← Chapters

မိုးကြိုးလေပြည်နန်းတော်

Vol. 158 Ch. 2362

မိုးကြိုးလေပြည်နန်းတော်

Vol. 158 Ch. 2362

ဘေးကနေ ရပ်ကြည့်နေသူတစ်ယောက်အနေဖြင့် ယန်လောရှုနှင့် မင်းသမီးသက်တံနီကြား ဆက်ဆံရေးက လျင်မြန်စွာ မြင့်တက်လာပြီး တစ်ဂိုဏ်းတည်းသား ရောင်းရင်းများထက် ကျော်လွန်နေခဲ့ပြီကို ဆူဇီမိုက ပြောနိုင်သည်။

အဲဒါကို စဉ်းစားကြည့်ဖို့က မခက်ခဲပေ။

ယန်လောရှု ဒဏ်ရာအပြင်းအထန် ရရှိနေခဲ့စဉ်က သူ့ကို မင်းသမီးသက်တံနီကဲ့သို့ အမျိုးသမီးတစ်ဦးက ပြုစုစောင့်ရှောက်ပေးခဲ့၏။ သူမသည် သူ့ဘေးမှာ တစ်ချိန်လုံးနေပေးခဲ့ပြီး သူသည် သူမအပေါ် ကျေးဇူးတင်မှုနှင့် တွယ်တာမှု နှစ်မျိုးစလုံးကို ခံစားနေခဲ့ရပေမည်။

အစကတည်းက ယန်လောရှုသည် ပွင့်လင်းရိုးသားသူတစ်ယောက် ဖြစ်၏။ သူက အလွန်တရာ တည်ကြည်ဖြောင့်မတ်လေသည်။ မင်းသမီးသက်တံနီက အဲဒါကို ပို၍ နားလည်လာလေလေ… သူမက သူ့ကို အထင်ကြီးလေးစားလာလေဖြစ်ပေမည်။

သူတို့နှစ်ယောက်က အချိန်များကို အတူတကွ ကုန်ဆုံးခဲ့ကြပြီး သူတို့နှစ်ယောက်အနေဖြင့် တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်များ ဆင့်ကဲတိုးတက်လာသည်ကို နားလည်လက်ခံ၍ ရနိုင်သည်။

သူတို့နှစ်ယောက်က အဆင့်ထပ်တက်ပြီး တာအိုလက်တွဲဖော်များ ဖြစ်လာနိုင်မည်ဆိုလျှင် ဆူဇီမိုသည် သူတို့နှစ်ယောက်အတွက် ဝမ်းသာပျော်ရွှင်မိပေလိမ့်မည်။

ဤကိစ္စ ပြီးဆုံးသွားပြီးနောက် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်က အချိန်အတော်အတန်ကြာ တည်ငြိမ်အေးချမ်းသွားပေလိမ့်မည်။

ဆူဇီမိုက သူ၏ လိုဏ်ဂူခန်းဝါသို့ ပြန်ရောက်လာပြီး နောက်တစ်ခါ တံခါးပိတ်ကျင့်ကြံမှုသို့ ဝင်ရောက်ဖို့ ပြင်ဆင်လိုက်၏။

တံခါးပိတ်ကျင့်ကြံခြင်းသို့ မဝင်ရောက်ခင် သူက လိုဏ်ဂူခန်းဝါ၏ အနက်ပိုင်းထဲမှာ လေကောင်းလေသန့် ဝင်ထွက်နိုင်သော မြေကွက်တစ်ခုကို ရှင်းလင်းပြီး အဝီစီကနေ သယ်ယူလာခဲ့သည့် အသောကပင်စည်ကို စိုက်ပျိုးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာသည် သိပ်သည်းကျစ်လျစ်သော ကောင်းကင်နှင့်မြေကြီး အမြုတေချီ၏ ပမာဏများစွာကို စုပ်ယူနိုင်ပြီး အဲဒါက သူ၏ လိုဏ်ဂူခန်းဝါထဲမှာ စုဝေးနေပေလိမ့်မည်။ သူ၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးကို အားဖြည့်နေစဉ် အဲဒါက အသောကသစ်ပင်ကိုလည်း အားဖြည့်ပေးပေလိမ့်မည်။

အသောကသစ်ပင်က ရှင်သန်နိုင်ပါ့မလားဆိုတာတော့ မသိနိုင်သေးပေ။

သို့သော်လည်း မည်သို့ပင်ဆိုစေ သူက အဲဒါကို ကြိုးစားကြည့်ရပေမည်။

အကုန်လုံး အဆင်သင့်ဖြစ်သွားသည်နှင့် ဆူဇီမိုသည် သူ၏ လိုဏ်ဂူခန်းဝါကို ပိတ်ချပြီး တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်လိုက်၏။

အဝီစိမှာ…

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ အခြေကျသွားသည်ကို အတည်ပြုပြီးနောက် သိုင်းတာအိုပင်မခန္ဓာက အဝီစိကနေ ထွက်ခွာကာ မိစ္ဆာမဟာနယ်မြေသို့ ပြန်သွားဖို့ ပြင်လိုက်၏။

ဤတစ်ခေါက်မှာ သူနှင့်အတူ မင်းကျန်ပါ ပါလာမည်ဖြစ်၏။

သူတို့သည် ယန်ပေးချန်နှင့် ပြန်လည်ဆုံစည်းသည့်အခါ ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်း သုံးယောက်သည် ကောင်းကောင်းအောင်ပွဲခံရပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ပြီး လေဟာနယ်ကို ဆုတ်ဖြဲကာ အဝီစိကနေ ထွက်ခွာလိုက်၏။

သူက အဆူရာကျောင်းတော် အထက်သို့ ရောက်ရှိလာသည့် ခဏမှာပင် မင်းကျန်သည် ကောင်းကင်နှင့်မြေကြီး အမြုတေချီကို အာရုံခံမိသွားပြီး သူက ကောင်းကင်အမြုတေနယ်ပယ်၏ အဟန့်အတားကို ချက်ချင်းပင် ချိုးဖျက်ကာ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်လာ၏။

သူသည် အစကတည်းက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်ပြီး ဧကရာဇ်အာနန္ဒာ၏ အမွေအနှစ်ကို လက်ခံရရှိခဲ့၏။ သူက စွမ်းအင်များစွာကို စုဆောင်းမိခဲ့သော်လည်း သူက အဝီစိမှာ ရှိနေခဲ့သောကြောင့် အဆင့်မတက်နိုင်ခဲ့ပေ။

သိုင်းတာအိုပင်မခန္ဓာက ဘေးကနေ စောင့်ကြပ်နေပြီး ကောင်းကင်ထက်ကို မသိမသာ မော့ကြည့်နေ၏။

အဝီစိက သူ့ကိုယ်ပိုင်လောကတစ်ခုဖြစ်ပြီး ကောင်းကင်ဘုံကပ်ဘေး ဆင်းသက်ခြင်းကိုပင် ပိုင်းခြားပေးနိုင်၏။

ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာ ပေါ်ထွက်လာပြီးနောက် မည်သည့် ကောင်းကင်ဘုံကပ်ဘေးကမှ ဆင်းသက်မလာခဲ့ပေ။

သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုသည် အစကတည်းက မူကွဲတစ်ခုဖြစ်သည်။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သိုင်းတာအိုပင်မခန္ဓာသည် ကျိယောင်ရွှယ်နှင့် အခြားသူများကို စိတ်မချသည့်အတွက် အထက်ဘုံ၏ ဆင့်ခေါ်ခြင်းစွမ်းအားကို ခုခံငြင်းဆန်ခဲ့၏။ သူက နတ်ဘုရားအပြစ်ဒဏ်ကို အသုံးချပြီး သူ၏ သေဆုံးခြင်း အတုအယောင်ကို ဖန်တီးကာ ထျန်ဟွမ်ကုန်းမြေတိုက်တွင် နှစ်ပေါင်းထောင်ချီကြာအောင် နေထိုင်ခဲ့သည်။

ဤအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အော်ရာကို ရုတ်သိမ်းထားပြီး အစစ်အမှန်သိုင်းနယ်ပယ်၏ စိတ်ဝိညာဉ်အသိစိတ်စွမ်းအား သို့မဟုတ် နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်တစ်ခုခုကို မထုတ်ဖော်သရွေ့ သူသည် လောကကို လှည့်စားကာ ကောင်းကင်ဘုံကပ်ဘေးကနေ တိမ်းရှောင်နိုင်ဆဲဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာက သေချာဂရုစိုက်၍ အစစ်အမှန်သိုင်းနယ်ပယ် စိတ်ဝိညာဉ်အသိစိတ်တစ်မျှင်ကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ကြည့်လိုက်၏။

သူထင်မှတ်ထားသည့် အတိုင်းပင်။ ကောင်းကင်က ချက်ချင်းပင် ညိုမည်းသွားပြီး ပြင်းထန်ကြမ်းတမ်းသော လေများက တိုက်ခတ်လာသည်။ နက်မှောင်နေသော တိမ်စိုင်များက အဆူရာကျောင်းတော် အထက်ကောင်းကင်မှာ အုပ်မိုးလာပြီး လောကက ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ အလျင်အမြန် မှေးမှိန်လာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အော်ရာနှင့် စိတ်ဝိညာဉ်အသိစိတ်ကို ခပ်မြန်မြန် ရုတ်သိမ်းလိုက်၏။

ကပ်ဘေးတိမ်စိုင်များက ချက်ချင်းပျက်ပြယ်မသွားပေ။ အတွင်းမှာ မျက်လုံးတစ်စုံက ပုန်းကွယ်နေပြီး ဤနေရာမှာ ရှိသော သက်ရှိများ အားလုံးကို ငုံ့ကြည့်နေသည့်အလားပင်။

သိုင်းတာအိုပင်မခန္ဓာသည် တရားထိုင်နေသော ဘုန်းကြီးအိုတစ်ပါးကဲ့သို့ ပြုမူပြီး သူ၏ သိုင်းစိတ်ဝိညာဉ်က သူ၏ အသိစိတ်ထဲမှာ ငြိမ်သက်သွား၏။

အတန်ကြာပြီးနောက် ထိုမျက်လုံးတစ်စုံက ထူးခြားမှု တစ်စုံတစ်ရာကို ရှာမတွေ့တော့ပုံရပြီး ကောင်းကင်ထက်ရှိ ကပ်ဘေးတိမ်စိုင်များက တဖြည်းဖြည်း ပျက်ပြယ်သွား၏။

သိုင်းတာအိုပင်မခန္ဓာ အနေဖြင့် ကပ်ဘေးဆင်းသက်ခြင်းကို ခံယူဖို့ အလောတ​ကြီး ရှိမနေပေ။

ဒါ့အပြင် မင်းကျန်က သူ၏ ဘေးမှာ အဆင့်ချိုးဖျက်တက်လှမ်းနေသည်။

သူက ယခုအချိန်မှာ ကပ်ဘေးဆင်းသက်ခြင်းကို ခံယူမည်ဆိုလျှင် မင်းကျန်သည် ကောင်းကင်ဘုံကပ်ဘေးဖြင့် အရင်ဆုံး ထိမှန်ခံရပြီး သေဆုံးရပေလိမ့်မည်။

သိပ်မကြာခင် မင်းကျန်က ကောင်းကင်အမြုတေနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းသွားပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်ကို တည်ငြိမ်အောင် ပြုလုပ်လိုက်၏။ သူက မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။

သိုင်းတာအိုပင်မခန္ဓာက မင်းကျန်ကို အနီးဆုံး ပို့ဆောင်ရေးဝင်္ကပါသို့ ခေါ်ဆောင်သွားပြီး ထျန်ဟွမ်ဂိုဏ်းသို့ ပြန်သွားဖို့ ပြင်လိုက်၏။

မိစ္ဆာမဟာနယ်မြေ ထျန်ဟွမ်ဂိုဏ်းမှာ….

ထျန်ဟွမ်ဂိုဏ်း၏ ပင်မခန်းမ အပြင်ဘက် ရင်ပြင်မှာ ကျင့်ကြံသူပေါင်း ထောင်ချီက စုဝေးရောက်ရှိနေကြ၏။

သူတို့အများစုက မဟူရာအင်မော်တယ်များနှင့် ကမ္ဘာမြေအင်မော်တယ်များ ဖြစ်ကြသည်။ သူတို့က အလွန်တရာ ဆိုးဆိုးဝါးဝါးပုံစံမှာ ရှိနေပြီး ဒဏ်ရာများဖြင့် ပြည့်နှက်ကာ သူတို့၏ အမူအရာများက ထိတ်လန့်တကြားဖြစ်နေ၏။

ဒါ့အပြင် သူတို့သည် ထျန်ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူများ မဟုတ်ကြပေ။

ကောင်းကင်ဘုံဝံပုလွေက လူသားပုံစံကို ယူထားပြီး ထျန်ဟွမ်ဂိုဏ်း၏ ပင်မခန်းမမှာ ဟိတ်ကြီးဟန်ကြီးဖြင့် ထိုင်နေ၏။ သူ၏ ဘေးနှစ်ဖက်မှာ ကောင်းကင်အင်မော်တယ်ပညာရှင် ၈ဦး ရှိနေ၏။

ယန်ပေးချန်အပြင် အဲဒီမှာ အမျိုးသားများနှင့် အမျိုးသမီးများ ပါဝင်သည့် အခြားသော ၇ယောက် ရှိနေ၏။ သူတို့အားလုံးက အဆင့်-၈ နှင့် အဆင့်-၉ ကောင်းကင်အင်မော်တယ်များ ဖြစ်ကြ၏။ သူတို့သည် ပြီးခဲ့သည့်နှစ်များမှာ ကောင်းကင်ဘုံဝံပုလွေ ခေါ်ယူစုဆောင်းထားသည့် စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူးများ ဖြစ်ကြသည်။

ယန်ပေးချန်သည် အဝီစိကနေ ပြန်ရောက်၍ နိုးထလာပြီးနောက် သူ၏ ဒဏ်ရာများက သက်သာပျောက်ကင်းသွားခဲ့ပြီဖြစ်၏။

ဧကရာဇ်ပိုရွှင်း၏ အမွေအနှစ်၊ မိစ္ဆာဥပါဒါန်ဗုဒ္ဓကြမ္မာသုတ္တန်နှင့် ကျိတုဆေဘာနှင့်အတူ သူ၏ ကျင့်ကြံမှု အလျင်အဟုန်က အလွန်တရာ ကြောက်စရာကောင်းလာခဲ့၏။ သူက အဆင့်-၂ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်နေလေပြီ။ သူသည် ကောင်းကင်ဘုံဝံပုလွေထက် အနည်းငယ်သာ နိမ့်ကျတော့၏။

ခန်းမ၏ အောက်ဘက်မှာ အဆင့်-၃ ကောင်းကင်အင်မော်တယ်နှစ်ယောက်ဖြစ်သော အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က မတ်တတ်ရပ်နေကြ၏။

အမျိုးသားက အရပ်အမောင်းမြင့်မား၍ ရုပ်ရည်ချောမောသော်လည်း သူ၏ မျက်ခုံးနှစ်ဖက်ကြားမှာ ဖြေဖျောက်၍ မရနိုင်သော ဝမ်းနည်းပူဆွေးမှုတစ်ခု ရှိနေပုံရ၏။

အမျိုးသမီး၏ အဝတ်အစားများက နှင်းကဲ့သို့ ဖြူဆွတ်နေပြီး သူမက အလွန်တရာ ချောမောလှပ၏။ သူမ၏ မျက်လုံးများက ရေကဲ့သို့ ကြည်လင်နေပြီး နူးညံ့မှုနှင့် ချစ်ခြင်းမေတ္တာ တစ်စွန်းတစ်စနှင့်အတူ အမျိုးသားကို ကြည့်နေ၏။

သူတို့နှစ်ယောက်က အင်မော်တယ်စုံတွဲတစ်တွဲနှင့် တူလေသည်။

သို့သော်လည်း သူတို့နှစ်ယောက်သည် ခရီးပန်းလာကြပုံရ၏။ သူတို့က ပင်ပန်းနွမ်းနယ်နေသည့်ပုံပေါ်ပြီး သူတို့က ဒဏ်ရာများလည်း ရရှိထားသည့်ပုံပင်။

ခန်းမ၏ အပြင်ဘက်မှာ ရှိသော ကျင့်ကြံသူပေါင်းထောင်ချီကိုလည်း သူတို့နှစ်ယောက်က ခေါ်လာခဲ့ခြင်းဖြစ်၏။

“မင်္ဂလာပါ ဂိုဏ်းချုပ် ကောင်းကင်ဘုံဝံပုလွေ”

လွမ်းမောဖွယ်ရာကောင်းသော အမျိုးသားက ဦးညွှတ်လိုက်၏။

ကောင်းကင်ဘုံဝံပုလွေက ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

“မင်းတို့ရဲ့ နောက်ခံတွေကို ပြောပါဦး… မင်းတို့တွေက ငါ့ရဲ့ ထျန်ဟွမ်ဂိုဏ်း ပိုင်နက်နယ်မြေထဲကို အဲဒီ ထောင်နဲ့ချီတဲ့ စစ်သားတွေ ဘာလို့ ခေါ်လာတာလဲ… မင်းတို့က ငါ့ဆီမှာ အညံ့ခံကြမလို့လား”

အမျိုးသားက ပြောလိုက်၏။

“ကျုပ်က မိစ္ဆာမဟာနယ်မြေရဲ့ ဗဟိုချက်ဒေသက ကမ္ဘာမြေအဆင့်ဂိုဏ်းတစ်ဂိုဏ်း၊ မိုးကြိုးလေပြည်နန်းတော်က ကူထုံယိုပါ… ကျုပ်ခေါ်လာတဲ့ ကျင့်ကြံသူတွေကလည်း မိုးကြိုးလေပြည်နန်းတော်ကပါပဲ”

မိုးကြိုးလေပြည်နန်းတော်ဟူသော စကားကို ကြားရချိန်မှာ စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူးများနှင့် အခြားသူများမှာ တုံ့ပြန်မှု မရှိကြပေ။

သို့​သော်လည်း ယန်ပေးချန်၏ အမူအရာက ပြောင်းလဲသွားပြီး မျက်မှောင်အနည်းငယ်ကြုတ်ကာ ကူထုံယိုကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

ကောင်းကင်ဘုံဝံပုလွေက ရယ်မောလိုက်၏။

“မိစ္ဆာမဟာနယ်မြေရဲ့ မိစ္ဆာသစ်ပင်၊ ထာဝရသစ်ပင်က မိစ္ဆာမဟာနယ်မြေရဲ့ ဗဟိုချက်ဒေသမှာပဲ ရှိသေးတယ်… အဲဒီမှာ ကောင်းကင်နဲ့မြေကြီး အမြုတေချီက ကြွယ်ဝပြီး မရေမတွက်နိုင်တဲ့ ရှားရှားပါးပါး ရတနာတွေကို မြေအောက်မှာ တူးဖော်ရရှိနိုင်တယ်… အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းတွေနဲ့ ရှေးဟောင်းအပျက်အစီးနယ်မြေတွေကိုလည်း နေရာတိုင်းမှာ တွေ့နိုင်တယ်”

“အဲဒီနေရာက နေ့စဉ်နေ့တိုင်း သတ်ဖြတ်ခြင်းတွေနဲ့ ပြည့်နှက်နေတာ… အဲဒီမှာ အပြီးတိုင် လက်စဖျောက်ခံရတဲ့ ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေက နေ့စဉ်နဲ့အမျှ ရှိနေနိုင်တယ်”

“ကမ္ဘာမြေအဆင့်ဂိုဏ်းတစ်ဂိုဏ်းဆိုတာ ဘာမှမဟုတ်ဘူး”

ကောင်းကင်ဘုံဝံပုလွေသည် တစ်ခါက စိတ်ခံစားချက် ၇မျိုး မိစ္ဆာဘုရင် ဖြစ်ခဲ့ဖူး၏။ သူသည် မိစ္ဆာမဟာနယ်မြေတစ်ခုလုံးကို သိမ်းပိုက်ရန် ဧကရာဇ်ပိုရွှင်းနောက်သို့ လိုက်ခဲ့ဖူးပြီး မိစ္ဆာမဟာနယ်မြေ၏ နယ်မြေဒေသတိုင်းကို သူ၏ လက်ဖမိုးကဲ့သို့ ကောင်းကောင်းသိရှိလေသည်။

ထျန်ဟွမ်ဂိုဏ်းသည် မဟူရာအဆင့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သော်လည်း အဲဒါသည် ကျင့်ကြံရေး အရင်းအမြစ်များ ရှားပါးသည့် မိစ္ဆာမဟာနယ်မြေ၏ တစ်ထောင့်တစ်နေရာမှာ ရှိနေ၏။ ထို့ကြောင့် သူတို့ဂိုဏ်းက ခြိမ်းခြောက်မှုများစွာနှင့် ရင်မဆိုင်ရပေ။

ကူထုံယိုက ပြောလိုက်၏။

“ဂိုဏ်းချုပ်ကောင်းကင်ဘုံဝံပုလွေ… ခင်ဗျားပြောတာ မှန်ပါတယ်… လွန်ခဲ့တဲ့ အချိန်တချို့က မိုးကြိုးလေပြည်နန်းတော်က အဖွဲ့အစည်းအတော်များများရဲ့ ပစ်မှတ်ထားခြင်းခံလာရတယ်… ပညာရှင်တွေက ပေါ်ထွက်လာပြီး မိုးကြိုးလေပြည်နန်းတော်ကို တိုက်ခိုက်ဖို့အတွက် တခြားကမ္ဘာမြေအဆင့်ဂိုဏ်း ၁၈ဂိုဏ်းနဲ့ ပေါင်းစည်းပြီး မိစ္ဆာစစ်တပ် ၁၈တပ်ကို ဖွဲ့စည်းခဲ့ကြတယ်”

ကောင်းကင်ဘုံဝံပုလွေက မျက်ခုံးပင့်လိုက်၏။

“အဆင့်တူချင်းမှာ ဂိုဏ်းနဲ့ အဖွဲ့အစည်း ၁၈ခုကို ပူးပေါင်းစေခဲ့တယ်ဆိုတော့ မိုးကြိုးလေပြည်နန်းတော်က တော်တော်အစွမ်းထက်တဲ့ပုံပဲ”

“ဒါပေမဲ့ တခြားကမ္ဘာမြေအဆင့်ဂိုဏ်း ၁၈ဂိုဏ်းက ပညာရှင်တွေကို ဆင့်ခေါ်နိုင်ဖို့ဆိုရင် သူတို့က ပိုပြီးတော့ စွမ်းအားကြီးမားနေရမယ်… သူတို့မှာ အထင်ကြီးစရာကောင်းတဲ့ နောက်ခံတစ်ခု ရှိနေရမယ်”

ကူထုံယိုက ခေါင်းညိတ်ပြလိုက်၏။

“ဦးဆောင်နေတဲ့ လူက လက်ရှိခေတ်ရဲ့ အန္တိမ ပကတိမိစ္ဆာ ယန်ကျစ်ပဲ”

အန္တိမ ပကတိမိစ္ဆာ…

ထိုစကားကို ​ကြားရပြီးနောက် စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူးများက ဆတ်ခနဲ တုန်ယင်သွားပြီး သူတို့ မျက်လုံးများထဲမှာ အကြောက်တရားက ပေါ်ထွက်လာ၏။

ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် ပုဂ္ဂိုလ်ကသာလျှင် အန္တိမ ပကတိမိစ္ဆာတစ်ယောက်ဖြစ်လာဖို့ အဆင့်မီလေသည်။ ပကတိမိစ္ဆာများကြားမှာ မည်သူကမှ သူ့အထက်မှာ မရပ်တည်နိုင်ပေ။

သူက ပကတိမိစ္ဆာများကြားမှာ ပြိုင်ဘက်ကင်းနေပြီဖြစ်၏။

မိစ္ဆာတပ်မှူးတစ်ဦးက လှောင်ရယ်လိုက်၏။

“အန္တိမ ပကတိမိစ္ဆာ ပါဝင်လာပြီဆိုမှတော့ သူက တခြားဂိုဏ်းတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းစရာ လိုသေးလို့လား… သူတစ်ယောက်တည်းကတင် မိုးကြိုး​လေပြည်နန်းတော်ကို ဖျက်ဆီးပစ်ဖို့ လုံလောက်နေပြီ”

“သူက မလုံလောက်ဘူး”

ကူထုံယိုက သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

“သူက ကျုပ်တို့ နန်းတော်အရှင်နဲ့ တိုက်ခိုက်ခဲ့တယ်… ဒါပေမဲ့ ရှင်းလင်းတဲ့ အနိုင်ရလဒ် ထွက်ပေါ်မလာခဲ့ဘူး”

All Chapters