ကပ်ဘေး ဆင်းသက်ခြင်း
Vol. 158 Ch. 2359
ယန်လောရှုသည် မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်ကို ကျင့်ကြံထားပြီး သူက အမြဲတမ်း စိတ်ဖြောင့်၍ ရိုးသားမှုရှိ၏။ သူက အားနည်းသူများအပေါ် ညှာတာထောက်ထားတတ်ပြီး မှန်ကန်ဖြောင့်မတ်မှုဖြင့် ပြည့်နှက်နေ၏။
ဖန့်ချင်းယွင်တို့ အုပ်စုကတော့ သူတို့သည် အများအကျိုးဆောင်သည့် ပုံစံဖြင့် ကျင့်ဝတ်ထုံးတမ်းများကို ပြောဆိုကာ အဲဒါကို တက္ကသိုလ်အတွက် ပြုလုပ်ပေးနေသည်ဟု ပြောသော်လည်း တကယ်တမ်းမှာတော့ သူတို့မှာ အခြားသော ရည်ရွယ်ချက်များနှင့် အကြံအစည်များရှိနေသည်။
ယခု ယန်လောရှုက အခန်းအောင်းနေရာကနေ ထွက်လာပြီး သူ၏ ဒဏ်ရာများက သက်သာပျောက်ကင်းနေကာ သူသည် ယခင်ကထက်ပင် ပိုမိုသန်မာလာသည့်ပုံပေါ်၏။ သူ့လက်ထဲရှိ မှန်ကန်ဖြောင့်မတ်ခြင်းဓားကို ဘယ်သူက ယူရဲတော့မှာလဲ။
မှန်ကန်ဖြောင့်မတ်ခြင်းဓားကို ရရှိဖို့ ဘယ်သူက အဆင့်မီမှာလဲ။
မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်ကို လက်ဆင့်ကမ်းလာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်၏။ သို့သော်လည်း သမိုင်းတစ်လျှောက်မှာ အဲဒါကို ကျင့်ကြံနိုင်ခဲ့သည့်လူက များစွာမရှိပေ။ အဲဒါကို အဆင့်မြင့်ကျွမ်းကျင်မှု ရရှိအောင် ကျင့်ကြံနိုင်သည့်သူက ပို၍ပင် နည်းပါး၏။
တက္ကသိုလ်၏ ဒီဘက်မျိုးဆက်မှာ ယန်လောရှုတစ်ယောက်ကသာလျှင် မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်ကို အောင်အောင်မြင်မြင် ကျင့်ကြံထားနိုင်၏။
ချန်ချီက ဤသုတ္တန်ကို သူကျင့်ကြံထားသည်ဟု ဆိုသော်လည်း တကယ်တမ်းမှာတော့ သူသည် ရေခဲတောင်၏ ထိပ်ဖျားမျှကိုသာ ကျင့်ကြံထားပြီး ၎င်း၏ အစစ်အမှန်စွမ်းအားကို မထုတ်ဖော်နိုင်ပေ။
အင်မော်တယ်ကျင့်ကြံရေးလောကမှာ သူတို့သည် ရှက်စရာကောင်းသော တစ်စုံတစ်ရာကို မပြုလုပ်ဟု ဘယ်သူက အာမခံနိုင်ပါ့မလဲ။
သူတို့သည် မှားယွင်းသော တစ်စုံတစ်ရာကို ပြုလုပ်ခြင်း မရှိဟု ဘယ်သူက အာမခံနိုင်ပါ့မလဲ။
သူတို့ ပြုလုပ်သော အရာရာတိုင်းက ဂုဏ်ယူဖွယ်ရာကောင်းနေလိမ့်မည်ဟု ဘယ်သူက အာမခံနိုင်ပါ့မလဲ။
အတွင်းဂိုဏ်းမှာ မပြောနှင့်၊ အကြီးအကဲများ အပါအဝင် တက္ကသိုလ်တစ်ခုလုံးမှာပင် ယန်လောရှုတစ်ယောက်တည်းကသာ မှန်ကန်ဖြောင့်မတ်ခြင်းဓားကို ကိုင်ဆွဲဖို့ ထိုက်တန်၏။
ယန်လောရှု၏ ထိခိုက်ဒဏ်ရာများက လုံးလုံးလျားလျား ပြန်လည်ကောင်းမွန်သွားလိမ့်မည်ဟု ဖန့်ချင်းယွင်က ထင်မှတ်မထားခဲ့ပေ။
ယန်လောရှု ထွက်ပေါ်လာသည့် ခဏမှာပင် သူ၏ အကြံအစည်များ အားလုံးက ပျက်စီးသွားပြီ ဖြစ်၏။
အဲဒီမှာ လူပေါင်းတစ်သောင်းကျော် ရှိနေသော်လည်း သူတို့က ပြန့်ကျဲနေသော သဲမှုန်များကဲ့သို့ ဖြစ်နေ၏။
ဖန့်ချင်းယွင်က အတွင်းဂိုဏ်းတပည့်တစ်ယောက် ဖြစ်သော်လည်း သူသည် မှန်ကန်ဖြောင့်မတ်ခြင်းဓားကို ကိုင်ဆွဲထားသည့် ယန်လောရှု၏ အော်ရာကို မယှဉ်နိုင်ပေ။
“လက်စသတ်တော့ ဂျူနီယာညီယန်… မင်းရဲ့ ဒဏ်ရာတွေက သက်သာပျောက်ကင်းသွားပြီပဲ… ဂုဏ်ယူပါတယ်”
ဖန့်ချင်းယွင်က လိုက်လျောညီထွေစွာ ပြုမူလှုပ်ရှားတတ်ပြီး သူက ယန်လောရှုနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ စိတ်ကူးမရှိပေ။ ထိုအစား သူက ခြေတစ်လှမ်း နောက်ဆုတ်ပြီး လက်သီးနှစ်ဖက်ကို ယှက်ကာ ဂုဏ်ယူကြောင်း ပြောဆိုလိုက်၏။
ယန်လောရှုက ပြန်ဖြေခြင်း မရှိဘဲ ဖန့်ချင်းယွင်ကို အေးစက်စွာ စိုက်ကြည့်နေ၏။ ထို့နောက် သူက သူ၏ ခေါင်းကို မော့ပြီး တင်းမာခက်ထန်သော အမူအရာဖြင့် ကောင်းကင်ထက်ကို မော့ကြည့်လိုက်၏။
အဲဒါသည် အစက မွန်းတည့်ချိန်ဖြစ်ပြီး နေက အလျှံညီးညီး တောက်ပနေ၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ နက်မှောင်နေသည့် တိမ်စိုင်များက တက္ကသိုလ်၏ အထက်ကောင်းကင်မှာ စုဝေးလာပြီး ကောင်းကင်က တဖြည်းဖြည်း မှောင်မည်းလာခဲ့၏။
“ဒါက…”
ဖန့်ချင်းယွင်နှင့် အခြားသူများက ထိုသည်ကို သတိထားမိသောအခါ တုန်လှုပ်သွားကြ၏။
“သူက ကပ်ဘေးဆင်းသက်ခြင်းကို ခံယူတော့မှာပဲ”
ထိုအသံ ထွက်ပေါ်လာသည့် ခဏမှာပင် အဲဒါသည် ဝဲဂယက်တစ်ထောင်ကို ဖြစ်ပေါ်စေသော ကျောက်တုံးတစ်တုံးကဲ့သို့ လူအုပ်ကြားထဲမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွား၏။
“ယန်လောရှုက ဒီလိုမျိုး ကပ်ဘေးတစ်ခုကို ကြုံတွေ့ပြီးတဲ့နောက် အဲဒီကနေ အမှန်တကယ် အကျိုးအမြတ် ရယူနိုင်ခဲ့တာပဲ… သူက သေရေး ရှင်ရေး အခိုက်အတန့်ကို ဖြတ်ကျော်ပြီး ပကတိဧကနယ်ပယ်ကို တက်လှမ်းတော့မယ်”
“ဟမ်… အဲဒါက အဲ့လောက် မလွယ်ဘူး… သမိုင်းတစ်လျှောက်မှာ ကပ်ဘေးဆင်းသက်ခြင်းကို ခံယူခဲ့တဲ့သူတွေ အများကြီးရှိတယ်… ဒါပေမဲ့ သူတို့ထဲက ၃၀ ရာခိုင်နှုန်းလောက်ကပဲ ကောင်းကင်ဘုံကပ်ဘေး ၉ခုထဲက ၆ခုမှာ ရှင်သန်နိုင်ပြီး သူတို့ရဲ့ တာအိုသစ်သီးတွေကို စုဖွဲ့နိုင်ကြတာ”
“ဘာပဲဖြစ်ဖြစ် ယန်လောရှုက ဒီအဆင့်ထိ ရောက်လာခဲ့ပြီ… လူအတော်များများက ကပ်ဘေးဆင်းသက်ခြင်းကို ခံယူဖို့တောင် အခွင့်အရေး မရကြဘူး”
“စီနီယာအစ်ကိုယန်က တာအိုရောင်းရင်းဂိုဏ်းသား သိန်းချီကြားမှာ ကပ်ဘေးဆင်းသက်ခြင်းကို အရင်ဆုံး ခံယူတော့မယ်ဆိုတော့… သူသာ အောင်မြင်သွားမယ်ဆိုရင် စီနီယာအစ်ကိုဖန့်က နောက်ကျကျန်ရစ်ခဲ့တော့မှာပဲ”
သူ၏ ပတ်လည်မှ ဆွေးနွေးပြောဆိုသံများကို နားထောင်ရင်း ဖန့်ချင်းယွင်၏ အမူအရာက သုန်မှုန်ခက်ထန်လာခဲ့၏။ သူ၏ မျက်လုံးများက တုန်လှုပ်မှုနှင့် မနာလိုမှုဖြင့် ပြည့်နှက်နေ၏။
သို့သော်လည်း ကောင်းကင်ထက်ရှိ နယ်မြေဖြစ်စဉ်က လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်ထားပြီး မည်သူကမှ သူ့ကို အာရုံမစိုက်ကြပေ။
လူတိုင်း၏ စောင့်ကြည့်မှုအောက်မှ ယန်လောရှု၏ ပုံရိပ်က တဖြည်းဖြည်း မြင့်တက်သွား၏။
အမွေခံကုန်းမြေရှိ မိုချင်၏ လိုဏ်ဂူခန်းဝါရှေ့မှာ အမျိုးသားတစ်ယောက်က သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ပြီး မတ်တတ်ရပ်နေ၏။ သူက အရပ်အမောင်း မြင့်မား၍ ထက်ရှသော မျက်ခုံးများ ရှိပြီး သူ၏ မျက်လုံးများက တမူထူးခြားသော အော်ရာတစ်ခုနှင့်အတူ တောက်ပနေ၏။ အဲဒါက ဓားအင်မော်တယ် ယွဲ့ဟွားဖြစ်၏။
မလှမ်းမကမ်းမှာ နတ်မိမယ် မိုချင်က ပျံသန်းလာနေ၏။
ဓားအင်မော်တယ် ယွဲ့ဟွားက အပြုံးတစ်ခုနှင့်အတူ ရှေ့ကို အလောတကြီး တက်လှမ်းလိုက်၏။
“ဂျူနီယာညီမ… ငါက ပြီးခဲ့တဲ့ရက်တွေထဲ နင့်ကို စိုးရိမ်နေတာ… နင်သာ ပြန်ရောက်မလာသေးဘူးဆိုရင် ငါက အဝီစိကို လိုက်လာမလို့ပဲ”
“စိုးရိမ်ပူပန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”
မိုချင်က မှင်သေသေ အမူအရာတစ်ခုနှင့်အတူ ခေါင်းညိတ်ပြလိုက်၏။
သူမက အဲဒါကို ယဉ်ကျေးစွာ ပြောဆိုလိုက်သော်လည်း သူတို့ကြားမှာ မိုင်ပေါင်းထောင်ချီ ကွာဝေးနေသည့်အလား သူတို့က အရင်ကထက်ပင် ပို၍ ဝေးကွာလာခဲ့၏။
ဓားအင်မော်တယ် ယွဲ့ဟွား၏ အမူအရာက ခဏမျှ အေးခဲတောင့်တင်းသွား၏။
သို့သော်လည်း သူက လျင်မြန်စွာ ပြန်ပြုံးပြပြီး မေးလိုက်၏။
“ဂျူနီယာညီမ… ငရဲကို သွားတဲ့ အဲဒီခရီးစဉ်မှာ နင်ရှာနေတဲ့အရာကို တွေ့ခဲ့လား”
“အင်း”
မိုချင်က စိတ်အာရုံ ပျံ့နှံ့စွာဖြင့် ပြန်ဖြေလိုက်၏။
သို့သော်လည်း ဓားအင်မော်တယ် ယွဲ့ဟွား၏ အမူအရာက ပြောင်းလဲသွားပြီး သူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ဂျူနီယာညီမ… နင်က အသောကသစ်သီးကို ရလာခဲ့တာလား”
“ကျွန်မ အသောကသစ်သီးကို မရခဲ့ပါဘူး”
မိုချင်က အံ့အားသင့်သွားပြီး သူမ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။ ဓားအင်မော်တယ် ယွဲ့ဟွားက အဘယ်ကြောင့် ဤကဲ့သို့သော ခန့်မှန်းချက်တစ်ခုကို ထုတ်ဖော်လိုက်သလဲ သူမက နားမလည်ပေ။
အဲဒါက တကယ်ပင် အမှန်တရား ဖြစ်၏။ အသောကသစ်သီးကို ဆူဇီမိုက ယူသွားခဲ့၏။
ဓားအင်မော်တယ် ယွဲ့ဟွားက စိတ်သက်သာစွာ သက်ပြင်းချပြီး ရယ်မောလိုက်၏။
“ငါက အတွေးလွန်နေတာပဲ”
“စီနီယာအစ်ကို… တခြား ဘာမှ မရှိတော့ဘူးဆိုရင် ကျွန်မ အရင်ဆုံးပြန်ပြီး အနားယူတော့မယ်”
မိုချင်က မှင်သေသေဖြင့် ပြောလိုက်၏။
သူမ၏ စကားများက သူ့ကို နှင်ထုတ်နေခြင်း ဖြစ်၏။
ဓားအင်မော်တယ် ယွဲ့ဟွားကလည်း အဲဒါကို သိလေသည်။ သို့သော်လည်း သူက ထွက်ခွာမသွားဘဲ အရင်စတင်၍ ဖိတ်ခေါ်လိုက်၏။
“ဂျူနီယာညီမ… အတွင်းဂိုဏ်းက ဂျူနီယာညီယန်က ဒဏ်ရာအပြင်းထန် ရထားတယ်… သူက သိပ်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး… ငါတို့ သူ့ကို သွားပြီးတော့ ကြည့်ကြမလား”
“ဂျူနီယာမောင်ယန်လား”
မိုချင်က တွေဝေရှုပ်ထွေးသွားပြီး ချက်ချင်းမတုံ့ပြန်နိုင်ပေ။
ဟန်ဆောင်နေလိုက်စမ်း… နင် ဘယ်လောက်ကြာကြာ ဆက်ပြီး ဟန်ဆောင်နိုင်မလဲ ကြည့်ကြသေးတာပေါ့…
ဓားအင်မော်တယ် ယွဲ့ဟွားက စိတ်ထဲကနေ လှောင်ရယ်လိုက်သော်လည်း သူက ပြုံးပြလိုက်၏။
“ဂျူနီယာညီ ယန်လောရှုလေ”
“သူလား”
မိုချင်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူမ၏ ခေါင်းကို ခါပြလိုက်၏။
“စီနီယာအစ်ကို… သွားစရာရှိတာ သွားပါ… ကျွန်မတော့ မလိုက်တော့ဘူး”
သူမ၏ ထင်မြင်ချက်အရ သူမနှင့် ယန်လောရှုသည် သာမန်တစ်ဂိုဏ်းတည်းသား ရောင်းရင်းများသာဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကျွမ်းဝင်မှု မရှိပေ။ ထို့ကြောင့် သူမအနေဖြင့် သူ့ကို သွားရောက်ကြည့်ရှုဖို့ မလိုအပ်ပေ။
ဒါ့အပြင် ဂျူနီယာမောင်ဆူက အသောကသစ်သီးကို ယူဆောင်သွားခဲ့ပြီဖြစ်၏။ ယန်လောရှုက အန္တရာယ် မရှိလောက်တော့ပေ။
အစကတော့ ဓားအင်မော်တယ် ယွဲ့ဟွားသည် ယန်လောရှု၏ သေခါနီးဆဲဆဲ ရုန်းကန်မှုကို နတ်မိမယ်မိုချင်နှင့်အတူ သွားရောက်ကြည့်ရှုလိုသည်။ သို့သော်လည်း မိုချင်က အဲဒါကို လုံးဝ စိတ်ဝင်စားခြင်း ရှိမနေသည်ကို အံ့အားသင့်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။
မိုချင်က ယန်လောရှု၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်ပူပန်ပုံ မရဘဲ အဲဒါက အတုအယောင်လည်း ဖြစ်ပုံမရသည်ကို တွေ့ရသောအခါ သူကလည်း တွေဝေရှုပ်ထွေးသွား၏။
“ဘာတွေဖြစ်နေတာလဲ”
“ဘယ်နေရာမှာ မှားနေတာလဲ”
ဓားအင်မော်တယ် ယွဲ့ဟွားက စဉ်းစားတွေးတောနေစဉ် သူက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး တက္ကသိုလ်၏ အတွင်းဂိုဏ်း ရှိရာဘက်သို့ ကြည့်လိုက်၏။
ကောင်းကင်ထက်မှာ နက်မှောင်နေသော တိမ်စိုင်များက ပြည့်နှက်လာပြီး လျှပ်စီးများက တဖျပ်ဖျပ်လက်လာ၏။
တက္ကသိုလ်၏ အတွင်းဂိုဏ်းမှ တစ်ယောက်ယောက်က ကပ်ဘေးဆင်းသက်ခြင်းကို ခံယူနေ၏။
“အဲဒါက ဟိုကောင်လေး ဖန့်ချင်းယွင်ပဲ ဖြစ်ရမယ်”
ဓားအင်မော်တယ် ယွဲ့ဟွားက သူ့ဘာသာသူ တွေးပြီး နတ်မိမယ်မိုချင်ဘက်ကို လှည့်ကာ ဖိတ်ခေါ်လိုက်၏။
“ဂျူနီယာညီမ… အတွင်းဂိုဏ်းက တစ်ယောက်ယောက်က ကပ်ဘေးဆင်းသက်ခြင်းကို ခံယူနေတယ်… ငါတို့ တစ်ချက်လောက် သွားကြည့်ကြရင် မကောင်းဘူးလား”
“ကျွန်မ မလိုက်တော့ဘူး”
မိုချင်က သူမ၏ ခေါင်းကို ညင်သာစွာ ခါပြီး သူမဘာသာသူမ တွေးလိုက်၏။
“ကပ်ဘေးဆင်းသက်တာက ဘာများ စိတ်ဝင်စားစရာကောင်းလို့လဲ”
ဒါ့အပြင် သူမသည် အစကတည်းက လူစုလူဝေးကို မနှစ်သက်ပေ။ ကပ်ဘေးဆင်းသက်ခြင်းသည် မရေမတွက်နိုင်သော လူများကို သေချာပေါက် ဆွဲဆောင်မိပေလိမ့်မည်။ ထိုသို့ဆိုလေ သူမက အဲဒီနေရာကို သွားဖို့ ပို၍ စိတ်မဝင်စားလေဖြစ်၏။
နတ်မိမယ်မိုချင်က နှုတ်ဆက်မနေတော့ဘဲ ဓားအင်မော်တယ် ယွဲ့ဟွားကို ကျောပေးကာ သူမ၏ လိုဏ်ဂူခန်းဝါထဲသို့ လျှောက်လှမ်းဝင်ရောက်သွား၏။
ဓားအင်မော်တယ် ယွဲ့ဟွားသည် ထပ်တလဲလဲ ဖိတ်ခေါ်ခဲ့သော်လည်း သူက အဖက်မတန်သလို ဥပေက္ခာပြုခံခဲ့ရ၏။ သူ့မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
ထိုစဉ်မှာပင် အလင်းတန်းတစ်ခုက အလွန်တရာ မြန်ဆန်စွာ ပျံသန်းလာပြီး တစ်ခဏချင်းမှာပင် ဓားအင်မော်တယ် ယွဲ့ဟွား ရှေ့သို့ ရောက်ရှိလာ၏။ အဲဒါက တက္ကသိုလ်၏ အမွေခံတပည့်တစ်ယောက် ရှောင်လီဖြစ်၏။
“စီနီယာအစ်ကို”
ရှောင်လီက အဝေးကနေ လှမ်းအော်ခေါ်လိုက်၏။
“ဘာဖြစ်လို့လဲ”
ဓားအင်မော်တယ် ယွဲ့ဟွားက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ဘာ… ဘာရယ်တော့ မဟုတ်”
ရှောင်လီသည် ဓားအင်မော်တယ် ယွဲ့ဟွား၏ မကျေမချမ်း အမူအရာကို တွေ့မြင်သောအခါ သူက ခဏမျှ တွေဝေတုံ့ဆိုင်းသွား၏။
ဓားအင်မော်တယ် ယွဲ့ဟွားက တက္ကသိုလ်၏ အတွင်းဂိုဏ်း ရှိရာဘက်ကို ကြည့်ပြီး သာမန်ကာလျှံကာ မေးလိုက်၏။
“အတွင်းဂိုဏ်းက ဘယ်သူက ကပ်ဘေးဆင်းသက်ခြင်းကို ခံယူနေတာလဲ… ဖန့်ချင်းယွင်လား”
“ဟင့်အင်း”
ရှောင်လီက သူ၏ ခေါင်းကို ခါပြီး တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။
“အဲဒါက ယန်လောရှုပဲ”
ဓားအင်မော်တယ် ယွဲ့ဟွား၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ ထက်ရှမှုက ပစ်လွင့်ထွက်ပေါ်လာ၏။ သူက ထိုထက်ရှမှုကို ထုတ်ဖော်ရင်း ရှောင်လီကို အေးစက်စွာ စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်၏။
“ဘယ်.. သူ.. လဲ”
“ယန်လောရှုပါ”
ရှောင်လီက တံတွေးကို အလျင်အမြန် မျိုချကာ ပြောလိုက်၏။
“သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာအပြင်းအထန် ရထားတာတောင် သူက ကပ်ဘေးဆင်းသက်ခြင်းကို ခံယူဖို့ ကြိုးပမ်းနိုင်သေးတာလား”
ရုတ်တရက် ဓားအင်မော်တယ် ယွဲ့ဟွား၏ လေသံက အလွန်တရာ ထက်ရှလာခဲ့၏။
ရှောင်လီက ပြောလိုက်သည်။
“အသောကသစ်သီးကို စားသုံးပြီးတဲ့နောက် သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်က အပြည့်အဝ ပြန်လည်ကောင်းမွန်သွားပြီလို့ ကျုပ်ကြားတယ်”
အသောကသစ်သီး…
ဓားအင်မော်တယ် ယွဲ့ဟွား၏ အမူအရာက သုန်မှုန်သွားပြီး သူက မေးလိုက်၏။
“အသောကသစ်သီးက ဘယ်က ရောက်လာတာလဲ”
ရှောင်လီက ပြန်ဖြေလိုက်၏။
“အဲဒါ အတွင်းဂိုဏ်းက ဆူဇီမိုပဲ… လွန်ခဲ့တဲ့ နှစ်တစ်ထောင်က တာအိုနှလုံးသားလှေကားမှာ ဒဿမမြောက် ကျောက်လှေကားထစ်ကို စုဖွဲ့ခဲ့တဲ့သူ… သူ့ကို ဂိုဏ်းချုပ်က အမည်ခံတပည့်အဖြစ် လက်ခံထားတယ်… သူက အဝီစိကနေ အဲဒါကို ရလာတာ”
“သူပဲကိုး”
ဓားအင်မော်တယ် ယွဲ့ဟွားက သူ၏ မျက်လုံးကို တဖြည်းဖြည်း မှေးကျဉ်းလိုက်၏။