← Chapters

လျှပ်တပြက်သေဆုံးရခြင်း

Vol. 30 Ch. 407

လျှပ်တပြက်သေဆုံးရခြင်း

Vol. 30 Ch. 407

ရန်သူက ဓားဆွဲထုတ်လိုက်သည်ကို ကျန်းလန် စောင့်ကြည့်နေ၏။

ထိုသူက ဓားကိုင်လိုက်သည်နှင့် စိတ်နေစိတ်ထားပါ ပြောင်းလဲသွားသည်ကို သတိပြုလိုက်မိသည်။ အေးစိမ့်သည့် ဓားဝိညာဉ်က ပတ်ဝန်းကျင်တစ်ခုလုံးသို့ စတင်ပျံ့နှံ့လာသည်။

တစ်ဖက်လူက တိုက်ခိုက်မည်ဆိုလျှင် သူ့ဘက်ကလည်း တိုက်ခိုက်ရမည်ပင်။ မျက်စိတ်တစ်မှိတ်အတွင်းမှာပင် ရန်သူ၏ဓားက သူ့မျက်စိရှေ့သို့ ရောက်ရှိလာသည်။

"မြန်လှချည်လား…"

ကျန်းလန် တွေးလိုက်သည်။

ထိုသူက အခွင့်အရေးကို လက်လွှတ်မခံဘဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ကံကောင်းသည်မှာ ကျန်းလန်ကလည်း သတိတစ်ချက် မလွတ်ခဲ့ပေ။

ရန်သူကို လျှော့တွက်မိသည်နှင့် အန္တရယ်ကြုံမည်ဖြစ်ကြောင်း နားလည်ထားပြီးသား ဖြစ်သည်။

သူ့မျက်စိရှေ့ရောက်လာသည့် ဓားရှည်ကို ကျန်းလန်က လက်နှစ်ချောင်းဖြင့်အသာညှပ်ကာ ချိုးပစ်လိုက်သည်။

"ကလန်…"

ဓားချက်ကလမ်းလွဲသွားပြီး ကျင်းယွမ်သည်လည်း လွင့်ထွက်သွား၏။

"သူက ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားတာလား"

ကျင်းယွမ် တွေးလိုက်သည်။

"ငါထင်ထားတဲ့အတိုင်းပဲ ၊ သူ့ကို စောင့်ကြည့်နေကြတဲ့သူတွေအကုန်လုံး အသံတစ်စက်မထွက်ဘဲ သေကုန်ကြတာ ၊ ခွန်လွန်တောင်က ရှင်းပစ်လိုက်တယ်လို့ ထင်ရပေမယ့် ဒီကောင်ကလည်း အတော်လေး ပုံမှန်မဟုတ်ဘူးပဲ ၊ တကယ်တော့ ရန်သူတွေအကုန်လုံကို မျက်စိဒေါက်ထောက်ကြည့်နေဖို့ ခွန်လွန်တောင်အတွက် မဖြစ်နိုင်ဘူး"

"ဒါပေမဲ့ အားလုံးက တိတ်တဆိတ်သေဆုံးသွားကြတယ် ၊ ကြည့်ရတာ အားလုံးကို သူ… သူ သတ်ဖြတ်ပစ်လိုက်တာ ဖြစ်ရမယ်"

ထိုသို့တွေးမိသည်နှင့် ကျင်းယွမ် အံ့သြတုန်လှုပ်သွားသည်။

တစ်ဖက်လူက ထူးခြားစွာပင် တန်ခိုးစွမ်းအားမြင့်မားလွန်းနေခဲ့သည်။

ထိုသူက လက်နှစ်ချောင်းတည်းဖြင့် သူ၏ဓားချက်ကို ဖျက်စီးပစ်ခဲ့သည်။ သူ့လို အစစ်အမှန်အင်မော်တယ်တစ်ယောက်ပင် ထိုသူ၏ တန်ခိုးစွမ်းအားကို မယှဉ်နိုင်ခဲ့ပေ။

ထို့ပြင် တစ်ဖက်လူက အဘယ့်ကြောင့် ထိုမျှတန်ခိုးစွမ်းအား မြင့်မားနေရကြောင်း သူ နားမလည်ခဲ့ပေ။ ထိုသူ ကောင်းကင်လှေကားကို တက်ခဲ့သည်မှာ အလွန်ဆုံးရှိမှ နှစ်ပေါင်းလေးရာ ငါးရာ မျှသာရှိသေးသည်။

ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံရုံမျှဖြင့် ဤအဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။

ကျင်းယွမ် ချက်ချင်း အသိပြန်ဝင်လာသည်။

ယခုအချိန်က စဉ်းစားနေရမည့်အချိန်မဟုတ်ဘဲ တိုက်ခိုက်ရမည့်အချိန် ဖြစ်၏။

ဓားရောင်တစ်ချက်လင်းလက်သွားပြီး ကျင်းယွမ်၏ ရုပ်ခန္ဓာနှင့်စိတ်ဝိညာဉ် တစ်သားတည်းကျသွားကာ ဆက်လက်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

သို့သော် သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ သူ့ရှေ့သို့ရောက်ရှိနေသည့် ကျန်းလန်ကို တွေ့လိုက်ရသည်။

ကျန်းလန်၏ လက်သီးချက်က သူ့ထံသို့ ဝင်ရောက်လာလေရာ ကျင်းယွမ်က ချက်ချင်းပင် လက်သီးချက်ကို ဓားဖြင့် ထိုးစိုက်ချလိုက်သည်။

"ဘုန်း"

တန်ခိုးစွမ်းအားအတက်အကျများ ဖြစ်ပေါ်သွားပြီး အက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။

"ခရက်"

"ဘန်း"

ကျန်းလန်၏ လက်သီးချက်အောက်တွင် ဓားက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။ သူ၏လက်သီးချက်ကို မည်သည့်အရာမှ ရပ်တန့်နိုင်မည် မဟုတ်ပေ။

ကျင်းယွမ်၏ မျက်ဝန်းအိမ်များ မှိန်ဖျော့သွားသည်။ တစ်ဖက်လူ၏ လက်သီးချက်က သူ့ခန္ဓာကိုယ်ထက် ကျရောက်လာတော့မည်ကို သိရှိလိုက်သည်။

"ဘုန်း…"

လက်သီးချက်က သူ့ခန္ဓာကိုယ်ထက် ကျရောက်လာ၏။

စူးစူးဝါးဝါး အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး အာရုံခံစားမှုများ ဆုံးရှုံးသွားသည်။ သူ၏ အသွေးအသား ၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများအားလုံး တစ်ခဏအတွင်း ကွဲကြေသွားပြီဖြစ်သည်။

သူ၏ ဝိညာဉ်သည်ပင် ကွဲကြေလုမတတ် ခံစားရသည်။

သူ သေဆုံးရတော့မည်ဖြစ်ပြီး သူ့အတွက် ပြန်လမ်းမရှိတော့ပေ။ သို့သော် အနည်းငယ်တော့ တွေးတောနိုင်စွမ်း ရှိနေသေးသည်။

"ဘန်း"

ကျင်းယွမ်လဲကျသွားပြီး သူ့ခန္ဓာကိုယ်က သွေးမှုံများအဖြစ်ပြောင်းလဲသွားကာ ပတ်ဝန်းကျင်တစ်ခုလုံး သွေးမှုံများ လွင့်ပျံနေသည်ကို တွေ့မြင်နေရသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးမှုံများအဖြစ်ပြောင်းလဲသွားခဲ့လေပြီ။

အားလုံးပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

သူ သေရမည်ဟု တွေးထားပြီးသားဖြစ်သော်လည်း ဤကဲ့သို့ အသတ်ခံရလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

မပီဝိုးတဝါးမြင်နေရသည့် ကျန်းလန်၏အသွင်အပြင်ကို လှမ်းကြည့်ရင် နားလည်နိုင်စွမ်းတို့ ပျောက်ဆုံးခဲ့ရသည်။

"နောက်ဆုံးမှာချင်တဲ့စကား ရှိသလား"

ကျန်းလန်၏ အေးစက်စက်အသံက သူ့စိတ်အာရုံထဲ တိုးဝင်လာသည်။

ကျင်းယွမ်က…

"နတ်လူသားမျိုးနွယ်တွေက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"

သူ ထိုစကားကို ပြောချင်နေသည်မှာ ကြာပြီဖြစ်သည့်တိုင် ခန္ဓာကိုယ်မှ နာကျင်မှုများကြောင့် ပြောမထွက်နိုင်ခဲ့ပေ။

နတ်လူသားမျိုးနွယ်များက အလျှော့ပေးမည် မဟုတ်ပေ။ သူတို့ကို ကျန်းလန်ကို အဆုံးသတ်ပစ်ရန် ပိုမိုပြီး တန်ခိုးစွမ်းအားမြင့်မားသူများကို စေလွှတ်ကြဦးမည် ဖြစ်သည်။

သူသေသွားပြီးလျှင် နတ်လူသားမျိုးနွယ်များက ဤကိစ္စကို ပိုပြီးအလေးအနက်ထားလာကြမည်မှာ အသေအချာပင်။

ကျန်းလန်က…

"ကျုပ်သိပါတယ် ၊ ငရဲသွားမယ့်လမ်းမှာ နောက်ကလိုက်လာမယ့်သူတွေကို မင်း စောင့်နိုင်မယ်ဆိုရင် စောင့်နေလိုက် ၊ လမ်းက နည်းနည်းမှောင်တော့ လူများများနဲ့သွားမှ အန္တရယ်ကင်းလိမ့်မယ်"

ကျန်းလန်က စကားကို အလေးအနက်ပြောနေခြင်း ဟုတ် မဟုတ် သိရှိနိုင်ရန် ကျင်းယွမ် အစွမ်းကုန်ကြိုးစားနားထောင်နေမိသည်။

သို့သော် သူ့မျက်လုံးများက ဝေဝါးနေပြီး သူ့ကို အဆုံသတ်ပေးတော့မည့် ကျန်းလန်ကို ယောင်ဝါးဝါး တွေ့မြင်နေရသည်။

"ကျုပ်စောင့်နေမယ်"

ထိုစကားက ကျင်းယွမ်ပြောလိုက်သည့် နောက်ဆုံးစကား ဖြစ်သည်။ ဤသည်က သူမျှော်လင့်သည့်အရာလည်း ဖြစ်၏။

"ဘန်း…"

သွေးမှုံများ နေရာအနှံ့သို့ ပျံ့ကျဲသွားသည်။

ထို့နောက် ချက်ချင်းပင် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အမြင့်ဆုံးအဆင့်ထုတ်ဖော်လိုက်သည်။

သွေးမှုံများဖုံးလွှမ်းနေသည့် ရေခဲပုစဉ်းရင်ကွဲတောအုပ်အလယ်တွင် ကျန်းလန် မတ်တတ်ရပ်လျှက် ရှိသည်။

သူ့ကို အန္တရယ်ပေးနိုင်သည့် တစ်စုံတစ်ယောက် ရှိနေသည်ကို အာရုံခံမိသည့်အတွက် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အမြင့်ဆုံးအင့် ထုတ်ဖော်လိုက်ရခြင်း ဖြစ်၏။

သူသတ်လိုက်သည့်ပုဂ္ဂိုလ်၏နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် ကိစ္စတစ်ခု ရှိနေကြောင်း ကျန်းလန် အာရုံခံမိသည်။

လူတစ်ယောက်သည် အားနည်းသည်ဆိုလျှင် မည်သည့်အရာကိုမှ လွတ်လပ်စွာပြုလုပ်နိုင်မည်မဟုတ်ဘဲ အဆုံးသတ်တွင် ဒုက္ခရောက်ရမည် ဖြစ်သည်။ တန်ခိုးစွမ်းအားမြင့်မားနေမှသာလျှင် ကရုဏာတရားထားက လောကကို ကယ်တင်နိုင်မည် ဖြစ်သည်။

လက်ရှိတွင် သူက အလွန်အားနည်းနေသေးလေရာ တတ်နိုင်သမျှ လျှို့ဝှက်နေထိုင်သည်က အကောင်းဆုံး ဖြစ်သည်။

"ဟူး…"

ထိုခဏမှာပင်…

သူ့ထံသို့ လျှင်မြန်စွာ ချဉ်းကပ်လာနေသည့် ရောင်ဝါတစ်ခုကို ကျန်းလန် အာရုံခံလိုက်မိသည်။

ထို့နောက် ပတ်ဝန်းကျင်မှ သွေးမှုံများ တဖြည်းဖြည်း စုစည်းသွားပြီး ပုလဲလုံးအရွယ် သွေးလုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

"သူ တကယ်ရောက်လာတာပဲ"

ကျန်းလန် တွေးလိုက်သည်။

အရင်တစ်ခေါက် နတ်လူသားမျိုးနွယ်တစ်ယောက်ကို သတ်ဖြတ်လိုက်စဉ်ကလည်း ထိုလူ ရောက်လာခဲ့သည်ပင်။ ယခုတစ်ခါလည်း ထိုသို့ပင် ဖြစ်၏။

ထိုသူက နတ်လူသားမျိုးနွယ်များ၏ အသွေးအသားကို အဘယ့်ကြောင့် သဘောကျနှစ်သက်ရကြောင်း ကျန်းလန် နားလည်ခြင်း မရှိပေ။ သို့တည်းမဟုတ် သူသတ်ဖြတ်လိုက်သည့် နတ်လူသားမျိုးနွယ် (၂)ယောက်ကပဲ ထူးခြားမှုတစ်ခုခု ရှိနေလေသလား။

"ကောင်လေး ၊ ကျုပ်တို့ပြန်ဆုံကြပြန်ပြီနော် ၊ ဒါနဲ့… မင်းက နတ်လူသားမျိုးနွယ်တွေက ရန်ငြိုးရှိတာလား"

ရောက်ရှိလာသူက ဧကရာဇ်ရှီးဟယ်မှလွဲပြီး အခြားသူ မဟုတ်ပေ။ သို့သော် လူကိုယ်တိုင်ရောက်ရှိလာခြင်းမဟုတ်ဘဲ ရောင်ဝါတစ်ခုသာ ရောက်ရှိလာခြင်း ဖြစ်သည်။

ထိုရောင်ဝါကို တွေ့မြင်လိုက်ရသည်နှင့် ကျန်းလန် ချက်ချင်းပင် သတိအနေအထား ဖြစ်သွားသည်။

ကျန်းလန်က…

"အကြီးအကဲ… နတ်လူသားမျိုးနွယ်တွေက ဘာတွေများ ကြံစီနေကြသလဲဆိုတာ သိပါသလား"

သူက နတ်လူသားမျိုးနွယ်၏ အသွေးအသားများကို ဧကရာဇ်ရှီးဟယ် အဘယ့်ကြောင့်လိုချင်ရသည်ကိုတော့ မမေးမြန်းရဲပေ။ လျှို့ဝှက်ကိစ္စတစ်ခုတွင် ပါဝင်ပတ်သက်မိမည်ကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။

နတ်လူသားမျိုးနွယ်များနှင့် ရန်ငြိုး ရှိ မရှိ ဆိုသည့် မေးခွန်းမျိုးကိုတော့ ကျန်းလန် ဖြေဆိုမည်မဟုတ်ပေ။ မဟုတ်ပါက တစ်ဖက်လူက သူ မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းရလွယ်ကူသွားမည် ဖြစ်သည်။

"အင်း… ၊ သူတို့ နတ်ဘုရားရာထူးရဖို့ သိပ်မကြာတော့ဘူးထင်တာပဲ  ၊ အဝေးကနေ ရောင်ဝါတစ်ခုကို ကျုပ်ခံစားမိတယ် ၊ ပြီးတော့ ဒီလူဆီကနေလည်း ရောင်ဝါထွက်ပေါ်နေတာကို ကျုပ်သိတယ် ၊ ဒီလူ ထွက်သွားတော့မယ်လို့ ကျုပ်ထင်နေတာ ၊ ဒါပေမဲ့ မင်းလက်ချက်နဲ့ သေရမယ်လို့ တွေးမထားမိဘူးလေ"

ဧကရာဇ်ရှီးဟယ်က ဆက်ပြောသည်။

"မင်းလည်း နတ်လူသားမျိုးနွယ်တွေ နတ်ဘုရားရာထူးရသွားမှာ မဖြစ်ချင်ဘူး မဟုတ်လား"

ကျန်းလန်က ထိုမေးခွန်းကို ပြန်မဖြေပေ။

သူ အဖြေပေးလိုက်သည်နှင့် နတ်လူသားမျိုးနွယ်များကို သူ သတ်ဖြတ်နေရသည့်အကြောင်းရင်းကို ဧကရာဇ်ရှီးဟယ် ခန့်မှန်းမိသွားမည် ဖြစ်သည်။ စကားတစ်ခွန်းဖြင့် တစ်ဖက်လူက အချက်အလက်များစွာကို ကောက်ချက်သွားနိုင်ပေလိမ့်မည်။

ကျန်းလန် တိတ်ဆိတ်နေသည်ကို ဧကရာဇ်ရှီးဟယ်က စိတ်ထဲမထားပေ။ လူတိုင်းတွင် လျှို့ဝှက်ချက်ကိုယ်စီရှီကြလေရာ အခြားသူများ၏ လျှို့ဝှက်ချက်ကို သူ စိတ်မဝင်စားပေ။

ခွန်လွန်တောင်အတွက် အန္တရယ်မရှိသရွေ့ ကျန်းလန် ဘာကိုပဲ ဖုံးကွယ်ထားပါစေ ခွင့်ပြုထားမည် ဖြစ်သည်။

သူက စကားဆက်ပြောသည်။

"ဇာမဏီမျိုးနွယ်တွေနဲ့ နတ်လူသားမျိုးနွယ်တွေက နတ်ဘုရားရာထူး ရယူလိုကြတယ် ၊ ဒါပေမဲ့ ဘာလို့ အခုထိ မရကြသေးလဲ သိလား"

ကျန်းလန်က လေးစားစွာဖြင့်ပင် စကားဆိုသည်။

"မသိပါဘူး ၊ အကြီးအကဲ အလင်းပြပေးပါ"

နတ်ဘုရားရာထူးများနှင့်ပတ်သက်ပြီး ဧကရာဇ်ရှီးဟယ်က အမှန်တကယ်ပင် သိမြင်နိုင်စွမ်း မြင့်မားသည်။

ကျန်းလန်က ထိုအကြောင်းအရာများကို သိချင်သည့်တိုင် မသိသင့်သည့်အကြောင်းများ ဖြစ်နေပါက ဆက်လက်မေးမြန်းခြင်းမပြုရန် ဆုံးဖြတ်ထားသည်။

ထိုအကြောင်းအရာများကို သိသည်ဖြစ်စေ ၊ မသိသည်ဖြစ်စေ သူ့အတွက် ထူးခြားမှု ရှိမည် မဟုတ်ပေ။ သို့သော် ယခု ဧကရာဇ်ရှီးဟယ်က ပြောပြမည့်ဟန်ရှိလေရာ သူသိသင့်သိထိုက်သည့်ကိစ္စများ ဖြစ်ဟန်တူသည်။

အလယ်ပိုင်းလွင်ပြင်ဒေသတွင် နတ်လူသားမျိုးနွယ်များနှင့် ဇာမဏီမျိုးနွယ်များ၏ တိုက်ပွဲက တဖြည်းဖြည်း အဆုံးသတ်ပေတော့မည်။

တိုက်ပွဲပြီးလျှင်တော့ နတ်လူသားမျိုးနွယ်များ သူ့ကိုရှင်းပစ်ရန် ပိုပြီး အာရုံစိုက်လာကြမည်ဖြစ်သည်။ ဤသည်က တကယ့်ပြဿနာပင်။

အပြင်သို့သိပ်မထွက်ဘဲ နဝမတောင်ထွတ်တွင် ပုန်းအောင်းနေခြင်းက သူ့အတွက် အကောင်းဆုံး ဖြစ်၏။ ဆရာဖြစ်သူကတော့ သူ အပြင်သို့မထွက်သည့်အတွက် အတွေ့အကြုံမရမည်ကို စိုးရိမ်ပေလိမ့်မည်။

ပြင်ပလောကသို့ (၂)ကြိမ်ထွက်ခွာရသည့် အကြောင်းရင်းကိုလည်း ဆရာဖြစ်သူက သိရှိသွားခဲ့ပြီ မဟုတ်ပါလား။

သူက အတွေ့အကြုံရယူရန် ပြင်ပလောကိသို့ သွားရောက်ခြင်း မဟုတ်ခဲ့ပေ။ ပြင်ပလောကတွင် နေရာတစ်ခု ရှာဖွေပြီး တစ်ယောက်တည်း ကျင့်ကြံနေခြင်း ဖြစ်သည်။

ဧကရာဇ်ရှီးဟယ်က...

"ကျုပ်ရဲ့ နတ်ဘုရားရာထူးရှေ့ဆက်နာမည်က ဘာလဲ"

"ရှေးဟောင်းအနောက်နန်းတော်"

ကျန်းလန် သတိထားကာ ပြန်ဖြေလိုက်သည်။

မလိုလားအပ်သည့် ပြဿနာများဖြစ်လာမည်စိုးရိမ်သောကြောင့် စကားအပိုများ မဆိုဝံ့ပေ။ ပြီးတော့ သူက ပတ်ဝန်းကျင်ကို အာရုံဖြန့်ကျက်ထားပြီး အန္တရယ်ကြုံလျှင် ပြေးရန် အသင့်ပြင်ထားသည်။

ဧကရာဇ်ရှီးဟယ်၏ တန်ခိုးစွမ်းအားက သူ့ထက် အဆပေါင်းများစွာ ပိုမိုမြင့်မားလေရာ ထိုသို့သောပုဂ္ဂုလ်မျိုးနှင့် ရင်ဆိုင်ရာတွင် ခုခံတိုက်ခိုက်သည်ထက် ထွက်ပြေးသည်က အကောင်းဆုံး ဖြစ်၏။

မပြေးနိုင်ဘူးဆိုလျှင်တော့ ဆရာဖြစ်သူထံ အကူအညီတောင်းရပေလိမ့်မည်။

"ဟုတ်တယ် ၊ ရှေးဟောင်းအနောက်နန်းတော်ပဲ ၊ ရှေးဟောင်းအနောက်နန်းတော် ဘာလို့ဖြစ်ရလဲဆိုတော့ ခွန်လွန်တောင်က အနောက်ဘက်စွန့်ပစ်နယ်မြေမှာ တည်ရှိလို့ပဲ"

ရှင်းပြပြီးသည်နှင့် ဧကရာဇ်ရှီးဟယ်က ထပ်မေးသည်။

"နတ်မိစ္ဆာတွေရဲ့ နတ်ဘုရားရာထူး အမည်ရှေ့မှာရော ရှေ့ဆက်စာလုံးက ဘာလဲ "

ကျန်းလန်က...

"ရှေးဟောင်းမြောက်ပိုင်းနန်းတော်"

ဧကရာဇ်ရှီးဟယ်က ဆက်ရှင်းပြသည်။

"နတ်မိစ္ဆာတွေက မြောက်ပိုင်းစွန့်ပစ်နယ်မြေမှာ ကျက်စားတဲ့အတွက် သူတို့က ရှေးဟောင်းမြောက်ပိုင်းနန်းတော်နဲ့ ဆက်စပ်နေတယ် ၊ မြေအောက်နတ်ဆိုးတွေကတော့ တောင်ပိုင်းမှာနေကြတဲ့အတွက် ရှေးဟောင်းတောင်ပိုင်းနန်းတော်လို့ နတ်ဘုရားရာထူးနာမည်ရှေ့မှာပါတယ် ၊ အရှေ့ဘက်စွန့်ပစ်နယ်မြေကတော့ အရမ်းနှေးကွေးလွန်းတယ် ၊ အခုထိ နတ်ဘုရားရာထူး ရရှိတဲ့သူ မရှိသေးဘူး"

"အလယ်ပိုင်းလွင်ပြင်ဒေသက နတ်လူသားမျိုးနွယ်တွေနဲ့ ဇာမဏီမျိုးနွယ်တွေကလည်း အချိန်အတော်ကြာ ကြိုးစားခဲ့ကြပေမယ့် အခုချိန်ထိ နတ်ဘုရားရာထူး မရကြသေးဘူး ၊ တကယ်ဆိုရင် ဇာမဏီမျိုးနွယ်တွေအနေနဲ့ နတ်မိစ္ဆာတွေထက် နောက်မကျဘဲ နတ်ဘုရားရာထူးတစ်ခု ရခဲ့သင့်တာ ၊ ဒါပေမဲ့ သူတို့တွေ နတ်ဘုရားရာထူးကို မရယူနိုင်ကြသေးဘူး"

"ဘာလို့လဲဆိုတော့ သူတို့က အလယ်ပိုင်းလွင်ပြင်ဒေသမှာ နေထိုင်ကြတဲ့သူတွေဖြစ်လို့ပဲ ၊ ဒီတော့… အလယ်ပိုင်းလွင်ပြင်ဒေသနဲ့သက်ဆိုင်တဲ့နတ်ဘုရားရာထူးကို မင်း ဘယ်လိုထင်လဲ"

ဧကရာဇ်ရှီးဟယ်က ကျန်းလန်ကို မေးမြန်းလိုက်လေ၏။

***

All Chapters