← Chapters

အာဃာတများ ရှင်းလင်းခြင်း

Vol. 158 Ch. 2361

အာဃာတများ ရှင်းလင်းခြင်း

Vol. 158 Ch. 2361

ယန်လောရှု၏ ကပ်ဘေးဖြတ်ကျော်ခြင်းက အတော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားစေပြီး တက္ကသိုလ်ရှိ တပည့်ဂိုဏ်းသားများ အားလုံးနီးပါးက လာရောက်စောင့်ကြည့်နေကြသည်။

ကပ်ဘေးဖြတ်ကျော်ခြင်းဖြစ်စဉ်ကို စောင့်ကြည့်ခြင်းသည် အခြားသော တပည့်ဂိုဏ်းသားများကိုလည်း အတွေ့အကြုံနှင့် အသိအမြင်များ ရရှိစေနိုင်သည်။

ဆဋ္ဌမမြောက် ကောင်းကင်ဘုံကပ်ဘေး၏ တရစပ် တိုက်ခိုက်မှုအောက်မှာ ယန်လောရှုက ထပ်လဲလဲ လဲကျနေပြီး ထပ်တလဲလဲ ပြန်ထနေ၏။ သူ၏ ခန္ဓာကိုယ်က ပို၍ ချုံးချုံးကျလာပြီး သူ၏ ထိခိုက်ဒဏ်ရာများက ဆိုးဝါးလာခဲ့သည်။

ကပ်ဘေးဖြတ်ကျော်ခြင်း၏ ဤအဆင့်မှာ သူသည် သူ၏ ဝှက်ဖဲများ အားလုံးကို အသုံးပြုခဲ့ပြီးပြီဖြစ်၏။

သူသည် သူ့လက်ထဲရှိ မှန်ကန်ဖြောင့်မတ်ခြင်းဓား၊ သူ၏ ကိုယ်ပိုင်မှန်ကန်ဖြောင့်မတ်မှုနှင့် သူ၏ အကြောက်အလန့် ကင်းမဲ့သော တာအိုနှလုံးသားအပေါ် မှီခိုနေ၏။

သူက အသက်ရှင်နိုင်ပါ့မလား မည်သူကမှ မသိရပေ။

“စီနီယာအစ်ကိုယန်က ကောင်းကင်ဘုံကပ်ဘေး ဘယ်လောက်များများကို ဆွဲဆောင်နိုင်မလဲ မသိဘူး”

“သူ့ရဲ့ လက်ရှိအခြေအနေအရဆို ကောင်းကင်ဘုံကပ်ဘေး ခြောက်ခုက ကောင်းကောင်းလုံလောက်နေပြီ… နောက်ထပ် ထပ်လာတာနဲ့ သူက သေဖို့ပဲ ရှိတော့တယ်”

နောက်ဆုံးမှာတော့ ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲမှ ခြောက်ခုက အဆုံးသတ်သွား၏။ ကပ်ဘေးတိမ်စိုင်များက နောက်သို့ ဆုတ်ခွာသွားပြီး အလင်းရောင်က ပြန်လည်ပေါ်ထွက်လာ၏။

ယန်လောရှုက ကောင်းကင်ဘုံကပ်ဘေးကြောင့် ဖြစ်ပေါ်ခဲ့သော ကြီးမားသည့် တွင်းချိုင့်ထဲမှာ လဲကျနေသည်။ သူ၏ ခန္ဓာကိုယ်က လျှပ်စီးလျှပ်ပန်းများဖြင့် ပြည့်နှက်နေပြီး သူ၏ အော်ရာက အားနည်းနေ၏။ သူက သေလုမျောပါးဖြစ်နေသော်လည်း သူသည် မှန်ကန်ဖြောင့်မတ်ခြင်းဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်သည်။

မှန်ကန်ဖြောင့်မတ်ခြင်းဓားက ကောင်းကင်ဘုံကပ်ဘေး ခြောက်ခု၏ ဆေးကြောသန့်စင်ခြင်းကို ခံယူအပြီး၌ ကပ်ဘေးခြောက်ခု စိတ်ဝိညာဉ်ရတနာတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

သူသည် အဲဒါကို အနာဂတ်မှာ မီးဆေးသန့်စင်ဖို့ အခွင့်အရေးရမည်ဆိုလျှင် အဲဒါသည် ကပ်ဘေး ခုနှစ်ခု သို့မဟုတ် ကပ်ဘေး ရှစ်ခု စိတ်ဝိညာဉ်ရတနာအဖြစ်သို့ ရောက်ရှိနိုင်သေး၏။

အဲဒါသည် ကပ်ဘေးကိုးခုသန့်စင်ယန်စိတ်ဝိညာဉ်ရတနာ ဖြစ်လာနိုင်မလားဆိုတာကတော့ ကံအပေါ်မှာသာ မူတည်ပေလိမ့်မည်။

“နောက်ဆုံးတော့ ပြီးသွားပြီပေါ့”

မင်းသမီးသက်တံနီက စိတ်သက်သာရာရသွားပြီး ယန်လောရှုထံသို့ အရင်ဆုံးပြေးဝင်သွား၏။

အကြီးအကဲလေးယောက်ကလည်း တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြ၏။

အကြီးအကဲချုပ်က သူ၏ လက်ညှိုးကို ဆန့်ထုတ်ပြီး ယန်လောရှု၏ ခန္ဓာကိုယ်ကို အချက်ရေ အနည်းငယ် ထိတွေ့ကာ သူ၏ ဒဏ်ရာများကို တည်ငြိမ်အောင် ပြုလုပ်ပေးလိုက်၏။

အကြီးအကဲ-၉ က အင်မော်တယ်ဆေးလုံးတချို့ကို ထုတ်ယူ​ပြီး ယန်လောရှုကို တိုက်ကျွေးလိုက်၏။

ယန်လောရှုက ခေါင်းထောင်လာခဲ့သည်။ မင်းသမီးသက်တံနီ၏ ဖေးမမှုနှင့်အတူ သူက အတတ်နိုင်ဆုံး ကြိုးစား၍ မတ်တတ်ထရပ်ပြီး ဦးညွှတ်လိုက်၏။

“အကြီးအကဲတို့ကို ကျေးဇူးတင်ပါတယ်”

အကြီးအကဲလေးဦးက ညင်သာစွာ ခေါင်းညိတ်ပြီး ယန်လောရှုကို စိတ်ကျေနပ်အားရစွာဖြင့် ကြည့်နေကြ၏။

“ငါတို့ထဲက တစ်ယောက်ကို မင်းရဲ့ဆရာအဖြစ် ရွေးချယ်လိုက်”

အကြီးအကဲချုပ်က ညင်သာစွာ ပြုံးပြီး ပြောလိုက်၏။

“ငါတို့လေးယောက်ထဲမှာ အကြီးအကဲ ၅ကတော့ တိုက်ခိုက်ရည်ခွန်အားမှာ အသန်မာဆုံးပဲ”

“ငါတို့ကိုးယောက်ထဲမှာဆိုရင်လည်း သူက အသန်မာဆုံးပဲ”

အကြီးအကဲ ၉က ပြောလိုက်၏။

“မဟုတ်ရင် သူက တက္ကသိုလ်ရဲ့ အင်မော်တယ်စစ်တပ်ကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်ပါ့မလဲ”

အကြီးအကဲ ၅က ယန်လောရှုကို ကြည့်ပြီး ပြောလိုက်၏။

“မင်းရဲ့ ပါရမီအရည်အချင်းက တကယ့်ကို မဆိုးဘူး… ဒါပေမဲ့ သနားကရုဏာစိတ်က စစ်သားတွေကို ဦးဆောင်နိုင်မှာ မဟုတ်ဘူး… မင်းက ငါ့တပည့်ဖြစ်လာဖို့ သိပ်ပြီး မသင့်လျော်ဘူး”

အကြီးအကဲ-၅ ၏ ရှုမြင်ပုံအရ ယန်လောရှုသည် တည်ကြည်ဖြောင့်မတ်၍ သူရဲကောင်းဆန်ကာ မတရားမှုများမှာ ဝင်ရောက်တိုက်ခိုက်တတ်၏။ သို့သော်လည်း သူ၏ နှလုံးသားထဲမှာ သနားကရုဏာဖြစ်တတ်သည့် စိတ်ကလည်း ရှိနေသည်။

“ငါ့တပည့် လုပ်လိုက်”

အကြီးအကဲချုပ်က ပြောလိုက်၏။

“ငါက မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်ကို အရင်က ကျင့်ကြံခဲ့ဖူးတယ်… ငါက အဲဒါကို နောက်ပိုင်းမှာ စွန့်လွှတ်ခဲ့ပေမဲ့ ငါ့မှာ အသိအမြင်တချို့ ရှိနေတုန်းပဲ”

“မင်္ဂလာပါ ဆရာ”

ယန်လောရှုက ငြင်းဆန်ခြင်း မရှိဘဲ ဒူးထောက်ချလိုက်၏။

“ဂုဏ်ယူပါတယ်”

“အခု တက္ကသိုလ်ရဲ့ အမွေခံကုန်းမြေမှာ နောက်ထပ်ကျင့်ကြံသူတစ်ယောက် တိုးလာပြီပေါ့”

အခြားသော အကြီးအကဲသုံးဦးကလည်း ဝမ်းသာအားရဖြင့် သူတို့၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

အကြီးအကဲချုပ်၏ အကြည့်က အောက်ဘက်မှာ ရှိသော အတွင်းဂိုဏ်းတပည့်များစွာအပေါ် ဆင်းသက်သွားပြီး ရုတ်တရက် ပြောလိုက်၏။

“စောစောက ဒီနေရာမှာ ခိုက်ရန်ဖြစ်ပွားမှုတစ်ခု ရှိခဲ့တဲ့ပုံပဲ”

မင်းသမီးသက်တံနီက မကျေမနပ်ဖြစ်နေပြီး သူမက ဝင်ရောက်ပြောဆိုလိုက်၏။

“အဲဒါက ချန်ချီနဲ့ သူ့လူတွေပဲ… သူတို့က အင်မော်တယ်အစေခံတချို့ကို ခေါ်လာပြီး မှန်ကန်ဖြောင့်မတ်ခြင်းဓားကို လုယူဖို့အတွက် စီနီယာအစ်ကို ယန်လောရှုရဲ့ လိုဏ်ဂူခန်းဝါထဲကို အတင်းဝင်ရောက်လာကြတယ်… ကံကောင်းလို့ စီနီယာအစ်ကိုဆူက သူတို့ကို တားဆီးပေးနိုင်ခဲ့တယ်”

“အို… အဲ့လိုလား”

အကြီးအကဲချုပ်၏ မျက်နှာက ညိုမည်းသွား၏။

ယန်လောရှုက အမွေခံကုန်းမြေသို့ ဝင်ရောက်ပြီး အမွေခံတပည့်တစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်၏။ အကြီးအကဲချုပ်အနေနှင့် ယန်လောရှု၏ ဆရာအနေဖြင့် သူက ယန်လောရှုအတွက် ရပ်တည်ပေးပြီး သူ့အတွက် ကိစ္စများကို ကိုင်တွယ်ပေးရပေမည်။

“အကြီးအကဲ ၂… မင်းက စည်းကမ်းထိန်းသိမ်းရေးကို တာဝန်ယူထားတာပဲ… ဒီကိစ္စကို ငါတို့ ဘယ်လိုကိုင်တွယ်သင့်လဲ”

အကြီးအကဲချုပ်က တည်ငြိမ်စွာ မေးလိုက်၏။

ချန်ချီနှင့် အခြားသူများက ကြောက်ရွံ့မှုဖြင့် တုန်ရီ၍ သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားကြ၏။

အကြီးအကဲ-၂က ကြောက်မက်ဖွယ်ရာ ပြုံး၍ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ချန်ချီ… မင်းက ဂိုဏ်းစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့တယ်… ငါက မင်းအသက်ကို ချမ်းသာပေးနိုင်ပေမဲ့ မင်းရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပြီး တက္ကသိုလ်ကနေ နှင်ထုတ်ရလိမ့်မယ်”

“တခြားအတွင်းဂိုဏ်းတပည့် ငါးယောက်ကိုလည်း အင်မော်တယ်အစေခံတွေအဖြစ် ဖြုတ်ချမယ်… မင်းတို့တွေက အတွင်းဂိုဏ်းကို ပြန်ဝင်လာလို့ မရတော့ဘူး”

“ကျန်တဲ့ အင်မော်တယ်အစေခံတွေ အားလုံးကိုလည်း တက္ကသိုလ်ကနေ မောင်းထုတ်လိုက်ကြ”

ကျင့်ကြံမှုကို ဖျက်ဆီးခြင်းက ပြင်းထန်သော အပြစ်ဒဏ်ဖြစ်၏။ အဲဒါသည် ချန်ချီ၏ နှစ်ပေါင်းများစွာ ကျင့်ကြံမှုကို တစ်ခါတည်း ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်၏။

“ကျုပ်က တဒင်္ဂရူးမိုက်ပြီးတော့ လမ်းမှားကို ရောက်သွားခဲ့တာ… ကျေးဇူးပြုပြီး သနားညှာတာမှု ပြပေးပါ အကြီးအကဲ ၂… အကြီးအကဲတို့… ကျုပ်ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးပါ”

ချန်ချီက မြေပြင်ပေါ်မှာ ဒူးထောက်ချ​ပြီး သနားညှာတာပေးဖို့အတွက် အဆက်မပြတ် တောင်းပန်ကာ ရှိခိုးဦးချနေ၏။

အကြီးအကဲ-၂၏ အမူအရာက မှင်သေသေဖြင့် ရှိနေ၏။

“တကယ်တော့ စီနီယာအစ်ကိုဖန်က ကျုပ်ကို…”

ချန်ချီက ရုတ်တရက် လူအုပ်ကြားထဲမှ ဖန့်ချင်းယွင်ကို လှည့်ကြည့်ပြီး သက်သေထွက်ဆိုဖို့ ပြင်လိုက်၏။

“ချန်ချီ… မင်း ဘယ်လိုတောင် ပြောရဲတာလဲ… အခုလိုအချိန်မှာတောင် မင်းက ပေါက်တတ်ကရတွေ လျှောက်ပြောပြီး ပြဿနာရှာချင်နေတုန်းလား”

ဖန့်ချင်းယွင်က ချန်ချီ၏ စကားကို ဖြတ်အော်လိုက်၏။

အကြီးအကဲ-၂က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ချန်ချီပြောချင်သည့်အရာကို သူသိလေသည်။

သို့သော်လည်း ဖန့်ချင်းယွင်က ဘာပဲပြောပြော အတွင်းဂိုဏ်း၏ နံပါတ်တစ်ဖြစ်ပြီး ပကတိဧကနယ်ပယ်သို့ တက်လှမ်းနိုင်ဖို့ ဖြစ်နိုင်ခြေများစွာ ရှိ၏။ ဤကိစ္စမှာ သူ့ကို ထည့်သွင်းဖို့ မလိုပေ။

ဤကိစ္စသည် ချန်ချီနှင့်သာ အဆုံးသတ်ရမည်ဖြစ်ပြီး လူများစွာ ပါဝင်ပတ်သက်လာဖို့ မသင့်လျော်တော့ပေ။

ထိုသို့အတွေးဖြင့် အကြီးအကဲ-၂က သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းလိုက်၏။ အလင်းတန်းတစ်ခုက ချန်ချီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး သူ၏ ကျင့်ကြံမှုကို ဖျက်ဆီးပစ်လိုက်သည်။

ချန်ချီက မြေပြင်ပေါ်မှာ အကြောများ တုံ့ဆိုင်းကာ ထိုင်ကျသွား၏။ သူက တစ်ခဏချင်းမှာပင် နှစ်ပေါင်းတစ်သိန်း အိုစာသွားသည့်အလားပင်။

သူက လူအုပ်ကြားထဲမှ ဖန့်ချင်းယွင်ကို ကြည့်ပြီး ဆက်လက်၍ မပြောဆိုရဲတော့ပေ။

သူ၏ ကျင့်ကြံမှုက ပျက်စီးသွားခဲ့ပြီဖြစ်၏။ သူက ဆက်လက်၍ စကားပြောဆိုမည်ဆိုလျှင် သူသည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်ကနေ အသက်ရှင်လျက် ထွက်ခွာနိုင်ချင်မှ ထွက်ခွာနိုင်ပေတော့မည်။

“မင်းရဲ့ ဒဏ်ရာတွေကို တည်ငြိမ်အောင် လုပ်လိုက်… ပြီးရင် အမွေခံကုန်းမြေကို သွားပြီး လိုဏ်ဂူခန်းဝါတစ်ခု ရွေးချယ်လိုက်”

အကြီးအကဲချုပ်က ယန်လောရှုကို ထပ်မံညွှန်ကြားပြီး အကြီးအကဲသုံးယောက်နှင့်အတူ ထွက်ခွာသွား၏။

အတွင်းဂိုဏ်းတပည့်များစွာက ယန်လောရှု၊ ဖန့်ချင်းယွင်၊ ဆူဇီမိုနှင့် အခြားသူများကို စိတ်ခံစားချက်မြင့်မားသော အမူအရာများဖြင့် ကြည့်ရှုနေကြ၏။

ယန်လောရှုနှင့် ဖန့်ချင်းယွင်သည် နှစ်ပေါင်းများစွာ ကြာအောင် ပေါ်ပေါ်ထင်ထင်တမျိုး… သိုသိုသိပ်သိပ်တမျိုး ယှဉ်ပြိုင်တိုက်ခိုက်နေခဲ့ကြ၏။

ဓားအင်မော်တယ်ယွဲ့ဟွားက ဖန့်ချင်းယွင်ကို နောက်ခံပေးထားသောကြောင့် ယန်လောရှုကို မည်သူကမှ မြင့်မြင့်မားမား မသတ်မှတ်ထားကြပေ။

ဤနှစ်များမှာ ကျင့်ကြံသူများစွာသည် ယန်လောရှုကို ဝေးဝေးရှောင်လိုခဲ့ကြ၏။

သို့သော်လည်း ယန်လောရှုသည် ပကတိဧကနယ်ပယ်သို့ အရင်တက်လှမ်းပြီး မဟာအကြီးအကဲ၏ တပည့်ဖြစ်လာကာ ချန်ချီက ဒုက္ခိတဘဝနှင့် အဆုံးသတ်သွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။

ဤယှဉ်ပြိုင်မှုမှာ ဖန့်ချင်းယွင်က ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့သည်ဟု ဆိုနိုင်သည်။

တကယ်တော့ ဤအခြေအနေသည် ဂိုဏ်းချုပ်၏ အမည်ခံတပည့် ဆူဇီမိုကြောင့် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်ကို အတွင်းဂိုဏ်းတပည့်အချို့က သိရှိထား၏။

ယန်လောရှုသည် အတွင်းဂိုဏ်းကနေ ထွက်ခွာပြီး အမွေခံကုန်းမြေသို့ ဝင်ရောက်တော့မည် ဖြစ်သော်လည်း အတွင်းဂိုဏ်းမှာ ရှိသော အခြေအနေက ပြောင်းလဲသွားတော့မည်ကို လူတိုင်းက သိရှိထားကြသည်။

တစ်ဖက်မှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့သည့် ဖန့်ချင်းယွင် ရှိပြီး အခြားတစ်ဖက်မှာ အောင်မြင်ကျော်ကြားလာသော ဆူဇီမို ရှိနေသည်။

သူတို့နှစ်ယောက်စလုံးကို အမွေခံတပည့်များက နောက်ခံပေးထားကြ၏။

တက္ကသိုလ်အတွင်း ပဋိပက္ခများက နောက်ပိုင်းမှာ ပို၍ပင် ပြင်းထန်ကြမ်းတမ်းလာနိုင်၏။

“ဂုဏ်ယူပါတယ် စီနီယာအစ်ကိုယန်”

“စီနီယာအစ်ကိုယန်… ကျုပ်က ချီဟန်လေ… ကျုပ်တို့ အရင်တုန်းက တာဝန်တစ်ခုကို အတူထမ်းဆောင်ခဲ့ဖူးတယ်”

“စီနီယာအစ်ကိုယန်… ခင်ဗျားက တကယ့်ကို အထင်ကြီးစရာပဲ… ကျေးဇူးပြုပြီး နောက်ပိုင်း ကျုပ်ကို လမ်းညွှန်မှု ပြပေးပါဦး”

အတွင်းဂိုဏ်းတပည့်များစွာက ယန်လောရှု အနားသို့ ဝိုင်းအုံလာပြီး သူ့ကို ဂုဏ်ပြုစကား ပြောဆိုလိုက်ကြ၏။

ယန်လောရှုသည် သူ၏ ဂိုဏ်းသားရောင်းရင်းများ၏ ပြုံးရွှင်နေသော မျက်နှာများကို မြင်ပြီး သူ၏ မျက်လုံးအနက်ပိုင်းထဲမှာ သရော်တော်တော် အငွေ့အသက်တစ်ခု ပေါ်ထွက်လာ၏။ သူက အနည်းငယ် အော်ဂလီဆန်လာသည်ဟု ခံစားရ၏။

ဤနှစ်များမှာ မည်သူကမှ သူနှင့် ရင်းနှီးမှု မရရှိလိုခဲ့ကြပေ။

ပြီးခဲ့သည့် ရက်အနည်းငယ်မှာ သူ၏ လိုဏ်ဂူခန်းဝါက တိတ်ဆိတ်ခြောက်ကပ်နေခဲ့ဆဲဖြစ်၏။

ယခု သူက ပကတိဧကနယ်ပယ်သို့ တက်လှမ်းလာခဲ့ပြီး သူက တရှိန်ထိုး မြင့်မားတိုးတက်လာခဲ့သည်ဟု ဆိုရပေမည်။ ချက်ချင်းပင် ဂိုဏ်းသားရောင်းရင်းများစွာက သူ့ကို ဂုဏ်ပြုဖို့အတွက် ရောက်ရှိလာကြပြီး သူတို့၏ ယခင်က ပတ်သက်ဆက်နွယ်မှုများကို အစဆွဲထုတ်လာကြ၏။

ယန်လောရှုသည် မင်းသမီးသက်တံနီ၏ လက်ကို ဆုပ်ကိုင်ပြီး ဆူဇီမို၊ လျှိုဖျင်နှင့် သူ၏ တာအိုကလေးငယ်ကို ကြည့်လိုက်၏။

သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြ၏။

သူတို့၏ ခင်မင်ရင်းနီးမှု အတိုင်းအတာကို ဖော်ပြ၍ မရနိုင်ပေ။

All Chapters