← Chapters

အခန်း (၉၁၉-၉၂၁)

Vol. 62 Ch. 919-921

အခန်း (၉၁၉-၉၂၁)

Vol. 62 Ch. 919-921

အခန်း(၉၁၉)

တုံကျန့်၏ ဦးဆောင်မှုအောက်တွင် တုံမိသားစု အဖွဲ့သည် တုံအိမ်တော် ဆီသို့ အလျင်အမြန် ပြန်လည်ရောက်ရှိလာခဲ့သည်။

ဤတစ်ကြိမ် ပါရမီရှင်အမဲလိုက်ပြိုင်ပွဲတွင် တုံမိသားစု၏ စွမ်းဆောင်ရည်သည် အထင်ကြီးစရာ ကောင်းသောကြောင့် လူပေါင်းများစွာ၏ ချီးကျူးဂုဏ်ပြုခြင်းကို ခံခဲ့ရသည်။

ထိုညတွင် တုံမိသားစု တစ်ခုလုံးသည် ပျော်ရွှင်ခဲ့ကြပြီး ကျန်းချန်နှင့် အဖွဲ့သားများ အတွက် ဂုဏ်ပြုဧည့်ခံပွဲကို ပြင်ဆင်ခဲ့ကြသည်။

ထိုဂုဏ်ပြုဧည့်ခံပွဲကို နတ်ဝိညာဥ်ဘုရင်အဆင့် အကြီးအကဲနှစ်ဦးလုံးက တက်ရောက်ခဲ့ကြ၏။

ကျန်းချန်ကို ပါရမီရှင်အမဲလိုက် ပြိုင်ပွဲတွင် ပါဝင်ရန် အကြံပြုခဲ့သည့် တုံဟဲသည် ကျန်းချန်က တုံမိသားစု အမဲလိုက်အဖွဲ့ကို ဦးဆောင်ကာ ဤကဲ့သို့ ရလဒ်များ ရရှိခဲ့သည်ကို မြင်လျှင် စိတ်ထဲ၌ ပျော်ရွှင်နေခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မကျေမနပ် ဖြစ်နေခဲ့သည့် တုံသဲပင် ဤအခိုက်အတန့်တွင် ရှားရှားပါးပါး ပြုံးရွှင်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ တုံမိသားစုသည် ပထမနေရာကို ရရှိခဲ့၍ အရင်းအမြစ်များ ပိုမိုရရှိမည် ဖြစ်ကာ အနာဂတ်အတွက် အလွန်ပင် အကျိုးရှိလာမည် ဖြစ်၏။

သူတို့လ်ို နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူများသည် အဆင့်တက်ချင်သည် ဆိုလျှင် အရင်းအမြစ်များ ပိုမို လိုအပ်၏။

ဂုဏ်ပြုဧည့်ခံပွဲ ကျင်းပပြီးနောက်တွင် ကျန်းချန်သည် သူ့နေရာဆီသို့ ပြန်သွားပြီး တစ်ညတာ အနားယူခဲ့သည်။

နောက်တစ်နေ့ မနက်စောစောတွင် တုံယွင်ထျန်းသည် တုံနင် နှင့်အတူ ကျန်းချန်ဆီသို့ ရောက်လာခဲ့သည်။

တုံမိသားစုသည် ဆွေးနွေးတိုင်ပင်မှု အချို့ ပြုလုပ်ပြီးနောက်တွင် ယန်ဒီမြို့ကို သွားခွင့်ရမည့် တိုက်ရိုက် ဝင်ခွင့်တစ်နေရာ အတွက် တုံနင်ကို ရွေးချယ်ခဲ့သည်။

ဤသို့ဖြင့် သုံးယောက်သားသည် တုံမိသားစုကို နှုတ်ဆက်ကာ ပိုင်မင်မြို့ တောင်ဘက်ဂိတ်တံခါးနား ဆီသို့ သွားရောက်ခဲ့ကြသည်။

အလွန်လျင်မြန်စွာဖြင့် ရှောင်ပုဖန်နှင့် တခြားသူများသည် တစ်ယောက်ပြီး တစ်ယောက် တောင်ဘက်ဂိတ်တံခါးနား ဆီသို့ ရောက်ရှိလာကြ၏။

သူတို့က ကျန်းချန်တို့သုံးယောက်ကိုကြည့်ကာ စကား

မပြောခဲ့ကြဘဲ ရှောင်ယွင်ချန်း ရောက်ရှိလာသည်အထိ တိတ်တဆိတ်သာ နေခဲ့ကြသည်။

သိပ်မကြာခင်မှာပင် ရှောင်ယွင်ချန်းသည် အနီရောင် ဧရာမငှက်ကြီးကို စီးကာ ကောင်းကင်ကနေ ရောက်ရှိလာခဲ့သည်။

"ကဲ ယန်ဒီမြို့ကို သွားကြစို့ ကောင်လေးတို့"

ရှောင်ယွင်ချန်းက စကားရှည်မနေဘဲ ပေါ့ပေါ့ပါးပါးပင် ဖိတ်ခေါ်လိုက်သည်။

သူ၏ စကားကိုကြားသည်နှင့် ကျန်းချန်တို့ လူငယ်တစ်စုသည် အနိီရောင်ဧရာမငှက်ကြီးပေါ်သို့ အလျင်အမြန်ပင် ခုန်တက်လိုက်ကြသည်။

သူ၏ကျောပေါ်သို့ ကျန်းချန်တို့ လူငယ်တစ်စု ရောက်ရှိလာသည်နှင့် ဧရာမငှက်ကြီးသည် တောင်ပံများကိုခတ်ကာ တောင်ဘက်ကောင်းကင် ဆီသို့ အနီရောင် အလင်းတန်း အဖြစ် ပြောင်းလဲကာ ပျံသန်းသွားခဲ့သည်။

ခရီးတစ်လျောက်တွင် ရှောင်ယွင်ချန်းသည် ကျန်းချန်တို့ခြောက်ယောက်ကို ကြည့်ကာ ကျေနပ်ပီတိဖြစ်သော အပြုံးတစ်ခု မျက်နှာထက်တွင် ပေါ်လာခဲ့သည်။

ဤတစ်ကြိမ်တွင် ပိုင်မင်မြို့မှ ပါရမီရှင် တပည့်များ၏ အရည်အချင်းသည် သူထင်ထားသည်ထက် များစွာပို၍ ကောင်းမွန်ပုံရသည်။

ဧကရာဇ်အဆင့် ပါရမီရှင် ဖြစ်သည့် ရှောင်ပုဖန် ဆိုလျှင် ပါရမီရှင်များ ပြည့်နှက်နေသည့် ယန်ဒီမြို့မှာပင် နေရာတစ်နေရာ ရရှိနိုင်လိမ့်မည်ဟု သူထင်မြင်ခဲ့သည်။

ရှောင်ယွင်ချန်းကို ဤတစ်ကြိမ်တွင် အံ့အားသင့်စေသော အရာမှာ ပိုင်မင်မြို့၌ ကျန်းချန်ကဲ့သို့ အင်ပါယာအဆင့် ပါရမီရှင် မမျှော်လင့်ဘဲ ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်၏။

ထို့အပြင် ထိုလူငယ်သည် အင်ပါယာ အမွေအနှစ်ကိုပင် ဆက်ခံရရှိထားသူ တစ်ဦးလည်း ဖြစ်၏။

ပကတိအင်ပါယာ၏ အမွေအနှစ်ကို ရရှိထားသည့် အထွတ်အထိပ် ပါရမီရှင် တစ်ဦးသည် ရှန်းဝူတိုက်ကြီး တစ်ခုလုံးနှင့် ယှဥ်ကြည့်လျှင်ပင် အမြင့်မားဆုံး အဆင့်အတန်းတွင် ရှိသူ ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူသည် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးကို ယန်ဒီမြို့ဆီ ခေါ်ဆောင်လာနိုင်သောကြောင့် ကြီးမားသော အကျိုးကျေးဇူးများ မလွဲမသွေရရှိမည်မှာ သေချာသလောက်ပင်။

"ကျန်းချန် အဲဒီနေ့က ယင်ယန်ကျားနဲ့ တိုက်ပွဲမှာ မင်းအသုံးပြုခဲ့တဲ့ ဓားနယ်မြေက အင်ပါယာရဲ့ အမွေအနှစ် ဖြစ်မယ်လို့ ငါထင်တယ်.. မင်းရဲ့အသေးစိတ် အချက်အလက်တွေကို ငါမသိချင်ဘူး.. ဒါပေမယ့် မင်းက တစ်ကယ်ပဲ တခြားသော ကြယ်လေးပွင့် သူတော်စင်နယ်မြေက လာတာဆိုရင်တော့ အခုချိန်ထွက်သွားရင် နောက်မကျသေးဘူးလို့ ငါသတိပေးချင်တယ်.. ဘာလို့လည်းဆိုတော့ အခြားသော ကြယ်လေးပွင့် သူတော်စင် နယ်မြေရဲ့ တပည့်တစ်ဦးက ယန်ဒီမြို့ဆီ ဝင်ရောက်တာကို တားမြစ်ထားတဲ့အတွက် ပြဿနာ ကြီးကြီးမားမား တတ်နိုင်လို့ပဲ"

ရှောင်ယွင်ချန်းက ခဏမျှစဥ်းစားပြီးနောက် ကျန်းချန်ကို ပြောလိုက်သည်။

"အကြီးအကဲ ဒီအတွက်စိတ်ချပါ...ဒီတပည့်က တခြားသောကြယ်လေးပွင့် သူတော်စင်နယ်မြေကနေ လာတာ မဟုတ်ပါဘူး...ကျွန်တော်က ဘယ်လိုလုပ်ပြီး ကြယ်လေးပွင့် သူတော်စင်နယ်မြေမှာ မွေးဖွားလာနိုင်မှာလဲ.. ကျွန်တော်က ပြင်ပနယ်မြေက ကြယ်နှစ်ပွင့်အင်အားစု ဖြစ်တဲ့ စန်းလန် အဖွဲ့အစည်းကနေ ဒီကို ရောက်လာခဲ့တာပါ"

ကျန်းချန်က ထိုမေးခွန်းကြောင့် တုန်လှုပ်သွားခဲ့ပြီး အသံလွှင့်စနစ်ဖြင့် အလျင်အမြန် ပြန်ဖြေလိုက်သည်။

သူ့ရှေ့မှ အကြီးအကဲသည် ကြယ်လေးပွင့် သူတော်စင်နယ်မြေ၏ အကြီးအကဲ ဂုဏ်ပုဒ်နှင့် ထိုက်တန်မှုရှိသည်။

သူ၏ အချ်ိန်နှင့်အာကာသ ဓားနယ်မြေ စွမ်းအားကို တစ်ချက်ကြည့်ရုံဖြင့် ပကတိအင်ပါယာ၏ အမွေအနှစ်မှန်း သိမြင်နိုင်ခဲ့သည် မဟုတ်ပါလော။

ကျန်းချန်၏ အဖြေကိုကြားလျှင် ရှောင်ယွင်ချန်း၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

[ဒီကလေးက တကယ်ပဲ ကြယ်လေးပွင့် သူတော်စင်နယ်မြေက မဟုတ်ဘူးတဲ့လား]

အခန်း(၉၁၉)ပြီး၏။

အခန်း(၉၂၀)

ရှောင်ယွင်ချန်းက ကျန်းချန်၏ အဖြေကြောင့် အံ့အားသင့်သွားခဲ့သည်။

ကြယ်လေးပွင့် သူတော်စင်နယ်မြေ ဖြစ်သည့် ယန်ဒီမြို့၏ အကြီးအကဲတစ်ဦး အနေဖြင့် ရှောင်ယွင်ချန်း၏ ရှန်းဝူတိုက်ကြီးအပေါ် နားလည်မှုသည် အခြားသူများထက် သေချာပေါက် သာလွန်နေခဲ့၏။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းခန့်က ရှန်းဝူတိုက်ကြီးတွင် ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့မှန်း သူကောင်းစွာ သိထားခဲ့သည်။

ထိုတိုက်ပွဲတွင် ရှန်းဝူတိုက်ကြီး၏ ပကတိ အင်ပါယာအဆင့် ကျင့်ကြံသူ အားလုံးသည် လုံးဝ ပျောက်ကွယ်သွားခဲ့ကြ၏။

ရှန်းဝူတိုက်ကြီးသည်လည်း ထိုတိုက်ပွဲအပြိီးတွင် အပိုင်းအစပေါင်းများစွာ ကွဲထွက်သွားခဲ့သည်။

လက်ရှိ ကျုံးကျိုးကုန်းမြေသည် ရှန်းဝူတိုက်ကြီး၏ အကောင်းဆုံးထိန်းသိမ်းထားနိုင်သော အစိတ်အပိုင်း ဖြစ်၏။

ကျုံးကျိုးကုန်းမြေ၏ ပတ်ဝန်းကျင်တွင် ထိုတိုက်ပွဲကနေ ခွဲထွက်သွားခဲ့သည့် ဒေသများစွာ ရှိနေခဲ့ပြီး ထိုဒေသများကို ကျုံးကျိုးကုန်းမြေမှ လူများသည် ပြင်ပနယ်မြေဟု ခေါ်ဝေါ်ခဲ့ကြသည်။

ကျုံးကျိုးကုန်းမြေနှင့် နှိုင်းယှဥ်လျှင် ပြင်ပနယ်မြေသည် ကျင့်ကြံခြင်း အရင်းအမြစ် နည်းပါးရုံသာမက အသက်စွမ်းအား အလွန်ပင် ပါးလွှာသောကြောင့် ကျင့်ကြံရန် မသင့်လျော်သော နယ်မြေ ဖြစ်သည်။

ထိုနေရာတွင် မွေးဖွားလာသည့် ကျင့်ကြံသူများသည် ကျုံးကျိုးကုန်းမြေ၏ ပါရမီရှင်များနှင့် နှိုင်းယှဥ်၍ မရပေ။

သို့သော်လည်း ရှောင်ယွင်ချန်း မမျှော်လင့်ထားသည်မှာ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ဖြစ်ပြီး ပကတိ အင်ပါယာ၏ အမွေအနှစ်ကို ရရှိထားသော ကျန်းချန်သည် ပြင်ပနယ်မြေကနေ ရောက်ရှိလာခြင်းပင်။

"အင်ပါယာအမွေအနှစ် ပြန်လည် ထွက်ပေါ်လာပြီ ဆိုတော့ မဟာတိုက်ပွဲ ရောက်ရှိလာတော့မယ် ထင်ပါရဲ့"

ရှောင်ယွင်ချန်းက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပါးစပ်ကနေ တီးတိုး ရေရွတ်လိုက်သည်။

ပြင်ပနယ်မြေက လာသော လူငယ်လေးသည် ရှေးဟောင်း နတ်သားရဲ ခန္ဓာကိုယ်နှင့် မွေးဖွားလာသည့်အပြင် ပကတိအင်ပါယာ၏ အမွေအနှစ်များကိုပင် ရရှိထားပြီး ကြောက်မက်ဖွယ် စွမ်းအင်များကို ပိုင်ဆိုင်ထားခဲ့သည်။

"မင်းက ကြယ်လေးပွင့် သူတော်စင်နယ်မြေက မဟုတ်မှန်း ငါတကယ် မထင်ထားခဲ့ဘူး.. ဒါက ငါ့ကို အံ့အားသင့်စေတယ်.. ကျန်းချန်.. ဒီအဘိုးကြီးက ဘဝတစ်လျောက်လုံး တပည့်တစ်ယောက်မှ မမွေးဖူးဘူး...မင်းငါ့ရဲ့ တပည့်လုပ်ဖို့ ဆန္ဒရှိလား"

ရှောင်ယွင်ချန်းက အိုမင်းနေသော မျက်လုံးများသည် ရုတ်တရက် တောက်ပစွာ လင်းလက်သွားခဲ့သည်။

သူက ကျန်းချန်ကို ပြုံး၍ ပြောလိုက်၏။

"ဒီအဘိုးကြီးက ဘာမှမဟုတ်ဘူး ဆိုပေမယ့် ယန်ဒီမြို့မှာ စကားပြောပိုင်ခွင့် နည်းနည်း ပါးပါးတော့ ရှိပါတယ်"

ကျန်းချန်က ပြင်ပနယ်မြေတွင် မွေးဖွားလာခြင်းဖြစ်၍ နောက်ခံရှုပ်ထွေးမှု မရှိသည်ကို မြင်လျှင် ရှောင်ယွင်ချန်းသည် တပည့်လက်ခံဖို့ စဥ်းစားခဲ့ပြီး ယန်ဒီမြို့ မရောက်ခင် ကျန်းချန်ကို ဆုံးဖြတ်ချက် ချခိုင်းရန် စီစဥ်ခဲ့သည်။

သိပ်မကြာခင် အင်ပါယာ အမွေအနှစ်နယ်မြေက ဖွင့်လှစ်တော့မည် ဖြစ်သည်။

ကျန်းချန်၏ အရည်အချင်းဖြင့်သာ ဆိုလျှင် အင်ပါယာ အမွေအနှစ်နယ်မြေထဲတွင် ထွန်းတောက်လာမည်မှာ သေချာသလောက်ပင်။

ကျန်းချန်ကဲ့သို့ အထွတ်အထိပ် ပါရမီရှင်များသည် ယန်ဒီမြို့ကို ရောက်သည်နှင့် နတ်သန္ဓေ အင်ပါယာများ၏ မျက်စိကျခြင်းကို ခံရလိမ့်မည် ဖြစ်၏။

သို့ဖြစ်ရာ ဤအခွင့်အရေးကို ဖမ်းမဆုပ်ခဲ့လျှင် ယန်ဒီမြို့ကိုရောက်သည်နှင့် သူ့အတွက် အဆင်မပြေတော့မည်ကို စိုးရိမ်နေခဲ့သည်။

"အကြီးအကဲရဲ့ ကြင်နာမှုအတွက် ဒီတပည့်လေးက စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ် "

ကျန်းချန်က ရှောင်ယွင်ချန်းကို မချိပြုံး ပြုံး၍ ပြောလိုက်သည်။

"ဒါပေမယ့် ဒီတပည့်လေးမှာ ဆရာ ရှိနှင့်ပြီးသားပါ.. ဒီတစ်ခေါက် ယန်ဒီမြို့ကို လာတာကလဲ ဆရာ့ကို ရှာဖွေမလို့ပါ"

"သြော် မင်းမှည ဆရာ ရှိပြီးသားကိုး.. ဒါနဲ့ မင်းရဲ့ဆရာက ယန်ဒီမြို့မှာပဲလား"

ရှောင်ယွင်ချန်းက ကျန်းချန်ကို တအံ့တသြ ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"မင်းရဲ့ဆရာနာမည်က ဘယ်လိုခေါ်သလဲဆိုတာ ငါသိလို့ရမလား"

ကျန်းချန်က အနည်းငယ် တွေဝေသွားပြီးမှ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ကာ ရှောင်ယွင်ချန်းကို ပြောလိုက်သည်။

"ဒီတပည့်လေးရဲ့ ဆရာနာမည်က ရှောင်တုလီပါ"

"မင်း.. မင်းက ရှောင်တုလီရဲ့ တပည့် ဖြစ်နေတာလား"

ရှောင်ယွင်ချန်းက ကျန်းချန်၏ စကားကိုကြားလျှင် မှင်တက်သွားခဲ့ပြီး ပြန်လည် အသိဝင်လာရန် အချိန်အတောကြာ ယူခဲ့ရသည်။

ထို့နောက်တွင် ရှောင်ယွင်ချန်း၏ အသံသည် ကျန်းချန်၏ စိတ်ထဲသို့ ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့၏။

"မင်းက သူရဲ့တပည့်ဖြစ်နိုင်တယ်လို့ ငါအစောကြီးကတည်းက တွေးမိသင့်တယ်...အဲဒီလူကလွဲရင် ယန်ဒီမြို့မှာ ဘယ်သူမှ ပြင်ပနယ်မြေက တပည့်ကို လက်ခံမှာမဟုတ်ဘူး.. အဲဒီလူက လွန်ခဲ့တဲ့ခြောက်လက ယန်ဒီမြို့ကို ပြန်ရောက်လာပြီး သူ့မှာ အရမ်းထူးချွန်တဲ့ တပည့်တစ်ယောက် ရှိတယ်လို့ ကြေငြာခဲ့တယ်.. ကြည့်ရတာ သူအမြဲပြောပြောနေတဲ့ ပါရမီရှင်တပည့် ဆိုတာ မင်းပဲထင်တယ်"

ကျန်းချန်က ရှောင်ယွင်ချန်း၏ စကားကိုကြားလျှင် စိတ်နှလုံး လှုပ်ရှားသွားခဲ့ရသည်။

ရှောင်ယွင်ချန်းကို ကြည့်နေသည့် သူ၏ အကြည့်များထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

အဆုံးသတ်တွင် သူ့ဆရာ ရှောင်တုလီ၏ သတင်းကို ရရှိခဲ့ပြီ မဟုတ်ပါလား။

အခန်း(၉၂၀)ပြီး၏။

အခန်း(၉၂၁)

လွန်ခဲ့သော ခြောက်လကျော်ခန့်က ကျန်းချန်သည် ထိုက်ရှဂိုဏ်းတွင် ရှောင်တုလီကို ဆရာတင်ခဲ့သည်။

သူက ရှောင်တုလီနှင့်အတူ ကျုံးကျိုးကုန်းမြေသို့ လာရန် မူလက စီစဥ်ထားသော်လည်း မမျှော်လင့်သော ကိစ္စတချို့ကြောင့် ရှောင်တုလီသည် ကျုံးကျိုးကုန်းမြေဆီသို့ စောစီးစွာ ပြန်သွားခဲ့သည်။

သူက သူ့ဆရာရှောင်တုလီ နောက်သို့ လိုက်လာခဲ့သော်လည်း တည်နေရာ ရွှေ့ပြောင်းခြင်း ပြုလုပ်စဥ် မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ပြီး ကျံးကျိုးကုန်းမြေ၏ ပြင်ပနယ်မြေ ဆီသို့ ရောက်ရှိသွားခဲ့သည်။

လွန်ခဲ့သည့် ခြောက်လတာ ကာလအတွင်း ကျန်းချန်သည် ခက်ခဲကြမ်းတမ်းမှု များစွာကို ဖြတ်သန်းခဲ့ရ၏။

ယခုအခါတွင်မူ သူ့ဆရာရှောင်တုလီ၏ သတင်းကို အဆုံးသတ်၌ အတည်အကျ ရရှိခဲ့ပြီ ဖြစ်သည်။

"အကြီးအကဲရဲ့ လေသံကို နားထောင်ရတာ ကျွန်တော့်ဆရာနဲ့အတော်လေး ရင်းနှီးပုံပဲ.. ကျွန်တော့်ဆရာ ယန်ဒီမြို့မှာရှိနေလား အကြီးအကဲ"

ကျန်းချန်က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ရှောင်ယွင်ချန်းထံ အသံလွှင့်၍ အလောတကြီး မေးလိုက်သည်။

"မင်းဆရာက ယန်ဒီမြို့မှာ ရှိပါတယ်.. လွန်ခဲ့တဲ့ခြောက်လက ယန်ဒီမြို့ကို သူပြန်ရောက်လာပြီး သူ့မှာ တပည့်တစ်ယောက် ရှိနေပြီလို့ ဝင့်ကြွားခဲ့တယ်.. သူ့ရဲ့တပည့်က မကြာခင် ယန်ဒီမြို့ကို ရောက်လာတော့မယ်လို့လည်း ပြောခဲ့တယ်.. မင်းအတွက်နဲ့ သူက ယန်ဒီမြို့မှာ အတော်လေး မွှေနောက်ခဲ့သေးတယ်.. မင်းလို‌ ရောက်မလာသေးတဲ့ တပည့်တစ်ယောက်အတွက်နဲ့ အင်ပါယာ အမွေအနှစ် နယ်မြေထဲ ဝင်ရောက်ခွင့်ကို မင်းအတွက် အတင်းအဓမ္မ လုယူခဲ့တယ်.. ယန်ဒီမြို့ကို ရောက်တာနဲ့ မင်းဆရာနဲ့ တွေ့ရမှာပါ ကောင်လေး"

‌

ရှောင်ယွင်ချန်းက ပြုံး၍ ပြောလိုက်သည်။

ဤကလေးကို ရှောင်တုလီက အစောကတည်းကပင် တပည့်အဖြစ် လက်ခံထားခဲ့ပြီ ဖြစ်ရာ ရှောင်ယွင်ချန်းသည် ရှောင်တုလီဆီကနေ လုယူရန် အစီအစဥ် မရှိတော့ပေ။

သူက ရှောင်တုလီ၏ စိတ်နေသဘောထားကို ကောင်းစွာနားလည်ထားသည်။

အကယ်၍ သူသာ ရှောင်တုလီ၏ တပည့်ကို လုယူခဲ့လျှင် ရှောင်တုလီသည် သူ၏ အရိုးများကို တစစီ ချိုးဖျက်ပစ်မည် မဟုတ်ပါလား။

"အင်ပါယာ အမွေအနှစ် နယ်မြေ ဟုတ်လား.."

ကျန်းချန် အံ့အားသင့်သွားခဲ့သည်။

ရှန်းဝူတိုက်ကြီးတွင် နတ်သန္ဓေအင်ပါယာ အဆင့်ကို ကျော်လွန်သူများကိုသာ အင်ပါယာဟု ခေါ်ဆိုနိုင်သည်။

သို့ဖြစ်ရာ ထိုအမွေအနှစ်သည် အနည်းဆုံး နတ်သန္ဓေအင်ပါယာ နဝမအဆင့်ကို ကျော်လွန်ပြီး ပကတိအင်ပါယာနယ်ပယ်အဆင့်ကို ခြေတစ်လှမ်း ချထားနိုင်သည့် အင်ပါယာတစ်ပါး၏ အမွေအနှစ် ဖြစ်လောက်၏။

ထိုကြောင့် အင်ပါယာ အမွေအနှစ် နယ်မြေသည် ရှားပါးသောအမွေအနှစ် နယ်မြေတစ်ခုဟု ဆိုရပေမည်။

ဤအကြောင်းကို တွေးမိလျှင် ကျန်းချန်သည် ရှောင်တုလီကို ကျေးဇူးတင်မဆုံး ဖြစ်လာခဲ့သည်။

သူက ရှောင်တုလီကို ဆရာတင်ခဲ့သော်လည်း ရှောင်တုလီနှင့်အတူရှိသော အချိန်က အလွန်နည်းပါးပြီး တကယ့်ကို သူစိမ်းတရံနီးပါးပင်။

သို့သော်လည်း ဤကဲ့သို့ ဖြစ်နေလျှင်ပင် ရှောင်တုလီသည် သူ့ကို တပည့်တစ်ယောက်လို ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။

သူ ယန်ဒီမြို့ကို ရောက်မလာခင်မှာပင် သူ၏ အကျိုးစီးပွားအတွက် ရှောင်တုလီက တိုက်ပွဲဝင်နေခဲ့သည် မဟုတ်ပါလော။

ရှောင်ယွင်ချန်း၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်တို့လူငယ်တစ်သိုက်သည် ယန်ဒီမြို့ဆီသို့ ရက်အတော်အကြာ ခရီးဆက်ခဲ့ကြသည်။

သိပ်မကြာခင်မှာပင် သူတို့ပတ်ဝန်းကျင်၌ ကမ္ဘာမြေ၏ စွမ်းအားများ ပို၍ သိပ်သည်းလာသည်ကို သတိပြုမိခဲ့ကြသည်။

"အားလုံးပဲ သတိထားကြ.. ယန်ဒီမြို့ရဲ့ဝင်ပေါက်ကို ငါတို့ရောက်တော့မယ်"

ဧရာမမီးလျှံငှက်ကြီး၏ အရှေ့ဆုံးတွင် ခန့်ညားစွာ ရပ်နေသည့် ရှောင်ယွင်ချန်းက ကျန်းချန်တို့ ခြောက်ယောက်ကို ရုတ်တရက် ပြောလိုက်သည်။

ကျန်းချန်က ခေါင်းမော့၍ အဝေးကို လှမ်းကြည့်လိုက်ရာ မိုင်ရာချီအကွာတွင် အချင်းရာဂဏန်းခန့် ရှိသည့် အနီရောင်အလင်းကွက်ကြီး တစ်ခုသည် ကောင်းကင်ပေါ်တွင် လှည့်ပတ်နေပြီး နေမင်းကဲ့သို့ ခန့်ညားထည်ဝါစွာ ရှိနေခဲ့သည်။

"ဒါက ယန်ဒီမြို့ရဲ့ဝင်ပေါက်လား"

ကျန်းချန်က အလွန်တရာ တောက်ပနေသည့် အနီရောင်အလင်းကွက်ကို ကြည့်ပြီး မျက်လုံးတွင် ထူးဆန်းသော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။

ရှန်းဝူတိုက်ကြီး၏ မည်သည့်နေရာကမှ ယန်ဒီမြို့ကို တိုက်ရိုက် တည်နေရာရွှေ့ပြောင်းခြင်း အဘယ်ကြောင့် မလုပ်နိုင်မှန်း အဆုံးသတ်တွင် သူနားလည်သွားခဲ့သည်။

အကြောင်းအရင်းမှာ ယန်ဒီမြို့သည် လျှို့ဝှက်နယ်မြေ တစ်ခုကဲ့သို့ တစ်ခြားနေရာတစ်ခုတွင် ဖွက်ထားပြီး သီးခြားကမ္ဘာတစ်ခုလို ဖန်တီးထား၍ပင်။

ကျန်းချန်တို့ အနီရောင် အလင်းကွက်ကြီးကို ကြည့်နေစဥ်မှာပင် ရှောင်ယွင်ချန်းသည် ဧရာမ မီးလျှံငှက်ကြီးကို ထိုအလင်းကွက်ဆီသို့ တိုက်ရိုက် ပျံသန်းကာ ဝင်ရောက်သွားစေခဲ့သည်။

ထို့နောက်တွင် ကျန်းချန်တို့ လူစုသည် ထူးဆန်းသောနေရာတစ်ခုကို ရောက်ရှိသွားသည်ဟု ခံစားခဲ့ရသည်။

ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ ခမ်းနားထည်ဝါသော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များသည် ကျန်းချန်တို့လူစု ဆီသို့ ဖိအားပေးလာခဲ့သည်။

ကျန်းချန် နှင့် ရှောင်ပုဖန်တို့မှလွဲ၍ ကျန်လေးယောက်သည် မတ်တပ်ပင် မရပ်နိုင်လုနီးပါး ဖြစ်သွားခဲ့ကြသည်။

"ဒါက ကြယ်လေးပွင့် သူတော်စင်နယ်မြေဖြစ်တဲ့ ယန်ဒီမြို့လို့ မပြောရဘူး.. တကယ်ကို ထူးခြားတာပဲ"

ဤနေရာမှ အလွန်သန့်စင်သည့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို ခံစားမိလျှင် ကျန်းချန်သည် စိတ်ထဲကနေ မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

အခန်း(၉၂၁)ပြီး၏။

All Chapters