အခန်း (၉၃၇-၉၃၉)
Vol. 63 Ch. 937-939
အခန်း(၉၃၇)
ယွဲ့ခွင်းယွင်က ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်ရာ ကျန်းချန်ကို မြင်လိုက်ရလျှင် ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။
"ခုနက ငါ့ကို ခေါ်လိုက်တာ မင်းလား"
"ဟုတ်တယ်"
ကျန်းချန်က ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။
"စီနီယာအကို.. အရင်ရောက်တဲ့သူက အရင်ဝင်ရတယ် ဆိုတာ စီနီယာအကို မသိဘူးလား...ရှန်းဝူခန်းမထဲကို ဝင်ချင်ရင် စီနီယာအကို ကျွန်တော့်ရဲ့ နောက်ကနေ တန်းစီမှရမယ်"
ကျန်းချန်၏ စကားကို ကြားလျှင် ယွဲ့ခွင်းယွင်က မတုန့်ပြန်ရသေးခင်မှာပင် ၀မ်ယုံက ကျန်းချန်ကို ဒေါသတကြီးဖြင့် လှမ်းကြည့်ကာ အော်ဟစ်လိုက်သည်။
"ဟေ့ကောင် မင်းက ဘာမို့လို့ စီနီယာ အကိုယွဲ့ကို ဒီလိုစကားမျိုး ပြောရတာလဲ.. အကိုယွဲ့က ငါတို့ ယန်ဒီမြို့ရဲ့ ဧကရာဇ်အဆင့်ပါရမီရှင်ပဲ.. အကိုယွဲ့ကို တန်းစီခိုင်းရအောင် မင်းသေချင်နေပြီလား"
"ဝမ်ယုံ မင်းအစောက ရှန်းဝူခန်းမထဲကို ဝင်ချင်ရင် မီးအဆောင်လက်ဖွဲ့ တစ်သောင်းပေးရမယ်လို့ ပြောခဲ့တယ်.. အခုဘာလို့ ငါးထောင် ဖြစ်သွားရတာလဲ"
ကျန်းချန်က ဝမ်ယုံကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
"မင်းက ရှန်းဝူခန်းမရဲ့ အစောင့် ဖြစ်ပြီး ယန်ဒီမြို့ရဲ့ တပည့်တွေကို ခြိမ်းခြောက် ငွေညစ်နေတယ်.. မင်းနဲ့ အစောင့်ခေါင်းဆောင် ရာထူးက ထိုက်တန်မှုမရှိဘူးလို့ ငါထင်တယ်"
"ဟားဟား နို့နံ့တောင် မစင်သေးတဲ့ကောင်က ဘာတွေပေါက်ကရ လာပြောနေတာလဲ.. မင်းကများ စီနီယာအကိုယွဲ့နဲ့ နှိုင်းယှဥ်ရဲတယ်.. ငါမင်းကို ငွေညစ်တော့ရော မင်းဘာတတ်နိုင်မှာလဲ.. ဒါပေမဲ့ အခု ငါစိတ်ပြောင်းသွားပြီ.. ဒီနေ့ မီးအဆောင်လက်ဖွဲ့ ၂သောင်း မပေးနိုင်သရွေ့ ရှန်းဝူခန်းမရဲ့တံခါးဝကို လုံးဝ ခြေချခွင့် ငါပေးမှာ မဟုတ်ဘူး"
သာမန်တပည့်ဘဝကနေ ရှန်းဝူခန်းမ၏ အစောင့်ခေါင်းဆောင် နေရာကို ရောက်လာသူ ဝမ်ယုံသည် အတော်လေး ပါးနပ်သူ တစ်ဦး ဖြစ်သည်။
ဘယ်သူ့ကို စော်ကား၍ရသည်၊ ဘယ်သူ့ကိုတော့ ဖားရမည် စသည်တို့နှင့် ပက်သက်၍ ကောင်းစွာ နားလည်သောသူ ဆိုလည်းမမှားပေ။
ထို့ကြောင့် ဝမ်ယုံသည် သူ့အကျင့်အတိုင်းပင် ယွဲ့ခွင်းယွင်လို နောက်ခံခိုင်မာသည့် ပါရမီရှင် ကျေနပ်အောင် အစွမ်းကုန် ဖားယား၍ ကြိုးစားခဲ့သည်။
ချိုးရူယွဲ့နှင့် သူ့ရှေ့မှ ကောင်လေးသည် နောက်ခံ ကောင်းကောင်း မရှိ၍ ဝမ်ယုံက ၎င်းတို့ကို လုံးဝ အလေးအနက် မထားခဲ့ပေ။
"မီးအဆောင်လက်ဖွဲ့ နှစ်သောင်း ဟုတ်လား"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး.. ငါဒီနေ့ ရှန်းဝူခန်းမထဲကို ဝင်မယ်.. ဒါပေမဲ့ ခင်ဗျားကို မီးအဆောင်လက်ဖွဲ့ တစ်ခုမှ ပေးမှာမဟုတ်ဘူး "
ထို့နောက်တွင် သူက သိုင်းကွက်ရုပ်ပုံများ ထွင်းထုထားသည့် နီညိုရောင် တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်သည်။
"ယန်ဝူတံဆိပ်ပြားပါလား "
ကျန်းချန် လက်ထဲတွင် ရုတ်တရက် ပေါ်လာသည့် တံဆိပ်ပြားကိုမြင်လျှင် ဝမ်ယုံ၏ မျက်လုံးများသည် ကျဥ်းမြောင်းသွားခဲ့ပြီး ကြောက်ရွံ့တုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"မင်းဆီမှာ ယန်ဝူတံဆိပ်ပြား ရှိနေတာလား.. ဒါ.. ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ဝမ်ယုံပင် မကပေ၊ ယွဲ့ခွင်းယွင်၏ မျက်လုံးတွင်လည်း အံ့သြသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ယန်ဝူ တံဆိပ်ပြားသည် ယန်ဒီမြို့၏ အထူး တံဆိပ်ပြားများထဲမှ တစ်ခုဖြစ်ပြီး ထိုတံဆိပ်ပြားကို ပိုင်ဆိုင်သူသည် ရှန်းဝူခန်းမထဲကို အခမဲ့ ဝင်ရောက်ခွင့်ရပြီး သိုင်းပညာရပ် တစ်ခုခုကို ရွေးချယ်ခွင့်ရှိသည်။
ဤထက်ပို၍ အရေးကြီးသည်မှာ ဤယန်ဝူတံဆိပ်ပြားသည် ဝင်ရောက်ခွင့် အရေအတွက် ကန့်သတ်ချက်မရှိပေ။
ယန်ဝူတံဆိပ်ပြား ကိုင်ဆောင်ထားသူတစ်ဦးသည် ရှန်းဝူခန်းမထဲကို ဝင်ရောက်၍ သိုင်းပညာရပ်တစ်ခုကို မရမချင်း ထပ်မံဝင်ရောက်၍ ရသည်။
ဆိုရလျှင် သိုင်းပညာရပ်တစ်ခု ရရှိသည်အထိ ထပ်မံဝင်ရောက်၍ ရသည်ဟူသော သဘောပင်။
ထို့ကြောင့် ယန်ဝူတံဆိပ်ပြား ကိုင်ဆောင်သူသည် ရှန်းဝူခန်းမထဲမှ အကောင်းဆုံး သိုင်းပညာရပ် တစ်ခုခုကို သေချာပေါက် ရရှိနိုင်လိမ့်မည် ဖြစ်သည်။
ယန်ဝူမြို့အတွက် ကြီးမားသော အထောက်အပံ့များ ပြုလုပ်ခဲ့သည့် တပည့်အနည်းငယ်က လွဲလျှင် ယန်ဝူတံဆိပ်ပြားကို ရရှိရန် သာမန်တပည့်များ အတွက် လုံးဝ မဖြစ်နိုင်ပေ။
သူတို့ရှေ့က ကောင်လေးတွင် ယန်ဝူတံဆိပ်ပြား ရှိနေလိမ့်မည်ဟု ဝမ်ယုံ၊ ယွဲ့ခွင်းယွင်နှင့် တခြားမည်သူမျှ မထင်ထားခဲ့ကြပေ။
ကျန်းချန်က ၎င်းတို့၏ အံ့သြတုန်လှုပ်မှုကို လျစ်လျူရှုလိုက်ကာ လက်ထဲရှိ ယန်ဝူ တံဆိပ်ပြားကို ကိုင်ထားရင်း ဝမ်ယုံ တို့ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ၏ လှောင်ပြောင်သော ရယ်သံသည် လူတိုင်း၏ နားထဲကို ချက်ချင်းဆိုသလို ပဲ့တင်ထပ်လာခဲ့၏။
"ဝမ်ယုံ.. မင်းအခု ငါ့ကို မီးအဆောင် နှစ်သောင်း ပေးခိုင်းချင်သေးလား"
အခန်း(၉၃၇)ပြီး၏။
အခန်း(၉၃၈)
"လခွမ်း ဒီကောင်က ဘယ်သူများလဲ.. ဘယ်လိုလုပ်ပြီးသူ့မှာ ယန်၀ူတံဆိပ်ပြားရှိနေရတာလဲ "
ကျန်းချန်၏ ခနဲ့သောစကားကိုကြားလျှင် ဝမ်ယုံက ထိတ်လန့်သွားခဲ့သည်။
ရှန်းဝူခန်းမ၏ အစောင့်ခေါင်းဆောင်တစ်ဦးအနေဖြင့် ဝမ်ယုံသည် ယန်ဝူတံဆိပ်ပြားအကြောင်းကို လူအများစုထက်ပိုမို သိရှိသည်။
ထိုတံဆိပ်ပြားသည် ယန်ဒီမြို့တွင် အလွန်ရှားပါးပြီး ယွဲ့ခွင်းယွင်ကဲ့သို့ ဧကရာဇ်ပါရမီရှင်တစ်ဦးပင် ယန်ဝူတံဆိပ်ပြားကို ရရှိရန် အလွန်ခက်ခဲ၏။
ဆိုရလျှင် ယန်ဒိီမြို့၌ ယန်ဝူတံဆိပ်ပြားကို ထုတ်ပြနိုင်သည့် တပည့်များသည် နောက်ခံအင်အားများ တောင့်တင်းကြပြီး ယန်ဒီမြို့၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။
သူက ဤတစ်ကြိမ်တွင် အမှန်တကယ် လွဲချော်ခဲ့ပါသလော။
"ဟားဟား ယန်ဝူတံဆိပ်ပြားပါလား.. မကြာသေးခင်က မြို့ကြီးတွေမှာ ကျင်းပခဲ့တဲ့ ပါရမီရှင်အမဲလိုက် ပြိုင်ပွဲမှာ ယန်ဝူတံဆိပ်ပြားကို ဆုအဖြစ် ထည့်သွင်းထားတယ်လို့ ငါသိခဲ့တယ် ငါမှန်းတာမမှားရင် ဒီညီလေးက မြို့ကြီး လေးမြို့က တပည့်အသစ် တစ်ယောက် ဖြစ်မယ်ထင်တယ်"
ဝမ်ယုံ စိတ်မချမ်းမမြေ့ ဖြစ်နေစဥ်မှာပင် ယွဲ့ခွင်းယွင်၏ စကားသံသည် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့၏။
ယွဲ့ခွင်းယွင်ထံမှ စကားကို ကြားပြီးနောက်တွင် ဝမ်ယုံသည် သဘောပေါက်သွားခဲ့သည်။
မကြာသေးမီက မြို့ကြီး လေးမြို့တွင် ပါရမီရှင်အမဲလိုက်ပြိုင်ပွဲကို ဦးဆောင်ကျင်းပသည့် အကြိီးအကဲ လေးဦးသည် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲအတွက် ဆုများအဖြစ် ယန်ဝူတံဆိပ်ပြား တစ်ခုစီကို ပေးအပ်ခဲ့ကြသည်။
"ဒါကြောင့် ဒီကောင်လေးရဲ့ လက်ထဲမှာ ယန်ဝူတံဆိပ်ပြား ရှိနေတာကိုး.. ဟမ့်.. မြို့ကြီး လေးမြို့ကလာတဲ့ တပည့်အသစ်လေးကများ ငါ့ရှေ့မှာ မောက်မာရဲတယ်"
ဝမ်ယုံက စိတ်သက်သာရာရသွားပြီး ကျန်းချန်ကို ကြည့်နေသည့် အကြည့်များထဲတွင် မထီမဲ့မြင် အမူအရာများ ပြန်လည် ပေါ်ပေါက်လာခဲ့သည်။
မြို့ကြီးလေးမြို့ရှိ ရှောင်မိသားစု၏ ဌာနခွဲများသည် ယန်ဒီမြို့တွင် အနည်းငယ် သြဇာ ရှိကြသော်လည်း နန်လီမြို့ကလွဲလျှင် ကျန်သုံးမြို့များမှာ အလေးထားလောက်စရာ မဟုတ်ကြပေ။
သူက နန်လီမြို့မှ ရှောင်မိသားစု ဘိုးဘေး ဖြစ်သည့် မီးလျှံဓားဘုရင် ရှောင်ရှင်းဟဲ၏ လူဖြစ်သည်။
သူ့ရှေ့မှကောင်လေးသည် ကျန်မြို့သုံးမြို့ထဲမှ ပါရမီရှင် ဖြစ်လျှင်ပင် ဝမ်ယုံက အဘယ့်ကြောင့် စိတ်ပူရပါမည်နည်း။
" ဒီက စီနီယာအကိုက အမြင်စူးရှတာပဲ"
ကျန်းချန်က ယွဲ့ခွင်းယွင်ကို ပေါ့ပါးစွာကြည့်ရင်း ပြောလိုက်သည်။
"စီနီယာအကို ပြောတာဟုတ်ပါတယ်.. ကျွန်တော်က ပိုင်မင်မြို့က တပည့်အသစ်ပါ"
"ဒါနဲ့ ညီလေးက ဘယ်နေရာကနေ လာခဲ့တယ်ဆိုတာ သိလို့ရမလား "
ယွဲ့ခွင်းယွင်က ပြုံး၍ မေးလိုက်သည်။
"မြောက်ပိုင်းတောရိုင်းဒေသကပါ"
ကျန်းချန်၏ စကားကိုကြားလျှင် ယွဲ့ခွင်းယွင်နှင့် ဝမ်ယုံတို့၏ စိတ်ထဲတွင် အထင်သေးသောစိတ်များ ပို၍ များပြားလာခဲ့သည်။
ပိုင်မင်မြို့သည် တစ်ချိန်က နန်လီမြို့နှင့် ယှဥ်ပြိုင်နိုင်ခဲ့သည်။
သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က ပိုင်မင်မြို့ရှိ ရှောင်မိသားစုသည် နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီကို တစ်စုံတစ်ရာသော အကြောင်းကြောင့် ဒေါသထွက်စေခဲ့ပြီး ရှောင်တုလီ၏ အပြင်းအထန် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
ထိုနောက်ပိုင်းတွင် ပိုင်မင်မြို့၏ အင်အားသည် ကျဆင်းသွားခဲ့ပြီး အဓိကမြို့ကြီး လေးမြို့ထဲတွင် အောက်ဆုံးနေရာသို့ ရောက်လုနီးပါး ဖြစ်သွားခဲ့သည်။
သူရှေ့မှကောင်လေးက ပိုင်မင်မြို့မှ လာရောက်ခဲ့ခြင်း ဖြစ်ရာ သူတို့အနေဖြင့် ဘာမှကြောက်စရာ မရှိတော့ပေ။
" ဒီက ညီငယ်လေး ရှန်းဝူခန်းမထဲက သိုင်းပညာတွေကို ရရှိဖို့ဆိုတာက မလွယ်ဘူး.. မင်းရဲ့ သိုင်းသခင်နယ်ပယ် ပထမအဆင့်နဲ့ ဆိုရင် ရှန်းဝူခန်းမထဲကို ဝင်ခဲ့ရင်တောင်မှ ဘာသိုင်းပညာရပ်မှ ရမှာမဟုတ်ဘူး...ဒီယန်ဝူတံဆိပ်ပြားကို ငါ့ဆီ လွှဲပြောင်းပေးလို့ ရမလား"
ယွဲ့ခွင်းယွင်က ကျန်းချန်ကို ပြုံး၍ ကြည့်လိုက်သည်။
"မင်းသာ ယန်ဝူတံဆိပ်ပြားကို ငါ့ဆီ ပေးမယ်ဆိုရင် မီးလျှံအဆောင် ငါးထောင်နဲ့ လဲလှယ်ဖို့ ငါဆန္ဒရှိတယ်"
ကျန်းချန်၏ လက်ထဲမှ ယန်ဝူ တံဆိပ်ပြားကို ယွဲ့ခွင်းယွင်သည် အလွန်ပင် လိုချင်ခဲ့သည်။
ဤတံဆိပ်ပြားဖြင့်သာ ဆိုလျှင် သူသည် ရှန်းဝူခန်းမကို အကန့်အသတ် မရှိ ဝင်ရောက်နိုင်ပြီး သိုင်းပညာရပ် တစ်ခုခုကို ရရှိရန်မှာ ခက်ခဲသည့်အလုပ် မဟုတ်တော့ပေ။
ဤကောင်လေးက ပိုင်မင်မြို့မှ တပည့်အသစ်သာ ဖြစ်သောကြောင့် ယွဲ့ခွင်းယွင်သည် ဘာမှ စိုးရိမ်စရာ မရှိတော့ဘဲ ယန်ဝူတံဆိပ်ပြားကို သူ့လက်ထဲကို ရောက်ရှိရန် အတွက် မည်သည့်နည်းလမ်းကို အသုံးပြုရပါစေ လုပ်ဆောင်တော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
"တောင်းပန်ပါတယ်.. ကျွန်တော် အလဲအလှယ်လုပ်ဖို့ ဆန္ဒမရှိဘူး"
ကျန်းချန်က ပွင့်ပွင့်လင်းလင်းပင် ငြင်းဆိုလိုက်သည်။
ထို့နောက် သူက ဝမ်ယုံနှင့် ယွဲ့ခွင်းယွင် တို့ကို ဂရုစိုက်ရန် စိတ်မဝင်စားတော့ဘဲ ရှန်းဝူခန်းမ ဆီသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
အခန်း(၉၃၈)ပြီး၏။
အခန်း(၉၃၉)
"ဟေ့ကောင် စီနီယာအကိုယွဲ့က မင်းနဲ့ ယန်ဝူတံဆိပ်ပြားကို လဲလှယ်ချင်တယ်ဆိုတာ မင်းအတွက် ဂုဏ်ယူစရာပဲ.. ရလာတဲ့ အခွင့်အရေးကို အလဟဿ မဖြုန်းတီးစမ်းနဲ့"
ထိုအခိုက်အတန့်တွင် ဝမ်ယုံက ကျန်းချန်၏ ရှေ့သို့ ထွက်လာပြီး ပိတ်ရပ်ကာ ပြောလိုက်သည်။
"ပထမအချက်.. ယန်ဝူတံဆိပ်ပြားက ငါ့ရဲ့ ပစ္စည်းပဲ.. ဒါ့ကြောင့် လဲလှယ်မလား မလဲလှယ်ဘူးလား ဆိုတာက ငါ့ရဲ့ဆုံးဖြတ်ချက်ပေါ်ပဲ မူတည်တယ်"
ကျန်းချန်က စိတ်မရှည်သော အမူအရာဖြင့် ဝမ်ယုံကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒုတိယအချက်.. ငါ သူနဲ့ လဲလှယ်လား မလဲလှယ်လားက ငါနဲ့သူနဲ့ ကိစ္စပဲ မင်းနဲ့ဘာဆိုင်လဲ "
ကျန်းချန်၏ အသံက ပို၍ အေးစက်လာခဲ့သည်။
"နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ် အခြေအနေကို နားလည်ရင် ငါ့ရှေ့ကနေ ဖယ်လိုက်.. ငါ့အချိန်တွေကို ဒီနေရာမှာ မဖြုန်းတီးချင်ဘူး"
ရှန်းဝူခန်းမအတွင်းရှိ သိုင်းပညာရပ်များသည် ရရှိရန် အလွန်ခက်ခဲသည်ဟု နာမည်ကြီးသည်။
ယန်ဒီမြို့မှ တပည့်အများစုသည် နှစ်ကြိမ်သုံးကြိမ် ဝင်ရောက်ခဲ့လျှင်ပင် သိုင်းပညာရပ် တစ်ခုကို ရရှိရန် မလွယ်ကူပေ။
သို့သော်လည်း ယန်ဝူ တံဆိပ်ပြားကမူ ရှန်းဝူခန်းမထဲမှ သိုင်းပညာရပ် တစ်ခုခုကို ရရှိရန် အတွက် အာမခံချက် အပြည့်အဝ ရှိပေသည်။
ထို့ကြောင့် ယွဲ့ခွင်းယွင်၏ ယန်ဝူတံဆိပ်ပြားအတွက် မီးအဆောင်လက်ဖွဲ့ ငါးထောင်ဖြင့် ကမ်းလှမ်းခြင်းသည် စင်စစ်အားဖြင့် ဓားပြတိုက်သည်နှင့် မခြားပေ။
ကျန်းချန်၏ စကားကိုကြားလျှင် ဝမ်ယုံ၏မျက်နှာက အေးစက်သွားခဲ့ပြီး မျက်လုံးထဲတွင် မထီမဲ့မြင် အရိပ်အယောင် တစ်စွန်းတစ်စ ပေါ်ထွက်လာခဲ့သည်။
"ပိုင်မင်မြို့က တပည့်အသစ်လေး တစ်ယောက်က ငါ့ရှေ့မှာ မောက်မာရဲတယ်လား.. ငါ မင်းကို ရှန်းဝူခန်းမထဲကို ဝင်ခွင့်မပြုဘူးဆို မင်းဘာတတ်နိုင်သေးလဲ"
"ဝမ်ယုံ.. ရှင်အတော် အတင့်ရဲနေပါလား.. ယန်ဝူ တံဆိပ်ပြားကို ကိုင်ဆောင်ထားတဲ့ တပည့်ကိုတောင် တားဆီးရဲတယ်ပေါ့လေ"
ချိုးရူယွဲ့က ဝမ်ယုံကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်သည်။
"မောင်လေးကျန်းက ဘယ်သူလဲ ဆိုတာ မင်းသိရဲ့လား.. ခဏနေကျမှ နောင်တမရဖို့ ငါမျှော်လင့်တယ် "
ချိုးရူယွဲ့က ဝမ်ယုံကို သတိပေးလိုက်သည်။
"ချိုးရူယွဲ့ ငါဘာပဲလုပ်လုပ် မင်းဝင်စွက်ဖက်စရာ မလိုဘူး"
ဝမ်ယုံက ချိုးရူယွဲ့၏ သတိပေးမှုကို လျစ်လျူရှုကာ တုံ့ပြန်လိုက်သည်။
သူ၏စိတ်ထဲတွင် ချိုးရူယွဲ့၏ သတိပေးချက်ကို လှောင်ပြောင်နေခဲ့သည်။
သူက ရှန်းဝူခန်းမ၏ အစောင့်ခေါင်းဆောင် ဖြစ်သည့်အပြင် နတ်ဝိညာဥ်ဘုရင် တစ်ပိုင်း အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
သို့ဖြစ်ရာ ပိုင်မင်မြို့ကနေ ယခုမှ အသစ် ရောက်ရှိလာသည့်ကောင်လေး တစ်ယောက်ကို အဘယ့်ကြောင့် ကြောက်နေရပါမည်နည်း။
"ဂျူနီယာ ညီလေးကျန်း.. မင်းရဲ့ သိုင်းသခင်နယ်ပယ် ပထမအဆင့် အင်အားနဲ့ ဆိုရင် ရှန်းဝူခန်းမထဲ အကြိမ်တစ်ရာ ဝင်ရင်တောင် သိုင်းပညာရပ် တစ်ခုကို ရဖို့က မဖြစ်နိုင်သလောက်ပဲ"
ယွဲ့ခွင်းယွင်၏ လှောင်ပြောင်၍ ပြောလိုက်သော စကားက ကျန်းချန်၏ နားထဲကို ထပ်မံ၍ ပဲ့တင်ထပ်လာခဲ့သည်။
"ဒီယန်ဝူ တံဆိပ်ပြားက ဂျူနီယာညီလေးကျန်း အတွက် ဘာမှ အသုံးဝင်မှာမဟုတ်ဘူး.. ဒါ့ကြောင့် ငါ့ဆီက မီးအဆောင်လက်ဖွဲ့ တချို့နဲ့ လဲလှယ်လိုက်တာ အကောင်းဆုံးပဲ.. မီးအဆောင်လက်ဖွဲ့ ငါးထောင်က ယန်ဒီမြို့မှာ ကျင့်ကြံခြင်း အရင်းအမြစ်တွေ အများကြီး လဲလှယ်ဖို့ လုံလောက်ပါတယ်"
"ငါက မလဲလှယ်ချင်ဘူးလို့ ပြောပြီးပြီလေ.. မင်း လူစကား နားမလည်ဘူးလား"
ကျန်းချန်က အေးစက်စက် ပြန်ပြောလိုက်သည်။
"ငါသိရသလောက်တော့ ရှန်း၀ူခန်းမမှာ သိုင်းပညာရပ် တစ်ခုကို ရရှိဖို့က တိုက်ပွဲဝင်စွမ်းရည်ပေါ်ပဲ အဓိက မူတည်တယ်.. ကျင့်ကြံခြင်းအဆင့် မဟုတ်ဘူး.. ငါရှန်းဝူခန်းမမှာ သိုင်းပညာရပ် မရနိုင်ဘူးလို့ မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ"
"ရှန်းဝူခန်းမထဲမှာ ရှိတဲ့ သိုင်းပညာရပ် အားလုံးက မင်းပြောတဲ့အတိုင်း တိုက်ပွဲဝင်စွမ်းရည် ပေါ် အဓိက မူတည်တာ မှန်ပေမယ့် ကျင့်ကြံခြင်းအဆင့်နဲ့လည်း စပ်ဆက်မှု ရှိတယ်"
ယွဲ့ခွင်းယွင်က ရှင်းပြလိုက်သည်။
"ဘုရင်အဆင့် ပါရမီရှင်တစ်ဦးတောင် ဘုရင်အဆင့်သိုင်းပညာရပ်တစ်ခု ရရှိဖို့အတွက် ဆိုရင် အနည်းဆုံး သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူဖြစ်ဖို့ လိုအပ်တယ်.. ဧကရာဇ် အဆင့် ပါရမီရှင် တစ်ဦးဆိုရင်တော့ သိုင်းသခင်နယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူဖြစ်ဖို့ အနည်းဆုံး လိုအပ်တယ်.. သိုင်းသခင်နယ်ပယ် ပထမ အဆင့်နဲ့ ရှန်းဝူခန်းမထဲက ဘုရင်အဆင့် သိုင်းပညာကို ရချင်ရင်တော့ အင်ပါယာအဆင့်ပါရမီရှင်တွေမှသာ ဖြစ်နိုင်လိမ့်မယ်"
ယွဲ့ခွင်းယွင်က ကျန်းချန်ကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဂျူနီယာညီလေးကျန်းက ကိုယ့်ကိုယ်ကိုယ် အင်ပါယာ အဆင့် ပါရမီရှင်တွေနဲ့ ယှဥ်နိုင်တယ်လို့ တွေးထားတာတော့ မဟုတ်ပါဘူးနော် "
"ငါက အင်ပါယာအဆင့် ပါရမီရှင်နဲ့ ယှဥ်နိုင်မလား ဆိုတာ မင်းသောက်လုပ် မဟုတ်ဘူး"
ကျန်းချန်က ယွဲ့ခွင်းယွင်ကို ခပ်ထေ့ထေ့ ကြည့်ရင်း ပြန်ဖြေလိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"စီနီယာအကိုက ငါ ရှန်းဝူခန်းမကနေ သိုင်းပညာရပ် မရနိုင်ဘူးလို့ ယုံကြည်နေမှတော့ ငါနဲ့ အလောင်းအစား လုပ်ဖို့ သတ္တိရှိလား သိပါရစေ"
ထိုစကားကိုကြားလျှင် ယွဲ့ခွင်းယွင်သည် ခဏမျှ မှင်တက် သွားခဲ့ပြီး ကျန်းချန်ကို ကြည့်နေသည့် သူ၏ မျက်ဝန်းများတွင် အံ့သြသော အရိပ်အယောင်များ ပေါ်လာခဲ့၏။
ခဏအကြာတွင် သူ၏ မျက်လုံးများက လင်းလက်သွားခဲ့ပြီး ကျန်းချန်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။
"ဂျူနီယာ ညီလေးကျန်းက ဘယ်လ်ိုမျိုး လောင်းချင်တာလဲ"
အခန်း(၉၃၉)ပြီး၏။