ထို့အပြင် ချီကျီယွဲ့ ထန်အိုက်နင်းဆိုသောနာမည်ကို မလွယ်ကူစွာထုတ်ပြောလိုက်ရသည်ကိုလဲ သူမသတိထားမိလိုက်သည်။ ချီကျီယွဲ့တို့နှင့် ဆက်ဆံပြောဆိုရာမှ သူမထိုနာမည်ကိုသာ ဆက်သုံးနေပါက ထိုလူများအပေါ် စိတ်အနှောက်အယှက်ပေးနိုင်မည်ဟု ကုနင်းတွေးမိသွားသည်။
“ဟုတ်တယ်၊ ကျွန်မပဲ။” ကုနင်း ဖော်ဖော်ရွေရွေပြုံးပြလိုက်သည်။
ချီကျီယွဲ့ကို သူမလွန်စွာမုန်းတီးနေသော်လည်း သူတို့ကို စိတ်အနှောက်အယှက်ပေးဖို့ စိတ်ကူးထားမှတော့ လောလောဆယ် အလွန်ဖော်ရွေသလို ဟန်ဆောင်ပြရပေမည်။
“ဟ-ဟ၊ တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးထန်။” ချီကျီယွဲ့နှုန်ဆက်လိုက်သည်။ သူ ထိုနာမည်ကိုမှတ်မိနေရခြင်းက သူတို့သတ်ပစ်ခဲ့သည့် မိန်းကလေး၏နာမည်နှင့်တစ်ထပ်တည်းတူနေခြင်းကြောင့်ပင်ဖြစ်သည်။
“ဟုတ်သား၊ ကိုယ့်ကိုကိုယ် မိတ်ဆက်ရဦးမယ်။ ငါ့နာမည်က ချီကျီယွဲ့ပါ။”
“တွေ့ရတာဝမ်းသာပါတယ်။ လူကြီးမင်းချီ။”
“မိန်းကလေးထန်၊ ဒီကိုမိတ်ဆွေနဲ့အတူ ညစာလာစားတာလား?”
“ဟုတ်တယ်၊ ကျွန်မမိတ်ဆွေတစ်ယောက်နဲ့ ချိန်ထားတာ၊ ဒါပေမယ့် ကိစ္စတစ်ခုပေါ်လာလို့ သူမလာနိုင်တော့ဘူး။ ဒါကြောင့် ကျွန်မလဲ ပြန်တော့မလို့။”
“ဒါဆို မင်းအဆင်ပြေရင် ငါတို့နဲ့အတူလာစားပါလား?” ကုနင်းကို သူတို့နှင့်အတူ ညစာစားဖို့ရန် ချီကျီယွဲ့ဖိတ်ကြားလိုက်သည်။ “မင်းရဲ့ကျောက်အလောင်းအစားလုပ်တဲ့ပစ္စည်းကို အရမ်းလေးစားမိတယ်။ ငါတို့မိတ်ဆွေတွေဖြစ်နိုင်ဖို့လဲ မျှော်လင့်တယ်။”
“အမ်၊ ရှင့်မိတ်ဆွေတွေအတွက် အဆင်ပြေပါ့မလား?” ကုနင်း ဖိတ်ခေါ်မှုကို လက်ခံဖို့ရန်ခက်ခဲနေဟန်ဖြင့် ပြန်ပြောလိုက်သည်။
“သေချာပေါက် ပြေတာပေါ့။ သူတို့လဲ မင်းကိုတွေ့ရတာ ဂုဏ်ယူနေလိမ့်မယ်။”
‘ထန်အိုက်နင်း’ဆိုသည့် ကျော်ကြားသည့်အမည်ကြောင့် လူအနည်းစုလောက်ကသာ သူမကိုမတွေ့ချင်ဘဲ နေလိမ့်မည်။
“ကျွန်မလဲ ဂုဏ်ယူမိပါတယ်!” အဆုံးမှာတော့ သူတို့နှင့်ညစာအတူလိုက်စားဖို့ ကုနင်းသဘောတူလိုက်သည်။ တကယ်တော့ သူမ ထိုလူများနှင့် အရမ်းရင်းရင်းနှီးနှီးနေဖို့မဖြစ်နိုင်တာကြောင့် ညစာစားပွဲမှာ အဆင်ပြေလောက်မည်မဟုတ်ပေ။
ထို့နောက် ကုနင်း ချီကျီယွဲ့နောက်မှလိုက်ကာ သီးသန့်ခန်းထဲသို့သွားလိုက်သည်။
သီးသန့်ခန်းထဲတွင်တော့ အတွင်းရေးမှူးကျန်းနှင့်ထန်ယရှင်းအပြင် နောက်ထပ်လူတစ်ယောက်ပါရှိနေတာကြောင့် ကုနင်းအံ့အားသင့်သွားသည်။ ထိုလူကတော့ မူဝမ်ချီပင်။
ချီကျီယွဲ့ သူစိမ်းအမျိုးသမီးတစ်ဦးနှင့်ပြန်ဝင်လာသည်ကိုမြင်တော့ အခန်းထဲမှလူတိုင်း ခဏတာကြောင်အလို့သွားကြသည်။
ကုနင်းကို အရင်က မူဝမ်ချီတစ်ကြိမ်တွေ့ဖူးခဲ့ပေမည့် သူမ၏လက်ရှိပုံစံပြောင်းထားမှုကြောင့် မမှတ်မိခဲ့ပေ။
ထန်ယရှင်းကတော့ မျက်မှောင်ကြုတ်ကာ အေးစက်စက်အကြည့်ဖြင့် ကုနင်းကို ကြည့်လိုက်သည်။ ကုနင်း၏ပုံစံကို သူမရင်းနှီးနေသည်ဟု တွေးမိပေမည့် ဘယ်သူလဲဆိုသည်ကိုတော့ မတွေးနိုင်ပေ။
“မင်းတို့နဲ့ မိတ်ဆက်ပေးပါရစေ၊ သူက ထန်မြို့မှာ ကျောက်စိမ်းပေါင်း၃၀ဖြတ်နိုင်ခဲ့တဲ့ နာမည်ကြီး ကျောက်စိမ်းဘုရင်မ ထန်အိုက်နင်းပဲ။” ချီကျီယွဲ့က ညစာစားပွဲဝိုင်းမှလူများကို ပြောပြလိုက်သည်။ ထန်အိုက်နင်းက သူအရင်သိထားသည့်မိန်းကလေးမဟုတ်မှန်း သိနေသော်လည်း နာမည်ကိုမိတ်ဆက်ပေးရချိန်တွင် အနည်းငယ်စိုးရိမ်ထိတ်လန့်နေမိစဲပင်။
“ဘာ? ဒီအမျိုးသမီးက ကျောက်စိမ်းဘုရင်မ ထန်အိုက်နင်းလား?” မိတ်ဆက်ပေးမှုကြောင့် လူတိုင်းအံ့အားသင့်သွားတော့သည်။ တစ်ဖက်ရှိ ထန်ယရှင်းသည်တော့ ထန်အိုက်နင်းဆိုသည့် နာမည်ကိုကြားလိုက်ရတာကြောင့် အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားသည်။ ယခင်ထန်အိုက်နင်းသေဆုံးသွားပြီမှန်း သူမသိသော်လည်း စိုးရိမ်ပူပန်နေမိစဲပင်။ တစ်ချိန်တည်းတွင်ပဲ ချီကျီယွဲ့ ဘယ်လိုကြောင့်များ ထိုအမျိုးသမီးနှင့်တွေ့သွားရလဲဆိုသည်ကိုလဲ သိချင်နေမိသည်။ ဒါ့အပြင် ထိုအမျိုးသမီးက သူမထက်ပိုမိုသာလွန်ကာ လှပနေတာကြောင့်လဲ မနာလိုဖြစ်နေရသည်။
မူဝမ်ချီနှင့်အတွင်းရေးမှူးကျန်းတို့ကတော့ ချက်ချင်းထရပ်ကာ ယဉ်ကျေးစွာပင် ကုနင်းကို နှုတ်ဆက်ကြသည်။ နာမည်ကြီးလူတစ်ယောက်နှင့် မိတ်ဆွေဖြစ်ထားနိုင်သည်က သူတို့အတွက် မကောင်းတာမှမဟုတ်ဘဲ။
“မိန်းကလေးထန်၊ မင်းရဲ့ကျောက်အလောင်းအစားစွမ်းရည်က တကယ့်ကိုမယုံနိုင်စရာကောင်းတာပဲ! တစ်ခါတည်းနဲ့ ကျောက်စိမ်း၃၀ကျော်ဖြတ်နိုင်တဲ့ လူဆိုပြီး အရင်ကတစ်ခါမှ မကြားဖူးဘူး။” မူဝမ်ချီက စကားစလိုက်ကာ အတွင်းရေးမှူးကျန်းကလဲ ထောက်ခံပေသည်။
“ဟုတ်တယ်!”
လက်ရှိ ကျောက်အလောင်းအစားလောကတွင် ထိုသတင်းမှာ ထိတ်လန့်စရာအကောင်းဆုံးဖြစ်ကာ ထန်မြို့၏ကျောက်ရိုင်းတင်သွင်းသူ ထိပ်တန်းသုံးဦးစာရင်းဝင်သည့် ဝမ်မိသားစု ညတွင်းချင်းပြိုလဲသွားသည့် သတင်းထက်ပင် ပိုလို့ထိတ်လန့်စရာကောင်းနေသေးသည်။
ဝမ်မိသားစုပြိုလဲသည့်သတင်းက အလွန်ထိတ်လန့်စရာကောင်းလှသော်လည်း လူချမ်းသာမိသားစုများ စီးပွားရေးကျဆင်းမှုဆိုသည်မှာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပေမည့် တစ်ကြိမ်တည်းနဲ့ ကျောက်စိမ်း၃၀ကျောက်မဆိုနှင့် ၃-၄တုံးဖြတ်နိုင်သည့်လူဆိုသည်ကတော့ အလွန်ရှားပါးလှသည့် ဖြစ်စဉ်ဖြစ်သည်! လူအများစုမှာ နှစ်ပေါင်းများစွာ ကျောက်အလောင်းအစားလုပ်နေတာတောင်မှ အဖိုးတန်ကျောက်စိမ်းတစ်တုံးကိုပင် မဖြတ်နိုင်ကြပေ!
“မိန်းကလေးထန်မှာ ကျောက်ရိုင်းတုံးတွေကို ထွင်းဖောက်မြင်နိုင်တဲ့ ကျောက်စိမ်းမျက်ဝန်းတစ်စုံရှိနေတယ်လို့တောင် ထင်မိသွားတယ်။” ချီကျီယွဲ့ စနောက်လိုက်သည်။ ဒါက နောက်ပြောင်မှုတစ်ခုသာဖြစ်သော်လည်း အမှန်တရားဖြစ်နေခဲ့သည်။
စစချင်းအချိန်များတုန်းကတော့ ကုနင်း လူအများ သူမကိုထိုခေါင်းစဉ်ဖြင့် စနောက်လာလျှင် အလွန်စိတ်လှုပ်ရှားစိုးရိမ်လာပေမည့် အခုတော့ အသားကျသွားခဲ့ပေပြီ။
“ကျောက်စိမ်းမျက်ဝန်းတော့ ကျွန်မမှာမရှိပါဘူး။ ဒါပေမယ့် ကျောက်တွေကို ဘယ်လိုအလောင်းအစားလုပ်ရမလဲဆိုတဲ့ ကိုယ်ပိုင်အထူးနည်းလမ်းတော့ရှိတယ်။”
ဒါက သူမအခြားလူများကို ထိုနည်းလမ်းအားမပြောပြလိုဟု တစ်ဖက်လှည့်နှင့်ပြောလိုက်ခြင်းဖြစ်တာကြောင့် ဘယ်သူမှထိုအကြောင်း ဆက်မပြောကြတော့ပေ။
“မိန်းကလေးထန်၊ ထိုင်ပါဦး။” ချီကျီယွဲ့က သူ့ခုံဘေးတွင် ကုနင်းကို ထိုင်ခိုင်းလိုက်သည်။
အားလုံးပြန်ထိုင်ပြီးသည့်နောက် ချီကျီယွဲ့က အခြားလူများနှင့်မိတ်ဆက်ပေးခဲ့သည်။ ထန်ယရှင်းက အေးစက်စက်နှင့်ဆက်ဆံသော်လည်း ကုနင်းစိတ်ထဲထားမနေပေ။
အားလုံးက ထန်ယရှင်းကို လျစ်လျူရှုက ဆက်လက်စကားဖောင်ဖွဲ့နေကြတာကြောင့် ထန်ယရှင်းပိုလို မကျေမနပ်ဖြစ်လာတော့သည်။
“မိန်းကလေးထန်က Bမြို့မှာမွေးတာလား?” ချီကျီယွဲ့မေးလိုက်ခြင်းဖြစ်သည်။
“မဟုတ်ပါဘူး။ ကျွန်မက Dမြို့မှာမွေးတာ၊ ဒီကိုက သူငယ်ချင်းဖိတ်လို့လာလည်တာ။”
ချီကျီယွဲ့က သူ့နာမည်ကဒ်ကို ထုတ်ကာ ကုနင်းအားပေးလိုက်သည်။ “မိန်းကလေးထန်၊ ဒါက ငါ့နာမည်ကဒ်ပါ၊ ယူထားပြီး၊ မင်းမြို့တော်ကို လာဖြစ်တဲ့အချိန်ကျရင် ငါ့ကိုဆက်သွယ်ပေါ့။”
“ကျေးဇူးပါ၊” ကုနင်း ယူထားလိုက်သည်။
ထန်ယရှင်းကတော့ မျက်မှောင်ကြုတ်ကာ ချီကျီယွဲ့ကို မျက်စောင်းထိုးကြည့်လိုက်ပေမည့် ချီကျီယွဲ့က သူ့အဆက်အသွယ်များတိုးချဲ့နေခြင်းဖြစ်ကြောင်း သိတာကြောင့် ဘာမှဝင်မပြောခဲ့ပေ။
ထို့နောက် မူဝမ်ချီနှင့် အတွင်းရေးမှူးကျန်းတို့ကလဲ သူတို့နာမည်ကဒ်များ ကုနင်းကို ပေးလာကာ ကုနင်းလဲ အားလုံးကိုလက်ခံလိုက်သည်။
“ကျွန်မမှာတော့ နာမည်ကဒ်မရှိဘူး။ ဖုန်းနံပါတ်ကိုပဲ မှတ်ထားပေးပါလား။” သူတို့ဘက်က နာမည်ကဒ်များပေးလာတာကြောင့် ကုနင်းသာ သူမဖုန်းနံပါတ်ကို မပြောလျှင် မယဉ်ကျေးရာရောက်သွားပေမည်။ ကုနင်းသူမအိုင်ဒီကဒ်နှင့်မှတ်ပုံတင်ထားခြင်းမဟုတ်သည့် ဖုန်းနံပါတ်တစ်ခုရှိတာကြောင့် ထိုနံပါတ်ကိုပြောပြလိုက်သည်။
***
အခန်း ၇၅၀ မယားငယ်ရဲ့သမီး
“လူကြီးမင်းချီကို ကြည့်ရတာ ရင်းနှီးနေတယ်မှတ်တာ အခုမှပဲ အမှတ်ရတော့တယ်။” ရုတ်တရက် ကုနင်းက တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြောလိုက်သည်။
ချီကျီယွဲ့လဲ အံ့အားသင့်သွားကာ သိချင်လာပြီး၊ “အိုး၊ မိန်းကလေးထန်နဲ့ ငါဘယ်မှာများတွေ့ဖူးထားလို့လဲ?”
ကုနင်းက ချီကျီယွဲ့ကို မြူဆွယ်နေခြင်းမဟုတ်ပေမည့် ထန်ယရှင်းကတော့ ကုနင်း၏စကားပြောပုံဆိုပုံကို သဘောမျကပေ။ ဘယ်အမျိုးသမီးကမှ သူတို့လူအပေါ် အခြားအမျိုးသမီးများ လာရောက်စကားပြောဆိုခြင်းကို သဘောကျကြသည်မှမဟုတ်ဘဲ။
ကုနင်း အဓိပ္ပါယ်ပါပါအပြုံးတစ်ပွင့်ပန်ဆင်လိုက်ရင်း၊ “တိုက်ဆိုက်မှုတစ်ခုဆိုပေမယ့် ကျွန်မ တစ်ချိန်တုန်းက မြို့တော်မှာ ထန်အိုက်နင်းလို့ပဲခေါ်တဲ့ အမျိုးသမီးတစ်ယောက် ကယ်တင်တာခံခဲ့ရဖူးတယ်။ အဲ့နေ့က ကျွန်မကို လူမိုက်တစ်စုဝိုင်းလိုက်နေတာတဲ့အချိန် သူရောက်လာပြီး ကယ်ပေးခဲ့တာ။”
ထိုစကားကြောင့် ချီကျီယွဲ့ရော ထန်ယရှင်းပါ အလွန်တုန်လှုပ်သွားကြတော့သည်။ မြို့တော်က ထန်အိုက်နင်း? အဲ့တစ်ယောက်ပဲလား? မသေချာသေးပေမယ့် သူတို့သိထားသည့်တစ်ယောက်ဖြစ်လောက်သည်ဟု ခံစားနေရသည်။
သူတို့နှစ်ဦး၏တုံ့ပြန်ချက်များကို ကုနင်းကျေနပ်သွားကာ ဆက်ပြီး၊ “နောက်တော့ ကျွန်မတို့ တစ်ခါတစ်လေ ဆက်သွယ်ဖြစ်ခဲ့ကြတယ်။ လူကြီးမင်းချီရဲ့ပုံကိုလဲ သူ့ဖုန်းထဲမှာ မြင်ခဲ့တာလေ။ သူပြောတာတော့ ရှင်က သူ့ချစ်သူတဲ့။”
ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ အလွန်စိုးရိမ်ပူပန်လာတော့သည်။ ထန်အိုက်နင်းအကြောင်းကို ကုနင်းဘယ်လောက်တောင် သိထားပြီးပြီလဲ?
“လူကြီးမင်းချီ၊ သူနဲ့တွဲနေတုန်းပဲလား? ပြီးခဲ့တဲ့ဩဂုတ်လထဲက ကျွန်မ ထန်အိုက်နင်းနဲ့ အဆက်အသွယ်ပြတ်သွားလို့လေ။”
“အမ်၊ ငါတို့လမ်းခွဲလိုက်ကြပြီ၊ အဆက်အသွယ်လဲ မလုပ်ဖြစ်ကြတော့ဘူး။” ချီကျီယွဲ့ ခက်ခက်ခဲခဲပြန်ဖြေလိုက်ရသည်။
“အိုး၊ ထားပါလေ။” ကုနင်း စိတ်ပျက်သွားသလိုပြန်ဖြေလိုက်သည်။
“မင်းတို့ တွေ့ဖြစ်တဲ့အချိန် ဘာအကြောင်းတွေများ ပြောဖြစ်ကြလဲ?” ရုတ်တရက် ချီကျီယွဲ့က စူးစမ်းကာမေးလိုက်သည်။
“ကျွန်မတို့ဘဝအကြောင်းတွေ ပြောကြရုံပါ။ အဲ့လိုနဲ့ ကျွန်မတို့ဘဝအခြေအနေတွေတူနေတာကို သိလာကြတယ်လေ။ ကျွန်မမှာ ကျောက်စိမ်းရိုင်းကိုအလောင်းအစားလုပ်တာ ကိုယ်ပိုင်အထူးနည်းလမ်းရှိတယ်ဆိုတာ သိတယ်မဟုတ်လား၊ ဒါပေမယ့် တကယ်တော့ ကျွန်မအဖေက ကျွန်မကို ငယ်ငယ်လေးကတည်းက ဆရာကြီးတစ်ယောက်ဆီ ပို့ပြီး လေ့ကျင့်စေခဲ့လို့ပါ။ ဒါက သာယာတဲ့လေ့ကျင့်ရေးအတွေ့အကြုံတော့မဟုတ်ဘူးလေ။ ပြီးတော့ ကျွန်မနိုင်သမျှငွေအားလုံးကိုလဲ ကျွန်မအဖေကိုပေးရတယ်။ အိုက်နင်းလဲ ဒီလိုကျွန်မနဲ့အတူတူပဲလို့ပြောဖူးတယ်။ သူ့ကိုလဲ သူ့အဖေက ငယ်ငယ်ကတည်းက သိုင်းပညာသင်စေပြီး သူ့အဖေကုမ္ပဏီအတွက် အလုပ်မျိုးစုံလုပ်ပေးခဲ့ရတယ်တဲ့လေ။”
ထိုအခိုက်အတန့်မှာပဲ ထန်ယရှင်း၏တုန်ရီနေသည့်လက်ထဲမှ ခွက်က စားပွဲပေါ်သို့ ကျယ်လောက်လှသည့်အသံတစ်သံဖြင့် ပြုတ်ကျသွားခဲ့သည်။ ချီကျီယွဲ့ပင်လျှင် အလွန်ထိတ်လန့်သွားခဲ့သည်။ သူမဘယ်လိုလုပ် ဒီအကြောင်းတွေသိထားတာလဲ? နောက်ထပ်ကော ဘာတွေများသိထားသေးလဲ?
“မိန်းကလေးထန်၊ ရှင်အဆင်ပြေရဲ့လား?” ကုနင်း စိုးရိမ်သလို ဟန်ဆောင်ကာ မေးလိုက်သည်။
“အ-အဆင်ပြေပါတယ်။” ထန်ယရှင်း စိတ်ကိုပြန်ထိန်းချုပ်လိုက်သည်။
“အနာခံမှ၊ အသာစံရမှာပဲ၊ မိန်းကလေးထန်၊ မင်းလုပ်နိုင်ခဲ့တာတွေအပေါ် ငါတကယ်လေးစားမိပါတယ်။” အတွင်းရေးမှူးကျန်းက ဝင်ပြောလိုက်သည်။
“လူကြီးမင်းချီ၊ တကယ်လို့များ အိုက်နင်းနဲ့အဆက်အသွယ်ရခဲ့ရင် ကျွန်မကိုပြောပါဦး။”
“ကောင်းပါပြီ။” ချီကျီယွဲ့ပြန်ဖြေလိုက်ပေမည့် တကယ်တော့ ထန်အိုက်နင်းက သေဆုံးသွားပြီဖြစ်တာကြောင့် အဆက်အသွယ်ရဖို့ ဘယ်လိုမှမဖြစ်နိုင်ပေ။
“သူကျွန်မဆီက ပစ္စည်းတစ်ခုထားခဲ့တယ်လေ။ သူနဲ့သာ အဆက်အသွယ်မရရင် ပစ္စည်းကို တစ်ချိန်လုံး ကျွန်မပဲ သိမ်းထားပေးဖို့ကလဲ မသင့်တော်ပြန်ဘူး။”
“ဘာပစ္စည်းလဲ?” ချီကျီယွဲ့ရော ထန်ယရှင်းပါ သတိလက်လွတ်နှင့် တပြိုင်တည်းအလျင်စလိုမေးလိုက်ကြသည်။
သူတို့၏မူမမှန်လှသည့် တုံ့ပြန်ပုံကြောင့် ကုနင်း နားမလည်နိုင်သလိုပြန်ကြည့်လိုက်သည်။ ဒီတော့မှ သူတို့၏အမူအရာက မူမမှန်ကြောင်း ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ အမှတ်ရသွားကာ ပြန်ပြီးထိန်းချုပ်လိုက်ကြသည်။
ပြီးနောက် ချီကျီယွဲ့ ဖြေရှင်းချက်ပေးလေသည်။ “မင်းနဲ့လဲ သူအဆက်အသွယ်ပြတ်နေတယ်ဆိုတာ ကြားတော့ ငါ သူ့အတွက်စိုးရိမ်သွားလို့ပါ။ ငါလဲ သူ့သတင်းကြားချင်လာပြီ။ ငါတို့လမ်းခွဲလိုက်တာ ကြာပြီဆိုပေမယ့် တစ်ချိန်တုန်းက ချစ်သူတွေဖြစ်ခဲ့ဖူးတာပဲမလား။”
“အိုး၊” ကုနင်း ခေါင်းညိတ်လိုက်ကာ၊ “သူက ကျွန်မကို ယူအက်စ်ဘီတစ်ခုပေးခဲ့တာ၊ ဒါပေမယ့် သူ့ကိုယ်ရေးကိုယ်တာကိစ္စမို့လို့ အထဲမှာဘာအကြောင်းပါလဲဆိုတာတော့ ကျွန်မလဲ မသိဘူး။”
ထိုစကားကြောင့် ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ ပိုလို့ပင် တည်တည်ငြိမ်ငြိမ်မနေနိုင်ကြတော့ပေ။
“တကယ်တော့၊ ကျွန်မက သူ့ရဲ့ညီမပါ။ ရှင် ကျွန်မကို အဲ့ဒီယူအက်စ်ဘီပေးလိုက်ပါလား?” ထန်ယရှင်းမေးလိုက်သည်။
“မင်းက အိုက်နင်းရဲ့ညီမပေါ့?” ကုနင်း မနှစ်မြို့သည့်အမူအရာသို့ပြောင်းသွားသည်။ “မင်းက သူ့ညီမဆိုရင်တောင် ငါမင်းကို မပေးလိုက်နိုင်ဘူး။ ဘာလို့ဆို ငါက မယားငယ်ရဲ့သမီးတွေဆို အမုန်းဆုံးလေ။” ကုနင်းလူတိုင်းရှေ့တွင်ပဲ ထုတ်ပြောလိုက်သည်။
“နင်…” ထန်ယရှင်း ဒေါသထွက်သွားတော့သည်။ “နင်ဘာစကားပြောတာလဲ!”
သူမကို မယားငယ်၏သမီးလို့ လူအများခေါ်ကြသည်ကို ထန်ယရှင်းအမုန်းဆုံးဖြစ်သည်။ ဒါက ပြောင်းလဲလို့မရသည့် အမှန်တရားဖြစ်နေပေမယ့် သူမကတော့ ဘယ်လိုမှလက်သင့်မခံနိုင်ပေ။
မူဝမ်ချီနှင့်အတွင်းရေးမှူးကျန်းတို့လဲ ထိုကိစ္စကို မသိထားကြတာကြောင့် အံ့အားသင့်သွားကြကာ အနည်းငယ်နေရခက်ဟန်ပေါက်သွားကြသည်။
ချီကျီယွဲ့လဲ စိတ်တိုလာပေမည့် ဘာမှပြန်မပြောနိုင်ပေ။
“ဒါအမှန်တရားပဲလေ!” ကုနင်းထပ်ပြောလိုက်သည်။
“နင်….” ထန်ယရှင်း ရုတ်ချည်းမတ်တပ်ထရပ်လိုက်ကာ ကုနင်းကိုရိုက်တော့မည့်ဟန်ဖြစ်သွားပေမည့် ချီကျီယွဲ့က သူမကိုတားလိုက်ပြီး၊ “ယရှင်း၊ စိတ်လျှော့။”
ယူအက်စ်ဘီအကြောင်းပြန်တွေးလိုက်မိတော့ ထန်ယရှင်းလဲ ချီကျီယွဲ့စကားကိုနားထောင်လိုက်သည်။ သို့ပေမည့် ‘ထန်အိုက်နင်း’ကိုတော့ မလိုမုန်းတီးစွာဖြင့် စိုက်ကြည့်နေတော့သည်။ သူမအမြင်တွင်တော့ ထန်အိုက်နင်းနာမည်နှင့်မိန်းမတိုင်းက ဘဝင်မကျစရာကြီးသာဖြစ်နေတော့သည်။
“မိန်းကလေးထန်၊ ငါက မြို့တော်ထန်မိသားစုရဲ့ လုပ်ငန်းစုက အထွေထွေမန်နေဂျာပါ။ မင်းငါ့ကိုယုံကြည်ရင် ယူအက်စ်ဘီကို ငါ့ဆီပေးလိုက်ပါလား။ အဲ့ဒီထဲမှာ လုပ်ငန်းနဲ့သက်ဆိုင်တာတွေပါလိမ့်မယ်လို့ ထင်တယ်။” ချီကျီယွဲ့က စကားဝိုင်းကိုပြန်ထိန်းလိုက်သည်။
“စိတ်မကောင်းပါဘူး။ ကျွန်မ အိုက်နင်းတစ်ယောက်တည်းကိုပဲ ပြန်ပေးနိုင်လိမ့်မယ်။ စိတ်မပူပါနဲ့။ အထဲမှာပါတဲ့အချက်အလက်တွေကို ကျွန်မဘယ်တော့မှဖွင့်မကြည့်ပါဘူး။ ပြီးတော့ အရေးကြီးအချက်အလက်တွေသာဆို သေချာပေါက်စကားဝှက်လဲ ခံထားလောက်မှာပါ။”
ကုနင်းကမပေးချင်နေမှတော့ ချီကျီယွဲ့ အတင်းပြောမနေတော့ပေ။ သူလဲ ထိုယူအက်စ်ဘီတွင် စကားဝှက်ခံထားလောက်မည်ဟု ယုံကြည်ပေသည်။
ဘာပဲဖြစ်ဖြစ် ယူအက်စ်ဘီအကြောင်း ကြားလိုက်ရပြီဖြစ်တာကြောင့် ချီကျီယွဲ့နှင့် ထန်ယရှင်းတို့ အေးအေးချမ်းချမ်းနေနိုင်ကြတော့မည်မဟုတ်ပေ။
စကားဝိုင်းပြီးဆုံးသွားသည့်နောက် ချီကျီယွဲ့နှင့်ထန်ယရှင်းတို့၏စားချင်စိတ်များကုန်ဆုံးသွားခဲ့ပေမည့် ကုနင်းသည်တော့ အရသာရှိစွာစားသောက်ခဲ့သည်။ သူမတမင်တကာ ထိုနှစ်ဦးကို ကြောက်လန့်သွားစေရန်ပြောခဲ့ခြင်းဖြစ်သည်။ တစ်ခါတလေ ပြင်ပကိုယ်ကို ထိခိုက်အောင်လုပ်ခြင်းထက် စိတ်ကိုထိခိုက်အောင်လုပ်ခြင်းက ပို၍ရလဒ်ကောင်းပေသည်။
စားသောက်ပြီးနောက် ကုနင်းပြန်ထွက်လာကာ ချီကျီယွဲ့ကတော့ ကျန်လူများနှင့်အတူ စီးပွားရေးကိစ္စပြောဆိုရန်အတွက် အခန်းထဲတွင်ကျန်ရစ်ခဲ့သည်။
ဒါပေမယ့် ကုနင်းအိမ်မပြန်သေးဘဲ လက်ဖက်ရည်သောက်ခန်းတွင် သွားထိုင်နေကာ ထိုသူနှစ်ဦးပြန်ထွက်လာချိန်တွင် နောက်ယောင်ခံလိုက်ကာ ပညာပြရန် ကြံစည်နေခဲ့သည်။
***
စာစဉ် ၅၀ ပြီး၏။