အခန်း (၉၂၂-၉၂၄)
Vol. 62 Ch. 922-924
အခန်း(၉၂၂)
ယန်ဒီမြို့ကို ရောက်သည်နှင့် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီးနောက်တွင် လူတိုင်းသည် စိတ်လှုပ်ရှားမှုများဖြင့် မှတ်ချက်များ ပေးခဲ့ကြသည်။
"ဒါက ယန်ဒီမြို့လား..နှစ်ပေါင်းတစ်သောင်းကျော် သက်တမ်းရှိတဲ့ ကြယ်လေးပွင့်သူတော်စင်နယ်မြေ ဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. ဒီက ပန်းပင်တွေနဲ့ သစ်ပင်တွေတောင် သန့်စင်တဲ့လေထုကို ထုတ်လွှင့်နေတယ်.. ဘယ်လောက်တောင် သန့်စင်လိုက်တဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ အသက်စွမ်းအင်တွေလဲ.. ဒီမှာ တစ်ရက် လေ့ကျင့်တာက ပိုင်မင်မြို့မှာ ရက်ပေါင်းများစွာ လေ့ကျင့်တာနဲ့ ညီမျှမှာအမှန်ပဲ"
လူတိုင်းသည် သူတို့ ရောက်ရှိနေသော နေရာကို အကဲခတ်ပြီးနောက်တွင် စိတ်လှုပ်ရှားနေခဲ့ကြသည်။
ကျန်းချန်သည် နဂါးပြာသန္ဓေ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အပြင် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်များစွာ၏ အဆီအနှစ်ကို နားလည်ထား၏။
ထို့ကြောင့် ပတ်ဝန်းကျင်မှ ဖိအားများသည် သူ့ကို မထိခိုက်စေခဲ့ပေ။
သူက အနည်းငယ် အကဲခတ်ပြီးနောက်တွင် ဤနေရာကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
ဤနေရာတွင် သဘာဝအရင်းအမြစ် တစ်ခု ရှိနေပုံရပြီး ကောင်းကင်နှင့်မြေကြီး၏ သန့်စင်သော စွမ်းအင်များသည် အချိန်တိုင်း လွှမ်းခြုံနေခဲ့သည်။
ဆိုရလျှင် ကမ္ဘာမြေကြီး၏ အားကောင်းသော အသက်စွမ်းအင်များက နေရာတိုင်းကို အမှုန်အဖြစ် ရောက်ရှိနေသကဲ့သို့ပင်။
ကောင်းကင်နှင့်မြေကြီး၏ အမှုန်ဖြစ်နေသည့် အသက်စွမ်းအင်များသည် လေထဲတွင် ပျံ့နှံ့နေခဲ့သည်။
ကျန်းချန်က သူ့ရှေ့ရှိ ကြီးမားသော အနီရောင်မြို့ကြီး၏ အကြမ်းဖျင်းပုံစံကို ခပ်ရေးရေး မြင်ခဲ့ရသည်။
ယန်ဒီမြို့သည် ရှေးဟောင်းဒဏ္ဍာရီလာ မြို့တစ်မြို့နှင့်ပင် ဆင်တူနေခဲ့သည်။
လေထဲတွင် အလင်းများ မျောလွင့်နေပြီး တစ်ခါတစ်ရံတွင် သန်မာသော သားရဲများ ဖြတ်သန်းသွားသည်ကိုလည်း မြင်တွေ့ရ၏။
ကျန်းချန်သည် မီးလျှံသားရဲထက် အဆင့်မနိမ့်သည့်ရှေးဟောင်း သားရဲများ နှင့် ငှက်အများအပြားကိုပင် တွေ့ရှိခဲ့ရသည်။
"ဟားဟား ရှောင်ယွင်ချန်း.. ဒီကလေးတွေက မင်း ဒီတစ်ကြိမ် ပိုင်မင်မြို့ကနေ ခေါ်လာတဲ့ ပါရမီရှင်တွေလား.. မင်းခေါ်လာတဲ့လူငယ်တွေက အရမ်းအားနည်းတဲ့ပုံပဲ"
ကျန်းချန်နှင့် အဖွဲ့သားများ ဤနေရာ၏ ပတ်ဝန်းကျင်ကိုနားလည်ရန် အကဲခတ်နေစဥ်မှာပင် သူတို့၏ နောက်ဘက်ကနေ ကျယ်လောင်သော ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က အနောက်ကို လှည့်ကြည့်လိုက်ရာ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်များနီရဲနေသော အဘိုးအိုနှင့် လူငယ်ခြောက်ယောက်သည် ဤနေရာသို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
ရှောင်ယွင်ချန်းက အနီရောင်ဝတ်ရုံဝတ် အဘိုးအိုကို စူးရှစွာကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
"ရှောင်ယွမ်လေ့.. မင်း နန်လီမြို့က ခေါ်လာတဲ့ ပါရမီရှင်တွေကရော ဘယ်လောက်များ သန်မာနေလို့လဲ"
အနီရောင်ဝတ်ရုံဝတ် အဘိုးအို ရှောင်ယွမ်လေ့၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူက စိန်ခေါ်သောလေသံဖြင့် ပြောလိုက်၏။
"ရှောင်ယွင်ချန်း.. ဒါဆိုလည်း အရင်က စည်းမျဥ်းအတိုင်း ယှဥ်ကြတာပေါ့.."
"စိန်လိုက်လေ"
ရှောင်ယွင်ချန်းက ရှောင်ယွမ်လေ့ကို ပေါ့ပါးစွာကြည့်၍ ပြောလိုက်သည်။
သူ၏ မျက်လုံးထဲတွင် လှောင်ပြောင်သော အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့၏။
သူက ရှောင်ယွမ်လေ့ ဟူသော အဘိုးကြီးကို သိပ်သဘောမကျခဲ့ပေ။
ပြီးခဲ့သည့် တစ်ခေါက်တွင် သူက ရှောင်ယွမ်လေ့နှင့် လောင်းကြေးထပ်ခဲ့ပြီး ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရသည်။
သို့သော် ဤတစ်ကြိမ် သူခေါ်လာသည့် လူငယ်ထဲတွင် ကျန်းချန်ကဲ့သို့ ထူးခြားသည့် ပါရမီရှင်တစ်ယောက် ပါလာခဲ့သည်။
ဤအဘိုးကြီးသည် ယခင်ကအတိုင်း လူလည်ကျချင်သည် ဆိုလျှင် ဤတစ်ခေါက်၌ ကိုယ်တိုင် ကျောက်တုံးကို မြှောက်၍ ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ထုသလို ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။
ရှောင်ယွင်ချန်းက လျင်မြန်စွာ သဘောတူလိုက်သည်ကို မြင်လျှင် ရှောင်ယွမ်လေ့သည် အံ့အားသင့်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် နန်လီမြို့ကို သွားရောက်ခဲ့ပြီး နန်လီမြို့၏ ရှောင်မိသားစု ဌာနခွဲကနေ အင်ပါယာသွေး သန့်စင်မှုရှိသည့် ပါရမီရှင် တစ်ယောက်ကို တွေ့ရှိခဲ့သည်။
သူ၏ခန့်မှန်းမှုအရ ထိုလူငယ်သည် နောင်တစ်ချိန်တွင် ယန်ဒီမြို့၏ အထူးချွန်ဆုံး လူငယ်ဆယ်ဦးထဲမှ တစ်ဦး ဖြစ်လာနိုင်ပေသည်။
ထို့ကြောင့် ရှောင်ယွမ်လေ့သည် ရှောင်ယွင်ချန်းက သူ့ကိုအနိုင်ရမည်ဟု လုံးဝ မယုံကြည်ခဲ့ပေ။
"ရှောင်ယွင်ချန်း.. မင်း ဒီတစ်ခေါက်တော့ ယုံကြည်မှုအပြည့်ရှိနေပုံပဲ"
ရှောင်ယွမ်လေ့က ရှောင်ယွင်ချန်းကို ခပ်ပြုံးပြုံး ကြည့်လိုက်ပြီး သူ၏ အနောက်တွင်ရှိသည့် မျက်နှာထား အေးစက်စက်ရှိသော အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်ကို ပြောလိုက်သည်။
"ရှောင်လီ.. ပိုင်မင်မြို့က ပါရမီရှင်တွေဆီမှာ နည်းနည်းပါးပါး သင်ယူလိုက်ပါ"
အေးစက်စက် မျက်နှာထားရှိသော အနက်ရောင် ဝတ်စုံဝတ်လူငယ်သည် ဘာစကားမှ ပြန်မပြောဘဲ ရှောင်ယွမ်လေ့ အနောက်ကနေ ဖြည်းညင်းစွာ အရှေ့သို့ လှမ်းတက်လာခဲ့သည်။
ထို့နောက်တွင် သူ၏ အေးစက်စက်အသံသည် ကျန်းချန်၏ နားထဲသို့ ပဲ့တင်ထပ်လာခဲ့၏။
"နန်လီမြို့က ရှောင်လီ.. ပိုင်မင်မြို့က ပါရမီရှင်တွေဆီမှာ ပညာယူချင်ပါတယ်.. ငါနဲ့ တိုက်ခိုက်ဖို့ ဘယ်သူဆန္ဒရှိလဲ"
ရှောင်လီ၏ စိန်ခေါ်သံကိုကြားလျှင် ရှောင်ပုဖန်သည် မျက်ခုံးများကို ပင့်လိုက်ပြီး စိန်ခေါ်မှုကို လက်ခံရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအချိန်မှာပင် ရှောင်ယွင်ချန်းသည် ရှောင်ပုဖန်ကို ဟန့်တားလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ဒီရှောင်လီ ဆိုတဲ့ကောင်ရဲ့ ခွန်အားက အရမ်းကောင်းတယ်.. မင်း သူ့ရဲ့ ပြိုင်ဘက်ဖြစ်ချင်မှ ဖြစ်လိမ့်မယ်.. ဒီတိုက်ပွဲကို ကျန်းချန်ဆီသာ လွှဲအပ်လိုက်ပါ"
အခန်း(၉၂၂)ပြီး၏။
အခန်း(၉၂၃)
ရှောင်ယွင်ချန်း၏ စကားကိုကြားလျှင် ရှောင်ပုဖန်၏ မျက်နှာသည် အနည်းငယ် ရှုံ့မဲ့သွားခဲ့သည်။
"အကြီးအကဲ မတိုက်ရသေးဘဲ ကျွန်တော်က ဘယ်လိုလုပ် သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူးဆိုတာ သိနိုင်မှာလဲ"
"ဘာလို့လည်းဆိုတော့ သွေးစွမ်းအားကြောင့်ပဲ.. ရှောင်လီရဲ့ နိုးထလာတဲ့ အင်ပါယာသွေးစွမ်းအားက မင်းရဲ့ သွေးစွမ်းအားထက် ပိုပြီး သန့်စင်အားကောင်းတယ်.. ငါမှန်းဆတာ မမှားရင် မင်းရဲ့သွေးစွမ်းအားက အများဆုံးမှ ကြယ်လေးပွင့်အဆင့်ပဲ ရှိတယ်.. ဒီရှောင်လီက အနည်းဆုံး ကြယ်ခြောက်ပွင့် ဒါမှမဟုတ် အဲဒီထက်တောင် ပိုရင်ပိုနေလိမ့်မယ်"
"ကြယ်ခြောက်ပွင့် သွေးစွမ်းအား ဟုတ်လား"
ရှောင်ယွင်ချန်း၏ စကားကိုကြားလျှင် ရှောင်ပုဖန်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ပိုင်မင်မြို့မှ ရှောင်မိသားစု၏ လက်ရှိမျိုးဆက်ထဲတွင် အထူးချွန်ဆုံး ပါရမီရှင်ဖြစ်သည့် ရှောင်ပုဖန်သည် ရှောင်မိသားစု၏ သွေးစွမ်းအား အဆင့်များကို ကောင်းစွာရင်းနှီးသည်။
ရှောင်မိသားစုသည် နိုးထလာသော အင်ပါယာသွေးစွမ်းအားသန့်စင်မှုပေါ် မူတည်၍ ကြယ်ပွင့်များဖြင့် ကြယ်ကိုးပွင့်အဆင့် အထိ သတ်မှတ်ထားခဲ့သည်။
ကြယ်တစ်ပွင့် သွေးစွမ်းအားသည် အပါးလွှာဆုံး ဖြစ်ပြီး သာမန်လူများ၏ သွေးစွမ်းအားထက် အနည်းငယ်သာ ပို၍ အားကောင်းသည်။
ကြယ်နှစ်ပွင့်၊ ကြယ်သုံးပွင့် သွေးစွမ်းအားများကမူ ကြယ်တစ်ပွင့်သွေးစွမ်းအားထက် အားကောင်းသော်လည်း ယန်ဒီမြို့တွင် အတွေ့ရအများဆုံး ဖြစ်သော သွေးစွမ်းအားဖြစ်၍ အလေးအနက်ထားခြင်း ခံရသော သွေးစွမ်းအား အဆင့်အတန်း မဟုတ်ပေ။
ကြယ်လေးပွင့် သွေးစွမ်းအားအဆင့်ကို နိုးထနိုင်သည့် ရှောင်မိသားစုတပည့်များကိုမူ ပါရမီရှင်များဟု သတ်မှတ်နိုင်သည်။
ကြယ်ခြောက်ပွင့် သွေးစွမ်းအား သို့မဟုတ် ထိုထက်ပိုသော သူများကိုမူ ယန်ဒီမြို့ရှိ ရှောင်မိသားစု၏ ထိပ်တန်း ပါရမီရှင်များဟု သတ်မှတ်ကြပြီး ရှောင်မိသားစု တစ်ခုလုံးတွင်ပင် အလွန်ရှားပါးသော ပါရမီရှင်များ ဖြစ်ကြသည်။
သူ၏ ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ် လူငယ်သည် ကြယ်ခြောက်ပွင့် သွေးစွမ်းအားကို နိုးထနိုင်လိမ့်မည်ဟု ရှောင်ပုဖန် မမျှော်လင့်ခဲ့ပေ။
ရှောင်ယွင်ချန်းက မယုံကြည်နိုင်အောင် ဖြစ်နေသည့် ရှောင်ပုဖန်ကို လျစ်လျူရှုလိုက်ပြီး ကျန်းချန်ကို ပြုံးကာ ပြောလိုက်သည်။
"ကျန်းချန်.. မင်းသွားပြီး သူနဲ့ရင်ဆိုင်လိုက်.. မင်းဆရာကို အရှက်မရစေနဲ့"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ရှောင်ယွင်ချန်း၏ အနောက်ကနေ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။
ကျန်းချန်က ရှောင်ယွင်ချန်း၏ အနောက်ကနေ ထွက်လာသည်ကို မြင်လျှင် ဆန့်ကျင်ဘက်ရှိ ရှောင်လီတင် မကဘဲ ရှောင်ယွမ်လေ့၏ မျက်လုံးများပါ ပြူးကျယ်သွားခဲ့ပြီး မျက်နှာထက်တွင် မယုံကြည်နိုင်သော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။
"ရှောင်ယွင်ချန်း.. ဒီကောင်လေးက အခုမှ သိုင်းသခင်နယ်ပယ် ပထမအဆင့်ပဲ ရှိသေးတယ်.. သူက မင်အနောက်မှာရှိတဲ့ ပါရမီရှင်တွေထဲမှာ အားအနည်းဆုံးပဲ.. မင်းသူ့ကို စေလွှတ်ပြီး ရှောင်လီနဲ့ ယှဥ်ပြိုင်မှာ သေချာရဲ့လား.."
ရှောင်ယွမ်လေ့က လှောင်ပြောင်၍ ပြောလိုက်သည်။
"အရင်အကြိမ်တွေမှာ ငါတို့ နှစ်ဖက်စလုံးက အင်အားအကောင်းဆုံး ပါရမီရှင်ကို စေလွှတ်ပြီး တိုက်ခိုက်ခဲ့ကြတယ်.. မင်းရဲ့လူ ရှုံးနိမ့်သွားမှ ငြင်းဖို့မစဥ်းစားနဲ့"
"ဘာမှစိတ်မပူပါနဲ့.. ငါ့လူသာ ရှုံးနိမ့်သွားရင် ငါက မင်းကို ဘာဆင်ခြေမှ ပေးနေမှာ မဟုတ်ဘူး"
ရှောင်ယွင်ချန်းက အကျယ်ချဲ့ မနေတော့ဘဲ ပေါ့ပါးစွာ ပြောလိုက်သည်။
"ဒါက ဘယ်လိုလှည့်ကွက်ပါလိမ့်"
ရှောင်ယွင်ချန်း၏ တည်ငြိမ်နေသော အမူအရာကို မြင်လျှင် ရှောင်ယွမ်လေ့သည် ရှောင်ယွင်ချန်း မည်သည့် လှည့်ကွက်ကို အသုံးပြုချင်နေမှန်း နားမလည်နိုင်ခဲ့ပေ။
ပိုင်မင်မြို့ရှိ ပါရမီရှင် ခြောက်ယောက်ထဲတွင် နှစ်ယောက်သည် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကို ရောက်ရှိနေပြီး ထိုနှစ်ယောက်ထဲမှ တစ်ယောက်၏ အင်ပါယာသွေးစွမ်းအားသည် မဆိုးလှပေ။
သို့ဖြစ်ရာ သိုင်းသခင်နယ်ပယ် ပထမအဆင့်သာ ရှိသည့် ဤကလေး၏ အလှည့်ကို ရောက်လာစရာ အကြောင်းမရှိချေ။
"ဒီကလေးမှာ ထူးခြားချက် တစ်ခုခုများ ရှိနေတာလား"
ရှောင်ယွမ်လေ့က ကျန်းချန်၏ ခန္ဓာကိုယ်ကို အချိန်အတော်ကြာ စူးစိုက်ကြည့်၍ လေ့လာခဲ့သော်လည်း မည်သည့် ထူးခြားချက်ကိုမှ ရှာမတွေ့ခဲ့ပေ။
အဆုံးသတ်တွင် သူ၏မျက်လုံးများသည် ဆုံးဖြတ်ချက် ခိုင်မာစွာချလိုက်ဟန်ဖြင့် ပြတ်သားစွာ လင်းလက်သွားခဲ့သည်။
"ရှောင်လီ.. မင်းသူနဲ့ တိုက်ခိုက်လို့ရပြီ.."
ရှောင်ယွမ်လေ့၏ အမိန့်ကိုကြားသည်နှင့် ရှောင်လီက ကျန်းချန်ကို အေးစက်စက် ကြည့်လိုက်သည်။
"မင်းတို့ ပိုင်မင်မြို့မှာ ဘယ်သူမှ မရှိတော့ဘူးလား.. ဘာလို့ ငါ့ကို သိုင်းသခင်နယ်ပယ် ပထမအဆင့်က အမှိုက်သရိုက်ကိုလွှတ်ပြီး ရင်ဆိုင်ခိုင်းရတာလဲ"
ရှောင်လီ၏ စကားကိုကြားလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။
သူ၏ ခနဲ့တဲ့တဲ့ ရေရွတ်လိုက်သော လေသံသည် လေထဲတွင် ဖြည်းညင်းစွာ ပျံ့နှံ့သွားခဲ့၏။
"ဒီမှာ လူခြောက်ယောက်လုံး ရှိနေတာ မမြင်ရအောင် မင်းမျက်စိကန်းနေလား.. ငါတို့ ပိုင်မင်မြို့က လာတဲ့သူတွေကို အလွယ်တကူ အနိုင်ယူနိုင်မယ်လို့ ထင်နေရင်တော့ အားအနည်းဆုံးဖြစ်တဲ့ ငါတစ်ယောက်တည်းနဲ့တင် မင်းကို အနိုင်ယူဖို့ လုံလောက်ကြောင်း ပြသပေးမယ်"
အခန်း(၉၂၃)ပြီး၏။
အခန်း(၉၂၄)
"ကျန်းချန်..မင်းသေချင်နေပြီလား"
ကျန်းချန်၏ သူ့အပေါ် အလေးမထားသည့် စကားများကိုကြားလျှင် ရှောင်လီ၏ မျက်နှာတွင် ဒေါသထွက်သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
နန်လီမြို့မှ ရှောင်မိသားစု၏ နံပါတ်တစ် ပါရမီရှင် အနေဖြင့် ရှောင်လီသည် ကြယ်ခြောက်ပွင့် အင်ပါယာ သွေးစွမ်းအားကို အောင်မြင်စွာ နိုးထနိုင်ခဲ့သည်။
ဤယန်ဒီမြို့မှာပင် သူ၏ အရည်အချင်းသည် ထူးချွန်သော ပါရမီရှင်များနှင့် နှိုင်းယှဥ်နိုင်၏။
သို့ဖြစ်ရာ သူ့ရှေ့ရှိ အမှိုက်ကောင်က သူ့အရှေ့တွင် မာန် မာနထောင်လွှားရန် မည်ကဲ့သို့ အခွင့်အရေး ပေးနိုင်ပါမည်နည်း။
ရှောင်လီက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီးနောက်တွင် မြေပြင်ပေါ်သို့ ခြေတစ်ချက် ဆောင့်ကာ အနက်ရောင်လျှပ်စီး ကဲ့သို့ ကျန်းချန်ဆီ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။
ထိုသို့ ရှောင်လီ၏ ပုံရိပ်က ပြင်းထန်စွာ ပြေးလွှားနေချိန်မှာပင် အနက်ရောင် ဓားရှည်တစ်ချောင်းသည် လေထဲကနေ ရှောင်လီ၏ လက်ထဲ၌ ထွက်ပေါ်လာခဲ့သည်။
ရှောင်လီက ဓားရှည်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ကျန်းချန်ကို ခုတ်ချလိုက်သည်။
ရုတ်တရက်ကြည့်လျှင် သူ၏ ဓားကွက်က ရိုးရှင်းပြီး ဘာမှမထူးခြားဟု ထင်ရသည်။
သို့သော်လည်း ဓားရှည်ကို ခုတ်ချလိုက်သည့် အခိုက်တွင် ဧရာမ တောင်တစ်လုံးကဲ့သို့ ကြောက်မက်ဖွယ် ဖိအားများပေါက်ကွဲထွက်လာခဲ့ပြီး လေထုကိုပင် ပေါက်ပြဲစေနိုင်သည့် တောက်ပသော အနက်ရောင် ဓားအလင်း တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ဓားဆန္ဒတတိယအဆင့်ခွန်အားလဲ"
ရှောင်လီ၏ ရိုးရှင်းသောဓားချက်က ဤမျှအထိ အားကောင်းသည်ကို မြင်လျှင် ကျန်းချန်၏ မျက်နှာ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။
သူ့ရှေ့မှလူသည် ရှောင်ပုဖန် ထက်ပင် ပို၍ အားကောင်းသည့် ပြိုင်ဘက် ဖြစ်သည်။
ဤကဲ့သို့ သန်မာသော ပြိုင်ဘက်ကို ရင်ဆိုင်ရလျှင် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ တိမ်တိုက်ဝါးမျို နည်းစနစ်ကို အလျင်အမြန် အသုံးပြုကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိုင်းသခင်နယ်ပယ် တတိယအဆင့် အထိ မြှင့်တင်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူက အတွေးတစ်ချက်ဖြင့် သွေးနဂါးဓားကို ဆင့်ခေါ်လိုက်ရာ လေထဲမှတဆင့် သူ၏ လက်ထဲသို့ သွေးနဂါးဓားက ရောက်ရှိလာခဲ့သည်။
ထို့နောက်တွင် သူက ဓားဆန္ဒ၏ ခွန်အားကို အသုံးပြုကာ ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။
"ဝုန်း"
စွမ်းအားနှစ်ခုက လေထဲတွင် ထိပ်တိုက်ဆုံမိသွားကြပြီး ပြင်းထန်သော လေလှိုင်းများသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှောင်လီ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး ချက်ချင်းဆိုသလို အနောက်သို့ ခြေနှစ်လှမ်း၊ သုံးလှမ်းခန့် ဆုတ်လိုက်ရသည်။
သူက ခေါင်းမော့၍ ကြည့်လိုက်ရာ ကျန်းချန်က နေရာမရွေ့ဘဲ တည်ငြိမ်စွာ ရပ်နေသည်ကို တွေ့မြင်လိုက်ရလျှင် သူ၏ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခုပေါ်လာခဲ့သည်။
"သူ့ရဲ့ ဓားဆန္ဒတတိယအဆင့် ခွန်အားက အစွမ်းထက်လှချည်လား"
ရှောင်လီ၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့သည်။
ဤကောင်လေး၏ ဓားဆန္ဒတတိယအဆင့် ခွန်အားသည် သူ၏ ဓားဆန္ဒတတိယအဆင့် ခွန်အားထက် ပို၍ နက်ရှိုင်းနေပုံရသည်။
ရှောင်ယွင်ချန်း အဘယ်ကြောင့် အားအနည်းဆုံးဟု ထင်ရသည့် ဤကောင်လေးဖြင့် သူ့ကို စိန်ခေါ်ခိုင်းသည်ကို အဆုံးသတ်တွင် သူက နားလည်သွားခဲ့သည်။
ဆိုရလျှင် သာမန်ဟုသာ ထင်ရသော ဤကောင်လေးသည် ပိုင်မင်မြို့မှ ပါရမီရှင် ခြောက်ယောက် ထဲတွင် အားအကောင်းဆုံး ကျင့်ကြံသူ ဖြစ်နိုင်ပေသည်။
"မဟာဓားဆန္ဒ အဆင့်ကို ရောက်လုနီးပါးဖြစ်တဲ့ ဓားဆန္ဒခွန်အားပါလား.. ပိုင်မင်မြို့မှာ ဒီလို ပါရမီရှင်မျိုး ရှိနေလိမ့်မယ်လို့ တကယ် မထင်ခဲ့မိဘူး"
သူ့ရှေ့မှ မြင်ကွင်းကို မြင်လျှင် ရှောင်ယွမ်လေ့၏ မျက်နှာအမူအရာသည် အနည်းငယ် လေးနက်သွားခဲ့သည်။
ဤတစ်ခေါက်တွင် ရှောင်ယွင်ချန်း ဟူသည့် အဘိုးကြီးသည် လွယ်လွယ်ကူကူပင် သဘောတူခဲ့ပြီး သိုင်းသခင်နယ်ပယ်ပထမအဆင့် ကောင်လေးကို စိန်ခေါ်ခိုင်းသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။
ထိုအဘိုးကြီးတွင် ဤကဲ့သို့ ထူးခြားသည့် ဝှက်ဖဲတစ်ခု ရှိနေ၍သာ ဖြစ်ရပေမည်။
"ဟမ့်.. ရှောင်ယွင်ချန်း မင်း ငါ့ကိုအနိုင်ရမယ်လို့ တကယ်ပဲ ထင်နေတာလား"
ရှောင်ယွမ်လေ့က စိတ်ထဲကနေ လှောင်ပြောင်လိုက်သည်။
သူ၏ရှေ့မှ ကောင်လေးသည် အရည်အချင်း မဆိုးသော်လည်း ရှောင်လီနှင့် နှိုင်းယှဥ်လျှင်မူ ကွာခြားမှုတစ်ခု ရှိနေခဲ့သည်။
ကျင့်ကြံခြင်းအဆင့်တွင် ဤကောင်လေးသည် လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ သိုင်းသခင်နယ်ပယ် တတိယအဆင့်ကို ရောက်ရှိသွားသော်လည်း သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူဖြစ်သည့် ရှောင်လီနှင့်တော့ နှိုင်းယှဥ်၍ရမည် မဟုတ်ပေ။
ဤကောင်လေးက ဓားဆန္ဒကို ထူးခြားစွာ နားလည်ထားသော်လည်း ရှောင်လီ၏ ဓားဆန္ဒကလည်း မနိမ့်ပေ။
ထို့အပြင် ရှောင်လီထံတွင် ကြယ်ခြောက်ပွင့် အင်ပါယာသွေးစွမ်းအားလည်း ရှိနေသေးသည် မဟုတ်ပါလော။
သို့ဖြစ်ရာ ကျန်းချန်သည် ရှောင်လီ၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
"မင်းက ဓားပညာမှာ ဒီအဆင့်ထိကို ရောက်နေမယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒါက ငါ့ကိုနည်းနည်းတော့ အံ့အားသင့်စေတယ်"
ရှောင်လီက ကျန်းချန်ကို လေးနက်စွာ ကြည့်လိုက်သည်။
သူ၏ အေးစက်စက်အသံသည် လေထုထဲတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့၏။
"ဒါပေမဲ့ ဒီဓားဆန္ဒလောက်နဲ့ ငါ့ကို အနိုင်ယူချင်နေရင်တော့ စိတ်ကူးယဥ်သက်သက်ပဲ ဖြစ်လိမ့်မယ်.. ကောင်းပြီလေ မင်းလို တောသား အမြင်ကျယ်အောင် ငါ့ရဲ့ ကြယ်ခြောက်ပွင့် သွေးစွမ်းအားကို ပြသရသေးတာပေ့ါ"
အခန်း(၉၂၄)ပြီး၏။