← Chapters

အခန်း (၉၄၀-၉၄၂)

Vol. 63 Ch. 940-942

အခန်း (၉၄၀-၉၄၂)

Vol. 63 Ch. 940-942

အခန်း(၉၄၀)

"ဒါဆို ရှန်းဝူခန်းမထဲကနေ သိုင်းပညာရပ် တစ်ခုခုကို ကျွန်တော်ရမရ လောင်းမယ်"

ကျန်းချန်က ယွဲ့ခွင်းယွင်ကို စိန်ခေါ်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ရှန်းဝူခန်းမထဲက သိုင်းပညာရပ်တစ်ခုမှ မရခဲ့ရင် ယန်ဝူတံဆိပ်ပြားကို စီနီယာအကိုဆီ ပေးမယ်.. အကယ်၍ ရှန်းဝူခန်းမကနေ သိုင်းပညာရပ် တစ်ခုခုကို ရခဲ့ရင်တော့ စိိီနီယာအကိုက ကျွန်တော့်ကို မီးအဆောင်လက်ဖွဲ့ နှစ်သောင်း ပေးရမယ်.. ဘယ်လိုလဲ စီနီယာအကိုယွဲ့.. အလောင်းအစား လုပ်ဖို့ သတ္တိရှိရဲ့လား"

ကျန်းချန်က စိန်ခေါ်လိုက်သည်။

ယန်ဒီမြို့၏ မီးအဆောင်လက်ဖွဲ့သည် စန်းလန်အဖွဲ့၏ ဒင်္ဂါးကဲ့သို့ပင် ယန်ဒီမြို့မှ တပည့်များအတွက် သီးသန့် ကုန်သွယ်ရေး ငွေကြေးတစ်မျိုး ဖြစ်သည်။

ယန်ဒီမြို့တွင် ကျင့်ကြံခြင်းပစ္စည်းများ ရရှိရန်အတွက် မီးအဆောင်လက်ဖွဲ့ များစွာ လိုအပ်၏။

ကျုံးကျိူးကုန်းမြေ၏ ကြယ်လေးပွင့် သူတော်စင်နယ်မြေ ဖြစ်သည့် ယန်ဒီမြို့တွင် ကျင့်ကြံခြင်း အရင်းအမြစ် အလွန်ပေါများပြီး အချို့သော ပစ္စည်းများဆိုလျှင် ကျန်းချန်ကို အတော်လေး ဆွဲဆောင်နိုင်ခဲ့သည်။

သို့ရာတွင် ထိုအရာများနှင့် လဲလှယ်ရန် အတွက် မိီးအဆောင်လက်ဖွဲ့များ ရှာဖွေရန် လိုအပ်သည်။

ဤယန်ဒီမြို့တွင် မီးအဆောင်လက်ဖွဲ့ ရရှိရန်အတွက် ကိုယ့်အားကိုယ်ကိုးရုံမှ တပါး အခြားနည်းလမ်း မရှိပေ။

သူ၏ ဆရာရှောင်တုလီ ပင်လျှင် သူ့ကို ကူညီနိုင်လိမ့်မည် မဟုတ်ချေ။

သူ၏ယခင် အတွေ့အကြုံအရ မီးအဆောင်လက်ဖွဲ့ကို အမြန်ဆုံး ရရှိရန် နည်းလမ်းမှာ အလောင်းအစား ပြုလုပ်၍ ရှာဖွေသောနည်းလမ်း ဖြစ်၏။

ထိုက်ရှဂိုဏ်း ဖြစ်စေ၊ စန်းလန်အဖွဲ့အစည်း ဖြစ်စေ၊ ဂိုဏ်းထဲကို ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် ဤနည်းလမ်းကို အသုံးပြု၍ သူ့ကိုယ်သူ အလျင်အမြန် ကြွယ်ဝစေခဲ့သည်။

ယခုအခါတွင် ယွဲ့ခွင်းယွင်သည် သူ့ကို အိမ်တံခါးဝ အထိ ပို့ပေးနေပြီ ဖြစ်ရာ ကျန်းချန်က မီးအဆောင်လက်ဖွဲ့များကို အဘယ့်ကြောင့် ယွဲ့ခွင်းယွင် ဆီကနေ မယူဘဲ နေရပါမည်နည်း။

"ဘယ်လို"

ကျန်းချန်၏စကားကို ကြားလျှင် ယွဲ့ခွင်းယွင်နှင့် သူ၏ နောက်လိုက် နှစ်ဦးအပါအဝင် ဝမ်ယုံနှင့် ရှန်းဝူခန်းမ၏ အစောင့်များပါ တုန်လှုပ်သွားခဲ့ကြသည်။

သူတို့ အားလုံးနီးပါးက ကျန်းချန်ကို အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ စိုက်ကြည့်နေခဲ့ကြ၏။

"မောင်လေးကျန်း မင်း ဒီအလောင်းအစားလုပ်လို့ မဖြစ်ဘူး"

ကျန်းချန်၏ ရဲတင်းလွန်းသော အဆိုပြုချက်ကို ကြားလျှင် ချိုးရူယွဲ့သည် အလွန်တရာ စိုးရိမ်သွားပြီး ကျန်းချန်ကို တားဆီးလိုက်သည်။

ရှန်းဝူခန်းမကို တစ်ကြိမ်ထက်မက ဝင်ရောက်ဖူး၍ ချိုးရူယွဲ့သည် ထိုခန်းမတွင် သိုင်းပညာရပ်တစ်ခုကို ရရှိရန် မည်မျှ ခက်ခဲမှန်း ကောင်းစွာသိသည်။

ကျန်းချန်သည် နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏ တပည့်ဖြစ်၍ တိုက်ပွဲဝင်စွမ်းရည် မနိမ့်ပါးမှန်း သူမ ကောင်းစွာ သိသည်။

သို့သော် သိုင်းသခင်နယ်ပယ် ပထမအဆင့်ဖြင့် ရှန်းဝူခန်းမကို ပထမအကြိမ် ဝင်ရောက်ကာ သိုင်းပညာရပ် ရရှိရန်မှာမူ အလွန်ပင် ခက်ခဲပေလိမ့်မည်။

တခဏမျှ မှင်တက်ပြီးနောက်တွင် ယွဲ့ခွင်းယွင်သည် ပုံမှန်အတိုင်း အသိဝင်လာခဲ့သည်။

သူက ကျန်းချန်ကို နောက်ဆုတ်ရန် အခွင့်အရေး မပေးချင်၍ ကျေနပ်စွာ ပြုံးကာ ခပ်သွက်သွက် ပြောလိုက်သည်။

"ဂျူနီယာညီလေးကျန်းက လောင်းချင်တယ် ဆိုမှတော့ ဒီစီနီယာအကိုက သဘောတူရမှာပေါ့"

ယွဲ့ခွင်းယွင်၏ ခန့်မှန်းချက်အရ သူ့အရှေ့မှ လူငယ်လေးသည် ပိုင်မင်မြို့မှ တပည့်အသစ်လေး တစ်ဦးသာ ဖြစ်ပြီး အလွန်ဆုံးအနေဖြင့် ဘုရင်အဆင့် ပါရမီရှင် တစ်ဦးသာ ဖြစ်လောက်ပေသည်။

ဆိုရလျှင် ဘုရင်အဆင့်ပါရမီရှင် မပြောနှင့်၊ ဧကရာဇ်အဆင့် ပါရမီရှင်ပင် သိုင်းသခင်နယ်ပယ် ပထမအဆင့်ဖြင့် ရှန်းဝူခန်းမထဲမှ သိုင်းပညာရပ်များကို ရရှိနိုင်မည် မဟုတ်ပေ။

ရှင်းလင်းစွာဆိုရလျှင် အင်ပါယာအဆင့် ပြိုင်ဘက်ကင်း ပါရမီရှင်များသာ သိုင်းသခင်နယ်ပယ် ပထမအဆင့်ဖြင့် ထိုကဲ့သို့သော စွမ်းဆောင်ရည်မျိုး ရှိန်ိုင်မည် ဖြစ်သည်။

ဤကောင်လေးကမူ ထိုအဆင့်နှင့် အလွန်ပင် အလှမ်းကွာဝေးလွန်းလှသည်ဟု သူထင်ခဲ့သည်။

ထို့အပြင် အင်ပါယာအဆင့် ပြိုင်ဘက်ကင်းပါရမီရှင်များ သည် သိုင်းသခင်နယ်ပယ် ပထမအဆင့်ဖြင့် သိုင်းပညာရပ်များကို ရရှိရန် အခွင့်အရေးရှိသော်လည်း ယန်ဒီမြို့၏ နှစ်ပေါင်းတစ်သောင်း သမိုင်းတွင် သိုင်းသခင်နယ်ပယ် ပထမအဆင့်ဖြင့် ရှန်းဝူခန်းမထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်၍ သိုင်းပညာရပ် ရရှိခဲ့သော အင်ပါယာအဆင့် ပြိုင်ဘက်ကင်းပါရမီရှင်မှာ အလွန်ပင် နည်းပါးသည်။

ရှင်းလင်းစွာဆိုရလျှင် အင်ပါယာအဆင့် ပါရမီရှင်ပင် တစ်ကြိမ်တည်းဖြင့် သိုင်းပညာရပ်ကို ရရှိရန်မှာ မလွယ်ကူပေ။

ထို့ကြောင့် ကျန်းချန်၏ စိန်ခေါ်မှုသည် သူ၏အမြင်တွင် ဟန်​ရေးပြနေသကဲ့သို့ ဖြစ်နေခဲ့သည်။

ဤသည်က ယန်ဝူတံဆိပ်ပြားကို သူ့လက်ထဲ အခမဲ့ ထည့်ပေးလိုက်သည်နှင့် မခြားပေ။

ဤမျှ အကျိုးအမြတ်များသော လောင်းကြေးကို ယွဲ့ခွင်းယွင်သည် အဘယ့်ကြောင့် ငြင်းဆန်နိုင်ရပါမည်နည်း။

ငါးက ငါးစာကို ဟပ်မိသွားမှန်း မြင်လျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူက ယွဲ့ခွင်းယွင်ကို ကြည့်၍ ပြောလိုက်၏။

"စီနီယာအကို သဘောတူပြီ ဆိုမှတော့ ကျွန်တော်အခု ရှန်းဝူခန်းမထဲကို ဝင်တော့မယ်"

အခန်း(၉၄၀)ပြီး၏။

အခန်း(၉၄၁)

"ကောင်းပါပြီ ဂျူနီယာညီလေးကျန်း.. ကြွပါ"

ယွဲ့ခွင်းယွင်က ကျန်းချန်ကို ပြုံးရွှင်စွာ ပြောလိုက်သည်။

သူ၏ စိတ်ထဲတွင်မူ"ဒီကောင်က ငါ့ကို ယန်ဝူတံဆိပ်ပြားအလကားလာပေးမှာပဲ.. ဘာလို့ ငါက မီးအဆောင်လက်ဖွဲ့ ထောင်ပေါင်းများစွာ အကုန်ခံပြီး ရှန်းဝူခန်းမထဲကို အလျင်စလို ဝင်ရဦးမှာလဲ"ဟု တွေးနေခဲ့သည်။

"တော်တော် မိုက်ရူးရဲဆန်တဲ့ကောင်ပဲ.."

ကျန်းချန်က ရှန်းဝူခန်းမဆီသို့ ပျံသန်းသွားသည်ကို မြင်လျှင် ဝမ်ယုံက စိတ်ထဲကနေ လှောင်ပြောင်လိုက်သည်။

ဤတစ်ကြိမ်တွင် သူက မတားမြစ်တော့ပေ။

"ဒီကောင်လေးကို ကြည့်ရတာ ခေါင်းကို မြည်းအကန်ခံလိုက်ရလို့ ရူးသွားတာလားမသိဘူး.. ယွဲ့ခွင်းယွင်က မီးအဆောင်လက်ဖွဲ့ ငါးထောင်နဲ့ ယန်ဝူတံဆိပ်ပြားကို လဲလှယ်မယ်ဆိုတုန်းကတော့ မလဲခဲ့ဘူး.. အခုတော့ သောက်ရူးထပြီး မဖြစ်နိုင်တဲ့အရာကို လောင်းကြေးထပ်လိုက်သေးတယ်.. လခွမ်း.. ယန်ဝူတံဆိပ်ပြားကို ယွဲ့ခွင်းယွင်ဆီ အလကားပေးချင်ရင်တောင် ဒီလောက်ထိတော့ ရုပ်မပေါက်သင့်ဘူး.."

သိုင်းသခင်နယ်ပယ် ပထမအဆင့်သာ ရှိသည့် ပိုင်မင်မြို့မှ တပည့်အသစ်လေး တစ်ယောက်သည် ရှန်းဝူခန်းမထဲကို ပထမဆုံးအကြိမ် ဝင်ရောက်ပြီး သိုင်းပညာရပ်ကို ရချင်သည်ဆိုသည်မှာ တကယ်ကို ရယ်စရာကောင်း၏။

ဝမ်ယုံက ရှန်းဝူခန်းမကို ဆယ်နှစ်နီးပါး အစောင့်လုပ်ခဲ့သူဖြစ်၍ ရှန်းဝူခန်းမ၏ အခြေအနေကို မည်သူ့ထက်မဆို ကောင်းစွာသိသည်။

လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ယန်ဒီမြို့တွင် သိုင်းသခင်နယ်ပယ် ပထမအဆင့် ကျင့်ကြံသူဖြစ်သည့် ဧကရာဇ်အဆင့် ပါရမီရှင်တစ်ဦးသာ ရှန်းဝူခန်းမကနေ ဘုရင်အဆင့် သိုင်းပညာရပ်ကို ရရှိခဲ့ဖူးသည်။

ထိုပါရမီရှင်ပင် ဒုတိယအကြိမ်မြောက် ဝင်ရောက်ပြီးမှသာ ရရှိခဲ့သည်။

"ဒီကောင်က သိုင်းသခင်နယ်ပယ် ပထမအဆင့်လောက်နဲ့ ရယူချင်နေတာ ဆိုတော့ သူ့ကိုယ်သူ ဧကရာဇ်အဆင့် ပါရမီရှင်ထက် ပိုတော်တယ်များ ထင်နေတာလား မသိဘူး"

ဝမ်ယုံတို့လူစု၏ အထင်သေးသော အကြည့်များအောက်မှာပင် ကျန်းချန်သည် လေထဲရှိ ရှန်းဝူခန်းမ ဆီသို့ အလျင်အမြန် ပျံတက်သွားခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းချန်သည် ရှန်းဝူခန်းမ၏ တံခါးဝကို ဖြတ်ကျော်၍ ဝင်ရောက်သွားခဲ့၏။

တံခါးဝကို ဖြတ်ကျော်ပြီးနောက်တွင် ကျန်းချန်သည် ရှန်းဝူခန်းမက သာမန်ခန်းမတစ်ခု ကဲ့သို့ ရိုးရှင်းခြင်း မရှိဘဲ အတွင်းဘက်တွင် စကြာဝဠာတစ်ခု ကဲ့သို့ ကျယ်ပြန့်နေကြောင်းကို သိရှိလိုက်ရသည်။

သူ၏မြင်ကွင်းတွင် ပေါ်လာသည်မှာ စိတ်ကူးယဥ်နန်းတော်တစ်ခု မဟုတ်ဘဲ ကျယ်ပြန့်လှသော ကြယ်တာရာကမ္ဘာကြီးတစ်ခု ဖြစ်သည်။

ထိုကြယ်တာရာကမ္ဘာတွင် ကြယ်များကဲ့သို့ ထူးဆန်းစွာ လင်းလက်နေသော အလင်းစက်လုံးများစွာ ရှိနေခဲ့သည်။

ထိုအလင်းစက်လုံးများသည် အရွယ်အစား အမျိုးမျိုး ရှိကြပြီး တောက်ပမှုများလည်း ကွဲပြားကြသည်။

အထူးသဖြင့် ကြယ်တာရာကမ္ဘာ၏ ထိပ်ဆုံးရှိ အလင်းစက်လုံးကြီး ဆယ်ခုသည် အလွန်ပင် တောက်ပနေ၏။

ကျန်းချန်သည်ပင် ထိုအလင်းစက်လုံးများမှ ပြင်းထန်သောဖိအားများကို ခံစားခဲ့ရသည်။

"ဒီအလင်းစက်လုံးတွေထဲမှာ ယန်ဒီမြို့ရဲ့ ထူးခြားတဲ့ သိုင်းပညာရပ်တွေကို ထိန်းသိမ်းထားပုံရတယ်"

ကျန်းချန်က အလင်းစက်လုံးများကို ကြည့်ကာ တအံ့တသြ ရေရွတ်လိုက်သည်။

"ဒီနေရာက ကြယ်လေးပွင့် သူတော်စင်နယ်မြေရဲ့ သိုင်းပညာ အမွေအနှစ်တွေ ထိန်းသိမ်းတဲ့နေရာ ဖြစ်ထိုက်ပါပေတယ်.. တကယ်ကို ထူးခြားတာပဲ"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး ထိုအလင်းစက်လုံးများကို စတင် အကဲခတ်လိုက်သည်။

ကျန်းချန်၏ ခန့်မှန်းချက်အရ အလင်းစက်ဝန်းများ၏ အင်အားသည် ၎င်းတို့ထဲရှိ သိုင်းပညာရပ်၏ အင်အားကို သေချာပေါက် ဆုံးဖြတ်ပေးပေလိမ့်မည်။

ဆိုရလျှင် အလင်းရောင် ပိုမိုတောက်ပလေ၊ ပိုမိုကြီးမားလေ ထိုအလင်းစက်လုံး၌ ဝှက်ထားသော သိုင်းပညာရပ်က ပို​မို အားကောင်းလေ ဖြစ်၏။

အောက်ဘက်ရှိ အလင်းအစုအဝေးများကမူ ဘုရင်အဆင့်သိုင်းပညာရပ်များနှင့် သက်ဆိုင်မည်ဖြစ်ပြီး ထိပ်ဆုံးရှိ အလွန်တရာ တောက်ပနေသော အလင်းစက်ဝန်း ဆယ်ခုကမူ ယန်ဒီမြို့၏ ဧကရာဇ်အဆင့် သိုင်းပညာရပ်များ ဖြစ်နိုင်ဖွယ်ရှိသည်။

ချိုးရူယွဲ့၏ မိတ်ဆက်ပေးမှုအရ ယန်ဒီမြို့တွင် ယနေ့အထိ နှစ်ထောင်ပေါင်း များစွာ ကာလတစ်လျောက် ဧကရာဇ်အဆင့်သိုင်းပညာရပ် ကိုးခုကို ထိန်းသိမ်းထားခဲ့သည်။

ထိုဧကရာဇ်အဆင့် သိုင်းပညာရပ် ကိုးခုလုံးသည် အင်အားအကန့်အသတ်မဲ့ ဖြစ်ပြီး ကမ္ဘာကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသည်။

ယင်းကဲ့သို့ ကြီးမားသောစွမ်းအား ရှိသည့် ဧကရာဇ်အဆင့် သိုင်းပညာရပ်ကို သာမန်လူများ ကျင့်ကြံနိုင်မည် မဟုတ်ပေ။

ဆိုရလျှင် ဧကရာဇ်အဆင့် ပါရမီရှင်တစ်ဦးပင် ဧကရာဇ်အဆင့် သိုင်းပညာရပ်ကို ကျွမ်းကျင်ရန် မလွယ်ကူချေ။

"ယန်ဒီမြို့မှာ ဧကရာဇ်အဆင့် သိုင်းပညာကိုးခုပဲ ရှိတယ်ဆိုရင် ဘာလို့ အလင်းစက်လုံးက ဆယ်ခုတောင် ရှိနေရတာလဲ"

ကျန်းချန်က ထိပ်ဆုံးရှိ အလွန်အမင်း တောက်ပနေသောအလင်းစက်လုံး ဆယ်ခုကို စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ထို့နောက်တွင် သူက တစ်စုံတစ်ရာကို သတိထားမိသွားသည်။

ထိုအလင်းစက်လုံး ဆယ်ခုတွင် အလင်းစက်လုံး ကိုးခုသည် ကြယ်များက လကို ဝိုင်းရံထားသကဲ့သို့ ထူးခြားစွာ တည်ရှိနေသည့် အလင်းစက်လုံး တစ်ခုကို ဝိုင်းရံနေခဲ့သည်။

ထိုဝိုင်းရံခံထားရသည့် အလင်းစက်လုံးသည် ကျန် အလင်းစက်လုံးကိုးခုထက် အဆပေါင်းများစွာ ပိုမို အားကောင်းကာ အလွန်အမင်း တောက်ပနေ၏။

ထိုမြင်ကွင်းကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

"ဒါက.."

အခန်း(၉၄၁)ပြီး၏။

အခန်း(၉၄၂)

"ဒါ.. ဒါက ဒဏ္ဍာရီလာ အင်ပါယာ အမွေအနှစ်များ ဖြစ်နေမလား"

ကျန်းချန်သည် လေဟာနယ်ပေါ်မှ အတောက်ပဆုံး အလင်း စက်လုံးကို စိုက်ကြည့်ရင်း အံ့သြတုန်လှုပ်မှုများ ပြည့်နှက်နေခဲ့သည်။

ထိုသို့ ကျန်းချန် အံ့အားသင့်နေစဥ်မှာပင် လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်တရာ အားကောင်းသော ဖိအားတစ်ခုသည် ကျန်းချန်၏ စိတ်နှလုံးကို တုန်ယင်စေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျန်းချန်သည် ရွှေရောင် မီးပင်လယ်ထဲသို့ ကျရောက်နေသကဲ့သို့ ခံစားလိုက်ရပြီး ရွှေရောင်မီးလျှံများအောက်တွင် ပြာကျတော့မလို ဖြစ်သွားခဲ့သည်။

ကျန်းချန်က ထိတ်လန့်သွားပြီး နဂါးပြာသန္ဓေ ခန္ဓာကိုယ်နှင့်ဓားဆန္ဒ တတိယအဆင့် ခွန်အားတို့ကို ချက်ချင်းဆိုသလို အစွမ်းကုန် ထုတ်သုံးလိုက်၏။

သို့သော်လည်း ထိုသို့ဖြစ်လင့်ကစား သူ့ဆီသို့ သက်ရောက်လာသည့် ထိတ်လန့်ဖွယ် ဖိအားအောက်တွင် အသံခပ်တိုးတိုး ညည်းညူလိုက်ရပြီး ဆယ်လှမ်းကျော်ခန့် နောက်ဆုတ်သွားခဲ့ရသည်။

"အင်ပါယာ အမွေအနှစ်"

"ဧကရာဇ်အဆင့် သိုင်းပညာအမွေအနှစ် ကိုးခု ဝိုင်းရံထားတဲ့အရာက တကယ်ကို အင်ပါယာအမွေအနှစ်ပဲ"

ကျန်းချန်က သူ၏စိတ်ထဲရှိ လှိုင်းထန်နေသော ခံစားချက်များကို ထိန်းချုပ်လိုက်သော်လည်း သူ၏ မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင်များ ကျန်ရှိနေသေးသည်။

ကြယ်လေးပွင့် သူတော်စင် နယ်မြေများသည် ရှန်းဝူတိုက်ကြီး၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် အင်အားကြီးမားသော အဖွဲ့အစည်းများ ဖြစ်ကြသည်။

ထိုကြယ်လေးပွင့် သူတော်စင်နယ်မြေတိုင်းသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာခန့်တွင် အင်ပါယာအဆင့် ကျင့်ကြံသူများဖြစ်သည့် ၎င်းတို့၏ ဘိုးဘေးများကနေ ဆင်းသက်လာခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ကြယ်လေးပွင့် သူတော်စင် နယ်မြေများတွင် အစွမ်းထက်သော အင်ပါယာများ ချန်ထားရစ်ခဲ့သည့်အမွေအနှစ်များကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။

ကျန်းချန်က အတောက်ပဆုံး အလင်းစက်လုံးကို အင်ပါယာအမွေအနှစ် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းမှာ အစောပိုင်းက ကြုံတွေ့ခဲ့ရသည့် ထိတ်လန့်ဖွယ်ဖိအားကြောင့် ဖြစ်သည်။

အစောပိုင်းက အလင်းစက်လုံးကနေ ပေါက်ကွဲထွက်လာသောအရှိန်အဝါဖိအားတွင် ကျန်းချန်သည် အင်ပါယာ၏ ဖိအားကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။

ဤကဲ့သို့သော ဖိအားမျိုးကို ကျန်းချန်သည် လေပင်လယ်လျှို့ဝှက်နယ်မြေရှိ ဥက္ကာခဲကျောင်းဆောင်တွင် ဥက္ကာခဲအင်ပါယာထံမှ ရရှိခဲ့ဖူးသည်။

ထို့ကြောင့် သံသယဖြစ်စရာ မရှိလောက်အောင်ပင် ထိုအလင်းစက်လုံးထဲမှ အမွေအနှစ်သည် ယန်ဒီမြို့ကို တည်ထောင်သည့် ဘိုးဘေးယန်ဒီ ချန်ထားရစ်ခဲ့သော အတုမရှိ အမွေအနှစ် ဖြစ်မည်မှာ သေချာသလောက်ပင်။

ပကတိ အင်ပါယာတစ်ပါး၏ အမွေအနှစ်ဖြစ်သည့် ဤအရာသည် နတ်သန္ဓေအင်ပါယာ တစ်ပါးကိုပင် အလွန်အမင်း လောဘတက်စေရန် လုံလောက်သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းလိုက်၏။

သူက ဘိုးဘေးယန်ဒီ၏ အမွေအနှစ်ကို ရှန်းဝူခန်းမထဲတွင် တွေ့ရှိရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

အနည်းငယ် စိတ်လှုပ်ရှားပြီးနောက်တွင် ကျန်းချန်သည် သူ၏စိတ်ကို လျင်မြန်စွာပင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

သူသိထားသလောက်ဆိုလျှင် အင်ပါယာအဆင့် ကျင့်ကြံသူ၏ အမွေအနှစ်တွင် အလွန်ခက်ခဲသော စမ်းသပ်မှုတစ်ခု ပါရှိသည် ဖြစ်ရာ ဘိုးဘေးယန်ဒီ၏ အမွေအနှစ်ကို ရရှိရန်မှာ လွယ်ကူမည် မဟုတ်လောက်ပေ။

ဘိုးဘေးယန်ဒီ၏ အမွေအနှစ်သည် ရှန်းဝူတိုက်ကြီးပေါ်တွင် ရာစုနှစ်ပေါင်းများစွာ ပေါ်ထွက်လာခြင်း မရှိသေးချေ။

ဤရာစုနှစ်များ တစ်လျောက်လုံးတွင် ဘိုးဘေးယန်ဒီ၏ အမွေအနှစ်သည် ရှန်းဝူခန်းမအတွင်း၌သာ အချိန်တိုင်းလိုလို ရှိနေခဲ့သည်။

သို့သော်လည်း ယန်ဒီမြို့ရှိ ဘိုးဘေးယန်ဒီ၏ မျိုးဆက်များသည် ထိုအမွေအနှစ်ကို ရယူနိုင်ခြင်း မရှိခဲ့ကြပေ။

ရှင်းလင်းစွာဆိုရလျှင် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း ယန်ဒီမြို့တွင် အတောက်ပဆုံးပုဂ္ဂိုလ် ဖြစ်သည့် နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီပင်လျှင် ဘိုးဘေး ယန်ဒီ၏အမွေအနှစ်ကို ရယူရန် မအောင်မြင်ခဲ့ပေ။

ဤအကြောင်းကို တွေးမိသောအခါတွင် ကျန်းချန်သည် ဘိုးဘေးယန်ဒီ၏ အမွေအနှစ်ပေါ်တွင် အာရုံမထားတော့‌ပေ။

အစောပိုင်းက ထိုအလင်းစက်လုံးကနေ ပေါက်ကွဲထွက်လာသော အင်အားဖြင့်ပင် ဘိုးဘေးယန်ဒီ၏ အတုမရှိ အမွေအနှစ်ကို သူ့အနေဖြင့် ရယူရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ကြောင်း ကျန်းချန်သိလိုက်သည်။

ဘိုးဘေးယန်ဒီ၏ အမွေအနှစ်ကို အမှန်တကယ် ရယူရန် ဆန္ဒရှိခဲ့လျှင် ယခုအချိန်၌ ကြိုးစားခြင်းသည် သူ့အတွက် အရှက်ရစရာသာ ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော..

"ငါ့ရဲ့အင်အားကို တတ်နိုင်သမျှ တိုးတက်အောင် အရင်လုပ်ရမယ်.. အင်ပါယာအမွေအနှစ် ဖွင့်လှစ်မဲ့ နောက်သုံးလအကြာမှ နောက်တစ်ခေါက် ထပ်လာပြီး စမ်းသပ်ကြည့်ရမယ်"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ထို့နောက်တွင် သူက ချက်ချင်းဆိုသလို ထိုအလင်းစက်လုံး ပတ်ပတ်လည်ရှိ အလင်းစက်လုံး ကိုးခုကို သေချာစွာ အကဲခတ် ကြည့်ရှုလိုက်သည်။

ထိုအလင်းစက်လုံး ကိုးခုသည် ဧကရာဇ် သိုင်းပညာရပ်များကို သိမ်းဆည်းထားသော အရာများ ဖြစ်၏။

ယန်ဝူတံဆိပ်ပြားသည် ရရှိရန် အလွန်ခက်ခဲသော တံဆိပ်ပြားဖြစ်သည်။

ယခုအခါတွင် သူက ကံကောင်းစွာဖြင့် တံဆိပ်ပြားတစ်ခုကို ပိုင်ဆိုင်ထားသည် ဖြစ်ရာ ထိုတံဆိပ်ပြားကနေ အကျိုးအမြတ်အများဆုံး ရရှိနိုင်မည့် နည်းလမ်းကို ရှာ‌ဖွေရမည် မဟုတ်ပါလား။

သူ၏ လက်ရှိအရည်အချင်းဖြင့် ဘိုးဘေးယန်ဒီ၏ အမွေအနှစ်ကို လတ်တလောတွင် မရယူနိုင်သေးပေ။

ထို့အပြင် ယန်ဝူ တံဆိပ်ပြားကို ဘုရင်အဆင့် သိုင်းပညာရပ်တစ်ခုရရှိရန် အသုံးပြုခြင်းသည် အနည်းငယ် ဖြုန်းတီးရာရောက်သည်ဟု ခံစားရသောကြောင့် ကျန်းချန်သည် ဧကရာဇ်အဆင့်သိုင်းပညာရပ် ကိုးခုထဲကသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်တော့သည်။

ယနေ့တွင် သူက ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ရာ ဧကရာဇ်အဆင့် သိုင်းပညာတစ်ခုကို ရရှိရန် ကြိုးစားရပေမည် မဟုတ်ပါလား။

အခန်း(၉၄၂)ပြီး၏။

All Chapters