ဖိနှိမ်ခြင်း
Vol. 158 Ch. 2366
“ခင်ဗျား…”
ရုတ်တရက် ပကတိမိစ္ဆာစန်းယန်သည် ကပ်ဘေးတစ်ခု ဆင်းသက်လာတော့မည်ကို တွေးမိသွားသည့်အလား ရင်တစ်ထိတ်ထိတ်ခံစားလာရသည်။
သိုင်းတာအိုပင်မခန္ဓာက ထိုစကားကို ပြောသည့်အခါ သူ၏ လေသံက တည်ငြိမ်နေ၏။ သူက ရိုးရှင်းသော အချက်လက် တစ်ခုကို ထုတ်ဖော်ပြောဆိုနေသည့်အလား အဲ့ဒီမှာ မည်သည့် ခြိမ်းခြောက်မှု သို့မဟုတ် မည်သည့် ကြမ်းတမ်းမှုမှ ရှိမနေပေ။
သို့သော်လည်း ကိစ္စက ထိုသို့ဆိုလေ ပကတိ မိစ္ဆာနှစ်ဦးက ပို၍ထိတ်လန့်လာလေဖြစ်သည်။
ရုတ်တရက်ဆိုသလို...
တစ်ခဏချင်းမှာပင် သူတို့နှစ်ယောက်သည် သူတို့၏ ရှေ့မှာ ပုံရိပ်တစ်ခု ဖျတ်ခနဲ လက်သွားသည်ဟု ခံစားလိုက်ရသည်။ သေခြင်းအော်ရာက မကောင်းဆိုး၀ါးဆန်၍ ကြောက်စရာကောင်းသောပုံစံဖြင့် ရုတ်တရက် ဆင်းသက်လာခဲ့သည်။
“မဟန်တော့ဘူး။”
ပကတိမိစ္ဆာရှဲ့ဖုန်က ထိတ်လန့်သွားပြီး သူ၏ လျှို့၀ှက်အသက်ကို ချက်ချင်းပင် လှည့်ပတ်လိုက်၏။ သူက လေပြည်တစ်ခုအသွင်ပြောင်းလဲကာ နေရာကနေ ပျောက်ကွယ်သွား၏။
သို့သော်လည်း ပကတိမိစ္ဆာ စန်းယန်က ခြေတစ်လှမ်းနောက်ကျသွားခဲ့ပြီ။
“ဖောင်း”
လက်သီးတစ်လုံးက ရုတ်တရက် ပေါ်ထွက်လာပုံရပြီး ပကတိမိစ္ဆာစန်းယန်၏ ဦးခေါင်းက ပေါက်ကွဲထွက်ကာ သွေးများက ဖိတ်စင်ပြန့်ကျဲသွား၏။
သိုင်းတာအိုပင်မခန္ဓာအတွက် ဆယ်ပေအကွာအဝေးဆိုသည်မှာ လျစ်လျူရှု၍ ရလေသည်။
သူသည် နတ်ဘုရားစွမ်းအား သို့မဟုတ် လျှို့၀ှက်အတတ်တစ်စုံတစ်ရာကို အသုံးပြုခဲ့ခြင်းမရှိပေ။ သူသည် သူ၏ သွေးချီကိုပင် လှည့်ပတ်ခဲ့ခြင်း မရှိပေ။ အဲ့ဒါက သူ၏ ကိုယ်ကာယ ရုန်းကန်ပေါက်ကွဲအားသက်သက်ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်ဘုံကပ်ဘေးကလည်း အဲ့ဒါကို အာရုံမခံမိပေ။
ထိုသို့ဆိုလျှင်တောင် ပကတိမိစ္ဆာ စန်းယန်က တုံ့ပြန်ဖို့ အခွင့်အရေး လုံးဝမရခဲ့ပေ။ သူ၏ ဦးခေါင်းက ထိုးချက်တစ်ချက်ဖြင့် စုတ်ပြဲသွားပြီး သူ၏ စိတ်၀ိညာဥ်က ဖျက်ဆီးခံလိုက်ရသည်။
သိုင်းတာအိုပင်မခန္ဓာသည် ပကတိမိစ္ဆာ စန်းယန်၏ တာအိုသစ်သီးကို အခန့်သင့် သိမ်းဆည်းလိုက်၏။
သူ၏ သိုလှောင်အိတ်ထဲမှာ ဂိုဏ်းချုပ် အရိုးဖြူ၊ မိစ္ဆာဆယ့်လေးဖော်၊ ကျောက်စိမ်းအရိုးဒေဝီ၊ လူအိုကြီးအရိုးစုနှင့် အခြားသူများ၏ တာအို သစ်သီး များကိုလည်း ထည့်သွင်းသိမ်းဆည်းထားပြီး သူတံခါးပိတ်ကျင့်ကြံသည့်အခါ ထိုအရာများကို စုပ်ယူသန့်စင်မည်ဖြစ်သည်။
တကယ်တော့ အ၀ီစိမှာ ဤကဲ့သို့သော ရတနာများက မရေမတွက်နိုင်အောင် ရှိနေသည်။
ထိုရတနာများက အ၀ီစိအတွင်းမှာရှိနေပြီး အခြားသူများက အဲ့ဒါတွေကို ယူဆောင်မသွားနိုင်ပေ။
ပကတိမိစ္ဆာရှဲ့ဖုန်က ရှောင်တိမ်း၍ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ပကတိမိစ္ဆာစန်းယန်သည် ဆူဇီမိုထံမှ လှုပ်ရှားမှုတစ်ခုတည်းဖြင့် သတ်ဖြတ်ခံလိုက်ရပြီကို တွေ့မြင်လိုက်ရ၏။ သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။
အစက သူသည် ထျန်ဟွမ်ဂိုဏ်းချုပ်က ဘယ်လောက်သန်မာသလဲ လေ့လာအကဲခတ်ကာ နောက်ထပ်အစီအစဥ်များချဖို့ ရည်ရွယ်ထား၏။
သို့သော် ယခုအခါ သူ၏ စိတ်ထဲမှာ အတွေးတစ်ခုသာရှိတော့သည်။
ထွက်ပြေးဖို့...
သူပြန်လည်ပေါ်ထွက်လာသောအခါ သူသည် ခန်းမ၏ ဝင်ပေါက်ဝသို့ ရောက်ရှိသွားပြီဖြစ်၏။
ရုတ်တရက်ဆိုသလို...
ပကတိမိစ္ဆာရှဲ့ဖုန်သည် သူ၏ နောက်ဘက်မှ သိပ်သည်းပြင်းထန်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရ၏။ ထို့နောက် ချက်ချင်းပင် သိုင်းတာအိုပင်မခန္ဓာက သူ့နောက်သို့ ရောက်ရှိလာခဲ့၏။
“ဟာ”
ပကတိမိစ္ဆာရှဲ့ဖုန်၏ အမူအယာသည် ရုတ်ခြည်း ပြောင်းလဲသွား၏။
သူ၏ တည်နေရာခုန်ကူးခြင်းနှင့်ပင်လျှင် ထျန်ဟွမ်ဂိုဏ်းချုပ်ကို သူက ခါမချနိုင်ခဲ့ချေ။
ပုံမှန်အားဖြင့် တည်နေရာခုန်ကူးခြင်းက ပေတစ်ထောင်အကွာအဝေးထက် မပိုနိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာအတွက်တော့ ပေတစ်ထောင်အကွာအဝေးက လုံးဝ ကွာခြားမှုမရှိသလောက်နီးပါးပင်။
ပကတိမိစ္ဆာရှဲ့ဖုန်အနေဖြင့် ထွက်ပြေးဖို့က နောက်ကျသွားခဲ့ပြီဖြစ်သည်။
သူက လေထဲတွင်ရှိနေစဥ် သူ၏ အမြုတေ စိတ်၀ိညာဥ်စွမ်းအားများအားလုံးကို ထုတ်ဖော်လိုက်၏။ သူ၏ အသိစိတ်ထဲမှာ တာအိုသစ်သီးက ဓမ္မတာအိုဖြင့် ပြည့်လျှမ်းလာပြီး သူ၏ ဦးခေါင်းထက်မှာ ရောင်လျှံစက်ဝန်းတစ်ခု ပေါ်ထွက်လာ၏။
ပကတိမိစ္ဆာက သူ၏ လက်နှစ်ဖက်ဖြင့် လက်ဟန်ချိတ်စည်းများကို လှုပ်ရှားပြီး ကြောက်စရာကောင်းသောမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို လှည့်ပြီး သူက သိုင်းတာအိုပင်မခန္ဓာကို ထိုမုန်တိုင်းဖြင့် ပစ်ရိုက်ချလိုက်၏။
တစ်ချိန်ထဲမှာပင် ပကတိမိစ္ဆာရှဲ့ဖုန်သည် သူ၏ အမြုတေ လျှို့၀ှက်အတတ်ကိုလည်း အသက်သွင်းလိုက်၏။
ဤကဲ့သို့သော သေရေးရှင်ရေး အခိုက်အတန့်မှာ သူက လုံးဝထိန်ချန်မထားတော့ပေ။
ပကတိမိစ္ဆာရှဲ့ဖုန်၏ တန်ပြန်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာက ရှောင်တိမ်းခြင်း သို့မဟုတ် သူ၏ လှုပ်ရှားမှုကို ပြောင်းလဲခြင်း မရှိပေ။ အဲ့ဒါက အလွန်တစ်ရာရိုးရှင်း၍ တဲ့တိုးဆန်သော ထိုးချက်တစ်ချက်သာ ဖြစ်နေဆဲပင်။
အမြုတေစိတ်၀ိညာဥ်လျှို့၀ှက်အတတ်က အရင်ဆုံးဆင်းသက်လာပြီး မာရ်နတ်မျက်နှာဖုံးပေါ်မှာ ရေပြင်ကဲ့သို့ ၀ဲဂယက်များပေါ်ထွက်လာသည်။ ရုတ်တရက် ထူးဆန်းသော မျက်နှာ တစ်ချို့က ပေါ်ထွက်လာလေသည်။
ထို့နောက် ချက်ချင်းပင် အရာရာတိုင်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
အမြုတေစိတ်၀ိညာဥ်လျှို့၀ှက်အတတ်ကို မာရ်နတ်မျက်နှာဖုံးက အလွယ်တကူ ပိတ်ဆို့တားဆီးပေးလိုက်၏။
“ဘန်း”
ပကတိမိစ္ဆာရှဲ့ဖုန်ထုတ်ဖော်ထားသည့် မုန်တိုင်းက သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ကြေမွသွားပြီး ဘာမှမကျန်အောင်ပျက်ပြယ်သွား၏။
ထိုမုန်တိုင်းသည် သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်ကို ခဏမျှပင် ခုခံမပေးနိုင်ခဲ့ချေ။
သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးက ပကတိမိစ္ဆာရှဲ့ဖုန်၏ အပေါ်သို့ ဆင်းသက် ရောက်ရှိလာ၏။
အချိန်က ခဏမျှအေးခဲရပ်တန့်သွားပုံရ၏။
သိပ်ပြီးပြင်းထန်သော စွမ်းအားတစ်ခုက ပကတိမိစ္ဆာ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ် တိုးဝင်လာ၏။
သူ၏ မျက်လုံးများက ကြောက်ရွံ့မှု ဖြင့်ပြူးကျယ်သွား၏။
“ဖောင်း”
နောက်ခဏ၌ ပကတိမိစ္ဆာရှဲ့ဖုန်၏ ခန္ဓာကိုယ်က သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ အမြုတေ စိတ်၀ိညာဥ်က ဖျက်ဆီးခံရကာ နေရာမှာပင် သေဆုံးသွား၏။
အဲ့ဒီမှာ အလောင်းတစ်လောင်းတောင် မကျန်ပဲ တာအိုသစ်သီးတစ်လုံးကသာ လေထဲတွင် လွင့်မျောနေသည်။
သိုင်းတာအိုပင်မခန္ဓာက အဲ့ဒါကို သူ၏ သိုလှောင်အိတ်ထဲသို့ သာမန်ကာ လျှံကာ ပစ်ထည့်လိုက်၏။
ခန်းမက တိတ်ဆိတ်ငြိမ်သက်သွားပြီး အပ်ကျသံကိုပင် ကြားရနိုင်လောက်၏။
ကောင်းကင်ဘုံ၀ံပုလွေ၊ စိတ်ခံစားချက် ခုနှစ်မျိုးမိစ္ဆာတပ်မှူးများ၊ ကူထုန်ယို၊ ချိုးစစ်လောနှင့် တခြားသူများက တုန်လှုပ်မှုဖြင့် ကြက်သေသေနေကြ၏။
ထိုးချက်နှစ်ချက်က ပကတိမိစ္ဆာနှစ်ဦး၏ အသက်ဓာတ်များကို နုတ်ယူသွားခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာတိုက်ခိုက်ခြင်းမှ အဆုံးသတ်သွားချိန်ထိ အဲ့ဒါသည် အသက်နှစ်ရှိုက်သုံးရှိုက်စာမျှသာ ကြာမြင့်ခဲ့၏။
အဲ့ဒါက တစ်ယောက်တည်းဖြင့် ပကတိမိစ္ဆာနှစ်ဦးကို ဖိနှိမ်လိုက်ခြင်းပင်ဖြစ်၏။
ထိုအခိုက်တန့်မှသာ သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအို၏ နောက်ထပ် နယ်ပယ်တစ်ခုသို့ သေချာပေါက် ဝင်ရောက်သွားပြီဆိုတာကို ကောင်းကင်ဘုံ၀ံပုလွေက တပ်အပ် ပြောနိုင်သွား၏။
“မင်္ဂလာပါဂိုဏ်းချုပ်”
“ပြန်ရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်ဂိုဏ်းချုပ်။ ခင်ဗျားက ခင်ဗျားရဲ့ နတ်ဘုရား နည်းစနစ်မှာ အဆင့်မြင့် ကျွမ်းကျင်မှုကို ရရှိသွားပြီပဲ။”
စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးများက မလုံမလဲခံစားနေရပြီး ရှေ့သို့အလောတကြီးတက်လှမ်းကာ တစ်ယောက်ပြီးတစ်ယောက် ဦးညွတ်လိုက်ကြ၏။
“ဟမ်”
စောစောက စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာ တပ်မှူးများ၏ ရပ်တည်ချက်များကို အမှတ်ရသွားပြီး ကောင်းကင်ဘုံ၀ံပုလွေ၏ အမူအရာက တင်းမာခက်ထန်သွားကာ သူက အေးစက်စွာပြောလိုက်၏။
“မင်းတို့တွေက စောစောက သူတို့ နောက်ကို လိုက်သွားချင်ခဲ့တာ မဟုတ်ဘူးလား။ မင်းတို့တွေက ထျန်ဟွမ်ဂိုဏ်းကိုတောင် စွန့်ပစ်ချင်ခဲ့တာ မဟုတ်ဘူးလား။”
“အရှင်ကောင်းကင်ဘုံ၀ံပုလွေ စောစောက ကျုပ်တို့တွေ မှားခဲ့ပါတယ်။ ကျုပ်တို့တွေ ရူးမိုက်မိခဲ့ကြတယ်။”
“အရှင်ကောင်းကင်ဘုံ၀ံပုလွေ ကျေးဇူးပြုပြီး ကျုပ်တို့ကိုခွင့်လွှတ်ပေးပါ။”
အခြေနေမကောင်းတော့သည်ကို ရိပ်မိသွားပြီး စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးများက မြေပြင်ပေါ်မှာ ခပ်မြန်မြန် ဒူးထောက်ချကာ သနားညှာတာပေးဖို့အတွက် တောင်းပန်လိုက်ကြ၏။
“ဒီပြစ်မှုက ခွင့်လွှတ်လို့ မရဘူး။”
ကောင်းကင်ဘုံ၀ံပုလွေက အသက်ပြင်းပြင်းရှိုက်ပြီး သူ၏ လျှို့၀ှက် အတတ်ကို လှည့်ပတ်ကာ စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးများ၏ အမြုတေ စိတ်၀ိညာဥ်များအပေါ်ရှိ သူ၏ ချိတ်စည်းများကို အသက်သွင်းလိုက်၏။
စိတ်ခံစားချက်ခုနှစ်မျိုးမိစ္ဆာတပ်မှူးများ၏ အမူအယာများက ရုတ်ခြည်းပြောင်းလဲသွားပြီး သူတို့၏ အကြည့်များက တဖြည်းဖြည်း အေးခဲတောင့်တင်းသွားကြ၏။ သူတို့၏ အသက်ဓာတ်အားက လျင်မြန်စွာလျော့ကျသွားပြီးနောက် သူတို့က မြေပြင်ပေါ်လဲကျကာ နေရာမှာတင်သေဆုံးသွားကြသည်။
ကောင်းကင်ဘုံ၀ံပုလွေသည် သူ၏ အရင်ဘဝမှာ စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာဘုရင် ဖြစ်ခဲ့ပြီး သတ်ဖြတ်ရာမှာ ပြတ်သားမှုရှိ၏။ သူသည် သူ့လက်အောက်ငယ်သားများ၏ ဤကဲ့သို့ သစ္စာဖောက်မှုကို သည်းခံစရာ အကြောင်းမရှိချေ။
“သခင်..”
ကောင်းကင်ဘုံ၀ံပုလွေက သိုင်းတာအိုပင်မခန္ဓာကို လှည့်ကြည့်လိုက်၏။ သူက စကားပြောတော့မည့်ဆဲဆဲမှာပင် ထိုသူက သူ၏ လက်ကို ညင်သာစွာမြှောက်ပြီး သူ့ကိုဖြတ်ပြောလိုက်၏။
“ကောင်းကင်ဘုံ၀ံပုလွေ ငါတို့ကြားက ဆက်ဆံရေးကို သခင်နဲ့အစေခံဆက်ဆံရေးလို့ ဆက်ပြီးခေါ်ဆိုလို့ မရတော့ဘူး။”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“မင်းက ငါ့ကို အရင်တုန်းက မင်းရဲ့ သခင်အဖြစ် အသိမှတ်ပြုခဲ့တဲ့ အဓိကအကြောင်းရင်းက မင်းက ငါ့ရဲနည်းလမ်းတွေမှာ အညံ့ခံသွားလို့မဟုတ်ဘဲ ဧကရာဇ်ပိုရွှင်းက သေဆုံးသွားပြီလို့ မင်းထင်ခဲ့လို့ဆိုတာ ငါသိပါတယ်။”
“အခုဧကရာဇ်ပိုရွှင်းက ပြန်ပေါ်လာပြီ။ မင်းက မင်းရဲ့လွတ်လပ်မှုကို ပြန်ယူပြီး သူ့ကိုသွားရှာလို့ရတယ်။ ငါမင်းကိုတားမှာ မဟုတ်ဘူး။”
သိုင်းတာအိုပင်မခန္ဓာ၏ အစွမ်းအစအရ သူ့အနေဖြင့် ကောင်းကင်ဘုံ၀ံပုလွေကို ထိန်းသိမ်းပြီး ချိပ်စည်းတစ်ခု ထည့်သွင်းလိုက်ဖို့က လွယ်ကူလေသည်။
သို့သော်လည်း ကောင်းကင်ဘုံ၀ံပုလွေသည် ဤနေရာသို့ ပြန်လာရာလမ်းမှာ ယန်ပေးချန်ကို ကာကွယ်ပေးခဲ့ပြီး ထျန်ဟွမ်ဂိုဏ်းကို ယခုအချိန်ထိ ထိန်းသိမ်းပေးထားသည်။ အပြန်အလှန်အနေဖြင့် သိုင်းတာအိုပင်မခန္ဓာက သူ၏ အစစ်အမှန် လွတ်လပ်မှုကို ပြန်ပေးလိုက်၏။
ကောင်းကင်ဘုံ၀ံပုလွေက အသံတိတ်နေ၏။
သိုင်းတာအိုပင်မခန္ဓာက ပြောသည်မှာ မှန်လေသည်။ သူနှင့် သိုင်းတာအိုပင်မခန္ဓာကြားမှာ သခင်နှင့်အစေခံ ဆက်ဆံရေးက ဆက်လက်၍ မရှိတော့ပေ။
ယခုအချိန်မှာ သူက လွတ်လပ်သွားပြီ ဖြစ်၏။
သူက ဤခန်းမကြီးထဲကနေ ထွက်ခွာသွားသည်နှင့် ကျယ်ပြောသော လောကက သူ့ကိုစောင့်ကြိုနေပေလိမ့်မည်။
ဘာကြောင့်ရယ်မသိ သူ၏ စိတ်နှလုံးက ရုတ်တရက် ဟာလာဟင်းလင်း ဖြစ်သွားသည်ဟု ခံစားလိုက်ရ၏။ သူ့မှာ စိတ်လှုပ်ရှားမှု သို့မဟုတ် ဝမ်းသာပျော်ရွှင်မှု ရှိမလာပဲ ထို့အစား ဝန်လေးမှုနှင့် တွေဝေရှုပ်ထွေးမှုသာ ရှိလာခဲ့သည်။
ဧကရာဇ်ပိုရွှင်းက ပြန်လည်ထွက်ပေါ်လာသော်လည်း သူက နောက်ထပ် နှစ်တစ်ထောင်ကြာသည့်အထိ တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားပြန်၏။
ကောင်းကင်၀ံပုလွေသည် ဧကရာဇ်ပိုရွှင်းကို ဘယ်နေရာသွားရှာရမလဲ မသိပေ။
သူက ဧကရာဇ်ပိုရွှင်းကို ရှာတွေ့လျှင်တောင် ဘာဖြစ်မလဲ။
ရုတ်တရက် ကောင်းကင်ဘုံ၀ံပုလွေသည် စိတ်ပျက်ငြီးငွေ့မှုကို ခံစားလာရသည်။ သူက ညင်သာစွာ သက်ပြင်းချပြီး ခန်းမထဲကနေ လျှောက်လှမ်းထွက်သွား၏။
သူက ခန်းမ၏ အပြင်ဘက်သို့ ခြေချတော့မည့်ဆဲဆဲမှာပင် ကောင်းကင်ဘုံ၀ံပုလွေက တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား ရုတ်တရက် ရပ်တန့်လိုက်၏။
သူက သိုင်းတာအိုပင်မခန္ဓာကို လှည့်ကြည့်ပြီး မျက်ခုံးအနည်းငယ်ပင့်ကာ ပြောလိုက်၏။
“ခင်ဗျားက ထျန်ဟွမ်ဂိုဏ်းကို စတည်ထောင်ခဲ့တဲ့သူဆိုပေမဲ့ ဒီဂိုဏ်းကို ကျုပ်တစ်ယောက်ထဲပဲ ကြီးထွားအောင် လုပ်ပြီး ချဲ့ထွင်ပေးခဲ့ရတာ။ ဒီဂိုဏ်းမှာ ကျုပ်ရဲ့ကြိုးစားအားထုတ်မှုတွေ အများကြီးရှိတယ်။ ကျုပ်ဘာလို့သွားရမှာလဲ။”
“ကျုပ်ဘယ်ကိုမှမသွားတော့ဘူး ကျုပ်ဒီမှာပဲနေမယ်။”
ကောင်းကင်ဘုံ၀ံပုလွေက ဝင့်ကြွားစွာ ပြောဆိုပြီး သူ၏ ရင်ဘတ်ကို ပုတ်ကာ လှည့်ထွက်သွားသည်။
ဤနေရာမှာနေဖို့ ဆုံးဖြတ်လိုက်သည့်အခါ သူက စိတ်သက်သာရာရသွားပြီး သူ၏ နှလုံးသားအနက်ပိုင်းတစ်ခုမှာ ဖော်ပြတတ်သော ဝမ်းသာပျော်ရွှင်မှုကပင် လှိုက်တက်လာခဲ့၏။
မာရ်နတ်မျက်နှာဖုံးအောက်မှာ သိုင်းတာအိုပင်မခန္ဓာကိုယ်က သရော်ပြုံးပြုံးပြီး မေးလိုက်၏။
“မင်း ထွက်မသွားမှာ သေချာလား”
“မသွားပါဘူးဆို”
ကောင်းကင်ဘုံ၀ုံပုလွေက လက်ကာပြလိုက်၏။
“ကျုပ်က ဒီနေရာမှာနေပြီး ထျန်ဟွမ်ဂိုဏ်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားတိုးတက်လာတာကို စောင့်ကြည့်ဦးမယ်။ “
“ဒါဆိုလည်း မင်းသဘောပဲလေ။”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။