အခန်း (၉၃၁-၉၃၃)
Vol. 63 Ch. 931-933
အဆတစ်ရာစနစ် စာစဥ်(၆၃)
အခန်း(၉၃၁)
သုံးရက်အကြာတွင် ရှောင်တုလီ၏ နေအိမ်ဖြစ်သည့် ဖန်ထျန်းဓားနန်းဆောင်၌ တပည့်လက်ခံပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ရှောင်တုလီက ဤအခမ်းအနားကို အကျယ်တဝင့် ကြေညာခဲ့ခြင်း မရှိသော်လည်း အခမ်းအနားနေ့တွင် ရှောင်မိသားစုမှ ကျင့်ကြံသူများစွာ တက်ရောက်ခဲ့ကြသည်။
ရှောင်မိသားစု၏ ဂိုဏ်းချုပ် ရှောင်ထျန်းဟန်နှင့် မီးလျှံဓားဘုရင် ရှောင်ရှင်းဟဲ တို့လို နတ်သန္ဓေအင်ပါယာ နှစ်ပါးစလုံးပင် တက်ရောက်ခဲ့ကြ၏။
နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများနှင့် နတ်ဝိညာဥ်ဘုရင် တစ်ပိုင်းအဆင့် ကျင့်ကြံသူ အများအပြားလည်း တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျန်းချန်သည် အခမ်းအနား၏ အစီအစဥ် အဆင့်ဆင့်ကို လိုက်နာပြီး ရှောင်တုလီကို တရားဝင်ဆရာအဖြစ် တင်မြှောက်ခဲ့သည်။
အခမ်းအနား ပြီးဆုံးသွားသောအခါတွင် ရှောင်မိသားစုမှ ကျင့်ကြံသူများသည် ကျန်းချန်ကို ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြသည်။
ယနေ့ခေတ် ယန်ဒီမြို့၏ ရှောင်မိသားစုတွင် ကမ္ဘာကြီးနှင့်အဆက်အသွယ် ပြတ်နေသော ကျင့်ကြံသူတချို့မှ လွဲလျှင် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူသုံးဦးသာ ရှိသည်။
၎င်းတို့မှာ မီးလျှံဓားဘုရင် ရှောင်ရှင်းဟဲ၊ နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီနှင့် ရှောင်မိသားစု၏ ဂိုဏ်းချုပ် ရှောင်ထျန်းဟန်တို့ ဖြစ်ကြသည်။
ဤသုံးဦးတွင် ရှောင်တုလီ၏ အနေအထားသည် ပို၍ ထူးခြားပြီး ရှောင်မိသားစု၏ ဂိုဏ်းချုပ် ရှောင်ထျန်းဟန်ပင် သူ့ကို အလေးထားရသည်။
ယခုအခါတွင် ကျန်းချန်သည် ရှောင်တုလီအား ဆရာ တင်မြှောက်လိုက်ပြီ ဖြစ်ရာ ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ပေါ်သို့ ရောက်ရှိသွားခဲ့ပြီး နှလုံးလောင်ကျွမ်း ဓားအင်ပါယာ၏ အမွေခံတပည့် ဖြစ်လာခဲ့သည်။
ထိုကြောင့် ရှောင်မိသားစုမှ ကျင့်ကြံသူများသည် ကျန်းချန်ကို အလေးမထားဘဲ နေ၍ မရတော့ပေ။
"တုလီ.. မင်းခေါ်လာတဲ့တပည့်က တကယ်ကို သန်မာတာပဲ.. ဒီကလေးက ရုပ်ပိုင်းဆိုင်ရာနဲ့ သိုင်းပညာနှစ်မျိုးစလုံးကိုလေ့ကျင့်ထားပြီး အတော်လေးလည်း ခရီးပေါက်
ထားတယ်.. ဒါ့အပြင် သူ့ရဲ့ သွေးစွမ်းအားက လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်တယ်.. ငါတို့ ရှောင်မိသားစုရဲ့ ကြယ်ခုနစ်ပွင့် အင်ပါယာသွေးစွမ်းအားထက် မနိမ့်ဘူးလို့ထင်တယ်"
ရှောင်မိသားစု၏ ဂိုဏ်းချုပ် ရှောင်ထျန်းဟန်သည် ကျန်းချန်ကို ကြည့်ကာ ချီးကျူးမဆုံး ဖြစ်နေခဲ့သည်။
နတ်သန္ဓေအင်ပါယာ အဆင့်သည် သာမန်လူများ ရောက်ရှိရန်ခက်ခဲသော အဆင့် ဖြစ်သည်။
ထို့ကြောင့် ရှောင်ထျန်းဟန်သည် ကျန်းချန်၏ အခြေအနေ ခုနစ်ပုံရှစ်ပုံခန့်ကို တစ်ချက်ကြည့်ရုံဖြင့် အလွယ်တကူ မြင်နိုင်ခဲ့သည်။
သူ့ရှေ့မှ ကျန်းချန် ဟူသောကောင်လေးသည် အနည်းဆုံး ဧကရာဇ် အဆင့် ပါရမီရှင်ထက် မနိမ့်သည့် ပါရမီရှင်တစ်ဦး ဖြစ်နိုင်ဖွယ် ရှိသည်။
"ဂိုဏ်းချုပ်.. ဒီကောင်လေးရဲ့ သွေးစွမ်းအားက အရမ်းထူးဆန်းတယ်ဆိုတာ ဂိုဏ်းချုပ်လည်း သတိထားမိမှာပါ.. ဒါကြောင့် သူ့ကို ယန်ဒီမြို့မှာ မထားသင့်ဘူး.. ဒီကောင်လေးရဲ့ သွေးစွမ်းအားက အင်ပါယာတစ်ပါးပါးရဲ့ သွေးစွမ်းအား ဖြစ်နိုင်တယ်လို့ ကျွန်တော် သံသယရှိတယ်.. သူ့ကို ယန်ဒီမြို့မှာ ဆက်ထားမယ်ဆိုရင် တစ်ချိန်ချိန်မှာ ကျွန်တော်တို့ ယန်ဒီမြို့အတွက် ချိန်ကိုက်ဗုံး တစ်လုံးလို ဖြစ်သွားနိုင်တယ်"
ရှောင်ရှင်းဟဲက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
သူ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
"ရှောင်ရှင်းဟဲ.. မင်းနဲ့မတွေ့ရတာ နှစ်အနည်းငယ်ပဲ ရှိပါသေးတယ်.. မင်းရဲ့အမြင်က ဘာလို့ ဒီလောက်တောင် ဆိုးရွားသွားရတာလဲ.. အင်ပါယာ သွေးစွမ်းအားကိုတောင် မခွဲခြားနိုင်တော့ဘူးလား"
ရှောင်တုလီက ခနဲ့၍ ပြောလိုက်သည်။
"ကျန်းချန်ရဲ့ သွေးစွမ်းအားက အင်ပါယာတစ်ပါးပါးရဲ့ သွေးစွမ်းအား လုံးဝ မဟုတ်ဘူးဆိုတာ ငါရဲရဲကြီး အာမခံနိုင်တယ်"
အင်ပါယာ သွေးစွမ်းအားသည် နိုးထလာသည်နှင့် သွေးစွမ်းအား အပြောင်းအလဲ မရှိတော့ပေ။
ဥပမာအားဖြင့် ရှောင်မိသားစုမှ တပည့်တစ်ယောက်သည် ကြယ်သုံးပွင့် သွေးစွမ်းအား နိုးထလာခဲ့လျှင် ထိုသွေးစွမ်းအားသည် လုံးဝ အပြောင်းအလဲ ရှိတော့မည်မဟုတ်
ပေ။
သို့သော်လည်း ကျန်းချန်၏ သွေးစွမ်းအားကမူ ထိုသို့ မဟုတ်ဘဲ ကွဲပြားမှု ရှိနေခဲ့သည်။
ရှောင်တုလီသည် ကျန်းချန်ကို ပထမဆုံးအကြိမ် တွေ့ဆုံစဥ်တွင် ကျန်းချန်၏ ခန္ဓာကိုယ်၌ သွေးစွမ်းအား ရှိမှန်းသိသော်လည်း ယခုလို အားကောင်းသော အဆင့်မျိုး မဟုတ်သေးပေ။
ဆိုရလျှင် ကျန်းချန်၏ သွေးစွမ်းအားသည် ကြီးထွားလာနိုင်သည့် သွေးစွမ်းအား အမျိုးအစားတစ်ခု ဖြစ်သည်။
ထိုသွေးစွမ်းအားသည် ကျန်းချန်၏ ခွန်အား တိုးတက်လာသည်နှင့်အမျှ ပို၍ပင် အားကောင်းလာခဲ့၏။
ထိုကဲ့သို့ သွေးစွမ်းအားသည် ရှေးဟောင်း ကျမ်းစာအုပ်များတွင် မှတ်တမ်းတင်ထားသည့် ရှေးဟောင်းနတ်သားရဲခန္ဓာကိုယ်တချို့နှင့် ဆင်တူနေသည်မှာ သေချာသလောက်ပင်။
ကျန်းချန်ကို ပထမဆုံး တွေ့စဥ်က ရှောင်တုလီသည် မသေချာသေးပေ။
ယခုပြန်တွေ့သောအခါ ကျန်းချန်သည် ဒဏ္ဍာရီလာရှေးဟောင်းနတ်သားရဲ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည် ဟူသော သူ၏မှန်းဆချက်မှာ သေချာသလောက် ရှိနေပြီ ဖြစ်၏။
"ရှင်းဟဲ.. ဒီကလေးရဲ့ သွေးစွမ်းအားက အင်ပါယာသွေးစွမ်းအားနဲ့ အနည်းငယ် ကွာခြားတယ်.. မင်းစိတ်ပူစရာမလိုပါဘူး"
ရှောင်ထျန်းဟန်က လက်ကို ဝှေ့ရမ်းလိုက်ပြီး ရှောင်တုလီကို ပြုံးကာ ပြောလိုက်သည်။
"တုလီ.. ငါကွေ့ဝိုက်ပြီး ပြောမနေတော့ဘူး.. မင်းဒီနေ့ ငါတို့ကိုခေါ်တာက အခမ်းအနားကို တက်ရောက်ခိုင်းဖို့ သက်သက် မဟုတ်ဘူးလို့ ငါထင်တယ်"
အခန်း(၉၃၁)ပြီး၏။
အခန်း(၉၃၂)
"ဂိုဏ်းချုပ်.. အခု ကျွန်တော့်ရဲ့တပည့်က ယန်ဒီမြို့ကိုရောက်လာပြီ.. ဂိုဏ်းချုပ်နဲ့လည်း တွေ့ဆုံပေးပြီးပြီ.. ဂိုဏ်းချုပ် သူ့ကိုဘယ်လိုမြင်လဲ.. ကျန်းချန်က အင်ပါယာအမွေအနှစ် နယ်မြေရဲ့ ဝင်ခွင့်တစ်နေရာစာ အတွက် ထိုက်တန်မှု ရှိရဲ့လား"
အင်ပါယာ အမွေအနှစ်နယ်မြေကို ကျုံးကျိုးကုန်းမြေရှိ မြင့်မြတ်သော မြို့တော် ငါးမြို့က ပူးပေါင်း ပိုင်ဆိုင်ကြပြီး ဝင်ခွင့်နေရာသည် အလွန်ပင် တန်ဖိုးရှိသည်။
အမွေအနှစ် နယ်မြေကို ဖွင့်လှစ်သည့် အခါတိုင်းတွင် ယန်ဒီမြို့၏ ခွဲတမ်းသည် နေရာ(၃၀)စာ ဖြစ်သည်။
လွန်ခဲ့သည့် ခြောက်လအကြာက ရှောင်တုလီ ယန်ဒီမြို့ကို ပြန်ရောက်လာသောအခါတွင် အင်ပါယာအမွေအနှစ် နယ်မြေ၏ ဝင်ခွင့်နေရာကို စောစီးစွာ သတ်မှတ်ပြီးသား ဖြစ်နေခဲ့၏။
ထို့ကြောင့် ရှောင်တုလီက ရှောင်ထျန်းဟန်ကို တိုက်ရိုက်သွားရောက် တွေ့ဆုံကာ ဝင်ခွင့် တစ်နေရာစာကို အတင်းအကြပ် တောင်းဆိုခဲ့သည်။
အဆုံးသတ်တွင် ရှောင်ထျန်းဟန်သည် ရှောင်တုလီကို သဘောတူပေးခဲ့ရသည်။
ရှောင်တုလီ၏ တပည့်သည် ထူးချွန်သော အရည်အချင်း ရှိသ၍ ဝင်ခွင့်နေရာ တစ်နေရာကို အစားထိုးပေးမည်ဟု ကတိပေးလိုက်သည်။
ယခု သူ့ရှေ့မှ ကျန်းချန်ဟု နာမည်ပေးထားသော ကောင်လေး၏ အရည်အချင်းသည် ယန်ဒီမြို့ရှိ ဧကရာဇ်အဆင့် ပါရမီရှင်များထက် လုံးဝမနိမ့်ပေ။
သို့ဖြစ်ရာ ရှောင်ထျန်းဟန်က မည်ကဲ့သို့ ငြင်းဆန်ရပါမည်နည်း။
အကယ်၍ သူသာ ငြင်းဆန်ခဲ့လျှင် ရှောင်တုလီ၏ စိတ်နေစိတ်ထားအရ မည်ကဲ့သို့သော ဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်မလဲ ဆိုသည်ကို မည်သူမှ ကြိုမသိနိုင်ပေ။
"ဒီလို ပါရမီနဲ့ဆိုရင် ဒီကောင်လေးက အင်ပါယာ အမွေအနှစ်နယ်မြေရဲ့ ဝင်ခွင့် တစ်နေရာ အတွက် တကယ်ပဲ အရည်အချင်း ပြည့်မီပါတယ်"
ရှောင်ထျန်းဟန်က အနည်းငယ် စဥ်းစားဟန်ပြုလိုက်ပြီးမှ ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဒါဆိုရင်လည်း ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်.."
ရှောင်တုလီက ပြုံး၍ ပြန်ဖြေလိုက်၏။
"ရှောင်တုလီ.. မင်းအရမ်းကြီး အပျော်မစောနဲ့ဦး.. အဲဒီကလေးက ဝင်ခွင့်နေရာ ရခဲ့ရင်တောင် အဲဒီနေရာကို ထိန်းထားနိုင်မလား ဆိုတာ မသေချာသေးဘူး.."
ရှောင်ရှင်းဟဲက အေးစက်သော အမူအရာဖြင့် ပြောလိုက်သည်။
အင်ပါယာအမွေအနှစ် နယ်မြေသည် ကျုံးကျိုးကုန်းမြေရှိ မြင့်မြတ်သောမြို့တော် ငါးမြို့အတွက် နှစ်တစ်ရာတွင် တစ်ကြိမ်သာ ကျင်းပသည့် ပွဲတော်ကြီးတစ်ခု ဖြစ်သည်။
ယန်ဒီမြို့ရှိ ထူးချွန်သော ပါရမီရှင် အနည်းငယ်မျှသာ ထိုကဲ့သို့ ခမ်းနားသောပွဲကို ပါဝင်ခွင့် ရကြသည်။
ဆိုရလျှင် အင်ပါယာ အမွေအနှစ်နယ်မြေ၏ ဝင်ခွင့်တစ်နေရာအတွက် ပြိုင်ဆိုင်မှုက အလွန်ပင် ပြင်းထန်၏။
နေရာတစ်နေရာကို ကြိုတင်ရရှိထားသော တပည့်တစ်ဦး ဖြစ်နေလျှင်ပင် ရထားသည့်နေရာကို ထိန်းထားရန် မလွယ်ကူပေ။
ထို့ပြင် ကျန်းချန်သည် ယန်ဒီမြို့ကို အခုမှ ရောက်လာသည့် ကောင်လေး တစ်ယောက်အဖြစ်သာ ရှိပါသေးသည်။
ဆိုရလျှင် ကျန်းချန်၏ လက်ထဲမှ ဝင်ခွင့်နေရာသည် မရေမတွက်နိုင်သော ရှောင်မိသားစုမှ ပါရမီရှင်များကို လိုချင်တပ်မက်စေသော အရာတစ်ခု ဖြစ်စေမည်မှာ သေချာ၏။
ဤကောင်လေးက သူ၏ လက်ထဲမှ နေရာအား မည်ကဲ့သို့ ထိန်းထားမလဲ ဆိုသည်ကို ရှောင်ရှင်းဟဲ မြင်ချင်ခဲ့သည်။
"ရှောင်ရှင်းဟဲ.. မင်းကိုယ့်အလုပ်ကိုပဲ ကိုယ်အာရုံစိုက်သင့်တယ်.. ငါတပည့်ကို မင်းဘာမှ စိတ်ပူနေစရာမလိုဘူး.."
ရှောင်တုလီက ပေါ့ပါးစွာ ပြောလိုက်သည်။
သူ ရှောင်တုလီသည် အင်ပါယာအမွေအနှစ် နယ်မြေ၏ နေရာတစ်နေရာကိုပင် ထိန်းထားနိုင်ခြင်း မရှိလျှင် ဟားတိုက်စရာဖြစ်နေမည် မဟုတ်ပါလော။
မကြာခင်မှာပင် တပည့်လက်ခံပွဲ အခမ်းအနား ပြီးဆုံးသွားခဲ့သည်။
ထိုအချိန်မှစ၍ ကျန်းချန်သည် ရှောင်တုလီ၏ တရားဝင်တပည့် ဖြစ်လာခဲ့ပြီး ယန်ဒီမြို့၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်လာခဲ့၏။
ရှောင်တုလီ၏ အမွေခံ တပည့် ဖြစ်လာသည့် ကျန်းချန်သည်ယန်ဒီမြို့၏ ထိပ်တန်းတပည့်တစ်ဦး ဖြစ်လာခဲ့ပြီး ကိုယ်ပိုင်ခြံဝင်းပါ ရရှိခဲ့သည်။
ရှောင်တုလီနှင့် ခဏ စကားပြောဆိုပြီးနောက်တွင် ကျန်းချန်သည် သူ၏ နေအိမ်သို့ ပြန်လာခဲ့သည်။
ကျန်းချန်က သူ၏ အခန်းထဲတွင် ခြေချိတ်၍ ထိုင်နေခဲ့၏။
သူ၏ စိတ်အခြေအနေသည် အချိန်အတော်ကြာ တည်ငြိမ်မှုမရှိခဲ့ပေ။
ယခု သူက ယန်ဒီမြို့သို့ ရောက်ရှိလာပြီး သူ၏ဆရာ ရှောင်တုလီနှင့် တွေ့ဆုံခဲ့ပြီဖြစ်ရာ သူ့ဘဝနှင့် အဆင့်အတန်းသည် မိုးနှင့်မြေလောက် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကျန်းချန်က ပြတင်းပေါက်မှ တဆင့် အဆုံးမဲ့ည၏ ကောင်းကင်ယံကို ငေးကြည့်နေခဲ့သည်။
သူ၏အတွေးများသည် ဤနေရာနှင့် အလွန်ဝေးကွာသော မြောက်ပိုင်းတောရိုင်းဒေသ ဆီသို့ လွင့်ပျံသွားခဲ့သည်။
"အင်ပါယာအမွေအနှစ် နယ်မြေထဲကို ဝင်ပြီးရင် မြောက်ပိုင်းတောရိုင်းဒေသကို ပြန်ဖို့ အချိန်တန်ပြီ"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ယန်ဒီမြို့သို့ ရောက်လာပြီး သူ့ဆရာ ရှောင်တုလီနှင့် တွေ့ဆုံပြီးနောက်တွင် သူ၏ ကျုံးကျိုးကုန်းမြေ ခရီးစဥ်သည် တစ်ဝက်ခန့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
အင်ပါယာ အမွေအနှစ်နယ်မြေသို့ ဝင်ရောက်ပြီးလျှင် မြောက်ပိုင်းတောရိုင်းဒေသ ဆီသို့ ပြန်သင့်သည်ဟု သူတွေးခဲ့သည်။
ထိုနေရာတွင် မပြီးဆုံးသေးသော သဘောတူညီချက်များနှင့် သူ့ကို စိုးရိမ်စေသော အရာများလည်း ရှိနေသေးသည် မဟုတ်ပါလော။
အခန်း(၉၃၂) ပြီး၏။
အခန်း(၉၃၃)
နောက်တစ်နေ့ နံနက်စောစောတွင် ကျန်းချန်သည် ယန်ဒီမြို့ရှိ သိုင်းကျမ်းခန်းမ၌ သိုင်းပညာရပ်ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
ပိုင်မင်မြို့တွင် အကြီးအကဲ ရှောင်ယွင်ချန်းသည် သူ့ကို သိုင်းပညာရပ် တစ်ခု စိတ်ကြိုက် ရွေးချယ်ခွင့်ကို ဆုချီးမြှင့်ခဲ့သည် ဖြစ်ရာ သူက အလဟဿ မဖြစ်စေလိုခဲ့ပေ။
အင်ပါယာယန်ဒီသည် ကျုံးကျိုးကုန်းမြေ၏ နာမည် ကျော်ကြားသော အင်ပါယာတစ်ပါး ဖြစ်သည်။
၎င်းထံတွင် မရေမတွက်နိုင်သော ဘုရင်အဆင့် သိုင်းပညာရပ်များသာမက ဧကရာဇ်အဆင့် သိုင်းပညာရပ်များလည်း တစ်ခုထက်မက ရှိသည်။
ယန်ဒီမြို့ကဲ့သို့ ကြယ်လေးပွင့် သူတော်စင်နယ်မြေမှ ပါရမီရှင်သည် ဘုရင်အဆင့် သို့မဟုတ် ဧကရာဇ်အဆင့် သိုင်းပညာရပ်များကို မလေ့လာကြသည်မှာ လုံးဝမဖြစ်နိုင်ပေ။
ယန်ဒီမြို့ နှင့် ကျုံးကျိုးကုန်းမြေရှိ မြင့်မြတ်သောမြို့တော် ငါးမြို့မှ ထိပ်တန်းပါရမီရှင်များနှင့် ယှဥ်ပြိုင်ရန်အတွက် သူတတ် မြောက်ထားသော ကောင်းကင်အဆင့် သိုင်းပညာရပ်များ သည် မလုံလောက်မှန်း ကျန်းချန် ကောင်းစွာသိသည်။
ထို့ကြောင့် ကျန်းချန်သည် ယခုအခါတွင် ပို၍ နက်နဲသော သိုင်းပညာရပ် အချို့ကို လေ့ကျင့်ရန် လိုအပ်နေပြီ ဖြစ်၏။
ခြံဝင်းအပြင်သို့ ရောက်လာသောအခါတွင် ကျန်းချန်သည် သိုင်းကျမ်းခန်းမ၏ တည်နေရာကို မသိသောကြောင့် တစ်စုံတစ်ဦးကို မေးမြန်းရန် စီစဉ်ခဲ့သည်။
သူက ပတ်ဝန်းကျင်ကို အနည်းငယ် အကဲခတ်လိုက်ရာ သူ၏အရှေ့တွင် သူ့ဆီသို့ လျှောက်လာနေသော ရှောင်မိသားစုမှ တပည့်အချို့ကို တွေ့လိုက်ရသည်။
ထိုလူစုကို ဦးဆောင်လာသူမှာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ချောမောလှပသော အမျိုးသမီးတစ်ဦး ဖြစ်သည်။
ထိုအမျိုးသမီးက အလွန်တရာ ချောမောလှပပြီး ခန္ဓာကိုယ်ကလည်း ပြေပြစ်မှု ရှိသည်။
သူမ၏ ခန္ဓာကိုယ်ကနေ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော အငွေ့အသက်များ ထွက်ပေါ်နေ၏။
အမျိုးသမီး၏ ရင်ဘတ်တွင် မီးလျှံသင်္ကေတ ဘုရင်အဆင့် တံဆိပ်ပြား တစ်ခုကို ချိတ်ဆွဲထားသည်။
ယန်ဒီမြို့တွင် တပည့်အားလုံးကို အရည်အချင်းကို လိုက်၍ အဆင့်ငါးဆင့် ခွဲခြားထားသည်။
၎င်းတို့မှာ သာမန်တပည့်၊ အဆင့်မြင့်တပည့်၊ ဘုရင်အဆင့်တပည့်၊ ဧကရာဇ်အဆင့်တပည့်နှင့် အင်ပါယာအဆင့် တပည့်တို့ ဖြစ်ကြသည်။
ထို့ကြောင့် သူ့ရှေ့မှ လှပသော အမျိုးသမီးသည် ဘုရင်အဆင့်တပည့်တစ်ဦး ဖြစ်သည်မှာ ထင်ရှား၏။
သူမ၏ အနောက်မှ တပည့်အနည်းငယ် ထဲတွင် တစ်ဦးမှာအဆင့်မြင့်တပည့် ဖြစ်ပြီး ကျန်သုံးဦးမှာမူ သာမန် တပည့်များသာ ဖြစ်သည်။
"မင်းက မောင်လေးကျန်း မဟုတ်လား.. ငါက စီနီယာအမ ချိုးရူယွဲ့ပါ.. အကြီးအကဲ ရှောင်ယွင်ချန်းက မောင်လေး ယန်ဒီမြို့နဲ့ မရင်းနှီးတဲ့အတွက် အခက်အခဲ တွေ့မှာကို စိုးရိမ်လို့ အမကိုအထူးတလည် ဂရုစိုက်ပေးဖို့ လွှတ်လိုက်တာပါ"
အနီရောင်ဝတ်စုံနှင့် အမျိုးသမီး သူ့ဘက်သို့ လာနေသည်ကို မြင်လျှင် ကျန်းချန်က မေးခွန်းမေးရန် ပြင်လိုက်သည်။
ထိုစဥ်မှာပင် သူဘာမှ မမေးရသေးခင် အမျိုးသမီး၏ သာယာသော အသံသည် သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
ချိုးရူယွဲ့သည် စကားပြောဆိုနေစဥ် သူမ၏ လှပသောမျက်လုံးလေးများဖြင့် ကျန်းချန်အား သေချာစွာ စိုက်ကြည့်နေခဲ့သည်။
သူမ၏အနောက်မှ ရှောင်မိသားစုတပည့် အချို့၏ မျက်လုံးထဲတွင်မူ ကျန်းချန်ကို အားကျသော အရိပ်အယောင်များ ပေါ်လွင်နေခဲ့၏။
ယန်ဒီမြို့၏ နတ်သန္ဓေအင်ပါယာသုံးပါးထဲမှ တစ်ပါး ဖြစ်သော နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီ တပည့်လက်ခံလိုက်သော သတင်းသည် ယမန်နေ့က ယန်ဒီမြို့ကို ပျံ့နှံ့သွားခဲ့ပြီး တစ်မြို့လုံးကိုပင် တုန်လှုပ်သွားစေခဲ့သည်။
သူတို့က ရှောင်ယွင်ချန်း ဆီကနေ သူတို့ရှေ့မှ ကောင်လေးက နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီ၏ တစ်ဦးတည်းသော အမွေခံတပည့်ဖြစ်ကြောင်း သိရှိထားခဲ့ကြသည်။
နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီသည် သူတို့ယန်ဒီမြို့၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည်။
ယန်ဒီမြို့တွင် ရှောင်တုလီ၏ တပည့်ဖြစ်ချင်သူ အရေအတွက်သည် မရေမတွက်လောက်အောင် များပြား၏။
သို့သော်လည်း ရှောင်တုလီသည် အတော်လေး ဇီဇာကြောင်ပြီး တပည့်များကို အသေးစိတ် အကဲခတ်တတ်သည်။
ယန်ဒီမြို့ရှိ အထူးချွန်ဆုံး အင်ပါယာအဆင့် ပါရမီရှင်များပင် ရှောင်တုလီကို မျက်စိကျအောင် မလုပ်နိုင်ခဲ့ပေ။
သို့ဖြစ်ရာ သူတို့ရှေ့မှ ကောင်လေးက ရှောင်တုလီ၏ တစ်ဦးတည်းသော အမွေခံတပည့် မည်ကဲ့သို့ ဖြစ်လာသည်ကို သူတို့ အမှန်တကယ် နားမလည်ခဲ့ကြပေ။
"ဟုတ်ပါတယ်.. ကျွန်တော်က ကျန်းချန်ပါ.. လိုအပ်တာတွေ ရှိရင် ညွှန်ပြပေးပါ အမချိုး"
ကျန်းချန်က ပြုံး၍ ချိုးရူယွဲ့ကို လက်ဆွဲ နှုတ်ဆက်လိုက်သည်။
သူ့ဆရာက ယမန်နေ့က အခမ်းအနား ပြီးဆုံးပြီးနောက်တွင် ရက်အနည်းငယ်ကြာ ခရီးထွက်သွားခဲ့သည်။
ထို့ကြောင့် ယန်ဒီမြို့နှင့် မရင်းနှီးသေးသောသူသည် ယခုအခါတွင် ယန်ဒီမြို့ကို ရင်းနှီးကျွမ်းဝင်သူ တစ်ဦး လိုအပ်နေခဲ့သည်။
ယခု ရှောင်ယွင်ချန်းက ချိုးရူယွဲ့ကို သူ့ဆီသို့ စေလွှတ်လိုက်သောကြောင့် သူ၏ ဒုက္ခများစွာကို သက်သာစေခဲ့၏။
"မောင်လေးကျန်း.. အားနာနေစရာမလိုပါဘူး.. အမက မောင်လေးကျန်းကို မညွှန်ပြရဲပါဘူး.. မောင်လေးကျန်း လိုအပ်တာရှိရင် အမကို ပြောလို့ရပါတယ်"
ချိုးရူယွဲ့က လျင်မြန်စွာ ပြောလိုက်သည်။
သူမ စကားပြောနေစဥ် သူမ၏ လှပသော မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
အခန်း(၉၃၃)ပြီး၏။