အခန်း (၉၁၆-၉၁၈)
Vol. 62 Ch. 916-918
အဆတစ်ရာစနစ် စာစဥ်(၆၂)
အခန်း(၉၁၆)
"ဒီကောင်လေးက ကြယ်လေးပွင့် သူတော်စင်နယ်မြေကနေလာတာ ဖြစ်နိုင်ချေ အရမ်းများတယ်လို့ ကျွန်တော် အစောထဲက ပြောခဲ့သားပဲ.. အကြိီးအကဲ ယွင်ချန်း.. တုံမိသားစုက တခြားသော ကြယ်လေးပွင့် သူတော်စင်နယ်မြေက တပည့်တွေကို ပါရမီရှင်အမဲလိုက်ပြိုင်ပွဲ အတွင်း ဖိတ်ခေါ်တာက ယန်ဒီမြို့ရဲ့ စည်းကမ်းကို ချိုးဖောက်တာပဲ.. ပြိုင်ပွဲရဲ့ စည်းမျဥ်းကိုချိုးဖောက်တဲ့ တုံမိသားစုကို ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ ကျွန်တော် အကြံပြုပါရစေ"
"ရှထျန်းမင် မင်းသေချင်နေပြီလား "
တုံကျန့်က အေးစက်စက် ရေရွတ်လိုက်သည်။
"မင်းက ကျန်းချန်ကို ကြယ်လေးပွင့် သူတော်စင်နယ်မြေကလာတယ် ပြောမှတော့ ဘယ်ကြယ်လေးပွင့် သူတော်စင်နယ်မြေက လာလဲဆိုတာ သက်သေထုတ်ပြစမ်း"
"ဘာသက်သေလိုသေးလို့လဲ.. သူက ကြယ်လေးပွင့် သူတော်စင်နယ်မြေက မဟုတ်ရင် ဘယ်လိုလုပ်ပြီး အင်ပါယာအမွေအနှစ်ကို ရရှိထားမှာလဲ"
ရှထျန်းမင်က အချက်ကျကျ ပြောဆိုလိုက်သည်။
ဤတစ်ကြိမ် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲသည် သူတို့ ရှမိသားစုနှင့် တုံမိသားစုကြားရှိ ဟန်ချက်ကို ပျက်စီးစေခဲ့သည်။
အကယ်၍သာ ပါရမီရှင်အမဲလိုက် ပြိုင်ပွဲ၏ ပထမအဆင့်ကို တုံမိသားစုကသာ ယူသွားလျှင် တုံမိသားစုသည် ယန်ဒီမြို၏ တိုက်ရိုက်ဝင်ခွင့် နှစ်နေရာကို ရရှိရုံသာမက လာမယ့် နှစ်အနည်းငယ် အတွင်း အရင်းအမြစ်များကိုလည်း ပို၍ ရရှိမည် ဖြစ်သည်။
ဤအခြေအနေသည် သူတို့ ရှမိသားစု အတွက် အလွန်ဆိုးရွားသော ကိစ္စပင် ဖြစ်သည် မဟုတ်ပါလား။
ထို့ကြောင့် ရှထျန်းမင်သည် တုံမိသားစု ပထမရမည်ကို လုံးဝ မလိုလားခဲ့ပေ။
အခွင့်အရေး အနည်းငယ်ရလျှင်ပင် သူက တုံမိသားစုကို ဆွဲချချင်ခဲ့သည်။
"တော်ပြီ မငြင်းခုန်ကြနဲ့တော့.. ကျန်းချန်ရဲ့ အမွေအနှစ်က ဘယ်ကြယ်လေးပွင့် သူတော်စင်နယ်မြေကမှ ရလာတာမဟုတ်လောက်ဘူး.. ယနေ့ခေတ် ရှန်းဝူတိုက်ကြီးမှာ ဓားအင်ပါယာရဲ့ အမွေအနှစ်က တစ်ခုတည်းပဲ ရှိတယ်.. အဲဒီ အမွေအနှစ်ရှိတဲ့ နေရာက မြင့်မြတ်တဲ့ မြို့တော်ငါးမြို့ထဲက တစ်မြို့ ဖြစ်တဲ့ ဓားတစ်သောင်း မြို့တော်ပဲ"
ရှောင်ယွင်ချန်းက ရုတ်တရက် လက်ကိုဝှေ့ရမ်း၍ ပေါ့ပါးစွာ ပြောလိုက်သည်။
"ငါသိရသလောက်တော့ ဓားတစ်သောင်းမြို့တော်မှာ ကျန်းချန်လို ပါရမီရှင်မျိုး ရှိမနေဘူး"
ယန်ဒီမြို့၏ အကြီးအကဲ တစ်ယောက်အနေဖြင့် ရှောင်ယွင်ချန်းသည် သူ၏ဘဝတွင် အထူးချွန်ဆုံး ပါရမီရှင် အများအပြားကို မြင်ဖူးခဲ့သည်။
သို့သော် ယန်ဒီမြို့မှာပင် ကျန်းချန်လို သူ့ကို အံ့အားသင့်စေသည့် ပါရမီရှင် အနည်းငယ်လောက်သာ ရှိ၏။
ဤကောင်လေးသည် အရည်အချင်းတွင် နတ်ဆိုးနီးပါးအစွမ်းထက်ရုံသာမက ကောင်းမွန်သော ကံကြမ္မာလည်း ရှိသည်။
ဆိုရလျှင် ထိုကောင်လေးသည် ကြယ်လေးပွင့် သူတော်စင်နယ်မြေတွင် မွေးဖွားလာခြင်း မဟုတ်သော်လည်း ဓားအင်ပါယာ၏ အမွေအနှစ်ကို ရရှိခဲ့သည် မဟုတ်ပါလား။
ဤကဲ့သို့ ကောင်းမွန်သော ကံကြမ္မာရှိသည့် အလွန်အမင်း ထူးချွန်သောသူမျိုးသည် မတော်တဆဖြစ်ရပ်များ မရှိခဲ့လျှင် ခေတ်တစ်ခေတ်ကို စိုးမိုးနိုင်သည့် အင်အားကြီးမားသော ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်မည်မှာ ဧကန်မုချပင်။
ဤကောင်လေးကိုသာ သူတို့ ရှောင်မိသားစုထဲ ခေါ်ယူနိုင်မည်ဆိုလျှင် ရှောင်မိသားစုသည် နောင်အနာဂတ်တွင် ရှန်းဝူတိုက်ကြီး၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ချက် ချနိုင်သည့် အင်အားကြီးမားသော ကျင့်ကြံသူတစ်ဦးကို ပိုင်ဆိုင်န်ိုင်မည် မဟုတ်ပါလား။
"ကျန်းချန်က ကြယ်လေးပွင့် သူတော်စင်နယ်မြေက လာတာ မဟုတ်ဘူးလို့ ငါပြောခဲ့သားပဲ"
ရှောင်ယွင်ချန်း၏ စကားကိုကြားလျှင် တုံကျန့်သည် ရုတ်တရက် သက်ပြင်းချ၍ ပြောလိုက်သည်။
တစ်ဖက်တွင်မူ ရှောင်ချင်းနှင့် ရှထျန်းမင်တို့၏ မျက်နှာအမူအရာသည် ရှုံ့မဲ့နေခဲ့၏။
ရှောင်ယွင်ချန်း၏ စကားသည် ကျန်းချန်၏ ပြိုင်ပွဲ ဝင်ရောက်မှုကို အသိအမှတ် ပြုလိုက်သလို ဖြစ်သွားခဲ့သည် မဟုတ်ပါလော။
ဤအတိုင်းသာဆိုလျှင် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲ၏ ပထမနေရာသည် တုံမိသားစု အပိုင်ဖြစ်လာရန် ကံကြမ္မာက ဖန်တီးပေးနေခဲ့ပြီ ဖြစ်၏။
သားရဲတစ်သောင်း တောင်ကြားအတွင်း၌ ကျန်းချန်သည် ယင်ယန်ကျား၏ စကားကို မကြားသကဲ့သို့ အသနားခံမှုများကို လျစ်လျူရှုထားခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ ယင်ယန်ကျားသည် ဆဋ္ဌမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေသည့် ရှေးဟောင်း သားရဲတစ်ကောင် ဖြစ်သည်။
ယခုအခါတွင် ကျန်းချန်၏ ခန္ဓာကိုယ် အခြေအနေသည် အချိန်နှင့် အာကာသ ဓားနယ်မြေကို ထပ်မံ အသုံးပြုရန် အထောက်အပံ့ မပေးနိုင်တော့ပေ။
သူသာ ယင်ယန်ကျားကို အသက်ချမ်းသာပေးခဲ့မည် ဆိုလျှင် ယင်ယန်ကျားသာ ပြန်လည် သက်သာလာသည်နှင့် ရလဒ်မှာ မတွေးဝံ့စရာ ဖြစ်လာနိုင်ပေသည်။
ထို့အပြင် သူ့အရှေ့ရှိ ယင်ယန်ကျား၏ အမြူတေသည် ဆဋ္ဌမအဆင့် အစောပိုင်းသားရဲ တစ်ရာကျော် သို့မဟုတ် ပဥ္စမအဆင့် သားရဲထောင်ပိုင်းများစွာ၏ အဆင့်နှင့် ညီပေသည်။
ယခုအချိန်တွင် ရှောင်မိသားစု၏ အထူးချွန်ဆုံး တိုက်ခိုက်ရေးသမား ဖြစ်သော ရှောင်ပုဖန်သည် သူ၏ လက်ချက်ဖြင့် ဆိုးဆိုးရွားရွား ဒဏ်ရာရရှိသွားခဲ့ပြီ ဖြစ်၏။
ရှောင်ပုဖန် မပါဝင်သ၍.ရှောင်မိသားစု အမဲလိုက်အဖွဲ့သည် အလယ်အလတ် အဆင့်မျှသာ ဖြစ်၏။
သို့ဖြစ်ရာ ရှောင်မိသားစုကို တစ်ရက်နှစ်ရက်မျှ အချိန်ပေးလိုက်လျှင်ပင် ဆဋ္ဌမအဆင့် သားရဲ အကောင်တစ်ရာကျော်ကို ဖမ်းမိရန်ခ က်ခဲလိမ့်မည်ဟု သူခန့်မှန်းခဲ့သည်။
ဆိုလိုသည်မှာ သူ့အရှေ့ရှိ ဆဌမအဆင့် အထွတ်အထိပ် သားရဲ ယင်ယန်ကျားကို သတ်နိုင်သည်နှင့် တုံမိသားစုသည် ပါရမီရှင်အမဲလိုက်ပြိုင်ပွဲ၏ ပထမနေရာကို အခြေခံအားဖြင့် ကြိုတင် သိမ်းပိုက်လိုက်ခြင်းပင် မဟုတ်ပါလော။
သို့မှသာ သူ့အနေဖြင့် မည်သည့် အမှားအယွင်းမှ မရှိဘဲ ပထမနေရာကို ရရှ်ိကာ ယန်ဒီမြို့ကို တိုက်ရိုက်ဝင်ခွင့် ရရှိနိုင်မည် ဖြစ်သည်။
အခန်း(၉၁၆)ပြီး၏။
အခန်း(၉၁၇)
ကျန်းချန်က သူ၏ အသနားခံမှုအား လျစ်လျူရှုထားသည်ကို မြင်လျှင် ခန္ဓာကိုယ် ပို၍ အိုမင်းရင့်ရော်လာသော ယင်ယန်ကျားသည် ပို၍ပင် ကြောက်ရွံ့လာခဲ့သည်။
"ဝေါင်း"
ယင်ယန်ကျားက ဟိန်းဟောက်လိုက်ပြီး သူ၏ ကြီးမားသောခန္ဓာကိုယ်ဖြင့် အချိန်နှင့် အာကာသ ဓားနယ်မြေထဲကနေ လွတ်မြောက်ရန် အတွက် ရူးသွပ်စွာ လှုပ်ရှားနေခဲ့သည်။
သို့သော်လည်း အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ယင်ယန်ကျား၏ ခွန်အားသည် အထွတ်အထိပ် အခြေအနေတွင် မရှိတော့ပေ။
သို့ဖြစ်ရာ အချိန်နှင့်အာကာသ ဓားနယ်မြေကို ဖြတ်ကျော်ရန် သူက မည်ကဲ့သို့ လုပ်ဆောင်နိုင်ပါမည်နည်း။
သူက မည်မျှပင် ရုန်းကန်နေပါစေ၊ အဆုံးသတ်တွင် အချိန်နှင့် အာကာသ ဓားနယ်မြေ၏ စွမ်းအားသည် သူ၏ သက်တမ်းကို အရှိန်အဟုန် မြင့်ကာ ကုန်ဆုံးစေခဲ့သည်။
ဤအခြေအနေက ဆယ့်ငါးမိနစ်မျှ ကြာသည်အထိ ဆက် လက် ဖြစ်ပွားနေခဲ့၏။
မကြာခင်မှာပင် ကျန်းချန်၏ အချိန်နှင့်အာကာသ ဓားနယ်မြေသည် အကန့်အသတ်သို့ ရောက်ရှိသွားခဲ့သည်။
ယင်ယန်ကျားကို လွှမ်းခြုံထားထားသည့် အပြာရောင်အလင်းအကာအရံသည် အဆုံးသတ်တွင် အပြာရောင် အလင်းစက်လေးများ အဖြစ်သို့ ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လည်း ဤအချိန် ဆယ့်ငါးမိနစ်အတွင်း ယင်ယန်ကျား၏ အသက်စွမ်းအားများသည် အချိန်နှင့်အာကာသ ဓားနယ်မြေ၏ စွမ်းအားများထဲတွင် စုပ်ယူခံလိုက်ရ၍ ယင်ယန်ကျား၏ ကြီးမားသော ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး လေထဲမှာ ရပ်တန်ဖို့ပင် အင်အားမရှိတော့ပေ။
သူက လေထဲကနေ မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျလာခဲ့သည်။
မြေပြင်ပေါ် ပြုတ်ကျလာသည့် ယင်ယန်ကျားသည် သူ၏ ခန္ဓာကိုယ်အနှံ့မှ နာကျင်မှုကို သည်းခံကာ လက်ကျန်အင်အားလေးကို အားကိုး၍ ထိတ်လန့်သော အမူအရာဖြင့် ထရပ်လိုက်သည်။
ထို့နောက်တွင် သူ၏ လက်ကျန်အင်အားကို အသုံးပြု၍ ဤနေရာကနေ ထွက်ပြေးရန် ပြင်ဆင်လိုက်၏။
"ဆဋ္ဌမအဆင့် အထွတ်အထိပ်ရှေးဟောင်းသားရဲလို့ မပြောရဘူး.. အချိန်နှင့်အာကာသ ဓားနယ်မြေ ပျောက်ကွယ်သွားတဲ့အထိ မသေဘဲ တောင့်ခံနိုင်သားပဲ"
သူ၏ရှေ့မှမြင်ကွင်းကို မြင်လျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
အချိန်နှင့်အာကာသ ဓားနယ်မြေကို တတ်ကျွမ်းပြီး ကတည်းကပင် ကျန်းချန်သည် များစွာ အသုံးပြုခဲ့ဖူးသည်။
ရွှယ်ယန်တောင်တွင် ရှချန်းယွင်နှင့် ရင်ဆိုင်ရစဥ်က ခွန်အားခြင်း ကွာဟမှုကြောင့် အချိန်နှင့်အာကာသ ဓားနယ်မြေ တိုက်ရိုက် ပျက်စီးခဲ့သည်က လွဲလျှင် အချိန်နှင့်အာကာသ ဓားနယ်မြေထဲတွင် ပိတ်မိနေသည့် သူများအားလုံးသည် ဓားနယ်မြေ၏ စွမ်းအားကြောင့် သေဆုံးသွားခဲ့သူတွေချည်း ဖြစ်သည်။
ကျန်းချန်သည် အချိန်နှင့်အာကာသ ဓားနယ်မြေကို အသုံးပြုသည့် အချိန်ကစပြီး ပထမဆုံး အကြိမ်အဖြစ် ဓားနယ်မြေ ပျောက်ကွယ်သွားသည် အထိ ခံနိုင်ရည်ရှိသော သားရဲကို ကြုံတွေ့ဖူးခြင်း ဖြစ်၏။
သို့သော် ယင်ယန်ကျားသည် အချိန်နှင့်အာကာသ ဓားနယ်မြေပျောက်ကွယ်သွားသည် အထိ ခံနိုင်ရည်ရှိသော်လည်း နောက်ဆုံး ထွက်သက် တစ်ချက်သာ ကျန်ရှိတော့ပြီး တိုက်ခိုက်နိုင်စွမ်း လုံးဝနီးပါး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ကျန်းချန်သည် ယင်ယန်ကျားကို ထွက်ပြေးရန် အတွက် လုံးဝအလွှတ်ပေးမည် မဟုတ်ပေ။
သူက ဓားဆန္ဒတတိယအဆင့်၏ ခွန်အားကို သွေးနဂါးဓားတွင် ထည့်သွင်း၍ ယင်ယန်ကျားကို ခုတ်လိုက်ရာ ယင်ယန်ကျား၏ ဦးခေါင်းသည် တစ်ချက်တည်းဖြင့် ပြတ်ထွက်သွားခဲ့သည်။
ယင်ယန်ကျားကို ဓားချက် တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ပြီးနောက်တွင် ကျန်းချန်သည် ယင်ယန်ကျားထံမှ သားရဲအမြူတေကို အလျင်အမြန်ယူကာ တုံယွင်ထျန်းနှင့် တခြားတပည့်များ ဆီသို့ လျှပ်စီးလို အမြန်နှုန်းဖြင့် ပြန်လှည့်သွားခဲ့သည်။
"ဒီနေရာမှာ ကြာကြာနေလို့မသင့်ဘူး.. ငါတို့ဒီကနေ အမြန်ဆုံး ထွက်သွားကြစို့ "
ကျန်းချန်က ဖြူဖျော့နေသော မျက်နှာထားဖြင့် တုံယွင်ထျန်း နှင့် တခြားသူများကို ပြောလိုက်သည်။
သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် အားအင်ကုန်ခမ်းမှုကိုခံစားနေရပြီဖြစ်၏။
"ကောင်းပြီ"
ကျန်းချန်၏ အခြေအနေ အနည်းငယ် ဆိုးရွားနေသည်ကို မြင်လျှင် တုံယွင်ထျန်းသည် ခေါင်းကို အလျင်အမြန် ညိတ်လိုက်သည်။
ကျန်းချန် ဆိုလိုသည့် အကြောင်းအရင်းကို တုံယွင်ထျန်းသည်ကောင်းစွာ နားလည်၏။
သားရဲစွမ်းဆောင်ခြင်း ဆေးလုံးသည် ဆဋ္ဌမအဆင့်
သားရဲဖြစ်သည့် ယင်ယန်ကျားကို ဆွဲဆောင်နိုင်ခဲ့ပြီ ဖြစ်ရာ ဒုတိယတစ်ကောင်ကို ဆွဲဆောင်နိုင်ချေ အလွန်ပင်များသည် မဟုတ်ပါလော။
ယင်ယန်ကျားကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သားရဲ နောက်တစ်ကောင် ထပ်ရောက်လာခဲ့လျှင် သူတို့အားလုံးသည် ဤနေရာပင် သေဆုံးရလိမ့်မည် ဖြစ်သည်။
တုံမိသားစု အမဲလိုက်အဖွဲ့ ဆုတ်ခွာသွားသည်နှင့်.တစ်ပြိုင်နက် ရှောင်မိသားစု အမဲလိုက်အဖွဲ့ကလည်း အပြင်အထန် ဒဏ်ရာရနေသည့် ရှောင်ပုဖန်နှင့်အတူ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
တိုက်ပွဲကြီးတစ်ပွဲကို ဆင်နွှဲအပြီးတွင် ညဘက်သို့ ရောက်ရှိသွားခဲ့ပြီး ပါရမီရှင်အမဲလိုက်ပြိုင်ပွဲ၏ ပထမဆုံးနေ့သည်လည်း အဆုံးသတ်သွားခဲ့သည်။
တုံမိသားစု၏ အမဲလိုက်အဖွဲ့များသည် ကောင်းစွာ အနားယူနေနိုင်ရန်အတွက် လုံခြုံသည့်နေရာများကို ရှာဖွေခဲ့ကြသည်။
ကျန်းချန်က သားရဲဆွဲဆောင်ခြင်း ဆေးလုံးကို အသုံးပြုကာ သားရဲအများအပြားကို သတ်ဖြတ်ခဲ့သည့်အပြင် ဆဋ္ဌမအဆင့် အထွတ်အထိပ်တွင် ရှိသည့် ယင်ယန်ကျားကိုပင် သတ်ဖြတ်ခဲ့သည်။
ဤသည်ကပင် တုံမိသားစု၏ စွမ်းဆောင်ရည်ကို ရှောင်မိသားစုနှင့် ရှမိသားစု တို့ထက် များစွာ သာလွန်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ မဟုတ်ပါလား။
ပါရမီရှင်အမဲလိုက် ပြိုင်ပွဲသည် သတ်မှတ်ထားသည့် အချိန်သုံးပုံတစ်ပုံသာ ကုန်ဆုံးသေးသော်လည်း ရလဒ်ကမူ ရှင်းလင်းစွာ ထွက်ပေါ်နေခဲ့ပြီ ဖြစ်၏။
ဆိုရလျှင် ဤတစ်ကြိမ် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲ၏ ပထမနေရာသည် တုံမိသားစု လက်ထဲတွင် ရှိနေပြီဟု ပြော၍ ရနေပြီ ဖြစ်သည်။
အခန်း(၉၁၇)ပြီး၏။
အခန်း(၉၁၈)
မကြာခင်မှာပင် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲ၏ ဒုတိယနေ့သို့ ရောက်ရှိလာခဲ့သည်။
ဤနောက်ပိုင်းတွင် သားရဲတစ်သောင်း တောင်ကြော အ ခြေအနေသည် သိသိသာသာပင် တည်ငြိမ်လာခဲ့သည်။
ကျန်းချန်တို့ အဖွဲ့သည် ပထမဆုံးနေ့တွင် သားရဲအများအပြားကို အမဲလိုက်နိုင်ခဲ့ပြီး ထိုအထဲတွင် ဆဋ္ဌမအဆင့် အထွတ်အထိပ်သားရဲ ဖြစ်သည့် ယင်ယန်ကျားလဲ ပါဝင်သောကြောင့် သူတို့၏ ရလဒ်သည် ရှောင်မိသားစုနှင့် ရှမိသားစုတို့ထက် များစွာ သာလွန်နေခဲ့၏။
ထို့ကြောင့် ကျန်းချန်တို့အဖွဲ့သည် ပထမဆုံးနေ့က ကဲ့သို့ အစွမ်းကုန် မကြိုးစားတော့ဘဲ ပုံမှန် အရှိန်အဟုန်ဖြင့်ပင် သားရဲများကို အမဲလိုက်ခဲ့ကြသည်။
ကျန်းချန်တို့ အမဲလိုက်နေရင်း အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ဤသို့ဖြင့် နှစ်ရက်တာ ကုန်လွန်ပြီးနောက်တွင် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲ၏ ပြိုင်ပွဲကြီးသည် နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့သည်။
မိသားစုကြီးသုံးစုမှ အမဲလိုက် အဖွဲ့များသည် သားရဲတစ်သောင်း တောင်ကြောကနေ ထွက်လာခဲ့ကြပြီ ဖြစ်၏။
ရှောင်ယွင်ချန်းသည် အမဲလိုက်အဖွဲ့များ၏ ရလဒ်များ အတွက် အမြူတေများကို ရေတွက်ခဲ့ကြသည်။
ကျန်းချန်ကို ပိုင်ဆိုင်ထားသည့် တုံမိသားစုသည် အမဲလိုက်ပြိုင်ပွဲတွင် ပထမနေရာကို မလွဲမသွေပင် ရရှိသွားခဲ့၏။
ရှောင်မိသားစုမှ ရှောင်ပုဖန် သည် ကျန်းချန်၏ ပြင်းထန်သည့် ထိုးနှက်ချက်ကို ခံစားခဲ့ရပြီး ပြန်လည် နာလန်ထူရန် အတွက် တစ်နေ့လုံး တစ်ညလုံး အချိန်ယူခဲ့ရသည်။
ထို့သို့ ရှောင်ပုဖန် မပါဝင်နိုင်သော်လည်း ရှောင်မိသားစု၏ ရလဒ်သည် မသေးလှပေ။
အဆုံးသတ်တွင် သူတို့သည် ရှမိသားစုကို ကျော်ဖြတ်နိုင်ခဲ့သည်။
ရှမိသားစုကမူ ဤပါရမီရှင် အမဲလိုက်ပြိုင်ပွဲတွင် အောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့၏။
သားရဲအမြူတေများကို ရေတွက်ပြီး အဖွဲ့လိုက် ရမှတ်များကို ဆုံးဖြတ်ပြီးနောက်တွင် နောက်တစ်ဆင့် အနေဖြင့် ဆုလာဘ်များကို ချီးမြှင့်မည် ဖြစ်သည်။
အဖွဲ့လိုက် ပထမနေရာကို ရရှိခဲ့သည့် တုံမိသားစုသည် ယန်ဒီမြို့ကို တိုက်ရိုက် ဝင်ရောက်ခွင့် တစ်နေရာ ရရှိခဲ့ရုံသာမက အမဲလိုက်အဖွဲ့တွင် ပါဝင်ခဲ့ကြသည့် အဖွဲ့ဝင်များလည်း ဆုလာဘ်များကို ရက်ရက်ရောရော ရရှိခဲ့ကြသည်။
ကျန်းချန်ကမူ တစ်ဦးချင်း ပထမနေရာကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီး ယန်ဒီမြို့ဆီ တိုက်ရိုက် ဝင်ခွင့်တစ်နေရာကို ရရှိခဲ့၏။
ထို့အပြင် ကျန်းချန်သည် ယန်ဝူ တံဆိပ်ပြားတစ်ခုကိုလည်း ရရှိခဲ့သည်။
ယန်ဒီမြို့ကို ရောက်လျှင် ကျန်းချန်သည် ထို ယန်ဝူတံဆိပ်ပြားကို အသုံးပြု၍ ကိုယ်ခံပညာ တစ်ခုကို စိတ်ကြိုက် ရွေးချယ်နိုင်မည် ဖြစ်၏။
ဆုလာဘ်များကို ဆုချပြီးသည့် နောက်တွင် ရှောင်ယွင်ချန်းသည် ယန်ဒီမြို့ဆီ နောက်ထပ် ဝင်ခွင့်ရမည့် ဝင်ခွင့်နေရာအတွက် ဆက်လက် ကြေငြာခဲ့သည်။
ဤတစ်ကြိမ် ပါရမီရှင်အမဲလိုက်ပြိုင်ပွဲတွင် ယန်ဒီမြို့ကို ဝင်ခွင့်နေရာ ခြောက်နေရာ သတ်မှတ်ထားခဲ့သည်။
ကျန်းချန် အပါအဝင် တုံမိသားစုက နှစ်နေရာကို သိမ်းပိုက်ထားခဲ့ပြီ ဖြစ်ရာ ကျန်ရှိသည့် လေးနေရာသည် ရှောင်ယွင်ချန်း၏ လက်ထဲတွင် ရှိနေခဲ့၏။
အဆုံးသတ်တွင် ရှောင်မိသားစုမှ ရှောင်ပုဖန် နှင့် တခြား တပည့်တစ်ဦးက တစ်နေရာစီ ရခဲ့ပြီး ရှမိသားစု၏ နံပါတ်တစ်ပါရမီရှင် ရှယန်က တစ်နေရာ ရခဲ့သည်။
နောက်ဆုံး တစ်နေရာကို တုံမိသားစုမှ တုံယွင်ထျန်းက ရရှိခဲ့သည်။
ဤရလဒ်အတွက် တုံမိသားစု၏ ခေါင်းဆောင် တုံကျန့်သည် အလွန်ပင် ပျော်ရွှင်နေခဲ့သည်။
တုံယွင်ထျန်းက ယန်ဒီမြို့၏ ဝင်ခွင့်နေရာကို ရရှိခဲ့ပြီ ဖြစ်၍ သူတို့ တုံမိသားစုသည် ယန်ဒီမြို့တွင် လေ့ကျင့်ခွင့်ရမည့် တခြား တပည့်တစ်ဦးကို ထပ်မံ ရွေးချယ်နိုင်သည်ဟု ဆိုလိုရာရောက်နေသည် မဟုတ်ပါလော။
ပို၍ အရေးကြီးသည်မှာ အတိတ်က ကျင့်သုံးခဲ့သည့် စည်းမျဥ်းများအရ တုံမိသားစုသည် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲတွင် ပထမနေရာကို ရရှိခဲ့သောကြောင့် နောင်အနာဂတ် နှစ်အနည်းငယ် အတွင်း အရင်းအမြစ်များ ခွဲဝေမှုတွင်လည်း ကြီးမားသော အကျိုးကျေဇူးများကို ရရှိလိမ့်မည် ဖြစ်သည်။
ယင်းက တုံမိသားစု ဖွဲ့ဖြိုးတိုးတက်ရန် အတွက် အလွန် အကျိုးပြုမည်မှာ သေချာသလောက်ပင်။
ပိုင်မင်မြို့မှ မိသာားစုကြီး သုံးစု၏ အရင်းအမြစ်များ ခွဲဝေမှု နှင့် ဆုလာဘ်များကို ကြေငြာပြီးသည့် နောက်တွင် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲကြီးသည် လုံးဝကို ပြီးဆုံးသွားခဲ့သည်။
"ကောင်းပြီ.. ဒီတစ်ကြိမ် ပိုင်မင်မြို့ရဲ့ ပါရမီရှင် အမဲလိုက်ပြိုင်ပွဲကတော့ ဒီမှာတင် ပြီးဆုံးသွားခဲ့ပြီ.. ယန်ဒီမြို့ဆီ သွားဖို့ အရည်အချင်းပြည့်မီတဲ့ သူတွေ အားလုံးက မနက်ဖြန် မနက် ၈နာရီ တောင်ဘက်ဂိတ်တံခါးမှာ စုဝေးထားကြပါ.. ငါက ယန်ဒီမြို့ဆီ မင်းတို့ကို ဦးဆောင်ပြီး ခေါ်သွားပေးမယ်"
ရှောင်ယွင်ချန်းက ပေါ့ပေါ့ပါးပါးပင် ကြေငြာလိုက်သည်။
သူ၏ စကားသံဆုံးသည်နှင့် တုံကျန့်နှင့် ရှထျန်းမင်တ်ို့ နှစ်ဦးစလုံးသည် ရှောင်ယွင်ချန်းကို ဂါရ၀ပြု နှုတ်ဆက်ခဲ့ကြပြီး သူတို့၏ တပည့်များနှင့်အတူ ဖြေးညင်းစွာ ထွက်ခွာသွားကြသည်။
"အကြီးအကဲ ယွင်ချန်း ကျန်းချန်ဆိုတဲ့ ကောင်လေးမှာ ထူးခြားတဲ့ နောက်ခံရှိတဲ့ပုံပဲ သူ့ကို ယန်ဒီမြို့ဆီ တကယ်ပဲ ဝင်ခွင့်ပေးမလို့လား"
ရှောင်ချင်းက မကျေမနပ် ဖြစ်နေသော အမူအရာဖြင့် ပြောလိုက်သည်။
"ဒိီကလေးက ယန်ဒီမြို့မှာ ပြဿနာတစ်ခုခု ရှာခဲ့ရင် ကျွန်တော်တို့ ပိုင်မင်မြို့အနေနဲ့ စက်ကွင်း မလွတ်မှာကို စိုးရိမ်မိတယ်"
"မစိုးရိမ်ပါနဲ့ ဒီကိစ္စက ငါကိုယ်တိုင် ဆုံးဖြတ်ထားတဲ့ ကိစ္စပါ.. တစ်ခုခု ပြဿနာတက်ခဲ့ရင် ငါအကုန် တာဝန်ယူပါ့မယ်"
ရှောင်ယွင်ချန်းက ရှောင်ချင်းကို လေးနက်စွာ ပြောလိုက်ပြီးနောက်တွင် ရှောင်ချင်း၏ ရှေ့ကနေ လျှပ်စီးလို အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၉၁၈)ပြီး၏။