အခန်း (၉၃၄-၉၃၆)
Vol. 63 Ch. 934-936
အခန်း(၉၃၄)
"အမချိုး.. ကျွန်တော် သိုင်းကျမ်းခန်းမကို သွားပြီး သိုင်းပညာရပ်တစ်ခု ရွေးချယ်ချင်တယ်.. သိုင်းကျမ်းခန်းမက ဘယ်နေရာမှာရှိလဲ မသိဘူး..အမချိုး လမ်းပြပေးလို့ရမလား.."
ကျန်းချန်က အားနာမနေတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
သူက ထိုသို့ ပြောလိုက်သော်လည်း သူ့ရှေ့မှ အမျိုးသမီး၏ ရည်ရွယ်ချက်သည် ဤမျှလောက် ရိုးရှင်းမည် မဟုတ်မှန်း သူကောင်းစွာ သိသည်။
မည်သို့ပင်ဖြစ်စေ သူသည် ယခုအခါတွင် လမ်းပြတစ်ယောက် အမှန်တကယ် လိုအပ်နေခဲ့သည်။
ထို့အပြင် သူ့ဆရာနှင့် ရှောင်ယွင်ချန်းသည် ဆက်ဆံရေးကောင်းများ ရှိကြသည်။
သို့ဖြစ်ရာ ချိးရူယွဲ့ကို ရှောင်ယွင်ချန်းက စေလွှတ်ခဲ့ခြင်း ဖြစ်၍ သူ့ကို ဆန့်ကျင်မည်တော့ မဟုတ်လောက်ပေ။
"မောင်လေးကျန်း အတွက် လမ်းပြလုပ်ပေးရတာ အမအတွက် ဂုဏ်ယူစရာပါပဲ"
ချိုးရူယွဲ့က ပြုံးလိုက်ပြီး အနည်းငယ် စဥ်းစားဟန်ပြုကာ ကျန်းချန်ကို ပြောလိုက်သည်။
"ယန်ဒီမြို့မှာ သိုင်းခန်းမနှစ်ခု ရှိတယ်.. တစ်ခုက ထျန်းဝူခန်းမဖြစ်ပြီး နောက်တစ်ခုက ရှန်းဝူခန်းမ ဖြစ်တယ်.. မောင်လေးကျန်းက ဘယ်ခန်းမကို သွားချင်တာလဲ"
ချိုးရူယွဲ့၏ စကားကိုကြားလျှင် ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒီခန်းမနှစ်ခုကြားမှာ ကွာခြားချက်ရှိလား အမချိုး"
"ထျန်းဝူခန်းမမှာတော့ ပိုမို အသုံးများတဲ့ သိုင်းပညာရပ် အချို့ကို သိမ်းဆည်းထားတယ်.. ဒီခန်းမမှာ သိမ်းဆည်းထားတဲ့ အဆင့်အမြင့်ဆုံး သိုင်းပညာက ကောင်းကင်အဆင့် သိုင်းပညာရပ်ဖြစ်ပြီး ယန်ဒီမြို့က တပည့်တွေအားလုံး အတွက် အခမဲ့ပေးထားတယ်.. ရှန်းဝူခန်းမကတော့ ယန်ဒီမြို့က နှစ်ပေါင်းထောင်ချီအမွေအနှစ်တွေရဲ့ အဆီအနှစ်တွေကို သိမ်းဆည်းထားတဲ့ နေရာပဲ..ရှန်းဝူခန်းမထဲမှာ ဘုရင်အဆင့်သိုင်းပညာရပ်က အဆင့်အနိမ့်ဆုံး ဖြစ်ပြီး သူ့အထက်က သိုင်းပညာရပ်တွေလည်း သိမ်းဆည်းထားတယ်.. ဒါပေမဲ့ ရှန်းဝူခန်းမထဲကို ဝင်ဖို့အခြေအနေက အတော်လေး တင်းကြပ်တယ်.. တစ်ကြိမ်ဝင်ရောက်တိုင်းမှာ သတ်မှတ်ထားတဲ့စျေးနှုန်းကို ပေးဆောင်ရမှာ ဖြစ်တယ်"
ချိုးရူယွဲ့က ကျန်းချန်ကို ရှင်းပြလိုက်သည်။
"ဒါဆို ကျွန်တော် ရှန်းဝူခန်းမကိုပဲ သွားလိုက်မယ်"
ကျန်းချန်က ပြောလိုက်သည်။
ဤတစ်ခေါက်တွင် သူသည် အနည်းဆုံး ဘုရင်အဆင့်သိုင်းပညာရပ် တစ်ခုကို လိုချင်ခဲ့ခြင်း ဖြစ်၍ ထျန်းဝူခန်းမသည် သူ့အတွက် ဘာအဓိပ္ပါယ်မှမရှိပေ။
သူ့ထံမှ စကားကို ကြားပြီးနောက်တွင် ချိုးရူယွဲ့သည် နောက်ထပ် ဘာစကားမှ ထပ်မပြောတော့ဘဲ ကျန်းချန်ကို ရှန်းဝူခန်းမ ဆီသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။
လမ်းတစ်လျောက်တွင် ချိုးရူယွဲ့သည် ကျန်းချန်ကို ရှန်းဝူခန်းမနှင့် ပတ်သက်၍ အသေးစိတ် မိတ်ဆက်ပေးခဲ့သည်။
ရှန်းဝူခန်းမသည် ဘုရင်အဆင့်နှင့် ဘုရင်အဆင့်အထက်ရှိ အကောင်းဆုံး သိုင်းပညာရပ်အားလုံးကို သိမ်းဆည်းထားသောနေရာ ဖြစ်သည်။
ရှန်းဝူခန်းမထဲကို ဝင်ရောက်၍ အကောင်းဆုံး သိုင်းပညာကို ရယူရန်အတွက် မီးအဆောင်လက်ဖွဲ့ များစွာကို ပေးရမည် ဖြစ်သည်။
ဤမီးအဆောင်လက်ဖွဲ့သည် စန်းလန်အဖွဲ့အစည်း၏ စန်းလန်ဒင်္ဂါးနှင့် ဆင်တူပြီး ယန်ဒီမြို့တွင် လည်ပတ်နေသော ငွေကြေးစနစ်လည်း ဖြစ်သည်။
ယန်ဒီမြို့အတွက် အထူးအကျိုးပြုမှုများ ပြုလုပ်ထားသော တပည့်အချို့သာလျှင် အခမဲ့ဝင်ရောက်ခွင့်ကို ရရှိထားကြသည်။
ပို၍အရေးကြီးသည်မှာ ရှန်းဝူခန်းမထဲသို့ ဝင်ရောက်နိုင်ခဲ့လျှင်ပင် ခန်းမထဲရှိ သိုင်းပညာရပ်များကို အလွယ်တကူ ယူဆောင်သွားနိုင်မည် မဟုတ်ခြင်းပင်။
ခန်းမထဲရှိ သိုင်းပညာရပ်တစ်ခုချင်းစီတွင် မတူညီသော စမ်းသပ်မှု အဆင့်များ ရှိကြသည်။
အင်အားပိုကြီးသော သိုင်းပညာရပ်များကို ရယူလိုလျှင် စမ်းသပ်မှုသည် ပို၍ပင် ခက်ခဲမည် ဖြစ်၏။
ရှန်းဝူခန်းမထဲရှိ သိုင်းပညာရပ်များကို ရယူရာတွင် ကိုယ်ပိုင်စွမ်းရည် အပေါ်တွင်သာ မှီခိုရသည်။
အကယ်၍ ထိုစွမ်းရည်ကို အသုံးပြု၍ မရယူနိုင်လျှင် ရှန်းဝူခန်းမထဲ ဝင်ရောက်ခွင့်ကို တစ်ကြိမ် အလဟဿ ဖြစ်သွားစေမည် မဟုတ်ပါလော။
ချိုးရူယွဲ့ထံမှ ရှန်းဝူခန်းမနှင့် ပတ်သက်သည့် အရာများကို နားထောင်ပြီးနောက်တွင် ကျန်းချန်၏ မျက်လုံးထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
မူလက သူသည် ရှန်းဝူခန်းမထဲကို ဝင်လိုက်သည်နှင့် သိုင်းပညာရပ် တစ်ခုကို လွတ်လပ်စွာ ရွေးချယ်နိုင်မည်ဟု ထင်ထားခဲ့သည်။
ဤကဲ့သို့ နက်နဲသည့် ကန့်သတ်ချက်များ ရှိနေမည်ဟု မမျှော်လင့်ခဲ့ပေ။
ကျန်းချန်သည် သိုင်းပညာ အမွေအနှစ်များရှိသည့် ယန်ဒီမြို့ကို ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။
ဆယ့်ငါးမိနစ်အကြာတွင် ချိုးရူယွဲ့သည် ကျန်းချန်ကိုဘခေါ်ဆောင်ကာ ရှန်းဝူခန်းမဆီသို့ ရောက်လာခဲ့သည်။
ကျန်းချန်က သူ့ရှေ့မှ အဆောက်အဦးကို မော့ကြည့်လိုက်ရာ လေထဲတွင် လွင့်မျောနေသည့် မီတာတစ်ရာကျော် မြင့်သော နန်းတော်ပုံစံ အဆောက်အဦးတစ်ခုကို တွေ့လိုက်ရသည်။
ထိုအဆောက်အဦးပေါ်တွင် ရှန်းဝူခန်းမဟု ရေးထားသည့် ရွှေရောင်ဆိုင်းဘုတ် တစ်ခုကို ချိတ်ဆွဲထားသည်။
ကျန်းချန်တို့လူစု ရှန်းဝူခန်းမ၏ အရှေ့သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ရွှေရောင်သံချပ်ကာ ဝတ်ရုံကို ဝတ်ဆင်ထားသော အစောင့်အဖွဲ့ တစ်ဖွဲ့သည် ကောင်းကင်ကနေ ဆင်းသက်လာပြီး ကျန်းချန်တို့ အဖွဲ့ကို ဟန့်တားထားလိုက်သည်။
ကျန်းချန်က အကဲခတ်လိုက်ရာ ထိုအစောင့်များ သည် အလွန်ပင် အားကောင်းပြီး သိုင်းသခင်နယ်ပယ် သတ္တမအဆင့်နှင့် ထိုအဆင့် အထက်မှ ကျင့်ကြံသူများ ဖြစ်ကြောင်း သတိပြုမိခဲ့သည်။
အဖွဲ့ခေါင်းဆောင်၏ အရှိန်အဝါသည် ပုံမှန်သိုင်းသခင်နယ်ပယ် နဝမအဆင့်ကိုပင် ကျော်လွန်နေပြီး အနည်းဆုံး နတ်ဝိညာဥ်ဘုရင်တစ်ပိုင်း အဆင့် အင်အားပင် ရှိနေနိုင်ဖွယ် ရှိသည်။
အခန်း(၉၃၄)ပြီး၏။
အခန်း(၉၃၅)
"ဘယ်သူများလဲ မှတ်တယ်.. ညီမလေးချိုးကိုး.. ညီမလေးချိုးက ရှန်းဝူခန်းမကို လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ဝင်ခဲ့သေးတယ် မဟုတ်လား.. ဒီနေ့ဘာလို့ ထပ်လာတာလဲ"
ခန်းမ၏ အစောင့်ခေါင်းဆောင် ဝမ်ယုံက ချိုးရူယွဲ့ကို ပြုံး၍ မေးလိုက်သည်။
ထိုမေးခွန်းကို ကြားလျှင် ချိုးရူယွဲ့သည် မျက်မှောင်ကြုတ်လိုက်သည်။
ရှန်းဝူခန်းမတွင် တာဝန်ကျနေသည့် ထိုလူနှင့် ထပ်မံ တွေ့ရမည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
"ဒီတစ်ကြိမ်က မောင်လေးကျန်းကို လမ်းပြတဲ့အနေနဲ့ ရောက်လာတာပါ.. စီနီယာအကိုဝမ် အဆင်ပြေအောင် လုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"ဟားဟား.. ညီမလေးချိုး အားနာနေစရာမလိုပါဘူး.. ရှန်းဝူခန်းမ ဆိုတာက ယန်ဒီမြို့က တပည့်တွေ အတွက် အမွေအနှစ်နေရာတစ်ခုပဲလေ.. ငါက ဘယ်လိုလုပ် တားဆီးရဲမှာလဲ"
ဝမ်ယုံက သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်ရင်း ရယ်မောကာ ပြောလိုက်သည်။
"စည်းမျဥ်းတွေအရတော့ ရှန်းဝူခန်းမထဲကို ဝင်ရောက်ချင်ရင် မီးအဆောင်လက်ဖွဲ့ တစ်သောင်း ပေးဆောင်ရမယ်"
"မီးအဆောင်လက်ဖွဲ့ တစ်သောင်း ဟုတ်လား"
ချိုးရူယွဲ့၏ လှပသောမျက်နှာလေးသည် အနည်းငယ် သုန်မှုန်သွားခဲ့သည်။
"စီနီယာအကိုဝမ်.. ရှန်းဝူခန်းမထဲ တစ်ကြိမ် ဝင်ရောက်တဲ့ စျေးနှုန်းက မီးအဆောင်လက်ဖွဲ့ ငါးထောင်ပဲ မဟုတ်လား.. ဘယ်တုန်းက တစ်သောင်းဖြစ်သွားတာလဲ.."
ဝမ်ယုံက လှောင်ပြောင်သည့် အပြုံးဖြင့် ချိုးရူယွဲ့ကို ကြည့်လိုက်သည်။
"စိတ်မကောင်းပါဘူး ညီမလေးချိုး.. စျေးနှုန်းက မကြာသေးခင်ကမှ တက်သွားတာပါ.. အဆင်မပြေတာရှိလို့လား"
"ဝမ်ယုံ.. ရှင်လူတွေကို အဲဒီလောက်ထိ မဖိနှိပ်ပါနဲ့"
ချိုးရူယွဲ့၏ မျက်နှာက ချက်ချင်းပင် မှောင်မိုက်သွားခဲ့သည်။
သူမ ရှန်းဝူခန်းမ ဆီကို နောက်ဆုံးအကြိမ် လာစဥ်ကလည်း ဝမ်ယုံနှင့် ပြဿနာတက်ခဲ့ဖူး၏။
ယခုအခါတွင် ဝမ်ယုံက ရှန်းဝူခန်းမထဲ ဝင်ခွင့်စျေးနှုန်းကို နှစ်ဆ တိုးလိုက်သည်မှာ သူမကို ဒုက္ခပေးချင်၍ ဖြစ်မှန်း ထင်ရှားနေသည်။
"ညီမလေးချိုး.. မင်းပြောတာမှားနေပြီ.."
ဝမ်ယုံက အေးစက်စက် ပြောလိုက်သည်။
"ငါက စည်းမျဥ်းတွေအတိုင်းပဲ လုပ်ဆောင်တာပါ.. ရှန်းဝူခန်းမထဲကို ဝင်ချင်ရင်တော့ ငါပြောတဲ့အတိုင်း ပေးဆောင်ရမယ်.. မဟုတ်ရင်တော့ ခြေတစ်လှမ်း ချဖို့တောင် မစဥ်းစားနဲ့"
"ဝမ်ယုံ.. ရှင်က တော်တော် အကျင့်မကောင်းတဲ့သူပဲ"
ချိုးရူယွဲ့က ဝမ်ယုံကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည်။
ထို့နောက်တွင် သူမသည် မီးအဆောင်လက်ဖွဲ့ တစ်သောင်းကို ပေးဆောင်ပြီး ကျန်းချန် အတွက် ရှန်းဝူခန်းမထဲ ဝင်ရောက်ခွင့် တောင်းခံရန် ပြင်ဆင်နေစဥ်မှာပင် သူမ၏ စိတ်ထဲ၌ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"အမချိုး.. ရှန်းဝူခန်းမရဲ့ အစောင့်တွေက အတော်ရဲတင်းတာပဲ.. သူတို့ လူလည်ကျနေတာကို အမဘာလို့ သည်းခံနေရတာလဲ"
ထိုစကားကိုကြားလျှင် ချိုးရူယွဲ့သည် ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။
"ဒီကမ္ဘာကြီးမှာ အားနည်းသူကို အားကြီးသူက စားစတမ်းပဲ.. ဒါက ကမ္ဘာကြီးရဲ့ ရှင်သန်ခြင်းနိယာမ ဖြစ်သလို ယန်ဒီမြို့မှာလည်း အတူတူပဲ.. ဒီရှန်းဝူခန်းမရဲ့ အစောင့်တွေအားလုံးမှာ အခြေခံအားဖြင့် နောက်ခံတွေရှိကြတယ်.. သူတို့က အားနည်းသူတွေကို အနိုင်ကျင့်တယ်..နောက်ခံမရှိတဲ့ တပည့် တချို့နဲ့ တွေ့ရင် တမင်တကာ ဒုက္ခပေးပြီး သူတို့ရဲ့ အိတ်ကပ်ဖောင်းအောင် ပြုလုပ်ကြတယ်.. ယန်ဒီမြို့ရဲ့ အကြီးအကဲတွေလည်း ဒီလို အသေးအမွှားကိစ္စတွေကို ဂရုမစိုက်အားဘူးလေ.. မောင်လေးကျန်း အမှန်တော့ ငါ ဒီဝမ်ယုံဆိုတဲ့.ကောင်နဲ့ ပြဿနာအချို့ ရှိခဲ့ဖူးတယ်.. အခု သူက ငါ့ကို တမင်တကာ.ဒုက္ခပေးနေတာပဲ.. သူ့ရဲ့ အဓိကရည်ရွယ်ချက်က ငါ့ကို ပစ်မှတ်ထားတာပါ.. ဒါပေမဲ့ အမက မင်းကို ဒုက္ခပေးမိသလို ဖြစ်သွားခဲ့ပြီ.. ဘာပဲဖြစ်ဖြစ် ရောက်လာပြီ ဆိုမှတော့ ရှန်းဝူခန်းမထဲကို ဝင်ဖြစ်အောင်ဝင်လိုက်ပါ.. စျေးနှုန်းကို မစဥ်းစားပါနဲ့တော့"
ချိုးရူယွဲ့က ထိုစကားကို ပြောလိုက်ပြီးနောက်တွင် မီးအဆောင်လက်ဖွဲ့ကို ပေးရန် ပြင်ဆင်လိုက်သည်။
"အမချိုး.. ဘာမှပေးဖို့ မလိုအပ်ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"ကျွန်တော်က မီးအဆောင်လက်ဖွဲ့ မပေးရင်တောင် ရှန်းဝူခန်းမထဲကို ဝင်နိုင်ပါသေးတယ်.."
"မီးအဆောင်လက်ဖွဲ့ မပေးဘဲ ရှန်းဝူခန်းမထဲ ဝင်နိုင်တယ်ဟုတ်လား"
ချိုးရူယွဲ့ မှင်တက်သွားခဲ့သည်။
ဤလူငယ်ထံတွင် ရှန်းဝူခန်းမထဲကို အခမဲ့ဝင်ရောက်ခွင့် ရမည့် တံဆိပ်ပြားများ ရှိနေပါသလော။
စဥ်းစားကြည့်တော့လည်း သူမ ရှေ့မှ လူငယ်သည် နှလုံးလောင်ကျွမ်းဓားအင်ပါယာ၏ တစ်ဦးတည်းသော အမွေခံတပည့် ဖြစ်သည်။
ရှောင်တုလီ ဆိုသောပုဂ္ဂိုလ်က ထိုလူငယ်လေးကို ရှန်းဝူခန်းမထဲ အခမဲ့ ဝင်ရောက်ခွင့် တံဆိပ်ပြား ပေးခဲ့လျှင်ပင် ဘာမှမထူးဆန်းပေ။
"မောင်လေးကျန်းက သေချာပြင်ဆင်လာတာကိုး.. ဒါဆိုရင်လည်း မောင်လေးကျန်း ရှန်းဝူခန်းမမှာ သိုင်းပညာရပ်တွေကို စိတ်ကျေနပ်စွာ လေ့လာနိုင်ပါစေလို့ အမ ဆုတောင်းပေးပါတယ်"
ချိုးရူယွဲ့က ပြုံး၍ ပြောလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ရှောင်ယွင်ချန်း ပေးထားခဲ့သည့် တံဆိပ်ပြားကို ပြသကာ ရှန်းဝူခန်းမထဲဝင်ရန် ပြင်ဆင်နေစဥ်မှာပင် ရုတ်တရက် လေပြင်းများက တိုက်ခိုက်လာပြီး လျှပ်စီးလို အရှိန်အဟုန်ဖြင့် လူတချို့သည် ကောင်းကင်ကနေဆင်းသက်လာကာ ကျန်းချန်တို့ အနားသို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
အခန်း(၉၃၅)ပြီး၏။
အခန်း(၉၃၆)
ကျန်းချန်တို့အနားသို့ ရောက်လာသူမှာ ခမ်းနားထည်ဝါသော ပိုးထည် အဝတ်အစားကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ဖြစ်သည်။
ထိုလူငယ် ယွဲ့ခွင်းယွင်သည် အားကောင်းသော အရှိန်အဝါရှိပြီး ရုပ်ရည်ရူပကာနှင့်လည်း ပြည့်စုံကာ ခန္ဓာကိုယ်မှလည်း အဆင့်အတန်း မြင့်သော အငွေ့အသက်များ ထွက်ပေါ်နေ၏။
သူ၏အနောက်တွင် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည့် နောက်လိုက် နှစ်ဦး ရှိသည်။
ကျန်းချန်ကို အံ့အားသင့်စေခဲ့သည်မှာ ထိုနောက်လိုက် နှစ်ဦးအနက် တစ်ဦးမှာ ချိုးရူယွဲ့ ကဲ့သို့ပင် ဘုရင်အဆင့် သက်သေခံတံဆိပ်ပြားက်ို ရင်ဘတ်တွင် ဆင်မြန်းထားခြင်းပင်။
ရှန်းဝူခန်းမ၏ အစောင့်ခေါင်းဆောင် ဝမ်ယုံသည် ရုတ်တရက် ရောက်ရှိလာသော ယွဲ့ခွင်းယွင်ကို မြင်သည်နှင့် ကျန်းချန်အပေါ် မထိီမဲ့မြင်ပြုနေသည့် သူ၏ မျက်နှာထားကို ချက်ချင်းဆိုသလို ပြောင်းလဲလိုက်ပြီး ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်၏။
"စီနီယာအကိုယွဲ့"
အစောပိုင်းက မောက်မာနေသော ဝမ်ယုံသည် ယွဲ့ခွင်းယွင်ကို မြင်လိုက်သည်နှင့် အစေခံတစ်ဦး ကဲ့သို့ အချိုးပြောင်းသွားသည်ကို မြင်လျှင် ကျန်းချန်သည် နံဘေးမှ ချိုးရူယွဲ့ကို ခပ်တိုးတိုး မေးမြန်းလိုက်သည်။
"အမချိုး ဒီလူက ဘယ်သူလဲ"
ယွဲ့ခွင်းယွင်က သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်သာ ရှိသေးသော်လည်း အရှိန်အဝါကမူ သာမာန်လူများထက် များစွာပို၍ အားကောင်းပြီး အလွန်လဲ ထိတ်လန့်စရာကောင်းသည်။
ကျန်းချန်သည် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးက သူ့ကို ဤမျှလောက် ပြင်းထန်သော ဖိအားမျိုးပေးနိုင်သည်ကို ပထမဆုံး မြင်ဖူးခဲ့ခြင်း ဖြစ်သည်။
ချိုးရူယွဲ့က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လေးနက်စွာ ရှင်းပြလိုက်သည်။
"သူက ဧကရာဇ်အဆင့်တပည့် ယွဲ့ခွင်းယွင်ပဲ.. သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ဆိုပေမဲ့ တိုက်ပွဲဝင်စွမ်းရည်ကတော့ သိုင်းသခင်နယ်ပယ် န၀မအဆင့်ကျင့်ကြံသူနဲ့ ယှဥ်လို့ရတယ်.. ဒီယန်ဒီမြို့မှာ ယွဲ့ခွင်းယွင်ရဲ့ အရည်အချင်းက ထိပ်ဆုံးနေရာမှာရှိတယ်.. ဒီထက် အရေးကြီးတဲ့ အချက်က ဒီလူရဲ့ နောက်ခံက မသေးဘူး.. သူ့ရဲ့ဆရာက အကြီးအကဲ ရှောင်ယွမ်လေ့ပဲ"
ထိုစကားကို ကြားလျှင် ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
"ဒီကောင်က ရှောင်ယွမ်လေ့ ဆိုတဲ့ အဘိုးကြိီးရဲ့တပည့် ဖြစ်နေတာကိုး"
ယမန်နေ့က ရှောင်တုလီနှင့် စကား ပြောဆိုပြီးနောက်တွင် ကျန်းချန်သည် ယန်ဒီမြို့ အကြောင်းကို အကြမ်းဖျင်းအားဖြင့် သိရှိခဲ့သည်။
ယန်ဒီမြို့သည် ကျုံးကျိုးကုန်းမြေတွင် ဂုဏ်သိက္ခာကြီးမားသော ကြယ်လေးပွင့် သူတော်စင်နယ်မြေ ဖြစ်ပြီး ၎င်း၏ အင်အားမှာ တိုင်းတာ၍ မရလောက်အောင် နက်ရှိုင်းသည်။
သို့သော် ထိုသို့ အင်အားကြီးမားသော်လည်း အတွင်းပိုင်းတွင်မူ ဂိုဏ်းဂဏများစွာ ကွဲပြားနေပြိိီး ထင်သလောက် ငြိမ်းချမ်းခြင်း မရှိပေ။
ယန်ဒီမြို့တွင် အရေးပါသော အင်အားစု သုံးခုရှိပြီး ထိုအင်အားစု သုံးခုကို နတ်သန္ဓေအင်ပါယာ သုံးပါးက ဦးဆောင်ကြသည်။
ဂိုဏ်းချုပ် ရှောင်ထျန်းဟန်သည် အင်အားကြီးမားသည့် အပြင် ယန်ဒီမြို့ရှိ ၎င်း၏ သြဇာသည် အလွန်ပင် ကျယ်ပြန့်သည်။
ဒုတိယအင်အား အကောင်းဆုံးမှာ မီးလျှံဓားဘုရင် ရှောင်ရှင်းဟဲ ဦးဆောင်သော အင်အားစု ဖြစ်သည်။
သူ့ဆရာ ရှောင်တုလီကမူ နောက်ဆုံး၌သာ ရှိသည်။
မူလက သူ့ဆရာ ရှောင်တုလီသည် ယန်ဒီမြို့၌ အလွန်ကြီးမားသော သြဇာအာဏာရှိပြီး သူ၏ အထွတ်အထိပ်ကာလတွင် ရှောင်ထျန်းဟန်နှင့်ပင် ယှဥ်ပြိုင်နိုင်ခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ရှောင်တုလီသည် ကျုံးကျိုးကုန်းမြေမှ ပျောက်ကွယ်သွားပြီး မြောက်ပိုင်းတောရိုင်းဒေသသို့ ရောက်ရှိလာခဲ့သည်။
ထိုသို့ ရှောင်တုလီ မြောက်ပိုင်းတောရိုင်းဒေသသို့ ရောက်ရှိနေစဥ် ကာလအတွင်း ယန်ဒီမြို့ရှိ သူ၏ အင်အားသည် ယခင်ကလောက် မကောင်းမွန်တော့ပေ။
ရှောင်တုလီ ပြန်လာခဲ့မည်ကို စောင့်ဆိုင်းနေသူ အနည်းငယ်မှ လွဲ၍ အခြားသောသူ အများအပြားသည် ရှောင်ထျန်းဟန်နှင့် ရှောင်ရှင်းဟဲ တို့၏ စည်းရုံးသိမ်းသွင်းခြင်းကို ခံခဲ့ရသည်။
ဥပမာအားဖြင့် ဟိုတစ်ချိန်က သူ့ဆရာနှင့် အတော်လေး နီးကပ်သော ဆက်ဆံရေးရှိသည့် ရှောင်ယွမ်လေ့သည် ယခုအခါတွင် မီးလျှံဓားဘုရင် ရှောင်ရှင်းဟဲနှင့် လက်တွဲသွားခဲ့ပြီ ဖြစ်သည်။
"၀မ်ယုံ.. ရှန်းဝူခန်းမထဲမှာ လူရှိနေလား..ငါ ခန်းမထဲကို ဝင်ပြီး သိုင်းပညာရပ် တစ်ခုခုကို ရွေးချယ်ချင်တယ်.. အဆင်ပြေမလား"
ယွဲ့ခွင်းယွင်က ကျန်းချန်တို့ အဖွဲ့ကို လှည့်ပင်မကြည့်ဘဲ ဝမ်ယုံကို တိုက်ရိုက် မေးလိုက်သည်။
"ပြဿနာမရှိဘူး အကိုယွဲ့.. ရှန်းဝူခန်းမကို အခုဘယ်သူမှ မသုံးသေးဘူး "
ဝမ်ယုံက လျင်မြန်စွာ ခေါင်းညိမ့်၍ ပြောလိုက်သည်။
"အကိုယွဲ့က ဧကရာဇ်အဆင့်တပည့် ဆိုတော့ ရှန်းဝူခန်းမထဲ ဝင်မယ်ဆိုရင် နှစ်ဆယ်ရာခိုင်နှုန်း လျှော့စျေးကို ရရှိတဲ့အတွက် မီးအဆောင်လက်ဖွဲ့ လေးထောင့် ငါးရာပဲ ပေးဆောင်ဖို့ လိုအပ်တယ်"
ယွဲ့ခွင်းယွင်က အပိုစကားများ မပြောဘဲ မီးအဆောင်လက်ဖွဲ့ လေးထောင့်ငါးရာကို ပေးဆောင်ကာ ရှန်းဝူခန်းမ ဆီသို့ ဝင်ရောက်ရန် ပြင်လိုက်သည်။
"ခဏလေးနေပါဦး"
ထိုအချိန်တွင် ခပ်တိုးတိုး ရေရွတ်သံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ယွဲ့ခွင်းယွင်၏ ခြေလှမ်းကို ရပ်တန့်စေခဲ့သည်။
အခန်း(၉၃၆)ပြီး၏။