← Chapters

အခန်း (၉၄၃-၉၄၅)

Vol. 63 Ch. 943-945

အခန်း (၉၄၃-၉၄၅)

Vol. 63 Ch. 943-945

အခန်း(၉၄၃)

ကျန်းချန်က စူးရှသောအကြည့်ဖြင့် လေဟာနယ်ထဲရှိ အလင်းစက်လုံးကိုးခုကို အကဲခတ်ကြည့်လိုက်သည်။

ထိုအလင်းစက်လုံးကိုးခုတွင် ထူးဆန်းသည့် အမှတ်အသားများ မှိန်ပြပြ ရှိနေသည်ကို သူ ချက်ချင်းဆိုသလို သတိပြုမိခဲ့သည်။

ထိုအမှတ်အသားများ၏ ပုံသဏ္ဌာန်များသည် ကွဲပြားခြားနား ကြသည်။

အချို့မှာ ဓားပုံစံ၊ အချို့မှာ ဓားမပုံစံ၊ တချို့ကမူ လက်ဝါးပုံစံ ဖြစ်ပြီး တချို့ကမူ လက်သီးပုံစံ ဖြစ်သည်။

"ဒီအမှတ်အသားတွေက အလင်းစက်လုံးအတွင်းက ဧကရာဇ်သိုင်းပညာရပ် အမျိုးအစားကို ဖော်ပြထားတာ ဖြစ်နိုင်တယ်"

ကျန်းချန်က တီးတိုး ရေရွတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်က လင်းလက်သွားခဲ့ပြီး ဓားပုံသဏ္ဌာန် အမှတ်အသားရှိသည့် အလင်းစက်လုံး ဆီသို့ ပျံသန်းသွားခဲ့သည်။

ရှန်းဝူခန်းမထဲရှိ သိုင်းပညာရပ်တိုင်းတွင် မတူညီသောစမ်းသပ်မှုများရှိသည်။

ဘုရင်အဆင့် သိုင်းပညာရပ်တစ်ခု ပင်လျှင် သာမန် တပည့်များ အတွက် ရရှိရန် မလွယ်ကူပေ။

ဧကရာဇ်သိုင်းပညာရပ်များကမူ ယန်ဝူမြို့၏ မျိုးနွယ်စု လျှို့ဝှက်ချက်များ ဖြစ်သဖြင့် ၎င်းတို့၏ အမွေအနှစ် စမ်းသပ်မှုများသည် အလွန်တရာ ခက်ခဲသည်မှာ သဘာဝပင်ဖြစ်သည်။

အင်ပါယာအဆင့် တပည့်တစ်ဦးပင်လျှင် ဧကရာဇ်သိုင်းပညာရပ်များကို အမွေဆက်ခံရန် မလွယ်ကူပေ။

ထို့အပြင် ရှန်းဝူခန်းမသည် အမွေအနှစ် စမ်းသပ်မှုကို မည်သို့လုပ်ဆောင်မှန်း ကျန်းချန် မသိခဲ့ပေ။

ထို့ကြောင့် သူက ပေါ့ဆရဲခြင်း အလျင်းမရှိဘဲ အလင်းစက်လုံး ဆီသို့ သတိထား၍ ချဥ်းကပ်သွားခဲ့သည်။

အလင်းစက်လုံး ရှေ့သို့ ရောက်ရှိသွားသည့်တိုင် ကျန်းချန်သည် အလင်းစက်လုံး၏ ထူးဆန်းမှုကို အနည်းငယ်မျှပင် သတိမပြုမိပေ။

သူက အနီးကပ် ကြည့်ရှုလိုက်ပြီးနောက်တွင် အသက်ကိုခပ်ပြင်းပြင်း ရှုလိုက်ပြီး အလင်းစက်လုံးကို ဖမ်းဆုပ်ရန် အတွက် သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။

ကျန်းချန်၏ လက်ဖဝါးက အလင်းစက်လုံးကို ထိလိုက်သည်နှင့် တပြိုင်နက် ထိုအလင်းစက်ဝန်းကနေ အားကောင်းသော ဆွဲငင်အားတစ်ခုသည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

ကျန်းချန် မတုံ့ပြန်နိုင်ခင်မှာပင် ကျန်းချန်၏ တစ်ကိုယ်လုံးသည် အလင်းစက်ဝန်း အတွင်းသို့ နစ်မြုပ်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် ရှန်းဝူခန်းမ၏ အပြင်ဘက်တွင် ဝမ်ယုံသည် ယုံယွဲ့ခွင်းယွင်ကိုကြည်အားကိုးသော အမူအရာဖြင့် ပြောလိုက်သည်။

"အကိုယွဲ့ ဒီကောင်က တကယ်ကို မိုက်ရူးရဲဆန်တာပဲ.. အကိုယွဲ့က ယန်ဝူတံဆိပ်ပြားကို ရရှိတော့မှာဆိုတော့ ကျွန်တော်က ကြိုတင်ပြီး ဂုဏ်ပြုပါတယ်.."

ယွဲ့ခွင်းယွင်၏ အနောက်မှ နောက်လိုက်နှစ်ဦးက ပျော်ရွှင်သော မျက်နှာထားများဖြင့် ဂုဏ်ပြုစကား ပြောဆိုလိုက်ကြသည်။

"ဟားဟား.. ခုနတုန်းက မီးအဆောင်လက်ဖွဲ့ ငါးထောင်နဲ့ သူ့ကိုလဲလှယ်ပေးမလို့ပဲ.. ဒါပေမဲ့ ဘယ်သူသိနိုင်မှာလဲ.. ဒီကောင်လေးက ငါ့ကို အလကားလာပေးနေတာလေ.. ဒီလိုဆိုမှတော့ ငါက ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်မှာလဲ.."

ယွဲ့ခွင်းယွင်က လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

ယွဲ့ခွင်းယွင်သည် ကျန်းချန်၏ ယန်ဝူတံဆိပ်ပြားကို သူ၏ ပစ္စည်းအဖြစ် စိတ်ထဲကနေ ကြိုတင်သတ်မှတ်ထားခဲ့ပြီ ဖြစ်သည်။

ဤယန်ဝူတံဆိပ်ပြားဖြင့်သာ ဆိုလျှင် သူသည် ရှန်းဝူခန်းမကို သိုင်းပညာရပ်တစ်ခု မရရှိသေးသ၍ မည်သည့် ကန့်သတ်ချက်မှ မရှိဘဲ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ဧကရာဇ်သိုင်းပညာရပ် ကိုးခု၏ စမ်းသပ်မှုများကိုပါ ခံယူနိုင်မည်ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် ရှန်းဝူခန်းမထဲမှ ဧကရာဇ်အဆင့် သိုင်းပညာရပ် တစ်ခုကို ရယူရန်မှာ မဖြစ်နိုင်ဟု ဆို၍မရတော့ပေ။

"ဟမ့်.. စောစောစီးစီး ဝမ်းသာမနေနဲ့ဦး.. အခုအချိန်ထိ ကျန်းချန်က ထွက်မလာရသေးဘူး.. သူက သိုင်းပညာရပ် မရနိုင်ဘူးလို့ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ.."

ချိုးရူယွဲ့က နှာခေါင်းရှုံ့၍ အေးစက်စက် ပြောလိုက်သည်။

ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ဆိုလျှင် ရှန်းဝူခန်းမတွင်သိုင်းပညာရပ် ရရှိရန်မှာ မည်မျှခက်ခဲနိုင်သည်ကို သူမ သိသည်။

သို့သော်လည်း ကျန်းချန်သည် နှလုံးလောင်ကျွမ်း ဓားအင်ပါယာရှောင်တုလီ ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး၏ မျက်စိကျခြင်းကိုပင် ခံခဲ့ရသည် ဖြစ်ရာ ထူးခြားသော အစွမ်းတစ်ခုခု ရှိမည်မှာ သေချာသလောက်ပင် ဖြစ်၏။

သူမ၏ မောင်လေးကျန်းသည် အံ့ဖွယ်ကိစ္စများကို ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်ပေလိမ့်မည် မဟုတ်ပါလား။

"ဟားဟား.. ဂျူနီယာ ညီမလေးချိုး.. မင်းက တကယ်ကို အိပ်မက်မက်နေတာပဲ.. ဒီကောင်လေး ရှန်းဝူခန်းမထဲကနေ သိုင်းပညာရပ် ရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ကိစ္စပဲ.. မင်းမယုံရင်ကြည့်နေ ဆယ့်ငါးမိနစ်အတွင်း ဒီကောင်မခံနိုင်ဘဲ ရှန်းဝူခန်းမထဲကနေ အရှက်ကွဲပြီး ထွက်လာလိမ့်မယ်"

ဝမ်ယုံက လှောင်ပြောင်၍ ပြောလိုက်သည်။

"ရွှီး"

သို့သော်လည်း ဝမ်ယုံ၏ စကားအဆုံးမှာပင် လေဟာနယ်ထဲရှိ ရှန်းဝူခန်းမကနေ တောက်ပသော အလင်းတန်းတစ်ခု ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် အောက်ဘက်ရှိလူတိုင်းသည် အံ့အားသင့်ကာ မှင်တက်သွားခဲ့ကြ၏။

သူတို့က လေဟာနယ်ထဲရှိ ရှန်းဝူခန်းမဆီသို့ မော့ကြည့်ရင်း မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"ရှန်းဝူခန်းမရဲ့ ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ်စမ်းသပ်မှု စတင်ခဲ့ပြီလား.. ဒါ..ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အခန်း(၉၄၃)ပြီး၏။

အခန်း(၉၄၄)

လူတိုင်းသည် ရှန်းဝူခန်းမ၏ အထက်မှ အလင်းတန်းကို မှင်တက်၍ ကြည့်နေခဲ့ကြပြီး အသိပြန်ဝင်လာရန်အတွက် အချိန်အတော်ကြာ ယူခဲ့ရသည်။

သူတို့အားလုံးသည် ယန်ဒီမြို့၏ တပည့်များဖြစ်ကြ၍ ရှန်းဝူခန်းမနှင့် ပတ်သက်သည့် အရာအားလုံးကို ကောင်းစွာသိထားကြသည်။

ဘုရင်အဆင့် သိုင်းပညာရပ်တစ်ခုကို ရယူခြင်းသည် ရှန်းဝူခန်းမကို မည်သည့်ထူးခြား ဖြစ်စဥ်ကိုမှ ဖြစ်ပေါ်စေမည် မဟုတ်ပေ။

ဧကရာဇ်သိုင်းပညာရပ်၏ အမွေအနှစ်စမ်းသပ်မှုကို စတင်လိုက်သော အခါမှသာ ရှန်းဝူခန်းမသည် ထိုကဲ့သို့ထူးခြားသော မြင်ကွင်းကို ထုတ်ဖော်ပြသမည် ဖြစ်သည်။

ရှန်းဝူခန်းမသည် တစ်ကြိမ်လျှင် တပည့်တစ်ဦးကိုသာ အစမ်းသပ်ခံရန် ဝင်ရောက်ခွင့်ပြုသည်။

ထို့ကြောင့် ရှန်းဝူခန်းမအထက်ရှိ မြင်ကွင်းသည် အစောပိုင်းကမှ ဝင်သွားသော ကျန်းချန်ကြောင့် ဖြစ်သည်မှာ ထင်ရှားနေ၏။

"ဒီကောင်က ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ် စမ်းသပ်မှုကို စတင်လိုက်တာလား.. ငါ.. ငါ အမြင်မမှားပါဘူးနော်"

ဝမ်ယုံ၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။

သူက မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်၏။

"ဒီခွေးကောင်က သိုင်းသခင်နယ်ပယ် ပထမအဆင့်လောက်နဲ့ ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ် စမ်းသပ်မှုကို စတင်ခဲ့တယ်တဲ့လား..ဒီကောင်ရူးနေပြီထင်တယ်.."

တစ်စုံတစ်ဦးက ပြောလိုက်သည်။

"ဟားဟား..ဒီစောက်ရူးက အသက်ဆယ်ရှိုက်စာတောင် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး..ငါလောင်းဆိုလောင်းရဲတယ်.."

နောက်ထပ်တစ်ဦးကလည်း လှောင်ပြောင်၍ ရေရွတ်လိုက်သည်။

"အသက်ဆယ်ရှိုက် ဟုတ်လား.. မင်းက သူ့ကို အရမ်းအထင်ကြီးနေတာပဲ.. ငါ့အထင်တော့ အသက်သုံးရှိုက် အတွင်း သူ ရှန်းဝူခန်းမထဲကနေ ဝက်သေကောင်လို လူးလှိမ့်ပြီး ထွက်လာလိမ့်မယ်.."

နောက်ထပ်တစ်ဦးကလည်း ထပ်မံ ကဲ့ရဲ့လိုက်သည်။

ယွဲ့ခွင်းယွင်၏ နောက်လိုက်နှစ်ဦးသည် ကျန်းချန်ကိုမထီမဲ့မြင်ပြုကာ လှောင်ပြောင် ပြောဆိုနေခဲ့ကြသည်။

ယွဲ့ခွင်းယွင်က ဘာစကားမှ မပြောသော်လည်း မျက်နှာကမူ အပြုံးပန်းများ ပို၍ ပွင့်လင်းလာခဲ့၏။

သိုင်းသခင်နယ်ပယ် ပထမအဆင့် ကျင့်ကြံခြင်းဖြင့် ရှန်းဝူခန်းမတွင် ဘုရင်အဆင့် သိုင်းပညာရပ် တစ်ခုကို ရယူသောဖြစ်ရပ်သည် အလွန် ရှားပါးသော်လည်း အနည်းဆုံးတော့ ယန်ဒီမြို့၏ သမိုင်းတွင် ဖြစ်ပွားခဲ့ဖူးသည်။

သို့သော်လည်း ဤတစ်ခေါက်ကမူ သိုင်းသခင်နယ်ပယ် ပထမအဆင့်ဖြင့် ဧကရာဇ်သိုင်းပညာရပ် တစ်ခုကို ရရှိရန် ကြိုးစားခြင်း ဖြစ်သည်။

ယန်ဒီမြို့၏ နှစ်ပေါင်းတစ်သောင်းနီးပါး သမိုင်းတစ်လျောက်လုံးတွင် မည်သူကမှ အောင်မြင်မှုမရရှိခဲ့ပေ။

သို့ဖြစ်ရာ ကျန်းချန်ဟူသည့် ကောင်လေးက ဧကရာဇ်အဆင့်အမွေအနှစ်ကို စမ်းသပ်ခံရန် ဆုံးဖြတ်လိုက်ခြင်းသည် သေခြင်းတရားကို ဖိတ်ခေါ်သည်နှင့် မခြားပေ။

"ပြဿနာပဲ"

ချိုးရူယွဲ့၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့ပြီး သူမ၏ ချောမောသော မျက်နှာလေးပင် ဖြူဖျော့သွားခဲ့၏။

"မောင်လေးကျန်းကို ခုနတုန်းက ဘုရင်အဆင့် သိုင်းပညာနဲံ့ဧကရာဇ်သိုင်းပညာရပ်တို့ ကြားက ကွာခြားချက်ကို မိတ်ဆက်ပေးဖို့ မေ့သွားတယ်.. မောင်လေးကျန်းက ဧကရာဇ်အဆင့်သိုင်းပညာရပ် စမ်းသပ်မှု ဆိုတာကို မသိဘဲ စမ်းသပ်မိလိုက်တာများလား"

ရှန်းဝူခန်းမထဲရှိ အစွမ်းထက် သိုင်းပညာရပ်များ၏ အမွေ အနှစ် စမ်းသပ်မှုအားလုံးသည် အလွန်ပင် အန္တရာယ်များ၏။

အင်အားမလုံလောက်ဘဲ အချို့သော အစွမ်းထက်သည့် စမ်းသပ်မှုကို အတင်းအကြပ် စတင်မိလျှင် စိတ်ဝိညာဥ်ကိုထိခိုက်စေနိုင်ပြီး ကျင့်ကြံခြင်း လမ်းစဥ်တွင် အနာဂတ် ထိခိုက်သွားမည် ဖြစ်သည်။

ကျန်းချန်သည် နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏ တစ်ဦးတည်းသော တပည့် ဖြစ်သည်။

ကျန်းချန်သာ တစ်ခုခု ဖြစ်သွားခဲ့လျှင် နောက်ဆုတ်တွဲ ရလဒ်သည် ပိုမို ဆိုးရွားလိမ့်မည် ဖြစ်၏။

ချိုးရူယွဲ့ အတွေးရေယာဥ်ကြောတွင် နစ်မျောနေစဥ်မှာပင် အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် အသက်ငါးရှိုက်စာ အချိန်က ကုန်ဆုံးသွားခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် ရှန်းဝူခန်းမထဲမှ ထွက်ပေါ်လာမည့် အရိပ်အယောင် လုံးဝ မပြသသေးပေ။

"ဒီကလေးက ဘယ်လိုလုပ် ခံနိုင်ရည်ရှိနေရတာလဲ.."

ကျန်းချန်ကို အသက်သုံးရှိုက်စာပင် ခံနိုင်ရည်ရှိမည် မဟုတ်ဟု အစောပိုင်းက ပြောခဲ့သောလူငယ်သည် ရုတ်တရက် လုံးဝမယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"ရှန်းဝူခန်းမရဲ့ စမ်းသပ်မှုက အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေ တဖြည်းဖြည်း တိုးမြင့်လာတယ်.. ဒါကြောင့် အစပိုင်းမှာ အသက်သုံးရှိုက်စာ၊ ငါးရှိုက်စာလောက်ကိုခံနိုင်ရည်ရှိတာလောက်က ဘာမှမခက်ခဲလောက်ပါဘူး"

နောက်ထပ် လူငယ်တစ်ဦးက ယုံကြည်မှုရှိသော အမူအရာဖြင့်ပြောလိုက်သည်။

"ဒါပေမဲ့လည်း ဒီကောင်လေးက အသက်ဆယ်ရှိုက်စာ အချိန်ထိ လုံးဝ ခံနိုင်ရည်မရှိဘူးလို့ ငါအာမခံတယ်.."

ထိုလူငယ် စကားပြောနေစဥ်မှာပင် နောက်ထပ် အသက်ငါးရှိုက်စာ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် ရှန်းဝူခန်းမထဲကနေ ထွက်လာမည့် အရိပ်အယောင် မပြသသေးပေ။

"မဟုတ်သေးဘူး.. တစ်ခုခုတော့ မှားနေပြီ"

သူ အာမခံပြီးပြီးချင်းမှာပင် သူ၏ စကားမှားယွင်းကြောင်း သက်သေပြ ခံလိုက်ရသဖြင့် ထိုလူငယ်၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ပြီး မယုံကြည်နိုင်သော လေသံဖြင့် အော်ဟစ်လိုက်သည်။

"ဒီကောင်လေးက ဧကရာဇ်သိုင်းပညာရပ်ရဲ့ အမွေအနှစ် စမ်းသပ်မှုမှာ အသက်ဆယ်ရှိုက်စာတောင် ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိနေရတာလဲ..ဒါက လုံးဝမှားယွင်းမှုပဲ ဖြစ်ရမယ်"

ထိုလူငယ်၏ အော်ဟစ်သံများကြားတွင် အချိန်သည် တစ်စထက်တစ်စ ကုန်ဆုံးသွားခဲ့သည်။

ဤသို့ဖြင့် အသက်နှစ်ဆယ် ရှိုက်စာ အချိန်က ကုန်လွန်သွားခဲ့သည်။

ကျန်းချန်က ရှန်းဝူခန်းမထဲကနေ အရှက်တကွဲထွက်လာလိမ့်မည်ဟု ယွဲ့ခွင်းယွင်တို့က မျှော်လင့်ထားသော်လည်း ယခုအချိန်ထိ ပေါ်လာမည့်အရိပ်အယောင်ကို မပြသသေးပေ။

ထိုအချိန်တွင် ဝမ်ယုံ နှင့် ယွဲ့ခွင်းယွင် တို့၏ မျက်နှာထက်၌ အံ့ဩထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

အခန်း(၉၄၄)ပြီး၏။

အခန်း(၉၄၅)

သို့သော်လည်း သူတို့ကိုအံ့ဩတုန်လှုပ်စေသည့် ဖြစ်ရပ်များသည် မပြီးဆုံးသေး‌‌ပေ။

အသက်ရှူကြိမ် အရေအတွက်သည် သုံးဆယ်.. လေးဆယ်.. ငါးဆယ်၊

"............."

မကြာမီတွင် တစ်ရာကိုပင် ကျော်လွန်သွားခဲ့သည်။

ယခင်က ကျန်းချန်ကို အားပါးတရ လှောင်ပြောင်ခဲ့ကြသော တပည့်နှစ်ဦးသည် ပါးစပ်ထဲကို ဘဲဥထည့်ထားသကဲ့သို့ ပါးစပ်အဟောင်းသား ဖြစ်ကာ မှင်တက်နေခဲ့ကြ၏။

ယွဲ့ခွင်းယွင် နှင့် ဝမ်ယုံတို့ပင် မျက်လုံးများ ပြူးထွက်မတတ် တုန်လှုပ်နေခဲ့ကြသည်။

"ဒါမဖြစ်နိုင်ဘူး.. ဒီကောင်က ဧကရာဇ် အမွေအနှစ်ရဲ့စမ်းသပ်မှုအောက်မှာ ဒီလောက်အကြာကြီး ဘယ်လိုလုပ်ခံနိုင်ရည်ရှိမှာလဲ"

"ဒါ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ယွဲ့ခွင်းယွင် နှင့် ဝမ်ယုံတို့သည် သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေကြသည်။

ရှန်းဝူခန်းမ၏ ဧကရာဇ်သိုင်းပညာရပ် အမွေအနှစ် စမ်းသပ်မှုသည် မည်မျှခက်ခဲမှန်း သူတို့နှစ်ဦးစလုံး ကောင်းစွာ သိထားကြသည်။

ဧကရာဇ်အဆင့် တပည့်တစ်ဦးအနေဖြင့် ယွဲ့ခွင်းယွင်သဘ် အလွန် မာနကြီးသူတစ်ဦး ဖြစ်သည်။

သူက သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိချိန်တွင် ဧကရာဇ်သိုင်းပညာရပ် အမွေအနှစ် စမ်းသပ်မှုကို ကြိုးစားခဲ့ဖူးသည်။

သို့သော် သူက အစွမ်းကုန်ကြိုးစားခဲ့သည့်တိုင် အသက်သုံးဆယ်ရှိုက်စာ မပြည့်မီမှာပင် ရှန်းဝူခန်းမထဲကနေ အရှက်တကွဲထွက်လာခဲ့ရ၏။

ဆိုရလျှင် သူ၏ လက်ရှိအင်အားဖြင့်ပင် အသက်ရှူကြိမ် တစ်ရာခန့်ကို ခံနိုင်ရည်ရှိရန်မှာ စိတ်ကူးပင် မယဥ်နိုင်သော ကိစ္စ ဖြစ်သည်။

ဝမ်ယုံသည် ရှန်းဝူခန်းမ၏ အစောင့်ခေါင်းဆောင် ဖြစ်သည်။

ထို့ကြောင့် သိုင်းသခင်နယ်ပယ် ပထမအဆင့်ဖြင့် ဧကရာဇ်သိုင်းပညာရပ် အမွေအနှစ်စမ်းသပ်မှုကို ခံနိုင်ရည်ရှိခြင်းသည် မည်သို့သော အဓိပ္ပါယ်ကို သက်ရောက်မှန်း မည်သူ့ထက်မဆို ပို၍သိသည်။

"ဒီကောင်က အင်ပါယာအဆင့် ပါရမီရှင်ပဲ.."

ဤသည်မှာ အင်ပါယာအဆင့် ပါရမီရှင်များသာ လုပ်ဆောင်နိုင်သောကိစ္စ ဖြစ်၏။

သူအစောပိုင်းက လုံးဝ အလေးအနက် မထားခဲ့သည့် ကောင်လေးသည် အင်ပါယာအဆင့် ပါရမီရှင်နှင့် နှိုင်းယှဥ်နိုင်သည့် ကြောက်မက်ဖွယ် ပါရမီရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ယခုအချိန်တွင် ဝမ်ယုံ၏ စိတ်ထဲ၌ ကြောက်ရွံ့တုန်လှုပ်မှုများ ကိန်းအောင်းနေခဲ့သည်။

သူက ယန်ဒီမြို့တွင် ဆယ်နှစ်ကျော် နေထိုင်ခဲ့ရာ ယန်ဒီမြို့၏ အင်ပါယာအဆင့် ပါရမီရှင်များကို ကောင်းစွာ ရင်းနှီးသည်။

သို့သော်လည်း ယန်ဒီမြို့တွင် ထိုကဲ့သို့ ငယ်ရွယ်လွန်းသည့် အင်ပါယာအဆင့် ပါရမီရှင်တစ်ဦး ရှိနေသည်ကို သူလုံးဝမသိခဲ့ပေ။

"ဒီကောင်က ဘယ်သူများလဲ.. ယန်ဒီမြို့မှာ ဒီလို မွန်းစတားဆန်တဲ့ ပါရမီရှင်တစ်ယောက် ဘယ်ကတည်းက ထွက်ပေါ်လာခဲ့တာလဲ"

သိပ်မကြာခင်မှာပင် ဝမ်ယုံ၏ မျက်လုံးများသည် အနည်းငယ်လင်းလက်သွားပြီး စိတ်ထဲတွင် အတွေးတစ်ခုက လက်ခနဲ ဖြစ်သွားကာ တစ်စုံတစ်ရာကို သတိရသွားသကဲ့သို့ ရုတ်တရက် အမူအရာ ပြောင်းလဲသွားခဲ့သည်။

"ဒီကောင်က မနေ့ကမှ အကြီးအကဲ လက်ခံခဲ့တဲ့ တပည့်ရင်းများ ဖြစ်နေမလား.."

ဝမ်ယုံက ထိတ်လန့်သွားခဲ့သည်။

ဤကောင်လေးသည် သာမန်ရိုးရှင်းသော ကောင်လေးတစ်ယောက်ဟုသာ ထင်ရသော်လည်း ဧကရာဇ်သိုင်းပညာရပ်၏ အမွေအနှစ် စမ်းသပ်မှုအောက်တွင် အသက်ရှူကြိမ် တစ်ရာကျော် ကြာသည်အထိ ခံနိုင်ရည်ရှိခဲ့သည်။

ထိုကဲ့သို့သော ကြောက်မက်ဖွယ် စွမ်းရည်မျိုးသည် ယန်ဒီမြို့တစ်မြို့လုံးဖြင့် ယှဥ်ကြည့်လျှင်ပင် အလွန်ရှားပါးသည်။

"သေချာတယ်.. ဒီကောင်က အင်ပါယာအဆင့် ပါရမီရှင်အသစ်ပဲ"

ဝမ်ယုံက ဖြစ်နိုင်ချေ တစ်ခုတည်းကိုသာ တွေးမိခဲ့သည်။

ယင်းမှာ ယမန်နေ့က နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏ တပည့်အရင်း အဖြစ် လက်ခံခြင်းကို ခံရသော အင်ပါယာအဆင့် တပည့်အသစ်ပင် ဖြစ်သည်။

သူက ရှောင်တုလီ၏ တပည့်ဟု ထင်ရခြင်းမှာ နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီသည် အမြင်စူးရှသောသူ တစ်ဦးဖြစ်ပြီး သာမန်အင်ပါယာအဆင့် ပါရမီရှင်များကိုပင် မျက်လုံးထဲ ထည့်သောသူ မဟုတ်သောကြောင့်ပင်။

ထိုကဲ့သို့သော လူမျိုး၏ တပည့်သာလျှင် ယခုလို သာမန်မဟုတ်သည့် စွမ်းဆောင်ရည်နှင့် ခွန်အားကို ပိုင်ဆိုင်နိုင်သည်ဟု သူ ယုံကြည်ခဲ့သည်။

ဤအကြောင်းကို တွေးမိသောအခါတွင် ဝမ်ယုံသည် လေဟာနယ်ထဲရှိ ရှန်းဝူခန်းမဆီသို့ ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ကြည့်လိုက်၏။

သူ၏ နဖူးပေါ်ကနေ ချွေးစေးများသည် ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့သည်။

"စီနီယာအမချိုး.. ညီလေးကျန်းက အရမ်းသန်မာတာပဲ.. အကြီးအကဲ ယွင်ချန်းက အမချိုးကို ဂရုစိုက်ပေးဖို့ ပြောတဲ့အထိ ညီလေးကျန်းကို သဘောကျတာ အံ့သြစရာ

မဟုတ်တော့ဘူး"

"ဟုတ်တယ်.. အခုဆိုရင် အသက်ရှူကြိမ်က တစ်ရာတောင်ကျော်သွားပြီ.. ညီလေးကျန်းက မအောင်မြင်ခဲ့ရင်တောင် ဂုဏ်ယူဖို့ လုံလောက်နေပြီ"

ကျန်းချန်က ရှန်းဝူခန်းမထဲကနေ မထွက်လာသေးသော်လည်း အသက်ရှူကြိမ် တစ်ရာကျော် ကြာသည်အထိ ခံနိုင်ရည်ရှိခဲ့သည်ကို မြင်လျှင် ချိုးရူယွဲ့၏ အနောက်မှ တပည့်များသည် အံ့ဩချီးကျူးလိုက်ကြသည်။

"မောင်လေးကျန်း.. နင်က နှလုံး‌လောင်ကျွမ်း ဓားအင်ပါယာရှောင်တုလီရဲ့ ချစ်တပည့် ဖြစ်ထိုက်ပါပေတယ်.. နင့်ရဲ့ စွမ်းဆောင်ရည်က အင်ပါယာအဆင့် ပါရမီရှင်တွေထက် လုံးဝ မနိမ့်ဘူးပဲ"

ချိုးရူယွဲ့က လေဟာနယ်ထဲရှိ ရှန်းဝူခန်းမကို မျက်တောင်မခတ်တမ်း ကြည့်နေခဲ့သည်။

သူမ၏ မျက်လုံးလေးတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။

အစောကတည်းကပင် နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏ နှစ်သက်သဘောကျခြင်းကို ခံရသူသည် သာမန် ပုဂ္ဂိုလ်တစ်ဦး မဟုတ်သည်ကို သူမ တွေးမိသင့်သည်။

ယနေ့တွင် ရလဒ်က မည်သို့ပင်ရှိစေကာမူ ကျန်းချန် ဟူသောအမည်နာမသည် ယန်ဒီ တစ်မြို့လုံးကို လှုပ်ခတ်သွားစေရန် လုံလောက်နေပြီ မဟုတ်ပါလော။

အခန်း(၉၄၅)ပြီး၏။

All Chapters