← Chapters

အခန်း (၉၂၈-၉၃၀)

Vol. 62 Ch. 928-930

အခန်း (၉၂၈-၉၃၀)

Vol. 62 Ch. 928-930

အခန်း(၉၂၈)

စကားသံနှင့်အတူပုံရိပ်တစ်ခုသည် ချက်ချင်းဆိုသလို လေထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်ထံမှ ကြောက်မက်ဖွယ်စွမ်းအားကြောင့် ပတ်ဝန်းကျင်လေထုတွင် တုန်ခါမှုများ ဖြစ်ပေါ်လာခဲ့သည်။

ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအင်များသည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။

နောက်ထပ် တခဏမှာပင် ကျန်းချန်နှင့် အလွန်ရင်းနှီးသည့် အပြာရောင်ပုံရိပ် တစ်ခုသည် ဧရာမ အစိမ်းရောင် ကြာပန်းအလင်းများ ဝန်းရံကာ နတ်ဘုရားတစ်ပါး ကဲ့သို့ လေထဲကနေ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။

ထိုအပြာရောင်ပုံရိပ်သည် ကျန်းချန်ကို ဖမ်းဆုပ်ရန် ပြင်ဆင်နေသည့် ဧရာမ မီးလျှံလက်ဝါးကြီးကို ကြည့်ကာ လက်ညှိုးဖြင့် အသာအယာ ညွှန်လိုက်ရာ တခဏအတွင်းမှာပင် ပေပေါင်းများစွာ ရှည်လျားသည့် ဧရာမဓားကြီး တစ်ချောင်းသည် လေထဲကနေ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ကိုဖမ်းဆုပ်ရန် ပြင်နေသည့် အနီ‌‌ရောင်မီးလျှံလက်ဝါးကြီးကို ချေမှုန်းပစ်လိုက်သည်။

"တော်သေးတယ်.. အချိန်မီလေး ရောက်လာပေလို့ပဲ"

ထိုမြင်ကွင်းကို မြင်လျှင် ရှောင်ယွင်ချန်းသည် သက်ပြင်းချလိုက်သည်။

အစောပိုင်းက ရှောင်ရှင်းဟဲ ပေါ်လာသည့်အချိန်တွင် ရှောင်ယွင်ချန်းသည် အခြေအနေမဟန်မှန်း ခန်းမှန်းမိ၍ ရှောင်တုလီကို လျှို့ဝှက်စွာ ဆက်သွယ်ခဲ့သည်။

ဤသို့ဖြင့် သေရေးရှင်ရေး အခိုက်အတန့်တွင် ရှောင်တုလီသည် အချိန်မီ ရောက်ရှိလာနိုင်ခဲ့ခြင်းပင်။

"ရှောင်တုလီ.. ဒီကောင်လေးက မင်းပြောပြောနေတဲ့ မင်းရဲ့တပည့်လား"

လေထဲကနေ ထွက်ပေါ်လာသည့် အပြာရောင်ပုံရိပ်ကို မြင်လျှင် ရှောင်ရှင်းဟဲသည် ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။

ရှောင်တုလီသည် လွန်ခဲ့သော ခြောက်လခန့်က ယန်ဒီမြို့ကို ပြန်ရောက်လာခဲ့သည်။

ထို့နောက်တွင် သူ၏ တပည့်အတွက် အင်ပါယာ အမွေအနှစ်နယ်မြေ၏ ဝင်ခွင့်တစ်နေရာကို အတင်းအကျပ် လုယူခဲ့သည်။

သူ၏ရှေ့မှ ကောင်လေးက ယန်ဒီမြို့ကို မရောက်သေးခင်ကတည်းကပင် ရှောင်တုလီ၏တပည့် ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ရှောင်တုလီက ရှောင်ရှင်းဟဲကို ပေါ့ပါးစွာကြည့်၍ မေးလိုက်သည်။

"ဘာလဲ.. သူက ငါ့တပည့်ဖြစ်တာ ပြဿနာရှိလို့လား"

"မင်းဘာသာ ဘယ်လိုတပည့်မျိုးပဲ လက်ခံလက်ခံ ငါ ဝင်ရောက်စွက်ဖက်စရာ အကြောင်းမရှိဘူး.. ဒါပေမဲ့ ဒီကလေးရဲ့ဇစ်မြစ်ကို ငါတို့တွေ မသိရသေးဘူး.. သူ့ရဲ့ သွေးစွမ်းအာက ရှောင်မိသားစုရဲ့ အင်ပါယာ သွေးစွမ်းအားထက် လုံးဝ မနိမ့်ဘူး.. မင်းသတိထားဖို့ ငါအကြံပေးချင်တယ်"

"မင်း ဘာကိုဆိုလိုချင်လဲဆိုတာ ငါသိတယ်.."

ရှောင်တုလီက လျစ်လျူရှုသော လေသံဖြင့် ပြောလိုက်သည်။

"သူက င့ါတပည့်ဖြစ်နေပြီ ဆိုမှတော့ သူနဲ့ပတ်သက်တဲ့ ကိစ္စမှန်သမျှကို ငါရှောင်တုလီက အကုန်တာဝန်ယူမယ်.. မင်းဘာမှစိတ်ပူနေစရာမလိုဘူး"

"ဟမ့်.. ငါက မင်းကို အကြံဉာဏ်ပေးရုံ သက်သက်ပဲ.. မင်းကို စိတ်ပူနေရအောင် ငါက အားမနေဘူး.. ရှောင်လီ ငါနဲ့ အတူလိုက်ခဲ့.."

ရှောင်ရှင်းဟဲ၏ မျက်နှာက အနည်းငယ် မည်းမှောင်သွားခဲ့သည်။

သူက လက်ကို တစ်ချက် ဝှေ့ရမ်းကာ ရှောင်လီကို ခေါ်ဆောင်လိုက်ပြီး လေထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ရှောင်ရှင်းဟဲ ထွက်သွားပြီးနောက်တွင် ရှောင်တုလီသည် အောက်ဘက်ရှိ ကျန်းချန်ကို ကြည့်လိုက်သည်။

သူ၏ မျက်နှာထက်တွင် နူးညံ့သောအပြုံးတစ်ခု ပေါ်လာခဲ့၏။

"ကောင်လေး.. မင်းနောက်ဆုံးတော့ ယန်ဒီမြို့ကို ရောက်လာမယ် ဆိုတာ ငါသိသားပဲ.."

ထိုနေ့က တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တွင် မတော်တဆမှုတစ်ခု ဖြစ်ခဲ့သည်ကို ရှောင်တုလီ သိခဲ့သည်။

သူက ကျန်းချန် မည်သည့်နေရာသို့ တည်နေရာ ရွှေ့ပြောင်းသွားသည်ကို အတိအကျ မဆုံးဖြတ်နိုင်ခဲ့ပေ။

သို့သော်လည်း ကျန်းချန်က သူ့ကို ရှာဖွေရန်အတွက် ယန်ဒီမြို့ဆီ သေချာပေါက် ရောက်လာမည်ဟု သူယုံကြည်မှု ရှိနေခဲ့သည်။

ကံကောင်းစွာဖြင့် ကျန်းချန်သည် သူ့ကို စိတ်မပျက်စေခဲ့ဘဲ ကိုယ်ပိုင်စွမ်းရည်ဖြင့် အဆုံးသတ်တွင် ယန်ဒီမြို့ကို ရောက်လာနိုင်ခဲ့သည်။

"ဆရာ"

ကျန်းချန်က ကောင်းကင်ပေါ်မှ ရင်းနှီးသောပုံရိပ်ကို ကြည့်ကာ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်လာခဲ့၏။

သူက ရှောင်တုလီ၏ အနောက်သို့ လိုက်လာရန်အတွက် ကျုံးကျိုးကုန်းမြေဆီသို့ တည်နေရာရွှေ့ပြောင်းခြင်း လုပ်နေစဥ်တွင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဤမတော်တဆမှုကြောင့် ယန်ဒီမြို့ကို ရောက်ရှိရန် ခြောက်လကျော် အချိန်ယူခဲ့ရ၏။

ယခုတော့ ရှောင်တုလီနှင့် အဆုံးသတ်တွင် တွေ့ဆုံနိုင်ခဲ့ချေပြီ။

"ဟားဟား.. ကောင်လေး မင်းမဆိုးဘူး.. ခြောက်လအတွင်း ကိုယ်ပိုင်အင်အားနဲ့ ယန်ဒီမြို့ကို အရောက်လာနိုင်တဲ့ အပြင် သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူတောင် ဖြစ်နေခဲ့ပြီ.. ငါ‌ရှောင်တုလီရဲ့ အချစ်ဆုံးတပည့် ဖြစ်ဖို့ ထိုက်တန်ပါပေတယ်"

ရှောင်တုလီက ကျန်းချန်ကိုကြည့်ကာ အားပါးတရ ရယ်မော၍ ပြောလိုက်သည်။

မူလက ကျန်းချန်သာ အချိန်နောက်ကျ၍ ရောက်လာခဲ့လျှင် ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်က ရှောင်မိသားစုမှ ပါရမီရှင်များနှင့် မယှဥ်နိုင်မည်ကို သူအနည်းငယ် စိုးရိမ်မိခဲ့သည်။

ယခုအခါတွင်မူ ကျန်းချန်၏ တိုးတက်လာသော အခြေအနေများကြောင့် သူ၏စိုးရိမ်မှုသည် လုံးဝ မလိုအပ်တော့‌ပေ။

အခန်း(၉၂၈)ပြီး၏။

အခန်း(၉၂၉)

ရှောင်တုလီသည် ယန်ဒီမြို့ကို ပြန်လည် ရောက်ရှိလာပြီးနောက်တွင် ကျန်းချန်အတွက် အင်ပါယာ အမွေအနှစ် နယ်မြေ၏ ဝင်ခွင့်တစ်နေရာကို အတင်းအကျပ် ရယူခဲ့သည်။

ယန်ဒီမြို့သည် ကျုံးကျိုးကုန်းမြေ၏ အမြင့်မြတ်ဆုံး မြို့တော် ငါးမြို့ထဲမှတစ်မြို့ ဖြစ်ပြီး ကြယ်လေးပွင့် သူတော်စင်နယ်မြေ တစ်ခုလည်း ဖြစ်သည်။

ယန်ဒီမြို့တွင် ဘုရင်အဆင့် ပါရမီရှင်များသည် ကောင်းကင်ယံရှိ ကြယ်များကဲ့သို့ များပြားသည်။

ဘုရင်အဆင့်အထက်မှ ဧကရာဇ်အဆင့် ပါရမီရှင်ထက်ပင် ပို၍ ကြောက်စရာကောင်းသော အင်ပါယာအဆင့် ပြိုင်ဘက်ကင်း ပါရမီရှင်များလည်း ရှိကြသည်။

ကျန်းချန် အတွက် ရှောင်တုလီက ဝင်ခွင့်နေရာကို ရယူခဲ့လျှင်ပင် ကျန်းချန်သာ အားနည်းနေပါက ထိုဝင်ခွင့်နေရာကို ထိန်းထားနိုင်မည် မဟုတ်ပေ။

သို့သော်လည်း ယခုအခါတွင် ကျန်းချန်က သိုင်းသခင်နယ်ပယ် အဆင့်ကို ထိုးဖောက်ခဲ့ပြီ ဖြစ်၍ သူနှင့် ရှောင်မိသားစုမှ လူငယ်ပါရမီရှင်များ၏ ကြားတွင် ကွာဟချက် သိပ်မကြီးတော့ပေ။

သူ၏ နည်းလမ်းများဖြင့်သာ ဆိုလျှင် ကျန်းချန်သည် ရှောင်မိသားစု၏ ထိပ်တန်းပါရမီရှင်များကို အချိန်တိုအတွင်း လိုက်မမီနိုင်လျှင်ပင် ဝင်ခွင့်နေရာကို ထိန်းထားရန် ပြဿနာ မရှိလောက်ဟု ရှောင်တုလီ ယုံကြည်မှုရှိသည်။

"ယွင်ချန်း.. မင်းဒီတစ်ခါ ပိုင်မင်မြို့မှာ အကောင်းဆုံး လုပ်ဆောင်ခဲ့တာပဲ"

စကားဆုံးသည်နှင့် ရှောင်တုလီက သူ၏လက်ကို ဝှေ့ရမ်းလိုက်ရာ ဆေးဘူးတစ်ဘူးသည် ရှောင်ယွင်ချန်း ဆီသို့ ပျံသန်းသွားခဲ့သည်။

"ဒါက ငါမကြာသေးခင်ကမှ သန့်စင်ထားတဲ့ ဟွမ်ဂျီဆေးလုံးပဲ.. ကျန်းချန်ကို ပြန်ခေါ်လာပေးတဲ့ အတွက် ကျေးဇူးတင်တဲ့အနေနဲ့ မင်းကို လက်ဆောင်ပေးတာ"

ရှောင်ယွင်ချန်းက ဆေးဘူးကို ဖမ်းယူလိုက်ပြီးနောက်တွင် ၎င်း၏ အိုမင်းနေသောမျက်လုံးထဲ၌ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ထိုအချိန်တွင် သူ၏နံဘေးရှိ ရှောင်ယွမ်လေ့သည် မနာလိုပင် ဖြစ်လာခဲ့သည်။

ဟွမ်ဂျီဆေးလုံး ဆိုသည်မှာ နတ်ဝိညာဥ်ဘုရင် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူကို နတ်သန္ဓေအင်ပါယာ အဆင့်အဖြစ် အဆင့်တက်နိုင်အောင် အထောက်အပံ့ပေးသည့် အဌမအဆင့် ဆေးလုံး ဖြစ်သည်။

သူနှင့်ရှောင်ယွင်ချန်းတို့ နှစ်ယောက်စလုံးသည် နတ်ဝိညာဥ်ဘုရင် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း နတ်သန္ဓေ အင်ပါယာအဆင့်ကို မထိုးဖောက်နိုင်သည်မှာ အချိန်အတော် ကြာမြင့်နေခဲ့ပြီ ဖြစ်၏။

ယခုအခါတွင် သူတို့၏ သက်တမ်းက အလွန်တရာပင် အားနည်းလာ၍ အချိန်တိုအတွင်း မထိုးဖောက်နိုင်လျှင် အဆုံးသတ်၌ မြေမှုန်အဖြစ်သို့ ပြောင်းလဲသွားကြလိမ့်မည် ဖြစ်၏။

ဆိုရလျှင် ဟွမ်ဂျီဆေးလုံးသည် နတ်သန္ဓေအင်ပါယာ အဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်ချေအား များစွာ အဆင့်မြှင်တင်ပေးနိုင်သည့် အလွန်ကောင်းမွန်သော ဆေးလုံး ဖြစ်သည်။

သို့ရာတွင် ဟွမ်ဂျီဆေးလုံးသည် အလွန်ပင် သန့်စင်ရခက်ပြီး ရှားပါးသော ဆေးလုံးလည်း ဖြစ်သည်။

ယန်ဒီမြို့ တစ်မြို့လုံးတွင် ထိုကဲ့သို့ ဆေးလုံးကို သန့်စင်နိုင်သူနှစ်‌ယောက်သာ ရှိ၏။

ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှာ သူ့ရှေ့တွင် ရှိနေသည့် ရှောင်တုလီပင် ဖြစ်သည်။

ထိုအချိန်တွင် ရှောင်ယွမ်လေ့သည် ရှောင်ယွင်ချန်း၏ လက်ထဲမှ ဆေးဘူးကို ကြည့်ကာ နောင်တရ၍ သွေးအန်လု နီးပါးပင် ဖြစ်နေခဲ့၏။

ရှင်းလင်းစွာဆိုရလျှင် ဤတစ်ခေါက် ပိုင်မင်မြို့တွင် ကျင်းပသည့် ပါရမီရှင် အမဲလိုက်ပြိုင်ပွဲကို ဦးစီးရန် တာဝန်ကျသူမှာ ရှောင်ယွမ်လေ့ ဖြစ်သည်။

သို့သော်လည်း ပိုင်မင်မြို့သည် ယန်ဒီမြို့၏ လက်အောက်ခံ မြို့လေးမြို့ထဲတွင် အားအနည်းဆုံး ဖြစ်သည်ကို မနှစ်သက်သောကြောင့် သူက နောက်ကွယ်ကနေ တိတ်တဆိတ် ဆောင်ရွက်ခဲ့ပြီး ပိုင်မင်မြို့ကို သွားရမည့်တာဝန်ကို ရှောင်ယွင်ချန်းဆီသို့ လွှဲချခဲ့သည်။

သို့သော် ရှောင်ယွမ်လေ့ လုံးဝ မစဥ်းစားခဲ့သည်မှာ ရှောင်ယွင်ချန်းသည် ဤတစ်ကြိမ်တွင် ပိုင်မင်မြို့ကို သွားပြီး ရှောင်တုလီ၏ တပည့်ကို မမျှော်လင့်ဘဲ ပြန်ခေါ်လာခဲ့ကာ ဟွမ်ဂျီဆေးလုံး တစ်လုံးကို ရရှိခဲ့ခြင်းပင်။

ထိုကဲ့သို့ ဖြစ်မှန်းသာ ကြိုသိခဲ့လျှင် ပိုင်မင်မြို့ကို သွားမည့် အခွင့်အရေးကို ရှောင်ယွင်ချန်းထံ ပေးအပ်ခဲ့မည် မဟုတ်ပေ။

"ယွင်ချန်း.. ကျန်တာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်.. သိပ်မကြာခင် ယန်ဒီမြို့မှာ နတ်သန္ဓေအင်ပါယာ တစ်ပါးပေါ်ထွက်လာပြီ ဆိုတဲ့သတင်းကို ကြားရဖို့ ငါမျှော်လင့်တယ်"

ရှောင်တုလီက ရှောင်ယွင်ချန်းကို ပြုံး၍ ပြောလိုက်ပြီးနောက်တွင် ကျန်းချန်နှင့် အတူ လူတိုင်း၏ ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ရှောင်တုလီသည် ကျန်းချန်ကို ယန်ဒီမြို့၏ တိတ်ဆိတ်ငြိမ်သက်ပြီး သင်းပျံ့သောမွှေးရနံ့များ ရှိသည့် ရှေးဟောင်းအခန်း တစ်ခန်းသို့ ခေါ်ဆောင်လာခဲ့သည်။

ရှောင်တုလီ၏ စွမ်းအင်ကြောင့် ကျန်းချန်သည် တည်နေရာ‌ ရွှေ့ပြောင်းလိုက်သကဲ့သို့ ဤအခန်းထဲကို တိုက်ရိုက် ရောက်ရှိလာခဲ့သည်။

"ကောင်လေး.. မင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှာ ပြဿနာတက်ကတည်းက ငါသိနေခဲ့တယ်.. မင်းယန်ဒီမြို့ကို ဘယ်လို ရောက်လာသလဲ ဆိုတာ ငါ့ကို ပြောပြစမ်းပါဦး"

ရှောင်တုလီက သူ့ရှေ့မှ ကျန်းချန်ကို ပြုံးရွှင်စွာကြည့်၍ မေးလိုက်သည်။

ကျန်းချန်က ဘာမှဖုံးကွယ်မနေဘဲ ကျုံးကျိုးကုန်းမြေ၏ ပြင်ပနယ်မြေကို ရောက်ရှိလာပုံ၊ ထိုနေရာမှတဆင့် စန်းလန်အဖွဲ့အစည်းသို့ ရောက်ရှိသွားပြီး ကျုံးကျိုးကုန်းမြေ ထဲသို့ ဝင်ရောက်ကာ ယန်ဒီမြို့ အထိ မည်သို့မည်ဖုံ ခရီးဆက်ခဲ့သလဲဆိုသည်များကို အကုန်အစင် ရှင်းပြလိုက်သည်။

"ငါ့ရဲ့ အမှားအယွင်းတစ်ခုကြောင့် ဒီခြောက်လ အတွင်းမှာ မင်းဒီလောက် အတွေ့အကြုံတွေ အများကြီး ရရှိလိမ့်မယ်လို့ ငါမထင်ထားမိဘူး"

ရှောင်တုလီက ကျန်းချန်ကို သက်ပြင်းချကာ ပြောလိုက်သည်။

"ဒီခရီးတစ်လျောက်လုံး မင်းပင်ပန်းခဲ့ရပြီ.. ရက်အနည်းငယ်လောက် နားလိုက်ဦး.. နောက်ရက်အနည်းငယ် အတွင်း ငါမင်းကို တရားဝင်တပည့်အဖြစ် အခမ်းအနားနဲ့ လက်ခံမယ်.. ဒါ့အပြင် မင်းအတွက် အင်ပါယာ အမွေအနှစ် နယ်မြေရဲ့ ဝင်ခွင့်တစ်နေရာကို ငါရရှိခဲ့ပြီ"

အခန်း(၉၂၉)ပြီး၏။

အခန်း(၉၃၀)

"အင်ပါယာ အမွေအနှစ်နယ်မြေ ဟုတ်လား"

ရှောင်တုလီက အင်ပါယာ အမွေအနှစ်နယ်မြေ အကြောင်းပြောသည်ကိုကြားလျှင် ကျန်းချန်၏ စိတ်နှလုံးသည် လှုပ်ရှားသွားခဲ့သည်။

"ဆရာ.. အင်ပါယာ အမွေအနှစ်နယ်မြေနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေ ရှိသလဲဆိုတာ ပြောပြလို့ရမလား"

"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းခန့်က ကြယ်ငါးပွင့်အင်အားစု အဆင့်ကို တက်လှမ်းတော့မဲ့ အင်အားစု တစ်စုရှိခဲ့တယ်.. အဲဒီအင်အားစုမှာ ပကတိအင်ပါယာအဆင့်ကို ထိုးဖောက်တော့မဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ဦးရှိတယ်.. အဲဒီ ကျင့်ကြံသူက ပကတိအင်ပါယာအဆင့်ကို ထိုးဖောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်လို့ ပြောကြတယ်.. ဒါပေမဲ့ နောက်ဆုံးအချိန်မှာတော့ အင်ပါယာ ကပ်ဘေးအောက်မှာ ကျရှုံးခဲ့ရတယ်"

အင်ပါယာ အမွေအနှစ် အကြောင်းကို ပြောနေသောအခါတွင် ရှောင်တုလီ၏ မျက်နှာထက်၌ တည်ကြည်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ရှောင်တုလီ၏စကားကိုကြားလျှင် ကျန်းချန်၏နှလုံးသားသည် တုန်လှုပ်သွားခဲ့သည်။

ကြယ်ငါးပွင့်အဆင့် နီးပါး အင်အားစုနှင့် ခြေလှမ်းတစ်ဝက် ပကတိအင်ပါယာအဆင့်သည် ယနေ့ခေတ် ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများအတွက် အလွန် အလှမ်းဝေးသည်။

ယန်ဒီမြို့ရှိ ရှောင်မိသားစုကဲ့သို့ အင်ပါယာသွေးစွမ်းအားရှိသည့် ကြယ်လေးပွင့်နယ်မြေပင် ကြယ်ငါးပွင့် အင်အားစုများနှင့် ယှဥ်ရန် အလွန်အလှမ်းကွာဝေး၏။

ရှန်းဝူတိုက်ကြီးတွင် ပကတိ အင်ပါယာအဆင့် ကျင့်ကြံသူရှိသည့် အင်အားစုများကိုသာ ကြယ်ငါးပွင့်အဆင့် အင်အားစု အဖြစ် သတ်မှတ်နိုင်၏။

ရှောင်မိသားစုသည် ဘိုးဘေးယန်ဒီ၏ လက်ထက်မှစ၍ ဒုတိယမြောက် ပကတိ အင်ပါယာအဆင့် ကျင့်ကြံသူ မပေါ်ထွက်လာသေးပေ။

ရှင်းလင်းစွာဆိုရလျှင် ခြေလှမ်းတစ်ဝက် ပကတိအင်ပါယာပင် မပေါ်ထွက်သေးချေ။

ယန်ဒီမြို့မှ ရှောင်မိသားစုတင် မကဘဲ ရှန်းဝူတိုက်ကြီး တစ်ခုလုံးကို ကြည့်လျှင်ပင် နှစ်ပေါင်းတစ်သောင်း နီးပါး ကာလအတွင်း ခြေလှမ်းတစ်ဝက် ပကတိ အင်ပါယာအဆင့် ကျင့်ကြံသူကို မတွေ့ရသလောက် နီးပါးပင် ဖြစ်၏။

"ဒီအင်ပါယာ.အမွေအနှစ်နယ်မြေက ရှန်းဝူတိုက်ကြီးရဲ့ပကတိအင်ပါယာအဆင့်ကျင့်ကြံသူတွေ ပျောက်ကွယ်သွားတဲ့နှစ်ပေါင်ထောင်ချီအတွင်းမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ တစ်ခုတည်းသောနေရာပဲ.. ဘာဖြစ်လို့လည်းဆိုတော့ အင်ပါယာ အမွေအနှစ် နယ်မြေက ရှေးအခါက ကြယ်ငါးပွင့်အင်အားစုနီးပါးအဆင့်ရှိတဲ့ အင်အားစုတစ်ခုရဲ့ နယ်မြေ.ဖြစ်ခဲ့လို့ပဲ.. အဲဒီနေရာမှာ ကောင်းကင်နဲ့မြေကြီးရဲ့ အသက်စွမ်းအင်တွေ အပြည့်အဝရှိပြီး နှစ်ပေါင်းများစွာအတွင်း ကောင်းကင်နှင့်မြေကြီးရဲ့ရတနာတွေ အများအပြားကို မွေးဖွားခဲ့တယ်.. ဒါ့အပြင် ဂိုဏ်းထဲက ကျင့်ကြံသူတွေ ချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်တွေလည်း ရှိတယ်.. အဲဒီထဲမှာ အင်ပါယာ အမွေအနှစ်လည်း အပါအဝင်ပဲ.. အင်ပါယာ အမွေအနှစ်နယ်မြေကို ကျုံးကျိုးကုန်းမြေရဲ့ မြင့်မြတ်တဲ့ မြို့တော်ငါးမြို့က ပူးပေါင်းထိန်းချုပ်ထားကြတယ်.. မြို့ငါးမြို့က အင်ပါယာ အမွေအနှစ် နယ်မြေကို နှစ်တစ်ရာမှာတစ်ကြိမ်ပဲ ဖွင့်လှစ်တယ်.. ဒါကြောင့် အင်ပါယာ အမွေအနှစ် နယ်မြေက မင်းအတွက် ကြီးမားတဲ့ အခွင့်အရေးတွေ ဖြစ်လာလိမ့်မယ်"

"ကျေးဇူးတင်ပါတယ်ဆရာ"

ကျန်းချန်က စိတ်ရင်းထဲကနေ ကျေးဇူးတင်စွာ ပြောလိုက်သည်။

ရှောင်တုလီသည် ယန်ဒီမြို့ကို ပြန်ရောက်သည်နှင့် သူ့အတွက် ဤမျှ ကြီးမားသော အခွင့်အရေးကို ရှာဖွေပေးထားလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။

"မင်းနဲ့ငါက ဆရာနဲ့တပည့်ပဲလေ.. ဒီလောက်ထိ အားနာနေစရာတွေ မလိုပါဘူး.. အင်ပါယာ အမွေအနှစ်နယ်မြေ ဖွင့်လှစ်ရင် ထိပ်တန်းမြို့တော် ငါးမြို့ရဲ့ ပါရမီရှင်တွေက အပြိုင်အဆိုင် ဝင်ရောက်ကြမှာ ဖြစ်လို့ ရိုးရှင်းတဲ့ ကိစ္စတော့မဟုတ်ဘူး"

ရှောင်တုလီက ရယ်မော၍ ပြောလိုက်သည်။

"အခု အင်ပါယာ အမွေအနှစ် နယ်မြေ ဖွင့်လှစ်ဖို့ အချိန်သုံးလပဲ လိုတော့တယ်.. ဒီအချိန်အတွင်းမှာ မင်းကြိုးစားပြီး လေ့ကျင့်ရမယ်.. အချိန်ကျလာရင် မင်းငါ့ကို မျက်နှာမပျက်စေနဲ့"

"ဆရာစိတ်ချပါ.. တပည့်က ဆရာရဲ့ နှလုံးလောင်ကျွမ်းဓားအင်ပါယာဆိုတဲ့ ဂုဏ်သတင်းကို လုံးဝ မပျက်စီးစေရပါဘူး"

ကျန်းချန်က အခိုင်အမာ သတိပေးလိုက်သည်။

ကျုံးကျိုးကုန်းမြေမှ ထိပ်တန်းမြို့တော် ငါးမြို့သည် ကျုံးကျိုးကုန်းမြေရှိ နာမည်ကျော် ကြယ်လေးပွင့် နယ်မြေငါးခုလည်း ဖြစ်သည်။

ထိုကြယ်လေးပွင့် သူတော်စင်နယ်မြေ ငါးခု၏ နေရာတိုင်းတွင် ပါရမီရှင်များ ပြည့်နှက်နေပြီး ဧကရာဇ်အဆင့် ပါရမီရှင်များပင် မရေမတွက်နိုင်အောင် ရှိသည်။

ကျန်းချန်က ကျုံးကျိုးကုန်းမြေ၏ အထူးချွန်ဆုံး ပါရမီရှင်များနှင့် ရင်ဆိုင်ရမည်ကို သိသော်လည်း အနည်းငယ်မျှပင် ကြောက်ရွံ့မှုမရှိခဲ့ပေ။

သူ၏စိတ်ထဲတွင် အပြင်းအထန် တိုက်ပွဲဝင်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

ကြယ်လေးပွင့် သူတော်စင်နယ်မြေမှ ထူးချွန်သော ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်နေလျှင်ပင် သူက အဘယ်ကြောင့် ဂရုစိုက်ရပါမည်နည်း။

အဆတစ်ရာစနစ်ကို လက်ခံပြီးသည့် အချိန်ကစ၍ ကျန်းချန်သည် မြောက်ပိုင်းတောရိုင်း ဒေသကနေ ဤနေရာသို့ရောက်လာသည် အထိ ပါရမီရှင်များကို သူ၏ ခြေနင်းခုံ အဖြစ် အသုံးချခဲ့သည် မဟုတ်ပါလား။

သူက ကျုံးကျိုးကုန်းမြေ၏ ထိပ်တန်းပါရမီရှင်များနှင့် ယှဥ်ပြိုင်ရတော့မည်ဟု စဥ်းစားမိလျှင် ကျန်းချန်က စိတ်အားတက်ကြွလာခဲ့သည်။

ကြယ်လေးပွင့် သူတော်စင်နယ်မြေ ငါးခု၏ အထူးချွန်ဆုံးပါရမီရှင် ဖြစ်လျှင်ပင် သူက အရေးစိုက်နေမည် မဟုတ်ပေ။

သူ့ကို စိန်ခေါ်ဝံ့လျှင် သူက သေချာပေါက် အပြင်းအထန် နင်းချေပစ်မည်သာ ဖြစ်၏။

အခန်း(၉၃၀)ပြီး၏။

All Chapters