← Chapters

လောကီဘုံ စိတ်အာရုံများ

Vol. 158 Ch. 2364

လောကီဘုံ စိတ်အာရုံများ

Vol. 158 Ch. 2364

ခန်းမထဲရှိ လူတိုင်း၏ အမူအရာများက ပြောင်းလဲသွားကြသည်။

မိစ္ဆာတပ်မှူး ၇ဦးသည် တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ပြီး ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်ကြ၏။ သူတို့က သူတို့၏ စိတ်ဝိညာဉ်တစ္ဆေများကို ထုတ်ဖော်ပြီး ခန်းမတစ်ခုလုံးကို လွှမ်းခြုံစေလိုက်သော်လည်း သူတို့သည် စကားပြောလိုက်သောလူ၏ တည်နေရာကို မထောက်လှမ်းနိုင်ပေ။ သို့သော်လည်း ကျူးကျော်ဝင်ရောက်လာသူက ခန်းမထဲမှာ ရှိနေသည်ကို လူတိုင်းက သိရှိထားကြ၏။

ရုတ်တရက်ဆိုသလို…

လေပြင်းတစ်ချက် တိုက်ခတ်သွားသည့်အလား လူတိုင်းသည် သူတို့၏ ခါးများက ပေါ့ပါးသွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

နောက်ခဏ၌ အပြင်လူတစ်ယောက်က ခန်းမထဲမှာ ပေါ်ထွက်လာခဲ့၏။

ထိုလူက တင်းကျပ်သော သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ လက်ထဲမှာ သိုလှောင်အိတ်များကို စုပြုံ၍ ကိုင်စွဲထား၏။ သူက သိုလှောင်အိတ်များကို လေထဲမှာ ဝေ့ယမ်းပြပြီး ယန်ပေးချန်နှင့် အခြားသူများကို သရော်တော်တော် အမူအရာတစ်ခုဖြင့် ကြည့်နေ၏။

လက်ရှိလူတိုင်းသည် သူတို့၏ ခါးများဆီသို့ ခပ်မြန်မြန် လက်လှမ်းလိုက်ကြသော်လည်း အဲဒီမှာ သူတို့၏ သိုလှောင်အိတ်များက မရှိတော့ပေ။

“ဟမ်”

လူတိုင်း၏ အမူအရာများက ပြောင်းလဲသွားပြီး သူတို့က တုန်လှုပ်သွားကြ၏။

ထိုအခိုက်အတန့်မှာ ထိုလူသည် သူတို့နားကနေ ဖြတ်သွားပြီး သူတို့၏ သိုလှောင်အိတ်များကို ဖြုတ်ယူသွားခဲ့၏။

ဖြစ်စဉ်တစ်ခုလုံးမှာ မည်သူကမှ မတုံ့ပြန်နိုင်ခဲ့ပေ။ ထိုလူက သူ၏ ခါးများပေါ်မှာ သိုလှောင်အိတ်များကို ဖြုတ်ယူနိုင်ခဲ့သည်ဆိုမှတော့ သူ့မှာ သူတို့၏ ဦးခေါင်းများကို ဖြတ်တောက်နိုင်သည့် အစွမ်းအစလည်း ရှိနေပေမည်။

“ပကတိ… ပကတိမိစ္ဆာလား”

မိစ္ဆာတပ်မှူးတစ်ယောက်က ထိတ်လန့်တကြားဖြစ်သွားပြီး သူ၏ အသံက တုန်ယင်နေ၏။

မိစ္ဆာတပ်မှူး ၇ဦးစလုံးသည် အဆင့် ၈ နှင့် အဆင့် ၉ ကောင်းကင်အင်မော်တယ်များ ဖြစ်ကြသည်။ သို့သော်လည်း သူတို့သည် သူတို့ရှေ့မှ အမျိုးသား၏ ကျင့်ကြံမှုနယ်ပယ်ကို မထောက်လှမ်းနိုင်ပေ။

“မင်းက ထက်မြက်သားပဲ”

အမျိုးသားက ဝင့်ကြွားစွာ ပြောလိုက်၏။

“ရှဲ့ဖုန်… မင်းက ငါတို့နောက်ကို ဒီနေရာထိတောင် လိုက်လာခဲ့တာလား… မင်းက ငါတို့ကို တကယ်ပဲ အမြစ်ဖြတ်ချေမှုန်းသုတ်သင်မလို့လား”

ကူထုံယိုက လွမ်းဆွေးဖွယ်ရာ အမူအရာဖြင့် မေးလိုက်၏။

“ဒါပေါ့”

ပကတိအင်မော်တယ် ရှဲ့ဖုန်က အေးစက်စွာ သရော်ပြုံးပြုံးပြီး ပြောလိုက်၏။

“ငါတို့က ပြဿနာကို အမြစ်ကနေ ရှင်းထုတ်ပစ်ရမယ်… မိုးကြိုးလေပြည်နန်းတော်က လူတိုင်းက သေရမယ်”

“တခြားလူတွေက ဘယ်မှာလဲ”

ရုတ်တရက် ကူထုံယိုက မေးလိုက်၏။

ခန်းမ၏ အပြင်ဘက်ကနေ ရယ်သံတစ်သံ ထွက်ပေါ်လာပြီး ရှဲ့ဖုန်ထက် အားမနည်းသော ကြောက်စရာကောင်းသည့် အော်ရာတစ်ခုနှင့်အတူ နောက်ထပ်လူတစ်ယောက်က လျှောက်လှမ်းလာခဲ့၏။

နောက်ထပ် ပကတိမိစ္ဆာပညာရှင်တစ်ဦး…

မိစ္ဆာတပ်မှူး ၇ဦးက အကြည့်ချင်းဖလှယ်ပြီး တိတ်တဆိတ် ပြောစရာစကားမဲ့သွားရ၏။

ထျန်ဟွမ်ဂိုဏ်းက မဟူရာအဆင့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး သူတို့မှာ ပကတိမိစ္ဆာပညာရှင်တစ်ဦးပင် မရှိပေ။

ပကတိမိစ္ဆာ ရှဲ့ဖုန်က ရယ်မောလိုက်၏။

“စန်းယန်… မင်း တော်တော်နှေးတာပဲ”

“ငါက လှုပ်ရှားမှုနည်းစနစ်မှာတော့ မင်းကို ယှဉ်နိုင်မှာ မဟုတ်လောက်ဘူး”

ပကတိမိစ္ဆာ စန်းယန်က မှင်သေသေဖြင့် ပြောလိုက်၏။

“ဒါပေမဲ့ သတ်ဖြတ်တဲ့နေရာမှာဆိုရင်လဲ မင်း ငါ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး”

ပကတိမိစ္ဆာ ရှဲ့ဖုန်က နှုတ်ခမ်းကို မဲ့ကာ ပြောလိုက်၏။

“ပြောလို့ ဘယ်ရမလဲ… ငါတို့ နောက်ပြီးကျရင် ယှဉ်ပြိုင်ကြတာပေါ့… ငါတို့က ထျန်ဟွမ်ဂိုဏ်းက သက်ရှိတွေ အားလုံးကို ချေမှုန်းသုတ်သင်ဖို့အတွက် တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြမယ်… ဘယ်သူက ပိုပြီး သတ်နိုင်မလဲ ကြည့်ရတာပေါ့”

“ကောင်းပြီလေ”

ပကတိမိစ္ဆာ စန်းယန်က ပေါက်ကွဲထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်နှင့်အတူ အလိုလိုသဘောတူလိုက်၏။

“နေပါဦး”

“တစ်မိနစ်လောက် စောင့်ကြပါဦး”

ခန်းမထဲမှ မိစ္ဆာတပ်မှူး ၇ဦးက တစ်ချိန်တည်းနီးပါး ပြောဆိုလိုက်ကြ၏။

မိစ္ဆာတပ်မှူးတစ်ဦးက ကူထုံယိုနှင့် လျှိုးစစ်လောကို လက်ညှိုးထိုးပြီး ကြိုးစား၍ ပြုံးပြလိုက်၏။

“စီနီယာတို့… သူတို့တွေကသာ ကျုပ်တို့ဆီကို ရောက်လာတာ… ကျုပ်တို့တွေက သူတို့ကို လက်ခံဖို့ မဆုံးဖြတ်ရသေးဘူး”

“အဲဒါ ဟုတ်ပါတယ်”

နောက်ထပ် မိစ္ဆာတပ်မှူးတစ်ဦးက တောင်းပန်သည့်အနေဖြင့် ပြုံးပြလိုက်၏။

“ကျုပ်တို့တွေက သူတို့နဲ့ လုံးဝ မသိဘူး… ကျုပ်တို့တွေက မိစ္ဆာမဟာနယ်မြေရဲ့ ထောင့်တစ်နေရာမှာ နေထိုင်ကြတာ… ကျုပ်တို့က မိုးကြိုးလေပြည်နန်းတော်နဲ့ ဘာပတ်သက်ဆက်နွယ်မှုမှ မရှိဘူး”

ပကတိမိစ္ဆာ ရှဲ့ဖုန်က မျက်ခုံးအနည်းငယ်ပင့်ပြီး သရော်တော်တော် အမူအရာဖြင့် ပြောလိုက်၏။

“ဒါပေမဲ့ တစ်ယောက်ယောက်က သူတို့ကို လက်ခံချင်တယ်လို့ ပြောလိုက်တာ ငါ ရှင်းရှင်းလင်းလင်း ကြားလိုက်ပါတယ်… အဲဒီကတိကို ပေးလိုက်တဲ့လူက မင်းတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်ဘူးလား”

“ကျုပ်တို့ ဂိုဏ်းချုပ်က…”

“သူက သူတို့ရဲ့ အပြောမှာ မျောပါပြီး တဒင်္ဂ လမ်းမှားကို သွေဖယ်သွားတာ ဖြစ်ရမယ်”

မိစ္ဆာတပ်မှူး ၇ဦးက ကောင်းကင်ဘုံဝံပုလွေကို ကြည့်ပြီး သူ့ကို အမှားဝန်ခံကာ ဦးညွှတ်ဖို့ အချက်ပြလိုက်၏။

ကောင်းကင်ဘုံဝံပုလွေက သုန်မှုန်သွားပြီး သူက နှုတ်ဆိတ်နေ၏။

တစ်ချိန်တုန်းက သူသည် ဘာပဲပြောပြော စိတ်ခံစားချက် ၇မျိုး မိစ္ဆာဘုရင် ဖြစ်ခဲ့ဖူးသည်။ သူက ဘယ်လိုလုပ် အလွယ်တကူ ဦးညွှတ်နိုင်ပါ့မလဲ။

သူသည် သိုင်းတာအိုပင်မခန္ဓာကို သူ၏ သခင်အဖြစ် အသိအမှတ်ပြုခဲ့သော်လည်း သူသည် နှစ်ပေါင်းထောင်ချီကြာအောင် ထိုသူ၏ ညှဉ်းပန်းနှိပ်စက်ခံရပြီးမှသာ အညံ့ခံခဲ့ခြင်းဖြစ်၏။

အဲဒါက သူ၏ ယခင်ဘဝမှာဆိုလျှင် သူသည် လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် သူ့ရှေ့မှာ ပကတိမိစ္ဆာနှစ်ဦးကို သတ်ဖြတ်နိုင်လေသည်။

ယခု ပကတိမိစ္ဆာနှစ်ဦးမျှက သူ့ရှေ့မှာ မောက်မာခက်ထန်ရဲနေသည်။

သူ့မှာ သူ့ယခင်ဘဝက ကျင့်ကြံရေး အတွေ့အကြုံများ ရှိလေသည်။ သူ၏ ကျင့်ကြံမှု အလျင်အဟုန်က မြန်ဆန်သော်လည်း သူက ယခုအချိန်မှာ အဆင့် ၄ ကောင်းကင်အင်မော်တယ်တစ်ဦးသာဖြစ်ပြီး ပကတိမိစ္ဆာနှစ်ဦးကို မယှဉ်နိုင်ပေ။

အခြေအနေအရ သူက အသက်ရှင်လိုသည်ဆိုလျှင် ဦးညွှတ်ရပေလိမ့်မည်။ သို့သော်လည်း သူက မချင့်မရဲဖြစ်နေ၏။

“အာ…”

ကူထုံယိုက ညင်သာစွာ သက်ပြင်းချလိုက်၏။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ လူတွေအများ​ကြီး သေခဲ့ရပြီးပြီ… ဒီကိစ္စက ကျုပ်တို့နှစ်ယောက်ကြောင့် စတင်လာခဲ့တာပဲ… ခင်ဗျားက ကျုပ်တို့နှစ်ယောက်ကိုပဲ သတ်ပြီး တခြားသူတွေကို ဒုက္ခမပေးပါနဲ့လား”

လျှိုးစစ်လောက မည်သည့်စကားမှ မဆိုဘဲ ညင်သာသော်လည်း ခိုင်မာပြတ်သားသော အကြည့်နှင့်အတူ ကူထုံယို၏ လက်ကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။

“ဟဲဟဲ”

ပကတိမိစ္ဆာစန်းယန်က လှောင်ရယ်လိုက်၏။

“မင်းတို့နှစ်ယောက်နဲ့ မိုးကြိုးလေပြည်နန်းတော်က နိမ့်ကျသက်ရှိတွေက သေချာပေါက် သေရမယ်… မင်းတို့တွေက ဒီနေရာကို ရောက်လာတဲ့အချိန်မှာပဲ မင်းတို့တွေက သူတို့အတွက် ကပ်ဘေးတစ်ခုကိုလဲ ယူဆောင်လာခဲ့ပြီးပြီ”

မိစ္ဆာတပ်မှူး ၇ဦးက ထိုစကားကို ကြားသောအခါ တုန်လှုပ်ချောက်ချားသွားကြ၏။

သူတို့ထဲမှ တစ်ယောက်က ကောင်းကင်ဘုံဝံပုလွေကို ကြည့်ပြီး ထပ်မံ၍ လောဆော်လိုက်၏။

“ဂိုဏ်းချုပ်… ခင်ဗျား ဘာတွေ စဉ်းစားနေတာလဲ… ပကတိမိစ္ဆာနှစ်ဦးကို မြန်မြန်တောင်းပန်လိုက်လေ”

ကောင်းကင်ဘုံဝံပုလွေက ထိုသူကို စူးစူးရဲရဲ စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

“ပါးစပ်ပိတ်ထားစမ်း”

မည်သို့ပင်ဆိုစေ.. သူသည် ထျန်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေဆဲပင်။

သူ ချိုးနှိမ်၍ စုဆောင်းထားသော မိစ္ဆာတပ်မှူး ၇ဦးက သူ့ကို ဤကဲ့သို့သောလေသံဖြင့် ဘယ်လိုတောင် ပြောဆိုရဲတာလဲ။

“ဂိုဏ်းချုပ်… ကျုပ်အထင်တော့ ထျန်ဟွမ်ဂိုဏ်းကို ဆက်ပြီးထားစရာ တကယ်မလိုတော့ဘူးထင်တယ်… ကျုပ်တို့တွေက ဒီပကတိမိစ္ဆာနှစ်ဦးနဲ့ ပူးပေါင်းကြမယ်ဆိုရင် မကောင်းဘူးလား”

နောက်ထပ်မိစ္ဆာတပ်မှူးတစ်ယောက်က ပြောလိုက်၏။

“ဟုတ်တာပေါ့”

အခြားသော မိစ္ဆာတပ်မှူးများကလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။

“ဟားဟားဟား”

ရှဲ့ဖုန်နှင့် စန်းယန်က ထိုသည်ကို တွေ့မြင်သောအခါ ဟားတိုက်၍ ရယ်မောလိုက်၏။

သူတို့နှစ်ယောက်က အလိုအလျောက် နားလည်မှုဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

တကယ်တော့ သူတို့နှစ်ယောက်သည် ထျန်ဟွမ်ဂိုဏ်းကို ဖျက်ဆီးကာ သက်ရှိများ အားလုံးကို သနားညှာတာမှု မရှိဘဲ သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်၏။ သို့သော်လည်း သူတို့နှစ်ယောက်က တိုက်ခိုက်ဖို့အတွက် အလောတကြီး မရှိဘဲ အပျင်းပြေဖို့အတွက် ပြပွဲကို စောင့်ကြည့်နေကြသည်။

သူတို့နှစ်ယောက်သည် ထျန်ဟွမ်ဂိုဏ်းမှ ပုရွက်ဆိတ်များ ငြင်းခုံတိုက်ခိုက်နေသည်ကို အူမြူးအားရစွာဖြင့် စောင့်ကြည့်နေကြ၏။

“ဘာလို့လဲ… မင်းတို့တွေက ငါ့ကို သစ္စာဖောက်ချင်လို့လား”

ကောင်းကင်ဘုံဝံပုလွေ၏ အကြည့်က အေးစက်လာပြီး သူက မိစ္ဆာတပ်မှူး ၇ဦးကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်းတို့ရဲ့ ခန္ဓာကိုယ်တွေထဲမှာ ငါ့ရဲ့ ချိပ်စည်းတွေ ရှိတယ်ဆိုတာကို မမေ့လိုက်နဲ့”

သူက သူတို့ ၇ယောက်ကို ချိုးနှိမ်ပြီး စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူးများအဖြစ် ဖွဲ့စည်းနိုင်ခဲ့သည့် အကြောင်းရင်းမှာ သူသည် သူ့ယခင်ဘဝမှ လျှို့ဝှက်အတတ်တစ်ခုကို သုံးပြီး သူတို့၏ ခန္ဓာကိုယ်များထဲမှာ ချိပ်စည်းများကို ထည့်သွင်းထားနိုင်ခဲ့သောကြောင့်ဖြစ်၏။

မဟုတ်ပါက သူ၏ ကျင့်ကြံမှုအရ သူသည် ဤထိပ်သီးကောင်းကင်အင်မော်တယ် ၇ဦးကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။

ချိပ်စည်းအကြောင်းကြားရချိန်မှာ မိစ္ဆာတပ်မှူး ၇ဦးက ဆတ်ခနဲ တုန်ယင်သွားပြီး သူတို့က ထပ်မံ၍ မပြောဆိုရဲတော့ပေ။

ကောင်းကင်ဘုံဝံပုလွေက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး ပကတိမိစ္ဆာနှစ်ဦးကို ကြည့်၍ လေးနက်သော အသံဖြင့် ပြောလိုက်၏။

“တာအိုရောင်းရင်းတို့… ကျုပ်က မိုးကြိုးလေပြည်နန်းတော်က လူတွေကို လျစ်လျူရှုပေးနိုင်တယ်… ဒါပေမဲ့ ကျေးဇူးပြုပြီး သနားညှာတာမှု ပြပေးပါ… ခင်ဗျားတို့ရဲ့ အမျက်ဒေါသတွေကို ထျန်ဟွမ်ဂိုဏ်းအပေါ် ပုံမချလိုက်ပါနဲ့”

ထျန်ဟွမ်ဂိုဏ်းကို တည်ဆောက်ခဲ့ပြီးကတည်းက သိုင်းတာအိုပင်မခန္ဓာက အဲဒါကို သိပ်ပြီး အရေးမလုပ်ခဲ့ပေ။ ဤဂိုဏ်းသည် ဤအဆင့်ထိ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်မှာ ကောင်းကင်ဘုံဝံပုလွေ၏ ကြိုးစားအားထုတ်မှုသက်သက်နီးပါးဖြင့် ဖြစ်သည်။

သူသည် ထျန်ဟွမ်ဂိုဏ်းကို ဤကဲ့သို့သော ပုံစံဖြင့် အဆုံးမသတ်စေလိုပေ။

“တောကောင်… မင်း ငါ့ကို တာအိုရောင်းရင်းလို့ ဘယ်လိုတောင် ခေါ်ရဲတာလဲ”

ရုတ်တရက် ပကတိမိစ္ဆာစန်းယန်က သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး လေဟာနယ်ကနေတစ်ဆင့် ကောင်းကင်ဘုံဝံပုလွေကို ဖမ်းဆွဲလိုက်၏။

သိပ်သည်းပြင်းထန်သော စွမ်းအားတစ်ခုက ဆင်းသက်လာပြီး ကောင်းကင်ဘုံဝံပုလွေ၏ လည်ပင်းကို ဖမ်းဆွဲလိုက်သည့်အလား သူသည် ပကတိမိစ္ဆာစန်းယန်ထံသို့ တရွတ်တိုက်ပါသွား၏။

မိစ္ဆာတပ်မှူး ၇ဦးက လှုပ်ရှားရဲခြင်း မရှိပေ။

“သေစမ်း”

ထိုစဉ်မှာပင် မနှိုင်းယှဉ်သာအောင် မှင်တက်စရာကောင်းသော ပုံစံဖြင့် ဆေဘာအလင်းတစ်ခုက ဖျတ်ခနဲ လက်သွား၏။ ဆေဘာစိတ်ဆန္ဒက ပစ်လွင့်ထွက်ပေါ်လာပြီး အကန့်အသတ်မဲ့သော လောကီဘုံတစ်ခုက ပေါ်ထွက်လာ၏။ အဲဒါက လူတစ်ယောက်၏ စိတ်ဆန္ဒများကို ပိုမိုသိပ်သည်းအားကောင်းလာစေပြီး သူတို့ကို အဲဒီကနေ ရုန်းမထွက်စေနိုင်တော့ပေ။

ယန်ပေးချန်က တိုက်ခိုက်လိုက်ပြီဖြစ်၏။

ထိုခုတ်ချက်က မိစ္ဆာဥပါဒါန်ဗုဒ္ဓကြမ္မာသုတ္တန်မှ သတ်ဖြတ်ကွက်တစ်ကွက် ဖြစ်၏။

လောကီဘုံစိတ်အာရုံများ…

ပကတိမိစ္ဆာစန်းယန်မှာ သရော်တော်တော် အမူအရာတစ်ခု ရှိနေ၏။

အဆင့်-၂ ကောင်းကင်အင်မော်တယ် ပုရွက်ဆိတ်တစ်ကောင်က သူ့ကို တကယ်ပဲ တိုက်ခိုက်ရဲနေသည်။

သို့သော်လည်း နောက်ခဏ၌ သူ၏ မျက်လုံးထဲကနေတစ်ဆင့် တုန်လှုပ်နေသော အကြည့်တစ်ခု ပေါ်ထွက်လာပြီး သူက နေရာမှာပင် အေးခဲတောင့်တင်းသွား၏။

အတောမသတ်နိုင်သော စိတ်အာရုံများက တလိပ်လိပ် ထိုးတက်လာ၏။

သူ၏ စိတ်ကူးထဲမှာ သူသည် မိစ္ဆာဧကရာဇ်တစ်ပါး ဖြစ်လာပြီး မိစ္ဆာမဟာနယ်မြေကို သိမ်းပိုက်အုပ်စိုးနေ၏။ သူက သမိုင်းတစ်လျှောက် စိုးမိုးခြယ်လှယ်ပြီး သူ၏ ဘေးပတ်လည်မှာ များပြားလှစွာသော အချောအလှများက ဦးညွှတ်ခစားနေကြသည်။

သူသည် သုခဘုံသန့်စင်ကုန်းမြေ၊ မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးကိုပင် သိမ်းပိုက်စိုးစံဖို့အတွက် သူက မိစ္ဆာတစ်ဘီယီယံကို ဦးဆောင်နေ၏။

သူသည် နောက်ဆုံးမှာ မဟာလောကသုံးထောင်သို့ပင် တက်လှမ်းနိုင်ခဲ့ပြီး ထာဝရရှင်သန်ခြင်းကို ရရှိလာခဲ့၏။

ရုတ်တရက်ဆိုသလို….

ပကတိမိစ္ဆာစန်းယန်၏ အသိစိတ်ထဲမှ တာအိုသစ်သီးက လှုပ်ခါသွားပြီး အဆုံးမဲ့ အရောင်အဝါတစ်ခုဖြင့် တောက်ပလာခဲ့၏။ သူ၏ ဓမ္မတာအိုက ဖြန့်ကြက်သွားပြီး သူက သူ၏ စိတ်အာရုံများကနေ နိုးထလာခဲ့၏။

ကံဆိုးစွာနှင့်ပင် သူက နောက်ကျသွားခဲ့ပြီဖြစ်၏။

ဖောက်…

ဆေဘာအလင်းတန်းတစ်ခုက သူ၏ မျက်နှာပေါ်သို့ ဆင်းသက်လာပြီး သူ၏ အသားကို ဆုတ်ဖြဲကာ သွေးများက ဖိတ်စင်ပြန့်ကျဲသွား၏။

All Chapters