← Chapters

ကပ်ဘေး

Vol. 158 Ch. 2363

ကပ်ဘေး

Vol. 158 Ch. 2363

လူတိုင်းက ရင်တစ်ချက်ထိတ်သွားကြ၏။

ထို့နောက် ချက်ချင်းပင် စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူးများက သရော်တော်တော်အမူအရာများနှင့်အတူ လှောင်ရယ်လိုက်ကြ၏။

မိစ္ဆာတပ်မှူးတစ်ယောက်ကပြောလိုက်၏။

“မင်းပြောပုံအရဆိုရင် မိုးကြိုးလေပြည်နန်းတော်က ကမ္ဘာမြေအဆင့် အဖွဲ့အစည်းတစ်ခုပဲ... ပြောရမယ်ဆိုရင် မင်းတို့နန်းတော်အရှင်ရဲ့ ကျင့်ကြံမှုကလည်း ပကတိဧကနယ်ပယ်မှာပဲရှိနေမယ်”

“ဟုတ်ပါတယ်”

ကူထုံယိုက ခေါင်းညိတ်ပြလိုက်၏။

မိစ္ဆာတပ်မှူးက လှောင်ရယ်လိုက်၏။

“မင်းက အန္တိမပကတိမိစ္ဆာရဲ့အဓိပ္ပါယ်ကို မသိသေးဘူးထင်တယ်... အန္တိမဆိုတာ ပကတိမိစ္ဆာတွေကြားမှာ သူ့ရဲပြိုင်ဘက်မရှိတော့ဘူးဆိုတဲ့အဓိပ္ပါယ်ပဲ... မင်းတို့မိုးကြိုးလေပြည်နန်းတော်ရဲ့ နန်းတော်အရှင်က ဘယ်သူမို့လို့ အန္တိမပကတိမိစ္ဆာနဲ့ သရေကျအောင်တိုက်ခိုက်နိုင်တာလဲ... ဟဲဟဲ မင်းရဲ့စကားက ပေါက်တတ်ကရတွေနဲ့ပြည့်နေတာပဲ... ငါတို့က မင်းရဲ့အလိမ်အညာတွေကို မမြင်နိုင်ဘူးလို့ တကယ်ပဲထင်လို့လား”

“မိုးကြိုးလေပြည်နန်းတော်ရဲ့ နန်းတော်အရှင်က အဲ့လိုမျိုးပုဂ္ဂိုလ်တစ်ယောက်ဆိုရင် ငါတို့သူ့ကို အရင်ကဘာလို့မကြားဖူးတာလဲ... သူက ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်မှာတောင်မရှိဘူးမလား”

မိစ္ဆာတပ်မှူးများက လှောင်ရယ်လိုက်ကြ၏။

ကူထုံယို၏ အမူအရာက တည်ငြိမ်နေပြီး သူကဒေါသထွက်မသွားပေ။

“ကျုပ်တို့နန်းတော်အရှင်က မိစ္ဆာမဟာနယ်မြေကမဟုတ်ဘူး... မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေကနေ တိမ်းရှောင်လာခဲ့တာ.. သူက အရင်တုန်းက အန္တိမပကတိအင်မော်တယ်ဖြစ်ခဲ့တယ်”

“ဟမ်..”

ခန်းမထဲမှလူတိုင်း၏ အမူအရာများက ပြောင်းလဲသွားကြ၏။

ကူထုံယိုပြောသည်ကအမှန်ဆိုလျှင် အန္တိမပကတိအင်မော်တယ်သည် ယန်ကျစ်နှင့် အမှန်တကယ်ပင် သရေကျအောင်တိုက်ခိုက်နိုင်ပေလိမ့်မည်။

ကောင်းကင်ဘုံဝံပုလွေက သူ၏ လက်နှစ်ဖက်ကိုဖိချပြီး ဆွေးနွေးသံများကို ဖိနှိမ်လိုက်၏။ သူကလေးနက်သောအသံဖြင့် ပြောလ်ိုက်သည်။

“ဆက်ပြောပါဦး”

ကူထုံယိုက ပြောလိုက်သည်။

“မိစ္ဆာစစ်တပ် ၁၈ တပ်ရဲ့ ခေါင်းဆောင်တပ်မှူးတွေးကြားမှာ အန္တိမပကတိမိစ္ဆာ ယန်ကျစ်အပြင်... အဲ့ဒီမှာ ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်က အဆင့်-၄ ဝင်တဲ့ နတ်မိမယ်ခရမ်းရောင်းမြစ်... အဆင့်-၆ ဝင်တဲ့ နဂါးမိစ္ဆာနဲ့ အဆင့်-၇ ဝင်တဲ့ မိစ္ဆာဆေဘာ လီပိုထျန်တို့လည်းပါတယ်”

လက်ရှိလူတိုင်းက တုန်လှုပ်သွားကြ၏။

အဲ့ဒီမှာ ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်မှ ပညာရှင်လေးဦး ရှိနေပြီဖြစ်သည်။

ထိုစကားကနေ မိုးကြိုးလေပြည်နန်းတော်၏ နန်းတော်အရှင်က ဘယ်လောက်တောင် စွမ်းအားကြီးမားသလဲ ကောက်ချက်ချနိုင်၏။

မဟုတ်ပါက သူသည် ဤမျှထိများပြားသော အရေးကြီးပုဂ္ဂိုလ်များကို ဆွဲဆောင်မိလိမ့်မည် မဟုတ်ပေ။

“မိစ္ဆာစစ်တပ် ၁၈ တပ်က ပူးပေါင်းတိုက်ခိုက်လာတဲ့အချိန်မှာ နန်းတော်အရှင်က တစ်ယောက်တည်းက အဲ့ဒါကို တောင့်မခံနိုင်တော့ဘူး... မိုးကြိုးလေပြည်နန်းတော်ရဲ့ ပိုင်နက်နယ်မြေတွေက အဆက်မပြတ်သိမ်းပိုက်ခံရပြီး ကျင့်ကြံသူတွေကလည်း နေ့စဥ်နဲ့အမျှသေဆုံးခဲ့ကြတယ်”

ကူထုံယိုက ဤအကြောင်းကို ပြောဆိုချိန်မှာ သူ့မှာ ပူဆွေးဝမ်းနည်းသောအမူအရာတစ်ခုရှိနေသည်။

“ဘာမှမတတ်နိုင်တော့နဲ့အချိန်မှာ နန်းတော်အရှင်က ကျုပ်တို့တွေကို ဗဟိုချက်နေရာကနေ ထွက်ပြေးတိမ်းရှောင်နိုင်ဖို့အတွက် သွေးသံရဲရဲ လမ်းကြောင်းတစ်ခုကို ဖောက်လုပ်ပေးခဲ့တယ်... ဒါပေမဲ့ နန်းတော်အရှင်က အဲ့ဒီတိုက်ပွဲမှာ ဒဏ်ရာရပြီး မိုးကြိုးလေပြည်နန်းတော်ရဲ့ ပင်မနန်းတော်ထဲမှာ ပိတ်မိသွားတယ်”

ကူထုံယိုက ဤကိစ္စကို ရိုးရှင်းသော စကားလုံးများဖြင့် အတတ်နိုင်ဆုံး ကြိုးစားဖော်ပြပေးနေသည်။

ထိုသို့ဆိုလျှင်တောင် ယန်ပေးချန်သည် ထိုစဥ်တုန်းက ချောက်ချားစရာကောင်းသော တိုက်ပွဲကို စဥ်းစားကြည့်နိုင်သည်။

“အခုတော့... ကျင့်ကြံသူထောင်ဂဏန်းတချို့ပဲကျန်တော့တယ်”

ကောင်းကင်ဘုံဝံပုလွေက မျက်လုံးစွေကြည့်လိုက်၏။

“မင်းတို့ရဲ့အကျပ်အတည်းဒုက္ခကို ငါစာနာပါတယ်... ဒါပေမဲ့ ငါတို့ထျန်ဟွမ်ဂိုဏ်းက မဟူရာအဆင့်ဂိုဏ်းတစ်ဂိုဏ်းပဲ... ငါတို့က ဆန္ဒရှိတယ်ဆိုရင်တောင်မှ ငါတို့က မိုးကြိုးလေပြည်နန်းတော်ကို ကယ်တင်ပေးနိုင်မှာမဟုတ်ဘူး”

“အခုလိုစေတနာထားတဲ့အတွက် ကျေးဇူးတင်ပါတယ်ဂိုဏ်းချုပ်... ကျုပ်တို့တွေက စစ်ကူတောင်းဖို့အတွက် ဒီကိုရောက်လာတာမဟုတ်ပါဘူး”

ကူထုံယိုက သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

“ထျန်ဟွမ်ဂိုဏ်းက အပြင်ဘက်မှာရှိတဲ့ကျင့်ကြံသူတွေကို လက်ခံပေးနိုင်ဖို့ပဲ ကျုပ်တို့က မျှော်လင့်ထားတာ... သူတို့တွေအားလုံးက အောက်ဘုံလောကကလာခဲ့ကြတာပဲ... သူတို့အနေနဲ့ ကျင့်ကြံဖို့က လွယ်ကူတာမဟုတ်ဘူး.. သူတို့ကို တစ်ကွဲတစ်ပြားစီခွဲထုတ်လိုက်မယ်ဆိုရင် သူတို့က ရပ်တည်နိုင်မှာမဟုတ်ဘူး”

ကောင်းကင်ဘုံဝံပုလွေက ချက်ချင်းမတုံ့ပြန်နိုင်ပေ။

ထျန်ဟွမ်ဂိုဏ်းကို တည်ဆောက်ခဲ့ပြီးကတည်းက အောက်ဘုံလောကမှတက်လှမ်းလာသော လူတိုင်းကို တူညီစွာ ပြုမူဆက်ဆံခဲ့သည်မှာ အမှန်ပင်ဖြစ်၏။ အဲ့ဒါသည် သိုင်းတာအိုပင်မခန္ဓာချမှတ်ခဲ့သော စည်းမျဥ်းတစ်ခုဖြစ်၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက အဝီစိမှာ သေဆုံးသွားခဲ့ပြီဖြစ်၏။

ဒါ့အပြင် ဤကိစ္စမှာ လူအတော်များများပါဝင်ပတ်သက်နေ၏။

ကျင့်ကြံသူပေါင်းထောင်ဂဏန်းတချို့ကို လက်ခံပေးထားဖို့က အဆင်ပြေသော်လည်း အဲ့ဒါသည် သူနှင့်ထျန်ဟွမ်ဂိုဏ်းအပေါ် ရိုက်ခတ်မှုရှိလာမည်ဆိုလျှင် ရရှိမှုထက် ဆုံးရှုံးမှုက ပို၍များနေပေလိမ့်မည်။

ကူထုံယို၏ ဘေးမှာရှိသော အမျိုးသမီးက သူမ၏ လက်သီးနှစ်ဖက်ကို ယှက်ပြီးပြောလိုက်သည်။

“ကျွန်မကချိုးစစ်လောပါ... ရှင်က သူတို့တွေကို လက်ခံပေးလိုက်တာနဲ့ ဂိုဏ်းချုပ်... ကျွန်မတို့နှစ်ယောက်က ချက်ချင်းထွက်သွားပေးပါ့မယ်”

“မင်းတို့တွေက ဘယ်ကိုသွားကြမလို့လဲ”

ကောင်းကင်ဘုံဝံပုလွေက မေးလိုက်၏။

ချိုးစစ်လောက ပြုံး၍ပြောလိုက်သည်။

“ကျွန်မတို့နှစ်ယောက်ကလည်း အင်မော်တယ်မဟာနယ်မြေကနေ တိမ်းရှောင်လာခဲ့ကြတာ... ကျွန်မတို့ကို ကျွန်မတို့ရဲ့ နန်းတော်အရှင်က ကယ်တင်ပေးခဲ့တယ်... အဲ့ဒါကြောင့်ပဲ ကျွန်မတို့တွေက မိစ္ဆာမဟာနယ်မြေမှာ နေရာတစ်ခုရလာနိုင်ခဲ့တာ”

“ကျွန်မတို့... ဒီလူတွေကို ဒီနေရာကိုခေါ်လာခဲ့တယ်ဆိုတာ နန်းတော်အရှင်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ပဲ”

“အပြင်ဘက်ကလူတွေကို နေရာအထိုင်ချပေးပြီးရင် ကျွန်မတို့နှစ်ယောက်က မိုးကြိုးလေပြည်နန်းတော်ကို ပြန်သွားပြီး နန်းတော်အရှင်နဲ့ အတူယှဥ်တွဲတိုက်ခိုက်ရမယ်”

“ကောင်းပြီလေ”

ရုတ်တရက် ယန်ပေးချန်က စကားပြောဆို၍ချီးကျူးလိုက်၏။

သူက ကူထုံယိုနှင့် ချိုးစစ်လောကိုကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“တာအိုရောင်းရင်းတို့... မိုးကြိုးလေပြည်နန်းတော်ရဲ့ နန်းတော်အရှင်က ဘယ်နေရာကနေလာခဲ့တာလဲ”

“ထျန်ဟွမ်ကုန်းမြေတိုက်”

ကူထုံယိုက ပြောလိုက်သည်။

“ထျန်ဟွမ်ဂိုဏ်းမှာ ထျန်ဟွမ်ကုန်းမြေတိုက်က တစ်ယောက်ယောက်ရှိနေမယ်ဆိုရင် သူတို့တွေက သူ့ရဲ့နာမည်ကိုကြားဖူးလိမ့်မယ်လို့ နန်းတော်အရှင်က ကျုပ်တို့ကို ပြောခဲ့တယ်”

“သူ့ရဲ့နာမည်အရင်းက ဖုန့်စန်းထျန်ပဲ... ထျန်ဟွမ်းကုန်းမြေတိုက်မှာ သူ့ကို မိုးကြိုးဧကရာဇ်လို့ခေါ်တယ်”

ထင်မှတ်ထားသည့်အတိုင်းပင်... ယန်ပေးချန်၏ မျက်လုံးက ဝင်းလက်သွား၏။

သိုင်းတာအိုပင်မခန္ဓာသည် အထက်ဘုံမှ ဖုန့်စန်းထျန်နှင့် တွေ့ဆုံခဲ့သည့်အကြောင်း သူ့ကိုတစ်ခါကပြောခဲ့ဖူး၏။

ထို့ကြောင့် သူသည် မိုးကြိုးလေပြည်နန်းတော်အကြောင်းကြားရချိန်မှာ မိုးကြိုးဧကရာဇ်ကို တွေးမိနေ၏။

ထျန်ဟွမ်ကုန်း​မြေတိုက်မှာ မိုးကြိုးဧကရာဇ်ချန်ထားခဲ့သောဂိုဏ်းသည် မိုးကြိုးလေပြည်နန်းတော်ဖြစ်လေသည်။

ယန်ပေးချန်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“တာအိုရောင်းရင်းတို့ ဘာမှမပူနဲ့... အပြင်ဘက်မှာရှိတဲ့ ကျင့်ကြံသူတွေက ထျန်ဟွမ်ဂိုဏ်းမှာ နေခွင့်ရလိမ့်မယ်”

မိစ္ဆာတပ်မှူး ၇ဦးက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်ကြ၏။

ကောင်းကင်ဘုံဝံပုလွေကလည်း မျက်မှောင်ကြုတ်လိုက်၏။

“ညီကိုယန်... ဒီကိစ္စကို သေသေချာချာပြန်စဥ်းစားသင့်တယ်”

“ဘာမှစဥ်းစားစရာမလိုဘူး... အဲ့ဒါကို ငါသဘောတူတယ်”

ယန်ပေးချန်၏ လေသံက ပြတ်သားနေပြီး သူက ကူထုံယိုနှင့် ချိုးစစ်လောကိုကြည့်ကာ ပြတ်သားစွာဖြင့် ပြောလိုက်၏။

“တာအိုရောင်းရင်းတို့... မိုးကြိုးလေပြည်နန်းတော်ကို ခင်ဗျားတို့နဲ့ကျုပ်လိုက်ခဲ့မယ်... ပြီးရင် မိုးကြိုးဧကရာဇ်နဲ့ အတူယှဥ်တွဲတိုက်ခိုက်ကြမယ်”

“မရဘူး”

ကောင်းကင်ဘုံဝံပုလွေက ချက်ချင်းပင်ငြင်းပယ်လိုက်၏။

သူသည် ယန်ပေးချန်၏ ဘေးကင်းလုံခြုံမှုကို ဂရုစိုက်ပေးမည်ဟု သိုင်းတာအိုပင်မခန္ဓာကို ကတိပေးထားခဲ့သည်။

ယန်ပေးချန်သည် အဆင့်-၂ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်၏။ သူကမိုးကြိုးလေပြည်နန်းတော်ကို သွားရောက်မည်ဆိုလျှင် ထိုအဆင့်တိုက်ပွဲတစ်ခုမှာ သူက ဘာမှကောင်းကောင်းမလုပ်နိုင်ခင် သေဆုံးသွားရပေလိမ့်မည်။

“ယန်ပေးချန်... မင်းသေချင်နေတယ်ဆိုလည်း ငါဂရုမစိုက်ဘူး... ဒါပေမဲ့ ငါတို့ကိုပါ ဆွဲမထည့်နဲ့”

မိစ္ဆာတပ်မှူးတစ်ယောက်က အေးစက်စွာပြောလိုက်၏။

“ဟုတ်တယ်”

နောက်ထပ်လူတစ်ယောက်က ခန်းမ၏ အပြင်ဘက်မှာရှိသော ကျင့်ကြံသူပေါင်းထောင်ချီကို လက်ညှိုးထိုးပြလိုက်၏။

“ထျန်ဟွမ်ဂိုဏ်းက အဲ့ဒီနိမ့်ကျသက်ရှိတွေကိုလက်ခံထားမယ်ဆိုရင်... ငါတို့ပါ ပြဿနာတက်လာနိုင်တယ်... ငါတို့အနေနဲ့ ဒီလိုမျိုးအန္တရာယ်ကို စွန့်စားစရာမလိုဘူး “

“နောက်ပြီး... ယန်ပေးချန် မင်းက ဘယ်အချိန်တုန်းကများ ထျန်ဟွမ်ဂိုဏ်းမှာ ပြောရေးဆိုခွင့်ရှိသူဖြစ်သွားရတာလဲ”

ယန်ပေးချန်က မိစ္ဆာတပ်မှူး၇ဦးကိုကြည့်ပြီး အေးစက်စွာပြောလိုက်၏။

“ဒါက... အရင်တုန်းက ဂိုဏ်းချုပ်ချမှတ်ခဲ့တဲ့စည်းမျဥ်းပဲ... အောက်ဘုံက တက်လှမ်းလာတဲ့လူတိုင်းကို တူညီစွာပြုမူဆက်ဆံပေးရမယ်”

မိစ္ဆာတပ်မှူးတစ်ယောက်က လှောင်ရယ်လိုက်၏။

“အရင်တုန်းက ငါတို့ရဲ့ဂိုဏ်းချုပ်က အဝီစိမှာသေဆုံးသွားခဲ့ပြီ... အဲ့ဒီအဓိပ္ပါယ်မရှိတဲ့စည်းမျဥ်းစည်းကမ်းတွေက မရှိသင့်တော့တာကြာပြီ... လက်ရှိဂိုဏ်းချုပ်က အရှင်ကောင်းကင်ဘုံဝံပုလွေပဲ”

“ဂိုဏ်းချုပ်... ကျုပ်တို့ဒုက္ခမရောက်ရအောင် ကျေးဇူးပြုပြီး အဲ့ဒီလူတွေကို တတ်နိုင်သမျှမြန်မြန်မောင်းထုတ်လိုက်စမ်းပါ”

အခြားသောမိစ္ဆာတပ်မှူးများကလည်း ရှေ့သို့ထွက်ရပ်ပြီး ဖျောင်းဖျပြောဆိုလိုက်ကြ၏။

ကူထုံယိုက ထိုသည်ကိုတွေ့မြင်သောအခါ သူ၏ မျက်လုံးထဲရှိ လွမ်းဆွေးမှုက ပို၍နက်ရှိုင်းလာပြီး သူကညင်သာစွာသက်ပြင်းချလိုက်၏။

ကောင်းကင်ဘုံဝံပုလွေကလည်း အလေးအနက်စဥ်းစားတွေးတောနေ၏။

အခုချိန်မှာသူက လွတ်လပ်နေပြီဖြစ်သည်။ ဤနှစ်များအားလုံးမှာ သူသည် ကြိုးစားအားထုတ်ခဲ့ပြီးနောက် စိတ်ခံစားချက် ၇ မျိုး မိစ္ဆာတပ်မှူးများ၏ အကူအညီနှင့်အတူ သူသည် ထျန်ဟွမ်ဂိုဏ်းကို အပြည့်အဝ ထိန်းချုပ်နိုင်နေခဲ့သည်မှာကြာခဲ့ပြီဖြစ်သည်။

သူက သိုင်းတာအိုပင်မခန္ဓာချန်ထားခဲ့သည့် စည်းမျဥ်းစည်းကမ်းများကိုပြောင်းလဲပစ်ချင်သည်ဆိုလျှင် သူကအဲ့ဒါကို လုပ်နိုင်ခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။

သို့သော်လည်း သူက ထိုသို့မလုပ်ခဲ့ပေ။

သိုင်းတာအိုပင်မခန္ဓာသည် အဝီစိထဲသို့ ကျဆင်းပြီး သူက သေရတော့မည်ဆိုတာကို သိရှိခဲ့စဥ်က သူသည် ကောင်းကင်ဘုံဝံပုလွေ၏ အမြုတေစိတ်ဝိညာဥ်ပေါ်မှ ချိပ်စည်းကို ဖယ်ရှားပေးကာ ထိုသူ၏ လွတ်လပ်မှုကို ပြန်ပေးခဲ့​လေသည်။ တကယ်တော့... ထိုအခိုက်အတန့်မှစ၍ ကောင်းကင်ဘုံဝံပုလွေ၏ နှလုံးသားအနက်ပိုင်းထဲမှာ သူသည် သိုင်းတာအိုပင်မခန္ဓာကို သူ၏ သခင်အဖြစ် အသိအမှတ်ပြုထားခဲ့ပြီဖြစ်သည်။

‘သူအသက်ရှင်နေဦးမယ်ဆိုရင် သူကအဲ့ဒီလူတွေကို သေချာပေါက်လက်ခံလိမ့်မယ်’

ရုတ်တရက် ကောင်းကင်ဘုံဝံပုလွေက တီးတိုးရေရွတ်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ဆုံးဖြတ်ချက်ချလိုက်၏။

“မပူပါနဲ့.. ထျန်ဟွမ်ဂိုဏ်းက အပြင်ဘက်က ကျင့်ကြံသူတွေကို ကောင်းကောင်းဂရုစိုက်ပေးပြီး သူတို့ကို ထျန်ဟွမ်ဂိုဏ်းနဲ့ပေါင်းစည်းနိုင်အောင် အထိုင်ချပေးမယ်”

ကူထုံယိုနှင့် ချိုးစစ်လောက ကျေနပ်သဘောကျသွားပြီး ကျေးဇူးတင်စွာဖြင့် ခပ်မြန်မြန်ဦးညွှတ်လိုက်ကြ၏။

“ကောင်းကင်အမြုတေနယ်ပယ်က ဝံပုလွေလေးတစ်ကောင်ပဲ... မင်းက အကောင်းအဆိုး တကယ်ကိုနားမလည်ဘူးပဲ”

ရုတ်တရက် မကောင်းဆိုးဝါးဆန်ဆန်အသံတစ်သံက ခန်းမထဲမှာ ချောက်ချားစရာကောင်းစွာဖြင့် ထွက်ပေါ်လာ၏။

“မင်းက ကိုယ်နဲ့မဆိုင်တဲ့လူတွေကို လက်ခံပေးထားချင်သေးတယ်ပေါ့... ဟမ့်... မင်းတို့ထျန်ဟွမ်ဂိုဏ်းလိုမျိုး ကမြောက်ကခြောက်ဂိုဏ်းတစ်ဂိုဏ်းကို ဆက်ပြီးထားစရာမလိုတော့ဘူး”

All Chapters