← Chapters

အခန်း (၉၂၅-၉၂၇)

Vol. 62 Ch. 925-927

အခန်း (၉၂၅-၉၂၇)

Vol. 62 Ch. 925-927

အခန်း(၉၂၅)

ရှောင်လီ၏ အေးစက်စက် စကားသံ ဆုံးသည်နှင့် ရှောင်လီ၏ ခန္ဓာကိုယ်အနှံ့တွင် အနီရောင်မီးလျှံအလင်းများ တောက်ပနေသော အရိပ်တစ်ခု ပေါ်ထွက်လာသည်။

ထိုအရိပ်သည် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိပြီး ပူပြင်းလှသောစွမ်းအားကို ထုတ်လွှတ်နေခဲ့သည်။

ထိုမီးလျှံအလင်းများ တောက်ပနေသော အရိပ်၏ စွမ်းအားသည် ရှောင်ပုဖန်၏ သွေးစွမ်းအားနှင့် ဆင်တူသော်လည်း ပို၍ သန့်စင်ကာ လွှမ်းမိုးနိုင်စွမ်းလည်း ရှိသည်။

ဆိုရလျှင် ဤသည်မှာ ရှောင်ပုဖန်ထက် နှစ်ဆင့်ပို၍ အားကောင်းသော အင်ပါယာသွေးစွမ်းအား ဖြစ်သည်။

"ကောင်လေး.. ငါမင်းကို အစောပိုင်းက အထင်သေးမိလို့ ပေါ့ဆသွားမိတာကို ဝန်ခံတယ်.. ဒါပေမဲ့ အဲဒီတုန်းက ငါ့ရဲ့သွေးစွမ်းအားကို အသုံးမပြုရသေးဘူး.. အခု သွေးစွမ်းအားကို အသုံးပြုလိုက်ပြီ ဆိုမှတော့ မင်း ငါ့ကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်တော့ဘူး"

ရှောင်လီက အေးစက်စက် ရယ်မောလိုက်သည်။

ထို့နောက်တွင် သူ၏ တစ်ကိုယ်လုံးက မှုန်ဝါးလာခဲ့ပြီး တောက်ပသော မီးလျှံအရိပ်နှင့် တထပ်တည်း ဖြစ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လက်ထဲမှဓားရှည်ဖြင့် ဟွာစန်းတောင်ကို ထိုးခွဲလိုက်သလိုမျိုး ပြင်းထန်သော အင်အားကို အသုံးပြုကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ကြယ်ခြောက်ပွင့် စွမ်းအား၏ ကောင်းချီးပေးမှုအောက်တွင် ရှောင်လီ၏ ဓားချက်သည် အစောပိုင်းကထက် အဆပေါင်းများစွာ ပိုမို အားကောင်းလာရုံသာမက အသက်ရှုကြပ်စေလောက်သည့် ပူပြင်းသော စွမ်းအားကိုပါ သယ်ဆောင်လာခဲ့၏။

"ဒီရှောင်လီက တကယ်ကို အားကောင်းတာပဲ"

တိုက်ပွဲမြင်ကွင်းကို မြင်တွေ့ရလျှင် တုံယွင်ထျန်းနှင့် တခြားသော ပိုင်မင်မြို့မှပါရမီရှင်များ အားလုံးသည် အသက်ရှုပင် မှားသွားကြသည်။

ထိုအချိန်တွင် ရှောင်ပုဖန်သည် သူသာ ရှေ့ထွက်မိခဲ့လျှင် ရှောင်လီ၏ တိုက်ခိုက်မှုကို ခုခံရန် ခက်ခဲလိမ့်မည်ဟု နားလည်သွားခဲ့သည်။

"စီနီယာအကို ရှောင်လီက ကြယ်ခြောက်ပွင့် အင်ပါယာသွေးစွမ်းအားကို အသုံးပြုလိုက်တာပဲ.. ကြယ်ခြောက်ပွင့် အင်ပါယာသွေးစွမ်းအားကို ပိုင်ဆိုင်တဲ့သူက ရွယ်တူတွေ ထဲမှာ ပြိုင်ဘက်ကင်းလု နီးပါးပဲ.. ဒီတစ်ခါတော့ ပိုင်မင်မြို့က ကောင်လေး အရှက်တကွဲ ရှုံးနိမ့်ရတော့မယ်"

".............."

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေကြသည့် နန်လီမြို့မှ ပါရမီရှင်များ၏ အကြည့်တွင် ဂရုဏာသက်သော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

"ဟမ့်.. ကြယ်ခြောက်ပွင့်အင်ပါယာ သွေးစွမ်းအား မင်းမှာရှိရင်တောင် ငါ့ကိုအနိုင်ယူဖို့ မင်းမှာ အရည်အချင်း မပြည့်မီသေးဘူး"

ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူက နောက်မဆုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသောအရှိန်ဖြင့် ရှောင်လီဆီသို့ တိုးဝင်သွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် အစောပိုင်းက ကျန်းချန်ကို ဂရုဏာသက်နေကြသည့် နန်လီမြို့မှ ပါရမီရှင်များသည် အံ့အားသင့်သွားကြ၏။

"ကြယ်ခြောက်ပွင့် သွေးစွမ်းအား ပါဝင်တဲ့ အပြည့်အဝတိုက်ခိုက်မှုကိုတောင် ဒီကောင်လေးက တုံ့ပြန်တိုက်ခိုက်ရဲတယ်လား"

ကျန်းချန်က ရှောင်လီဆီ ပြေးဝင်သွားသည်နှင့် တစ်ပြိုင်နက် နဂါးပြာသန္ဓေ ခန္ဓာကိုယ်၏ သွေးစွမ်းအားကို အကန့်အသတ်ထိ လှုံ့ဆော်လိုက်သည်။

နဂါးပြာသန္ဓေ ခန္ဓာကိုယ်၏ သွေးစွမ်းအား ပေါက်ကွဲထွက်လာသည်နှင့် လေထဲတွင် နဂါးဟိန်းသံများလည်း ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ကျန်းချန်သည် ရုတ်တရက် နိုးထလာသည့် ဧရာမနဂါးကြီး တစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်အနှံ့ကနေ ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားများကို ထုတ်လွှတ်နေခဲ့သည်။

ကျန်းချန်၏ သွေးစွမ်းအားကို ခံစားမိလျှင် ရှောင်လီ၏ မျက်လုံးများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့ပြီး ခန္ဓာကိုယ်ထဲရှိ ကြယ်ခြောက်ပွင့် သွေးစွမ်းအားပင် အနည်းငယ် မတည်မငြိမ် ဖြစ်သွားခဲ့သည်။

"ဒီကလေးမှာ ဘယ်လိုလုပ်ပြီး ဒီလောက်အားကောင်းတဲ့ သွေးစွမ်းအား ရှိနေရတာလဲ"

ရှောင်လီက ကျန်းချန်ကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး စိတ်ထဲတွင်လည်း တုန်လှုပ်သွားခဲ့သည်။

ထိုအချိန်မှာပင် ရှောင်လီဆီသို့ ပြေးဝင်လာသော ကျန်းချန်သည် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်၏။

ဤသို့ဖြင့် ဓားနှစ်လက်က ထိပ်တိုက်ဆုံမိသွားပြီး သတ္တုချင်း ထိခတ်သံများနှင့်အတူ လေထဲတွင် မီးပွားများလည်း ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှောင်လီ၏ ခန္ဓာကိုယ်သည် အနောက်သို့ဆယ်ပေကျော်အထိ လွင့်စင်သွားခဲ့သည်။

တစ်ဖက်တွင်လည်း ကျန်းချန်သည် လေထဲတွင် ခြေတစ်လှမ်းမျှသာ ဆုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

သူက ဆယ်ပေကျော်မျှ လွင့်စင်သွားသော ရှောင်လီကို စူးစိုက်ကြည့်လိုက်သည်။

ကျန်းချန်က ရှောင်လီကို အသက်ရှူရန်ပင် အခွင့်အရေးပေးရန်ရည်ရွယ်ချက်မရှိပေ။

"ရွှစ်"

ကျန်းချန်က လေဆန္ဒ တတိယအဆင့်ခွန်အားကို ထုတ်ဖော်လိုက်ရာ သူ၏ပုံရိပ်သည် လေနှင့်ထပ်တူ လှုပ်ရှားသွားခဲ့ပြီး ရှောင်လီ၏ ရှေ့သို့ လျှပ်တပြက် ရောက်ရှိလာခဲ့သည်။

"အရှုံးပေးစမ်း"

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး ရုပ်ပိုင်းဆိုင်ရာအင်အားကို ချက်ချင်းပင် လှုံ့ဆော်လိုက်သည်။

ထို့နောက်တွင် သွေးစွမ်းအားနှင့် ပေါင်းစပ်ထားသော နဂါးတစ်ကောင်၏ ပုံရိပ်ယောင်သည် သူ၏ လက်သီးထဲကို ရောက်ရှိလာခဲ့ပြီး ထိုလက်သီးဖြင့် ရှောင်လီကို အပြင်းအထန် ထိုးချလိုက်သည်။

အခန်း(၉၂၅)ပြီး၏။

အခန်း(၉၂၆)

ကျန်းချန်၏ ကြောက်မက်ဖွယ်သွေးစွမ်းအားကို ပေါင်းစပ်ထားသည့် လက်သီးချက်သည် အသက်ပင် ကောင်းစွာမရှုနိုင်သည်အထိ ရှောင်လီ၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။

ထိုခဏတွင် ရှောင်လီ၏ ခန္ဓာကိုယ်သည် မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ တုန်ယင်သွားခဲ့ပြီး ခြေထောက်က မြေပြင်နှင့် ပွတ်တိုက်ကာ လွင့်စင်သွားခဲ့သည်။

သူ၏ ခြေထောက်များသည် မြေပြင်ပေါ်တွင် ဆယ်ပေကျော်ရှည်လျားသည့် တွင်းနက်နှစ်ခုကို ချန်ထားခဲ့ပြီးမှသာ ရပ်တန့်နိုင်ခဲ့သည်။

ရှောင်လီက သူ၏ခန္ဓာကိုယ်ကို အတင်းအကြပ် ထိန်းချုပ်လိုက်၏။

သို့တိုင် ခန္ဓာကိုယ်ထဲရှိ မတည်မငြိမ် ဖြစ်နေသော စွမ်းအင်အများစုကို ဆက်လက် ဖိနှိပ်ထားနိုင်ခြင်း မရှိသဖြင့် သွေးတစ်ပွက်ကို ချက်ချင်းဆိုသလို အန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်သို့ ဒူးညွှတ်ကျသွားခဲ့ရာ ​မြေကြီးတွင် ဓားကို ထိုးစိုက်၍ ထိန်းကိုင်ကာ ဒူးထောက် ကျမသွားစေရန် ကြိုးစားလိုက်သည်။

သူ၏ လက်များတွင် သွေးများ စီးကျနေခဲ့ပြီး ဓားကိုယ်ထည်၏ ထက်ဝက်ကျော်သည် မြေကြီးထဲတွင် နစ်ဝင်နေခဲ့၏။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ပုံရိပ်သည် လေအလျင်ကဲ့သို့ ထပ်မံ လှုပ်ရှားလာခဲ့ပြီး လျှပ်တပြက်အတွင်း ရှောင်လီ၏ ဘေးကို ရောက်ရှိလာခဲ့ကာ သွေးနဂါးဓားဖြင့် ရှောင်လီ၏ လည်ပင်းကို ထောက်ထားလိုက်သည်။

သူက ရှောင်လီကို အထက်စီးဆန်စွာ ငုံ့ကြည့်လိုက်ပြီး မထီမဲ့မြင် လေသံဖြင့် ပြောလိုက်သည်။

"မင်းရှုံးပြီ"

"ကျန်းချန်က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ.. ကြယ်ခြောက်ပွင့် သွေးစွမ်းအားရှိတဲ့ ရှောင်လီကတောင် သူ့ကိုအလွယ်တကူ ရှုံးနိမ့်သွားရတယ်"

ထိုမြင်ကွင်းကိုမြင်လျှင် ရှောင်ပုဖန်နှင့် တခြားသူများသည် အသက်ရှူပင် မှားသွားကြသည်။

ဤလူသည် သာမန် အတွေးအခေါ်များဖြင့် ဖော်ပြ၍မရနိုင်သည့် မွန်းစတားတစ်ကောင် ဖြစ်သည် မဟုတ်ပါလား။

"ရှောင်လီ တကယ်ပဲ ရှုံးနိမ့်သွားတာလား.. ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."

တစ်ဖက်တွင်လည်း နန်လီမြို့မှ ပါရမီရှင်များသည် မျက်တောင် မခတ်စတမ်း ကြည့်နေရင်း သူတို့၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ရှောင်လီဆိုသည်မှာ ကြယ်ခြောက်ပွင့် အင်ပါယာ သွေးစွမ်းအား ရှိသည့် ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်သည်။

ယန်ဒီမြို့လို နေရာမှာပင် မျိုးဆက်တူ လူငယ်များထဲတွင် သူ့ကိုအနိုင်ယူရန် လွယ်ကူမည် မဟုတ်လောက်ပေ။

သို့သော်လည်း သူတို့ရှေ့ရှိ ပိုင်မင်မြို့မှ ကောင်‌လေးသည် ရှောင်လီကို မြန်မြန်ဆန်ဆန်ပင် သေသေသပ်သပ်ဖြင့် အနိင်ယူပြခဲ့သည်။

"ရှောင်လီ‌တောင် ရှုံးနိမ့်သွားရပါလား.. ဒီကောင်လေးထုတ်ဖော်ခဲ့တဲ့ သွေးစွမ်းအားက ရှောင်လီရဲ့ ကြယ်ခြောက်ပွင့်အင်ပါယာ သွေးစွမ်းအားထက် အဆများစွာ ပိုမို အားကောင်းနေပုံပဲ.. ပိုင်မင်မြို့မှာ ဘယ်လိုလုပ်ပြီး ဒီလိုမွန်းစတားမျိုး ပေါ်ထွက်လာနိုင်တာလဲ"

ရှောင်ယွမ်လေ့က သူ့‌ရှေ့မှ အခြေအနေကို အကဲခတ်ကြည့်နေရင်း မျက်နှာအမူအရာက အလွန်ပင် ကြည့်ရဆိုးလာခဲ့သည်။

"မင်းက တကယ်ကို သန်မာတာပဲ..ငါတွေ့ဖူးသမျှ လူငယ်ပါရမီရှင်တွေထဲမှာ ငါချီးကျူးဖူးတဲ့သူ နှစ်ယောက်ပဲရှိတယ်.. မင်းက အဲဒီထဲမှာတစ်ယောက် အပါအဝင်ပဲ.. ဒီတိုက်ပွဲမှာ ငါရှောင်လီ အရှုံးကို လက်ခံတယ်"

ရှောင်လီသည် သူ့၏နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာ ကျန်းချန်ကို ကြည့်၍ ပြောလိုက်သည်။

"ကျန်းချန် ငါတို့ကြားက တိုက်ပွဲက မပြီးသေးဘူး.. သိပ်မကြာခင်မှာ ငါမင်းကို အနိုင်ယူပြမယ်.."

"ဒါဆိုလည်း မင်းစိန်ခေါ်လာမှာကို ငါစောင့်နေမယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

သူက သူ့ရှေ့မှလူကို အနည်းငယ်တော့ ချီးကျူးမိသည်။

ထိုလူငယ်က အရှုံးကို ရင်ဆိုင်ရဲပြီး ခိုင်မာသောစိတ်ဓာတ်လည်း ရှိသည်။

ရှုံးနိမ့်မှုကြောင့် သွေးမပျက်သွားဘဲ ရှုံးနိမ့်မှုကို တွန်းအားအဖြစ် လျင်မြန်စွာ ပြောင်းလဲပစ်နိုင်သည်။

ထို့ကြောင့် ရှောင်လီ၏ စိတ်ထားနှင့် အရည်အချင်းဖြင့်သာ ဆိုလျှင် ဤယန်ဒီမြို့တွင် ၎င်း၏ အနာဂတ်သည် လုံးဝ မနိမ့်ကျမည်မှာ သေချာသလောက်ပင်။

"ဟမ့်.. မင်းတို့ ဘယ်ကလာတဲ့ ကလေကဝတွေလဲ.. ငါ‌ရှောင်ရှင်းဟဲရဲ့ တပည့်ကိုတောင် စော်ကားရဲတယ်.. ငါရှောင်ရှင်းဟဲက မင်းတို့ကို ဘာမှအရေးမယူဘဲ လွှတ်ပေးမယ်လို့များ ထင်နေတာလား"

ကျန်းချန်နှင့် ရှောင်လီ စကားပြောနေစဥ်မှာပင် လေထဲတွင် အေးစက်စက် အသံတစ်သံသည် ပဲ့တင်ထပ်လာခဲ့သည်။

ထို့နောက်တွင် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်ထွားကျိုင်းသော ပုံရိပ်တစ်ခုသည် လေထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ထိုပုံရိပ်က ရှောင်လီ၏ လည်ပင်းတွင် ဓားတင်ထားသော ကျန်းချန်ကို အေးစက်သော မျက်နှာထားဖြင့် စူးစိုက်ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာကိုပင် တုန်လှုပ်စေသည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုသည် ပတ်ဝန်းကျင် တစ်ခွင်ကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။

"ဒါက နတ်သန္ဓေအင်ပါယာရဲ့ အရှိန်အဝါပဲ.. ကြည့်ရတာ နတ်သန္ဓေအင်ပါယာ ရောက်လာခဲ့ပြီ"

လေထဲမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်၏ ဆံပင်များသည် ချက်ချင်းပင် ထောင်ထသွားခဲ့သည်။

အခန်း(၉၂၆)ပြီး၏။

အခန်း(၉၂၇)

လေထဲမှ အနီရောင်ပုံရိပ်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သည့် ယွင်ကျင့်ထျန်းထက် မနိမ့်သည့် နတ်သန္ဓေ အင်ပါယာတစ်ပါးဖြစ်သည်။

ကျန်းချန်သည် ၎င်းထံမှ ကြောက်မက်ဖွယ်ဖိအားကို ခံစားရသည်နှင့် တုံ့ဆိုင်းမနေဝံ့ဘဲ ဓားဆန္ဒတတိယအဆင့်၏ ခွန်အားနှင့် နဂါးပြာသန္ဓေ ခန္ဓာကိုယ်၏ သွေးစွမ်းအားများကို တစ်ပြိုင်နက်ထဲ ထုတ်ဖော်ကာ လေထဲမှ ဖိအားကို ခုခံရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ကျန်းချန်၏ သိုင်းသခင်နယ်ပယ် ပထမအဆင့်ခွန်အားနှင့် နတ်သန္ဓေအင်ပါယာအဆင့်တို့ ကြားရှိကွာခြားချက်သည် အလွန်ပင် ကြီးမားနေခဲ့သည်။

သူက သူ၏ ဝှက်ဖဲများကို အစွမ်းကုန် ထုတ်ဖော်ခဲ့သော်လည်း လေထဲမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မခုခံနိုင်ခဲ့ပေ။

သူ၏ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး နောက်သို့ ခြေဆယ်လှမ်းကျော် ဆုတ်လိုက်ရသည်။

ထိုခဏတွင် သူ၏ မျက်နှာက ဖြူဖျော့သွားခဲ့ပြီး လေထဲမှ အနီရောင်ပုံရိပ်ကို မော့ကြည့်လိုက်သည်။

"ဒီကောင်လေးက ဘယ်ဆိုးလို့လဲ.."

သူ့လို နတ်သန္ဓေအင်ပါယာ၏ အရှိန်အဝါ ဖိအားကို သိုင်းသခင် နယ်ပယ် ပထမအဆင့်ဖြင့် ခံနိုင်ရည် ရှိသည်ကို မြင်လျှင် လေထဲမှ အနီရောင်ပုံရိပ်သည် အံ့အားသင့်သွားခဲ့သည်။

"အကြီးအကဲ ရှောင်ရှင်းဟဲ.. အကြီးအကဲလို ယန်ဒီမြို့ရဲ့ နတ်သန္ဓေအင်ပါယာအဆင့် အကြီးအကဲ တစ်ယောက်က ယန်ဒီမြို့ကို အခုမှရောက်လာတဲ့ လူငယ်လေး တစ်ယောက်ကို ဒီလိုမျိုးအနိုင်ကျင့်တာ မကောင်းဘူးလို့ထင်တယ်"

စကားသံဆုံးသည်နှင့် ‌ရှောင်ယွင်ချန်း၏ ပုံရိပ်သည် လင်းလက်သွားခဲ့ပြီး ကျန်းချန်၏ အရှေ့တွင် ပေါ်လာကာ လေထဲမှအနီရောင် ပုံရိပ်ကို ရင်ဆိုင်လိုက်သည်။

"ဟမ့်.. ငါ့ဘာသာ ဘာပဲလုပ်လုပ် မင်းဘာမှ ဝင်ရောက်စွက် ဖက်ခွင့်မရှိဘူး"

ရှောင်ရှင်းဟဲက နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်သည်။

သူက လက်ဝါးကို အနည်းငယ်မြှောက်လိုက်သည်နှင့် ကောင်းကင်ကနေ အားကောင်းသော နတ်သန္ဓေအင်ပါယာ စွမ်းအားက သက်ဆင်းလာပြီး ရှောင်ယွင်ချန်း၏ ခန္ဓာကိုယ်ကို ဖိအားပေးလိုက်သည်။

"အဘိုး.. ရှောင်လီက ဒီကညီနောင်နဲ့ ပညာချင်းဖလှယ်ရုံပါပဲ.. အဘိုးက ရှောင်လီကို အရှက်မရစေဖို့ မျှော်လင့်ပါတယ်"

ထိုအချိန်တွင် ရှောင်လီက အနီရောင်ပုံရိပ်ကို ဖျောင်းဖျလိုက်သည်။

နန်လီမြို့မှ ရှောင်မိသားစု၏ ဘိုးဘေးဖြစ်သည့် ရှောင်ရှင်းဟဲသည် ယန်ဒီမြို့ရှိ နာမည်ကျော် နတ်သန္ဓေအင်ပါယာ အဆင့် အကြီးအကဲတစ်ပါး ဖြစ်သည်။

သူက မီးလမ်းစဥ်နှင့် ဓားလမ်းစဥ် နှစ်မျိုးစလုံးတွင် အလွန် မြင့်မားသော အောင်မြင်မှုများကို ရရှိထားသောကြောင့် မီးလျှံဓားဘုရင်ဟုပင် ကင်ပွန်းတပ် ဂုဏ်ပြုခံထားရသည်။

ရှောင်ရှင်းဟဲသည် ကြယ်ခြောက်ပွင့် သွေးစွမ်းအား ရှိသည့် ရှောင်လီကို အတော်ပင် ချစ်မြတ်နိုးသည်။

ရှောင်လီက သူ့အဘိုး ရှောင်ရှင်းဟဲက စိတ်တိုလွယ်ပြီး အမြင်ကျဥ်းမြောင်းသူ ဖြစ်မှန်း ကောင်းစွာ သိထားခဲ့သည်။

ထို့ကြောင့် ဒေါသထွက်နေသည့် ရှောင်ရှင်းဟဲက ကျန်းချန်အပေါ် တစ်စုံတစ်ရာ လုပ်မိမည်ကို သူအမှန်တကယ် စိုးရိမ်မိခဲ့သည်။

"လီအာ.. ဒီနေရာက မင်းစကားပြောရမဲ့နေရာ မဟုတ်ဘူး.. ငါ့ဆီကို ပြန်လာခဲ့.."

ရှောင်ရှင်းဟဲက ရှောင်လီကို ခေါ်လိုက်ပြီးနောက် ချက်ချင်းဆိုသလို ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ အေးစက်သောအသံသည် လေထဲတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့၏။

"ကောင်လေး မင်းရဲ့ သွေးစွမ်းအားက အင်ပါယာသွေးစွမ်းအားထက် လုံးဝမနိမ့်ဘူး.. ဒါပေမဲ့ မင်းရဲ့ သွေးစွမ်းအားက ရှောင်မိသားစုရဲ့ ယန်အင်ပါယာ သွေးစွမ်းအား မဟုတ်ဘူး.. ဒီသွေးစွမ်းအားရဲ့ ဇစ်မြစ်က အတော်လေး ထူးခြားနေတယ်.. ပြောစမ်း.. မင်း ငါတို့ ယန်ဒီမြို့ထဲကို ဘာအကြံအစည်နဲ့ ရောနှောပြီး ဝင်ရောက်လာရတာလဲ.. မင်းဒီနေ့ ငါ့ကို ကျေနပ်လောက်တဲ့ အဖြေမပေးနိုင်ဘူးဆိုရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"

ကျန်းချန်က လေထဲမှ အနီရောင်ပုံရိပ်ကိုကြည့်ကာ အသက်ကိုခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တည်ငြိမ်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။

"အကြီးအကဲ.. ဒီဂျူနီယာက သာမန်ကျင့်ကြံသူ တစ်ယောက်ပါပဲ.. ယန်ဒီမြို့ဆီ လာရတဲ့ အထူးတလည် ရည်ရွယ်ချက်တွေ မရှိပါဘူး"

"ကောင်လေး.. မင်းကိုကြည့်ရတာ အမှန်အတိုင်းပြောဖို့ အစီအစဥ်မရှိဘူး ထင်တယ်.. မင်းမပြောချင်လည်း ရတယ်..ငါမင်းကို ဖမ်းမိတာနဲ့ အချိန်တန်ရင် အားလုံးကို သိရမှာပဲ"

ရှောင်ရှင်းဟဲက မဲ့ပြုံးပြုံး၍ ပြောလိုက်ပြီး ချက်ချင်းဆိုသလို သူ၏လက်ဝါးကို လှုပ်ရှားလိုက်ရာ မမြင်နိုင်သောစွမ်းအားတစ်ခုသည် ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ပတ်ဝန်းကျင်နေရာလွတ်များကို ခိုင်မာတောင့်တင်းသွားစေခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ဧရာမမီးလျှံ လက်ဝါးကြီးသည် ကျန်းချန်ကို ဖမ်းဆုပ်ရန် လေထဲကနေ သက်ဆင်းလာခဲ့၏။

ရှောင်ရှင်းဟဲ၏ ရက်စက်သော တိုက်ခိုက်မှုကိုမြင်လျှင် ရှောင်ယွင်ချန်း၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူက ကျန်းချန်ကို အစွမ်းကုန် ကာကွယ်ရန် ပြင်ဆင်နေစဥ်မှာပင် လေထဲကနေ စကားသံတစ်သံသည် လေထုကို ထိုးဖောက်၍ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

"ရှောင်ရှင်းဟဲ.. မင်း ထိရဲရင် ထိကြည့်စမ်း.. ဒီယန်ဒီမြို့မှာ ငါရှောင်တုလီရဲ့ တပည့်ကို ဘယ်သူ ထိရဲသလဲဆိုတာ ငါကြည့်ချင်သေးတယ်"

အခန်း(၉၂၇)ပြီး၏။

All Chapters