ပင်မခန္ဓာပေါ်ထွက်လာခြင်း
Vol. 158 Ch. 2365
ယန်ပေးချန်သည် ကျိတုဆေဘာကို ကိုင်ဆွဲပြီး ပကတိမိစ္ဆာစန်းယန်၏ မျက်နှာကို ခုတ်ပိုင်းချလိုက်သည်။ သူ၏ အရိုးများကိုပင် မြင်နိုင်သော နက်ရှိုင်းသည့်ဒဏ်ရာတစ်ခု ပေါ်ထွက်လာပြီး လတ်ဆတ်သောသွေးများက တစ်စက်စက်စီးကျလာသည်။
သို့သော်လည်း သူတို့ကြား ကျင့်ကြံမှုနယ်ပယ်ကွာဟချက်က အရမ်းကို ကြီးမားနေပြီး သူတို့၏ ခွန်အားကလည်း အရမ်းကိုကွာဟနေ၏။
ကျိတုဆေဘာ၏ ထက်ရှမှုကြောင့် မဟုတ်လျှင် ယန်ပေးချန်၏ ခုတ်ပိုင်းချက်က စိတ်အာရုံပျံ့လွင့်နေသော ပကတိမိစ္ဆာ စန်းယန်ကိုပင် ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ယန်ပေးချန်၏ မျက်လုံးထဲတွင် မချင့်မရဲ အကြည့်တစ်ခုက ဖျပ်ခနဲ ပေါ်ထွက်သွားသည်။
ကျိတုဆေဘာသည် သူ့မျက်နှာရှိ အရိုးများကို ထိခိုက်သွား၏။ နောက်ဆုံးမှာတော့ အဲ့ဒါသည် ပကတိမိစ္ဆာ စန်းယန်၏ အသိစိတ်ကို ထိုးဖောက်ကာ သူ၏ အမြုတေစိတ်၀ိညာဥ်ကို ဖျက်ဆီးနိုင်ခဲ့ခြင်းမရှိပေ။
ထိုသို့ဆိုလျှင်တောင် ပကတိမိစ္ဆာ စန်းယန်က ချွေးပြန်သွားပြီး နောက်သို့ ခုန်ဆုတ်လိုက်၏။
သူသည် ပကတိမိစ္ဆာတစ်ဦး ဖြစ်ပြီး သူ၏ ကိုယ်ကာယနှင့်မျိုးဆက်တွေက သန်မာသည်။ သာမန်ကောင်းကင် အဆင့် ဓမ္မရတနာများက သူ၏ အသားကို လုံးဝ ထိခိုက်စေမည်မဟုတ်ပေ။
သို့သော်လည်း ထိုဆေဘာက သူ၏ အသားကိုလှီးဖြတ်နိုင်ခဲ့သည်။
ပို၍ပင်ကြောက်စရာကောင်းသည့် အရာမှာ သူ၏ အမြုတေစိတ်၀ိညာဥ်သည် ထိုခုတ်ချက်မှ ထွက်ပေါ်လာခဲ့သော ဆေဘာစိတ်ဆန္ဒထဲသို့ ကျဆင်းလုနီးပါး ဖြစ်သွားခဲ့ရသည်။
သူ့ရှေ့မှာရှိသောလူက ပကတိမိစ္ဆာတစ်ဦးသာဆိုလျှင် သူက ယခုအချိန်မှာ သေနေလောက်လေပြီ။
“ဘာဖြစ်သွားတာလဲ”
ပကတိမိစ္ဆာရှဲ့ဖုန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
စောစောက ယန်ပေးချန်၏ ဆေဘာစိတ်ဆန္ဒက ပကတိမိစ္ဆာစန်းယန်၏ ခန္ဓာကိုယ်ပေါ် လွှမ်းခြုံသွားစဥ် ဖြစ်ပျက်ခဲ့သည့်အရာကို သူက တွေ့ကြုံလိုက်ခြင်း သို့မဟုတ် နားလည်သဘောပေါက်နိုင်ခြင်းမရှိပေ။
“တကယ်အံ့မခန်း ဆေဘာပဲ။ ဒါပေမဲ့ အဲ့ဒါက သခင်မှားနေတယ်။”
ပကတိမိစ္ဆာစန်းယန်၏ မျက်လုံးထဲတွင် အဆုံးမဲ့ဒေါသက တစ်လိပ်လိပ် ထိုးတက်လာ၏။ သူ၏ တာအိုသစ်သီးက စွမ်းအားကြီးမားသော ဓမ္မတာအိုဖြင့် ပြည့်လျှမ်းလာပြီး ရောင်လျှံစက်ဝန်းတစ်ခုက သူ၏ ဦးခေါင်းနောက်ဘက်မှာ ပေါ်ထွက်လာ၏။
သူ၏ မျက်နှာပေါ်ရှိ ကြောက်စရာကောင်းသောဒဏ်ရာက မြင်နိုင်သော အလျင်အဟုန်ဖြင့် သူ့ဘာသာသူ ကုသနေ၏။
ယန်ပေးချန်၏ ခုတ်ချက်က သူ၏ မျက်နှာကို ထိခိုက်သွားသော်လည်း ထိုခုတ်ချက်၏ စွမ်းအားက အရမ်းကို အားနည်းပြီး အဲ့ဒါက ပကတိမိစ္ဆာ ပညာရှင်တစ်ဦးအတွက် အပေါ်ယံဒဏ်ရာ တစ်ခုမျှသာဖြစ်၏။
ပကတိမိစ္ဆာစန်းယန်က ယန်ပေးချန်ကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီး တင်းမာ ခက်ထန်စွာပြောလိုက်၏။
“ပုရွက်ဆိတ် ငါမင်းကို အလောင်းတောင်မချန်ပဲ လောင်ကျွမ်းပြာချပစ်မယ်။”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ပကတိမိစ္ဆာစန်းယန်က ရုတ်တရက် သူ၏ ပါးစပ်ကိုဖွင့်ပြီး မနှိုင်းယှဥ်သာအောင် ကျိန်းစပ်နေသော မီးတောက်တစ်ခုကို ထွေးထုတ်လိုက်၏။ အဲ့ဒါကို အစစ်အမှန်အမြုတေ၏ စွမ်းအားကနေ စုဖွဲ့ထားပြီး အပူလှိုင်းတစ်ခုက ယန်ပေးချန်ထံသို့ တစ်လိပ်လိပ် တိုးဝင်လာ၏။
ဤအပြာရောင်မီးတောက်သည် သူ့ကို နာမည်ကြီးကျော်ကြားစေခဲ့သည့် လျှို့၀ှက်အတတ်ဖြစ်သည်။
သူက အမှန်တကယ်ပင်ဒေါသထွက်နေပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်မှာ သိသာလေသည်။ ထို့ကြောင့်ပင် သူက အဆင့်-၂ ကောင်းကင်အင်မော်တယ် တစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် ဤအပြာရောင် မီးတောက်ကဲ့သို့ သတ်ဖြတ်ခြင်း နည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
အပြာရောင်မီးတောက်၏ စွမ်းအားက ခန်းမတစ်ခုလုံးကို လောင်ကျွမ်းပြာကျစေဖို့လုံလောက်နေသည်။
လောကီစိတ်အာရုံများကို ထုတ်ဖော်ပြီးနောက် ယန်ပေးချန်၏ အမြုတေ စိတ်၀ိညာဥ်ကလည်း အလွန်တစ်ရာ အားနည်းသွားခဲ့ပြီဖြစ်၏။
ရုတ်တရက်ဆိုသလို
ယန်ပေးချန်၏ မြင်ကွင်းက ဝေ၀ါးသွားပြီး သူ၏ ရှေ့တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာကာ သူ့ကို ကာကွယ်ပေးလိုက်သည်။
ယန်ပေးချန်သည် ထိုသူ၏ နောက်ကျောကိုသာ တွေ့မြင်ရသော်လည်း ဝင်ရောက်လာသူကို သူက ချက်ချင်းပင် မှတ်မိသွားပြီး ကျေနပ်နှစ်ခြိုက်ကာ စိတ်အားမာန်တက်ကြွသွား၏။
ဝင်ရောက်လာသူက ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ငွေရောင် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထား၏။ ချုပ်တည်းထားသောအော်ရာတစ်ခုနှင့်အတူ သူ၏ နက်ရှိုင်းသော မျက်လုံး တစ်စုံကိုသာ ထုတ်ဖော်ထား၏။
မီးတောက်များက ရိုက်ခတ်လာသောအခါ ဝင်ရောက်လာသောသူက သူ၏ လက်ဖ၀ါးကိုသာ ညင်သာစွာမြှောက်ပြီး အဲ့ဒါကို သာမန်ကာလျှံကာ ဖမ်းဆွဲလိုက်သည်။
“ဖောက်”
မီးတောက်က ဝင်ရောက်လာသူ၏ လက်ဖ၀ါးဖြင့် ဖိခြေခံလိုက်ရပြီး မီးပွားများအဖြစ်ပြောင်းလဲကာ ငြိမ်းသေသွား၏။
ပကတိမိစ္ဆာစန်းယန်၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး သူ၏ စိတ်၀ိညာဥ် အသိစိတ်ကို အလောတကြီး ထုတ်ဖော်ကာ ဝင်ရောက်လာသူကို ထပ်တလဲလဲစစ်ဆေးကြည့်လိုက်သည်။
ရှဲ့ဖုန်ကလည်း သုန်မှုန်နေသော အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
“သခင်”
ကောင်းကင်ဘုံ၀ံပုလွေက ထိုသူကို တွေ့မြင်သောအခါ သူကလည်း တုန်လှုပ်သွားပြီး သူ၏ မျက်နှာပေါ်မှာ မယုံကြည်နိုင်သည့် အကြည့်တစ်ခုက ပေါ်ထွက်လာ၏။
သူက တစ္ဆေသရဲတစ်ကောင်ကို တွေ့ မြင်နေရတာလား။
သူ့သခင်သည် နှစ်ပေါင်းတစ်ထောင် ကြာပြီးနောက် သူ့သခင်ဟောင်း၏ လက်ထဲကနေ အမှန်တကယ် လွတ်မြောက်လာနိုင်ခဲ့တာလား။
ဒါ့အပြင် သူက သိုင်းတာအိုပင်မခန္ဓာကို ဆက်လက်၍ မခန့်မှန်းနိုင်တော့ဘူး ဆိုတာကို ကောင်းကင်ဘုံ၀ံပုလွေက နားလည်သိရှိလိုက်သည်။
သိုင်းတာအိုပင်မခန္ဓာက ကျင့်ကြံထားသော ဓမ္မတာအိုက ဤလောကမှာ အခြားသူများ ကျင့်ကြံသည့် ဓမ္မတာအိုနှင့် အလွန်တစ်ရာ ကွဲပြားခြားနားသည်။ တစ်ယောက်ယောက်က အမှန်တကယ် တိုက်ခိုက်ရခြင်းမရှိပဲ သူ၏ ခွန်အားကို ထွင်းဖောက်မြင်နိုင်ဖို့ မလွယ်ကူပေ။
သူ့သခင်က သိုင်းတာအို၏ နောက်ပိုင်းဓမ္မအစီအစဥ်ကို ကောက်ချက်ချထုတ်နုတ်နိုင်ခဲ့ပြီလား။
ကောင်းကင်ဘုံ၀ံပုလွေသည် ထိုဖြစ်နိုင်ခြေကိုတွေးမိသောအခါ ပို၍ပင်တုန်လှုပ်သွားသည်။
စိတ်ခံစားချက်ခုနှစ်မျိုးမိစ္ဆာတပ်မှူးများသည် သိုင်းတာအိုပင်မခန္ဓာကို တွေ့မြင်သောအခါ သူတို့၏ အမူအယာများက ပြောင်းလဲသွားပြီး စိုးရိမ်ထိတ်လန့်သော အမူအရာများ ထွက်ပေါ်လာကြသည်။
“မင်းဘယ်သူလဲ”
ပကတိမိစ္ဆာစန်းယန်က လေးနက်သော အသံဖြင့်မေးလိုက်သည်။
ပကတိမိစ္ဆာရှဲ့ဖုန်က ပြောလိုက်သည်။
“ငါတို့က အန္တိမပကတိမိစ္ဆာရဲ့ အမိန့်နဲ့ ဒီသက်ရှိတချို့ကို အမဲလိုက်ရင်း ဒီကို ရောက်လာတာ။ လူကြီးမင်း ကျေးဇူးပြုပြီး ကိုယ်နဲ့မဆိုင်ရင် ဝင်မပါပါနဲ့။”
ပကတိမိစ္ဆာနှစ်ဦးသည် သိုင်းတာအို ပင်မခန္ဓာ၏ ခွန်အားကို မပြောနိုင်သည့်အတွက် သူတို့က အန္တိမပကတိမိစ္ဆာ၏ နာမည်ကို အရင်ဆုံး ထုတ်ဖော် ပြောဆိုလိုက်ခြင်းဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာက သူတို့နှစ်ယောက်ကို လျစ်လျူရှုပြီး ယန်ပေးချန်၊ ကောင်းကင်ဘုံ၀ံပုလွေနှင့် တခြားသူများကို လှည့်ကြည့်လိုက်၏။
“ညီအစ်ကို မင်းမသေဘူးပဲ”
ယန်ပေးချန်၏ မျက်နှာထက်တွင် ရှားရှား ပါးပါး အပြုံးတစ်ခုပေါ်ထွက်လာ၏။
“သခင်”
ကောင်းကင်ဘုံ၀ံပုလွေကလည်း လျှောက်လှမ်းလာရင်း အော်ခေါ်လိုက်၏။
သို့သော်လည်း အ၀ီစိမှ ပြောင်းလဲမှု အပြီး၌ သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် နောက်တစ်ဖန် ရင်ဆိုင်ရသောအခါ ကောင်းကင်ဘုံ၀ံပုလွေသည် တွေဝေရှုပ်ထွေးမှုကို ခံစားနေရသည်။
ပထမတစ်ချက် ဧကရာဇ်ပိုရွှင်းက မသေသေးပေ။
ဒုတိယတစ်ချက် သိုင်းတာအိုပင်မခန္ဓာက သူ၏ လွတ်လပ်ခွင့်ကို ပြန်ပေးထားခဲ့ပြီဖြစ်၏။
အတိအကျဆိုရလျှင် သူတို့ နှစ်ယောက်မှာ ယခုအချိန်တွင် သခင်နှင့် အစေခံဟူသော ဆက်ဆံရေး မရှိတော့ပေ။
“အဲ့ဒါ မင်းတို့တွေလား”
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ကူထုံယိုနှင့် ချိုးစစ်လော အပေါ်သို့ ဆင်းသက်ကာ သူက အနည်းငယ် အံ့အားသင့်သွားသည်။
“မင်္ဂလာပါစီနီယာ”
ကူထုံယိုနှင့် ချိုးစစ်လောက ရှေ့သို့ တက်လှမ်းသွားပြီး ဦးညွှတ်လိုက်၏။
သို့သော်လည်း သူတို့နှစ်ယောက်သည် သိုင်းတာအိုပင်မခန္ဓာ၏ စကားကို ကြားသောအခါ စဥ်းစားမရဖြစ်သွားကြ၏။
ကူထုံယိုက မေးလိုက်၏။
“စီနီယာ ခင်ဗျားကျုပ်တို့ကိုသိလို့လား။”
“သိတာပေါ့။”
သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
ကူထုံယိုနှင့် ချိုးစစ်လောက အကြည့် ချင်းဖလှယ်ပြီး ပို၍ပင် တွေဝေရှုပ်ထွေးသွားကြ၏။
သူတို့နှစ်ယောက်က ဂရုတစ်စိုက် ပြန်လည်စဥ်းစားလိုက်သော်လည်း သူတို့၏ မှတ်ဥာဏ်ထဲမှာ ငွေရောင်မျက်နှာဖုံးနှင့် ခရမ်းရောင်ဝတ် ကျင့်ကြံသူက မရှိပေ။
“ငါတို့နောက်ပြီးကျမှ အဲ့အကြောင်းကို ပြောကြတာပေါ့။”
သိုင်းတာအိုပင်မခန္ဓာက ရှင်းပြမနေပဲ မေးလိုက်၏။
“ဘာတွေဖြစ်နေတာလဲ မင်းတို့နှစ်ယောက်က ဘာလို့ဒီကိုရောက်လာတာလဲ”
ကောင်းကင်ဘုံ၀ံပုလွေက ဖြစ်ပျက်ခဲ့သည့်အရာကို အကြမ်းဖျင်း ပြန်ပြောပြလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြီး ကူထုံယိုနှင့် ချိုးစစ်လောကို ကြည့်လိုက်၏။
“မပူပါနဲ့ မင်းတို့တွေက မိုးကြိုးလေပြည်နန်းတော်က ကျင့်ကြံသူတွေဆိုမှတော့ ထျန်ဟွမ်ဂိုဏ်းမှာ ကြိုက်သလိုနေလို့ရတယ်။”
“စီနီယာ အခုလိုမေးရတဲ့တွက် ခွင့်လွှတ်ပါ။ ဒါပေမဲ့ ခင်ဗျားက ထျန်ဟွမ်ဂိုဏ်းနဲ့ ဘယ်လိုပတ်သက်မှု....”
ကူထုံယိုသည် သိုင်းတာအိုပင်မခန္ဓာအကြောင်း ဘာမှမသိသလို ထျန်ဟွမ်ဂိုဏ်းမှာ သိုင်းတာအိုပင်မခန္ဓာ၏ စကားက ဘယ်လောက်ထိအရေးပါလဲ သူ မသိပေ။
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ငါကထျန်ဟွမ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ။ “
“ကျေးဇူးတင်ပါတယ်စီနီယာ။”
ကူထုံယိုနှင့် ချိုးစစ်လောက ကျေနပ်သဘောကျသွားပြီး ကျေးဇူးတင်စကား ခပ်မြန်မြန်ပြောလိုက်၏။
ကောင်းကင်ဘုံ၀ံပုလွေက ပကတိမိစ္ဆာ နှစ်ဦးကို မုန်းတီးစွာကြည့်ပြီး ပြောလိုက်သည်။
“သခင် ကျုပ်က မိုးကြိုးလေပြေနန်းတော်က အဲ့ဒီလူတွေကိုတောင်မှ လက်မခံတော့ဘူးလို့ သူတို့ကိုပြောခဲ့တယ်။ ဒါတောင်မှ သူတို့က ကျုပ်တို့အကုန်လုံးကို သတ်ချင်နေတယ်။”
“လက်စသတ်တော့ မင်းက ထျန်ဟွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုး”
ရုတ်တရက် ပကတိမိစ္ဆာရှဲ့ဖုန်က ရယ်မောလိုက်၏။
“မင်းတို့ကိုဒုက္ခမရောက်အောင် ဒီကိစ္စမှာ ကြားဝင်မပါဖို့ ငါအကြံပေးလိုက်မယ်။”
ပကတိမိစ္ဆာစန်းယန်ကလည်း အေးစက် စွာပြောလိုက်၏။
“မိုးကြိုးလေပြည်နန်းတော်နဲ့ တခြားနိမ့်ကျသက်ရှိတွေက အန္တိမပကတိမိစ္ဆာ သတ်ဖြတ်ချင်နေတဲ့သူတွေပဲ.. မိစ္ဆာမဟာနယ်မြေမှာ သူတို့ကို ဘယ်သူက ကာကွယ်ပေးရဲမလဲ။”
“အန္တိမပကတိမိစ္ဆာက ဘယ်သူလဲ။”
သိုင်းတာအိုပင်မခန္ဓာက ပြန်မေးလိုက်၏။ သူက အဲ့ဒါကို တကယ်ပင်မသိပေ။
သူသည် မိစ္ဆာမဟာနယ်မြေကို တက်လှမ်းလာပြီးနောက် သိုင်းတာအို ပင်မခန္ဓာသည် သူ၏ အချိန်အများစုကို ကျင့်ကြံခြင်းနှင့် သိုင်းတာအိုကို ကောက်ချက်ချ ထုတ်နုတ်ခြင်းမှာ သုံးစွဲနေခဲ့၏။ သူသည် မိစ္ဆာမဟာနယ်မြေရှိ မည်သည့်အရာကိုမှ စိတ်ဝင်စားခြင်းမရှိပဲ မိစ္ဆာကျင့်ကြံသူများအကြောင်း သိပ်ပြီး မသိရှိပေ။
“ဟဟ”
ပကတိမိစ္ဆာစန်းယန်က သရော်တော်တော်အမူအယာတစ်ခုနှင့် ရယ်မောလိုက်သည်။
“သူ ဒီကိုရောက်လာတော့ သူက ဘယ်လိုရက်စက်ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်လဲလို့ ငါတွေးနေတာ လက်စသတ်တော့ သူက အန္တိမပကတိမိစ္ဆာယန်ကျစ်ကိုတောင်မှ မသိတဲ့သူပဲ။”
ပကတိမိစ္ဆာရှဲ့ဖုန်ကလည်း စိတ်လက်ပေါ့ပါးစွာ ရယ်မောလိုက်သည်။
“ဒါက ဘာပဲပြောပြော မိစ္ဆာနယ်မြေရဲ့အစွန်အစပ်က ဂိုဏ်းငယ်လေးတစ်ဂိုဏ်းပဲ။ သူက ရေတွင်းထဲက ဖားသူငယ်ဆိုမှတော့ သူ့ရဲ့ အသိဉာဏ်နုံနဲ့မှုအတွက် မင်းသူ့ကို အပြစ်တင်လို့မရဘူး။ တကယ်ဆို သူက ပကတိမိစ္ဆာ အဆင့်သတ်မှတ်ချက်က ဘာလဲဆိုတာတောင် သိချင်မှသိလိမ့်မယ်။”
သိုင်းတာအိုပင်မခန္ဓာက ပကတိမိစ္ဆာနှစ်ဦးထံ လျှောက်လှမ်းသွားကာ ပြောလိုက်၏။
“ပကတိမိစ္ဆာ အဆင့်သတ်မှတ်ချက်အကြောင်း ငါသိပ်ပြီးမသိဘူး။ ဒါပေမဲ့ ငါက အဆင့် ၁၀ က လူနဲ့တော့ တွေ့ဖူးတယ်။”
“မင်းက ဂိုဏ်းချုပ်အရိုးဖြူနဲ့ အရင်က တွေ့ဖူးတာလား။”
ပကတိမိစ္ဆာစန်းယန်က မျက်မှောင် ကြုတ်ပြီး သံသယ မကင်းစွာ မေးလိုက်၏။
“သူက သေသွားပြီ။”
သိုင်းတာအိုပင်မခန္ဓာက ပကတိ မိစ္ဆာနှစ်ယောက်ရှေ့သို့ ရောက်ရှိလာပြီး မှင်သေသေနှင့် ပြောလိုက်၏။
“သူနဲ့ အခု ချက်ချင်းတွေ့ဆုံရအောင် ငါမင်းတို့တွေကို ပို့ပေးမယ်”
ထိုစကားကို ကြားသောအခါ ရုတ်တရက် ပကတိမိစ္ဆာနှစ်ဦးက ကြက်သီးမွေးညင်းများ ထလာကြသည်။